← Chapters

အခန်း (၅၂၁-၅၂၂)

Vol. 48 Ch. 521-522

အခန်း (၅၂၁-၅၂၂)

Vol. 48 Ch. 521-522

အပိုင်း (၅၂၁)

လင်းပိုင်ဖန်နှင့် ယောင်ယောင်တို့ စေ့စပ်လိုက်သည့်သတင်းမှာ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဒါဟာ သူတို့နှစ်ယောက်ရဲ့ နောက်ကွယ်က အင်အားကြီး အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ မဟာရှအင်ပါယာနဲ့ မိစ္ဆာဂိုဏ်းတို့ ပိုမိုနီးကပ်သွားပြီဆိုတဲ့ သဘောပင် ဖြစ်သည်။ သူတို့ရဲ့ မဟာမိတ်ဖွဲ့မှုက ကမ္ဘာ့အခြေအနေအပေါ် နက်ရှိုင်းပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပေသည်။

ဒါပေမဲ့ ဒီကိစ္စကြောင့် လင်းပိုင်ဖန်အတွက် အကြီးမားဆုံး အပြောင်းအလဲကတော့ ယောင်ယောင်တစ်ယောက် အစအနဖျောက်ပြီး ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ သူမက နန်းတော်ထဲမှာ ရှိနေတာတောင် လင်းပိုင်ဖန်ကို လုံးဝ အတွေ့မခံတော့ပေ။

လင်းပိုင်ဖန်ကတော့ သဘောကျစွာ ရယ်မောရင်း - “ဒီမိစ္ဆာမလေးက ရှက်နေတာကိုး၊ စိတ်ဝင်စားဖို့ကောင်းသားပဲ” ဟု တိတ်တဆိတ် ဆိုလိုက်သည်။

ထိုအချိန်မှာပင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် နန်းတော်ထဲသို့ ဝင်လာပြီး လင်းပိုင်ဖန်အနားသို့ ချဉ်းကပ်လာခဲ့သည်။ လင်းပိုင်ဖန်က သူ့ရှေ့က ရင်းနှီးသလိုလို ရှိသော်လည်း စိမ်းသက်နေသည့် အမျိုးသမီးကို ကြည့်ကာ ပြုံးလျက် - “စုန့်ယွီဖေး... မတွေ့ရတာ ကြာပြီနော်” ဟု နှုတ်ဆက်လိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ တာအိုဂိုဏ်း၏ တာအိုသမီးတော် စုန်ယွီဖေးပင် ဖြစ်သည်။ ပြီးခဲ့သည့် နန်းတော်အခမ်းအနားနောက်ပိုင်း သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတော့ပေ။ သူမက အရင်အတိုင်း မပြောင်းလဲဘဲ လွင့်ပျံနေသည့် အဖြူရောင်ဝတ်စုံနှင့် လနန်းတော်က ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှယ် အဝေးကနေသာ ငေးမောကြည်ညိုရမည့် အရှိန်အဝါမျိုး ရှိနေဆဲပင်။ သို့သော် သူမ၏ မျက်နှာလေးမှာ အနည်းငယ် နွမ်းနယ်နေဟန် ရှိသည်။ ဒါဟာ မဟာလော့မင်းဆက်ရဲ့ အရှုပ်အထွေးတွေကြောင့် သူမ ပင်ပန်းနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“အရှင်မင်းကြီး... မတွေ့ရတာ ကြာပြီနော်” သူမက အေးစက်သော အသံဖြင့် ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်တော့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထား၍ မရပေ။ သို့သော်လည်း သူမကိုယ်တိုင်ပင် ထိုစိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူတို့၏ အဆင့်အတန်းများကြောင့် တစ်ဦးနှင့်တစ်ဦး အလွန်အကျွံ နီးကပ်လို့ မရမှန်း သူမ သိနေသည်။

“ထိုင်ပါဦး” လင်းပိုင်ဖန်က အနားရှိ နေရာလေးဆီသို့ ညွှန်ပြလိုက်သည်။ ကျောက်စားပွဲပေါ်တွင် မုန့်များ၊ သစ်သီးများနှင့် ဝိုင်အိုးတို့ ရှိနေပြီး ဧည့်သည်ကို စောင့်ကြိုနေသည့်နှယ် ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” စုန့်ယွီဖေးက လင်းပိုင်ဖန်နောက်က လိုက်လာပြီး ဖြည်းညင်းစွာ ထိုင်လိုက်သည်။ လင်းပိုင်ဖန်က အနားရှိ အစေခံများကို ကြည့်ကာ - “အားလုံး ထွက်သွားကြတော့” ဟု လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“ဒါပေမဲ့ သူက...” မိန်းမစိုးလျှိုနှင့် အခြားသူများက စုန့်ယွီဖေးကို သံသယဖြင့် ကြည့်နေကြသည်။

“စိတ်မပူပါနဲ့၊ သူက ငါကိုယ်တော်ကို အန္တရာယ်မပြုပါဘူး” ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” မိန်းမစိုးများနှင့် အစေခံများအားလုံး ဆုတ်ခွာသွားကြသဖြင့် ဥယျာဉ်ထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

