အခန်း (၂၇၉-၂၈၀)
Vol. 28 Ch. 279-280
279 01
အခန်း (၂၇၉)
ကျောက်အာဟာ သူမကိုယ်တိုင် ရှေ့ထွက်ပြီး ကုသခင်မကြီးကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ရွှီထင်းရှန်းက တားခဲ့တယ်။
ရွှီထင်းရှန်းရဲ့ ဆိုလိုရင်းက ဒီကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်မယ်ဆိုတာပါပဲ။
ကြည့်ရတာ ကုမိသားစုရဲ့ ဒီလုပ်ရပ်က သူ (ရွှီထင်းရှန်း) ရဲ့ မထိရက်စရာ အားနည်းချက်ကို သွားပြီး ထိပါးမိပုံရတယ်။ သူဟာ အလွယ်တကူ အမျက်ထွက်တတ်သူ မဟုတ်ပေမဲ့၊ တစ်ခါ အမျက်ထွက်ရင်တော့ ကိစ္စရပ်တွေဟာ ဒီလောက်နဲ့ ရိုးရိုးရှင်းရှင်း ပြီးဆုံးသွားမှာ မဟုတ်ဘူးလေ။
နောက်တစ်နေ့ နံနက်ခင်း ညီလာခံ ပြီးလို့ ကျားချန်ဧကရာဇ် ထွက်သွားပြီးနောက်မှာ အရာရှိ အပေါင်းတို့ဟာ အုပ်စုငယ်လေးတွေခွဲပြီး နန်းတော်ပြင်ပကို လျှောက်သွားကြတယ်။
ကုမိသားစုနဲ့ ရွှီမိသားစု ဆွေမျိုးစပ်မယ့် ကိစ္စဟာ မကြာသေးမီက အစိုးရအဖွဲ့အတွင်းမှာ အတော်လေး မျက်နှာပွင့်နေခဲ့တာမို့ ရွှီမိသားစုနဲ့ ပတ်သက်မှုက ထူးခြားတယ်ဆိုတာပြဖို့ ကုဟိန်က ညီလာခံ ဆင်းတိုင်း ရွှီထင်းရှန်းနဲ့ စကားပြောလေ့ရှိသလို၊ လမ်းတစ်လျှောက် အတူတူ လျှောက်လေ့ရှိတယ်။
ဒါပေမဲ့ ဒီနေ့မှာတော့ သူက အနားကို တိုးသွားပေမဲ့၊ တစ်ဖက်လူက သူ့ကို အေးစက်တဲ့ အကြည့်တွေနဲ့ပဲ တုံ့ပြန်ခဲ့တယ်။
“အမတ်မင်းကု ဒါက ဘာဖြစ်လို့” ကုဟိန်ဟာ ဘာမှ နားမလည်နိုင်ဘဲ ဖြစ်နေခဲ့တယ်။
ရွှီထင်းရှန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်တယ်။ “ကုမိသားစု လုပ်ထားတဲ့ ကိစ္စတွေကို၊ အမတ်မင်းကုကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ။ နောက်ထပ် နှစ်ရက်လောက် ကြာရင်တော့ ငါ့ဇနီးသည်ကတစ်ဆင့် အမတ်မင်းတို့ အိမ်ကို လာပြီး အိမ်ထောင်ရေး ကိစ္စကို ဖျက်သိမ်းခိုင်းပါ့မယ်၊ တခြား စကားတွေ အများကြီး ပြောမနေတော့ပါဘူး”
ပြောဆိုပြီးတာနဲ့ သူဟာ ဝတ်ရုံစကို ခါယမ်းပြီး အဲဒီနေရာကနေ ထွက်သွားတော့တယ်။
ဘေးနားက အရာရှိအချို့ဟာ သူတို့နှစ်ယောက် ဘာတွေ ပြောနေကြလဲ မကြားရပေမဲ့၊ ဒီလောက်အထိ ပြင်းထန်နေတာကို မြင်လိုက်ရတာကြောင့်၊ နှစ်ယောက်ကြားမှာ အငြင်းပွားမှုတွေ ဖြစ်နေပြီဆိုတာ သိလိုက်ရလို့၊ ဆွေမျိုးစပ်မယ့်သူတွေ မဟုတ်လားဆိုပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြတော့တယ်။
ကုဟိန်ရဲ့မျက်နှာဟာ တစ်လှည့်စီ ပြောင်းလဲနေခဲ့ပြီး၊ အလျင်အမြန်ပဲ ထွက်သွားခဲ့တယ်။
ရွှီအမတ်ချုပ်ကြီး အနေနဲ့ ဒီလောက်အထိ ပြုမူနေမှတော့ အဲဒါဟာ သေးငယ်တဲ့ ကိစ္စ မဟုတ်တာ သေချာတယ်။ ကုဟိန်ဟာ နန်းတော်တံခါးက ထွက်လာတာနဲ့၊ ဝတ်ပြုရေးဝန်ကြီးဌာနကိုတောင် မသွားတော့ဘဲ အိမ်ကို တိုက်ရိုက် ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ သူဟာ အကြီးအကျယ် ဒေါသထွက်တော့တာကြောင့် အရင်ဆုံး ဒုက္ခရောက်ရသူက ကုသခင်မကြီးပါပဲ။ ကုသခင်မကြီးက တစ်စုံတစ်ရာ ပြောလိုက်လို့ ‘ကျောက်ကော်ဖူးရန်’ ကို အမျက်ထွက်စေခဲ့တာလို့ သူ ယူဆလိုက်မိတာပါ၊ မဟုတ်ရင် ရွှီအမတ်ချုပ်ကြီးက သူ့ကို ဒီလောက်အထိ အရှက်ခွဲစရာ အကြောင်း မရှိဘူးလေ။
ကုသခင်မကြီးမှာတော့ ဘာမှ နားမလည်နိုင်ဘဲ ရှိနေသလို အရမ်းပဲ မတရား ခံစားရတာကြောင့် အမတ်မင်းကုနဲ့ အပြင်းအဖန် စကားများကြတော့တယ်။
ကုဟိန် စိတ်အေးသွားတဲ့ အခါကျမှ ဇနီးသည်ဟာ ဒီလို ကိစ္စမှာ လိမ်မှာ မဟုတ်မှန်း သိသွားတာနဲ့၊ အိမ်ထဲမှာ လူလွှတ်ပြီး စုံစမ်းခိုင်းတော့တယ်။ ဒီအိမ်ထဲမှာ ဘယ်သူကများ သတ္တိကောင်းပြီး ရွှီမိသားစုကို သွားပြီး စော်ကားခဲ့သလဲ ဆိုတာကို သူ သိချင်နေတာပါ။
အမှန်တကယ် စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ရှာမတွေ့စရာ အကြောင်း မရှိပါဘူး၊ မကြာခင်မှာပဲ အဲဒီကိစ္စရဲ့လမ်းစက ကုမိသားစုက အမျိုးသမီးလေး ရှောက်ယန်ဆီကို ဦးတည်သွားခဲ့တယ်။
ဒီရှောက်ယန် အကြောင်းကို ပြောရမယ်ဆိုရင် ကုမိသားစုက အမျိုးသမီးကြီး၊ ဆိုလိုတာက ကုဟိန်ရဲ့ညီမအရင်း ဖြစ်သလို ကုအဘွားကြီးရဲ့သမီးဖြစ်သူ ကုလန်ရင်း အကြောင်းကိုပါ ပြောပြရပါလိမ့်မယ်။
279 02
ဒီကုလန်ရင်းဟာလည်း ကံဆိုးရှာသူ တစ်ဦးပါ၊ မူလက ကောင်းမွန်တဲ့ အိမ်ထောင်ရေး တစ်ခုကို ရခဲ့သလို လင်မယားကြားက သံယောဇဉ်ကလည်း ကောင်းခဲ့ပေမဲ့၊ နှမြောစရာ ကောင်းတာက ခင်ပွန်းဖြစ်သူက အသက်တိုတာကြောင့် အားကိုးရာမဲ့တဲ့ သားအမိ နှစ်ဦးကို ထားရစ်ပြီး စောစော ကွယ်လွန်သွားခဲ့တာပါ။
ကုလန်ရင်းမှာလည်း သားမထွန်းကားတာကြောင့်၊ ခင်ပွန်းရဲ့ မိသားစုမှာ ဘဝရပ်တည်ဖို့ ခက်လာလို့၊ သမီးဖြစ်သူကို ခေါ်ပြီး မိဘအိမ်ကို ပြန်ခိုလှုံလာခဲ့တာ ဖြစ်တယ်။ ကုမိသားစုဝင်းထဲမှာ နေလာခဲ့တာလည်း နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်တယ်။
ကုအဘွားကြီးဟာ သမီးဖြစ်သူကို သနားသလို၊ မြေးမလေးကိုလည်း ချစ်တာကြောင့်၊ ကုလန်ရင်း သားအမိဟာ ကုမိသားစုထဲမှာ အေးအေးဆေးဆေး နေနိုင်ခဲ့ကြတယ်။ သူမ (ကုအဘွားကြီး) ဟာ မြေးမလေးကို ကုချန်နဲ့ ပေးစားဖို့ စိတ်ကူးရှိခဲ့ပေမဲ့၊ ကုသခင်မကြီးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို၊ ကုဟိန်ကလည်း မိခင်ဖြစ်သူက သနားလို့ဆိုပြီး ကိုယ့်သားဖြစ်သူကို အသုံးမချစေချင်တာနဲ့ ဒီကိစ္စဟာ လက်လျှော့ခဲ့ရတယ်။
ဒါပေမဲ့ ရှောက်ယန်နဲ့ ကုချန်တို့ဟာ ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့သူတွေပါ။ ‘အသက်ခုနစ်နှစ်အရွယ်ကစပြီး အမျိုးသားနဲ့ အမျိုးသမီး အတူတူ မနေရ’ ဆိုတဲ့ စည်းကမ်း ရှိပေမဲ့၊ အိမ်တစ်လုံးတည်းမှာ နေကြသူတွေမို့ သာမန် အမျိုးသား အမျိုးသမီးတွေထက် ဆုံရတဲ့ အကြိမ်က များလှပါတယ်။
ရှောက်ယန်ဟာ ကုချန်အပေါ်မှာ တိတ်တဆိတ် စွဲလန်းနေပေမဲ့၊ကုချန်ကတော့ စာမေးပွဲ အောင်ဖို့ကိုပဲ အာရုံစိုက်နေတာကြောင့် ကျန်တဲ့ကိစ္စတွေကို မစဉ်းစားခဲ့တာကြောင့် ‘ပန်းကလေးက စိတ်ရှိပေမဲ့ ရေစီးကတော့ အလိုမရှိ’ ဆိုသလို တစ်ဖက်သတ် အချစ်သာ ဖြစ်နေခဲ့ရတယ်။
ကုလန်ရင်းသားအမိဟာ ကုချန် စာမေးပွဲ အောင်တဲ့အထိ စောင့်ပြီးမှ အိမ်ထောင်ရေး ကိစ္စကို ပြောဖို့ ကြံထားပေမဲ့၊ မမျှော်လင့်ဘဲ ရွှီမိသားစုနဲ့ စေ့စပ်မယ့် သတင်း ထွက်လာခဲ့တယ်။
အခုတစ်ကြိမ် ဖြစ်ရပ်ဟာ ကုလန်ရင်းနဲ့ သမီးဖြစ်သူတို့ ပူးပေါင်းပြီး ကြံစည်ခဲ့တာ ဖြစ်ပါတယ်။
