← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 48 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 48 Ch. 515-516

အပိုင်း (၅၁၅)

တစ်ချိန်တည်းမှာပင် လင်းပိုင်ဖန်၏ အသိစိတ်မှာ ကျယ်ပြောလှသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။

ထိုဟင်းလင်းပြင်မှာ အလွန်ပင် ဆန်းကြယ်လှပြီး ကောင်းကင်နှင့် မြေပြင်၏ အခြေခံနိယာမများဖြင့် ပြည့်နှက်နေသော စကြာဝဠာ အသေးစားလေးတစ်ခုနှင့် တူညီနေသည်။ လင်းပိုင်ဖန်၏ အသိစိတ်မှာ ထိုဟင်းလင်းပြင်အတွင်း လှည့်လည်သွားလာရင်း တာအိုသဘောတရားများကို ခံစားသိရှိကာ သူ၏ ကိုယ်ပိုင်သိုင်းလမ်းစဉ်ကို ပြည့်စုံအောင် ဖြည့်ဆည်းနေခဲ့သည်။

သူ တတ်မြောက်ထားသော သိုင်းပညာအားလုံးနှင့် နားလည်သဘောပေါက်မှုများကို ဤနေရာတွင် ထုတ်ဖော်လိုက်ရာ တာအိုနိယာမသဘောတရားများနှင့် တိုးယှက်သွားပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် အတည်ပြု ပေါင်းစပ်သွားကြသည်။ အားသာချက်၊ အားနည်းချက်များကို အပြန်အလှန် ဖြည့်ဆည်းရင်း သိုင်းလမ်းစဉ်မှာ ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ကူးပြောင်း သွားခဲ့သည်။

မူလက သူသည် ပြိုင်ဘက်ကင်း သိုင်းပညာ ရာဂဏန်းနှင့် သာမန်သိုင်းပညာ သောင်းဂဏန်းကို တတ်မြောက်ထားရာ သိုင်းပညာ ကျမ်းတိုက်ကြီးတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါတွင်မူ လေ့ကျင့်ကျွမ်းကျင်လာသည်နှင့်အမျှ ၎င်းတို့မှာ တဖြည်းဖြည်း ကျစ်လျစ်သွားပြီး ပြိုင်ဘက်ကင်း သိုင်းပညာ ၈၀ နှင့် သာမန်သိုင်းပညာ ၃,၀၀၀ သို့ ပြောင်းလဲသွားခဲ့သည်။

သူသည် ထိုနေရာ၌ပင် ရပ်တန့်မနေဘဲ တာအိုနိယာမများနှင့် ဆက်လက် တိုက်ဆိုင်စစ်ဆေးရင်း လေ့ကျင့်နေခဲ့ရာ နောက်ဆုံးတွင် ပြိုင်ဘက်ကင်းသိုင်းပညာ ၅၀ နှင့် သာမန်သိုင်းပညာ ၁,၀၀၀ အထိ ကျစ်လျစ်သွားပြန်သည်။ သို့သော် မလုံလောက်သေးဟု ခံစားရသဖြင့် ဆက်လက် လေ့ကျင့်နေမိသည်။

အချိန် မည်မျှကြာသွားသည်ကိုပင် မသိရတော့ပေ။ ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားသကဲ့သို့ပင်။ သူ သိထားသမျှသော သိုင်းပညာအားလုံးမှာ တစ်စုတစ်စည်းတည်း ဖြစ်သွားခဲ့သည်။ ကစားစရာကဲ့သို့ပင် ရိုးရှင်းလှသော ထိုသိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ကမ္ဘာမြေကို တုန်ဟိန်းသွားစေနိုင်သည်။

သူသည် အခြေခံသို့ ပြန်လည်ရောက်ရှိခြင်း နယ်ပယ်သို့ ရောက်ရှိသွားသော်လည်း ဤသိုင်းကွက်မှာ ရှုပ်ထွေးနေသေးသည်ဟု ခံစားရသဖြင့် ဆက်လက် လေ့ကျင့်နေခဲ့ရာ နောက်ဆုံးတွင် တစ်ကွက်တည်းသာ ကျန်ရှိတော့သည်။ သို့ဖြင့် တာအိုနိယာမအားလုံး တစ်ခုတည်း၌ ပေါင်းစည်းသွားပြီး သူ၏ သိုင်းလမ်းစဉ်မှာ ပြည့်စုံသွားခဲ့ပြီဖြစ်သည်။

