အခန်း (၁၃၁-၁၃၂)
Vol. 10 Ch. 131-132
အပိုင်း(၁၃၁)
ကျန်းလျို၏ အကြည့်များက ပစ္စည်းများပေါ် ကျရောက်သွားသည် နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ အချက်အလက်များက သူ၏ရှေ့တွင် ပေါ်လာလေသည်။
သွေးပုလင်း တစ်ပုလင်းကတော့ ပြောစရာပင် မလိုချေ။
သို့သော် အဆင့်မြှင့် သွေးဆေးရည် တစ်ပုလင်းလည်း ပါဝင်နေသောကြောင့် ကျန်းလျိုကို အံ့အားသင့်သွားစေခဲ့သည်။
ဤ အဆင့်မြှင့် သွေးဆေးရည် သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် တွင် မိစ္ဆာစစ်သူကြီး လျှပ်စစ် ကျားသစ်ကို အနိုင်ယူခဲ့စဉ်ကလည်း ထွက်ကျခဲ့ဖူးသည်။ ၎င်းက သူ၏ သွေးတန်း ကို ၂၀ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ပုံမှန် သွေးဆေးရည်များ၏ အာနိသင်ထက် နှစ်ဆပိုများသော ကောင်းမွန်သည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။
မာနာဆေးရည် နှစ်ပုလင်းကို တွေ့ရခြင်းမှာလည်း အတော်လေး ကောင်းမွန်ပေသည်။ နာရီဝက်ကျော်ကြာမြင့်သော ဤကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲမျိုးတွင် သူ၏ မာနာများအားလုံး ကုန်ခမ်းသွားနိုင်ရာ ၎င်းတို့က သူ၏ စွမ်းအင်ကို ထိန်းသိမ်းရန်အတွက် များစွာ အသုံးဝင်လေသည်။
ယခုအချိန်အထိ ကျန်းလျိုသည် တစ်ပုလင်းမျှ အသုံးမပြုခဲ့ဖူးသော်လည်း သူသည် ထွက်ကျလာသော မာနာဆေးရည် များအားလုံးကို သိမ်းဆည်းထားခဲ့လေသည်။
ဆေးရည်များအပြင် လက်နက်ကိရိယာ သုံးခုနှင့် ကျွမ်းကျင်မှုစာအုပ် တစ်အုပ် ပါဝင်လေသည်။ မိစ္ဆာစစ်ဗိုလ် ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသော ကျန်းလျိုအတွက် ဤပစ္စည်းထွက်ကျနှုန်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။
လက်နက်ကိရိယာ သုံးခုစလုံးမှာ ယခုအခါ သူ့ အတွက် အသုံးဝင်နေသည်။ ၎င်းတို့၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ကျန်းလျိုသည် တန်ဖိုးနည်းသော လက်နက်ကိရိယာများကို ဖယ်ရှားကာ တန်ဖိုးပိုကြီးသော အရာများကို တပ်ဆင်လိုက်လေသည်။
လက်နက်ကိရိယာများကို ပြန်လည် လဲလှယ်တပ်ဆင်ပြီးနောက် ကျန်းလျိုသည် သူ၏ ဝတ်စုံကို သေချာစွာ စစ်ဆေးကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လက်နက် - ကြာပန်းစိမ်း တောင်ဝှေး (ပြီးပြည့်စုံသော အရည်အသွေး) - လိုအပ်သော အဆင့် ၂၀။ တိုက်ခိုက်ရေးစွမ်းအား +၁၈၅။ အထူးအာနိသင် - ပြန်လည်ကုသနိုင်သော စွမ်းရည်များနှင့် ပစ္စည်းများကို အသုံးပြုသည့်အခါ အကျိုးသက်ရောက်မှု +၁၀ ရာခိုင်နှုန်း။ ကြံ့ခိုင်မှု ၁၅/၂၀။
