← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

277 01

အခန်း (၂၇၇)

ဖာယွမ်ဘုရားကျောင်းက မြို့တော်ရဲ့အနောက်ဘက် ဆင်ခြေဖုံးမှာ ရှိတာ ဖြစ်တယ်။ အထက်တန်းလွှာ အရာရှိ မိသားစုက အမျိုးသမီးတွေ ဘုရားဖူးဖို့၊ ဆွမ်းကပ်ဖို့ဆိုရင် ဒီဘုရားကျောင်းကို အသုံးအများဆုံးပဲ ဖြစ်တယ်။ မြို့တော်ထဲမှာ ဘုရားကျောင်းတွေ အများကြီး ရှိပေမဲ့ ဖာယွမ်ဘုရားကျောင်းရဲ့ ဆုတောင်းဝတ်ပြုမှု အရှိန်အဝါကတော့ အကြီးမားဆုံးပဲလေ။

အဲဒီနေ့ကို ရောက်တော့ နံနက်စောစောကတည်းက ကျောက်အာက နင်နင်ရယ်၊ အစေခံမလေးတွေရယ်၊ အစောင့်အကြပ် တစ်စုကိုပါ ခေါ်ပြီး ဖာယွမ်ဘုရားကျောင်းကို ဦးတည်ထွက်လာခဲ့တယ်။ လူတွေ သတိမထားမိအောင် ဖုံးကွယ်တဲ့အနေနဲ့ သူက ဒုတိယသား ရွှီယောင်ထိုက်ကိုပါ ခေါ်လာခဲ့တယ်။

ရွှီယောင်ထိုက်က အသက် ၁၅ နှစ်သားကတည်းက ထိုက်လုံကုန်သွယ်ရေးရဲ့ စီးပွားရေးလုပ်ငန်းတချို့ကို တာဝန်ယူ စီမံနေရတာ အခုဆို နှစ်နှစ်လောက် ရှိပြီ။ မကြာသေးခင်က သုံးလပတ် တစ်ကြိမ် စာရင်းစစ်ရတဲ့ ကာလဆိုတော့ သူခမျာ ရက်ပေါင်းများစွာ ကောင်းကောင်း မအိပ်ခဲ့ရဘူး။ နံနက်ပိုင်းမှာ အတင်းအကျပ် အနှိုးခံလိုက်ရတော့ သူ့မျက်နှာမှာ သန်းဝေနေပြီး မျက်လုံးအောက်ခြေတွေလည်း ညိုမည်းနေခဲ့တယ်။

“သား ဗိုက်ဆာရင် တစ်ခုခု အရင်စားထားလိုက်လေ၊ အိပ်ချင်ရင်လည်း ခဏလောက် ထပ်အိပ်ဦး၊ ဘယ်လိုပဲဖြစ်ဖြစ် ရောက်ဖို့ နောက်ထပ် တစ်နာရီလောက် လိုသေးတာပဲ” ကျောက်အာက ပြောလိုက်တယ်။ ရွှီယောင်ထိုက်ကလည်း တဖြည်းဖြည်းချင်း သန်းလိုက်ပြီး ညီမလေးကို တစ်ချက်ကြည့်ကာ နောက်က ခေါင်းအုံးနူးညံ့ညိုပေါ် မှီချပြီး အိပ်လိုက်တော့တယ်။

ကျောက်အာက သူ့သားငယ်ရဲ့ အကျင့်ကို ကောင်းကောင်းသိတာပေါ့။ သူက ဘဝမှာ လက်တွက်စက်ကို အမြတ်နိုးဆုံး၊ ဒုတိယကတော့ အိပ်စက်ခြင်းပဲလေ။ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်တာဆိုလို့ စာရင်းဇယား ကြည့်တာနဲ့ စီးပွားရေးလုပ်ငန်းတွေပဲ ရှိတာ။

သူ အတော်လေး ပင်ပန်းနေမှန်း သိတာကြောင့် ကျောက်အာက ဒီနေ့မှာ အိမ်က အကြီးဆုံး မြင်းရထားကို အထူးထုတ်လာခဲ့တာ ဖြစ်တယ်။ ဒီရထားက အရင်နှစ်တွေက ရွှီထင်းရှန်း အပြင်မှာ အလုပ်တွေနဲ့ လှည့်လည်သွားလာတုန်းက သုံးခဲ့တဲ့ ရထားလေ။ ရထားအတွင်းခန်းက ကျယ်တော့ ခုတင်တွေ၊ စားပွဲတွေလည်း အစုံပါတာမို့ လှုပ်ရှားနေတဲ့ အိမ်ငယ်လေး တစ်လုံးအတိုင်းပါပဲ။ ရွှီယောင်ထိုက် ခဏအိပ်နေတာက ဘာကိစ္စကိုမှ ကြန့်ကြာစေမှာ မဟုတ်ပါဘူးလေ။

ရထားထဲမှာ တိတ်ဆိတ်သွားပေမဲ့ သားအမိနှစ်ယောက်တည်း ထိုင်နေရတာ ပျင်းစရာ ကောင်းနေခဲ့တယ်။ ခုတင်ဘက်မှာ လှုပ်ရှားမှု မရှိတော့တာ မြင်မှ ကျောက်အာက အသံကို နှိမ့်ပြီး နင်နင်ကို ဒီနေ့ ဘုရားဖူးလာရတဲ့ အသေးအဖွဲ ကိစ္စတွေကို စပြောတော့တယ်။

အမှန်တော့ ဘုရားဖူးတယ် ဆိုပေမဲ့ မိသားစု နှစ်ခုက လူငယ် နှစ်ယောက်ကို ဆုံတွေ့ခွင့် ဖန်တီးပေးတာပါပဲ။ ကုမိသားစုဘက်ကတော့ ဘာမှမကန့်ကွက်ပေမဲ့ ကျောက်အာကပဲ ဒါကို အတင်းအကျပ် လုပ်ချင်နေတာလေ။ သူက သူ့သမီးကို အနာဂတ် ခင်ပွန်းလောင်းကို ကိုယ်တိုင် မြင်စေချင်တာ၊ သမီးရဲ့သဘောတူညီမှုကိုလည်း ယူချင်တာ ဖြစ်တယ်။ မင်္ဂလာဦးည ရောက်မှ ခေါင်းခြုံပုဝါကို လှန်ပြီး ယောက်ျားရဲ့ရုပ်ကို သိရမယ့် ‘မျက်ကန်း အိမ်ထောင်ရေး’ မျိုးကို သူမ လုံးဝ မလိုလားဘူးလေ။

277 02

ကျောက်အာက ကုမိသားစုရဲ့ တတိယသားကို မြင်ဖူးပြီးသားမို့၊ အဲဒီကလေးကို အတော် စိတ်ကျေနပ်နေတယ်။ ဒါပေမဲ့ အဓိကက သမီးက သဘောကျဖို့ မဟုတ်လား။ အကယ်လို့ နင်နင်ဘက်က အဆင်ပြေရင်တော့ မိသားစု နှစ်ခုက စေ့စပ်ကြောင်းလမ်းဖို့ စလုပ်ကြတော့မှာပေါ့။

၄လပိုင်းဆိုတော့ မြို့တော်မှာ ပန်းတွေ ဝေဆာနေချိန်ပေါ့၊ ဖာယွမ်ဘုရားကျောင်းက ဝတ်ပြုဆုတောင်းပွဲက အထူးသဖြင့် ပိုစည်နေတယ်။ ဘာလို့လဲဆိုတော့ ဖာယွမ်ဘုရားကျောင်းက ဟိုင်ထန်ပန်းတွေက တစ်လောကလုံး ကျော်ကြားတာကိုး။ နွေဦးရာသီ ပန်းကြည့်ခရီး ထွက်သူတိုင်း ဒီကို မုချ ရောက်လာကြစမြဲပါပဲ။

ကျောက်အာတို့ ရောက်သွားတော့ နေက မြင့်နေပြီ၊။ဘုရားကျောင်းရှေ့မှာလည်း လာတဲ့သူတွေက အတော်လေး ရှုပ်ယှက်ခတ်နေတော့တယ်။ လူတွေ အများကြီးပဲ ဆိုပေမဲ့ စည်ကားတဲ့ ဈေးတန်းတွေလိုတော့ ဆူညံမနေဘူး။ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း ဘုရားကျောင်းနယ်မြေဆိုတော့ ဘယ်လောက်ပဲ ရိုင်းတဲ့သူ ဖြစ်ပါစေ၊ ဒီကို ရောက်ရင် မသိစိတ်က အသက်ရှူတာတောင် ငြိမ်သွားရတယ်။

ရွှီမိသားစုရဲ့ အဆင့်အတန်းက သာမန်မဟုတ်တော့ သာမန်လူတွေလို တန်းစီစောင့်နေစရာ မလိုဘူး။ ကိုရင်လေးတစ်ပါးက သူတို့ကို အမြန်ပဲ အတွင်းထဲကို လိုက်ပို့ပေးတာမို့၊ မြင်းရထားတွေကိုတော့ အပြင်မှာပဲ ထားခဲ့ရတယ်။

လမ်းတစ်လျှောက် လျှောက်လာတော့ ပတ်ဝန်းကျင် တစ်ခုလုံးက ဆိတ်ငြိမ်ပြီး အေးချမ်းနေတယ်။ နန်းဆောင်တွေ၊ သစ်ပင်တွေ၊ အုတ်တွေ၊ ကျောက်ခဲတွေကအစ ရှေးဆန်ပြီး တည်ငြိမ်နေတာမို့ လေးနက်တဲ့ သမိုင်းအငွေ့အသက်တွေ လွှမ်းနေသလိုပဲ။

ဗဟိုဝင်ရိုးမျဉ်း တစ်လျှောက်မှာ ထျန်းဝမ်နန်းဆောင်၊ တာ့ရှုံနန်းဆောင်၊ မင်ကျုန်းစင်္ကြံ၊ ပီလူနန်းဆောင်၊ တာ့ပေးစင်္ကြံနဲ့ ကျမ်းစာဆောင်တွေက အစီအရီပဲ။ ဘေးတစ်ဖက်တစ်ချက်မှာလည်း တခြား အဆောက်အဦးတွေက စနစ်တကျ ရှိနေတယ်။

ကျောက်အာက အပြင်မှာ လူတွေ အများကြီး ရှိနေပေမဲ့ အတွင်းထဲမှာ ဒီလောက် ဆိတ်ငြိမ်နေတာကို အံ့အားသင့်မိတယ်။ မေးကြည့်မှပဲ၊ သာမန်လူတွေ ဘုရားဖူးပြီး ပန်းကြည့်တဲ့ နေရာက ဒီနေရာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။

ဒါက ခွဲခြား ဆက်ဆံတာလား။ အမှန်တော့ ရွှီထင်းရှန်းရဲ့ရာထူးက တစ်နေ့ထက်တစ်နေ့ ကြီးလာတာနဲ့အမျှ ကျောက်အာလည်း ဒီလို အခွင့်ထူးခံ ဆက်ဆံမှုတွေကို ကျင့်သားရနေပြီမို့၊ ဒီနေရာရဲ့ထုံးတမ်းအတိုင်း လိုက်နာရမယ်ဆိုတာ နားလည်ပြီးသား ဖြစ်တယ်။

ကိုရင်လေးက ကျောက်အာတို့ကို တာ့ရှုံနန်းဆောင်ကို အရင် ခေါ်သွားတယ်။ ဒီနန်းဆောင်က ဘုရားကျောင်းရဲ့ ဒုတိယမြောက် အကြီးဆုံး နန်းဆောင် ဖြစ်တယ်။ အတွင်းမှာ ဟွာယန်ဘုရား သုံးဆူရဲ့ ရုပ်ပွားတော်တွေ ရှိတယ်။ အဲဒါတွေက ပီလူကျိန်းနဘုရား၊ မန်ကျူရှရီဗောဓိသတ်နဲ့ စမန်တာဘတ်ဒရာဗောဓိသတ်တို့ ဖြစ်တယ်။ အလယ်မှာ ပီလူကျိန်းနဘုရားက သုမိရု ပလ္လင်ပေါ်မှာ စံပယ်နေပြီး၊ ဗောဓိသတ် နှစ်ပါးက ဘေးမှာ ရပ်နေတယ်။ အောက်ခြေမှာတော့ အရဟန္တာ ၁၈ ပါးရဲ့ ရုပ်ပွားတော်တွေ ရှိနေတာ ဖြစ်တယ်။

