← Chapters

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

အခန်း (၂၇၃-၂၇၄)

Vol. 28 Ch. 273-274

273 01

အခန်း (၂၇၃) ရွှီအိမ်တော်ရှိ ဝမ်ဝေနှင့် မောင်နှမများ

ဝမ်ဝေက ရွှီယောင်ဟုန် နေထိုင်တဲ့ ဝင်းထဲကနေ ထွက်လာခဲ့တယ်။

မနက်ဖြန်ဆိုရင် မင်္ဂလာပွဲ ကျင်းပမယ့် နေ့ကြီးရက်ကြီး ဖြစ်တာမို့၊ ရွှီအိမ်တော် တစ်ခုလုံးမှာ အလုပ်ရှုပ်နေကြပြီး၊ နေရာအနှံ့မှာလည်း မီးပုံးနီတွေနဲ့ ပိုးထည်တွေကို ခမ်းနားစွာ ဆင်ယင်ထားကြပြီ။

သူက ရွှီအိမ်တော်ထဲက သီးသန့်ဝင်းတစ်ခုမှာ နေတာဖြစ်ပြီး အဲဒီနေရာက ကျောက်တိ နဲ့ ရှန်ဖျင်တို့ မြို့တော်ကို ခေတ္တလာတဲ့အခါမျိုးမှာ တစ်မိသားစုလုံး တည်းခိုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီဝင်းလေးက ပုံမှန်ဆိုရင် တိတ်ဆိတ်ငြိမ်သက်နေတတ်ပြီး အစေခံနည်းနည်းပဲ သန့်ရှင်းရေး လုပ်လေ့ရှိပေမဲ့၊ မကြာသေးခင် ရက်ပိုင်းအတွင်းမှာတော့ အတော်လေးကို စည်ကား ဆူညံနေခဲ့တယ်။

ဝမ်ဝေ ဝင်းတံခါးထဲကို လှမ်းဝင်လိုက်တာနဲ့၊ ထွားထွားကျိုင်းကျိုင်းနဲ့ တည်ကြည်တဲ့ ပုံစံရှိတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ ရင်ဆိုင်တိုးမိလုနီးပါး ဖြစ်သွားခဲ့ပြီး သူ့နောက်မှာလည်း ယိမ်းယိုင်ပြီး ပြေးလွှားနေတဲ့ မိန်းကလေးငယ်တစ်ယောက် ပါလာခဲ့တယ်။

အစေခံမလေးတွေနဲ့ အထိန်းတော်ကြီးတွေက နောက်ကနေ လိုက်ဖမ်းနေကြရင်း၊ ဝမ်ဝေကို မြင်လိုက်ရတဲ့အခါ မသိစိတ်အရ ခြေလှမ်းတွေကို ရပ်လိုက်ကြပြီး “သခင်လေး”လို့ နှုတ်ဆက်ကြတယ်။

ဝမ်ဝေက ခေါင်းညိတ်ပြလိုက်တော့မှ သူတို့လည်း စိုးရိမ်တကြီးနဲ့ ကလေးငယ်နှစ်ယောက်ကို သွားပွေ့ချီပြီး၊ ချော့မော့တဲ့ စကားတွေပြောကာ ခေါ်သွားကြတော့တယ်။

“အစ်ကိုကြီး ပြန်လာပြီလား။ အမေက အဆောင်မကြီးမှာ အစ်ကို့ကို စောင့်နေတယ်”

အဲဒီကလေးက ရှန်ဟွာ ပါပဲ။

ရှန်ဟွာက အခုနှစ်မှာ အသက် ၉ နှစ် ရှိပြီဖြစ်ပြီး၊ ကျောက်တိနဲ့ရှန်ဖျင်တို့ရဲ့ ပထမဆုံး သားဦးပေါ့။ သူက သူ့အစ်ကိုကြီးကို အတော်လေး အားကျလေးစားတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့ပေမဲ့ ဝမ်ဝေကတော့ အဲဒီအရာတွေကို သတိမပြုမိဘဲ ခပ်အေးအေးပဲ ခေါင်းညိတ်ပြလိုက်ကာ အဆောင်မကြီး ဘက်ကို လျှောက်သွားခဲ့တယ်။

“ယောင်ဟုန်တောင် အခု အိမ်ထောင်ပြုတော့မယ်လေ၊ မင်းရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ကူးရှိလဲ၊ အကယ်လို့ သဘောကျတဲ့ မိန်းကလေး ရှိရင် အမေ့ကို ပြောပြပါ၊ အမေက အစစအရာရာ စီစဉ်ပေးပါ့မယ်”

ကျောက်တိက ရွှေချည်ထိုး ပန်းလက်ရာတွေပါတဲ့ ဝတ်ရုံရှည်နဲ့၊ အပြာရင့်ရောင် ပိုးကော်ဇောဝတ်စုံကို ဆင်မြန်းထားရင်း ဆံပင်ကိုလည်း သေသပ်စွာထုံးပြီး ရွှေစင်ရွှေသားပေါ်မှာ ပတ္တမြားတွေ စီခြယ်ထားတဲ့ ခေါင်းဆောင်းတွေကို ဆင်မြန်းထားတာကြောင့် အလွန်ပဲ ချမ်းသာကြွယ်ဝပြီး သိက္ခာရှိလှတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တယ်။

သူမရဲ့ရုပ်ရည်က အသက် ၄၀ ကျော်လို့ လုံးဝ မထင်ရဘဲ၊ အသက် ၃၀ ကျော်လို့ ပြောရင်တောင် ယုံမယ့်သူ ရှိမှာပါ။ အချိန်ကာလတွေက သူမရဲ့ကိုယ်ပေါ်မှာ အမှတ်အသားတွေအများကြီး ချန်ထားခဲ့တာမျိုး မရှိဘဲ၊ ကိုယ်ဟန်ကလည်း သွယ်လျနေဆဲ ဖြစ်သလို၊ မျက်နှာကလည်း ရေထဲက ပေါ်လာတဲ့ ကြာပန်းလိုမျိုး လှပတင့်တယ်နေဆဲပါပဲ။

အဲဒါက အချိန်ကာလရဲ့ မျက်နှာသာပေးမှုကြောင့်လည်း ဖြစ်နိုင်သလို၊ မကြာသေးမီ နှစ်တွေမှာ အရာရာ အဆင်ပြေနေတာ၊ သားသမီးတွေ လိမ်မာတာနဲ့၊ ခင်ပွန်းဖြစ်သူက သူမကို အစစအရာရာ ဦးစားပေးပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်တာတွေကြောင့်လည်း ဖြစ်မှာပေါ့။

ဒါပေမဲ့ ကျောက်တိမှာလည်း စိတ်ပူရတဲ့ ကိစ္စတစ်ခု ရှိနေတယ်၊ အဲဒါက သားကြီးဝမ်ဝေပါပဲ။

ဒီသားဖြစ်သူ အရွယ်ရောက်လာတာနဲ့အမျှ၊ ကျောက်တိက သူ့အပေါ်မှာ ကိုယ့်အလိုကို မစွမ်းဆောင်နိုင်တော့သလို ခံစားနေရတယ်။

273 02

ငယ်ငယ်ကတည်းက ဒီကလေးက သူမကို စိတ်ပူအောင် တစ်ခါမှ မလုပ်ခဲ့ဖူးဘူး၊ ဝမ်ဝေက သူ့အချိန်အများစုကို စာဖတ်တာမှာပဲ ကုန်ဆုံးစေခဲ့တာမို့၊ မိခင်ဖြစ်သူထက်စာရင် သူ့ဒေါ်လေးနဲ့ ဦးလေး ဘေးနားမှာပဲ အချိန်ပိုကုန်ခဲ့ရတာ။

အရွယ်ရောက်လာတဲ့အခါမှာလည်း တစ်နှစ်ပတ်လုံး တစ်ခါမှတောင် မဆုံရတာမို့ သူမအနေနဲ့ စိုးရိမ်ပေးဖို့တောင် အချိန်မရခဲ့ပါဘူး။

ဒီလို စိုးရိမ်စရာ မရှိတာကြောင့်ဘဲ သူမကို ခေါင်းခဲစေတဲ့ အခြားသားသမီး သုံးယောက်နဲ့ နှိုင်းယှဉ်ရင်၊ ကျောက်တိက သားကြီးအပေါ်မှာ နွေးထွေးမှု ပေးနိုင်စွမ်းနည်းခဲ့တယ်လို့ အမြဲခံစားနေရတာကြောင့် ဆုံတဲ့အခါတိုင်းမှာလည်း အတော်လေး သတိထားပြီး ဆက်ဆံနေခဲ့ရတယ်။

သူမ မသိတာက ဒီလို သတိထား ဆက်ဆံတာတွေကို ဝမ်ဝေက သေသေချာချာ သိနေခဲ့တာပါ။ မိခင်ဖြစ်သူက အခြားမောင်နှမတွေကို ဆူချင်ဆူ၊ ရိုက်ချင် ရိုက်နေပေမဲ့၊ ကိုယ့်အပေါ်မှာကျတော့ ဒီလောက်အထိ ယဉ်ကျေးနေတာက လူကို အတွေးများစေခဲ့တယ်။

အားလုံးက အတွေးများနေကြတာမို့ သံယောဇဉ်ကလည်း သဘာဝအတိုင်းပဲ ဝေးကွာသွားခဲ့ရတော့တာပါပဲ။

“သားကတော့ လောလောဆယ် အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး၊ နောက်ထပ် နှစ်နှစ်လောက် ကြာမှပဲ စဉ်းစားပါရစေ” ခုံမှာ ထိုင်ရင်း မျက်လုံးကို နည်းနည်းငုံ့ပြီး ဝမ်ဝေက ပြောလိုက်တယ်။

