အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အခန်း (၅၆၅) - ယွင်ရှောင် ဆေးလုံး စံအိမ်၊ အမျိုးသမီး ကျင့်ကြံသူ ကျွန် (၃)
တတိယအဆင့် အမြင့်ဆုံး ဆေးလုံးများ ဖော်စပ်ရာတွင်ပင် သူ၏ အောင်မြင်မှုနှုန်းမှာ (၉၀) ရာခိုင်နှုန်းထက် ကျော်လွန်နေလေပြီ။ ထိုမျှမက အရည်အသွေးမြင့် ဆေးလုံးများမှ ရရှိလာသော အကျိုးအမြတ်များကလည်း များပြားလွန်းလှရကား တစ်နှစ်တာအတွင်း သူရှာဖွေစုဆောင်းမိသော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ လုံးဝကို မနည်းလှပေ။
ယခုလမ်းမကြီး တစ်ခုလုံးတွင် သူအသစ်ဖွင့်လှစ်ထားသော ဆေးလုံး စံအိမ်လောက် ဝိညာဉ်ကျောက်တုံးများ အမြောက်အမြား ဝင်ငွေရနေသည့် ဆိုင်ဟူ၍ တစ်ဆိုင်မှ မရှိတော့ချေ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးသောင်းကျော် ကုန်ကျခဲ့သည် ဆိုသော်ငြားလည်း ဆေးဖော်စပ်ရန် ကုန်ကြမ်းများအတွက် အသုံးပြုခဲ့ရသည့် အရင်းအနှီးမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်၊ နှစ်သောင်းပင် မပြည့်ခဲ့ပေ။ ကျန်ရှိနေသော ကုန်ကျစရိတ်များ အားလုံးမှာ စုယွီ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦး၏ ကျင့်ကြံခြင်းများအတွက် သုံးစွဲခဲ့ခြင်းသာ ဖြစ်၏။
ဒါက ယွင်ရှောင် ဆေးလုံး စံအိမ်၏ အစပျိုးချိန်မျှသာ ရှိသေးပြီး ဖောက်သည် အရေအတွက်မှာလည်း များများစားစား မရှိသေးချေ။
‘ဒီနှစ်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ရှစ်သောင်းကျော်တောင် အမြတ်ထွက်ခဲ့တယ် ဆိုတော့ နောင်ဆိုရင် ဒီထက် နှစ်ဆလောက် ထပ်တိုးလာနိုင်သေးတယ်... ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဆယ်နှစ်အတွင်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုတာ အလွယ်လေးပဲ... ဆယ်စုနှစ် အနည်းငယ်လောက် အချိန်ယူလိုက်ရင် နေရာရွှေ့ပြောင်း အခင်းအကျင်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ လုံလုံလောက်လောက် စုဆောင်းမိသွားနိုင်တယ်...’
ထိုအတွေးများနှင့်အတူ စုယွီ၏ မျက်နှာထက်တွင် ကျေနပ်ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
စုယွီ၏ အပြုံးကို မြင်လိုက်ရသောအခါ လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦးစလုံးမှာ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချနိုင်သွားကြတော့၏။ အရှင်သခင်သည် ဤတစ်နှစ်တာ ကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များအပေါ် ကျေနပ်အားရနေကြောင်းကို သူတို့ သိလိုက်ကြသည်။
“အရှင်သခင်... ဆေးလုံး စံအိမ် သခင်ကြီး ... ဒီနှစ်မှာ ကျွန်မတို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး အမြတ်ရခဲ့တာဆိုတော့ ဒီည အောင်ပွဲခံကြရင် မကောင်းဘူးလား..”
ယန်ယွီမင်က စုယွီအား စိုက်ကြည့်ကာ တိုးညှင်းချိုသာသော အသံလေးဖြင့် အခွင့်တောင်းလိုက်သည်။
“ဟားဟားဟား... ကောင်းပြီလေ မင်းသဘောအတိုင်းပဲ လုပ်ကြတာပေါ့... ဒီည မင်းတို့သုံးယောက်နဲ့ အတူတူ အောင်ပွဲခံကြမယ် ကွ...”
စုယွီက အားရပါးရ ရယ်မောလိုက်လေ၏။
ထိုညက အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ နာမည်ကျော် အင်မော်တယ် စားသောက်ဆိုင်ကြီးမှ အရသာရှိလှသော အစားအသောက်များကို မှာယူခဲ့ကြသည်။ ဝိညာဉ်သေရည် ကောင်းကောင်းများဖြင့် စုယွီသည် သူ၏ အမျိုးသမီးငယ် သုံးဦးနှင့်အတူ တစ်ညလုံး အောင်ပွဲခံ စားသောက်ခဲ့ကြတော့သည်။
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သောအခါ စုယွီသည် သူ၏ ပုံမှန်ဘဝအတိုင်း ပြန်လည် နေထိုင်ခဲ့သည်။ အထက်ဘုံ သန့်စင်သော မူလတာအိုကျင့်စဉ်၊ ဓာတ်ကြီးငါးပါး ကျင့်စဉ် နှင့် အခြားသော ကျင့်စဉ်များကို နေ့စဉ်မပြတ် လေ့ကျင့်အားထုတ်နေခဲ့ပြီး သူ၏ စွမ်းအားများမှာ တစ်နေ့တခြား တရိပ်ရိပ် တိုးတက်လာခဲ့သည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ် အတွင်း၌ ကိန်းဝပ်နေသော မှော်ရတနာများ၊ ထူးဆန်းသော မျိုးစေ့လေးနှင့် လော့ယွဲ့ မဟာမိတ်အဖွဲ့ထံမှ ရရှိခဲ့သော ရှေးဟောင်း ဝိညာဉ်သားရဲဥ တို့ကိုလည်း နေ့စဉ်နေ့တိုင်း ယုယစွာ ပြုစုပျိုးထောင်ပေးနေခဲ့၏။
ရှေးဟောင်း ဝိညာဉ်သားရဲဥကြီး ဘယ်အချိန်များမှ အကောင်ပေါက်လာမည်နည်း ဆိုသည်ကိုတော့ သူ အတပ်မသိနိုင်သေးပေ။
သူ၏ သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင်ကျော်မျှ ကျန်ရှိနေသေးသည်။ အကယ်၍ သူသာ ဤနေရာ၌ နှစ်ပေါင်း တစ်ထောင်တိတိ ဆက်လက် ကျင့်ကြံနေမည် ဆိုပါက... နှစ်တစ်ထောင် အကြာတွင် သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် စွမ်းအားများမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။ ထိုအချိန်ကျလျှင် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နောက်ကွယ်မှ အစွမ်းထက် အရှင်သခင်များနှင့် သူ ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလာမည်လော။ အကယ်၍ ထိုအခြေအနေထိ ရောက်ရှိသွားခဲ့မည် ဆိုပါက ဤမှောင်ခိုစျေး၏ နောက်ကွယ်မှ အစစ်အမှန် အရှင်သခင်မှာ မည်သူ ဖြစ်လာမည်ကို မည်သူမှ ကြိုတင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။
*
အချိန်နှစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။
တစ်နေ့တွင် စုယွီသည် ဆေးဖော်စပ်ရာမှ ထွက်လာခဲ့စဉ် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦး မှောင်ခိုစျေး အတွင်းမှ ကောလဟာလများ အကြောင်းကို ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
“မကြာသေးခင်က ပင်လယ်ပြင် နယ်မြေတွေမှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်လို့ ကြားတယ် နော်... ပင်လယ်မျိုးနွယ်စုတွေက ဘယ်လို အကြောင်းကြောင့်ရယ် မသိဘူး... ဧရာမ ပင်လယ်သားရဲ လှိုင်းလုံးကြီးကို စတင် လှုံ့ဆော်ခဲ့ကြတာတဲ့... ကုန်းတွင်းပိုင်းက အင်မော်တယ် စံအိမ်တွေကိုတောင် ဂယက်ရိုက်သွားစေတယ်လို့ ပြောကြတယ်...”