လင်းပိုင်ဖန် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ လုံးဝဥဿုံ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။

သူ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး မည်သည့် နတ်ဘုရားလက်နက်နှင့်မျှ ဖျက်ဆီး၍ မရနိုင်တော့ပေ။ သွေးများမှာ ပြဒါးကဲ့သို့ စီးဆင်းနေပြီး မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်နေကာ သွေးတစ်စက်ချင်းစီမှာပင် နှစ်ပေါင်းရာချီ သက်တမ်းရှိသော ဆေးစွမ်းကောင်းများကဲ့သို့ အာနိသင်ရှိနေသည်။

ကိုယ်တွင်းအင်္ဂါများမှာလည်း သေလူကိုပင် ပြန်လည်ရှင်သန်စေနိုင်သော နတ်ဆေးလုံးများကဲ့သို့ ဖြစ်နေတော့သည်။ ခြေလက်များမှာ ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါစေနိုင်လောက်အောင် သန်စွမ်းလာပြီး ကျောရိုးမှာလည်း နေမင်း၊ လမင်းတို့နှင့် ယှဉ်ပြိုင်နိုင်သော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူ၏ ခန္ဓာကိုယ်မှာ ထန်စန်းကျန့်၏ အသားထက်ပင် ပိုမိုထူးခြားနေပြီး မည်သည့် နတ်ဘုရားသားရဲနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်တော့ကြောင်း ဆိုရပေမည်။ ထန်စန်းတောင်မှ သူ့လောက် မထန်စန်းနိုင်တော့ပေ။

“သိုင်းလောက သမိုင်းမှတ်တမ်းတွေအရ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ဟာ သက်တမ်း ၅၀၀ ရှိတယ်။ ကမ္ဘာမြေပေါ်မှာ နိုင်ငံအတော်များများထက် သက်တမ်းပိုရှည်တယ်။ သေဆုံးပြီးရင်တောင် သူတို့ရဲ့ အသားအရေက နှစ်ပေါင်းရာချီ မပုပ်သိုးဘဲ အရိုးတွေကလည်း နှစ်ပေါင်းသောင်းချီ ခိုင်မာနေတယ်လို့ ဆိုကြတယ်”

လင်းပိုင်ဖန်မှာ မိမိကိုယ်ကိုယ် ရေရွတ်နေမိသည်။ သူ၏ ခန္ဓာကိုယ်မှာ ထိုဒဏ္ဍာရီလာ ပညာရှင်များထက်ပင် ပိုမို သန်စွမ်းနေသကဲ့သို့ ခံစားနေရသည်။ သက်တမ်း ၅၀၀ မကဘဲ နှစ်ပေါင်းတစ်ထောင်အထိ နေထိုင်ရန်ပင် ပြဿနာမရှိနိုင်တော့ပေ။ ခွန်အားပိုင်းမှာမူ ပြောနေရန်ပင် မလိုတော့ပေ။ ခန္ဓာကိုယ်သက်သက်ဖြင့်ပင် မဟာကောင်းကင်အဆင့်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေပြီး သူ၏ ကိုယ်ပိုင်သိုင်းကွက်ကို အသုံးပြုမည်ဆိုလျှင် မဟာကောင်းကင်အဆင့်ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့ ယခင်က သူနှင့် နှိုင်းယှဉ်လျှင် သုံးကွက်အတွင်း အနိုင်ယူနိုင်မည်ဖြစ်သည်။

“ငါ့ရဲ့ ခွန်အားကို စမ်းသပ်ကြည့်ရမယ်”