ကုလန်ရင်းဟာ အထက်တန်းလွှာ မိသားစုက အမျိုးသမီး တစ်ဦး ဖြစ်တာကြောင့်၊ အကယ်လို့သာ အဖေနဲ့ မောင်တွေရဲ့ အကာအကွယ် မရှိရင်၊ သမီးဖြစ်သူဟာ ကောင်းမွန်တဲ့ အိမ်ထောင်ရေး ရဖို့ မဖြစ်နိုင်မှန်း ကောင်းစွာ သိတယ်။ သူမတို့ သားအမိနှစ်ဦးရဲ့ အခုအခြေအနေက ကောင်းကင်ယံက တိမ်တိုက်တွေပေါ်မှာ ဆောက်ထားတဲ့ အိမ်လိုမျိုး မတည်ငြိမ်ဘဲ ရှိနေပြီး၊ အခုတော့ ကုအဘွားကြီးရဲ့ သံယောဇဉ်ကို အားကိုးပြီး နေနိုင်ပေမဲ့၊ အဘွားကြီး ဆုံးသွားပြီးနောက်မှာ ဘယ်လို ဖြစ်မလဲ။ သူမရဲ့ ခဲအို၊ မရီးတွေက သူမအပေါ်မှာ ရင်းနှီးတာ မဟုတ်ဘူးလေ။
ဒါပေမဲ့ အကယ်လို့ သမီးဖြစ်သူသာ ကုမိသားစုကို လက်ထပ်ဝင်နိုင်ရင် အခြေအနေက ကွဲပြားသွားမှာ ဖြစ်တယ်။ ဒီသံယောဇဉ် ရှိနေမှတော့ တူဖြစ်သူက သမီးကို လက်ထပ်ရင် ကုမိသားစုအနေနဲ့ သမီးကို နှိပ်စက်မှာ မဟုတ်သလို၊ သူမရဲ့ အနာဂတ် ဘဝအတွက်လည်း အာမခံချက် ရှိသွားမှာပေါ့။
ဒါကြောင့် ရွှီမိသားစုနဲ့ ကုမိသားစု ဆွေမျိုးစပ်မယ့် ကိစ္စကို သိလိုက်ရတဲ့အခါ၊ သူမဟာ အခုလို ဆူပူမှုကို ဖန်တီးခဲ့တာ ဖြစ်တယ်။
ဒီကိစ္စဟာ မုချ ပေါ်သွားမှာကို သူမ သိတာကြောင့်၊ အိမ်ထဲမှာ ဆူညံသွားတဲ့ အချိန်မှာ၊ သူမဟာ အရင်ဆုံး မိခင်ဖြစ်သူရဲ့ ရှေ့ကို ပြေးသွားပြီး ငိုယို တိုင်တန်းလိုက်တော့တယ်။
ကုအဘွားကြီးလည်း ဒေါသထွက်သလို နာကျည်းမိတယ်။ သမီးဖြစ်သူက ကိုယ့်ကို မတိုင်ပင်ဘဲ အခုလို လုပ်ခဲ့တာကို စိတ်ပျက်မိတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မွေးထားတဲ့ သမီး ဖြစ်နေသလို၊ အစကတည်းက ကုအဘွားကြီးဟာ ရွှီမိသားစုနဲ့ ဆွေမျိုးစပ်မယ့် ကိစ္စကို သဘောမတူခဲ့ဘဲ၊ သားကြီးကသာ အတင်းဆောင်ရွက်ခဲ့တာမို့ သူမအနေနဲ့ အများကြီး မပြောခဲ့တာ ဖြစ်ပါတယ်။
279 03
‘ကိုယ်လုပ်တော် လုံးဝ မယူရဘူး’ ဆိုတဲ့ သတ်မှတ်ချက်က ဘာကို ဆိုလိုတာလဲ။ ငါတို့ ကုမိသားစုက ရွှီမိသားစုရဲ့ သမီးကို ဒီလောက်အထိ တန်ဖိုးထားရမှာလား။
စည်းစိမ်တွေကြားမှာပဲနေခဲ့သလို အိမ်တွင်းရေးတွေမှာပဲ အချိန်ကုန်ခဲ့တဲ့ သူမအဖို့ ကုမိသားစုက လူတွေက ရွှီမိသားစုရဲ့ သမီးတော်ကို အမှန်တကယ် တန်ဖိုးထားနေကြတာကို သူမ လုံးဝမသိခဲ့ပါဘူး။ ဒါကြောင့် ကုဟိန် ဒေါသတကြီးနဲ့ ရောက်လာတဲ့ အခါမှာတော့ မြင်လိုက်ရတာက ညီမဖြစ်သူက အမှားကို ဝန်ခံဟန် ပြနေသလို၊ မိခင်ဖြစ်သူကတော့ သိသိသာသာပဲ ကာကွယ်ပေးနေတာပါပဲ။
ဒါပေမဲ့ ကုဟိန်ဟာ ဒီလောက် မြင့်မားတဲ့ ရာထူးကို ရောက်လာသူ ဖြစ်တာကြောင့်၊ လွယ်လွယ်နဲ့ စိတ်ဓာတ် ယိုင်နဲ့မယ့်သူ မဟုတ်ပါဘူး။
သူဟာ ပြင်းပြင်းထန်ထန် ဒေါသထုတ်ခဲ့တာမို့ ကုအဘွားကြီးတောင်မှ ကြိမ်းမောင်းတာ ခံလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ကုအဘွားကြီးကို ရွှီမိသားစုနဲ့ ဧကရာဇ်မင်းမြတ်ကြားက ပတ်သက်မှုတွေကိုပါ ရှင်းပြလိုက်ရတယ်။ ရွှီထင်းရှန်းဟာ နောင်တစ်ချိန်မှာ မုချဝန်ကြီးချုပ် ဖြစ်လာမယ့်သူ ဖြစ်သလို၊ အနာဂတ် ဧကရာဇ်ရဲ့ ဆရာလည်း ဖြစ်နေကြောင်း၊ အကယ်လို့သာ ကုမိသားစုက ရွှီမိသားစုကို ပြစ်မှားမိရင် နောင်မှာ ဘဝရပ်တည်ဖို့ ခက်သွားမှာ ဖြစ်သလို၊ သူ ကိုယ်တိုင်လည်း ရာထူးတိုးဖို့ မျှော်လင့်ချက် မရှိတော့ကြောင်းကိုပေါ့။
ဒါ့အပြင် သူဟာ ရွှီသခင်မကြီးကျောက်အာရဲ့ ‘ကျောက်ကော်ဖူးရန်’ ဆိုတဲ့ အဆင့်အတန်းကိုလည်း အလေးထား ပြောခဲ့တယ်။ သူမဟာ ဧကရာဇ်ရဲ့အသက်သခင် ကျေးဇူးရှင် ဖြစ်သလို၊ အမျိုးသမီး တစ်ဦးတည်းကိုသာ ဘွဲ့ထူးပေးတဲ့ သမိုင်းသစ်ကို ဖော်ဆောင်ခဲ့သူလည်း ဖြစ်တယ်။ ကုအဘွားကြီးတောင်မှ သူမနဲ့ တွေ့ရင် ဂါရဝပြုရမှာ မဟုတ်လား။
အဲဒီတော့မှ ကုအဘွားကြီးမှာ မှင်တက်သွားရပြီး၊ ကိုယ့်အမှားနဲ့ ကုလန်ရင်းရဲ့ အမှားကို ဝန်ခံခဲ့တော့တယ်။ ဒါပေမဲ့ ကုဟိန်က ကုလန်ရင်း သားအမိကို အိမ်က နှင်ထုတ်ဖို့ ပြင်တဲ့အခါမှာတော့ သူမဟာ လုံးဝသဘောမတူဘဲ ငြင်းပါတော့တယ်။
ကိုယ့်မှာ ဒီသမီး တစ်ယောက်တည်း ရှိတာမို့၊ အကယ်လို့ နှင်ထုတ်မယ် ဆိုရင် ကိုယ့်ကိုပါ အတူတူ နှင်ထုတ်လိုက်ဖို့ သူမက အော်တော့တယ်။
ဒါပေမဲ့ ဆုံးဖြတ်ချက် တစ်ခုမချရင်၊ သားဖြစ်သူက လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်မှန်း သူမ သိတာကြောင့် ကုလန်ရင်း သားအမိကို မြို့ပြင်က ဝင်းငယ်တစ်ခုကို ခဏသွားနေစေပြီး၊ ကုချန် မင်္ဂလာဆောင်ပြီးမှသာ ပြန်ခေါ်ဖို့နဲ့၊ ရှောက်ယန်လည်း အသက်အရွယ် ရလာပြီမို့ အဲဒီအချိန်မှာ အိမ်ထောင်ဖက် တစ်ဦး ရှာပေးဖို့ သူမက အကြံပြုလိုက်တော့တယ်။
အခုတစ်ကြိမ်မှာတော့ ကုအဘွားကြီးဟာ မြေးမလေးကို မြေးဖြစ်သူနဲ့ ပေးစားဖို့ စိတ်ကူးကို အမှန်တကယ်ပဲ ဖျက်လိုက်ပြီဖြစ်ကြောင်း ကုဟိန်လည်း သိလိုက်ရတာမို့၊ ဒီလောက်နဲ့ပဲ ကိစ္စကို အဆုံးသတ်လိုက်တော့တယ်။
နေလယ်ပိုင်းမှာ ကုဟိန်ဟာ ကုသခင်မကြီးနဲ့ ကုချန်တို့ကို ခေါ်ပြီး ရွှီအိမ်တော်ကို ကိုယ်တိုင် သွားခဲ့တယ်။
အရင်ဆုံး သူဟာ ကိုယ့်ရပ်တည်ချက်ကို ပြတ်သားစွာ ပြောခဲ့တာက ကုချန်ကို သူ့ညီမဝမ်းကွဲနဲ့ ပေးစားဖို့ စိတ်ကူး လုံးဝမရှိခဲ့ကြောင်းနဲ့၊ ကုလန်ရင်းနဲ့ ကုမိသားစုကြားက ပတ်သက်မှုတွေ၊ ဒါ့အပြင် အဲဒီသားအမိ နှစ်ဦးကို အပြစ်ပေးထားတဲ့ အခြေအနေတွေကိုပါ အသေးစိတ် ရှင်းပြခဲ့တာက ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုဖို့ပဲ ကျန်တော့တယ်။
ကုသခင်မကြီးလည်း ကျောက်အာရဲ့လက်ကို ဆွဲပြီး၊ အကြိမ်ကြိမ် တောင်းပန်ခဲ့သလို နင်နင်ကို စိတ်မကောင်း ဖြစ်စေခဲ့တဲ့အတွက်လည်း ဝမ်းနည်းကြောင်း ပြောခဲ့တယ်။
အမှန်တော့ ကုသခင်မကြီးနဲ့ ဆက်ဆံခဲ့ရတဲ့ အချိန်အတွင်း၊ ကျောက်အာဟာလည်း တစ်ဖက်လူနဲ့ အဆင်ပြေခဲ့ပါတယ်။ ကုသခင်မကြီးက သဘောထား နူးညံ့ပြီး အကျိုးအကြောင်း သိတဲ့သူမှန်း သူမ သိတာကြောင့် ကျောက်အာဟာလည်း အဲဒီလို လူတွေနဲ့ ဆက်ဆံရတာ ပိုနှစ်သက်တာလေ။
သူမဟာ အမြဲတမ်း အလျှော့ပေးသူအပေါ်မှာ အလျှော့ပြန်ပေးတတ်သူမို့၊ အခုလို အခြေအနေမှာ မျက်နှာပျက်အောင် မလုပ်ချင်တော့ပါဘူး။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ ပြီးလိုက်ရတာကို ရင်ထဲမှာ မကျေနပ်မှု အနည်းငယ် ရှိနေတုန်း၊ ကုချန်က နင်နင်ကို တစ်ခါလောက် တွေ့ခွင့်ပေးဖို့ ရုတ်တရက် တောင်းဆိုလာခဲ့တယ်။
279 04
ကျောက်အာဟာ အကြိမ်ကြိမ် စဉ်းစားပြီးတော့မှ နောက်ဆုံးမှာ သဘောတူလိုက်တော့တယ်။
ကုချန်ကို လူတွေက နင်ရှီးဝင်းဆီ ခေါ်သွားကြတယ်။
သူဟာ အထဲကို ဝင်တာ မရှိဘဲ စင်္ကြံအောက်မှာပဲ ရပ်နေခဲ့တယ်။
ဒီလူငယ်လေးဟာ နင်နင်ကို အမှန်တကယ်ပဲ စွဲလန်းနေတာ သိသာပါတယ်။ ဒီလို ကိစ္စမျိုးကိုလည်း ပထမဆုံးအကြိမ် လုပ်ဖူးတာမို့၊ မျက်နှာမှာ ရှက်သွေးတွေကြောင့် နီမြန်းနေပေမဲ့၊ ကိုယ့်ရင်ထဲက စကားတွေကိုတော့ မရမက ရှင်းပြနေခဲ့တယ်။
နင်နင်ဟာ ပြတင်းပေါက် နောက်ကွယ်က ခုံတန်းပေါ်မှာ ထိုင်ပြီး နားထောင်နေခဲ့ပြီး၊ သူမရဲ့ဘေးနားမှာ ကျစ်ရှူးတို့ အစေခံမလေးတွေ ရပ်နေကြတယ်။
