အခန်း (၅၅၉-၅၆၁)
Vol. 38 Ch. 559-561
အခန်း (၅၅၉) - စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အကြံအစည် (၃)
“သူတို့က တတိယအဆင့် အဆင့်မြင့် မိစ္ဆာဘုရင်တွေပဲ.. နောက်ပိုင်းကျရင် သူတို့လည်း ဒီနေရာမှာပဲ နေထိုင်ပြီး ကျင့်ကြံကြလိမ့်မယ်”
“မိသားစုထဲမှာ မျှော်လင့်မထားတဲ့ ကိစ္စတွေ ဖြစ်လာရင် ဖြစ်ဖြစ်.. ဒါမှမဟုတ် အခက်အခဲ ပြဿနာ တစ်ခုခု ကြုံလာရရင်ဖြစ်ဖြစ်.. သူတို့ဆီမှာ အကူအညီ တောင်းလို့ ရသလို လမ်းညွှန်မှုလည်း တောင်းခံလို့ ရတယ်နော်”
စုယွီသည် မိစ္ဆာဘုရင် သုံးပါးကို လက်ညှိုးထိုးပြကာ စုရွီအန်းအား လှည့်၍ ပြောလိုက်လေ၏။
“သခင်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ”
မိစ္ဆာဘုရင် သုံးပါးစလုံးသည် စုယွီ၏ ရှေ့မှောက်တွင် အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ်လိုက်ကြပြီးနောက် ပြိုင်တူ နှုတ်ခွန်းဆက်သလိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုရွီအန်း၊ ယွီဝမ်ဇီနှင့် စုရွေ့တို့ သုံးယောက်စလုံးမှာ မှင်တက်အံ့ဩသွားကြကာ နေရာတွင်ပင် ကျောက်ရုပ်ကြီးများပမာ ရပ်တန့်သွားကြတော့သည်။
တတိယအဆင့် အဆင့်မြင့် မိစ္ဆာဘုရင် သုံးပါးက.. သူတို့၏ တတိယမြောက် ဘိုးဘေးကြီးကို သခင်ဟူ၍ ခေါ်ဝေါ်ကာ အညံ့ခံနေကြသည်တဲ့လော။
“သူတို့အားလုံးက ဘိုးဘေးယွီ ယဉ်ပါးအောင် လုပ်ထားတဲ့ သားရဲတွေလားဟင်”
စုရွေ့မှာ အံ့အားသင့်လွန်းသဖြင့် ပွင့်ဟသွားသော နှုတ်ခမ်းအစုံကိုပင် မစေ့နိုင်တော့ဘဲ လွှတ်ခနဲ မေးလိုက်မိ၏။
စုယွီက သိမ်မွေ့စွာ ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းကာ ပြန်ဖြေလိုက်သည်။
“မပိုင်သေးဘူးကွ.. သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိစ္ဆာမျိုးနွယ်စုတွေထက် နည်းနည်းမှ မနိမ့်ကျဘူးလေ.. ဒါကြောင့် သားရဲယဉ်ပါး ကျင့်စဉ်တွေကို သုံးပြီး ယဉ်ပါးအောင် လုပ်နေစရာ မလိုပါဘူး”
အစိမ်းရောင်လမင်း တောင်ထွတ် တစ်ခွင်သို့ လှည့်လည် ကြည့်ရှုပြီးသောအခါတွင်မူကား.. စုရွီအန်း၊ ယွီဝမ်ဇီနှင့် စုရွေ့တို့မှာ အံ့အားသင့်လွန်းလှသဖြင့် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။
သူတို့၏ တတိယမြောက် ဘိုးဘေးကြီးသည် မိသားစုအတွက် ချမှတ်ပေးခဲ့သော အခြေခံအုတ်မြစ်များ အပြင်.. ယခုကဲ့သို့ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော မိသားစု ဥစ္စာဓနများကိုပါ စုဆောင်းထားနိုင်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြပေ။
စုယွီ၏ စကားရပ်များအရ ဆိုရလျှင်.. လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ဤလျှို့ဝှက်နယ်မြေကို အနာဂတ်တွင် မိသားစုထံသို့ လွှဲပြောင်းပေးအပ်ရန် ရည်ရွယ်ထားပုံပေါ်သည်။
ကံမကောင်းစွာဖြင့်ပင် လက်ရှိ မိသားစု၏ အင်အားမှာ ဤလျှို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။
စုယွီသည် စုရွီအန်းနှင့် အခြားသူများကို လျှို့ဝှက်နယ်မြေအတွင်း၌ ခေတ္တမျှ နေထိုင်နိုင်ရန် စီစဉ်ပေးလိုက်ပြီး.. မာထျန်းလင်နှင့် အခြားသူများကို သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် တာဝန်လွှဲအပ်ထားလိုက်တော့၏။
နေ့စဉ်နေ့တိုင်း စုယွီသည် လျှို့ဝှက်နယ်မြေအတွင်း၌ စနစ်တကျ တံခါးပိတ် ကျင့်ကြံအားထုတ်လျက် ရှိနေသည်။ သူသည် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ၏ နားလည်သဘောပေါက်မှုများကို စုဆောင်းခြင်း၊ အခြေခံဓာတ်ကြီးငါးပါး ကျင့်စဉ်၊ ရွှေရောင်ပိုးကောင် ကျင့်စဉ်နှင့် ကောင်းကင် အင်မော်တယ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်များကို လေ့ကျင့်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေသည်။
ထို့အပြင်.. သူသည် ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်၊ ဟင်းလင်ပြင် ခွဲထွက်ခြင်း ဟင်းလင်းပြင် တာအို ကျင့်စဉ်နှင့် ကောင်းကင်ပိုင်းဖြတ် နတ်ဘုရားကျင့်စဉ်၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်း မှော်ပညာရပ် တို့ကိုပါ တစိုက်မတ်မတ် လေ့ကျင့်နေခဲ့၏။
ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ထံမှ ရရှိခဲ့သော ရတနာနှစ်ပါးထဲမှ ရှေးဟောင်း ကြေးဝါမီးအိမ်ကိုမူကား စုယွီက လတ်တလောတွင် အသုံးမပြုသေးချေ။ သို့သော်လည်း ငွေဖြူရောင် သတ္တုအပိုင်းအစကိုမူ သူသည် နေ့စဉ်နေ့တိုင်း ချီစွမ်းအင်များဖြင့် ပြုစုပျိုးထောင်ပေးကာ.. ထိုသတ္တုအပိုင်းအစအတွင်း၌ ကိန်းအောင်းနေသော ဟင်းလင်းပြင် မဟာတာအို၏ အငွေ့အသက်ကို တစ်နာရီခန့် အချိန်ယူ၍ သိမ်မွေ့စွာ ခံစားသိမှတ်နေသည်။