လင်းပိုင်ဖန်မှာ အင်ပါယာမြေပုံကို ဖွင့်လိုက်ပြီး လူသူမရှိသော တောင်တန်းတစ်ခုကို ရွေးချယ်ကာ လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက်သည်။ ထိုလက်ဝါးချက်ကြောင့် ပေပေါင်း တစ်သောင်းကျော် ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး တစ်တောင်လုံးမှာလည်း ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့သည်။ ဤစွမ်းအားမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ယခင်ကဆိုလျှင် ဖန်ဆင်းရှင်လက်ဝါးကို အသုံးပြုမှသာ ဤကဲ့သို့ လုပ်ဆောင်နိုင်သော်လည်း ယခုမူ လက်ဝါးတစ်ချက်တည်းဖြင့်ပင် ဖြစ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

“ငါ... အခု ပြိုင်ဘက်ကင်းသွားပြီလား”

လင်းပိုင်ဖန်မှာ သူ့ရှေ့ရှိ ကြီးမားလှသော ကျင်းကြီးကို ကြည့်ကာ တွေဝေနေမိသည်။ မိစ္ဆာဂိုဏ်းမှ သိရှိရသလောက် မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်ဆိုသည်မှာ အလွန်ပင် ရှားပါးလှပြီး နှစ်ပေါင်း ၅၀၀ လျှင် တစ်ဦးသာ ပေါ်ထွက်တတ်သည်။ ထိုသူတို့မှာ ရောက်ရှိလာသည်နှင့် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။ သို့သော် နောက်ဆုံးပေါ်ထွက်ခဲ့သော မြင့်မြတ်ကောင်းကင်အဆင့်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဖြစ်သည်။

ထိုစဉ်က ထိုသူမှာ အသက် ၃၀၀ ခန့် ရှိနေပြီဖြစ်ရာ ယခုဆိုလျှင် အသက် ၄၀၀ ကျော်နေပြီ ဖြစ်သဖြင့် သက်တမ်းမှာ နှစ်ပေါင်းတစ်ရာပင် မပြည့်တော့ပေ။ ထိုသူ အသက်ရှင်နေသေးသလား၊ သို့မဟုတ် အခြားသော သက်တမ်းရှည် ရှေးဟောင်းသတ္တဝါကြီးများ ရှိနေသေးသလား ဆိုသည်ကိုပင် လင်းပိုင်ဖန် မသိရပေ။ ထို့ကြောင့် သူသည် အသစ်ရရှိထားသော စွမ်းအားများကို လောကကြီးအား ချက်ချင်း ထုတ်မပြသေးဘဲ သတိထားနေမိသည်။

ခွန်အားကို ထုတ်ပြလိုက်ခြင်းကြောင့် နှစ်ပေါင်းထောင်ချီ နေထိုင်လာသော ရှေးဟောင်းလူအိုကြီးများ ပေါ်ထွက်လာပြီး သူ့ကို ရန်ပြုမည်ကို စိုးရိမ်မိသည်။ လောကကြီးမှာ လျင်မြန်စွာ ပြောင်းလဲနေပြီး အရိပ်ထဲတွင် မည်သူများ ပုန်းအောင်းနေမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် လောကကြီးကို အသေအချာ နားလည်အောင် အရင်လုပ်ပြီးမှသာ သူ၏ စွမ်းအားကို ထုတ်ဖော်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ နှေးကွေးမည်ဆိုသော်လည်း ပိုမို ဘေးကင်းပေသည်။

သူ့တွင် ယခုအခါ အချိန်များစွာ ရှိနေပြီဖြစ်သည်။ နိုင်ငံတော်စွမ်းအား တိုးတက်နေသရွေ့ သူ၏ စွမ်းအားမှာလည်း ဆက်လက် တိုးတက်နေဦးမည် ဖြစ်သည်။ ထိုစဉ်မှာပင် အင်ပါယာမြေပုံမှတစ်ဆင့် ထူးခြားမှုတစ်ခုကို သူ သတိပြုလိုက်မိသည်။

“ဟမ်…..ဒါက မဟာကောင်းကင်အဆင့်ရဲ့ အကြွင်းအကျန်တွေလား... မဟုတ်ဘူး၊ ဒါက... မြင့်မြတ်ကောင်းကင်အဆင့်ပဲ”

