အခန်း (၁၃၉-၁၄၀)
Vol. 10 Ch. 139-140
အပိုင်း(၁၃၉)
ကျန်းလျိုသည် ဝူခုန်းအား ဆက်လက် ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်ရှိ လူအားလုံးကို အကဲခတ် ကြည့်ရှုလိုက်၏။ နောက်ဆုံး၌... သူ၏ အကြည့်များက ကျင်းချီဆရာတော်ထံတွင် ရပ်တန့်သွားလေသည်။
"ဆရာတော် ကျင်းချီ... နားလည်မှုလွဲနေတာတွေ ရှိမယ်ထင်တယ်... ဝူခုန်းက မိစ္ဆာမဟုတ်ပါဘူး... သူက ဗောဓိသတ် ကွမ်ယင်ရဲ့ တရားအလင်းပြမှုကို ခံရလို့ ဒီဦးဇင်းနဲ့အတူ အနောက်ဘက်ကိုသွားမယ့် ခရီးစဉ်မှာ လိုက်ပါလာတာပါ..."
"ဟား ဟား ဟား..."
ကျန်းလျို၏ စကားများကို မပြောဘဲနေလိုက်လျှင် ပိုကောင်းမည်ဖြစ်၏။ သူစကားပြောအပြီးတွင် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများမှာ ရယ်စရာကောင်းသော အရာတစ်ခုကို ကြားလိုက်ရသည့်အလား အော်ဟစ်ရယ်မောလိုက်ကြလေသည်။
"ကိုရင်လေး... မျက်စိဖွင့်ပြီး သေချာကြည့်စမ်း... ငါတို့ ကျောင်းတော်ရဲ့ နာမည်က ဘာလဲ... ကွမ်ယင် ဘုံကျောင်းတော်လေ... မင်းက ဗောဓိသတ် ကွမ်ယင်ရဲ့ နာမည်ကို သုံးလိုက်ရုံနဲ့ ငါတို့ကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာလား..."
ဘုန်းကြီးတစ်ပါးက ကျန်းလျိုအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်၏။
"ဒီကိုရင်လေးက လိမ်ညာပြောဆိုဖို့ တကယ့်ကို ပါရမီပါတာပဲ... ခုနက ထန်ဧကရာဇ်မင်းရဲ့ အမိန့်တော်နဲ့ ကျမ်းစာပင့်ဆောင်ဖို့ လာတယ်လို့ ပြောတယ်… ပြီးတော့ကျ ဒီမိစ္ဆာက ဗောဓိသတ် ကွမ်ယင်ဆီကနေ တရားအလင်းရထားတာပါတဲ့... နောက်ထပ် ဘာလာဦးမလဲ... သူ့ကိုယ်သူ တထာဂတဘုရားရှင်ရဲ့ တပည့်ပါလို့များ ပြောဦးမလားပဲ... သူ့ရဲ့ ချဲ့ကားပြောဆိုမှုတွေက ပိုပိုပြီး လွန်ကျူးလာပြီ..."
အခြားဘုန်းကြီးတစ်ပါးက လှောင်ပြောင်သော လေသံဖြင့် သရော်လိုက်လေသည်။
"အောမိတော်ဖော... အားလုံးပဲ စကားနည်းနည်း လျှော့ပြောကြပါ… အဟွတ်... အဟွတ်... ရဟန်းသံဃာဆိုတာ မမှန်ကန်တဲ့ စကားတွေကို ရှောင်ကြဉ်ရမယ်..."
မိမိ၏ ဘုံကျောင်းတော်မှ ဘုန်းကြီးများ၏ ပြောဆိုမှုများမှာ ပိုပိုပြီး လွန်ကဲလာသည်ကို ကြားသောအခါ အတော်လေး အရှက်ရစရာကောင်းသည်ဟု ခံစားလိုက်ရသဖြင့် ကျင်းချီဆရာတော်က ချောင်းအနည်းငယ် ဟန့်ကာ သူတို့ကို တိတ်ဆိတ်စေလိုက်၏။
ထို့နောက် ကျင်းချီဆရာတော်၏ အကြည့်များက ကျန်းလျိုထံသို့ ထပ်မံကျရောက်သွားပြီး…
"ရဟန်းသံဃာတွေဟာ မမှန်ကန်တာတွေကို မပြောသင့်ဘူး... မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေပြီး အပြုအမူကလည်း ဖောက်လွဲဖောက်ပြန် ဖြစ်နေတဲ့အပြင် မိစ္ဆာမျိုးနွယ်နဲ့လည်း ပေါင်းသင်းနေတာကို ငါမြင်ရတယ်... မင်းက သေချာပေါက် ဗုဒ္ဓဘာသာဂိုဏ်းဝင် တစ်ယောက် မဟုတ်ဘူး... မင်းက ဗုဒ္ဓဘာသာ တပည့်တစ်ယောက်အနေနဲ့ ဟန်ဆောင်ချင်နေတာက သာမန် သက်သတ်လွတ် ဆွမ်းတစ်နပ် စားဖို့ထက် ပိုတယ်မဟုတ်လား... ပြောစမ်း… မင်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲ..."
