← Chapters

အခန်း (၅၁၉-၅၂၀)

Vol. 48 Ch. 519-520

အခန်း (၅၁၉-၅၂၀)

Vol. 48 Ch. 519-520

အပိုင်း (၅၁၉)

လင်းပိုင်ဖန်၏ အတွေးများက တစ်စနှင့်တစ်စ နယ်ပယ်ချဲ့ထွင်လာတော့သည်။

ကောင်းကင်နှင့်မြေပြင်၏ သန့်စင်သော သားရဲလေးပါးမှာ လောကကြီး၏ ကံကြမ္မာမှ မွေးဖွားလာသူများ ဖြစ်ကြပြီး လောကကြီးကို စောင့်ရှောက်ရန် တာဝန်ရှိသည့် ကောင်းကင်နှင့်မြေပြင်၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်နေကြသည်။

သူတို့က မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို လိုက်လံသတ်ဖြတ်ရခြင်း အကြောင်းရင်းမှာ ထိုအဆင့်ရှိသူများ၏ ကံကြမ္မာသည် ကောင်းကင်နှင့်မြေပြင်ဆီမှ လုံးလုံးလျားလျား လာသောကြောင့် ဖြစ်ပေလိမ့်မည်။

ထိုသူများသည် မိမိတို့ခေတ်တွင် ပြိုင်ဘက်ကင်း အစွမ်းထက်သူများ ဖြစ်ကြသော်လည်း သူတို့၏ လမ်းခရီးတစ်လျှောက်တွင် လောကကြီး၏ ကံကြမ္မာများ ဖြစ်သော စိတ်ဝိညာဉ်စွမ်းအင်များ၊ ကောင်းကင်ဘုံရတနာများ စသည်တို့ကို အလွန်အကျွံ စားသုံးခဲ့ကြရာ လောကကြီးတွင် စွမ်းအင်မမျှတမှုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် ထိုသူများကို သတ်ဖြတ်ပြီး သူတို့ပိုင်ဆိုင်သည့် ကံကြမ္မာများကို ကောင်းကင်နှင့်မြေပြင်ဆီ ပြန်လည် ပေးအပ်ခြင်းဖြင့် ဟန်ချက်ညီမှုကို ပြန်လည် ထိန်းညှိခြင်းပင် ဖြစ်သည်။

ယုတ္တိအရ ကြည့်လျှင် အတော်လေး ဖြစ်နိုင်ခြေရှိသော အချက်ပင် ဖြစ်လေ၏။

အကယ်၍ ဤအတွေးသာ မှန်ကန်မည်ဆိုပါက ထိုသားရဲကြီးများ ဘာကြောင့် သူ့ဆီ ရောက်မလာသေးသလဲဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

အကြောင်းမှာ သူ၏ စွမ်းအားများသည် ကောင်းကင်နှင့်မြေပြင်၏ ကံကြမ္မာဆီမှ လာခြင်းမဟုတ်ဘဲ အင်ပါယာ မြေပုံဆီမှ လာခြင်း ဖြစ်သောကြောင့်ပင်။

သူသည် လောကကြီး၏ ကံကြမ္မာကို တစ်ခါမျှ မသုံးစွဲခဲ့သလို၊ လောကကြီးကိုလည်း ဟန်ချက်မပျက်စေခဲ့ပေ။ ထို့ပြင် သူသည် မြင့်မြတ်ကောင်းကင်အဆင့်၏ စွမ်းအားကို သူတစ်ပါးရှေ့တွင် တစ်ခါမျှ ထုတ်မပြခဲ့ဖူးသဖြင့် သူတို့အနေဖြင့် သတိမထားမိကြသည်မှာ သဘာဝကျပေသည်။

လင်းပိုင်ဖန် ပို၍ တွေးတောလေလေ၊ အမှန်တရားနှင့် ပို၍ နီးစပ်လာသလို ခံစားရလေလေ ဖြစ်သည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် ကံကောင်းသည်ဟု မှတ်ယူနေမိသည်။ သူသည် စိတ်ရှည်သည်းခံခဲ့ပြီး မိမိ၏ အစွမ်းအစကို ထုတ်မပြခဲ့မိခြင်းမှာ အမှန်တကယ်ပင် မှန်ကန်ခဲ့လေသည်။ မဟုတ်လျှင် သူသည်လည်း ဘေးဒုက္ခနှင့် ကြုံနေရလောက်ပြီ မဟုတ်ပါလား။

