အခန်း (၅၁၃-၅၁၄)
Vol. 48 Ch. 513-514
အပိုင်း (၅၁၃)
ထိုစဉ် မိန်းမစိုးအိုကြီးက ဂရုတစိုက်ဖြင့် လျှောက်တင်လိုက်သည် - “အရှင်မင်းကြီး... ညစာအဆင်သင့်ဖြစ်ပါပြီ၊ စားတော်မူလို့ရပါပြီ”
မဟာလျန်ဧကရာဇ်က ခေါင်းငြိမ့်လျက် - “ကောင်းပြီ... တစ်နေကုန် ခရီးနှင်လာရတာဆိုတော့ ဗိုက်လည်း တော်တော်ဆာနေပြီ။ ညစာစားပြီးရင် အဆောင်တော်ကို လာခစားဖို့ အလှဆုံးကိုယ်လုပ်တော်တစ်ဦးကို စီစဉ်ထားလိုက်”
ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေမှာပင် မဟာလျန်ဧကရာဇ်မှာ ပျော်ပါးဖို့ကို မေ့မေ့လျော့လျော့ မရှိပေ။ ညစာစားပြီးနောက် သန်းခေါင်ယံအချိန်တွင် သူသည် ချစ်လှစွာသော ကိုယ်လုပ်တော်၏ ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
လယ်တောအိမ်လေး၏ အပြင်ဘက်တွင်မူ နီပုတ ရောက်ရှိလာပြီး အမှတ်အသားတစ်ခု ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့တွင် မဟာလျန်ဧကရာဇ်မှာ ဆက်လက်ထွက်ပြေးပြီး နီပုတကလည်း နောက်ယောင်ခံ လိုက်မြဲအတိုင်း လိုက်နေခဲ့သည်။
မဟာလျန်၏ မြို့တော်အပြင်ဘက်တွင်မူ ကောင်းကင်အဆင့်နှစ်ဦးမှာ တစ်ရက်နှင့် တစ်ညတိုင်တိုင် တိုက်ပွဲဖြစ်ပွားနေကြသည်။ ကောင်းကင်အဆင့် ဖြစ်သည့်အတိုင်း သူတို့မှာ ခွန်အားအပြည့် ရှိနေဆဲပင်။ သူတို့၏ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် သုံးရက်သုံးည ဆက်တိုက် တိုက်ခိုက်လျှင်ပင် ပင်ပန်းနွမ်းနယ်ဦးမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင် မဟာလျန်၏ ကောင်းကင်အဆင့်မှာ ထွက်ပြေးချင်နေပြီ ဖြစ်သည်။ သူ၏ လက်နက်မှာ ပြိုင်ဘက်ထက် အဆင့်နိမ့်နေသဖြင့် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို အမြဲခံနေရကာ အသက်အန္တရာယ်ရှိသော အခြေအနေများနှင့် မကြာခဏ ရင်ဆိုင်နေရသဖြင့် အလွန်ပင် စိတ်ပျက်နေမိသည်။ သူ ဤမျှအထိ တောင့်ခံထားရခြင်းမှာ မဟာလျန်ဧကရာဇ် ထွက်ပြေးရန် အချိန်ဆွဲပေးနေခြင်းသာ ဖြစ်သည်။ တစ်ရက်နှင့် တစ်ည ကုန်လွန်သွားပြီဖြစ်ရာ ဧကရာဇ်မှာ ဘေးကင်းလောက်ပြီဟု ယူဆပြီး သူလည်း ဆုတ်ခွာရန် ပြင်လိုက်သည်။
“လှံနတ်ဘုရား... ဒီနေ့တော့ ဒီလောက်နဲ့ပဲ တိုက်ပွဲကို အဆုံးသတ်ရအောင်။ နောက်တစ်နေ့မှ ထပ်တွေ့ကြတာပေါ့” ထိုစကားကို ချန်ထားခဲ့ပြီးနောက် မဟာလျန်ဂိုဏ်းချုပ်ကြီးမှာ ချက်ချင်းပင် အလျင်မြန်ဆုံး ကိုယ်ဖော့ပညာကို အသုံးပြုကာ ထွက်ပြေးတော့သည်။