အခန်းထဲမှာ အလွန်ပဲ တိတ်ဆိတ်နေခဲ့တယ်။
သူမဟာ တောက်ပတဲ့ မှန်ပြတင်းပေါက်ကနေ စင်္ကြံအောက်မှာ ရပ်နေတဲ့ အဲဒီလူငယ်လေးကို ငေးကြည့်နေမိတယ်။ တစ်ဖက်လူက ကိုယ့်ကို အလွန် ချစ်မြတ်နိုးနေတာကိုလည်း သူမ မြင်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့ လူတစ်ယောက်ကို ချစ်မြတ်နိုးတယ် ဆိုတာဟာ၊ တကယ်တမ်း ဘယ်လို ခံစားချက်မျိုး ဖြစ်နိုင်မှာလဲ။
လူတိုင်းဟာ အစွမ်းကုန် ကြိုးစားနေကြတယ်။ သူ (ကုချန်) ဟာ သူမရဲ့ ခွင့်လွှတ်မှုကို ရဖို့ ကြိုးစားနေသလို၊ အဖေနဲ့ အမေတို့ကလည်း သူမ ပျော်ရွှင်အောင် အစွမ်းကုန် ကြိုးစားပေးနေကြတယ်။ သူမ ကိုယ်တိုင်လည်း အမှန်တကယ်တော့ ကြိုးစားနေတာပါပဲ။
ဒီလို ဖြစ်နေတာကလည်း၊ တကယ်တော့ မဆိုးလှပါဘူး။
“သခင်မလေး”
“သူ့ကို သွားပြောလိုက်ပါ၊ ငါ သူ့အပေါ်မှာ ဘယ်တုန်းကမှ အပြစ်မမြင်ခဲ့ပါဘူး လို့။ အိမ်ထောင်ရေး ကိစ္စကိုလည်း အရင်အတိုင်းပဲ ဆက်လုပ်ပါ့မယ်၊ ငါ အိမ်ထောင်ရေး ဖျက်မှာ မဟုတ်ပါဘူး”
ကုမိသားစုက လူတွေ ပြန်သွားကြပြီမို့၊ ကျောက်အာဟာ အစေခံတွေရဲ့ ပြောပြချက်တွေကို နားထောင်ရင်း များစွာ ညည်းတွားမိတော့တယ်။
အစေခံတွေကို ပြန်လွှတ်လိုက်ပြီးနောက်မှာ သူမဟာ ရွှီထင်းရှန်းကို သက်ပြင်းချရင်း လှမ်းကြည့်လိုက်တယ်။ “ဒါဆိုရင် ဒီအတိုင်းပဲလား”
“ကျွန်မရဲ့ သမီးလေးက အိမ်ထောင်ရေး မဖျက်ဘူးလို့ ပြောနေမှတော့ ကျွန်မဆိုတဲ့ အမေကော ဘာထပ်ပြောနိုင်ဦးမှာလဲ”
သူမ အနေနဲ့ အမှန်တကယ်ပဲ ဘာမှ ထပ်ပြောစရာ မရှိတော့ပါဘူး၊ ကုမိသားစုရဲ့ သဘောထားကြောင့် သူမနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ စိတ်ကလည်း တည်ငြိမ်သွားခဲ့ရပြီ၊ တစ်ခုတည်းသော စိုးရိမ်မှုက သမီးဖြစ်သူ နစ်နာမှာကိုပဲ ဖြစ်ပေမဲ့၊ သမီးကိုယ်တိုင်ကပဲ ဂရုမစိုက်ဘူးလို့ ဆိုမှတော့ သူတို့အနေနဲ့လည်း ဘာကိုများ ထပ်ပြီး ဂရုစိုက်နေရမှာလဲ။
ကျောက်အာက ဆံပင်တွေကို ပွတ်လိုက်ရင်း ညည်းလိုက်တယ်။ “ကံကောင်းတာက နင်နင်ဆိုတဲ့ သမီး တစ်ယောက်တည်း ရှိလို့ပေါ့၊ အကယ်လို့ နောက်ထပ် တစ်ယောက်သာ ထပ်ရှိရင် ငါ့ဆံပင်တွေ တစ်ဝက်လောက် ဖြူသွားမှာ သေချာတယ်”
“မင်း သားငယ် ရှိနေသေးတာကို မေ့နေတာလား”
ဟုတ်သားပဲ အသက်အရွယ်အရဆိုရင် ရွှီယောင်ထိုက်ဟာလည်း အိမ်ထောင်ရေး ကိစ္စတွေ စတင်ရတော့မှာ ဖြစ်တယ်။
279 05
“ဒါက ဘယ်လိုလုပ် တူနိုင်မှာလ” ကျောက်အာက ပြန်ငြင်းလိုက်တယ်။
ရွှီထင်းရှန်းက ပြုံးပြီး သူမကို တစ်ချက် ကြည့်လိုက်တာက သူမက သမီးဘက်ကပဲ ဘက်လိုက်နေတာ သိသာလွန်းတယ်လို့ ပြောနေသလိုပါပဲ။
“သားဆိုတာက ချွေးမကို အိမ်ထဲ ခေါ်ရမှာလေ၊ သမီးကျတော့ အိမ်ကနေ ထွက်သွားရမှာ၊ ဒါက ဘယ်လိုလုပ် တူနိုင်ပါ့မလဲ!”
သေချာတာကတော့ လုံးဝ မတူပါဘူး။
လုဝမ်ဟာ ရွှီထင်းရှန်းရဲ့ မိသားစုအပေါ် ကာကွယ်တတ်တဲ့ စရိုက်ကို သိထားတာကြောင့်၊ ဒီကိစ္စဟာ ကြီးကျယ်တဲ့ ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူက ယူဆထားခဲ့တာ ဖြစ်တယ်။
နှမြောစရာ ကောင်းတာက ဘာပြဿနာမှ ဖြစ်မလာတဲ့အပြင်၊ ရွှီမိသားစုနဲ့ ကုမိသားစုတို့ရဲ့ မင်္ဂလာပွဲ နီးကပ်လာပြီဆိုတဲ့ သတင်းတွေပဲ ကြားလိုက်ရတယ်။
အဲဒီနေ့က နင်နင်ရဲ့ သဘောထားကြောင့် လုဝမ်ဟာ ထူးဆန်းတယ်လို့ ခံစားခဲ့ရဖူးတာကြောင့် အခု ကြည့်ရတာ အဲဒီမိန်းကလေးရဲ့ ကိုယ်ပေါ်မှာပဲ ပြဿနာ ရှိနေပုံရပါတယ်။
ဒီမိန်းကလေးက တကယ်တမ်း ဘာတွေ ကြံစည်နေတာလဲ။
ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ပြီးတော့ စိတ်တိုင်းမကျတဲ့ သူတစ်ယောက်ကိုပဲ အတင်း လက်ထပ်လိုက်တာလား။
ဒီလို လုပ်ရပ်မျိုးကို အရင်ကဆိုရင် လုဝမ်ဟာ အထင်သေးမိမှာ ဖြစ်ပေမဲ့၊ ဘာလို့မှန်း မသိဘဲ အခုတစ်ကြိမ်မှာတော့ သူဟာ အလွန်ပဲ စိတ်တိုနေခဲ့ရတယ်။
ရက်ပေါင်းများစွာအတွင်း စိတ်မတည်မငြိမ် ဖြစ်နေခဲ့ပြီးနောက် သူဟာ အဲဒီမိန်းကလေးနဲ့ တစ်ခေါက်လောက် ဆုံချင်တဲ့ ဆန္ဒတွေ ဖြစ်လာခဲ့တယ်။ မကြာခင်မှာပဲ သူဟာ အခွင့်အရေး တစ်ခုကို ရှာတွေ့သွားခဲ့တယ်။ အဲဒါက သြဂုတ်လ ၁၅ ရက်နေ့မှာ နန်းတော်မှာ ကျင်းပတဲ့ လပြည့်ည ပွဲတော်ပါပဲ။
လုဝမ်ရဲ့အဆင့်အတန်းနဲ့ဆိုရင် နန်းတော်ထဲမှာ တစ်ယောက်ယောက်ကို တွေ့ဖို့ဆိုတာ အလွန်ပဲ လွယ်လှပါတယ်။
နင်နင်ဟာ မိန်းမစိုးငယ် တစ်ယောက်ရဲ့ လမ်းမှားပြမှုကြောင့် မလှမ်းမကမ်းက ညောင်ပင်ကြီး တစ်ပင်အောက်မှာ ရပ်နေတဲ့ လုဝမ်ကို မြင်လိုက်ရတယ်။
ကောင်းကင်မှာ လမင်းကြီးက ထိန်ထိန်သာနေသလို၊ ညလေလေးကလည်း တဖြူးဖြူး တိုက်နေခဲ့တယ်။
လုဝမ်ဟာ ရွှေချည်ထိုး နဂါးရုပ်တွေပါတဲ့ အပြာရင့်ရောင် မင်းသားဝတ်စုံကို ဝတ်ထားတာမို့၊ အလွန်ပဲ ခန့်ညား ထည်ဝါလှပါတယ်။
နင်နင် ခဏ မှင်တက်သွားပြီးနောက် အမြန်ပဲ သတိဝင်လာခဲ့တယ်။ “လုဝမ်မင်းသား ရှင်...”
“အဲဒီကိစ္စက ဘာလို့ အခုလိုမျိုး ဘာမှမဖြစ်သလို ပြီးသွားရတာလဲ။ မင်း တကယ်ပဲ ကုမိသားစုကို လက်ထပ်ဖို့ စိတ်ကူးနေတုန်းပဲလား”
လုဝမ်က ဒီကိစ္စကို ထုတ်ပြောလာလိမ့်မယ်လို့ နင်နင် မထင်ထားတာကြောင့် သူမရဲ့အကြည့်ဟာ ရှုပ်ထွေးသွားခဲ့ပေမဲ့၊ မှောင်နေတာကြောင့် တစ်ဖက်လူကတော့ သတိမထားမိခဲ့ပါဘူး။
“ကိစ္စတွေက ရှင်းပြီးပါပြီ၊ ကုမိသားစုကလည်း ဒီကိစ္စကို မသိတာမို့၊ ဒါဟာ အထင်လွဲမှုတစ်ခုပါပဲ” သူမက မျက်လုံးတွေကို ငုံ့ချပြီး တိုးညောင်းတဲ့ လေသံနဲ့ ဆိုလိုက်တယ်။
“အကယ်၍ ဒီမင်းသား မမှားဘူး ဆိုရင်တော့ အဲဒီအမျိုးသမီးဟာ အဲဒီ ကုချန်ရဲ့ ညီမဝမ်းကွဲ တစ်ယောက်ပဲ၊ သူမနဲ့ သူမရဲ့ မိခင်ဟာ အားကိုးရာမဲ့ ဖြစ်နေလို့ ကုမိသားစုမှာ ခိုလှုံနေကြတာလေ၊ ဒါ့အပြင် ကုအဘွားကြီးရဲ့ ကာကွယ်မှုကိုလည်း ရထားကြတာမို့၊ အခု နှင်ထုတ်လိုက်တယ် ဆိုပေမဲ့လည်း မကြာခင်မှာ နောက်တစ်ကြိမ် ပြန်ရောက်လာကြမှာပဲ”
279 06
နင်နင်က ဂရုမစိုက်သလို ပြုံးလိုက်ပြီး ဆိုလိုက်တယ်။ “ပြန်လာရင်လည်း ပြန်လာကြတာပေါ့၊ ကုမိသားစုမှာ လူတွေ အများကြီး ရှိတာပဲလေ၊ လူတိုင်းက ကျွန်မနဲ့ ပတ်သက်နေတာမှ မဟုတ်တာ။ ကျွန်မ လက်ထပ်သွားပြီးရင်လည်း၊ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် နေသွားရင်ပဲ လုံလောက်ပါပြီ”
“မင်းက ဘာလို့ ဒီလောက်အထိ အူကြောင်ကြောင် နိုင်ရတာလဲ။ ရွှီမိသားစုရဲ့ အခု အခြေအနေနဲ့ဆိုရင် ဘယ်လို လူမျိုးကိုမဆို ရွေးလို့ ရတာပဲ မဟုတ်လား။ အကယ်လို့ မင်းက ကောင်းတဲ့ ခင်ပွန်းတစ်ယောက်ကို လိုချင်တယ် ဆိုရင်လည်း၊ ဒီမင်းသားက မင်းအတွက် ရွေးပေးနိုင်ပါတယ်။ ဘာလို့များ ကုမိသားစုလိုမျိုး ရင်ထဲမှာ တစ်ဆို့နေရမယ့် နေရာမျိုးကို ရွေးရတာလဲ...”