ဝတ်ရုံ - ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း (ပြီးပြည့်စုံသော အရည်အသွေး) - လိုအပ်သော အဆင့် ၁၅။ ကာကွယ်ရေးစွမ်းအား +၄၀၀။ အလိုအလျောက် စွမ်းရည် (ရွှေပိုးဟပ်၏ အရေခွံလဲခြင်း) - သေလောက်သော တိုက်ခိုက်မှုကို လက်ခံရရှိသည့်အခါ၊ ဗုဒ္ဓသင်္ကန်းထံသို့ ပျက်စီးဆုံးရှုံးမှုများကို လွှဲပြောင်းပေးကာ ကြံ့ခိုင်မှု ၅ မှတ်ကို စားသုံးမည်။ ကြံ့ခိုင်မှု ၈/၁၅။
ဦးထုပ် - ဝိဒျာရာဇာ သရဖူ (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သော အဆင့် မရှိ။ ကာကွယ်ရေးစွမ်းအား +၁၀၀၀ (၁၀ - ၁၀၀၀၀၀ မိမိ၏ အဆင့်ပေါ် မူတည်သည်)။ ပါဝင်သော အထူးအာနိသင် - ပစ်မှတ်အပေါ် သက်ရောက်သည့် ပျက်စီးဆုံးရှုံးမှု၏ ၁၀ ရာခိုင်နှုန်းကို ဝတ်ဆင်သူ၏ သွေးတန်း အဖြစ်သို့ ပြောင်းလဲပေးသည်။ ကြံ့ခိုင်မှု ၆၄/၁၀၀။
လည်ဆွဲ - ခရုသင်း စိပ်ပုတီး (အရည်အသွေးမြင့်) - လိုအပ်သော အဆင့် ၂၀။ ကာကွယ်ရေးစွမ်းအား +၁၀၀။ အထူးအာနိသင် - ဝရဇိန်ဂါထာ ၏ အဆင့်ကို +၁ တိုးမြှင့်ပေးသည်။ ကြံ့ခိုင်မှု ၂၀/၂၀။
ခါးပတ် - ပိုးသား ခါးပတ် (သာမန် အရည်အသွေး) - လိုအပ်သော အဆင့် ၁၅။ ကာကွယ်ရေးစွမ်းအား +၃၅။ ကြံ့ခိုင်မှု ၄/၁၀။
လက်စွပ် - သစ်နီ လက်စွပ် (အရည်အသွေးမြင့်) - တိုက်ခိုက်ရေးစွမ်းအား +၂၀။ အလိုအလျောက် စွမ်းရည် - တိုက်ပွဲမှ ထွက်ခွာပြီး စက္ကန့် ၃၀၀ အကြာတွင်၊ ပထမဆုံး တိုက်ခိုက်မှုက နှစ်ဆ ပျက်စီးဆုံးရှုံးမှု ဖြစ်စေသည်။ ကြံ့ခိုင်မှု ၇/၁၀။
လက်စွပ် - ဟွာလီ ဥပဒေသ လက်စွပ် (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သော အဆင့် ၂၁။ တိုက်ခိုက်ရေးစွမ်းအား +၃၈၀။ အထူးအာနိသင် - တိုက်ပွဲပြင်ပတွင်၊ ၁၀ စက္ကန့်တိုင်း လျော့ကျသွားသော သွေးတန်း ၁ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းပေးသည်။ ကြံ့ခိုင်မှု ၁၂/၂၅။
လက်ကောက် - ကြေးဝါ လက်ကောက် (သာမန် အရည်အသွေး) - လိုအပ်သော အဆင့် ၁၀။ ကာကွယ်ရေးစွမ်းအား +၂၀။ ကြံ့ခိုင်မှု ၈/၁၀။
လက်ကောက် - သံမည်း လက်ကောက် (သာမန် အရည်အသွေး) - လိုအပ်သော အဆင့် ၂၀။ ကာကွယ်ရေးစွမ်းအား +၈၀။ ကြံ့ခိုင်မှု ၆/၁၀။
ဖိနပ် - တောက်ပသည့် ဖိနပ် (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သော အဆင့် ၂၀။ ကာကွယ်ရေးစွမ်းအား +၄၆၀။ အထူးအာနိသင် - ၁၀ မီတာ ပတ်လည်အတွင်း လျှပ်တစ်ပြက် ရွှေ့ပြောင်းနိုင်စွမ်းကို ပေးစွမ်းသည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၃၀၀ စက္ကန့်။ ကြံ့ခိုင်မှု ၄/၃၀။