ပြိုင်ဘက်ကင်း လှံနတ်ဘုရားက နောက်မှ လိုက်ရင်း အော်ဟစ်လိုက်သည် - “မသွားနဲ့ဦးလေ၊ နောက်ထပ် အကွက် ၃၀၀ လောက် ထပ်တိုက်ကြဦးစို့”
မဟာလျန်၏ ကောင်းကင်အဆင့်က လှောင်ပြုံးပြုံးကာ တွေးလိုက်သည် - “မင်းနဲ့ ဆက်တိုက်နေရအောင် ငါက အားနေတာမှတ်လို့လား။ အချိန်ကုန်တယ်၊ ဧကရာဇ်လည်း ဘေးကင်းပြီ၊ ငါလည်း စိတ်ပူစရာ မရှိတော့ပြီဆိုတော့ မဟာရှရဲ့ မြို့တော်ကို ရောက်မှပဲ အကြွေးဟောင်းတွေ လာဆပ်တော့မယ်”
ထိုသို့တွေးရင်း သူ၏ အရှိန်ကို ပိုမြှင့်လိုက်သည်။ သို့သော် မထင်မှတ်ထားသော အခြေအနေတစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။
မဟာလျန်၏ ကောင်းကင်အဆင့် စိတ်ပျက်သွားရသည်မှာ သူ မည်မျှပင် မြန်မြန်ပြေးပါစေ၊ အနောက်မှ ဇွဲနပဲဖြင့် လိုက်နေသော လှံနတ်ဘုရားကို လုံးဝ မျက်ခြေဖြတ်၍မရခြင်းပင် ဖြစ်သည်။ ပြိုင်ဘက်မှာ ဂျင် ၁,၀၀၀ ကျော် လေးလံသော နတ်ဘုရားလှံကြီးကို ကိုင်ဆောင်ထားသော်လည်း သူ့နောက်သို့ ကပ်ပါလာနိုင်ဆဲ ဖြစ်သည်။
လှံနတ်ဘုရားက ဂုဏ်ယူစွာဖြင့် - “အိုးရန်ကြွယ်ချင်း… မင်း ငါ့လက်က လွတ်မှာ မဟုတ်ပါဘူး။ ငါက အထူးကောင်းမွန်တဲ့ ကိုယ်ဖော့သိုင်းတွေကို လေ့ကျင့်ထားတာဆိုတော့ သာမန်ကောင်းကင်အဆင့်တွေ ငါ့ကို မမီနိုင်ဘူး။ ဒါကြောင့် မပြေးဘဲနဲ့ ငါနဲ့ပဲ ဆက်တိုက်ဖို့ ပြန်လာခဲ့စမ်းပါ”
စကားပင် မဆုံးသေးမီ သူ၏ အရှိန်မှာ ၃၀ ရာခိုင်နှုန်းခန့် ထပ်တိုးလာကာ မဟာလျန်၏ ကောင်းကင်အဆင့်ကို အမီလိုက်နိုင်သွားသည်။
“ငါ့ရဲ့ ဒီလှံချက်ကို ခံလိုက်စမ်း”
မဟာလျန်၏ ကောင်းကင်အဆင့်မှာ စိတ်တိုလွန်း၍ ပေါက်ကွဲမတတ် ဖြစ်သွားရသည်။ “ဒီအဘိုးကြီးက တိုက်ခိုက်တာ တော် ရုံတင်မကဘူး၊ ဒီလောက်ထိတောင် ပြေးနိုင်တာလားဟ”
အနောက်မှ အန္တရာယ် အရှိန်အဝါကို ခံစားမိသဖြင့် သူသည် ထွက်ပြေးရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရကာ လှည့်၍ ပြန်လည် တိုက်ခိုက်ရတော့သည်။
တစ်ဖက်တွင်မူ မဟာရှစစ်တပ်မှာ မြို့ရွာနယ်မြေများကို ဆက်တိုက် သိမ်းပိုက်နေဆဲ ဖြစ်သည်။ မဟာလျန်ဧကရာဇ်မှာ ခုခံမှုကို စွန့်လွှတ်လိုက်ပြီဖြစ်ရာ သူတို့၏ စစ်ကြောင်းမှာ အရှိန်အဟုန်ပြင်းလှသည်။ ပုံမှန်ဆိုလျှင် လေးရက်ခန့် ကြာမည့် မြို့တော်ခရီးမှာ သုံးရက်အတွင်းမှာပင် ရောက်ရှိသွားခဲ့သည်။ မြောက်ဘက်မြို့တော် အပြင်ဘက်ရှိ မြေပြင်ပျက်စီးမှုများကို ကြည့်ရင်း ဗိုလ်ချုပ် ချိုင်ယွီရှင်းက -