ဒီဘုရားရုပ်ပွားတော်တွေက အတော်လေး ကြီးမား ထည်ဝါပြီး တည်ကြည်တာမို့ မြင်တဲ့သူတိုင်း မသိစိတ်က ရိုသေတဲ့စိတ် ဖြစ်ပေါ်လာစေတယ်။ လူလတ်ပိုင်း ကိုရင်တစ်ပါးက အမွှေးတိုင် သုံးတိုင်ကို ယူလာပြီး ကျောက်အာကို ကမ်းပေးတယ်။ ဒါက ကျောက်အာအတွက် ပထမဆုံးအကြိမ် ဘုရားဝတ်ပြုတာမို့ နည်းနည်း စိမ်းနေပေမဲ့လည်း ဟန်ဆောင် လုပ်ဖို့ကတော့ မခက်ပါဘူး။ သူက အလယ်က ဝတ်ပြုနေရာမှာ ဒူးထောက်ပြီး သုံးကြိမ် ဦးချကာ ထရပ်လိုက်တယ်။ အဲဒီနောက်တော့ နင်နင်နဲ့ ရွှီယောင်ထိုက်တို့က ဆက်ပြီး ဝတ်ပြုကြတော့တယ်။

“စိတ်ရင်း စေတနာ မှန်ဖို့တော့ လိုတယ်နော်၊ စေတနာ မှန်ရင်တော့ ဆုတောင်း ပြည့်မှာပါ” အဲဒီကိုရင်က ပြောလိုက်တယ်။ နင်နင်ကလည်း ဘုရားဝတ်ပြုရင် ဘာတွေ တောင်းလို့ရလဲ၊ တကယ်ရော ဖြစ်လာနိုင်မလားဆိုပြီး စပ်စုမေးတော့ ကိုရင်မှာ အံ့အားသင့်သွားပြီး ဒီလိုပဲ ပြန်ပြောနိုင်ရှာတော့တယ်။

277 03

ဒီမိသားစု သုံးယောက်က သာမန်လူ မဟုတ်မှန်း သိပုံရတော့ အဲဒီကိုရင်က ဆက်ပြီး ပြောလိုက်တယ်။ “ဒီဘုရားကျောင်းမှာ ထူးခြားတဲ့ ဗေဒင်တိုင်တွေ ရှိတယ်။ အကယ်လို့ ဒကာမလေးမှာ တောင်းချင်တာ ရှိပေမဲ့ ရင်ထဲမှာ မရေမရာ ဖြစ်နေရင်၊ ဗေဒင်တိုင်ကို လှုပ်ပြီး စမ်းကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ဗေဒင်က မှန်၊ မမှန် ဆိုတာကတော့ ဒကာမလေးနဲ့ ရေစက် ရှိ၊ မရှိ အပေါ်မှာပဲ မူတည်တာပေါ့”

နင်နင်က ခဏ မှင်တက်သွားပြီးမှ ခေါင်းခါပြတယ်။ “ကျေးဇူးတင်ပါတယ် ဆရာကြီး၊ ကျွန်မမှာ တောင်းစရာ ဘာမှ မရှိပါဘူး”

“ရောက်လာမှတော့ စမ်းကြည့်လိုက်ပါဦး” ကျောက်အာက ရှေ့တိုးလာပြီး ပြုံးပြုံးလေးနဲ့ လျှောက်လိုက်တယ်။ - “ဆရာတော် သမီးလေးက အိမ်ထောင်ပြုရမယ့် အရွယ် ရောက်နေလို့၊ သူ့ရဲ့ အိမ်ထောင်ရေး ကံကြမ္မာကို တစ်ချက်လောက် သိချင်လို့ပါ”

“အမေ...” နင်နင်က အံ့အားသင့်ပြီး ခေါ်လိုက်တယ်။ သူမအမေက နတ်ဘုရားတွေကို တစ်ခါမှ မယုံခဲ့ဘူးဆိုတာ သူမသိတယ်။ ဒါပေမဲ့ ကျောက်အာက သမီးရဲ့အိမ်ထောင်ရေး ကိစ္စကြောင့် ရင်ထဲမှာ မတည်ငြိမ်ဖြစ်နေလို့ အခုလိုအခြားအင်အားတစ်ခုရဲ့ အကူအညီနဲ့ စိတ်အေးချင်နေတာကိုတော့ နင်နင် မသိပါဘူး။ ဒီနေ့က ထူးခြားတဲ့နေ့မို့ နိမိတ်ကောင်းလေး တစ်ခု ယူချင်တာလည်း ပါတာပေါ့။

“ဒကာမလေး ခဏ စောင့်ပါဦး”

မကြာခင်မှာပဲ အဲဒီကိုရင်က ဝါးချောင်းတွေ အများကြီးပါတဲ့ ဗေဒင်တိုင်ကို ယူလာတယ်။ သူက အဲဒီတိုင်ကို နင်နင်ကို ကမ်းပေးပြီး ဘုရားရှေ့မှာ စိတ်ရင်းနဲ့ ဒူးထောက်ပြီး သိချင်တာကို အာရုံပြုကာ သုံးကြိမ် လှုပ်ပြီး ဝါးချောင်း တစ်ချောင်း ထွက်လာအောင် လုပ်ဖို့ ပြောလိုကါတယ်။

ဒါကို မြင်တော့ နင်နင်လည်း ရင်ထဲမှာ မပါပေမဲ့ ဗေဒင်တိုင်ကို ကိုင်ပြီး ဒူးထောက်လိုက်ရတယ်။ ပီလူကျိန်းနဘုရားဆိုတာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားကိုယ်ဘုရားပဲလေ။ ဗုဒ္ဓဘာသာမှာ ဘုရားသုံးပါးအကြောင်း ပြောလေ့ရှိတယ်။ တရားကိုယ် ‘ပီလူကျိန်းနဘုရား’ ၊ နိမ္မာနကိုယ် ‘ဂေါတမဗုဒ္ဓ’ နဲ့ သမ္ဘောဂကိုယ် ‘လူရှဲနဘုရား’ ဆိုပြီးပေါ့။

အထက်မှာ စံပယ်နေတဲ့ ပီလူကျိန်းနဘုရားကို မော့ကြည့်ရင်း၊ ဘုရားရုပ်ပွားတော်ရဲ့ မျက်ဝန်းတွေက အောက်ကို စိုက်ကြည့်ပြီး ပြုံးနေတာ မြင်ရတော့ နင်နင်လည်း ရင်ထဲမှာ ရုတ်တရက် ငြိမ်သွားရတယ်။ ခဏလေးအတွင်းမှာပဲ သူမဦးနှောက်ထဲ မြင်ကွင်းတွေအများကြီး ဖြတ်သွားပြီး၊ နောက်ဆုံးတော့ သူမရင်ထဲက မကျေနပ်မှု သေးသေးလေး တစ်ခုမှာပဲ ရပ်သွားတော့တယ်။

ရေစက်ရှိရင် ဆုံရမှာပဲ၊ အကယ်လို့ ရေစက် မရှိခဲ့ဘူး ဆိုရင်ကော၊ ဘာဖြစ်လို့ ဆုံတွေ့ခဲ့ကြရတာလဲ။

‘ချောက်’ ဆိုတဲ့ အသံလေးနဲ့အတူ ဝါးချောင်းတစ်ချောင်းက မြေပေါ် ထွက်ကျလာတယ်။ ကိုရင်က အဲဒီဝါးချောင်းကို ကောက်ပြီး နင်နင်ကို တစ်ချက်ကြည့်ကာ - “အမတ်မင်းရွှီက တိုင်းပြည်နဲ့ ပြည်သူအတွက် အလုပ်အကျွေး ပြုခဲ့သူမို့၊ ကျွန်ုပ်တို့ ဘုရားကျောင်းက လောကီရေးရာတွေနဲ့ ကင်းဝေးပေမဲ့လည်း သူ့ရဲ့ဂုဏ်သတင်းကိုတော့ ကြားရပါတယ်။ ငါတို့ ကျောင်းထိုင် ဆရာတော်ကြီးက တခြားသူတွေအတွက် ဗေဒင် ဟောလေ့ မရှိပေမဲ့၊ အခု ဒကာမကြီးတို့ ရောက်လာတော့မှပဲ တစ်ကြိမ်တော့ အထူး ခွင့်ပြုပေးမယ်လို့ မိန့်ပါတယ်။ ဒကာမကြီးတို့ ခဏ စောင့်ပေးပါဦး” ပြောပြီး ထွက်သွားတာမို့ ကျောက်အာတို့ သားအမိ သုံးယောက်လည်း ငြိမ်ပြီး စောင့်နေကြရတယ်။

အဲဒီကိုရင်ရဲ့ပြောပုံက သိပ်လေးနက်တော့ ကျောက်အာတို့လည်း တည်ကြည်သွားတယ်။ ဘုရားဆောင်ထဲက အေးချမ်းမှုကြောင့် ရင်ထဲမှာ ငြိမ်နေပေမဲ့၊ တစ်ဖက်ကလည်း နည်းနည်းတော့ စိုးရိမ်နေမိတယ်။

လက်ဖက်ရည် တစ်ခွက်စာလောက် ကြာတော့မှ၊ အဲဒီကိုရင်က ပြန်ရောက်လာပြီး လက်အုပ်ချီ နှုတ်ဆက်ကာ လက်တစ်ဝါးစာလောက်ရှိတဲ့ စာရွက်လေး တစ်ရွက်ကို ကမ်းပေးလိုက်တယ်။ အဲဒီစာရွက်မှာ ရေးထားတာက

“ဟောင်းနွမ်းနေတဲ့ ဘဝလမ်းစဉ်မှာပဲ သည်းခံပြီး တောင့်ခံထားပါ၊ စိတ်ကို တည်ငြိမ်အောင် ထားပြီး မကောင်းတဲ့ အတွေးတွေကို မမွေးပါနဲ့၊ တစ်စုံတစ်ယောက်က အင်အား နည်းနည်း စိုက်ထုတ် ကူညီမယ့် အချိန်ကို စောင့်ပါ၊ သစ်ခြောက်ပင်မှာ ပန်းတွေ ပြန်ပွင့်လာသလို အရာရာ ပြေလည်သွားပါလိမ့်မယ်” တဲ့။

277 04

နင်နင်က အရင်ဖတ်ကြည့်ပြီးမှ ကျောက်အာကို ကမ်းပေးလိုက်တယ်။ ကျောက်အာကတော့ ဆိုလိုရင်းကို နားမလည်တာနဲ့ ကိုရင်ကို သံသယနဲ့ လှမ်းကြည့်လိုက်မိတယ်။ ကိုရင်က ပြုံးပြုံးလေးနဲ့ နက်နဲတဲ့ ပုံစံနဲ့ ပြောပြလိုက်တယ်။ “ဒါက သစ်ခြောက်ပင်မှာ ပန်းပွင့်မယ့် နိမိတ်ပါပဲ၊ အရာရာက သူ့အလိုလို အောင်မြင်သွားမှာပါ”

ကျောက်အာက တွန့်ဆုတ်နေပြီး ထပ်မေးလိုက်တယ်။ “ဒါပေမဲ့ ဒီဗေဒင်က သမီးလေးရဲ့အိမ်ထောင်ရေးအတွက် တောင်းထားတာလေ၊ အိမ်ထောင်ရေးအတွက်ဆို ဘယ်လို အဓိပ္ပာယ်လဲ ဟင်”

ကိုရင်ကတော့ ဆိုလိုက်တယ်။ “ဒါက ဆရာတော်ကြီးရဲ့ ဟောကိန်းပါ၊ ကိုရင်အနေနဲ့ အများကြီး ထပ်မပြောချင်တော့ပါဘူး၊ အမှန်တော့ စာသားတွေပေါ်မှာ အားလုံး ရှင်းပြထားပြီးသားပါ”

ဒါက အရာရာ အောင်မြင်သွားမယ် ဆိုတဲ့ သဘောလား။ နိမိတ်ကောင်းပေါ့ ကျောက်အာက ဒါကို စဉ်းစားနေတုန်းမှာပဲ ကိုရင်က ထွက်သွားပြီလေ။ သူလည်း ကုမိသားစုနဲ့ ချိန်းထားတဲ့ အချိန်ကို သတိရတာနဲ့ သမီးနဲ့ သားကို ခေါ်ပြီး အဲဒီနန်းဆောင်ထဲကနေ အမြန် ထွက်လာခဲ့တော့တယ်။ သူမ မသိလိုက်တာက သမီးဖြစ်သူရဲ့မျက်နှာက နည်းနည်း ပျက်နေပြီး၊ တွေဝေနေသလို၊ ဝမ်းနည်းနေသလို ဖြစ်နေတာကိုပါပဲ။