လင်းပင်းက သတင်းစကားကို ဖောက်သည်ချသည်။
“ကုန်သွယ်ရေး အသင်း တချို့ဆိုရင် ပင်လယ်မျိုးနွယ်စု ကျွန်အသစ်တွေကိုတောင် အသုတ်လိုက် ရလာကြတယ်လို့ ကြားတယ် နော်...”
ယန်ယွီမင်ကလည်း ဝင်ရောက် ပြောဆိုလိုက်၏။
‘ပင်လယ်ပြင် နယ်မြေမှာ ပင်လယ်သားရဲ လှိုင်းလုံးကြီး ဖြစ်နေတယ်...’
ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် စုယွီ၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။
ဟွမ်လင်းကျွန်းကိုများ ဂယက်ရိုက်သွားမည်လော။ မည်သို့ပင်ဆိုစေ သူက ဟွမ်လင်းကျွန်း၏ ကျွန်းသခင် မဟုတ်ပါလော။
သူ၏ တာအိုရုပ်သေးမှာ တာ့ယွဲ့နယ်နိမိတ်တွင် ငြိမ်သက်စွာ ပုန်းအောင်းနေပြီး လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်ဂူစံအိမ်ကို တိတ်တဆိတ် ကာကွယ်စောင့်ရှောက် ပေးနေခဲ့ကာ ဆန်းဝုနယ်မြေ၊ သို့မဟုတ် ဟွမ်လင်းကျွန်းဆီသို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးပေ။
အကယ်၍ ဟွမ်လင်းကျွန်းသာ ပင်လယ်မျိုးနွယ်စုများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရမည် ဆိုပါက ၎င်းမှာ သူ့အတွက် အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်ချေမည်။
သူ ကျွန်းသခင် ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသည် မဟုတ်လော။
ထိုမျှမက ဟွမ်လင်းကျွန်းသည် သူ၏ အခြားသော ကိုယ်ပိုင် အမှတ်အသား တစ်ခုအတွက် ခိုလှုံရာ နေရာတစ်ခု ဖြစ်သဖြင့် အလွယ်တကူ စွန့်လွှတ်လိုက်၍ မဖြစ်နိုင်ပေ။
အတွေးနက်စွာဖြင့် စဉ်းစားနေပြီးနောက် စုယွီသည် မှောင်ခိုစျေး အတွင်းမှ သတင်းအချက်အလက် အချို့ကို စုံစမ်းရန် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ ပင်လယ်ပြင် နယ်မြေအတွင်းရှိ ပင်လယ်သားရဲ လှိုင်းလုံးကြီးမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးလောက်အောင် ကြီးမားကျယ်ပြန့်လှကြောင်းကို သိရှိလိုက်ရသောအခါ သူသည် ယွင်ရှောင် ဆေးလုံး စံအိမ်သို့ ချက်ချင်း ပြန်လာခဲ့တော့၏။
သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ အေးစက်သွားသည်။
‘တာအိုရုပ်သေးကို ပြန်မခေါ်ခင် ပင်လယ်ပြင်က မငြိမ်မသက်မှုတွေ ပြီးဆုံးသွားတဲ့ အချိန်အထိ စောင့်နေတာက ပိုကောင်းလိမ့်မယ်...’
သူသည် မည်သည့် အန္တရာယ်ကိုမျှ မစွန့်စားလိုတော့ချေ။
အခန်း (၅၆၆) - အခြားသော ရွှေအမြုတေ အဆင့်ရှိ အမျိုးသမီး ကျွန်တစ်ဦး (၁)
ထို့နောက် စုယွီသည် အင်မော်တယ်ဂိုဏ်းသို့ ပြန်သွားကာ ငါးနှစ်တစ်ကြိမ် ကျရောက်သော ပုံမှန်တာဝန်များကို ပြီးစီးအောင် ထမ်းဆောင်ခဲ့သည်။ ထို့နောက် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ အောက်ခြေရှိ မှောင်ခိုစျေးသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူသည် ဆေးလုံး စံအိမ်အတွင်း၌သာ ပုန်းအောင်းနေပြီး အပြင်သို့ ထွက်ခွာခြင်း အလွန်နည်းပါးလှသည်။ ဆေးလုံး စံအိမ်သို့ လာရောက်သော ဖောက်သည်များအား လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ကိုသာ ကိုင်တွယ် ဖြေရှင်းစေပြီး သူ့ကိုယ်သူ အများပြည်သူ အမြင်မှ ကင်းကွာအောင် နေထိုင်ခဲ့သည်။
သုံးနှစ်တာ အချိန် ကုန်လွန်သွားခဲ့လေပြီ။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အစွန်အဖျားတွင် လူရိပ်အချို့ မြစ်ကြောင်းအတွင်းမှ ထွက်ပေါ်လာပြီး အဝေးရှိ လူသားမျိုးနွယ်စု၏ နယ်မြေကို စိုက်ကြည့်နေကြသည်။
“ဒီဘက်ကိုလား..”