“ကောင်းကင်အဆင့်နှစ်ဦး တိုက်ပွဲဖြစ်သွားပုံရတယ်။ ကောင်းကင်အဆင့်တွေရဲ့ ကိစ္စကတော့ စီနီယာလှံနတ်ဘုရားကိုပဲ လွှဲထားလိုက်ကြရအောင်၊ ငါတို့ စိုးရိမ်နေဖို့ မလိုဘူး။ အခု ငါတို့လုပ်ရမှာက မြို့တော်ကို သိမ်းပြီး မဟာလျန်ဧကရာဇ်ကို ဖမ်းဆီးဖို့ပဲ”
ထိုစဉ်မှာပင် မြို့တံခါးများ ပွင့်လာပြီး ချိုင်ယွီရှင်းထံသို့ စာတစ်စောင် ရောက်လာခဲ့သည်။ စာကိုဖတ်ပြီးနောက် ချိုင်ယွီရှင်းက ရယ်မောကာ - “မဟာလျန်ဧကရာဇ်က လွန်ခဲ့တဲ့ သုံးရက်ကတည်းက ထွက်ပြေးသွားပြီတဲ့။ ဒါပေမဲ့ နီပုတက သူ့နောက်ယောင်ခံကို တွေ့ပြီး လိုက်နေပြီ။ ရဲဘော်တို့... ဘယ်သူက နီပုတနဲ့အတူ ဧကရာဇ်ကို သွားဖမ်းမလဲ”
ဒါဟာ နဂါးဖမ်းသည့်အလား ကြီးကျယ်သော စွမ်းဆောင်မှုမျိုးဖြစ်သဖြင့် အနီးရှိ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်အားလုံးမှာ မျက်လုံးများ တောက်ပသွားကာ အပြိုင်အဆိုင် တောင်းဆိုကြသည်။ ချိုင်ယွီရှင်းက အယောက် ၂၀ ကို ရွေးချယ်လိုက်ရာ သူတို့သည် နီပုတ ချန်ထားသော အမှတ်အသားများအတိုင်း လိုက်သွားကြသည်။
နီပုတက ရယ်မောလျက် - “မင်းတို့ ရောက်လာတာ မြန်သားပဲ။ မဟာလျန်ဧကရာဇ်က ရှေ့က ရထားလုံးထဲမှာ ရှိတယ်၊ ဒါပေမဲ့ ချီဖွဲ့တည်ခြင်းအဆင့် ငါးေယာက်က စောင့်ရှောက်ထားတာဆိုတော့ သတိထားကြဦး”
“ငါးယောက်ထဲလား၊ ကြောက်နေစရာ မလိုပါဘူး”
သူတို့သည် ရှေ့သို့ တိုးဝင်ကာ အစောင့်များကို နှိမ်နင်းပြီး မဟာလျန်ဧကရာဇ်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဧကရာဇ်ကို ဖမ်းမိပြီးနောက် တိုက်ပွဲမှာ ပို၍ပင် လျင်မြန်လာခဲ့သည်။ လင်းပိုင်ဖန်က ခန့်မှန်းကြည့်ရာ တစ်ပတ်မပြည့်မီ အချိန်အတွင်း မဟာလျန်၏ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မဟာလျန်၏ ကောင်းကင်အဆင့်နှင့် လှံနတ်ဘုရားတို့မှာ ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူတို့မှာ ငါးရက်နီးပါး တိုက်ခိုက်နေကြခြင်း ဖြစ်သဖြင့် ကောင်းကင်အဆင့်များ ဖြစ်သည့်တိုင် ပင်ပန်းလာကြပြီဖြစ်သည်။ အထူးသဖြင့် မဟာလျန်၏ ကောင်းကင်အဆင့် အိုးရန်ကြွယ်ချင်းမှာ သူ၏ လက်နက်ကို လှံနတ်ဘုရားက ချိုးဖျက်လိုက်ပြီဖြစ်ရာ လက်ဗလာဖြင့်သာ ပြန်လည် ခုခံနေရသည်။ သူသည် ဒဏ်ရာများစွာ ရရှိထားပြီး အခြေအနေမှာ အလွန်ပင် သနားစရာ ကောင်းလှသည်။
သူ ထွက်ပြေးနိုင်လျှင် ကြာလှပြီ ဖြစ်သော်လည်း ပြိုင်ဘက်ကို လုံးဝ ခြေရာဖျောက်၍ မရသဖြင့် တောင့်ခံနေရခြင်း ဖြစ်သည်။
