အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
🍋 Chapter 73
"အမ ဘာကိစ္စရှိလို့ ဒီလောက်အစောကြီး ရောက်လာတာလဲ"
အမေက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သော်လည်း အဒေါ်ဖြစ်သူကို အိမ်ထဲသို့ ဖိတ်ခေါ်ရန်မူ အမူအရာ မပြပေ။
ဇနီးမောင်နှံ နှစ်ယောက်လုံးမှာ တံခါးဝတွင် ရပ်နေရင်း အဒေါ်ဖြစ်သူကို ကြည့်ကာ ပြုံးနေကြသည်။
"မင်းတို့အိမ် မရောက်တာ ကြာပြီလေ ဒီနားမှာ ဈေးဝယ်ထွက်ရင်းနဲ့ သမီးလေး ရှောင်ရင်းအတွက် အဝတ်အစားလေးတွေ ဝယ်ပေးမလို့ လာခဲ့တာ ဒါပေမဲ့ ဒီနားက ကုန်တိုက်တွေက အဆင့်မရှိပါဘူး၊ ဝယ်စရာ ဘာမှကို မရှိဘူး အဲဒါကြောင့် မင်းတို့ကို ဝင်တွေ့တာ"
ကျိုးကျန့်ခန်းက အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
'အခုမှ မနက် ၈ နာရီပဲ ရှိသေးတာကို ဘယ်ကုန်တိုက်က အစောကြီး ဖွင့်မှာလဲ ပြီးတော့ အမက ပေါင်ဟဲရပ်ကွက်မှာ နေတာလေ၊ ငါတို့အိမ်နဲ့ ဆိုရင် မြေအောက်ရထား ၇ ဘူတာ၊ ၈ ဘူတာလောက် ဝေးတာကို အမပြောတာ ဘယ်သူက ယုံမှာလဲ'
သူမ လိမ်ပြောနေသည်ကို သိသော်လည်း အားနာသဖြင့် အပြင်ထုတ် မပြောမိကြပေ။
ထို့အပြင် သူမမှာ ပြန်မည့်ပုံမပေါ်သဖြင့် အမေဖြစ်သူမှာလည်း မတတ်သာဘဲ တံခါးဖွင့်ပေးလိုက်ရသည်။
မိမိက ရှက်ရွံ့ခြင်းမရှိသရွေ့ သူတစ်ပါးကသာ ရှက်ရမည်ဟူသော စကားအတိုင်း အဒေါ်ဖြစ်သူ၏ မျက်နှာပြောင် တိုက်မှုမှာ ဆရာကျလှသည်။
"လာပါ အမ ထိုင်ပါဦး ငါတို့ ခုနတင် ပဲနို့နဲ့ အီကြာကွေး ဝယ်လာတာလေ အစောကြီးဆိုတော့ အမလည်း မနက်စာ စားရသေးမှာ မဟုတ်ဘူး၊ အတူတူ စားကြတာပေါ့"
မည်သို့ပင်ဖြစ်စေ မိမိ၏အမအရင်း ဖြစ်နေသဖြင့် အမေက မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်သည်။
သူမကို အိမ်ထဲ ဖိတ်ခေါ်ရုံသာမက လက်ဖက်ရည်နှင့် ရေပါ ချပေးကာ အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။
"အို ငါတို့မိသားစုက ပဲနို့နဲ့ အီကြာကွေးလိုမျိုး မသန့်ရှင်းတဲ့ အရာတွေကို ဘယ်တော့မှ မစားဘူးအေ့ ငါတို့က ကော်ဖီနဲ့ ဆန်းဒဝစ်ပဲ စားတာ၊ သိလား အနောက်တိုင်းသားတွေ စားသလိုမျိုးလေ"
အတွင်းခန်းထဲတွင် ရှိနေသော ကျိုးထျန်းမှာ အနှိုးခံလိုက်ရသဖြင့် ပြန်အိပ်မရတော့ဘဲ ဖြစ်နေသည်။
အဒေါ်ဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ သူ အော့နှလုံးနာသွားမိသည်။
'ဒါကတော့ အနောက်တိုင်းကို အထင်ကြီးလွန်းတဲ့ လူကြီးတစ်ယောက်ပဲ'