သူတို့ထဲမှ တစ်ယောက်က မြစိမ်းရောင်ကဲ့သို့ တောက်ပနေသော သွေးပုလဲလေး တစ်လုံးကို ထုတ်ယူလိုက်သည်။ သူ၏လက်ကို ထိုပုလဲပေါ်တွင် ဝှေ့ယမ်းလိုက်သောအခါ.. သူ့အတွင်းမှ မိစ္ဆာ အရှိန်အဝါသည် ပုလဲအတွင်းသို့ ဝင်ရောက်သွားသည်။ သွေးပုလဲလေး၏ ထင်ရှားသော အစိမ်းရောင် အလင်းတန်းနှင့်အတူ သွေးသား ဆက်သွယ်မှု တစ်ခု သူ၏ ရင်ထဲတွင် ရေးရေးလေး ပေါ်ပေါက်လာခဲ့၏။
အမှောင်ထုထဲတွင် အံ့ဩထိတ်လန့်ဖွယ်ရာ သွေးသားဆက်နွယ်မှု အရှိန်အဝါတစ်ခုသည် ဤပုလဲမှတဆင့် တည်ရှိနေသကဲ့သို့ ခံစားရသည်။
သို့သော်လည်း ဤသွေးသားဆက်နွယ်မှု အရှိန်အဝါ၏ ယေဘုယျ ဦးတည်ရာကိုသာ သူ ရေးရေးလေး အာရုံခံနိုင်သည်။ ဘိုးဘေးများက ချီးမြှင့်ထားသော အသက်သွေး တစ်စက်ကို အသုံးပြုခြင်းဖြင့်သာ ဤသို့ အာရုံခံနိုင်ခြင်း ဖြစ်သည်။ ထိုအသက်သွေးသာ မရှိခဲ့လျှင် သူ၏ ကိုယ်ပိုင် စွမ်းရည်နှင့် သွေးမျိုးဆက်နွယ်မှု အရ မည်သည့်အရာကိုမျှ အာရုံခံနိုင်မည် မဟုတ်ပေ။
ခဏအကြာတွင် သူ၏ အရှိန်အဝါများ ပြန်လည် ရုပ်သိမ်းသွားပြီး ဘိုးဘေးများ ပေးအပ်ထားသော အသက်သွေးကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထို့နောက် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ဗဟိုချက်ဆီသို့ ကြည့်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်၏။
“အင်း.. အဲဒီမှာပဲ..”
“ဒါဆိုရင် ဆက်သွားကြတာပေါ့..”
ထိုသူတို့သည် မြစ်ကြောင်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြပြီး အာရုံခံမိသော သွေးမျိုးဆက်နွယ်မှု ရှိရာဘက်သို့ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
*
မှောင်ခိုစျေးဝယ်၊
စုယွီသည် ဟင်းလင်းပြင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုကာ ဆေးလုံး စံအိမ်မှ မည်သူမျှ မသိအောင် တိတ်တဆိတ် ထွက်လာခဲ့သည်။ သူသည် အရှေ့ဘက် မြို့တော်၏ ဗဟိုလမ်းမကြီးပေါ်တွင် တည်ရှိသော ဟော့လုံ ခန်းမဟု အမည်ရသည့် ကုန်သွယ်ရေး အသင်းတစ်ခုဆီသို့ ဦးတည်သွားခဲ့၏။ သူသည် အကြီးစား လေလံပွဲ တစ်ခုတွင် ပါဝင်ဆင်နွှဲခဲ့ပြီး နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် လိုအပ်သော ပဉ္စမအဆင့် ကုန်ကြမ်းပစ္စည်း တစ်ခုကို လေလံအောင်နိုင်ခဲ့သည်။ ၎င်းအတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနီးပါး ကုန်ကျခဲ့ပြီးနောက် သူသည် တိတ်တဆိတ် ပြန်လည် ထွက်ခွာလာခဲ့၏။
သူ ကုန်သွယ်ရေး အသင်းမှ ထွက်ခွာလာသည်နှင့် တပြိုင်နက် လူအချို့ သူ၏ နောက်သို့ လိုက်လာခဲ့ကြသည်။ သို့သော် စုယွီသည် သူတို့၏ မျက်စိရှေ့တွင်ပင် လမ်းပေါ်ရှိ လူအုပ်ကြီးထဲသို့ ရဲဝံ့စွာ ဝင်ရောက်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူသည် သူတို့၏ စောင့်ကြည့်နေသော မျက်လုံးများ အောက်မှ အရိပ်အယောင်မျှပင် မကျန်ရစ်စေဘဲ ပျောက်ကွယ်သွားခဲ့တော့၏။
စုယွီ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ထိုလူများ၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြပြီး သူ့ကို ရှာဖွေရန် လူအုပ်ထဲသို့ ကပျာကယာ ပြေးဝင်သွားကြသည်။ သို့သော်လည်း ဟိုဟိုဒီဒီ လိုက်ရှာပြီးနောက်တွင် စုယွီကို မတွေ့ရတော့ချေ။ သူ လွတ်မြောက်သွားခဲ့ပြီ ဆိုသည်မှာ ထင်ရှားလှသည်။
ထိုလူစုသည် ဒေါသတကြီးဖြင့် ပြန်လည် စုဝေးလိုက်ကြ၏။
“သူ တကယ်ပဲ လွတ်သွားတာလား..”
“ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ပဉ္စမအဆင့် ကုန်ကြမ်း ဝယ်ဖို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းတောင် သုံးရဲတယ် ဆိုတော့.. အဲဒီကောင်က သေချာပေါက် အမဲဖြတ်ဖို့ စောင့်နေတဲ့ သိုးဆူကြီးပဲ..”
“ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်.. ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ပဉ္စမအဆင့် ကုန်ကြမ်းကို ဘာလုပ်ဖို့ အသုံးဝင်မှာမလို့လဲ..”