သို့သော်လည်း ဤသည်မှာ သူ၏ ခန့်မှန်းချက်သာ ရှိသေးသည်။ အမှန်တရားကို အတည်မပြုနိုင်သေးသဖြင့် နောင်တွင် ဆက်လက်၍ သတိထားရန်သာ သူ ဆုံးဖြတ်လိုက်တော့သည်။

သူ၏ အစွမ်းအစက ထိုသားရဲကြီးများကို ကျော်လွန်သွားသည့် အခါကျမှသာ သူသည် စိတ်အေးလက်အေး နေနိုင်ပေလိမ့်မည်။

“ဒါကတော့ သားရဲလေးပါးနဲ့ ပတ်သက်ပြီး ငါ သိထားသမျှပဲ” ဟု လီထျန်းချန်းက ခပ်ဖွဖွ ပြုံးလျက် ပြောလိုက်သည်။

“သူတို့က လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ကြပေမဲ့ လူ့လောကကိုတော့ ဘယ်တော့မှ ဝင်မစွက်ဖက်ကြဘူး။ မင်းဘက်က မြင့်မြတ်ကောင်းကင်အဆင့်ကို တက်လှမ်းဖို့ မကြိုးစားသရွေ့ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ဒီလောကမှာ မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်နိုင်တဲ့သူက ဘယ်နှယောက် ရှိလို့လဲ။ ငါကိုယ်တိုင်တောင် အဲဒီ ခြေလှမ်းကြီးကို လှမ်းဖို့ ယုံကြည်ချက် မရှိဘူး။ ဒါကြောင့် အပိုတွေ တွေးပြီး စိတ်မညစ်စမ်းပါနဲ့”

“ဒါလည်း ဟုတ်တာပါပဲ” လင်းပိုင်ဖန်က အောင့်သက်သက်ဖြင့် ရယ်မောလိုက်သည်။

ခင်ဗျားကတော့ စိတ်မညစ်ရပေမဲ့ ကျွန်တော်ကတော့ ညစ်နေရပြီလေ….!

ငါက ငါ့ကိုယ်ငါ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာ၊ တကယ်တမ်းကျတော့ ငါ့ခေါင်းပေါ်မှာ ကြောက်စရာ ကောင်းတဲ့ သတ္တဝါကြီး လေးကောင် ရှိနေသေးတာပဲ၊ F**k…..!!!

အခွင့်သာတာနဲ့ အဲဒီကောင်တွေကို အကောင်လိုက် ချက်စားပစ်ဦးမယ်…..!

“အရှင်မင်းကြီး... ကျွန်တော့်မှာ ဆွေးနွေးစရာ ဒုတိယကိစ္စ တစ်ခု ရှိပါသေးတယ်” လီထျန်းချန်း၏ မျက်နှာပေးမှာ လေးနက်သွားသည်။

လင်းပိုင်ဖန် လန့်သွားကာ - “ဘာကိစ္စများလဲ”

“အရှင်မင်းကြီးရဲ့ နောက်ကွယ်မှာရှိတဲ့ ဆရာကြီးနဲ့ ကျွန်တော် တွေ့ချင်ပါတယ်။ ကျေးဇူးပြုပြီး မိတ်ဆက်ပေးလို့ရမလား”

“ကျွန်တော့်နောက်ကွယ်က ဆရာကြီး ဟုတ်လား” လင်းပိုင်ဖန်မှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။

ငါ့နောက်မှာ ဆရာကြီး ရှိနေတာ ငါကိုယ်တိုင်တောင် မသိပါလား…

လီထျန်းချန်းနှင့် သူ၏ တပည့်မဖြစ်သူတို့က လင်းပိုင်ဖန်၏ ကြောင်တောင်တောင် အမူအရာကို ကြည့်ပြီး သူ တကယ်မသိသယောင် ဟန်ဆောင်နိုင်မှုအပေါ် စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးလိုက်ကြသည်။

ငါတို့သာ ကြိုတင် ပြင်ဆင်မထားရင် မင်းရဲ့ သရုပ်ဆောင်မှုအောက်မှာ အလိမ်ခံရမှာ သေချာတယ်….