အထူးအသုံးအဆောင် - ကျွမ်းကျင်မှုစာအုပ်စင် (အထူးအသုံးအဆောင်) - အခြား အသက်မွေးဝမ်းကျောင်းများမှ ကျွမ်းကျင်မှုစာအုပ် သုံးအုပ်ကို ထည့်သွင်းထားနိုင်ပြီး ၎င်းတို့၏ စွမ်းရည်များကို သင်ယူခွင့် ပေးစွမ်းသည်။
အထူးအသုံးအဆောင် - အလွတ်
အထူးအသုံးအဆောင် - အလွတ်
သူ၏ လက်နက်ကိရိယာများကို ကြည့်ရှုပြီးနောက် ကျန်းလျိုသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
အသစ်ရရှိထားသော ပစ္စည်းသုံးခုဖြစ်သည့် ခရုသင်း စိပ်ပုတီး၊ ဟွာလီ ဥပဒေသ လက်စွပ် နှင့် သံမည်း လက်ကောက် တို့အနက် အထင်ရှားဆုံးမှာ ဒဏ္ဍာရီလာ အရည်အသွေး ရှိသော ဟွာလီ ဥပဒေသ လက်စွပ် ပင် ဖြစ်ပေသည်။
တိုက်ခိုက်ရေးစွမ်းအား ၃၈၀ မှတ် အပြည့် တိုးမြှင့်ပေးမှုမှာ ယခုအချိန်တွင် ကျန်းလျို အတိအကျ လိုအပ်နေသော အရာပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဝံပုလွေ မိစ္ဆာ နှင့် တိုက်ခိုက်ပြီးနောက် ကျန်းလျိုသည် မိမိ၏ အခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ဒဏ္ဍာရီလာ အရည်အသွေး ရှိသော ကာကွယ်ရေး လက်နက်ကိရိယာ နှစ်ခုကြောင့် သူသည် ပုံမှန်အားဖြင့် တိုက်ခိုက်ရေးတွင် အားနည်းသော်လည်း ကာကွယ်ရေးတွင်မူ မြင့်မားနေခဲ့လေသည်။
ယခု ဤ ဟွာလီ ဥပဒေသ လက်စွပ် ရှိလာသောအခါ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအား ၃၈၀ မှတ်မှာ ကြာပန်းစိမ်း တောင်ဝှေး ၏ ၁၈၅ မှတ်ထက် နှစ်ဆကျော်ပင် ပိုများနေပေသည်။
ဒုတိယအနေဖြင့် ခရုသင်း စိပ်ပုတီး မှာလည်း အထင်ကြီးလောက်စရာပင် ဖြစ်သည်။ စန္ဒကူး စိပ်ပုတီး ၏ အထောက်အပံ့စွမ်းရည် တိုးမြှင့်မှုမှာ အတော်လေး လက်တွေ့ကျသော်လည်း ခရုသင်း စိပ်ပုတီး ကမူ ကာကွယ်ရေးစွမ်းအား ၁၀၀ မှတ်ကို ပေါင်းထည့်ပေးလေသည်။ ထို့အပြင် ဤ လက်နက်ကိရိယာ က ဝရဇိန်ဂါထာ ၏ စွမ်းရည်အဆင့်ကိုလည်း တိုးမြှင့်ပေးသေးသည်။ ၎င်းက သူ့အား အပို ကျွမ်းကျင်မှတ် တစ်မှတ် ပေးလိုက်သကဲ့သို့ပင် ဖြစ်နေလေသည်။
ဝရဇိန်ဂါထာ ကို ကြည့်လိုက်သောအခါ အလယ်အလတ်အဆင့် ဝရဇိန်ဂါထာ သည် ပျက်စီးဆုံးရှုံးမှု ကင်းလွတ်ခွင့်ကို ပြောင်းလဲမသွားစေသော်လည်း မူလက တိုက်ခိုက်မှုကို တစ်ကြိမ်သာ ကာကွယ်နိုင်ရာမှ ယခုအခါ နှစ်ကြိမ်အထိ ကာကွယ်ပေးနိုင်လာသည်။ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် မှာလည်း အနည်းငယ် တိုတောင်းသွားခဲ့ရာ အလွန်ပင် လက်တွေ့အသုံးကျလှပေသည်။
နောက်ဆုံးတစ်ခုဖြစ်သော သံမည်း လက်ကောက် မှာ သာမန် အရည်အသွေး ရှိသော လက်နက်ကိရိယာ ဖြစ်သည်။ ၎င်းက ယခင် သံမဏိ လက်ကောက် နေရာတွင် အစားထိုးဝင်ရောက်လာပြီး သူ၏ ကာကွယ်ရေးစွမ်းအားကို အနည်းငယ် တိုးမြှင့်ပေးလေသည်။