စုန့်ယွီဖေးက ဆိတ်ငြိမ်သွားသည့် ဥယျာဉ်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အရှင်မင်းကြီးက ကျွန်မကို အခုထိ ဒီလောက်အထိ ယုံကြည်လိမ့်မယ်လို့ မထင်ထားမိဘူး”

လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး - “ငါ အရင်က ပြောခဲ့ဖူးသလိုပဲ၊ ငါတို့ရဲ့ အဆင့်အတန်းတွေက ဘယ်လိုပဲဖြစ်နေပါစေ မင်းနဲ့ငါက အမြဲတမ်း သူငယ်ချင်းတွေပဲ။ သူငယ်ချင်းတစ်ယောက်ကို ဆက်ဆံတဲ့အခါ ရိုးသားမှုနဲ့ ယုံကြည်မှု ရှိရမယ်။ မဟုတ်ရင် သူငယ်ချင်းဖွဲ့ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”

စုန့်ယွီဖေးက မော့ကြည့်လိုက်ကာ - “အရှင်မင်းကြီးက ကျွန်မ စိတ်လိုက်မာန်ပါနဲ့ အရှင့်ကို ပြန်ပေးဆွဲသွားမှာ မကြောက်ဘူးလား”

လင်းပိုင်ဖန်က သူမကို စိုက်ကြည့်ရင်း - “မင်း မလုပ်ပါဘူး” ဟု ပြတ်သားစွာ ပြောလိုက်သည်။ (စိတ်ထဲတွင်တော့ ‘မင်း လုပ်ချင်ရင်တောင် မလုပ်နိုင်ပါဘူး’ ဟု ကျိတ်တွေးနေမိသည်)

စုန့်ယွီဖေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့သီသွားကာ - “ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်မ ဒီကို လာတာက ရင်ထဲမှာ အရမ်းတင်းကျပ်နေလို့ ရင်ဖွင့်ချင်လို့ပါ။ ဒီလောကကြီးမှာ အရှင်မင်းကြီးကလွဲရင် ကျွန်မမှာ တခြားသူငယ်ချင်း မရှိတော့ဘူး။ ဒါကြောင့် အရှင့်ဆီပဲ လာခဲ့ရတာပါ။ အရှင့်ရဲ့ အချိန်တွေကို ဖြုန်းတီးမိတာ ခွင့်လွှတ်ပေးပါ”

“ပြောချင်တာရှိရင် ပြောပါ။ ငါက နားထောင်ပေးဖို့ အဆင်သင့်ပဲ” ဟု လင်းပိုင်ဖန်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ထို့နောက် စုန့်ယွီဖေးက မဟာလော့မင်းဆက်တွင် ဖြစ်ပျက်ခဲ့သမျှကို လင်းပိုင်ဖန်အား ပြောပြတော့သည်။ အမှန်စင်စစ် မဟာလော့မင်းဆက် ကျဆုံးသွားပြီးနောက်ပိုင်း စိုးရိမ်စရာ မရှိတော့မှသာ သူမက လင်းပိုင်ဖန်ကို လာရှာရဲခြင်း ဖြစ်သည်။ တိုင်းသူပြည်သားတွေကို သားသမီးလို ချစ်မြတ်နိုးခဲ့တဲ့ မဟာလော့ဧကရာဇ်ကနေ ရက်စက်တဲ့ အာဏာရှင်တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊ နောက်ဆုံးမှာတော့ နိုင်ငံပျောက်ပြီး အသက်ဘေးကို ကြောက်လန့်နေရတဲ့ လူတစ်ယောက် ဖြစ်သွားပုံတွေကို သူမ ပြောပြခဲ့သည်။

ဒါ့အပြင် တာအိုဂိုဏ်းရဲ့ အေးစက်တဲ့ သဘောထားတွေကြောင့် သူမရဲ့ လိပ်ပြာမလုံတဲ့ ကိစ္စတွေကို လုပ်ခဲ့ရပုံတွေကိုလည်း ပြောပြခဲ့သည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံး လင်းပိုင်ဖန်က ဘာမှတ်ချက်မှ မပေးခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ သူမ လိုအပ်နေတာက နှစ်သိမ့်ပေးမယ့်သူ မဟုတ်ဘဲ နားထောင်ပေးမယ့်သူ တစ်ယောက်သာ ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသောကြောင့်ပင် ဖြစ်သည်။

အားလုံး ပြောပြပြီးသွားသောအခါ စုန့်ယွီဖေးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး - “အရှင်မင်းကြီး... ကျွန်မ မှားသွားတယ်လို့ ထင်လား”

လင်းပိုင်ဖန်က ခေါင်းခါပြကာ - “မင်း မမှားပါဘူး။ မင်းက မင်းရဲ့နှလုံးသားက လက်ခံထားတဲ့ မူဝါဒတွေအတိုင်း လုပ်ဆောင်ခဲ့တာပဲ။ မင်းရဲ့ စိတ်ထားက မွန်မြတ်ပြီး ဖြောင့်မတ်တယ်။ ဘယ်သူမှ အပြစ်တင်လို့ မရဘူး”

“ဒါဆို မဟာလော့ဧကရာဇ်ကကော မှားသလား”

