အခန်း (၂၇၅-၂၇၆)
Vol. 28 Ch. 275-276
275 01
အခန်း (၂၇၅)
သူမနဲ့ သူတို့နှစ်ယောက်က သီးသန့်ခန်းတစ်ခုမှာ စကားပြောဖို့ ပြင်လိုက်ကြတယ်။ ရှန်ဖျင်ကတော့ အတူလိုက်မသွားဘဲ အောက်ထပ်မှာပဲ လက်ဖက်ရည်သောက်ရင်း ကျန်ခဲ့တယ်။ ဆိုင်အကူက လက်ဖက်ရည်နဲ့ မုန့်ပဲသရေစာတွေ ချပေးပြီးနောက်မှာ၊ ကျောက်တိက သုံးဆောင်ဖို့ လက်ဟန်ပြလိုက်ပြီးမှ သူ့ရဲ့ဝတ်ရုံလက်စွပ်နဲ့ မျက်နှာကို ကွယ်ပြီး လက်ဖက်ရည်ကို တမြည့်မြည့် သောက်လိုက်တယ်။
သူမက လက်ဖက်ရည်သောက်တာကို အကြောင်းပြပြီး သူ့စိတ်ထဲက ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ဖုံးဖို့ ကြိုးစားနေတာ ဖြစ်ပေမဲ့၊ ရှန်ကျစ်ကလည်း သူမထက် မသာပါဘူးဆိုတာကိုတော့ သူမ မသိခဲ့ပါဘူး။ သူ့ရဲ့ အကြည့်တွေက ကျောက်တိရဲ့မျက်နှာပေါ်မှာ အတော်လေးကို ရဲရဲတင်းတင်း ရှိနေခဲ့တယ်။ ဒီဆယ်စုနှစ်တစ်ခုကျော် အချိန်ကာလက သိပ်ကို ရှည်လျားလှပါတယ်၊ အတော်လေး ရှင်းလင်းလှပြီလို့ ထင်ထားတဲ့ မှတ်ဉာဏ်တွေတောင်မှ၊ သေသေချာချာ ပြန်စဉ်းစားကြည့်တဲ့အခါ ဝေဝါးနေပြီ ဖြစ်ကြောင်း သူ သိလိုက်ရတာပေါ့။
“ရှင် ကြည့်လို့ ဝပြီလား”
“စူးလန် မင်း နေကောင်းရဲ့လား”
အသံနှစ်ခုက တစ်ပြိုင်တည်း ထွက်လာတာ ဖြစ်ပေမဲ့၊ တစ်ခုမှာ ဒေါသရိပ်တွေ ပါနေပြီး၊ နောက်တစ်ခုမှာတော့ လွမ်းဆွတ်တမ်းတမှုတွေနဲ့အတူ ရှန်ကျစ် ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ ခံစားချက်တွေအများကြီး ပြည့်နေခဲ့တယ်။
“ကျွန်မ နေကောင်းပါတယ် ကျောက်တိက နောက်ဆုံးမှာ အရင် စကားပြောလိုက်တယ်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခပ်တောင့်တောင့်နဲ့ ဆိုလိုက်တယ်။ -“ဒါ့အပြင် ကျွန်မနာမည်က စူးလန် မဟုတ်ဘူး၊ ကျွန်မရဲ့ မူလနာမည်ကို ငါ ပြန်ပြောင်းလိုက်ပြီ”
ရှန်ကျစ်ကတော့ နည်းနည်း ညှိုးသွားပြီး နှမြောတသစွာ ရေရွတ်လိုက်တယ်။ “ဟုတ်သားပဲ၊ မင်း နာမည်ပြောင်းလိုက်ပြီပဲ၊ မူလနာမည်ကို ပြန်ပြောင်းလိုက်ပြီပေါ့”
စူးလန် ဆိုတာက အဲဒီတုန်းက ရှန်ကျစ်က ကျောက်တိကို ပေးခဲ့တဲ့ နာမည်ပါ။ အဲဒီအချိန်မှာ ကျောက်တိက ရှန်အိမ်တော်မှာ အနိမ့်ကျဆုံး အကြမ်းပတမ်း လုပ်ရတဲ့ အစေခံမလေး တစ်ယောက်ပါပဲ။ ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ရသလို၊ ကျေးလက်ဆန်တဲ့ နာမည်တစ်ခု ရှိနေပေမဲ့လည်း သူမက အစေခံမလေးတွေကြားမှာတော့ အထူးတလည် ထင်ရှားနေခဲ့တယ်။
ရှန်အိမ်တော်မှာ ရုပ်လှတဲ့ အစေခံမလေးတွေ မရှိတာ မဟုတ်ပေမဲ့၊ ရှန်ကျစ် ကိုယ်တိုင်တောင် ဘာလို့ဒီမိန်းကလေးကို သဘောကျသွားလဲဆိုတာ မသိခဲ့ပါဘူး။ သူမက သူများနှိပ်စက်တာ ခံရပေမဲ့ ခေါင်းမာလွန်းလို့လား၊ ဒါမှမဟုတ် ဒီလိုမိန်းကလေးမျိုးကို တစ်ယောက်ယောက်က မကာကွယ်ပေးရင်၊ မကြာခင်မှာပဲ ဟိုအပျော်အပါးမက်တဲ့ လူငယ်တွေလက်ထဲမှာ ပျက်စီးသွားမှာကို သူ သိနေလို့လား။
ရှန်ကျစ် ကိုယ်တိုင်လည်း မသေချာခဲ့ပါဘူး။ အချုပ်ပြောရရင်တော့ သူက သူမကို သူ့အနား ခေါ်ခဲ့ပြီး သူမကလည်း အဆင့်သုံး အစေခံကနေ သူ့ဘေးနားက အဆင့်မြင့် အစေခံ ဖြစ်လာခဲ့တာပေါ့။
သခင်မကြီးက ရှန်ကျစ်အတွက် အိပ်ဆောင်ဖော် အစေခံ စီစဉ်ပေးတဲ့အခါ၊ သူ့ဘေးနားက အစေခံဖြစ်တဲ့ သူမကိုပဲ သဘာဝအတိုင်း ရွေးခဲ့တာမို့ အရာရာက အဆင်ပြေနေခဲ့တယ်။