သူ၏ နားလည်သဘောပေါက်မှုများ နက်ရှိုင်းလာသည်နှင့်အမျှ ဤသတ္တုအပိုင်းအစမှာ သာမန်အရာတစ်ခု လုံးဝ မဟုတ်ကြောင်းကို စုယွီ ပိုမို၍ ယုံကြည်လာတော့သည်။
အကယ်၍သာ ဤအရာက မပျက်မစီးဘဲ အကောင်းပကတိ ရှိနေသော ရတနာတစ်ခု ဖြစ်ခဲ့မည်ဆိုပါက.. ထိပ်တန်း ဟင်းလင်းပြင်ရတနာ အစစ်အမှန်တစ်ခု ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
စုယွီ ကျင့်ကြံနေစဉ်အတွင်း.. လော့ချန်ယွီက ဆက်သွယ်ရေး တံဆိပ်ပြားမှတစ်ဆင့် သူ့ထံသို့ သတင်းအချို့ကို ရံဖန်ရံခါ ပေးပို့လာတတ်သည်။ ထိုသတင်းများထဲတွင် တာ့ယွဲ့နန်းတော်က ချဲ့ယွီအင်မော်တယ် မြို့တော် အပါအဝင် ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့၏ နယ်မြေ ကိုးခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း အချက်အလက်များလည်း ပါဝင်သည်။
တာ့ယွဲ့ နန်းတော်နှင့် ကိုးဝိညာဉ် မိစ္ဆာတောင်တန်းတို့ကြားတွင်လည်း အငြင်းပွားမှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်ပွားလျက် ရှိနေကြောင်းကိုပါ ကြားသိရ၏။
စုယွီက မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
'ကိုးဝိညာဉ် မိစ္ဆာနန်းတော်က နန်းတော်သခင်အိုကြီးက ရွှမ်မင် မိစ္ဆာဘုရင်နဲ့ ငြိမ်းချမ်းရေး ယူလိုက်ပြီလား.. သူတို့နှစ်ယောက် ပူးပေါင်းပြီး ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ပင်မဂိတ်တံခါးကို သိမ်းပိုက်ဖို့ မိစ္ဆာတွေကို ဦးဆောင်သွားကြတယ်ပေါ့လေ'
ထိုမိစ္ဆာအုပ်စုသည် အခွင့်အရေးကို မည်သို့ ဆုပ်ကိုင်ရမည်ဆိုသည်ကို တကယ်ကို ကောင်းကောင်း သိကြသည်။
'ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို ငါ သတ်ပစ်ခဲ့တယ်.. တာ့ယွဲ့ နန်းတော်က သွေးဖီးနစ်ဂိုဏ်းနဲ့ ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ လက်ကျန် အင်အားစုတွေကို ဆန့်ကျင် တိုက်ခိုက်နေတယ်..'
'ဒါပေမဲ့.. သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ပင်မဂိတ်တံခါးကို ပစ်မှတ်ထားပြီး ဝင်ရောက် ကျူးကျော်လာခဲ့ကြတာပဲ..'
အစပိုင်းကတော့ စုယွီက သူ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို သတ်ဖြတ်လိုက်ပြီးနောက်တွင်.. ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့၏ လက်ကျန် အင်အားစုများကို တာ့ယွဲ့ နန်းတော်က ဖြည်းညှင်းစွာ ဝါးမြိုသွားလိမ့်မည်ဖြစ်ကာ အရေးပါသော အောင်ပွဲကြီး တစ်ခုကို ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း တာ့ယွဲ့ နန်းတော်က အောင်ပွဲခံ၍ စားသောက်ပွဲကြီး မဆင်နွှဲနိုင်ခင်မှာပင်.. သွေးဖီးနစ်ဂိုဏ်းနှင့် ကိုးဝိညာဉ် မိစ္ဆာတောင်တန်းတို့မှ မိစ္ဆာများက အရင်ဦးဆုံး ဝင်ရောက် ကိုက်ဖြတ်သွားကြလိမ့်မည်ဟု မည်သူကများ ကြိုတင် ခန့်မှန်းထားနိုင်မည်နည်း။
ခဏမျှ စဉ်းစားတွေးတောပြီးနောက်တွင် စုယွီသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ကာ.. ထိုအတွေးများကို သူ၏ စိတ်ထဲမှ ဖိနှိပ်ဖယ်ရှားပစ်လိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို ရှင်းလင်း သုတ်သင်ပြီးပြီ ဖြစ်ရာ.. ကျန်ရှိနေသော ကိစ္စရပ်များတွင် သူ ဝင်ရောက် စွက်ဖက်နေရန် မလိုအပ်တော့ချေ။
သူ၏ နေ့စဉ် ကျင့်ကြံမှုများကို ပြီးစီးသွားသောအခါ စုယွီသည် ဂူစံအိမ်ထဲမှ ထွက်ခွာလာခဲ့ပြီး ခြံဝင်းအတွင်းသို့ ပြန်လည် ရောက်ရှိလာ၏။ ထို့နောက် သူက စုရွေ့နှင့် မာထျန်းလင်တို့ကို လှမ်းခေါ်လိုက်သည်။
“လာကြ.. ဒီနေ့ ဆေးပညာ သင်ခန်းစာတွေကို ဆက်သွားကြမယ်”
စုရွေ့သည် စုမိသားစု၏ မျိုးဆက်သစ် ပါရမီရှင်များထဲတွင် အလွန် ထူးချွန်ထက်မြက်သော သူတစ်ဦးဖြစ်ပြီး ဉာဏ်ကြီးရှင် ဆေးဆရာမလေး တစ်ဦးလည်း ဖြစ်သည်။ ယခုအခါတွင် သူမသည် အသက် (၄၀) ပင် မပြည့်သေးသော်ငြားလည်း မူလဝိဉာဉ်အဆင့် (၅) သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ.. ဒုတိယအဆင့် ဆေးဆရာမ တစ်ဦးလည်း ဖြစ်နေခဲ့ချေပြီ။
ယခင်က မာထျန်းလင်သည် ဆေးဖော်စပ်ခြင်း ပညာရပ်ကို လုံးဝ သင်ယူခဲ့ဖူးခြင်း မရှိချေ။ သို့သော်လည်း စုရွေ့ လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိနေစဉ် အချိန်များတွင်.. သူမသည်လည်း စုယွီနှင့်အတူ ဆေးပညာကို လိုက်ပါ သင်ယူခဲ့သည်။ အချိန်တိုတိုအတွင်းမှာပင် မာထျန်းလင် သည်လည်း ဒုတိယအဆင့် ဆေးဆရာမ တစ်ဦး ဖြစ်လာခဲ့တော့၏။