သူ့ဖခင်ဖြစ်သူမှာ လက်ဖက်ရည်ဖျော်ရန် အကြောင်းပြကာ မီးဖိုချောင်ထဲသို့ ဝင်သွားသဖြင့် အမေနှင့် အဒေါ်ဖြစ်သူတို့သာ ကျန်ရစ်ခဲ့သည်။
"ချင်ကျဲ ညည်း မသိသေးဘူးထင်တယ်၊ ငါတို့ ရှောင်ရင်းနဲ့ သိတဲ့လူက တော်တော်လေး အစွမ်းထက်တာ ချမ်းသာတဲ့လူတွေ အများကြီးက သူတို့ပိုက်ဆံတွေကို အဲဒီလူ့အကောင့်ထဲ ထည့်ထားကြတာလေ၊ တစ်နှစ်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် အမြတ်ရတယ်ဆိုပဲ"
ကျိုးထျန်း ကုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်သည်။
'၃၀ ရာခိုင်နှုန်း ဟုတ်လား Wall Street က အကြီးဆုံး ဘဏ္ဍာရေး အဖွဲ့အစည်းတွေတောင် အဲဒီလောက် မရနိုင်ဘူး'
မနေ့က အမေရိကန် ရှယ်ယာဈေးကွက်ထဲ မဝင်ခင် သူ သေချာလေ့လာထားခဲ့သည်။ Blackstone နှင့် BlackRock ကဲ့သို့သော နာမည်ကြီး ဘဏ္ဍာရေး အဖွဲ့အစည်းများပင်လျှင် တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းထက်ပိုသော အမြတ်ကို ဖောက် သည်များကို ပေးနိုင်ခဲ့သည်။
ထိုကုမ္ပဏီများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်သည့် ကုမ္ပဏီကြီးများဖြစ်သည်။
သူသာမက သူ့ အမေဖြစ်သူကလည်း မယုံကြည်ပေ။
"အမ ငါတို့မိသားစုက ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်တတ်ဘူးလေ ဒီလောကအကြောင်းကို ဘာမှလည်း မသိတော့ မလုပ်ရဲပါဘူး" ဟု အမေက သွယ်ဝိုက်ပြီး ငြင်းလိုက်သည်။
"အဲဒါကြောင့်ပေါ့ ညည်းတို့က မသိတဲ့အတွက် ပိုက်ဆံကို စီမံခန့်ခွဲပေးမယ့်လူကို ရှာရမှာလေ"
အဒေါ်ဖြစ်သူက ပိုစိတ်အားထက်သန်လာသည်။
"ငါတို့ ရှောင်ရင်း ပြောတာတော့ ညည်းတို့ ထျန်းထျန်းရဲ့ သုံးဖြတ်ပုံနဲ့ဆိုရင် လျော်ကြေးရထားတဲ့ ပိုက်ဆံတွေက မကြာခင်မှာ ကုန်သွားတော့မှာပဲတဲ့ အဲဒီတော့ ရင်းနှီးမြှုပ်နှံထားတာက ပိုကောင်းတာပေါ့ ပိုက်ဆံကနေ ပိုက်ဆံ ပြန်ရလာတာ မကောင်းဘူးလား"
"ပြီးတော့ စိတ်မပူပါနဲ့ ငါတို့ ချေးတဲ့ပိုက်ဆံအတွက် အတိုးလည်း ပေးမယ်၊ အကယ်၍ ရှုံးသွားရင်လည်း ငါတို့ကပဲ အားလုံး တာဝန်ယူပေးမှာပါ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ဘာလို့ တွန့်ဆုတ်နေရတာလဲ"
မိမိ၏သားအကြောင်း မကောင်းပြောသည်ကို ကြားလိုက်ရသဖြင့် အမေ့မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။
"အမ အိမ်က ပိုက်ဆံကိစ္စတွေကို ငါက ဆုံးဖြတ်လို့ မရဘူးလေ"
"ဟဲ့ ညည်းတို့ မိသားစုကလည်း တကယ့်ဟာပဲ ညည်းကလည်း ဆုံးဖြတ်လို့ မရဘူး၊ ကျိုးကျန့်ခန်းကလည်း ဆုံးဖြတ်လို့ မရဘူးဆိုတော့ ဘယ်သူက ဆုံးဖြတ်တာလဲ ညည်းသားကလား"
ဒိုင်း!