ခဏမျှ ညည်းညူပြီးနောက် သူတို့သည် ကုန်သွယ်ရေး အသင်းသို့ တိတ်တဆိတ် ပြန်သွားခဲ့ကြပြီး အလွယ်တကူ အမဲဖြတ်နိုင်မည့် နောက်ထပ် ပစ်မှတ် တစ်ခုကို မျှော်လင့်ကာ လေလံပွဲတွင် ဆက်လက် ပုန်းကွယ်နေကြသည်။ မည်သို့ပင်ဆိုစေ စုယွီက အစောကြီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး လေလံပွဲက ပြီးဆုံးရန် အလှမ်းဝေးနေသေးသည် မဟုတ်လော။
အခြား နေရာတစ်ခုတွင် ဟင်းလင်းပြင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုပြီးနောက် စုယွီသည် ဟင်းလင်းပြင် အတွင်းသို့ နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားကာ.. ဟင်းလင်းပြင် အပြောင်းအလဲ အနည်းငယ်မျှသာ ဖြစ်ပေါ်စေခဲ့သည်။
ယခင်က သူသည် ဟင်းလင်းပြင် စွမ်းအင်ကို ရွှေ့ပြောင်းရန် အတင်းအကြပ် ထိန်းချုပ်ရန် ကြိုးစားတိုင်း ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်မှုတိုင်းသည် ဟင်းလင်းပြင် စွမ်းအင် လှိုင်းလုံးကြီးများ၏ ဖိနှိပ် ချေမွခြင်းကို ခံရသကဲ့သို့ ခံစားခဲ့ရသည်။ သို့သော် ယခုအခါ ဟင်းလင်းပြင် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြုနေစဉ်တွင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ သဘာဝကျကျ လှုပ်ရှားနိုင်နေပြီ ဖြစ်၏။
သူသည် ဟင်းလင်းပြင် အတွင်း၌ နေထိုင်နိုင်ပြီး.. ပြင်ပမှ လူများကို ၎င်းတို့ကြားတွင် ပါးလွှာသော အမြှေးပါးလေး တစ်ခု ရှိနေသကဲ့သို့ ကြည့်ရှုနိုင်သည်။ သူက သူတို့ကို မြင်နိုင်သော်လည်း သူတို့က သူ့ကို မမြင်နိုင်ကြချေ။
သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့နောက်သို့ လိုက်လာသော လူအချို့ကို မြင်လိုက်ရသည်။ မထွက်ခွာမီ သူတို့၏ ရုပ်သွင်များနှင့် အရှိန်အဝါများကို တိတ်တဆိတ် မှတ်သားထားလိုက်၏。
သူ့ကို အလွယ်တကူ အမဲဖြတ်နိုင်မည်ဟု ထင်နေကြသည်လော။
ကောင်းပေစွ။
စုယွီ ယွင်ရှောင် ဆေးလုံး စံအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး လေလံအောင်ထားသော ပဉ္စမအဆင့် ကုန်ကြမ်းပစ္စည်း အသစ်စက်စက်ကို ဝှက်ထားလိုက်ကာ တိတ်တဆိတ် ရေရွတ်လိုက်သည်။
'ဒါ စတုတ္ထမြောက် တစ်ခုပဲ..'
နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် သင့်လျော်သော ကုန်ကြမ်းပစ္စည်းများမှာ အတော်လေး ရှားပါးသဖြင့် စုဆောင်းရန် မလွယ်ကူလှချေ။မည်သို့ပင်ဆိုစေ သူ၏ လက်ဝယ်တွင် ဝိညာဉ်ကျောက်တုံး အများအပြား ရှိနေသည် မဟုတ်လော။ ကုန်ကြမ်းပစ္စည်းများ စုဆောင်းရန်အတွက် ဆယ်စုနှစ်များစွာ၊ သို့မဟုတ် ရာစုနှစ် တစ်ခု နှစ်ခုခန့် အချိန်ယူရလျှင်တောင် လက်ခံနိုင်ဖွယ် ရှိနေသေးသည်။
လအနည်းငယ် ကုန်လွန်ပြီးနောက် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ မိုင်ငါးဆယ်ခန့် ကွာဝေးသော တောရိုင်းနယ်မြေ တစ်ခုတွင်.. စုယွီသည် သူ၏ အနိမ့်ဆုံးအဆင့် မှော်လက်နက်ဖြစ်သော အစိမ်းရောင်လမင်း သိုင်းဓားကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကို တစ်ချက် ပွတ်လိုက်ပြီး.. ရှေ့တွင် ပြန့်ကျဲနေသော အလောင်းများကို နိဗ္ဗာန် မီးတောက်ဖြင့် လောင်ကျွမ်းစေကာ မည်သည့် သက်သေ အထောက်အထားမျှ မကျန်ရစ်စေရန် ဖျောက်ဖျက်ပစ်လိုက်တော့၏။
“ဟွန့်.. ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေး အနည်းငယ်ကများ ငါ့ကို သူတို့ရဲ့ သားကောင်လို့ သတ်မှတ်ရဲတယ်ပေါ့လေ..”
စုယွီ နောက်သို့ ချာခနဲ လှည့်ထွက်ပြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
သူတို့ကို လအနည်းငယ်လောက် အသက်ဆက်ရှင်ခွင့် ပေးထားခဲ့တာခြင်းက သူ့အတွက်တော့ အရမ်းကို သဘောကောင်းလွန်းနေပြီပင်။
*
ယွင်ရှောင် ဆေးလုံး စံအိမ်။
လျှို့ဝှက်ခန်းမ။
ဟင်းလင်းပြင် လွတ်မြောက်ခြင်းအတတ်ဖြင့် စုယွီသည် လျှို့ဝှက်ခန်းမသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ထိုလူများထံမှ သူ ယခုလေးတင် ရရှိခဲ့သော ထိပ်တန်းအဆင့် မှော်လက်နက် အချို့နှင့်အတူ သိုလှောင် လက်စွပ် တစ်ကွင်းနှင့် ချန်ခွန်းအိတ် သုံးလုံးတို့ကို ထုတ်ယူလိုက်၏။
ထိပ်တန်းအဆင့် မှော်လက်နက်များထဲတွင် ဓားပျံ တစ်လက်၊ လှံတို တစ်လက်၊ ဓမ္မ တံဆိပ်တုံး တစ်ခုနှင့် ကြေးဝါ ခေါင်းလောင်း တစ်လုံးတို့ ပါဝင်သည်။ နည်းပညာအရ ပြောရမည် ဆိုလျှင် ရွှေအမြုတေ အဆင့်ရှိ စုယွီအတွက် ထိပ်တန်းအဆင့် မှော်လက်နက်များက အသင့်လျော်ဆုံး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ၏ ရွှေအမြုတေသည် အကြိမ်ခုနစ်ဆယ် သန့်စင်ထားသော ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲသွားပြီး ဓာတ်ကြီးငါးပါး နယ်ပယ်ကို ပုံဖော်နိုင်ခဲ့ပြီးနောက်.. သူ၏ နက်နဲသော ဓာတ်ကြီးငါးပါး မှော်စွမ်းအင်နှင့် ပေါင်းစပ်လိုက်သောအခါ.. မူလ မှော်လက်နက်များ၊ သို့မဟုတ် အဆင့်နိမ့် မှော်လက်နက်များကိုပင် ပိုမို အသုံးပြုရန် ရွေးချယ်လာခဲ့သည်။
ဓာတ်ကြီးငါးပါး နယ်ပယ်၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် သူသည် မှော်လက်နက်များ၏ စွမ်းအားကို မပြည့်တပြည့်သာ ထုတ်ဖော် ပြသနိုင်၏။ ထိပ်တန်းအဆင့် မှော်လက်နက် လေးခုကို စိုက်ကြည့်ရင်း စုယွီ ခဏမျှ စဉ်းစားကာ တီးတိုး ရေရွတ်လိုက်သည်။
'ငါ ဆရာ့ဆီကနေ လက်နက် သန့်စင်ခြင်း နည်းပညာကို သင်ယူသင့်လား..'
