← Chapters

အခန်း (၅၁၇-၅၁၈)

Vol. 48 Ch. 517-518

အခန်း (၅၁၇-၅၁၈)

Vol. 48 Ch. 517-518

အပိုင်း (၅၁၇)

ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာတွေကြောင့် လင်းပိုင်ဖန်ရဲ့ စိတ်အစဉ်ဟာ အတော်ကြာအောင် တည်ငြိမ်မသွားနိုင်ခဲ့‌ပေ။

သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အမှန်တကယ်ကို ဖြစ်လာခဲ့လေပြီ။ အတိတ်က ‘မြင့်မြတ်ကောင်းကင်အဆင့်’ သိုင်းပညာရှင်ကြီးတွေဟာ သူတို့ကိုယ်သူတို့ ‘ကောင်းကင်နဲ့ မြေပြင်ရဲ့ မြင့်မြတ်တဲ့ အစောင့်အရှောက် သားရဲလေးပါး’ လို့ ခေါ်ဆိုကြတဲ့ သတ္တဝါတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြတာ ဖြစ်သည်။ ထိုသတ္တဝါတွေဟာ အလွန်အမင်း ခွန်အားကြီးမားကြပြီး စာလိပ်ပါ အချက်အလက်တွေအရ အနည်းဆုံး မြင့်မြတ်ကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ် စွမ်းအားတွေကို ပိုင်ဆိုင်ထားကြသည်။

ဒါ့အပြင် သူတို့ရဲ့ စွမ်းအားတွေဟာ အကန့်အသတ်မရှိဘဲ အမြဲတမ်း ပြန်လည်ဖြည့်တင်းနိုင်သယောင် ရှိနေသည်။ ထိုကဲ့သို့ အစွမ်းထက်လှတဲ့ သတ္တဝါ လေးကောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်မျိုးမဆို ဒူးထောက် အရှုံးပေးရမှာက မလွဲဧကန်ပင်။

“ငါသာ ငါ့ရဲ့ မြင့်မြတ်ကောင်းကင်အဆင့် ခွန်အားတွေကို လောကကြီးရှေ့မှာ ထုတ်ဖော်ပြသလိုက်ရင် အဲဒီသားရဲလေးကောင်က ငါ့ဆီ ရောက်လာကြမှာလား” လင်းပိုင်ဖန် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိပေမဲ့ အဖြေတော့ မရှိခဲ့ပေ။ သူဟာ သေခြင်းတရားနဲ့ အနီးကပ်ဆုံး အခြေအနေကို ရောက်နေသလို ခံစားနေရသည်။ အရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တာနဲ့ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားနိုင်တဲ့ အနေအထားမျိုးပင် ဖြစ်နေတော့သည်။

သူ့ရဲ့ အင်ပါယာ ပိုင်နက်အတွင်းမှာဆိုရင် သူဟာ ကောင်းကင်နဲ့ မြေပြင်ရဲ့ စွမ်းအားတွေကို စိတ်ကြိုက် လွှမ်းမိုးနိုင်ပြီး ပြိုင်ဘက်ကင်းသယောင် ရှိနေပေမဲ့ ထိုသားရဲတွေကလည်း အလားတူ စွမ်းအားမျိုး ပိုင်ဆိုင်ထားပုံရနေသည်။ သူက နယ်မြေတစ်ခုအတွင်းက စွမ်းအားကိုသာ ထိန်းချုပ်နိုင်တာဖြစ်ပြီး သူတို့ကတော့ တစ်လောကလုံးရဲ့ စွမ်းအားကို အသုံးပြုနိုင်ကြပေသည်။ ဒါကြောင့် တကယ်တမ်း တိုက်ပွဲဖြစ်ပွားလာခဲ့ရင် ရလဒ်ကို မခန့်မှန်းနိုင်ပေမဲ့ သူ ရှုံးနိမ့်ဖို့ အခွင့်အလမ်းက ပိုများနေလေသည်။

ဒီအချိန်မှာတော့ သူဟာ အမှန်တရားကို သိရှိဖို့ အလွန်အမင်း ဆန္ဒပြင်းပြနေမိတော့သည်။ သူ့ကို ကူညီနိုင်မယ့်သူတွေဆိုလို့ မိစ္ဆာဂိုဏ်း၊ တာအိုဂိုဏ်း နဲ့ ဗုဒ္ဓဂိုဏ်း တို့ပဲ ရှိသည်။ ဒီအင်အားကြီး ဂိုဏ်းသုံးခုဟာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းအစဉ်အလာရှိတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိနိုင်ပေသည်။

ဒါကြောင့် သူဟာ ယောင်ယောင်ဆီကို သွားရောက်ခဲ့သည်။

“ယောင်ယောင်... ‘ကောင်းကင်နဲ့ မြေပြင်ရဲ့ မြင့်မြတ်တဲ့ အစောင့်အရှောက် သားရဲလေးပါး’ အကြောင်း ကြားဖူးလား”

“သားရဲလေးပါး ဟုတ်လား”

