အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
269 01
အခန်း (၂၆၉)
ဧကရာဇ်သစ်က အတွင်းမှာ အပြာရောင် နဂါးဝတ်ရုံကို ဝတ်ထားပြီး၊ အပြင်မှာတော့ လျော်တေဝတ်စုံနဲ့ ဝမ်းနည်းခြင်း အမှတ်အသားတွေကို ဆင်မြန်းထားတယ်။ အကယ်လို့ ဦးခေါင်းပေါ်မှာ ရိစမ်းကွန်းဦးထုပ်ကို ဆင်မထားရင်၊ ဒီလူက တာ့ချန်းရဲ့ ဧကရာဇ် ဆိုတာကို ဘယ်သူမှ မှတ်မိနိုင်မှာ မဟုတ်ဘူး။
ဒီနေ့မှာတော့ မိုးမလင်းခင် သန်းခေါင်ယံ အချိန်ကတည်းက သူ ထရပ်ခဲ့ရတာလေ။ ဖခင်အရင်းရဲ့ နာရေး အခမ်းအနား ဖြစ်တာကြောင့်၊ သားဖြစ်သူအနေနဲ့ ဧကရာဇ်ပင် ဖြစ်ပါစေဦး၊ အားနေလို့ မရဘူးလေ။ ခက်ခဲ ရှုပ်ထွေးတဲ့ ထုံးတမ်းစဉ်လာတွေ အားလုံး ပြီးသွားတဲ့နောက်မှာ၊ လမ်းတစ်လျှောက်လုံး လိုက်ပါလျှောက်လှမ်းခဲ့ရတာမို့ သူက ပင်ပန်းနွမ်းလျနေပြီဖြစ်ကာ၊ စိတ်ဓာတ် တစ်ခုတည်းနဲ့ပဲ တောင့်ခံထားရတာ။
မြို့တော်ကနေ ထွက်သွားပြီးရင် သူ ရထားစီးလို့ ရပြီမို့၊ ကျန်တဲ့ လမ်းမှာတော့ ဟန်ဆောင်ပြဖို့ပဲ ရှေ့ထွက်ရမှာ ဖြစ်တာကြောင့် အခုလောက်အထိ မပင်ပန်းတော့ဘူး။ ဧကရာဇ်သစ်က ကိုယ့်ကိုယ်ကိုယ် အဲဒီလို အားပေးနေတုန်းမှာပဲ၊ ရုတ်တရက် အရှေ့ဘက်ကနေ လှုပ်ခတ်တာတွေ ဖြစ်လာပြီး နာရေး အုပ်စုကြီးလည်း ရပ်သွားရတယ်။
ဝတ်ပြုရေးဝန်ကြီးဌာနက အရှေ့ဘက်မှာ နောက်ထပ် ပူဇော်ပွဲ တစ်ခုခု လုပ်နေတာ ဖြစ်လိမ့်မယ်လို့ သူက ယူဆလိုက်ပြီး အများကြီး မတွေးမိခဲ့ဘူး၊ တစ်ဖက်မှာတော့ ခဏလောက် အနားယူလို့ ရတာမို့ ကောင်းတယ်လို့တောင် ထင်မိသေးတယ်။ အဲဒီအချိန်မှာပဲ အရှေ့ဘက်ကနေ ဝတ်ပြုရေးဝန်ကြီးဌာန အရာရှိ တစ်ယောက် ရောက်လာပြီး၊ နာရေး အုပ်စုက ဧကရာဇ်မင်းမြတ်ရဲ့ အခမ်းအနားကြောင့် လမ်းပိတ်နေရတယ်လို့ သတင်း လာပို့တော့တယ်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆူညံ ပွက်လောရိုက်နေတာပဲ၊ နာရေး အခမ်းအနားနဲ့ ကိုက်ညီအောင်လို့ ဝမ်းနည်းသည်ဖြစ်စေ၊ မဝမ်းနည်းသည်ဖြစ်စေ လူတိုင်းက ငိုနေကြရတာလေ။ အထူးသဖြင့် ဝမ်းနည်းခြင်း ဝတ်စုံကို ဝတ်ပြီး သစ္စာရှိတဲ့ သားမြေးတွေအဖြစ် ဟန်ဆောင်နေကြသူတွေနဲ့ လမ်းဘေး ဝဲယာက ပြည်သူတွေကလည်း အသည်းအသန် ငိုနေကြတာ။ ဧကရာဇ်သစ်က တစ်ဖက်လူ ပြောတဲ့ ဆိုလိုရင်းကို အတော်ကြာအောင် နားမလည်နိုင်ဘဲ ရှိနေပြီး၊ သတင်းပို့တဲ့သူက နောက်တစ်ကြိမ် ထပ်ပြောမှပဲ သိလိုက်ရတယ်။
"ကျန်းရဲ့ အခမ်းအနား တပ်ဖွဲ့ ဟုတ်လား။ မင်းတို့တွေ နေ့ခင်းကြောင်တောင်မှာ သရဲမြင်ပြီး ဝေဝေဝါးဝါး ဖြစ်နေကြတာလား" သူက သံသယဖြစ်ဖွယ် အေးစက်စက်နဲ့ ရယ်ပြီး မေးလိုက်တယ်။
သတင်း လာပို့တဲ့ ဝတ်ပြုရေးဝန်ကြီးဌာန အရာရှိကတော့ မိဘ ဆုံးပါးသွားသလို မျက်နှာပျက်နေပြီး လျှောက်တင်လိုက်တယ်။ "ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုး အခုနောက်ပြောင်နေတာ မဟုတ်ပါဘူး၊ တကယ်ပဲ ဧကရာဇ်ရဲ့ အခမ်းအနား တပ်ဖွဲ့ကြီးပါ၊ အဲဒီအရှိန်အဝါကို ကြည့်ရုံနဲ့ နန်းတော်ထဲက ထွက်လာတာဆိုတာ သိသာလှပါတယ်။ ဒီနေ့ ကွယ်လွန်သူ ဧကရာဇ်ရဲ့နတ်ရွာစံ အခမ်းအနား ဆိုတာကို သိနေပါလျက်နဲ့၊ ဘယ်သူကများ ဖာကျားလုပုအခမ်းအနားကြီးကို ထုတ်လာရတာလဲ။ ဒါဟာ အသုဘအခမ်းအနားအုပ်စုကို စော်ကားတာ ဖြစ်သလို၊ စည်းကမ်းချက်တွေနဲ့လည်း လုံးဝ မညီညွတ်ပါဘူး"
ဒါကို မြင်တော့ ဧကရာဇ်သစ်လည်း အလေးအနက် ထားရတော့မယ်ဆိုတာ သိသွားပြီး၊ အဲဒီအရာရှိရဲ့ စကားတွေကို ပြန်စဉ်းစားမိတဲ့အခါ ရင်ထဲမှာ ရုတ်တရက် ထိတ်လန့်သွားခဲ့ရတယ်။
"လူလွှတ်ပြီး ရန်အမတ်ချုပ်ကြီးကို သွားခေါ်စမ်း!"
အတူ လိုက်ပါလာတဲ့ မိန်းမစိုးက အနောက်ဘက်ကို အလျင်အမြန် ပြေးသွားပြီး ရန်အမတ်ချုပ်ကြီးကို လိုက်ရှာတော့တာပဲ။ တစ်ချိန်တည်းမှာပဲ၊ အခင်းအကျင်းထဲမှာ အပြောင်းအလဲအချို့ ထပ်ဖြစ်လာပြန်တယ်။ မြင်းခွာသံတွေ ဆူညံစွာ ထွက်လာသလို၊ ညီညာတဲ့ ခြေသံတွေကိုပါ ကြားလိုက်ရလို့ မြေပြင်ကြီး တစ်ခုလုံး တုန်ခါနေသလိုမျိုး ရှိနေခဲ့တယ်။
ခဏခဏ ဆိုသလို အံ့အားသင့်ပြီး အော်သံတွေ ထွက်လာပေမဲ့ ချက်ချင်းပဲ ပြန်တိတ်သွားပြန်လို့၊ ဘာတွေ ဖြစ်နေလဲဆိုတာ မည်သူမှ မသိကြဘူး။ ဒါပေမဲ့ ဧကရာဇ်သစ်ရဲ့ရင်ထဲမှာတော့ မကောင်းတဲ့ ခံစားချက်က ပိုပြီး ပြင်းထန်လာခဲ့တယ်။ ရန်အမတ်ချုပ်ကြီးက ရောက်မလာသေးတာမို့၊ သူက စိုးရိမ်တကြီးနဲ့ လူတွေကို ထပ်ပြီး စေလွှတ်ခဲ့လို့၊ အခြေအနေက အတော်လေး ရှုပ်ထွေးနေတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံးက ဧကရာဇ်သစ်ကို ဘာမှ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေကြတယ်။ အဲဒီထဲမှာ မင်းသားငါးလည်း ပါနေခဲ့တာပေါ့။ သူက ရှေ့ကို တိုးလာပြီး အခြေအနေကို မေးပေမဲ့၊ ဧကရာဇ်သစ်က သူ့ကို အတင်း တွန်းဖယ်လိုက်တယ်။ ဒုတိယမင်းသား တစ်ယောက်တည်းပဲ အဓိပ္ပာယ် မရှင်းလင်းတဲ့ အပြုံးတစ်ခုနဲ့၊ မျက်မှောင်ကြုတ်ပြီး မရေရာတဲ့ အရှေ့ဘက် အခြေအနေကို စိုက်ကြည့်နေခဲ့တယ်။
269 02
ဝမ်းနည်းခြင်း ဝတ်စုံကို ဝတ်ထားတဲ့ ရန်ချုံဟွာက အလျင်အမြန် ရောက်လာပေမဲ့၊ သူလည်း အခြေအနေကို လုံးဝ မသိဘဲ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့ဘက်က အဖြူရောင် နာရေး အလံတွေက မျက်စိရှေ့တင် နိမ့်သွားသလို နဂါးအလံတွေကို ကိုင်ထားတဲ့ အခမ်းအနား တပ်ဖွဲ့ကြီးကလည်း နိမ့်ဆင်းသွားခဲ့ရတယ်။
နဂါးခေါင်းတလားကို ထမ်းပိုးထားတဲ့ သူတွေလည်း ဒီမြင်ကွင်းကို မြင်ရတဲ့အခါ၊ တစ်ယောက်က ထိတ်လန့်လွန်းလို့ အင်အားတွေ လျော့ကျသွားပြီး၊ 'ဒုန်း' ဆိုတဲ့ ကြီးကျယ်လှတဲ့ အသံကြီးနဲ့အတူ ကြီးမားတဲ့ နဂါးခေါင်းတလားကြီးက မြေပြင်ပေါ်ကို ပြိုလဲကျသွားတော့တယ်။
"ဧက... ဧကရာဇ်မင်းမြတ်..."
အံ့အားသင့်လွန်းလို့ လည်ချောင်းထဲမှာ တစ်နေတဲ့ အသံတွေက နေရာအနှံ့က ထွက်လာတာက လည်ပင်း ညှစ်ခံထားရတဲ့ ကြက်အုပ်ကြီး တစ်အုပ်လိုပါပဲ။
"သရဲခြောက်ပြီ၊ ဧကရာဇ်မင်းမြတ် ဝိညာဉ် ပြန်ဝင်လာပြီ"
အဲဒီလို အော်သံတွေနဲ့အတူ၊ အရှေ့ဘက်မှာ အခြေအနေက လုံးဝ ပျက်သွားပြီး၊ ပတ်ဝန်းကျင်က နာရေး လိုက်ပို့နေတဲ့ ပြည်သူတွေဆီကိုပါ ကူးစက်သွားခဲ့တယ်။ ကြီးကျယ်တဲ့ နာရေး အုပ်စုကြီးက ခဏချင်းမှာပဲ ဆူညံ ပွက်လောရိုက်သွားရတယ်။ အချို့က ထိတ်လန့်တကြား အော်နေကြသလို၊ အချို့ကလည်း အလုအယက် ထွက်ပြေးနေကြလို့၊ တစ်ယောက်နဲ့တစ်ယောက် တွန်းတိုက်မိကြကာ နင်းမိလို့ အော်သံတွေလည်း မကြာခဏ ထွက်လာတော့တယ်။
"အားလုံး တိတ်ကြစမ်း! နေရာမှာပဲ ငြိမ်ငြိမ်ရပ်နေကြ၊ ဘယ်သူမှ မလှုပ်နဲ့!"