ထိုသို့ သင်ယူနိုင်မည် ဆိုပါက သူသည် မှော်လက်နက်များနှင့် မှော်ပစ္စည်းများကို ပြန်လည် သန့်စင်နိုင်မည် ဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်နေသော အန္တရာယ်များကို ဖယ်ရှားနိုင်မည် ဖြစ်၏။ သူသည် ထိပ်တန်းအဆင့် မှော်လက်နက် လေးခုကို လက်တစ်ချက် ဝှေ့ယမ်းကာ သိမ်းဆည်းလိုက်သည်။
ထို့နောက် စုယွီသည် ကျန်ရှိနေသော သိုလှောင်ရေး လက်စွပ်နှင့် ချန်ခွန်းအိတ်များကို ရှင်းလင်းလိုက်ပြီး.. အတွင်း၌ တံဆိပ်ပြား အချို့ကို ရှာတွေ့ခဲ့သည်။ တံဆိပ်ပြားများပေါ်တွင် တစ္ဆေ မျက်နှာတစ်ခုကို ထွင်းထုထားပြီး ထိုလူများ၏ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြားများ ဖြစ်ပုံပေါ်၏။ သို့သော်လည်း ဤတံဆိပ်ပြားများကိုဖြစ်စေ၊ ၎င်းတို့ပေါ်တွင် ထွင်းထုထားသော တစ္ဆေ မျက်နှာကိုဖြစ်စေ သူ မမှတ်မိချေ။
'သူတို့က ဘယ်သူတွေလဲ..'
တံဆိပ်ပြားများကို ဖျက်ဆီးပစ်လိုက်ပြီး ထိုလူလေးယောက်ထံမှ အရင်းအမြစ်များနှင့် ဝိညာဉ်ကျောက်တုံးများကို ပေါင်းတွက်ကြည့်လိုက်ရာ.. စုစုပေါင်း တန်ဖိုးမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်မျှသာ ရှိသည်။ သူတို့ အားလုံးမှာ အလွန်တရာ ဆင်းရဲမွဲတေနေကြပုံ ရသည်။
'အင်း.. လုံးဝ အရှုံးပေါ်သွားတာတော့ မဟုတ်ပါဘူးလေ..’
အခန်း (၅၆၇) - အခြားသော ရွှေအမြုတေ အဆင့်ရှိ အမျိုးသမီး ကျွန်တစ်ဦး (၂)
လင်းချင်းရှားအပါအဝင် မည်သူကိုမျှ ထိုကိစ္စအကြောင်း စုယွီ လုံးဝ ဖွင့်ဟခဲ့ခြင်း မရှိပေ။
နှစ်ဝက်ခန့် ကြာပြီးနောက်…စုယွီသည် ရွှေအမြုတေ ဆေးလုံး တစ်ဖိုကို ဖော်စပ်နေသည်။ သူ ဆေးလုံး သိမ်းဆည်းခြင်း ပညာရပ်ကို အသုံးပြုလိုက်သည့် အခိုက်အတန့်တွင် တောက်ပနေသော ဆေးလုံး ငါးလုံးသည် ဆေးဖိုထဲမှ ရုတ်တရက် ပျံထွက်လာပြီး သူ၏ရှေ့တွင် ကျရောက်လာခဲ့၏။
ရွှေအမြုတေ ဆေးလုံး နှစ်လုံးပေါ်တွင် ဆေးလုံး အမှတ်အသားများ ထွက်ပေါ်လာပြီး.. အပြစ်အနာအဆာကင်းကာ ပြီးပြည့်စုံနေသည်။ ကျန်ရှိနေသော ရွှေအမြုတေ ဆေးလုံး သုံးလုံး၏ အရည်အသွေးမှာမူ ပြီးပြည့်စုံခြင်းနှင့် အနည်းငယ်မျှသာ လိုအပ်နေသေးသည်။
“မဆိုးဘူးပဲ..”
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားတော့သည်။
ထို့နောက် သူသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီး ပြီးပြည့်စုံသော ရွှေအမြုတေ ဆေးလုံး တစ်လုံးကို လင်းပင်းအား ပေးအပ်လိုက်၏။ ယခင် မှတ်ဉာဏ်များကို ဖျက်ပစ်ပြီးနောက် အသစ်ပြန်လည် စတင်ခဲ့သော လင်းပင်းသည် စုယွီ၏ လမ်းညွှန်မှုအောက်တွင် နှစ်အတော်ကြာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့သည်။ စုယွီ ပေးအပ်သော ပြီးပြည့်စုံသည့် အရည်အသွေးရှိ ဆေးလုံးများနှင့် ဝိညာဉ်အရည်များကဲ့သို့သော ထိပ်တန်း အရင်းအမြစ်များကြောင့်.. နောက်ဆုံးတွင် သူမသည် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်၏။
လင်းပင်းသည် ဆေးဖော်စပ်ခန်း အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။ စုယွီ ထွက်လာသည်ကို မြင်လိုက်ရသောအခါ သူမသည် ချက်ချင်း အရိုအသေပေးလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်၏။
“အရှင်သခင်..”
ရွှေအမြုတေ ဆေးလုံးကို လင်းပင်းထံသို့ ကမ်းပေးရင်း စုယွီက ညင်သာစွာ ဆူပူလိုက်သည်။
“ငါ မင်းကို ဆေးလုံး စံအိမ် သခင် လို့ပဲ ခေါ်ဖို့ ပြောထားတယ်လေ..”
“အာ.. ဟုတ်ကဲ့ပါ သခင်..”
လင်းပင်းက လျှာလေးထုတ်ကာ ပြောင်ပြလိုက်သော်လည်း.. ရွှေအမြုတေ ဆေးလုံးကို လှမ်းယူလိုက်ချိန်တွင် ရုတ်တရက် တောင့်တင်းသွားပြီး.. ဆေးလုံးပေါ်တွင် ပေါ်ထွက်နေသော ဆေးလုံး အမှတ်အသားများကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။
'ဒါကများ..'
'ပြီးပြည့်စုံတဲ့ ရွှေအမြုတေ ဆေးလုံးလား..'