ကျောက်တိက နှုတ်ခမ်းကို နည်းနည်း လှုပ်ရှားလိုက်ပြီးနောက်၊ နောက်ဆုံးတော့ အောင့်အည်းမထားနိုင်ဘဲ ဆိုလိုက်တယ်။ “ဒါပေမဲ့ မင်းက အခု အသက် ၂၃ နှစ် ရှိနေပြီလေ၊ ဘယ်နှစ်နှစ်အထိ ထပ်စောင့်ဦးမှာလဲ။ တခြား အိမ်တွေမှာဆိုရင် ၁၇ နှစ်၊ ၁၈ နှစ်နဲ့ လက်ထပ်ကုန်ကြပြီ။ မင်းက အရွယ်ရောက်လာပြီ၊ အိမ်ကိုလည်း မပြန်ဘူးဆိုတော့ အမေလည်း မင်းကို မချုပ်ကိုင်နိုင်ပါဘူး။ ဒါပေမဲ့ မင်း အိမ်ထောင်ပြုတာကို မြင်ရမှပဲ အမေ ရဲ့ ရင်ထဲမှာ အေးချမ်းနိုင်မှာပါ”

“ဒါဆိုရင် အမေက ကိုယ့်ကိုယ်ကိုယ် စိတ်အေးဖို့အတွက်လား ဒါမှမဟုတ် သားရဲ့အကျိုးအတွက်လား ဆိုတာကို သိပါရစေ”

ဒီလို ရုတ်တရက် ထွက်လာတဲ့ မေးခွန်းကြောင့် ကျောက်တိ မှာ မှင်တက်သွားခဲ့ရတယ်။

ဝမ်ဝေက မျက်လုံးတွေကို ငုံ့ချလိုက်ပြီး ရင်ထဲမှာ သက်ပြင်းချလိုက်မိပေမဲ့ မျက်နှာမှာတော့ အပြုံးတစ်ခုကို ဆင်မြန်းပြီး ထရပ်လိုက်တယ်။

အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ ကလေးနှစ်ယောက် ပြေးဝင်လာခဲ့ကြတယ်။

အရှေ့ဆုံးက လာတဲ့သူက ဝမ်ဝေရဲ့ညီမလေး ဖိန်ကျဲအာပါပဲ။

ဖိန်ကျဲအာက အခုနှစ်မှာ အသက် ၃ နှစ်ပဲ ရှိသေးပြီး၊ သူမနောက်မှာတော့ အသက် ၅ နှစ်အရွယ် လင်ကော် ပါလာခဲ့တယ်။

ဖိန်ကျဲအာက ဝင်လာတာနဲ့ လေသံဝဲဝဲလေးနဲ့ လင်ကော်က သူမကို အနိုင်ကျင့်တယ်ဆိုပြီး တိုင်တော့တယ်။ လင်ကော်ကလည်း အရှုံးမပေးဘဲ၊ ညီမဖြစ်သူက အရင်စတာဆိုပြီး ပြန်ငြင်းကြတာမို့ ခဏချင်းအတွင်းမှာပဲ နန်းဆောင်ထဲမှာ ကလေးနှစ်ယောက် မိခင်ကို ဆွဲလားရမ်းလားနဲ့ ဆူညံသွားခဲ့ရတော့တယ်။

ဒါကို မြင်တော့ ဝမ်ဝေက ပြောလိုက်တယ်။ “အမေ သားအတွက် အများကြီး စိတ်မပူပါနဲ့၊ သားမှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်။ တခြား ကိစ္စ မရှိရင်တော့ သား သွားပြီး အနားယူပါရစေဦး”

ပြောပြီးတာနဲ့ သူက အဲဒီနေရာကနေ ထွက်သွားတာကြောင့် ကျောက်တိက လှမ်းခေါ်ချင်ပေမဲ့ ကလေးနှစ်ယောက်က သိပ်ဆူနေတာနဲ့ သည်းခံပြီးပဲ ကျန်ခဲ့ရတော့တယ်။

အခန်းထဲ ပြန်ရောက်တော့မှ ဝမ်ဝေက တိတ်ဆိတ်မှုကို ခံစားလိုက်ရတယ်။

သူက စားပွဲမှာ ထိုင်လိုက်ရင်း ဒီလို နေရာမျိုးကမှ ကိုယ့်နဲ့ အကိုက်ညီဆုံးပဲလို့ တွေးမိပေမဲ့ စောစောက ကိစ္စတွေကို ပြန်စဉ်းစားမိတော့ မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်မိပြန်တယ်။

273 03

ရွှီအိမ်တော်မှာ မင်္ဂလာပွဲ ကျင်းပခဲတာမို့ မြို့တော်ထဲက အဆင့်အတန်း မြင့်တဲ့ မိသားစု အားလုံး ရောက်လာကြတယ်။

အဆင့်အတန်း မမီတဲ့တချို့ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက လက်ဆောင်တွေကို ရွှီအိမ်တော်ဆီ လာပို့ခဲ့ကြတယ်။

တံခါးစောင့်တွေက လက်မခံတာကြောင့် အိမ်ရှေ့မှာပဲ ချထားခဲ့ကြလို့၊ တံခါးစောင့်တွေလည်း မတတ်သာဘဲ တာဝန်ခံကို တင်ပြပြီး လက်ဆောင်တွေကို အထဲသယ်ကာ အမည်စာရင်းတွေ မှတ်ထားရတော့တယ်။

အဲဒီနေ့ကို ရောက်တော့ ရွှီအိမ်တော် တံခါးရှေ့မှာ မြင်းရထားတွေက နဂါးတစ်ကောင်လို စီတန်းနေခဲ့ပြီး လူအဝင်အထွက်ကလည်း မပြတ်ရှိနေခဲ့တယ်။

နံနက်ပိုင်းကစပြီး ဂုဏ်ပြုတဲ့သူတွေ ရောက်လာကြတာမို့ ဟူစန်းက ဝတ်စုံသစ်တွေ ဝတ်ထားတဲ့ အိမ်စေတစ်စုကို ဦးဆောင်ပြီး တံခါးဝမှာ ဧည့်ခံနေခဲ့တယ်။

သူ့ရုပ်ရည်က ကြောက်စရာ ကောင်းပေမဲ့၊ မြို့တော်က လူအများကြီးက ရွှီအမတ်ချုပ်ကြီးရဲ့ ဘေးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ နောက်လိုက်တစ်ယောက် ရှိနေမှန်း သိထားကြတာမို့ ရင်ထဲမှာ အံ့အားသင့်နေကြပေမဲ့ အပြင်ပန်းမှာတော့ ဘာမှ မပြကြပါဘူး။

ရွှီထင်းရှန်းလည်း အရင်လို အေးအေးဆေးဆေး မနေတော့ဘဲ၊ သားကြီးကို ခေါ်ပြီး အရှေ့ဝင်းမှာ ဧည့်သည်တွေကို နှုတ်ဆက်နေခဲ့တယ်။

ကျောက်အာကတော့ အနောက်ဝင်းမှာ ရှိနေပြီး၊ သူ့အစ်မဖြစ်သူ ကျောက်တိ က ဝိုင်းကူပေးနေသလို၊ နင်နင်ကလည်း ဒီနေ့မှာ သိပ်သိတတ်တာမို့ အိမ်တော် အသီးသီးက မိန်းကလေးငယ်တွေကို လိုက်ဧည့်ခံပေးနေတာကြောင့်၊ အရာရာက အဆင်ပြေ ချောမွေ့နေခဲ့ပါတယ်။

သာမန် မြင်းရထား တစ်စီးက ရွှီအိမ်တော် နဲ့ မဝေးတဲ့ နေရာမှာ ရပ်သွားခဲ့တယ်။

ရှေ့ကို ထပ်တိုးချင်ပေမဲ့၊ အရှေ့မှာ ဂုဏ်ပြု လာကြတဲ့ ဧည့်သည်တွေရဲ့ ရထား ငါးစီးလောက် ပိတ်နေတာနဲ့ မတတ်သာခဲ့ပါဘူး။ ဒီမြင်းရထားက ရိုးရှင်းတာမို့ ချမ်းသာတဲ့မိသားစု မဟုတ်မှန်း သိသာတာကြောင့် ဘယ်သူမှ လမ်းဖယ်မပေးကြလို့ ဒီနေရာမှာပဲ ရပ်လိုက်ရတယ်။

ရထားပေါ်ကနေ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ယောက် ဆင်းလာတယ်။ သူက အပြာရင့်ရောင် ဝတ်စုံကို ဝတ်ထားပြီး၊ ရုပ်ရည်က ခန့်ညားပေမဲ့ မျက်ခုံးကြားမှာတော့ စိုးရိမ်တာကြောင့် ဖြစ်နေတဲ့ အရေးအကြောင်း သုံးခု ရှိနေခဲ့တယ်။

သူ့နောက်က ဆင်းလာတဲ့သူကလည်း အမျိုးသား တစ်ယောက်ဖြစ်သလို အသက်အရွယ်ကလည်း အတူတူဖြစ်တယ်။ သူက အရပ်မြင့်ပြီး ကိုယ်ဟန် တည်ကြည်သလို၊ အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး၊ ကိုယ်လုံးက နည်းနည်း ပိန်ပါးကာ မျက်နှာပေါ်မှာလည်း ပင်ပန်းနွမ်းလျတာတွေ ရှိနေခဲ့တယ်။

သူတို့ နှစ်ယောက်လုံးက သိပ်ကို တိတ်တဆိတ် ပြုမူကြပြီး၊ ရထားပေါ်က လက်ဆောင်သေတ္တာ တချို့ကို ယူလာကြတာ ကြည့်ရတာ ဂုဏ်ပြုဖို့ လာတာ ဖြစ်ပုံရတယ်။

သူတို့ နှစ်ယောက် ရှေ့ကို လျှောက်နေတုန်း မြင်းရထားတစ်စီးက အမြန်မောင်းလာခဲ့တယ်။

အဲဒီရထားက သူတို့နှစ်ယောက်ရဲ့ရှေ့ကနေ အရှိန်မလျှော့ဘဲ ကပ်မောင်းသွားတာကြောင့် လူကို တိုက်မိလုနီးပါးတောင် ဖြစ်သွားခဲ့ရတယ်။

ဒါကို ထားလိုက်ဦး၊ ရထားပိုင်ရှင်က ဆင်းပြီး တောင်းပန်တာ မလုပ်တဲ့အပြင်၊ ရထားက အရှေ့မှာ ရပ်သွားတာနဲ့ လူလတ်ပိုင်းတစ်ယောက် ဆင်းလာခဲ့တယ်။