ရှန်ကျစ်က စူးလန်ကို အမှန်တကယ် သဘောကျခဲ့ပါတယ်။ သူမရဲ့ တက်ကြွမှုနဲ့ ပြတ်သားမှုတွေကို သူ မြတ်နိုးခဲ့သလို၊ သူမက ရှန်မိသားစုမှာရှိတဲ့ ဘယ်သူနဲ့မှ မတူဘဲ ထူးခြားနေခဲ့တာလေ။ ဒါပေမဲ့ အဲဒါက သဘောကျရုံတင်ဖြစ်ပြီး၊ မိမိရဲ့ ယပ်တောင်ကို သဘောကျသလို၊ စင်္ကြံအောက်က ငှက်ကလေးကို သဘောကျသလို ဒါမှမဟုတ် စာကြည့်ခန်းက ပန်းချီကားထဲက အလှပဂေးကို သဘောကျသလိုပါပဲ။
ဖြစ်နိုင်တာကတော့ အဲဒါတွေထက် နည်းနည်း ပိုကောင်းမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူမက အသက်ရှိတဲ့ လူသားတစ်ယောက် ဖြစ်သလို၊ မိမိအပေါ်မှာလည်း ဂရုတစိုက် မေးတတ်ကာ၊ အတူတူ ရယ်မော ပျော်ရွှင်ပေးနိုင်လို့ပါပဲ။ မည်သည့်အချိန်မှာ အမှန်တကယ် စိတ်ဝင်စားသွားလဲဆိုတာကတော့ ဝူမိသားစုဘက်က သတင်းရောက်လာပြီး ရှန်သခင်မကြီးက စူးလန်ကို အပြစ်ပေးဖို့ ပြောတဲ့အချိန် ဒါမှမဟုတ် စူးလန်မှာ သူ့ရဲ့ရင်သွေး ရှိနေပေမဲ့ မိသားစုက သူမကို လွှတ်မပေးချင်တဲ့ အချိန်မှာ ဖြစ်မှာပေါ့။
275 02
ရှန်ကျစ်က သူတစ်ပါးက မိမိအတွက် စီစဉ်တာကို အမုန်းဆုံးပါ။ မင်းတို့က ငါ့ကို မလုပ်စေချင်လေ၊ ငါက ပိုလုပ်ချင်လေပဲ။ ဒါကြောင့် သူက အသည်းအသန် ရုန်းကန်ခဲ့တယ်၊ ဟိန်းဟောက်ခဲ့တယ်၊ ကလေးတစ်ယောက်လို ဆူပူခဲ့တယ်။
စူးလန်ရဲ့ ဝတ်ရုံအောက်ကနေ လျှံကျလာတဲ့ လတ်ဆတ်တဲ့ သွေးစက်တွေကို ကိုယ်တိုင် မြင်လိုက်ရတဲ့ အချိန်အထိပါပဲ။ အဲဒီသွေးရောင်က ဆောင်းရာသီ နှင်းတွေကြားမှာ ပွင့်နေတဲ့ အနီရောင် မေပန်းတွေလိုပဲ နီနေခဲ့တယ်။ သူ့မျက်ဝန်းနဲ့ နှလုံးသားက အဲဒီမြင်ကွင်းကြောင့် အကြီးအကျယ် နာကျင်သွားရပြီး အဲဒါက သူ့ရဲ့တစ်သက်တာအတွင်း ရုန်းမထွက်နိုင်တဲ့ အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်လာခဲ့တယ်။
“နောက်ပိုင်းကျမှပဲ မင်း မသေသေးဘူးဆိုတာကို ငါ သိလိုက်ရပြီးတော့ မင်းကို လိုက်ရှာဖို့တောင် စဉ်းစားခဲ့သေးတယ်” ရှန်ကျစ်က ကုလားထိုင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်ရင်း လက်နှစ်ဖက်ကို ဒူးပေါ်တင် မျက်လုံးကို နည်းနည်းငုံ့ပြီး ပြုံးနေပုံက တခြားလူတစ်ယောက်အကြောင်း ပြောနေသလိုပါပဲ။
သူ ဘယ်လို သိလိုက်တာလဲ။ အဲဒါကလည်း တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာပါ။ မူလက ရှန်အိမ်တော် တာဝန်ခံက ရှန်ဖျင်ကို အပြစ်ပေးလိုက်တာကို ရှန်ကျစ် အံ့ဩခဲ့တယ်။ သေးတဲ့ ကိစ္စလေးကို ဒီလောက်အထိ လုပ်ဖို့ လိုသလားလို့ သူ တွေးခဲ့တာပေါ့။ ရှန်ကျစ်က ပျော်ပျော်ပါးပါး နေတတ်ပေမဲ့၊ အိမ်တွင်းရေးတွေကို မသိတာ မဟုတ်ပါဘူး။ ရှန်မိသားစု တစ်ခုလုံးမှာ အကျင့်ပျက်နေသူတွေအများကြီးမို့၊ ရှန်ဖျင် တစ်ယောက် ပိုတာ လျော့တာက အရေးမကြီးပါဘူး။ ဒါပေမဲ့ ရှန်ကျစ်က အဲဒီကိစ္စကို စိတ်ထဲမထားခဲ့ဘူး၊ သူနဲ့ မဆိုင်လို့လေ။
အမှန်တရား ပေါ်လာတာကတော့ ရှန်မိသားစုက အခြားအစေခံ တစ်ယောက်က အိမ်တော်တာဝန်ခံကို ရာထူးက ဖြုတ်ဖို့ ဒီကိစ္စကြီးကို ထုတ်တိုင်တဲ့အခါမှ ရှန်ကျစ်က အဲဒီတော့မှ သူမ မသေဘဲ တစ်ယောက်ယောက်ရဲ့ကယ်တင်တာ ခံလိုက်ရမှန်း သိခဲ့တယ်။
သူက အဲဒီအချိန်မှာ သူမကို ချက်ချင်း သွားရှာချင်ပေမဲ့၊ အဲဒီတုန်းက ဝူချန်းပြဿနာ တက်နေလို့ ဝူမိသားစုဝင် (သူ့ဇနီး) က သူ့ကို ဆူပြီး မိသားစုက လူလွှတ်ကူဖို့ အတင်းတောင်းဆိုနေတာ။ အဲဒါအပြင် သူ သွားရင်ကော ဘာထူးမှာလဲ။