လင်းပိုင်ဖန်၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

အပိုင်း ( ၅၁၆ )

လင်းပိုင်ဖန်မှာ မကြာသေးမီက သူဖျက်ဆီးလိုက်သော တောင်တန်းကြီးအတွင်း လက်ကိုဆန့်ထုတ်လိုက်ရာ အရိုးစုတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအရိုးစုမှာ ကြည်လင်ပြတ်သားပြီး အလွန်ပင် သိပ်သည်းလှရာ အနုပညာလက်ရာတစ်ခုနှင့်ပင် တူညီနေသည်။ နေရောင်အောက်တွင် အစက်အပြောက်ကလေးများဖြင့် တောက်ပနေပြီး အလွန်ပင် လှပလွန်းလှသည်။ ၎င်းမှာ မူလက တောင်တန်းအတွင်း မြုပ်နှံနေခဲ့ခြင်းဖြစ်ပြီး အံ့သြစရာကောင်းသည်မှာ လင်းပိုင်ဖန်၏ ကမ္ဘာပျက်မတတ် ပြင်းထန်သော ရိုက်ချက်အောက်တွင်ပင် တစ်စုံတစ်ရာ ပျက်စီးသွားခြင်း မရှိခဲ့ပေ။ ဤသို့ဖြင့် လင်းပိုင်ဖန်မှာ ထိုအရိုးစုကို တွေ့ရှိကာ တူးဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

တူးဖော်ရရှိသော မြေလွှာအဆင့်ဆင့်ကို ကြည့်ခြင်းအားဖြင့် ဤအရိုးစုမှာ နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်း ရှိနိုင်ပေသည်။ အချိန်ကာလမှာ အလွန်ပင် ကြာမြင့်နေပြီဖြစ်ရာ မည်သည့် သိုင်းပညာရှင်ကြီး၏ အကြွင်းအကျန် ဖြစ်မည်ကို လင်းပိုင်ဖန်ပင် မခန့်မှန်းနိုင်တော့ပေ။ အရိုးစုတစ်ခုသာ ကျန်ရှိတော့သော်လည်း မည်သည့် နတ်ဘုရားလက်နက်ထက်မဆို ပိုမိုခိုင်မာနေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် နတ်ဘုရားလက်နက်ဖြင့်ပင် ခုတ်နှက်ပါစေဦးတော့၊ ခြစ်ရာတစ်ခုပင် ထင်ကျန်အောင် လုပ်နိုင်မည် မဟုတ်ပေ။

သို့သော် လင်းပိုင်ဖန်ကို အံ့သြသွားစေသည့် အချက်မှာ ထိုအရိုးစု၏ ညာဘက်လက်မှာ ကျိုးနေခြင်းပင်။ ပျောက်ဆုံးနေခြင်းမဟုတ်ဘဲ တုံးသော အရာဝတ္ထုတစ်ခုခုဖြင့် ရိုက်ချိုးခံထားရခြင်း ဖြစ်သည်။ ထို့အပြင် အခြားသော အရိုးများပေါ်တွင်လည်း ဒဏ်ရာအမြောက်အမြား ရှိနေသေးသည်။ လေ့လာဆန်းစစ်ကြည့်ရာတွင် ထိုဒဏ်ရာများမှာ ပိုင်ရှင်ဖြစ်သူ အသက်ရှင်စဉ်ကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ခဲ့ရဟန်တူသည်။

လင်းပိုင်ဖန်မှာ အံ့အားသင့်လျက် ရေရွတ်မိသည် - “ဘယ်သူကများ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာလဲ”

ယခုလက်ရှိ သူ၏ အခြေအနေတွင်ပင် သူနှင့် အဆင့်တူသူကို အနိုင်ယူနိုင်သော်လည်း ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာရအောင် လုပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကြောင်းမှာ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးသည် အကယ်၍ မနိုင်တော့ဘူးဟု ယူဆပါက အချိန်မရွေး ထွက်ပြေးနိုင်သောကြောင့် အဆင့်တူချင်း သတ်ဖြတ်နိုင်ရန်မှာ အလွန် ခက်ခဲလှသည်။ သူ၏ အင်ပါယာ ပိုင်နက်အတွင်းမှလွဲ၍ ကျန်သည့်နေရာများတွင် မဖြစ်နိုင်ပေ။