ယောင်ယောင်က ဝေခွဲမရဖြစ်လျက် - “ဒါတွေက ဒဏ္ဍာရီထဲက သတ္တဝါတွေ မဟုတ်ဘူးလား။ မိုးပြာရောင်နဂါး၊ ဖြူသောကျား၊ ဖီးနစ် နဲ့ လိပ်နက် တို့လေ။ ဒါကို ဘာလို့ မေးတာလဲ”

လင်းပိုင်ဖန်က လေသံတိုးတိုးဖြင့် - “ယောင်ယောင်... အဲဒီနတ်ဘုရား သားရဲတွေက တကယ်ရှိနေနိုင်တယ်လို့ မင်း ထင်လား”

ယောင်ယောင်က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပြီး - “ဒါတွေက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အားလုံးက ဒဏ္ဍာရီတွေပဲလေ။ ရှင်က ဧကရာဇ်တစ်ပါး ဖြစ်နေပြီးတော့ ဘာလို့ ဒါတွေကို ယုံနေရတာလဲ”

“တစ်ခါတလေ အမှန်တရားတွေ ရှိနေနိုင်တာပဲ။ ဂိုဏ်းကို ပြန်ပြီးတော့ ရှာကြည့်ပေးလို့ ရမလား။ အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိမရှိဆိုတာကိုပေါ့”

ယောင်ယောင်မှာ ပို၍ ဇဝေဇဝါ ဖြစ်သွားကာ - “ ငတုံး ဧကရာဇ်လေး၊ ရှင့်ကို ဘာတွေ ပူးဝင်နေတာလဲ။ ဒါတွေက ဒဏ္ဍာရီတွေပါဆိုမှ ဘာလို့ ဒီလောက် အတည်ပေါက် လုပ်နေရတာလဲ”

“ယောင်ယောင်... ဒီကိစ္စက ငါ့အတွက် သိပ်ကို အရေးကြီးတယ်။ မိစ္ဆာဂိုဏ်းက သမိုင်းကြောင်းလည်း ရှည်လျားသလို မှတ်တမ်းတွေလည်း စုံလင်တယ်မလား။ ငါ့အတွက် တစ်ခေါက်လောက် သွားပေးပါဦး”

လင်းပိုင်ဖန်ရဲ့ တည်ကြည်တဲ့ မျက်နှာကို မြင်တော့မှ ယောင်ယောင်က ခေါင်းညိတ်လိုက်ပြီး - “ကောင်းပါပြီ၊ ရှင့်အတွက် ပြန်ကြည့်ပေးပါ့မယ်။ ဒါပေမဲ့ တစ်ခုခု တွေ့မယ်လို့တော့ အာမမခံဘူးနော်”

လင်းပိုင်ဖန် အလွန်ဝမ်းသာသွားကာ - “ကျေးဇူးတင်ပါတယ်၊ မင်း တတ်နိုင်သလောက် ကြိုးစားပေးရင်ပဲ ကျေနပ်ပါပြီ”

ယောင်ယောင်ဟာ မဟာရှကနေ ထွက်ခွာသွားပြီး တစ်ပတ်ခန့်အကြာမှာပဲ ပြန်ရောက်လာခဲ့သည်။ သူမ တစ်ယောက်တည်း ပြန်လာတာ မဟုတ်ဘဲ မိစ္ဆာဂိုဏ်းချုပ် ‘ဇီလျိုလီ’ ကိုပါ ခေါ်ဆောင်လာခဲ့တာ ဖြစ်သည်။

လင်းပိုင်ဖန် အလွန်အံ့သြသွားပြီး - “ဂိုဏ်းချုပ်ဇီ... ဘာလို့ ဒီအထိ ရောက်လာတာလဲ”

ဇီလျိုလီရဲ့ မျက်နှာထားက ခက်ထန်တည်ကြည်နေပြီး - “အရှင်မင်းကြီး... အရှင်မေးခဲ့တဲ့ မေးခွန်းကို ကျွန်မ တစ်ယောက်တည်းပဲ ဖြေနိုင်လို့ပါ”

လင်းပိုင်ဖန်က ယောင်ယောင်ကို ကြည့်လိုက်ရာ သူမက မျက်နှာကို လက်နဲ့ အုပ်ထားပြီး - “ကျွန်မ ပြန်ရှာကြည့်ပေမဲ့ ဘာအချက်အလက်မှ ရှာမတွေ့ဘူး။ ဒါနဲ့ ဆရာ့ကို အမှတ်မထင် ပြောပြလိုက်တာ။ ဆရာက ဒီလောက်အထိ အလေးအနက် ထားလိမ့်မယ်လို့ မထင်ထားဘူး။ အခုတော့ ကိုယ်တိုင် လိုက်လာတာပဲ”

လင်းပိုင်ဖန် ခေါင်းညိတ်လိုက်ပြီး - “ဂိုဏ်းချုပ်ဇီ ကိုယ်တိုင် လာရောက်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဒီစီနီယာကတော့...”