ဆေးပညာနှင့် ပတ်သက်၍ ထိုသို့သော မွေးရာပါ ပါရမီမျိုးကို ပိုင်ဆိုင်ထားခြင်းက စုရွေ့ကိုပင် အနည်းငယ် မနာလို ဖြစ်သွားစေခဲ့ရသည်။
ထိုမိန်းကလေး နှစ်ဦးကို ခေါ်ဆောင်ကာ ဆေးဖော်စပ်ရာ အခန်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက်.. စုယွီသည် ဒုတိယအဆင့် ဆေးဖော်စပ်ရာတွင် အသုံးပြုရမည့် ပါဝင်ပစ္စည်း အစုံလိုက်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူက လမ်းညွှန်မှုများ ပေးရင်း ထိုနှစ်ဦးကို သီးခြားစီ ကိုင်တွယ် ဖြေရှင်းစေသည်။
တစ်ဦးက အစိမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး.. အခြားတစ်ဦးက ပန်းရောင်ဖျော့ဖျော့ ဂါဝန်ကို ဝတ်ဆင်ထားရာ စုရွေ့နှင့် မာထျန်းလင်တို့၏ မြင်ကွင်းမှာ ပန်းချီကား တစ်ချပ်အလား အလွန်တရာ ကြည့်ကောင်းလှသည်။ မာထျန်းလင်၏ ဟွာယင် ဝိညာဉ်ခန္ဓာကိုယ်၏ လွှမ်းမိုးမှုသာ မပါဝင်ခဲ့ပါက ထိုမြင်ကွင်းမှာ ပို၍ပင် ပြည့်စုံလှပနေဦးမည် ဖြစ်၏။
သို့ဖြစ်သော်ငြားလည်း မာထျန်းလင်သည် သူမ၏ ဟွာယင် ဝိညာဉ်ခန္ဓာကိုယ်နှင့်အတူ သူမ၏ ကျင့်ကြံခြင်းများကို အစဉ်တစိုက် သွေးမွေးလေ့ကျင့်နေခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းများ တိုးတက်လာသည်နှင့်အမျှ သူမ၏ ဝိညာဉ်ခန္ဓာကိုယ်မှ ပိုမို နက်ရှိုင်းလှသော ညို့ငင်ဆွဲဆောင်မှု အငွေ့အသက်များ ဖြာထွက်လာကာ.. သူမကို အသက်ရှူမှားလောက်အောင်ပင် ပိုမို ဆွဲဆောင်မှု ရှိလာစေတော့သည်။
ကံကောင်းထောက်မစွာဖြင့်ပင် စုယွီသည် ရွှေရောင်ပိုးကောင် ကျင့်စဉ်ကို အသုံးပြုကာ.. ဟွာယင် ဝိညာဉ်ခန္ဓာကိုယ်၏ ဆွဲဆောင်မှုဒဏ်ကို လုံးဝ မခံရဘဲ ကြည်လင် တည်ငြိမ်သော စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ကြောင့်သာ သူသည် ထိုမိန်းကလေး နှစ်ဦးစလုံးအား ဆေးပညာကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် သင်ကြားပေးနိုင်ခြင်း ဖြစ်ချေတော့၏။
အခန်း (၅၆၀) - စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အကြံအစည် (၃)
သွေးဖီးနစ် အင်မော်တယ် ဂိုဏ်းမှ ကျင့်ကြံသူများသည် ဇီကွမ်နယ်မြေမှ ဆုတ်ခွာသွားခဲ့ကြပြီး.. ထိုက်ရွှီမဟာမိတ်အဖွဲ့မှ ချဲ့ယွီမျိုးဆက်များ အပါအဝင် ဂိုဏ်းခွဲများကိုပါ ဖုန်းလော့နယ်မြေဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။ ထို့နောက်တွင်မူကား.. သူတို့ အားလုံးသည် တိတ်ဆိတ်စွာ ပုန်းအောင်းနေခဲ့ကြပြီး နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ကြတော့ချေ။
သို့သော်လည်း နောက်ကွယ်တွင် မျက်လုံးပေါင်းများစွာက တာ့ယွဲ့နယ်နိမိတ်ကို စောင့်ကြည့်လျက် ရှိနေကြဆဲပင်။
စုယွီသည် သူ၏ လူများကို ဦးဆောင်ကာ မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ပြန်လည်ရောက်ရှိလာချိန် ကတည်းကပင်.. စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ ပစ်မှတ်ထားခြင်းကို ခံနေခဲ့ရပြီ ဖြစ်သည်။ ထို့နောက် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်က ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ လူများနှင့်အတူ ရောက်ရှိလာခြင်းက.. စိမ်းပြာငရဲ အင်မော်တယ် နန်းတော်အတွက် အခွင့်အရေး တစ်ခု ဖြစ်သွားခဲ့တော့၏။
ထို့ကြောင့်..ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ နှစ်ပါးသည် တာ့ယွဲ့နယ်နိမိတ်မှ ထွက်ခွာလာခဲ့ကြပြီး ဖူလင်ပင်လယ်ပြင်ဆီသို့ အလျင်စလို ပြန်လည် ထွက်ခွာလာခဲ့ကြချိန်တွင်.. စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု သက်ဆင်းလာခဲ့ကာ သူတို့ကို ကုန်းမြေပေါ်တွင် ပိတ်လှောင်ထားလိုက်သည်။
ထို့နောက် ထိုသူသည် တာ့ယွဲ့နယ်နိမိတ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး.. ခနဲ့တဲ့တဲ့ တစ်ချက် ရယ်မောလိုက်ကာ အရိပ်အယောင်မျှပင် မကျန်ရစ်စေဘဲ ပျောက်ကွယ်သွားခဲ့တော့၏။
ထိုအချိန်၌ သွေးဖီးနစ် အင်မော်တယ်ဂိုဏ်းတွင် ဂိုဏ်း၏ ဘိုးဘေးကြီးနှင့် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ မူလဝိညာဉ် အစောပိုင်းအဆင့် အရှင်သခင်ကြီးတို့သည် ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို သတ်ဖြတ်သွားသူမှာ မည်သူနည်းဟူသော ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။
ဤကိစ္စနှင့် ပတ်သက်၍ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်မှ မူလဝိညာဉ် အရှင်သခင်ကြီးက..
