← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 10 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 10 Ch. 137-138

အပိုင်း(၁၃၇)

တစ်ချိန်တည်း၌... ကွမ်ယင် ဘုံကျောင်းတော်၏ အမည်ကို ကြားသောအခါ နဂါးမြင်းဖြူ၏ မျက်လုံးများမှာ ရုတ်တရက် သိသိသာသာ အရောင်လင်းလက်သွား၏။ ထိုအတွင်းမှ မြင်းမျက်ရည် နှစ်ပေါက်မျှပင် ကျလာမတတ် ဖြစ်သွားလေသည်။

ဆရာတော်အား ကူညီရန် မဟာဗောဓိသတ် ကွမ်ယင်ထံမှ တရားအလင်းရခဲ့ပြီးနောက် အစပိုင်းတွင် ငြင်းပယ်ခံရသော်လည်း တရားဝင်အသိအမှတ်ပြုမှု မရှိဘဲ အရှက်ကင်းမဲ့စွာဖြင့် လိုက်ပါလာခဲ့ရသည်။ ယခုတော့ နောက်ဆုံးတွင် ကွမ်ယင် ဘုံကျောင်းတော်ကို မြင်တွေ့ရပြီ ဖြစ်လေသည်။

ဗောဓိသတ်ကိုယ်တိုင် ဤကျမ်းစာပင့်ဆောင်သူကို အကြောင်းရင်း သေချာရှင်းပြခိုင်းမှ ဖြစ်တော့မည်ဟု သူက တွေးလိုက်လေသည်။

နဂါးမြင်းဖြူသည် ကျန်းလျိုဘက်သို့ ခေါင်းလှည့်လာကာ သူတို့ ဖြတ်သန်းသွားစဉ် ကွမ်ယင် ဘုံကျောင်းတော်ထဲသို့ ဝင်ရောက်မည်လားဟု တွေးတောနေလေသည်။

မည်သို့ပင်ဆိုစေ သူကိုယ်တိုင်ပင် 'ကျောင်းတော်တွေ့လျှင် ဗုဒ္ဓကို ရှိခိုးပူဇော်မည်၊ စေတီတွေ့လျှင် စေတီကို တံမြက်လှည်းမည်' ဟု ပြောဆိုကာ သူ၏ ရင်ထဲမှ ဗုဒ္ဓအပေါ် ရိုသေကိုင်းရှိုင်းမှုကို ဖြည့်ဆည်းလေ့ရှိသည် မဟုတ်ပါလော။

"ဝူခုန်း... သွားကြစို့… ရှေ့က ကျောင်းတော်ကို သွားဖူးမြော်ကြရအောင်..."

ခေါင်းထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားပစ်လိုက်ပြီး ကျန်းလျိုသည် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ ကွမ်ယင် ဘုံကျောင်းတော်ဆီသို့ လျှောက်သွားလေတော့သည်။

ကွမ်ယင် ဘုံကျောင်းတော်၏ အဝင်ဝသို့ ရောက်ရှိသောအခါ ၎င်း၏ ခမ်းနားထည်ဝါမှုကို ကြည့်ရင်း ကျန်းလျိုမှာ စိတ်ထဲတွင် အံ့သြမင်သက်မှုကို မထိန်းချုပ်နိုင်ခဲ့ချေ။ တကယ်ပင် 'လူသည် အဝတ်အစားကို အားကိုးရပြီး၊ ဗုဒ္ဓသည် ရွှေကို အားကိုးရသည်' ဆိုသည့်အတိုင်းပင် ဖြစ်လေသည်။

ကွမ်ယင် ဘုံကျောင်းတော်ကြီးကို ခမ်းနားကြီးကျယ်ပြီး ဇိမ်ကျကျ တန်ဆာဆင်ထားရာ ခေတ်သစ် အသုံးအနှုန်းများဖြင့် ပြောရလျှင် ၎င်းမှာ တကယ့်ကို ဓနအင်အား ကြွယ်ဝမှု ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။

ကွမ်ယင် ဘုံကျောင်းတော်ကို ကြည့်ရင်း ကျန်းလျိုက စိတ်ထဲမှ တွေးတောနေစဉ် ကျောင်းတော်တံခါးဝရှိ ဧည့်ကြိုဘုန်းကြီး နှစ်ပါးကမူ ဖုန်ပေလူးနေသော ကျန်းလျို၏ အသွင်အပြင်ကို အထူးသဖြင့် သူ၏ ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းပေါ်မှ ပြဲရှဟောင်းနွမ်းနေမှုများကို သတိပြုမိသွားကာ မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်ကြလေသည်။

"ဟေ့... ဒီစုတ်ပြတ်နေတဲ့ ဘုန်းကြီးက ဘယ်ကရောက်လာတာလဲ... ဘာသာဝင်တွေကို လာမပိတ်ရပ်နေနဲ့…ဖယ်စမ်း... ဖယ်စမ်း…”