“အရှင်မင်းကြီး... ကျွန်တော်တို့ကို ဖုံးကွယ်မနေပါနဲ့တော့။ မဟာရှနောက်ကွယ်မှာ မဟာ‌ကောင်းကင်အဆင့် တစ်ယောက် ရှိနေတာကို ကျွန်တော်တို့ သိတာ ကြာပါပြီ။ သူသာ တိတ်တဆိတ် မကူညီခဲ့ရင် မဟာရှက ဒီလောက်အထိ ချောချောမွေ့မွေ့နဲ့ တည်ငြိမ်စွာ တိုးတက်လာနိုင်စရာ အကြောင်း မရှိပါဘူး”

လီထျန်းချန်းက လင်းပိုင်ဖန်ကို အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

“ဟုတ်ပါတယ် အရှင်မင်းကြီး”

ဇီလျိုလီက ပြုံးလျက် - “အရှင်မင်းကြီးနောက်မှာ ဓားသိုင်းပညာရှင် ဆရာကြီးတစ်ယောက် ဝန်းရံပေးထားတယ်ဆိုတာ ကျွန်မတို့ သိထားပြီးသားပါ”

“ခင်ဗျားတို့ ဘယ်လိုကြောင့် ဒီလို ကောက်ချက်ချလိုက်တာလဲ။ တစ်ခုခုတော့ မှားနေပြီ ထင်တယ်” ဟု လင်းပိုင်ဖန်က ဝေဝေဝါးဝါးပင် ပြောလိုက်သည်။

လီထျန်းချန်းနှင့် သူ၏ တပည့်မမှာ စိတ်ထဲမှ ထပ်မံ ချီးကျူးလိုက်ကြပြန်သည် - တကယ်ကို လည်လွန်းတဲ့ မြေခွေး‌လေးပဲ…

ဒါကြောင့်လည်း သူက မဟာရှကို ဒီလောက်ကြီးမားတဲ့ အင်ပါယာကြီးဖြစ်အောင် တည်ထောင်နိုင်ခဲ့တာပေါ့….

“အရှင်မင်းကြီး... ကျွန်မတို့ ပထမဆုံး ဆုံခဲ့ကြတုန်းက မှတ်မိသေးလား” ဟု ဇီလျိုလီက မေးလိုက်သည်။

“မှတ်မိတာပေါ့”

လင်းပိုင်ဖန်က ပြန်ဖြေလိုက်သည် - “အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် စစ်ချီခဲ့ပြီး မဟာရွှယ်ကို သိမ်းပိုက်ပြီးစအချိန်လေ။ စစ်စခန်းထဲမှာ ကျွန်တော်တို့ ဆုံခဲ့ကြတာပဲလေ”

“အဲဒီအချိန်တုန်းက အရှင်မင်းကြီးရဲ့ စစ်စခန်းထဲမှာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါကို ကျွန်မ ခံစားခဲ့ရတယ်။ ခဏတာလေး ဆိုပေမဲ့ ကျွန်မ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သတင်းအချက်အလက် အမျိုးမျိုးအရ မဟာရှရဲ့ အောင်မြင်မှုတွေဟာ နောက်ကွယ်က လျှို့ဝှက်ဓားသိုင်းဆရာကြီးနဲ့ မကင်းဘူးဆိုတာ သိလာခဲ့ရတာပါ”

“သူက လူလုံးမပြပေမဲ့ အရှင်မင်းကြီး အကျပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့ အခါတိုင်း သူက ဝင်စွက်ဖက်ပြီး အခြေအနေကို ပြောင်းလဲပေးခဲ့တယ်။ ဒါကြောင့် အရှင်မင်းကြီးရဲ့ နောက်ကွယ်မှာ မဟာ‌ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် ရှိနေတယ်လို့ ကျွန်တော်တို့ သဘာဝကျကျပဲ ကောက်ချက်ချလိုက်တာပါ”