ဆိတ်ငြိမ်တဲ့ တရားအားထုတ်ရာ အခန်းထဲမှာ ဝတ်ပြုနေရာပေါ်မှာ ဆံပင်နဲ့ မုတ်ဆိတ်တွေ ဖြူနေတဲ့ ဆရာတော်ကြီး တစ်ပါး ဒူးတုပ်ထိုင်နေတယ်။ ခုနက လူလတ်ပိုင်း ကိုရင်က သူ့နောက်မှာ ရပ်နေပြီး သံသယနဲ့ မေးလိုက်တယ်။ “ဆရာတော်၊ ဘာလို့ ဗေဒင်စာသားတွေကို အပြည့်အစုံ မပြောပြခိုင်းရတာလဲ။ ဒီဗေဒင်က ဝေ့မြစ်မှာ ငါးဖမ်းတဲ့ နိမိတ်လေ၊ လှုပ်ရှားရင် ဘေးသင့်မယ်၊ ငြိမ်ရင်တော့ အပြစ်ကင်းမယ် ဆိုတာမျိုးပေါ့။ အိမ်ထောင်ရေးအတွက် ဆိုရင်လည်း အိမ်ထောင်ရေးကံက မလှုပ်ရှားသေးတာမို့ အတင်းမတောင်းသင့်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ရင်း အခွင့်အရေး စောင့်ရမယ်လို့ ဆိုလိုတာ မဟုတ်လား” ဒါပေမဲ့ ဆရာတော်ကြီးကတော့ နောက်ပိုင်း အဓိပ္ပာယ်ကိုပဲ ဟောခိုင်းပြီး အစပိုင်းကို ချန်ခိုင်းခဲ့တာကိုး။

“ဒီနေ့ ရွှီမိသားစု လာတာအပြင် နောက်ထပ် ဘယ်မိသားစု လာဦးမလဲ ဆိုတာ မင်း သိရဲ့လား” ဆရာတော်က မေးတော့ ကိုရင်က ခဏစဉ်းစားပြီး ဖြေလိုက်တယ်။ “ကု မိသားစုလည်း လာဦးမှာပါ”

“မြို့တော်မှာ ကောလာဟလတွေ ထွက်နေတာ ကြာပြီလေ၊ ရွှီမိသားစုနဲ့ ကုမိသားစုတို့ ဆွေမျိုးစပ်ဖို့ စိတ်ကူး ရှိနေကြတယ် ဆိုတာ။ နှစ်ဦးစလုံးမှာလည်း အသက်တူ သားသမီးတွေ ရှိနေတာပဲ၊ ဒီနေ့ လာကြတာ အိမ်ထောင်ရေး ကိစ္စအတွက် ဆိုတာ သေချာပါတယ်။ ရွှီမိသားစုဝင်တွေက မူလကတည်းက ဘုရားတွေကို ယုံတဲ့သူတွေ မဟုတ်ဘူး၊ မြို့တော်မှာ နေလာတဲ့ ဒီနှစ်တွေအတွင်း သူတို့ ဘယ်ဘုရားကျောင်းမှာမှ ဝတ်ပြုတယ်ဆိုတာ မကြားဖူးဘူး။ သူတို့ မယုံတဲ့အတွက်၊ ဒီဗေဒင်က သူတို့အတွက်တော့ ရင်ထဲမှာ အေးဖို့လောက်ပဲ အသုံးတည့်တာပါ။ ဗေဒင်စာသားက ဘယ်လိုပဲ ရှိနေပါစေ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမှာ မဟုတ်ဘဲ၊ လူကို စိတ်ရှုပ်အောင်ပဲ ပိုလုပ်မိလိမ့်မယ်”

ဒါပေါ့၊ နောက်ထပ် အဓိပ္ပာယ် တစ်ခုကို ဆရာတော်ကြီး ထုတ်မပြောပေမဲ့ အဲဒီကိုရင်ကတော့ သိနေတာပေါ့။ သူတို့က လောကီရေးရာနဲ့ ကင်းဝေးတယ်ဆိုပေမဲ့၊ လက်တွေ့မှာတော့ လူ့လောကထဲ ရှိနေတဲ့သူတွေပဲလေ။ မြို့တော်က ဧကရာဇ်ရဲ့ ခြေတော်ရင်း၊ ထိုမိသားစု နှစ်ခုကလည်း ဩဇာကြီးတော့ အရှုပ်အထွေးထဲ မဝင်ချင်ကြဘူး။ အဓိပ္ပာယ် မရေရာတဲ့ စကားတွေပဲ ပြောလိုက်တာက နောင်တစ်ချိန်မှာ မှားယွင်းမှု တစ်ခုခု ရှိခဲ့ရင်တောင် ဘုရားကျောင်းကို အပြစ်ပုံချလို့ မရအောင်လို့ပေါ့။

“ဗေဒင်စာသားကို ပေးလိုက်ပြီဆိုမှတော့ သူတို့ ဘယ်လို နားလည်မလဲ ဆိုတာ သူတို့ ကိစ္စပဲ၊ တို့တွေဘက်က အများကြီး ဝင်မပြောတာ ပိုကောင်းပါတယ်” ဆရာတော်ကဆိုတော့ ကိုရင်ကလည်း ထောက်ခံလိုက်တော့တယ်။ “ဆရာတော် မိန့်တာ မှန်ပါတယ်”

ဆရာတော်ကြီးက သက်ပြင်းချပြီး မိန့်လိုက်တယ်။ “ဒီမိန်းကလေးရဲ့ ကံကြမ္မာက ဒီအတိုင်းပဲ ဖြစ်ရမယ်။ အပြင်က အင်အားတွေနဲ့ ဝင်နှောင့်ယှက်ရင်တော့ ပြဿနာတွေ ပိုများလာပြီး ကံကြမ္မာတွေပါ ရှုပ်ကုန်လိမ့်မယ်”

277 05

အဲဒီအချိန်မှာပဲ အပြင်က ကိုရင်လေးတစ်ပါး ဝင်လာပြီး လက်ထဲမှာ ဗေဒင်ဝါးချောင်း တစ်ချောင်းကို ကိုင်ထားတယ်။ “ဆရာတော်၊ ဒါက ပီလူနန်းဆောင်က ပုဂ္ဂိုလ် လှုပ်လိုက်တဲ့ ဗေဒင်ဝါးချောင်းပါ” တဲ့။ ဆရာတော်ကြီးက သက်ပြင်းချလိုက်တယ်။ ဘယ်သူ့အတွက်မှ ဗေဒင်မဟောဘူးဆိုပေမဲ့ ဒီနေ့တော့ နှစ်ကြိမ်တောင် ဖောက်ဖျက်လိုက်ရပြီလေ။ သူက အဲဒီဝါးချောင်းကို ယူကြည့်လိုက်တော့ အံ့အားသင့်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီဗေဒင်က ရွှီမိသားစုက မိန်းကလေး ရခဲ့တဲ့ ဗေဒင်နဲ့ တစ်ထပ်တည်း ဖြစ်နေလို့ပါပဲ။

ပီလူနန်းဆောင်ထဲမှာတော့ အလယ်မှာ ပီလူဗုဒ္ဓ ရုပ်ပွားတော်ကြီး တစ်ဆူ စံပယ်နေတယ်။ ရုပ်ပွားတော်ကြီးက သုံးထပ်၊ အောက်ခြေမှာ ကြာပွင့်ချပ် တစ်ထောင်ပါတဲ့ ပလ္လင်ကြီး ရှိပြီး၊ ကြာပွင့်ချပ် တစ်ခုစီပေါ်မှာ ဘုရားရုပ်ပွားတော်ငယ် တစ်ဆူစီ ထွင်းထားတယ်။ အလယ်ထပ်ကတော့ အရပ်လေးမျက်နှာရှိ ဘုရားတွေဖြစ်ပြီး၊ အထက်ဆုံးထပ်မှာတော့ ပီလူဗုဒ္ဓ ရုပ်ပွားတော် ရှိတယ်။ ဒီနန်းဆောင်က ပုံမှန်ဆို အပြင်လူ ပေးမဝင်ဘဲ၊ တော်ဝင်မိသားစုတွေ ဝတ်ပြုဖို့ သီးသန့် ထားတဲ့ နေရာ ဖြစ်တယ်။

အဲဒီအချိန်မှာ နန်းဆောင်ထဲမှာ ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းတဲ့ အမျိုးသားတစ်ဦး ရပ်နေတယ်။ သူက အနက်ရောင် သန်းတဲ့ အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး၊ ခါးမှာလည်း ကျောက်စိမ်းနက် ခါးပတ်ကို ပတ်ထားတယ်။ ဆံပင်တွေကို သေသပ်စွာ ထုံးထားပြီး ပုလဲလုံးကြီး တစ်လုံး ပါတဲ့ အနက်ရောင် ဆံစည်းကြိုးနဲ့ ချည်ထားတယ်။ သူက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး၊ ကိုယ်ဟန်က ထင်းရှူးပင်လို တည်ကြည်ပေမဲ့၊ မျက်နှာမှာတော့ အေးစက်နေပြီး အနည်းငယ် စိတ်မရှည်တဲ့ ပုံစံပေါက်နေတယ်။

“မင်းသား ဒါက ဧကရာဇ်မင်းမြတ် ကိုယ်တိုင် မှာထားတာမို့၊ ခဏလေး စောင့်ပေးပါဦး” ပြောလာတော့ လုဝမ်က အေးစက်စက်နဲ့ လှောင်သလိုမျိုး ပြန်ပြောလိုက်တယ်။ “ဆိုလိုတာက၊ ခမည်းတော်က ဒီမင်းသားကို ဘုရားဝတ်ပြုခိုင်းတာက အကြောင်းပြချက်ပဲ၊ အိမ်ထောင်ရေးအတွက် ဗေဒင်မေးခိုင်းတာက အမှန်တကယ်ပေါ့” ဘေးက မိန်းမစိုးကတော့ ပြုံးရုံပဲ ပြုံးနိုင်ပြီး ဘာမှမပြောရဲဘူး။

“ဒီဗေဒင်က အလွန် ကောင်းပါတယ်” မကြာခင်မှာပဲ ဗေဒင်စာသား ကိုင်ထားတဲ့ ကိုရင် ဝင်လာကာ ပြောရင်းနဲ့ လုဝမ်ကို ကမ်းပေးလိုက်တယ်။ လုဝမ်က အဲဒီစာသားကို ယူကြည့်ပြီး၊ အေးစက်စက် အကြည့်နဲ့ တစ်ချက်ကြည့်ကာ မသိမသာ လှောင်ပြုံး ပြုံးလိုက်တယ်။ သစ်ခြောက်ပင်မှာ ပန်းတွေ ပြန်ပွင့်မယ် ဟုတ်လား။ ဆိုလိုတာက သူဆိုတဲ့ သစ်ခြောက်ပင်ကြီးမှာ မကြာခင် ပန်းတွေ ပွင့်တော့မယ်ပေါ့။

ဖူလိုင်ကတော့ စပ်စုချင်တာနဲ့ အနားတိုးကြည့်ပြီး ပြုံးကာ ပြောရှာတယ်။ “နိမိတ်ကောင်းတာပေါ့ မင်းသား၊ ဆိုလိုတာက မင်းသားရဲ့ အိမ်ထောင်ရေးကံ ရောက်လာတော့မယ် ဆိုတဲ့ သဘောပဲလေ” လုဝမ်ကတော့ လူရှေ့ ပေါ်လာကတည်းက အာရုံစိုက်ခံရဆုံးသူ ဖြစ်လာတယ်။ မင်းသားဘွဲ့ ရပြီးကတည်းက အမတ်ကြီးတွေက သူတို့ သမီးတွေကို သူနဲ့ ပေးစားဖို့ သိပ်ကို စိတ်အားထက်သန်နေကြတာ။ ဘာလို့လဲဆိုတော့ လုဝမ်က အသက်ရနေပြီဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မပြုသေးလို့ပါပဲ။

သူက ပုံမှန်ဆို တစ်ယောက်တည်း သွားလာတတ်သလို၊ လုဝမ်အိမ်တော်ထဲမှာလည်း ကိုယ်လုပ်တော် တစ်ယောက်မှ မရှိဘူးလေ။ အဆင့်အတန်း မြင့်ပြီး ရုပ်လည်း ချောတော့ နိုင်ငံခြား သွေးသား ပါပေမဲ့လည်း ဧကရာဇ်ရဲ့သားတော်ဆိုတော့ ဘယ်သူမှ အပြစ်မပြောရဲဘဲ အကောင်းဆုံး သမီးယောကျ်ားလောင်းအဖြစ် သတ်မှတ်ထားကြတာ။ ဒါပေမဲ့ လုဝမ်ကတော့ အမြဲအေးစက်စက်ပဲ တုံ့ပြန်ခဲ့တာ။ အခု အသက် ၃၈ နှစ် ရှိပြီ၊ ကျားချန်ဧကရာဇ်က အကြိမ်ကြိမ် ပြောပေမဲ့ သူက လက်မထပ်ချင်တော့ ဧကရာဇ်လည်း အတင်းမလုပ်နိုင်ဘူးလေ။