သူက ရွှီအိမ်တော်က တာဝန်ခံကို ပြုံးပြီး နှုတ်ဆက်ကာ အထဲကို ဝင်သွားခဲ့တယ်။ သူ့အပြုအမူက သိပ်ကို မာန်ပါတာကြောင့် အဆင့်မြင့် အရာရှိ ဒါမှမဟုတ် တော်ဝင်ဆွေမျိုး တစ်ယောက် ဖြစ်မှာ သေချာတယ်။

273 04

“အစ်ကိုသုံး”

“ဒါက ရူယန်ဟိုမိသားစုက လူပဲ။ အစိုးရအဖွဲ့ထဲမှာ အာဏာ မရှိတော့ပေမဲ့လည်း တော်ဝင်ဆွေမျိုး ဖြစ်နေသလို၊ သူတို့ ဘိုးဘေးတွေက ထိုက်ဇူဧကရာဇ်နဲ့ ရင်းနှီးခဲ့တာလေ။ အခု ငါတို့ ရှန်မိသားစုက အရင်လို မဟုတ်တော့ဘူး၊ ဘာမဆို သတိထားပြီး အေးအေးဆေးဆေး နေတာက ပိုကောင်းပါတယ်” အခြား အမျိုးသားက ဆိုလိုက်တယ်။

အပြာရောင်ဝတ်စုံနဲ့ အမျိုးသားကလည်း ဒီအမှန်တရားကို နားလည်တာကြောင့်၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ ပြန်မပြောတော့ပါဘူး။

“အစ်ကိုသုံး သိပါတယ်၊ မင်း ဒီကို မလာချင်ဘူး ဆိုတာကိုပေါ့။ ဒါပေမဲ့ ဒီ ရွှီထင်းရှန်းဟာ ငါတို့ ရှန်မိသားစုအပေါ်မှာ အသက်သခင် ကျေးဇူး ရှိခဲ့တာလေ၊ အခု သူ့ရဲ့သားကြီး မင်္ဂလာဆောင်တာ ဆိုမှတော့၊ ဒီလက်ဆောင်ကိုတော့ မဖြစ်မနေ လာပို့ရမှာပေါ့”

စကားပြောနေတုန်းမှာပဲ သူတို့ နှစ်ယောက် တံခါးဝကို ရောက်လာကြတယ်။ ကံကောင်းလို့ အဲဒီအချိန်မှာ ဧည့်သည် မရှိတာနဲ့ စောင့်နေဖို့ မလိုခဲ့ပါဘူး။

ဟူစန်းက တစ်ဖက်လူက ရှန်ရှီး ပြည်နယ်က ရှန်မိသားစု ဖြစ်ကြောင်း ပြောပေမဲ့၊ ထူးခြားတဲ့အမူအရာ မပြသလို ကိုယ်တိုင်လည်း လိုက်မပို့ဘဲ၊ အိမ်စေတစ်ယောက်ကိုပဲ ခေါ်ပြီး သူတို့ကို အထဲ ခေါ်သွားခိုင်းလိုက်တယ်။

ဒီနေ့မှာ ဒီလို ဧည့်သည်တွေအများကြီး ရှိနေတာမို့၊ လူတိုင်းကိုသာ ဟူစန်းက ကိုယ်တိုင် လိုက်ပို့ရမယ် ဆိုရင် သူ ခံနိုင်မှာ မဟုတ်ဘူးလေ။

ရှန်ရှီးက ရှန်မိသားစု။

အခု ရှန်မိသားစုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှန်မိသားစု မဟုတ်တော့ပါဘူး။

အဲဒီတုန်းက ရှန်ရွှယ်က မင်းသားသုံး ရဲ့ ပုန်ကန်မှုမှာ ပါခဲ့တယ်၊ သူက အဓိက တရားခံ မဟုတ်ပေမဲ့ အဲဒီ နတ်ရွာစံကြောင်း အမိန့်တော်စာပေါ်မှာ သူ့အမည် ပါနေတာကြောင့် ပတ်သက်မှု ရှိတာကတော့ ထင်ရှားတာပေါ့။ ရှန်ရွှယ် ထောင်ကျနေတဲ့ အချိန်က ရှန်မိသားစုအတွက် အမှောင်ဆုံး နေ့ရက်တွေပါပဲ။

မကွယ်လွန်ခင် မြို့တော်က ရှန်အိမ်တော်က သိမ်းခံလိုက်ရရုံတင်မကဘဲ၊ ရှန်ရှီးက ရှန်မိသားစု ဝင်းကြီးကလည်း ဒေသခံစစ်တပ်တွေရဲ့ ဝိုင်းတာကို ခံခဲ့ရတယ်။

အဲဒီရက်ပိုင်းအတွင်း ရှန်မိသားစုဝင် အားလုံးက ထိတ်လန့် တုန်လှုပ်နေခဲ့ကြပြီး၊ မိသားစုတစ်ခုလုံး ပျက်စီးမယ့် အချိန်ကိုပဲ စောင့်နေခဲ့ကြရတယ်။

ဒီလို နေ့ရက်တွေက ခြောက်လကျော် ကြာပြီးမှသာ ရှန်ရွှယ်အတွက် အပြစ်ဒဏ်က ထွက်လာခဲ့တာ။ ရှန်မိသားစုရဲ့အိမ်ကြီးက လူတွေအားလုံး ခေါင်းဖြတ် ကွပ်မျက်ခံလိုက်ရပေမဲ့၊ အိမ်ခွဲ နေတဲ့ ဒုတိယအိမ်က လူတွေကတော့ ဧကရာဇ်ရဲ့ကြင်နာမှုကြောင့် အသက်ချမ်းသာ ရခဲ့ကြတယ်။

ဒါက အပြင်ပန်းအသွင်အပြင်ပဲ ဖြစ်ပြီး လက်တွေ့မှာတော့ ဒုတိယအိမ်က လူတွေ လွတ်ခဲ့တာက တစ်ယောက်ယောက်က ရှန်မိသားစုဆီကို ကြိုပြီးသတင်း ပို့ခဲ့လို့ ဖြစ်တယ်။

အဲဒီလူက ရှန်မိသားစုကို အမြန်ဆုံး အိမ်ခွဲဖို့ မှာခဲ့တာ၊ အဲဒီလူက ဘယ်သူလဲ မသိကြပေမဲ့ ဒီလို အချိန်မျိုးမှာတော့ မယုံတာထက် ယုံတာက ပိုကောင်းတာနဲ့ ရှန်မိသားစုဝင်တွေက အိမ်တော်ထဲမှာ ပိတ်ဆို့ခံထားရတုန်းမှာပဲ မျိုးရိုးစဉ်ဆက် စာရင်းကို တိတ်တဆိတ် ပြင်လိုက်ကြတော့တယ်။

အပြင်လူတွေကိုတော့ သူတို့က အစောကတည်းက အိမ်ခွဲပြီး ဖြစ်ကြောင်းနဲ့၊ ရှန်မိသားစုရဲ့သိက္ခာကို ငဲ့လို့သာ ထုတ်မပြောခဲ့တာဖြစ်ကြောင်း ပြောခဲ့ကြတယ်။

ဒီကိစ္စအတွက် သူတို့ ပြဇာတ် နှစ်ပုဒ်တောင် ကခဲ့ရပေမဲ့၊ အသေးစိတ်ကိုတော့ ပြောမနေတော့ပါဘူး။

273 05

နောက်ပိုင်းကျမှ ရှန်မိသားစုက လူတွေက အဲဒီနေ့က သတင်းပေးခဲ့သူက ရွှီထင်းရှန်းရဲ့ခိုင်းစေမှုကြောင့်ဖြစ်မှန်း သိလိုက်ရတယ်။

ဘာဖြစ်လို့လဲ ဆိုတော့….

ဖြစ်နိုင်တာက အဲဒီတုန်းက ရှားခရိုင် ရုံးမှာ ရှန်ဖုက ကူညီခဲ့လို့ ချင်းယွမ်စာသင်ကျောင်းက လူတွေ လွတ်မြောက်ခဲ့လို့ ဖြစ်နိုင်သလို၊ ရွှီထင်းရှန်းက အဲဒီတုန်းက စာမေးပွဲ အဆင့်ဆင့်မှာ ပထမ ရခဲ့တာကလည်း ရှန်မိသားစုရဲ့ အကူအညီ အချို့ ပါနေခဲ့လို့လည်း ဖြစ်မှာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကျေးဇူးကို ပြန်ဆပ်ခဲ့ပြီးပြီမို့ ရွှီထင်းရှန်းကလည်း နောက်ပိုင်းမှာ ရှန်မိသားစုအပေါ် ထူးခြားတဲ့ ဆက်ဆံမှုမျိုး တစ်ခါမှ မပြခဲ့တော့ပါဘူး။

ရှန်မိသားစုက အသက်ရှင် ကျန်ခဲ့ပေမဲ့ ရှန်ရွှယ်ကြောင့်ပဲ ခဏခဏ အပြစ်ရှာတာ ခံခဲ့ရတယ်။ ရှန်ဒုတိယသခင်ကြီးရဲ့ရာထူးက မမြဲတော့တဲ့အပြင် အပြင်မှာ အရာရှိ လုပ်နေကြတဲ့ ရှန်မိသားစုက သားမြေးတွေလည်း အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ဒါကို မြင်တော့ ရှန်မိသားစုက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပြီး၊ ဘွဲ့ထူး ဂုဏ်ထူးရှိတဲ့ သားမြေးတွေ အားလုံးကို ရာထူးက နုတ်ထွက်ပြီး နေရပ်ပြန်ခိုင်းလိုက်တော့တယ်။

အဲဒီထဲမှာ အစဉ်လိုက်အရ တတိယဖြစ်တဲ့ရှန်ဖုနဲ့၊ ဆဋ္ဌမမြောက်ဖြစ်တဲ့ ရှန်ကျစ်တို့လည်း ပါနေခဲ့တယ်။

