← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 28 Ch. 281-282 - final

အခန်း (၂၈၁-၂၈၂)

Vol. 28 Ch. 281-282 - final

281 01

အခန်း (၂၈၁)

ကုမိသားစု ပိုင်ဆိုင်တဲ့ ထန်ရှန်းက ဒီဝင်းကြီးက သိပ်တော့ မကျယ်လှပေမဲ့၊ ပတ်ဝန်းကျင် ရှုခင်းတွေကတော့ တကယ်ကို လှပတင့်တယ်တယ်။

ဝင်းထဲမှာ သဘာဝအလျောက် ထွက်နေတဲ့ ရေပူစမ်းတစ်ခု ရှိနေတာမို့၊ နေ့တိုင်း ဝင်းထဲကထွက်တဲ့ လတ်ဆတ်တဲ့ သီးနှံတွေကို စားရင်း၊ နေရာအနှံ့ လှည့်လည်ပြီး ရှုခင်းတွေကို ခံစားတာ၊ ပင်ပန်းလာရင်လည်း ရေပူစမ်းမှာ ကိုယ်လက် သန့်စင်တာတွေက နတ်ပြည်ရောက်နေသလိုကို သာယာလှတယ်။

ရက်နည်းနည်းလောက် နေပြီးတဲ့နောက်မှာတော့ နင်နင်ဟာ ဒီနေရာကို သိပ်သဘောကျသွားပြီး၊ ကိုယ်တိုင်လည်း ဝင်းတစ်ခု ဝယ်ဖို့အတွက်တောင် စိတ်ကူးရှိလာခဲ့တယ်။

သူမရဲ့အဖေနဲ့ အမေက တစ်သက်လုံး ပင်ပန်းခဲ့ကြသူတွေလေ။ အဖေက အစိုးရအဖွဲ့အတွက် ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ အမှုထမ်းခဲ့သလို၊ အမေကလည်း အိမ်တွင်းရေးနဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် နှစ်ပေါင်းများစွာအတွင်း အပြင်ထွက်ပြီး အနားယူတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။

ဒီလိုမျိုး နေရာလေးတစ်ခု ဖန်တီးနိုင်ရင်၊ အိမ်ကလူတွေ အားလပ်တဲ့အချိန် လာလည်လို့ရမှာမို့ အမှန်တကယ်ပဲ ကောင်းမွန်တဲ့ ကိစ္စဖြစ်မှာပါ။ အဓိကက မြို့တော်နဲ့လည်း မဝေးတာကြောင့်ပါပဲ။

နင်နင်က လူလွှတ်ပြီး ဒီကိစ္စကို စုံစမ်းခိုင်းတော့မှပဲ၊ ဒီနေရာမှာ အဆောက်အဦး ဆောက်ဖို့က လွယ်ပေမဲ့၊ ရေပူစမ်းထွက်တဲ့ နေရာကို ရှာဖို့က ခဲယဉ်းလှမှန်း သိလိုက်ရတယ်။ ထန်ရှန်းရဲ့တန်ဖိုးက ဒီရေပူစမ်းပေါ်မှာပဲ ရှိနေတာလေ။ ရေပူစမ်း မရှိရင် ဒီလို တောတောင်ထူထပ်တဲ့ နေရာကို လူတွေ လာလည်စရာ အကြောင်းမှ မရှိတာ။

အခုဆို ရေထွက်တဲ့ နေရာတိုင်းမှာ အိမ်ဝင်းတွေ ရှိနေကြပြီ။ အဲဒီဝင်းတွေကလည်း အများအားဖြင့် အဆင့်မြင့် အရာရှိကြီးတွေရဲ့ အိမ်တွေဖြစ်တာမို့၊ ဘယ်အိမ်ကမှ ငွေကြေး မလိုလားတာကြောင့် အပြင်ကို ပြန်ရောင်းမယ့်သူ လုံးဝ မရှိပါဘူး။

ဒါပေမဲ့ ရေပူစမ်းဝင်းက တာဝန်ခံက နင်နင်ကို သတင်းတစ်ခု ပေးလာတယ်။ ဒီဝင်းနဲ့ မဝေးတဲ့ နေရာမှာ နောက်ထပ် ဝင်းတစ်ခု ရှိနေပြီး၊ အဲဒီကို ဘယ်သူမှ မလာတာ ကြာပြီဖြစ်တာကြောင့် အရှင်သခင်ကတောင် မေ့နေတာ ဖြစ်နိုင်လို့၊ အကယ်၍ သွားပြောရင်တော့ ရောင်းလာနိုင်ခြေ ရှိတယ်လို့ ဆိုတာပေါ့။

နင်နင်လည်း စိတ်ဝင်စားသွားပြီး၊ ပန်းကြည့်ဖို့ ထွက်တိုင်း အဲဒီဝင်းဘက်ကို လှမ်းကြည့်လိုက်တော့ အမှန်တကယ်ပဲ တိတ်ဆိတ်ငြိမ်သက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီအတိုင်း သွားပြောဖို့ကျတော့လည်း သူမ နည်းနည်း တွန့်ဆုတ်နေမိတယ်။

“သခင်မလေး အကယ်၍ တကယ် သဘောကျတယ် ဆိုရင်တော့ ကျွန်မ ကျောက်တာကို သွားပြီး မေးခိုင်းလိုက်ပါ့မယ်” ကျစ်ရှူးက ပြောလာတယ်။

ကျောက်တာ သွားမေးကြည့်တော့ တစ်ဖက်လူက ငြင်းလိုက်ပါတယ်။ တစ်ဖက်လူက ဘယ်သူ့ကိုမဆို ရောင်းနိုင်ပေမဲ့၊ ကုမိသားစုကိုတော့ လုံးဝ မရောင်းနိုင်ဘူးလို့ ပြောလိုက်တာပါ။

ဒါဆိုရင် အဲဒီမိသားစုက ကုမိသားစုနဲ့ ရန်ငြိုးရှိလို့လား။ ကုမိသားစုကို မရောင်းဘဲ၊ ဝယ်မယ့်သူက ရွှီမိသားစု ဖြစ်ကြောင်း ပြောရင်ရော ရောင်းမလား။ ကျောက်တာ နောက်တစ်ခေါက် ထပ်သွားတော့မှပဲ တစ်ဖက်လူက မငြင်းတော့ဘဲ ဝယ်မယ့်သူကို ကိုယ်တိုင်တွေ့ချင်တယ်လို့ ဆိုလာတော့တယ်။

ဒီဝင်းရဲ့ အရှင်သခင်က တကယ်ကို ထူးဆန်းတာပဲ။ ဒါပေမဲ့ ရွှီမိသားစုနဲ့ တစ်ခုခု ပတ်သက်နိုင်တယ်လို့ တွေးမိတာကြောင့်၊ နင်နင်လည်း သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်ဖက်လူက သူမကို ဝင်းထဲမှာ မချိန်းဘဲ၊ ဝင်းနှစ်ခုကြားက မဝေးတဲ့ ကျောက်ဇရပ်လေး တစ်ခုမှာပဲ ချိန်းလိုက်တယ်။ အဲဒီနေရာကို နင်နင် ရောက်ဖူးပါတယ်။ အပြင်မှာ နှင်းကျနေရင် နှင်းကြည့်ဖို့ အကောင်းဆုံး နေရာလေးပေါ့။

သူမ ချိန်းထားတဲ့အတိုင်း ရောက်သွားတဲ့အခါမှာတော့ လုံးဝမထင်မှတ်ထားတဲ့သူတစ်ယောက်ကို မြင်လိုက်ရတော့တယ်။

281 02

“မတွေ့ရတာ ကြာပြီနော်”

နင်နင်က အံ့အားသင့်ပြီး တစ်ဖက်လူကို စိုက်ကြည့်နေမိသလို၊ တစ်ဖက်မှာလည်း အရာရာကို ရိပ်မိသွားခဲ့ပြီ။ နှစ်နှစ်လောက် မတွေ့ရတဲ့အချိန်အတွင်း သူမမှာ အများကြီး ပြောင်းလဲသွားပေမဲ့၊ သူကတော့ အစအနလေးတောင် ပြောင်းလဲတာ မရှိပါဘူး။

တစ်ခါတလေ ညဉ့်နက်သန်းခေါင်အချိန်တွေမှာ နင်နင်က တိတ်တဆိတ် ပြန်စဉ်းစားမိတတ်ပါတယ်။ အဲဒီတုန်းက ကိုယ်က သူ့အပေါ် သံယောဇဉ် ရှိခဲ့တာဟာ၊သူ့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာကိုပေါ့။ သူဟာ သူမမြင်ဖူးသမျှ အမျိုးသားတွေထဲမှာ အဖေနဲ့ အစ်ကိုနှစ်ယောက်ပြီးရင် အခန့်ညားဆုံးပါပဲ။

“မတွေ့ရတာ ကြာပါပြီ၊ လုဝမ်မင်းသား”

လုဝမ်က သူမကို လေးနက်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေပြီး၊ သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဖြတ်ပြေးသွားခဲ့တယ်။ နှစ်နှစ်လုံးလုံး နေရာအနှံ့ ခရီးထွက်နေတုန်း ခမည်းတော်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှာတောင် သူ ပြန်မလာခဲ့ဘူး။ ဘာလို့ ပြန်မလာချင်တာလဲဆိုတာ သူကိုယ်တိုင်တောင် မသိပါဘူး။ ဒီနှစ်တွေမှာ သူ နေရာအနှံ့ ရောက်ခဲ့သလို၊ ပင်လယ်ထဲလည်း ထွက်ခဲ့ဖူးတာမို့၊ ငယ်ငယ်က မြင်ဖူးပေမဲ့ ဂရုမစိုက်ခဲ့တဲ့ ရှုခင်းတွေကို ပြန်မြင်ခဲ့ရသလို၊ ကိစ္စတွေအများကြီးကိုလည်း နားလည်လာခဲ့တယ်။

အခု ပြန်ရောက်လာတော့ ဒီမှာ ရက်နည်းနည်းလောက် နေပြီးမှ မြို့တော်ပြန်ပြီး ခမည်းတော်ကို သွားတွေ့ဖို့ စိတ်ကူးပေမဲ့၊ မမျှော်လင့်ဘဲ တစ်ယောက်ယောက်က ကိုယ့်ဝင်းကို ဝယ်ချင်တယ်လို့ ကြားလိုက်ရတာ။ အဲဒီသူကလည်း သူမ ဖြစ်နေပြန်တာပေါ့။

“မင်း နေကောင်းရဲ့လား”

နင်နင်က မျက်လုံးလေး ငုံ့ပြီး ခေါင်းညိတ်ပြလိုက်တယ်။ “ကျွန်မ နေကောင်းပါတယ်။ လုဝမ်မင်းသား”

လုဝမ်က အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်လို ဝတ်ထားတဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ သူမမျက်နှာက စိုပြည်နေပြီး မျက်ခုံးတွေကလည်း အေးချမ်းနေတာကြောင့် ဘဝမှာ အဆင်ပြေနေမှာပဲလို့ သူ ယူဆလိုက်တယ်။ ရင်ထဲမှာ နည်းနည်းတော့ ခါးသီးသွားပေမဲ့၊ မတတ်သာဘဲ သက်ပြင်းချရင်း ဆိုလိုက်တယ်။ “မင်း နေကောင်းနေရင်ပဲ ရပါပြီ”

“လုဝမ်မင်းသားကော နေကောင်းရဲ့လား။ မင်းသား နေရာအနှံ့ ခရီးထွက်နေတယ်လို့ ကြားရပါတယ်။ ပြီးခဲ့တဲ့နှစ်က နန်းတော်သွားပြီး ဧကရာဇ်မင်းမြတ်ကို တွေ့တော့ ဧကရာဇ်က မင်းသားအကြောင်း ပြောနေသေးတယ်”

“ခမည်းတော်က ဒီမင်းသားကို သစ္စာမရှိတဲ့ သားမိုက်လို့ပဲ ဆဲနေမှာ သေချာပါတယ်”

အခြေအနေက ခဏလေးအတွင်းမှာပဲ အတိတ်ကအချိန်တွေဆီ ပြန်ရောက်သွားသလိုပါပဲ။ အဲဒီတုန်းက ကျားချန်ဧကရာဇ် ရွှီအိမ်တော်မှာ ခိုလှုံနေတုန်း သူတို့နှစ်ယောက်ဟာ ဧကရာဇ်ကြောင့်ပဲ စကားပြောဖော်တွေ ဖြစ်ခဲ့ကြတာ မဟုတ်လား။

“ဧကရာဇ်မင်းမြတ်ကတော့ အဲဒီလိုမဟုတ်ပါဘူး၊ မင်းသား အခုလို ထွက်သွားရင် ဘယ်တော့မှ ပြန်လာမလဲ မသိဘူးဆိုပြီး စိုးရိမ်နေတာပါ”