“ဒါက မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ လက်ချက် ဖြစ်ရမယ်.. သူတို့ မဟုတ်ရင် တခြား ဘယ်သူ ရှိနိုင်ဦးမှာလဲ..” ဟူ၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုနေ၏။
“ကျုပ်တို့ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်က ပင်လယ်ပြင်က အရှင်သခင် သုံးပါးရဲ့ အသက်ကိုပဲ နှုတ်ယူခဲ့တာပါ.. ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကိုတော့ ကျုပ်တို့ ဘာမှ မလုပ်ခဲ့ပါဘူး..”
ထိုစကားများကို ကြားလိုက်ရသောအခါ သွေးဖီးနစ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးကြီး မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် မလုံခြုံမှု အရိပ်အယောင်များ ချက်ချင်း ထင်ဟပ်လာခဲ့တော့သည်။
အကယ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ်ကသာ ထိုက်ရွှီမဟာမိတ် ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့မည် ဆိုပါက.. သူ့ကိုလည်း ထိုနည်းတူစွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။
အကယ်၍သာ..
“ဒါဆိုရင်.. နောက်တစ်ဆင့် အနေနဲ့ ကျုပ်တို့ ထွက်ခွာသင့်ပြီ.. ဒီနေရာမှာ ဆက်နေလို့ မရတော့ဘူး..”
“တာဝန်က ပြီးဆုံးသွားပြီပဲ.. ကျုပ်တို့ လုပ်ရမှာက စောင့်ကြည့်နေဖို့ပဲလေ..”
ခဏကြာပြီးနောက်တွင် သွေးဖီးနစ် အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးကြီးနှင့် ထိုသူတို့ နှစ်ဦးစလုံးသည် ဖုန်းလော့နယ်မြေမှ ပျောက်ကွယ်သွားခဲ့ကြပြီး နောက်ထပ် ပေါ်မလာကြတော့ချေ။
….
ဖူလင်ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး နေရာရှိ.. ကုန်းမြေငယ် တစ်ခုနှင့် တူသော ဧရာမ ကျွန်းကြီး တစ်ကျွန်း။
ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်း။
ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ဖူလင်ပင်လယ်ပြင်၏ အဓိက ဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်ပြီး ပင်လယ်ပြင်၏ အလယ်ဗဟိုရှိ အကြီးဆုံး ကျွန်းကြီးများထဲမှ တစ်ကျွန်းကို သိမ်းပိုက်ထားသည်။ ထိုဂိုဏ်းတွင် တပည့်ပေါင်း တစ်သန်းခန့်နှင့် လျှို့ဝှက်ဂူစံအိမ် သုံးဆယ့်ခြောက်ခု ရှိသည်ဟု ဆိုကြ၏။
ပင်လယ်ပြင်နှင့် ကုန်းမြေပေါ်တွင် ‘လျှို့ဝှက်ဂူစံအိမ်’ ဟူသော ဝေါဟာရကို အသုံးပြုပုံမှာ ကွဲပြားခြားနားသည်။ ကုန်းမြေပေါ်တွင်မူ ထိုဝေါဟာရက ကျင့်ကြံသူများ နေထိုင်ရာ နေရာကို ရည်ညွှန်းခြင်း ဖြစ်၏။ သို့သော် ပင်လယ်ပြင်တွင်မူကား.. ၎င်းက အင်အားစု တစ်ခု၏ အမည်ကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။
ထိုအချိန်၌ ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းရှိ ထိပ်တန်း လျှို့ဝှက်ဂူစံအိမ် ဆယ်ခုထဲမှ တစ်ခုဖြစ်သော ယင်းရန် လျှို့ဝှက်ဂူစံအိမ်တွင်.. မူလဝိညာဉ် အထွတ်အထိပ်အဆင့် အရှိန်အဝါ တစ်ခုက ကောင်းကင်ယံသို့ ထိုးဖောက် တက်လာခဲ့ပြီး ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
“ဘာ.. ဟွမ်ချန်နဲ့ ကျင်းလင်တို့ရဲ့ ဝိညာဉ်မီးအိမ်တွေ ငြိမ်းသွားပြီ ဟုတ်လား..။”
“ဘာတွေ ဖြစ်နေတာလဲ.. သူတို့နှစ်ယောက်ကို ဘယ်သူ သတ်သွားတာလဲ..”
“ပြီးတော့.. ဒီအချိန်အတွင်းမှာ သူတို့နှစ်ယောက် ဘယ်တွေ သွားနေကြတာလဲ..”
“သေသေချာချာ စုံစမ်းစစ်ဆေးကြစမ်း..”
“ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်းကို ဘယ်သူကများ အတင့်ရဲပြီး လာစမ်းသလဲ ဆိုတာကို.. ဒီလျှို့ဝှက်ဂူစံအိမ် သခင်က ကြည့်ရသေးတာပေါ့..”
အရှင်သခင် နှစ်ပါး သေဆုံးသွားမှုကြောင့် ယင်းရန် လျှို့ဝှက်ဂူစံအိမ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်၌.. ဖူလင်ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး နေရာမှ ပင်လယ်သားရဲလှိုင်းလုံးကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့၏။ မရေမတွက်နိုင်သော ပင်လယ်သားရဲကြီးများသည် ပင်လယ်ကြမ်းပြင်မှ အလုအယက် ထွက်ပေါ်လာကြပြီး.. လူသား ကျင့်ကြံသူများ၏ နယ်မြေဆီသို့ ဦးတည်ကာ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာကြတော့သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် ဖူလင်ပင်လယ်ပြင် အတွင်းရှိ ကျင့်ကြံသူ အားလုံးမှာ အလွန်အမင်း အံ့အားသင့်ကာ မှင်တက်သွားခဲ့ကြရသည်။ များစွာသော သူတို့မှာ ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ အငိုက်မိသွားကြပြီး.. တုံ့ပြန်မှုများ ပြုလုပ်ရန် ကပျာကယာ ပြင်ဆင်လာကြတော့၏။
ရွှမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ယင်းရန် လျှို့ဝှက်ဂူစံအိမ် သည်ပင်လျှင်.. အရှင်သခင် ဟွမ်ချန်နှင့် ကျင်းလင်တို့ သေဆုံးမှုအား စုံစမ်းစစ်ဆေးခြင်းကို ဘေးဖယ်ထားလိုက်ရပြီး ပင်လယ်သားရဲလှိုင်းလုံး အကျပ်အတည်းကို ကာကွယ်ရန်အတွက်သာ အာရုံစိုက်လိုက်ရတော့သည်။
မည်သို့ပင် ဆိုစေကာမူ ဤကိစ္စမှာ အလွန်အမင်း ရုတ်တရက် ဆန်လွန်းလှသည်။
ယခင်ကဆိုလျှင် ပင်လယ်သားရဲလှိုင်းလုံးများ ပေါ်ပေါက်လာမည်ကို ကြိုတင် သတိပေးချက်များ ရရှိနိုင်ပြီး.. လိုက်နာရမည့် ပုံစံနှင့် အချိန်ဇယားများ ရှိခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူကား..