ကျန်းလျိုအကြောင်း ပြောရလျှင် သိုလှောင် နေရာလွတ် ရှိသောကြောင့် လိုအပ်သည့်အရာ အားလုံးကို ယူဆောင်လာနိုင်သော်လည်း အဆင်မပြေသည့် အချက်တစ်ချက် ရှိနေလေသည်။ ၎င်းမှာ ရေချိုးခြင်းနှင့် အဝတ်အစား လျှော်ဖွပ်ခြင်းပင် ဖြစ်၏။

ပထမဦးစွာ ရေချိုးရန်အတွက် သူ၏ သိုလှောင်နယ်မြေထဲတွင် ရေအမြောက်အမြား သယ်ဆောင်သွားရန် လုံးဝ မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သိုလှောင်နယ်မြေထဲမှ ရေသည် သောက်သုံးရန်အတွက်သာ ရည်ရွယ်ထားပြီး ရေချိုးရန်အတွက်မူ မြစ်တစ်စင်းကို ဖြတ်သန်းသွားရန် လိုအပ်ဆဲပင် ဖြစ်လေသည်။

ထို့နောက် အဝတ်အစားများ လျှော်ဖွပ်ခြင်းနှင့် ပတ်သက်၍လည်း လျှော်ပြီးလျှင် အခြောက်ခံရမည် မဟုတ်ပါလော။

အကယ်၍ လျှော်ခါစ အဝတ်များကို သိုလှောင်နယ်မြေထဲသို့ ထည့်လိုက်ပါက မည်သည့်အခါမျှ ခြောက်သွေ့သွားမည် မဟုတ်ဘဲ ဝင်သွားသည့်အတိုင်းသာ ပြန်ထွက်လာမည် ဖြစ်၏။

ထို့ကြောင့် အနောက်ဘက်သို့ ခရီးသွားရာတွင် စားသောက်ရန်အတွက် ပူပန်စရာမရှိသော်လည်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက်မူ ထိုမျှ အဆင်မပြေလှချေ။

ထို့အပြင် ဝံပုလွေမိစ္ဆာနှင့် တိုက်ပွဲအပြီးတွင် သူ၏ ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်းမှာ စုတ်ပြဲသွားခဲ့ပြီး ဖုန်ပေလူးကာ စုတ်ချာနေသော အသွင်အပြင်ကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ပုံစံမှာ တကယ်ပင် ဖရိုဖရဲ ဖြစ်နေလေသည်။

"အကဲမခတ်တတ်တဲ့ ငတုံးကောင်… ငါ လောင်စွန်းကတော့..."

ကျောင်းတော်တံခါးဝရှိ ဧည့်ကြိုဘုန်းကြီး၏ စကားများက စွန်ဝူခုန်းအား ဒေါသထွက်စေခဲ့သည်။ အတွင်းသို့ပင် ပေးမဝင်ဘဲ မည်သို့များ ဤမျှ မထီမဲ့မြင်နှင့် အရေးမစိုက်ဘဲ နှင်ထုတ်နိုင်ရသနည်း။

"ဝူခုန်း... မင်းဆရာကိုပဲ ကိုင်တွယ်ခွင့်ပြုလိုက်စမ်းပါ..."

သို့သော် ဒေါသထွက်နေသော စွန်ဝူခုန်း၏ မျက်နှာကို မြင်သောအခါ ကျန်းလျိုက သူ့ကို လှမ်းခေါ်လိုက်လေသည်။

သူ၏ အကြည့်များက ဧည့်ကြိုဘုန်းကြီးထံသို့ ကျရောက်သွားပြီး သူကိုယ်တိုင်လည်း စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း ဝမ်းသာပီတိ တစ်မျိုးကိုပါ ခံစားလိုက်ရ၏။

စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမှာ ငြင်းပယ်ခံရပြီး နှင်ထုတ်ခံရခြင်းကြောင့် ဖြစ်ကာ ဤအရာက မည်သူ့ကိုမဆို ဒေါသထွက်စေမည် မဟုတ်ပါလော။

အခြားတစ်ဖက်တွင် ဝမ်းမြောက်ရခြင်းမှာ ကွမ်ယင် ဘုံကျောင်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပေါ်နေပုံရသောကြောင့် ဖြစ်သည်။ ဤသည်မှာ သူအလိုရှိနေသည့် အရာပင် မဟုတ်ပါလော။

"အောမိတော်ဖော... ဒီဦးဇင်းက အရှေ့အရပ် မဟာထန်ပြည်က လာခဲ့တာပါ... ထန်ဧကရာဇ်မင်းရဲ့ အမိန့်တော်နဲ့ ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ စစ်မှန်တဲ့ ကျမ်းစာတွေကို ရှာဖွေဖို့ အနောက်ဘက် ကောင်းကင်ဘုံကို ခရီးထွက်လာခဲ့တာပါ... ဒီသန့်စင်မွန်မြတ်တဲ့ ကျောင်းတော်ကို ဖြတ်သန်းလာတုန်း ဖူးမြော်ချင်လို့ပါ..."