“ဪ... ဒီလိုကိုး” လင်းပိုင်ဖန် စိတ်ထဲမှ တွေးလိုက်သည်။

ထိုညက သူသည် မဟာ‌ကောင်းကင်အဆင့်ကို စတင်တက်လှမ်းနိုင်ခဲ့ချိန် ဖြစ်ပြီး သူ၏ အရှိန်အဝါကို အချိန်မီ မဖုံးကွယ်နိုင်ခဲ့သဖြင့် သူမ သတိထားမိသွားခြင်း ဖြစ်ပေလိမ့်မည်။

တကယ်တမ်းတွင် တစ်ဖက်လူသာ သိုင်းပညာရှင် မဟုတ်ခဲ့လျှင်၊ သို့မဟုတ် အနားတွင် ရှိမနေခဲ့လျှင် သေချာပေါက် သတိထားမိမည် မဟုတ်ပေ။ သို့သော်လည်း တိုက်ဆိုင်မှုများက ပုံပြင်တစ်ပုဒ်ဖြစ်လာရန် ဖန်တီးပေးခဲ့လေပြီ ဖြစ်သည်။

ထို့နောက်တွင် ဖြစ်လာသည့် အကြောင်းပြချက်များကလည်း အလိုအလျောက် အံဝင်ခွင်ကျ ဖြစ်သွားတော့သည်။

သူ မဟာရှကို စတင်အုပ်ချုပ်စဥ်က တိုင်းပြည်မှာ အင်အားချည့်နဲ့နေပြီး အစွမ်းထက်သူများ မရှိခဲ့သဖြင့် သူကိုယ်တိုင် အရာအားလုံးကို လုပ်ဆောင်ခဲ့ရသည်။

အင်ပါယာမြေပုံကို အသုံးချ၍ သူသည် လူလုံးမပြဘဲ ဝင်ရောက်စွက်ဖက်နိုင်ခဲ့ရာ သူတစ်ပါးက သူ့နောက်ကွယ်တွင် ဆရာကြီးတစ်ဦး ရှိနေသည်ဟု လွဲမှားစွာ ယုံကြည်သွားကြခြင်း ဖြစ်သည်။

မိစ္ဆာဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းကြီးမှာ ကမ္ဘာအနှံ့ သတင်းရယူနိုင်သဖြင့် ဤအချက်ကို စုံစမ်းမိသွားကြခြင်း ဖြစ်ပေမည်။

ထို့ကြောင့်ပင် သူတို့သည် လင်းပိုင်ဖန်နောက်ကွယ်တွင် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် ရှိနေသည်ဟု အခိုင်အမာ ယူဆလိုက်ကြတော့သည်။

ဤနေရာတွင် အချက်အလက်များစွာက ရှင်းလင်းသွားတော့သည်။

မိစ္ဆာဂိုဏ်းက ဘာကြောင့် မဟာရှကို ဒီလောက်အထိ အပင်ပန်းခံ ကူညီနေရသလဲဆိုသည်မှာ သူ၏နောက်ကွယ်က မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကို မျက်နှာသာရရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

မဟာကောင်းကင်အဆင့် သိုင်းပညာရှင်များ စိုးမိုးထားသည့် ခေတ်ကြီးတွင် ထိုသို့သောသူတစ်ဦးကို မိတ်ဆွေအဖြစ် ရရှိထားခြင်းမှာ လူတိုင်း လိုချင်သော်လည်း မရနိုင်သည့် အခွင့်အရေးပင် ဖြစ်သည်။

၎င်းက ကမ္ဘာ့အာဏာချိန်ခွင်လျှာကို တိုက်ရိုက် လွှမ်းမိုးနိုင်စွမ်း ရှိသည်မဟုတ်ပါလား။

အနည်းဆုံးတော့ တာအိုဂိုဏ်း၊ ဗုဒ္ဓဂိုဏ်းတို့နှင့် ထိပ်တိုက်တွေ့လျှင် သူတို့ဘက်က အရှုံးမရှိနိုင်တော့ပေ။