ဝူမိသားစုဝင် ရှိနေသရွေ့တော့ သူက စူးလန်ကို အိမ်ပြန်ခေါ်နိုင်မှာ မဟုတ်ဘူး၊ ဒါဆို သွားပြီး ဘာလုပ်မှာလဲ။ သူက အသုံးမကျတဲ့ ထိပ်တန်း မိသားစုက သားပျိုတစ်ယောက်ပဲလေ၊ မိသားစုရဲ့ ကျွေးတာကို စားနေရတာမို့ ရှန်မိသားစုနဲ့ ကင်းကွာသွားရင် ငတ်သေသွားနိုင်ပါတယ်။ သူက သူ့အစ်ကိုသုံး (ရှန်ဖု) လို မဟုတ်တာကြောင့်၊ မိမိ လိုချင်တာကို စိတ်ကြိုက် လုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ တစ်ခါက ငြိမ်းသွားတဲ့ မျှော်လင့်ချက် မီးစလေးက ပြန်တောက်လာတယ်။ ရှန်ကျစ်က သူတော်စင်တို့ရဲ့ စာပေတွေကို ပြန်ဖတ်ပြီး၊ စာမေးပွဲ အောင်ဖို့အတွက် ကြိုးစားပါတော့တယ်။
သူက အသိဉာဏ် နည်းတဲ့သူ မဟုတ်ဘဲ အမှန်တော့ သိပ်ထက်မြက်တာကြောင့်၊ ငယ်စဉ်ကတည်းက နောင်ကျရင် အနည်းဆုံး 'ကျန်းရှီ' ဘွဲ့ ရလိမ့်မယ်လို့ ချီးမွမ်းခံခဲ့ရဖူးတယ်။ ဒါပေမဲ့ သူက မျက်စိရှေ့က အရာရာကို ငြီးငွေ့နေသလို၊ အတင်းစာဖတ်ရတာနဲ့ မိသားစု ဂုဏ်သိက္ခာအတွက် စာဖတ်ရတာတွေကို အမုန်းဆုံးပဲ။
သူက သုံးနှစ်လုံးလုံး အချိန်ယူခဲ့ပြီး၊ ရှို့ချိုင် ဘွဲ့ကနေ ကျန်းရှီ ဘွဲ့အထိ ရခဲ့တယ်။ ဘွဲ့ရပြီးတာနဲ့ သူက တျန်းဟိုင်ဒေသကို အမြန်ဆုံး သွားခဲ့ပေမဲ့ သူ မြင်လိုက်ရတာကတော့ ချစ်သူနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပေါင်းနေကြတဲ့ မြင်ကွင်းပါပဲ။
သူ အဲဒီကို ရောက်ခဲ့တာကို ဘယ်သူမှ မသိခဲ့သလို သူ ကိုယ်တိုင်တောင် ဘာလို့ပြန်လှည့်လာခဲ့လဲဆိုတာ မသိခဲ့ပါဘူး။ အဲဒီခရီးမှာပဲ သူ့မှာ သားတစ်ယောက် ရှိမှန်း သိလိုက်ရတယ်၊ အဲဒီကလေးကို မြင်ရုံနဲ့တင် မိမိရဲ့ရင်သွေးမှန်း သူ သိလိုက်ရတယ်။ သူ့အစ်ကိုသုံးက အဲဒီကလေးကို အခုအချိန်မှာ အသိအမှတ်ပြုဖို့ မသင့်သေးဘူး ပြောတာနဲ သူလည်း တခြားသူရဲ့ ပျော်ရွှင်မှုကို မနှောင့်ယှက်ချင်တာကြောင့် လက်လျှော့လိုက်ရတယ်။ ဒါပေမဲ့ ဒီအရာတွေ အားလုံးက သူ့နှလုံးသားထဲမှာ အမှတ်အသားတစ်ခုလို နက်နက်ရှိုင်းရှိုင်း ခံစားနေရတုန်းဖြစ်ပြီး၊ တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။
“အကယ်လို့ နောက်တစ်ကြိမ် ထပ်ပြီး ရွေးချယ်ခွင့် ရမယ်ဆိုရင်တော့၊ ငါ ဘယ်လို လုပ်မလဲလို့ ငါ့ကိုယ်ငါ မေးဖူးပါတယ်။ ငါ အဲဒီနှစ်တွေကို အချည်းနှီး ကုန်ဆုံးစေမှာ မဟုတ်သလို၊ သူ့ထက် အရင်စောပြီးတော့ ရောက်အောင် လာမိမှာပါ။ ဒါပေမဲ့ ပြန်ပြီး စဉ်းစားကြည့်တော့လည်း ဝူမိသားစုဝင်ကို လက်ထပ်ပြီးမှတော့ အရင်စောပြီး ရောက်လာခဲ့ရင်ကော ဘာထူးမှာလဲ”
275 03
ရှန်ကျစ်က ပြုံးနေတုန်းပဲ ဆိုပေမဲ့ ကျောက်တိကတော့ ပါးစပ်ကို အုပ်ပြီး ငိုပါတော့တယ်။ သူမက ဘာလို့ ငိုနေလဲဆိုတာ ကိုယ်တိုင် မသိပေမဲ့၊ မျက်နှာမှာတော့ မျက်ရည်တွေနဲ့ စိုရွှဲနေခဲ့ပြီ။
ဒီလို မဖြစ်သင့်ပါဘူး။ မလာခင် ကတည်းက သူမက သူ့ကို ပြင်းပြင်းထန်ထန် ဆဲမယ်လို့ ဆုံးဖြတ်ထားတာ၊ အဲဒီတုန်းက အသုံးမကျဘဲ အခုမှ ဘာလို့ လာရှာတာလဲ ဆိုပြီးတော့ပေါ့။ သူမက အဆိုးဆုံး စကားလုံးတွေနဲ့ သူ့ကို ဆဲပြီး သူ့ဒဏ်ရာဟောင်းတွေကို ပြန်လှန်မယ်လို့ တွေးထားတာပါ။ ဒါပေမဲ့ ဆုံလိုက်ရတဲ့ အခါမှပဲ သူမက သူ့ကို အမှန်တကယ် မမုန်းနိုင်မှန်း သိလိုက်ရတယ်။