ဖူလင်ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသော ပင်လယ်သားရဲလှိုင်းလုံးကြီးမှာ.. အလွန် ကြီးမားကျယ်ပြန့်ကာ ရုတ်တရက် ဆန်လွန်းလှသဖြင့် လူသား ကျင့်ကြံသူ အားလုံးမှာ ကြိုတင် ပြင်ဆင်ချိန်ပင် မရလိုက်ကြချေ။ ပင်လယ်ပြင်ပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ရေတွက်၍ပင် မရနိုင်သည့် ကုန်သည် သင်္ဘောစုကြီးများမှာ.. အဆုံးအစမဲ့သော ပင်လယ်သားရဲလှိုင်းလုံးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ကြရ၏။
ကံကောင်းထောက်မစွာဖြင့်ပင် လူသားမျိုးနွယ်စု ကျွန်းတစ်ခုစီတိုင်းတွင် ကိုယ်ပိုင် ကာကွယ်ရေး စနစ်များနှင့် ဖွဲ့စည်းပုံ အခင်းအကျင်းများ ရှိနေကြသည်။ ဤရုတ်တရက် အကျပ်အတည်းအတွက် ထောက်ပံ့ရေး ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများကို ကြိုတင် ပြင်ဆင်ရန် အချိန် အလုံအလောက် မရရှိခဲ့ကြသော်ငြားလည်း.. အချိန်တိုအတွင်းမှာပင် ပင်လယ်သားရဲများကို ခုခံ ကာကွယ်ရန်အတွက် ခံစစ်မျဉ်းများကို တည်ဆောက်နိုင်ခဲ့ကြ၏။
“ဒီပင်လယ်သားရဲလှိုင်းလုံးကြီးရဲ့ အဓိပ္ပါယ်က ဘာလဲ.. ပင်လယ်မျိုးနွယ်စုတွေ ဘာတွေ ဖြစ်နေကြတာလဲ..”
“ရှီး.. ငါတို့ဂိုဏ်းက ဒီလောက် ကြီးမားတဲ့ ပင်လယ်သားရဲလှိုင်းလုံးကြီးကို ကာကွယ်နိုင်ပါ့မလား..”
“ဒါက အရမ်းကို ရုတ်တရက် ဆန်လွန်းတယ်.. ဒီပင်လယ်သားရဲလှိုင်းလုံးကြီးက ပုံမှန် မဟုတ်ဘူး..”
ပင်လယ်ပြင်အတွင်း၌ လူသား ကျင့်ကြံသူများမှာ အံ့အားတကြီးဖြင့် ဆွေးနွေးနေကြတော့၏။
အင်အားစု တစ်ခုစီတိုင်းသည် ပင်လယ်သားရဲလှိုင်းလုံးကြီးကို ကိုင်တွယ် ဖြေရှင်းရန် အလုပ်ရှုပ်နေကြစဉ်.. အချို့သော ပင်လယ်မျိုးနွယ်စုများသည် လူသား ကျင့်ကြံသူများ၏ သူလျှိုများကို တိတ်တဆိတ် ကွင်းရှောင်သွားကြကာ.. လူသား အင်အားစု အမျိုးမျိုး၏ နယ်မြေများကို ဖြတ်သန်း၍ ကုန်းတွင်းပိုင်း အင်မော်တယ်စံအိမ်များဆီသို့ စိမ့်ဝင်သွားကြကြောင်းကိုမူကား မည်သူမျှ မသိရှိခဲ့ကြချေ။
…
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ်။
စုယွီသည် နေ့စဉ်နေ့တိုင်း ကျင့်ကြံအားထုတ်နေပြီး စုရွေ့နှင့် မာထျန်းလင်တို့ကိုလည်း ဆေးပညာများ သင်ကြားပေးနေခဲ့သည်။ သူ၏ အားလပ်ချိန်များတွင်မူ.. လော့ယွဲ့ မဟာမိတ်အဖွဲ့အတွင်းရှိ ရှေးဟောင်း အခင်းအကျင်း အကြွင်းအကျန်များကို ပိုမို နားလည် သဘောပေါက်စေရန် လေ့လာနေခဲ့၏။ အခင်းအကျင်း တာအိုအပေါ် သူ၏ နားလည် သဘောပေါက်မှုများမှာလည်း ပိုမို နက်ရှိုင်းလာခဲ့တော့သည်။
တာ့ယွဲ့နယ်နိမိတ်ရှိ အင်အားစုများနှင့် ကိုးဝိညာဉ် မိစ္ဆာတောင်တန်းတို့ကြားမှ အပြင်ဘက် ပဋိပက္ခများနှင့် ဆူပူအုံကြွမှုများတွင်မူကား စုယွီက ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း သူ ကြိုတင် ပြင်ဆင်ထားခဲ့သော အဆောင်လက်ဖွဲ့များကြောင့်.. တာ့ယွဲ့နန်းတော်၊ ယွင်ကျန်းဂိုဏ်း သို့မဟုတ် စုမိသားစု.. မည်သူ့ကိုမဆို ကိုးဝိညာဉ် မိစ္ဆာတောင်တန်းမှ မိစ္ဆာများက အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ဇီကွမ်နယ်မြေအတွင်းမှ ပဋိပက္ခများ တဖြည်းဖြည်း ငြိမ်သက်သွားချိန်တွင်.. စုယွီသည် မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ ပြန်လည် ထွက်ခွာရန် စဉ်းစားလာတော့၏။
နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။
စုယွီ၏ တောင်းဆိုချက်အရ ဟွမ်ကျူးသည် အိမ်နီးချင်းဖြစ်သော ယင်ယွဲ့ကျားမျိုးနွယ်စုမှ စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာဘုရင်နှင့်.. တာ့ယွဲ့နန်းတော်မှ အကြီးအကဲ နတ်မိမယ် လျူရွှီးတို့ကို ဤနေရာတွင် လာရောက် တွေ့ဆုံရန် ဖိတ်ကြားလိုက်သည်။
နတ်မိမယ် လျူရွှီးသည် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ် အပျက်အစီးများ အတွင်းသို့ ဝင်ရောက်လာချိန်တွင်.. သူမမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး စုယွီကို ကြည့်ကာ မေးလိုက်တော့၏။
“ဒီစတုတ္ထအဆင့် လျှို့ဝှက်ဂူစံအိမ်ကို မင်း ထိန်းချုပ်ထားနိုင်ပြီလား..”