လက်အုပ်ချီလျက် ကျန်းလျိုသည် ဒေါသကို မြိုသိပ်ကာ နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် ပြောဆိုလိုက်သည်။

"ခဗျားက ဗုဒ္ဓကို ရှိခိုးပူဇော်ချင်လို့ ဝင်ချင်တယ်ပေါ့... ကျုပ်တို့က ခဗျားကို စားစရာ၊ အိပ်စရာတွေပါ ပေးရဦးမှာလား... သွားစမ်းပါ... သွားစမ်းပါ... ခဗျားလို အလကားစား၊ အလကားအိပ်ချင်တဲ့ သူတွေက များလွန်းလို့ပါ... အရှေ့အရပ် မဟာထန်ပြည်က လာတယ်... ဟုတ်လား... ထန်ပြည်က ဘုန်းကြီးတွေက ကောင်းကောင်းမွန်မွန် သင်္ကန်းတစ်ထည်တောင် မရှိကြဘူးလား... ဒီထက်ပိုကောင်းတဲ့ ဆင်ခြေလေး ဘာလေးတောင် မစဉ်းစားတတ်တော့ဘူးလား..."

တံခါးဝမှ ဧည့်ကြိုဘုန်းကြီးက ကျန်းလျို၏ စကားများကို လုံးဝ မယုံကြည်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။ တံမြက်စည်းဖြင့်ပင် လှည်းထုတ်ပစ်ချင်နေသည့်အလား မထီမဲ့မြင် အမူအရာကို ဖော်ပြနေလေသည်။

ကွမ်ယင် ဘုံကျောင်းတော်ရှိ ဇာတ်လမ်းမှာ အခက်အခဲ စမ်းသပ်မှုတစ်ခု ဖြစ်သကဲ့သို့၊ သူ၏ အချိန်ဆွဲရန်နှင့် ဆင်ခြေပေးရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုလည်း ဖြစ်နေလေသည်။ ဧည့်ကြိုဘုန်းကြီး၏ နှင်ထုတ်မှု တစ်ခုတည်းကြောင့် ကျန်းလျိုက မည်သို့များ ထွက်ခွာသွားနိုင်မည်နည်း။

အကြမ်းမဖက်မီ အရင်ယဉ်ကျေးရမည် ဟူ၍ ရှေးစကားရှိသည် မဟုတ်ပါလော။ သူက ယဉ်ကျေးမှုကို ပြသပြီးဖြစ်ရာ တစ်ဖက်လူက တန်ဖိုးမထားသေးလျှင် သူဆက်ပြီး ယဉ်ကျေးနေရန် အကြောင်းမရှိတော့ပေ။

ရင်ထဲတွင် အကြံအစည်တစ်ခု ရှိသွားသည်နှင့်အမျှ ကျန်းလျိုက လက်ကိုမြှောက်လိုက်ရာ ကြာပန်းစိမ်း တောင်ဝှေးက သူ၏လက်ဆုပ်ထဲတွင် ပေါ်လာလေပြီး

"မျက်စိမပါတဲ့ ငတုံးကောင်... ဒီနေ့ မင်းသဘောတူတူ၊ မတူတူ ဒီဘုံကျောင်းတော်ထဲကို ငါဝင်ကို ဝင်ရမယ်..."

စကားပြောဆိုပြီးသည်နှင့် ကျန်းလျိုသည် ကြာပန်းစိမ်း တောင်ဝှေးကို ဝှေ့ယမ်းကာ ဧည့်ကြိုဘုန်းကြီးထံသို့ ရိုက်ချလိုက်လေတော့သည်။

"ရဲတင်းလှချည်လား... ဒီအရိုင်းအစိုင်းဘုန်းကြီး… ငါတို့ရဲ့ ကွမ်ယင် ဘုံကျောင်းတော်မှာ ပြဿနာလာရှာရဲတယ်ပေါ့လေ... ငါ့လက်စွမ်းကို မြည်းစမ်းကြည့်လိုက်စမ်း..."

ကျန်းလျို အကြမ်းဖက်လာသည်ကို မြင်သောအခါ ကွမ်ယင် ဘုံကျောင်းတော် အဝင်ဝရှိ ဧည့်ကြိုဘုန်းကြီးမှာ ကြောက်လန့်မသွားဘဲ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ စကားပြောရင်း သူက လက်များကို မြှောက်လိုက်ရာ ရွှေရောင်အလင်းတန်းများ စုဝေးလာ၏။ ဤသည်မှာ ရဟန္တာလက်သီး သိုင်းပညာဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။

အလင်းရောင်ကို အကဲခတ်ကြည့်ရလျှင် သူသည် ကျင်းဆန်းကျောင်းတော်မှ နောင်တော် ရွှမ်ခုန်းထက် သေချာပေါက် တစ်ပန်းသာနေလေသည်။

ဘုန်း…

ဧည့်ကြိုဘုန်းကြီးမှာ ချီးကျူးဖွယ်ကောင်းသော ထူးခြားသည့် အငွေ့အသက်များ ရှိနေသော်လည်း ကြာပန်းစိမ်း တောင်ဝှေးစာ မိသည်နှင့် လွင့်စင်ထွက်သွားလေသည်။ သူ၏ သွေးတန်းမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး တစ်ချက်တည်းဖြင့် အပြတ်ရှင်းခံလိုက်ရခြင်းပင် ဖြစ်၏။