“အရှင်မင်းကြီး စိတ်ချပါ၊ ဒီကိစ္စကို ကျွန်မ တခြားဘယ်သူ့ကိုမှ မပြောပါဘူး။ ကျွန်မနဲ့ ဆရာဘိုးဘိုး နှစ်ယောက်ပဲ သိတာပါ” ဟု ဇီလျိုလီက လင်းပိုင်ဖန်ကို စိတ်ချစေရန် ပြောလိုက်သည်။

လီထျန်းချန်းကလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ ထိုစကား မှန်ကန်ကြောင်း အတည်ပြုပေးလေသည်။

အပိုင်း (၅၂၀)

လင်းပိုင်ဖန်က သက်ပြင်းတစ်ချက်ချကာ ပြုံးလျက် ပြောလိုက်သည်။

“ဒီလောက်အထိ ဖုံးကွယ်ထားတာတောင် ခင်ဗျားတို့ ရိပ်မိသွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဟုတ်ပါတယ်... ကျွန်တော့်နောက်ကွယ်မှာ မဟာကောင်းကင်အဆင့် ဆရာကြီးတစ်ယောက် ရှိနေတာ အမှန်ပါပဲ”

လီထျန်းချန်းနှင့် သူ၏တပည့်မမှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့ တောက်လျှောက် သံသယဖြစ်နေခဲ့သည့်အချက်မှာ ယခုတော့ အမှန်တကယ် အတည်ဖြစ်သွားပြီ မဟုတ်ပါလား။

“ဒါကို လျှို့ဝှက်ထားရတဲ့ အကြောင်းရင်းကတော့ အဲဒီတုန်းက မဟာရှက အင်အားနည်းလွန်းနေလို့ပါ။ အကယ်၍သာ လူသိရှင်ကြား ဖြစ်သွားခဲ့ရင် မိစ္ဆာတွေနဲ့ အကောက်ကြံမယ့်သူတွေ ဝိုင်းလာကြမှာ သေချာတယ်။ အဲဒီလို ရှုပ်ထွေးမှုတွေကို မဟာရှက တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ အခြေအနေက အခုထက် ပိုဆိုးသွားနိုင်တယ်...”

“အရှင်မင်းကြီး... ကျွန်တော် အပြည့်အဝ နားလည်ပါတယ်”

လီထျန်းချန်းက ခေါင်းညိတ်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။

“အဲဒီအချိန်က မဟာရှက တကယ်ကို အားနည်းလွန်းနေတာပါ။ တကယ်လို့ အဲဒီဆရာကြီးရဲ့ တည်ရှိမှုသာ ပေါက်ကြားသွားခဲ့ရင် ဒါက ကံကောင်းခြင်းမဟုတ်ဘဲ ဘေးဒုက္ခကိုပဲ ဖိတ်ခေါ်သလို ဖြစ်နေမှာပါ”

“မှန်တာပေါ့”

လင်းပိုင်ဖန်က ထောက်ခံလိုက်ပြီး - “ဒါ့အပြင် အဲဒီစီနီယာက သိုင်းပညာမှာပဲ စိတ်နှစ်ထားပြီး အပြင်လောကကိစ္စတွေကို ဝင်မစွက်ဖက်ချင်ဘူး။ ဒါကြောင့် အခုထက်ထိ လျှို့ဝှက်ထားခဲ့တာပါ။ နောင်လည်း ဒီအတိုင်းပဲ ဖြစ်နေပါလိမ့်မယ်”

“လျှို့ဝှက်ထားတာ ကောင်းပါတယ်”

လီထျန်းချန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါက အလွယ်တကူ ထုတ်မပြရမယ့် ဝှက်ဖဲ ပဲလေ။ အရေးကြီးတဲ့ အချိန်ကျမှ ထုတ်သုံးရင် အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားရှိတယ်”

လင်းပိုင်ဖန်က ခါးသီးစွာ ပြုံးလျက် လက်နှစ်ဖက်ကို ဖြန့်ပြကာ - “ဒါပေမဲ့လည်း ခင်ဗျားတို့ သိသွားခဲ့ပြီပဲလေ”