"ကျုပ် ပြောရရင်လေ… ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုတွေကို လွတ်လပ်စွာ စိတ်ကူးယဉ်ခွင့်ပေးထားတာက တကယ့်ကို ကြောက်စရာကောင်းတယ်... ဒါပေမဲ့ ပိုပြီး ကြောက်စရာကောင်းတာက ခင်ဗျားတို့လို လူတွေက ကိုယ့်ရဲ့ စိတ်ကူးယဉ်မှုတွေကို အမှန်တရားအဖြစ် ယူဆပြီး သံသယမရှိ ယုံကြည်နေကြတာပဲ..."
ကျင်းချီဆရာတော် အပါအဝင် ကွမ်ယင် ဘုံကျောင်းတော်မှ ဘုန်းကြီးများက သူ့အား သံသယမျက်လုံးများဖြင့် မည်သို့ ကြည့်ရှုနေကြသည်ကို မြင်သောအခါ ကျန်းလျိုမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။
"စကားပြောတာ တော်လောက်ပြီ... မင်းက တကယ်ပဲ ဗုဒ္ဓဘာသာ တပည့်တစ်ယောက်ဆိုရင်… မင်းခေါင်းပေါ်က နံသာတိုင် အမာရွတ်ကို ငါတို့ ကြည့်ပါရစေ..."
ကျင်းချီဆရာတော်က ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြီး ကျန်းလျိုနှင့် ဆက်လက်၍ အကျိုးမဲ့ စကားပြောရန် စိတ်ဝင်စားမှု မရှိတော့ချေ။
"ကောင်းပြီလေ... ခင်ဗျားတို့ အားလုံးက ကြည့်ချင်နေမှတော့… ကျုပ်က ခင်ဗျားတို့ကို ပြရတာပေါ့..."
ကျန်းလျိုသည် ခေါင်းခါလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို ဝိဒျာရာဇာ သရဖူပေါ်တွင် တင်ကာ ဖြည်းညင်းစွာ ချွတ်လိုက်လေသည်။
ထိုအချိန်တွင် ကျန်းလျိုမှာ တကယ်ပင် အလွန် စိတ်လေးလံနေခဲ့၏။
သူ အလိုရှိခဲ့သမျှမှာ ကွမ်ယင် ဘုံကျောင်းတော်အတွင်းသို့ ငြိမ်းချမ်းစွာ ဝင်ရောက်ပြီး မူရင်းဇာတ်လမ်း၏ ဇာတ်ကွက်အတိုင်း ထိုနေရာတွင် ရက်အနည်းငယ်မျှ နေထိုင်ရန်သာ ဖြစ်သည်။
‘ငါ့ တောင်းဆိုမှုက များလွန်းနေလို့လား… ဘာလို့ ငါ့ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး နှင်ထုတ်နေရတာလဲ… ဒါက ငါဆက်နေလို့ရအောင် ငါ့ကို အစွမ်းပြဖို့ အတင်းအကျပ် ခိုင်းစေနေတာပဲ မဟုတ်လား…’
ဝိဒျာရာဇာ သရဖူကို ဖြည်းညင်းစွာ ချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုမှာ လူတိုင်းမြင်တွေ့နိုင်ရန် ပေါ်လွင်ထင်ရှားလာလေတော့သည်။
ရုတ်ချည်းပင်… ကွမ်ယင် ဘုံကျောင်းတော် တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားသည်။ ဘုန်းကြီးများရော ဘာသာဝင်များပါ အားလုံးက သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား မျက်လုံးများ ပြူးကျယ်သွားကြသည်။ လက်သီးတစ်ဆုပ်စာ ဝင်လောက်အောင် ပါးစပ်များ ဟောင်းလောင်း ဖြစ်သွားကြပြီး အသက်ရှုသံပြင်းပြင်းများမှာ ရံဖန်ရံခါ ထွက်ပေါ်လာလေသည်။
ဘုတ်…
ကျင်းချီဆရာတော်၏ တောင်ဝှေးမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ အနည်းငယ် မှေးကျဉ်းနေပြီး တိမ်ဖုံးနေသော သူ၏မျက်လုံးများမှာ ယခုအခါ ပြူးကျယ်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်လာလေသည်။
"ဆယ်... နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု... ငါအမြင်များ မှားနေတာလား..."
ကွမ်ယင် ဘုံကျောင်းတော်အတွင်း နံ့သာတိုင် လာရောက်ပူဇော်သော ဘာသာဝင် အဘိုးအိုတစ်ဦးက ကျန်းလျို၏ ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုကို မြင်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
သူတို့အတွက်တော့ ကျင်းချီဆရာတော်၏ ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ရှစ်ခုမှာပင် တစ်သက်တာတွင် တွေ့ရခဲသော မြင်ကွင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။ ယနေ့တွင် နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု အပြည့်ရှိသော၊ လုံးဝ မကြားဖူးခဲ့သည့် ဘုန်းကြီးတစ်ပါးကို တွေ့မြင်ရလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမျှ မတွေးမိခဲ့ကြချေ။
"ဒါ... ဒါ မဖြစ်နိုင်ဘူး... လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ..."