အမှန်တော့ ဒီနေရာကို တစ်ယောက်ယောက်က အစောကတည်းက ဝိုင်းထားခဲ့တာပါ၊ လူအုပ်ကြီး လှုပ်ရှားလာတာနဲ့အမျှ၊ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စစ်သည်တော်တွေက ခါးကြားက ဓားတွေကို ဆွဲထုတ်လိုက်ပြီး ရှေ့ကို တစ်လှမ်း တိုးလိုက်ကြတော့တယ်။
ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးက ခဏမျှ ငြိမ်သွားခဲ့ရတယ်။ အဲဒီအချိန်မှာ၊ မျက်နှာချင်းဆိုင်က အခမ်းအနား တပ်ဖွဲ့ကြီးကြားကနေ၊ မြင်းအနက်ကြီး တစ်ကောင်ကို စီးထားတဲ့ အရာရှိ တစ်ယောက် ထွက်လာခဲ့တယ်။ နာရေး အုပ်စုထဲမှာ ရပ်နေတဲ့ အမတ်တွေနဲ့ မတူတာက သူက ကြက်သွေးရောင် ရွှေချည်ထိုး မြွေနဂါးဝတ်ရုံကို ဝတ်ထားတာမို့၊ အဲဒါက အဆင့်မြင့် အရာရှိကြီး တစ်ယောက်ရဲ့ အရှိန်အဝါပါပဲ။
"လူတိုင်း မထိတ်လန့်ကြပါနဲ့၊ တစ်ယောက်ချင်းစီ စစ်သည်တော်တွေရဲ့ ရှေ့ကနေ ဖြည်းဖြည်းချင်း ထွက်သွားကြပါ။ ဒါဟာ တော်ဝင်မိသားစုရဲ့ အတွင်းရေး ကိစ္စကို ဖြေရှင်းတာ ဖြစ်တယ်။ ကွယ်လွန်သူ ဧကရာဇ်က နတ်ရွာစံခဲ့တာ မရှိပါဘူး၊ ဧကရာဇ်သစ် ဆိုတာကတော့ ပလ္လင်ကို မတရား လုထားတဲ့ သူပဲ ဖြစ်ပါတယ်။ ငါလာခဲ့တာကတော့ လူယုတ်မာတွေကို ရှင်းဖို့အတွက် ဖြစ်ပြီး၊ သာမန် ပြည်သူတွေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
ဒီအရာရှိက မူလက နာရေး အုပ်စုထဲမှာ ရှိနေရမယ့် ရွှီထင်းရှန်းပဲ ဖြစ်တယ်။ ဒီစကားတွေက လူအများကြားထဲ ပျံ့သွားတာကြောင့်၊ လူအုပ်ကြီးက ဆူပူတာ မရှိတော့ဘဲ ငြိမ်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နဂါးခေါင်းတလားရဲ့ နောက်ကွယ်က ဧကရာဇ်သစ်နဲ့ လူအုပ်စုကတော့ အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြရတော့တယ်။ အခြေအနေက မကြာခင်မှာပဲ ငြိမ်သွားခဲ့ပြီး ပုံစံအမျိုးမျိုးရှိတဲ့ နဂါးရုပ်တွေနဲ့ လ၊ နေ၊ ကြယ်စင်တွေကို ထွင်းထားတဲ့ နဂါးခေါင်းတလားကြီးကတော့ ဘယ်သူမှ ဂရုမစိုက်တော့ဘဲ အဲဒီနေရာမှာတင် အထီးကျန်စွာ ကျန်ရစ်ခဲ့တော့တယ်။
ဧကရာဇ်သစ် နဲ့ ရန်ချုံဟွာ တို့ အုပ်စုကတော့ မျက်နှာတွေ ဖြူဖျော့ပြီး ကိုယ့်ဆီကို မောင်းလာတဲ့ ယွီလုရထားကြီးကို ငေးကြည့်နေကြရတယ်။ ရထားနဲ့အတူ ပါလာတဲ့ သူတွေထဲမှာ၊ တိန်ကော်ကုန်း အုပ်စုတွေတင်မကဘဲ၊ ရွှီထင်းရှန်း၊ ယဲ့ကျွိ၊ လင်းမြောင်စတဲ့ စာပေပညာရှင် အမတ်တစ်စုနဲ့၊ မျက်နှာစိမ်း စစ်သည်တော် အချို့လည်း ပါနေခဲ့တယ်။
269 03
ဒီစစ်သည်တော်တွေက တျန့်ဟိုင်ရေတပ်က လူတွေ ဖြစ်ပြီး၊ ရွှီထင်းရှန်းက ဒီလူတွေ ရောက်လာမယ့် အချိန်ကို အမြဲ စောင့်နေခဲ့တာ ဖြစ်တယ်။ ယွီလု ရထားရဲ့ လိုက်ကာက အစောကတည်းက ပွင့်နေပြီမို့၊ အတွင်းမှာ အဝါရောင် နဂါးဝတ်ရုံကို ဝတ်ထားလျက်၊ ရိစမ်းကွန်း ဦးထုပ်ကို ဆင်ပြီး အရှိန်အဝါ အပြည့်ရှိနေတဲ့ ကျားချန်ဧကရာဇ်ကို မြင်တွေ့လိုက်ရတော့တယ်။
သူ့မျက်နှာက တည်ငြိမ်နေပေမဲ့၊ အကြည့်ကတော့ အလွန်ပဲ အေးစက် လေးနက်လှတယ်။
"မင်းတို့တွေကတော့ တကယ်ကို ကျန်းရဲ့ သားကောင်းတွေ၊ အမတ်ကောင်းတွေပါပဲ"
ဧကရာဇ်သစ်ကတော့ ခြေလက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့ရတော့တယ်။
ဒီနေ့ကတော့ သမိုင်းမှတ်တမ်းတွေမှာ မုချ ထည့်သွင်းခံရမယ့် နေ့တစ်နေ့ပါပဲ။ ကျားချန်ဧကရာဇ် ပြန်ရောက်လာတာနဲ့အတူ၊ ဧကရာဇ်သစ် အုပ်စုရဲ့ လှည့်ကွက်တွေက အားလုံး ပေါ်သွားခဲ့ရပြီ။ အမှန်တော့ ဝန်ကြီးချုပ်ထန် ထုတ်ပြခဲ့တဲ့ အမိန့်တော်စာနဲ့၊ မောက်ဝမ်ဟောက်တို့ရဲ့ လုပ်ရပ်တွေက ရေကို နောက်အောင် လုပ်လိုက်တာပါပဲ။ ဧကရာဇ်သစ်အုပ်စုက ရှုပ်သွားမှပဲ၊ အခွင့်ကောင်းကို ရမှာ မဟုတ်လား။
ရွှီထင်းရှန်းက အချိန်အတော်ကြာ ငြိမ်နေခဲ့တာက အခွင့်ကောင်းကို ရှာနေခဲ့တာ ဖြစ်သလို တစ်ဖက်ကလည်း အရှေ့တောင် ရေတပ်က လူတွေကို စောင့်နေခဲ့တာပါ။ ဒုတိယမင်းသားအုပ်စုရဲ့ အညံ့ခံတာကို သူက လုံးဝ မယုံခဲ့ဘူး၊ ကိုယ့်ဘက်မှာ အပြတ်အသတ် အသာစီးရတဲ့ အင်အား မရှိဘဲနဲ့ ပူးပေါင်းတာက "ကျားနဲ့ အရေခွံ လဲသလိုမျိုး" ဖြစ်နေမှာလေ။ ကံကောင်းလို့ ရေတပ်က လူတွေက အချိန်မီ ရောက်လာခဲ့ကြတာပေါ့။
နန်းတော်ထဲမှာ တစ်ညတည်းအတွင်းမှာပဲ အခြေအနေတွေ ပြောင်းသွားပြီး၊ သစ္စာဖောက်တွေကို ရှင်းဖို့အတွက် (၁၅) ရက်တိုင်တိုင် အချိန်ယူခဲ့ရတယ်။ အဲဒီ (၁၅) ရက်အတွင်း၊ ကျားချန်ဧကရာဇ်က နန်းတော်ကို ပြန်မဝင်သေးဘဲ၊ ရွှီအိမ်တော် မှာပဲ ဆက်နေနေခဲ့တယ်။
နင်နင်လေးက အဲဒီတော့မှ၊ ကိုယ့်အိမ်တော် အဆောင်မကြီးမှာ အမြဲနေပြီး မိဘတွေရဲ့ ခုတင်ကို လုထားတဲ့ အဘိုးအိုက အမှန်တော့ ဧကရာဇ် ဖြစ်နေတာကို သိလိုက်ရတယ်။ ဒါ့အပြင် မိဘတွေကို ကွယ်ပြီး ကိုယ့်ကို အမြဲ စကားပြောတဲ့ ဦးလေးကြီးကလည်း ဧကရာဇ်ရဲ့ သားတော် ဖြစ်နေခဲ့တယ်။
"ဒါဆိုရင် ဧကရာဇ်ဘိုးဘိုး၊ ဘာလို့ နန်းတော်ကို ပြန်မသွားတာလဲဟင်" ဆံပင်ကို နှစ်ဖက် ခွဲထုံးထားပြီး ပန်းရောင် ဂါဝန်လေးကို ဝတ်ထားတဲ့ နင်နင်လေးက မျက်လုံးလေး ကလည်ကလည်နဲ့ ကုတင်ပေါ်က ကျားချန်ဧကရာဇ် ကို ကြည့်ပြီး မေးလိုက်တယ်။
နန်းတွင်းအရေးအခင်း ဖြစ်ကတည်းက ကုန်လွန်ခဲ့တဲ့ ဒီအချိန်တွေက ကျားချန်ဧကရာဇ်ရဲ့ဘဝမှာ အကြီးဆုံး ဘေးဒုက္ခတစ်ခုပါပဲ။ အရှိန်အဝါ ကြီးမားတဲ့ဧကရာဇ် တစ်ယောက်အဖြစ်ကနေ၊ နတ်ရွာစံသူအဖြစ် သတ်မှတ်ခံရပြီး ထွက်ပြေးခဲ့ရလို့ အသက်အန္တရာယ်နဲ့ အမြဲ ရင်ဆိုင်ခဲ့ရတာကိုး။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ကျန်းမာ သန်စွမ်းသူ အဖြစ်ကနေ၊ ကုတင်ပေါ်မှာ လဲပြီး ကိုယ်လက် သန့်စင်တာကိုတောင် ကိုယ့်ဘာသာ မလုပ်နိုင်တဲ့ အခြေအနေ ရောက်သွားခဲ့ရတယ်။
ရင်ထဲမှာရှိတဲ့ အားငယ်တာတွေ၊ ဒေါသတွေနဲ့ တခြား ခံစားချက်တွေကတော့ ပြောနေစရာတောင် မလိုပါဘူး။ မျက်စိရှေ့က ဒီကလေးမလေး တစ်ယောက်တည်းပဲ သူ့ကို အပြုံးတချို့ ပေးနိုင်ခဲ့တယ်။ ဒါကြောင့်ပဲ သူ့စကားက စော်ကားရာ ကျနေရင်တောင်မှ ကျားချန်ဧကရာဇ်က စိတ်မဆိုးဘဲ ပြန်မေးလိုက်တယ်။ "မင်းက ဧကရာဇ်ဘိုးဘိုးကို အဲဒီလောက်တောင် ထွက်သွားစေချင်နေတာလား"
နင်နင်က သူ့ကို တစ်ချက် ကြည့်ပြီး ဆိုလိုက်တယ်။ "အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မေမေက ပြောတယ်။ ဧကရာဇ်ဘိုးဘိုးက တစ်နေ့နေ့မှာ နန်းတော်ကို ပြန်သွားရမှာတဲ့။ အခု လူဆိုးတွေကိုလည်း ဖမ်းထားပြီးပြီပဲ၊ ဘာလို့ ပြန်မသွားတာလဲဟင်"
269 04
"ဘာဖြစ်လို့လဲဆိုတော့ လူဆိုးတွေက အရမ်းများလွန်းလို့လေ၊ တစ်ယောက်ချင်းစီကို အကုန် ရှင်းပြီးမှပဲ၊ ကျန်းအနေနဲ့ စိတ်အေးလက်အေး နန်းတော်ကို ပြန်နိုင်မှာပေါ့"
အဲဒီအချိန်မှာ၊ မော့ကျားက အပြင်က ဝင်လာပြီး၊ သူ့ဘေးမှာတော့ ဆေးသေတ္တာကို ကိုင်ထားတဲ့ နန်းတွင်းသမားတော် တစ်ယောက် ပါလာခဲ့တယ်။ သမားတော်က အနားတိုးလာပြီးနောက် အရင်ဆုံး ဒူးထောက် ဦးညွှတ်ပြီးမှ၊ ထရပ်ပြီး ကျားချန်ဧကရာဇ် ရဲ့ သွေးခုန်နှုန်းကို ရိုသေစွာ စမ်းပေးတော့တယ်။
"မင်းက ဘာဖြစ်လို့ ထပ်ရောက်လာပြန်တာလဲ” မော့ကျားက ပြုံးပြီး မေးလိုက်တယ်။ ဒါက နောက်ပြောင်တာ ဖြစ်ပေမဲ့၊ ကလေးမလေးကတော့ နားမလည်ဘဲ သူ့ကို တစ်ချက် စောင်းကြည့်ပြီး ပြန်ပြောလိုက်တယ်။ "ဦးလေးကြီး ရောပဲ မဟုတ်ဘူးလား၊ ဦးလေးလည်း ရောက်နေတာပဲကို" မော့ကျားကတော့ မတတ်သာဘဲ ရယ်လိုက်ရုံပဲ ရှိတော့တယ်။
နင်နင်က ကျားချန်ဧကရာဇ်ကို နှုတ်ဆက်လိုက်တယ်။ "ဧကရာဇ်ဘိုးဘိုး၊ ဒါဆိုရင် သမီး ဘိုးဘိုးကို မနှောင့်ယှက်တော့ဘူးနော်၊ အစ်ကိုနှစ်ကို သွားရှာလိုက်ဦးမယ်"
"သွားလေ"
ကလေးမလေး ထွက်သွားတာကို ကြည့်ပြီးမှ၊ ကျားချန်ဧကရာဇ်က မော့ကျားဘက်ကို လှည့်ကြည့်လိုက်တယ်။
မော့ကျားက လေးနက်တဲ့ အသံနဲ့ တင်ပြလိုက်တယ်။ "အပြစ်ရှိတဲ့ မိဖုရား မာနဲ့အတူ၊ ရှီးလီကျန်း (နန်းတွင်းရေးရာဌာန) က လူတွေ အားလုံးကို နန်းတွင်းပြစ်ဒဏ်ဌာနထဲမှာ ဖမ်းထားပါပြီ၊ နန်းတော်စောင့်တပ် တွေထဲမှာလည်း..."
သစ္စာဖောက်တွေကို ရှင်းတယ် ဆိုတာက လက်တွေ့မှာတော့ သိပ်ကို ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ပါပဲ။ အစိုးရအဖွဲ့ထဲမှာ ရွှီထင်းရှန်း နဲ့ ယဲ့ကျွိတို့လို အမတ်တွေက တောင့်ခံထားကြသလို၊ နန်းတော်ထဲမှာတော့ မော့ကျားကိုပဲ အားကိုးခဲ့ရတယ်။
မော့ကျား ရုတ်တရက် ပေါ်လာမှပဲ၊ ကျားချန်ဧကရာဇ်မှာ လူရှေ့ မထွက်ဖူးသေးတဲ့ သားတော် တစ်ယောက် ရှိနေတာကို အားလုံး သိသွားကြတော့တယ်။ သံသယ ဖြစ်စရာ မရှိပေမဲ့၊ သူက နန်းတော်ထဲက ကိစ္စတွေကို ဦးဆောင် စီမံနေတာ မြင်ရတဲ့အခါ၊ နောင်တစ်ချိန်မှာ သူက ပလ္လင် ဆက်ခံသူ ဖြစ်လာမလား လို့ လူအများကြီးက ခန့်မှန်းနေကြတယ်။ နှမြောစရာ ကောင်းတာက အခုအချိန်မှာ အဲဒီလို ပြောဖို့က အရမ်း စောလွန်းပါသေးတယ်။ အခုတစ်ကြိမ် မင်းသားသုံးရဲ့ ပုန်ကန်မှုမှာ ပါတဲ့သူက သိပ်ကို များတာကိုး။
အစိုးရအဖွဲ့ကနေ နန်းတွင်းအထိ၊ နန်းတော်ထဲက မိန်းမစိုးတွေနဲ့ နန်းတွင်းသူအများကြီးတောင်မှ ပါနေကြတာလေ။ အထူးသဖြင့် ကျားချန်ဧကရာဇ်က အခု အရာရာကို သံသယ ဖြစ်နေတာမို့၊ မှားပြီး သတ်မိရင် သတ်မိပါစေ၊ လွတ်သွားတာကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ယူဆထားလို့၊ နန်းတော်ထဲက လူမနေတဲ့ နန်းဆောင်အများကြီးမှာ ဒီလို ပတ်သက်တဲ့ လူတွေနဲ့ ပြည့်နေတော့တယ်။
အမှန်တော့ ကျားချန်ဧကရာဇ် ဒီလို လုပ်တာကလည်း နားလည်ပေးလို့ ရပါတယ်။ ဘယ်သူမဆို ဒီလို အဖြစ်မျိုး ကြုံရရင် သူ့ထက်တောင် ပိုရင် ပိုဦးမှာပါ။ ဧကရာဇ် တစ်ယောက် စိတ်တိုရင်၊ လူသန်းပေါင်းများစွာ အသက်ပေးရမယ် ဆိုတာကတော့ စိတ်ကူးကြည့်နိုင်တဲ့ အရာပါပဲ။
နန်းတော်ထဲက အခြေအနေတွေကို တင်ပြပြီးတဲ့နောက် မော့ကျားက မေးလိုက်တယ်။ "ဧကရာဇ်မင်းမြတ် ဘယ်တော့ နန်းတော်ကို ပြန်မလဲ ဆိုတာကို သိပါရစေဦး"
"ဘယ်တော့ ပြန်မလဲ ဟုတ်လား”
ကျားချန်ဧကရာဇ်က ဒီလောက် မကျယ်တဲ့ အခန်းလေးကို ဝေ့ကြည့်ရင်း၊ ရုတ်တရက် ရင်ထဲမှာ ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရတယ်။
"မနက်ဖြန်ပေါ့"
နောက်တစ်နေ့ ရောက်တော့ နံနက်စောစောကတည်းက ရွှီအိမ်တော် တံခါးရှေ့မှာ ဧကရာဇ် ခရီးထွက်ရင် သုံးတဲ့ ခမ်းနားတဲ့ အခမ်းအနားတွေနဲ့ ပြည့်နေခဲ့တယ်။ ပြန်ဖွဲ့စည်းလိုက်တဲ့ ကျင်းယီဝေ့တွေကလည်း နေရာအနှံ့ကို စူးစိုက်စောင့်ကြည့်နေပြီး ယင်ကောင် တစ်ကောင်တောင် အဝင်မခံဘဲ ရှိနေတယ်။
269 05
ကျင်းယီဝေ့တွေက အမှန်တော့ သစ္စာဖောက်ခဲ့တာ မဟုတ်ဘဲ၊ တုကျိဖုန်း တစ်ယောက်တည်းပဲ လုပ်ကြံခံခဲ့ရတာ ဖြစ်တယ်။ ရွှီထင်းရှန်းတို့က ကျင်းယီဝေ့ အကျဉ်းထောင်ထဲမှာ တုကျိဖုန်းကို ပြန်ရှာတွေ့ခဲ့တယ်။ သူက လူရုပ်တောင် မပေါ်တော့ဘဲ နောက်ဆုံး အသက်ရှူသံ တစ်ချက်ကိုပဲ အနိုင်နိုင် ဆွဲထားရတော့တယ်။
ဒုတိယမင်းသားက အဲဒီတုန်းက သူ့ကို ဒုက္ခပေးခဲ့တာက သူက ကိစ္စတွေကို ဖျက်ဆီးမှာ စိုးလို့ သူ့ကိုယ်လုပ်တော် တစ်ယောက်ကို ပိုက်ဆံပေး ဝယ်ပြီး ဆေးခတ်ခိုင်းခဲ့တာ၊ အဲဒီနောက်မှာတော့ တုကျိဖုန်းက ရန်ချုံဟွာတို့ စာပေပညာရှင် အမတ်တစ်စုရဲ့လက်ထဲ ရောက်သွားခဲ့တယ်။ စာပေပညာရှင်တွေက ကျင်းယီဝေ့အပေါ်မှာ မွေးရာပါ ရန်ငြိုး ရှိသလို၊ တုကျိဖုန်းကလည်း ကျားချန်ဧကရာဇ် အတွက် အလုပ်လုပ်တုန်းက အမတ်အများကြီးကို ဒုက္ခပေးခဲ့ဖူးတာလေ။ ရန်ချုံဟွာတို့က သူ့အပေါ်မှာ သိပ်ကိုရက်စက်ခဲ့ကြတယ်၊ ကျင်းယီဝေ့ရဲ့နှိပ်စက်နည်းတွေ အားလုံးကို သူ့ကိုယ်ပေါ်မှာ အလှည့်ကျ သုံးခဲ့ကြတယ်။
အခုတော့ တုကျိဖုန်းက လူစဉ်မမီတော့ဘဲ၊ ဝေယွင်ကျယ်ကတော့ အရှင်သခင်ကို ကာကွယ်ခဲ့တဲ့ အောင်မြင်မှုကြောင့် ကျင်းယီဝေ့ရဲ့ စစ်သေနာပတိချုပ် ရာထူးကို တိုးမြှင့်ခံလိုက်ရတယ်။ သူက ဖေးယွီဝတ်ရုံကို ဝတ်ပြီး တပ်ဖွဲ့ကို ဦးဆောင်ကာ ဧကရာဇ်ကို ကာကွယ်နေပုံက မြင်ရတဲ့သူတိုင်းကို ထိတ်လန့်စေတယ်။
ကျားချန်ဧကရာဇ်ရဲ့အခမ်းအနား တပ်ဖွဲ့ကြီးက မကြာခင်မှာပဲ ထွက်သွားခဲ့တယ်။ ရွှီထင်းရှန်းက ကျောက်အာရဲ့ ပုခုံးကို ဖက်ပြီး၊ အဝေးကို ထွက်သွားတဲ့ အခမ်းအနား တပ်ဖွဲ့ရဲ့ ကျောပြင်ကို ကြည့်ရင်း ညည်းလိုက်တယ်။ "နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ"
"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ"