လင်းပိုင်ဖန်က ထပ်ပြီး ခေါင်းခါလိုက်ပြန်သည်။ “သူလည်း မမှားဘူး။ သူ့ရဲ့ အခြေအနေအရ သူလုပ်ခဲ့သမျှက နားလည်ပေးလို့ ရပါတယ်။ တိုင်းပြည်ကို ကယ်တင်ဖို့အတွက် သူ ရက်စက်တဲ့သူ ဖြစ်ခဲ့ရတာပဲ။ သေမှာကို ကြောက်တာကလည်း လူသားတစ်ယောက်ရဲ့ သဘာဝပဲလေ။ သူက ဧကရာဇ်တစ်ပါး ဖြစ်ပေမဲ့ လူသားတစ်ယောက်လည်း ဖြစ်နေတာပဲ မဟုတ်လား”

“ဒါဆို တာအိုဂိုဏ်းကကော”

“တာအိုဂိုဏ်းလည်း မမှားပါဘူး။ သူတို့လုပ်သမျှက ဂိုဏ်းရဲ့ အကျိုးစီးပွားအတွက်ပဲ။ ဒါမှလည်း တာအိုဂိုဏ်းက ဆက်လက် ရှင်သန်နိုင်မှာလေ”

“ဒါဆို... ဘယ်သူက မှားနေတာလဲ” စုန့်ယွီဖေးမှာ ဇဝေဇဝါ ဖြစ်သွားသည်။

“ဘယ်သူမှ မမှားဘူး။ လူတိုင်းက ကိုယ့်အကျိုးစီးပွားနောက်ကို လိုက်ရင်းနဲ့ ပဋိပက္ခတွေ ဖြစ်လာပြီး အခြေအနေက ပြင်မရအောင် ဖြစ်သွားတာပဲ။ တကယ်လို့ မဟာလော့ရဲ့ အခြေအနေက ဆိုးမသွားခဲ့ရင် အဲဒီဧကရာဇ်ကလည်း ပြည်သူချစ်တဲ့ မင်းကောင်းမင်းမြတ်ဖြစ်နေဦးမှာပဲ၊ တာအိုဂိုဏ်းကလည်း သူ့ကို ထောက်ခံနေဦးမှာပဲ၊ မင်းလည်း လိပ်ပြာမလုံတဲ့ ကိစ္စတွေ လုပ်စရာ လိုမှာမဟုတ်ဘူး။ အရာအားလုံးက လှပနေပြီးတော့ အားလုံးမှာလည်း လှပတဲ့ ဘဝတွေရှိလာနိုင်တယ်။ စိတ်မကောင်းစရာက ကံကြမ္မာက ကစားသွားတာပဲ”

“ဟုတ်ပါတယ်... ဒါက ကံကြမ္မာရဲ့ အလိုကျပါပဲ။ ကျွန်မတို့ ဘာလုပ်နိုင်မှာလဲ”

စုန့်ယွီဖေးက ခါးသီးစွာ ပြုံးလျက် မတ်တတ်ရပ်လိုက်ပြီး - “အရှင်မင်းကြီးနဲ့ စကားပြောလိုက်ရတာ ရင်ထဲ တော်တော် ပေါ့သွားပါပြီ။ နောက်တစ်ခါ ဘယ်တော့မှ ပြန်တွေ့မလဲတောင် မသိဘူး”

“ဘာလို့လဲ” လင်းပိုင်ဖန်က နားမလည်ဘဲ မေးလိုက်သည်။ “မင်း အချိန်မရွေး လာလို့ရပါတယ်၊ ငါ တားမှာ မဟုတ်ဘူး”

“အရှင်မင်းကြီးက မတားပေမဲ့ နောက်တစ်ခါ တွေ့တဲ့အခါ ကျွန်မတို့ရဲ့ ရပ်တည်ချက်တွေက ပြောင်းလဲသွားလိမ့်မယ်။ အဲဒီအခါကျရင် တွေ့ဖို့ မသင့်တော်တော့ဘူး။ ဒါနဲ့... အရှင်မင်းကြီးလည်း မကြာခင် သိလာမှာဆိုတော့ ကျွန်မ အခုပဲ ပြောပြလိုက်မယ်။ ကျွန်မတို့ တာအိုဂိုဏ်းက မင်းကောင်းမင်းမြတ်တစ်ပါးကို ထပ်ပြီး ရွေးချယ်လိုက်ပြီ”

လင်းပိုင်ဖန် စိတ်ဝင်စားသွားကာ - “ဘယ်နိုင်ငံက ဘယ်မင်းလဲ”

“မဟာရန်နိုင်ငံရဲ့ ဧကရာဇ် လီရှီတောက် ပါ”

လီရှီတောက်... ထိုမင်းကို လင်းပိုင်ဖန် သိသည်။ သူက တော်တော်လေး အရည်အချင်းရှိသူ ဖြစ်ပြီး အသက် ၂၀ မှာ ထီးနန်းတက်ပြီး တိုင်းပြည်ကို ကြိုးကြိုးစားစား အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ ၁၀ နှစ်အတွင်းမှာ တိုင်းပြည်က အင်အားကြီး မလာသေးပေမဲ့ ပြည်သူတွေရဲ့ ဘဝကတော့ တော်တော်လေး တိုးတက်လာခဲ့သည်။ တာအိုဂိုဏ်းက သူ့ကို ရွေးချယ်တာကလည်း အဓိပ္ပာယ် ရှိလှပေသည်။