စုယွီက အပြုံးလေးဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“စီနီယာ ခန့်မှန်းတာ မှန်ပါတယ်..”
ခဏမျှ စကားရပ်နားလိုက်ပြီးနောက်.. စုယွီသည် ယင်ယွဲ့ကျားမျိုးနွယ်စုမှ စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာဘုရင်နှင့် နတ်မိမယ် လျူရွှီးတို့ကို ကြည့်ကာ ဆက်ပြောလိုက်လေ၏။
“ဒီတစ်ကြိမ် ကျွန်တော် စီနီယာတို့ နှစ်ယောက်စလုံးကို ဖိတ်ကြားရတဲ့ အကြောင်းရင်းက.. သဘောတူညီချက် တစ်ခု လုပ်ချင်လို့ပါ ခင်ဗျာ..”
အခန်း (၅၆၁) - အပြန်ခရီးနှင့် မှောင်ခိုဈေး (၂)
“အခုကစပြီး ယင်ယွဲ့ကျားမျိုးနွယ်စု၊ ကျွန်တော့်ရဲ့ လျှို့ဝှက်ဂူစံအိမ်နဲ့ တာ့ယွဲ့နန်းတော်တို့ဟာ မိတ်ဖက်အဖြစ်နဲ့ အချင်းချင်း မကျူးကျော်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုကြမယ်ဗျ.. ရန်သူတွေ ဝင်ရောက်ကျူးကျော်လာတဲ့ အခါမျိုးမှာတောင် ကျွန်တော်တို့ တတ်နိုင်သမျှ အကူအညီပေးကြရမယ်နော်..”
နတ်မိမယ်လျူရွှီးသည် စုယွီအား ထူးဆန်းသောအကြည့်ဖြင့် ပြန်ကြည့်နေမိ၏။ ယင်ယွဲ့ကျားမျိုးနွယ်စုနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ကူညီရိုင်းပင်းမည့် သဘောတူညီချက်တဲ့လား။ ဒါက အတော်လေး အံ့အားသင့်ဖွယ် ကောင်းလှသည်။
စုယွီက အသေးစိတ် ရှင်းပြလိုက်သောအခါမှသာ နတ်မိမယ်လျူရွှီး တစ်ယောက် သဘောပေါက် နားလည်သွားတော့သည်။ စင်စစ်အားဖြင့် စုယွီသည် ယင်ယွဲ့ကျားမျိုးနွယ်စုမှ စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာဘုရင်အား အခမဲ့ ကြေးစားလူသတ်သမား အဖြစ် ခိုင်းစေချင်နေခြင်း ဖြစ်ချေ၏။ တာ့ယွဲ့နန်းတော်နှင့် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ်တို့ ရန်သူ့ကျူးကျော်မှုနှင့် ရင်ဆိုင်ရချိန်တွင် ယင်ယွဲ့ကျားမျိုးနွယ်စု၏ မိစ္ဆာဘုရင်ကို ဝင်ရောက်ကူညီ တိုက်ခိုက်ခိုင်းရန်ပင်တကား။
စုယွီသည် ယင်ယွဲ့ကျားမျိုးနွယ်စု၏ မိစ္ဆာဘုရင်ကို ကြည့်ကာ အလွန်တရာ အံ့မခန်းဖွယ်ကောင်းပြီး ကြင်နာတတ်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“ယင်ယွဲ့ မိစ္ဆာဘုရင်ကြီးကရော ဘယ်လိုသဘောရလဲ.. ခင်ဗျားအနေနဲ့ ကျွန်တော်တို့နဲ့ ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန် ကူညီရိုင်းပင်းတဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်လာဖို့ ဆန္ဒရှိရဲ့လား..”
ယင်ယွဲ့ မိစ္ဆာဘုရင်သည် စုယွီ၏ အနောက်ဘက်တွင် တောက်ပဝင်းလက်နေသော ဟွမ်ကျူးကို မြင်လိုက်ရချိန်၌ အကြောက်တရားကြောင့် စုယွီ၏ရှေ့တွင် ဒူးထောက်ကျမတတ်ပင် ဖြစ်သွားရသည်။ သူသည် ငိုရသည်ထက်ပင် ပို၍ ရုပ်ဆိုးနေသော အူကြောင်ကြောင် အပြုံးကြီးကို ပြုံးပြလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလာ၏။
“ရှိ.. ရှိပါတယ် ခင်ဗျာ..ကျွန်တော် ဆန္ဒရှိပါတယ်..”
သူ့အတွက် အခြား ရွေးချယ်စရာ လမ်းကြောင်းများ ရှိနေသေး၍လော။
စုယွီ၏ ကမကထပြု ကြီးကြပ်မှုအောက်တွင် ယင်ယွဲ့ မိစ္ဆာဘုရင်နှင့် နတ်မိမယ်လျူရွှီးတို့ နှစ်ဦးစလုံးသည် သစ္စာဆို ကျိန်ဆိုခဲ့ကြသည်။ နှစ်ဖက်စလုံးသည် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ကူညီရိုင်းပင်းမှုနှင့် အချင်းချင်း မကျူးကျော်ရေး သဘောတူညီချက် တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ အပိုဆုအနေဖြင့် ယင်ယွဲ့ မိစ္ဆာဘုရင်က လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ်တွင် အကျပ်အတည်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကာကွယ်စောင့်ရှောက်ပေးမည် ဖြစ်ကြောင်းကိုပါ ကျိန်ဆိုခဲ့ရသည်။
ဤကိစ္စရပ်သည် စုယွီအတွက်မူ သာမန် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု တစ်ခုသာ ဖြစ်သော်ငြား လက်ရှိ တာ့ယွဲ့နန်းတော်အတွက်မူကား အလွန်တရာ ကောင်းမွန်လှသော အရာတစ်ခု ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယင်ယွဲ့ မိစ္ဆာဘုရင်အား တာ့ယွဲ့နန်းတော်ကို မည်သည့်အခါမျှ မကျူးကျော်ရန် သစ္စာဆို ကျိန်ဆိုစေခြင်းဖြင့် တာ့ယွဲ့နန်းတော်၏ ရှေ့မှောက်ရှိ အကြီးမားဆုံးသော အန္တရာယ်ကြီးကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်၏။ ယခုအခါတွင် သူတို့အနေဖြင့် ယင်ယွဲ့ကျားမျိုးနွယ်စုကို သတိထား စောင့်ကြည့်နေရန် မလိုအပ်တော့ချေ။ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ်အတွက်လည်း နောက်ထပ် ခံစစ်မျဉ်း တစ်ခုကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယင်ယွဲ့ မိစ္ဆာဘုရင်နှင့် နတ်မိမယ်လျူရွှီးတို့ နှစ်ဦးစလုံးအား စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် တစ်စက်စီ ခွဲဝေပေးပြီးနောက် စုယွီသည် သူတို့ကို ပြန်လည် စေလွှတ်လိုက်သည်။ ထို့နောက် အစိမ်းရောင်လမင်း တောင်ထွတ်ဆီသို့ ပြန်လာခဲ့ကာ သူ၏ မျက်မှောက်ရှိ ကြီးမားကျယ်ပြန့်လှသော လျှို့ဝှက်ဂူစံအိမ်ကြီးကို တိတ်ဆိတ်စွာ စူးစမ်း ဆင်ခြင်နေမိတော့၏။
'ငါ့ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ နောက်ထပ် စတုတ္ထအဆင့် လျှို့ဝှက်ဂူစံအိမ် တစ်ခုကို လိုက်ရှာနေမယ့် အစား.. မြေကမ္ဘာအင်မော်တယ်စံအိမ်က တောင်တန်းအင်မော်တယ်မြို့တော် ဒါမှမဟုတ် အရှင်သခင် ဆယ်ပါးမြို့တော်ဆီကို ရောက်နိုင်မယ့် နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို ဒီနေရာမှာ တည်ဆောက်လိုက်ရင်ရော ဘယ်လိုနေမလဲ..'