အခုတော့ ဧကရာဇ်က အမှန်တကယ် စိုးရိမ်လာပုံရလို့ လုဝမ်ကို ဒီဘုရားကျောင်းကို လွှတ်လိုက်တာ ဖြစ်တယ်။ အမည်ခံက ဘုရားဝတ်ပြုဖို့၊ လက်တွေ့ကတော့ ဗေဒင်မေးဖို့ပေါ့။ လုဝမ်က ဖူလိုင်ကို တစ်ချက် စောင်းကြည့်ပြီး လှည့်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတော့တယ်။ ဖူလိုင်ကလည်း အနားတိုးပြီး ဖျောင်းဖျရှာတယ်။ “မင်းသား၊ အခုက ဟိုင်ထန် ပန်းတွေ ပွင့်တဲ့ အချိန်လေ၊ ဒီဘုရားကျောင်းက ဟိုင်ထန် ပန်းတွေက နာမည်ကြီးတာမို့၊ သွားကြည့်ရင် မကောင်းဘူးလားဗျာ”

277 06

“ဒါကရော ခမည်းတော် မှာလိုက်တာလား” လုဝမ်က မေးတော့ ဖူလိုင်က ဟန်ဆောင်ပြုံးရုံပဲ တတ်နိုင်တော့တယ်။ ဟိုင်ထန် ပန်းက အရေးမကြီးပါဘူး၊ အဓိကက ပန်းကြည့်ဖို့ လာကြတဲ့ မိန်းကလေးတွေ များလို့ပါပဲ။ လုဝမ်က နှာတစ်ချက် ရှုံ့လိုက်ပြီး လမ်းကြောင်း ပြောင်းလိုက်တော့တယ်။

ဖာယွမ်ဘုရားကျောင်းက ဟိုင်ထန် ပန်းတွေကတော့ တကယ်ကို နာမည်ကြီးပါတယ်။ အပင်တိုင်း၊ အကိုင်းတိုင်းမှာ ပန်းတွေက ထောင်သောင်းချီပြီး ဝေဆာနေတော့ သစ်ကိုင်းတွေတောင် အောက်ကို ညွှတ်နေတာကြောင့် နေရာအနှံ့က ဟိုင်ထန် ပန်းပင်လယ်ကြီးလိုပဲ။ ပန်းကလေးတွေကို အနီးကပ် ကြည့်ရင်၊ မပွင့်သေးတဲ့ အငုံလေးတွေက နှုတ်ခမ်းနီ ဆိုးထားသလို နီနေပေမဲ့၊ ပွင့်နေတဲ့ ပန်းအများစုကတော့ ပန်းရောင်နဲ့ အဖြူရောင်တွေ ဖြစ်တယ်။ မွှေးရနံ့တွေကလည်း နှာခေါင်းထဲ တိုးဝင်လာပြီး၊ အလှကတော့ ပြောစရာ မရှိအောင်ပါပဲ။

ပန်းခြံထဲမှာ လာလည်တဲ့သူတွေ အများကြီးရှိပြီး အများစုက လူငယ်တွေဖြစ်တယ်။ နင်နင်က အမေ မှာထားတဲ့အတိုင်း နှစ်ပေါင်း ရာချီ သက်တမ်းရှိတဲ့ ဟိုင်ထန် ပန်းပင်ကြီးတွေ ရှိတဲ့ဆီ ရောက်လာပြီး၊ ပန်းကြည့်ရင်း တစ်ယောက်ယောက်ကို စောင့်နေခဲ့တယ်။ သူ့ရင်ထဲမှာ သိပ်ရှုပ်နေပြီး၊ ခုနက ဗေဒင်စာသားကိုလည်း ပြန်မြင်ယောင်နေမိတယ်။ ကျောက်အာက စာအများကြီး မဖတ်ဖူးလို့ ဆိုလိုရင်းကို နားမလည်ပေမဲ့ နင်နင်ကတော့ နားလည်တာပေါ့။

“ဟောင်းနွမ်းနေတဲ့ ဘဝလမ်းမှာပဲ သည်းခံပြီး တောင့်ခံပါ၊ စိတ်ကို တည်ငြိမ်အောင် ထားပြီး မကောင်းတဲ့ အတွေးတွေကို မမွေးပါနဲ့၊ တစ်စုံတစ်ယောက်က အင်အား နည်းနည်း စိုက်ထုတ် ကူညီမယ့် အချိန်ကို စောင့်ပါ၊ သစ်ခြောက်ပင်မှာ ပန်းတွေ ပြန်ပွင့်လာလိမ့်မယ်”

ဒီဗေဒင်က သူ့ကို တခြားစိတ်ကူးတွေ မယုံဖို့ သတိပေးနေတာလေ။ လှုပ်ရှားရင် ဘေးသင့်မယ်၊ ငြိမ်ရင် အပြစ်ကင်းမယ် ဆိုတာမျိုးပေါ့။ မှန်တာပေါ့၊ မရှိသင့်တဲ့ စိတ်ကူးတွေကို မထားသင့်တော့ပါဘူး၊ ဘုရားကတောင် သူ့ကို သတိပေးနေပြီ မဟုတ်လား။

ဘယ်လောက်ကြာသွားလဲ မသိဘဲ၊ မလှမ်းမကမ်းက ချောင်းဟန့်သံ တစ်ခု ကြားလိုက်ရတယ်။ နင်နင် မော့ကြည့်လိုက်တော့ ဖြူဖြူစင်စင်နဲ့ လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူက ယဉ်ကျေးသိမ်မွေ့ပြီး သွယ်လျတယ်။ မျက်ဝန်းထဲမှာလည်း စိတ်လှုပ်ရှားနေတဲ့ ပုံနဲ့ သူမကို စိုက်ကြည့်နေတယ်။

“မင်းက ရွှီမိသားစုက မိန်းကလေး လား” မေးလိုက်တော့ နင်နင်က ဖြေလိုက်တော့တယ်။ “မှန်ပါတယ်”

ကုချန်က လက်သီးအုပ် နှုတ်ဆက်ပြီး မိတ်ဆက်ရှာတယ်။ “ကျွန်တော့် နာမည်က ကုချန် ပါ၊ ကုမိသားစုရဲ့ တတိယသား ဖြစ်ပါတယ်”

နင်နင်က ခေါင်းညိတ်ပြပြီး မျက်လုံးကို ငုံ့ချလိုက်ကာ ဘာမှ ထပ်မပြောတော့ဘူး။

ကုချန်ကတော့ ဒါက မိန်းကလေးတစ်ယောက်ရဲ့ ရှက်တာနဲ့ စည်းကမ်း ရှိတာလို့ပဲ ထင်ပြီး အများကြီး မတွေးမိပါဘူး။ ဟိုင်ထန် ပန်းနတ်သမီးလေးလို လှတဲ့ ဒီမိန်းကလေးက ငါ့ရဲ့ အနာဂတ်ဇနီး ဖြစ်လာတော့မှာပါလားလို့ တွေးမိတာနဲ့ သူ့ရင်ထဲမှာ ရင်ခုန်သံတွေ မြန်လာတယ်။ သူက စကားတွေ အများကြီး ပြောချင်ပေမဲ့ ထိတ်လန့်သွားမှာ စိုးတာနဲ့ ပြောပြီး ထွက်သွားတော့တယ်။ “ကျွန်တော် အလျင်စလို ဖြစ်သွားရင် ခွင့်လွှတ်ပါ၊ အခုတော့ ကျွန်တော် သွားပါရစေဦး၊ သတင်းကောင်းကို စောင့်နေပါ့မယ်”

ထွက်သွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း နင်နင်ကတော့ ဝေခွဲမရ ဖြစ်နေတယ်။ ဒီလူပဲလားလို့ တွေးနေတုန်းမှာပဲ၊ အနက်ရောင် သန်းတဲ့ အပြာရောင် အရိပ်တစ်ခု သူမမျက်စိထဲ တိုးဝင်လာတယ်။ ဒီပန်းရောင် ပင်လယ်ကြီးထဲမှာ ဒီအရောင်က သိပ်ထင်ရှားတာပဲ၊ ဒါပေမဲ့ အရေးကြီးဆုံးက အဲဒီလူကိုယ်တိုင်ပါပဲ။ သူမ ဘယ်လို လျှောက်သွားမိလဲ မသိဘူး၊ သတိဝင်လာတော့ တစ်ဖက်လူက သူမကို တွေ့သွားခဲ့ပြီ။

သူ့ဆီ လျှောက်လာတဲ့ မိန်းကလေးကို ကြည့်ပြီး လုဝမ်က မသိစိတ်ကနေ မျက်မှောင်ကို နည်းနည်း တွန့်လိုက်မိတယ်။ နင်နင်က ဒါကို မြင်တော့ ရင်ထဲမှာ နည်းနည်း နာကျင်သွားပေမဲ့ ဘာမှမဖြစ်သလို ပြုံးပြီး မေးလိုက်တယ်။ “ဦးလေးကြီး၊ ပန်းကြည့်ဖို့ လာတာလားဟင်”

“မင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ”

“အမေနဲ့ အတူ လာတာပါ”

277 07

လုဝမ်က မေးတော့ နင်နင်က ပြောရင်း တစ်ဖက်လူကို သေသေချာချာ စိုက်ကြည့်လိုက်မိတယ်။

လုဝမ်က ခေါင်းညိတ်ပေမဲ့ ဘာမှ ပြန်မပြောတော့ဘူး။

ပတ်ဝန်းကျင်က တိတ်သွားတော့ နင်နင်က အဲဒီမှာ ဆက်ရပ်နေဖို့ ခက်လာပေမဲ့ ရင်ထဲမှာ မကျေနပ်တာ ရှိတာနဲ့ အတင်းပြုံးပြီး မေးလိုက်တယ်။ “ဦးလေးကြီး၊ ကျွန်မလည်း ပန်းကြည့်မလို့ပဲ၊ အတူတူ သွားကြမလားဟင်”

လုဝမ်က သူ့ကို သေသေချာချာ ကြည့်ပြီးမှ၊ ငြင်းမလို့ ပြင်ပေမဲ့ တစ်ခုခု တွေးမိသွားလို့လား မသိဘူး၊ ဘာမှမပြောဘဲ နေနေတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ဟိုင်ထန် ပန်းတောထဲမှာ လမ်းလျှောက်နေကြပြီး၊ ဖူလိုင်ကတော့ နောက်ကနေ ခပ်ဝေးဝေးက လိုက်လာတယ်။

နင်နင်က ဘေးက အမျိုးသားကို လှမ်းကြည့်လိုက်တယ်။ ခေါင်းမော့မကြည့်ရင်တော့ သူ့ခါးအောက်ပိုင်း နေရာတွေ၊ ဝတ်ရုံစတွေနဲ့ ဖိနပ်အနက်ရောင်တွေကိုပဲ မြင်နေရတယ်။ အဲဒီဖိနပ်အနက်ရောင်တွေ အေးအေးဆေးဆေး လျှောက်နေတာ ကြည့်ရင်း တစ်ဘဝလုံး ဒီအတိုင်း လျှောက်နိုင်ရင် ကောင်းမှာပဲလို့ နင်နင် ရုတ်တရက် တွေးမိသွားတယ်။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။

အမှန်တော့ နင်နင် ကိုယ်တိုင်လည်း ဘာလို့ လုဝမ်ကို စိတ်ဝင်စားသွားလဲ မသိပါဘူး။ ဖြစ်နိုင်တာက အဲဒီတုန်းက မီးထွန်းပွဲညမှာ သူ့အဖေနဲ့ အမေကို ငေးကြည့်နေတဲ့ အထီးကျန်တဲ့ အကြည့်တွေကြောင့်လား၊ ဒါမှမဟုတ် သူက အချောဆုံး ဖြစ်နေလို့လား မသိဘဲ စွဲလမ်းသွားတာနေမှာ။ သူ့အကြောင်းကို သူမ အစောကတည်းက သိတာပါ။ အရင်က အဖေကို အမြဲ သဝန်တိုအောင် လုပ်ခဲ့တဲ့သူ၊ အမေက အဖေကို အသက်ကြီးမှ သဝန်တိုနေရသေးတယ်လို့ စနောက်ခဲ့တဲ့သူက ဒီလူပဲလေ။