လင်းပိုင်ဖန်အတွက် တစ်ခုတည်းသော အခက်အခဲကတော့ မဟာရန်နိုင်ငံက သူတို့ဆီကနေ မိုင်ပေါင်း သုံးထောင်လောက် ဝေးကွာနေခြင်းပင် ဖြစ်သည်။

“လီရှီတောက်က မင်းကောင်းတစ်ပါးပဲ။ သူ လိုအပ်နေတာက အခွင့်အရေးတစ်ခုလောက်ပဲ။ တာအိုဂိုဏ်းရဲ့ အကူအညီနဲ့ဆိုရင် သူက အင်ပါယာတစ်ခုရဲ့ အရှင်သခင် ဖြစ်လာမှာပါ။ နောက်ကျရင် ငါ ဂုဏ်ပြုလက်ဆောင် ပို့လိုက်ပါ့မယ်” ဟု လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။ မိုင် ၃၀၀၀ ဝေးနေလည်းပဲ ငါ့ရဲ့ ကြံစည်မှုတွေကို တားဆီးနိုင်မှာ မဟုတ်ဘူး။

စုန့်ယွီဖေးက လင်းပိုင်ဖန်၏ ခန့်ညားသော မျက်နှာကို ကြည့်ကာ ရုတ်တရက် စိတ်လိုက်မာန်ပါဖြင့် - “အရှင်မင်းကြီး... မခွဲခွာခင် ကျွန်မကို အကူအညီလေး တစ်ခုလောက် ပေးလို့ရမလား”

“ဘာလဲ ပြောလေ”

စုန့်ယွီဖေးက ရုတ်တရက် ရှေ့တိုးလာပြီး လင်းပိုင်ဖန် အံ့အားသင့်သွားစဉ်မှာပင် သူ့ကို ဖက်ကာ နမ်းလိုက်တော့သည်။

လင်းပိုင်ဖန် တကယ်ကို ဆွံ့အသွားခဲ့ရသည်။

“ စုန့်ယွီဖေး... မင်းက ဒီလိုလူမျိုးမှန်း ငါ တကယ် မထင်ထားဘူး၊ ငါက မင်းကို သူငယ်ချင်းလို သဘောထားတာကို မင်းက ငါ့ကို သိမ်းပိုက်ချင်နေတာလား။ တကယ်လို့သာ ငါ့ရဲ့ ကျင့်စဉ်တွေကို ဖုံးကွယ်ထားရတာ မဟုတ်ရင် မင်း ငါ့ကို ဒီလိုလုပ်လို့ ရပါ့မလား။ ဟူး... ငါ့ဘဝလေးကလည်း တကယ် ခက်ခဲပါလား။”

ထိုအချိန်မှာပင် အရိပ်တစ်ခု လျှပ်ခနဲ ထွက်ပေါ်လာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ ဒေါသထွက်သွားပြီး - “ဘာလုပ်နေကြတာလဲ”

သူမက သူတို့နှစ်ယောက်ကို အတင်းဆွဲခွဲလိုက်ပြီး လင်းပိုင်ဖန်ရှေ့မှာ ကြက်ပေါက်လေးကို ကာကွယ်နေသည့် မိခင်ကြက်မကြီးလို ကာကွယ်ရပ်တည်လိုက်သည်။ ထို့နောက် စုန့်ယွီဖေးကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် - “နင် ဘာလုပ်နေတာလဲ။ ငါ့ယောက်ျားကို ဘယ်လိုတောင် အခွင့်ကောင်း ယူရဲတာလဲ”

ထိုသူမှာ စုန့်ယွီဖေး ရောက်လာကြောင်း ကြားပြီး ခိုးကြောင်ခိုးဝှက် လိုက်လာသည့် ယောင်ယောင်ပင် ဖြစ်သည်။ သူတို့နှစ်ယောက် ဖက်နေသည်ကို မြင်လိုက်ရသောအခါ သူမ မအောင့်နိုင်တော့ဘဲ ထွက်လာခြင်း ဖြစ်သည်။ ယောင်ယောင်က ထူးဆန်းပေသည်။ လင်းပိုင်ဖန် တခြားမိန်းမတွေနဲ့ နီးနီးကပ်ကပ် နေတာကို သူမ ဘာမှမဖြစ်ပေမဲ့ စုန့်ယွီဖေးနဲ့ဆိုလျှင်တော့ မနာလို ဖြစ်တတ်သည်။

စုန့်ယွီဖေးမှာ သူမ၏ လုပ်ရပ်က ပေါ်သွားသဖြင့် ရှက်သွားသော်လည်း ယောင်ယောင်ကို မြင်သောအခါ ပြန်အလျှော့မပေးဘဲ - “ငါ မထွက်သွားခင် နောက်ဆုံးတစ်ခါတော့ စိတ်လိုလက်ရ လုပ်ချင်လို့ပဲ။ ဒါနဲ့ နင်တို့က ဆွေမျိုးလည်း မဟုတ်၊ ဘာမှလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဝင်စွက်ဖက်နေတာလဲ”