ယနေ့မှာ အကယ်လို့သာ ရှန်ရှီးက ရှန်မိသားစုဆိုတဲ့ နာမည် မပါရင်၊ သူတို့လို နာမည် မရှိတဲ့သူတွေက ရွှီအိမ်တော်ရဲ့တံခါးကိုတောင် ဝင်ခွင့် ရမှာ မဟုတ်ဘူးလေ။

အဲဒီတုန်းက ရှန်မိသားစုရဲ့ အရှိန်အဝါအောက်မှာ နေခဲ့ရတဲ့ ကောင်လေးတစ်ယောက်က ယနေ့မှာ ဒီလောက်အထိ ကြီးကျယ်တဲ့ အဆင့်အတန်း ရောက်လာမယ်လို့ ဘယ်သူကများ ထင်မှာလဲ။

အခွန်ဝန်ကြီးဌာနဝန်ကြီး၊ အသက် ၃၀ ကျော်အရွယ်နဲ့ အမတ်ချုပ်ကြီး ဖြစ်လာသလို၊ ဧကရာဇ်မင်းမြတ်ရဲ့ အားကိုးရဆုံး အမတ်ကြီး ဖြစ်တာမို့၊ တစ်လောကလုံးကို လွှမ်းမိုးထားနိုင်သူလို့ ပြောရင်တောင် လွန်မှာ မဟုတ်ဘူး။

ခြေတစ်လှမ်း မှားခဲ့ရင်တော့ အရာရာက ဆက်တိုက် မှားသွားတတ်စမြဲပါပဲ။

အကယ်လို့သာ အဲဒီတုန်းက ရှန်မိသားစုက အလျင်စလို မလုပ်ဘဲ နည်းနည်းလောက် ထပ်ပြီးတွန့်ဆုတ်ခဲ့ရင် ယနေ့ ရွှီမိသားစုရဲ့ နေရာမှာ ရှိနေမယ့်သူက သူတို့ရဲ့ရှန်မိသားစုသာ ဖြစ်မှာပါ။

အခုလိုအခြေအနေမျိုးမှာ အားကိုးရာမဲ့ ဖြစ်မနေရင်တောင်မှ၊ အရာရာကို သတိထားပြီး ဘဝကို အနိုင်နိုင် ဖြတ်သန်းနေရတဲ့ အခြေအနေ ရောက်မှာ မဟုတ်ဘူးလေ။

နှမြောတသနေပေမဲ့ အရာရာက နောက်ကျသွားပြီမို့ ရှန်မိသားစုအနေနဲ့ ဒီအတိုင်း ဆက်မနေချင်ရင် အခုတစ်ကြိမ် အခွင့်အရေးကို မဖြစ်မနေ ဆုပ်ကိုင်ရမှာပေါ့။

ဒီလို တွေးရင်း ရှန်ဖုရဲ့စိတ်ဓာတ်က ပြန်တည်ငြိမ်သွားခဲ့ရတယ်။

မလှမ်းမကမ်းမှာ ရပ်နေပြီး လာကြတဲ့ ဧည့်သည်တွေနဲ့ ပြုံးရယ် ပြောနေတဲ့ တည်ကြည်တဲ့ အမျိုးသားကို လှမ်းကြည့်ရင်း သူ့ရဲ့ခြေလှမ်းတွေက နှေးပေမဲ့ ပြတ်သားနေခဲ့တယ်။

သူနဲ့နှိုင်းယှဉ်ရင် သူ့နောက်က အမျိုးသားကတော့ အနည်းငယ် တွန့်ဆုတ်နေခဲ့တယ်။

“အဲဒီတုန်းက အမတ်မင်းရွှီရဲ့ ကူညီမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခုသခင်လေးရဲ့ မင်္ဂလာပွဲနဲ့ တိုက်ဆိုင်နေတာမို့၊ ရှန်ဖု ကျွန်တော်မျိုး ရှန်းရှီး ပြည်နယ်ကနေ အထူး လာရောက် ဂုဏ်ပြုတာပါ”

ကိုယ့်ရှေ့မှာ ရိုသေစွာ ရပ်နေတဲ့ လူလတ်ပိုင်း အမျိုးသားကို ကြည့်ရင်း၊ ရွှီထင်းရှန်းရဲ့မျက်ဝန်းထဲမှာတော့ အံ့အားသင့်တဲ့ အရိပ်အယောင်တွေ ခဏလေး ဖြတ်ပြေးသွားခဲ့တယ်။

273 06

အတွေးတွေကို ခဏချင်းအတွင်းမှာပဲ စနစ်တကျ ပြန်စီစဉ်လိုက်ပြီးနောက် သူ့မျက်နှာက တည်ငြိမ်နေဆဲ ဖြစ်ကာ ခေါင်းကို နည်းနည်း ညိတ်ပြလိုက်တယ်။ “ရောက်လာမှတော့ အထဲကို ဝင်ပြီး ထိုင်ပါဦး။ ဒါပေမဲ့ ဒီနေ့ အိမ်မှာ ဧည့်သည်တွေ အရမ်းများနေတာမို့ ဧည့်ခံတာ မပြည့်စုံတာ ရှိရင်တော့ ရှန်သခင်လေးသုံးအနေနဲ့ စိတ်မရှိပါနဲ့ဦး”

“အမတ်မင်းရွှီကလည်း အားနာတတ်လိုက်တာ”

ရှန်ဖုက ရွှီထင်းရှန်း အရမ်းအလုပ်များနေတာ မြင်တော့၊ ထပ်ပြီး မနှောင့်ယှက်တော့ဘဲ ရှန်ကျစ်ကို ခေါ်ပြီး အထဲကို ဝင်သွားခဲ့တယ်။

ရွှီထင်းရှန်းက သူတို့ နှစ်ယောက်ရဲ့ကျောပြင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ လက်ကို နည်းနည်း မြှောက်လိုက်တာနဲ့ အစောင့်အကြပ် တစ်ယောက် သူ့ဘေးကို ရောက်လာခဲ့တယ်။

လူ ရောက်လာတဲ့ အခါမှာတော့ သူက ဘာပြောရမှန်း မသိဘဲ ဖြစ်သွားပြီးမှ လက်ယပ်ပြလိုက်ကာ ပြန်လွှတ်လိုက်တော့တယ်။

ရင်ထဲမှာတော့ နည်းနည်း သက်ပြင်းချမိတယ်။ ရောက်လာရမယ့် အရာက နောက်ဆုံးတော့ ရောက်လာခဲ့ပြီလေ။

ရွှီအိမ်တော်မှာ ဒီနေ့ ဂုဏ်ပြု စားသောက်ပွဲ ဝိုင်းပေါင်း ၁၀၀ ပြင်ထားပေမဲ့၊ နောက်ဆုံးတော့ မလောက်တာနဲ့ နောက်ထပ် ဝိုင်းပေါင်း ဆယ်ဂဏန်းလောက်ကိုပါ ထပ်တိုးခဲ့ရတယ်။

ဒီလောက် များတဲ့ဧည့်သည်တွေကို တစ်နေရာတည်းမှာ ဧည့်ခံဖို့ မဖြစ်နိုင်တာနဲ့ နေရာတွေကို ခွဲလိုက်ရတော့တယ်။

ဧည့်သည်တွေ ထိုင်ရမယ့် နေရာတွေကိုလည်း အဆင့်အတန်းအလိုက် ခွဲထားတာ ဖြစ်တယ်။

ဥပမာ ရာထူးမြင့်တဲ့သူတွေနဲ့ အရှိန်အဝါရှိတဲ့ သူတွေက အဆောင်မကြီးမှာ ထိုင်ကြရသလို၊ ဒုတိယ အဆင့်ရှိတဲ့သူတွေက ဘေးဆောင်တွေမှာ ထိုင်ကြရပြီး၊ အရေးမပါတဲ့ မိသားစုတွေကတော့ အရှေ့ဝင်းက အဆောင်ငယ်တွေမှာ ခွဲထိုင်ကြရတယ်။ ရှန်မိသားစု လိုမျိုး ဖိတ်တာ မခံရဘဲ ရောက်လာကြတဲ့သူတွေ၊ အာဏာမရှိတဲ့ မိသားစုတွေကတော့ ပိုဝေးတဲ့ နေရာတွေမှာပဲ ထိုင်ကြရတော့တယ်။

ဒါပေမဲ့ ဟင်းလျာတွေကတော့ သိပ်ကောင်းတာမို့ ရွှီမိသားစုအနေနဲ့ ဒီမင်္ဂလာပွဲအတွက် သေသေချာချာ ပြင်ထားမှန်း သိသာလှပါတယ်။

ဒီစားသောက်ပွဲကြီးက မိုးလင်းကနေ မိုးချုပ်တဲ့အထိ ကြာခဲ့တယ်။ သူတို့ ထိုင်နေတဲ့ နေရာက ဝေးလွန်းတာနဲ့၊ သတို့သားနဲ့ သတို့သမီးတို့ ဦးချ ဂါရဝပြုတဲ့ မြင်ကွင်းကိုလည်း မမြင်ခဲ့ရပါဘူး။

ထုံးတမ်းစဉ်လာတွေ ပြီးသွားပြီးနောက်မှာလည်း ဆက်စားနေကြတုန်း၊ မကြာခင်မှာပဲ သတို့သားက နေရာအနှံ့ကို လိုက်ပြီး အရက်တိုက်ကျွေးနေပြီဖြစ်ကြောင်း အခြား ဝိုင်းတွေက ဧည့်သည်တွေ ပြောတာကို ကြားလိုက်ရတယ်။

အမှန်တော့ ဒီအချိန် ရောက်တဲ့အခါ၊ ဧည့်သည်တွေကတော့ ဗိုက်ပြည့်နေကြပါပြီ။

ဒါပေမဲ့ စည်းကမ်းအရ သတို့သားက အရက် လာတိုက်ပြီးမှသာ ဝိုင်းက ထပြီး အိမ်ပြန်နိုင်တာလေ။ ဒီနေ့ လာကြတဲ့သူ အားလုံးကလည်း မျက်နှာရချင်လို့ လာကြတာမို့၊ တစ်ဖက်လူက ကောင်းကောင်း ဧည့်ခံနေပါလျက်နဲ့ စောစော ထွက်သွားတာကလည်း မသင့်တော်ဘူးလေ။