ဒါပေါ့၊ အမှန်တော့ မပြီးသေးပါဘူး၊ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျားချန်ဧကရာဇ်က နန်းတော်ပြန်ရောက်တာနဲ့၊ ရန်ချုံဟွာ ဦးဆောင်တဲ့ အမတ်တစ်စုကို စပြီးစာရင်းရှင်းတော့တယ်။ တရားရုံးချုပ်၊ ပြစ်ဒဏ်ဝန်ကြီးဌာနနဲ့ တရားရေး စောင့်ကြည့်ရေးဌာနက အရာရှိတွေ အားလုံး ထွက်ပြီး၊ အဲဒီလူတွေရဲ့အပြစ်တွေကို တစ်ခုချင်း စာရင်းလုပ်ကြတော့တယ်။ အစိုးရအဖွဲ့ထဲမှာ ထိတ်လန့်တာတွေနဲ့ ပြည့်နေပြီး၊ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေကြရတယ်။
ပါဝင် ပတ်သက်တဲ့သူတွေကတော့ ထားလိုက်ပါတော့၊ ကိုယ့်အလောင်းကို အကောင်းပကတိအတိုင်း ထားနိုင်ရင်တောင် ကံကောင်းလှပြီ။ မပါတဲ့သူတွေတောင်မှ အဲဒီလူတွေနဲ့ တစ်စုံတစ်ရာ ပတ်သက်တာ ရှိရင် ကိုယ့်ဆီ ကူးလာမှာကို သိပ်ကို စိုးရိမ်နေကြရတယ်။ ဒီလို အချိန်မျိုး ရောက်တိုင်း၊ အမြဲလိုလို အခြေအနေကို အခွင့်ကောင်းယူပြီး တခြားသူကို နှိပ်ကွပ်ချင်တဲ့သူတွေ မုချရှိတတ်တယ်။၊ အချို့က ကိုယ့်ပြိုင်ဘက်ကို တိုက်ဖို့ အခွင့်အရေး ရသွားသလို၊ အချို့ကတော့ ကိုယ့်အပြစ်က လွတ်ဖို့ တခြားသူကိုပါ ဆွဲထည့်ကြတော့တယ်။ ဒါကြောင့် အခု အစိုးရအဖွဲ့က ဘယ်အချိန်ထက်မဆို ပိုပြီးရှုပ်နေခဲ့ပြီး၊ နေ့တိုင်း ညီလာခံမှာလည်း အမတ်တွေက တစ်ယောက်နဲ့တစ်ယောက် ပြစ်တင်တိုင်တန်းနေကြလို့ အခြေအနေက တကယ်ကို ကြည့်ရဆိုးနေခဲ့တယ်။
ကျားချန် ၂၁ နှစ် ရဲ့ ဒီဆောင်းတွင်းက အရင်နှစ်တွေထက် ပိုပြီးတော့ အေးတယ်။ အချိန်ကြာလာတာနဲ့အမျှ၊ ရာထူးက ပြုတ်တဲ့ အရာရှိတွေက မရေမတွက်နိုင်အောင် များတာကြောင့်၊ မျက်စိတစ်မှိတ်အတွင်းမှာတင် ညီလာခံထဲက နေရာတွေက တစ်ဝက်လောက် ဟောင်းလောင်း ဖြစ်သွားရတယ်။ အမတ်ချုပ် ခန်းမထဲမှာ၊ လင်းမြောင်က ညည်းလိုက်တယ်။ "ဒါတွေက ဘယ်တော့မှ ပြီးမှာလဲ" ဘေးက ယဲ့ကျွိနဲ့ ကျန်းယွင်ကျယ်၊ ပြီးတော့ အောက်ခြေမှာ ထိုင်နေတဲ့ ရွှီထင်းရှန်း နဲ့ ချန်ကျန်းတို့လည်း၊ မျက်နှာတွေက လေးနက်တည်ကြည်နေကြပြီး စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေကြတယ်။
269 06
ရန်ချုံဟွာ အုပ်စုက အားလုံး ထောင်ထဲ ရောက်ကုန်ပြီမို့၊ အမတ်ချုပ် အဖွဲ့ဝင် ရှစ်ယောက်ထဲက လေးယောက်က ပျောက်သွားခဲ့ရတယ်။ ဝန်ကြီးချုပ်ထန်လည်း အငြိမ်းစား ယူသွားပြီဖြစ်သလို၊ လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးမာချီလည်း လဲကျတုန်းက ဒဏ်ရာကြောင့် အသက်ကြီးလို့ အခုထိ ရောဂါ မသက်သာသေးဘူး။ အခု အတွင်းအမတ်ရုံးထဲမှာ ယဲ့ကျွိနဲ့ လင်းမြောင်နှစ်ယောက်တည်း ကျန်တော့တာမို့၊ ကျန်းယွင်ကျယ်၊ ချန်ကျန်း နဲ့ ရွှီထင်းရှန်းတို့က ယာယီ ကူပေးဖို့အတွက် ခေါ်ခံထားရတယ်။
အခု ကျားချန်ဧကရာဇ်က ကျန်းမာရေးကို ပြုစုနေရရုံတင်မကဘဲ၊ တစ်နေ့လုံး သစ္စာဖောက်တွေရဲ့ အရေးကိုပဲ အာရုံစိုက်နေလို့၊ အစိုးရကိစ္စတွေ အားလုံးက အတွင်းအမတ်ရုံးရဲ့ပုခုံးပေါ် ရောက်လာတာကြောင့်၊ အားလုံးအလုပ်များလွန်းလို့ အသက်ရှူပင် မဝ ဖြစ်နေကြရတယ်။
"ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး၊ အစားထိုးမယ့် အရာရှိတွေ ရှိသေးတယ် ဆိုပေမဲ့လည်း၊ ခဏလေးအတွင်းမှာ အကုန် ဖြည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ အခုဆိုရင် ရန်အုပ်စု၊ ဖုန်းအုပ်စုက လူတွေက အခွင့်အရေး ရသွားသလိုမျိုး နေရာအနှံ့မှာ လိုက်တိုင်နေကြတာ၊ ငါ့ အထင်တော့ မကြာခင်မှာ ငါတို့ဘက်က လူတွေပါ အဲဒီထဲကို ဆွဲထည့်ခံရတော့မယ်" ကျန်းယွင်ကျယ်က ဆိုလိုက်တယ်။
"ဒါပေမဲ့ ဧကရာဇ်မင်းမြတ်က အခုလို ဖြစ်နေတာကို ဘယ်သူကများ ရှေ့ထွက်ပြီး ဖျောင်းဖျရဲမှာလဲ၊ ပထမဆုံး ပြောတဲ့သူကပဲ အပြစ်ရှာခံရမှာ သေချာတယ်" ယဲ့ကျွိက ခါးသီးစွာ ပြုံးပြီး ပြောလိုက်တယ်။
"ဖျောင်းဖျဖို့ကတော့ မုချ လိုနေတာပါပဲ၊ ဒါပေမဲ့ နည်းလမ်းတစ်ခုခုတော့ စဉ်းစားရမယ်၊ ငါတို့ ကိုယ်စီ ပြန်ပြီးတော့ လုပ်ငန်းစဉ်တွေ အရင် ချကြတာပေါ့၊ နောက်မှ ပြန်ဆွေးနွေးကြမယ် မဟုတ်လား"
ဒီအတိုင်းပဲ လုပ်ရတော့မှာ ဖြစ်တယ်။ လူနည်းနည်းက လေးနက်စွာနဲ့ ခေါင်းညိတ်ပြပြီး၊ ကိုယ်စီ အလုပ်များဖို့အတွက် ထွက်သွားကြတော့တယ်။ အတွင်းအမတ်ရုံးဘက်က လုပ်ငန်းစဉ်တွေ မထွက်လာသေးခင်မှာတင်၊ ရွှီထင်းရှန်းက နောက်တစ်နေ့မှာ နန်းတော်ဝင်ပြီး ကျားချန်ဧကရာဇ် ကို တွေ့ခွင့် တောင်းလိုက်တော့တယ်။ အမြဲ ဒေါသထွက်နေတတ်တဲ့ ကျားချန်ဧကရာဇ်က ရွှီထင်းရှန်းနဲ့ တွေ့တဲ့အခါမှာတော့ အနည်းငယ်တော့ မျက်နှာသာ ပေးနေတုန်းပါပဲ။ ဒါပေမဲ့ စကားနည်းနည်း ပြောပြီးနောက်မှာတော့ အခြေအနေက ပြန်ပြီး တင်းမာသွားခဲ့ရပြန်တယ်။
"ဧကရာဇ်မင်းမြတ် သိသင့်တာကတော့ ရေကြည်လွန်းရင် ငါး မရှိတော့ပါဘူး၊ အစိုးရအဖွဲ့ထဲမှာ ပတ်သက်မှုတွေက ရှုပ်ထွေးပါတယ်။ စာမေးပွဲတူ၊ ဆရာတူ၊ ဒါမှမဟုတ် နေရပ်တူ ဆိုတာတွေက မင်းဆက် အသီးသီးမှာ ရှောင်လို့ မရတဲ့ ကိစ္စတွေပါပဲ၊ အကယ်လို့သာ ဒီအချက်တွေကိုပဲ အခြေခံပြီး အပြစ်ရှာနေမယ် ဆိုရင်တော့ ကျွန်တော်မျိုးတို့ တာ့ချန်းမှာ အလုပ်လုပ်ပေးမယ့်သူ တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ပါဘူး"
"ရွှီထင်းရှန်း၊မင်းကတော့ တကယ်ကို သတ္တိကောင်းလွန်းလှပါလား!"
အထက်ကနေ ပြင်းထန်တဲ့ ဟိန်းဟောက်သံတစ်ခု ထွက်လာပြီးနောက်၊ ရွှီထင်းရှန်းက ချက်ချင်းပဲ ဒူးထောက်လိုက်ရတယ်။ ဒါပေမဲ့ သူ့ခေါင်းကို မော့ထားပြီး၊ မျက်ဝန်းတွေက နဂါးပလ္လင်ပေါ်က ဧကရာဇ်ကို တိုက်ရိုက် စိုက်ကြည့်နေခဲ့တယ်။
ကျားချန်ဧကရာဇ်ရဲ့ ကျန်းမာရေးက ကောင်းကောင်း ပြန်နိုးထလာတာ မရှိပါဘူး၊ သူ ရုတ်တရက် မူးလဲသွားရတဲ့ အဓိက အကြောင်းက ဆေးခွက် တစ်ခွက်ကြောင့် ဖြစ်သလို၊ အဲဒီဆေးခွက်နဲ့အတူ သူ့ရဲ့ မူးတတ်တဲ့ ရောဂါ ပေါင်းလိုက်တဲ့ အခါမှာတော့ သန်စွမ်းပုံရတဲ့ သူ့ခန္ဓာကိုယ်က အမှန်တော့ အလုပ်များလွန်းလို့ အမြစ်တွယ်နေတဲ့ ရောဂါတွေကြောင့် ပြိုလဲသွားခဲ့ရတာပါ။ မရေမတွက်နိုင်တဲ့ နန်းတွင်းသမားတော်တွေနဲ့ နေရာအနှံ့က ဆေးဆရာကြီးတွေ ရောက်လာကြပေမဲ့၊ တစ်ကိုယ်လုံး လှုပ်လို့ မရတဲ့ အခြေအနေကနေ၊ ထိုင်နိုင် လဲနိုင်တဲ့ အခြေအနေကိုပဲ ရောက်ခဲ့တာဖြစ်ပြီး၊ လမ်းလျှောက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ဒီထက်မကသေးဘဲ အချိန်အတော်ကြာအောင် ထိုင်နေရင်တောင် သူက မတောင့်ခံနိုင်တော့ဘဲ ဖြစ်နေရတယ်။ အစိုးရ စာရွက်စာတမ်းတွေကိုတော့ ကြည့်နိုင်ပေမဲ့၊ အပင်ပန်းခံလို့တော့ မရတော့ဘူး။
ဒီအရ အားလုံးကြောင့် ကျားချန်ဧကရာဇ်က နာကျည်းနေခဲ့ရတာ၊ လူယုတ်မာတွေရဲ့ စကားကို နားယောင်တဲ့ စာပေပညာရှင် အမတ်တွေအပေါ်မှာ အလွန်ပဲ မုန်းနေခဲ့တယ်။ အကယ်လို့ အဲဒီသူတွေသာ သွေးထိုးတာ မရှိရင်၊ ဒုတိယမင်းသားနဲ့မင်းသားသုံးတို့ရဲ့ သတ္တိနဲ့ဆိုရင် ဧကရာဇ်ကို ပုန်ကန်ဖို့ မဝံ့ရဲကြပါဘူး။ ပုန်ကန်တာက ရိုးရှင်းပုံရပေမဲ့ လက်တွေ့မှာတော့ လုပ်စရာတွေ အများကြီး ရှိနေတာလေ။ အနည်းဆုံးတော့ စည်းကမ်းတွေအရ၊ ဧကရာဇ် နတ်ရွာစံခါနီးမှာ နတ်ရွာစံကြောင်း အမိန့်တော်စာ ထားခဲ့ရမှာဖြစ်သလို၊ အဲဒီအမိန့်တော်စာကိုလည်း အရေးကြီးတဲ့ အမတ်တွေက သက်သေအဖြစ် ရှိနေကြပြီးမှပဲ တစ်လောကလုံးကို ကြေညာနိုင်တာကိုး။
269 07
ဒါဆိုရင် ပုန်ကန်တာ ဆိုတာက အဲဒီ နဂါးပလ္လင် တစ်ခုတည်းကို လုတာလား။ မဟုတ်ပါဘူး၊ လုတာက တိုင်းပြည်ရဲ့ အာဏာ ဖြစ်သလို၊ အစိုးရရဲ့ အမိန့်ပေးနိုင်စွမ်းကိုပါ လုတာပါ။ အစိုးရရဲ့အာဏာ မရှိဘဲနဲ့တော့ နန်းတော် တစ်ခုတည်းမှာ ရှိနေရုံနဲ့ ဧကရာဇ်လို့ မခေါ်နိုင်ပါဘူး၊ အဲဒီ အာဏာတွေကို သုံးနိုင်ဖို့ ဆိုရင်လည်း အမတ်တွေနဲ့ နယ်မြေအသီးသီးက အရာရှိတွေရဲ့ လုပ်ဆောင်မှုက မရှိမဖြစ် လိုနေတာလေ။ ဒါကြောင့် သတ္တိကောင်းလှတဲ့ ဒီစာပေပညာရှင် အမတ်တစ်စုသာ မရှိခဲ့ရင် ဒီလို ကိစ္စမျိုး ဖြစ်လာစရာ အကြောင်း မရှိတာကြောင့် ကျားချန်ဧကရာဇ်က အဲဒီသူတွေအပေါ်မှာ ဒေါသပုံချနေတာ ဖြစ်တယ်။
ပါဝင်ပတ်သက်တဲ့ အရာရှိတွေ ပိုများလာတာနဲ့အမျှ၊ အဲဒီသူတွေက ကိုယ့်အပြစ်က လွတ်ဖို့အတွက် အမျိုးမျိုးသော တိုင်တန်းတာတွေကို လုပ်လာကြတော့တယ်။ အချို့ဆိုရင် အဲဒီတုန်းက အိမ်ရှေ့စံ စောစော ဆုံးသွားရတာကလည်း၊ အမတ်အချို့ရဲ့ နောက်ကွယ်က လက်ချက်တွေ ပါနေတယ်လို့တောင် ထုတ်ပြောလာကြတာ။ ဒီကိစ္စက အချိန်အတော်ကြာခဲ့ပြီမို့ အမြစ်ကို လိုက်စစ်ဖို့ မဖြစ်နိုင်တော့ပေမဲ့၊ မျက်စိထဲမှာ ဒေါသမီးတွေ ပြည့်နေတဲ့ ကျားချန်ဧကရာဇ်ကိုတော့ အကြီးအကျယ် ဒေါသထွက်စေခဲ့တယ်။ အစမရှိ အဆုံးမရှိတဲ့ စကားတစ်ခွန်း၊ သတင်းရင်းမြစ် မရှိတဲ့ ပြောဆိုချက် တစ်ခု ဖြစ်နေရင်တောင်မှ၊ အဲဒါက ကြီးကျယ်တဲ့ သွေးချောင်းစီးမှုကြီး တစ်ခုကို ဖြစ်စေခဲ့ပြီး၊ ကျားချန် ၂၁ နှစ် ကနေ ၂၂ နှစ်အထိ ကူးသွားတဲ့ ဒီကြီးကျယ်တဲ့ ရှင်းလင်းမှုကြီးကလည်း၊ အဆုံးသတ်ကို မြင်ရဖို့ မရှိတော့သလိုမျိုး ဖြစ်လာခဲ့ရတယ်။
ရွှီထင်းရှန်းက ကျားချန်ဧကရာဇ်ရဲ့ အမြော်အမြင်အရဆိုရင် ဒီလို ဒေါသပုံချတာမျိုးက ကြာရှည်ခံမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ နှမြောစရာ ကောင်းတာက သူ့ထင်မှတ်ချက်ကို လွဲစေခဲ့တယ်။ သူက ဆက်ပြီး မအောင့်နိုင်တော့တာနဲ့ ဧကရာဇ်ရဲ့ အမျက်တော်ကို ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်ပြီး နန်းတော်ထဲ ဝင်ခဲ့တာပါ။
"အကယ်လို့ ဧကရာဇ်မင်းမြတ်က သာမန် လူတစ်ယောက် ဖြစ်ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူရဲ့ တာဝန်တွေကို ထမ်းထားရတာ မဟုတ်ဘူး ဆိုရင်တော့ ဧကရာဇ်အနေနဲ့ စိတ်ကြိုက် လုပ်လို့ ရပါတယ်။ ဒါပေမဲ့ ဧကရာဇ်က သာမန်လူ မဟုတ်ဘူးလေ"
"ရွှီထင်းရှန်း မင်း... မင်း တကယ်ကို ရဲတင်းလှပါလား" ကျားချန်ဧကရာဇ်က ဒေါသတကြီးနဲ့ စားပွဲကို ရိုက်လိုက်တယ်။
ဒူးထောက်သံတွေနဲ့အတူ ဘေးက မိန်းမစိုးတွေ အားလုံးက မြေပြင်ပေါ်မှာ ပြားပြားဝပ် ဒူးထောက်လိုက်ကြတော့တယ်။ အခု ဧကရာဇ်က အရင်က ဧကရာဇ်နဲ့ မတူတော့ဘဲ ပိုပြီးစိတ်ပြောင်းလွယ်သလို ဒေါသလည်း ပိုကြီးလာခဲ့တယ်။ သူ့ဘေးမှာ ခစားနေရတဲ့ နန်းတွင်းသူတွေနဲ့ မိန်းမစိုးတွေက အချိန်တိုင်း ခေါင်းပြုတ်မယ့် အန္တရာယ်ကို စိုးရိမ်နေကြရတာ။ သူတို့က ထိတ်လန့်လွန်းလို့ တစ်ကိုယ်လုံး တုန်နေကြသလို အချို့ဆိုရင် ဘောင်းဘီထဲမှာ ဆီးတောင် ထွက်ကျသွားတဲ့အထိ ရှိခဲ့တယ်။ အထက်ကနေ ဒေါသကြောင့် မျက်နှာပျက်နေတဲ့ ကျားချန်ဧကရာဇ်ကို ကြည့်ရင်း၊ ရွှီထင်းရှန်းရဲ့ မျက်ဝန်းထဲမှာတော့ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့တယ်။ သူက ခေါင်းငုံ့မသွားဘဲ ကျားချန်ဧကရာဇ် ကိုယ်တိုင်မြင်နိုင်အောင် သူ့ရဲ့စိတ်ပျက်တာတွေကို သေသေချာချာ ပြလိုက်တယ်။
"ကျွန်တော်မျိုး အစက ယူဆခဲ့တာကတော့ ဧကရာဇ်မင်းမြတ်ရဲ့ အုပ်ချုပ်မှုနဲ့ စစ်ရေး အောင်မြင်မှုတွေက ရှေးအရင်က ချင်ဧကရာဇ်နဲ့ ဟန်ဧကရာဇ်တို့ထက်တောင် သာလွန်နေပြီး၊ နောင်တစ်ချိန် သမိုင်းမှာ 'ထာဝရ ဧကရာဇ်'အဖြစ် ကျန်ရစ်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုး မှားသွားခဲ့ပါတယ်။ အခု တာ့ချန်းက အစစအရာရာ ပြန်လည် ထူထောင်ရမယ့် အချိန်ကောင်း ရောက်နေသလို၊ မူဝါဒအသစ်တွေလည်း အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီး၊ အတားအဆီး ဖြစ်နေတဲ့ အမတ်ကြီးတွေလည်း ပြုတ်သွားခဲ့ကြပြီမို့၊ ဒါက ဧကရာဇ်မင်းမြတ်အနေနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ တာ့ချန်းရဲ့ အေးချမ်း သာယာတဲ့ ခေတ်ကြီးကို ဖန်တီးဖို့အချိန် ရောက်နေပါလျက်နဲ့၊ ဧကရာဇ်မင်းမြတ်ကတော့ နာကျည်းတာတွေကြားမှာပဲ နစ်မွန်းနေပြီးတော့ တာ့ချန်းရဲ့ အစိုးရအဖွဲ့ တစ်ခုလုံးကို ရှုပ်အောင် လုပ်နေခဲ့တယ်။ အရာရှိတွေက အလုပ်မလုပ်ကြတော့ဘူး၊ ပြည်သူတွေရဲ့ အကျိုးကို မကြည့်ကြတော့ဘဲ၊ အစိုးရအဖွဲ့ထဲက တိုက်ခိုက်မှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နှိပ်ကွပ်ဖို့ကိုပဲ စဉ်းစားနေကြတော့တာ၊ ဒါဟာ အရင်က ဝူ၊ ရန်၊ ဖုန်း တို့ ရှိနေခဲ့တဲ့ အချိန်နဲ့ ဘာထူးလို့လဲ"
269 08
"ရွှီထင်းရှန်း မင်း ပြောလို့ ဝပြီလား"
"ကျွန်တော်မျိုး မဝသေးပါဘူး!"