ကျိုးထျန်း တံခါးကို ဝုန်းခနဲ ဖွင့်လိုက်ရာ စကားပြောရင်း တံတွေးတွေ စင်နေသော အဒေါ်ဖြစ်သူမှာ လန့်သွားခဲ့သည်။
"ဪ အဒေါ်ပါလား သား ခုနက တံခါးဖွင့်တုန်းက အဒေါ့်ကို သေချာ မမြင်လိုက်လို့ပါ၊ အိမ်ထဲကို သူခိုးဝင်လာတယ် ထင်လို့" သူက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်သည်။
သူပြောတာ မှန်ပေသည်။ သူ၏ အဒေါ်မှာ သူခိုးထက်ပင် ပို ရက်စက်သူ ဖြစ်သည်။
"ဪ ထျန်းထျန်း အခုထိ မထသေးဘူးလား လူပျင်းကြီး ဖြစ်နေလို့ မရဘူးလေ၊ နောင်ကျရင် လူမှုပတ်ဝန်းကျင်ထဲ ရောက်တဲ့အခါ ဒုက္ခရောက်လိမ့်မယ်"
"ဟုတ်ကဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ် အဒေါ်" ကျိုးထျန်း မျက်နှာမှာ အေးဆေးနေဆဲ ဖြစ်သည်။
"ဒါနဲ့ အဒေါ် အဒေါ်က ပိုက်ဆံချေးချင်တာ မဟုတ်လား အဲဒါနဲ့ သား အင်တာနက်မှာ ရှာကြည့်ပြီး အကြွေးစာချုပ်ပုံစံလေး တစ်ခု ဒေါင်းလုဒ် ဆွဲထားတယ်လေ အဒေါ် ကြည့်ချင်လား"
"ငါတို့က ဆွေမျိုးတွေပဲဟာ ဘာဖြစ်လို့ အကြွေးစာချုပ် ရေးနေရမှာလဲ စိတ်နာစရာကြီး အကယ်၍ ညည်းတို့က ငါ့ဆီမှာ ပိုက်ဆံလာချေးရင် ငါဆိုရင် ဘယ်တော့မှ အဲဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး"
သူမ ဤသို့ တုံ့ပြန်မည်ကို ကျိုးထျန်း ကြိုသိထားသည်။
သူမသည် အစကတည်းက ပြန်ဆပ်ရန် ရည်ရွယ်ချက်မရှိသဖြင့် အကြွေးစာချုပ်ကို ဘယ်တော့မှ လက်မှတ်ထိုးမည် မဟုတ်ပေ။
သူမသည် ကျိုးမိသားစု၏လျော်ကြေးငွေကို အလကား ရလိုခြင်းသာ။
အကယ်၍ သူမက ယွမ်ရာဂဏန်း သို့မဟုတ် သောင်းဂဏန်းလောက်သာ ချေးချင်သည်ဆိုလျှင် ကျိုးထျန်းက လွှတ်ပေးလိုက်ကောင်း လွှတ်ပေးလိမ့်မည်။
သို့သော် ယွမ် ၅ သန်းကို အလကားလိုချင်နေခြင်းမှာမူ လွန်လွန်းလှသည်။
ထိုသို့သော မကောင်းသော ရည်ရွယ်ချက်နှင့် ရင်ဆိုင်ရသည့်အခါ ယခင်ကဆိုလျှင် ကျိုးထျန်းမှာ နားမကြားချင်ယောင်ဆောင်ကာ လျစ်လျူရှုထားမိပေလိမ့်မည်။
သို့သော် ယခုမူ သူ သည်းမခံနိုင်တော့ပေ။ သူ၏ သဘော ထားမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ထိပ်တိုက်ရင်ဆိုင်ခြင်းပင်။
"အဒေါ် အကြွေးဆိုတာ ပြန်ဆပ်ရမှာက လူ့ဝတ္တရားပဲလေ အကယ်၍ သားတို့မိသားစုက အဒေါ့်ဆီမှာ ပိုက်ဆံချေးရင် အဒေါ်က မယူချင်ဘူးဆိုရင်တောင် သားတို့ကတော့ သေချာပေါက် အကြွေးစာချုပ် ရေးပေးမှာပါ ဒါပေမဲ့ သားတို့မိသားစုကတော့ ဒီတစ်သက် အဒေါ့်ဆီမှာ ပိုက်ဆံချေးမှာ မဟုတ်ပါဘူး"
"ပြီးတော့ ချေးချင်တယ်ဆိုရင်တောင် ချေးလို့ရမှာ မဟုတ်ပါဘူးလေ ကပ်စေးနှဲတဲ့လူက ဘာမှ ထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ သား သိသားပဲ"