“လုဝမ်မင်းသား”
နင်နင်က ရုတ်တရက် ဆိုသလို သူ့ရဲ့ စကားကို ကြားဖြတ် တားလိုက်တယ်။ “ဘာကို ရင်ထဲမှာ တစ်ဆို့နေတယ်လို့ ခေါ်တာလဲ။ နောက်ပြီး ဒါဟာ ကျွန်မရဲ့ ကိစ္စပါ၊ ရွှီမိသားစုရဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကျွန်မ ဘယ်သူ့ကို လက်ထပ်မလဲ ဆိုတာဟာ ရှင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ရှင်က ဘယ်လို အဆင့်မျိုးနဲ့ ကျွန်မကို ဒီစကားတွေ လာပြောနေရတာလဲ”
ဟုတ်တာပေါ့၊ သူက ဘယ်လို အဆင့်နဲ့လဲ။
လူကြီး တစ်ယောက် အနေနဲ့လား။
ဒါပေမဲ့ သူ ပြောခဲ့သလိုပဲ ရင်ထဲမှာ တစ်ဆို့နေခဲ့ပါတယ်။ ဒါဆိုရင် ဘယ်သူ့ရဲ့ ရင်ထဲမှာ တစ်ဆို့နေတာလဲ။
ရွှီမိသားစုက လူတွေက ဂရုမစိုက်ကြသလို သူမ ကိုယ်တိုင်လည်း ဂရုမစိုက်ဘဲ၊ သူဆိုတဲ့ အပြင်လူကသာ ဘာလို့ အမြဲတွက်ကပ်နေရတာလဲ။ တကယ်ကို ရယ်စရာ ကောင်းလှပါတယ်။
သူ ကိုယ်တိုင်တောင် ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေမိသလဲ ဆိုတာကို မသိပါဘူး။ ဒီမိန်းကလေးက အမေဖြစ်သူရဲ့ဝမ်းဗိုက်ထဲ ရှိစဉ်ကတည်းက၊ တစ်ဆင့်ပြီးတစ်ဆင့် ကြီးလာတာကို သူ စောင့်ကြည့်ခဲ့လို့လား။ ဒါမှမဟုတ် ဒီလို ဖြူစင်ရိုးသားတဲ့ မိန်းကလေးငယ်က ပျော်စရာ ကောင်းတဲ့ ဘဝကိုပဲ ပိုင်ဆိုင်သင့်တယ်လို့ ယူဆလို့လား။ ဒါမှမဟုတ် သူမ ငယ်ငယ်တုန်းက ကိုယ့်ကို ပြောခဲ့ဖူးတဲ့ စကားတွေကြောင့်လား။
လုဝမ်ဟာ ဒီလိုခံစားချက်တွေကို တစ်ခါမှ မကြုံဖူးပါဘူး။ သူဟာ ငယ်ငယ်ကတည်းက ပင်လယ်ဓားပြ စခန်းထဲမှာ ကြီးပြင်းလာခဲ့ရသူမို့၊ ပင်လယ်ဓားပြတွေရဲ့ လောကမှာ သိက္ခာနဲ့ ကိုယ်ကျင့်တရား၊ အမှန်အမှားဆိုတာ မရှိခဲ့ဘူး၊ ဘယ်သူမှ ကိုယ့်ရဲ အားနည်းချက်ကို အပြင်ကို ထုတ်မပြကြပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါဟာ ဘေးအန္တရာယ်တွေကိုပဲ ဖိတ်ခေါ်တာ ဖြစ်လို့ ဖြစ်တယ်။
လုဝမ်ဟာ တစ်ယောက်ယောက်က ကိုယ့်ရဲ့နှလုံးသားကို လက်ပေါ်တင်ပြီး၊ တစ်စုံတစ်ဦးရဲ့ ရှေ့မှာ လုံးဝ မဖုံးကွယ်ဘဲ ပေးတာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
အစပိုင်းမှာတော့ သူဟာ အဲဒီလို လုပ်ရပ်ကို ရယ်စရာကောင်းတယ်။ အဓိပ္ပာယ်မရှိဘူးလို့ ယူဆခဲ့ပါတယ်။
ဒါပေမဲ့ မိန်းကလေးငယ်က သူတစ်ပါးကို မထိခိုက်အောင်၊ ကိုယ့်ခံစားချက်တွေကို လူရှေ့မှာ မရမက ဖုံးထားတာကို မြင်လိုက်ရတဲ့အခါ၊ သူ့ရဲ့စိတ်ခံစားချက်ဟာ ရှုပ်ထွေးသွားခဲ့ရပြန်တယ်။
သူ ဘယ်လိုပဲဖြစ်ဖြစ် ထားလိုက်ပါတော့ သူမက ဘာလို့ ဂရုမစိုက်ဘဲ နေနိုင်ရတာလဲ။
ဒါဆိုရင်…
“မင်းက အဲဒီ ကောင်လေးကို ချစ်သွားတာလား” လုဝမ်အနေနဲ့ ဒီလို ရလဒ်တစ်ခုကိုပဲ စဉ်းစားမိလိုက်တော့တာပေါ့။
ချစ်တယ်…
ချစ်တယ် ဆိုတာ ဘာလဲ။ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ အမြဲ တမ်းတနေတာကို ခေါ်တာလား။ နေ့ညမပြတ် ရင်ထဲမှာ ပုံဖော်နေမိပြီး အဲဒီအရိပ်က နှလုံးသားထဲမှာ အမြစ်တွယ်သွားကာ၊ ဖျောက်လို့ မရတော့တာမျိုးလား။
279 07
ဒါပေမဲ့ အချို့သော ချစ်ခြင်းတွေကတော့ ဘာရလဒ်မှ မရှိဘဲ ပျောက်သွားရတတ်စမြဲပါ။
ဥပမာအားဖြင့် သူမလို သူမျိုးပေါ့။
“ဦးလေးကြီး ဦးလေးက ကျွန်မအမေကို ချစ်ခဲ့တာလား”
တစ်ခါက နင်နင်ဟာ လုဝမ်ကို ဒီလို မေးခွန်းမျိုး မေးခဲ့ဖူးပါတယ်။
အဲဒီတုန်းက သူမဟာ ဘာမှ နားမလည်သေးဘဲ ချစ်ခြင်းရဲ့ အရသာကို စသိခါစမို့၊ အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးမှ ကိုယ့်ရင်ထဲက လျှို့ဝှက်ချက်တွေကို အစအဆုံး ထုတ်ပြောခဲ့တာပါ။
မျှော်လင့်ထားတဲ့အတိုင်း ငြင်းခံလိုက်ရပြီးနောက်၊ အဲဒီအချိန်ကစပြီး နင်နင်ဟာ တစ်ညတည်းအတွင်းမှာပဲ အရွယ်ရောက်သွားခဲ့ရတယ်။
ဒီမေးခွန်းကို အဲဒီတုန်းက လုဝမ် မဖြေခဲ့သလို၊ အခုတစ်ကြိမ်မှာလည်း သူ ဘာမှ မပြောပါဘူး။
အဲဒီတုန်းကတော့ အူကြောင်ကြောင် မိန်းကလေးငယ် တစ်ဦးက သူ့ကို ‘အကယ်လို့ ဦးလေးက ကျွန်မ အမေကို မချစ်တော့ရင်၊ ကျွန်မကိုပဲ ချစ်ပါလား၊ ကျွန်မ ဦးလေးကို လက်ထပ်ပါ့မယ်’ လို့ ပြောခဲ့ဖူးတာလေ။
ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ နောက်ဆက်တွဲ စကားတွေ မရှိတော့ပါဘူး။
နှစ်ယောက်သား တိတ်ဆိတ်နေကြတယ်။
အတန်ကြာမှ လုဝမ်က လေးနက်တဲ့ အသံနဲ့ ဆိုလိုက်တယ်။ “မင်းကတော့ တို့ကို စိတ်နာလို့ ဆိုပြီး၊ ကိုယ့်ရဲ့တစ်သက်တာ အိမ်ထောင်ရေးကိစ္စကို နောက်ပြောင်စရာ အဖြစ် မလုပ်သင့်ပါဘူး”
“စိတ်နာတယ်။ ကျွန်မက ဘယ်သူ့ကို စိတ်နာနေလို့လဲ”
လုဝမ်ဟာ စကားလုံး မရှိဘဲ ဖြစ်သွားရတယ်။
နင်နင်က သူ့ကို စိုက်ကြည့်လိုက်တယ်။ သူမဟာ သူ့ကို ဒီလောက်အထိ တိုက်ရိုက် မကြည့်ရဲခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။
အရင်က ကြည့်ရဲတာက ဘာမှနားမလည်ခဲ့လို့ ဖြစ်သလို၊ နားလည်သွားပြီးနောက်မှာတော့ သူမဟာ သူ့ကို တစ်ချက်တောင် မကြည့်ရဲတော့တာကိုး။
“လုဝမ်မင်းသား ရှင်ကများ ကျွန်မက ရှင့်ကို စိတ်နာနေတယ်လို့ ထင်နေတာလား”
လုဝမ်က ဘာမှ ပြန်မပြောပေမဲ့၊ သူ့မျက်နှာကတော့ အဲဒီလို ယူဆနေတာ ထင်ရှားပါတယ်။
နင်နင်လည်း ရုတ်တရက် စိတ်ဝင်စားမှု လျော့သွားတဲ့ပုံနဲ့ မျက်လုံးတွေကို ငုံ့ချလိုက်ကာ ဆိုလိုက်တယ်။ “ကျွန်မ ဘယ်သူ့ကိုမှ စိတ်မနာပါဘူး၊ လုဝမ်မင်းသား ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေပေါ့။ တခြားကိစ္စ မရှိရင်တော့ ကျွန်မ သွားပါရစေဦး”
သူမဟာ ဘေးဘယ်ညာကို ကြည့်လိုက်ပေမဲ့ စောစောက မိန်းမစိုးငယ်ကိုတော့ ရှာမတွေ့ပါဘူး။ ဒါပေမဲ့ နန်းတော်ထဲက ဥယျာဉ် ဆီကို သူမ လာဖူးတာ ဒါ ပထမဆုံး မဟုတ်တာနဲ့ ရောက်လာခဲ့တဲ့ လမ်းအတိုင်း ပြန်ထွက်ဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာ သူမရဲ့ နောက်ကွယ်က အလျင်စလို အသံတစ်ခု ထွက်လာတယ်။ “အကယ်လို့ မင်းက လက်ထပ်ချင်ရင် ဒီမင်းသားက မင်းကို လက်ထပ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း မညှဉ်းဆဲပါနဲ့တော့ စိတ်နာစရာတွေလည်း မရှိပါစေနဲ့တော့”
279 08
နင်နင်ဟာ ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ကိုယ့်နားကိုတောင် မယုံနိုင်အောင် ဖြစ်သွားတာမို့ သူမဟာ လှည့်ပြီး လုဝမ်ကို ကြည့်လိုက်တော့ သူ့မျက်ဝန်းတွေက သူဟာ အမှန်တကယ် ပြောနေတာ ဖြစ်ကြောင်း သက်သေပြနေခဲ့တယ်။
သူဟာ သူမကို အမှန်တကယ်ပဲ လက်ထပ်ချင်နေတာ၊ စကားအဖြစ် ပြောနေတာ မဟုတ်ဘူး။
လက်တွေ့မှာလည်း သူ့ရဲ့မာန်မာနအရဆိုရင် ဒီလို စကားမျိုးကို အလွယ်တကူ ပြောမယ့်သူ မဟုတ်ဘူးလေ။
ဒါပေမဲ့ နင်နင်ဟာ ရုတ်တရက် ဆိုသလို ရယ်လိုက်တော့တာပဲ၊ အဲဒီရယ်သံဟာ ဆည်းလည်းသံလေး တစ်ခုလို ကြည်လင်လှပါတယ်။
သူမဟာ ဒေါသကြောင့်ရော၊ စိတ်လှုပ်ရှားလို့ပါ တစ်ကိုယ်လုံး တုန်နေပြီး၊ မျက်ရည်တွေတောင် ကျလာတာကြောင့် လက်နဲ့ ဒူးကို ထောက်ထားရပေမဲ့၊ ရယ်တာကိုတော့ မရပ်နိုင်ဘဲ ရှိနေခဲ့တယ်။
အတန်ကြာမှ သူမဟာ လုဝမ်ဘက်ကို လှည့်ကြည့်ပြီး မေးလိုက်တယ်။ “ဦးလေးကြီး၊ ဘာဖြစ်လို့ ဒီလိုမျိုး တွေးမိတာလဲဟင်၊ ကျွန်မကို သနားလို့လား”
လုဝမ်က သူမကို စိုက်ကြည့်ရင်း မျက်နှာက တင်းနေခဲ့တယ်။ “ဒီမင်းသား က မင်းကို သနားနေတာ မဟုတ်ပါဘူး”
“ဒါဆိုရင် ဘာလဲ။ ဒါမှမဟုတ် အထင်လွဲသွားတာလား၊ ကျွန်မ ကုမိသားစုကို လက်ထပ်မှာက ကိုယ့်ကိုယ်ကိုယ် စိတ်နာလို့၊ ဒါမှမဟုတ် ရှင့်ကို စိတ်နာလို့လို့ ထင်နေတာလား”
“ဦးလေးကြီး ဦးလေးက ကျွန်မကို ချစ်လို့လား”
“ကျွန်မမှာ ရှင့်ကို စိတ်နာနေဖို့ ဘာအရည်အချင်း ရှိလို့လဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်နာမှာ မဟုတ်ပါဘူး။ ကျွန်မဟာ ရွှီထင်းရှန်းရဲ့သမီးပဲ၊ လောကမှာ ရှိသမျှ အမျိုးသားတွေထဲက စိတ်ကြိုက် ရွေးလို့ ရတာပဲ၊ အခုလို လုပ်နေဖို့ မလိုပါဘူး” နင်နင်က ပြောရင်း ဘေးက သစ်ပင်ကို လှမ်းကိုင်လိုက်တယ်။ ကြည့်ရတာ သာမန် ကိုင်ထားတယ် ထင်ရပေမဲ့ လက်ချောင်းတွေကတော့ အားတင်းထားလို့ တုန်နေရှာနေခဲ့တယ်။