အမှန်တိုင်း ပြောရရင်တော့ အတိတ်တုန်းက သူမက ဒီအမျိုးသားကို သဘောကျခဲ့ဖူးပါတယ်။ သူ့ရဲ့ပေါ့ပျက်ပျက် နေထိုင်မှုတွေနောက်ကွယ်က ဖြူစင်တဲ့ စိတ်ဓာတ်ကို သူမ မြတ်နိုးခဲ့တာလေ။ ဆဋ္ဌမသခင်လေးက အပျော်အပါးမက်ပြီး စည်းကမ်းရှိဘူးလို့ လူပြောများပေမဲ့၊ လက်တွေ့မှာတော့ သူက အရာရာကို မြင်တဲ့သူ ဖြစ်သလို စိတ်နှလုံးလည်း နူးညံ့သူပါ။ အကယ်လို့ သူသာ အရာရာကို မသိမြင်ခဲ့ရင်၊ မိမိဘာသာ အကျဉ်းချပြီး တစ်သက်လုံး ဒုက္ခခံနေပါ့မလား။
“အမှန်တော့ မင်း ဒီနေ့ ရောက်မလာဘူး ဆိုရင်တောင်မှ ငါတို့တွေ ထွက်သွားဖို့ ပြင်ထားပြီးသားပါ။ အဲဒီကလေးသာ မသိသေးဘူး ဆိုရင်တော့၊ သူ့ကိုလည်း ထပ်ပြီး မပြောပါနဲ့တော့” ရှန်ကျစ်က ပြုံးပြီး သက်ပြင်းချကာ ထရပ်လိုက်တယ်။
“မင်း ပျော်ပျော်ရွှင်ရွှင် နေနေရတယ် ဆိုတာ သိရရုံနဲ့တင် လုံလောက်ပါပြီ၊ အမှန်တော့ မင်း အမြဲတမ်း ပျော်ရွှင်နေတယ် ဆိုတာကို ငါ သိပါတယ်”
ရှန်ကျစ်က တံခါးအပြင်ကို တဖြည်းဖြည်း လျှောက်သွားခဲ့တယ်။ သူက ပေါ့ပေါ့ပါးပါး လျှောက်ဖို့ ကြိုးစားပေမဲ့၊ ခြေလှမ်းတိုင်းကတော့ လေးလံနေခဲ့တယ်။
“ဆဋ္ဌမသခင်လေး ”
သူ ပြန်လှည့်ကြည့်တဲ့အခါ သူမက ငိုမနေတော့ဘဲ မျက်ဝန်းတွေ နီပြီး သူ့ကို စိုက်ကြည့်နေတာ မြင်လိုက်ရတယ်။
“မင်းလည်း ဘဝမှာ အေးချမ်း ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
သူက “အင်း” လို့ တစ်ချက် အသံပြုပြီး၊ ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီခဏမှာ ကျောက်တိက အတိတ်က မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်လိုက်မိတယ်။ အဲဒီနှစ်က ကြာပန်းတွေ ပွင့်နေချိန်၊ လှေငယ်လေး တစ်စင်းပေါ်မှာ သူတို့ နှစ်ယောက်တည်း ရှိနေတုန်း သူက လှေဦးမှာ ရပ်နေပြီး သူမက လှေထဲမှာ ထိုင်နေတာ။ သူက သူမကို လှည့်ပြုံးပြလိုက်ပုံက တိမ်တိုက်တွေကို ခွဲထွက်လာတဲ့ နေရောင်ခြည်လိုပဲ တောက်ပခဲ့ဖူးတာ။
……
ကျောက်တိ သတိပြန်ဝင်လာတော့ ရှန်ကျစ်က ရှိမနေတော့ပါဘူး။ ရှန်ဖျင်က အထဲဝင်လာတယ်။
“မင်း အဆင်ပြေရဲ့လား”
ကျောက်တိ သတိဝင်လာပြီး သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်တယ်။ “ဒါဆိုရင် ကျွန်မတို့တွေ ပြန်ကြရအောင်”
“အင်း”
……
275 04
ရှန်းရှီပြည်နယ်၊ ရှားခရိုင်၊
ရှန်ဖုတို့ အုပ်စုက လမ်းမှာ မနားဘဲ အမြန်ပြန်လာခဲ့ကြတယ်။ ရှန်အိမ်တော် တံခါးရှေ့ ရောက်တော့ တံခါးကြီးက ပိတ်ထားပြီး အရင်လိုပဲ ခြောက်ကပ်နေတာယ်။ ရှန်ဖုက ရင်ထဲမှာ စိုးရိမ်တာတွေနဲ့ အိမ်ထဲ အမြန် ဝင်သွားပြီး မထိုင်ရသေးခင်မှာပဲ အရင်က စာထဲမှာ ပါတဲ့ ကိစ္စတွေကို မေးတော့တာပဲ။
“သခင်ကြီးသုံး၊ ကိစ္စတွေ အားလုံး အဆင်ပြေသွားပါပြီ၊ ဟို ဖန်မိသားစုက ပြဿနာ မရှာတော့ပါဘူး”
ရှန်ဖုမှာ အံ့ဩသွားရတယ်။ “ဘာဖြစ်လို့လဲ”
“ရွှီမိသားစုက လူတစ်ယောက် ကျွန်တော်တို့ အိမ်ကို လာလည်သွားလို့ပါ၊ ရွှီမိသားစုရဲ့ ရှေ့မှောက်မှာတော့ ဖန်မိသားစု ဆိုတာ ဘာမှမဟုတ်ပါဘူး။ သခင်ကြီးသုံး... အဲဒီ ကိစ္စက တကယ်ပဲ အောင်မြင်သွားတာလား”
ရှန်ဖု ကြားလိုက်ရတဲ့အခါ အလွန်ပဲ အံ့ဩသွားရပြီး ရင်ထဲမှာလည်း ခံစားချက်ပေါင်းစုံနဲ့ ပြည့်သွားပါတော့တယ်။