မဟာလျန်၏ ကောင်းကင်အဆင့်မှာ ဒေါသထွက်လွန်း၍ ဟိန်းဟောက်လိုက်သည် - “လှံနတ်ဘုရား... မင်း လူကို အနိုင်ကျင့်လွန်းလှချေလား”
လှံနတ်ဘုရားက - “ငါက မင်းကို ဘယ်လို အနိုင်ကျင့်လို့လဲ”
“ငါ့မှာ လက်နက်မရှိတာကို အခွင့်ကောင်းယူတယ်၊ ငါ မင်းထက် မြန်မြန်မပြေးနိုင်တာကို အခွင့်ကောင်းယူတယ်” မဟာလျန်၏ ကောင်းကင်အဆင့်က ခံပြင်းစွာ အော်ဟစ်လိုက်သည်။
“ဒါကတော့ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ။ မင်းကိုယ်တိုင်ကမှ အစွမ်းအစမရှိတာ” လှံနတ်ဘုရားက လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
ထိုစဉ်မှာပင် ကောင်းကင်ယံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး တောတောင်များအတွင်း လေပြင်းများ၊ မိုးများ၊ မိုးကြိုးများနှင့် မြူထုများ ဖုံးလွှမ်းသွားရာ ဆယ်လံအကွာကိုပင် မမြင်ရတော့ပေ။ မဟာလျန်၏ ကောင်းကင်အဆင့်မှာ အခွင့်ကောင်းကို မြင်လိုက်ပြီး သူ၏ ကျင့်စဉ်ကို အသုံးပြုကာ လျင်မြန်စွာ ထွက်ပြေးတော့သည်။
“လှံနတ်ဘုရား... ငါ အရင်သွားနှင့်ပြီ။ ဒီအကြွေးကို နောက်တစ်နေ့မှ ပြန်ဆပ်တော့မယ်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် မိုးရေနှင့် မြူထုထဲ၌ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
အပိုင်း (၅၁၄)
ပြိုင်ဘက်ကင်း လှံနတ်ဘုရားမှာ ဝေးရာသို့ ပျောက်ကွယ်သွားသော မဟာလျန်၏ ကောင်းကင်အဆင့်ကို ကြည့်ကာ မိုးရေထဲတွင် သက်ပြင်းချရင်းသာ ကျန်ရစ်ခဲ့တော့သည်။
......
မဟာလျန်၏ ကောင်းကင်အဆင့်မှာ ဆက်လက်ထွက်ပြေးနေရင်း သူရရှိခဲ့သော ဤအရှက်ရမှုကို ပြန်လည် ကလဲ့စားချေမည်ဖြစ်ကြောင်းနှင့် မဟာရှနိုင်ငံကို အေးအေးဆေးဆေး နေခွင့်ပေးမည်မဟုတ်ကြောင်း စိတ်ထဲမှ ကြုံးဝါးနေမိသည်။
ထိုစဉ် ကောင်းကင်ယံထက်မှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ခါးအလယ်တည့်တည့်မှ ပိုင်းဖြတ်လိုက်သည်။ ဤမျိုးဆက်၏ ကောင်းကင်အဆင့်သိုင်းပညာရှင် တစ်ဦးမှာ ဤလောကမြေပြင်မှ တစ်ဖန် ပျောက်ကွယ်သွားရပြန်လေပြီ
မဟာလျန်၏ ကောင်းကင်အဆင့် သေဆုံးသွားခြင်း၊ ဧကရာဇ်မှာလည်း အဖမ်းခံရခြင်းတို့ကြောင့် မကြာမီ အချိန်အတွင်းမှာပင် မဟာလျန်၏ နယ်မြေတစ်ခုလုံးမှာ သိမ်းပိုက်ခြင်း ခံလိုက်ရတော့သည်။ ၎င်းနှင့်အတူ အင်ပါယာ မြေပုံ အတွင်း၌လည်း မြေငလျင်လှုပ်သကဲ့သို့ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
......