မျက်လုံးများဖြင့် မြင်တွေ့လိုက်ရသည်ကို မယုံကြည်နိုင်သော သိုင်းပညာရှင် ဘုန်းကြီးတစ်ပါးကလည်း ဦးခေါင်းတစ်ခုလုံး နီးပါး နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု ဖုံးလွှမ်းနေသော ကျန်းလျိုကို ကြည့်ကာ ပြောလိုက်၏။
ထို့နောက် နံသာတိုင် အမာရွတ် နှစ်ခုသာရှိသော သူ၏ကိုယ်ပိုင် ဦးခေါင်းကို စမ်းသပ်ကြည့်လိုက်လေသည်။
"အောမိတော်ဖော..."
အသက် နှစ်ရာကျော်တိုင်အောင် နေထိုင်ခဲ့သော ကျင်းချီဆရာတော်မှာလည်း ကျန်းလျို၏ ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုကြောင့် တုန်လှုပ်သွားခဲ့ရ၏။ သို့သော် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူသည် မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်ကာ ဗုဒ္ဓ၏ အမည်နာမကို အခက်အခဲဖြင့် ရေရွတ်လိုက်လေသည်။ ထို့နောက် ချက်ချင်းပင် သူသည် ကျန်းလျိုရှိရာဘက်သို့ ဦးညွှတ်ကာ ဒူးထောက်ချလိုက်လေသည်။
"ကျောင်းထိုင်ဆရာတော်..."
ကျင်းချီဆရာတော်၏ အပြုအမူကို မြင်သောအခါ ကွမ်ယင် ဘုံကျောင်းတော်မှ ဘုန်းကြီးများမှာ တုန်လှုပ်သွားကြ၏။ တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် ဘုန်းကြီးတစ်ပါးက ကမန်းကတန်း ပြေးလာပြီး ကျင်းချီဆရာတော် မတ်တတ်ရပ်နိုင်ရန် တွဲထူပေးလိုက်လေသည်။
"ကျောင်းထိုင်ဆရာတော်... သူ့မှာ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု ရှိပြီး ဗုဒ္ဓဘာသာနဲ့ နက်ရှိုင်းတဲ့ ရေစက်ရှိတယ် ဆိုရင်တောင်… ငါတို့အားလုံးက ဗုဒ္ဓဘာသာဂိုဏ်းက တပည့်တွေပဲလေ... ဆရာတော်က ဘာလို့ ဒီလောက်တောင် အရိုအသေပေးပြီး သူ့ကို ဒူးထောက်ရတာလဲ..."
သိုင်းပညာရှင် ဘုန်းကြီး၏ အကူအညီဖြင့် မတ်တတ်ရပ်ရင်း ကျင်းချီ ဆရာတော်မှာ စိတ်လိုက်မာန်ပါ လုပ်မိသည့် အတွက် အနည်းငယ် နောင်တ ရသွားခဲ့၏။
"အင်း... အဲဒါက... ငါ... ငါက ငါ့တောင်ဝှေးကို ကောက်ယူနေရုံပါကွာ..."
သူက အနည်းငယ် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေတော့သည်။
...
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် ကျန်းလျိုတို့ တစ်သိုက် ကွမ်ယင် ဘုံကျောင်းတော်အတွင်းရှိ အထူးပြင်ဆင်ထားသော သက်သတ်လွတ် ဟင်းလျာများပါဝင်သည့် စားပွဲတစ်လုံး ဘေးသို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။
"ဆရာတော် ရွှမ်ကျန်းက အရှေ့အရပ် မဟာထန်ပြည်က ကြွလာတာဆိုတော့… အဝေးကလာတဲ့ ဧည့်သည်တွေပဲလေ... ကျေးဇူးပြုပြီး စားပွဲမှာ နေရာယူပါဦး..."
ကျင်းချီဆရာတော်က သူကိုယ်တိုင် စားပွဲ၏ ထိပ်ဆုံးတွင် နေရာယူကာ ကျန်းလျိုအား ပြောလိုက်လေသည်။ ယခင်က မထီမဲ့မြင်ပြုသော အပြုအမူနှင့် နှိုင်းယှဉ်လျှင် ကျန်းလျိုက ဝိဒျာရာဇာ သရဖူကို ချွတ်လိုက်ပြီး ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုကို ပြသလိုက်ပြီးနောက် ကျင်းချီဆရာတော်၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
"အောမိတော်ဖော... မဟာထန် အင်ပါယာနိုင်ငံတော်ကြီးက ကောင်းချီးပေးခံရတဲ့ တိုင်းပြည်တစ်ခုလို့ ငါကြားဖူးပါတယ်... လွန်ခဲ့တဲ့ တစ်နှစ်က နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုရှိတဲ့ တပည့်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်တဲ့... ဒါပေမဲ့ ငါက သတင်းအချက်အလက် နောက်ကျနေတော့ ဆရာတော် ရွှမ်ကျန်းက ဗောဓိသတ် ကွမ်ယင်ဆီကနေ တရားအလင်းရပြီး ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ ကျမ်းစာတွေ ရှာဖွေဖို့ အနောက်ဘက် နတ်ဝိညာဉ်တောင်တော်ကို သွားနေတယ်ဆိုတာ မသိခဲ့ရဘူး... တကယ်ပဲ အားကျမိပါတယ်..."