******
276 01
အခန်း (၂၇၆)
“ကုသခင်မကြီး ကျွန်မလည်း ဟန်ဆောင်စကားတွေ မပြောတော့ပါဘူးရှင်။ ကျွန်မနဲ့ အမတ်မင်းမှာ ဒီသမီးလေးတစ်ယောက်တည်းပဲ ရှိတာမို့၊ သူ့ရဲ့ အိမ်ထောင်ရေးအတွက် ကျွန်မမှာ ဆံပင်တွေဖြူတဲ့အထိ စဉ်းစားရတာ စိတ်ပူနေရတာပါ။ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းအပြင်၊ ကျွန်မရဲ့ တစ်ခုတည်းသော တောင်းဆိုချက်ကတော့ ကိုယ်လုပ်တော် လုံးဝ မယူရဘူး ဆိုတာပါပဲ”
နံရံကပ် ပြတင်းပေါက်ရဲ့ ရိုးရာပန်းနွယ်ပုံစံတွေကြားမှာ အနောက်တိုင်းကလာတဲ့ မှန်တွေကို တပ်ထားတာကြောင့် နေရောင်က တိုက်ရိုက်ထိုးဖောက်ဝင်လာပြီး ကျယ်ဝန်းလှတဲ့ ဒီဧည့်ခန်းဆောင်ကြီးကို ပိုပြီးတော့တောင် လင်းထိန်တောက်ပစေတယ်။
ဧည့်ခန်းဆောင်က ကျယ်လည်းကျယ်သလို ခန့်လည်းခန့်ညားပါတယ်။ ကြမ်းပြင်ပေါ်မှာ အနီရောင် ကော်ဇောတွေကို ခင်းထားပြီး၊ အသုံးအဆောင်တွေကလည်း အဖိုးတန် စန္ဒကူးနီသား ပရိဘောဂတွေချည်းပါပဲ။ ကုလားထိုင်တွေနဲ့ ခုတင်တွေပေါ်က အခင်းအနှီးတွေကလည်း နီလာပြာရောင် ပိုးထည်တွေနဲ့ လုပ်ထားတာမို့၊ ရိုးရှင်းပေမဲ့ မပေါ်လွင်တဲ့ ကြီးကျယ်ခမ်းနားမှု တစ်ခုကို ပြသနေတယ်။
ပြတင်းပေါက်နားက စန္ဒကူးနီသားနဲ့ လုပ်ထားတဲ့ စားပွဲငယ်လေးကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်က ကုလားထိုင်တွေပေါ်မှာ မြင့်မြတ်လှတဲ့ အိမ်ရှင်မ နှစ်ယောက် ထိုင်နေကြတယ်။
တစ်ယောက်ကတော့ သိဒ္ဓိဝင်လင်းဇီးပင်နဲ့ ကြိုးကြာငှက်ပုံတွေ ချည်ထိုးထားတဲ့ အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ထားပြီး၊ အောက်မှာ ခရမ်းရောင်စပ် ဝတ်စုံကို ဆင်မြန်းထားပါတယ်။ သူမက အသက် ၅၀ လောက် ရှိပြီဖြစ်ပေမဲ့၊ အသားအရေက ဖြူစင်နူးညံ့နေတုန်းပဲ၊ မျက်နှာကလည်း ကြင်နာတတ်တဲ့ အသွင်ရှိတာမို့ သဘောထား နူးညံ့သိမ်မွေ့သူမှန်း သိသာလှတယ်။
နောက်တစ်ယောက်ကတော့ အသက်အရွယ်ကို ခန့်မှန်းဖို့တောင် ခက်ပါတယ်။ သူမက ကြာပန်းစိမ်းရောင်ရှိတဲ့ ဝတ်ရုံကို ဝတ်ထားပြီး အောက်မှာ အစိမ်းရင့်ရောင် ပိုးစကတ်ကို ဆင်မြန်းထားတယ်။ သူမရဲ့ ဆံပင်တွေကို သေသပ်စွာ ထုံးထားသလို၊ မျက်ဝန်းတွေကလည်း တောက်ပနေခဲ့တယ်။ နှာတံက ပေါ်လွင်ပြီး နှုတ်ခမ်းလွှာတွေကလည်း နီမြန်းနေတယ်။ အသားအရေက အလွန်အမင်း ဖြူဖွေးမနေပေမဲ့၊ အသေအချာ ပြုစုထားတာကြောင့် နူးညံ့ချောမွတ်နေပြီး အသက် ၂၀ ကျော် ဒါမှမဟုတ် ၃၀ လောက်ပဲလို့ ထင်ရပါတယ်။
ဒါပေမဲ့ သူက လက်ယာဘက်က အဆင့်မြင့် အိမ်ရှင်မနဲ့ ရင်ပေါင်တန်း ထိုင်နေတာကို ကြည့်ရင် သူမအသက်က သိပ်မငယ်လှဘူး ဆိုရင်တောင်မှ၊ အဆင့်အတန်းကတော့ မနိမ့်ဘူးဆိုတာ သိသာလှပါတယ်။
ကုသခင်မကြီးက တစ်ဖက်လူရဲ့ စကားကို ကြားတော့ အနည်းငယ် အံ့အားသင့်သွားပေမဲ့၊ ထိတ်လန့်သွားတာမျိုးတော့ မရှိပါဘူး။
ရွှီအမတ်ချုပ်ကြီးရဲ့ သမီးတော်က အိမ်ထောင်မပြုသေးဘဲ ရှိနေတာကြောင့် မြို့တော်ထဲမှာ အသက်အရွယ်တူ သားပျိုရှိတဲ့ မိသားစုတိုင်းက သူ့ကို ကိုယ့်ချွေးမအဖြစ် ရယူချင်ကြတာကတော့ ပြောနေစရာတောင် မလိုတော့ဘူးလေ။ ဒီရွှီသခင်မကြီး ကျောက်အာက ပုံမှန်ဆိုရင် အပြင်ထွက်လေ့မရှိပေမဲ့၊ သူနဲ့ ရင်းနှီးတဲ့ အိမ်ထောင်စုတွေလည်း ရှိနေတာကိုး။