လီထျန်းချန်းက ချက်ချင်းပင် ကတိပေးလိုက်သည်။

“အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်တို့ သိထားပေမဲ့ ဒါဟာ ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်ကြားမှာပဲ ရှိမယ့် လျှို့ဝှက်ချက်ပါ။ ကျွန်တော်တို့ ဆက်ပြီး ဖုံးကွယ်ထားပေးပါ့မယ်။ ဒါ့အပြင် ယောင်ယောင်နဲ့ အရှင်မင်းကြီးရဲ့ ပတ်သက်မှုကို ကြည့်ရင် ကျွန်တော်တို့က မိသားစုလို ဖြစ်နေပြီပဲ မဟုတ်လား။ တစ်ဦးကိုတစ်ဦး ယုံကြည်လို့ ရပါတယ်”

လင်းပိုင်ဖန်က ဝေခွဲမရဖြစ်ဟန်ဖြင့် - “ဒါပေမဲ့ ယောင်ယောင်က ကျွန်တော့်ကို လက်ထပ်ဖို့ သဘောမတူသေးဘူးလေ...”

“ယောင်ယောင်က နေ့စဉ်ဘဝမှာတော့ လွတ်လွတ်လပ်လပ် နေတတ်ပေမဲ့ အချစ်ရေးမှာတော့ တော်တော်လေး ရှက်တတ်ပြီး ရှေးဆန်တယ်။ သူ သဘောမတူသေးဘူး ဆိုပေမဲ့ သူ့စိတ်ထဲမှာတော့ အရှင်မင်းကြီး ရှိနေတာ ကြာလှပါပြီ”

လီထျန်းချန်းက အားရပါးရ ရယ်မောလိုက်ပြီး - “သူ့ရဲ့ အိမ်ထောင်ရေးကို ကျွန်တော်ပဲ ဆုံးဖြတ်ပေးမယ်။ မိဘစကား၊ လူကြီးစကားကို သူက မလွန်ဆန်ရဲပါဘူး။ သူ ဘယ်လိုလုပ် သဘောမတူဘဲ နေရဲမှာလဲ”

လင်းပိုင်ဖန်မှာ ဝမ်းသာသွားကာ - “စီနီယာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”

“ဒါနဲ့... အရှင်မင်းကြီးရဲ့ နောက်ကွယ်က ဆရာကြီးနဲ့ တွေ့ခွင့်ရမလား။ ကျွန်တော် တောင်ပေါ်က ဆင်းလာရတဲ့ အဓိက အကြောင်းရင်းကလည်း သူ့ကို တွေ့ချင်လို့ပါ” ဟု လီထျန်းချန်းက ဆိုလိုက်သည်။

လင်းပိုင်ဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး - “ရတာပေါ့... သူက ဒီနေရာမှာ တစ်ချိန်လုံး ရှိနေတာပဲလေ”

လီထျန်းချန်း ဇဝေဇဝါ ဖြစ်သွားကာ - “ရှိနေတယ်… ဘယ်မှာလဲ”

“ကျွန်တော့်အနားမှာတင်ပဲလေ”

ထိုအချိန်မှာပင် လီထျန်းချန်း၏ နားထဲသို့ အိုမင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အသံတစ်သံ တိုးဝင်လာသည်။

“မိတ်ဆွေ... တွေ့ရတာ ဝမ်းသာပါတယ်”

လီထျန်းချန်း၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ပုတ်ခတ်သွားသလို အံ့အားသင့်သွားရသည်။

တစ်ဖက်လူက သူ့အနားမှာ ရှိနေတာကို သူ ဘာကြောင့် သတိမထားမိရတာလဲ…

ဤစွမ်းရည်တစ်ခုတည်းနှင့်တင် တစ်ဖက်လူ၏ အဆင့်အတန်းမှာ သူ့ထက် များစွာ သာလွန်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။

ထို ‘စီနီယာ’ မှာ လီထျန်းချန်း၏ အတွေးကို သိနေသည့်အလား ရှင်းပြလိုက်သည်။

“မိတ်ဆွေ... အထင်မလွဲပါနဲ့။ ကျုပ်က လူလုံးပြရတာ ဝါသနာမပါလို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတဲ့ နည်းစနစ်တချို့ သုံးထားတာပါ။ ဒါက ပြောလောက်စရာ မဟုတ်တဲ့ လှည့်ကွက်လေး တစ်ခုပါပဲ”