အင်ပါယာ မြေပုံ ( စူပါအဆင့်)
ပိုင်နက်နယ်မြေ: ၂၄.၅ သန်း စတုရန်းလီ (စိုက်ပျိုးနိုင်သောမြေ ၁၄.၁ သန်း စတုရန်းလီ)
ပြည်တွင်းသယံဇာတ: ငွေတေး ၄.၄၉ ဘီလီယံ (ရွှေတွင်း ၁၂၊ ငွေတွင်း ၂၀၊ ကြေးတွင်း ၃၁၊ သံတွင်း ၅၀…)
လူဦးရေ: ၂၄၇ သန်း ( လူချမ်းသာ ၁%၊ လူလတ်တန်းစား ၃၃%၊ ဆင်းရဲသား ၆၆%)
စစ်အင်အား: ၆.၂၂ သန်း ( ကောင်းကင်အဆင့် ၄ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၇၇ ဦး၊ သာမာန် သိုင်းပညာရှင် ၃၃,၂၀၀ ဦး…)
စုစုပေါင်း နိုင်ငံတော်စွမ်းအား: ၃၂,၄၀၀ (နတ်ဘုရားအင်ပါယာ တစ်၀က်အဆင့်)
......
ထိုပြောင်းလဲမှုများထဲတွင် နယ်မြေဧရိယာမှာ စတုရန်းလီ ၂ သန်းကျော် တိုးပွားလာပြီး ပြည်တွင်းသယံဇာတမှာလည်း သန်း ၆၀၀ ခန့် တိုးလာခဲ့သည်။ လူဦးရေမှာမူ ၂၆ သန်းကျော် တိုးပွားလာခဲ့သော်လည်း စစ်အင်အားမှာမူ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေ။
ဤတိုးတက်မှုများကြောင့် နိုင်ငံတော်၏ ဘက်စုံစွမ်းအားမှာ ၃၀,၀၀၀ မှတ်တိုင်ကို ကျော်ဖြတ်ကာ ၃၂,၄၀၀ သို့ ရောက်ရှိသွားခဲ့သည်။ နိုင်ငံ၏ အဆင့်အတန်းမှာပင် "နတ်ဘုရားအင်ပါယာ တစ်၀က်အဆင့်" သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လင်းပိုင်ဖန်မှာ အလွန်ပင် ကျေနပ်သွားမိသည်။ ဤမျှ ဘက်စုံ စွမ်းအားဖြင့်ဆိုလျှင် လက်ရှိကမ္ဘာပေါ်ရှိ ထိပ်သီးအင်ပါယာကြီး လေးခုကို အမှီလိုက်နိုင်သွားပြီ ဖြစ်သည်။ သို့သော် စစ်အင်အားအပိုင်း၌မူ အနည်းငယ် အားနည်းနေသေးသည်။
လက်ရှိ ထိပ်သီးအင်ပါယာကြီး လေးခုတွင် စစ်သည်အင်အား ၁၀ သန်းကျော်စီ ရှိကြပြီး ကောင်းကင်အဆင့် ၅ ဦးထက်မနည်းနှင့် ချီဖွဲ့တည်ခြင်းအဆင့် ၁၀၀ ကျော်စီ ရှိကြသည်။ အောက်ခြေ သာမန်သိုင်းပညာရှင် အရေအတွက်မှာမူ မရေတွက်နိုင်အောင် များပြားလှပြီး ၄၀,၀၀၀ ကျော်အထိ ရှိမည်ဟု ခန့်မှန်းရသည်။ ထို့ပြင် ၎င်းတို့တွင် ကောင်းကင်အဆင့်များထက် သာလွန်သော “မဟာကောင်းကင်အဆင့်" တစ်ဦးစီကလည်း နောက်ကွယ်မှ ထိန်းကျောင်းပေးထားကြသည်။
ဤအချက်နှင့် နှိုင်းယှဉ်လျှင် မဟာရှအင်ပါယာ၏ အခြေခံအုတ်မြစ်မှာ အားနည်းနေသေးသည်။ သို့သော် နောက်ထပ် တစ်နှစ်၊ နှစ်နှစ်အတွင်း ဤကွာဟချက်ကို ဖြည့်ဆည်းနိုင်မည်ဟု လင်းပိုင်ဖန် ယုံကြည်နေသည်။