အဲဒီလို ပြောလိုက်တဲ့ အချိန်မှာ ရွှီထင်းရှန်းက ထရပ်လိုက်တယ်။ ပိန်ပါးတဲ့ သူ့ကိုယ်ဟန်ကတော့ တည်ကြည် ခန့်ညားနေတယ်။ "ကျွန်တော်မျိုး အစက ယူဆခဲ့တာကတော့ ဒီဖြစ်ရပ်က ဧကရာဇ်မင်းမြတ် အနေနဲ့ 'ထာဝရ ဧကရာဇ်' ဖြစ်ဖို့အတွက် လမ်းပေါ်က အတားအဆီး တစ်ခုမျှသာ ဖြစ်ပြီး လွယ်လွယ်နဲ့ ကျော်နိုင်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုး မှားသွားခဲ့ပါတယ်။ အဲဒါက ဧကရာဇ်မင်းမြတ်ရဲ့ခန္ဓာကိုယ်ကိုတင် ပြိုလဲစေခဲ့တာ မဟုတ်ဘဲ၊ ဧကရာဇ် တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ကိုပါ ဖျက်ဆီးပစ်လိုက်တာပါ။ အဲဒီတုန်းက ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ ဇနီးသည်က တစ်မိသားစုလုံး အသတ်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်ပြီးမှ အစွမ်းကုန် ကြိုးစားခဲ့ကြတာက ဧကရာဇ်မင်းမြတ်အနေနဲ့ တာ့ချန်းကို အမှန်တကယ် အေးချမ်းတဲ့ ခေတ်ကြီးဆီကို ခေါ်သွားတာကို မြင်ချင်လို့ပါ၊ အခုလိုမျိုး ဒေါသတွေကြောင့်ရော၊ ကိုယ်ပိုင် နာကျည်းတာတွေကြောင့်ပါ တိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးပစ်တာကို မြင်ချင်လို့ မဟုတ်ပါဘူး"
"ဧကရာဇ်မင်းမြတ်က အခုမှ အသက် ၅၀ အရွယ် ပဲ ရှိပါသေးတယ်။ ရှေးအရင်ကတည်းက အသက် ၇၀၊ ၈၀ အထိ အုပ်ချုပ်ခဲ့တဲ့ ဧကရာဇ်တွေ မရှားပါဘူး၊ ဒါဆိုရင် ဧကရာဇ်မင်းမြတ် အနေနဲ့ အခုပဲ မင်းသား တစ်ပါးပါးကို ပလ္လင်လွှဲပြီးတော့ အငြိမ်းစား ဧကရာဇ် လုပ်ဖို့ စိတ်ကူးနေတာလား။ ဧကရာဇ်မင်းမြတ်က တကယ်ပဲ ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်လို့လား။ အကယ်လို့သာ အမှန်တကယ် အဲဒီလို ဖြစ်နေမယ် ဆိုရင်တော့ ကျွန်တော်မျိုး ဘာမှထပ်ပြောစရာ မရှိတော့ပါဘူး၊ ကျွန်တော်မျိုး အနေနဲ့ ဧကရာဇ်မင်းမြတ် ကို အမျက်ထွက်အောင် လုပ်မိတာမို့၊ အသေခံဖို့ အသင့်ပါပဲ၊ ကျွန်တော်မျို ရဲ့ အသက်ကို အခုပဲ ယူလိုက်ပါတော့"
"ထွက်သွားစမ်း! သူ့ကို အခုချက်ချင်း အပြင်ကို ဆွဲထုတ်သွားကြ" ကျားချန်ဧကရာဇ်က တုန်ရီနေတဲ့ လက်နဲ့ စားပွဲတင် မှင်ကျောက်တုံးကို လှမ်းပစ်လိုက်တာကြောင့် ရွှေရောင် ကြမ်းပြင်ပေါ် ကျပြီး အပိုင်းပိုင်း ကွဲသွားတော့တာပဲ။ လီရွှန့်က အမိန့်အရ တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ကို တိုးလာခဲ့တယ်။ သူက အဲဒီနေရာမှာ တောင့်တောင့်ကြီး ရပ်နေတဲ့ ရွှီထင်းရှန်းကို တွန်းထုတ်ချင်ပေမဲ့ မဝံ့ရဲဘဲ၊ တိုးညောင်းတဲ့ အသံနဲ့ပဲ အသနားခံလိုက်တယ်။ "အမတ်မင်းရွှီ၊ ကျေးဇူးပြုပြီးတော့ စကားနည်းနည်းလောက်ပဲ ပြောပါဦး၊ ဧကရာဇ်မင်းမြတ်ရဲ့ကျန်းမာရေးက မကောင်းတာမို့၊ ဒေါသထွက်အောင် မလုပ်ပါနဲ့တော့"
ရွှီထင်းရှန်းရဲ့ရင်ထဲက ဒေါသတွေက ရုတ်တရက် ဆိုသလို ပျောက်သွားခဲ့ရတယ်။ သူက ဝတ်ရုံစကို မပြီး ဒူးထောက် ဦးညွှတ်လိုက်ပြီးမှသာ အပြင်ကို ထွက်သွားခဲ့တော့တယ်။ သူ ထွက်သွားပြီးနောက်မှာ၊ နန်းဆောင်ထဲမှာ တိတ်ဆိတ်သွားပြီး ကျားချန်ဧကရာဇ်ရဲ့မမှန်ကန်တဲ့ အသက်ရှူသံတွေကိုပဲ ကြားနေရတော့တာ။ မိန်းမစိုး အားလုံးလည်း ခေါင်းကို အစွမ်းကုန် ငုံ့ထားကြပြီး ကိုယ့်ကိုယ်ကိုယ် ဖျောက်ထားချင်နေကြတယ်။
ဘယ်လောက် ကြာသွားလဲ မသိဘဲ၊ သတင်းရတဲ့ မော့ကျားက အလျင်အမြန် ရောက်လာတယ်။ သူက အပြာရင့်ရောင် မင်းသားဝတ်စုံကို ဝတ်ထားလို့ အလွန်ပဲ ခန့်ညားလှပနေတယ်။ အလင်းရောင်နဲ့ဆုံတဲ့ အခါမှ အနည်းငယ် ပြာလဲ့လဲ့ သန်းနေတဲ့ သူ့မျက်ဝန်းတွေက သူ့မှာ နိုင်ငံခြား သွေးသားတွေ ပါနေတာကို သက်သေပြနေတာပေါ့။ ဒါပေမဲ့ အခုတစ်ကြိမ် ကျားချန်ဧကရာဇ်ကို ကယ်ရာမှာ အကြီးဆုံးသော အောင်မြင်မှုကို ရခဲ့သူမို့၊ သူက မကြာသေးခင်က ကျားချန်ဧကရာဇ်ရဲ့ မျက်နှာသာ ပေးတာကို ခံရတဲ့ လူနှစ်ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တခြား တစ်ယောက်က ဒီနေ့မှာ ဧကရာဇ်ကို အမျက်ထွက်အောင် လုပ်ခဲ့တာမို့၊ ကျားချန်ဧကရာဇ်က သူ့ကို မြင်ရတဲ့ အခါမှာလည်း မျက်နှာက မကောင်းပါဘူး။
"မင်းက ဘာလာလုပ်တာလဲ"
"သားတော် ကြားရတာကတော့ အမတ်မင်းရွှီ နန်းတော်ဝင်ပြီး ခမည်းတော်ကို အမျက်ထွက်အောင် လုပ်ခဲ့တယ် ဆိုလို့ပါ..."
269 09
"မင်းက သူ့ကို ထပ်ပြီးတော့ အပြစ်ရှာဖို့ လာတာလား" ကျားချန်ဧကရာဇ်က သဘောထား မရှင်းလင်းစွာနဲ့ မေးလိုက်တယ်။
မော့ကျားက ရိုးရိုးသားသားပဲ ခေါင်းညိတ်ပြတယ်။ "ဒီရွှီထင်းရှန်းကတော့ တကယ်ကို ရဲတင်းလွန်းပါတယ်။ ခမည်းတော်က သူ့အပေါ်မှာ ထားတဲ့ ကျေးဇူးတွေကို အားကိုးပြီးတော့ ပါးစပ်ထဲ ရှိရာတွေကို လျှောက်ပြောရဲတယ်ပေါ့။ သားတော် အနေနဲ့ သူ့ကို ရာထူးကနေ ထုတ်ပြီးတော့ ချုံကျိုးကို နယ်နှင်ဒဏ် ပေးဖို့အတွက် လျှောက်တင်ပါတယ်..."