သူက အမေကို စွဲလမ်းခဲ့ဖူးသူ၊ အမေကို ကယ်ခဲ့ဖူးသလို၊ ခိုးယူသွားဖို့တောင် စိတ်ကူးခဲ့ဖူးသူလေ။ သူက တစ်ချိန်က ပင်လယ်ဓားပြ ခေါင်းဆောင်၊ အခုတော့ ဧကရာဇ်ရဲ့သားတော်ပေါ့။ နင်နင်က သူ့အကြောင်းတွေအများကြီးကို တဖြည်းဖြည်း စုံစမ်းပြီး သိခဲ့တာ ဖြစ်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်က ကဗျာတစ်ပုဒ်လိုပဲ။ အမေက သူမကို ရုတ်တရက် သိတတ်လာတယ်လို့ ချီးမွမ်းပေမဲ့၊ အမှန်တော့ အချစ်ရဲ့အရသာကို သိသွားလို့ သူမဟာ ခဏချင်းအတွင်းမှာပဲ အရွယ်ရောက်သွားခဲ့တာပါပဲ။

“ဦးလေးကြီး၊ ကျွန်မ အိမ်ထောင်ပြုတော့မယ်၊ အမေက ကျွန်မအတွက် အိမ်ထောင်ဖက် တစ်ယောက် ရှာပေးထားတယ်”

“သူက လူကောင်းတစ်ယောက်ပါ၊ ယဉ်ကျေးသိမ်မွေ့သလို၊ အရည်အချင်းလည်း ရှိပြီးတော့ ကျွန်မနဲ့လည်း အသက်အရွယ်ချင်း မျှပါတယ်”

လေတိုးလိုက်တော့ ဟိုင်ထန် ပန်းပွင့်ဖတ်လေးတွေက မိုးစက်တွေလို ကြွေကျလာပြီး၊ ခြေထောက်အောက်မှာ နင်းချေခံလိုက်ရကာ မြေကြီးထဲ ပြန်ရောက်သွားကြတယ်။ လုဝမ်က ဘာမှပြန်မပြောပေမဲ့ မိန်းကလေးရဲ့ အသံလေးက တိုးတိုးလေး ထွက်လာတယ်။

“ဦးလေးကြီး ကျွန်မကို ပြောစရာ စကား တစ်ခွန်းလောက်မှ မရှိဘူးလားဟင်”

******

278 01

အခန်း (၂၇၈)

လုဝမ်က ခြေလှမ်းတွေကို ရပ်လိုက်ပြီး သူ့ရှေ့မှာရှိတဲ့ သွယ်လျပြီး နုနယ်တဲ့ မိန်းကလေးငယ်ကို စိုက်ကြည့်နေမိတယ်။

သူမက ပန်းကလေးတစ်ပွင့်လို လှပလွန်းပေမဲ့ ကြည့်ရတာတော့ အားနည်းပြီး သနားစရာ ကောင်းနေခဲ့တယ်။

သူဟာ ရင်ထဲမှာ သက်ပြင်းတစ်ချက်ကို ခိုးချလိုက်ပြီးမှ ပြောလိုက်တယ်။ “မင်းလည်း အသက်အရွယ် ရောက်လာပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အချိန်ပါပဲ”

နင်နင်ကတော့ ခေါင်းကို ငုံ့ထားပြီး၊ ခြေထောက်အောက်က ပန်းပွင့်ချပ်ကလေးတွေကို ကန်ကျောက်နေမိတယ်။ သူမဟာ ငိုချင်စိတ်တွေ ဖြစ်နေပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် မငိုမိအောင် အတင်းအကျပ် ထိန်းထားရမှန်း သိနေခဲ့တယ်။

“ဟုတ်ပါတယ်။ အသက်အရွယ် ရောက်လာပြီဆိုတော့ အိမ်ထောင်ပြုရတော့မှာပေါ့” သူမက တိုးညောင်းတဲ့ လေသံနဲ့ ရေရွတ်လိုက်တယ်။

နင်နင်က တစ်ချက်ပြီးတစ်ချက် ကန်ကျောက်နေပြီး လုဝမ်ကတော့ အဲဒီခြေထောက်ကလေးကို ငေးကြည့်နေမိတယ်။

မိန်းကလေးငယ်ဟာ ငယ်ငယ်က ဆော့တတ်ပေမဲ့၊ အရွယ်ရောက်လာတဲ့အခါမှာတော့ တည်ငြိမ်ပြီး သိတတ်လာခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ မွေးရာပါစရိုက်ကိုတော့ ဖုံးဖို့ ခဲယဉ်းလှပါတယ်။ သူဟာ စိတ်မကောင်းဖြစ်သွားပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ မိန်းကလေးငယ်က ရုတ်တရက် ခေါင်းမော့ပြီး သူ့ကို ပြုံးကြည့်လာတာ မြင်လိုက်ရတယ်။

“ကျွန်မကတော့ အိမ်ထောင်ပြုတော့မယ်၊ ဦးလေးကြီးကော ဘယ်တော့ အိမ်ထောင်ပြုမှာလဲ”

သူကော…

လုဝမ်က ခဏမျှ မှင်တက်သွားရတယ်။

ဘာကြောင့် အိမ်ထောင်မပြုသလဲ ဆိုတဲ့ မေးခွန်းကို၊ ကျားချန်ဧကရာဇ် ကိုယ်တိုင်တောင် တစ်ခါက မေးခဲ့ဖူးတာလေ။

“မင်းက အခုထိ သူမ (ကျောက်အာ) ကိုပဲ တွေးနေတုန်းလား”

တွေးနေမိသလား။ ဖြစ်နိုင်တာကတော့ အနည်းငယ်တော့ ရှိနေဦးမှာ ဖြစ်ပေမဲ့၊ အချိန်တွေ ကုန်လာတာနဲ့အမျှ အဲဒီခံစားချက်က ပိုပြီးနည်းပါးလာခဲ့ပါပြီ။

အမှန်တော့ လုဝမ် ကိုယ်တိုင်တောင် ဘာလို့ အဲဒီအမျိုးသမီး (ကျောက်အာ) အပေါ်မှာ ဇွဲနဲ့ စွဲလန်းနေခဲ့မိသလဲ ဆိုတာကို မသိခဲ့ပါဘူး။ အစပိုင်းမှာ အဲဒီအိပ်မက်ကို ရှင်းဖို့ ကြိုးစားရာကနေ နောက်ဆုံးမှာ သူမကို ခေါ်သွားချင်တဲ့ ဆန္ဒတွေ ဖြစ်လာခဲ့ပေမဲ့ လမ်းမှာ အနှောင့်အယှက် ခံခဲ့ရလို့ အဲဒီမကျေနပ်မှုက ပိုပြီးပြင်းထန်လာခဲ့တာပါ။

ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်ဆုံရတဲ့အခါမှာတော့ သူမကို ခေါ်သွားဖို့ အခွင့်အရေးတွေအများကြီး ရှိပါလျက်နဲ့၊ ရွှီအိမ်တော်ကို မသွားခင်ကတည်းက အဲဒီလို စိတ်ကူးထားပါလျက်နဲ့၊ ဘာလို့ စိတ်ပြောင်းသွားခဲ့သလဲ ဆိုတာကိုတော့ သူ မသိပါဘူး။

278 02

လုဝမ်ကိုယ်တိုင်တောင် သူ ဘာတွေတွေးနေမိသလဲဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့တာ။

ဘာလို့အိမ်ထောင်မပြုသလဲ ဆိုတာကတော့… ဖြစ်နိုင်တာက တစ်ယောက်တည်း နေလာတာ ကြာပြီမို့လို့လား၊ ဒါမှမဟုတ် မြို့တော်က အလှပဂေး အများကြီးကို မြင်ခဲ့ရပေမဲ့ ဘယ်ပန်းကိုမှ မျက်စိထဲ မဝင်လို့လား၊ ဒါမှမဟုတ် အဲဒီလို စိတ်ကူးမျိုး တစ်ခါမှ မရှိခဲ့လို့လား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။

သူက အခုဆို မင်းသား တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်ပေမဲ့ သူ့ရဲ့ သွေးသားထဲမှာတော့ အခုထိ အတည်တကျ မရှိဘဲ၊ ဒီနေ့ အသက်ရှင်ပေမဲ့ မနက်ဖြန် သေနိုင်တယ်ဆိုတဲ့ ပင်လယ်ဓားပြ စိတ်ဓာတ်တွေ ကိန်းအောင်းနေတုန်းပါပဲ။ ပင်လယ်ဓားပြတစ်ယောက်အတွက်တော့ အိမ်ထောင်စု ဆိုတာ ဝန်ထုပ်ဝန်ပိုး တစ်ခုလိုပဲ ဖြစ်မှာပေါ့။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူဟာ မိန်းကလေးငယ်က အသိဉာဏ် မရှိသေးခင်က ကိုယ့်ကို ပြောခဲ့ဖူးတဲ့ စကားတွေကို သတိရလိုက်မိတယ်။ အဲဒီစကားတွေကြောင့်ပဲ သူက မိန်းကလေးငယ်ကို စပြီး ရှောင်နေခဲ့တာလေ။

“ဒါဟာ မင်းလိုမျိုး လူငယ်တစ်ယောက် စပ်စုရမယ့် ကိစ္စ မဟုတ်ပါဘူး” လုဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

မိန်းကလေးငယ်ရဲ့ မျက်နှာပေါ်က အပြုံးတွေက ခဏချင်းအတွင်းမှာပဲ ပျက်သွားခဲ့ရတယ်။ သူမဟာ ခေါင်းကို ငုံ့ချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ “ဟုတ်ပါတယ်။ ဒါဟာ ကျွန်မ စပ်စုရမယ့် ကိစ္စ မဟုတ်ပါဘူး”

ဒါပေမဲ့ မကြာခင်မှာပဲ သူမဟာ ခေါင်းကို ပြန်မော့လိုက်ပြီး၊ တောက်ပစွာ ပြုံးလျက် ပြောလိုက်တယ်။ “ကောင်းပါပြီ ဦးလေးကြီး၊ ကျွန်မ သွားရတော့မယ်၊ ဦးလေး တစ်သက်လုံး ဘေးကင်း အေးချမ်းပြီးတော့ ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

အဲဒီနောက်မှာတော့ သူ ပြန်ပြောတာကိုတောင် မစောင့်တော့ဘဲ၊ မိန်းကလေးငယ်က ပြေးထွက်သွားတာကြောင့် သူမရဲ့ အရိပ်အယောင်က မြင်ကွင်းထဲကနေ အမြန် ပျောက်သွားခဲ့တော့တယ်။

နင်နင်က မငိုခဲ့ပါဘူး၊ အလွန်ပဲ မြန်မြန် ပြေးထွက်လာပြီး၊ ပန်းခြံအပြင် ရောက်ခါနီးမှ ခြေလှမ်းတွေကို ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်တော့တယ်။

သူမဟာ အသက်ကို ဝအောင် ရှူနေပေမဲ့၊ ရင်ထဲမှာတော့ စူးရှစွာ နာကျင်နေခဲ့ရကာ မျက်နှာမှာတော့ အပြုံးတစ်ခုကို အတင်းအကျပ် ဆင်မြန်းထားဆဲပါပဲ။

“ဘာမှမဖြစ်ပါဘူး၊ ဒီလို ဖြစ်လာမယ်ဆိုတာကို အစောကတည်းက သိနေခဲ့တာပဲ မဟုတ်လား” သူမက လမ်းလျှောက်ရင်းနဲ့ပဲ စိတ်ထဲကနေ တွေးနေမိတယ်။

အိမ်တံခါးဝနဲ့ မဝေးတဲ့ နေရာက နားနေဆောင်တစ်ခုထဲမှာ ကျောက်အာက လူတွေကို ခေါ်ပြီး သူမကို စောင့်နေခဲ့တယ်။

“ဘာဖြစ်လို့ မျက်နှာက ဒီလောက်အထိ နီနေရတာလဲ” သူမက သမီးဖြစ်သူရဲ့ လက်ကို ဆွဲပြီး သံသယနဲ့ မေးလိုက်တယ်။

“ဟုတ်လို့လားဟင်”

ဒါကို မြင်တော့ ကျောက်အာက အခြေအနေကို နားလည်သွားတဲ့ပုံနဲ့ ပြုံးပြီး မေးလိုက်တယ်။ “သူ့ကို သဘောကျရဲ့လား”

နင်နင်က ခေါင်းကို ငုံ့ထားပြီး၊ တိုးတိုးလေးနဲ့ “အင်း” လို့ တစ်ချက်ပဲ အသံပြုလိုက်ပါတော့တယ်။

ကျောက်အာက ကုမိသားစုဆီကို သတင်း ပို့ခိုင်းလိုက်ပြီးနောက်၊ သားသမီးတွေကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။ အခြားတစ်ဖက်မှာတော့ ကုသခင်မကြီးကလည်း မျက်နှာ နည်းနည်း နီနေတဲ့ သားဖြစ်သူကို ကြည့်ပြီး၊ စိတ်ကျေနပ်စွာ ပြုံးနေခဲ့တယ်။

278 03

လုဝမ်ရဲ့ မြင်းရထားက တံခါးဝမှာ ရပ်နေတုန်းပဲ ဖြစ်ပြီး၊ သူ ရထားပေါ် တက်တဲ့ အချိန်မှာ ကုမိသားစုရဲ့ မြင်းရထားကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရတယ်။

ဖူလိုင်က ဘေးကနေ ကြားဖြတ် ပြောလိုက်တယ်။ “ကြားရတာတော့ ရွှီမိသားစုနဲ့ ကုမိသားစုတို့ ဆွေမျိုးစပ်ဖို့ စိတ်ကူး ရှိနေကြတယ် တဲ့၊ ဒီနေ့ လာကြတာဟာ လူချင်း တွေ့ကြတာ ဖြစ်ရမယ်”

လုဝမ်က သူ့ကို ဂရုမစိုက်ဘဲ နေလိုက်ပေမဲ့၊ ဘာလို့မှန်း မသိဘဲ မိန်းကလေးငယ်ရဲ့ မျက်နှာပေါ်က ရုတ်တရက် ပျက်သွားတဲ့ အပြုံးနဲ့၊ သူမ ပြောခဲ့တဲ့ စကားတွေကိုပဲ ပြန်မြင်ယောင်နေမိတော့တယ်။

“ဦးလေးကြီး၊ ကျွန်မ အိမ်ထောင်ပြုတော့မယ်... သူဟာ လူကောင်း တစ်ယောက်ပါ၊ ကျွန်မနဲ့လည်း အသက်အရွယ်ချင်း မျှပါတယ်...”