မိစ္ဆာစစ်ဗိုလ် အဆင့်ရှိ ဝံပုလွေ မိစ္ဆာ ထံမှ ထွက်ကျလာသော လက်နက်ကိရိယာများကို တွေးတောကြည့်ပြီးနောက် ကျန်းလျိုသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
လက်နက်ကိရိယာ သုံးခုနှင့် ဆေးရည်များအပြင် နောက်ဆုံးတွင် ဝံပုလွေ မိစ္ဆာ သည် ကျွမ်းကျင်မှုစာအုပ် တစ်အုပ်ကိုလည်း ချန်ထားရစ်ခဲ့သေးသည်။ ၎င်းမှာ အဆင့် ၂၀ ကရုဏာရှင် ဗောဓိသတ် အသက်မွေးဝမ်းကျောင်း၏ ကျွမ်းကျင်မှုစာအုပ် ဖြစ်လေသည်။
ဤ ကျွမ်းကျင်မှုစာအုပ် ကို မြင်သောအခါ ကျန်းလျိုသည် အဆင့်ကူးပြောင်းရေး နှင့် ပတ်သက်၍ မိမိ၏ အခြေအနေအပေါ် အာရုံစိုက်လိုက်လေသည်။
အထောက်အပံ့အမျိုးအစား ကရုဏာရှင် ဗောဓိသတ် လား သို့မဟုတ် တိုက်ခိုက်ရေးအမျိုးအစား တုန်လှုပ်ခြင်းကင်း မင်ဘုရင် လား၊ သူ မည်သည့်အရာအဖြစ်သို့ အဆင့်ကူးပြောင်းရမည်နည်း။
မူလက ကျန်းလျိုသည် တုန်လှုပ်ခြင်းကင်း မင်ဘုရင် ကို ရွေးချယ်ရန် ဆုံးဖြတ်ထားခဲ့သည်။ အထောက်အပံ့ပေးသူများ၏ အားနည်းသော တိုက်ခိုက်နိုင်စွမ်းနှင့် နှိုင်းယှဉ်ပါက တုန်လှုပ်ခြင်းကင်း မင်ဘုရင် ၏ မွေးရာပါ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းက ပို၍ မကောင်းဘူးလောဟု သူ တွေးတောခဲ့မိသည်။
သို့သော် များစွာ တွေးတောပြီး ဘက်စုံစောင့်ကြည့် သုံးသပ်လိုက်ပြီးနောက် ကရုဏာရှင် ဗောဓိသတ် က သူ့အတွက် ပို၍ သင့်လျော်သည်ဟု ကျန်းလျို ခံစားလိုက်ရသည်။
အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကမ္ဘာကြီးထဲတွင် ကျွမ်းကျင်မှတ် များ ရှိနေသရွေ့ နတ်ဘုရားစွမ်းရည်များကို သင်ယူနိုင်ပေသည်။ ၎င်းအပြင် ကျွမ်းကျင်မှုစာအုပ်စင် လည်း ရှိနေသေးရာ သူသည် ကရုဏာရှင် ဗောဓိသတ် အဖြစ်သို့ အဆင့်ကူးပြောင်းခဲ့လျှင်တောင်မှ တိုက်ခိုက်ရေး နည်းလမ်းများ ပြတ်လပ်သွားမည် မဟုတ်ချေ။
ထို့အပြင် အနာဂတ်တွင် နတ်ဘုရားများ၊ ဗုဒ္ဓများနှင့် ဖြစ်ပွားမည့် တိုက်ပွဲများကို တွေးတောကြည့်လိုက်ပါက အမျိုးမျိုးသော အထောက်အပံ့စွမ်းရည် များ၊ ထိန်းချုပ်မှုစွမ်းရည်များနှင့် အဖွဲ့လိုက် ကုသပေးနိုင်သော နည်းလမ်းများက ပို၍ တန်ဖိုးမရှိနိုင်ဘူးလော။
ထို့အပြင်... ကရုဏာရှင် ဗောဓိသတ် တွင် ရှင်ပြန်ထမြောက်ခြင်း နည်းစနစ် ဟူသော နတ်ဘုရားစွမ်းရည် ရှိနေကြောင်းကိုလည်း ကျန်းလျို မေ့ပစ်၍ မရနိုင်ခဲ့ပေ။
နတ်ဘုရားများနှင့် ဗုဒ္ဓများက ဘုံသုံးပါးနှင့် လမ်းစဉ်ခြောက်သွယ်လုံးကို နီးပါး ထိန်းချုပ်ထားသော ဤကမ္ဘာကြီးတွင် အသုံးပြုနိုင်သည့် ရှင်ပြန်ထမြောက်ခြင်း စွမ်းရည်...