အမျိုးသမီး နှစ်ဦးရဲ့ အနောက်မှာတော့ ခန့်ညားထည်ဝါတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေလေသည်။ သူဟာ အရပ် ၇ ပေခန့် မြင့်မားပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိပြီး တုတ်ခိုင်တဲ့ လက်တွေနဲ့ စူးရှတောက်ပတဲ့ မျက်လုံးတွေဟာ မုန်တိုင်းတစ်ခုကို သိုအောင်းထားသယောင် ရှိနေလေသည်။ ဆံပင်တွေကတော့ တစ်ဝက်က အမည်း၊ တစ်ဝက်က အဖြူဖြစ်ပြီး မဖီးသင်ဘဲ ဖားလျားချထားလေသည်။

သူဟာ ချောင်ချိတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေဗလာနဲ့ လမ်းလျှောက်‌နေပြီး ကြည့်ရတာ အသေးအဖွဲ ကိစ္စတွေကို ဂရုမစိုက်တတ်တဲ့ ဟန်မျိုးပင်။ အခုအချိန်မှာတော့ သူဟာ လင်းပိုင်ဖန်ကို အလွန်စိတ်ဝင်တစား ကြည့်နေလေသည်။

ဇီလျိုလီနဲ့ ယောင်ယောင်တို့ဟာ သူ့ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ရိုရိုသေသေ ရပ်နေကြပြီး ဇီလျိုလီက မိတ်ဆက်ပေးလိုက်သည် - “အရှင်မင်းကြီး... ဒါက ကျွန်မရဲ့ ဆရာ၊ မိစ္ဆာဂိုဏ်းရဲ့ မဟာကောင်းကင်အဆင့်သိုင်းပညာရှင် ‘လီထျန်းချန်း’ ပါပဲ”

လင်းပိုင်ဖန်က နှုတ်ဆက်လိုက်ရင်း - “လေးစားအပ်တဲ့ စီနီယာလီ ဖြစ်နေတာပဲ။ ရိုသေမှု ကင်းမဲ့ခဲ့ရင် ခွင့်လွှတ်ပေးပါ”

လီထျန်းချန်းက အားရပါးရ ရယ်မောလိုက်ပြီး - “အရှင်မင်းကြီးက သိပ်ပြီး အံ့သြသွားပုံ မရဘူးနော်”

လင်းပိုင်ဖန်ကလည်း ပြုံးလျက် - “စီနီယာ... စီနီယာ့လို ပုဂ္ဂိုလ်မျိုးမှသာ ဂိုဏ်းချုပ်ဇီနဲ့ ယောင်ယောင်တို့ဆီက ဒီလောက်အထိ ရိုသေမှုကို ရနိုင်မှာ မဟုတ်လား”

လီထျန်းချန်းက သဘောကျစွာဖြင့် ထပ်မံ ရယ်မောလိုက်ပြီး - “မှန်တာပေါ့၊ ဒီကလေးမ နှစ်ယောက်က ဘယ်သူ့ကိုမှ ဂရုစိုက်တာ မဟုတ်ဘူး၊ ငါတစ်ယောက်ပဲ သူတို့ကို ထိန်းနိုင်တာ ဟားဟား”

“စီနီယာလီ ဒီကို ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေ” လင်းပိုင်ဖန်က မေးလိုက်သည်။

“ငါ တောင်ပေါ်က ဆင်းလာတာ ရှားတယ်။ အဓိကကတော့ အရှင်မင်းကြီး မေးလိုက်တဲ့ မေးခွန်းကြောင့်ပဲ”

လီထျန်းချန်းက လင်းပိုင်ဖန်ကို စူးစိုက်ကြည့်ရင်း - “ အရှင်မင်းကြီး ဘယ်လိုဖြစ်ပြီး အဲဒီမေးခွန်းကို မေးဖြစ်တာလဲ”

အပိုင်း (၅၁၈)

လင်းပိုင်ဖန်က ခဏတာ စဉ်းစားလိုက်ပြီးနောက် သွေးစွန်းနေသည့် သိုးရေစာလိပ်ကို ထုတ်ယူလိုက်သည်။

“ဒါကို ကြည့်ပြီး ကျွန်တော် သိခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ က ‘ပြိုင်ဘက်ကင်း ကျောက်’ ချန်ထားခဲ့တဲ့ အမွေအနှစ်ပါ”

“ပြိုင်ဘက်ကင်း ကျောက် ဟုတ်လား” လီထျန်းချန်း၏ မျက်နှာရိပ်မျက်နှာကဲ ချက်ချင်း ပြောင်းလဲသွားပြီး စာလိပ်ကို အလောတကြီး လှမ်းယူကာ ဂရုတစိုက် ဖတ်ရှုတော့သည်။

စာလိပ်ပေါ်တွင် စာသား အနည်းငယ်သာ ရှိသော်လည်း သူသည် အမွှေးတိုင်တစ်ဝက်စာခန့် ကြာအောင် စေ့စေ့စပ်စပ် ဖတ်ရှုပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကာ - “တကယ်ပဲ... တကယ်ကို ဒီလို ဖြစ်နေတာကိုး”