သူနဲ့ဆွေမျိုးစပ်ချင်တဲ့ သူတွေကလည်း တိတ်တဆိတ် စုံစမ်းကြည့်ကြတော့ ရွှီအမတ်ချုပ်ကြီး ဇနီးမောင်နှံက ဒီတစ်ဦးတည်းသော သမီးတော်ကို သိပ်ပြီး ချစ်မြတ်နိုးကြတာမို့ သမီးယောကျ်ားအပေါ် ထားတဲ့ သတ်မှတ်ချက်ကတော့ မနိမ့်နိုင်ဘူးဆိုတာ သိထားကြတယ်။
ကုမိသားစုနဲ့ ခယ့်မိသားစုက ရင်းနှီးကြသလို၊ ခယ့်မိသားစုက တတိယသမီးလေးကလည်း ရွှီမိသားစုရဲ့ချွေးမကြီး ဖြစ်နေတာမို့၊ တခြားသူတွေ မသိတဲ့ အတွင်းရေးတွေကို ကုသခင်မကြီးက ပိုပြီးသိနေတာ ဖြစ်တယ်။
ကုသခင်မကြီးက ခယ့်သခင်မကြီးကတစ်ဆင့် ရွှီသခင်မကြီးနဲ့ သိကျွမ်းလာခဲ့တာဖြစ်ပြီး၊ ရွှီမိသားစုရဲ့ အခုအခြေအနေမှာ သမီးယောကျ်ား ရွေးတဲ့အခါ မျိုးရိုးနောက်ခံထက်၊ ကိုယ်ကျင့်တရားနဲ့ အိမ်တွင်း စည်းကမ်းက ပိုပြီးအရေးကြီးမှန်း သူမ ရိပ်မိထားပြီးသားပါ။
276 02
ခယ့်သခင်မကြီးဆီကလည်း သူ့သမီးက ကောင်းမွန်တဲ့ အိမ်ထောင်စုဆီ ရောက်သွားကြောင်းနဲ့၊ ရွှီမိသားစုမှာ ကိုယ်လုပ်တော် ယူတဲ့ ထုံးစံ မရှိတာကြောင့်၊ အခုထိ သူ့သမီးတစ်ဦးတည်းကိုပဲ ခင်ပွန်းဖြစ်သူက ချစ်မြတ်နိုးနေကြောင်းကိုလည်း ခဏခဏ ကြားဖူးခဲ့တာလေ။
ဒီအချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ ရွှီမိသားစု ဘာကို တန်ဖိုးထားသလဲဆိုတာ ခန့်မှန်းဖို့ မခက်တော့တာမို့၊ ကုသခင်မကြီးအနေနဲ့ အံ့အားသင့်တာ မရှိခဲ့တာပါ။ သူက စိတ်ထဲမှာလည်း ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်။
“ဒီအချက်ကိုတော့ ရွှီသခင်မကြီး စိတ်ချနိုင်ပါတယ်ရှင်၊ ကျွန်မရဲ့သားက စာဖတ်တာ တစ်ခုတည်းကိုပဲ အာရုံစိုက်တဲ့သူ ဖြစ်သလို၊ သူ့ဖခင်ကလည်း အလွန်တင်းကျပ်တာပါ။ သူ ကိုယ်တိုင်လည်း ကိုယ်ကျင့်တရားကို ထိန်းသိမ်းတဲ့သူမို့၊ ကိုယ်ချစ်မြတ်နိုးတဲ့ အမျိုးသမီး တစ်ဦးတည်းနဲ့ပဲ ဘဝကို ကုန်ဆုံးချင်ပါတယ်လို့ အကြိမ်ကြိမ် ပြောဖူးပါတယ်”
ဒီနေရာ ရောက်တော့ ကုသခင်မကြီးက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံရပြီး ဆိုလိုက်တယ်။ “အကယ်လို့ ကျွန်မသားသာ သူ့အမေက သူ့အကြောင်းကို အခုလို ပြောနေတာ သိရင်တော့ သူ စိတ်မကောင်း ဖြစ်ဦးမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ ကုမိသားစုရဲ့ စည်းကမ်းကိုတော့ ရွှီသခင်မကြီးလည်း ကြားဖူးမှာပါ။ အိမ်ထောင်ပြုတယ် ဆိုတာ မိသားစု နှစ်ခုကြားက သံယောဇဉ်ကို တည်ဆောက်တာ ဖြစ်တာမို့၊ အစစအရာရာကို ညှိနှိုင်း ဆောင်ရွက်ရမှာပေါ့ရှင်”
ဒီစကားက ကျောက်အာ ပြောခဲ့တာတွေကို သဘောတူတယ်လို့ ပြသလိုက်တာပါပဲ။
ဒါပေမဲ့ အထက်တန်းလွှာ မိသားစုတွေကြားက ဆက်ဆံရေးကတော့ စကားကို လိုရင်းထက် ပိုမပြောဘဲ နူးညံ့သိမ်မွေ့စွာ ပြုမူတတ်ကြစမြဲမို့၊ ကျောက်အာက စိတ်ထဲမှာ သိပ်ကျေနပ်နေပေမဲ့၊ အပြင်ပန်းမှာတော့ သမီးကို အလျင်စလို ပေးစားချင်တဲ့ ပုံစံမျိုး လုံးဝ မပြခဲ့ပါဘူး။ သူက တခြား အကြောင်းအရာတွေကိုပဲ ပြောင်းပြောလိုက်တာမို့ ဒီကိစ္စကို ခေတ္တမျှ ဘေးဖယ်ထားလိုက်တယ်။
ဒါပေမဲ့ နှစ်ယောက်စလုံးက အခြေအနေကို နားလည်ပြီးသား ဖြစ်ကြသလို၊ အခုတစ်ကြိမ် ဆုံတာကလည်း ခယ့်မိသားစုရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့်မို့၊ ကုသခင်မကြီးက ကျောက်အာရဲ့ သဘောထားကို မြင်တာနဲ့၊ ဒီကိစ္စက ထက်ဝက်ကျော်လောက် အောင်မြင်သွားပြီဆိုတာ သိလိုက်ရပါတယ်။