“ဒီမင်းသား နောက်ထပ် နှစ်ရက်လောက် ကြာရင် နန်းတော်ပြန်ပါ့မယ်”

ပြောစရာ စကားတွေ ကုန်သွားတော့ ပတ်ဝန်းကျင်က ပြန်တိတ်သွားပြန်ရော။ အပြင်မှာ နှင်းတွေ ထပ်ကျလာတာကြောင့် အပြင်မှာ စောင့်နေတဲ့ ကျစ်ရှူးနဲ့ ကျောက်တာတို့လည်း မလှမ်းမကမ်းက သစ်ပင်အောက် သွားခိုနေကြရတယ်။

ကျစ်ရှူးဆိုရင် ရင်ထဲမှာ ရှုပ်ထွေးနေတယ်။ ဒီဝင်းရဲ့ အရှင်သခင်က လုဝမ်မင်းသား ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ ဒါဟာ ရေစက်ပဲလား။

281 03

ဇရပ်ထဲမှာ နင်နင်က ပြောပြီး ထွက်ဖို့ ပြင်လိုက်တယ်။ “ဒီဝင်းက မင်းသားရဲ့ ဝင်းမှန်း မသိခဲ့ပါဘူး၊ အကယ်လို့ သိရင် ကျွန်မ ဘယ်တော့မှ အခုလို ပြောမိမှာ မဟုတ်ဘူး၊ ရိုင်းစိုင်းသွားရင်လည်း ခွင့်လွှတ်ပါဦး။ တခြားကိစ္စ မရှိရင်တော့ ကျွန်တော်မျိုးမ သွားပါရစေဦး”

လုဝမ်က သူမကို လှမ်းခေါ်လိုက်တယ်။ “အကယ်လို့ မင်း တကယ် လိုချင်ရင်၊ ဒီမင်းသားက မင်းကို လက်ဆောင် ပေးပါ့မယ်”

နင်နင်က အံ့အားသင့်ပြီး လှည့်ကြည့်ပေမဲ့ မျက်လုံးကို ပြန်ငုံ့လိုက်တယ်။ “ဘာမှ မလုပ်ပေးဘဲနဲ့တော့ လက်ဆောင် မယူဝံ့ပါဘူး၊ လုဝမ်မင်းသားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးမ သွားပါရစေဦး”

အဲဒီအချိန်မှာပဲ ကိုယ်ပေါ်မှာ နှင်းတွေနဲ့ စိုရွှဲနေတဲ့ အရိပ်တစ်ခုက ရုတ်တရက် ပြေးဝင်လာပြီး နင်နင်ဆီကို တိုက်ရိုက် တိုးဝင်လာခဲ့တယ်။ လုဝမ်က အမြန်ပဲ နင်နင်ရဲ့ လက်ကို ဆွဲပြီး ဘေးကို ဖယ်ပေးလိုက်ရတယ်။

နင်နင် ထိတ်လန့်သွားပြီး ကိုယ်ကို ပြန်ထိန်းလိုက်တဲ့အချိန်မှာ ရောက်လာတဲ့သူက အဲဒီနေရာမှာတင် ငိုနေခဲ့ပြီ။ အဲဒါက ရှောက်ယန်ပါပဲ။

“မရီး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး၊ အစ်ကိုဝမ်းကွဲနဲ့ ပတ်သက်ခဲ့တာက ကျွန်မရဲ့စိတ်ဆန္ဒ မဟုတ်ပါဘူး၊ အခြေအနေအရ မတတ်သာခဲ့လို့ပါ။ ဒါပေမဲ့ ဦးလေးနဲ့ ဒေါ်လေးတို့က ကျွန်မအပေါ် ဒီလောက်အထိ ရက်စက်ကြတယ်။ အမေကိုလည်း စိတ်ထိခိုက်အောင် လုပ်ခဲ့သလို၊ ကျွန်မတို့တွေကို ရှန်းတုန်းကိုလည်း ပြန်ပို့ချင်နေတာ။ ရှန်းတုန်းမှာ မကောင်းတာတွေ တို့တွေကို စောင့်နေမှာကို ကျွန်မ သိပါတယ်။ အကယ်လို့ ပြန်သွားရင် အသက်တောင် ရှိမှာ မဟုတ်ဘူး။ မရီး... အခုတော့ ကျွန်မကို ကယ်နိုင်တာ မရီး တစ်ယောက်တည်းပဲ ရှိပါတော့တယ်”

ရောက်လာခဲ့ပြီပေါ့။ နင်နင်က ကိစ္စတွေက ဒီလောက်နဲ့ မပြီးဘူးဆိုတာ ကြိုသိနေပေမဲ့ အခုလို တကယ် ရင်ဆိုင်ရတော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။ သူမ တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ သူမထက် မြန်တဲ့သူက ရှိနေခဲ့တယ်။

“မင်း ဘာပြောလိုက်တယ်။ အမှန်တော့ မင်းကိုး”

လုဝမ်က ရှေ့တိုးသွားပြီး ရှောက်ယန်ကို ခြေထောက်နဲ့ တစ်ချက် ကန်လှဲလိုက်တယ်။ တစ်ဖက်လူ ခေါင်းမော့လာတော့မှ ဘယ်သူလဲဆိုတာ သေသေချာချာ မြင်လိုက်ရတယ်။ “စကားကို ရှင်းရှင်းလင်းလင်း ပြောစမ်း” သူက အေးစက်တဲ့ အသံနဲ့ ကြိမ်းလိုက်တာမို့ အကြည့်ကလည်း ဓားတစ်စင်းလိုကို စူးရှနေတော့တယ်။

လုဝမ်က အတင်းမေးတော့မှ ရှောက်ယန်လည်း ဖြစ်ကြောင်းစုံကို တုန်တုန်ရီရီနဲ့ ပြောပြလိုက်ရတော့တယ်။

ဒါပေမဲ့ သူက ကိုယ့်အတွက် အကျိုးရှိတာတွေကိုပဲ ရွေးပြောတာပါ။ အမှန်က တိတ်တဆိတ် ဆေးခတ်ခဲ့တာဖြစ်ပေမဲ့၊ သူမကတော့ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားတာပါလို့ ဆိုပြီး၊ အချုပ်ကတော့ သူမနဲ့ကုချန်ကြားမှာ ပတ်သက်မှု ရှိသွားပြီလို့ ပြောတာပေါ့။

ဒီကိစ္စ ဖြစ်ပြီးတော့ ကုချန်က သိပ်နောင်တရခဲ့ပေမဲ့၊ မိဘတွေကိုရော နင်နင်ကိုပါ မပြောရဲခဲ့ဘူး။ ရှောက်ယန်ကလည်း သူ့ကို အမြဲအတင်းအကျပ် တောင်းဆိုနေပေမဲ့ အဲဒီတုန်းက ကုချန်က နင်နင်ရှိရာ ထန်ရှန်းဆီ လာဖို့ပဲ စိတ်ကူးရနေခဲ့တာ။

အမှန်တော့ သူက ဒီပြဿနာတွေကနေ ရှောင်ချင်တာ။ ဒါပေမဲ့ ရှောက်ယန်က သိသွားတော့ သူ့ကို ထွက်မသွားဖို့ ခြိမ်းခြောက်ခဲ့တယ်။ နင်နင်က ကိုယ်တိုင် အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တာက ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ကုချန်အတွက် အခွင့်အရေး ဖြစ်သွားခဲ့တယ်။ သူက နင်နင် မရှိတုန်း ဒီပြဿနာကို အပြတ်ရှင်းဖို့ ကြံခဲ့တာ။

နောက်ပိုင်းမှာ သူက ရှောက်ယန်နဲ့ အကြိမ်ကြိမ် ညှိပေမဲ့ မအောင်မြင်သလို၊ ကုလန်ရင်းကလည်း ဒီအခွင့်အရေးကို သုံးပြီး ကုအဘွားကြီးရှေ့မှာ ဆူပူတိုင်တန်းလိုက်တော့တယ်။

ဒီလိုနဲ့ အဖြစ်မှန်က ပေါ်သွားပေမဲ့ ကုလန်ရင်းက ကုဟိန်ဟာ ရွှီမိသားစုကို ဘယ်လောက်တောင် ကြောက်လဲဆိုတာကို ထည့်မတွက်မိခဲ့ဘူး။ သူက ကိုယ့်ညီမအရင်းနဲ့ တူမအရင်းကိုတောင် မငဲ့တော့ဘဲ၊ အိမ်ကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ယောက်သား မတတ်သာတော့လို့ ထွက်သွားမယ်လို့ ဟန်ဆောင်ခဲ့ပေမဲ့ ထန်ရှန်းကို ဖြတ်တော့ ရှောက်ယန်က တိတ်တဆိတ် ထွက်ပြေးလာတာမို့ ခုနကလို မြင်ကွင်း ဖြစ်လာတာပါပဲ။

281 04

အစအဆုံးမှာ နင်နင်က ဘာအမူအရာမှ မပြဘဲ ငြိမ်နေတာကြောင့် သူ့မရင်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ လုဝမ်တောင် မခန့်မှန်းနိုင်ဘူး။

“မင်း ဘယ်လို လုပ်ချင်လဲ။ ဒီမင်းသား သူ့ကို အခုပဲ ရှင်းပေးလိုက်ရမလား!

နင်နင်က ထရပ်ပြီး ဦးညွှတ်လိုက်တယ်။ “လုဝမ်မင်းသားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးမ ထပ်မနေတော့ပါဘူး” ပြောပြီး ခေါင်းငုံ့ကာ ထွက်ဖို့ ပြင်လိုက်တယ်။ လုဝမ်က သူ့လက်ကို ဆွဲထားပြီး “မင်းက တကယ်ပဲ ဒီအတိုင်း သည်းခံနေမှာလား။ မင်းဦးနှောက်ထဲမှာ ဘာတွေ တွေးနေတာလဲ”

“ကျွန်မ ဘာတွေးလဲဆိုတာ ကျွန်မရဲ့ကိုယ်ပိုင်ကိစ္စပါ၊ လုဝမ်မင်းသားဆီ သတင်းပို့စရာ မလိုပါဘူး”

လုဝမ် မကျေမနပ် ဖြစ်သွားကာ ပြောလိုက်တော့တယ်။ “အကယ်၍ မင်း မပြောရင်တော့ ဒီမင်းသားက မင်းရဲ့အဖေကို သွားပြောမှာပဲ” ဒါကို မြင်တော့ နင်နင်လည်း မတတ်သာဘဲ ပြောလိုက်ရတော့တယ်။ “ဒီကိစ္စကို ကျွန်မဘာသာပဲ အဖေနဲ့အမေကို ပြောပြပါ့မယ်၊ လုဝမ်မင်းသားအနေနဲ့ အများကြီး ဂရုမစိုက်ပါနဲ့တော့”

နင်နင်က လူတွေကို ခေါ်ပြီး အမြန်ထွက်သွားသလို၊ ရှောက်ယန်ကိုပါ ခေါ်သွားတာပေါ့။ လုဝမ်ကတော့ သူမကျောပြင်ကို ကြည့်ရင်း အတွေးတွေ များနေခဲ့တော့တယ်။

ကုမိသားစုဘက်က ရှောက်ယန် ထွက်ပြေးတဲ့ သတင်းရသလို၊ ထန်ရှန်းနဲ့လည်း နီးတာကြောင့် နေလယ်ပိုင်းမှာ ကုမိသားစုက လူတွေ ရောက်လာကြတယ်။ နှမြောစရာက နင်နင်က အဲဒီအချိန်မှာ ရွှီအိမ်တော်ကို ပြန်ရောက်နေပြီမို့ သူတို့မှာ အလကား ဖြစ်သွားရတယ်။

“ဘယ်လိုဖြစ်လို့ ဒီလိုမျိုး ဖြစ်ရတာလဲ” ကျောက်အာကတော့ မယုံနိုင်အောင် ဖြစ်သွားပြီး၊ ရွှီထင်းရှန်းရဲ့ ရင်ခွင်ထဲမှာ မှီပြီး ငိုတော့တယ်။

“အမေ မငိုပါနဲ့တော့ သမီး ဘာမှ မဖြစ်ပါဘူး။”

“ဘာမှမဖြစ်ဘူးလို့ ဘယ်လို ပြောရဲတာလဲ၊ ဘာမှ မဖြစ်ဘူး ဟုတ်လား။ အားလုံးက အမေရဲ့အမှားပါ၊ အစကတည်းက နင်ကို ကုမိသားစုဆီ မပို့သင့်ခဲ့တာ” ပြောပြီး ကျောက်အာ စိတ်ဓာတ်တွေ ပြိုလဲနေခဲ့တယ်။