ရှန်ဖုနဲ့ရှန်ကျစ်တို့ ထိုင်နေတဲ့ နေရာက သိပ်ဝေးတာကြောင့် သူတို့ ရှိတဲ့ဘက်ကို ရောက်လာတဲ့ အခါမှာတော့ လမင်းကြီးက သစ်ကိုင်းဖျား ရောက်နေပါပြီ။

သတို့သားက ဝတ်စုံနီကို ဝတ်ထားပြီး သိပ်ကိုခန့်ညားသလို၊ သူ့ဘေးမှာလည်း ရုပ်ရည် ချောတဲ့ အပြာရောင် ဝတ်စုံနဲ့ အမျိုးသား တစ်ယောက် ပါလာခဲ့တာပေါ့။ ဒီအနီရောင်နဲ့ အပြာရောင်က တစ်ယောက်ကိုတစ်ယောက် ပိုပေါ်စေပြီး၊ အပြင်ပန်း ကြည့်ရုံနဲ့တင် ရှားပါးတဲ့ လူစွမ်းကောင်းတွေမှန်း သိသာလှပါတယ်။

273 07

အဲဒီနောက်မှာတော့ အရက်အိုးနဲ့ အရက်ခွက်တွေ တင်ထားတဲ့ လင်ဗန်းတွေကို ကိုင်ထားတဲ့ အစေခံ နှစ်ယောက် လိုက်လာကြတယ်။

အနားကို ရောက်လာတဲ့အခါ ရှန်ဖု ကတော့ ဂုဏ်ပြုဖို့ပဲ အာရုံစိုက်နေပေမဲ့၊ ရှန်ကျစ်ရဲ့အကြည့်ကတော့ သတို့သားဆီမှာ ရှိမနေဘဲ သူ့ဘေးက အပြာရောင် ဝတ်စုံနဲ့ အမျိုးသားဆီမှာပဲ ရှိနေခဲ့တယ်။

သူ စူးစိုက်ကြည့်နေတဲ့ အဲဒီလူက အမှန်တော့ ဝမ်ဝေပင် ဖြစ်တော့တယ်။

******

274 01

အခန်း (၂၇၄)

အမှန်စင်စစ် ဝမ်ဝေနဲ့ရှန်ကျစ်က ရုပ်ချင်းသိပ်ဆင်တယ်။ တစ်ယောက်ချင်းစီ ခွဲကြည့်ရင် မသိသာပေမဲ့၊ နှစ်ယောက်သား တစ်နေရာတည်းမှာ ရှိနေရင်တော့ သိပ်ကိုထင်ရှားလှပါတယ်။

တူညီနေတဲ့ မျက်ခုံးရှည်တွေနဲ့ ဖီးနစ်မျက်ဝန်းတွေ၊ တူညီတဲ့ ကျောက်စိမ်းလို ဖြူစင်ချောမောတဲ့ မျက်နှာတွေ ရှိကြပေမဲ့၊ အရှိန်အဝါချင်းကတော့ ကွဲပြားပါတယ်။ ဒါ့အပြင် တစ်ယောက်က အသက်အရွယ် ရနေပြီဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ငယ်ရွယ်နုပျိုနေဆဲပဲလေ။

ရှန်ကျစ်ရဲ့ ထူးခြားတဲ့ အပြုအမူကြောင့်၊ ဝိုင်းတော်သား အချို့က ဒီထူးဆန်းတဲ့ အခြေအနေကို သတိပြုမိသွားကြပြီ ဖြစ်ပေမဲ့ သူတို့ရဲ့ အကြည့်တွေက အဲဒီလူနှစ်ယောက်ကြားမှာပဲ ဝေ့ဝဲနေခဲ့ကြပြီး ဘယ်သူမှ စကားမဟဝံ့ကြပါဘူး။

“ဒီနေ့ ကျွန်တော်တို့အိမ်တော်ကို လာရောက် ဂုဏ်ပြုကြတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်၊ ရွှီအိမ်တော် တစ်ခုလုံး ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ကျွန်တော့်အနေနဲ့ အရက်တစ်ခွက်နဲ့ပဲ အားလုံးကို ကျေးဇူးတင်ပါရစေ” သတို့သားက ဆိုလိုက်တယ်။

ရွှီယောင်ဟုန်က အရက်အများကြီး သောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သောက်တဲ့ အရက်တွေက ရေရောထားတယ် ဆိုပေမဲ့၊ ဒီလောက် များပြားတဲ့ ပမာဏကိုတော့ သူ မခံနိုင်တော့ပါဘူး။ သူ့ကိုယ်စား အရက်တွေကို ကြားဝင်သောက်ပေးနေရတဲ့ ဝမ်ဝေမှာလည်း၊ တစ်ကိုယ်လုံးမှာ အရက်နံ့တွေ စွဲနေခဲ့ပြီဖြစ်တာကြောင့်၊ သူလည်း မနည်းသောက်ထားရမှန်း သိသာလှပါတယ်။

တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေတာ ခံစားလိုက်ရတဲ့အခါ၊ သူက အရင်ဆုံး မျက်မှောင်ကြုတ်လိုက်မိပြီး၊ အဲဒီနောက်မှာတော့ သူ့မျက်ဝန်းထဲမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားခဲ့ကာ၊ နောက်ဆုံးမှာတော့ ပြန်ပြီးတည်ငြိမ်သွားခဲ့တော့တယ်။

ရှန်ဖုနဲ့ ရှန်ကျစ်ကတော့ ဘာမှမပြောဘဲ၊ ကမ်းပေးလာတဲ့ အရက်ကိုပဲ သောက်လိုက်ကြတယ်။

သခင်လေးအတွက် ဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုသံတွေကြားမှာ၊ ရွှီယောင်ဟုန်နဲ့ ဝမ်ဝေတို့က အခြားဝိုင်းတွေကို ပြောင်းသွားခဲ့ကြတယ်။

အရက် လိုက်လံတိုက်ကျွေးတာက မကြာခင် ပြီးသွားခဲ့ပြီး၊ နှစ်ယောက်သား အဲဒီနေရာကနေ ထွက်ခဲ့ကြတယ်။ ခန်းမတံခါးဝ ရောက်တဲ့အခါ၊ ဝမ်ဝေရဲ့ခြေလှမ်းတွေက ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့တယ်။

“ဘာဖြစ်လို့လဲ?” ရွှီယောင်ဟုန်က မေးလိုက်တယ်။

“ဘာမှမဟုတ်ပါဘူး” ဝမ်ဝေက ခေါင်းခါပြပြီး သူနဲ့အတူ ခန်းမထဲကနေ ထွက်လာခဲ့တယ်။

ဒီနေရာက နောက်ဆုံး နေရာဖြစ်တာကြောင့် မင်္ဂလာဦးညရဲ့ အချိန်တိုင်းက တန်ဖိုးရှိလှတာမို့၊ ရွှီယောင်ဟုန်က ထပ်မနေတော့ဘဲ မင်္ဂလာခန်းဆောင်ကို ပြန်သွားခဲ့တော့တယ်။

ဧည့်သည်အချို့က ဝိုင်းက ထပြီး ပြန်နေကြပြီ ဖြစ်တာကြောင့်၊ အရှေ့ဝင်းထဲမှာ လူအဝင်အထွက်တွေနဲ့ ဆူညံနေခဲ့တယ်။ ဝမ်ဝေက ထောင့်တစ်နေရာမှာ ရပ်ကြည့်နေရင်းက ထွက်ဖို့ ပြင်လိုက်တုန်း၊ ရုတ်တရက် သူ့ဘေးနားကို လူတစ်ယောက် ရောက်လာခဲ့တယ်။

“မင်း…”

ဝမ်ဝေက မလှမ်းမကမ်းမှာ ရပ်နေပြီး တွန့်ဆုတ်နေတဲ့ အဲဒီအမျိုးသားကို လှမ်းကြည့်လိုက်ကာ မျက်ဝန်းတွေ ဝင်းလက်သွားပြီး ဆိုလိုက်တယ်။ “ဧည့်သည်တော်၊ လမ်းမှားနေလို့လား။ အိမ်ပြင်ထွက်တဲ့ လမ်းက ဒီဘက်မှာ မဟုတ်ဘူးလေ”

“ငါ…”

ရှန်ကျစ်ရဲ့ မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေအများကြီး ဖြတ်ပြေးသွားပြီး၊ နောက်ဆုံးတော့ သက်ပြင်းတစ်ချက်နဲ့အတူ ညည်းလိုက်တော့တယ်။ “ကျေးဇူးပါပဲ၊ ငါ အမှန်တကယ် လမ်းမှားသွားခဲ့တာပါ”

သူက ဝမ်ဝေကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် လှည့်ပြီး ထွက်သွားခဲ့တယ်။ ဝမ်ဝေကတော့ သူ့ကျောပြင်ကို ကြည့်ရင်း၊ မျက်ဝန်းထဲမှာ ရှုပ်ထွေးတဲ့ အလင်းတန်းတွေ ကိန်းအောင်းနေခဲ့ပါတယ်။

“သူက ဘာလာလုပ်တာလဲ။ သူက ဘာလာလုပ်တာလဲ”

274 02

ဝမ်ကျောက်တိက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်နေခဲ့ပြီး၊ ခုတင်ပေါ်ကနေ မြေပြင်ကို ဆင်းလိုက်၊ ကုလားထိုင်မှာ သွားထိုင်လိုက်နဲ့ မငြိမ်မသက် ဖြစ်နေကာ၊ နောက်ဆုံးတော့ အခန်းထဲမှာပဲ ဟိုဟိုဒီဒီ ပတ်လျှောက်နေတော့တယ်။