၎င်းမှာ နတ်ဘုရားနှင့် ဗုဒ္ဓ ခေါင်းဆောင်ကြီးများ၏ အထူးအခွင့်အရေးတစ်ခု ဖြစ်ပုံရပေသည်။
အကယ်၍ သူသာ ကောင်းကင်ဘုံမှ နတ်ဘုရားများအားလုံးကို အမှန်တကယ် မှောက်လှန်ပစ်မည်ဆိုပါက ရှင်ပြန်ထမြောက်ခြင်း နည်းစနစ် ကို ပိုင်ဆိုင်ထားရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။
ထို့ကြောင့်... တွေးလေတွေးလေ ကရုဏာရှင် ဗောဓိသတ် အဖြစ်သို့ အဆင့်ကူးပြောင်းခြင်းက သူ့အတွက် ပို၍ သင့်လျော်သည်ဟု သူ ခံစားရလေလေ ဖြစ်သည်။ သိပ်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ကျန်းလျိုသည် ကရုဏာရှင် ဗောဓိသတ် အဖြစ် အဆင့်ကူးပြောင်းရန် ချက်ချင်းပင် ရွေးချယ်လိုက်တော့သည်။
ဒင် -သင်သည် ကရုဏာရှင် ဗောဓိသတ် အဖြစ်သို့ အောင်မြင်စွာ အဆင့်ကူးပြောင်းသွားပါပြီ။
အဆင့်ကူးပြောင်းပြီးနောက်တွင် ခမ်းနားကြီးကျယ်သော တန်ခိုးပြာဋိဟာများ မရှိခဲ့သကဲ့သို့ လက်နက်ကိရိယာများနှင့် ပစ္စည်းများကဲ့သို့သော ဆုလာဘ်များလည်း မရှိခဲ့ပေ။ ရိုးရှင်းသော စနစ်၏ သတိပေးချက် တစ်ခုသာ ရှိနေခဲ့သည်။
သို့တိုင်အောင် ဤစနစ်၏ သတိပေးချက် က အချိုးအကွေ့တစ်ခု ဖြစ်ကြောင်း ကျန်းလျို ကောင်းစွာ ရှင်းလင်းသိရှိနေခဲ့သည်။ ယခုအချိန်မှစ၍ သူသည် အစပြုသူ (beginner) တစ်ယောက် မဟုတ်တော့ချေ။
အဆင့်ကူးပြောင်းပြီးနောက် ဝံပုလွေ မိစ္ဆာ ထံမှ ထွက်ကျလာသော ကျွမ်းကျင်မှုစာအုပ် ကို ယခုအခါ သူ သင်ယူနိုင်ပြီ ဖြစ်လေသည်။
သို့ရာတွင် စွန်ဝူခုန်း နှင့် နဂါးမြင်းဖြူ တို့၏ ရှေ့တွင် ကျန်းလျိုသည် ကျွမ်းကျင်မှုစာအုပ် ကို ထုတ်ယူ၍ လေ့လာရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ ကျွမ်းကျင်မှုစာအုပ် တစ်အုပ်က အလင်းတန်းလေးများအဖြစ် ပြောင်းလဲသွားပြီး မိမိ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခြင်းမှာ အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းပြီး ရှင်းပြရန် ခက်ခဲသောကြောင့် ဖြစ်လေသည်။
စွန်ဝူခုန်း နှင့် နဂါးမြင်းဖြူ တို့အကြောင်း တွေးမိပြီးနောက် ကျန်းလျိုက ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦးစလုံးက သူ့အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ခေါင်းငုံ့၍ စစ်ဆေးကြည့်လိုက်သောအခါ သူ၏ ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း ပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်နေသည်မှလွဲ၍ အခြား ထူးခြားမှု ဘာမျှမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျန်းလျိုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဝူခုန်း... မင်းတို့ ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ... ငါ့ဆီမှာ ဘာတွေ မှားယွင်းနေလို့လဲ..."
***
အပိုင်း(၁၃၂)
"ဆရာတော်... ဆရာတော်က သတ်ဖြတ်ခြင်း လမ်းစဉ် ကနေတစ်ဆင့် ကျင့်ကြံနေတာများလား..."