“ဘယ်သူက ဘာမှမဟုတ်ဘူးလို့ ပြောလဲ။ ငါတို့က စေ့စပ်ထားတာလေ၊ ဒါကြောင့် သူက ငါ့ယောက်ျားပဲ။ ငါ့ယောက်ျားကိစ္စကို ငါ ဝင်ပါတာ ဘာမှားလို့လဲ” ဟု ယောင်ယောင်က ရင်ဘတ်ကို ကော့ကာ မဟုတ်မခံ စကားနာထိုးလိုက်သည်။

“ဟုတ်သားပဲ... နင်တို့ စေ့စပ်ထားတာပဲ” စုန့်ယွီဖေးက မနာလိုစွာဖြင့် - “ယောင်ယောင်... တစ်ခါတလေကျရင် ငါ နင့်ကို တကယ် အားကျမိတယ်။ နင်က နင်လုပ်ချင်တာကို လုပ်နိုင်ပြီး နင်ချစ်တဲ့သူကို လက်ထပ်ခွင့် ရတာကိုး”

“ဒါပေါ့” ယောင်ယောင်က အနိုင်ရသူပီပီ ကြွားလုံးထုတ်လိုက်သည်။

နှစ်ပေါင်းများစွာ ပြိုင်ဆိုင်လာခဲ့သမျှ သူမ တစ်ခါမှ စုန့်ယွီဖေးကို မနိုင်ခဲ့ဖူးပေ။ သို့သော် ယောက်ျားတစ်ယောက်ကို အရယူရာတွင်တော့ သူမ အနိုင်ရခဲ့ပြီ ဖြစ်တဲ့အတွက် သူမ ရင်ထဲတွင် ကျေနပ်ပီတိ ဖြစ်နေတော့သည်။

စုန့်ယွီဖေးက လင်းပိုင်ဖန်ကို တစ်ချက်ပြန်ကြည့်ကာ နှမြောတသဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ “အရှင်မင်းကြီး... ကျွန်မ သွားပါတော့မယ်။ နောက်မှ ပြန်တွေ့ကြတာပေါ့” ထို့နောက် စုန့်ယွီဖေး ထွက်ခွာသွားတော့သည်။

ယောင်ယောင်က လင်းပိုင်ဖန်၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုးကာ ဒေါသတကြီး မေးမြန်းတော့သည်။

“ပြောပါဦး... ရှင့်ရင်ထဲမှာ သူ ရှိနေသေးတာလား။ ကျွန်မ နှောင့်ယှက်မိလို့ ရှင့်မှာ အားမရ ဖြစ်နေလား။ ပြောပါဦး... သူ့ကိုကော မိဖုရားအဖြစ် တင်မြှောက်ချင်သေးလား... ပြောပါဦး...”

လင်းပိုင်ဖန်က ဘာမှပြန်မပြောဘဲ ယောင်ယောင်ကို ဆွဲဖက်ကာ စိတ်အားထက်သန်စွာ နမ်းလိုက်တော့သည်။

အကျိုးအကြောင်း မရှိဘဲ ရန်တွေ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုရင် ပိုပြီး အကျိုးအကြောင်းမဲ့တဲ့ နည်းလမ်းကို သုံးရမှာပင်။

တကယ်လို့ ဒါမှ မရသေးဘူးဆိုရင်တော့ ကုတင်ပေါ်မှာပဲ အနိုင်ပိုင်းရတော့မည် ဖြစ်သည်။

အပိုင်း (၅၂၂)

မျှော်လင့်ထားသည့်အတိုင်းပင် ယောင်ယောင်မှာ ချက်ချင်းပင် ငြိမ်ကျသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးသွားတော့သည်။

လင်းပိုင်ဖန်ကို နှုတ်ဆက်ပြီးနောက် စုန့်ယွီဖေးသည် မဟာရန်နိုင်ငံသို့ ဦးတည်ကာ ခရီးဆက်ခဲ့သည်။ မိုင်ပေါင်း ၃၀၀၀ ခရီးကို ၅ ရက်ခန့် နှင်ခဲ့ရပြီးနောက် လက်ရှိဧကရာဇ် လီရှီတောက်နှင့် တွေ့ဆုံခဲ့သည်။

လီရှီတောက်မှာ ယခုနှစ်တွင် အသက် ၃၀ တိတိ ရှိပြီဖြစ်ရာ ဧကရာဇ်များထဲတွင် အတော်လေး ငယ်ရွယ်သူဟု ဆိုရပေမည်။ ဖြူစင်ခန့်ညားသော မျက်နှာ၊ စူးရှသော မျက်ခုံးအစုံနှင့် မုတ်ဆိတ်ပါးပါးလေးမှာ သူ့ကို ပို၍ တင့်တယ်စေသည်။ သူ၏ မွန်မြတ်သော အုပ်ချုပ်မှုကြောင့် ပညာတတ်ဆန်သည့် အရှိန်အဝါမျိုးလည်း ရှိနေသည်။