သူ့ဘေးနားမှာတော့ တည်ကြည်တဲ့ပုံစံရှိတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ထိုင်နေခဲ့တယ်၊ သူ့မျက်နှာက အလွန်ပဲ ရှုပ်ထွေးနေပြီး၊ သက်ပြင်းချမိပေမဲ့ ဘာပြောရမှန်း မသိဘဲ ဖြစ်နေခဲ့တယ်။ အမှန်တော့ သူက ဘာစကားမှ ပြောဖို့ အခြေအနေ မရှိပါဘူး၊ သူ့အဆင့်အတန်းက နေရခက်သလို ဒီပတ်သက်မှုတွေကလည်း ရှုပ်ထွေးလွန်းလှတာကိုး။ ဝမ်ဝေက ငယ်ငယ်တုန်းကတော့ ကိစ္စမရှိပေမဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ သူ့အပေါ်မှာ ရင်းနှီးမှု မရှိတာကြောင့် သူက ကြားဝင်ပြောဖို့ မသင့်တော်ပါဘူး။

“မင်းလည်း အရမ်း စိတ်မပူပါနဲ့ဦး၊ ရှန်မိသားစုက လူတွေကလည်း ဘာမှ ထုတ်မပြောကြသေးဘူးပဲ” သူက ဆိုလိုက်တယ်။

“အခု မပြောပေမဲ့ နောက်မှ မပြောဘူးလို့ ဘယ်သူ သိမှာလဲ၊ သူတို့တွေက အခုထိ ပေါ်မလာဘဲနေပြီးတော့ အခုလို အချိန်မျိုးကျမှ ဘာလို့ ရောက်လာရတာလဲ။ မရဘူး၊ မရဘူး၊ သူတို့တွေ တစ်ခုခု ကြံစည်နေတာ သေချာတယ်၊ ငါ နည်းလမ်းတစ်ခုခု ရှာမှ ဖြစ်မယ်”

ရှန်ဖျင်က အကျိုးအကြောင်း ချိန်ဆပြီး မေးလိုက်တယ်။ “သူတို့တွေက မင်္ဂလာဦး အရက်သောက်ဖို့ သက်သက် လာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”

“ရှန်းရှီးပြည်နယ်ကနေ မြို့တော်အထိ ခရီးဝေးကြီးကို၊ မင်္ဂလာဦး အရက်သောက်ဖို့ သက်သက် လာတယ် ဟုတ်လား။ ဒါက ကလေးကို လိမ်နေတာပဲ။ ဒီကိစ္စကို ရှင် ဝင်မပါနဲ့၊ အချုပ်ပြောရရင်တော့ ကျွန်မရဲ့သားကို သူ့လက်ထဲ အပါမခံနိုင်ဘူး” ပြောပြီးတာနဲ့ ကျောက်တိက ညဉ့်နက်နေပြီ ဖြစ်ပေမဲ့ အပြင်ကို အလျင်အမြန် ထွက်သွားတော့တယ်။

ရှန်ဖျင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက်မှာ သူမနောက်ကို လိုက်သွားခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ရှန်မိသားစုက ညီအစ်ကို နှစ်ယောက်က မြင်းရထားပေါ် တက်လိုက်ကြပြီးနောက် ရှန်ဖုက သူ့ညီဖြစ်သူကို မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ လှမ်းကြည့်လိုက်တယ်။

ရှန်ကျစ်ကတော့ ဆိုလိုက်တယ်။ “အစ်ကိုသုံး ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါတော့၊ ကျွန်တော် အဲဒီကလေးကို သွားပြီး အသိအမှတ်ပြုမှာ မဟုတ်ဘူး”

“ညီလေးခြောက်” ရှန်ဖုက အံ့အားသင့်စွာ အော်လိုက်တယ်။

ရှန်ကျစ်က ခေါင်းငုံ့ပြီး ကိုယ့်ဖိနပ်အနက်ရောင်ကို ကြည့်ကာ ပြောလိုက်တယ်။ “အစ်ကိုသုံး အရင်က ကိစ္စတွေကို မမေ့ပါနဲ့ဦး။ စူးလန်လည်း မသေခဲ့သလို၊ အဲဒီကလေးလည်း မသေခဲ့ဘူး၊ ဒါက သူတို့ရဲ့ကံကြမ္မာ ကောင်းလို့ပဲ၊ ရှန်မိသားစုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ငါတို့ဘက်ကတော့ သူတို့ကို သေသွားပြီလို့ပဲ သတ်မှတ်ခဲ့တာလေ။ ကိစ္စတွေက ဒီမှာတင် ပြီးဆုံးသွားပြီဆိုမှတော့၊ သူ မရှိတော့ဘူးလို့ပဲ ဆက်ပြီး သတ်မှတ်လိုက်ပါတော့”

“အဲဒီကလေးက ရှန်မိသားစုရဲ့ သွေးသားလေ”

ရှန်ကျစ်က အဲဒီတော့မှ ခေါင်းမော့လိုက်ပြီး ရှန်ဖုကို စိုက်ကြည့်ကာ “အစ်ကိုသုံး အစ်ကိုက သူဟာ ရှန်မိသားစုရဲ့ သွေးသား ဖြစ်နေလို့လား၊ ဒါမှမဟုတ် သူနဲ့ ရွှီထင်းရှန်းကြားက ပတ်သက်မှုကြောင့်လား။ သူဟာ ရှန်မိသားစုရဲ့ သွေးသား ဖြစ်နေတာကို အစ်ကို ဒီနေ့မှ သိတာ မဟုတ်ဘဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက သိနေခဲ့တာပဲလေ။ အရင်က ကျွန်တော် သွားရှာချင်တုန်းကတော့ အစ်ကိုကပဲ ရှန်မိသားစု အနေနဲ့ ရွှီထင်းရှန်းနဲ့ မပတ်သက်သင့်ဘူးလို့ တားခဲ့တာ မဟုတ်လား၊ အခုကျမှ ဘာလို့ စိတ်ပြောင်းသွားရတာလဲ...”

စကားအဆုံးမှာတော့ ရှန်ကျစ်ရဲ့မျက်နှာက ခါးသီးမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ရှန်ဖုက သူ့ညီဖြစ်သူက ဒီလို ပြောလာလိမ့်မယ်လို့ မထင်ထားတာကြောင့် မျက်နှာ ပျက်သွားပေမဲ့၊ မကြာခင်မှာပဲ တည်ငြိမ်မှုကို ပြန်ရခဲ့တယ်။

274 03

“ညီလေးခြောက်၊ မင်းက ငါ့ကို အယောင်ဆောင်ကောင်းတဲ့ လူယုတ်မာလို့ ထင်နေတာလား၊ ဒါပေမဲ့ ရှန်မိသားစုရဲ့ လက်ရှိ အခြေအနေကိုတော့ မင်း မြင်နေရတာပဲ။ အရင်က ဘာလို့ မရှာခိုင်းဘဲ၊ အခုမှ ဘာလို့ ရှာခိုင်းရတာလဲ ဆိုတာကို၊ ငါ့အနေနဲ့ ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူးဆိုတာ မင်း မသိဘူးလား”

ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။

အစောပိုင်းက မရှာခဲ့တာက အချိန်အခါ မသင့်တော်လို့ပါ၊ အဲဒီတုန်းက ရွှီထင်းရှန်းမှာ ရန်သူတွေအများကြီး ရှိနေခဲ့သလို၊ ရှန်မိသားစုကလည်း ဝူမိသားစုနဲ့ ပတ်သက်မှု ရှိနေခဲ့တာကိုး။ အခုလာရှာတာကတော့ ရှန်မိသားစုဆိုတဲ့ အဆောက်အဦကြီးက ပြိုလုနီးပါး ဖြစ်နေပြီး၊ မကြာခင်မှာပဲ အစအန မရှိ ပျက်စီးတော့မယ့် အခြေအနေ ရောက်နေလို့ပါ။

ရှန်မိသားစုက အကူအညီတစ်ခုကို အသည်းအသန် လိုအပ်နေတာပါ၊ ရွှီထင်းရှန်းက သူတို့ကို မကူညီရင်တောင် ကိစ္စမရှိပါဘူး။

ရွှီထင်းရှန်းနဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေတယ်လို့ ဆိုရုံနဲ့တင်၊ အဲဒီပတ်သက်မှုကို အကြောင်းပြပြီး နောက်ကွယ်က ဒုက္ခပေးချင်သူတွေက တွန့်ဆုတ်သွားကြမှာဖြစ်သလို အရှိန်အဝါကိုလည်း လျှော့သွားကြပါလိမ့်မယ်။

ထင်ရှားတဲ့ မိသားစုကြီးတွေရဲ့ သဘာဝက အဲဒီလိုပါပဲ၊ အောင်မြင်နေတုန်းတော့ အစစအရာရာ ပြည့်စုံနေပေမဲ့ တစ်ခါ ဘဝပျက်သွားတာနဲ့ ဒုက္ခပေးချင်သူတွေကလည်း များလှတာပါ။ အိမ်ထောင်စုကြီးလေလေ၊ ဘယ်အချိန်မှာ တစ်ယောက်ယောက်ကို ပြစ်မှားမိမှန်း မသိနိုင်တာကြောင့်၊ အောင်မြင်ချိန်မှာ အားလုံးက မြှောက်ပင့်ကြပေမဲ့ ဘဝပျက်ချိန်မှာတော့ နင်းခြေဖို့ပဲ စောင့်နေကြတော့တာပေါ့။

ရှန်မိသားစုက အရာရှိ လုပ်နေတဲ့ သားမြေးတွေ အားလုံးကို ရာထူးက နုတ်ထွက်ပြီး နေရပ်ပြန်ခိုင်းတာကလည်း ဒီအချက်ကြောင့်ပါပဲ။

ရှန်မိသားစုက အစိုးရအဖွဲ့ထဲမှာ ရန်သူ အနည်းငယ်ပဲ ရှိတာမဟုတ်ပါဘူး၊ အကာအကွယ်မဲ့သွားတဲ့ အခါမှာတော့ အမှားအယွင်း တစ်စုံတစ်ရာ ရှိလိုက်တာနဲ့ တစ်မျိုးနွယ်လုံး အမှုပတ်သွားနိုင်တဲ့ အခြေအနေ ရောက်နိုင်ပါတယ်။ အဲဒီအချိန်ကျရင် ဒုတိယမြောက် ရွှီထင်းရှန်းဆိုပြီး လက်ကမ်းကူညီမယ့်သူ ရှိလာတော့မှာ မဟုတ်ပါဘူး။