“အဖေ မင်းအမေကို အောက်ကို ခေါ်သွားပြီး အရင် စိတ်အေးအောင် လုပ်ပေးလိုက်ဦးမယ်” ရွှီထင်းရှန်းက အသက်ပြင်းပြင်း ရှူရင်း ပြောလိုက်တယ်။ နင်နင် ခေါင်းညိတ်ပြလိုက်ပြီး မိဘတွေ ထွက်သွားတော့မှပဲ သူမမျက်နှာမှာ နာကျည်းတဲ့ အရိပ်လေး တစ်ခု ပေါ်လာတယ်။

ရွှီထင်းရှန်းက မကြာခင် ပြန်လာပြီး၊ နင်နင်ကို မေးလိုက်တယ်။ “သမီး ဘယ်လို လုပ်ချင်လဲ”

“သမီး ဟိုလီ (အေးအေးဆေးဆေး ကွာရှင်းခြင်း) လုပ်ချင်ပါတယ်” သူမက ပြောလိုက်တယ်။

ရွှီထင်းရှန်းက ခေါင်းညိတ်ပြရ်ငး “ဒါဆိုရင်လည်း ဟိုလီ လုပ်ကြတာပေါ့”

သူ အပြင်ထွက်ဖို့ ပြင်တုန်း နင်နင်က တွန့်ဆုတ်နေဟန်နဲ့ မေးလိုက်တယ်။ “အဖေ ဘာဖြစ်လို့…”

“ဘာဖြစ်လို့လဲ။ ဘာလို့ မင်းကို အကြောင်းပြချက် မမေးတာလဲ ဆိုတာ သိချင်လို့လား” ရွှီထင်းရှန်းက လှည့်ကြည့်ပြီး မေးလိုက်တယ်။ သူ့အကြည့်က နက်နဲပြီး အရာရာကို မြင်သာနေသလိုပဲ။ နင်နင်က ခဏ တွန့်ဆုတ်ပြီးမှ ခေါင်းညိတ်ပြလိုက်တယ်။

“မင်းဟာ ငါ ရွှီထင်းရှန်းရဲ့ သမီးပဲ၊ ဘာဒုက္ခမှ ခံနေစရာ မလိုဘူး”

ပြောပြီးတော့ ရွှီထင်းရှန်း ထွက်သွားတာကြောင့၊ နင်နင်ကတော့ အဲဒီမှာတင် မျက်ရည်တွေကျပြီး ကျန်ခဲ့တယ်။ ရွှီထင်းရှန်းက မကြာခင်မှာပဲ ဟိုလီ စာချုပ်ကို ရအောင် လုပ်နိုင်ခဲ့တယ်။ သူ ပြောခဲ့သလိုပဲ သူ့သမီးက ဘာဒုက္ခမှ ခံစရာ မလိုဘူး။ နင်နင် ထင်ထားတဲ့ ရှုပ်ထွေးမဲ့ကိစ္စတွေက အလွန်ပဲ လွယ်လွယ်ကူကူနဲ့ ပြီးသွားခဲ့ရတယ်။

281 05

ရွှီထင်းရှန်းက ကျောက်အာကို ဘယ်လို ချော့လဲ မသိပေမဲ့ ကျောက်အာ ပြန်လာတဲ့အခါမှာတော့ အရင်အတိုင်းပဲ ရှိနေခဲ့တယ်။ နင်နင် တစ်ယောက် ကွာရှင်းခဲ့တာ မရှိသလို၊ ဘာမှမကြုံခဲ့ရသလိုပဲ အိမ်မှာ ရှိတုန်းကအတိုင်း ဆက်ဆံပေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို လုပ်တာကပဲ နင်နင်ကို ပိုပြီး နာကျည်းစေခဲ့တယ်။ သူမက မိသားစုကို မထိခိုက်စေချင်လေလေ၊ ကိစ္စတွေက ပိုမှားလေလေ ဖြစ်နေခဲ့တာကိုး။

နှစ်သစ်ကူးခါနီးမှာ ရွှီယောင်ထိုက် ပြန်ရောက်လာတယ်။ အရင်နဲ့ မတူတာက သူက ဒီတစ်ခေါက် မိန်းကလေး တစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်။ သူမက သိပ်ကို တက်ကြွတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး၊ ရွှီယောင်ထိုက်ကြောင့် သူမ ဒုက္ခရောက်ခဲ့ရလို့ လက်စားချေရမယ်လို့ပဲ အမြဲ အော်နေတတ်တယ်။

နောက်မှ သိရတာက အဲဒီမိန်းကလေးက ရွှီယောင်ထိုက်နဲ့ လောင်းကစားတာ ရှုံးလို့၊ ကိုယ့်ကိုယ်ကိုယ် လောင်းကြေးအဖြစ် ပေးလိုက်ရတာတဲ့။ ရွှီယောင်ထိုက်က ညီမလေး ကွာရှင်းတာ သိသွားပေမဲ့ ဘာမှမပြောဘဲ နောင်ကျရင် သူ အပြင်ခေါ်ပြီး စိတ်အပန်းဖြေခိုင်းမယ်လို့ပဲ ပြောခဲ့တယ်။

အပြင်မှာ အမှုထမ်းနေတဲ့ ရွှီယောင်ဟုန်ကတော့ ပြန်မလာနိုင်ဘဲ စာပဲ ပို့နိုင်ခဲ့တယ်။ သူလည်း ညီမလေး ကိစ္စကို သိပေမဲ့ ညီငယ်လိုပဲ ဘာမှမပြောဘဲ၊ အိမ်မှာ အေးအေးဆေးဆေး နေဖို့ပဲ မှာတယ်။ ဒီလိုနဲ့ ဆောင်းကုန်လို့ နွေကူးလာပြီး နောက်ထပ် နှစ်သစ်တစ်ခုကို ရောက်လာပြန်တယ်။

တစ်နေ့မှာ ရွှီထင်းရှန်းက သမီးကို ခေါ်လိုက်တယ်။ “သမီး နောင်ကျရင် ဘာလုပ်ဖို့ စိတ်ကူးလဲ”

နင်နင်က ခဏ တွန့်ဆုတ်ပြီးမှ ပြောလိုက်တယ်။ “အစ်ကိုနှစ်က သမီးကို စိတ်အပန်းဖြေဖို့ ခေါ်မယ် ပြောထားပါတယ်။ သမီး အပြင်လောကကို ထွက်ကြည့်ချင်ပါတယ်”

“ဘယ်ကို သွားချင်တာလဲ”

“သမီး တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို သွားမယ်၊ အပြင်က ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူတွေ၊ ပင်လယ်နဲ့ တောင်တန်းတွေကို သွားကြည့်ချင်ပါတယ်...”

“ကောင်းပြီလေ” ရွှီထင်းရှန်းက အလွယ်တကူ သဘောတူလိုက်တာမို့ နင်နင် အံ့အားသင့်သွားတယ်။ “အဖေ ဘာဖြစ်လို့...” သူမက မေးလိုက်တော့ ရွှီထင်းရှန်းက စုတ်တံကို ချပြီးမှ ပြောလိုက်တယ်။ “ငယ်ငယ်ကတည်းက မင်းအစ်ကိုကြီးကလွဲရင်၊ အဖေတို့က မင်းတို့ကို ဘာမှမတောင်းဆိုခဲ့ဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းရဲ့ဘဝက ကိုယ့်ဘာသာ စီမံရမယ့် အရာလို့ အဖေ ယူဆလို့ပဲ။ ဒါကြောင့် သမီး ဘာလုပ်ချင်လဲဆိုတာ သေသေချာချာ စဉ်းစားပြီးရင် တာဝန်ယူရဲတဲ့ သတ္တိရှိဖို့ပဲ လိုတယ်။ လုပ်ချင်တာကို လုပ်ပါတော့။ အဖေရော၊ မင်းအစ်ကိုတွေမှာလည်း ကိုယ်စီ တာဝန်တွေ ရှိကြတယ်။ သမီးဟာ ငါတို့အိမ်ရဲ့ အငယ်ဆုံး၊ မိန်းကလေး ဖြစ်ပေမဲ့လည်း အဖေတို့တွေ အားလုံးက သမီးကို လွတ်လပ် ပျော်ရွှင်စွာ နေစေချင်တာပါပဲ”

နင်နင်ကတော့ မအောင့်နိုင်ဘဲ ထပ်ငိုလိုက်မိပြန်တယ်။ အစအဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အကျဉ်းချထားမိခဲ့မှန်း သူမ သိလိုက်ရတာလေ။

နွေဦးပေါက်တော့ နင်နင်က အစ်ကိုနှစ်နဲ့အတူ ခရီးစခဲ့တော့တယ်။ သေချာတာကတော့ တုန်းအာဆိုတဲ့ မိန်းကလေးလည်း ပါတာပေါ့။ ရွှီယောင်ထိုက်က ဘယ်သွားချင်လဲ မေးတော့ နင်နင်က ပြောလိုက်တယ်။ “ငါ ယွီချင်းရွာကို အရင် တစ်ခေါက် ပြန်ချင်တယ်”

ရွှီယောင်ထိုက်က ဘာလို့လဲလို့ မမေးဘဲ သူမကို ခေါ်ပြီး ရှန်းရှီကို ထွက်လာခဲ့တယ်။ လမ်းမှာ ရှုခင်းတွေက သာယာသလို၊ စိတ်ဝင်စားစရာတွေလည်း အများကြီးပဲ။ နင်နင်လည်း တုန်းအာက သူ့အစ်ကိုနှစ်ကို ဘာလို့ အဲဒီလို ပြောနေရလဲဆိုတာ နားလည်သွားတယ်။ သူမ ယူဆတာကတော့ မကြာခင် အစ်ကိုနှစ်အတွက် မင်္ဂလာသတင်း ရှိလာမှာပဲ၊ ဒါပေမဲ့ အစ်ကိုက ထုတ်မပြောတာနဲ့ သူမလည်း မသိချင်ယောင် ဆောင်နေလိုက်တော့တယ်။ တုန်းအာကတော့ အရင်က သူမလိုပဲ အူကြောင်ကြောင်ပုံစံ ဖြစ်နေခဲ့တယ်။

281 06

ရွာလမ်းလေးအတိုင်း သာမန် မြင်းရထားလုံးတစ်စီး မောင်းလာတယ်။ ရထားလုံးမောင်းသမားက အလွန်ချောနေတာမို့ ရထားလုံးမောင်းသမားနဲ့တောင် မတူဘူး။ ရထားလုံးလိုက်ကာ ပွင့်လာတော့ အတွင်းကနေ လူငယ်လေးတစ်ယောက် ထွက်လာတယ်။ ဘာလို့လူငယ်လေးလဲဆိုတော့ သူက အမျိုးသားဝတ်စုံ ဝတ်ထားပေမဲ့ အရပ်ပုတဲ့အပြင် ငယ်တဲ့ပုံပေါက်ပြီး ဖြူစင်ချောမောနေတာ။

“အစ်ကိုနှစ် ရောက်တော့မှာလား”

“မကြာခင်ပါပဲ၊ ဟိုလမ်းချိုး ကျော်ရင် ရောက်ပြီ”

မျှော်လင့်ထားသလို ရောက်လာခဲ့ပြီပေါ့။ အဝေးကကြည့်ရင် မြင့်မားတဲ့ တံခွန်တိုင်ကြီးတွေနဲ့ အလံတွေကို မြင်ရတယ်။ နှစ်တွေ ကြာပြီဆိုတော့ တံခွန်တိုင်တွေက အရင်ကထက် များလာပေမဲ့၊ အထင်ရှားဆုံးကတော့ အရှေ့ဆုံးက ဂုဏ်ထူးဆောင် တံခွန်တိုင် နှစ်ခုပါပဲ။

“အစ်ကိုနှစ်၊ ဒီအလံတွေကို အခုထိ မှတ်မိသေးလား”

“ဒါပေါ့၊ မှတ်မိတာပေါ့”

“အခုထိ မြင့်ပြီး ကြီးကျယ်နေတုန်းပဲ၊ တကယ်ကို ခန့်ညားတာပဲ”

“နင် ပြန်လာချင်တာက ဒါကို လာကြည့်ချင်လို့လား”

နင်နင်က ခေါင်းညိတ်ပြလိုက်တယ်။ နေက ပြင်းတော့ မျက်လုံးကို အနည်းငယ် ကွယ်ပြီးမှ အဲဒီနေရာကို သေသေချာချာ မြင်ရတော့တယ်။ အဲဒီတုန်းက မိန်းကလေးငယ်တစ်ယောက်က ဒါတွေကို ပထမဆုံး မြင်တုန်းကလည်း အခုလိုပဲ ပြောခဲ့ဖူးတာလေ။ အခု သူမက အဲဒါကို နောက်တစ်ခါ လာကြည့်တာပါ။ ဘာလို့လဲ မသိဘဲ သူမ မျက်ရည်တွေ ကျလာရပြန်တယ်။ ရွှီယောင်ထိုက်က သက်ပြင်းချရင်း ပြောလိုက်တော့တယ်။ “မထင်ထားဘူး၊ နင်ဟာ အငယ်ဆုံး ဖြစ်ပေမဲ့ စဉ်းစားတာကတော့ အတော်ဆုံးပဲ”