ဤဒဏ်ရာများဖြင့် အရိုးစုမှာ လင်းပိုင်ဖန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။ သူသည် ဆက်လက်တူးဖော်ကြည့်ရာ ထိုအရိုးစုမှာ မူလက တောင်တန်းအတွင်းရှိ ဂူတစ်ခုထဲတွင် ဝှက်ထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုနေရာတွင်ပင် ရိုက်ခတ်မှုကြောင့် ပုံပျက်သွားသော်လည်း အတွင်းရှိ ပစ္စည်းများ မပျက်စီးသေးသော ကြေးသေတ္တာတစ်လုံးကိုလည်း တွေ့ရှိခဲ့သည်။

သေတ္တာထဲတွင် စာလုံးများဖြင့် ပြည့်နှက်နေသော သိုးရေစာလိပ် အမြောက်အမြား ရှိနေသည်။ ၎င်းတို့ကို အထူးစီမံထားပုံရပြီး နှစ်ပေါင်းထောင်ချီ ပြောင်းလဲသွားသော်လည်း ပျက်စီးခြင်းမရှိဘဲ စာလုံးများကို ရှင်းလင်းစွာ ဖတ်ရှုနိုင်သေးသည်။

လင်းပိုင်ဖန် ၎င်းတို့ကို ဖွင့်ဖတ်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည် - “ဒါ... ပြိုင်ဘက်ကင်း အကြီးအကဲ ကျောက်ပဲ”

အကြီးအကဲ ကျောက်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ က မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ထူးချွန်ထက်မြက်လွန်းလှပြီး ငယ်စဉ်ကတည်းက သိုင်းပညာကို စတင်လေ့ကျင့်ခဲ့သည်။ အသက် ၁၂ နှစ်မတိုင်မီမှာပင် ချီဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီး အသက် ၃၀ မတိုင်မီတွင် ကောင်းကင်အဆင့် ဖြစ်လာခဲ့သည်။ အသက် ၈၁ နှစ်အရွယ်တွင်မူ နောက်ထပ် ခြေတစ်လှမ်း တိုးနိုင်ခဲ့ပြီး မဟာ‌ကောင်းကင်အဆင့် အဖြစ် လောကတွင် ပြိုင်ဘက်ကင်းခဲ့သည်။

သို့သော် လူတိုင်းက သူ့ကို သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ပြီဟု ထင်မှတ်နေစဉ်မှာပင် သူသည် နောက်ထပ် ခြေလှမ်းသစ်ကို လှမ်းခဲ့ပြန်သည်။ အသက် ၁၈၀ အရွယ်တွင် နှစ်ပေါင်း ၅၀၀ လျှင် တစ်ဦးသာ ပေါ်ထွက်နိုင်သော ‘မြင့်မြတ်ကောင်းကင်အဆင့်’ သို့ ရောက်ရှိသွားပြီး ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ သူ၏ သိုင်းလမ်းစဉ် တစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်း မရှိခဲ့သောကြောင့် ‘ပြိုင်ဘက်ကင်းကျောက်’ ဟု လူသိများခဲ့ခြင်း ဖြစ်သည်။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ သူ၏ အမည်ရင်းမှာ မေ့ပျောက်ခြင်း ခံခဲ့ရသော်လည်း သူ၏ ဘွဲ့အမည်မှာမူ ထာဝရ ကျန်ရစ်နေခဲ့သည်။ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်များထဲတွင် သူသည် အတော်ဆုံးစာရင်းဝင်တစ်ဦး ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် မြင့်မြတ်ကောင်းကင်အဆင့်သို့ ရောက်ပြီးနောက်တွင် သူသည် လူမြင်ကွင်းသို့ ထွက်လာခြင်း မရှိတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူ၏ သတင်းများမှာ ပျောက်ကွယ်သွားပြီး ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည်။ ယခုမူ မထင်မှတ်ဘဲ ဤကဲ့သို့သော ပုံစံဖြင့် ပြန်လည်တွေ့ရှိရခြင်း ဖြစ်သည်။