လင်းပိုင်ဖန်က မျက်ခုံးပင့်လိုက်ပြီး - “စီနီယာ... ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်များများ သိထားပုံရတယ်နဲ့ တူတယ်”

လီထျန်းချန်းက ခေါင်းခါယမ်းလျက် - “ကျုပ်လည်း အရှင်မင်းကြီးထက် သိပ်ပြီးတော့ များများစားစား ပိုမသိပါဘူး၊ နည်းနည်းပါးပါးပါပဲ။ ဒါက တားမြစ်ထားတဲ့ ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ အရှင်မင်းကြီးလည်း သိနေပြီဆိုတော့ ငါတို့ သေချာလေး ဆွေးနွေးပြီး သတင်းအချက်အလက် ဖလှယ်ကြတာပေါ့”

“စီနီယာ... ထိုင်ပါဦး” လင်းပိုင်ဖန်က သူ့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

လီထျန်းချန်းက သိုးရေစာလိပ်ကို တစ်ခေါက် ထပ်ကြည့်ကာ အချက်အလက်များကို မှတ်သားပြီးနောက် လင်းပိုင်ဖန်ကို ပြန်ပေးလိုက်သည်။ စာလိပ်၏ မြစ်ဖျားခံရာနှင့် နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုတော့ သူ ထပ်မမေးတော့ပေ။ ဤသည်မှာ တစ်ဖက်လူ၏ ကံကြမ္မာနှင့် ပတ်သက်နေပြီး သိုင်းပညာရှင်များအကြား ထိုကဲ့သို့သော ကိစ္စရပ်များကို မေးမြန်းခြင်းမှာ အလွန်တားမြစ်အပ်သော အရာဖြစ်သောကြောင့်ပင်။ လင်းပိုင်ဖန်ဘက်က သူ့ကို ထုတ်ပြခြင်းမှာပင် အတော်လေး သဘောထားကြီးရာ ရောက်နေလေပြီ ဖြစ်သည်။

လီထျန်းချန်းက ခဏစဉ်းစားပြီးနောက် သူ့နောက်တွင် ရှိနေသည့် ယောင်ယောင်ကို လှည့်ပြောလိုက်သည် - “ယောင်ယောင်... သမီး အပြင်ကို ခဏ ထွက်နေလိုက်ဦး”

ယောင်ယောင်မှာ ဇဝေဇဝါဖြစ်သွားကာ - “ဆရာဘိုးဘိုး... ဘာလို့လဲ”

“သမီးက ငယ်သေးတယ်၊ ဒီအကြောင်းကို သိထားတာက မင်းအတွက် မကောင်းဘူး။ သမီးရဲ့ ကျင့်စဉ်တွေကို ထိခိုက်နိုင်တယ်” ဟု လီထျန်းချန်းက လေးလေးနက်နက် ပြောလိုက်သည်။

“ဒါဆို သူကျတော့ ဘာလို့ သိလို့ရတာလဲ” ယောင်ယောင်က လင်းပိုင်ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။

လီထျန်းချန်းက - “ဒီကိစ္စက သူ့ကိုတော့ မထိခိုက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက သိုင်းပညာရှင် မဟုတ်လို့ပဲ။ တကယ်တမ်းကျတော့ ဒါက မဟာရှအတွက်တောင် အကျိုးရှိနိုင်သေးတယ်”

ထိုမျှအထိ လျှို့ဝှက်လွန်းနေသဖြင့် ယောင်ယောင်၏ စပ်စုလိုစိတ်မှာ ပို၍ ထကြွလာကာ ဘာအကြောင်းလဲဆိုသည်ကို သိချင်စိတ် ပြင်းပြနေတော့သည်။ သူမက ချော့မော့၍ တောင်းဆိုလိုက်သည် - “ဆရာဘိုးဘိုးရယ်... ကျွန်မကို ဒီမှာပဲ နေပြီး နားထောင်ခွင့်ပေးပါနော်။ နားထောင်လိုက်လို့လည်း ကျွန်မ အသားပဲ့သွားမှာ မဟုတ်ပါဘူး”

“မရဘူး၊ တခြားကိစ္စဆိုရင် ထားပါတော့။ ဒီကိစ္စကတော့ ညှိနှိုင်းလို့ မရဘူး” လီထျန်းချန်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။

“ယောင်ယောင်... အပြင်ကို ထွက်သွားတော့၊ သမီးရဲ့ ဆရာဘိုးဘိုးကို စိတ်မရှုပ်စေနဲ့” ဇီလျိုလီက ဒေါသသံ စွက်လျက် တင်းတင်းမာမာ ပြောလိုက်သည်။

ယောင်ယောင်မှာ ခေါင်းလေးပုသွားကာ - “ကောင်းပါပြီ... သွားပါ့မယ်” ဟု ဆိုကာ မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။

လီထျန်းချန်းက ပြုံးလိုက်ပြီး - “ဒီကိစ္စက ကောင်းကင်နဲ့ မြေပြင်ရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေသလို အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာလည်း ဖြစ်တယ်။ လူသိနည်းလေ ကောင်းလေပဲ၊ အထူးသဖြင့် လူငယ် သိုင်းပညာရှင်တွေပေါ့။ သိသွားရင် သူတို့ရဲ့ ကျင့်ကြံလိုစိတ်ကို ပျက်ပြားသွားစေနိုင်တယ်”