“အင်ပါယာ မြေပုံရေ... မဟာရှက နတ်ဘုရားအင်ပါယာအဆင့်ကို တက်လှမ်းဖို့ ဘယ်လိုအချက်တွေ လိုအပ်သေးလဲ” ဟု လင်းပိုင်ဖန်က မေးမြန်းလိုက်သည်။
“ဒင်!... မဟာရှအနေနဲ့ နတ်ဘုရားအင်ပါယာ ဖြစ်လာဖို့ အောက်ပါအချက်တွေနဲ့ ကိုက်ညီရပါမယ်”
စုစုပေါင်း နိုင်ငံတော်စွမ်းအား: ၃၀,၀၀၀ အထက် (ကိုက်ညီပြီး)
နယ်မြေဧရိယာ: စတုရန်းလီ သန်း ၂၀ အထက် (ကိုက်ညီပြီး)
ပြည်တွင်းသယံဇာတ: ၄ ဘီလီယံ အထက် (ကိုက်ညီပြီး)
လူဦးရေ: သန်း ၂၀၀ အထက် (ကိုက်ညီပြီး)
စစ်အင်အား: သာမန်စစ်သည် အရေအတွက်အတွက် ကန့်သတ်ချက်မရှိသော်လည်း သိုင်းပညာရှင်ပိုင်းတွင် ချီဖွဲ့တည်ခြင်းအဆင့် ၂၀၀ ဦး၊ ကောင်းကင်အဆင့် ၉ ဦးနှင့် မဟာကောင်းကင်အဆင့် ၁ ဦး ရှိရပါမည်။
ထပ်ဆောင်းအပို: ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံ (နယ်မြေနှင့် လူဦးရေအလိုက်) က နတ်ဘုရားအင်ပါယာအဖြစ် အသိအမှတ်ပြုရန် လိုအပ်သည်။
လင်းပိုင်ဖန်မှာ မျက်မှောင်ကြုတ်သွားမိသည်။ ခက်ခဲလှချေလား။ စီးပွားရေးနှင့် နယ်မြေပိုင်းမှာ ကိုက်ညီနေသော်လည်း သိုင်းပညာရှင်ပိုင်းမှာ ကွာဟချက် ကြီးလွန်းနေသည်။
နတ်ဘုရားအင်ပါယာအတွက် ချီဖွဲ့တည်ခြင်းအဆင့် ၂၀၀ လိုသော်လည်း သူ၏လက်ဝယ်၌ ၇၀ ကျော်သာ ရှိသေးသည်။ ကောင်းကင်အဆင့် ၉ ဦး လိုသော်လည်း သူ၌ ၄ ဦးသာ ရှိသေးသည်။ မဟာကောင်းကင်အဆင့်ဆိုလျှင် သူကိုယ်တိုင်မှအပ အခြားသူ မရှိပေ။ သို့သော် သူသည် "ကစားသမား" ဖြစ်နေသဖြင့် နိုင်ငံ၏ မဟာကောင်းကင်အဆင့် စာရင်းထဲတွင် ထည့်သွင်း၍ မရနိုင်ပေ။
ထို့ကြောင့် နတ်ဘုရားအင်ပါယာ တည်ထောင်ရန် လမ်းစက ဝေးနေသေးသည်။ အမှန်စင်စစ် လက်ရှိ ထိပ်သီးအင်ပါယာ လေးခုလုံးသည်လည်း ဤသိုင်းပညာရှင် အရေအတွက် သတ်မှတ်ချက်တွင်ပင် တစ်နေကြခြင်း ဖြစ်သည်။ ကောင်းကင်အဆင့် ၉ ဦးဟူသည်မှာ မွေးထုတ်ပေးချင်တိုင်း ရနိုင်သော အရာမျိုး မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့မှာ စွမ်းအားကြီးသော်လည်း "အင်ပါယာ" ဟူသော အမည်နာမ၌သာ ရပ်တန့်နေကြရခြင်း ဖြစ်သည်။
နောက်ဆုံးအချက်ဖြစ်သော နိုင်ငံတိုင်း၏ သုံးပုံနှစ်ပုံက အသိအမှတ်ပြုရန်ဆိုသည်မှာလည်း... သိုင်းပညာရှင်အင်အား မတောင့်တင်းဘဲ၊ လက်သီးချက် မပြင်းဘဲ မည်သူက နတ်ဘုရားအင်ပါယာအဖြစ် အသိအမှတ်ပြုပါမည်နည်း။