“သူ့ခေတ်သူ့အခါမှာ တစ်ဦးတည်းသော ပြိုင်ဘက်ကင်း မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်နေပါလျက်နဲ့... ဘယ်သူက သူ့ကို ဒီလိုဒဏ်ရာတွေ ရအောင် လုပ်နိုင်တာလဲ” လင်းပိုင်ဖန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်လာသည်။

ဆက်လက်စဉ်းစားကြည့်ရာတွင် ထူးဆန်းသော အချက်အလက်များကို သူ သတိပြုမိလာသည်။ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တိုင်းသည် ထိုနယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင် လောကကြီးမှ ပျောက်ကွယ်သွားကြသည်မှာ များလှသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက သိုင်းပညာရှင်မှာလည်း ထိုနည်းအတိုင်းပင်။ ထိုစဉ်က မဟာ‌ကောင်းကင်အဆင့်များကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူပြီးနောက် နောက်ထပ် လူမြင်ကွင်းသို့ ထွက်မလာတော့ပေ။ နှစ်ပေါင်းတစ်ရာ ကုန်ဆုံးသွားသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

မြင့်မြတ်သော လမ်းစဉ်ကို လိုက်စား၍ လူမြင်ကွင်းကို မနှစ်သက်ခြင်း ဖြစ်နိုင်သော်လည်း လူဆိုသည်မှာ စားသောက် နေထိုင်ရသည်ဖြစ်ရာ သတင်းစကား တစ်ခုခုတော့ ရှိသင့်ပေသည်။ တစ်ယောက်၊ နှစ်ယောက်ဆိုလျှင် တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း အားလုံးက ထိုသို့ ဖြစ်နေခြင်းမှာမူ သံသယဖြစ်စရာပင်။ လင်းပိုင်ဖန်မှာ ဤလောကကြီး၏ လျှို့ဝှက်ချက်တစ်ခုကို သူ ထိတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

စိုးရိမ်ပူပန်မှု တစ်ခုမှာ သူ၏ စိတ်နှလုံးအတွင်းသို့ တိုးဝင်လာခဲ့သည်။ ထိုစာလိပ်များထဲတွင် အဖြေများ ရှိနေမလားဆိုသည်ကို သူ သိချင်လှသဖြင့် မဆိုင်းမတွပင် ဆက်လက် ဖတ်ရှုလိုက်သည်။ စာလိပ်အများစုမှာ အကြီးအကဲ ကျောက်၏ သိုင်းပညာ လေ့ကျင့်မှုဆိုင်ရာ အတွေ့အကြုံများသာ ဖြစ်ပြီး လင်းပိုင်ဖန်အတွက် အလွန်ပင် အကျိုးရှိလှသည်။ သို့သော် စာလိပ်တစ်ခုမှာမူ အခြားစာလိပ်များနှင့် မတူဘဲ ထူးခြားနေသည်။ ၎င်းမှာ လက်ချောင်းကို သွေးဖြင့် နှစ်၍ ရေးသားထားခြင်း ဖြစ်သည်။

လက်ရေးမှာ အလွန်ပင် ကြမ်းတမ်းပြီး ကောက်ကောက်ကွေးကွေး ဖြစ်နေရာ အလွန်ပင် အလောတကြီး ရေးထားဟန် ရှိသည်။ လင်းပိုင်ဖန်မှာ ထိုစာသားများကို အသေအချာ ဖတ်ကြည့်လိုက်သည်။

“နှစ်ပေါင်း ၂၀၀ နီးပါး ကျင့်ကြံပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ငါ မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်ရှိပြီး လောကမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီ”