"ငါ့ရဲ့ အရိုးအိုကြီးတွေက ဒီလောက် မဆွေးမြည့်နေဘူးဆိုရင်… ငါလည်း ဆရာတော်နဲ့အတူ အနောက်ဘက် ကောင်းကင်ဘုံကို လိုက်ပါပြီး ဗုဒ္ဓကို သွားရောက်ဖူးမြော်ချင်မိပါတယ်..."
သူက ဆို၏။
"ဆရာတော်က ကွမ်ယင် ဘုံကျောင်းတော်ကို ကြွလာပြီး ဗောဓိသတ် ကွမ်ယင်ရဲ့ လမ်းညွှန်မှုကိုလည်း ခံရတယ်ဆိုတော့… ကျောင်းထိုင်ဆရာတော် တစ်ပါးအနေနဲ့ အကောင်းဆုံး ဧည့်ဝတ်ကျေပွန်မှု ပေးဖို့က ငါ့ရဲ့ တာဝန်ပါပဲ... ဆရာတော်နဲ့ တပည့်တွေ အနားယူဖို့ ဇင်အခန်းတစ်ခုကိုလည်း ပြင်ဆင်ထားပြီးပါပြီ… ပြီးတော့ စိတ်ချပါ... ဆရာတော်တို့ရဲ့ စီးတော်ယာဉ်တွေကိုလည်း ငါတို့ သေချာ ဂရုစိုက်ပေးထားမှာပါ…”
ဆွမ်းစားနေစဉ်အတွင်း ကျင်းချီဆရာတော်သည် ကျန်းလျိုနှင့် စကားပြောဆိုရာတွင် အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။ ဗုဒ္ဓဘာသာဂိုဏ်းတွင် ဦးခေါင်းပေါ်ရှိ နံသာတိုင် အမာရွတ် အရေအတွက်က ဗုဒ္ဓနှင့် ရေစက်ပါဝင်မှုကို ပြနေသည်။ နံသာတိုင် အမာရွတ် ဆယ့်နှစ်ခု ပိုင်ဆိုင်ထားသော ကျန်းလျို၏ ဗုဒ္ဓနှင့် ရေစက်ပါဝင်မှု အဆင့်မှာ သမိုင်းတစ်လျှောက်တွင် တကယ်ကို ရှားပါးလှပေသည်။
"ကျေးဇူးတင်ပါတယ် ကျင်းချီဆရာတော်..."
လက်အုပ်ချီကာ ကျေးဇူးတင်စကားဆိုရင်း ကျန်းလျိုက ပြောလိုက်၏။
ကျင်းချီ ဆရာတော် မောက်မာရာမှ အောက်ကျို့ဖားယားသည့် အနေအထားသို့ ရုတ်တရက် ပြောင်းလဲသွားမှုအပေါ် သူ အနည်းငယ် နေရခက်နေသည်။ သို့သော်လည်း ပြုံးရွှင်စွာ ကမ်းလှမ်းလာသည့် မျက်နှာကို ခေါက်ချိုးမတုံ့ပြန်ရဟူသော ဆိုရိုးစကား တစ်ခု ရှိလေသည်။ ယခု ကွမ်ယင် ဘုံကျောင်းတော်မှ ပြင်ဆင်ပေးသော သက်သတ်လွတ် ဆွမ်းကို ဘုန်းပေးနေရပြီဖြစ်ရာ ကျန်းလျိုအနေဖြင့် မနှစ်မြို့သည့် အမူအရာပြသရန် မသင့်တော်တော့ပေ။
"ထွီ... အရသာကို မရှိဘူး..."