ဒင် - သင်သည် အတွေ့အကြုံမှတ် ၁၁၈ မှတ်နှင့် ဒင်္ဂါးပြား ၉ ပြား ရရှိပါသည် ။

…

ကျန်းလျို လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကွမ်ယင် ဘုံကျောင်းတော်၏ ဧည့်ကြိုဘုန်းကြီးမှာ တစ်ချက်တည်းဖြင့် သတိလစ် မေ့မြောသွားလေသည်။ ဤအရာက လာရောက်ဖူးမြော်သူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး ခဏတာမျှ နေရာတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလေတော့သည်။

ကွမ်ယင် ဘုံကျောင်းတော်၏ တုံ့ပြန်မှုမှာ လျင်မြန်လှ၏။ အချိန်တိုအတွင်းမှာပင် လူငယ်သိုင်းပညာရှင် ဘုန်းကြီး အတော်များများ အပြေးအလွှား ထွက်လာကြလေသည်။

သို့သော် ထွက်လာသော သိုင်းပညာရှင် ဘုန်းကြီးများမှာ ထူးထူးခြားခြား ကျွမ်းကျင်မှု မရှိကြချေ။ ၎င်းတို့အထဲမှ အများစုမှာ သွေးကြောပွင့်အဆင့်တွင်သာ ရှိနေကြပြီး အဆင့် ၁၀ အထက်မျှသာ ရှိကြခြင်း ဖြစ်သည်။

ကြာပန်းစိမ်း တောင်ဝှေးကို လက်တွင်ကိုင်ဆောင်လျက် ကျန်းလျိုသည် သိုးအုပ်ထဲသို့ ဝင်ရောက်သွားသော ကျားတစ်ကောင်ကဲ့သို့ ပွဲကြမ်းလေတော့သည်။ အချိန်တိုအတွင်းမှာပင် ဘုန်းကြီးတစ်ပါးပြီးတစ်ပါး သူ၏ တောင်ဝှေးဖြင့် ရိုက်နှက်ကာ သတိလစ် မေ့မြောသွားစေခဲ့၏။

"ဟဲဟဲဟဲ... ဆရာတော်က မဆိုးဘူးပဲ... သတ်ဖြတ်ခြင်းလမ်းစဉ်ကနေ တရားအလင်းရအောင် ရှာဖွေနေတဲ့သူနဲ့ တကယ့်ကို လိုက်ဖက်တာပဲ..."

နဂါးမြင်းဖြူ၏ ကျောပေါ်တွင် ထိုင်လျက် ကျန်းလျို အပြတ်ဖြုတ်နေသည်ကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း စွန်ဝူခုန်းက ပြောလိုက်လေသည်။

ဘာလို့ လေကြောရှည် နေမည်နည်း။ ပေးမဝင်ဘူးဆိုလျှင် အတင်းတိုက်ခိုက်ပြီး ဝင်သွားရုံ ဖြစ်သည်။ အလွန် ရိုးရှင်းလှသည်။

အတိတ်တုန်းက အရှေ့ပင်လယ်ရှိ နဂါးမင်းကြီး၏ နန်းတော်သို့ လက်နက်သွားရောက် တောင်းခံစဉ်ကလည်း ပုစွန်စစ်သည်များနှင့် ဂဏန်းစစ်ဗိုလ်များက သူ့လမ်းကို ပိတ်ဆို့ခဲ့ကြသည် မဟုတ်ပါလော။ သူလည်း တိုက်ခိုက်ပြီး ဝင်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း… မြင်ကွင်းကို ကြည့်ရင်း နဂါးမြင်းဖြူက သက်ပြင်းချကာ ပြောလိုက်၏။

"ဟူး... အစ်ကိုကြီး… စကားပုံကရှိတယ်လေ 'ရေကြီးတော့ နဂါးမင်းကြီးရဲ့ ကျောင်းတော်ကိုတောင် ရေမြုပ်စေတယ်' တဲ့... ဆရာတော်က ကွမ်ယင် ဘုံကျောင်းတော်မှာ အခုလို အကြမ်းဖက်နေတာ သိပ်တော့ မကောင်းလှဘူး… ဘာပဲပြောပြော ကျွန်တော်တို့အားလုံးက ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေပဲလေ..."

နဂါးမြင်းဖြူ၏ စကားကို စွန်ဝူခုန်းက ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။

"အရင်ဆုံး ချမယ် ပြီးမှ စကားပြောမယ်... ကောင်းတာ မကောင်းတာ ဘယ်သူက ဂရုစိုက်နေမှာလဲ..."