သို့သော်လည်း အကွာအဝေး မနီးမဝေးရှိသော ထိုကဲ့သို့သော နေရာရွှေ့ပြောင်း အခင်းအကျင်းမျိုးကို တည်ဆောက်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ၏ ကုန်ကျစရိတ်မှာ နည်းပါးမည် မဟုတ်ပေ။ ထို့အပြင် ပဉ္စမအဆင့် အခင်းအကျင်း သခင်တစ်ဦးလည်း လိုအပ်ပေလိမ့်မည်။
'ပဉ္စမအဆင့် အခင်းအကျင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့.. နေရာရွှေ့ပြောင်း အခင်းအကျင်းရဲ့ အခြေခံကျောက်တုံးလို့ ခေါ်ကြတဲ့ ဟင်းလင်းပြင် ကျောက်တုံးကိုတော့ ငါကိုယ်တိုင် တူးဖော်မှ ရလိမ့်မယ်..'
'ရွှေ့ပြောင်းရမယ့် အကွာအဝေး ဝေးလေလေ.. အခင်းအကျင်း တည်ဆောက်တဲ့ နေရာမှာ ကုန်ကြမ်းပစ္စည်းတွေ ပိုပြီး ကုန်ကျလေလေပဲ.. ဒီလို နေရာရွှေ့ပြောင်း အခင်းအကျင်းမျိုးကို တည်ဆောက်ဖို့ဆိုရင်.. ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ရာချီ၊ ဒါမှမဟုတ် သန်းဆယ်ချီပြီးတောင် လိုအပ်နိုင်လောက်တယ်.. ဟူး..'
စုယွီသည် လေကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး သတိထားလာမိတော့သည်။ ထိုက်ရွှီအင်မော်တယ် မဟာမိတ်အဖွဲ့ထံမှ ရရှိခဲ့သည်များ အပါအဝင် ယခုလက်ရှိ သူ၏ ပိုင်ဆိုင်မှုများထဲတွင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းအောက်သာ ရှိနေသော်ငြားလည်း ထိုပမာဏမှာ နေရာရွှေ့ပြောင်း အခင်းအကျင်းကို တည်ဆောက်ရန်အတွက် လုံလောက်မှု မရှိသေးချေ။
သို့သော်လည်း ဒါက အတော်လေး ပုံမှန်ဖြစ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အလယ်ဗဟို ဒေသတွင်ပင်လျှင် ပဉ္စမအဆင့် တည်ရှိမှုများ၊ သို့တည်းမဟုတ် ဝိညာဉ်ခွဲထွက်ခြင်း အဆင့်ရှိသည့် အင်အားစုများ၊ ဂိုဏ်းများသာလျှင် နှစ်ပေါင်းများစွာ စုဆောင်းထားပြီးနောက် နေရာရွှေ့ပြောင်း အခင်းအကျင်းကို တည်ဆောက်ရန် ခွန်အားနှင့် အခြေခံအုတ်မြစ်များ ရှိကြသည်။ အကယ်၍ ရွှေအမြုတေအဆင့် ကျင့်ကြံသူလေး တစ်ဦးမျှသာ ဖြစ်သော စုယွီက နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် စဉ်းစားနေကြောင်းကို ပြင်ပလူများသာ သိရှိသွားခဲ့မည် ဆိုပါက သူ့ကို ရူးသွပ်သွားပြီဟုပင် ထင်မှတ်ကြပေလိမ့်မည်။
သူသည် တာ့ယွဲ့နန်းတော်တွင် နောက်ထပ် တစ်နှစ်ခန့် ဆက်လက် နေထိုင်ခဲ့သည်။ ကိုးဝိညာဉ် မိစ္ဆာတောင်တန်း၊ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်နှင့် ပူးပေါင်းသွားသော သွေးဖီးနစ် အင်မော်တယ် ဂိုဏ်းနှင့် တာ့ယွဲ့နန်းတော် တို့အကြားမှ တင်းမာမှုများမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီ ဖြစ်ကာ.. သွေးဖီးနစ် အင်မော်တယ် ဂိုဏ်းဘက်မှလည်း တာ့ယွဲ့နန်းတော်အား ထိုးစစ်ဆင်ရန် စီစဉ်နေသည့် အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။ ဤအခြေအနေများကို ထည့်သွင်း စဉ်းစားကာ စုယွီသည် သေချာစွာ ချင့်ချိန် ဆုံးဖြတ်ပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ ပြန်လည် ထွက်ခွာရန် အချိန်ကျရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။
'နောက်တစ်ခေါက် ငါ ပြန်လာတဲ့ အခါကျရင်တော့.. မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီကို ဦးတည်နိုင်မယ့် နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို ဒီနေရာမှာ တည်ဆောက်နိုင်လောက်ပြီ ထင်တယ်..'
'အဲဒီအချိန်ကျရင် မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီကို သွားချင်တယ်၊ မသွားချင်ဘူး ဆိုတာကတော့ မင်းတို့ သဘောပဲလေ..'