ကုသခင်မကြီး ထွက်သွားပြီးတဲ့နောက်မှာ ကျောက်အာက တစ်ယောက်တည်း ထိုင်ရင်း ခဏမျှ စဉ်းစားပြီးမှ ပြုံးလိုက်ပါတော့တယ်။ ကုမိသားစုက တတိယသား ကုချန်က မြို့တော်က အထက်တန်းလွှာ မိသားစုတွေကြားမှာ နာမည်ကောင်း ရထားတဲ့သူ တစ်ယောက် ဖြစ်ပြီး ကုမိသားစုရဲ့ ဂုဏ်သိက္ခာကလည်း မဆိုးပါဘူး။
ရွှီမိသားစုလိုပဲ ကုမိသားစုကလည်း မြို့တော်သား အရင်း မဟုတ်ဘဲ ရှန်းတုန်းပြည်နယ်က လာကြသူတွေ ဖြစ်တယ်။ ကုမိသားစုရဲ့ အကြီးအကဲ ကုဟိန်က နေရာအနှံ့မှာ အရာရှိ လုပ်ခဲ့ပြီး ရှန်းတုန်း နယ်စားမင်း ရာထူးအထိ ရောက်ခဲ့ကာ အောင်မြင်မှုတွေ ရပြီးမှ မြို့တော်ကို ပြန်ရောက်လာပြီး ဝတ်ပြုရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ယူနေတာလေ။
ကုမိသားစုက သန့်ရှင်း ဖြောင့်မတ်တဲ့ မျိုးရိုးကြီး မိသားစု ဖြစ်သလို၊ ရှန်းတုန်း ဒေသမှာလည်း အင်အားကြီးမားပါတယ်။ သူတို့ရဲ့ မိသားစုမှာ မျိုးဆက်အလိုက် အရာရှိကြီးတွေအများကြီး ပေါ်ခဲ့သလို အဆင့် ၃ အရာရှိကြီးတွေလည်း မနည်းပါဘူး။ အကယ်လို့ မျိုးရိုးနောက်ခံကိုပဲ တွက်မယ်ဆိုရင် ရွှီမိသားစုထက်တောင် နက်နဲပါသေးတယ်။
နှမြောစရာ ကောင်းတာက ရွှီထင်းရှန်းရဲ့ အခုလက်ရှိ အရှိန်အဝါကိုတော့ မယှဉ်နိုင်တာပါပဲ။ အခု အတွင်းအမတ်ရုံးထဲမှာ ရွှီထင်းရှန်းရဲ့ရာထူးက နောက်တန်းမှာ ရှိနေပေမဲ့၊ အစိုးရရေးရာ အားလုံးကိုတော့ သူကပဲ ဦးဆောင် စီမံနေတာ ဖြစ်ကြောင်း ဘယ်သူမှ မသိဘဲ မနေနိုင်ကြပါဘူး။ အထူးသဖြင့် ဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ် နှစ်ယောက်စလုံးက သူနဲ့ အလွန် ရင်းနှီးကြသလို၊ ဒုဝန်ကြီးချုပ်က သူ့ရဲ့ဆရာအရင်း ဖြစ်နေပြန်တာကိုး။ အဲဒီနှစ်ယောက်စလုံးက အသက်အရွယ် ကြီးနေကြပြီမို့၊ သူတို့ အနားယူသွားရင် ရွှီထင်းရှန်းက ဝန်ကြီးချုပ် ရာထူးကို ဆက်ခံဖို့ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။
276 03
တခြား ရွေးချယ်စရာ မရှိဘူးဆိုတာကလည်း အစိုးရအဖွဲ့ တစ်ခုလုံး သိထားတဲ့ ကိစ္စပါ။ ဒါကြောင့် ကုမိသားစုအနေနဲ့ ပိုပြီးတိုးတက်ချင်ရင် ရွှီမိသားစုနဲ့ ဆွေမျိုးစပ်နိုင်တာက အကောင်းဆုံး လမ်းစဉ်ပါပဲ။
ဒါ့အပြင် ရွှီမိသားစုက အဲဒီမိန်းကလေးကိုလည်း ကုသခင်မကြီး မြင်ဖူးပါတယ်။ သူက ဗဟုသုတ ကြွယ်ဝသလို ဖြူစင် ရိုးသားတဲ့သူလည်း ဖြစ်တာမို့၊ အိမ်ထောင်စုကြီးတစ်ခုရဲ့ အုပ်ချုပ်သူ ချွေးမကြီး အဖြစ်တော့ မသင့်တော်ပေမဲ့၊ ဒုတိယ ဒါမှမဟုတ် တတိယ ချွေးမအဖြစ် ဆိုရင်တော့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။
ကုသခင်မကြီး အိမ်ပြန်ရောက်တဲ့အခါ ခင်ပွန်းဖြစ်သူနဲ့ တိုင်ပင်လိုက်တော့ အမတ်မင်းကုကလည်း အခြေအနေအရပ်ရပ်ကို ချိန်ဆပြီးနောက် သဘောတူခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ကျောက်အာကလည်း ရွှီထင်းရှန်းကို ဒီကိစ္စ ပြောပြလိုက်ပေမဲ့ ကုမိသားစုနဲ့ အိမ်ထောင်ရေးက အလွန် ကောင်းမှန်း သိပါလျက်နဲ့ ရွှီထင်းရှန်းကတော့ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့တယ်။