“နောင်ကိုတော့ မလုပ်တော့ပါဘူး”

ယွီချင်းရွာမှာ ရက်နည်းနည်း နေပြီးတော့ နင်နင်တို့ အုပ်စု ခရီးဆက်ကြတယ်။ အခုကတော့ ကျန်းနန်ကိုပါ။ ကျန်းနန်က အလှတွေက ပန်းချီကားလိုပဲလို့ ကြားဖူးတာမို့ ကိုယ်တိုင် သွားကြည့်ချင်ခဲ့တာ။ သူတို့ နန်ကျင်ကို သွားတယ်။ ပြီးတော့ ရှီးဟူကို သွားတယ်။ စူးကျိုးကိုလည်း ရောက်ခဲ့တာပေါ့။ သူတို့ ခရီးက အလျင်စလို မရှိဘဲ ရှုခင်းတွေကို တမြည့်မြည့် ခံစားခဲ့ကြတယ်။

နှမြောစရာက လမ်းမှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည် တစ်ယောက် တိုးလာတာပါပဲ။ သူက အနားလည်း မကပ်သလို စကားလည်း မပြောဘူး၊ ဒါပေမဲ့ အဝေးကိုလည်း ထွက်မသွားဘဲ အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာခဲ့တာ။ ရွှီယောင်ထိုက်က နှင်ထုတ်ချင်ပေမဲ့ နင်နင်က တားထားလိုက်တယ်။ တစ်ခါတလေ စိတ်အနှောင့်အယှက်ဖြစ်မှ သူမက နှင်ထုတ်တဲ့ စကားတွေ ပြောတတ်ပေမဲ့ အဲဒီလူက နှစ်ရက်လောက် ပျောက်သွားပြီးရင် ပြန်ပေါ်လာတာပါပဲ။

နောက်ပိုင်း ရွှီယောင်ထိုက် ထွက်သွားရတော့ နင်နင် တစ်ယောက်တည်း ကျန်ခဲ့ပေမဲ့ ရွှီမိသားစုက အစောင့်တွေ၊ အစေခံတွေ အများကြီး ထည့်ပေးထားတာမို့ ဘယ်နေရာမဆို သွားနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ ဧည့်သည်လည်း ရှိနေတာကိုး။ သူက အတော် စိတ်ရှည်ပြီး ဇွဲကောင်းလှပါတယ်။ နင်နင်က ကမ်းရိုးတန်းဒေသတွေကို ရောက်ခဲ့သလို၊ ပင်လယ်ပြင်ကြီးရဲ့ အလှကိုလည်း သိခဲ့ရတယ်။ သူမဟာ တျန့်ဟိုင်နဲ့ချုံကျိုးကျွန်းစွယ်က ဟုန်ကျွန်းကိုလည်း သွားခဲ့သေးတယ်။

“ဒေါ်လေးဟုန်က ပြောတယ်။ ဦးလေးက အရင်က တော်တော် ပွေတာတဲ့။”

“ငါ့အမေက ပြည့်တန်ဆာမလေး ဖြစ်ခဲ့သလို၊ နောက်ပိုင်း ပင်လယ်ဓားပြ စခန်းထဲ ရောက်သွားခဲ့တာပါ။ အမေ ဆုံးသွားတာက ငါ့ကို ဒုက္ခ မရောက်စေချင်လို့ပါပဲ...”

နင်နင်က အဲဒီစကားကို ကြားတော့ တိတ်သွားခဲ့ပြီး ကိုယ်က သူ့ကို သနားနေမိတယ်လို့တော့ ထုတ်မပြောခဲ့ပါဘူး။

281 07

နင်နင်က နေရာအနှံ့ကို သွားခဲ့သလို စီးပွားရေးတွေကိုလည်း ကူလုပ်ပေးခဲ့တယ်။ ပင်လယ်ဓားပြတွေ ရန်ကနေလည်း ကုန်သည်တွေကို ကယ်ခဲ့ဖူးတယ်။ အမှန်တော့ သူမက အမိန့်ပေးရုံပါ၊ လက်တွေ့ လုပ်တာက အဲဒီ ဧည့်သည်လေ။ တစ်ခါက အန္တရာယ် သိပ်များလို့ နှစ်ယောက်လုံး သေမလို ဖြစ်ခဲ့ဖူးရာကနေ နင်နင်က ဆုံးဖြတ်ချက်တစ်ခု ချနိုင်ခဲ့တယ်။ နင်နင်ရဲ့ဘဝက သိပ်စုံလင်နေတာမို့ အိမ်တောင် မပြန်ချင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီဧည့်သည်ကတော့ မျက်နှာပြောင်တိုက်ပြီး အနောက်က အမြဲလိုက်နေတော့တယ်။

ဒီသတင်းကို ရွှီထင်းရှန်းသိတော့ သိပ်ကို ဒေါသထွက်တော့တယ်။ သူသာ အတောင်ပံ ရှိရင် ချက်ချင်း လာပြီး အဲဒီလူကို နှင်ထုတ်ပစ်ချင်နေတာ။ ဒါပေမဲ့ သူက အလုပ်တွေ သိပ်များနေတာကြောင့် ကိုယ်တိုင် လာလို့ မရဘူးလေ။ သမီးဆီက စာတွေ ရတိုင်းလည်း အဲဒီလူအကြောင်း မပါပေမဲ့ သူကတော့ ရက်ပေါင်းများစွာ ဒေါသထွက်နေတတ်တယ်။

“နင်လည်း တော်ပါတော့ အဲဒီတုန်းက ဘယ်သူကများ ‘သမီးလေး ပျော်ရင် ရပါပြီ’ လို့ ပြောခဲ့တာလဲ” ကျောက်အာက ဆိုလိုက်တော့တယ်။

“ဒါက တူလို့လား”

“ဘာလို့ မတူရမှာလဲ။ အဲဒီတုန်းက အခြေအနေ သိရက်နဲ့ လွှတ်ထားခဲ့တာ ဘယ်သူလဲ။ အခုမှတော့ ငါတို့တွေ တစ်ခါလောက် ငြင်းကြရအောင်။ နင်က အရှေ့မှာ မီးတွင်း ရှိတာ မြင်ရက်နဲ့ သမီးကို လွှတ်ထားတာက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ၊ ဒါ နင်ကိုယ်တိုင် မွေးတဲ့ သမီး မဟုတ်ဘူးလား”

ရွှီထင်းရှန်းမှာတော့ မတရား ခံစားရတာပေါ့။ သူက နတ်ဘုရားမှ မဟုတ်တာ၊ သမီးရဲ့သဘောကိုပဲ သိခဲ့တာလေ။ ဒါပေမဲ့ ကျောက်အာက ဆဲတော့လည်း သူက ငြိမ်ခံရုံမှတစ်ပါး မရှိဘူးလေ။

“သူက နင်နင်ထက် ဘယ်လောက် အသက်ကြီးနေပြီလဲ။ နောင်ကျရင် သမီးထက် အရင် သေသွားရင် ငါ့သမီးလေးက မုဆိုးမ ဖြစ်ရတော့မှာပေါ့”

ဒါကို ကြားတော့ ကျောက်အာက မျက်ရည်တွေ ကျလာပြီး ပြောချလိုက်တယ်။ “ကောင်းပြီလေ၊ နင်က ငါ့ကို အိုနေပြီလို့ အပြစ်မြင်နေတာကိုး၊ ငါလည်း နင်ထက် အသက်ကြီးတာပဲ၊ ဒါဆို ငါလည်း နင်ထက် အရင် သေသွားရင် နင်က မုဆိုးဖို ဖြစ်ရမှာပေါ့”

“ဘာတွေ လျှောက်ပြောနေတာလဲ၊ မင်းက သူ့လိုမှ မဟုတ်တာ”

“သူက အရင်က မင်းအပေါ်မှာ မကောင်းတဲ့ စိတ်ကူး ရှိခဲ့တာလေ”

“အဲဒီတုန်းက သူသာ မရှိရင် နင့်မှာ မိန်းမရော ကလေးပါ ရှိမှာ မဟုတ်ဘူး၊ နင် အစောကတည်းက မုဆိုးဖို ဖြစ်နေလောက်ပြီ။ အဲဒါကို ဘာမကောင်းတဲ့ စိတ်ကူးလို့ ခေါ်တာလဲ၊ ဒါတွေက ဘယ်နှစ်နှစ်က အကြွေးဟောင်းလဲ၊ နင်က အခုထိ ပြန်လှန်နေတုန်းပဲလား...”

နောက်ဆုံးတော့ ရွှီထင်းရှန်းက ကျောက်အာကို မယှဉ်နိုင်တာနဲ့ လူနှစ်ယောက်ကို အိမ်ပြန်ခေါ်ဖို့ သဘောတူလိုက်ရတော့တယ်။ ဟုတ်ပါတယ်။ လူနှစ်ယောက်ပါ။

နင်နင်က ဘာမှမသိသလိုနဲ့ ပြန်ရောက်တာနဲ့ အမေနဲ့စကားပြောဖို့ ထွက်သွားတာကြောင့်၊ အဲဒီဧည့်သည်ကတော့ ပစ်ထားခံရလို့ မျက်နှာက ဒေါသနဲ့ မည်းနေတော့တယ်။ ရွှီထင်းရှန်းက ဒါကို မြင်တော့ ဝမ်းသာသွားပေမဲ့၊ ဒေါသကလည်း ပြန်ဖြစ်လာတာပါပဲ။ သူက တစ်ဖက်လူကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီး မေးလိုက်တယ်။ “မင်းက ဘာလို့ ပြန်မသွားသေးတာလဲ၊ ဒီမှာ ဘာရပ်လုပ်နေတာလဲ”

တစ်ဖက်လူကတော့ ခေါင်းငုံ့ပြီး ဘာမှ ပြန်မပြောပါဘူး။ ရွှီထင်းရှန်းကတော့ အခွင့်အရေး ရရင် ရသလို သူ့ကို ထုတ်ပြောနေပေမဲ့၊ ဒီလူက အပြင်ပန်း အေးစက်ပေမဲ့ လူကြီးလူကောင်း တစ်ယောက်မှန်းတော့ သူ သိပါတယ်။ ဒါပေမဲ့ မြင်ရင်တော့ ကြည့်မရ ဖြစ်နေတုန်းပါပဲ။

“ငါတို့ ရွှီမိသားစု ဆိုတာကတော့ မင်းမှာ ဘာအောင်မြင်မှုမှ မရှိတာမို့၊ မရဘူး”

“ငါ့သမီးက နတ်သမီးလေးလို လှတာ၊ မင်းရုပ်က အရမ်း ရုပ်ဆိုးလွန်းလို့၊ မရဘူး”

281 08

“ငါ့သမီးမှာ ပိုင်ဆိုင်မှုတွေ များတာ၊ မင်းကတော့ ဆင်းရဲလွန်းလို့၊ မရဘူး”

“ငါ့သမီးက မင်းထက် အများကြီး ငယ်တာ၊ မင်းက နောင်ကျ စောစော သေမှာမို့ သူ့ကို မုဆိုးမ ဖြစ်စေမှာမို့၊ ဘယ်လိုမှ မရဘူး”

တံခါးနောက်ကွယ်မှာ နင်နင်က အပြင်ထွက်ဖို့ ကြိုးစားပေမဲ့ ကျောက်အာက အတင်းဆွဲထားလိုက်တယ်။ အဲဒီအချိန်မှာ အမြဲ တိတ်ဆိတ်နေတဲ့ အမျိုးသားက စကားပြောလာပါတယ်။ “ငါကတော့ သူမထက် ပိုပြီးအသက်ရှည်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်၊ သူမကို မုဆိုးမ ဘဝ လုံးဝ မရောက်စေရပါဘူး” နင်နင်က ပါးစပ်ကို အုပ်ပြီး ငိုတော့တယ်။ အဲဒီအမျိုးသားက ဒူးထောက်လိုက်ပြီး ပြောလာတော့တယ်။ “ယောက္ခမကြီး၊ ကျေးဇူးပြုပြီး နင်နင်ကို ကျွန်တော့်ဆီ အပ်နှံပေးပါ၊ ကျွန်တော် သူမအပေါ် အကောင်းဆုံး ဆက်ဆံပေးပါ့မယ်”