ကိစ္စတွေက ပွင့်လင်းတဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီ ဖြစ်တာကြောင့်၊ ကုမိသားစုကလည်း မကြာခင်မှာပဲ ရွှီအိမ်တော်ဆီ လက်ဆောင်တွေ လာပို့ခဲ့ကြတယ်။

ဒီလိုနဲ့၊ နင်နင်ရဲ့ အိမ်ထောင်ရေး ကိစ္စက အတည်ဖြစ်သွားခဲ့ပါတော့တယ်။

မင်္ဂလာပွဲကို ၁၀လပိုင်းမှာ သတ်မှတ်လိုက်တယ်။ အချိန်က နည်းနည်း အလျင်စလို ဖြစ်နေပေမဲ့ ကျောက်အာက သမီးဖြစ်သူအတွက် မင်္ဂလာလက်ဖွဲ့တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စုထားခဲ့တာမို့ အလွန်ပဲ ပြည့်စုံလှပါတယ်။ အမှန်တော့ သူမက နောက်တစ်နှစ်မှပဲ သမီးကို အိမ်ထောင်ပြုစေချင်တာ၊ ဒါပေမဲ့ ကုမိသားစုဘက်က အတော် လောနေခဲ့ကြတယ်။ ကုချန်က အသက်အရွယ် ရလာပြီဖြစ်သလို၊ နောက်တစ်နှစ်မှာတော့ အသက် ၂၀ ပြည့်တော့မှာမို့လို့ ဖြစ်တယ်။

စောစော လက်ထပ်သည်ဖြစ်စေ၊ နောက်ကျမှ လက်ထပ်သည်ဖြစ်စေ လက်ထပ်ရမှာက အတူတူပဲမို့၊ နှစ်ဦးနှစ်ဖက် သဘောတူထားမှတော့ နောက်ထပ် တစ်နှစ်ခွဲလောက် ဆိုင်းနေဖို့ မလိုတော့ပါဘူး။

ဒါကြောင့် နောက်ပိုင်း ရက်တွေမှာတော့ ကျောက်အာက သမီးဖြစ်သူအတွက် မင်္ဂလာလက်ဖွဲ့တွေ စီစဉ်ပေးရလို့ သိပ်ကို အလုပ်များနေခဲ့တယ်။

သမီးတစ်ယောက်တည်း ရှိတာမို့၊ မင်္ဂလာလက်ဖွဲ့တွေ ဘယ်လောက်ပဲ များနေပါစေ၊ သူမရဲ့ စိတ်ထဲမှာတော့ မလုံလောက်သေးဘူးလို့ပဲ အမြဲခံစားနေရပြီး၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အားလုံးကိုပါ ပေးလိုက်ချင်သလို၊ အဖေဖြစ်သူကိုပါ ထည့်ပေးလိုက်မှပဲ စိတ်အေးမယ့်ပုံမျိုး ရှိနေခဲ့တယ်။

နင်နင်ကလည်း အိမ်ထဲမှာပဲ အောင်းနေခဲ့ပြီး၊ လူရှေ့ထွက်တာ အတော် ရှားသွားခဲ့တယ်။

အဲဒီနေ့မှာ နင်နင်က ကျစ်ရှူးကို ခေါ်ပြီး ကျင်ရှို့ကောကို သွားခဲ့တယ်။

ကျင်ရှို့ကောဆိုတာ မြို့တော်ထဲက အကောင်းဆုံး ရက်ကန်းနဲ့ ပန်းထိုးလုပ်ငန်း တစ်ခု ဖြစ်တယ်။ သူမဟာ ပန်းထိုးတာမှာ မကျွမ်းကျင်တာကြောင့်၊ သာမန် အဝတ်အစားတွေ ချုပ်ဖို့ကတော့ အဆင်ပြေပေမဲ့၊ မင်္ဂလာဝတ်စုံကိုတော့ ကျင်ရှို့ကော ဆီမှာပဲ အပ်ထားခဲ့တာလေ။

သူမက ဒီနေ့မှာ မင်္ဂလာဝတ်စုံကို လာစမ်းဝတ်ကြည့်တာ ဖြစ်တယ်။ အမှန်တော့ လူလွှတ်ပြီး အိမ်ကို ပို့ခိုင်းရင် ရပေမဲ့၊ အိမ်ထဲမှာပဲ အချိန်အတော်ကြာ ပုန်းနေရလို့ နည်းနည်း စိတ်မွန်းကျပ်လာကာ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူချင်တာကြောင့် ဖြစ်သလို၊ ကျင်ရှို့ကောမှာ အဝတ်အစား ပုံစံသစ်တွေ ထွက်လာသလားဆိုတာပါ ကြည့်ချင်လို့ ဖြစ်တယ်။

ရောက်သွားတဲ့အခါ၊ သူမကို အတွင်းခန်းထဲ လိုက်ပို့ပေးခဲ့ကြတယ်။

စမ်းဝတ်ကြည့်ပြီးတော့ သူမက အရမ်းပဲ စိတ်ကျေနပ်သွားတယ်။ ဒီကျင်ရှို့ကောရဲ့ လက်ရာက အမှန်တကယ်ပဲ နာမည်နဲ့ ထိုက်တန်တာကိုး။ ကျန်တဲ့ အသေးစိတ် အပိုင်းတွေကို ပြီးအောင် လုပ်ပြီးမှ ရွှီအိမ်တော်ဆီ လာပို့ပေးကြမှာ ဖြစ်တယ်။

နင်နင်က အပြင်ဘက်က အသင့်ချုပ်ပြီးသား အဝတ်အစားသစ်တွေကိုပါ ကြည့်ခဲ့တယ်။ နွေရာသီ ရောက်နေပြီမို့ အဝတ်အစားတွေက တောက်ပလှပနေလို့ မြင်ရတဲ့သူတိုင်းကို စိတ်ချမ်းသာစေတယ်။

278 04

ဝတ်စုံ အနည်းငယ်ကို ရွေးပြီးတော့ သူမက စိတ်ဝင်စားမှု လျော့သွားတာနဲ့ ကျစ်ရှူးကို ခေါ်ပြီး အိမ်ပြန်ဖို့ အပြင်ထွက်လာခဲ့တယ်။

အိမ်ရှေ့ ရောက်တဲ့အခါ၊ မြင်းရထားက မောင်းလာပြီး၊ သူမရဲ့ ခြေတစ်ဖက်က ရထားပေါ် တက်ဖို့ ပြင်လိုက်စဉ်မှာပဲ၊ ရုတ်တရက် ဘေးကနေ လူတစ်ယောက် ပြေးထွက်လာခဲ့တာပဲ။

အဲဒီလူက ရောက်လာတာနဲ့ သူမရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပါတော့တယ်။

အဲဒါက သွယ်လျပြီး အားနည်းပုံရတဲ့ အမျိုးသမီးငယ် တစ်ယောက်ပါပဲ။

အသက်က ၁၆ နှစ် ဒါမှမဟုတ် ၁၇ နှစ်လောက်ပဲ ရှိဦးမယ်၊ မျက်နှာက သပ်ရပ်ပေမဲ့ မျက်ဝန်းထဲမှာတော့ ဝမ်းနည်းတာတွေ ရှိနေလို့ သနားစရာ ကောင်းနေခဲ့တာပါ။

“ရွှီမိသားစုက မိန်းကလေးရယ်၊ ကျေးဇူးပြုပြီးတော့ စေတနာ ထားပေးပါဦး...”

ကျစ်ရှူးက အမြန်ပဲ ရှေ့တိုးပြီး ကာကွယ်လိုက်ကာ ကြိမ်းလိုက်တယ်။ “နင် ဘာလုပ်တာလဲ”

ရထားမောင်းသမားကလည်း ရထားပေါ်က ခုန်ဆင်းလာပြီး အဲဒီအမျိုးသမီးကို ဆွဲထူဖို့ ပြင်ပေမဲ့၊ အဲဒီအမျိုးသမီးကတော့ မရမက ရုန်းပြီး အထိမခံဘဲ နေခဲ့တယ်။

သူမက ရှိုက်ကြီးတငင် ငိုနေပြီး - “ရွှီမိသားစုက မိန်းကလေးရယ်၊ ကျွန်မမှာ အစ်ကိုဝမ်းကွဲတစ်ယောက်တည်းပဲ ရှိတာပါ။ အဘွားကလည်း ကျွန်မကို အစ်ကိုဝမ်းကွဲနဲ့ လက်ထပ်ပေးမယ်လို့ ပြောထားတာလေ၊ အကယ်လို့သာ ရှင်က သူ့ကို လက်ထပ်လိုက်မယ် ဆိုရင်တော့ ကျွန်မ ဘယ်လို လုပ်ရမှာလဲ...” သနားစရာကောင်းအောင် ပြောလာတော့တာပဲ။

ဒီအမျိုးသမီးရဲ့ လုပ်ရပ်က တကယ်ကို နားမလည်နိုင်စရာ ကောင်းတာမို့၊ အားလုံးကို ဝေခွဲမရ ဖြစ်သွားစေခဲ့တယ်။

လမ်းသွားလမ်းလာတွေကလည်း ဒီနေရာကို ခဏခဏ လှမ်းကြည့်နေကြတာမို့၊ ကျစ်ရှူးကတော့ စိုးရိမ်တကြီးနဲ့ အော်လိုက်တယ်။ “နင်က တကယ်တမ်း ဘယ်သူလဲ။ ငါတို့တွေက နင့်ကို မသိပါဘူး၊ ဘာ အစ်ကိုဝမ်းကွဲလဲ၊ ဘယ်သူ့ကို ပြောနေတာလဲ”

အဲဒီအမျိုးသမီးကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မပြောဘဲ၊ တကိုယ်တည်းပဲ ငိုနေခဲ့တာကြောင့်၊ ဆူညံသံတွေက ပိုကြီးလာပြီး လမ်းသွားလမ်းလာတွေကလည်း ဒီမိန်းကလေးက တစ်ယောက်ယောက်ရဲ့ ယောက်ျားလုတာ ခံလိုက်ရတာလားလို့ စပြီး ပြောလာကြတော့တာပဲ။

နင်နင်က မျက်မှောင်ကို အနည်းငယ် တွန့်လိုက်ပြီး၊ ရင်ထဲမှာ အခြေအနေကို ရိပ်မိလိုက်ပေမဲ့၊ အခုအချိန်မှာတော့ သူမအနေနဲ့ ပွင့်ပွင့်လင်းလင်း မပြောနိုင်တာ သိနေတယ်။ မဟုတ်ရင် မနက်ဖြန်မှာတော့ မြို့တော် တစ်ခုလုံးကို ဒီအရှက်ရဖွယ် ကိစ္စက ပျံ့သွားမှာလေ။

သူမက ဒီအမျိုးသမီးကို အဲဒီနေရာကနေ ခေါ်သွားဖို့ နည်းလမ်းတစ်ခု စဉ်းစားနေတုန်းမှာပဲ။

အဲဒီအချိန်မှာ မလှမ်းမကမ်းကနေ အေးစက်တဲ့ အသံတစ်ခု ထွက်လာတယ်။ “သူမကို ဆွဲထုတ်သွားကြစမ်း” ပြောလိုက်တာနဲ့ အစောင့်အကြပ် ပုံစံရှိတဲ့ အမျိုးသား အနည်းငယ်က ကျားသစ်တွေလို ပြေးဝင်လာပြီး အဲဒီအမျိုးသမီးကို အတင်းအကျပ် ဆွဲခေါ်သွားကြတယ်။