စွန်ဝူခုန်းက ကျန်းလျိုအား အံ့ဩမှုများ ပြည့်နှက်နေသော အသံဖြင့် မေးလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရုတ်တရက် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခုလည်း ပေါ်လွင်နေလေသည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ကျန်းလျိုသည် အချိန်တိုင်း စက္ကန့်တိုင်းကို ကျင့်ကြံရန် အသုံးချနေခဲံပြီး အစွဲအလမ်းကြီးစွာ တိုက်ခိုက်နေခဲ့သည်ကို သတိပြုမိခဲ့သည်။ ထိုစဉ်က စွန်ဝူခုန်းသည် သူ့အား တိုက်ခိုက်ခြင်းကို နှစ်သက်သူတစ်ဦးအဖြစ်သာ ထင်မှတ်ထားခဲ့လေသည်။
ယခုအခါ ဝံပုလွေ မိစ္ဆာကို သူကိုယ်တိုင် သတ်ဖြတ်လိုက်ပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ကိုယ်ကာယကြံ့ခိုင်ခြင်းအဆင့် သို့ တက်လှမ်းသွားသည်ကို မြင်လိုက်ရသည်။ ထိုအခါ ဆရာတော်သည် သတ်ဖြတ်ခြင်း လမ်းစဉ် ကို ကျင့်ကြံနေခြင်းဖြစ်မည်ဟု စွန်ဝူခုန်းက ရုတ်တရက် သဘောပေါက်သွားခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက... ဝံပုလွေ မိစ္ဆာ ကို သတ်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ကျင့်ကြံမှုအဆင့်က အဘယ်ကြောင့် ချက်ချင်း ထိုးဖောက်တက်လှမ်းသွားသနည်း ဆိုသည်ကို ရှင်းပြရန် ခက်ခဲလှပေသည်။
သို့ရာတွင် ယုံကြည်နိုင်စရာ မရှိသည်မှာ အမြဲတမ်း ကရုဏာတရားကို လက်ကိုင်ထားသော ဗုဒ္ဓဘာသာဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပါလျက်နှင့် ဤဆရာတော်က သတ်ဖြတ်ခြင်း လမ်းစဉ် ကို အမှန်တကယ် လိုက်နာကျင့်သုံးနေခြင်းပင် ဖြစ်သည်။
သူသည် အခြားဗုဒ္ဓဘာသာဂိုဏ်း တပည့်များနှင့် လုံးဝကို ကွဲပြားခြားနားနေကြောင်း ထင်ရှားပေသည်။
မိမိအား သတ်ဖြတ်ခြင်း လမ်းစဉ် ကို ကျင့်သုံးနေသည်ဟု စွန်ဝူခုန်းက စွပ်စွဲလိုက်သော အခါ ကျန်းလျိုမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် တွေးတောကြည့်လိုက်သောအခါ မိစ္ဆာ များကို သတ်ဖြတ်ခြင်းဖြင့် သူ၏ အဆင့်တက်လာပုံမှာ စွန်ဝူခုန်း အကြံပြုထားသည့်အတိုင်း အမှန်တကယ်ပင် ဆင်တူနေလေသည်။
ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းလျိုသည် ထိုစကားကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း... တရားအလင်းရဖို့အတွက် လမ်းစဉ်ကြီး သုံးထောင် ရှိတယ် မဟုတ်ဘူးလား... သတ်ဖြတ်ခြင်းကနေတစ်ဆင့် အလင်းရတာက ဘာများ မှားနေလို့လဲ..."
"ဒါပေမဲ့ ဆရာတော့်ရဲ့ ဒဏ်ရာတွေက မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ပျောက်ကင်းသွားရတာလဲ..."
ကျန်းလျို၏ သတ်ဖြတ်ခြင်း လမ်းစဉ် အပေါ် အံ့အားသင့်ရသော်လည်း စွန်ဝူခုန်းအား အမှန်တကယ် အံ့အားသင့်စေခဲ့သောအရာမှာ ကျန်းလျို၏ အဆင့်တက်သွားခြင်းနှင့်အတူ မျက်စိတစ်မှိတ်အတွင်း သူ၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားခြင်းပင် ဖြစ်သည်။
မျက်ကန်းတစ်ယောက် မဟုတ်သရွေ့ လွန်ခဲ့သည့် မိနစ်ပိုင်းလောက်တုန်းကပင် ကျန်းလျိုသည် ခွန်အားများ ကုန်ခမ်းကာ အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
ယခုတော့ကော...။ သူသည် အပြည့်အဝ ပြန်လည်လန်းဆန်းနေပုံပေါ်ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ကြုံတွေ့ထားရသူနှင့် လုံးဝ မတူတော့ချေ။
"အင်း... အဲဒီအခြေအနေကို ငါကိုယ်တိုင်လည်း သိပ်မသေချာဘူး..."