“ဒါဆိုရင် အစ်ကိုသုံး ကျွန်တော်ကော သဘောတူ၊ မတူ ဆိုတာကို အစ်ကို တစ်ခါလောက် မေးခဲ့ဖူးလို့လား” တိတ်ဆိတ်မှုကြားမှာ ရှန်ကျစ်ရဲ့ ဖိနှိပ်ထားတဲ့ အသံ ထွက်လာခဲ့တယ်။

“ဒါဆိုရင် မင်းကော သဘောတူရဲ့လား”

ရှန်ဖုရဲ့ ပင်ပန်းနွမ်းလျနေတဲ့ မျက်ဝန်းတွေကို ကြည့်ရင်း၊ ရှန်ကျစ်ကတော့ ပြန်ပြောဖို့ စကားလုံး မရှိဘဲ ဖြစ်သွားခဲ့ရတယ်။

ကျောက်တိ လာရှာနေချိန်မှာ ရွှီထင်းရှန်းနဲ့ ကျောက်အာတို့ကလည်း ဒီကိစ္စကို ဆွေးနွေးနေခဲ့ကြတယ်။ အစ်မဖြစ်သူက မုချရောက်လာမယ်ဆိုတာ သိထားတာကြောင့် ကျောက်အာကလည်း အရမ်းပဲ ပင်ပန်းနေပေမဲ့ အနားမယူဝံ့ဘဲ စောင့်နေခဲ့တာပါ။

အမျိုးသမီး နှစ်ယောက်က အပြင်ခန်းမှာ စကားပြောနေကြစဉ်၊ ရွှီထင်းရှန်းကတော့ ကိုယ်လက် သန့်စင်ပြီး အဝတ်အစားတွေ လဲနေခဲ့တယ်။ အခြားတစ်ဖက်မှာတော့ ရှန်ဖျင်က အပြင်ကို ထွက်လာပေမဲ့ ဇနီးသည်ရဲ့ အရိပ်အယောင်ကို မမြင်ရတာနဲ့ ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အရှေ့ဘက် အဆောင်မှာ မီးလင်းနေတာ မြင်ရတဲ့အခါ သူက ခဏမျှ တွန့်ဆုတ်နေပြီးမှ အဲဒီဘက်ကို လျှောက်သွားခဲ့တာပေါ့။

ညအချိန်က တိတ်ဆိတ်နေပြီး၊ မီးအလင်းရောင်ကတော့ ဝါကျင့်ကျင့် ရှိနေခဲ့တယ်။

ခုံတန်းပေါ်က စားပွဲငယ်လေးပေါ်မှာ အရက်အိုးတစ်လုံးနဲ့ အရက်ခွက်တစ်ခု ရှိနေပြီး ဝမ်ဝေက ဆံပင်တွေကို ဖြန့်ချလို့ ခုံပေါ်မှာ မှီနေကာ၊ အထီးကျန်တဲ့ အကြည့်တွေနဲ့ ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်နေခဲ့တယ်။

274 04

အတွေးလွန်နေတုန်းမှာပဲ၊ ရုတ်တရက် တစ်ယောက်ယောက်က ဘေးနားကနေ မေးလိုက်တယ်။ “ဘာလို့ အနားမယူသေးတာလဲ?”

အဲဒီလူက ရှန်ဖျင် ပါပဲ။

ဝမ်ဝေက ကိုယ်ကို မတ်လိုက်ပြီး လက်ထဲက အရက်ခွက်ကို ချကာ ခေါ်လိုက်တယ်။ “အဖေ”

ဒီ ‘အဖေ’ ဆိုတဲ့ အခေါ်အဝေါ်ကြောင့် ရှန်ဖျင်ရဲ့ မျက်ဝန်းတွေက နွေးထွားသွားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြုံးပြီး ဆိုလိုက်တယ်။ “ညလေက အေးတယ်၊ မင်းလည်း ဒီနေ့ တစ်နေကုန် ပင်ပန်းနေပြီဆိုတော့ စောစော အနားယူပါ”

“ဟုတ်ကဲ့ ခဏနေရင် သား အိပ်ပါ့မယ်”

အခန်းထဲမှာ တိတ်ဆိတ်မှုတွေ ပြန်ပြီး စိုးမိုးသွားခဲ့တယ်။

အမှန်တော့ ဒီသားအဖ နှစ်ယောက်ကြားက ဆက်ဆံရေးက၊ လွန်ခဲ့တဲ့ အချိန်အများကြီးက အခုလို မဟုတ်ခဲ့ပါဘူး၊ မဟုတ်ရင်လည်း ‘အဖေ’ လို့ ခေါ်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဘယ်အချိန်ကမှန်း မသိဘဲ၊ ဆုံရတဲ့ အချိန် နည်းလာတာနဲ့အမျှ၊ တဖြည်းဖြည်းနဲ့ သံယောဇဉ်တွေက ဝေးကွာသွားခဲ့ရတာပါ။

ရှန်ဖျင်က ဒီသားဖြစ်သူအပေါ်မှာ အကောင်းဆုံး ဆက်ဆံပေးချင်ပေမဲ့ ရင်ထဲမှာ အမြဲတမ်း စိုးရိမ်တာတွေ ရှိနေခဲ့တယ်။ ဝမ်ဝေအရွယ်ရောက်လာတဲ့ အခါမှာလည်း သူ့ရဲ့စရိုက်က အေးစက်တာကြောင့် အနားတိုးဖို့က မလွယ်ခဲ့ပါဘူး။

ရှန်ဖျင်က ပြန်မယ့်ပုံစံ မရှိတာနဲ့ ဝမ်ဝေကတော့ အပြင်ပန်းမှာ သာမန်လို ထင်ရပေမဲ့ တောင့်တင်းနေတဲ့ သူ့ကိုယ်ဟန်က နေရခက်နေမှန်း သက်သေပြနေတယ်။

“မင်းရဲ့အမေက မင်းအတွက် အရမ်း စိတ်ပူနေရှာတာ။ သူမက ပုံမှန်အားဖြင့် ကြမ်းတမ်းပြီး ထက်မြက်သလို ထင်ရပေမဲ့၊ အမှန်တော့ လူတွေ ထင်သလောက် မသန်မာပါဘူး။ စကားတွေ အများကြီးကို သူမ ဘယ်လို ပြောရမှန်း မသိသလို၊ ပြောလည်း မပြောတတ်ဘူး၊ ရင်ထဲမှာ အချိန်အတော်ကြာ စုပုံလာတဲ့ အခါကျတော့ ပိုပြီးတော့တောင် ပြောဖို့ ခက်သွားရတာပေါ့” ရှန်ဖျင်က ဆိုလိုက်တယ်။

ဝမ်ဝေက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့တယ်။

“အမှန်တော့ အဲဒီတုန်းက မင်းရဲ့မျိုးရိုးအမည်ကို ပြောင်းပေးဖို့ စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ မင်းကလည်း အသိဉာဏ် ရှိနေပြီ ဖြစ်သလို၊ ငါ့ရဲ့...” ရှန်ဖျင် ခဏမျှ ရပ်လိုက်ပြီးမှ ဝမ်းနည်းတဲ့ လေသံနဲ့ - “ငါ့ရဲ့ အဆင့်အတန်းရယ်၊ နောက်ပြီး ရှန်မိသားစုဘက်က ကိစ္စတွေရယ်ကြောင့်၊ မင်းရဲ့ အမေက ရှန်မိသားစုအပေါ်မှာ အငြိုးရှိနေခဲ့တာမို့၊ မင်းကို ရှန်မျိုးရိုးအမည် ပြောင်းပေးဖို့ ဘယ်လိုမှ သဘောမတူခဲ့ဘူး၊ အဲဒါကြောင့်ပဲ ဒီကိစ္စကို လက်လျှော့ခဲ့ရတာပါ။ အမှန်တော့ မျိုးရိုးအမည ဆိုတာ တကယ်ကို မရေးကြီးပါဘူး၊ မင်းဟာ မင်းအမေရဲ့သား ဖြစ်သလို၊ ငါ ရှန်ဖျင်ရဲ့ သားလည်း ဖြစ်တယ်၊ တစ်သက်လုံး ဒီအတိုင်းပါပဲ”

“မင်းရဲ့အမေဟာ ငါနဲ့ မလက်ထပ်ခင်ကတည်းက မင်းကို လွယ်ထားခဲ့ရတာမို့၊ ငါက မင်းအမေကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက မင်းကို သားအရင်း တစ်ယောက်လိုပဲ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ အခု မင်းက အရွယ်ရောက်လာပြီး ကိုယ်ပိုင် အယူအဆတွေ ရှိလာတဲ့ အခါမှာတော့ မင်း ဘာတွေ တွေးနေသလဲ ဆိုတာကို ငါတို့ မသိတော့ဘူး။ မင်းမှာ စကားတွေ ရှိရင်လည်း ရင်ထဲမှာပဲ မြိုသိပ်ထားပြီး မပြောဘူးလေ၊ မင်းကလည်း စာမေးပွဲတွေနဲ့ပဲ အလုပ်ရှုပ်နေသလို၊ ငါတို့ ဆုံရတဲ့ အချိန်ကလည်း နည်းတော့ တဖြည်းဖြည်းနဲ့ မင်းကို ဘယ်လိုမျိုး ဂရုစိုက်ပေးရမလဲ ဆိုတာတောင် ငါတို့ လမ်းပျောက်ခဲ့ရတယ်...”