ကျိုးထျန်း၏ ရိုးသားလှသော အပြုံးကြောင့် အဒေါ်ဖြစ်သူ နှာခေါင်းမှာ ဒေါသကြောင့် ပွပွဖြစ်လာသည်။ အဝေးက ကြည့်လျှင် သူ့အဒေါ်မှာ မီးခိုးအိုးကြီး တစ်လုံးနှင့် တူနေသည်။
"နင်! လူကြီးတွေ စကားပြောနေတာကို နင်က ဘာဖြစ်လို့ ဝင်ပြောနေတာလဲ"
အဒေါ်ဖြစ်သူက လူကြီးဖြစ်သည်ကို အခွင့်ကောင်းယူကာ အကျင့်ပါနေသည့်အတိုင်း ငေါက်လိုက်တော့သည်။
"ချင်ကျဲ ညည်းတို့ မိသားစုက တကယ်ကို ဆုံးမမှု မရှိတာပဲ ကလေးတစ်ယောက်က လူကြီးကို ဘယ်လို စကားပြောရမလဲဆိုတာတောင် မသိဘူး
ဒါသာ ငါ့အိမ်မှာဆိုရင် အဲဒီလိုလူမျိုးကို ပါးရိုက်လိုက်တာ ကြာလှပြီ ငါ့သမီး ရှောင်ရင်းဆိုရင် အမြဲတမ်း ယဉ်ကျေးတယ်"
"ဖူး"
ကျိုးထျန်း အကျယ်ကြီး ရယ်မောလိုက်သည်။
"အဒေါ် အဒေါ့်သမီးက ယဉ်ကျေးတယ် ဟုတ်လား"
"အထက်တန်းကျောင်းကနေ တက္ကသိုလ်အထိဆိုရင် သူတွဲခဲ့တဲ့ ရည်းစားက အနည်းဆုံး ၁၈ ယောက်၊ ၂၀ လောက် ရှိမှာပေါ့"
အဒေါ်ဖြစ်သူမှာ ထမင်းဝိုင်းတိုင်းတွင် သူမ သမီးမှာ မည်မျှ တော်ကြောင်း၊ တတ်ကြောင်းကို ကြွားလုံးထုတ်လေ့ရှိပြီး ထိုကြွားလုံးများထဲတွင် သမီးဖြစ်သူ၏ သူငယ်ချင်းများ၊ ဆရာများနှင့် ပတ်သက်သည့် ကိစ္စများလည်း ပါဝင်လေ့ရှိသည်။
ထိုအရာများကို ကြားရတိုင်း ကျိုးထျန်းမှာ ကျက်သီးထမိသည်။
ကျိုးထျန်းက ယနေ့တွင် ဤမျှအထိ ပြင်းထန်စွာ တုံ့ပြန်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော် သူမမှာလည်း ဝါရင့်သူတစ်ဦး ဖြစ်သဖြင့် စကားနိုင်မလုတော့ဘဲ ကျိုးထျန်းအမေကိုသာ ဆက်လက် တိုက်ခိုက်တော့သည်။
သူမသည် ကျိုးထျန်း၏ အမေမှာ စိတ်ပျော့သူဖြစ်ကြောင်း သိသဖြင့် ဆွေမျိုးသံယောဇဉ်ကို အသုံးချကာ အကျပ်ကိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သို့သော် သူမ ကျိုးထျန်းကို အထင်သေးသွားခဲ့သည်။ ကျိုးထျန်းကမူ အီကြာကွေးကို စားရင်း အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်။
"အဒေါ် ဘယ်လိုပဲဖြစ်ဖြစ် သားတို့အိမ်က ပိုက်ဆံတွေကို အဖေနဲ့အမေက မကိုင်ဘူး၊ သားပဲ အကုန်ကိုင်တာလေ" သူက ပဲနို့ကိုလည်း တစ်ငုံသောက်လိုက်သည်။
"သားက ဒီလို မသန့်ရှင်းတဲ့အရာတွေကို စားရတာကို ကြိုက်တယ်လေ တချို့လူတွေလို နိုင်ငံခြားက ခွေးစာတွေကိုပဲ စားနေရတာထက်စာရင် အများကြီးပိုကောင်းပါတယ်"
အဒေါ်ဖြစ်သူ၏ မျက်နှာမှာ ပိုပျက်ယွင်းသွားသည်။
"နင်ကတော့ တော်တော်လေး သတ္တိရှိလာတာပဲ ပြီးခဲ့တဲ့ ညစာစားပွဲတုန်းက ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စခဲ့တဲ့ကိစ္စကို ငါ မရှင်းရသေးဘူးနော်"
သူမသည် ကျိုးထျန်းကို အံကြိတ်ကာ ကြည့်လိုက်ရာ သူမ၏ ဆံပင်များမှာ ဒေါသကြောင့် ထောင်နေသကဲ့သို့ပင်။
[ဒင်~ စနစ်တာဝန် - အစွမ်းကုန် ချေဖျက်ပါ]