စုန့်ယွီဖေးကို မြင်သောအခါ သူက အလွန်ဝမ်းသာသွားပြီး - “နတ်မိမယ် ယွီဖေး... ရောက်လာပြီကိုး” ဟု ဆိုလိုက်သည်။

“ဟုတ်ပါတယ် အရှင်မင်းကြီး”

စုန့်ယွီဖေးက ခေါင်းလေးအသာငြိမ့်ကာ - “ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအားလုံး ပြီးသွားပါပြီ။ အခုကစပြီး အရှင်မင်းကြီးရဲ့ အင်ပါယာကို ချဲ့ထွင်ဖို့နဲ့ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး အရှင်သခင်တစ်ပါး ဖြစ်လာဖို့အတွက် ကျွန်မ ကူညီပေးပါ့မယ်” ဟု ပြောလိုက်သည်။

“ကောင်းလိုက်တာ... နတ်မိမယ်ကိုရော တာအိုဂိုဏ်းရဲ့ ထောက်ပံ့မှုကိုပါ ကျေးဇူးတင်ပါတယ်” မဟာရန်ဧကရာဇ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ တာအိုဂိုဏ်း၏ အကူအညီ ရလိုက်ခြင်းမှာ အင်ပါယာတစ်ခုဖြစ်ဖို့ တစ်ဝက်နီးပါး သေချာသွားခြင်းပင် ဖြစ်သည်။ သူသည်လည်း သမိုင်းတွင်ကျန်ရစ်မည့် အင်ပါယာတစ်ခု၏ ဧကရာဇ်တစ်ပါး ဖြစ်လာတော့မည် မဟုတ်ပါလား။

သို့သော်လည်း ယခင်က ကျဆုံးမှုတစ်ခု ရှိခဲ့ဖူးသည်။ ဒါကတော့ မတော်တဆမှု သက်သက်သာ ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်သည်။ သမိုင်းမှတ်တမ်းများအရ ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလွန်းလှသဖြင့် ထိုကဲ့သို့ ကံဆိုးမှုမျိုး သူနှင့် ကြုံရလိမ့်မည်ဟု သူ မယုံကြည်ပေ။

စုန့်ယွီဖေးက စိတ်လှုပ်ရှားနေသော သူ့ကိုကြည့်ကာ ယခင် မဟာလော့ဧကရာဇ်ကို ပြေးမြင်မိသည်။ သူမက လေးနက်သော မျက်ဝန်းများဖြင့် - “အရှင်မင်းကြီး... ကျွန်မတို့ အရင်က မဟာလော့ဧကရာဇ်ကို ကူညီခဲ့ဖူးပေမဲ့ သူ ကျဆုံးသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့သင်ခန်းစာကို မှတ်သားထားပါ။ ပြည်သူတွေကို သားသမီးလို ချစ်တဲ့ မင်းကောင်းတစ်ပါး ဖြစ်ပါစေ၊ သူ့ရဲ့ လမ်းဟောင်းအတိုင်း မလိုက်ပါနဲ့” ဟု သတိပေးလိုက်သည်။

“စိတ်ချပါ နတ်မိမယ်... ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်” ဟု မဟာရန်ဧကရာဇ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

မဟာလော့ဧကရာဇ် ကျဆုံးရခြင်းမှာ သူ့အမှားကြောင့်သာ ဖြစ်သည်။ အခွင့်အရေးကောင်းတွေ အများကြီးရှိပါလျက်နှင့် ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ သူကတော့ ထိုအမှားမျိုးကို ဘယ်တော့မှ ကျူးလွန်မည်မဟုတ်ကြောင်း အသေအချာကို ယုံကြည်နေသည်။

“အရှင်မင်းကြီး... နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိပါသလဲ” စုန့်ယွီဖေးက မေးလိုက်သည်။

“ကျွန်တော် စဉ်းစားထားတာကတော့...” မဟာရန်ဧကရာဇ်က သူ၏ အကြံအစည်များကို ရှည်လျားစွာ ပြောပြတော့သည်။ အဓိကအားဖြင့် အတွင်းပိုင်းတွင် ကောင်းမွန်စွာ အုပ်ချုပ်ပြီး အပြင်ဘက်တွင်တော့ စစ်သည်အင်အား တိုးချဲ့ကာ နယ်မြေသိမ်းပိုက်ဖို့ပင် ဖြစ်သည်။ အရိုးရှင်းဆုံး ပြောရလျှင် အတွင်းမှာ သူတော်စင်နည်းလမ်းကို သုံးပြီး အပြင်မှာတော့ စစ်ဘုရင်နည်းလမ်းကို သုံးမည်ဟူသော သဘောပင် ဖြစ်သည်။

ကမ္ဘာကြီးကို စိုးမိုးလိုသည့် ရည်မှန်းချက်ရှိသော ဧကရာဇ်တိုင်းမှာ ဤလမ်းစဉ်ကိုသာ လိုက်ကြစမြဲ ဖြစ်သည်။ စုန့်ယွီဖေး နားထောင်ပြီးနောက် အတော်လေး ကျေနပ်သွားခဲ့သည်။