လမ်းသွားလမ်းလာ အချို့ကတော့ ကြားဝင် ကူညီချင်ကြပေမဲ့၊ စကားပြောလိုက်တဲ့ အမျိုးသားက ခန့်ညားထည်ဝါသလို၊ အစောင့်အကြပ်တွေရဲ့ ပုံစံကလည်း အဆင့်မြင့် အရာရှိကြီး တစ်ယောက်ရဲ့ လူတွေမှန်း သိသာတာကိုး။ တစ်ဖက်လူရဲ့ လက်အောက်ငယ်သားတွေက “မင်းသား”လို့ ခေါ်လိုက်သံကို ကြားရတဲ့ အခါမှာတော့ လူအုပ်ကြီးက ထိတ်လန့်သွားကြပြီး စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ အမြန်ပဲ လူစုခွဲ ထွက်ပြေးသွားကြတော့တယ်။

ရောက်လာတဲ့သူက အမှန်တော့ လုဝမ်ပဲ ဖြစ်တယ်။

278 05

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ဒီနေရာကို ဖြတ်သွားတုန်း ဒီဆူပူမှုကို မြင်လိုက်ရတာ ဖြစ်တယ်။

“ဘာဖြစ်လို့ အပြင်ထွက်တာကို အစောင့်အကြပ်တွေ မခေါ်လာရတာလဲ” လုဝမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။

နင်နင်က တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ နောက်ဆုံးတော့ စကားမပြောဘဲ ခေါင်းကိုပဲ ငုံ့ထားလိုက်တယ်။

လုဝမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိနေတာ မြင်တာနဲ့ အဲဒီဘက်ကို ဦးတည် လျှောက်သွားခဲ့တယ်။

“ဟိုမှာ သွားပြီး စကားပြောကြရအောင်”

နင်နင်က ခဏ တွန့်ဆုတ်နေပြီးမှ၊ သူ့နောက်ကို လိုက်သွားခဲ့ပါတယ်။

“ဒီကိစ္စကို ဘယ်လို စီစဉ်ဖို့ စိတ်ကူးထားလဲ” သီးသန့်ခန်းထဲ ရောက်တဲ့အခါ လုဝမ်က မေးလိုက်တယ်။

“ဘာကို စီစဉ်ရမှာလဲဟင်” နင်နင်က မှင်တက်စွာ မေးလိုက်တယ်။

လုဝမ်က စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြလိုက်တယ်။ “အဲဒီ အမျိုးသမီးက ကုမိသားစုရဲ့ ဆွေမျိုး ဖြစ်နေတာ သိသာတာပဲ၊ အဲဒါက ဟို ကုချန်နဲ့ တစ်စုံတစ်ရာ ပတ်သက်နေတာ ဖြစ်ရမယ်”

နင်နင်က “ဪ” လို့ တစ်ချက်ပဲ အသံပြုပြီး၊ ဘာမှ ထပ်မပြောပါဘူး။

လုဝမ်ရဲ့ မျက်မှောင်တွေက ပိုပြီးတွန့်သွားခဲ့ရတယ်။ “ဒီလို အခြေအနေမျိုးမှာတောင်မှ၊ မင်းက ဆက်ပြီးတော့ လက်ထပ်ဖို့ စိတ်ကူးနေတုန်းပဲလား”

နင်နင်က အခုအချိန်မှာ ရင်ထဲမှာ အလွန် ရှုပ်နေသလို၊ လုဝမ်က အဲဒီလို ပြောလာတဲ့အခါမှာတော့ ထူးခြားတဲ့ အဓိပ္ပာယ်မဲ့မှုနဲ့ စိတ်တိုတာတွေကိုပါ ခံစားလိုက်ရတယ်။ ဒါကြောင့်ပဲ သူမ ပြောလိုက်တဲ့ စကားတွေကတော့ အနည်းငယ် ရိုင်းသွားခဲ့ရတယ်။ “လုဝမ်မင်းသား ဒါဟာ ကျွန်မရဲ့ ကိစ္စပါ၊ လူကြီး တစ်ယောက်အနေနဲ့ ကျွန်မတို့လို လူငယ်တွေရဲ့ ကိစ္စကို ဝင်ရောက် စွက်ဖက်ဖို့ မသင့်တော်ပါဘူး”

လုဝမ်မင်းသား…

နင်နင်က လုဝမ်ကို ဒီလိုအခေါ်အဝေါ်နဲ့ တစ်ခါမှ မခေါ်ဖူးပါဘူး၊ သူမက အမြဲတမ်း 'ဦးလေးကြီး' လို့ပဲ ခေါ်ခဲ့တာမို့ လုဝမ်ကိုယ်တိုင်တောင် သူ အိုသွားပြီလို့ ခံစားခဲ့ရဖူးတာလေ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက နင်နင်ရဲ့ ကန့်ကွက်နေတဲ့ သဘောထားကို မြင်တာကြောင့်၊ မိန်းကလေးငယ်က အတွေ့အကြုံ နည်းသေးလို့ ဒီကိစ္စရဲ့အကျိုးအပြစ်ကို နားမလည်သေးဘူးလို့ သူက ယူဆလိုက်မိတယ်။

“ဒီကိစ္စကို ငါ ဝင်မပါသင့်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ မင်း အိမ်ပြန်ပြီးတော့ ရွှီ... မင်းရဲ့အဖေကို ပြောပြသင့်တယ်။ ဒါမှမဟုတ် မင်း အမေ ကို ပြောပြရင်လည်း ဖြစ်ပါတယ်”

နင်နင်က ခေါင်းကို ငုံ့ထားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆိုလိုက်တယ်။ “လုဝမ်မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်မရဲ့ ကိုယ်ပိုင် ကိစ္စပါ”

“မင်းက ဒီကိစ္စကို ဖုံးထားဖို့ စိတ်ကူးနေတာလား” လုဝမ်က နင်နင်ရဲ့ မျက်နှာကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်တယ်။

“ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ၊ ဒါဟာ ကျွန်မတို့ ရွှီမိသားစုရဲ့ ကိစ္စပါ၊ လုဝမ်မင်းသားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ လုဝမ်မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးကြားမှာလည်း မသင့်တော်တာမို့၊ ကျွန်မ အမြန်ဆုံး အိမ်ပြန်ရပါလိမ့်မယ်၊ ထပ်ပြီး အဖော်မပြုနိုင်တော့ပါဘူး” ပြောပြီးတာနဲ့ နင်နင်က အဲဒီသီးသန့်ခန်းထဲကနေ အမြန် ထွက်သွားပါတော့တယ်။

278 06

လုဝမ်က ဒုတိယထပ် ပြတင်းပေါက်နားမှာ ရပ်ပြီး၊ မိန်းကလေးငယ် မြင်းရထားပေါ် အမြန်တက်တာကို မြင်ရပြီးမှ၊ စားပွဲကို ပြန်လာထိုင်လိုက်တယ်။

သူက လက်ဖက်ရည်ကို လှမ်းသောက်ပေမဲ့ လက်ဖက်ရည်က အေးစက်နေပြီမှန်း သိလိုက်ရလို့ သူ့ရဲ့စိတ်ခံစားချက်က ပိုပြီးတော့တောင် ဆိုးသွားခဲ့ရပါတော့တယ်။

အခုအချိန်မှာ ကျားချန်ဧကရာဇ်က အရင်လို တိုင်းပြည်ရေးရာတွေကို မနားတမ်း မလုပ်တော့ပေမဲ့၊ နေ့တိုင်း နံနက်ခင်း ညီလာခံကိုတော့ တစ်ရက်မှ မပျက်ပါဘူး။

နံနက်ခင်း ညီလာခံ အချိန်ကို မနက် ၅ နာရီကနေ ၇ နာရီကို ပြောင်းလိုက်တာမို့၊ ညီလာခံ ဆင်းတဲ့ အခါမှာတော့ နေက မြင့်နေပြီ ဖြစ်ပါတယ်။

ထုံးစံအတိုင်းပဲ ရွှီထင်းရှန်းက အရင်နေ့က အရေးကြီးတဲ့ လျှောက်ထားလွှာတွေကို ကိုင်ပြီး ချန်ချင်းနန်းဆောင်ဆီ သွားခဲ့တယ်။ နန်းတော်ထဲက ထွက်လာတဲ့ အခါမှာတော့ လုဝမ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာပေါ့။

သူက လုဝမ်ကို ခေါင်းညိတ်ပြသလို၊ လုဝမ်ကလည်း သူ့ကို ခေါင်းညိတ်ပြတာကြောင့် နှစ်ယောက်သားက ပုခုံးချင်း ယှဉ်ပြီး ကျော်သွားခဲ့ကြတယ်။

ပုံမှန်ဆို သူတို့ နှစ်ယောက်က ဒီလိုပဲ နှုတ်ဆက်တတ်ပေမဲ့ ဒီနေ့မှာတော့ လုဝမ်က ရုတ်တရက် ခြေလှမ်းတွေကို ရပ်လိုက်တာပေါ့။

“အမတ်မင်းရွှီ”

ရွှီထင်းရှန်းက ခြေလှမ်းတွေကို ရပ်လိုက်ပြီး၊ သံသယနဲ့ လှည့်ကြည့်လိုက်တယ်။

“အမတ်မင်းရဲ့ အိမ်တော်မှာ ဒီရက်ပိုင်းအတွင်း၊ တစ်စုံတစ်ရာ ထူးခြားတာမျိုး ဖြစ်ခဲ့ပါသလား” လုဝမ်က မေးလိုက်တယ်။ စကားပြောပြီးမှ၊ သူက ကိုယ့်မေးခွန်းက နည်းနည်း အဓိပ္ပာယ်မဲ့နေသလို ခံစားလိုက်ရတယ်။

မျှော်လင့်ထားသလိုပဲ၊ ရွှီထင်းရှန်းရဲ့မျက်ဝန်းထဲမှာ လှောင်ပြောင်တဲ့ အရိပ်အယောင်တွေ ရှိနေပေမဲ့ တစ်ယောက်ရဲ့ အဆင့်အတန်းကို တစ်ယောက်က ငဲ့တဲ့အနေနဲ့ အေးဆေးပဲ ပြောလိုက်တယ်။ “လုဝမ်မင်းသားမှာ တခြား ကိစ္စ မရှိဘူး ဆိုရင်တော့ ကျွန်တော် သွားပါရစေဦး”

ဒါက လုဝမ်ကို အလုပ်မရှိဘဲ အားနေပေမဲ့ ကိုယ်ကတော့ သိပ်အလုပ်များနေပါတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာ ဖြစ်တယ်။

အဲဒီလို ပြောပြီးတာနဲ့ သူက ရှေ့ကို ဆက်လျှောက်သွားတာကြောင့် လုဝမ်နဲ့စကားပြောချင်စိတ် လုံးဝ မရှိမှန်း ထင်ရှားတာပေါ့။

“ဒီမင်းသားမှာ ကိစ္စ ရှိပါတယ်”

ရွှီထင်းရှန်းက မတတ်သာဘဲ ခြေလှမ်းတွေကို နောက်တစ်ခါ ရပ်လိုက်ရပြန်ကာ “လုဝမ်မင်းသား...”