[တာဝန်လမ်းညွှန် - ကျေးဇူးပြု၍ ၂၄ နာရီအတွင်း အနည်း ဆုံး မနာလိုသူ တစ်ဦးကို 'အချဉ်ဓာတ်' ကြောင့် မေ့လဲသွားအောင် လုပ်ဆောင်ပါ]
[စနစ်က Host အတွက် အထူးဆုလာဘ်တစ်ခု ပေးအပ်ပါမည်]
[ရရှိမည့်ဆုလာဘ် - ရုပ်ရည်ဂုဏ်အင်္ဂါ +၅]
[မှတ်ချက် - ရုပ်ရည်တိုးတက်မှု အကျိုးသက်ရောက်မှုမှာ Host အိပ်ပျော်သွားပြီးနောက်တွင် ဖြစ်ပေါ်လာပါမည်]
'တာဝန်ရောက်လာပြီပဲ ဒါက သေချာပေါက် ဒီလူ့ကို ရည်ရွယ်တာပဲ'
'ဒါပေမဲ့ ငါက အခုတင်ချောနေပြီလေ ရုပ်ရည်က ထပ်တိုးလာရင် လူတွေ ပိုသတိထားမိကုန်တော့မှာပဲ'
'ဟင်း ဒီလိုမျိုး တွေးကြည့်လိုက်တော့ ဒီတာဝန်က ပိုပြီး ဆွဲဆောင်မှုပိုရှိလာသလိုပဲ'
ကျိုးထျန်း မတတ်သာသည့် ပုံစံဖြင့် ကြည့်လိုက်သည်။
‘အဒေါ် ဘာမှလုပ်လို့ မရတော့ဘူးနော် သားက အဒေါ့်ကို ရန်စချင်လို့ မဟုတ်ပါဘူး၊ ဒါက စနစ်ရဲ့ တောင်းဆိုချက်မို့လို့ပါ သားရဲ့ ရုပ်ရည်အတွက် အဒေါ့်ကိုပဲ စတေးလိုက်ရတော့မယ်’
ပြီးခဲ့သည့် ရန်စမှုမှာ သူမကို မေ့လဲသွားစေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ပို၍ ပြင်းထန်သော ရန်စမှုမျိုး လိုအပ်မည် ဖြစ်သည်။
ထိုညစာစားပွဲတွင် ကျိုးထျန်းသည် တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ပြီးမှ သူမကို အနိုင်ယူနိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် အနည်းငယ် ခက်ခဲနိုင်ပေသည်။
'ရပါတယ် ၂၄ နာရီအတွင်း အပြီးသတ်ရမှာဆိုတော့ အချိန်တွေ အများကြီးရှိပါသေးတယ်’
🍋 Chapter 74
တကယ်တော့ ယောက်ျားတစ်ယောက်အတွက် ဆွဲဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေးမှာ အရေးကြီးဆုံးဖြစ်ပြီး၊ ဂျက်မားလို လူမျိုးပင်လျှင် သူ့မျက်လုံးထဲတွင် ကိုရီးယားမင်းသားများထက် ပိုကြည့်ကောင်းသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဂျက်မား၏ ရှယ်ယာများမှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ရှာဖွေထားနိုင်သော ကြောင့် ဖြစ်သည်။
"အဒေါ် သား ခုနက ပြောပြီးပြီလေ၊ အိမ်က ပိုက်ဆံအားလုံးကို သားပဲ စီမံတာပါဆို မယုံရင် အဖေကို မေးကြည့်လိုက်"
"ဖေဖေ ဒီကို ခဏနည်းနည်း ကူပြောပါဦး"
ကျိုးထျန်း သူ့ဖခင်ကို မျက်စိတစ်ဖက် မှိတ်ပြရင်း လှမ်းခေါ်လိုက်သည်။
"အဲဒါ ဟုတ်ပါတယ် အေ့ ကလေးက အရွယ်ရောက်နေပြီဆိုတော့ အတွေ့အကြုံ ရအောင်လို့လေ ငါတို့ကတော့ သူ့ကိုပဲ ယုံကြည်ပြီး ပိုက်ဆံတွေ အပ်ထားတာ"
ဖခင်ဖြစ်သူမှာလည်း ချက်ချင်းပင် သဘောပေါက်သွားပြီး မီးဖိုချောင်ထဲမှ ထွက်လာကာ အတည်ပေါက် ပြောလိုက်တော့သည်။
"နင်တို့ကတော့"
အဒေါ်ဖြစ်သူမှာ သူမကို အရူးလုပ်နေကြသည်ဟု ထင်ကာ ဒေါသထွက်သွားသည်။ သူမ စိတ်ထဲတွင် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော မကျေနပ်ချက်များမှာ ဝေစီလာခဲ့သည်။