“ဒါပေမဲ့ ဒီမူဝါဒတွေကို မကျင့်သုံးခင်မှာ နတ်ဘုရားတွေနဲ့ ဘိုးဘေးတွေကို ပူဇော်တဲ့ အခမ်းအနားကြီးတစ်ခု ကျင်းပပြီး ဒီသတင်းကို တစ်ကမ္ဘာလုံး သိအောင် ကြေညာချင်ပါတယ်” ဟု မဟာရန်ဧကရာဇ်က တက်ကြွစွာ ဆိုလိုက်သည်။

သူ ဤသို့လုပ်ရခြင်းမှာ ရည်ရွယ်ချက် နှစ်ခုရှိသည်။ တစ်ခုမှာ မိမိကိုယ်ကို ကြွားဝါရန်ဖြစ်ပြီး နောက်တစ်ခုမှာ တာအိုဂိုဏ်းအပေါ် စေတနာပြသရန် ဖြစ်သည်။ ထိုစကားကို ကြားသောအခါ စုန့်ယွီဖေးကလည်း ကန့်ကွက်ခြင်း မရှိပေ။ သို့ဖြင့် မဟာရန်ဧကရာဇ်သည် တစ်ကမ္ဘာလုံးကို ကြေညာလိုက်ပြီး အားတက်သရော ပြင်ဆင်တော့သည်။

“တာအိုဂိုဏ်းက မင်းကောင်းမင်းမြတ်တစ်ပါးကို ထပ်ရွေးလိုက်ပြန်ပြီ၊ မဟာရန်နိုင်ငံက ဧကရာဇ်တဲ့”

“အဲဒီဧကရာဇ်ကို ငါသိတယ်၊ လီရှီတောက်တဲ့။ လူငယ်ပီပီ တက်ကြွပြီး တော်တော်လေး မွန်မြတ်တဲ့ မင်းတစ်ပါးပဲ။ နန်းတက်တာ ၁၀ နှစ်ရှိပြီ၊ သူ့လက်ထက်မှာ တိုင်းပြည်က တော်တော်လေး စည်ပင်နေတာ”

“ကြည့်ရတာတော့ အလားအလာ ရှိသားပဲ။ ဒါပေမဲ့ အရင်က မဟာလော့ဧကရာဇ်လည်း မင်းကောင်းဖြစ်ခဲ့ဖူးတာပဲ၊ နောက်မှ အာဏာရှင်ဖြစ်ပြီး တိုင်းပြည်ပျက်သွားတာ။ တာအိုဂိုဏ်းတောင် တစ်ကမ္ဘာလုံးရဲ့ လှောင်ပြောင်တာကို ခံလိုက်ရသေးတယ်။ ဒီဧကရာဇ်ကော သူ့လို ဖြစ်ဦးမလားမသိဘူး”

“ပြောရခက်တယ်... စောင့်ကြည့်ရမှာပဲ”

လူအများကြားတွင် ပြောစမှတ်များ ဖြစ်နေကြသည်။ မူလက သာမန်နိုင်ငံတစ်ခု၏ ဧကရာဇ်သာ ဖြစ်သော လီရှီတောက်မှာ ယခုအခါ အင်ပါယာအရှင်သခင်များထက်ပင် ပို၍ နာမည်ကျော်ကြားလာခဲ့သည်။

နတ်ဘုရားနှင့် ဘိုးဘေးများကို ပူဇော်သည့်နေ့တွင် လူပင်လယ်ကြီး ဖြစ်နေတော့သည်။ မှူးမတ်အရာရှိအားလုံး စုံစုံလင်လင် ရှိနေကြသလို မဟာရန်နိုင်ငံက ပြည်သူများစွာလည်း ရောက်လာကြသည်။ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များလည်း သက်သေအဖြစ် ရောက်ရှိလာကြသည်။

လူအများ၏ ကြည့်ရှုမှုအောက်တွင် မဟာရန်ဧကရာဇ်သည် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ကာ နတ်ကွန်းစင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားပြီး နတ်ဘုရားများနှင့် ဘိုးဘေးများကို ပူဇော်ကန်တော့လေသည်။ သူ၏ မျက်နှာပေါ်က အပြုံးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူ၏ ရင်ထဲတွင်လည်း - “ဒီနေ့ကစပြီး ငါဟာ အင်ပါယာတည်ထောင်မယ့် ခရီးလမ်းကို စတင်လေပြီ။ ငါ့ရဲ့ ဘိုးဘေးတွေနဲ့ နတ်ဘုရားတွေက ငါ့ကို စောင့်ရှောက်ပါစေ” ဟု တိတ်တဆိတ် ဆုတောင်းနေမိသည်။ ထို့နောက် သူက ဒူးထောက်ကာ အမွှေးတိုင် ထွန်းညှိပြီး ဝိုင်ပူဇော်လိုက်သည်။

အခမ်းအနားမှာ အလွန်ရှုပ်ထွေးသော်လည်း သူကတော့ အခိုက်အတန့်တိုင်းကို သဘောကျနေခဲ့သည်။ သူ မသိလိုက်သည်မှာ ကောင်းကင်အထက် မြင့်မားသော နေရာတွင် အရိပ်တစ်ခု ရှိနေခြင်းပင်။