ဆောင်းရာသီရဲ့ကောင်းကင်က အမြဲ နောက်ကျမှ လင်းတာ ဖြစ်တယ်။ ဒါပေမဲ့ နှင်းတွေ ရှိရင်တော့ မတူတော့ဘူး။ အခန်းထဲမှာ နွေးနေတာမို့ အိပ်လို့ ကောင်းနေခဲ့တယ်။ လုဝမ်က အစောကတည်းက နိုးနေပေမဲ့ ဘေးနားက နူးညံ့တဲ့ ကိုယ်ဟန်လေးကို ခံစားရင်း ငြိမ်နေခဲ့တာ။ နင်နင်က အိပ်ရင် စောင်ထဲကို ပုစွန်လေးလို လိပ်ဝင်သွားတတ်လို့ သူက အမြဲ သတိထားပြီး စောင်ကို ပြန်ဆွဲပေးရတယ်။

လုဝမ်က နံနက်တိုင်း ကိုယ်ခံပညာ လေ့ကျင့်တဲ့ အလေ့အထ ရှိတာမို့၊ ကျန်းမာရေး ထိန်းသိမ်းနည်းတွေကိုလည်း အသေအချာ လုပ်တယ်။ သူ့ယောက္ခမက သူ့ကို မြင်တိုင်း စောစောသေပါစေလို့ ကျိန်ဆဲလေ့ ရှိတာကြောင့် သူကတော့ အသက်ရှည်ရှည် နေပြဖို့ သေချာပေါက် ကြိုးစားရမှာပေါ့။ သူက နှင်းတွေကို ရှင်းပြီးတာနဲ့ မီးဖိုချောင် သွားပြီး ထမင်းချက်လိုက်တယ်။ လုဝမ်က ငယ်ငယ်ကတည်းက ထမင်းချက်တတ်တဲ့သူမို့၊ သူ့ဓားအတတ်ကလည်း စားဖိုမှူးဆီက သင်ခဲ့တာဆိုတာ ဘယ်သူမှ မသိပါဘူး။

နင်နင် နိုးလာတော့ သူက မနက်စာ အဆင်သင့် လုပ်ပြီးသားပါ။ “အရသာ ရှိလိုက်တာ၊ ရှင့်လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ” နင်နင်က ဆိုတော့ လုဝမ်က ဘာမှ ပြန်မပြောပေမဲ့ သူ့မျက်ဝန်းထဲမှာ အပြုံးတွေ ရှိနေတော့တယ်။ “ခဏနေရင် အိမ်ကို တစ်ခေါက် ပြန်ကြရအောင်၊ ကျိကော်လေးကို လွမ်းလာပြီ” နင်နင်က ပြောတော့ လုဝမ်က ငြင်းလိုက်တော့တယ်။ “မသွားချင်ပါဘူး” သူက အဲဒီကလေးကို မလိုလားတာက ကလေးက နင်နင်ကို သူ့ထက် ပိုပိုင်ဆိုင်ထားလို့ပါပဲ။

“ဒီမင်းသား... မင်းကို မုဆိုးမဘဝ လုံးဝမရောက်စေရပါဘူး” သူက ဆိုလိုက်တော့ နင်နင်က ရယ်လိုက်မိတော့တယ်။ စကားတစ်ခွန်းတည်းကို သူက နှစ်ပေါင်းများစွာအတွင်း အခုထိ တွက်ကပ်နေတုန်းပဲလေ။ နောက်ဆုံးတော့ လုဝမ်က အသက် ၉၈ နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။ နင်နင် ကွယ်လွန်ခါနီးမှာ သူက သူမကို ပွေ့ဖက်ပြီး ဆိုလိုက်တယ်။ “အဲဒီအိပ်မက်က ဒီမင်းသားကို မင်းဆီ လာရှာဖို့ လမ်းပြခဲ့တာပဲ၊ ဒါပေမဲ့ ဒီမင်းသား ရောက်လာတာ နောက်ကျသွားခဲ့တယ်။ အကယ်လို့ နောက်ဘဝ ရှိရင်တော့ ဒီမင်းသား သေချာပေါက် အရင်စောပြီး ရောက်လာပါ့မယ်” နင်နင်ကလည်း သူ့လက်ကို ကိုင်ပြီး ပြန်ပြောလိုက်ပါတော့တယ်။ “သေချာပေါက် ရှိမှာပါ၊ ရှင်ကတော့ အရင်စောပြီး ရောက်ဖို့ပဲ မမေ့ပါနဲ့နော်”

******

282 01

အခန်း (၂၈၂)

မော့ကျားက အဲဒီအမျိုးသမီးကို စိုက်ကြည့်နေမိတယ်။

အခုတစ်ကြိမ် ခရီးစဉ်မှာ သူကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ဖို့ မလိုအပ်ပေမဲ့လည်း၊ အောက်ခြေလူတွေဆီကနေ ဒီခရီးစဉ်မှာ ကျောက်စီနန် ပါဝင်နေတယ်လို့ ကြားလိုက်ရတာကြောင့်၊ သူက တမင်တကာပဲ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်တယ်။

ကျောက်စီနန်ဆိုတာ အမည်ပြောင်ပါ၊ ပင်လယ်ဓားပြလုပ်တဲ့သူတိုင်းမှာ အမည်ပြောင်တွေ ရှိကြပြီး ကိုယ့်နာမည်ရင်းကို သုံးလေ့မရှိကြဘူး၊ အဲဒါက လောကီနယ်ပယ်ရဲ့ စည်းကမ်းတစ်ခုပဲလေ။

လွန်ခဲ့တဲ့ နှစ်တွေအကြာက သူမကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က အခြေအနေကို သူ အခုထိ မှတ်မိနေတုန်းပါပဲ။ အဲဒီတုန်းက တိအဖွဲ့က လူတွေက အလုပ်တစ်ခု လက်ခံခဲ့တာမို့၊ ရွှမ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူက ကြားဝင်စွက်ဖက်ဖို့ မသင့်တော်ပေမဲ့လည်း၊ အဲဒီအချိန်မှာ သူက သင်္ဘောပေါ်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်နေခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်က သူ့ညီနောင်နှစ်ယောက်ကို သတ်ဖြတ်လိုက်တယ်ဆိုတာ ကြားသိခဲ့ရတယ်။

ဒီလိုမျိုး ကိစ္စရပ်တွေကို မော့ကျားက အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးတယ်။ ပင်လယ်ဓားပြတွေအတွက်တော့ အမျိုးသမီးဆိုတာ ရှားပါးလှတဲ့ ပစ္စည်းတစ်ခုလိုပါပဲ။ အကယ်လို့ အလုပ်ရဲ့ရည်ရွယ်ချက်က အမျိုးသားရဲ့ အသက်ကို ယူဖို့ဖြစ်ပေမဲ့၊ အမျိုးသမီးကိုတော့ အသုံးချနိုင်သမျှ အသုံးချပြီးမှ သတ်ပစ်လေ့ရှိကြပေမဲ့၊ အခုတစ်ကြိမ်မှာတော့ မမျှော်လင့်ဘဲ ကိုယ့်ဘက်က ပေါ့ဆမှုကြောင့် အရှုံးပေးလိုက်ရတာ ဖြစ်မှာပါ။

သူက စပ်စုချင်တာနဲ့ သွားကြည့်တော့ မှောင်မည်းနေတဲ့ သင်္ဘောခန်းထဲမှာ၊ သူမက တစ်ကိုယ်လုံး သွေးတွေနဲ့ စိုရွှဲနေပြီး၊ အဝတ်အစားတွေ ဖရိုဖရဲ ဖြစ်နေတာကို မြင်တွေ့လိုက်ရတယ်။ သူမရဲ့မျက်ဝန်းထဲမှာ ထိတ်လန့်တာတွေ ရှိနေပေမဲ့၊ တစ်ဖက်မှာတော့ ရက်စက်တဲ့ အငွေ့အသက်တွေလည်း ရောနှောနေခဲ့တယ်။ သူမရဲ့နောက်ကွယ်မှာတော့ ငယ်ရွယ်တဲ့ ယောက်ျားလေးတစ်ယောက်ကို အသေအချာ ကာကွယ်ထားခဲ့တာ။

သူမက မုချ သေရမယ့်သူဖြစ်ပေမဲ့ သူကပဲ ရှေ့ထွက်ပြီး သူမရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်။

ဟုန်ကျွန်းပေါ်မှာတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အသုံးမကျတဲ့သူတွေကို လက်ခံလေ့မရှိပါဘူး။

အမျိုးသမီးတွေအတွက်တော့ ဟုန်ကျွန်းပေါ်မှာ အဆုံးသတ် နှစ်မျိုးပဲရှိတယ်။ အမျိုးသားတစ်ယောက်ရဲ့ အကာအကွယ်ကို ယူဖို့ ဒါမှမဟုတ်ရင်လည်း ‘ဟွာကျန့်’ (ပျော်ပွဲစားရုံ) ထဲကို ဝင်ဖို့ပါပဲ။ ဟွာကျန့်ဆိုတာ ကာမဂုဏ်ကို ရောင်းစားတဲ့နေရာဖြစ်ပြီး၊ အမျိုးသမီးတွေက အဲဒီအလုပ်ကို လုပ်ကိုင်မှပဲ ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးနိုင်မှာ ဖြစ်တယ်။

သူမမှာ ကလေးတစ်ယောက် ပါဝင်နေလို့ ခေါင်းဆောင်ကြီးရဲ့ အကာအကွယ်ကို ရရှိခဲ့ပေမဲ့၊ ခေါင်းဆောင်ကြီးအနေနဲ့ သူမကို ခဏမျှသာ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး တစ်သက်လုံး ကာကွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာ သူက သူမရဲ့အကြောင်းကို စုံစမ်းသိရှိထားပြီးသား ဖြစ်တယ်။ အဆင့်မြင့်အရာရှိရဲ့သမီးတစ်ယောက်က သူမခင်ပွန်းကို သဘောကျမိလို့၊ တမင်တကာ ငွေပေးပြီး လူသတ်ခိုင်းတာဖြစ်ကြောင်းကိုပေါ့။ အဲဒီအရာရှိသမီးရဲ့ အဆင့်အတန်းက ထူးခြားလှတာကြောင့် သူငှားရမ်းလိုက်တဲ့သူတွေက ဟုန်ဘန်းက လူတွေ ဖြစ်နေခဲ့တယ်။

အဲဒီအချိန်မှာ သူက သူမအပေါ်မှာ အနည်းငယ် သိရှိထားပြီးသားဖြစ်တယ်။ သူမက ကျေးလက်တောရွာက အမျိုးသမီးတစ်ယောက်မျှသာ ဖြစ်တာမို့ အထူးတလည် ပြောဆိုနေဖို့ မလိုအပ်ဘူးလို့ သူ ယူဆခဲ့ကာ၊ သူ့ရဲ့စိတ်ဝင်စားမှုကလည်း နေရောင်ခြည်နဲ့ ဆုံလိုက်ရတဲ့ နှင်းစက်လေးတွေလိုပဲ ပျောက်ကွယ်သွားခဲ့ရတယ်။ သူမကို ဆက်ပြီး သတိပြုနေမိတာကလည်း သူမမှာ ကလေးတစ်ယောက် ပါဝင်နေလို့ပါပဲ။

282 02

သူ တွေးမိတာက ဒီလိုအမျိုးသမီးမျိုးဟာ ဟုန်ကျွန်းပေါ်မှာ ကြာရှည် အသက်ရှင်နိုင်မှာ မဟုတ်ဘဲ၊ တစ်နေ့နေ့မှာ သူမက ဟွာကျန့်ထဲကို မုချရောက်သွားလိမ့်မယ်။ အကယ်လို့ သူမက ဆက်လက်အသက်ရှင်ချင်သလို အဲဒီကလေးကိုပါ ကာကွယ်ချင်ရင်ပေါ့။

မိခင်ဆိုတာ အလွန်ထူးဆန်းတဲ့ လူသားတစ်မျိုး ဖြစ်တယ်။ သူမက ငရဲဘုံကို ကျရောက်သွားရင်တောင် ကိုယ့်သားသမီးအတွက်တော့ စိတ်နှလုံးအကြွင်းမဲ့ ပေးဆပ်နေဦးမှာဖြစ်လို့ အဲဒါက သူ့မှတ်ဉာဏ်ထဲက အဲဒီပုဂ္ဂိုလ်(သူ့အမေ)နဲ့တောင် တူနေခဲ့တယ်။

သူမက ယခုလို လမ်းစဉ်ပေါ်ကို လျှောက်လှမ်းလိမ့်မယ်လို့ သူ မထင်မှတ်ထားခဲ့ဘူး။ ပထမဆုံး ဆုံတွေ့ခဲ့ရစဉ်က မြင်ကွင်းက နောင်တစ်ချိန် ဖြစ်ပျက်လာမည့် အရာအားလုံးကို ကြိုတင်နိမိတ်ပြခဲ့သလိုမျိုး ရှိနေခဲ့တယ်။

မော့ကျား သူမကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့ခဲ့ရတာက‘အလုပ်’ တစ်ခု လုပ်နေတဲ့ အချိန်မှာ ဖြစ်တယ်။