လင်းပိုင်ဖန်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း လက်ဝှေ့ယမ်းပြကာ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကို ထွက်ခွာသွားစေလိုက်သဖြင့် အခန်းထဲတွင် သူတို့ သုံးဦးတည်းသာ ကျန်ရစ်တော့သည်။ အခန်းအတွင်းမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

လီထျန်းချန်းက တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရရန် ကြိုးစားနေသကဲ့သို့ ခေတ္တ စဉ်းစားနေသည်။ လက်ဖက်ရည် တစ်ခွက်စာခန့် ကြာပြီးနောက်တွင်မှ သူက စတင်ပြောကြားသည် - “‘ကောင်းကင်နဲ့ မြေပြင်ရဲ့ မြင့်မြတ်တဲ့ အစောင့်အရှောက် သားရဲလေးပါး’ အကြောင်း မှတ်တမ်းတွေက ငါတို့ မိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ‘မိစ္ဆာဧကရာဇ်’ ကနေ မြစ်ဖျားခံလာတာပဲ။ သူဟာ မိစ္ဆာဂိုဏ်းကို တည်ထောင်ပြီး အထွတ်အထိပ်ကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အံ့မခန်း ပါရမီရှင်ကြီးတစ်ဦးပေါ့”

“ကျင့်စဉ်ပိုင်းမှာ ပြောရရင် သူဟာ ထူးခြားပြောင်မြောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်။ အသက် ၁၄ နှစ်မှာ ချီဖွဲ့တည်ခြင်းအဆင့်၊ ၃၂ နှစ်မှာ ကောင်းကင်အဆင့်၊ ၈၉ နှစ်မှာ မဟာ‌ကောင်းကင်အဆင့်ကို ရောက်ခဲ့တယ်။ အသက် ၂၀၀ မှာတော့ လောကမှာ ပြိုင်ဘက်မရှိတဲ့ မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်လာခဲ့တာပဲ”

“ပါရမီပိုင်းမှာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ က ‘ပြိုင်ဘက်ကင်း ကျောက်’ တစ်ယောက်ပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်”

လင်းပိုင်ဖန်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ မိစ္ဆာဂိုဏ်း တည်ထောင်သူ မိစ္ဆာဧကရာဇ်သည် အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းလှသူ ဖြစ်သည်။ သိုင်းလောက သမိုင်းတစ်လျှောက်တွင် သူ့ကို ယှဉ်နိုင်သူမှာ ဆယ်ယောက်ထက် မပိုပေ။

“ဂိုဏ်းတည်ထောင်သူဟာ ခေတ်အဆက်ဆက်မှာ တွေ့ရခဲတဲ့ ပါရမီရှင်ဖြစ်ပြီး သူရှိနေတဲ့ ခေတ်မှာလည်း ပြိုင်ဘက်ကင်းခဲ့တဲ့အတွက် သူဟာ အလွန် မာနကြီးပြီး ထောင်လွှားတဲ့သူ တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ သူက နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးပြီး မြေကမ္ဘာအင်မော်တယ်လို အဆင့်မျိုး ရောက်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်”

“ဒါကြောင့် သူဟာ မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်ပြီး မကြာခင်မှာပဲ ဂိုဏ်းချုပ်ရာထူးကနေ နုတ်ထွက်ပြီး အခွင့်အလမ်းသစ်တွေ ရှာဖို့ ပင်လယ်ရပ်ခြားကို တစ်ယောက်တည်း ထွက်သွားခဲ့တယ်။ သူ ထွက်သွားပြီးနောက်မှာ ဘယ်တော့မှ ပြန်မလာတော့ဘူး”

“ခုနစ်နှစ် ကြာတဲ့အထိ ဘာသတင်းမှ မရခဲ့ဘဲ၊ နောက်ပိုင်းမှ ငါတို့ မိစ္ဆာဂိုဏ်းက စီနီယာတစ်ယောက်က လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်က ကျောက်တုံးကြီးပေါ်မှာ ဂိုဏ်းတည်ထောင်သူ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို တွေ့ခဲ့ရတာ။ အဲဒါတွေက သွေးတွေ စွန်းထင်းနေတဲ့ လက်ချောင်းတွေနဲ့ တစ်ချက်ချင်း ထွင်းထုထားတဲ့ ရိုးရှင်းတဲ့ စာသားတွေပဲ...”