“ဦးလေးကြီး အကယ်လို့ ဒီစကားတွေကို လွန်ခဲ့တဲ့ တစ်နှစ်ကသာ ပြောခဲ့ရင်၊ ကျွန်မ သေချာပေါက် သဘောတူမိမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး၊ ကျွန်မ အရွယ်ရောက်လာပြီလေ။ ဟုတ်ပါတယ်။ ကျွန်မ သူ့ကို ချစ်မိသွားပါပြီ။ သူဟာ လူကောင်းတစ်ယောက်ပါ၊ အရည်အချင်းလည်း ရှိသလို၊ ယဉ်ကျေး သိမ်မွေ့တဲ့အပြင်၊ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်လာမယ့်သူပါ၊ ကျွန်မနဲ့လည်း အသက်အရွယ်ရော မျိုးရိုးနောက်ခံပါ ကိုက်ညီပါတယ်။ အရင်က ကိစ္စတွေနဲ့ ပတ်သက်ရင်တော့”
သူမ ခဏ ရပ်လိုက်ပြီး ဆိုလိုက်တယ်။ “ဒါဟာ ဘာမှ နားမလည်သေးတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ အသိဉာဏ် မရှိတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်တာမို့၊ လုဝမ်မင်းသား အနေနဲ့ အလေးအနက် ထားမနေပါနဲ့တော့ ကျွန်မ ရှင့်ကို မချစ်တော့ပါဘူး”
ကျွန်မ ရှင့်ကို မချစ်တော့ပါဘူး။
လုဝမ်ရဲ့ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုး ရှိနေလဲ ဆိုတာ သူကိုယ်တိုင်တောင် မခွဲခြားနိုင်တော့ဘဲ၊ သတိပြန်ဝင်လာတဲ့ အခါမှာတော့ မျက်စိရှေ့မှာ မိန်းကလေးငယ်ရဲ့ အရိပ်အယောင်က ပျောက်ကွယ်သွားခဲ့ပါပြီ။
******
280 01
အခန်း (၂၈၀)
၁၀လပိုင်း (၂) ရက်နေ့မှာ ရွှီမိသားစုနဲ့ ကုမိသားစုတို့ရဲ့ မဟာမင်္ဂလာပွဲကို ကျင်းပခဲ့တယ်။
အစဉ်အလာအရဆိုရင် အမျိုးသမီးရှင်ဘက်က မင်္ဂလာစားသောက်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ မလိုအပ်ပေမဲ့၊ ရွှီအိမ်တော်ကတော့ အဲဒီတုန်းက သားကြီးမင်္ဂလာဆောင်တုန်းကထက်တောင် မလျော့တဲ့ အရှိန်အဝါနဲ့ ခမ်းနားစွာ တည်ခင်းခဲ့တယ်။
အဲဒီနေ့မှာ ရွှီအိမ်တော်က အလွန်ပင် စည်ကားသိုက်မြိုက်လှပြီး၊ ကျားချန်ဧကရာဇ် ကိုယ်တိုင်တောင်မှ လက်ဆောင်မွန်တွေကို လူလွှတ်ပြီး ပေးသနားခဲ့တယ်။
လက်ဆောင်တွေကိုတော့ လုဝမ်က ကိုယ်တိုင် ယူဆောင်လာခဲ့တာ ဖြစ်တယ်။
ဒီလိုမျိုး အခြေအနေမှာ သူဟာ မင်္ဂလာအရက်ကို သောက်ဖို့အတွက် မုချ ကျန်ရှိနေခဲ့ရတာပေါ့။
ဒီနေရာမှာ သူ့ရဲ့အဆင့်အတန်းက အမြင့်မြတ်ဆုံးဖြစ်တာမို့၊ ရွှီထင်းရှန်း ကိုယ်တိုင်တောင်မှ ဘေးကနေ ဧည့်ခံပေးခဲ့ရတာလေ။
အံ့ဩစရာကောင်းတာက လုဝမ်ဟာ ဒီနေ့မှာ အပြင်ပန်းက ကြည့်ရင် တည်ငြိမ်အေးစက်နေသလို ရှိပေမဲ့၊ အမှန်တကယ်တော့ အရက်သောက်ချင်စိတ် အလွန်ထက်သန်နေခဲ့ပြီး၊ ရွှီမိသားစုရဲ့ ဘဏ္ဍာတိုက်ကိုတောင် အရက်သောက်ပြီး ကုန်ဆုံးစေတော့မယ့်အတိုင်း အိုးပေါင်းများစွာကို သောက်သုံးနေခဲ့တာပါပဲ။
ရွှီမိသားစုက သူ အရက်သောက်ရုံနဲ့ ဘယ်လိုလုပ် ဆင်းရဲသွားပါ့မလဲ၊ နှစ်ပေါင်းတစ်ရာတိုင် သောက်ရင်တောင် ကုန်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ခံစားချက်က တစ်မျိုးတစ်ဖုံ ဖြစ်နေတာကို ရိပ်မိကြတဲ့ အရာရှိတွေနဲ့ မင်းစိုးမင်းနွယ်တွေကတော့ အနားကိုကပ်ပြီး အရက်လာတိုက်ဖို့တောင် မဝံ့မရဲ ဖြစ်နေကြရတော့တယ်။
အနားမှာ ဧည့်ခံနေရတဲ့ ရွှီထင်းရှန်း တစ်ဦးတည်းသာလျှင် ရှောင်လွှဲလို့မရဘဲ အတူတကွ သောက်ပေးနေရတယ်။ ဒါကြောင့် သူလည်း အရက်တွေအများကြီး သောက်ခဲ့ရပြီး၊ အခြေအနေကို မသိတဲ့သူတွေအဖို့တော့ ဒီလူနှစ်ယောက်ကြားမှာ ရန်ငြိုးဟောင်းတွေရှိနေလို့ တစ်ယောက်ကိုတစ်ယောက် အနိုင်သောက်နေကြတယ်လို့တောင် ထင်မှတ်ရပေလိမ့်မယ်။
နင်ရှီးဝင်း အတွင်းမှာတော့ နင်နင်က အနီရောင် မင်္ဂလာဝတ်စုံကို ဆင်မြန်းပြီး သတို့သား လာကြိုမယ့် အချိန်ကို စောင့်နေခဲ့တယ်။
ရွှီယောင်ထိုက်က ရုတ်တရက် ရောက်လာတာကြောင့်၊ မောင်နှမနှစ်ယောက် သီးသန့်စကားပြောချင်တယ်လို့ ယူဆကြလို့ အဖော်လုပ်ပေးနေတဲ့ အမျိုးသမီးတွေအားလုံး ထွက်သွားကြတာလေ။
“နင် တကယ်ပဲ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား”
နင်နင်က အစ်ကိုနှစ်က ဒီလိုမျိုး မေးလာလိမ့်မယ်လို့ မထင်ထားတာကြောင့် ခေတ္တမျှ မှင်တက်သွားပြီးမှ၊ ပြုံးပြုံးလေးနဲ့ ပြန်လည်စနောက်လိုက်တာပေါ့။ “အစ်ကိုနှစ်ကလည်း ဘာတွေပြောနေတာလဲ။ အခု အခြေအနေတွေက ဒီအဆင့်ထိ ရောက်နေပြီကို လက်မထပ်လို့ ဘာလုပ်ရမှာလဲ”
ရွှီယောင်ထိုက်ကတော့ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ညီမဖြစ်သူကိုပဲ စိုက်ကြည့်နေမိတယ်။
အမှန်တော့ အမွှာမောင်နှမကြားမှာ တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို နောက်တစ်ယောက်က မသိဘဲ ဘယ်လိုနေပါ့မလဲ။
ရွှီထင်းရှန်းက အစိုးရရေးရာတွေနဲ့ အလွန်အလုပ်များနေသလို၊ ကျောက်အာကလည်း ခင်ပွန်းဖြစ်သူကို ပြုစုရတာအပြင် စီးပွားရေးလုပ်ငန်းတွေကိုပါ စီမံနေရတာမို့ သားသမီးတွေအပေါ် ဂရုစိုက်မှု လိုအပ်တာမျိုး ရှိကောင်းရှိနိုင်ပေလိမ့်မယ်။ သားကြီးရွှီယောင်ဟုန်ကလည်း အပြင်မှာ အမှုထမ်းနေတာကြောင့် ရွှီမိသားစုတစ်ခုလုံးမှာ နင်နင်ကို အသိဆုံးသူက ရွှီယောင်ထိုက်ပဲ ဖြစ်နေတာလေ။
သူက ပုံမှန်ဆိုရင် အေးဆေးတည်ငြိမ်သူဖြစ်သလို စကားလည်း နည်းပေမဲ့၊ အရာရာကိုတော့ သိမြင်နားလည်ထားတဲ့သူပါ။
“နင် တကယ်ပဲ ကျေနပ်ရဲ့လား”
ဒီစကားကြောင့် နင်နင်ရဲ့မျက်နှာပေါ်က အပြုံးတွေကတော့ နောက်ဆုံးမှာ ပျောက်ကွယ်သွားခဲ့ရတော့တာပါပဲ။
280 02
အတန်ကြာမှ သူမက တိုးညောင်းတဲ့ လေသံနဲ့ ဆိုလိုက်တယ်။ “မကျေနပ်စရာ ဘာရှိလို့လဲ။ အစ်ကိုကြီးမှာ အစ်ကိုကြီးရဲ့ တာဝန်တွေ ရှိသလို၊ အစ်ကိုနှစ်မှာလည်း ထမ်းဆောင်ရမယ့် အရာတွေ ရှိနေတာပဲလေ။ ငါကရွှီမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ ငါလုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကိုလည်း လုပ်ဆောင်ရမှာပေါ့”
သူတို့အားလုံးက ရွှီမိသားစုရဲ့သားသမီးတွေ ဖြစ်ကြတာလေ။ မိဘတွေက သူတို့အပေါ် တစ်စုံတစ်ရာ အတင်းအကျပ် မတောင်းဆိုခဲ့ပေမဲ့၊ သူတို့တစ်ယောက်ချင်းစီကတော့ ကိုယ်စီလုပ်ရမယ့် တာဝန်တွေကိုယ်စီ လုပ်ဆောင်နေကြတယ်။
ရွှီယောင်ဟုန်က အရာရှိလောကထဲ ဝင်ခဲ့သလို၊ ရွှီယောင်ထိုက်ကလည်း ငယ်ငယ်ကတည်းက စီးပွားရေးပါရမီကိုပြပြီး မိခင်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေထမ်းဆောင်ပေးနေခဲ့တာလေ။ ရွှီမိသားစုရဲ့ တစ်ဦးတည်းသော သမီးဖြစ်တဲ့ နင်နင်အတွက်တော့ သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေပြီး မိဘတွေနဲ့ အစ်ကိုတွေကို စိုးရိမ်ပူပန်မှု မရှိစေဖို့ပဲ ဖြစ်တယ်။
ရွှီယောင်ထိုက်ရဲ့ အကြည့်က ရှုပ်ထွေးသွားခဲ့တယ်။ “ဒါဆိုရင် နင် တကယ်ပဲ ပျော်ရဲ့လား”
နင်နင်က ချက်ချင်း အဖြေမပေးဘဲ ခဏလောက် စဉ်းစားပြီးမှ ဆိုလိုက်တယ်။
“ငါ ပျော်အောင် နေမှာပါ အစ်ကိုနှစ် ခင်ပွန်းဖြစ်သူက တန်ဖိုးထားသလို၊ ယောက္ခမတွေကလည်း ချစ်ခင်ကြမှတော့ ငါ သေချာပေါက် ပျော်ရမှာပေါ့။ ငါ့ဘက်ကလည်း ပျော်ရွှင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ၊ ငါလျှောက်လှမ်းရမယ့် ဘဝလမ်းစဉ်အတိုင်းပဲ ဆက်သွားပါ့မယ်”
သဲ့သဲ့လေး ကြားနေရတဲ့ ဗျောက်အိုးသံတွေနဲ့အတူ၊ သတို့သားရဲ့ ကြိုဆိုရေးတပ်ဖွဲ့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ရွှီယောင်ထိုက်က သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး၊ ညီမဖြစ်သူရဲ့ ဆံနွယ်တွေကို ပွတ်သပ်လျက် ဆိုလိုက်တော့တယ်။ “အကယ်၍ တစ်နေ့နေ့မှာ မပျော်မရွှင် ဖြစ်လာခဲ့ရင် အစ်ကိုနှစ်ကို ပြောပါ၊ အစ်ကိုနှစ်က နင့်ကို ခေါ်ထုတ်လာခဲ့ပါ့မယ်”
နင်နင်ကတော့ စကားလုံးတွေနဲ့ ပြန်မပြောနိုင်တော့ဘဲ၊ မျက်ရည်တွေကြားကနေ ခေါင်းကိုပဲ အသည်းအသန် ညိတ်ပြနေမိတော့တယ်။