သို့သော် စွန်ဝူခုန်းကမူ ဂေါ်ဖီထုပ်အနည်းငယ်ကို ဝါးပြီးနောက် ထမင်းစားပွဲပေါ်သို့ ချက်ချင်းပင် တံတွေးနှင့်အတူ ထွေးထုတ်ပစ်ရန် ဝန်မလေးခဲ့ချေ။
ကျန်းလျိုက လူမှုရေးစည်းမျဉ်းများကို ဂရုစိုက်နေသေးသော်လည်း စွန်ဝူခုန်းမှာ အတော်လေး ပွင့်လင်းသူ ဖြစ်လေသည်။ သူ သဘောကျလျှင် ကျေနပ်ကြောင်း ပြသပြီး၊ သဘောမကျလျှင်လည်း သိသာထင်ရှားစွာ ပြသတတ်၏။ ပတ်ဝန်းကျင်ရှိလူများကို စော်ကားမိမည်ကို ဂရုမစိုက်ဘဲ အရသာမရှိသော အစားအစာများကို စားပွဲပေါ်သို့ တိုက်ရိုက် ထွေးထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူသည် စားပွဲပေါ်မှ မက်မွန်သီးတစ်လုံးကို ယူလိုက်ပြီး စားပွဲမှ လှည့်ထွက်သွားလေသည်။
"ကဲ... ဆရာတော်... ကျွန်တော် ဒီအစားအစာတွေနဲ့ အဆင်မပြေဘူးဆိုတော့ မစားတော့ဘူး… ရှောင်ပိုင် (နဂါးမြင်းဖြူလေး) ဘာလုပ်နေလဲ သွားကြည့်လိုက်ဦးမယ်..."
မက်မွန်သီးကို ကိုင်လျက် စွန်ဝူခုန်းက ခုန်ဆွခုန်ဆွနှင့် ထွက်သွားလေတော့သည်။
***
အပိုင်း(၁၄၀)
"အဲဒါက..."
စွန်ဝူခုန်း၏ ဂရုမစိုက်သော အမူအရာကို ကြည့်ရင်း ကျင်းချီဆရာတော်မှာ အနည်းငယ် အနေခက်သွားလေသည်။
"တောင်းပန်ပါတယ် ဆရာတော်... တပည့်တော်ရဲ့ ဆိုးသွမ်းတဲ့ တပည့်က ခေါင်းမာတတ်ပြီး… မျောက်မျိုးနွယ်ဖြစ်တဲ့အတွက် သစ်သီးတွေကို ပိုနှစ်သက်ပါတယ်... ဒါကြောင့် ဒီအစားအစာတွေက သူ့အကြိုက်နဲ့ မကိုက်ညီတာ အံ့သြစရာတော့ မဟုတ်ပါဘူး..."
ကျင်းချီဆရာတော်၏ အနေရခက်နေသော မျက်နှာကို မြင်သောအခါ ကျန်းလျိုက အနည်းငယ် ပြုံးကာ ယဉ်ကျေးချောမွေ့စွာ ဝင်ရောက်ဖြေရှင်းပေးလိုက်၏။
"ရပါတယ်... ငါကိုယ်တိုင်က သေချာ မစဉ်းစားမိခဲ့တာပါ..."
ကျန်းလျို၏ စကားကို ကြားသောအခါ ကျင်းချီဆရာတော်၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားလေသည်။
ဤခေတ်၏ အစားအစာအများစုမှာ ပြုတ်ခြင်း၊ ချက်ခြင်းများသာ ဖြစ်သောကြောင့်၊ အရသာမှာ ဆီသတ်ကြော်လှော်ထားသော ဟင်းလျာများလောက် မကောင်းမွန်သည်မှာ အမှန်ပင် ဖြစ်လေသည်။ ထို့အပြင် ဤနေရာမှာ မဟာထန်ပြည်၏ နယ်နိမိတ်ပြင်ပသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ရာ၊ စားသောက်မှု အလေ့အထများလည်း ကွဲပြားခြားနားနေမည် ဖြစ်၏။ တကယ်တမ်းတွင် ကျန်းလျို ကိုယ်တိုင်လည်း ဤဆွမ်းကို သိပ်ပြီး အရသာရှိလှသည်ဟု မခံစားရသဖြင့် စွန်ဝူခုန်းက ထိုသို့ တုံ့ပြန်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် ဤအချိန်တွင် ကျန်းလျိုသည် ထမင်းစားပွဲတွင် အချိန်ဖြုန်းနေခြင်းမှာ ပို၍စားချင်နေသောကြောင့် မဟုတ်ဘဲ ဇာတ်ကွက် တိုးတက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်လေသည်။
ကျင်းချီဆရာတော်က မကြာခင် သူ့၏ တန်ဖိုးကြီး သင်္ကန်းစုဆောင်းမှုတွေကို စတင်ကြွားလုံးထုတ်တော့မှာ မဟုတ်ပါလား။
သို့သော်လည်း... ယခု စွန်ဝူခုန်း ထွက်သွားပြီ ဖြစ်လေရာ သူ ကိုယ်တိုင်ကပဲ သင်္ကန်း ကိစ္စကို စတင် ပြောဆိုရတော့မည် ဖြစ်သည်။
ကျန်းလျိုနှင့် ကျင်းချီ ဆရာတော်တို့သည် တစ်နာရီခန့် အပြန်အလှန် စကားပြောဆိုခဲ့ကြပြီး စားပွဲပေါ်ရှိ အစားအစာများလည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့တိုင် ကျင်းချီဆရာတော်မှာ သူ၏ ရတနာများကို ကြွားလုံးထုတ်မည့် အရိပ်အယောင်မျှ မပြလာသဖြင့် ကျန်းလျိုမှာ အနည်းငယ် စိတ်မရှည် ဖြစ်လာလေသည်။
"အဟမ်း... ကျင်းချီဆရာတော်... ကွမ်ယင် ဘုံကျောင်းတော်က ဒီလောက်တောင် ခမ်းခမ်းနားနား တန်ဆာဆင်ထားတာဆိုတော့ ကျောင်းတော်က အတော်လေး ချမ်းသာကြွယ်ဝမယ်လို့ ထင်ပါတယ်..."