“ဘာစာသားတွေလဲ” လင်းပိုင်ဖန်က စိတ်ဝင်တစား မေးလိုက်သည်။

“လောကမှာ သားရဲလေးပါး ရှိတယ်။ မြင့်မြတ်ကောင်းကင်အဆင့်သို့ မတက်လှမ်းပါနှင့်၊ အလွန် အန္တရာယ်များသည်” လီထျန်းချန်းက စကားလုံး တစ်လုံးချင်းစီကို လေးလေးနက်နက် ပြောလိုက်သည်။

လင်းပိုင်ဖန်က သူ့လက်ထဲက သိုးရေစာလိပ်ကို ကြည့်ကာ တိုက်ဆိုင်မှုအပေါ် အံ့သြနေမိသည်။

“ဒါဟာ ငါတို့ဂိုဏ်းမှာ ရှိတဲ့ သားရဲလေးပါးအကြောင်း အစောဆုံး မှတ်တမ်းပဲ၊ မိစ္ဆာဧကရာဇ်ဆီကနေ လာတာပေါ့။ အဲဒီအချိန်က မိစ္ဆာဂိုဏ်းက စီနီယာတွေက ဒီစာသားတွေရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေမဲ့ မှတ်တမ်းတင်ထားခဲ့ကြတယ်”

“အဲဒီနောက် နှစ်ပေါင်း တစ်ထောင်လောက် ငြိမ်သက်သွားပြီးတော့ ငါတို့ မိစ္ဆာဂိုဏ်းမှာ နောက်ထပ် ထူးခြားတဲ့ စီနီယာတစ်ယောက် ထပ်ပေါ်လာပြန်တယ်”

“မိစ္ဆာအရှင် ချင်ထျန်း လား” ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။

“ဟုတ်တယ်၊ သူပဲ။ ငါတို့ မိစ္ဆာဂိုဏ်းကို ပြန်လည် နိုးထစေခဲ့တဲ့သူပေါ့။ သူ့ရဲ့ ပါရမီက မိစ္ဆာဧကရာဇ်နဲ့ ရင်ဘောင်တန်းနိုင်တယ်။ အသက် ၂၅၀ မှာ မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်လာပြီး လောကမှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်ခဲ့တာပဲ” လီထျန်းချန်း၏ လေသံမှာ အားကျရိုသေမှုများဖြင့် ပြည့်နှက်နေသည်။

“သူဟာ လောကမှာ အင်အားအကြီးဆုံး ဖြစ်လာပြီးနောက်မှာလည်း အားမရနိုင်ဘဲ နောက်ထပ် ခြေလှမ်းသစ်တွေဆီ လှမ်းချင်ခဲ့တယ်။ ဒါကြောင့် သူဟာလည်း ရှေးလူကြီးတွေရဲ့ ခြေရာကို လိုက်ပြီး ပင်လယ်ရပ်ခြားကို ထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူလည်းပဲ ပြန်မလာခဲ့ပြန်ဘူး”

“အနှစ် ခုနစ်ဆယ် ကြာပြီးတဲ့နောက်မှာတော့ ငါတို့ မိစ္ဆာဂိုဏ်းက မိစ္ဆာအရှင်ရဲ့ ရုပ်ကြွင်းကို ပင်လယ်ရပ်ခြားမှာ တွေ့ခဲ့ရတယ်။ သူ့ရဲ့ ရုပ်အလောင်းက ပုပ်သိုးခြင်း မရှိသေးဘဲ အဲဒီအပေါ်မှာ လက်ချောင်းတွေနဲ့ ထွင်းထုထားတဲ့ စာသား ရှစ်လုံးကို တွေ့ခဲ့ရတယ်”

“ဘာစာသားတွေလဲ” လင်းပိုင်ဖန်က ထပ်မံ မေးမြန်းလိုက်သည်။

“မြင့်မြတ်ကောင်းကင်အဆင့်သို့ မတက်လှမ်းပါနှင့်၊ အလွန် အန္တရာယ်များသည်” လီထျန်းချန်းက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

လင်းပိုင်ဖန် တိတ်ဆိတ်သွားတော့သည်။

“ဒါဟာ မိစ္ဆာအရှင် ချင်ထျန်းက သူ့ရဲ့ အသက်နဲ့လဲပြီး ပေးခဲ့တဲ့ သတိပေးချက်ပဲ။ မိစ္ဆာဂိုဏ်းက စီနီယာတွေ ဒီစာသားတွေကို မြင်တဲ့အခါ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဂိုဏ်းတည်ထောင်သူ ချန်ထားခဲ့တဲ့ သွေးစာသားတွေကို ပြန်သတိရသွားကြတယ်။ စီနီယာ နှစ်ယောက်လုံးက ပင်လယ်ရပ်ခြားမှာပဲ ဘေးဒုက္ခနဲ့ ကြုံခဲ့ရပြီး သူတို့ ပေးခဲ့တဲ့ သတိပေးချက်တွေကလည်း အတော်လေး တူညီနေတယ်။ အဲဒါက ကြီးမားတဲ့ ထိတ်လန့်စရာ အန္တရာယ်တစ်ခု ရှိနေတယ်ဆိုတာကို ညွှန်ပြနေတာမို့ လျှို့ဝှက် စုံစမ်းမှုတွေ စတင်ခဲ့ကြတယ်”