အပြင်ဘက်ကနေ တံခါးခေါက်သံတွေ ထွက်လာတော့ ရွှီယောင်ထိုက်က ခေါင်းခြုံပုဝါကို ညီမဖြစ်သူအား ကိုယ်တိုင်ခြုံပေးလိုက်ပြီးနောက်၊ သူမကို ကျောပိုးပြီး ထွက်လာခဲ့တော့တယ်။
ဗျောက်အိုးသံတွေကတော့ ကောင်းကင်ယံအထိ ပဲ့တင်ထပ်ပြီး အဆက်မပြတ် ကြားနေရတယ်။
ဒါက သတို့သမီးက မိဘတွေကို နှုတ်ဆက်ပြီး မင်္ဂလာထမ်းစင်ပေါ်တက်ကာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ကို ထွက်ခွာသွားတာပဲ ဖြစ်တယ်။
လုဝမ်လို အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်အတွက်တော့ သတို့သမီးကို လိုက်လံပို့ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရာရှိအပေါင်းတို့ကလည်း ခန်းမထဲမှာ အရက်သောက်ရင်း ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ဖူးစာရှင်တွေဖြစ်ပါကြောင်း၊ အလွန်ပင် လိုက်ဖက်ညီလှပါကြောင်း စတဲ့ မင်္ဂလာစကားတွေကိုပဲ ပြောနေကြတာလေ။
ဗျောက်အိုးသံတွေ နောက်ဆုံးမှာ ငြိမ်သက်သွားခဲ့ပါပြီ။ ပတ်ဝန်းကျင်က ဆူညံနေတုန်းပဲဆိုပေမဲ့၊ လုဝမ်အတွက်တော့ ကြောက်စရာ ကောင်းလောက်အောင် ဟာတာတာ ဖြစ်သွားသလို ခံစားလိုက်ရတယ်။
ရွှီထင်းရှန်းက သမီးဖြစ်သူကို ပို့ပြီးနောက် ခန်းမထဲ ပြန်ရောက်လာတာကြောင့် ဂုဏ်ပြုသံတွေနဲ့အတူ အရက်ခွက်တွေက နောက်တစ်ကြိမ် လှုပ်ရှားလာပြန်တယ်။
လုဝမ်က ရုတ်တရက် ထရပ်လိုက်ပြီး အပြင်ကို ထွက်သွားခဲ့တယ်။ သူ့ရဲ့ဒီလုပ်ရပ်က အလွန်ပင် ရုတ်တရက်ဆန်တာကြောင့် ဧည့်သည်အပေါင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဘာဖြစ်သွားမှန်း မသိဘဲ မှင်တက်နေကြရတယ်။
280 03
ရွှီထင်းရှန်း တစ်ဦးတည်းသာလျှင် မျက်နှာက မည်းမှောင်သွားခဲ့ပြီး၊ ဒီလူက တမင်တကာ လာနှောင့်ယှက်တာပဲလို့ မှတ်ချက်ပြုလိုက်တော့တာပါပဲ။
မင်္ဂလာဆောင်ပြီး သုံးရက်မြောက်နေ့မှာတော့ သတို့သမီးအသစ်က ခင်ပွန်းဖြစ်သူနဲ့အတူ မိဘအိမ်ကို ပြန်လည်လည်ပတ်ရတဲ့ ဓလေ့ ရှိတာပေါ့။
အဲဒါက သမီးဖြစ်သူက ခင်ပွန်းအိမ်မှာ အဆင်ပြေ၊ မပြေကို မိဘတွေက ကြည့်နိုင်ဖို့အတွက်ပါပဲ။
နင်နင်က ကုမိသားစုမှာ အဆင်ပြေနေပုံရတာ သိသာလှသလို၊ ကုချန်ကလည်း အစစအရာရာ စေ့စပ်ဂရုစိုက်ပေးတာကြောင့် ကျောက်အာနဲ့ ရွှီထင်းရှန်းတို့က အလွန်ပဲ စိတ်ကျေနပ်မှု ရခဲ့ကြတယ်။
သမီးနဲ့သမီးယောကျ်ားကို အိမ်မှာ တစ်နေကုန် ထားပြီး၊ နေဝင်ရီတရောအချိန်ရောက်မှပဲ ပြန်လွှတ်လိုက်တယ်။
ထွက်သွားတဲ့အချိန်မှာ သန်မာလှတဲ့ ကျောက်အာတောင်မှ မျက်ရည်တွေကို မထိန်းနိုင်ဘဲ သုတ်နေခဲ့ရရှာတယ်။ မိသားစုနှစ်ခုလုံးက မြို့တော်ထဲမှာပဲ ရှိနေတာမို့ သမီးဖြစ်သူက အချိန်မရွေး ပြန်လာနိုင်တာ သိပေမဲ့၊ ကိုယ့်ရဲ့သမီးလေးကို တစ်ယောက်ယောက်က လုယူသွားသလို ခံစားချက်မျိုးကိုတော့ သူမ ဖျောက်ဖျက်လို့မရနိုင်ဘူးလေ။
ဒီလိုမျိုး စိုးရိမ်ပူပန်မှုတွေက သူမရဲ့ရင်ထဲမှာ ရက်ပေါင်းများစွာ ကိန်းအောင်းနေပြီး၊ သတိရတိုင်း မျက်ရည်ကျနေတာမို့ ရွှီထင်းရှန်းမှာ အလွန်ပဲ ခေါင်းခဲနေရပေမဲ့ ဆူဖို့ကျတော့လည်း မရက်စက်နိုင်ဘဲ ရှိနေခဲ့တယ်။
အဲဒီအချိန်မှာပဲ ရွှီယောင်ထိုက်က အိမ်ကထွက်ပြီး ခရီးသွားချင်တယ်လို့ ရုတ်တရက် တောင်းဆိုလာတာကြောင့် ကျောက်အာရဲ့အာရုံက အဲဒီဘက်ကို ပြောင်းသွားခဲ့ရတယ်။
ရွှီယောင်ထိုက်က နေရာအနှံ့က စီးပွားရေးလုပ်ငန်းတွေကို လှည့်လည်စစ်ဆေးချင်တာ ဖြစ်တယ်။ သူက ဒီစိတ်ကူးရှိနေတာ ကြာပြီဆိုပေမဲ့၊ မိခင်ဖြစ်သူက သူငယ်သေးတယ်ဆိုပြီး တစ်ယောက်တည်း ထွက်ခွင့်ကို တားထားခဲ့တာ။
အခု ညီမဖြစ်သူတောင် လက်ထပ်သွားပြီမို့ နောက်တစ်ယောက်က ကိုယ်ဖြစ်လာတော့မှာကို သူရိပ်မိနေတာကြောင့် ထပ်ပြီး အိမ်မှာ မနေချင်တော့တာပါပဲ။
ကျောက်အာက သားငယ်ရဲ့ စိတ်ကူးကို ရိပ်မိပေမဲ့၊ နောင်တစ်ချိန်မှာ အိမ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သားငယ်ကပဲ ဆက်ခံရမှာမို့ သူမအနေနဲ့ တစ်သက်လုံး တားထားလို့ မရတာနဲ့ နောက်ဆုံးမှာ သဘောတူလိုက်ရတော့တယ်။
သားကြီးကို မြို့ပြင်မှာ အမှုထမ်းဖို့ ပို့ခဲ့ရသလို၊ သမီးဖြစ်သူကိုလည်း လက်ထပ်ပေးလိုက်ရပြီး၊ အခု သားငယ်ပါ ထွက်သွားပြန်တာမို့၊ ကျောက်အာက အလွန်ပင် စိတ်ပင်ပန်းသွားခဲ့ရတယ်။ သူမက ရွှီထင်းရှန်းကို ကံကောင်းလို့ သားသမီး သုံးယောက်တည်းရှိတာ၊ မဟုတ်ရင်တော့ ငါ စိတ်ညစ်လို့ သေမှာပဲလို့ နောက်တစ်ကြိမ် ညည်းတွားလိုက်မိတယ်။
ကောင်းကင်ဘုံက မျက်နှာသာပေးလို့လားမသိဘဲ၊ ကျောက်အာက နေရာအသီးသီးကို ရောက်နေတဲ့ စိတ်တွေကို ပြန်စုစည်းပြီး ရွှီထင်းရှန်း တစ်ဦးတည်းအပေါ်မှာပဲ အာရုံစိုက်လိုက်တော့တာပါပဲ။
ရွှီထင်းရှန်းကတော့ သားသမီးတွေ အိမ်ကထွက်သွားတာ တကယ်တော့ မဆိုးပါဘူးလို့ စိတ်ထဲက တိတ်တဆိတ် ညည်းမိပေမဲ့၊ ကျောက်အာသာ သိသွားရင် သူ့ကို အကောင်းထားမှာ မဟုတ်ဘူးဆိုတာကိုလည်း သူနားလည်ထားတာပေါ့။
ဆောင်းကုန်လို့ နွေကူးလာတာ တစ်နှစ်ကျော် အချိန်ကာလ ရှိသွားခဲ့ပြီ ဖြစ်ပြီး၊ အဲဒီကာလအတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်။
ထူးခြားတာကတော့ နှစ်ဆန်းပိုင်းမှာ လုဝမ်က မြို့တော်ကထွက်ပြီး နေရာအနှံ့ လှည့်လည်သွားလာခဲ့တာပါပဲ။ ဒီပုဂ္ဂိုလ်က အမြဲတမ်း ခြေရာလက်ရာ ဖျောက်တတ်သူမို့၊ ကျားချန်ဧကရာဇ်က သဘောတူမှတော့ တခြားသူတွေကလည်း တစ်စုံတစ်ရာ ပြောစရာ မရှိကြဘူးလေ။
280 04
ရွှီမိသားစုဘက်မှာတော့ ခယ့်လီယွင်က ရွှီမိသားစုအတွက် ဒုတိယမြောက် မြေးတော်လေးကို မွေးပေးခဲ့ပြန်တယ်။ ကျောက်အာက ကိုယ်တိုင်သွားပြီး ပြုစုပေးဖို့ကလည်း အလှမ်းဝေးလွန်းတာနဲ့ လူနဲ့ပစ္စည်းတွေကိုပဲ အမြဲ စေလွှတ်ပေးနေခဲ့ရတယ်။ သူက မြေးလေးကို မြင်ချင်ပေမဲ့၊ သားနဲ့ ချွေးမကို ခွဲဖို့ ဒါမှမဟုတ် သားအမိကို ခွဲဖို့ မရက်စက်နိုင်တာနဲ့၊ ကိုယ်တိုင် သွားချင်ပေမဲ့ ရွှီထင်းရှန်းကို ပစ်မထားနိုင်ဘဲ ဖြစ်နေခဲ့တယ်။
ရွှီယောင်ထိုက်ကတော့ ခရီးသွားလိုက် ပြန်လာလိုက်နဲ့ အလုပ်များနေခဲ့တယ်။ ကျောက်အာက သူ့ကို အိမ်ထောင်ပြုဖို့ တိုက်တွန်းပေမဲ့၊ သူကတော့ အစ်ကိုကြီးတောင် အသက်ကြီးမှ လက်ထပ်တာမို့ ကိုယ်လည်း မလောသေးပါဘူးဆိုပြီး အကြောင်းပြချက်ပေးကာ ရှောင်နေခဲ့တယ်။
ဒီသားငယ်က အပြင်ပန်းမှာ အေးဆေးတည်ငြိမ်သယောင် ရှိပေမဲ့၊ အမှန်တော့ သူ့အဖေလိုပဲ ခေါင်းမာတဲ့သူမို့ ကျောက်အာအနေနဲ့ အတင်းအကျပ် မလုပ်နိုင်ဘဲ သူ့အလိုအတိုင်းပဲ ထားလိုက်ရတော့တယ်။
နင်နင်ကတော့ ကုမိသားစုထဲမှာ အဆင်ပြေပြေ နေနေရပါတယ်။ ခင်ပွန်းဖြစ်သူက ဂရုစိုက်သလို ယောက္ခမတွေကလည်း ချစ်ကြပြီး၊ အခါအားလျော်စွာ မိဘတွေ စိတ်အေးအောင် အိမ်ကို ပြန်လည်လည်ပတ်လေ့ ရှိတယ်။
အရာရာက အဆင်ပြေနေပေမဲ့၊ တစ်ခုတည်းသော ပြဿနာက နင်နင်ရဲ့ဝမ်းဗိုက်မှာ အခုထိ သတင်းထူး မရှိသေးတာပါပဲ။
ကျောက်အာက အစပိုင်းမှာ မလောပေမဲ့ ကုမိသားစုက လူတွေ စိုးရိမ်လာမှာကိုတော့ သူ မတွေးဘဲ မနေနိုင်တော့ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သမီးဖြစ်သူက သူများအိမ် ရောက်နေတာ မဟုတ်လား။ အပြင်ပန်းမှာ သမီးကို ဘာမှမပြောပေမဲ့၊ တိတ်တဆိတ်တော့ နေရာအနှံ့မှာ ဘုရားဝတ်ပြုပြီး ဆုတောင်းနေတာကြောင့် ရွှီထင်းရှန်းက အိုမှပဲ ဒါတွေကို ယုံနေတော့တာလားလို့ စနောက်ခဲ့သေးတယ်။
ကျောက်အာကတော့ သူ့ကို ဂရုမစိုက်ဘဲ နေလိုက်တာပါပဲ။ အခုမှပဲ သူဟာ ဘာလို့ အထက်တန်းလွှာ အိမ်ရှင်မတွေက ဘုရားဝတ်ပြုတာကို ဝါသနာပါကြလဲ ဆိုတာကို နားလည်သွားတာလေ။ ဘာလို့လဲဆိုတော့ ဒီလောကမှာ သူတို့ရဲ့ အဆင့်အတန်းနဲ့တောင် မတတ်သာတဲ့ အခြေအနေမျိုး ကြုံရတာတွေ ရှိနေတတ်လို့ပါပဲ။
ဒါပေမဲ့ ဒီလို မတတ်သာမှုက ဒီလောက်အထိ မြန်မြန် ရောက်လာလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး!