ထိုသူမှာ အားလပ်သည့်အချိန်တွင် ပျော်ပွဲလာကြည့်သည့် လင်းပိုင်ဖန်ပင် ဖြစ်သည်။

သူ၏ တည်နေရာမှာ ကွက်တိပင်၊ မဟာရန်ဧကရာဇ် ဒူးထောက်နေသည့် နေရာ၏ အပေါ်တည့်တည့်တွင် ဖြစ်သည်။ တစ်ဖက်လူ၏ ကျေနပ်နေသော မျက်နှာကို ကြည့်ကာ လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - “မင်းက ဒီလောက်တောင် သိတတ်နေမှတော့ ငါကလည်း လူသစ်အတွက် လက်ဆောင်လေး တစ်ခုလောက် ပေးရမှာပေါ့၊ မင်း ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ခပ်တိုးတိုး ဆိုလိုက်သည်။

သူက ညာဘက်လက်ကို မြှောက်လိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် ပေပေါင်း ၁၀၀၀ ခန့် ကြီးသော ကျောက်တုံးကြီး တစ်တုံး ပေါ်လာသည်။ ၎င်းမှာ သူ၏ အင်ပါယာမြေပုံကို အသုံးပြု၍ မဟာရှနယ်မြေအတွင်းမှ သယ်ဆောင်လာခြင်းဖြစ်ပြီး တန်ချိန် သန်းပေါင်းများစွာ လေးလံလှသည်။

သူ လက်ကို လွှတ်လိုက်သည်နှင့် ကျောက်တုံးကြီးမှာ တည့်တည့်မတ်မတ် အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့သည်။ ထိုအချိန်တွင် အခမ်းအနား၌ ရှိနေသော သိုင်းပညာရှင်များမှာ ဗီဇအရ ကောင်းကင်ကို မော့ကြည့်မိကြသည်။ ထိုအခါ အနက်ရောင် အစက်အပြောက်တစ်ခုမှာ အလျင်အမြန် ကြီးမားလာသည်ကို မြင်လိုက်ရသည်။

“ကောင်းကင်မှာ အဲဒါ ဘာကြီးလဲ”

“ဒါ ဘာကြီးလဲဟ... နမိတ်မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားနေရတယ်”

“အန္တရာယ်ပဲ”

နှမ်းစေ့ခန့်သာ ရှိသော အနက်ရောင် အစက်ကလေးမှာ လက်သီးဆုပ်ခန့် ဖြစ်လာပြီး၊ ထို့နောက်တွင်တော့ ဗန်းတစ်ချပ်စာခန့် ကြီးမားလာသည်။ ထို့နောက်တွင်တော့ လူတစ်ဖက်စာမျှ ဖြစ်လာကာ နောက်ဆုံးတွင်တော့ နေမင်းကိုပင် ကွယ်သွားလောက်အောင် ကြီးမားသော အရိပ်မည်းကြီး ဖြစ်သွားတော့သည်။

အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကာ - “အရှင်မင်းကြီး ဘေးကင်းရာကို ရှောင်ပါတော့” ဟု အော်ဟစ်ကြသည်။ နတ်ကွန်းစင်မြင့်တစ်ခုလုံး ဗရုတ်သုတ်ခ ဖြစ်ကုန်တော့သည်။

လူအများ၏ ကြောက်လန့်တုန်လှုပ်မှုများကြားတွင် ထိုအရာကြီးမှာ နောက်ဆုံးတွင်တော့ မြေပြင်သို့ ကျဆင်းလာခဲ့သည်။ “ဝုန်း” ဟူသော ဟိန်းဟောက်သံကြီးနှင့်အတူ ၎င်းသည် မဟာရန်နိုင်ငံ၏ ဘုရင့်ဂူဗိမာန် အပေါ် တည့်တည့်သို့ ကျရောက်ကာ ဂူဗိမာန်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပြီး မြေကြီးကိုပါ တုန်ခါ အက်ကွဲသွားစေခဲ့သည်။

ထိုဘေးအန္တရာယ်ကြောင့် နတ်ကွန်းစင်မြင့်ကြီးမှာလည်း တစ်စစီ ပြိုကျသွားတော့သည်။ အရာအားလုံး ငြိမ်သက်သွားသောအခါ လူတိုင်းက ပျက်စီးသွားသော ဂူဗိမာန်နှင့် ပတ်ဝန်းကျင်ကို ကြည့်ကာ တုန်လှုပ်စွာဖြင့် -

“ကောင်းကင်ကနေ ဥက္ကာခဲ ပြုတ်ကျလာတာပဲ၊ ဒါဟာ နမိတ်မကောင်းတဲ့ လက္ခဏာပဲ”

“မဟာရန်ဧကရာဇ်ဟာ နတ်ဘုရားတွေရဲ့ အလိုတော်ကို ဆုံးရှုံးသွားပြီ”

ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့သော မဟာရန်ဧကရာဇ်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရပြီး လူအများ၏ စကားသံများကို ကြားလိုက်ရသောအခါတွင်တော့ မေ့လဲသွားတော့သည်။

All Chapters