“ဒါတောင်မှ ခင်ဗျားရဲ့ စွမ်းအားက ကျွန်တော့်ထက် အများကြီး သာလွန်တယ်ဆိုတာ သက်သေပြနေတာပါပဲ။ ကျွန်တော် တကယ်ပဲ အထင်ကြီးမိပါတယ်” ဟု လီထျန်းချန်းက လေးနက်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။

ဇီလျိုလီက နားမလည်စွာ ကြည့်ပြီး - “ဆရာဘိုးဘိုး... ဘယ်သူနဲ့ စကားပြောနေတာလဲ”

လီထျန်းချန်း၏ မျက်စိသူငယ်အိမ်မှာ ကျုံ့သွားခဲ့ပြန်သည်။

ဒါက လျှို့ဝှက်အသံလွှင့်ခြင်း နည်းစနစ်ပဲ။

ဆိုလိုတာက မိမိကြားစေချင်တဲ့သူ တစ်ယောက်တည်းကိုပဲ ကြားရအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

ဒါဟာ အလွန်နက်နဲတဲ့ ကျင့်စဉ်အဆင့် ရှိသူတွေမှသာ လုပ်ဆောင်နိုင်တာ ဖြစ်သည်။

သူလည်း လုပ်နိုင်သော်လည်း တစ်ဖက်လူလောက် မကျွမ်းကျင်ပေ။

ဇီလျိုလီက သူ့အနား သုံးလံခန့်အကွာမှာ ထိုင်နေပြီး သူမကိုယ်တိုင်လည်း ကောင်းကင်အဆင့် ဖြစ်တာတောင် ဘာမှ မကြားရဘူးဆိုတော့...

ဒီစီနီယာရဲ့ စွမ်းအားက သူထင်ထားတာထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေပါလား။

လင်းပိုင်ဖန်က ပြုံးလျက် - “ဂိုဏ်းချုပ်ဇီ... စီနီယာလီနဲ့ ကျွန်တော့်နောက်ကွယ်က ဆရာကြီးတို့ စကားပြောနေကြတာ ဖြစ်ပါလိမ့်မယ်။ အပြစ်မယူပါနဲ့ဦး”

“ဪ... ဒီလိုကိုး” ဇီလျိုလီမှာ အခြေအနေကို နားလည်သွားပြီး မဟာကောင်းကင်အဆင့် နှစ်ယောက်၏ စကားဝိုင်းကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် နေလိုက်တော့သည်။

သို့သော်လည်း ခဏအကြာတွင် သူမပါ ထိုစီနီယာ၏ အသံကို ကြားလိုက်ရသည်။

နှစ်ဖက်စလုံးမှာ ရင်းရင်းနှီးနှီး စကားပြောဆိုကြတော့သည်။

စကားဝိုင်း၏ အကြောင်းအရာမှာ ရိုးရှင်းသည်။ တစ်ဦးနှင့်တစ်ဦး သိကျွမ်းအောင် လုပ်ခြင်းနှင့် မိတ်ဆွေဖွဲ့ခြင်းသာ ဖြစ်သည်။

မိစ္ဆာဂိုဏ်းနှင့် မဟာရှတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။

တရားဝင် မဟာမိတ်စာချုပ် မချုပ်ဆိုကြသော်လည်း သူတို့ကဲ့သို့သော အရှိန်အဝါရှိသူများ၏ စကားမှာ ကတိကဝတ်ထက်ပင် ခိုင်မာလှသည်။ နှုတ်ကတိမှာ သံမှိုရိုက်သကဲ့သို့ မယိမ်းယိုင်နိုင်သဖြင့် စာချုပ်စာတမ်းများ မလိုအပ်ပေ။

လီထျန်းချန်းမှာ မူလက တစ်ဖက်လူ၏ စွမ်းရည်ကို စမ်းသပ်ချင်ခဲ့သော်လည်း ယခုတော့ ထိုစိတ်ကူး မရှိတော့ပေ။