နောက်ထပ် စားပွဲတင် မှင်ကျောက်တုံး တစ်ခု ထပ်ကျလာပြန်တယ်။
"မင်းလည်း အခုချက်ချင်း ထွက်သွားစမ်း"
ဒီလိုနဲ့ မော့ကျားလည်း အဲဒီနေရာကနေ ထွက်လာခဲ့ရတော့တယ်။ ချန်ချင်းနန်းဆောင်က ထွက်လာပြီးနောက်မှာ၊ သူ့ဘေးက မိန်းမစိုးငယ် တစ်ယောက်က တိုးတိုးလေး မေးလိုက်တယ်။ "မင်းသား အနေနဲ့ အမတ်မင်းရွှီအတွက် ဘာဖြစ်လို့ စကားပြောပေးတာလဲ၊ ကျွန်တော်မျိုး မှတ်မိသလောက်ဆိုရင် မင်းသားက သူ့ကို အမြဲတမ်း ကြည့်မရ ဖြစ်နေတာ မဟုတ်လား"
မော့ကျားက သူ့ကို တစ်ချက် ကြည့်ပြီး "ငါက သူ့အတွက် စကားပြောပေးခဲ့လို့လား" သူကတော့ အဲဒီအမျိုးသမီးကို မုဆိုးမ ဘဝ ရောက်မှာ စိုးလို့ဖြစ်သလို၊ အဲဒီကလေးမလေးကို ဖခင်မဲ့သူအဖြစ် မမြင်ချင်လို့သာ ဖြစ်ပါတယ်။
မိန်းမစိုးငယ်လေးမှာ ချက်ချင်းပဲ ခေါင်းငုံ့သွားရတယ်။ "မ... မဟုတ်ပါဘူး"
"ငါကတော့ သူ့ကို ထပ်ပြီးတော့ အပြစ်ရှာဖို့ လာခဲ့တာပါပဲ"
ရွှီထင်းရှန်းက ချန်ချင်းမန် တံခါးက ထွက်လာတာနဲ့၊ မလှမ်းမကမ်းကနေ လင်းမြောင်နဲ့ ချန်ကျန်းတို့အလျင်အမြန် လျှောက်လာတာ မြင်လိုက်ရတယ်။
"ဒီကလေးမိုက်၊ မင်းက ဘာလို့ ဒီလို အချိန်မျိုးမှာမှ လာပြီး စွန့်စားရတာလဲ" လင်းမြောင်က ခြေဆောင့်ပြီး ညည်းလိုက်တယ်။ ချန်ကျန်းကတော့ စကားပြောဖို့ ပြင်ပေမဲ့ ပြန်မြိုသိပ်လိုက်ရပြီး၊ မျက်ဝန်းထဲမှာတော့ စိုးရိမ်တာတွေ ပြည့်နေခဲ့တယ်။
"ဒီစကားတွေကို တစ်ယောက်ယောက်ကတော့ ရှေ့ထွက် ပြောပြရမှာပဲလေ၊ ကျွန်တော် ပြောတာက ဆရာတို့ ပြောတာထက်စာရင် ဒါမှမဟုတ် အမတ်မင်းတို့ပြောတာထက်စာရင် အများကြီး ပိုပြီးတော့ ဘေးကင်းပါတယ်။ ဧကရာဇ်မင်းမြတ် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ အရင်က သံယောဇဉ်တွေကိုတော့ ငဲ့မှာမို့၊ ကျွန်တော့်ကိုတော့ ဘာမှလုပ်မှာ မဟုတ်ပါဘူး" ရွှီထင်းရှန်းက ဆိုလိုက်တယ်။
"ဒါဆိုရင် ဧကရာဇ်မင်းမြတ်က ဘာပြန်ပြောလဲ"
ရွှီထင်းရှန်းက ခပ်ဟဟ ရယ်ပြီး နှာခေါင်းကို ပွတ်လျက် ဖြေလိုက်တော့တယ်။ "ဧကရာဇ်မင်းမြတ်က ကျွန်တော့်ကို ထွက်သွားစမ်း တဲ့"
******
270 01
အခန်း (၂၇၀)
ရွှီထင်းရှန်းက ဧကရာဇ် မိန့်ကြားတဲ့အတိုင်း ထွက်လာခဲ့ပြီး အခွန်ဝန်ကြီးဌာန ဝန်ကြီး ရာထူးကို စွန့်လွှတ်ကာ အိမ်ပြန်ပြီး ဇနီး၊ သားသမီးတွေနဲ့အတူ နွေးထွေးတဲ့ ခုံတန်းပေါ်မှာ အေးအေးလူလူ အနားယူနေတော့တယ်။ သူ့ရဲ့ နေ့စဉ်ဘဝက သိပ်ကိုသာယာလှပနေခဲ့တယ်။ ကျောက်အာနဲ့အတူ အချိန်ကုန်ဆုံးရုံတင်မကဘဲ၊ ရွှီယောင်ဟုန်ရဲ့ ပညာသင်ကြားရေးကိုလည်း ကြားဖြတ် လမ်းညွှန်ပေးနေခဲ့တယ်။
"ဒါနဲ့ နင်က ဒီအတိုင်းပဲ နေတော့မှာလား။ ဒါက အသုံးချပြီးမှ သတ်ပစ်တဲ့ လုပ်ရပ်ပဲ၊ ရာထူးတိုးမလာတဲ့အပြင် ရှိတဲ့ ရာထူးပါ အဖြုတ်ခံလိုက်ရတယ်" ကျောက်အာက ဆိုလိုက်တယ်။ သာမန်ဝတ်စုံကို ဝတ်ပြီး ခုံတန်းပေါ်မှာ မှီပြီး လဲနေတဲ့ ရွှီထင်းရှန်းက သူ့ကို တစ်ချက် စောင်းကြည့်လိုက်ပြီး မေးလိုက်တယ်။ "မင်းက မင်းယောကျ်ားကို အေးအေးဆေးဆေး မနေစေချင်ဘူးလား”
"အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကိစ္စတွေက တစ်ခုပြီးတစ်ခု ဖြစ်နေတော့ ဘယ်တော့မှ ငြိမ်သက်သွားမှာလဲလို့ ငါ ခံစားနေရလို့ပါ။ ဟိုတစ်ခေါက် နင် မူဝါဒအသစ်ကို ဖော်ဆောင်တုန်းကလည်း တစ်စုံတစ်ယောက်က နင့်ကို ဒုက္ခပေးမှာ ငါ ကြောက်ခဲ့ရတယ်။ နောက်ပိုင်းမှာ ဧကရာဇ်မင်းမြတ် လုပ်ကြံခံရတဲ့ ကိစ္စဖြစ်တော့လည်း ငါတို့တစ်မိသားစုလုံး ပါသွားမှာကို ငါ စိုးရိမ်ခဲ့ရသေးတယ်။ အခုတော့ ရန်အုပ်စုနဲ့ ဖုန်းအုပ်စုတွေ အကုန်ပြုတ်သွားကြပြီ ဆိုတော့မှ၊ နင်က ဧကရာဇ်ရဲ့ အမျက်တော်ကို ခံရပြန်ပြီ။ အစိုးရကလည်း နင့်ကို လစာတွေ အများကြီး ပေးတာလည်း မဟုတ်ဘဲနဲ့၊ ဘာဖြစ်လို့ ဒီအရာရှိ အလုပ်က ဒီလောက်တောင် မတည်ငြိမ်ရတာလဲ"
"အရာရှိ လုပ်စားတယ်ဆိုတာ ဘယ်မှာ တည်ငြိမ်တာ ရှိလို့လဲ" ရွှီထင်းရှန်းက သက်ပြင်းချရင်း ဆိုလိုက်တယ်။
"ဒါဆိုရင်လည်း အားနေတာက အားနေတာပေါ့၊ ငါလည်း စိတ်ပူရတာ နည်းနည်း သက်သာတာပေါ့"
အဲဒီလိုပြောပြီး ကျောက်အာက ခုံတန်းပေါ်က ဆင်းလိုက်ကာ၊ နယ်မြေအသီးသီးက တာဝန်ခံတွေကို တွေ့ဖို့ ပြင်တော့တယ်။ အခု သူက မြို့တော်က ထွက်လို့ မရတာကြောင့်၊ နယ်မြေအသီးသီးက စီးပွားရေး လုပ်ငန်းတွေကို ကောင်းရှန်းတို့ကပဲ အပြင်မှာ တာဝန်ယူပေးနေကြတာပါ။ သူ့ဘက်မှာတော့ နှစ်တိုင်း နယ်မြေအသီးသီးက ဆိုင်မန်နေဂျာတွေနဲ့ တာဝန်ခံတွေက သူရှိတဲ့ နေရာကို တစ်နှစ် သုံးကြိမ် လာပြီး လုပ်ငန်းတွေကို အစီရင်ခံကြရတယ်။
ဒီအကြံက ရွှီထင်းရှန်း ပေးခဲ့တာဖြစ်ပြီး၊ ဒါ့အပြင် ထိုက်လုံကုန်သွယ်ရေးက စစ်ဆေးရေး အဖွဲ့ငယ်တွေကိုလည်း အထူးဖွဲ့ကာ၊ နယ်မြေအသီးသီးကို လှည့်လည် စစ်ဆေးစေခဲ့တယ်။ အခုတစ်ကြိမ်က နယ်မြေအသီးသီးက တာဝန်ခံတွေ မြို့တော်ကို ပထမဆုံးအကြိမ် ရောက်လာတာမို့၊ ဒီရက်ပိုင်းအတွင်း ကျောက်အာက အဲဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာပေါ့။ ထွက်သွားတဲ့ ကျောက်အာရဲ့ ကျောပြင်ကို ကြည့်ရင်း၊ ရွှီထင်းရှန်းက ခုံတန်းပေါ်က စာအုပ်တစ်အုပ်ကို လှမ်းယူကာ၊ ပြုံးပြီး ပြန်လဲလျောင်းလိုက်တော့တယ်။
စာမျက်နှာ နှစ်မျက်နှာတောင် မဖတ်ရသေးခင်မှာပဲ၊ အပြင်ကနေ နင်နင်ရဲ့ ဆူညံတဲ့ အသံကို ကြားလိုက်ရတယ်။
"ဖေဖေ၊ သမီး ပြောပြမယ်၊ အစ်ကိုနှစ်က သမီးကို ထပ်ပြီး အနိုင်ကျင့်ပြန်ပြီ"
ဆက်ပြီး ထွက်လာတာက ထိုက်ကော်(ရွှီယောင်ထိုက်)ရဲ့နှေးကွေးတဲ့ အသံပါ "ငါက နင့်ကို အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ နင်ကသာ ငါ့ကို အနိုင်ကျင့်နေတာပါ"
270 02
"နင်နင် သမီးက ဘာလို့ အစ်ကိုနှစ်ကို ထပ်ပြီး အနိုင်ကျင့်နေပြန်တာလဲ။ ဖေဖေက မင်းကို အလိုလိုက်လွန်းလို့ မင်းက တကယ်ကို စည်းကမ်းမရှိ ဖြစ်လာပြီ မဟုတ်လား"
ဒီနှစ်တွေအတွင်း ရွှီထင်းရှန်းက သမီးဖြစ်သူရဲ့ သဘာဝကို ကောင်းကောင်း သိသွားပြီမို့၊ သူမရဲ့ သနားစရာကောင်းအောင် ဟန်ဆောင်တာတွေအောက်မှာ လှည့်စားမခံရတော့ပါဘူး။ အမှန်တော့ အိမ်မှာ ဒုတိယသားက အသနားစရာ အကောင်းဆုံး ဖြစ်နေတာကို သတိထားမိသွားတဲ့ အချိန်ကစပြီး၊ သူက သားဖြစ်သူဘက်ကပဲ ဘက်လိုက်ပေးတော့တယ်။ အဲဒီအချိန်ကစပြီး နင်နင်အတွက် အိမ်မှာ နေရတာ ခက်လာပြီး အိမ်မှာ အစ်ကိုကြီးကပဲ သူ့ကို အချစ်ဆုံးလို့ ခံစားလာရတော့တယ်။
"အစ်ကိုနှစ်က သမီးကို အနိုင်ကျင့်တာ သိသာနေတာကို၊ ဘာလို့ သမီးက သူ့ကို အနိုင်ကျင့်တယ် ဖြစ်သွားရတာလဲ"
"အစ်ကိုနှစ်က သမီးကို ဘယ်လို အနိုင်ကျင့်လို့လဲ"
"သမီးက သူ့ရဲ့ ရွှေလက်စွဲတော်လေးကို ခဏလောက် ပေးဆော့ဖို့ ပြောတာကို၊ သူက မပေးဘူးလေ..."
ကိုယ်ကော ဘယ်လောက်အထိ အေးဆေးနေနိုင်ဦးမှာလဲ။
သားသမီးတွေရဲ့ အပြန်အလှန် ငြင်းသံတွေကို နားထောင်ရင်း၊ ရွှီထင်းရှန်းက မကြာခင်က အစိုးရအဖွဲ့ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သတိရလိုက်မိပြီး၊ ဒီလို အေးချမ်းတဲ့ နေ့ရက်တွေကတော့ ကြာရှည် ခံမှာ မဟုတ်ဘူးလို့ တွေးမိလိုက်တယ်။ စိတ်ထဲမှာ အဲဒီလို တွေးနေရင်းနဲ့ပဲ၊ သူက ကြားဝင်စေ့စပ်ပေးသူအဖြစ် သားသမီးတွေကို ဖျောင်းဖျပေးလိုက်တယ်။
"အစ်ကိုနှစ်ရဲ့ ရွှေလက်စွဲတော် ဆိုတာ၊ မင်းမေမေက သူ့ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပေးထားတာမို့ သူ အလွန် တန်ဖိုးထားတာကို သမီး သိသားပဲ။ သမီးရဲ့ ကိုးထပ်ကွင်း ကစားစရာကိုကျတော့ သမီးကော အစ်ကိုနှစ်ကို ပေးဆော့လို့လား"
"အဲဒါက အစ်ကိုကြီး ပေးထားတာလေ"
"သမီးတောင်မှ သမီးရဲ့ အဖိုးတန်ပစ္စည်းကို အစ်ကိုနှစ်ကို မပေးဆော့နိုင်ရင်၊ အစ်ကိုနှစ်ကော ဘာလို့ သူ့ရဲ့အဖိုးတန်ပစ္စည်းကို မနှမြောဘဲ နေပါ့မလဲ၊ ကိုယ် မလိုလားတဲ့ အရာကို သူတစ်ပါးအပေါ် မပြုကျင့်သင့်ဘူး..."
ကျားချန်ဧကရာဇ် အမှုပိတ်ဖို့ အမိန့်ပေးလိုက်တာနဲ့အမျှ၊ ကြီးကျယ်တဲ့ ရှင်းလင်းမှုကြီးက နောက်ဆုံးတော့ အဆုံးသတ်သွားပါပြီ။ ရန်ချုံဟွာတို့ ဦးဆောင်တဲ့ စာပေပညာရှင် အမတ်တစ်စုက အားလုံး လူရှေ့မှာ ခေါင်းဖြတ် ကွပ်မျက်ခံလိုက်ရတယ်။ အပြစ်ရဲ့ အနိမ့်အမြင့်ပေါ် မူတည်ပြီး၊ အချို့က တစ်မျိုးနွယ်လုံး အသတ်ခံရသလို၊ အချို့ကတော့ မိသားစုဝင်တွေ နယ်နှင်ဒဏ် ခံရကာ သုံးဆက်တိုင်အောင် အရာရှိ လုပ်ခွင့် ပိတ်ခံလိုက်ရတယ်။ ဒီအခြေအနေက သိပ်ကို ခါးသီးပေမဲ့၊ မူလက ခန့်မှန်းထားတဲ့ ရလဒ်ထက်စာရင် အများကြီး ပိုကောင်းနေခဲ့တယ်။ အဲဒီတုန်းက ဒေါသထွက်နေတဲ့ ကျားချန်ဧကရာဇ်ကို ကြည့်ပြီး အားလုံးက အဲဒီလူတွေ ကိုးဆက်တိုင် အသတ်ခံရလိမ့်မယ်လို့တောင် ထင်ခဲ့ကြတာ မဟုတ်လား။
အဓိက တရားခံတွေကို အပြစ်ပေးပြီးနောက်မှာ၊ ပတ်သက်နေတဲ့ တခြား အရာရှိတွေထဲက အထောက်အထား ခိုင်လုံသူတွေကို အရေးယူခဲ့သလို၊ အထောက်အထား မရှိသူတွေကိုတော့ အားလုံး ပြန်လွှတ်ပေးခဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ တဖြည်းဖြည်း ပြန်ငြိမ်လာတာကြောင့် လူတိုင်း သက်ပြင်းချနိုင်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ၊ ကျားချန်ဧကရာဇ်ကို အမျက်ထွက်အောင် လုပ်မိလို့ ခဏရာထူးက အနားပေးခံထားရတဲ့ ရွှီထင်းရှန်းကလည်း၊ လူအများရဲ့ အာရုံစိုက်မှုကို ရလာခဲ့တယ်။ သူက မကြာခင် ပြန်လာလိမ့်မယ်ဆိုတာနဲ့၊ ပိုမြင့်တဲ့ ရာထူးတစ်ခု ရဖို့က သေချာသလောက် ရှိနေတယ်လို့ အားလုံးက ယူဆထားပေမဲ့၊ ဘာလှုပ်ရှားမှုမှ မရှိဘဲ ဖြစ်နေခဲ့တယ်။ ကျားချန်ဧကရာဇ် ဘက်က လှုပ်ရှားမှု မရှိသလို၊ ရွှီထင်းရှန်း ဘက်ကလည်း မရှိပါဘူး၊ သူနဲ့ ရင်းနှီးတဲ့ အမတ်တွေတောင် တိတ်ဆိတ်နေခဲ့ကြတယ်။