ဟုန်ဘန်းက အရှေ့တောင်ပင်လယ်ပြင် တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီမို့၊ ဟုန်ဘန်းရဲ့ မျက်စိအောက်က ဖြတ်သန်းသွားတဲ့ ကုန်တင်သင်္ဘော မှန်သမျှက ဟုန်ဘန်းဆီကို အခွန်အပ်နှံကြရစမြဲပဲ ဖြစ်တယ်။ သေချာတာကတော့ အလိုက်မသိတဲ့သူတချို့လည်း ရှိနေတတ်လို့၊ အဲဒီအချိန်မျိုးမှာတော့ ဟုန်ဘန်းက လူအကြောင်းကို ကောင်းကောင်းသိသွားစေဖို့အတွက် ကိုယ်တိုင် သင်ကြားပေးလေ့ရှိတယ်။

တစ်ဖက်လူက ဖိုလန်ကျီလူမျိုးတွေပါ။

မကြာသေးခင်က အဲဒီဖိုလန်ကျီလူမျိုးတွေက ပြဿနာတွေအများကြီး ဖန်တီးနေခဲ့ကြပြီး၊ မန်စစ်ကျားနိုင်ငံကိုတောင် သိမ်းပိုက်ထားခဲ့ကြတယ်။ ဖြစ်နိုင်တာက ကိုယ့်သင်္ဘောတွေနဲ့ လက်နက်တွေကို အားကိုးပြီး မာန်တက်နေကြလို့၊ ဟုန်ဘန်းကိုတောင် မျက်စိထဲ မထည့်ဘဲ ရှိနေခဲ့ကြတာ ဖြစ်ရမယ်။

ခေါင်းဆောင်ကြီးကိုယ်တိုင် အမိန့်ပေးလိုက်လို့ သူကိုယ်တိုင် တပ်ကို ဦးဆောင်ပြီး တစ်ဖက်လူရဲ့ သင်္ဘောတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်။ ဒီလိုမျိုး ကိစ္စရပ်တွေက သူ့အတွက်တော့ မစိမ်းလှပါဘူး၊ သူက ငယ်စဉ်ကတည်းက ပင်လယ်ဓားပြစခန်းထဲမှာ မွေးဖွားကြီးပြင်းလာသူမို့၊ ပင်လယ်ပြင်တိုက်ပွဲတွေကို ဆရာမပါဘဲ တတ်မြောက်ထားသူ ဖြစ်တယ်။ အရင်ဆုံး သူက မြေပြင်အနေအထားရဲ့ အားသာချက်ကို အသုံးချပြီး တစ်ဖက်လူရဲ့ သင်္ဘောတပ်ဖွဲ့ကို ဝိုင်းရံလိုက်ကာ၊ အမြောက်တွေနဲ့ ပစ်ခတ်ရင်း သင်္ဘောတိုင်တွေကို ဖျက်ဆီးလိုက်ပြီးနောက်၊ သင်္ဘောပေါ်ကို တက်ရောက်တိုက်ခိုက်တဲ့ တိုက်ပွဲကို စတော့တာပဲ။

လက်နက်တွေကိုပဲ ကျွမ်းကျင်တဲ့ အဲဒီ ‘အနီရောင် ဆံပင်နဲ့ နတ်ဆိုးတွေ’ ကတော့ ဓားချင်းယှဉ် တိုက်ခိုက်လာတဲ့ ပင်လယ်ဓားပြတွေရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

အဲဒီအချိန်မှာ သူက စစ်သင်္ဘောရဲ့ တတိယထပ်မှာ ရပ်နေပြီး မှန်ပြောင်းနဲ့ စစ်မြေပြင်အခြေအနေကို စောင့်ကြည့်နေတုန်း သူမ ကို မြင်တွေ့လိုက်ရတယ်။

သူမက အမျိုးသားတစ်ယောက်အဖြစ် တမင်တကာ ရုပ်ဖျက်မထားလို့၊ အမျိုးသမီးဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးက အမျိုးသားတွေလိုပဲ ဓားကို ကိုင်ဆောင်ပြီး၊ ရန်သူ့သင်္ဘောပေါ်ကို အရှိန်အဟုန်နဲ့ ပြေးဝင်သွားပုံက သိုးအုပ်ကြားထဲကို တိုးဝင်သွားတဲ့ တောခွေးတစ်ကောင်လိုပဲ။

မှန်ပါတယ်။ ပင်လယ်ဓားပြတွေ အလုပ်ထွက်ရင်လည်း ‘ဆုလာဘ်’ တွေ ရှိနေခဲ့တာမို့၊ အလုပ်များများ လုပ်နိုင်လေလေ ဆုများများ ရရှိလေလေ ဖြစ်လို့၊ ပုံမှန်အားဖြင့် သင်္ဘောပေါ်တက်ပြီး တိုက်ခိုက်ရတာက အန္တရာယ်အရှိဆုံး ဖြစ်ပေမဲ့ အောင်မြင်မှုရဖို့အတွက်တော့ အလွယ်ကူဆုံးသော လမ်းစဉ်ပါပဲ။

ဒီအမျိုးသမီးကတော့ အမျိုးသားတွေထက်တောင် အားကျမခံဘဲ အောင်မြင်မှုတွေကို လုယူနေခဲ့တာ၊ ကိုယ့်ရဲ့အမျိုးသမီးအဆင့်အတန်းကိုတောင် ဂရုမစိုက်ခဲ့ဘူး။ နိုင်ငံခြားသားအများကြီးကတော့ တစ်ဖက်လူက အမျိုးသမီး ပင်လယ်ဓားပြ ဖြစ်နေတာကို မြင်တွေ့ရတဲ့အခါ ခဏ မှင်တက်သွားတတ်ကြတာကြောင့်၊ အဲဒီခဏမျှသော အချိန်ကပဲ တစ်ဖက်လူရဲ့ အသက်ကို ယူဖို့အတွက် လုံလောက်နေခဲ့ပြီ ဖြစ်တယ်။

282 03

နောက်ပိုင်းအချိန်တွေမှာတော့ မော့ကျားရဲ့မှန်ပြောင်းက သူမဆီကိုပဲ အမြဲ ဦးတည်နေခဲ့တော့တယ်။

သူတို့က မျှော်လင့်ထားတဲ့အတိုင်း အောင်ပွဲရရှိခဲ့ကြပြီး၊ ပြန်လည်ထွက်ခွာခဲ့ကြတယ်။

အိမ်အပြန် လမ်းခရီးမှာတော့ သူမက လူသူကင်းဝေးတဲ့နေရာမှာ ပုန်းပြီး အော့အန်နေတာကို သူ မြင်တွေ့လိုက်ရလို့၊ သူမက ပြသထားသလောက် မသန်မာပါလားလို့ သူ တွေးမိလိုက်တယ်။

ဒါပေမဲ့ ဘာဖြစ်လို့လဲ။

အမှန်တော့ သူမအနေနဲ့ ပိုပြီးလွယ်ကူတဲ့ ဘဝလမ်းစဉ်ကို ရွေးချယ်လို့ ရနိုင်ပါလျက်နဲ့…

သူက သူမကို သတိပေးဖို့အတွက် ဆုံးဖြတ်လိုက်သလို၊ သူမရဲ့အရှင်သခင်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုပါ ပြောပြဖို့ စိတ်ကူးလိုက်တယ်။

သူမက ပိုပြီးလွယ်ကူတဲ့ ဘဝကို မရွေးချယ်ဘဲ ဒီလောက်အထိ ပင်ပန်းခံနေတာဟာ အဲဒီအမျိုးသားအတွက် သိက္ခာစောင့်ထိန်းနေတာလားလို့ သူ တွေးမိပေမဲ့ အဲဒီအမျိုးသားကတော့ ဇနီးနဲ့သားဖြစ်သူ ဆုံးပါးသွားတာ တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ နောက်ထပ် ချစ်သူအသစ်တစ်ယောက်နဲ့ ပေါင်းသင်းနေခဲ့ပြီ ဖြစ်တယ်။

ဪ... မဟုတ်ပါဘူး၊ ဖြစ်နိုင်တာက ချစ်သူအသစ် ရရှိတာ မဟုတ်ဘဲ၊ ဒီအရာ အားလုံးက အဲဒီအမျိုးသားရဲ့ ကြိုတင်ကြံစည်မှုလည်း ဖြစ်နိုင်ပါတယ်။ မူလဇနီး သေဆုံးသွားမှသာ နောက်ထပ်လူတစ်ယောက်အတွက် နေရာဖယ်ပေးနိုင်မှာ မဟုတ်လား။ အဲဒီလိုမျိုး ယောက္ခမကို ရရှိထားသလို၊ ဒီအရာ အားလုံးကို ကြံစည်နိုင်စွမ်းရှိတဲ့ အဲဒီအမျိုးသားကတော့ နောင်တစ်ချိန်မှာ မုချ ရာထူး ဂုဏ်ရှိန်တွေ တိုးတက်လာပါလိမ့်မယ်။

ဒီလောကကြီးက အစဉ်အမြဲပဲ စိတ်နှလုံး အေးစက်လှတဲ့သူတွေကိုသာ မျက်နှာသာ ပေးတတ်စမြဲပါပဲ။

ဒါပေမဲ့ သူ ခန့်မှန်းချက် မှားယွင်းသွားခဲ့ပြန်တယ်။ သူမက ဟွာကျန့်ထဲကို ဝင်ဖို့ မရွေးချယ်ခဲ့ဘဲ၊ ကိုယ့်ရဲ့သားဖြစ်သူအတွက် အသက်ကို ပဓာနမထားဘဲ ဆက်လက်ကြိုးစားနေခဲ့တယ်။ အကယ်လို့ သူမမှာ အဲဒီ ‘မွေးရာပါ ခွန်အားကြီးမားမှု’ သာ မရှိခဲ့ရင်၊ သူမ သေဆုံးခဲ့ရတာဟာ အကြိမ်ပေါင်း ရှစ်ရာမက ရှိနေလောက်ပြီ ဖြစ်တယ်။ သေဆုံးတာ မရှိခဲ့တဲ့အပြင်၊ သူမရဲ့ထူးခြားလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် ခေါင်းဆောင်ကြီးရဲ့ အလေးထားမှုနဲ့ အကာအကွယ်ကိုပါ တရားဝင် ရရှိသွားခဲ့ပြန်တယ်။

အရင်က သူမအပေါ်မှာ မကောင်းပြောချင်သူတွေ ဒါမှမဟုတ် တိတ်တဆိတ် ကြံစည်ချင်သူတွေကတော့ တဖြည်းဖြည်းနဲ့ နည်းပါးသွားခဲ့ရတယ်။ သူမကလည်း ဝမ်ကျောက်အာအဖြစ်ကနေ ကျောက်စီနန်အဖြစ်ကို ပြောင်းလဲသွားခဲ့ရသလို၊ ကျေးလက်တောရွာက အမျိုးသမီးတစ်ယောက်အဖြစ်ကနေ အပြင်လောကမှာ နာမည်ကျော်လှတဲ့ အမျိုးသမီး ပင်လယ်ဓားပြတစ်ဦး ဖြစ်လာခဲ့တော့တယ်။ သူမ စွမ်းဆောင်နိုင်ခဲ့တာဟာ ဒီလောက်တင် မကသေးပါဘူး၊ အကယ်လို့ ပင်လယ်ဓားပြ သမိုင်းမှတ်တမ်းသာ ရှိမယ်ဆိုရင်၊ သူမက အဲဒီမှတ်တမ်းပေါ်မှာ ထင်ရှားလှတဲ့ အမှတ်အသားတစ်ခုကို မုချ ကျန်ရစ်စေမှာ ဖြစ်ပါတယ်။

သူမက ခေါင်းဆောင်ကြီးကို ကုန်းပေါ်တက်ပြီး စီးပွားရေးလုပ်ဖို့အတွက်တောင် ဖျောင်းဖျနိုင်ခဲ့တယ်။

အဲဒါက သူတို့ ပုံမှန်လုပ်ဆောင်နေကျ အလုပ်မဟုတ်ဘဲ၊ စစ်မှန်တဲ့ စီးပွားရေးလုပ်ငန်းပ ဖြစ်တယ်။

ဖြစ်နိုင်တာက အမျိုးသမီးတိုင်းမှာ ပုံမှန်အားဖြင့် ဘယ်လောက်ပဲ အေးစက်နေပါစေဦး၊ တူညီလှတဲ့ သနားကြင်နာတတ်တဲ့ စိတ်ဓာတ်တွေ ရှိနေတတ်ကြလို့ ဖြစ်ပေလိမ့်မယ်။