ခက်ခဲသော မေးခွန်းနှင့်ပတ်သက်၍ ရှင်းပြရန် ရည်ရွယ်ချက်မရှိဘဲ ကျန်းလျိုက ယောင်ချာချာ ပြောလိုက်သည်။ ဤနည်းဖြင့် ထိုကိစ္စကို သူ အဆုံးသတ်လိုက်လေသည်။
စွန်းဝူခုန်းက ကျန်းလျိုကို သေချာစွာ အကဲခတ်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ရွှေရောင်မီးတောက်များပင် လက်လာခဲ့သည်။ ၎င်းမှာ သူ ကျင့်ကြံထားသည့် မီးဝိညာဉ်ရွှေမျက်လုံး ၏ လက္ခဏာရပ်ပင် ဖြစ်သည်။
ကံမကောင်းစွာပင်... မီးဝိညာဉ်ရွှေမျက်လုံး ဖြင့် ကြည့်လျှင်တောင်မှ မည်သည့် အရိပ်အယောင်မျှ မတွေ့ရသောကြောင့် စွန်ဝူခုန်းသည် ဆက်လက်၍ အသေးစိတ် မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း ဤတိုက်ပွဲအပြီးတွင် စွန်ဝူခုန်း၏ ရင်ထဲ၌ ကျန်းလျိုအပေါ် မျှော်လင့်ချက် မျိုးစေ့တစ်ခု မြှုပ်နှံသွားခဲ့လေသည်။
ယခင်က ကျန်းလျိုသည် ကောင်းကင်ဘုံမှ နတ်ဘုရားများနှင့် ဗုဒ္ဓများကို မှောက်လှန်ပစ်ရန် နှစ်အနည်းငယ်အတွင်း အစွမ်းထက်လာမည်ဟု ပြောခဲ့စဉ်က စွန်ဝူခုန်းသည် သိပ်ပြီး မယုံကြည်ခဲ့ပေ။ သို့သော် ယခုအခါ သူကိုယ်တိုင်ပင် မသိရှိသော လျှို့ဝှက်ချက်များစွာ သူ့ထံတွင် ရှိနေကြောင်းကို စွန်ဝူခုန်း သဘောပေါက်သွားခဲ့သည်။
ဘေးနားရှိ နဂါးမြင်းဖြူမှာမူ အတင်းအကျပ် လိုက်ပါလာသူမျှသာ ဖြစ်သောကြောင့် ကျန်းလျိုနှင့် စွန်ဝူခုန်းတို့၏ စကားပြောဆိုမှုကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ခေါင်းကို ငုံ့ထားကာ လိမ္မာရေးခြားရှိသည့်ပုံ ပေါက်နေပြီး စကားတစ်ခွန်းမျှ မဟဝံ့ပေ။သို့သော်လည်း သူ၏ ရင်ထဲတွင်မူ အနည်းငယ် ချမ်းစိမ့်သွားခဲ့လေသည်။
သတ်ဖြတ်ခြင်း လမ်းစဉ် ကို လျှောက်လှမ်းသူများသည် အမြဲတမ်း ရက်စက်ပြီး အကြောက်အလန့် ကင်းမဲ့ကြလေသည်။ ကျမ်းစာပင့်ဆောင်သူ ဗုဒ္ဓဘာသာ တပည့်တစ်ဦးကပါ သတ်ဖြတ်ခြင်း လမ်းစဉ် ကို လျှောက်လှမ်းနေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ဆရာတော် စိတ်အနှောင့်အယှက် မဖြစ်စေရန် အထူးဂရုစိုက်ရမည်ဟု သူ တွေးလိုက်သည်။ သို့မဟုတ်ပါက အနာဂတ်တွင် ဆရာတော်၏ တရားအလင်းရရာ လမ်းကြောင်းပေါ်ရှိ အလောင်းကောင်တစ်ခုအဖြစ် သူ အဆုံးသတ်သွားမည်ကို မည်သူ သိနိုင်မည်နည်း။
...
ကျန်းလျိုတို့ ဆက်လက် ခရီးဆက် နေကြချိန်မှာပင် မိုင် ၃၀၀ ရှည်လျားသော ဝံပုလွေတောင်တန်း ရှိ ရှုခင်းလှပသော တောင်ထွတ်တစ်ခုထက်တွင် ဆေးဖော်စပ်သည့် မီးဖိုတစ်ခုထဲ၌ မီးတောက်များ အပြင်းအထန် တောက်လောင်နေလေသည်။
ဝတ်ရုံဖြူဝတ်ဆင်ထားသော ပညာရှိ လူငယ်တစ်ဦးသည် မီးဖိုဘေးတွင် ထိုင်ကာ အတွင်းရှိ ဆေးလုံးများကို ဂရုတစိုက် ကြည့်ရှုနေ၏။ သူ၏ မျက်နှာပေါ်ရှိ မျက်မှောင်က ၎င်းတို့အပေါ်တွင် လုံးလုံးလျားလျား အာရုံစိုက်နေကြောင်း ထင်ရှားလှပေသည်။
ထိုအချိန်တွင် ဝံပုလွေမည်းတစ်ကောင် ရောက်လာပြီး ဝံပုလွေခေါင်းနှင့် လူခန္ဓာကိုယ်ပုံစံသို့ အသွင်ပြောင်းကာ အရိုအသေပေးလိုက်လေသည်။
"ဘုရင်ကြီး... ထိပ်ပြောင်ဘုန်းကြီးတစ်ပါး ကျွန်တော်တို့ရဲ့ နယ်မြေထဲကို ဝင်လာပါတယ်… ပြီးတော့ ရှေ့တန်းတပ်မှူး ကိုလည်း သူက သတ်ပစ်လိုက်ပါပြီ...”