ဧကရာဇ်ကို နန်းတော်ဆီ ပြန်ပို့ပေးခဲ့တဲ့ သူရဲကောင်းက ဒီလောက်နဲ့ပဲ ပြီးသွားပြီလား။ ဒါပေမဲ့ ဘယ်သူမှ စကားမပြောကြတာကြောင့်၊ ဘယ်သူကမှလည်း ဒီလို အချိန်မျိုးမှာ ကြားဝင် မစွက်ဖက်ရဲကြပါဘူး။ တိတ်တဆိတ်မှာတော့ အမတ်ကြီးတွေက အမျိုးမျိုး ပြောနေကြပေမဲ့၊ ချန်ချင်းနန်းဆောင်ထဲက ထိုပုဂ္ဂိုလ်ကတော့ တစ်ယောက်ယောက်ရဲ့ အလိုက်မသိမှုကြောင့် ဒေါသထွက်လွန်းလို့ မျက်နှာပင် ပျက်နေပြီ ဖြစ်ကြောင်းကိုတော့ မသိကြဘူး။
270 03
"ကျန်းက သူ့ကို ထွက်သွားစမ်းလို့ ပြောတာကို၊ သူက တကယ်ကြီး ထွက်သွားတယ်။ ပြီးတော့ ကိုယ့်ဘာသာ ရာထူးက နုတ်ထွက်ပြီး အိမ်ပြန်သွားသေးတယ်။ ကျန်းက သူ့ကို ရာထူးက နုတ်ထွက်ဖို့ ခွင့်ပြုခဲ့လို့လား"
"တကယ်ကို အခြေအနေကို မသိတဲ့သူပဲ၊ ဘယ်လိုလုပ်ပြီး အဆင့် ၂ အရာရှိ ဖြစ်လာလဲဆိုတာတောင် စဉ်းစားလို့ မရဘူး"(စာစစ်_ရှင်ပဲ ရာထူးတိုးခဲ့ပေးတာလေ)
"ကျန်းက သူ့ကို စိတ်ဆိုးနေတာကို သူက လာပြီးတော့ အသနားမခံတတ်ဘူးလား"
မကြာသေးခင်က ချန်ချင်းနန်းဆောင်ထဲမှာ ဒီလို ဆဲဆို ကြိမ်းမောင်းသံတွေက အမြဲထွက်နေခဲ့တယ်။ ဘာအရိပ်အယောင်မှ မရှိဘဲ ရုတ်တရက် ထွက်လာတာမျိုး ဖြစ်တယ်။ တစ်ခါတလေ ကျားချန်ဧကရာဇ်က ထမင်းစားဖို့ ပြင်နေတုန်းမှာတင် ရုတ်တရက် အကြောင်းမရှိဘဲ ဆဲတတ်တယ်။ အကြိမ်ပေါင်းများစွာ ကြားရပြီးတော့မှ၊အဲဒါက အမတ်မင်းရွှီကို ဆဲနေတာမှန်း အားလုံး သိသွားကြတော့တယ်။ လီရွှန့်က ဆေးခွက်ကို သေသေချာချာ ကိုင်ပြီး၊ ကျားချန်ဧကရာဇ်ကို ဆေးတိုက်ဖို့ ပြုစုပေးနေခဲ့တယ်။ သူက ကျိန်းအန်းချန်ပြီးနောက်မှာ ကျားချန်ဧကရာဇ်က ထပ်မြှင့်ပေးလိုက်တဲ့ မိန်းမစိုး ခေါင်းဆောင် တစ်ယောက်ပါပဲ။ ဘေးက လူယုံတော်ရဲ့ သစ္စာဖောက်မှုကို တစ်ခါ ခံစားခဲ့ရလို့ ကျားချန်ဧကရာဇ်က လီရွှန့်အပေါ်မှာ ရင်းနှီးမှု မရှိတဲ့အပြင် သိပ်ကို တင်းကျပ်တာကြောင့်၊ လီရွှန့်ကလည်း ဘာလုပ်လုပ် အမြဲ သတိထားနေခဲ့ရတယ်။
ကျားချန်ဧကရာဇ် ဆေးသောက်ပြီးသွားတဲ့အခါ၊ လီရွှန့်က ဆေးခွက်ကို လှမ်းယူလိုက်ပြီး၊ အပြင်မှာ ဒူးထောက်နေတဲ့ ဒုတိယမင်းသားကို သတိရကာ မျက်နှာမှာ စိုးရိမ်တာတွေ ရှိလာခဲ့တယ်။
"ဘာလို့ စိုးရိမ်နေတာလဲ။ ကျန်းတောင်မှ မင်းလို စိုးရိမ်မနေရသေးဘူး" ကျားချန်ဧကရာဇ်က သူ့ကို တစ်ချက် ကြည့်ပြီး ဆိုလိုက်တယ်။
လီရွှန့်က ရိုးသားတဲ့သူ တစ်ယောက်ပါ၊ ကျားချန်ဧကရာဇ်က သူ့ရဲ့ ရိုးသားမှုကို မြင်လို့ပဲ သူ့ဘေးမှာ ထားခဲ့တာပါ။ ဧကရာဇ်မင်းမြတ်က အဲဒီလို မေးလိုက်တာနဲ့ သူက ထိတ်လန့်တကြားနဲ့ မြေပြင်ပေါ် ဒူးထောက်လိုက်ပြီး တိုးတိုးလေး လျှောက်တင်လိုက်တယ်။ "ဒုတိယမင်းသား ထပ်ရောက်လာပါတယ်။ အပြင်မှာ ဒူးထောက်နေပါတယ်"
ကျားချန်ဧကရာဇ် နန်းတော်ပြန်ရောက်ကတည်းက ဒုတိယမင်းသားက နေ့တိုင်း ချန်ချင်းနန်းဆောင် ရှေ့ကို လာပြီး ခဏ ဒူးထောက်လေ့ ရှိတယ်။ အချိန်ကတော့ မသေချာပါဘူး။ လီရွှန့်က ရိုးလွန်းလို့ ရင်ထဲက ကိစ္စတွေကို ဖုံးမထားတတ်ဘူးလေ။ အကယ်လို့သာ အရင်က ကျိန်းအန်းချန်ဆိုရင်၊ ကျားချန်ဧကရာဇ် ဘယ်သူ့ကို မကြိုက်ဘူးဆိုတာ သိနေလို့၊ အဲဒီလူရဲ့ နာမည်ကို လုံးဝ ထုတ်ပြောမှာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အခက်မတွေ့အောင် နေမှာပါ။ ဒါပေမဲ့ လီရွှန့်ကတော့ အချိန်အကြာကြီး အောင့်မထားနိုင်ဘဲ အရာရာကို ထုတ်ပြောတတ်တဲ့သူ ဖြစ်နေတယ်။ ကျားချန်ဧကရာဇ် သိသွားတဲ့ အခါမှာတော့ တစ်ခါတလေ ဒုတိယမင်းသားကို ဒူးထောက်ခိုင်းထားသလို၊ တစ်ခါတလေတော့လည်း ထွက်သွားစမ်းလို့ မိန့်တတ်တယ်။
ဒါပေမဲ့ ဒီနေ့ ထွက်သွားပေမဲ့၊ မနက်ဖြန်ကျရင် ထပ်ရောက်လာပြန်တယ်။ နေ့တိုင်း ရက်ဆက် အဲဒီလိုပဲ လုပ်နေခဲ့တာ။ ဒုတိယမင်းသားက ခွင့်လွှတ်မှု လာတောင်းတာ ဖြစ်တယ်။ မင်းသားသုံးရဲ့ အဆုံးသတ်က သူ့ကို အမှန်တကယ်ပဲ ထိတ်လန့်စေခဲ့တယ်။ "ကျားက ကိုယ့်သားကို ပြန်မစားဘူး" ဆိုတဲ့ စကား ရှိတာကြောင့်၊ မင်းသားသုံးက ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်ရဲ့ သားအရင်းမို့ အကျဉ်းကျရုံပဲလို့ သူ ယူဆခဲ့ပေမဲ့၊ ကျားချန်ဧကရာဇ် နန်းတော်ပြန်ရောက်တာနဲ့ အဲဒီလူကို အသေ သတ်စေခဲ့တာလေ။ မင်းသားသုံး တစ်ယောက်တည်းတင် မကဘဲ၊ မိဖုရားခေါင်ကြီးအဖြစ် တိုးမြှင့်ခံခဲ့ရဖူးတဲ့၊ နောက်ပိုင်းမှာတော့ အပြစ်ရှိတဲ့ မိဖုရားမာလည်း အသတ်ခံခဲ့ရတယ်။ ဒါပေါ့၊ ကျိန်းအန်းချန်လည်း ပါပါတယ်။ ကျိန်းအန်းချန်ကို ကျားချန်ဧကရာဇ်က မြင်းလေးကောင်နဲ့ ဆွဲဖြတ်သတ်စေခဲ့တာက တာ့ချန်း မင်းဆက် စကတည်းက ပထမဆုံးအကြိမ် ကြောက်စရာ အကောင်းဆုံး ပြစ်ဒဏ်ပါပဲ။
270 04
ဒီလူတွေ သေပုံက ဒုတိယမင်းသားနဲ့ ကျုန်းကွေ့ဖေးတို့ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့တယ်။ အရင်က အမှားကို ပြင်နိုင်ခဲ့လို့၊ ခမည်းတော်က ကိုယ့်ကို အသက်ချမ်းသာ ပေးမယ်ဆိုတာ သိနေရင်တောင်မှ၊ ဒုတိယမင်းသားကတော့ ကြောက်နေတုန်းပါပဲ။ ကိုယ့်အဆုံးသတ် ဆိုးမှာကို ကြောက်နေရုံတင် မကဘဲ၊ ကျားချန်ဧကရာဇ် နန်းတော်ပြန်ရောက်တာနဲ့ တိန်ကော်ကုန်း အိမ်တော်လည်း သိမ်းခံလိုက်ရပြီမို့၊ အခုဆို ကျုန်းမိသားစုဝင် အားလုံးက တော်ဝင် ဆွေမျိုးစုရုံး ထဲမှာ ဖမ်းခံထားရပြီး၊ အနာဂတ်မှာ ဘယ်လို ဖြစ်မယ်ဆိုတာ မသိရသေးဘူး။
"သူ့ကို ထွက်သွားခိုင်းလိုက်၊ ကျန်း သူ့ကို မတွေ့ချင်ဘူး!"
လီရွှန့်က ဒီလို အဖြေမျိုးကို မအံ့ဩတော့ဘဲ၊ အမြန်ပဲ အပြင်ကို သတင်း ပို့လိုက်ရတော့တယ်။
အပြင်မှာတော့ ဒုတိယမင်းသားက ဒီအမိန့်ကို ကြားတဲ့အခါ မျက်နှာက ဖြူဖျော့သွားပေမဲ့၊ ဘာမှထပ်မပြောဘဲ အဲဒီမှာတင် ဦးညွှတ် ဂါရဝပြုပြီးမှ၊ ထရပ်ပြီး ထွက်သွားတော့တယ်။ အဝေးက လှမ်းကြည့်ရင်၊ မူလက တည်ကြည်တဲ့ သူ့ကျောပြင်က ဘယ်အချိန်ကမှန်း မသိဘဲ နည်းနည်း ကုန်းနေခဲ့ပြီ။ ထွက်သွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း၊ လီရွှန့်ကတော့ ခေါင်းခါပြီး သက်ပြင်းချလိုက်မိတယ်။ အခုလို ဖြစ်မယ်မှန်း သိရင်၊ အဲဒီတုန်းက ဘာလို့များ လုပ်ခဲ့မိကြသလဲ။
...
လီရွှန့်က အပြင်မှာ အကြာကြီး မနေရဲဘဲ၊ မကြာခင်မှာပဲ နန်းဆောင်ထဲ ပြန်ဝင်ခဲ့တယ်။ နှမြောစရာက သူ အပြင်ကို ခဏ ထွက်သွားတုန်း၊ ခုံတန်းပေါ်မှာ မှီနေတဲ့ ကျားချန်ဧကရာဇ်က စိတ်ကူးအသစ်တစ်ခု ရသွားတာပါပဲ။
"ရွှီထင်းရှန်းရဲ့ ဇနီးသည်က ဧကရာဇ်ကို ကာကွယ်တဲ့နေရာမှာ အောင်မြင်လို့၊ 'ကျောက်ကော်ဖူးရန်' ဘွဲ့ကို အပ်နှင်းစေရမယ်၊ သူမရဲ့ဝတ်စုံနဲ့ ဦးထုပ်တွေကိုလည်း ကတော် အဆင့်အတန်းအတိုင်း သတ်မှတ်စေရမယ်။ မင်း သွားပြီး သတင်းပို့လိုက်၊ အတွင်းအမတ်ရုံးကို အမိန့်တော်စာ ရေးခိုင်းလိုက်စမ်း"
ဒါကို ကြားတော့ လီရွှန့်လည်း အများကြီး မစဉ်းစားနိုင်တော့ဘဲ၊ အမိန့်အရ အမြန်ပဲ ပြန်ထွက်ခဲ့ရပြန်တယ်။ ချန်ချင်းနန်းဆောင်က ထွက်လာပြီးမှပဲ ဒီကိစ္စကို သေသေချာချာ စဉ်းစားမိတော့ ရင်ထဲမှာ တကယ်ပဲ ညည်းမိတော့တယ်။ ဧကရာဇ်မင်းမြတ်နဲ့ အမတ်မင်းရွှီတို့ စိတ်ကောက်နေကြတာမှာ ရွှီသခင်မကြီးကိုကျတော့ ဘွဲ့ထူးတွေ ပေးလိုက်တယ်လေ။ အခု အမတ်မင်းရွှီက အိမ်မှာ အလုပ်မရှိဘဲ နားနေရပေမဲ့၊ ဇနီးသည်ကကျတော့ အဆင့် ၁ 'ကော်ဖူးရန်' ဘွဲ့ကို ရသွားပြီဆိုတော့ အဲဒါက လင်ယောက်ျား ဖြစ်တဲ့သူအတွက် ဘယ်လောက်တောင် မျက်နှာပျက်စရာ ကောင်းမလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဧကရာဇ်မင်းမြတ်က အမတ်မင်းရွှီကို ပြန်လာဖို့ အတင်းဖိအားပေးလိုက်တာပါပဲ။ တိုက်ရိုက်ပြောဖို့က သိက္ခာက ခွင့်မပြုတော့ ဒီလို နည်းကို သုံးလိုက်တာပေါ့။
အမိန့်တော်စာ ရွှီအိမ်တော်ကို ရောက်လာတဲ့ အခါ၊ ရွှီထင်းရှန်းနဲ့ ကျောက်အာက နင်နင်နဲ့ ထိုက်ကော်တို့ကို ခေါ်ပြီး ခွေးပေါက်လေးတွေကို ကြည့်နေတုန်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ဆောင်းတွင်းက ဟေးကျစ် ဆုံးသွားခဲ့တယ်။ အဲဒါက အိုပြီး သဘာဝအတိုင်း သေတာပါ။ ဟေးကျစ်က သိပ်ကို အိုနေပါပြီ၊ ခွေးတစ်ကောင် အနေနဲ့ အဲဒီလောက် အသက်ရှည်ဖို့က ခဲယဉ်းပါတယ်။ အစောပိုင်း နှစ်တွေမှာ ကလေးတွေနဲ့ ဆော့နိုင်ပေမဲ့၊ နောက်ဆုံး နှစ်တွေမှာတော့ လမ်းတောင် မလျှောက်နိုင်တော့ဘဲ သွားတွေလည်း အကုန် ကျွတ်ကုန်ခဲ့ပြီလေ။ အဲဒါက လောကရဲ့ နိယာမဆိုတာ သိပေမဲ့၊ ကျောက်အာနဲ့ ကလေးတွေကတော့ မျက်ရည်တွေအများကြီး ကျခဲ့ရတယ်။ အထူးသဖြင့် ရွှီယောင်ဟုန်ပေါ့၊ ကလေး သုံးယောက်ထဲမှာ သူက ဟေးကျစ်နဲ့ သံယောဇဉ် အနက်ဆုံးမို့၊ ရက်ပေါင်းများစွာ စိတ်မပျက်သလို ဟန်ဆောင်နေရတာက ကျောက်အာအတွက် စိတ်မကောင်းစရာပါပဲ။
ကလေးတွေကို ပျော်စေချင်သလို အိမ်မှာ ခွေးတစ်ကောင် ရှိတာ အသားကျနေပြီမို့၊ ရွှီထင်းရှန်းက ယွီချင်းရွာကနေ ခွေးတစ်ကောင်ကို အထူး မှာခဲ့တယ်။ အဲဒါက အခု မျက်စိရှေ့မှာရှိတဲ့ ဝဝဖြိုးဖြိုးနဲ့ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးပါပဲ။ သူ့ရုပ်ရည်က ဟေးကျစ် ငယ်ငယ်တုန်းကနဲ့ လုံးဝ တူနေတယ်၊ မျက်လုံးလေးတွေက မည်းနေသလို၊ နှာခေါင်းလေးလည်း မည်းပြီး၊ တစ်ကိုယ်လုံး မီးသွေးတုံးလေးလို မည်းနက်နေတယ်။ မျိုးရိုးအရ တွက်ရင်၊ အဲဒါက ဟေးကျစ်ရဲ့မြေး ဖြစ်လောက်တယ်။ အဲဒီတုန်းက ဟေးကျစ် ယွီချင်းရွာမှာ ရှိတုန်းက သူ့ရဲ့နန်းဆောင်ထဲက ခွေးမလေး တစ်ကောင်အပေါ်မှာ ထားခဲ့တဲ့ မျိုးဆက်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခု ရွှီထင်းရှန်းက ရွာကို သတင်းပို့တဲ့အချိန်မှာ၊ ရွာက ခွေးမလေး တစ်ကောင်က ခွေးပေါက်လေးတွေ မွေးနေတာနဲ့ အသေအချာ တွက်ကြည့်တော့ ဟေးကျစ်နဲ့ ပတ်သက်နေတာကြောင့် ဟေးကျစ်နဲ့ အတူဆုံးလေးကို ပို့ပေးလိုက်တာ ဖြစ်တယ်။
270 05