“ဒါဟာ အမတ်မင်းရဲ့သမီးနဲ့ ပတ်သက်တဲ့ ကိစ္စပါပဲ”

ရွှီထင်းရှန်းက အဲဒီတော့မှ အခြေအနေကို အလေးအနက် ထားလိုက်တော့တယ်။

လုဝမ်က သူ မြင်ခဲ့ရသမျှ အရာအားလုံးကို ရွှီထင်းရှန်းကို ပြောပြလိုက်တယ်။ သူက အတော်လေး မြန်မြန်ပြောနေတာကြောင့် ဒီလိုမျိုး ပြောတဲ့ ပုံစံကို သူ သိပ်ပြီး အသားမကျမှန်း သိသာပါတယ်။ ရွှီထင်းရှန်းက လုဝမ်ရဲ့စကားကို နားထောင်ပြီးတော့ ပထမဆုံး တုံ့ပြန်မှုက လုဝမ်က ဒီကိစ္စကို ဘယ်လိုလုပ် သိနေတာလဲ ဆိုတာပါပဲ။

လုဝမ်လည်း ဒီလူက ကိုယ့်အပေါ်မှာ အငြိုးရှိတာ သိနေတာမို့၊ ဖြစ်ကြောင်းစုံကို အကျဉ်းချုပ်ပြီး ရှင်းပြလိုက်တယ်။

သူ့ရဲ့ မွေးရာပါ စရိုက်အရဆိုရင်၊ သူက တခြားသူတွေကို အကျိုးအကြောင်း ရှင်းပြနေမယ့်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းက ကိုယ့်အပေါ် အထင်လွဲတာကြောင့် အဲဒီမိန်းကလေးရဲ့ကိစ္စကို လျစ်လျူရှုမိသွားမှာကို သူ စိုးရိမ်နေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကလေးက ကိုယ်တိုင် ကြည့်ရှု ကြီးပြင်းစေခဲ့တဲ့သူ ဖြစ်သလို၊ သူမ မမွေးခင် အမေဖြစ်သူရဲ့ ဗိုက်ထဲ ရှိစဉ်ကတည်းက၊ သူမ မွေးလာတဲ့အထိ သူက တစ်ဆင့်ပြီးတစ်ဆင့် စောင့်ကြည့်လာခဲ့သူ မဟုတ်လား။

278 07

ဒီလောက်ပါပဲ။ လုဝမ်က သူ့ရင်ထဲကနေ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုပဲ ပြောနေခဲ့တာပါ။

ရွှီထင်းရှန်းက လုဝမ်ရဲ့ သဘောထားကြောင့် နည်းနည်းအံ့အားသင့်သွားပေမဲ့၊ လက်သီးအုပ် နှုတ်ဆက်လိုက်ကာ ဆိုလိုက်တယ်။ “လုဝမ်မင်းသားကို ကျေးဇူးတင်ပါတယ်”

အဲဒီနောက်မှာတော့ သူက ထွက်သွားပါတော့တယ်။

လုဝမ်လည်း ရွှီထင်းရှန်းအနေနဲ့ ကိုယ့်ကို အလွန်အမင်း ကျေးဇူးတင်လာမှာကို မျှော်လင့်မထားပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပြောစရာ ရှိတာတွေကို ပြောပြီးသွားပြီမို့၊ သူက ဝတ်စုံကို ပြန်ပြင်လိုက်ပြီး ချန်ချင်းနန်းဆောင်ထဲကို လှမ်းဝင်သွားခဲ့ပါတော့တယ်။

ရွှီထင်းရှန်းက အမှန်တော့ အတွင်းအမတ်ရုံးဆီ သွားရမှာ ဖြစ်ပေမဲ့၊ အခုတော့ အိမ်ကိုပဲ တိုက်ရိုက် ပြန်လာခဲ့တယ်။

ပထမဆုံး ကိစ္စအနေနဲ့၊ သူက ကျောက်အာကို ခေါ်ပြီး ဒီကိစ္စကို မေးလိုက်တယ်။

ဒါပေမဲ့ ကျောက်အာမှာလည်း ဘာမှ မသိတာကြောင့် မှင်တက်သွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ နင်နင်က သူမကို ဒီကိစ္စကို တစ်လုံးတစ်စိမှ ပြောပြတာ မရှိလို့ပါပဲ။

လင်မယား နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အခန်းထဲမှာ အလွန်ပဲ တိတ်ဆိတ်နေတော့တယ်။

ပရိယာယ် ကြွယ်ဝတဲ့ ရွှီထင်းရှန်းတောင်မှ သမီးဖြစ်သူရဲ့ကိစ္စနဲ့ ကြုံလာတဲ့အခါမှာတော့ ရုတ်တရက် ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေခဲ့ရတယ်။

သမီးဖြစ်သူက ဘယ်လို တွေးနေလဲဆိုတာ မသိရသလို၊ ပုံမှန် မိန်းကလေးတွေဆိုရင် ဒီလို ကိစ္စမျိုးကို မိဘတွေကို စောစော ပြောရမှာ မဟုတ်လား.

ကျောက်အာကတော့ အရမ်းပဲ ဒေါသထွက်နေပြီး၊ ကုသခင်မကြီးက ကိုယ့်ကို လိမ်ခဲ့တယ်လို့ ယူဆလိုက်မိတယ်။

စကားကို သေသေချာချာ ပြောပြီးသားပါ၊ လက်မခံနိုင်ရင် ဆွေမျိုး မစပ်လည်း ရပါလျက်နဲ့၊ ဘာလို့ ရုတ်တရက် ဆိုသလို အစ်ကိုဝမ်းကွဲ ညီမဝမ်းကွဲ ကိစ္စတွေ ထွက်လာရတာလဲ။

“မရဘူး၊ ငါ လူလွှတ်ပြီး ကုမိသားစုကို သွားမေးမှ ဖြစ်မယ်”

ရွှီထင်းရှန်းက သူမကို ဆွဲထားပြီး ဆိုလိုက်တယ်။ “မင်း အခု လုပ်ရမှာက သမီးလေးကို အရင် သွားမေးဖို့ပဲ” လို့

ကျောက်အာက ခင်ပွန်းဖြစ်သူ ပြောတာ မှန်တယ်လို့ ယူဆတာနဲ့၊ နှစ်ယောက်သား နင်နင်နေတဲ့ ဝင်းထဲကို သွားခဲ့ကြတာပေါ့။ တံခါးဝ ရောက်တဲ့အခါမှာတော့ ရွှီထင်းရှန်းက ရုတ်တရက် ခြေလှမ်းတွေကို ရပ်လိုက်ပြီး၊ သူ ကိုယ်တိုင် အထဲ ဝင်မလာတော့ဘူးလို့ ပြောလိုက်တယ်။

အဖေနဲ့သမီးကြားက ဆက်ဆံရေးက ငယ်ငယ်တုန်းက သိပ်ရင်းနှီးပေမဲ့၊ သမီးဖြစ်သူ အရွယ်ရောက်လာတဲ့အခါမှာတော့ အဖေကို မကပ်တော့ဘဲ အမေဘက်ကိုပဲ ယိမ်းသွားတာလေ။ ဒါ့အပြင် အချို့ ကိစ္စတွေက ရွှီထင်းရှန်းလို အမျိုးသားကြီး တစ်ယောက် ကြားဝင် ပြောဖို့ကလည်း မသင့်တော်တာကိုး။

ကျောက်အာက အထဲဝင်သွားခဲ့တယ်။

သူမက လှည့်ပတ် မပြောတော့ဘဲ တိုက်ရိုက်ပဲ ဒီကိစ္စကို မေးလိုက်တော့တယ်။

နင်နင်က ဒီကိစ္စကို မိဘတွေက ဘယ်လို သိသွားသလဲ ဆိုတာကို သံသယ ဖြစ်နေမိတယ်။ သူမရဲ့ဘေးနားက လူတွေကို သူမ သေသေချာချာ မှာထားပြီးသား ဖြစ်တာကြောင့် ဒါဆိုရင် လုဝမ်ကပဲ ပြောပြတာ ဖြစ်မှာပေါ့။

278 08

ဒါပေမဲ့ လုဝမ်က ဘာလို့...

သူမက အများကြီး မတွေးတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆိုလိုက်တယ်။ “သမီး အမြင်အရတော့ ဒီကိစ္စကို အရမ်းကြီး အရေးတကြီး လုပ်နေဖို့ မလိုပါဘူး။ ကုမိသားစုက သမီးတို့ မိသားစုကို မမီပါဘူး၊ ဒီအိမ်ထောင်ရေး ကိစ္စကလည်း သူတို့ဘက်က စပြီး လာစေ့စပ်ခဲ့တာလေ။ အမေကလည်း ကုမိသားစုကို သေသေချာချာ ပြောပြထားပြီးသား ဆိုမှတော့ သူတို့ဘက်က သမီးတို့ မိသားစုကို တမင်တကာ စော်ကားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု နှစ်ခုက ဆွေမျိုးစပ်မှာ ဖြစ်သလို၊ ရန်သူ ဖြစ်မှာလည်း မဟုတ်ဘူးလေ။ အဖေနဲ့ အမေ ရှိနေမှတော့ သူတို့က သမီးကို ဘယ်လိုလုပ် နှိပ်စက်ရဲပါ့မလဲ”

“ဒါကြောင့် သမီး ထင်တာကတော့ အဲဒီညီမဝမ်းကွဲဆိုတဲ့ သူက သမီးကို တမင်တကာ လာပြီး စိတ်ပျက်အောင် လုပ်တာပဲ ဖြစ်ရမယ်။ သူမက သူမရဲ့ အဆင့်အတန်းကိုလည်း မပြောဝံ့ဘဲနဲ့၊ လမ်းပေါ်မှာတင် ဇွတ်လာပတ်သက်နေတာက သမီးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ပြီးတော့ သမီးတို့မိသားစုကိုပါ သိက္ခာချပြီး ဒီအိမ်ထောင်ရေးကို ဖျက်ဆီးပစ်ချင်တာပဲ ဖြစ်ရမယ်။ ဒီလို လူမျိုးက ရည်မှန်းချက် မကောင်းသလို၊ အောက်တန်းကျတဲ့ နည်းလမ်းတွေကိုပဲ သုံးတာမို့၊ သမီးတို့ဘက်က အလေးထားနေဖို့ မလိုပါဘူး၊ သူတို့အတွက်နဲ့ ဒေါသထွက်နေရတာလည်း မတန်ပါဘူး”

သမီးဖြစ်သူရဲ့ ရှင်းပြချက်ကို ကြားတော့ ကျောက်အာမှာ အံ့အားသင့်သွားသလို၊ တစ်ဖက်ကလည်း စိတ်အေးသွားပြီး ဝမ်းနည်းမှု နည်းနည်းလည်း ဖြစ်လာခဲ့တယ်။

သူမက သမီးဖြစ်သူက ငယ်လွန်းသေးတာကြောင့်၊ အိမ်ထောင်ပြုပြီးရင် နှိပ်စက်ခံရမှာကို အမြဲ စိုးရိမ်လို့၊ အရာရာကို သေသေချာချာ စီစဉ်ပေးခဲ့တာလေ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မိဘတွေက သမီးကို တစ်သက်လုံး ကာကွယ်ပေးထားနိုင်မှာ မဟုတ်ကြောင်း၊ အချို့လမ်းတွေကိုတော့ ကိုယ့်ဘာသာ လျှောက်ရမှာ ဖြစ်ကြောင်းကိုလည်း သူမ သိနေခဲ့တယ်။

ဒီနေ့မှာ သမီးဖြစ်သူရဲ့ အလုပ်လုပ်ပုံက အတော်လေး တည်ငြိမ်ပြီး စနစ်တကျ ရှိတာကို မြင်ရတဲ့အခါ၊ သူဟာ အဲဒီတုန်းက သူမထက်တောင် အများကြီး ပိုပြီးထက်မြက်နေပါပြီ။ စိတ်အေးသွားရရုံတင် မကဘဲ၊ သူမက အလွန်ပဲ ဂုဏ်ယူမိတော့တယ်။

ဒါဟာ သူမရဲ့ သမီးပဲ။ သူမရဲ့ သားသမီးတွေက စရိုက်တွေ ဘယ်လိုပဲ ရှိနေပါစေ၊ အားလုံးက အတော်ဆုံးသူတွေချည်းပဲ မဟုတ်လား။

အရာရာကို ရှင်းရှင်းလင်းလင်း သိသွားတဲ့အခါ၊ ကျောက်အာက စိုးရိမ်တာတွေ မရှိတော့ဘဲ၊ ကုမိသားစုရဲ့ ကိစ္စတွေအပေါ်မှာပဲ ပြန်ပြီး အာရုံစိုက်တော့တယ်။

“မရဘူး၊ ငါတို့ဘက်က အလေးမထားဘူး ဆိုပေမဲ့လည်း ငါတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့မှတော့ ကုမိသားစုဘက်က ငါတို့ကို အဖြေတစ်ခုတော့ မဖြစ်မနေ ပေးရမယ်”

သမီးဖြစ်သူကို နှစ်သိမ့်တဲ့ စကားတချို့ ပြောပြီးတော့ ကျောက်အာက ဒေါသတကြီးနဲ့ ရွှီထင်းရှန်းကို သွားရှာတော့တယ်။

ဒီနှစ်တွေအတွင်း ရွှီမိသားစုက သူတစ်ပါးကို နှိပ်စက်တာ မလုပ်ခဲ့ပေမဲ့၊ သူတစ်ပါးရဲ့ နှိပ်စက်တာကိုတော့ လုံးဝ လက်ခံမယ့်သူတွေ မဟုတ်ဘူးလေ။

အမေရဲ့ကျောပြင်ကို ကြည့်ရင်း နင်နင်ရဲ့ မျက်ဝန်းတွေက တစ်ချက် ဝင်းသွားပြီး နောက်ဆုံးတော့ ပြန်ပြီး တည်ငြိမ်သွားခဲ့ပါတော့တယ်။

******

All Chapters