အဖြူရောင် ပညာရှိဝတ်ရုံကို ဆင်မြန်းထားသော လူငယ်မှာ သူ၏ရှေ့ရှိ ဆေးဖိုကိုသာ စိုက်ကြည့်နေ၏။ သူသည် စကားသံများကို ကြားရသော်လည်း သေဆုံးသွားသူမှာ သူ၏လက်အောက်ခံတစ်ဦး မဟုတ်သည့်အလား သူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သည်။
"ငါ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်… လူသားတွေက မွေးရာပါ တာအို ခန္ဓာကိုယ်နဲ့ မွေးဖွားလာကြပြီး သူတို့ကို စားသုံးတာက ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ကျင့်စဉ်အဆင့်ကို အများကြီး တိုးတက်စေနိုင်ပေမယ့် သူတို့ကို အထင်မသေးသင့်ဘူး… အထူးသဖြင့် တာအို ကျင့်စဉ်ဝင်တွေနဲ့ ဘုန်းကြီးတွေကိုပေါ့… ငါထင်တာတော့ သူက ငါ့စကားကို နားမထောင်ဘဲ… လူသားတစ်ယောက် ဝံပုလွေတောင်တန်းထဲ ဝင်လာတာကို မြင်တော့ အသစ်အဆန်းလေး မြည်းစမ်းကြည့်ချင်ပြီး… အဲဒီအစား တခြားသူရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာပဲ မဟုတ်လား..."
"မှန်လှပါ အရှင်မင်းကြီး… နတ်ဘုရားတစ်ပါးလို ကြိုတင်သိမြင်နိုင်စွမ်း ရှိပါပေတယ်... အားလုံး အရှင်မင်းကြီး ပြောတဲ့အတိုင်းပါပဲ..."
ဝံပုလွေခေါင်းနှင့် မိစ္ဆာစစ်သူကြီးမှာ ခေါင်းငုံ့ထားပြီး အမှန်တရားကို ဖုံးကွယ်ထားရန် မဝံ့ရဲချေ။
"ဒီလိုဆိုမှတော့ သူသေသွားပြီဆိုလည်း သေပါစေလေ… တခြားသူတွေကို သတ်ချင်ရင် ကိုယ်တိုင်လည်း အသတ်ခံရဖို့ ပြင်ဆင်ထားရမှာပေါ့..."
အဖြူရောင် ပညာရှိဝတ်ရုံနှင့် လူငယ်က လက်ကာပြရင်း ညင်သာစွာ ပြောလိုက်၏။ သူသည် ဤကိစ္စကို စိတ်ထဲမထားဘဲ မိစ္ဆာစစ်သူကြီးအား ထွက်သွားရန် အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။
ဘုရင်မင်းမြတ်က တုံ့ပြန်ပြီးဖြစ်၍ ဝံပုလွေမိစ္ဆာမှာ နောက်ထပ်စကားမဆိုဝံ့တော့ဘဲ ခေါင်းငုံ့ကာ နောက်ဆုတ်ထွက်ခွာသွား လေတော့သည်။
"နေဦး..."
သို့သော် ဝံပုလွေမိစ္ဆာလှည့်ထွက်သွားချိန်တွင် ပညာရှိဝတ်ရုံနှင့် လူငယ်သည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပုံပေါ်ကာ တားဆီးလိုက်သည်။
"မင်း ခုနကပြောတာ ငါတို့ ဝံပုလွေတောင်တန်းထဲကို ကျူးကျော်လာတဲ့သူက ဘုန်းကြီးတစ်ပါးဆို… ဟုတ်လား... ပြီးတော့ ကျင့်စဉ်အဆင့်ရှိတဲ့ ဘုန်းကြီးတစ်ပါးပေါ့… ဒါဆိုရင် တစ်ဖက်လူကို အဝေးကနေ စောင့်ကြည့်နေ… သူတို့ကို မလန့်စေနဲ့… ဒီဆေးတစ်သုတ် ဖော်စပ်ပြီးတာနဲ့ ငါသူ့ကို ကိုယ်တိုင်သွားတွေ့မယ်..."
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..."
အဖြူရောင် ပညာရှိဝတ်ရုံနှင့် လူငယ်၏ စကားကိုကြားလျှင် အနီးရှိ ဝံပုလွေမိစ္ဆာက ခေါင်းညိတ်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
***