သတ်ဖြတ်ခြင်းလမ်းစဉ်ဖြင့် တရားအလင်းရှာဖွေသူများအတွက် ပိုမိုတိုက်ခိုက်လေ ပိုမိုအားကောင်းလေဖြစ်သည်။ သူနှင့်သူ၏ ဆရာတော်တို့မှာ အနောက်ဘက် ကောင်းကင်ဘုံသို့ သွားကာ နတ်ဘုရားများကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်ရန် သဘောတူထားကြပြီး ဖြစ်သည်။ထို့ကြောင့် စွန်ဝူခုန်းမှာ ကျန်းလျို၏ လုပ်ရပ်များကို အပြည့်အဝ ထောက်ခံအားပေးနေလေသည်။

သို့သော် ကြီးမားသော ဘုံကျောင်းတော်ကြီး တစ်ခုဖြစ်သောကြောင့် ကွမ်ယင် ဘုံကျောင်းတော်တွင် ကျင့်စဉ်အဆင့်နိမ့်သော တပည့်များသာ ရှိနေမည် မဟုတ်သည်မှာသေချာသည်။

ထင်ထားသည့် အတိုင်း မကြာမီမှာပင် ထင်ရှားသော ကျင့်ကြံမှုအဆင့်ရှိသည့် လူလတ်ပိုင်းအရွယ် ဘုန်းကြီးအတော်များများ ပေါ်ထွက်လာကြလေသည်။

"ရပ်တန်းက ရပ်လိုက်ကြစမ်း..."

အသံသြသြတစ်ခုက လှမ်းအော်လိုက်၏။ ကျယ်လောင်မှု မရှိသော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားလေသည်။ တစ်ချိန်တည်းမှာပင် ဘုန်းကြီးအိုတစ်ပါးက ဖြည်းညင်းစွာ လျှောက်ထွက်လာလေသည်။

***

အပိုင်း(၁၃၈)

"ကျောင်းထိုင်ဆရာတော်ကို အရိုအသေ ပေးပါတယ်ဘုရား..."

ဘုန်းကြီးအို ထွက်လာသည်နှင့် ဧရိယာတစ်ခုလုံးရှိ ဘုန်းကြီးအားလုံးက တသံတည်း ဟစ်ကြွေးလိုက်ကြလေသည်။

"ကျင်းချီဆရာတော်ကို အရိုအသေ ပေးပါတယ်ဘုရား..."

တစ်ချိန်တည်းမှာပင် ကျောင်းတော်ရှိ ဘာသာဝင်များကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

‘ဒါက ကျင်းချီလား…’’

ကျန်းလျို၏ အကြည့်များက ဘုန်းကြီးအိုထံသို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများက အသေးစိတ်ကို လေ့လာနေလေသည်။

ကျင်းချီဆရာတော်သည် အလွန်အိုမင်းကာ ခါးကုန်းနေပြီး၊ အရပ်ပုကာ ပိန်လှီနေပုံရ၏။ တကယ်တမ်းတွင် သူသည် စွန်ဝူခုန်း၏ အရပ်အမောင်းနှင့် သွားတူနေပြီး မျက်နှာပေါ်တွင်လည်း အရွယ်အိုမင်းခြင်း အရေးအကြောင်းများ ပြည့်နှက်နေလေသည်။

သို့သော် သူသည် ရွှေချည်ကွပ်ထားသော သင်္ကန်းကို ရုံထားပြီး လည်ပင်းတွင် ကျောက်စိမ်းဖြူ စိပ်ပုတီးတစ်ကုံးကို ဆွဲထားသည်။ သူ၏ လက်ချောင်းဆယ်ချောင်းစလုံးတွင် တောက်ပစွာ အရောင်လက်နေသော ကျောက်မျက်ရတနာ အမျိုးမျိုး စီခြယ်ထားသည့် လက်စွပ်များဖြင့် တန်ဆာဆင်ထားလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ကိုယ်လုံး ကျောက်မျက်ရတနာများ၏ တောက်ပမှုအောက်တွင် ရေချိုးထားသည့်အလား ထင်မှတ်ရလေသည်။

"အောမိတော်ဖော... ဒီဦးဇင်းက ဘယ်ကလာပါသလဲ... ငါ့ရဲ့ ကျောင်းတော်မှာ အကြောင်းမဲ့ သက်သက် ဘာလို့ ပြဿနာလာရှာရတာလဲ..."

အတော်လေး အိုမင်းမစွမ်းဖြစ်နေပြီး တောင်ဝှေးကို အားပြုထားရသော ကျင်းချီသည် ကျန်းလျိုရှိရာသို့ ခြေလှမ်းကျဲလေးများဖြင့် လျှောက်လာကာ စကားပြောရင်း သူ့ကို မော့ကြည့်လိုက်လေသည်။

"တပည့်တော်က အရှေ့အရပ် မဟာထန်ပြည်က လာခဲ့တာပါ... ထန်ဧကရာဇ်မင်းရဲ့ အမိန့်တော်နဲ့ ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့ စစ်မှန်တဲ့ ကျမ်းစာတွေကို ရှာဖွေဖို့ အနောက်ဘက် ကောင်းကင်ဘုံကို ခရီးထွက်လာခဲ့တာပါ... ဒီသန့်စင်မွန်မြတ်တဲ့ ကျောင်းတော်ကို ဖြတ်သန်းလာတုန်း ဖူးမြော်ချင်လို့ပါ..."