282 04

ခေါင်းဆောင်ကြီးလည်း အဲဒီလိုပဲ ဖြစ်သလို၊ ဝမ်ကျောက်အာလည်း အဲဒီနည်းအတိုင်းပါပဲ။

ခေါင်းဆောင်ကြီးက ပင်လယ်ဓားပြစခန်းထဲမှာ အချိန်အခါနဲ့ မကိုက်ညီတဲ့ ဟွာကျန့်ကို တည်ဆောက်ခဲ့တာဟာ အပြင်က ဖမ်းဆီးလာတဲ့ အမျိုးသမီးတွေကို ပိုပြီးကာကွယ်ပေးနိုင်ဖို့နဲ့၊ သူတို့ဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် အနည်းငယ် ရှိလာစေဖို့အတွက်ပါလို့ အကြောင်းပြခဲ့ဖူးတယ်။ ဝမ်ကျောက်အာ ပြောဆိုခဲ့သလိုပဲ၊ ပင်လယ်ဓားပြဘဝဟာ အမြဲတမ်း မတည်ငြိမ်လို့၊ အခြားသော ဘဝလမ်းစဉ်တစ်ခုကို ပြောင်းလဲဖို့ လိုအပ်နေတာလေ။

တကယ်ကို ရယ်စရာ ကောင်းလှပေတယ်။

ဒါပေမဲ့ သူမက လက်တွေ့လုပ်ဆောင်ခဲ့တယ်။ ငွေအမြောက်အမြားနဲ့ အင်အားအနည်းငယ်ကို ခေါ်ဆောင်ပြီး ကုန်းပေါ်ကို တက်လာခဲ့တယ်။

အဲဒီထဲမှာ သူလည်း ပါဝင်နေခဲ့တယ်။ သူက သူမကို စောင့်ကြည့်ဖို့လို့ အကြောင်းပြခဲ့ပေမဲ့၊ လက်တွေ့မှာတော့ သူမဟာ အဲဒီအမျိုးသားကို ရှာဖို့အတွက် အခုထိ လက်မလျှော့သေးဘူးလားဆိုတာကို သူ မြင်တွေ့ချင်လို့ဖြစ်တယ်။ လက်တွေ့မှာတော့ သူမက သွားရောက်ခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ ပြန်လည်ရောက်ရှိလာခဲ့တယ်။

နောက်ဆုံးတော့ သူမ လက်လျှော့လိုက်ပြီပေါ့။

အဲဒီညမှာ သူမက အရက်တွေအများကြီး ယူလာခဲ့ပြီး၊ သူ့ကို သောက်မလားလို့ မေးခဲ့သလို၊ သူက အမှန်တကယ်တော့ လူကောင်းတစ်ယောက် ဖြစ်ပါကြောင်း၊ အကယ်လို့သာ သူ အကြိမ်ကြိမ် မကူညီခဲ့ရင် သူမ သေနေတာ ကြာပြီဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ သူမ သေဆုံးသွားတာက ကိစ္စမရှိပေမဲ့၊ သူမမှာ ကလေးရှိနေလို့၊ အဲဒီကလေးကို နောင်တစ်ချိန်မှာ ကိုယ့်လို ပင်လယ်ဓားပြဘဝကို မရောက်စေချင်ကြောင်းလည်း ဆိုခဲ့တယ်။

အဲဒီအချိန်မှာ သူက အနည်းငယ် မူးနေခဲ့ပြီမို့၊ သူက သူမကို ကိုယ်က ကူညီခဲ့တာ မဟုတ်ပါကြောင်း၊ သူမအနေနဲ့ အဲဒီနေရာမှာ ဘယ်လို အသက်ရှင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ချင်ခဲ့တာဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။

အရက်အရှိန် တက်လာတဲ့အခါ၊ မော့ကျားက အတိတ်က မြင်ကွင်းတစ်ခုကို ရုတ်တရက် သတိရလိုက်မိတယ်။ တစ်ခါက အမျိုးသမီးတစ်ယောက်ဟာ ယောက်ျားလေးတစ်ယောက်ကို ခေါ်ဆောင်ပြီး၊ ပင်လယ်ဓားပြစခန်းထဲမှာ ခက်ခဲစွာ အသက်ရှင်ခဲ့ရဖူးတယ်။ ကိုယ့်ရဲ့သားဖြစ်သူကို ကာကွယ်ဖို့အတွက်၊ သူမဟာ အရှက်ရဖွယ် ကိစ္စရပ်များစွာကို သည်းခံခဲ့ရဖူးတယ်။

“နောက်ဆုံးတော့ ဘာဖြစ်သွားလဲ”

“နောက်ဆုံးတော့ သူမ သေဆုံးသွားခဲ့ပြီး၊ အဲဒီကလေး တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့ရတာပေါ့”

“အဲဒီကလေးက ရှင်လား”

မော့ကျားက သူမရဲ့ မျက်ဝန်းထဲမှာ ဒီမေးခွန်းကို မြင်တွေ့လိုက်ရပေမဲ့ သူမက အစအဆုံး တစ်ခွန်းမှ ထုတ်မပြောခဲ့ပါဘူး။ ဒီအမျိုးသမီးက သူ ထင်ထားတာထက် ပိုပြီးထက်မြက်လှသလို၊ အတိုင်းအတာတစ်ခုကို သိရှိထားကာ၊ မကျော်လွန်သင့်တဲ့ စည်းကိုလည်း နားလည်ထားသူ ဖြစ်ပါတယ်။

...

သူမက သူ ထင်ထားတာထက် ပိုပြီးတော့ ဦးနှောက်ကောင်းမွန်လှတယ်။ ဟုန်ဘန်းရဲ့အရှိန်အဝါကို အသုံးချပြီး ကမ်းရိုးတန်းတစ်လျှောက်က စီးပွားရေးလုပ်ငန်း အားလုံးကို သူမက လက်ဝါးကြီး အုပ်လိုက်တယ်။

အဲဒီအချိန်မှာ ကမ်းရိုးတန်းဒေသက စီးပွားရေးက စုစည်းမှုမရှိဘဲ ပျံ့နှံ့နေခဲ့ပြီး၊ ပင်လယ်ရေလမ်းက ကုန်သွယ်တာဟာ အကျိုးအမြတ် များပြားလှကြောင်း အားလုံးက သိရှိထားကြပေမဲ့၊ ကိုယ်စီလမ်းကြောင်းတွေနဲ့ပဲ လုပ်ဆောင်နေကြတာပါ။ ကုန်သည်ကြီးတွေက ငွေအမြောက်အမြား ရရှိကြပေမဲ့ ကုန်သည်ငယ်လေးတွေကတော့ အမှားအယွင်း တစ်စုံတစ်ရာ ရှိလိုက်တာနဲ့ အသက်တောင် ဆုံးရှုံးရတဲ့ အခြေအနေတွေ ရှိနေခဲ့တယ်။

သူမက အဲဒီကုန်သည်ငယ်လေးတွေအပေါ်မှာ အကြံရသွားခဲ့တယ်။ သူမက သူ့ကို မိမိနဲ့ ပူးပေါင်းဖို့ ဖျောင်းဖျခဲ့သလို၊ လျိုချူးကျွန်းစုတွေကြားမှာ သင့်တော်တဲ့ ကျွန်းတစ်ကျွန်းကို ရှာဖွေပြီး မှောင်ခိုဈေးကွက်တစ်ခုကို ဖွင့်လှစ်လိုက်တော့တယ်။

282 05

ဒီလိုမျိုး မှောင်ခိုဈေးကွက်တွေက ဒီပင်လယ်ပြင်တစ်လျှောက်က လျိုချူး၊ လူစုန်းနဲ့ မန်လကျား တို့မှာလည်း ရှိနေကြပေမဲ့၊ အားလုံးက စုစည်းမှုမရှိဘဲ အောင်မြင်မှုလည်း မရရှိခဲ့ကြဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ပြင်ဟာ ကုန်းမြေနဲ့ မတူပါဘူး၊ ဒီနေရာမှာ ဘေးအန္တရာယ်က အချိန်မရွေး ကျရောက်နိုင်လို့၊ မနေ့က ငွေအမြောက်အမြား ရခဲ့ပေမဲ့ ဒီနေ့မှာတော့ ငါးစာ ဖြစ်သွားနိုင်တာလေ။ ဒါကြောင့် ဒီနေရာမှာ စီးပွားရေး လာလုပ်သူတိုင်းဟာ ကတိသစ္စာဆိုတာ မရှိခဲ့ကြဘဲ၊ အစပိုင်းမှာ ပြုံးရယ်ပြသပေမဲ့ လှည့်လိုက်တာနဲ့ တစ်ပြိုင်နက် လုယက်တိုက်ခိုက်တာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ မှောင်ခိုဈေးကွက် အများကြီးကလည်း ဒီလိုမျိုး လိမ်လည်လုယက်မှုတွေကြောင့် နာမည်ပျက်ယွင်းသွားခဲ့ကြပြီး၊ ဘယ်သူမှ မလာရဲတော့တဲ့ အခြေအနေကို ရောက်ခဲ့ကြရတယ်။

ဒါပေမဲ့ ဒီအမျိုးသမီးကတော့ ရည်မှန်းချက် ကြီးမားလှတယ်။ သူမက ဒီမှောင်ခိုဈေးကွက်ကို အခြေခံပြီး အရှေ့တောင်ပင်လယ်ပြင်မှာ နေရာရဖို့ ကြံစည်ခဲ့တာမို့၊ သူ ကိုယ်တိုင်တောင် ရူးသွပ်သွားသလိုမျိုး သူမ အောင်မြင်နိုင်မယ်လို့ ယုံကြည်ခဲ့မိတယ်။

သူမက ဟုန်ဘန်းကို အကာအကွယ်အဖြစ် အသုံးချပြီး၊ ကုန်သည်ငယ်လေးတွေကို မိုရိုကျွန်းဆီ လာပြီး ကုန်သွယ်ဖို့ မျှားခေါ်ခဲ့သလို၊ နိုင်ငံခြားသားတွေကိုလည်း ကုန်စည် လာရောင်းဖို့အတွက် ဆွဲဆောင်ခဲ့တယ်။ ကုန်သည်ငယ်လေးတွေမှာ လမ်းကြောင်းမရှိကြလို့ ကုန်သည်ကြီးတွေရဲ့ အကာအကွယ်ကိုသာ အသည်းအသန် တောင်းခံနေကြရတုန်း၊ သင်္ဘောရောလူပါ အခမဲ့ ကူညီပေးမယ့်သူ ရှိနေမှတော့ လူအုပ်ကြီးက ငါးအုပ်ကြီးတစ်အုပ်လိုမျိုး စုပြုံ ရောက်ရှိလာခဲ့ကြတော့တယ်။

မိုရိုကျွန်းကလည်း သူမရဲ့ကြိုးစားမှုကြောင့် နာမည်ကျော်လှတဲ့ မှောင်ခိုဈေးကွက်ကြီး တစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်းပေါ်မှာတော့ ကိုယ်ပိုင် စည်းကမ်းချက်တွေ ရှိနေခဲ့ပြီး၊ လိမ်လည်လှည့်ဖြားတာတွေကို လုံးဝခွင့်မပြုပါဘူး။ ကျွန်းအပြင်ဘက်မှာ ဘာပဲလုပ်လုပ် ကျွန်းက ဝင်မစွက်ဖက်ပေမဲ့၊ ကျွန်းပေါ်မှာတော့ မရဘူးလေ။

အကယ်လို့ စည်းကမ်း ဖောက်ဖျက်မယ်ဆိုရင်၊ မိုရိုကျွန်းက ‘သွေးစွန်းသော လိုက်လံ ဖမ်းဆီးမိန့်’ ကို ထုတ်ပြန်ပါလိမ့်မယ်။ အစပိုင်းမှာတော့ အချို့လူတွေက ဒီကိစ္စကို အလေးမထားခဲ့ပေမဲ့၊ နောက်ပိုင်းမှာ ရုပ်အလောင်းတွေကို ဆိပ်ကမ်းမှာ တစ်လတိုင်တိုင် ချိတ်ဆွဲပြသလိုက်တဲ့ အခါကျမှပဲ၊ အားလုံးက မိုရိုကျွန်းအပေါ်မှာ လေးစားမှုတွေ ရှိလာခဲ့ကြတော့တယ်။

ဒီလိုမျိုး အေးချမ်းစွာ ကုန်သွယ်နိုင်တဲ့ နေရာမျိုးဟာ ရှာဖို့ ခက်ခဲလှလို့၊ ကုန်သည်ငယ်လေးတွေတောင်မှ စွန့်စားပြီး မိုရိုကျွန်းဆီ လာကြတော့တယ်။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ရွှေတွေနဲ့ ပြည့်နှက်နေလို့ပါပဲ။ လုံခြုံရေးအတွက် စိုးရိမ်နေရင်လည်း ကိစ္စမရှိပါဘူး၊ မိုရိုကျွန်းမှာ အထူးစောင့်ကြပ်ပေးတဲ့ သင်္ဘောတွေ ရှိနေခဲ့ပြီး၊ ငွေအနည်းငယ်ပေးရုံနဲ့ ဘေးကင်းစွာ လိုက်လံပို့ဆောင်ပေးတာကို ခံယူနိုင်လို့ပါပဲ။