ကျင်းချီဆရာတော်က သူ၏ ချမ်းသာကြွယ်ဝမှုကို မကြွားလာသောကြောင့် ကျန်းလျိုမှာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး သွယ်ဝိုက်သော လမ်းစလေးတစ်ခု ပေးလိုက်၏။
"အို... နားလည်ပါပြီ... နားလည်ပါပြီ..."
သို့သော် ကျန်းလျို၏ စကားကို ကြားသောအခါ ကျင်းချီဆရာတော်မှာ ရုတ်တရက် တစ်ခုခုကို နားလည်သွားပုံရပြီး သူ၏ဘေးရှိ ဘုန်းကြီးတစ်ပါးအား အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်လေသည်။
"ဘာကို နားလည်တာလဲ..."
ကျင်းချီဆရာတော်နှင့် ထွက်ခွာသွားသော ဘုန်းကြီးတို့ အပြန်အလှန် ကြည့်လိုက်သည်ကို မြင်သောအခါ ကျန်းလျိုမှာ လုံးဝကို ရှုပ်ထွေးသွားလေတော့သည်။
‘သူက တန်ဖိုးကြီး သင်္ကန်းတွေ သွားယူခိုင်းတာများလား...’
ခဏအကြာတွင် ထွက်သွားသော ဘုန်းကြီးက အနီရောင်ပိတ်စ အုပ်ထားသော ဗန်းတစ်ချပ်ကို ကိုင်ဆောင်လျက် ပြန်ရောက်လာပြီး ထမင်းစားပွဲပေါ်တွင် တင်လိုက်လေသည်။
"မဟာထန်ပြည်က ဆရာတော်... ဆရာတော်က ဝေးလံခေါင်ဖျားတဲ့ တောင်တန်းတွေကို မိုင်ထောင်ချီပြီး ဖြတ်သန်းလာဖို့ ဝန်မလေးခဲ့ဘူး... ဆရာတော်ရဲ့ ရိက္ခာတွေ ကုန်ခမ်းနေပြီထင်တယ်… ဟုတ်တယ်မလား... ဒီမှာ ငါ့ဆီက ရွှေတစ်ရာကျပ်သား ရှိတယ်… ဆရာတော် ငြင်းဆန်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..."
ကျင်းချီဆရာတော်က ဗန်းပေါ်မှ အနီရောင်ပိတ်စကို ဖယ်ရှားလိုက်ရာ လေးလံသော ရွှေတုံးဆယ်တုံး ပေါ်လာလေသည်။
"ကျင်းချီဆရာတော် အထင်လွဲနေပါပြီ... တပည့်တော်က ရိက္ခာတောင်းဖို့ လာတာ မဟုတ်ပါဘူး..."
သူ့ဘက်သို့ တွန်းပို့လာသော ရွှေများကို ကြည့်ရင်း ကျန်းလျိုက..
"ဒီတိုင်း လမ်းမှာ ဆရာတော်က တန်ဖိုးကြီး သင်္ကန်းကောင်းတွေကို စုဆောင်းထားတယ်လို့ လူတွေ ပြောနေကြတာ ကြားမိလို့... အဲဒါ ကျွန်တော် တွေးမိတာက..."
ကျန်းလျို၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီးနောက်ပြောလိုက်၏။
"သြော်... အခုမှပဲ နားလည်တော့တယ်..."
သို့သော် ကျန်းလျို စကားမဆုံးခင်မှာပင် ကျင်းချီဆရာတော်မှာ ရုတ်တရက် နားလည်သွားသည့်ဟန် ထပ်ပေါ်လာပြန်လေသည်။
"ဆရာတော်ရဲ့ သင်္ကန်းကလည်း စုတ်ပြဲနေပြီကိုး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့မှာလည်း သင်္ကန်းနည်းနည်းပါးပါး ရှိပါတယ်... တန်ဖိုးကြီး ရတနာတွေလို့တော့ မသတ်မှတ်နိုင်ပါဘူး… မဟာထန်ပြည်က ချမ်းသာကြွယ်ဝတဲ့ ပစ္စည်းတွေနဲ့လည်း သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ပါဘူးလေ... ဆရာတော် သဘောမကျဘူးဆိုရင်လည်း ငါ့ရဲ့ သင်္ကန်းတွေ သိမ်းထားတဲ့ ရတနာခန်းကို သွားကြည့်ပါလား... ဆရာတော် မျက်စိကျတာ တစ်ထည်လောက် ရှိရင်…ငါ့ဘက်က ဝမ်းသာအားရ လက်ဆောင်ပေးပါရစေ..."
“...”