“မဟာရှရဲ့ နောက်ထပ် အဓိကလုပ်ဆောင်ချက်က သိုင်းပညာရှင်တွေ မွေးထုတ်ဖို့ပဲ ဖြစ်ရမယ်”
ထိုစဉ်မှာပင် အင်ပါယာ မြေပုံထံမှ နောက်ထပ် အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။
“ဒင်!... ကစားသမား၏ နိုင်ငံတော်စွမ်းအား တိုးတက်လာသည့်အတွက် သင်၏ ခွန်အားကိုလည်း တစ်ပြိုင်တည်း မြှင့်တင်ပေးလိုက်ပါပြီ။ သင့်အား မြင့်မြတ်ကောင်းကင်အဆင့် ကျင့်စဉ်စွမ်းအားကို ချီးမြှင့်လိုက်သည်”
“ဒီအချိန်ကိုရောက်လာပြီပဲ မြင့်မြတ်ကောင်းကင်အဆင့်ရဲ့ စွမ်းအား” လင်းပိုင်ဖန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားသည်။
ထိုခဏ၌ပင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ လင်းပိုင်ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။ ဤစွမ်းအားမှာ သူ၏ ယခင် အထွတ်အထိပ် အခြေအနေထက်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားလှပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းကို နိုးထစေကာ အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဆဲလ်တိုင်းမှာ ပိုမို သန်စွမ်းလာပြီး တစ်ခုချင်းစီမှာ စွမ်းအားများ သိုလှောင်ထားသည့် ဒန်တျန် တစ်ခုစီကဲ့သို့ ဖြစ်လာသည်။
လင်းပိုင်ဖန် ရေရွတ်လိုက်သည် - “မဟာကောင်းကင်အဆင့်နဲ့ မြင့်မြတ်ကောင်းကင်အဆင့်ကြားမှာ သိသိသာသာကြီးကို ကွာခြားချက် ရှိနေတာပဲ”
ယခင်က သူသည် မိမိ၏ ကံတရားနှင့် သိုင်းပညာတို့ဖြင့် မြင့်မြတ်ကောင်းကင်အဆင့်တစ်ဦးကို ယှဉ်နိုင်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် သူကိုယ်သူ အထင်ကြီးခဲ့မိခြင်း ဖြစ်သည်။
မြင့်မြတ်ကောင်းကင်အဆင့်ဆိုသည်မှာ နောက်ထပ် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားသူ ဖြစ်သည်။
မဟာကောင်းကင်အဆင့်နှင့် မြင့်မြတ်ကောင်းကင်အဆင့်ကို နှိုင်းယှဉ်ရလျှင် မျောက်နှင့် လူကဲ့သို့ပင်။ ၎င်းတို့၏ မျိုးရိုးဗီဇမှာ ၉၉ ရာခိုင်နှုန်း တူညီနိုင်ပြီး လူသည် မျောက်မှ ဆင်းသက်လာသည်ဆိုသော်လည်း မျောက်တစ်ကောင်က လူတစ်ယောက်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။ လူ၏ရှေ့တွင် အသက်မသေဘဲ ရှိနေလျှင်ပင် ကံကောင်းလှပြီဖြစ်သည်။
ယခုမူ သူသည်လည်း "လူ" အဖြစ်သို့ စတင် ကူးပြောင်းသွားပြီ ဖြစ်သည်။