“တစ်ခု ပြောရင်လည်း မကြိုက်ဘူး၊ နှစ်ခု ပြောရင်လည်း မကျေနပ်ဘူး ဆိုမှတော့ နင်ပဲ သမီးယောကျ်ားကို ကိုယ်တိုင် သွားရွေးလိုက်တော့ ငါ့ကို လာပြီး မခိုင်းနဲ့တော့” ကျောက်အာက ဒေါသတကြီး ပြောလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူထက်စာရင် သူမက သမီးဖြစ်သူအပေါ် ပိုပြီးတော့တောင် ဂုဏ်စိုက်မိတာကတော့ အမှန်ပါပဲ၊ ဂရုစိုက်လွန်းလို့လည်း သမီးရဲ့အိမ်ထောင်ရေး ကိစ္စမှာ အလွန်ကို စေ့စပ်နေတာပါ။ သူမက အကြိမ်ကြိမ် ချိန်ဆပြီးမှ ရွှီထင်းရှန်းရှေ့မှာ ပြောပြခဲ့တာ ဖြစ်ပေမဲ့ ဖခင်ဖြစ်တဲ့သူကလည်း သူမထက် မသာလှဘဲ 'လောကမှာ ရှိသမျှ ယောက်ျားတွေ အားလုံးက ငါ့သမီးနဲ့ မထိုက်တန်ဘူး' ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေတာကိုး။
“မင်း ဒေါသထွက်ပုံကို ကြည့်ပါဦး၊ ငါက ဒီအတိုင်း ပြောလိုက်မိတာပါ” ကျောက်အာ ဒေါသထွက်သွားတာ မြင်တော့ ရွှီထင်းရှန်းကလည်း လေသံကို လျှော့လိုက်ရတော့တယ်။ ကျောက်အာလည်း ကိုယ့်ဒေါသက အကြောင်းမဲ့ ဖြစ်နေမှန်း သိပေမဲ့၊ မကြာသေးခင်က သူမက အတော်လေး စိတ်လှုပ်ရှား လွယ်နေတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် သားသမီးတွေရဲ့ အိမ်ထောင်ရေး ကိစ္စနဲ့ ကြုံရတိုင်း သူမက အရှုံးနဲ့ အမြတ်ကို အလွန်အမင်း တွက်ချက်မိနေလို့ ဖြစ်မယ်။
သမီးဖြစ်သူအတွက် အိမ်ထောင်ဖက် မှားရွေးမိရင် သမီးလေး ဆင်းရဲဒုက္ခ ခံရမှာကို သူမ အမြဲ စိုးရိမ်နေတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီး တစ်ယောက်က အမျိုးသားနဲ့ မတူဘူး။ အမျိုးသားကတော့ ဇနီးသည်နဲ့ အဆင်မပြေရင် ကိုယ်လုပ်တော်တွေ ထပ်ယူလို့ရပေမဲ့၊ အမျိုးသမီး တစ်ယောက်အတွက်ကတော့ ဘဝမှာ တစ်ကြိမ်တည်းမို့၊ မှားသွားရင် နောင်တရဖို့တောင် အချိန်မရတော့ဘူး မဟုတ်လား။
“ကုချန်က အခုမှ အသက် ၁၈ နှစ်ပဲ ရှိသေးပေမဲ့၊ ကျူးရန်ဘွဲ့ကို ရထားပြီးသားမို့၊ လူငယ်တွေကြားမှာတော့ ထူးချွန်တဲ့သူ တစ်ဦးပါပဲ။ ငါနဲ့တော့ မယှဉ်နိုင်ပေမဲ့၊ သားကြီး ဟုန်အာနဲ့ ယှဉ်မယ် ဆိုရင်တော့ မဆိုးလှပါဘူး”
ဒီစကားကြောင့် ကျောက်အာမှာ ပြုံးပြီး ဆဲလိုက်ရတော့တယ်။ “တကယ်ကို အရှက်မရှိလိုက်တာ”
“ငါက ဘာလို့ အရှက်မရှိရမှာလဲ။ မင်း ကြည့်လိုက်လေ၊ ငါ့မှာ သွားတွေလည်း အပြည့် ရှိနေသေးသလို၊ သွားကျိုးပြီး မျက်စိ မှုတ်တုတ် ဖြစ်မယ့် အိုမင်းတဲ့ အချိန်မျိုးကို မရောက်သေးပါဘူး” ပြောရင်း ရွှီထင်းရှန်းက သူ့မျက်နှာကို အနားတိုးကပ်ပြီး ဖြူဖွေးလှတဲ့ သွားတွေကိုပါ ကျောက်အာကို ပြလိုက်တယ်။ သူ့ရဲ့ ဒီလို ထူးဆန်းတဲ့ ပုံစံကြောင့် ကျောက်အာမှာတော့ ရယ်လိုက်ရပြီး ကရုဏာဒေါသနဲ့ ဆိုလိုက်တော့တယ်။ “အိုလာလေလေ ပိုပြီးတော့ ဆိုးလာလေလေပဲ”
“ငါက အိုနေပြီ ဟုတ်လား။ အစိုးရအဖွဲ့ထဲမှာ အဆင့် ၃ အထက် အရာရှိတွေ အားလုံး ဆံပင်ဖြူ ကုန်ကြပြီဖြစ်တဲ့အခြေအနေမှာ၊ ငါက အရမ်းငယ်ရွယ်နေပါသေးတယ်” ရွှီထင်းရှန်းက အခုနှစ်မှာ အသက် ၄၀ သာ ရှိသေးပြီး၊ တာ့ချန်းမင်းဆက်တစ်ခုလုံးမှာ အငယ်ဆုံး အမတ်ချုပ်ကြီး ဖြစ်နေတာပါ။ အကယ်လို့ အိုတယ်လို့ ပြောမယ်ဆိုရင်လည်း၊ အမှန်တော့ မဟုတ်လှပါဘူး။
276 04
“ဒါဆိုရင် နင့်ရဲ့ဆိုလိုရင်းက ကုမိသားစုက တတိယသားကို သဘောတူတယ် ဆိုတဲ့ သဘောလား”
“အပြစ်ရှာစရာ မရှိပါဘူး၊ ဒါပေမဲ့ ငါကိုယ်တိုင် တစ်ခါလောက်တော့ တွေ့ကြည့်ရဦးမယ်”
“ဒါဆိုရင် ငါ စီစဉ်ပေးရမလား”
“မလိုပါဘူး၊ ငါပဲ စီစဉ်လိုက်ပါ့မယ်”
******