ကျန်းလျိုက အစပြု၍ ယခင်က ပေးခဲ့သော ရှင်းပြချက်ကိုပင် ထပ်မံပြောဆိုလိုက်လေသည်။

"ဆရာတော်ဘုရား... သူ့ကို မယုံပါနဲ့... သူ့ရဲ့ ဆင်းရဲနွမ်းပါးပြီး စုတ်ပြတ်နေတဲ့ ပုံစံကိုလည်း ကြည့်ပါဦး..."

အနီးရှိ ဘုန်းကြီးတစ်ပါးက ကြားဖြတ်ပြောလိုက်၏။

သို့သော် ကျင်းချီက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ငါတို့အားလုံး ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေပဲ ဖြစ်နေတဲ့အတွက် မထွက်သွားခင် နေပြီးတော့ ဆွမ်းစားသွားလှည့်ပါ... အင်း... ဆွမ်းစားပြီးရင်လည်း နေမဝင်သေးဘူးဆိုတော့ အနောက်ဘက်ကို ခရီးဆက်လို့ရတာပေါ့... ငါ မတားထားတော့ပါဘူး..."

‘ငါ့ကို သူတောင်းစားတစ်ယောက်လို ဆက်ဆံနေကြတာလား…’

ကျင်းချီ၏ စကားများမှာ ဆွမ်းတစ်နပ်ကျွေးပြီး လမ်းမြန်မြန် ဆက်လျှောက်ရန် ပြောနေသည့်အလား ပရဟိတ လုပ်ရပ်တစ်ခုကဲ့သို့ ရှင်းလင်းနေလေသည်။ ဤအရာက ကျန်းလျို၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးသွားစေတော့သည်။

ဖူး…

ကျင်းချီဆရာတော် စကားပြောအပြီးတွင် ဘေးနားရှိ နဂါးမြင်းဖြူမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အသံထွက်၍ပင် ရယ်မောမိတော့မတတ် ဖြစ်သွားလေသည်။

ကျန်းလျို၏ အကြည့်များ သူ့ထံသို့ ရောက်လာသည်ကို ခံစားမိသောအခါ နဂါးမြင်းဖြူသည် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ စောစောက ရယ်သံမှာ သူ၏ မြင်းပါးစပ်မှ ထွက်ပေါ်လာခြင်း မဟုတ်သည့်အလား တည်ကြည်လေးနက်သည့်ဟန်ဖြင့် ဟန်ဆောင်နေလေသည်။

သို့သော် နဂါးမြင်းဖြူအတွက်မူ လက်ရှိအခြေအနေမှာ အလွန်ပင် ရယ်စရာကောင်းနေခဲ့၏။

သူသည် ကွမ်ယင်ထံမှ တရားအလင်းရပြီးနောက် စီးတော်ယာဉ်အဖြစ် အမှုထမ်းရန် မြင်းဖြူတစ်ကောင်အဖြစ် အသွင်ပြောင်းလာခဲ့သည်။ သ်ို့သော်လည်း တစ်ဖက်လူက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သဖြင့် သူ၏ မြင်းဘဝတွင် အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့ရကာ အရှက်ကင်းမဲ့စွာ အတင်းလိုက်ပါလာခဲ့ရသည်။ ယခုတော့ ဤကျမ်းစာပင့်ဆောင်သူမှာ ကျောင်းတော်အတွင်းသို့ ဝင်ခွင့်မရဘဲ အလကားစားချင်နေသူ တစ်ယောက်အလား သနားသဖြင့် ကျွေးမွေးသော ဆွမ်းတစ်နပ်ကိုသာ ရရှိလိုက်သည်ကို မြင်တွေ့ရသည်မှာ...

ကျန်းလျို၏ မျက်နှာပေါ်ရှိ မနှစ်မြို့သော အမူအရာကို မြင်သောအခါ နဂါးမြင်းဖြူမှာ အတော်လေး ကျေနပ်အားရသွားလေသည်။

"ဆရာတော်... သူတို့က ကျွန်တော်တို့ကို မကြိုဆိုမှတော့ ဒီတိုင်း ထွက်သွားကြတာပေါ့... ဒီမှာဆက်နေပြီး အစော်ကားခံနေစရာ ဘာအကြောင်းရှိလို့လဲ..."

စိတ်အနှောင့်အယှက်ဖြစ်သွားသော စွန်ဝူခုန်းက နဂါးမြင်းဖြူကို ရိုက်ချလိုက်ရင်း ကျန်းလျိုအား ချက်ချင်း ပြောလိုက်၏။

"မင်းက တခြားသူတွေ ချက်တဲ့အစားအစာကို စားရတာ တကယ်မကြိုက်ဘူးဆိုတာ ငါ သိလိုက်ပြီ..."