“နင် ဘာပြောလိုက်တယ်။ နင်နင် ကိုယ်ဝန်ပျက်ကျ သွားတယ် ဟုတ်လား”
အဆင့်မြင့် ကျောက်စိမ်းလက်ဖက်ရည်ခွက်က မြေပြင်ပေါ် ပြုတ်ကျပြီး အပိုင်းပိုင်းကွဲသွားသလို၊ အတွင်းက လက်ဖက်ရည်တွေလည်း ကြမ်းပြင်အနှံ့ ပျံ့ကုန်တော့တယ်။
အောက်ခြေမှာ ဒူးထောက်နေတဲ့ အစေခံမလေးက လက်ဖက်ရည်တွေနဲ့ တစ်ကိုယ်လုံး စိုရွှဲသွားပေမဲ့၊ စကားတစ်ခွန်းမှ မပြောဝံ့ဘဲ ငိုပြီးတော့ပဲ ခေါင်းကို အသည်းအသန် ညိတ်ပြနေခဲ့ရှာတယ်။
“ဘယ်လိုဖြစ်တာလဲ” ကျောက်အာက အေးစက်တဲ့ မျက်နှာနဲ့ မေးလိုက်ပြီး၊ စားပွဲကို လှမ်းကိုင်ပေမဲ့ လက်လွဲသွားတာနဲ့ ဘေးက အစေခံမလေးကပဲ အမြန်တွဲပေးလိုက်ရတယ်။
“ကျွန်မလည်း ဘယ်လိုဖြစ်တယ်ဆိုတာ မသိပါဘူး၊ စီချင်အစ်မကပဲ ကျွန်မကို အိမ်ကို ပြန်ပြီး သတင်းပို့ခိုင်းလိုက်တာပါ”
“မြင်းရထား ပြင်စမ်း” ကျောက်အာက ချက်ချင်းပဲ ထရပ်ပြီး အမိန့်ပေးလိုက်တော့တယ်။
ရွှီမိသားစုရဲ့ မြင်းရထားက ကုအိမ်တော် ဆီကို မကြာခင်မှာပဲ ရောက်သွားခဲ့တယ်။ ဒီကိစ္စက အေးအေးဆေးဆေး ပြီးမှာမဟုတ်မှန်း သိတာနဲ့၊ ကျောက်အာက လူအင်အား အများကြီးကို အထူး ခေါ်လာခဲ့တယ်။
280 05
အစောင့်အကြပ် ဆယ်ယောက်ကျော်နဲ့အတူ အစေခံမလေးတွေအများကြီး ပါလာတာမို့၊ ကုအိမ်တော်ကို ရောက်တဲ့အခါ လမ်းတစ်လျှောက်လုံးမှာ ဘယ်သူမှ မတားဝံ့ဘဲ အတင်း ဝင်သွားခဲ့ကြတယ်။
“ခမည်းခမက်!” ကုသခင်မကြီးက အလွန်ပဲ အားနာတဲ့ မျက်နှာနဲ့ ကြိုဆိုဖို့ ထွက်လာတယ်။
“အခုချိန်မှာ ရင်းနှီးမှုတွေ လာမပြပါနဲ့ဦး၊ ကျွန်မ သမီးကိုပဲ အရင် တွေ့ချင်တယ်!”
ကျောက်အာရဲ့သဘောထားကြောင့် ကုသခင်မကြီးရဲ့ ရင်ထဲမှာ ထိတ်လန့်သွားပေမဲ့၊ မိခင်နဲ့ သမီးကို မတွေ့အောင် တားလို့ မရတာနဲ့ ကျောက်အာကို လိုက်ပို့ခိုင်းလိုက်ရတော့တယ်။
သူမကိုယ်တိုင်ကတော့ နည်းလမ်းတွေကို စဉ်းစားနေရသလို၊ စိတ်ထဲမှာလည်း ဒီကုအိမ်တော်ကတော့ တစ်နေ့နေ့မှာ သူ စိတ်မအေးရတဲ့ ယောက္ခမကြီးကြောင့် ပျက်စီးရတော့မယ်လို့ ကျိန်ဆဲနေမိတယ်။
ကျောက်အာက လေပြင်းတစ်ချက်ဝှေ့သလို အခန်းထဲကို ဝင်သွားပြီး၊ ပိတ်ကားကို ကျော်လိုက်တာနဲ့ ကုတင်ပေါ်မှာ မှီပြီး လဲနေတဲ့ နင်နင်ကို မြင်လိုက်ရတာပါပဲ။
နင်နင်ရဲ့ မျက်နှာက အလွန်ပင် မကောင်းဘဲ၊ ဖြူဖျော့ပြီး နွမ်းလျနေခဲ့တယ်။
မကြာခင်ကတင် သူမရဲ့ကျန်းမာသန်စွမ်းတဲ့ ပုံစံကို ကျောက်အာ မြင်ခဲ့ရတာ မဟုတ်လား။
“တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ”
နင်နင်က အမေ ရောက်လာတာ မြင်တော့ ခဏ မှင်တက်သွားပေမဲ့၊ မကြာခင်မှာပဲ သတိဝင်လာပြီး ဘာမှမဖြစ်ပါဘူးလို့ အမြန်ပြောပေမဲ့၊ သူ့မျက်ဝန်းတွေကတော့ ကျစ်ရှူးတို့ တစ်စုကိုပဲ ကြည့်နေခဲ့တယ။
“ဘာမှမဖြစ်ဘူး ဟုတ်လား။ နင် ဒီလိုမျိုး ဖြစ်နေတာတောင် ဘာမှမဖြစ်ဘူးလို့ ပြောရဲသေးတယ်ပေါ့” ကျောက်အာက သမီးဖြစ်သူက အစေခံတွေကို ကြည့်နေတဲ့ အကြည့်ကို သတိထားမိတာကြောင့် လှည့်ပြီး အမိန့်ပေးလိုက်တယ်။ “နင်တို့ပဲ ပြောပြစမ်း”
နင်နင်က ကျစ်ရှူးတို့ကို အကြည့်နဲ့ တားနေတုန်းပါပဲ။
အဲဒီအချိန်မှာပဲ စီချင်က ရှေ့ကို တစ်လှမ်း တိုးလာပြီး ဒုန်းဆိုတဲ့ အသံနဲ့အတူ ဒူးထောက်လိုက်ကာ ဆိုလိုက်တော့တယ်။ “သခင်မလေး၊ သခင်မလေးက ကျွန်မကို အပြစ်တင်မယ် ဆိုရင်တောင်မှ၊ ကျွန်မ အောင့်မထားနိုင်တော့ပါဘူး” စီချင်က ငိုပြီး တိုင်တန်းနေတာတွေကို နားထောင်ရင်း၊ ကျောက်အာလည်း ဖြစ်ကြောင်းစုံကို တဖြည်းဖြည်း နားလည်သွားတယ်။
အမှန်တော့ ကုမိသားစု တစ်ခုလုံးက နင်နင်အပေါ်မှာ အလွန် ကောင်းကြပါတယ်။ ခင်ပွန်းဖြစ်သူက ဂရုစိုက်သလို၊ ယောက္ခမတွေကလည်း ချစ်ကြပြီး၊ အစေခံတွေကလည်း ရိုသေကြတာပဲလေ။ အရာရာက ကျောက်အာ ထင်ထားသလိုပဲ ပြည့်စုံနေပေမဲ့၊ တစ်ခုတည်းသော ပြဿနာက နင်နင်ရဲ့ဝမ်းဗိုက်မှာ သတင်းထူး မရှိတဲ့ ကိစ္စပါပဲ။
မူလက ကုအဘွားကြီးက ရွှီမိသားစုရဲ့ အရှိန်အဝါကို ငဲ့လို့ နင်နင်အပေါ်မှာ ကောင်းကောင်း ဆက်ဆံပေမဲ့၊ အချိန်အတော်ကြာတဲ့အထိ နင်နင်မှာ ကိုယ်ဝန် မရှိတာ မြင်တော့ စိတ်ထဲက စပြီး ညည်းလာတာပေါ့။
အသက်ကြီးတော့ သားမြေး ရတနာကို အလေးထားတတ်ကြစမြဲမို့၊ သူမက နင်နင်အပေါ်မှာ ကောင်းကောင်း ဆက်ဆံခဲ့တာကလည်း မူလကတည်းက စိတ်ပါလက်ပါ မဟုတ်ဘဲ အတင်းလုပ်ခဲ့တာလေ။ သူမက ပြီးခဲ့တဲ့နှစ်မှာ ကျင်းပတဲ့ သူ့မွေးနေ့ပွဲမှာ ကုလန်ရင်း သားအမိကို အိမ်ကို ပြန်ခေါ်ခဲ့တယ်။ ကုလန်ရင်းက ဘေးကနေ သွေးထိုးတာတွေ လုပ်တာကြောင့် ကုအဘွားကြီးက နင်နင်ကို ကြည့်လေလေ မျက်စိထဲမှာ ကန့်လန့် ဖြစ်လာလေလေ ဖြစ်လာတော့တယ်။
208 06
သူက နင်နင်ကို ဗြောင်ကျကျ တစ်ခုခု လုပ်ဖို့ မဝံ့ရဲပေမဲ့၊ တစ်ခါတလေတော့ တိတ်တဆိတ် မျက်နှာပျက်အောင် လုပ်တတ်တာ။ နင်နင်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ သည်းခံတာ မြင်ရတော့ သူမက ပိုပြီး အတင့်ရဲလာတော့တယ်။
အစပိုင်းမှာတော့ လူကွယ်ရာမှာ မျက်နှာပျက်အောင် လုပ်ရုံပဲ ရှိပေမဲ့၊ တဖြည်းဖြည်းနဲ့ မြေးချွေးမလေးကို ချစ်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့၊ နင်နင်ကို သူ့ယောက္ခမမကြီးဆီမှာ ဂါရဝပြုပြီးတိုင်း၊ ကုအဘွားကြီးဆီကိုပါ တစ်ခေါက် မဖြစ်မနေ လာခိုင်းတယ်။
ကုအဘွားကြီးကလည်း ‘ချစ်ခင်ယုယမှု’ ဆိုတဲ့ အမည်ကို သုံးပြီး၊ နင်နင်ကို အမျိုးမျိုး နှိပ်စက် ကိုင်တွယ်တော့တယ်။
ဥပမာပြောရရင် ထမင်းစားနေတုန်း ဘေးကနေ ပြုစုခိုင်းတာ၊ ပုခုံးနဲ့ ခါးတွေကို နှိပ်ခိုင်းတာ၊ လက်ဖက်ရည်နဲ့ ရေတွေကို ကိုယ်တိုင် လာတိုက်ခိုင်းတာမျိုးတွေပေါ့။ ဒါတွေက လူကြီးက လူငယ်အပေါ်မှာ ချစ်လို့ ခိုင်းတာလို့ အပြင်ပန်းမှာ ထင်ရသလို၊ တစ်သက်လုံး အိမ်တွင်းရေးမှာပဲ ကျင်လည်ခဲ့တဲ့ ကုအဘွားကြီးအတွက်တော့ ဒီလို နည်းလမ်းတွေက သိပ်ကျွမ်းကျင်တာကိုး။ ဒါကြောင့်ပဲ ကုအိမ်တော် တစ်ခုလုံးမှာ၊ တတိယ သခင်မလေး (နင်နင်) က အဘွားကြီးရဲ့ အချစ်ဆုံး ဖြစ်ကြောင်းနဲ့၊ အားလုံးက သူ့အပေါ်မှာ ရိုသေရမယ်လို့ပဲ ပြောနေကြတာပေါ့။
ကုသခင်မကြီးတောင်မှ မူလက ကိုယ့်ယောက္ခမကို သတိထားနေပေမဲ့၊ ဒီအခြေအနေကို မြင်တော့ စိတ်အေးသွားခဲ့ရတာပါ။