"အို ကျိုးကျန့်ခန်း ညည်းတို့ မိသားစုကတော့ တကယ့်ဟာပဲ ပိုက်ဆံတွေကို ဒီအတိုင်း လက်လွတ်စပယ် သုံးပစ်နေကြတာလား ထျန်းထျန်းက ကလေးပဲ ရှိသေးတာ၊ သူက ဘာသိမှာလဲ"
"အမကလည်း အဲဒီလို မပြောပါနဲ့ ငါတို့က အိုလာပြီလေ၊ ဒီအရာတွေအားလုံးက နောက်ဆုံးတော့ ကလေးတွေအတွက်ပဲ မဟုတ်လား"
'အို' ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် အဒေါ်ဖြစ်သူ မျက်မှောင်များ ကြုံ့သွားခဲ့သည်။
သူမသည် အသက် ၅၀ နီးပါး ရှိနေပြီဖြစ်သော်လည်း အမြဲ တမ်း အနောက်တိုင်းဆန်ဆန်ဝတ်စားကာ သူမကိုယ်သူမ နုပျိုနေသေးသည်ဟု ထင်နေသူ ဖြစ်သည်။
"ကျိုးကျန့်ခန်း အိုတယ်လို့ မပြောစမ်းနဲ့ ငါတို့က ငယ်ပါသေးတယ်"
"ဟုတ်ပါတယ် အဒေါ်က မအိုသေးပါဘူး၊ ၄၉ နှစ်ပဲ ရှိသေးတာပဲလေ မအိုသေးပါဘူး"
ကျိုးထျန်းက ချက်ချင်းဝင်ထောက်ခံလိုက်ရာ သားအဖ နှစ်ယောက်၏စကားကြောင့် အဒေါ်ဖြစ်သူမှာ ဘာပြန်ပြောရမှန်း မသိတော့ဘဲ ဒေါသကို မြိုသိပ်လိုက်ရသည်။
"ဘာပဲဖြစ်ဖြစ် ငါကတော့ ညည်းတို့ ကောင်းဖို့ ပြောတာပါ ပိုက်ဆံတွေကို ဒီအတိုင်း ထားရင် တစ်နှစ်နေမှ အတိုးက ပြားဂဏန်းပဲ ရမှာလေ အခုခေတ်က ရင်းနှီးမြှုပ်နှံမှု လုပ်တတ်မှ ခေတ်မီတာအေ့. သိရဲ့လား"
"အဒေါ် သားတို့ မိသားစုက ရှေးရိုးစွဲတွေပါ ရင်းနှီးမြှုပ်နှံတာ ဘာမှ မသိဘူးလေ ပြီးတော့ အဒေါ်ပြောတဲ့ ဘဏ္ဍာရေး အကြံပေးဆိုတာကိုလည်း သားတို့ တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒါကို ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေ အလွယ်တကူ အပ်ရဲမှာလဲ"
"ပြီးတော့ အဒေါ်က ပိုက်ဆံချေးမယ်ပဲ ပြောတာလေ၊ အမြတ် ဘယ်လောက်ရမယ်ဆိုတာလည်း မပြောဘူး အဲဒါကို သားတို့က ဘယ်လို သဘောတူနိုင်မှာလဲ"
ကျိုးထျန်း အမြတ်ဝေစုအကြောင်း ပြောလိုက်သဖြင့် အဒေါ်ဖြစ်သူမှာ ဝမ်းသာသွားသည်။
ကျိုးထျန်း ငါးစာမိပြီဟု သူမ ထင်သွားခြင်း ဖြစ်သည်။
"ထျန်းထျန်း မင်းပြောတာ မှန်တယ် ငါကတော့ မင်းတို့ကို နစ်နာအောင် မလုပ်ပါဘူး"
သူမက လက်တစ်ဖက်ကို ထောင်ပြလိုက်သည်။
"တစ်ဝက်စီ ခွဲယူကြတာပေါ့ တစ်နှစ်ကို ၃၀ ရာခိုင်နှုန်း အမြတ်ရရင် မင်းတို့ကို ၁၅ ရာခိုင်နှုန်း ပေးမယ်လေ ဘယ်လိုလဲ ငါတို့က ဆွေမျိုးတွေပဲဟာ၊ ငါက မင်းကို အရှုံးမခံပါဘူး"
ကျိုးထျန်းမှာ သူမ၏ မျက်နှာပြောင်တိုက်မှုကြောင့် အော့နှလုံးပင် နာသွားမိသည်။ တစ်ဝက်တောင် ခွဲယူချင်နေသည်လား။
"အဒေါ် တစ်နှစ်ကို ၃၀ ရာခိုင်နှုန်း ရမယ်ဆိုရင် သားတို့က ဘာဖြစ်လို့ အဒေါ့်ကို တစ်ဝက် ခွဲပေးရမှာလဲ အဲဒီလူနဲ့ တိုက်ရိုက်ပဲ ရင်းနှီးမြှုပ်နှံလိုက်ရင် ရတာပဲကို"