လင်းချင်းရှားနှင့် ယန်ယွီမင် တို့လည်း အနားသို့ ရောက်လာကြသည်။ ထိုရွှေအမြုတေ ဆေးလုံးကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးစလုံး အသက်ရှူမှားသွားကြပြီး ပါးစပ်များကို လက်ဖြင့် ချက်ချင်း အုပ်ထားလိုက်မိကြ၏။
သို့သော်လည်း သူတို့၏ မျက်လုံးများကမူ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေပြီး ရွှေအမြုတေ ဆေးလုံးကိုသာ စိုက်ကြည့်နေကြသည်။
အထူးသဖြင့် လင်းချင်းရှားပင် ဖြစ်၏။
သူမက ဆေးပညာရှင် တစ်ဦးဖြစ်ပြီး ရွှေအမြုတေ ဆေးလုံးများ ဖော်စပ်ရခြင်း၏ အခက်အခဲကို ကောင်းစွာ သိရှိထားသည်။
ဧရာမ မြို့တော်ကြီးဖြစ်သော အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်တွင်ပင် အရည်အသွေးမြင့် ရွှေအမြုတေ ဆေးလုံးများမှာ ရှားပါးလှသည်။
ပြီးပြည့်စုံသော ရွှေအမြုတေ ဆေးလုံးဆိုသည်မှာ ယခင်က တစ်ခါမျှ မကြားဖူးခဲ့သော အရာပင် ဖြစ်သည်။
အမျိုးသမီး သုံးဦးစလုံး စုယွီကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိကြ၏။ ပြီးပြည့်စုံသော ရွှေအမြုတေ ဆေးလုံး တစ်လုံးကို အမှန်တကယ် ဖော်စပ်နိုင်ရန်အတွက် သူ၏ ဆေးပညာစွမ်းရည်မှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။
စုယွီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ငေးမနေကြနဲ့.. မင်းရဲ့ အခြေအနေကို သေချာ အကဲခတ်ပြီး အဆင့်တက်နိုင်မလား ကြည့်ကြည့်စမ်း..”
လင်းပင်းသည် စိတ်လှုပ်ရှားမှုများကြောင့် ပြည့်လျှံနေပြီး ဆောင်းဦးရာသီမှ ငြိမ်သက်နေသော ရေကန်ပြင်ရှိ လှိုင်းကြက်ခွပ်လေးများကဲ့သို့.. စုယွီကို အံ့ဩကြည်ညိုမှု အပြည့်ဖြင့် ကြည့်နေမိသည်။ သူမက နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏。
“အရှင်သခင်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရား အတွက် ကျေးဇူးတင်ပါတယ် ရှင်..”
ထို့နောက် လင်းပင်းသည် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် ကြိုးစားဖို့ တိတ်တဆိတ် တံခါးပိတ် ကျင့်ကြံရန် ထွက်ခွာသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ယန်ယွီမင်သည် သူမ၏ နှုတ်ခမ်းနီနီလေးကို ကိုက်လိုက်ပြီး မျှော်လင့်ချက်များ ရုတ်တရက် ပိုမို ပြည့်ဝလာခဲ့သည်။ အရှင်သခင်က ချီးမြှင့်သော ပြီးပြည့်စုံသည့် ရွှေအမြုတေ ဆေးလုံးနှင့် ဆိုပါက.. ရွှေအမြုတေ အဆင့်သို့ သူမ တက်လှမ်းနိုင်မည့် အခွင့်အရေးမှာ သိသိသာသာ တိုးတက်လာနိုင်သည်။
'လင်းပင်း အဆင့်တက်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး မလား..'
ထင်ထားသည့် အတိုင်းပင်။
လဝက်ခန့် ကြာပြီးနောက်…
လင်းပင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် (၉) မှ ရွှေအမြုတေ အစောပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး.. ယန်ယွီမင်၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အခြေခံတည်ဆောက်ခြင်း အဆင့် (၉) သို့ ရောက်ရှိသွားခဲ့လေပြီ။ သူမသည် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့် သူမ၏ အခြေခံ အုတ်မြစ်များကို စုဆောင်းနေသည်။
စုယွီသည် ပြီးပြည့်စုံသော အရည်အသွေးရှိ ဆေးလုံးများကို ရောင်းချခြင်း မရှိပေ။
သို့သော် လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင် တို့သည် သူ၏ သစ္စာရှိသော ကျေးကျွန်များ ဖြစ်ကြပြီး သူတို့၏ သစ္စာရှိမှုအပေါ် စိုးရိမ်စရာ မရှိချေ။ သူတို့၏ စွမ်းရည်များကို မြှင့်တင်ပေးရန် ဤအရည်အသွေးရှိ ဆေးလုံးများကို ပေးအပ်ခြင်းက ပြဿနာ မရှိပေ။
တစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။
လူငယ် ကျင့်ကြံသူ တစ်ယောက်သည် သူ၏ နောက်လိုက် တစ်ယောက်နှင့်အတူ ယွင်ရှောင် ဆေးလုံး စံအိမ် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လင်းချင်းရှားက ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ခဲ့သော်လည်း.. သူ၏ မောက်မာသော အမူအရာကို လျှော့ချခြင်း မရှိဘဲ ရိုင်းပျစွာပင် ဆက်လက် တည်ရှိနေခဲ့၏။ သို့သော်လည်း လင်းချင်းရှားက စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း အရှိန်အဝါ တစ်ခုကို ထုတ်ဖော် ပြသလိုက်သောအခါ.. လူငယ် ကျင့်ကြံသူနှင့် သူ၏ နောက်လိုက်တို့၏ မျက်နှာများ အနည်းငယ် ပျက်ယွင်းသွားကြပြီး သူတို့၏ မာန်မာနများကို ပြန်လည် ထိန်းချုပ်လိုက်ကြသည်။
လူငယ်က ပြောလိုက်၏။
“မင်းရဲ့ သူဌေးကို သတင်းပေးထားလိုက်.. ကျင်း မိသားစုက ငါ နောက်တစ်လ နေရင် ပြန်လာခဲ့မယ်လို့.. ငါတို့ သွားပြီ..”
ထိုလူငယ်သည် ကပျာကယာ လာရောက်ခဲ့သလို ကပျာကယာပင် ပြန်လည် ထွက်ခွာသွားခဲ့သည်။
အိမ်နောက်ဖေး ခြံဝင်းအတွင်း စုယွီ၏ တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက်.. လင်းချင်းရှား၊ လင်းပင်းနှင့် ယန်ယွီမင် တို့က ဤအဖြစ်အပျက်ကို သူ့အား တင်ပြခဲ့ကြသည်။
စုယွီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။
“ကျင်း မိသားစု.. ဘယ် ကျင်း မိသားစုလဲ..”
လင်းချင်းရှား ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျွန်မတို့ လမ်းထောင့်က ကျင်းရှန်း တိမ်တိုက် ဆေးလုံး စံအိမ်ကို မှတ်မိလား အရှင်သခင်.. ကျွန်မ အရင်က သူ့ကို အဲဒီဆိုင်မှာ တွေ့ဖူးတယ်.. သူက အဲဒီဆိုင်ရဲ့ သခင်လေး ဖြစ်ပုံရတယ်..”
စုယွီသည် အနီးအနားရှိ ဆိုင်များ၏ နောက်ကွယ်မှ အင်အားစုများကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ သူသည် လင်းချင်းရှားဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဒီ ကျင်း မိသားစု အကြောင်းကို စုံစမ်းကြည့်ပါ..”