ဒါပေမဲ့ တကယ့် အမှန်တရားကတော့ ခံစားရတဲ့သူပဲ အသိဆုံး ဖြစ်မှာပေါ့။
နင်နင်ကလည်း ခေါင်းမာတဲ့သူမို့၊ ကျစ်ရှူးတို့က အိမ်ပြန် သတင်းပို့ဖို့ အကြိမ်ကြိမ် ပြောပေမဲ့ သူမက တားခဲ့တာလေ။ ဒါပေမဲ့ သူမက အစေခံမလေးတွေရဲ့ ဖျောင်းဖျမှုကြောင့် ကုချန်ကိုတော့ နည်းနည်း ညည်းပြောခဲ့ဖူးတယ်။
အဲဒါက စမ်းကြည့်ရုံပဲ ဆိုပေမဲ့ ကုချန်က ဇနီးသည်ကို သနားပေမဲ့ ဒီကိစ္စကို အလေးအနက် မထားခဲ့ဘူး။ အဲဒီအပြင် နင်နင်က ခဏခဏ ပြောလာတော့ ကုချန်ကတောင် သူ့ဇနီးက အမှန်တကယ်ပဲ နွဲ့ဆိုး ဆိုးတတ်သူလို့တောင် ထင်သွားခဲ့တာ။
အဲဒီအချိန်ကစပြီး နင်နင်က ဒီလို ကိစ္စတွေကို ထပ်မပြောတော့ပါဘူး။
ဒါ့အပြင် ကုချန်ကလည်း နောက်နှစ်မှာ ကျင်းပမယ့် ဟွေ့ရှစ် စာမေးပွဲအတွက် အသည်းအသန် ကြိုးစားနေရလို့၊ ဇနီးသည်အပေါ်မှာ ဂရုစိုက်မှု လျော့သွားတာကြောင့်၊ ဒီအချက်တွေကြောင့်ပဲ နင်နင် အခုလို ကိုယ်ဝန်ပျက်ကျရတဲ့ ကိစ္စ ဖြစ်လာတာပါပဲ။
အကယ်လို့ သေသေချာချာ တွက်ရင်၊ ဒီကိစ္စက ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတဲ့ကိစ္စ ဖြစ်နေပြန်ရော။ အစပိုင်းမှာ ကုအဘွားကြီးက နည်းနည်း အအေးမိလို့၊ နင်နင်ကို ရက်နည်းနည်းလောက် ဘေးမှာ ရှိနေခိုင်းပြီး ဆေးတိုက် ပြုစုခိုင်းတာလေ။
ပြုစုခိုင်းတယ် ဆိုပေမဲ့ လက်တွေ့မှာတော့ အစေခံတွေကပဲ လုပ်တာဖြစ်ပြီး၊ သူကတော့ ဘေးကနေ ကူပေးရုံပါပဲ။
နင်နင် ကိုယ်တိုင်လည်း သတိမထားမိခဲ့တာပါ။ သူက လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ရာသီသွေး ပုံမှန်မပေါ်တာကြောင့်၊ အခုတစ်ကြိမ် ရာသီ မလာတာက ကိုယ်ဝန်ရှိလို့လို့ လုံးဝ မထင်ထားခဲ့ဘူး။ ပင်ပန်းသွားလို့လား မသိဘဲ၊ ကလေးက ဆုံးသွားခဲ့ရတယ်။ အစပိုင်းမှာတော့ ရာသီ လာတာလို့ပဲ ယူဆခဲ့ပေမဲ့၊ နောက်ပိုင်းမှာ တစ်ခုခု ထူးခြားနေတယ်လို့ ခံစားရတာနဲ့ သမားတော်ကို ပင့်ပြမှပဲ၊ အဲဒါက ကိုယ်ဝန်ပျက်ကျတာမှန်း သိလိုက်ရတယ်။
ကံကောင်းလို့ လပိုင်း နည်းနည်းပဲ ရှိသေးတာမို့ ခန္ဓာကိုယ်ကို ကြီးကျယ်တဲ့ ထိခိုက်မှု မရှိဘဲ၊ အချိန်အတန်ကြာ အနားယူဖို့ပဲ လိုနေတာ။
“အမေ ဒါတွေက စီချင် က စကားများလို့ပါ၊ တကယ်တော့ ဘာမှ မဖြစ်ပါဘူး”
“ဒါကို ဘာမှ မဖြစ်ဘူးလို့ ခေါ်တာလား။ သူက နင်ကို အခုလိုမျိုး နှိပ်စက်နေတာကို၊ ဘာလို့ အိမ်ပြန်ပြီး အမေကို မပြောပြခဲ့တာလဲ”
280 07
ဒါပေမဲ့ ဘယ်လို ပြောပါ့မလဲ၊ အဘွားဖြစ်တဲ့သူက ကိုယ့်ကို ရေနွေး ခပ်ခိုင်းတာ၊ ပုခုံးနှိပ်ခိုင်းတာတွေကို လုပ်နေတာက ကိုယ့်ကို နှိပ်စက်နေတာပါလို့ ပြောလို့ရမလား။ ဘယ်အိမ်မှာမှ မြေးဖြစ်တဲ့သူတွေက ဒီလို မလုပ်ဘဲ နေပါ့မလဲ။
အထက်တန်းလွှာ မိသားစုကြီးတွေမှာတော့ အဘွားဖြစ်သူရဲ့ မျက်နှာသာ ပေးတာ မခံရတဲ့ မြေးတွေက ဒီလို ပြုစုခွင့်တောင် မရပါဘူး၊ ဘာလို့လဲဆိုတော့ လူကြီးက ခိုင်းတာက ဂုဏ်သိက္ခာ တစ်ခု ဖြစ်သလို၊ ရင်းနှီးတာကိုလည်း ပြရာ ရောက်လို့ပါပဲ။ မိသားစုကြီးလေလေ၊ သားမြေးတွေက များတာမို့၊ ထူးချွန်ချင်တဲ့သူတိုင်းက လူရှေ့ မျက်နှာရဖို့ အခွင့်အရေးကို ရှာနေကြရတာလေ။
နင်နင်က ကုအဘွားကြီးရဲ့ဘေးမှာ မျက်နှာရနေလို့၊ ကုမိသားစုက လူအများကြီးက သူ့ကို မနာလို ဖြစ်နေကြသလို၊ မကောင်းပြောတာတွေလည်း မနည်းပါဘူး။
အကယ်လို့ အပြင်လူတွေကို အကျိုးအကြောင်း ရှင်းပြရင်လည်း၊ အားလုံးကတော့ ရွှီမိသားစုက သမီးတော်က အတော်လေး နွဲ့ဆိုးဆိုးတတ်တာပဲလို့၊ ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ လို့ပဲ ပြောကြမှာပေါ့။
“အမေ စီချင် ပြောတာတွေကို နားမထောင်ပါနဲ့၊ ဒါက နှိပ်စက်တာ မဟုတ်ပါဘူး၊ ကျွန်မကိုယ်တိုင် သတိမထားမိလို့ ဖြစ်သွားတာပါ၊ တခြားသူကို အပြစ်မတင်ပါနဲ့တော့။ နောက်ပြီး၊ ဒီတစ်ခေါက် ဖြစ်ပြီးသွားရင်တော့ သူ (အဘွားကြီး) လည်း ကျွန်မ ကို နောက်ထပ် ဘာမှ ခိုင်းရဲတော့မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့...” ဒါပေမဲ့ အဲဒါက သူမ တစ်ခါမှ မမြင်ရသေးတဲ့ မြေးဦးလေး မဟုတ်ပါလား။
“အမေ၊ တော်ပါတော့ ဒီကိစ္စ ဖြစ်သွားတဲ့အတွက် ခင်ပွန်းဖြစ်သူကလည်း အလွန် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ အဘွားဆီကလည်း အားဆေးတွေ အများကြီး ပို့ပေးထားပါတယ်”
ကျောက်အာရဲ့ ရင်ထဲမှာ အလွန်ရှုပ်နေပြီး၊ ဘာပြောရမှန်း မသိဘဲ ဖြစ်နေတာပေါ့။
သူမနဲ့ရွှီထင်းရှန်းတို့က ငယ်ငယ်ကတည်းက လက်တွဲလာတဲ့ လင်မယားအိုတွေ ဖြစ်သလို၊ ရွှီအိမ်တော် တစ်ခုလုံးမှာလည်း သူမရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ခဲ့တာမို့၊ ဒီလိုမျိုး မိသားစုကြီးတွေရဲ့ အတွင်းရေး ဆူပူမှုတွေကို သူမ တစ်ခါမှ မကြုံဖူးပါဘူး။
သူက ကုမိသားစုကို အကြီးအကျယ် ဒေါသထုတ်ပစ်ချင်ပေမဲ့၊ သမီးဖြစ်သူကတော့ အဲဒီလူတွေရဲ့ အိမ်မှာပဲ ကျန်ဦးမှာလေ။ ကုအဘွားကြီးက ကုဟိန်ရဲ့မိခင်အရင်း ဖြစ်သလို၊ ကုချန်ရဲ့ အဘွားအရင်းလည်း ဖြစ်နေပြန်တာမို့၊ သူမအနေနဲ့ ဒေါသပုံချလိုက်ဖို့က လွယ်ပေမဲ့၊ နောက်ပိုင်းမှာ သမီးဖြစ်သူ ဘာဆက်ဖြစ်မလဲ။ မိသားစုရဲ့ ပစ်ပယ်တာကို ခံရတော့မလား။
အဲဒီအချိန်မှာပဲ ကုသခင်မကြီး ရောက်လာပြီး တောင်းပန်စကားတွေကို အကြိမ်ကြိမ် ပြောတော့တယ်။
ကုအဘွားကြီးလည်း တောင်ဝှေးကို အားကိုးပြီး ရောက်လာကာ၊ ကိုယ်က အိုပြီး ဝေဝေဝါးဝါး ဖြစ်သွားတာပါ၊ အိမ်မှာ လူများလို့ မြေးချွေးမလေးကို မျက်နှာရအောင် ပိုဂရုစိုက်မိသွားတာပါ၊ အခုလို ဖြစ်သွားမယ်လို့ မထင်ထားပါဘူးဆိုပြီး ပြောလာတာလေ။
ကျောက်အာမှာတော့ တစ်ဖက်လူကို ဆူဖို့တောင် စကားလုံး မရှိတော့ဘဲ၊ မတတ်သာဘဲ ပြန်ပြီးတောင် နှစ်သိမ့်ပေးလိုက်ရတော့တာပေါ့။
ခဏလေးအတွင်းမှာပဲ အခန်းထဲမှာ ဆူညံသွားပြီး၊ ကုတင်ပေါ်မှာ လဲနေတဲ့ နင်နင်က ဒီမြင်ကွင်းကို ကြည့်ရင်း၊ ကိုယ့်အမေက မတတ်သာဘဲ ကုအဘွားကြီးကို နှစ်သိမ့်ပေးနေရတာ မြင်ရတဲ့အခါ၊ သူ့မျက်ဝန်းထဲမှာ နာကျည်းမှုတွေနဲ့အတူ အေးစက်တဲ့ အကြည့်တွေ ဖြတ်ပြေးသွားပါတော့တယ်။
******