"ထျန်းထျန်း မင်းက ဘာမှ နားမလည်ပါလား သူက တစ်နှစ်ကို အဲဒီလောက် အမြတ်ရှာပေးနိုင်တာဆိုတော့ လူတိုင်းက သူ့ဆီမှာ ပိုက်ဆံအပ်ချင်နေကြတာလေ နေရာက ကန့်သတ်ချက် ရှိတယ် ငါတို့ ရှောင်ရင်း မျက်နှာကြောင့်သာ သူက လက်ခံတာ"
"မင်း နားလည်ထားရမှာက သူက ငါတို့ကို တောင်းပန်နေတာ မဟုတ်ဘူး၊ ငါတို့က သူ့ကို ချမ်းသာအောင် လုပ်ပေးပါလို့ တောင်းပန်နေရတာ"
ကျိုးထျန်း အံ့အားသင့်သွားသည်။ ဤစကားလုံးများမှာ အလွန်ပင် ရင်းနှီးနေသည်။ ၈၀ ကျော်ကာလက ငွေကွင်း အဖွဲ့များ ပြောလေ့ရှိသည့် စကားများ မဟုတ်ပါလား။
'အစကတော့ ဒီသားအမိက ပိုက်ဆံချေးပြီး ပြန်မဆပ်ချင်တာလို့ ထင်ထားတာ ဒါပေမဲ့ အခုတော့ သူတို့က ပြင်ပလူတွေနဲ့ ပေါင်းပြီး ငါတို့ကို လိမ်ဖို့ကြိုးစားနေတာပဲ ဒါ ထောင်ချောက်ပဲ'
သူ ပိုတွေးလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေပင်။
အထူးသဖြင့် သူ့ ဝမ်းကွဲ ရှောင်ရင်းမှာ ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိသည်။
သို့သော် ကျိုးထျန်းက သူမ၏အစီအစဉ်အတိုင်း လိုက်လုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အဒေါ် အဲဒီ ဘဏ္ဍာရေး အကြံပေးနဲ့ ဘယ်တော့ တွေ့လို့ရမလဲ"
အဒေါ်ဖြစ်သူမှာ ဝမ်းသာအားရဖြင့် ချက်ချင်းဖြေလိုက်သည်။
"တွေ့လို့ရတာပေါ့ ဒီနေ့တောင် တွေ့လို့ရတယ် ငါ အခုပဲ စီစဉ်ပေးမယ် သူက အရမ်းအလုပ်များတာ၊ ငါ့မျက်နှာကြောင့်သာ သူက လာမှာ"
အဒေါ်ဖြစ်သူက ဖုန်းဆက်ရန်ထသွားသည်။ အဖေနှင့်အမေက ကျိုးထျန်းကို ချက်ချင်းဆွဲခေါ်လိုက်ကြသည်။
"သား မင်း နေမကောင်းဖြစ်နေတာလား သူပြောတာတွေကို ယုံနေတာလား"
"အဖေ စိတ်မပူပါနဲ့၊ သား ဘာလုပ်နေလဲဆိုတာ သားသိပါတယ် အဖေတို့တောင် မလိမ်ခံရတာပဲ၊ သားက ဘယ်လိုလုပ် လိမ်ခံရမှာလဲ"
တာဝန်ကို အပြီးသတ်ရန်သာ မဟုတ်ပါက ကျိုးထျန်းမှာ သူမနှင့် စကားပြောနေမည် မဟုတ်ပေ။
"ကဲ သူက မွန်းတည့်ချိန်မှာ အားတယ်တဲ့ မင်းတို့ မြန်မြန် ပြင်ဆင်ကြ၊ အတူတူ နေ့လယ်စာ စားကြတာပေါ့ အခွင့်အရေးကို လက်မလွှတ်စေနဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါ အဒေါ် သားပဲ စားသောက်ဆိုင် ဘိုကင် လုပ်လိုက်ပါ့မယ်၊ အကောင်းဆုံးဆိုင်ကို ရွေးမှာမို့လို့ စိတ်မပူပါနဲ့"
"အေးအေး ဒါဆို ငါ သွားတော့မယ် ညည်းတို့ အိမ်ရဲ့ အခင်းအကျင်းက သိပ်မကောင်းဘူး၊ ဒီမှာ ထိုင်နေရတာ စိတ်မကြည်ဘူး"
အဒေါ်ဖြစ်သူက ပြန်ခါနီးမှာပင် နှိမ်သွားရန် မမေ့ပေ။
မနက် ၁၁ နာရီခန့်တွင် ကျိုးထျန်း ပေးပို့ထားသော လိပ်စာအတိုင်း အဒေါ်ဖြစ်သူ၊ သူမ၏ သမီးနှင့် ဘဏ္ဍာရေးအကြံ ပေးတို့မှာ Juma လမ်းရှိ အနောက်တိုင်း စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။