ဒုတိယမြောက်နေ့ ရောက်သောအခါတွင်.. လင်းချင်းရှားသည် ကျင်း မိသားစု၏ ရှုပ်ထွေးလှသော နောက်ခံ သမိုင်းကြောင်းများကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျင်း မိသားစုသည် ဆေးဖော်စပ်ခြင်းကို အဓိက လုပ်ကိုင်သော ကျင့်ကြံခြင်း မိသားစု တစ်ခု ဖြစ်ပြီး.. သူတို့၏ အင်အားမှာ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ မူလ အင်အားစုများထံမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ.. ယွီလုံ နန်းတော် နယ်မြေမှ လာခြင်း ဖြစ်ကြောင်း သိရှိရ၏။
မိသားစုအတွင်း၌ စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး ရှိနေပြီး.. ကျင်း မိသားစု၏ ဘိုးဘေးသည် မူလဝိညာဉ် အလယ်အလတ်အဆင့်ရှိ အရှင်သခင် တစ်ဦး ဖြစ်ပုံပေါ်သည်။ မိသားစု တစ်ခုလုံးတွင် မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် သုံးဦး ရှိနေပြီး လုံးဝ အားနည်းလှခြင်း မရှိချေ။
ဤအင်အားစုနှင့် ဆိုလျှင် မဟာလမင်း နန်းတော်ပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
“ယွီလုံ နန်းတော်.. ဟွန့်.. ဂရုစိုက်နေစရာ မလိုပါဘူးလေ..”
စုယွီသည် ယခင်က သူ တွေ့ဆုံခဲ့ဖူးသော ပိုင်ယန် နှင့် အခြားသူများကို သတိရသွားပြီး နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် မိသားစု တစ်ခုလောက်ကများ.. သူ့အပေါ် လွှမ်းမိုးပြီး သူတို့ရဲ့ အင်အားကို လာပြနိုင်မယ်လို့ ထင်နေကြတာလား။
ဤယွင်ရှောင် ဆေးလုံး စံအိမ် အတွင်း၌ သူသည် ဆရာဖြစ်သူ၏ အခင်းအကျင်း အများအပြားကို ချမှတ်ထားပြီး ဖြစ်သည်။ ကျင်း မိသားစု၏ ဘိုးဘေး ကိုယ်တိုင် လာရောက်မည် ဆိုလျှင်တောင် သူ နည်းနည်းလေးမျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။
အခြား တစ်ဖက်တွင်၊ လူငယ်နှင့် သူ၏ နောက်လိုက်များသည် လမ်းပေါ်ရှိ ဆိုင်သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ သူတို့ထဲမှ တစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။
“သခင်လေး.. ယွင်ရှောင် ဆေးလုံး စံအိမ်မှာ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တစ်ခု ရှိနေတယ်.. အထင်သေးလို့တော့ မရဘူး..”
လူငယ်က နှာခေါင်းရှုံ့လိုက်သည်။
“အဲဒါက စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း တစ်ခုလေးပါပဲ.. ဒါက မင်းကို ကြောက်သွားစေတာလား..”
“ယွင်ရှောင် ဆေးလုံး စံအိမ်က သာမန် မဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်တွေ အတွင်း သူတို့ အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးတွေ ဘယ်လောက်တောင် ရောင်းခဲ့ရလဲ.. သခင်လေးရဲ့ ခန့်မှန်း တွက်ချက်မှု အရဆိုရင် သူတို့ တစ်နှစ်ကို အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသောင်းကနေ လေးသောင်းအထိ ရနိုင်တယ်..”
“အဲဒါက ငါတို့ ကျင်း မိသားစု ဆိုင်ထက်တောင် ပိုအစွမ်းထက်နေသေးတယ်.. ငါတို့ရဲ့ ဖောက်သည် အများအပြားကိုလည်း ခိုးယူသွားတယ်..”
“ဒီစာရင်းကို ဒီအတိုင်း ပြီးသွားအောင် လုပ်လို့ မရဘူး..”
နောက်လိုက်က သတိထားကာ ပြောလိုက်သည်။
“အကယ်၍ သူ့နောက်ကွယ်မှာ အရှင်သခင် တစ်ယောက် ရှိနေရင် ဘယ်လိုလုပ်မလဲ..”
လူငယ်က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါကြောင့် ငါ တိုက်ရိုက် ဝင်မတိုက်ခဲ့တာပေါ့.. ဒါပေမဲ့ သူတို့က တတိယအဆင့် ဆေးလုံးတွေကိုပဲ ဖော်စပ်ကြတာလေ.. စတုတ္ထအဆင့် ဆေးလုံးတွေ အကြောင်း တစ်ခါမှ မကြားဖူးသေးဘူး.. ယွင်ရှောင် ဆေးလုံး စံအိမ်ရဲ့ နောက်ကွယ်မှာ မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် တစ်ယောက် ရှိနေရင်တောင်.. အဲဒီလူက မူလဝိညာဉ် အစောပိုင်း၊ သို့မဟုတ် ဒုတိယအဆင့် အရှင်သခင်ပဲ ဖြစ်နိုင်တယ်..”
“ဘာကြောက်စရာ ရှိလို့လဲ..”
ခဏရပ်ပြီးနောက် လူငယ်က ဆက်ပြောလိုက်သည်။
“ငါ ဒုတိယ ဦးလေးကို ဖိတ်ခေါ်လိုက်မယ်.. ပြီးရင် ဘာတွေလဲ ဆိုတာ သိရအောင် ယွင်ရှောင် ဆေးလုံး စံအိမ်ကို စုံစမ်းကြည့်ကြတာပေါ့..”
နှစ်အတော်ကြာလာသည်နှင့်အမျှ ယွင်ရှောင် ဆေးလုံး စံအိမ်၏ နာမည်ကျော်ကြားမှု တဖြည်းဖြည်း တိုးတက်လာခြင်းနှင့် အရည်အသွေးမြင့် တတိယအဆင့် ဆေးလုံး အမြောက်အမြား ရောင်းချနိုင်ခြင်း၊ အနီးအနားတွင် နာမည်ရလာခြင်းတို့ကို တွေးတောရင်း လူငယ်၏ မျက်လုံးများတွင် လောဘတရားများ တောက်ပလာခဲ့သည်။
ဤအရည်အသွေးမြင့် တတိယအဆင့် ဆေးလုံးများကို ဤအတိုင်းသာ ရောင်းချနေရမည် မဟုတ်ချေ။
အကယ်၍ ထိုသို့သော အရင်းအမြစ်များကို ကျင်း မိသားစုကသာ ထိန်းချုပ်နိုင်ခဲ့မည် ဆိုလျှင်…
'မှောင်ခိုစျေးရဲ့ စီးပွားရေးကို ငါ နှစ်ဆ၊ ဒါမှမဟုတ် သုံးဆတောင် တိုးမြှင့်နိုင်ကောင်း တိုးမြှင့်နိုင်လိမ့်မယ်..'