“ဒါပေမဲ့ ငါ့ရဲ့ စိတ်က ဒီထက်မကတဲ့ ဒဏ္ဍာရီလာ ‘မြေကမ္ဘာအင်မော်တယ် နယ်ပယ်ကို တက်လှမ်းဖို့ တောင့်တနေခဲ့တယ်။ ဒါကြောင့် အခွင့်အလမ်း ရှာဖို့ ပင်လယ်ပြင်ဆီကို ထွက်ခွာခဲ့ရာမှာ ‘သားရဲလေးကောင်’ နဲ့ ဆုံခဲ့ရတယ်။ အဲဒါတွေကတော့ နဂါး၊ ကျား၊ လိပ် နဲ့ ဖီးနစ် တို့ပဲ။ တောင်တန်းတွေလို ကြီးမားပြီး ကောင်းကင်နဲ့ မြေပြင်လို ခန့်ညားထည်ဝါလွန်းလှတယ်”

“ငါဟာ မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်နေပြီဆိုပေမဲ့ သူတို့ရှေ့မှာတော့ ငါဟာ အလွန်ပဲ သေးငယ်နေခဲ့တယ်။ သူတို့ကိုယ်သူတို့ ကောင်းကင်နဲ့ မြေပြင်ရဲ့ မြင့်မြတ်တဲ့ အစောင့်အရှောက် သားရဲလေးပါးလို့ ခေါ်ကြပြီး ကောင်းကင်နဲ့ မြေပြင်ကို ကာကွယ်ဖို့ သဘာဝတရားက ဖန်ဆင်းထားတာလို့ ဆိုကြတယ်”

“သူတို့က ‘ခပ်သိမ်းသော အရာတွေဟာ လူသားတွေကို ပြုစုပျိုးထောင်ဖို့ သဘာဝတရားက မွေးဖွားပေးထားတာ ဖြစ်ပေမဲ့ လူသားတွေကတော့ ဘာမှ ပြန်မပေးကြဘူး’ လို့ ဆိုတယ်။ ဒါကြောင့် ငါ့ရဲ့ တစ်သက်တာ ကျင့်ကြံမှုတွေကို သဘာဝတရားဆီ ပြန်အပ်ဖို့နဲ့ ကောင်းကင်နဲ့ မြေပြင်ရဲ့ လမ်းစဉ်ကို ပြည့်စုံစေဖို့အတွက် သိုင်းပညာရဲ့ အနှစ်သာရတွေကို ချန်ထားခဲ့ဖို့ ငါ့ကို တောင်းဆိုခဲ့ကြတယ်”

“ငါကတော့ ဒါကို ငြင်းပယ်ခဲ့တယ်၊ ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာပေါ့”

“သူတို့က သိပ်ကို အင်အားကြီးလွန်းတယ်။ ငါ့ရဲ့ စွမ်းအားအားလုံးကို ထုတ်သုံးခဲ့တာတောင် သူတို့ထဲက တစ်ကောင်ကိုတောင် အနည်းငယ်မျှတောင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး”

“အဲဒီတိုက်ပွဲမှာ ငါ လုံးဝကို ရှုံးနိမ့်ခဲ့ရတယ်။ စိတ်ပျက်အားလျော့စွာနဲ့ပဲ ကုန်းမြေပေါ်ကို ပြန်ပြေးလာခဲ့တယ်။ ငါ အသက်ရှည်ရှည် မနေရတော့ဘူးဆိုတာ သူတို့ သိနေတဲ့အတွက် ငါ့နောက်ကို လိုက်မလာခဲ့ကြဘူး”

“ငါ မသေဆုံးခင်မှာ နောက်မျိုးဆက်တွေအတွက် သတိပေးချက်တစ်ခု ချန်ထားခဲ့ချင်တယ် - မြင့်မြတ်ကောင်းကင်အဆင့်ထက် ကျော်လွန်ဖို့ ဘယ်တော့မှ မကြိုးစားကြနဲ့၊ သားရဲလေးကောင်ရဲ့ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်။ အဲဒီကတစ်ဆင့် သေဆုံးခြင်းနဲ့ မင်းတို့ရဲ့ တစ်သက်တာ ကျင့်ကြံမှုတွေ သဘာဝတရားထဲမှာ ပျက်စီးသွားခြင်းကိုပဲ ရလိမ့်မယ်။ ဒါကို အသေအချာ မှတ်ထားကြပါ…..!!!”

All Chapters