“နောက်ဆုံးမှာတော့ တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဂိုဏ်းတွေမှာလည်း အလားတူ အတွေ့အကြုံတွေ ရှိခဲ့တာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ မြင့်မြတ်ကောင်းကင်အဆင့်တွေလည်း ဘေးဆိုးနဲ့ ကြုံခဲ့ရပြီး အလားတူ သတိပေးချက်တွေ ချန်ထားခဲ့ကြတာပဲ။ ဒါကြောင့် ငါတို့ ဂိုဏ်းသုံးခု သတင်းအချက်အလက်တွေ ဖလှယ်ကြတဲ့အခါမှာ ကြောက်စရာကောင်းတဲ့ နိဂုံးတစ်ခုကို ရောက်ရှိသွားခဲ့ကြတယ်”

“ဘာနိဂုံးလဲ”

“ဒီလောကမှာ မိုးပြာရောင်နဂါး၊ ကျူဖြူ၊ ဖီးနစ် နဲ့ လိပ်နက် ဆိုတဲ့ သားရဲကြီး လေးကောင် ရှိတယ်။ သူတို့ဟာ သဘာဝအလျောက် မွေးဖွားလာကြသူတွေ ဖြစ်ပြီး သက်တမ်း အလွန်ရှည်သလို ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်။ မြင့်မြတ်ကောင်းကင်အဆင့်တွေကလွဲရင် ဘယ်သူမှ သူတို့ကို မမြင်နိုင်ကြဘူး”

“ဒါပေမဲ့ မြင့်မြတ်ကောင်းကင်အဆင့်တစ်ယောက်က သူတို့နဲ့ တွေ့ပြီဆိုရင်တော့ အဲဒါဟာ အဆုံးသတ်ပဲ”

“သူတို့မှာ ကြီးမားတဲ့ တာဝန်တစ်ခု ရှိနေပုံရတယ်၊ အဲဒါကတော့ မြင့်မြတ်ကောင်းကင်အဆင့်တွေကို လိုက်လံ သတ်ဖြတ်ဖို့ပဲ”

“သူတို့က အရမ်း အစွမ်းထက်လွန်းတယ်၊ မျှော်လင့်ချက် ကုန်ဆုံးသွားလောက်အောင်ကို ခွန်အားကြီးလွန်းတယ်။ မြင့်မြတ်ကောင်းကင် တစ်ယောက်မှ သူတို့ လက်ထဲကနေ လွတ်အောင် မပြေးနိုင်ခဲ့ကြဘူး။ ဒါကြောင့် ခေတ်အဆက်ဆက် ပျောက်ဆုံးသွားခဲ့တဲ့ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တွေအားလုံးဟာ အဲ့ဒီသားရဲတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြတာလို့ ငါတို့ အသေအချာ ပြောနိုင်တယ်”

လီထျန်းချန်း၏ အသံမှာ စိတ်ပျက်အားလျော့မှုနှင့် သက်ပြင်းချသံများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းကတော့ ရှေ့ဆက် တက်လှမ်းပြီး လောကမှာ အင်အားအကြီးဆုံးဖြစ်တဲ့ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်ချင်ကြတာပင်။ ဒါပေမဲ့ ဒါဟာ သေမင်းတံခါးဝ ဖြစ်နေတယ်ဆိုတာ ဘယ်သူ သိမှာလဲ။ အဆင့် တက်လှမ်းတာ မြန်လေ၊ သေဖို့ နီးလေပင် ဖြစ်သည်။

လင်းပိုင်ဖန်မှာ တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ ဤလမ်းသည် အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့သော လမ်း ဖြစ်နေတော့သည်။ အထူးသဖြင့် ယခု သူကိုယ်တိုင်မှာ မြင့်မြတ်ကောင်းကင် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ထိုသားရဲကြီး လေးကောင်ကို သူကိုယ်တိုင်လည်း ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။

“အဲဒီအချိန်ကစပြီး ငါတို့ မိစ္ဆာဂိုဏ်းက စီနီယာတွေဟာ မဟာ‌ကောင်းကင် အဆင့်မှာပဲ ရပ်တန့်ခဲ့ကြပြီး ရှေ့ကို ဆက်မတက်ခဲ့ကြတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီခြေလှမ်းက သေလမ်း ဖြစ်နေလို့ပဲ။ ဘယ်သူမှ မသေချင်ကြဘူးလေ”

ထိုအခါမှ လင်းပိုင်ဖန်သည် မိစ္ဆာဂိုဏ်းက နှစ်ပေါင်း ၃,၀၀၀ အတွင်း ဘာကြောင့် မြင့်မြတ်ကောင်းကင်အဆင့် တစ်ယောက်မှ မပေါ်ထွက်ခဲ့ရသလဲဆိုသည်ကို နားလည်သွားတော့သည်။ သူတို့ ကျင့်ကြံလို့ မရတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိကို မတက်လှမ်းခဲ့ကြခြင်း ဖြစ်သည်။ တခြား ဂိုဏ်းကြီးနှစ်ခုမှာလည်း အလားတူပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် အဆင့်တက်လှမ်းလိုက်သည်နှင့် ထိုသားရဲလေးပါး၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရမည်ကို ကြောက်ရွံ့နေကြခြင်းပင်။ ပုရွက်ဆိတ်လေးတွေတောင် အသက်ကို နှမြောကြသေးတာပဲ၊ သူတို့ဆိုရင် ပိုဆိုးမှာပင်။