ဒီလိုနဲ့ ဟုန်ဘန်းဟာ ပင်လယ်ပြင်မှာ မင်းမူနေတဲ့ ပင်လယ်ဓားပြတွေ အဖြစ်ကနေ အကာအကွယ် ပေးသူတွေအဖြစ်ကို ပြောင်းလဲသွားခဲ့ရတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ဓားပြ အလုပ်ကိုလည်း ဆက်လုပ်နေရမှာပါပဲ၊ မဟုတ်ရင် ဘယ်နေရာကနေ ဧည့်သည်တွေ ရောက်လာပါ့မလဲ။

သူမရဲ့ဦးနှောက်ကို အသုံးချရုံနဲ့တင် အဖြူရော အမည်းပါ နှစ်ဖက်လုံးရဲ့ အကျိုးအမြတ်ကို ရယူနိုင်ခဲ့လို့၊ တခြားသူတွေကပါ သူမကို ကျေးဇူးတင်နေကြရတယ်။ မော့ကျားရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လေးစားမိတဲ့သူဟာ၊ အမျိုးသမီးတစ်ဦး ဖြစ်နေပြန်တာပေါ့။

ဒါပေမဲ့ သူမက ပင်လယ်ပြင်ကို မနှစ်သက်သလို၊ အာဏာတွေကိုလည်း မက်မောတာ မရှိဘဲ၊ ကုန်းမြေပေါ်မှာ နေရတာကိုပဲ ပိုပြီးနှစ်သက်ခဲ့တယ်။

သူ ထင်တာကတော့ အဲဒါက ကိုယ့်ရဲ့ နေရပ်ကို မခွဲနိုင်လို့လား။

သူမကတော့ သူက အမြင်တိုလှတယ်လို့ဆိုပြီး၊ စီးပွားရေးရဲ့ အရင်းအမြစ်က ကုန်းမြေက လာတာဖြစ်ကြောင်း၊ အကယ်လို့ ကုန်းမြေပေါ်က လုပ်ငန်းတွေကို လျစ်လျူရှုထားမယ်ဆိုရင်၊ မိုရိုကျွန်းပေါ်က အရာရာဟာ ‘လေထဲမှာ ဆောက်ထားတဲ့ အိမ်’ လိုမျိုးပဲ ရှိနေမှာ ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။

282 06

သူမ ပြောတာ မှန်ကန်တယ်လို့ သူ လက်ခံပေမဲ့ သူမက အဲဒီအမျိုးသားနဲ့ နီးကပ်စွာ နေချင်လို့ပဲ ဖြစ်လိမ့်မယ်လို့ သူက ပိုပြီး ယူဆမိခဲ့တယ်။

သူက သူမကို အတူတကွ ပေါင်းသင်းနေထိုင်ဖို့အတွက်၊ နောက်ပြောင်တဲ့ လေသံနဲ့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ဦးဟာ စီးပွားဖက်ရော၊ မိတ်ဆွေပါ ဖြစ်နေခဲ့ပြီမို့၊ အကယ်လို့သာ အတည်အပေါက် ပြောမိပြီး ငြင်းပယ်ခံရမယ်ဆိုရင်၊ သူကလည်း မျက်နှာပျက်ရမှာဖြစ်သလို သူမအတွက်လည်း အဆင်မပြေ ဖြစ်နိုင်လို့ပါ။

သူမကလည်း အဲဒါကို နောက်ပြောင်မှုတစ်ခုအဖြစ်ပဲ သဘောထားခဲ့ပုံရပြီး၊ ကိုယ်တိုင်က အမျိုးသားတွေအပေါ်မှာ စိတ်ကုန်နေပြီဖြစ်ကြောင်းနဲ့ စိတ်နှလုံးကလည်း ငြိမ်သက်နေပြီ ဖြစ်ကြောင်းပဲ ဆိုခဲ့တယ်။

ဒါပေမဲ့ သူမ လိမ်လည်နေတာဖြစ်ကြောင်း သူ သိရှိနေခဲ့တယ်။ သူမက အဲဒီအမျိုးသားကို အခုထိ သတိရနေတုန်းပါပဲ၊ သူမ အရက်မူးတဲ့ အခါတိုင်း ပါးစပ်က အမြဲ ခေါလေ့ရှိတဲ့ ‘ကုန်းအာ’ ဆိုတဲ့ အမျိုးသားကိုပေါ့။ ဘာလို့လဲဆိုတော့ သူမက သားဖြစ်သူကို စာဖတ်ခိုင်းနေခဲ့သလို၊ စာဖတ်မှသာ အောင်မြင်မှု ရနိုင်မှာဖြစ်ကြောင်း ပြောဆိုနေခဲ့လို့ပါပဲ။

အောင်မြင်မှု ရရင်ကော ဘာထူးမှာလဲ။ ဇနီးနဲ့ သားကို ပစ်ပယ်သွားတဲ့သူမျိုးပဲ ဖြစ်လာမှာ မဟုတ်လား။

ပင်လယ်ဓားပြဘဝဟာ အမြဲတမ်း ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရလို့၊ မော့ကျားဟာ အိမ်ထောင်ပြုဖို့ စိတ်ကူး တစ်ခါမှ မရှိခဲ့ပါဘူး။

ဝမ်ကျောက်အာဟာ ပထမဆုံးသောသူ ဖြစ်သလို၊ နောက်ဆုံးသောသူလည်း ဖြစ်ပေလိမ့်မယ်။

သူက မိတ်ဆွေအဖြစ် ရှိနေတာကပဲ မဆိုးပါဘူးလို့ တွေးနေတုန်းမှာပဲ၊ သူမက သူ့ကို ရုတ်တရက် လာရှာခဲ့ပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်း ပြောဆိုလာခဲ့တယ်။

အဲဒီအချိန်မှာ သူမရဲ့ဝမ်းဗိုက်က ဖုံးကွယ်ထားလို့ မရနိုင်လောက်အောင် ဖြစ်နေခဲ့ပြီမို့ သူမဟာ ဟုန်ဘန်းထဲမှာ နာမည်ကျော်နေသူ ဖြစ်တာကြောင့်၊ နောက်ကွယ်က စောင့်ကြည့်နေသူတွေလည်း မနည်းပါဘူး။ ဘယ်သူမဆို သူမရဲ့နေရာကို လုဖို့အတွက် အခွင့်အရေး ရှာနေကြလို့၊ ဒါဟာ အကောင်းဆုံးသော အချိန် ဖြစ်နေခဲ့တယ်။ ဒါကြောင့် အမြဲတမ်း သူတစ်ပါးဆီ အကူအညီ မတောင်းတတ်တဲ့ သူမက သူ့ဆီကို လာပြီး အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။

မဟုတ်ပါဘူး၊ သူ့ရဲ့ အဓိက အာရုံစိုက်မှုက အဲဒီကလေးရဲ့ဖခင်က ဘယ်သူလဲ ဆိုတာပါပဲ။

သူမက မပြောပါဘူး။ ဘယ်သူက မေးမေး သူမ လုံးဝ မပြောခဲ့ပေမဲ့၊ သူကတော့ အနည်းငယ်တော့ ရိပ်မိလိုက်တယ်။ မကြာသေးခင်က အဲဒီအမတ်က ကွမ်တုန်းဒေသကို နယ်စားမင်းအဖြစ် ရောက်လာခဲ့သလို၊ ဟုန်ဘန်းရဲ့ကုန်းပေါ်က အဖွဲ့ခွဲကလည်း ကွမ်တုန်းမှာပဲ ရှိနေခဲ့တာ မဟုတ်လား၊ ဒါဆိုရင် အဲဒီအချိန်ကလား။

သူမရဲ့ အကြောင်းကို သူ အတော်လေး သိရှိထားတယ်လို့ သူ ယူဆမိတယ်။ အဲဒီအမျိုးသား မဟုတ်ရင် သူမက ဒီကလေးကို မွေးဖို့အတွက် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ တစ်ခါတလေကျရင် သူမ ဘာတွေ တွေးနေလဲဆိုတာ သူလည်း နားမလည်နိုင်ဘဲ ရှိနေခဲ့တယ်။ အဲဒီအမျိုးသားကိုလည်း သွားမရှာဘဲ ဘာဖြစ်လို့ အဲဒီလူရဲ့ ကလေးကိုမှ မွေးပေးချင်နေရတာလဲ။

“ဒါဟာ မတော်တဆ တစ်ခုပါပဲ”

“ဒါဆိုရင် မင်းက မွေးဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား

282 07

“ကျွန်မ၀ဘာသာ ကျွန်မ ကျွေးနိုင်ပါတယ်” သူ့ရဲ့အကြည့်ထဲက လှောင်ပြောင်မှုကို သူမ မြင်သွားပုံရတာကြောင့် အနည်းငယ် ရှက်ဒေါသ ထွက်သွားခဲ့ရတယ်။ “ရှင်ကတော့ ကျွန်မကို ပျော်ပွဲစားရုံ သွားပြီး ပျော်ပါးမိရာကနေ၊ မတော်တဆ ကိုယ်ဝန် ရသွားတာလို့ပဲ သတ်မှတ်လိုက်ပါတော့”

အဲဒီအချိန်မှာ သူက ဖြစ်ကြောင်းစုံကို စုံစမ်းသိရှိထားပြီးသားမို့၊သူမ ပြောသလိုပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရပ်တစ်ခုသာ ဖြစ်နေခဲ့တယ်။ သူမကလည်း မတော်တဆ ဆုံခဲ့လို့ ကူညီရာကနေ ကိုယ့်ကိုယ်ကိုယ်ပါ ဆွဲထည့်မိသွားတာ။ အဲဒီအချိန်မှာ သူက အဲဒီအမတ်ကိုတောင် သနားမိသွားတယ်။ ကိုယ် အမြဲ တမ်းတနေတဲ့သူက ကိုယ့်ရှေ့ကို ရောက်လာပါလျက်နဲ့ မှတ်မိတာ မရှိခဲ့တဲ့အပြင်၊ ကိုယ့်မျိုးစေ့ကိုပါ အခိုးခံလိုက်ရလို့၊ တစ်ဖက်လူကတော့ ကိုယ့်ဘာသာ ကျွေးဖို့ ကြံနေခဲ့တာ မဟုတ်လား။

“တကယ်လို့ မင်း လိုချင်ရင်၊ သူ့ဆီကို ပြန်သွားလို့ ရတာပဲလေ”

“ကျွန်မ မသွားချင်ဘူး”

ဘာဖြစ်လို့လဲ။ ဒီမေးခွန်းက သူ့ရဲ့ မျက်ဝန်းထဲမှာ ကိန်းအောင်းနေခဲ့တယ်။

“ရှင် နားမလည်ပါဘူး”

သူက အမှန်တကယ်ပဲ နားမလည်ခဲ့ပါဘူး၊ နောက်ပိုင်းကျမှ နားလည်ခဲ့ပေမဲ့၊ အဲဒါကတော့ နောက်ထပ် ဇာတ်လမ်းတစ်ခုသာ ဖြစ်ပေလိမ့်မယ်။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ သူက အခုထိ မှတ်မိနေတုန်းပါပဲ၊ တစ်ကြိမ်မှာ သူတို့နှစ်ဦး အရက်သောက်နေကြတုန်း၊ သူက အရက်အရှိန်နဲ့ သူမကို နောင်တရသလားလို့ မေးခဲ့ဖူးတယ်။

အဲဒီအချိန်မှာ သူမက ခေါင်းကို ခါယမ်းပြခဲ့သလို၊ သူမရဲ့ မျက်နှာပေါ်မှာလည်း တည်ငြိမ် အေးဆေးလှတဲ့ အမူအရာတွေ ရှိနေခဲ့တယ်။

“ဘာဖြစ်လို့ နောင်တ ရရမှာလဲ”

သူက ပြန်ပြောဖို့ စကားလုံး မရှိဘဲ ဖြစ်သွားခဲ့ရတယ်။ နောက်ပိုင်းမှသာ သူ သိရှိလိုက်ရတာက အကယ်လို့သာ အဲဒီပုဂ္ဂိုလ်နဲ့ ဆုံတွေ့ခဲ့မိပြီဆိုမှတော့ မှန်တာဖြစ်စေ၊ မှားတာဖြစ်စေ၊ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ၊ အဲဒီအရာ အားလုံးက ‘နောင်တ’ ဆိုတဲ့ စကားလုံးနဲ့ လုံးဝသက်ဆိုင်ခြင်း မရှိတော့ကြောင်းကိုပါပဲ။

******

ပြီးပါပြီ။

All Chapters