နှစ်လကျော်ပဲ ရှိသေးတဲ့ ခွေးပေါက်လေးက သိပ်ဆော့ချင်တဲ့ အချိန်ပေါ့။ ချွင်းလန်တို့က အဆင့်မြင့် ပိုးထည်တွေနဲ့ လုပ်ပေးထားတဲ့ ခွေးအိမ်လေးကိုတောင် သူက ဆွဲဖြတ်ပြီး ဖျက်ထားသေးတယ်။ ဒီခွေးစုတ်လေးကတော့ ကိုယ်အမှားလုပ်ထားတာကို လုံးဝ မသိဘဲ၊ ရွှီထင်းရှန်းရဲ့ ဝတ်ရုံစကိုတောင် ရဲရဲတင်းတင်း လာကိုက်နေသေးတာ။ ရွှီထင်းရှန်းက ခြေထောက်နဲ့ နည်းနည်း ဖယ်လိုက်ပေမဲ့၊ သူကတော့ လက်မလျှော့ဘဲ ပြန်တိုက်နေတာကြောင့်၊ ကျောက်အာက ရယ်ရင်း အဲဒီတုန်းက ဟေးကျစ် စရောက်တုန်းကလည်း ရွှီထင်းရှန်းကို ဒီလိုပဲ မကြိုက်ခဲ့ဘူးလို့ ပြောနေတာပေါ့။ ရွှီထင်းရှန်းရဲ့ ငယ်မည်က 'ကုန်းကျစ်' (ခွေးလေး) လို့ ခေါ်ပေမဲ့၊ သူက ငယ်ငယ်ကတည်းက ရွာက ခွေးတွေရဲ့ ချစ်တာကိုတော့ မရခဲ့ဘူးလေ။ အဲဒီအချိန်မှာပဲ အစေခံ တစ်ယောက်က နန်းတော်က အမိန့်တော်စာ ရောက်လာကြောင်း သတင်း လာပို့တယ်။
ရွှီထင်းရှန်းကို အစိုးရအဖွဲ့ထဲ ပြန်ခေါ်တဲ့ အမိန့်တော်စာ ဖြစ်မှာပဲလို့ အားလုံးက ယူဆတာကြောင့် ကျောက်အာက သူ့ကို အခန်းထဲ အတင်းလွှတ်ပြီး အဝတ်အစားတွေ လဲခိုင်းလိုက်တယ်။ ရွှီထင်းရှန်းက နည်းနည်း ငြင်းချင်ပေမဲ့၊ ကျောက်အာကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ပါဘူး။ သူ့ရင်ထဲမှာ အမှန်တော့ ဝမ်းသာနေတာကို သူမ မသိဘဲ နေမလား။ နှစ်ယောက်သား ပြင်ပြီးတော့ အရှေ့ဝင်းကို သွားတဲ့အခါ၊ လီရွှန့် ကိုယ်တိုင် အမိန့်တော်စာကို ကိုင်ပြီး ရောက်နေတယ်။ လီရွှန့်က ကျားချန်ဧကရာဇ် ဘေးမှာ နေရာရလာတာနဲ့အမျှ၊ ဘဝတစ်ဝက်ကျော် တိတ်ဆိတ်ခဲ့တဲ့ ဒီမိန်းမစိုးကလည်း၊ အခုတော့ နန်းတော်ထဲမှာ ဩဇာအကြီးဆုံး လူတစ်ယောက် ဖြစ်နေပါပြီ။ လီရွှန့် ကိုယ်တိုင် အမိန့်တော်စာ လာဖတ်တာက သိပ်ကြီးတဲ့ ဂုဏ်သိက္ခာမို့၊ ရွှီအိမ်တော် တစ်ခုလုံး ပျော်ရွှင်တာတွေနဲ့ ပြည့်နေခဲ့တယ်။
"ကောင်းကင်ဘုံရဲ့ အလိုအရ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်စာမှာ ရွှီထင်းရှန်းရဲ့ဇနီး ဝမ်မိသားစုဝင်သည် ဧကရာဇ်ကို ကာကွယ်တဲ့နေရာမှာ အောင်မြင်ခဲ့သလို၊ အမျိုးသားတွေထက်တောင် ရဲစွမ်းသတ္တိ ရှိတယ်... ဒါကြောင့် အခု 'ကျောက်ကော်ဖူးရန်' ဘွဲ့ကို အပ်နှင်းစေရုံတင် မကဘဲ၊ ဝတ်စုံနဲ့ ဦးထုပ်တွေကိုလည်း မင်းကြီးကတော် အဆင့်အတန်းအတိုင်း သတ်မှတ်စေရမယ်၊ ဒီအမိန့်ကို နာခံစေ"
ကျောက်အာကတော့ ခဏချင်းမှာပဲ အခြေအနေကို နားမလည်နိုင် ဖြစ်နေပြီး၊ လီရွှန့်က ပြုံးပြီး သူ့ကို တစ်ချက် ကြည့်မှပဲ၊ အမြန်ပဲ ဒူးထောက်ပြီး အမိန့်တော်ကို နာခံလိုက်တော့တယ်။
"သခင်မကြီး ထပါတော့။ သခင်မကြီးရဲ့ အခုလို ဘွဲ့ထူး ရတာက တာ့ချန်း မင်းဆက် စကတည်းက ပထမဆုံးအကြိမ် ထူးခြားတဲ့ ကိစ္စပါပဲ။ ဧကရာဇ်မင်းမြတ်က နန်းတော်ပြန်ရောက်ကတည်းက အစိုးရ အလုပ်တွေနဲ့ သိပ်အလုပ်ရှုပ်နေတာပါ။ ဒါပေမဲ့ အခု အားလပ်တာနဲ့ သခင်မကြီးကို သတိရပြီးတော့မှ နင်သမီးလေး နေကောင်းလား ဆိုတာကိုပါ မေးခိုင်းလိုက်သလို အားလပ်ရင်လည်း နန်းတော်ထဲကို လာလည်ဖို့ မှာလိုက်ပါတယ်"
ကျောက်အာရဲ့ မျက်နှာမှာ အပြုံးတွေ ပြည့်နေပေမဲ့၊ အဲဒီအပြုံးတွေရဲ့ နောက်ကွယ်မှာ အံ့အားသင့်တာတွေအများကြီး ရှိနေခဲ့တယ်။ အခုတစ်ကြိမ် အမိန့်တော်စာက ကိုယ့်ယောကျ်ားအတွက် ဖြစ်မှာပဲလို့ သူမ ယူဆခဲ့ပေမဲ့၊ လက်တွေ့မှာတော့ ကိုယ့်အတွက်ပဲ ဖြစ်နေလို့ပါ။ လီရွှန့် ပြောတဲ့ "ပထမဆုံးအကြိမ် ထူးခြားတဲ့ ကိစ္စ" ဆိုတာကို သူမ ဆိုလိုရင်း နားလည်လိုက်ပါတယ်။ အရင် မင်းဆက်တွေကတည်းက 'ကောင်းမိန်' ဘွဲ့ထူးတွေက ခင်ပွန်းရဲ့ ရာထူးအပေါ်မှာပဲ မူတည်တာလေ၊ ဆိုလိုတာက ခင်ပွန်းက ရာထူး အဆင့် ဘယ်လောက်လဲ၊ ဇနီးကလည်း အဲဒီအဆင့်အတိုင်း ဘွဲ့ရတာပါ။ ဇနီးက ခင်ပွန်းရဲ့ အဆင့်ကို ကျော်လို့ မရဘူးလေ။ ဒါပေမဲ့ ဒီ 'ကော်ဖူးရန်' ဆိုတဲ့ ဘွဲ့ကတော့ ထန်နဲ့ စုန့် မင်းဆက်တွေမှာ၊ အောင်မြင်မှု ရှိတဲ့ အမျိုးသမီးတွေကိုပဲ သီးသန့် ပေးတာမို့၊ ခင်ပွန်းနဲ့ လုံးဝ မဆိုင်ဘဲ သီးခြား ရှိနေတာပါ။ ဆိုလိုတာက ခင်ပွန်းက ရာထူး ဘယ်လောက်ပဲ ရှိရှိ၊ ဇနီးရဲ့ ဘွဲ့အပေါ်မှာတော့ ထိခိုက်တာ မရှိပါဘူး။
အထူးသဖြင့် ဒီ 'ကျောက်ကော်ဖူးရန်' ဆိုတဲ့ ဘွဲ့က တရားဝင်တဲ့ ဘွဲ့ထူး တစ်ခု ဖြစ်နေတာမို့၊ အဆင့် ၁ ကောင်းမိန်ထက်တောင် တစ်ဆင့် ပိုမြင့်ပြီး 'အထူး အဆင့် ၁' လို့ သတ်မှတ်လို့ ရပါတယ်။ အဲဒါက နန်းပြင်က အမျိုးသမီးတွေ ရနိုင်တဲ့ အမြင့်ဆုံး အဆင့်ဖြစ်သလို၊ နန်းတွင်းက အဆင့်နိမ့် မိဖုရားတွေတောင် သူ့ကို ယှဉ်ဖို့ ခက်ပါတယ်။ အရပ်စကားနဲ့ ပြောရင်တော့ နန်းတွင်းက အမျိုးသမီးတွေထဲမှာ မိဖုရားခေါင်ကြီးနဲ့ မယ်တော်ကြီးတို့ပဲ၊ ကျောက်ကော်ဖူးရန်ထက် အဆင့်ပိုမြင့်တာပေါ့။ ဒါပေမဲ့ ပုံမှန်ဆိုရင်တော့ အဲဒီလို နှိုင်းယှဉ်လို့ မရပါဘူး၊ အမတ်တစ်ယောက်ရဲ့ ဇနီးနဲ့ ဧကရာဇ်ရဲ့ မိသားစုဝင်တွေကို နှိုင်းရင် ပြဿနာ ရှာသလို ဖြစ်မှာ မဟုတ်လား။
270 06
"ကျွန်တော်မျိုးမအနေနဲ့ ဒီလောက် ကြီးကျယ်တဲ့ ဘွဲ့ထူးကို ယူဖို့၊ တကယ်ပဲ အရှက်ရပါတယ်" ကျောက်အာက အားနာသလို ပြောလိုက်တယ်။
"ဘယ်လိုဖြစ်လို့ အရှက်ရစရာ ရှိမှာလဲ၊ သခင်မကြီးအနေနဲ့ ဒီဘွဲ့ထူးနဲ့ တကယ်ကို ထိုက်တန်ပါတယ်" လီရွှန့်က ပြုံးပြီး ဆိုလိုက်တယ်။
အဓိက ကိစ္စတွေ ပြီးသွားတော့ ထုံးစံအတိုင်း မိန်းမစိုးတွေကို အထဲဖိတ်ပြီး လက်ဖက်ရည် တိုက်ရသလို၊ ပြန်ခါနီးလည်း လက်ဆောင် ငွေထုတ်ကြီး ပေးဖို့က မဖြစ်မနေ လုပ်ရမယ့် ကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ ရွှီမိသားစုရဲ့ အခု အဆင့်အရ၊ ဧကရာဇ်ရဲ့ မျက်နှာသာ ပေးခံရသူတွေမို့၊ ရွှီမိသားစုက လီရွှန့်ကို လက်ဆောင် ပေးရင်တောင် သူလည်း ဝံ့ဝံ့ရဲရဲနဲ့ လက်ခံရဲမှာ မဟုတ်ပါဘူး။
ခဏလောက် ထိုင်ပြီးတော့မှ လီရွှန့်က နှုတ်ဆက်ပြီး ထွက်သွားတာကြောင့်၊ ရွှီထင်းရှန်းကပဲ တံခါးဝအထိ လိုက်ပို့ပေးခဲ့ရတယ်။ ပြန်ခါနီးမှာ၊ လီရွှန့်က ရွှီထင်းရှန်းရဲ့ အနားတိုးပြီး တိုးတိုးလေး ပြောတယ်။ "အမတ်မင်းရွှီ၊ အမတ်မင်း အနေနဲ့ ဧကရာဇ်မင်းမြတ်ကို အလျှော့လေး တစ်ချက်လောက် ပေးလိုက်ပါလား၊ ဧကရာဇ်ရဲ့ကျန်းမာရေးကလည်း မကောင်းတာမို့၊ ဒီလောက်အထိ တင်းခံမနေပါနဲ့တော့" ဒီစကားက လီရွှန့် ကိုယ်တိုင် ထည့်ပြောလိုက်တာပါ၊ အမှန်တော့ ကျားချန်ဧကရာဇ်က ကျောက်အာကို ကျောက်ကော်ဖူးရန် ဘွဲ့ ပေးတာက ပထမက အောင်မြင်လို့ ဖြစ်ပေမဲ့၊ ဒုတိယကတော့ ရွှီထင်းရှန်းကို စိတ်ကောက်နေလို့လည်း ပါတယ်။ လီရွှန့်ရဲ့ ဒီလိ ပိုလျှံတဲ့ စကားတစ်ခွန်းကြောင့်၊ ကျားချန်ဧကရာဇ်ရဲ့ အခုတစ်ကြိမ် စိတ်ကောက်နေတဲ့ လုပ်ရပ်က အတော်လေး ကလေးဆန်သလို ရယ်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားရတော့တာပေါ့။ ဒီကိစ္စကို ကျားချန်ဧကရာဇ်သိရင်၊ လီရွှန့်ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်မှာ သေချာပါတယ်။ ရွှီထင်းရှန်းက ပြုံးပြီး ဘာမှ ပြန်မပြောတာကြောင့်၊ လီရွှန့်လည်း ထပ်မပြောဝံ့တော့ဘဲ သက်ပြင်းချရင်း ထွက်သွားတော့တယ်။ ရွှီထင်းရှန်း အိမ်ထဲ ပြန်ဝင်လာတဲ့အခါ၊ မူလက သိပ်ပျော်ရမယ့် ကျောက်အာက ကြည့်ရတာ အဲဒီလောက် မပျော်တာကို တွေ့လိုက်ရတယ်။ မပျော်တာ မဟုတ်ပါဘူး၊ တကယ်ကို တည်ငြိမ်နေတာပါ။
ကျောက်အာ တစ်ယောက်တည်း တည်ငြိမ်နေတာ မဟုတ်ဘဲ၊ သူ့ဘေးက အစေခံမလေးတွေတောင် တည်ငြိမ်နေကြတာမို့၊ ဒီ ကျောက်ကော်ဖူးရန် ဆိုတဲ့ ဘွဲ့ထူးက ဘာမှ ထူးခြားမှု မရှိသလို ဖြစ်နေတယ်။ လီရွှန့် ခုနက ပြောတဲ့ စကားတွေကို ပြန်စဉ်းစားမိတော့ ရွှီထင်းရှန်းက နေရခက်သလို နှာခေါင်းကို တစ်ချက် ပွတ်မိသွားတယ်။ ကျောက်အာက ထုတ်မပြောပေမဲ့၊ သူက ခင်ပွန်း တစ်ယောက်အနေနဲ့ ရှေ့တိုးပြီး၊ သူက မပျော်တာ မဟုတ်ပါဘူးလို့ ရှင်းပြဖို့ကလည်း မဝံ့မရဲ ဖြစ်နေတာ။ အကယ်လို့သာ အဲဒီလို ရှင်းပြလိုက်ရင်၊ အဲဒါက ပိုပြီးတော့တောင် အဓိပ္ပာယ် မရှိ ဖြစ်သွားမှာလေ။ နောက်ဆုံးတော့ ကျောက်အာကပဲ အောင့်မထားနိုင်တော့ဘဲ၊ ထမင်းစားပြီးနောက် အနားယူနေတုန်း သူ့ကို ဖျောင်းဖျလိုက်တော့တယ်။
"ဒါမှမဟုတ်ရင်၊ နင်ကပဲ ဧကရာဇ်မင်းမြတ်ကို အလျှော့ပေးလိုက်ပါလား။ သူက အရှင်သခင် ဖြစ်သလို၊ နင်က အစေခံ အမတ် တစ်ယောက်ပဲလေ၊ အမြဲတမ်း ဒီလိုမျိုး တင်းခံနေရင် နင်ပဲ နစ်နာမှာပေါ့"
"ငါက ဘာနစ်နာစရာ ရှိလို့လဲ၊ အခုဆိုရင် ငါက ရာထူးလည်း မရှိတော့ဘဲ တစ်ကိုယ်လုံး ပေါ့ပါးနေတာလေ၊ အေးအေးဆေးဆေး နေရတာ တကယ်ကို ကောင်းပါတယ်" ရွှီထင်းရှန်းရဲ့စကားက ဘယ်လိုပဲ နားထောင်နားထောင် နာကျည်းမှု နည်းနည်း ပါနေတုန်းပါပဲ။
ကျောက်အာက သူ့အကြောင်း သေသေချာချာ သိတဲ့သူမို့၊ သူ့ကို တစ်ချက် စောင်းကြည့်ပြီး ဆိုလိုက်တယ်။ "ဟန်ဆောင်တဲ့ စကားတွေကို လာမပြောပါနဲ့၊ ငါ မသိဘဲ နေမလား၊ နင် အိမ်မှာ အနားယူနေတယ် ဆိုပေမဲ့ ဆရာ့ဆီကိုရော၊ အမတ်မင်းချန် ဆီကိုပါ နင် ခဏခဏ သွားနေတာပဲ မဟုတ်လား။ နင် သူတို့ဆီ သွားတာက လက်ဖက်ရည် သောက်ပြီး စကားပြောဖို့တင် မဟုတ်ဘူးဆိုတာ ငါ သိတာပေါ့။ ဧကရာဇ်မင်းမြတ်က ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ် ပါပဲ၊ ကျန်းမာရေးကလည်း မကောင်းရှာဘူး၊ ဒီနေ့ ငါ့ကို ဒီလောက် ကြီးကျယ်တဲ့ ဘွဲ့ထူး ပေးတာကလည်း၊ နင့်မျက်နှာကို ထောက်လို့ပဲ မဟုတ်လား။ ဧကရာဇ်မင်းမြတ်က စပြီး လမ်းဖွင့်ပေးလိုက်ပြီ ဆိုမှတော့ နင်လည်း အဲဒီ လမ်းအတိုင်းပဲ ပြန်ပြီး လိုက်သွားလိုက်ပါတော့"
270 07
"မင်း နားမလည်ပါဘူး" ကျောက်အာရဲ့ မျက်လုံးတွေကို ကြည့်ပြီး၊ သူက သက်ပြင်းချရင်း ပြုံးကာ ပြောလိုက်တယ်။ "ဒီကိစ္စကို ငါ ဘယ်လို လုပ်ရမလဲဆိုတာ သိပါတယ်။ မင်း အများကြီး မတွေးပါနဲ့တော့"
"တကယ်ပဲ သိတာလား" ကျောက်အာက သူ့ကို သေသေချာချာ ကြည့်ပြီးမှ ဆိုလိုက်တော့တယ်။ "ကောင်းပြီလေ၊ နင် သိတယ်ဆိုရင်လည်း ရပါပြီ"