ရှန်ဖျင်က စကားအများကြီး ပြောခဲ့တယ်။ ကျောက်တိရဲ့ နှစ်ပေါင်းများစွာအတွင်း ရှိခဲ့တဲ့ စိုးရိမ်မှုတွေကို ပြောပြခဲ့သလို မနေ့က ဝမ်ဝေ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျောက်တိ တစ်ညလုံး တိတ်တဆိတ် မျက်ရည်ကျခဲ့ရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

274 05

ဒီလောက် သန်မာတဲ့ အမျိုးသမီးဟာ ဘဝရဲ့ အနိမ့်အမြင့်တွေကို ကြုံခဲ့ရတုန်းက မျက်ရည်တွေကို အမြဲတမ်း ဗိုက်ထဲကိုပဲ မြိုသိပ်ခဲ့ပေမဲ့ ဒီနှစ်တွေအတွင်း သူမ မျက်ရည်ကျခဲ့ရသမျှ အကြိမ်တိုင်းက ဝမ်ဝေကြောင့်ပဲ ဖြစ်နေခဲ့တယ်။

ဒီအရာတွေကို ဝမ်ဝေ သိပါတယ်။ သူ့ရင်ထဲမှာလည်း မိဘနှစ်ဦးစလုံးက သူ့ကို ချစ်ကြမှန်း သိနေပေမဲ့၊ မောင်နှမတွေနဲ့ ကွဲပြားနေတဲ့ သူ့ရဲ့ မျိုးရိုးအမည်ကြောင့်လား၊ ဒါမှမဟုတ် မွေးကတည်းက သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ အဆင့်အတန်းကြောင့်လား၊ ဒါမှမဟုတ် သူ့ရင်ထဲမှာ နတ်ဆိုးတစ်ကောင် ရှိနေလို့လား မသိဘဲ ဖြစ်နေခဲ့ရတာပါ။

အရာရာကို သိနေပါလျက်နဲ့ သူက...

ဒါကြောင့်ပဲ သူက မိဘတွေနဲ့ မောင်နှမတွေကို တွေ့ဖို့ ဝန်လေးနေခဲ့တာ ဖြစ်သလို တစ်နေရာတည်းမှာ အမြဲနေတာထက်စာရင် နေရာအနှံ့ လှည့်လည် ခရီးထွက်နေဖို့ပဲ သူ ရွေးခဲ့တာ။

သူ့ဆရာက သူက အရမ်းထက်မြက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိခိုက်စေနိုင်တယ်လို့ ဆိုခဲ့ဖူးတာကြောင့် အဲဒါက အမှန်တကယ်ပင် ဖြစ်ပေလိမ့်မယ်။

“ယခုတစ်ကြိမ် သူ ရောက်လာတာကြောင့် မင်းရဲ့အမေကတော့ အရမ်းကို စိုးရိမ်နေရှာတယ်၊ ငါလည်း ဒီကိစ္စမှာ ဘယ်လို ဝင်ပြောရမှန်း မသိဘူး။ ဒါပေမဲ့ မင်း ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ အဖေကတော့ အမြဲတမ်း ထောက်ခံပေးမှာပါ၊ မင်းကို ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တယ်။ မင်းရဲ့အမေနဲ့ ပတ်သက်ရင်တော့”

ရှန်ဖျင်က ခဏ ထပ်မံ ရပ်လိုက်ပြီးမှ ဆိုလိုက်တယ်။ “အကယ်လို့ မင်းရဲ့ စိတ်ကူးက သူမနဲ့ဆန့်ကျင်ဘက် ဖြစ်နေရင်တောင်မှ၊ အမှန်တော့ မင်း အများကြီး စိုးရိမ်နေဖို့ ဒါမှမဟုတ် တွက်ကပ်နေဖို့ မလိုပါဘူး။ လူ့ဘဝဆိုတာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှိတာမို့ ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်းသာ နေထိုင်ပါတော့”

အဲဒီလို ပြောပြီးတာနဲ့ သူက ထရပ်လိုက်တယ်၊ ဒီစကားတွေကို ပြောပြလိုက်ရလို့ သူ့ရင်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသလိုမျိုး ရှိနေခဲ့တယ်။

“အဖေကတော့ စာအများကြီး မဖတ်ဖူးတော့၊ မင်းလိုမျိုး အမှန်တရားကြီးတွေကိုတော့ အများကြီး နားမလည်ပါဘူး။ ငါ ပြောတာကို နားထောင်ရုံပဲ နားထောင်ပါ၊ အကယ်လို့ မမှန်ဘူးလို့ ထင်ရင်လည်း ဂရုမစိုက်ပါနဲ့။ ကောင်းပြီလေ၊ အချိန်လည်း မစောတော့ဘူး၊ မင်းရဲ့အမေကလည်း ညကြီးမင်းကြီးမှာ မင်း ဒေါ်လေးနဲ့ ဦးလေးဆီကို သွားရှာနေသေးတယ်။ ငါ သွားပြီးတော့ ခေါ်လိုက်ဦးမယ်” ဒီရိုးသားတဲ့ အမျိုးသားက အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ဆိုကာ ခြေလှမ်းကျဲကြီးတွေနဲ့ အပြင်ကို ထွက်သွားတော့တယ်။

တံခါးဝ ရောက်တဲ့အခါမှာတော့ တစ်ယောက်ယောက်ရဲ့ ခေါ်တာကို ခံလိုက်ရတယ်။

“အဖေ ကျေးဇူးတင်ပါတယ်”

ရှန်ဖျင်က လှည့်ကြည့်လိုက်ပြီး မျက်နှာမှာ အပြုံးတစ်ခုနဲ့အတူ ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်သွားခဲ့တော့တယ်။

ဖုန်လိုင်တည်းခိုဆောင်ရဲ့ အနောက်ဝင်းထဲမှာ၊ မြင်းရထား နှစ်စီးပေါ်ကို ပစ္စည်းတွေ တင်ပြီး ထွက်ဖို့ ပြင်နေကြတယ်။

ဒီနှစ်ရက်အတွင်း ရှန်ဖုက ဘယ်လောက်ပဲ ပြောပြော ရှန်ကျစ်က ရွှီအိမ်တော်ဆီ နောက်တစ်ကြိမ် မသွားတော့ဘဲ နေခဲ့ပါတယ်။

ရှန်ဖုကလည်း အလုပ်လုပ်တဲ့အခါ နည်းလမ်းကို အလေးထားတဲ့သူမို့၊ ရှန်ကျစ် ကိုယ်တိုင် ရှေ့မထွက်ရင် ရှန်မိသားစုက လူတွေက ရှေ့ထွက် ပြောတာက ရန်စတာနဲ့ အတူတူပဲ ဖြစ်တာကြောင့် မတတ်သာဘဲ လက်လျှော့လိုက်ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှန်းရှီးဘက်မှာလည်း ကိစ္စအချို့ ရှိနေတာနဲ့ သူ ကိုယ်တိုင် ပြန်ဖြေရှင်းဖို့ လိုနေတာကြောင့် မြို့တော်ကနေ အလျင်အမြန် ထွက်ခဲ့ကြရတယ်။

“ထားလိုက်ပါတော့၊ မင်းလည်း အများကြီး မတွေးနဲ့တော့၊ ရှန်းရှီးကို အရင် ပြန်ကြတာပေါ့” ဆိုကာ မြင်းရထား ဘီးတွေက တဖြည်းဖြည်း လည်ပြီး အပြင်ကို ထွက်ခဲ့တော့တယ်။

274 06

လမ်းမပေါ် ရောက်ရုံရှိသေးပေမဲ့၊ မြင်းရထားက ရုတ်တရက် ရပ်သွားခဲ့တယ်။

ရှန်ဖုကတော့ တည်းခိုဆောင်နဲ့ ကိစ္စတွေ မပြေလည်သေးလို့ ရပ်တာ ဖြစ်လိမ့်မယ်လို့ ယူဆပြီး ဂရုမစိုက်ဘဲ နေလိုက်တယ်။ ဒါပေမဲ့ အစောင့်တစ်ယောက်က ရထားပြတင်းပေါက်ကို လာခေါက်ပြီး၊ ရွှီမိသားစုက လူတွေ ရောက်နေတယ်လို့ သတင်း ပို့လာတယ်။

ရွှီမိသားစုက လူတွေ ဆိုတဲ့ စကားကို ကြားတာနဲ့ ရှန်ကျစ်က ခေတ္တ မှင်တက်သွားပြီးမှ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်တယ်။

မလှမ်းမကမ်းက လမ်းဆုံမှာ မြင်းရထားတစ်စီး ရပ်ထားပြီး၊ ရထားပြတင်းပေါက်ကနေ ကျောက်တိရဲ့ မျက်နှာကို မြင်လိုက်ရတယ်။

အဲဒီမရင်းနှီးပေမဲ့ ရင်းနှီးနေတဲ့ မျက်နှာကို ကြည့်ရင်း ရှန်ကျစ်ရဲ့ အကြည့်တွေက ဝေဝါးသွားပြီး အတန်ကြာမှသာ ရထားပေါ်က ဆင်းလာခဲ့တယ်။

“မင်း…”

ကျောက်တိရဲ့ မျက်နှာမှာ အပြုံးတွေ မရှိဘဲ၊ အေးစက်တဲ့ အကြည့်တွေနဲ့ပဲ စိုက်ကြည့်နေခဲ့ကာ ရင်ထဲမှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ “ဘေးနားမှာ လက်ဖက်ရည်ဆိုင် ရှိတယ်၊ အဲဒီကို သွားပြီး စကားပြောကြရအောင်”

သူမက တစ်ယောက်တည်း ရှေ့က ဦးဆောင်ပြီး လျှောက်သွားတာကြောင့်၊ ရှန်ကျစ်က ခဏ တွန့်ဆုတ်နေပြီးမှ မြင်းရထားဘက်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။

ရထားထဲမှာတော့ နောက်ထပ် လူတစ်ယောက် ရှိနေသေးတာ ထင်ရှားပါတယ်၊ အဲဒီလူက အမှန်တော့ ရှန်ဖျင်ပါပဲ။ ရှန်ကျစ်က ကျောက်တိရဲ့ နောက်ကွယ်က လိုက်သွားသလို ရှန်ဖျင်ကလည်း သက်ပြင်းတစ်ချက် ချပြီး ရထားပေါ်က ဆင်းကာ နောက်က လိုက်သွားခဲ့ပါတော့တယ်။

******

All Chapters