ကျန်းလျိုက စွန်ဝူခုန်းအား စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။

စွန်းဝူခုံး၏ စရိုက်လက္ခဏာနှင့်ဆိုလျှင် သူက မည်သို့များ ဤမျှ လွယ်လွယ်ကူကူ သဘောတူနိုင်မည်နည်း။ အဓိက အကြောင်းရင်းမှာ သူသည် အခြားသူများ ချက်ပြုတ်သည့် အစားအစာများကို မနှစ်သက်သောကြောင့် ဖြစ်ပုံရလေသည်။

"အာ... မိစ္ဆာ... မိစ္ဆာတစ်ကောင်ဟေ့..."

စွန်ဝူခုန်းက လူသားတစ်ဦးကဲ့သို့ ပီသစွာ စကားပြောလိုက်သောအခါ ကွမ်ယင် ဘုံကျောင်းတော်ရှိ ဘာသာဝင်များမှာ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ်လာကြ၏။

စကားမပြောလျှင် ကိစ္စမရှိသော်လည်း လူစကားပြောတတ်သော မျောက်တစ်ကောင်တဲ့လား။

အကယ်၍ ထိုအရာက မိစ္ဆာမဟုတ်ဘူးဆိုရင် ဘာဖြစ်နိုင်ဦးမည်နည်း။

"ဟဲ ဟဲ... ဘာတွေဖြစ်နေတာလဲ... အရိုင်းအစိုင်း ဘုန်းကြီးက မိစ္ဆာတွေနဲ့ ပေါင်းသင်းနေတာပဲ..."

ကွမ်ယင် ဘုံကျောင်းတော်အတွင်း ကျန်းလျို၏ လုပ်ရပ်များကြောင့် အတော်လေး မနှစ်မြို့ဖြစ်နေပြီးသားဖြစ်သော သိုင်းပညာရှင် ဘုန်းကြီး အချို့က ရှေ့သို့ထွက်လာကြသည်။ အပြစ်ရှာတွေ့သွားပြီဟု ယုံကြည်ကာ မျက်နှာထားများ မှုန်ကုပ်လျက် ပြောဆိုလိုက်ကြလေသည်။

"နေကြဦး... ခဏလောက် နေကြပါဦး..."

သို့သော် ဤအချိန်တွင် ကျင်းချီဆရာတော်က ထပ်မံစကားဆိုလာလေသည်။

အိုမင်းနေသော မျက်လုံးများကို မှေးကျဉ်းလျက် ကျန်းလျိုအား စူးစမ်းလေ့လာလိုက်သည်။ အဓိကအားဖြင့် သူ၏ ဦးခေါင်းပေါ်ရှိ ဝိဒျာရာဇာ သရဖူအပေါ်သို့ အာရုံစိုက်ကာ…

"ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းဝင် တပည့်တွေဟာ ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင် ကျင့်ကြံအားထုတ်ကြသူတွေပါ... မိစ္ဆာတွေနဲ့ ပေါင်းသင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး...ဒီက ကိုရင်လေးက သင်္ကန်းနဲ့ ဘုန်းကြီးဦးထုပ်ကို ဆောင်းထားပေမယ့်…မင်းရဲ့ အပြုအမူက ငါတို့ ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေနဲ့ နည်းနည်းမှ မတူဘူး... မင်းက ဟန်ဆောင်နေတဲ့သူများလား..."

ကျင်းချီဆရာတော်သည် သူ၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာကို အလွန်ပင် ဂရုစိုက်လေသည်။ သူက ကျန်းလျိုအား ကျက်စားလှည့်လည်နေသော ဘုန်းကြီးတစ်ပါးဟုသာ ထင်မှတ်ခဲ့ပြီး ဆွမ်းတစ်နပ် ကျွေးမွေးလိုက်ခြင်းမှာ ဘာမျှမဟုတ်ဟု တွေးခဲ့၏။ မည်သို့ပင်ဆိုစေ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ကရုဏာတရားပင် ဖြစ်သည် မဟုတ်ပါလော။

သို့သော် ယခု မိစ္ဆာတစ်ကောင်နှင့်အတူ ရှိနေသည်ကို မြင်သောအခါ ကျင်းချီဆရာတော်သည် ကျန်းလျို မည်သူမည်ဝါဖြစ်ကြောင်းကို စတင် သံသယဝင်လာလေတော့သည်။

အကယ်၍ သူသာ ဟန်ဆောင်ထားသူဖြစ်ပြီး မိစ္ဆာကလည်း ရှိနေမည်ဆိုပါက ဗုဒ္ဓဘာသာဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ဘုန်းကြီးနှင့် မိစ္ဆာနှစ်ဦးစလုံးအား အပြစ်မပေးဘဲ လွှတ်ထားရန် ယနေ့ကိစ္စရပ်များကို သူတို့ လျစ်လျူရှုထား၍ မရနိုင်ပေ။