ဒီလိုနဲ့ အားပြိုင်နေတာက ကြာရှည် မခံခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ လျောင်တုန်းဒေသမှာ စစ်ပွဲတွေ စဖြစ်လာတာကြောင့်၊ အခြေအနေက ရုတ်တရက် ပြောင်းသွားခဲ့လို့ ဖြစ်တယ်။
ထိုက်ဇူဧကရာဇ်က အဲဒီ ကျင်းလူမျိုးတွေကို နယ်စပ် အပြင်ဘက်ကို နှင်ထုတ်ခဲ့တဲ့ အချိန်ကစပြီး၊ ဒီနှစ်တွေအတွင်း အဲဒီလူတွေက တာ့ချန်းကို အမြဲ စောင့်ကြည့်နေခဲ့ပြီး အခွင့်အရေး ရတိုင်း တောင်ဘက်ဆင်းပြီး ပြဿနာ ရှာဖို့ ကြံနေခဲ့တာ။ ကျင်းလူမျိုးတွေက စစ်ရေးမှာ ရဲရင့်ပေမဲ့၊ တာ့ချန်းမှာတော့ စာပေကိုပဲ အလေးပေးပြီး စစ်ရေးကို လျစ်လျူရှုခဲ့ကြတယ်။ မကြာခင်ကမှ အခြေအနေတွေကို ပြင်ခဲ့ပေမဲ့၊ တစ်ဖက်လူနဲ့ ယှဉ်တဲ့အခါ နယ်စပ်မျဉ်း အပြင်ဘက်မှာပဲ တားနိုင်ပြီး၊ အမြစ်ပြတ်အောင်တော့ မနှိမ်နင်းနိုင်ခဲ့ဘူး။ ကျင်းလူမျိုးတွေက အရင် မင်းဆက် ကတည်းက နိုင်ငံထောင်ခဲ့ကြပြီး 'ဟို့ကျင်း'လို့ ခေါ်ကြတယ်။ ဟေထုအာလာ က ကျင်းလူမျိုးတွေရဲ့ မြို့တော်ဖြစ်ပြီး၊ ဒီနှစ်တွေအတွင်း တာ့ချန်းက အစိုးရအဖွဲ့ထဲက အကျင့်ပျက်တာတွေကို ရှင်းနေတုန်း၊ တစ်ဖက်လူကလည်း ကိုယ့်အင်အားတွေကို တိတ်တဆိတ် စုနေခဲ့တယ်။ ကြည့်ရတာ သူတို့က နောက်ဆုံးမှာ တာ့ချန်းနဲ့ အင်အားချင်း ယှဉ်နိုင်ပြီလို့ ယူဆပုံရပြီး၊ နယ်စပ် ကာကွယ်ရေးတွေကို ချိုးပြီး တောင်ဘက်ကို စစ်ချီဖို့ ကြံနေကြတာ ဖြစ်တယ်။ အကယ်လို့သာ အောင်မြင်ခဲ့ရင် သူတို့က အရင်လို မဟုတ်တော့ဘဲ အလယ်ပိုင်းက ကြီးကျယ်တဲ့ နယ်မြေတွေ အားလုံးကို သိမ်းကြတော့မှာ ဖြစ်တယ်။ အခုတစ်ကြိမ် ကျင်းလူမျိုးတွေရဲ့ ၏တိုက်စစ်က သိပ်ကို ပြင်းတာကြောင့်၊၏ လျောင်တုန်း ဒေသက စစ်ပွဲမှာ အခြေအနေ စိုးရိမ်ရသလို၊ နယ်စပ်က ခံတပ်မြို့ နည်းနည်းလည်း ကျဆုံးသွားခဲ့ပါပြီ။
စစ်သတင်း ရောက်လာတဲ့အခါ၊ အစိုးရအဖွဲ့ တစ်ခုလုံးက ရန်သူကို အတူတူ တိုက်ဖို့ စိတ်ဓာတ်တွေ တက်လာခဲ့ကြတယ်။ ဒီလို အခြေအနေမှာ၊ ရွှီထင်းရှန်းက ကိုယ်တိုင် နန်းတော်ကို တစ်ခေါက် သွားခဲ့တယ်။ သူနဲ့ ကျားချန်ဧကရာဇ် ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာ မသိရပေမဲ့ အချုပ်ပြောရရင်တော့ အရှင်သခင်နဲ့ အစေခံကြားက နာကျည်းတာတွေ အားလုံး ပျောက်သွားပါပြီ။ အမှန်တော့ ကြီးကျယ်တဲ့ကိစ္စ မဟုတ်ဘဲ၊ ဧကရာဇ်အနေနဲ့ သိက္ခာကျသွားလို့၊ အစေခံ အမတ်ဖြစ်တဲ့သူက တမင်မျက်နှာရအောင် ပြန်လုပ်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ဧကရာဇ်ကို မျက်နှာပေးတဲ့ တစ်ချိန်တည်းမှာပဲ အစေခံ အမတ်ကလည်း ကိုယ့်သိက္ခာကို နည်းနည်း ထိန်းချင်လို့ ဒီလောက်အထိ ကြာသွားတာ ဖြစ်တယ်။ ကျားချန်ဧကရာဇ်က အစိုးရအဖွဲ့ကို ပြန်ဖွဲ့ပြီးနောက်မှာ အခွန်ဝန်ကြီးဌာန ဝန်ကြီးရာထူးကို ဘယ်သူ့ကိုမှ မခန့်သေးဘဲ ထားခဲ့တာက ရွှီထင်းရှန်းကိုပဲ စောင့်နေတာ ထင်ရှားပါတယ်။ အဲဒါက သဘောထားကို ပြလိုက်တာပါပဲ။ ကြီးကျယ်တဲ့ စစ်ပွဲတွေမှာ "စစ်တပ် မလှုပ်ခင် ရိက္ခာကို အရင် ပို့ရမယ်" ဆိုတဲ့ စည်းကမ်း ရှိတာကြောင့် ဒါတွေ အားလုံးကို စီစဉ်ဖို့က အခွန်ဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်တာကြောင့် အခု စစ်ပွဲက အရှင်သခင်နဲ့ အစေခံ နှစ်ယောက်လုံးအတွက် သိက္ခာရှိရှိ ပြန်ပေါင်းဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လာတော့တယ်။
အကြိမ်ကြိမ် ဆွေးနွေးပြီးနောက်မှာ၊ အစိုးရက ရဲရင့်တဲ့ စစ်သူကြီး နည်းနည်းကို ရွေးပြီး လျောင်တုန်း ဒေသကို လွှတ်လိုက်တော့တယ်။ အဲဒီအချိန်မှာပဲ၊ မင်းသားငါး ချီကျန့်က ကိုယ်တိုင် စစ်မြေပြင်ကို ထွက်ချင်တယ်လို့ လျှောက်ထား တောင်းဆိုလာခဲ့တယ်။ မင်းသားသုံးရဲ့ ပုန်ကန်မှု ပေါ်သွားတာက နောက်ဆုံးတော့ သူ့ကိုလည်း ထိခိုက်စေခဲ့တာလေ။ သူက အဲဒီကိစ္စမှာ မပါခဲ့ရင်တောင်မှ သူက မင်းသားသုံးနဲ့ ရင်းနှီးတဲ့ သံယောဇဉ် ရှိခဲ့လို့၊ အဲဒါက ဧကရာဇ်ရဲ့ သံသယကို ခံရမယ့် ကိစ္စ ဖြစ်နေတာကိုး။ အခု အရွယ်ရောက်တဲ့ မင်းသားတွေထဲမှာ၊ ဒုတိယမင်းသားက နေ့တိုင်း ကျားချန်ဧကရာဇ်ရဲ့ ခွင့်လွှတ်မှုကို ရဖို့ မနားတမ်း ကြိုးစားနေသလို၊ မင်းသားလေးလည်း အရင်က ထင်ရှားတဲ့ ပြုမူပုံတွေကို ပြောင်းပြီး တိတ်တဆိတ် နေနေခဲ့တာပါ။ တစ်ခုတည်းသော နာမည်ကျော်နေတာက မော့ကျားပါပဲ၊ သူက အသက်အရွယ်အရ ဆိုရင် ကွယ်လွန်သူ အိမ်ရှေ့စံ ပြီးရင် အကြီးဆုံး မင်းသား ဖြစ်နေတယ်။
270 08
မွေးချင်း အစဉ်လိုက်အရ ဆိုရင် သူက မင်းသားကြီး ဖြစ်သင့်ပေမဲ့၊ နှမြောစရာက သူ့မှာ နိုင်ငံခြား သွေးသားတွေ ပါနေသလို၊ မကြာခင်က အစိုးရအဖွဲ့ထဲမှာ အိမ်ရှေ့စံ တင်ဖို့ ကိစ္စတွေ ထွက်လာပြန်တယ်။ ကျားချန်ဧကရာဇ်က သူ့ကို 'လုဝမ်'အဖြစ် တိုက်ရိုက်ဘွဲ့ပေးလိုက်တာက မော့ကျားအနေနဲ့ ပလ္လင်ဆက်ခံဖို့ အရည်အချင်း မရှိတာကို အတည်ပြုလိုက်တာနဲ့ အတူတူပါပဲ။ အမှန်တော့ စဉ်းစားကြည့်ရင်လည်း သိနိုင်ပါတယ်။ တရုတ်ပြည်ရဲ့ မင်းဆက်တွေက ရှေးအရင်ကတည်းက ဇာစ်မြစ်နဲ့သွေးသား သန့်ရှင်းတာကို အမြဲအလေးထားခဲ့ကြတာမို့၊ နိုင်ငံခြား သွေးသား ပါတဲ့ မင်းသား တစ်ယောက်ကို အိမ်ရှေ့စံ အဖြစ် ဘယ်လိုလုပ် ရွေးမလဲ။ အကယ်လို့သာ ကျားချန်ဧကရာဇ်က သဘောတူရင်တောင်၊ အောက်ခြေက အမတ်တွေက လုံးဝ သဘောတူမှာ မဟုတ်ဘူး။ အချို့ကိစ္စတွေမှာတော့ သူတို့က ကိုယ့်အုပ်စု အကျိုးအတွက် အသေအလဲ တိုက်ငြင်းနေကြပေမဲ့၊ ပလ္လင် ဆက်ခံမယ့် ကိစ္စမှာတော့ သူတို့က သိပ်ကို အလေးထားသလို သဘောထားလည်း တူကြတယ်။ ဒါကလည်း အဲဒီတုန်းက ကျားချန်ဧကရာဇ် လူရှေ့ ထွက်လာတဲ့ အခါမှာ၊ အခြေအနေက ဘာလို့ တစ်ဖက်သတ် ဖြစ်သွားလဲဆိုတဲ့ အကြောင်းရင်းပါပဲ၊ သစ္စာဖောက်မှုနဲ့ ပုန်ကန်မှုဆိုတဲ့ အပြစ်က မင်းသားသုံးကို အဲဒီမှာတင် အပြတ် နှိမ်နင်းဖို့ လုံလောက်နေတာ မဟုတ်လား။
ကျားချန်ဧကရာဇ်က လောလောဆယ်မှာ အိမ်ရှေ့စံ တင်ဖို့ စိတ်ကူး မရှိတာ ထင်ရှားလို့ မင်းသားငါးလည်း ကိုယ့်ကိုယ်ကိုယ် ဒီလို နေရခက်တဲ့ အခြေအနေမှာ အမြဲ ရှိနေဖို့ အလိုမရှိတော့ဘဲ၊ ကိုယ့်ဘာသာ လမ်းစ ရှာချင်လို့ အခုလို စစ်ထွက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ ကျားချန်ဧကရာဇ်က သဘောတူလိုက်တာနဲ့၊ မင်းသားငါးက အသုံးအဆောင်တွေကို သိမ်းပြီး မြို့တော်က ထွက်သွားတော့တယ်။ သူ မြို့တော်က ထွက်တာက လူအများကြီးရဲ့ အာရုံစိုက်မှုကို မရခဲ့ပါဘူး၊ လူအများကတော့ သူက မင်းသားသုံးရဲ့ ကိစ္စမှာ ပါခဲ့လို့ နယ်နှင်ခံရတာ ဖြစ်လိမ့်မယ်လို့ပဲ ယူဆခဲ့ကြတာ ဖြစ်တယ်။ အမှန်တော့ ထွက်သွားတာကလည်း ကောင်းတဲ့ ကိစ္စပါပဲ၊ အပြင်လောကမှာ သူ့အတွက် ပိုပြီး ကျယ်ပြန့်တဲ့ အခွင့်အရေးတွေ ရှိနေနိုင်တာ မဟုတ်လား။ နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက် ကုန်သွားပေမဲ့၊ လျောင်တုန်း ဒေသက စစ်ပွဲကတော့ အဖြေမထွက်ဘဲ ဆက်ရှိနေခဲ့တယ်။
တာ့ချန်းက တစ်ခါတလေ ရှုံးသလို၊ တစ်ခါတလေလည်း နိုင်တယ်။ ကြီးကျယ်တဲ့ နစ်နာမှု မရှိသလို အပြတ်အသတ် နိုင်တာလည်း မရှိဘူး။ ဆောင်းဦးလေတွေ စတိုက်တဲ့ အချိန်မှာတော့ မင်းသားငါးက တပ်ကို ဦးဆောင်ပြီး ကျင်းလူမျိုးတွေ သိမ်းထားတဲ့ ကွမ်နင်မြို့ကို အောင်မြင်စွာ တိုက်သိမ်းနိုင်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ့ရဲ့ အောင်မြင်မှုတွေက ရပ်လို့ မရတော့ဘဲ ကျဆုံးသွားတဲ့ ခံတပ်မြို့ သုံးခုကိုလည်း ဆက်တိုက် ပြန်ရနိုင်ခဲ့တယ်။ အစိုးရအဖွဲ့ထဲကို အောင်ပွဲသတင်းတွေ ရောက်လာတာနဲ့၊ ကျားချန်ဧကရာဇ်က သိပ်ကို ဝမ်းသာသွားပြီး၊ သူ့ကို 'ကျိန့်ပေဝမ်'အဖြစ် ဘွဲ့ပေးလိုက်တော့တယ်။ ခဏချင်းအတွင်းမှာပဲ မင်းသားငါးရဲ့ နာမည်က ဟိုးဟိုးကျော်သွားပြီး၊ အိမ်ရှေ့စံ ကိစ္စမှာ မျှော်လင့်ချက် ပျက်နေတဲ့ အမတ်ကြီးတွေကလည်း နောက်တစ်ကြိမ် လှုပ်လှုပ်ရှားရှား ဖြစ်လာကာ၊ မင်းသားငါးကို အိမ်ရှေ့စံအဖြစ် တင်ဖို့ လျှောက်ကြတော့တယ်။ အခု အခြေအနေမှာ တရားဝင်တဲ့ သားကြီး မရှိသလို၊ တခြားမင်းသားတွေလည်း နာမည် မကျော်တာ ဒါမှမဟုတ် အသက်ငယ်တာတွေကြောင့်၊ မင်းသားငါးက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပုံရပါတယ်။
နှမြောစရာက ဒီကိစ္စကို ကျားချန်ဧကရာဇ်က ပယ်ချလိုက်တာပါပဲ၊ သူကလည်း အရင်လို ကိုယ့်တစ်ဦးတည်း ဆန္ဒနဲ့ လုပ်တဲ့ ပုံစံကို ပြောင်းလိုက်ပြီး၊ သူ့မှာ လျှို့ဝှက် အမိန့်တော်စာ ရှိနေကြောင်းနဲ့၊ သူ နတ်ရွာစံတဲ့ အချိန်ရောက်မှသာ တာ့ချန်းရဲ့ အနာဂတ် ဆက်ခံသူက ဘယ်သူလဲဆိုတာ တစ်လောကလုံး သိရမယ်လို့ ကြေညာလိုက်တယ်။ အမတ်တွေရဲ့ ယုံကြည်မှုကို ရအောင်၊ သူက ယဲ့ကျွိနဲ့လင်းမြောင်တို့ကိုပါ သက်သေအဖြစ် ခေါ်ခဲ့ပြီး၊ အဲဒီ လျှို့ဝှက် အမိန့်တော်စာကို ချန်ချင်းနန်းဆောင်က 'ကျိန့်တာကွမ်မင်' ကမ္ပည်းစာတန်းရဲ့ နောက်မှာ ဝှက်ထားပြီလို့ ပြောလိုက်တယ်။ အမှန်တော့ ဒါက အချိန်ဆွဲတဲ့ နည်းတစ်ခုပဲဖြစ်ပြီး၊ အဲဒီနောက်မှာ ဘာမှမရှိတာကိုတော့ ရွှီထင်းရှန်း တစ်ယောက်တည်းပဲ သိနေခဲ့တယ်။ စစ်ပွဲ အောင်မြင်မှုတွေ ရခဲ့လို့ အောင်မြင်သူတွေကို ဆုလာဘ်တွေ ပေးရတော့မယ်။ လျောင်တုန်း ဒေသက လူတွေကို ထားလိုက်ဦး၊ မြို့တော်က အခွန်ဝန်ကြီးဌာန ဝန်ကြီး ရွှီထင်းရှန်းကလည်း စစ်ရိက္ခာတွေကို သေသေချာချာ စီစဉ်ပေးနိုင်တဲ့ အောင်မြင်မှုကြောင့် ကျားချန်ဧကရာဇ်က သူ့ကို ဝမ်ယွမ်ကော် အမတ်ချုပ်ကြီးအဖြစ် ခန့်ဖို့ အမိန့် ထုတ်လိုက်တော့တယ်။
အမိန့်တော် ထွက်လာတဲ့အခါ အမတ်တွေ အားလုံးက အံ့ဩတာ မရှိကြဘဲ၊ အစကတည်းက ဒီလို ဖြစ်သင့်တယ်လို့ပဲ ခံစားလိုက်ကြရတယ်။ အသက် ၃၃ နှစ် အရွယ်နဲ့ အမတ်ချုပ်ကြီး ဖြစ်လာတာက သူ့ရဲ့အောင်မြင်မှုတွေနဲ့ ထိုက်တန်လှတယ်ဆိုပေမဲ့၊ လူအများကြီးရဲ့ မနာလိုတာကိုတော့ မုချဖြစ်စေခဲ့တော့တာပါပဲ။
******