“သူတို့ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရပြီးတော့ လွတ်မြောက်ခဲ့တဲ့ စီနီယာ တစ်ယောက်မှ တကယ်ပဲ မရှိဘူးလား” ဟု လင်းပိုင်ဖန်က မကျေမနပ် မေးလိုက်သည်။

လီထျန်းချန်းက ခေါင်းခါယမ်းကာ - “တစ်ယောက်မှ မရှိခဲ့ဘူး။ ပုန်းနေလည်း အလကားပဲ။ ငါတို့ဂိုဏ်းက မြင့်မြတ်ကောင်းကင်အဆင့် တစ်ယောက် အဲဒီလို လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄,၀၀၀ က ထင်ရှားတဲ့ စီနီယာကြီးတစ်ဦးပေါ့။ ငါတို့က သူ့ကို အခြေအနေတွေ အကုန်ပြောပြပြီး ပုန်းနေဖို့၊ သူ့ရဲ့ ကျင့်စဉ်တွေကို ထုတ်မပြဖို့ အကြံပေးခဲ့တယ်။ သူကလည်း ပြောတဲ့အတိုင်း လုပ်ခဲ့ပေမဲ့ ခုနစ်ရက် အတွင်းမှာတင် ဘာအစအနမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ က နောက်ထပ် စီနီယာ တစ်ယောက်လည်း ဒီလိုပဲ လုပ်ခဲ့ပေမဲ့ မလွတ်ခဲ့ဘူး။ သူ မပျောက်ကွယ်သွားခင် သုံးရက်အလိုမှာ သူ့ကို အားကောင်းလှတဲ့ စိတ်အာရုံ လေးခုက ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ ခံစားခဲ့ရတယ်တဲ့။ သူ ဘယ်လိုပဲ ပုန်းပုန်း နောက်ဆုံးတော့ အဲဒီ စိတ်အာရုံ လေးခုရဲ့ လက်ထဲကနေ မလွတ်ဘဲ ပျောက်ကွယ်သွားခဲ့တာပဲ”

“ဒါကြောင့် ဒီဖြစ်ရပ် နှစ်ခုကို ကြည့်ပြီး ငါတို့ ခန့်မှန်းနိုင်တာကတော့ အဲဒီ သားရဲလေးပါးဟာ မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို ရှာဖွေနိုင်စွမ်း ရှိတယ်ဆိုတာပဲ။ တစ်စုံတစ်ယောက်က အဲ့ဒီ အဆင့်ကို ရောက်တာနဲ့ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာတော့တာပဲ၊ ပြီးရင်တော့ အသက်ပျောက်ဖို့ပဲ ရှိတော့တယ်”

ဒါတွေကို ကြားပြီးနောက် လင်းပိုင်ဖန်၏ စိတ်အစဉ်မှာ အတော်ကြာအောင် တည်ငြိမ်မသွားနိုင်ခဲ့ပေ။ သူသည် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။ လောကတွင် မြင့်မြတ်ကောင်းကင်အဆင့်တွေကို လိုက်လံသတ်ဖြတ်နေသည့် သားရဲလေးပါး ရှိနေပြီး သူတို့လက်က လွတ်အောင် မပြေးနိုင်ဘဲ သေဆုံးကြရမည် ဆိုပါလား။ အခု သူလည်း မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်နေပြီဆိုတော့ ရှေးလူကြီးတွေလိုပဲ အဆုံးသတ်ရတော့မှာလား။

သို့သော်လည်း တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားမိသည်။ လီထျန်းချန်း ပြောတာသာ အမှန်ဆိုလျှင်၊ ထိုသားရဲလေးကောင်က အထွတ်အထိပ် အဆင့်ကို ရှာဖွေနိုင်စွမ်း ရှိတယ်ဆိုလျှင် ဘာကြောင့် သူ့ကို အခုထိ ရှာမတွေ့သေးတာပါလိမ့်။ သူသည် အရင်က မြင့်မြတ်ကောင်းကင်အဆင့် မဟုတ်ခဲ့သော်လည်း အင်ပါယာ မြေပုံ၏ စွမ်းအားကြောင့် သူ့နယ်မြေအတွင်းမှာဆိုလျှင် မြင့်မြတ်ကောင်းကင်အဆင့် တစ်ယောက်၏ အစွမ်းမျိုးကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ဒါဆို ဘာလို့ သူတို့ သူ့ဆီ ရောက်မလာခဲ့ကြတာလဲ။ အဲဒီတုန်းက ငါ့ရဲ့ ခန္ဓာကိုယ် အနှစ်သာရက မပြောင်းလဲသေးလို့လား။ ဒါပေမဲ့ အခု ငါက မြင့်မြတ်ကောင်းကင်အဆင့်ကို တကယ် ရောက်ရှိသွားပြီပဲ၊ ဒါဆို ဘာလို့ အခုထိ သူတို့ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးတာလဲ။

All Chapters