နံသာတိုင် အမာရွတ် ရှစ်ခုဖြင့် အသက်နှစ်ရာတိုင်တိုင် နေထိုင်လာခဲ့သော အလွန် ရိုသေလေးစားရသည့် ဆရာတော်တစ်ပါး ဖြစ်သောကြောင့် ကျင်းချီဆရာတော်၏ သြဇာအာဏာမှာ ကြီးမားလှသည်။ လူအများက သူ့ကို ဆရာတော် ဟု ခေါ်ဝေါ်ကြခြင်းကို ကြည့်၍လည်း သိနိုင်လေသည်။

သူ၏ စကားများကြောင့် ပတ်ဝန်းကျင်ရှိ ဘာသာဝင်များမှာ ကျန်းလျိုအား သံသယမျက်လုံးများဖြင့် စတင်ကြည့်ရှုလာကြ၏။ အမှန်ပင် ဤသို့သော အပြုအမူမျိုးဖြင့် သူသည် ဗုဒ္ဓဘာသာဂိုဏ်းမှ တပည့်တစ်ဦးနှင့် မည်သို့မျှ မတူညီချေ။

"ကျောင်းထိုင်ဆရာတော် ပြောတာ မှန်တယ်..."

ကွမ်ယင် ဘုံကျောင်းတော်မှ သိုင်းပညာရှင် ဘုန်းကြီး နှစ်ပါးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး

"သူ့ရဲ့ လုပ်ရပ်တွေကို ကြည့်ရရင် သူက တကယ်ကို ရိုင်းစိုင်းပြီး ရန်လိုနေတာပဲ... အဲဒါက ငါတို့ ဗုဒ္ဓဘာသာ တရားတော်တွေရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်... ဒါ့အပြင် မိစ္ဆာတစ်ကောင်နဲ့ ပေါင်းသင်းနေတာကို ကြည့်ရင် သူက ငါတို့ ဂိုဏ်းက တပည့်မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ..."

"ဟေ့... မင်းက ဘုန်းကြီးဆိုရင် မင်းမှာ သတ္တိရှိရင် မင်းရဲ့ ဘုန်းကြီးဦးထုပ်ကို ချွတ်လိုက်စမ်း... မင်းခေါင်းပေါ်မှာ နံသာတိုင် အမာရွတ် ရှိမရှိ ငါတို့ ကြည့်ရအောင်..."

သိုင်းပညာရှင် ဘုန်းကြီးက သူ၏ လှောင်ပြောင်မှု အဆုံးတွင် ကျန်းလျိုအား ကျယ်လောင်စွာ ပြောဆိုလိုက်လေသည်။

"ဟုတ်တယ်... မင်းက မင်းကိုယ်မင်း ဘုန်းကြီးလို့ ပြောနေမှတော့ အဲဒီဦးထုပ်ကို ချွတ်ပြီး ငါတို့ကို ပြလိုက်စမ်း..."

တစ်ချိန်တည်းမှာပင် ကွမ်ယင် ဘုံကျောင်းတော်မှ အခြား ဘုန်းကြီးများနှင့် ဘာသာဝင်များကပါ တညီတညွတ်တည်း အသံများမြှင့်ကာ ထောက်ခံပြောဆိုလိုက်ကြလေသည်။

ခဏတာမျှ ကျန်းလျိုမှာ လူတိုင်း၏ စွပ်စွဲမှုများအတွက် ပစ်မှတ်တစ်ခု ဖြစ်သွားလေတော့သည်။

"ဒီကတုံးတွေ... မင်းတို့က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား... ငါ့ဆရာတော်ကို ဦးထုပ်ချွတ်ပြခိုင်းတိုင်း သူက ချွတ်ပြရမှာလား..."

နဂါးမြင်းဖြူ၏ ကျောပေါ်မှ ခုန်ချလိုက်ရင်း စွန်ဝူခုန်းက လူတိုင်းကို အရိုင်းအစိုင်းဆန်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြန်လည်ချေပလိုက်လေသည်။

စကားပြောနေရင်း စွန်ဝူခုန်းသည် ကျန်းလျိုဘက်သို့ ခေါင်းလှည့်လိုက်ပြီး

"ဆရာတော်... သွားကြရအောင်… အသိဉာဏ်ကင်းမဲ့နေတဲ့ လူမိုက်တွေအဆင့်ထိ လိုက်ဆင်းနေစရာ အကြောင်းမရှိဘူး... ပြီးတော့ သူတို့က ငါတို့ကို အလကားစားဖို့ လာတယ်လို့ ထင်နေတာလား... သူတို့ရဲ့ အစားအစာက ဘယ်လောက်တောင် ကောင်းနေလို့လဲ…”

ကျန်းလျိုသည် စိတ်အနှောင့်အယှက်ဖြစ်မှုကို မဖုံးကွယ်နိုင်တော့ပဲ စွန်ဝူခုန်းအား မျက်စောင်းထိုးကြည့်ကာ ပြောလိုက်၏။

"မျောက်... မင်းပြောသွားတဲ့ နောက်ဆုံးစကားက တကယ်တော့ မင်းထွက်သွားချင်နေတဲ့ အဓိက အကြောင်းရင်းပဲ မဟုတ်လား..."

***

All Chapters