ကျန်းလျို မှာ အံ့ဩ၍စကားပင်မပြောနိူင်တော့ချေ။ သည်ဇာတ်လမ်းက နည်းနည်းတော့ လွဲနေချေပြီ။ မိမိ၏ ချမ်းသာ ကြွယ်ဝမှုများကို ကြွားလုံးထုတ်ချင်သည့် ဘုန်းကြီးအိုကြီးက ဘယ်ရောက်သွားသနည်း။
‘သူက ဘာလို့ ဒီလောက်တောင် ရက်ရောပြီး စိတ်အားထက်သန်နေရတာလဲ...’
...
ကွမ်ယင် ဘုံကျောင်းတော်ရှိ ခန်းမဆောင်ကြီးအတွင်း၌ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ကွမ်ယင် ရုပ်ပွားတော်ကြီးသည် ခမ်းနားထည်ဝါစွာ မားမားမတ်မတ် တည်ရှိနေပြီး ကြည်ညိုဖွယ်ကောင်းကာ မွန်မြတ်သန့်စင်သော အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
ကောင်းကင်ယံ မှောင်မိုက်သွားခဲ့ပြီး ကွမ်ယင် ဘုံကျောင်းတော်သို့ ဘုရားဖူးလာရောက်သူများကို လက်ခံခြင်း ရပ်ဆိုင်းသွားပြီ ဖြစ်သည်။သို့သော်လည်း ကျန်းလျိုနှင့် ကျင်းချီဆရာတော်တို့မှာ အနီးအနားတွင် သက်သတ်လွတ် ဆွမ်းဘုန်းပေးနေကြဆဲ ဖြစ်ကာ ခန်းမဆောင်ကြီး အတွင်း၌ ဘုန်းကြီးအနည်းငယ် အလုပ်များနေကြဆဲ ဖြစ်လေသည်။
ဥပမာအားဖြင့် သန့်ရှင်းရေးလုပ်ခြင်းနှင့် အလှူခံပုံးကြီးထဲမှ ငွေဒင်္ဂါးပြားများအားလုံးကို ထုတ်ယူခြင်း စသည့် အလုပ်များပင် ဖြစ်၏။
ဂလောက်... ဂလောက်... ဂလောက်...
ဘုန်းကြီးအနည်းငယ်က အလှူခံပုံးကို ဖွင့်နေကြစဉ်မှာပင် ခန်းမဆောင်ကြီး အပြင်ဘက်ရှိ ကျောက်စိမ်းပြားများပေါ်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအသံမှာ မြေကြီးကို ကျောက်ခဲများဖြင့် ခေါက်နေသည့်အလား ထွက်ပေါ်လာခြင်းဖြစ်ပြီး သာမန် ခြေသံမျိုး လုံးဝ မဟုတ်ပေ။
ဤအသံက ဘုန်းကြီးများကို ခဏတာ ရပ်တန့်သွားစေခဲ့၏။
သူတို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ အလွန်ပင် ထူးခြားပြီး နတ်အသွင်ရှိသော မြင်းဖြူတစ်ကောင် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုမြင်းဖြူမှာ ကွမ်ယင် ခန်းမဆောင်ကြီး အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုက်ရိုက် ဝင်ရောက်လာလေတော့သည်။
"ဟင်... ဒါက ဆရာတော် ရွှမ်ကျန်းရဲ့ စီးတော်ယာဉ် မဟုတ်ဘူးလား..."
ခန်းမဆောင်အတွင်းသို့ လျှောက်ဝင်လာသော မြင်းဖြူကို မြင်သောအခါ ဘုန်းကြီးများမှာ အံ့အားသင့်သွားကြလေသည်။
‘ဒီမြင်းဖြူကို သေချာဂရုစိုက်ဖို့ တာဝန်ပေးထားတဲ့ တခြား နောင်တော်တွေ ရှိတယ် မဟုတ်ဘူးလား။ ဘာလို့ ခန်းမဆောင်ကြီးထဲကို ဝင်ပြေးခွင့်ပြုလိုက်ရတာလဲ...’
သူတို့က ခေါင်းခါလိုက်ကြပြီး မြင်းတစ်ကောင်ကိုပင် သေချာမစောင့်ရှောက်နိုင်သော နောင်တော်များ၏ လုပ်ရပ်ကို အနည်းငယ် မသင့်တော်ဟု ခံစားလိုက်ရသည်။သို့သော်လည်း မြင်းဖြူမှာ ခန်းမဆောင်ထဲသို့ ဝင်လာပြီဖြစ်ရာ မြင်းတင်းကုပ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားရန်သာ ဆုံးဖြတ်လိုက်ကြ၏။
"တကယ်ပဲ ဆရာတော် ရွှမ်ကျန်းရဲ့ စီးတော်ယာဉ်ပီပီ မြင်းတင်းကုပ်ကနေ ထွက်လာတာတောင် ဒီခန်းမဆောင်ကြီးထဲကို ဝင်လာရမယ်မှန်း သိနေတယ်..."