ယွီခယ်အာ၊ မာထျန်းလင်နှင့် စုချီ၏ မိသားစုဝင်များကို စိတ်အေးစေရန် သေချာစွာ နှစ်သိမ့် ဖြေရှင်းပေးပြီးနောက်တွင်.. စုယွီ၊ လော့ချန်ယွီ၊ ချင်းချွမ် ၊ ရှုဟိုင်နှင့် မာရှီချင်း တို့သည် နောက်တစ်ဖန် ခရီးဆက်ခဲ့ကြပြန်သည်။ စုယွီသည် တိတ်ဆိတ်စွာဖြင့် တာ့ယွဲ့နန်းတော်အတွင်း၌ တာအိုရုပ်သေး တစ်ခုကို ချန်ရစ်ထားခဲ့သည်။ သူသည် မြေကမ္ဘာစံအိမ်သို့ မထွက်ခွာမီ ထိုတာအိုရုပ်သေးကို တာ့ယွဲ့နန်းတော်၌ နှစ်အနည်းငယ်ခန့် ဆက်လက် စောင့်ကြပ်ခိုင်းထားရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ဟွမ်ကျူး၏ အလွန်တရာ မြန်ဆန်လှသော အမြန်နှုန်းကြောင့် အရှင်သခင် ဆယ်ပါးမြို့တော်သို့ ပြန်လည် ရောက်ရှိရန် တစ်နှစ်ပင် မကြာလိုက်ချေ။
အရှင်သခင် ဆယ်ပါးမြို့တော်။
စုယွီနှင့် သူ၏ အဖော်များသည် မာရှီချင်းနှင့် လမ်းခွဲခဲ့ကြပြီး မြေကမ္ဘာအင်မော်တယ်မြို့တော်ရှိ သူတို့၏ အခြေစိုက်စခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ဟွမ်ကျူးသည် သူတို့ကို ဤနေရာအထိ ပြန်လည် ပို့ဆောင်ပေးပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ သူတစ်ဦးတည်း ပြန်သွားခဲ့တော့၏။
ခြောက်မြီး မြေခွေး မူလဝိညာဉ် အရှင်သခင်ကြီးသည် စုယွီနှင့် လော့ချန်ယွီတို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး လှမ်းမေးလိုက်သည်။
“မင်းတို့တွေ ပြန်ရောက်လာကြပြီလား..”
စုယွီနှင့် သူ၏ အဖော်များက ရိုသေလေးစားစွာဖြင့် အရိုအသေပေးလိုက်ကြ၏။
“မူလဝိညာဉ် အရှင်သခင်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ..”
“လာကြ.. ထိုင်ပြီးမှ စကားပြောကြတာပေါ့..”
ခြောက်မြီး မြေခွေး မူလဝိညာဉ် အရှင်သခင်ကြီးသည် သူတို့ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပြီး သူမ၏ တပည့်နှစ်ဦးဖြစ်သော ကျန်းမန်သဲ့နှင့် ကျန်းမန်ယောင်တို့ကို ဝိညာဉ်လက်ဖက်ရည် တည်ခင်းဧည့်ခံစေလိုက်သည်။
“ကျေးဇူးတင်ပါတယ်.. မူလဝိညာဉ် အရှင်သခင်ကြီး ခင်ဗျာ..”
စုယွီနှင့် အခြားသူများ ထိုင်လိုက်ကြပြီးနောက် စုယွီက ခြောက်မြီး မြေခွေး မူလဝိညာဉ် အရှင်သခင်ကြီးအား မေးလိုက်၏။
“မူလဝိညာဉ် အရှင်သခင်ကြီး ခင်ဗျာ.. ကျွန်တော့်ရဲ့ ဆရာက အာရုံလှည့်စားမှု ရွံ့ညွန်တောမှာ မိစ္ဆာမျိုးနွယ်စုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတုန်းပဲလား ဗျ..”
စုယွီနှင့် သူ၏ အဖော်များ တာ့ယွဲ့နန်းတော်သို့ ပြန်သွားခဲ့ပြီးနောက် ယခု ဤနေရာသို့ ပြန်လည် ရောက်ရှိလာသည်အထိ ရှစ်နှစ်ခန့် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ တိုတောင်းလွန်းသည်ဟု မဆိုနိုင်သလို ရှည်လျားလွန်းသည်ဟုလည်း မပြောနိုင်ချေ။ အာရုံလှည့်စားမှု ရွံ့ညွန်တောတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေမည်နည်း ဆိုသည်ကိုတော့ ခန့်မှန်းရ ခက်ခဲလှသည်။
ခြောက်မြီး မြေခွေး မူလဝိညာဉ် အရှင်သခင်ကြီးက ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။
“ဟုတ်တယ်.. ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေက အခုဆိုရင် အရင်ကလောက် မများတော့ပါဘူး.. နောက်ထပ် နှစ်အနည်းငယ်လောက် ကြာရင်တော့ မိစ္ဆာမျိုးနွယ်စုတွေနဲ့ ငါတို့တွေ အကုန်လုံး လူစုခွဲဖြစ်ကြလိမ့်မယ် ထင်တယ်..”
ထိုစကားများကို ကြားလိုက်ရသောအခါ စုယွီသည် အနည်းငယ် နှမြောတသ ဖြစ်သွားမိတော့၏။ ပဋိပက္ခများက ဤမျှ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပြီတဲ့လော။ အကယ်၍သာ ထိုပဋိပက္ခများက နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ခန့် ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက.. သူသည် အရှင်သခင် ဆယ်ပါးမြို့တော်တွင် နေထိုင်ကာ ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ အခင်းအကျင်း မှော်ပညာရပ်များနှင့် အခြားသော အရင်းအမြစ်များကို တိတ်တဆိတ် ရောင်းချပြီး အိတ်ဖောင်းအောင် ငွေရှာနိုင်မည် ဖြစ်သည်။ ထို့နောက်တွင်မူကား.. နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန်အတွက် လုံလောက်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူ စုဆောင်းနိုင်လောက်ပေမည်။
ယခုအခါ ပဋိပက္ခများ လျော့ပါးသွားပြီ ဖြစ်ရာ အာရုံလှည့်စားမှု ရွံ့ညွန်တော အပြင်ဘက်တွင် စုဝေးနေကြသော အင်အားစု အသီးသီး၏ ဤအရင်းအမြစ်များ အပေါ် လိုအပ်ချက်မှာလည်း ကျိန်းသေပေါက် ကျဆင်းသွားမည် ဖြစ်ပြီး.. အရှင်သခင် ဆယ်ပါးမြို့တော်ရှိ အရင်းအမြစ် အမျိုးမျိုး၏ စျေးနှုန်းများမှာလည်း တဖြည်းဖြည်း ကျဆင်းလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။