လူငယ်၏ ရင်ထဲတွင် ရည်မှန်းချက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ သူ အသိအမှတ်ပြု ခံရသည်နှင့် တပြိုင်နက် ၎င်းကို အသုံးပြုကာ အဓိက အင်အားစု အသီးသီးနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ကြီးမားသော အောင်မြင်မှုများ ရရှိရန် သူ့ကို မည်သူက တားဆီးနိုင်မည်နည်း။
ဤမျှ ကြီးမားသော အောင်မြင်မှုများနှင့် ဆိုလျှင် မိသားစု၏ အခြားသော ဆက်ခံသူများထဲမှ မည်သူကများ သူနှင့် ယှဉ်ပြိုင်နိုင်မည်နည်း။ ယွင်ရှောင် ဆေးလုံး စံအိမ်၏ နာမည်ကျော်ကြားမှုမှာ သာမန်မျှသာ ရှိသေးပြီး အခြားသော အဓိက အင်အားစုများက မသိရှိသေးချိန်တွင်.. သူသည် ၎င်း၏ နောက်ကွယ်ရှိ ဆေးပညာရှင်ကို မဖြစ်မနေ ထိန်းချုပ်နိုင်ရပေမည်။
*
ယွင်ရှောင် ဆေးလုံး စံအိမ်။
စုယွီသည် တာ့ယွဲ့ တောင်ထွတ်ရှိ သူ၏ ဆရာဖြစ်သူ၏ အခင်းအကျင်း အလံများမှ ရရှိခဲ့သော စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း ငါးခုကို စစ်ဆေးနေသည်။ သူ၏ စွမ်းအားနှင့် ဆိုလျှင် ဤစတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်းများကို ထိန်းချုပ်ရန် ခက်ခဲလှမည် မဟုတ်ချေ။
ယေဘုယျအားဖြင့် အခင်းအကျင်းများ ချမှတ်ရာတွင် နည်းလမ်း နှစ်မျိုး ရှိပြီး တစ်မျိုးမှာ အခင်းအကျင်း အလံများကို အသုံးပြုခြင်း ဖြစ်ကာ အခြားတစ်မျိုးမှာ အခင်းအကျင်း အခြေခံများကို အသုံးပြုခြင်း ဖြစ်သည်။
အခင်းအကျင်း အလံများဆိုသည်မှာ အပြည့်အဝ လုပ်ဆောင်နိုင်သော အခင်းအကျင်း ပညာရပ်များ ဖြစ်ပြီး.. အခင်းအကျင်းများကို အလံများအတွင်းသို့ ကြိုတင် ပေါင်းစပ် ထည့်သွင်းထားသောကြောင့် အခင်းအကျင်း သခင် တစ်ဦး မပါဝင်ဘဲနှင့်ပင် အလွယ်တကူ တပ်ဆင် ချမှတ်နိုင်သည်။
သို့သော် ဤအချောသတ် အခင်းအကျင်း ပညာရပ်များမှာ ပုံမှန်အားဖြင့် သာမန် စွမ်းအားမျိုးသာ ရှိတတ်ကြသည်။
အခင်းအကျင်း အခြေခံများသည် အခင်းအကျင်း သခင်များ အခင်းအကျင်း ချမှတ်ရာတွင် အသုံးအများဆုံး နည်းလမ်း ဖြစ်၏။ သို့သော်လည်း ဤနည်းလမ်းသည် ယေဘုယျအားဖြင့် အချိန်အချို့ ယူရသည်။ အခင်းအကျင်းက ပိုမို အစွမ်းထက်ပြီး ရှုပ်ထွေးလေလေ.. ချမှတ်ရန် အချိန်ပိုမို ကြာမြင့်လေလေ ဖြစ်ကာ အခင်းအကျင်း သခင် တစ်ဦး မပါဘဲ မဖြစ်နိုင်ချေ။
စုယွီသည် အဆင့်မြင့် တတိယအဆင့် အခင်းအကျင်း သခင် တစ်ဦးမျှသာ ဖြစ်သဖြင့် သဘာဝကျစွာပင် သူ၏ ကိုယ်ပိုင် စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်းများကို မချမှတ်နိုင်ပေ။
သို့သော် တာ့ယွဲ့ တောင်ထွတ်တွင် သူ၏ ဆရာ ချန်ရစ်ခဲ့သော အချောသတ် အခင်းအကျင်းများကို အသုံးပြုရန်မူကား ပြဿနာ မရှိချေ။
စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း၏ အလွှာငါးခု ပေါင်းစပ်ထားသော ပြီးပြည့်စုံသည့် အခင်းအကျင်း တစ်ခု၏ စွမ်းအားသည်.. မူလဝိညာဉ် အစောပိုင်းအဆင့်ရှိ အရှင်သခင် တစ်ဦးကို သေချာပေါက် နောက်ဆုတ်သွားစေနိုင်သည်။
စစ်ဆေးပြီးနောက် စုယွီက တီးတိုး ရေရွတ်လိုက်သည်။
“ကျင်း မိသားစု.. ငါ့ကို လာမရှုပ်တာ ပိုကောင်းလိမ့်မယ်..”
သူ လှည့်ကာ ဆေးဖော်စပ်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ဆေးလုံး စံအိမ်အတွက် ကုန်ပစ္စည်း အချို့ စုဆောင်းနိုင်ရန် တတိယအဆင့် ဆေးလုံးများကို ဆက်လက် ဖော်စပ်နေတော့သည်။
*
လဝက်ခန့် ကြာပြီးမှသာ လျှို့ဝှက်ခန်းမ၊ မှော်လက်နက် နန်းတော် အတွင်း၌ စုယွီသည် သူ၏ ရှေ့ရှိ ရှေးဟောင်း သားရဲဥကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဥကြီးမှာ တောက်ပသော အလင်းရောင်များ ဖြာထွက်နေပြီး.. ဥပေါ်ရှိ သိပ်သည်းလှသော အမှတ်အသားများမှတဆင့် နက်ရှိုင်းသော အပြာရောင် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ အသက်ရှူမှားလောက်အောင် အစွမ်းထက်လှသော သက်စောင့်စွမ်းအင် တစ်ခုသည် ရှေးဟောင်း ဝိညာဉ်သားရဲဥကြီး အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ဂျွတ်..”
ဥခွံ အက်ကွဲသွားသော အသံသဲ့သဲ့လေး တစ်ခုကို စုယွီ ကြားလိုက်ရတော့၏။