တစ်ဖက်လူက သေချာပေါက် သာလွန်နေသည်။

တကယ်လို့ တိုက်ခိုက်ကြမယ်ဆိုရင် သူကပဲ ရှုံးမည် ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြဿနာမရှာချင်တော့‌ပေ။

ဤဖြစ်စဉ်တစ်လျှောက်လုံးတွင် လင်းပိုင်ဖန်က ပြုံးလျက် နားထောင်နေပြီး တစ်ခါတစ်ရံမှသာ စကားဝင်ပြောသည်။

ထိုလျှို့ဝှက်ဆရာကြီးမှာ လင်းပိုင်ဖန်ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မိကြမည် မဟုတ်ပေ။

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် စကားဝိုင်း ပြီးဆုံးသွားသည်။

လီထျန်းချန်းက ပျော်ရွှင်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး - “အရှင်မင်းကြီး... ဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပါပြီ။ တစ်ခုခုဆိုရင် ယောင်ယောင်နဲ့ အရင်ဆက်သွယ်လို့ ရပါတယ်။ ယောင်ယောင် မဖြေရှင်းနိုင်ရင် လျိုလီကိုသာ ရှာလိုက်ပါ။ ပြဿနာရှိမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးလို့ ခွင့်ပြုပါဦး”

“နှုတ်ဆက်ပါတယ် စီနီယာ” လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။

လီထျန်းချန်းနှင့် ဇီလျိုလီတို့ ထွက်ခွာသွားကြတော့သည်။

......

ယောင်ယောင်မှာ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး လင်းပိုင်ဖန်၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။

“ခုနက ဘာတွေ ဆွေးနွေးကြတာလဲ။ ကျွန်မကို တိုးတိုးလေး ပြောပြပါလား။ စိတ်ချ... ဘယ်သူ့ကိုမှ ပြန်မပြောဘူး”

လင်းပိုင်ဖန်က ပြုံးဖြဲဖြဲဖြင့် - “မင်းရဲ့ အိမ်ထောင်ရေးအကြောင်း ဆွေးနွေးတာလေ။ မင်း မကြာခင် လက်ထပ်ရတော့မယ်”

ယောင်ယောင်၏ မျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားပြီး လင်းပိုင်ဖန်ကို မျက်စောင်းလေး ထိုးလိုက်ကာ - “ဘာတွေ လျှောက်ပြောနေတာလဲ။ ဆရာဘိုးဘိုးတို့လို လူကြီးတွေက ဒီလို အရေးမပါတဲ့ ကိစ္စတွေကို ဆွေးနွေးပါ့မလား။ ကျွန်မကို စနေတာ သိသာကြီး”

ထိုအချိန်တွင် ဇီလျိုလီက လှည့်ကြည့်ကာ ယောင်ယောင်ကို ပြောလိုက်သည်။

“ယောင်ယောင်... မင်းလည်း အသက်မငယ်တော့ဘူး။ အရှင်မင်းကြီးနဲ့ ကိစ္စကို အတည်ပြုသင့်ပြီ။ အရင်ဆုံး စေ့စပ်ထားလိုက်ပြီး နောက်နှစ်ကျရင် မင်္ဂလာပွဲအတွက် ရက်ကောင်းရက်မြတ် ရွေးကြတာပေါ့”

“အာ... ဘယ်လိုဖြစ်လို့လဲ...”

ယောင်ယောင်က ဇီလျိုလီ၏ လက်မောင်းကို ဆွဲကာ ကလေးတစ်ယောက်လို ချွဲနွဲ့လိုက်ပြီး - “ဆရာ... ကျွန်မ ငယ်ပါသေးတယ်။ အခု လက်မထပ်ချင်သေးဘူး...”

ဇီလျိုလီက မျက်မှောင်ကြုတ်ကာ တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ဒါက ဆရာဘိုးဘိုးရဲ့ အမိန့်ပဲ။ မင်း လွန်ဆန်လို့မရဘူး”

ယောင်ယောင် : “...”

လင်းပိုင်ဖန်မှာတော့ အောင်နိုင်သူတစ်ယောက်အလား အားရပါးရ ရယ်မောနေတော့သည်။

All Chapters