ဘုန်းကြီးတစ်ပါးက ခန်းမဆောင်ထဲ ဝင်လာသော မြင်းဖြူကို ကြည့်ရင်း မနေနိုင်ဘဲ နောက်ပြောင်ပြောဆိုလိုက်လေသည်။
"ဟားဟားဟား... မှန်တာပေါ့ ဆရာတော် ရွှမ်ကျန်းက နံသာတိုင် အမာရွတ် ဆယ့်နှစ်ခုတောင် ရထားတဲ့ ဆရာတော်ဆိုတော့ ဗုဒ္ဓနဲ့ ဒီလောက် ရေစက်နက်ရှိုင်းတာ မဆန်းပါဘူး... နောင်တစ်ချိန် အနောက်ဘက် ကောင်းကင်ဘုံမှာ ဗုဒ္ဓ ဒါမှမဟုတ် ရဟန္တာ ဖြစ်သွားနိုင်တယ် မဟုတ်လား..."
အခြား ဘုန်းကြီးတစ်ပါးကလည်း ရယ်မောကာ ခေါင်းညိတ်ထောက်ခံရင်း ဝင်ရောက်ပြောဆိုလိုက်၏။
စကားပြောနေစဉ်မှာပင် ထိုဘုန်းကြီးက ကိုင်ထားသော အလှူခံပုံးကို ချထားလိုက်ပြီး မြင်းကိုသွားရောက် ဆွဲခေါ်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော် ခြေနှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် လုံးဝ ရှုပ်ထွေးနားမလည်နိုင်သော အမူအရာများ ပေါ်ထွက်လာလေသည်။
တကယ်တမ်းတွင် ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်ဝင်လာသော မြင်းဖြူသည် သူတို့၏ စကားများကို လုံးဝ ဂရုမစိုက်ဘဲ ကွမ်ယင် ရုပ်ပွားတော်ရှေ့သို့ သူ့အလိုလို လျှောက်သွားလေသည်။ ထို့နောက် ၎င်း၏ ရှေ့ခြေထောက်များကို တရားထိုင်ဖုံပေါ်သို့ အတိအကျ ဒူးထောက်ချလိုက်ပြီး ခေါင်းကိုငုံ့ကာ ရှိခိုးပူဇော်နေသည့် ဟန်ပန်ကို ဖမ်းယူလိုက်ခြင်းပင် ဖြစ်၏။
"ဘာ... ဆရာတော် ရွှမ်ကျန်းရဲ့ စီးတော်ယာဉ်ကတောင် တရားအလင်း ရနေပြီလား..."
ကွမ်ယင် ရုပ်ပွားတော်ရှေ့တွင် ရှိခိုးဦးချနေသော မြင်းဖြူကို ကြည့်ရင်း ဘေးမှ ဘုန်းကြီးများမှာ အံ့အားသင့်စွာဖြင့် အချင်းချင်း တီးတိုးရေရွတ်လိုက်ကြလေသည်။
အကယ်၍ တရားအလင်း ရရှိပြီးသားဆိုလျှင်လည်း ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဂိုဏ်းဝင် တပည့်များအနေဖြင့် မိစ္ဆာအချို့ကို မမြင်ဖူးသူ မည်သူရှိမည်နည်း။ အနီးအနားရှိ လေမည်းတောင်မှ ဝက်ဝံနက် မိစ္ဆာဆိုလျှင် ကျောင်းထိုင်ဆရာတော်၏ နှစ်ကာလကြာရှည် မိတ်ဆွေကောင်းတစ်ဦး ဖြစ်လေသည်။
သို့သော် ဗုဒ္ဓဘာသာကို ဤမျှ နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ဗောဓိသတ်အား ရှိခိုးပူဇော်ရန် သူ့အလိုလို ရောက်ရှိလာသည့် တရားအလင်းရ သတ္တဝါမျိုးကိုတော့ သူတို့ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
တစ်ချိန်တည်း၌... ဗောဓိသတ် ရုပ်ပွားတော်ရှေ့တွင် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ဒူးထောက်နေသော နဂါးမြင်းဖြူမှာ သူ၏ ရင်ထဲတွင် ရင်ဆိုင်နေရသော အခက်အခဲများကို ကောင်းစွာ သိရှိနေလေသည်။
ဗောဓိသတ် ကွမ်ယင်၏ တရားအလင်းပြမှုကို ခံရပြီးနောက် သူသည် ကျမ်းစာပင့်ဆောင်မည့် အဖွဲ့တွင် ပါဝင်ရမည် ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေများအရ သူသည် မည်သည့် အမည်နာမမျှ မရှိဘဲ ကျမ်းစာပင့်ဆောင်သူ နောက်သို့ အရှက်ကင်းမဲ့စွာ လိုက်ပါနေရလေသည်။ ဤသို့သော အခက်အခဲမျိုးကို ဗောဓိသတ် ကွမ်ယင် တစ်ပါးတည်းကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်ရာ နဂါးမြင်းဖြူမှာ အကူအညီ တောင်းခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေတော့သည်။
***