"ထျန်းထျန်းက အခုနောက်ပိုင်း တော်တော်လေး လူတတ်လာတာပဲ အနောက်တိုင်းစာနဲ့ ဧည့်ခံရမယ်ဆိုတာ သိလာပြီ"
အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီးသူဖြစ်သည့်အတိုင်း အဒေါ်ဖြစ်သူမှာ စိတ်လှုပ်ရှားနေသည်။
"မေမေ သူတို့က အရမ်းချမ်းသာနေတာပဲလေ၊ ငါတို့ကို အကောင်းစား ကျွေးရမှာပေါ့"
ဝမ်းကွဲရှောင်ရင်းကမူ ဘေးရှိအမျိုးသား၏လက်မောင်း ကို ချိတ်ရင်း ပြောလိုက်သည်။
စားသောက်ဆိုင်ထဲသို့ သူတို့ သုံးယောက် ဝင်လာကြသည်။ ဤဆိုင်မှာ Juma လမ်းတွင် ရှိသဖြင့် ဈေးအလွန်ကြီးလှသည်။
ကျိုးထျန်းက ဤဆိုင်ကို ရွေးချယ်ရခြင်းမှာ ရည်ရွယ်ချက် ရှိပေသည်။ ၎င်းမှာ သူ့တာဝန်ကို အပြီးသတ်ရန် ဖြစ်သည်။
သူသည် ပြတင်းပေါက်နားက ဝိုင်းကို ရွေးချယ်ထားပြီး ထိုနေရာမှနေ၍ လမ်းတစ်ဖက်ခြမ်းကို ကောင်းစွာ မြင်တွေ့နိုင်သည်။
"အဒေါ်နဲ့ ဝမ်းကွဲတို့ ရောက်လာပြီပဲ ဒါနဲ့ ဒါက ဘယ်သူလဲ"
ကျိုးထျန်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သော်လည်း ထိုလူစိမ်းမှာ ကျိုးထျန်းကို အရေးမလုပ်သည့်ပုံစံဖြင့် နေနေသည်။
"ဒါက ဂျော့ခ်ျတဲ့ အမေရိကန်ကနေ ဘွဲ့ရလာတဲ့သူလေ အခု Lujiazui က နာမည်ကြီး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ" ဟု ဝမ်းကွဲက ဂုဏ်ယူစွာ မိတ်ဆက်ပေးသည်။
"ဪ ဂျော့ခ်ျလား သား သိပါတယ်၊ Peppa Pig ရဲ့ ဝမ်းကွဲ မဟုတ်လား"
ဂျော့ခ်ျ:
ကျိုးထျန်းက လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးသော် လည်း တစ်ဖက်လူက လက်ဖျားလေးနှင့် ထိရုံသာ လုပ်လိုက်သည်။
၎င်းမှာ အလွန်ရိုင်းစိုင်းသော အမူအရာ ဖြစ်သည်။ သို့သော် ကျိုးထျန်း ဂရုမစိုက်ဘဲ ပြုံးနေဆဲ ဖြစ်သည်။
"ကဲ ထိုင်ကြပါဦး ဒီဆိုင်က ပုစွန်ထုပ်နဲ့ ဝဂ်ယူး အမဲသားက တော်တော်ကောင်းတယ်လေ စားကြည့်မလား"
အမေဖြစ်သူမှာ သားဖြစ်သူစကားကြောင့် မျက်နှာ ပျက်သွားသည်။ ဒါတွေက ဘယ်လောက်တောင် ကုန်မှာလဲ။
ကံကောင်းထောက်မစွာဖြင့် အဖေဖြစ်သူက သူမ နားနားတွင် ကပ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါတို့သားက ဘယ်တုန်းက အရှုံးခံခဲ့လို့လဲ"
ထိုသုံးယောက်မှာမူ ဝဂ်ယူးနှင့် ပုစွန်ထုပ် အသံကြားသည်နှင့် မျက်လုံးများ တောက်ပသွားကြသည်။
သူတို့မှာ အားနာခြင်းမရှိဘဲ အမဲသားတုံး တစ်တုံးစီနှင့် ပုစွန်ထုပ် တစ်ကောင်စီ မှာယူလိုက်ကြသည်။
ထိုအရာများတင် ယွမ်တစ်သောင်းကျော် ကုန်ကျနေပြီ ဖြစ်သည်။
"အဖေနဲ့ အမေလည်း မှာလေ"
ကျိုးကျန့်ခန်းက ငန်းအသည်း စားချင်သော်လည်း ဇနီးဖြစ်သူ၏အကြည့်ကြောင့် ငြိမ်သွားခဲ့သည်။
"သား အဖေကတော့ ဆီဇာဆလတ် ပဲ စားပါ့မယ်"
"စားပွဲထိုး ဝိုင်စာရင်း ယူခဲ့ပါ"
အဒေါ်ဖြစ်သူက လှမ်းခေါ်လိုက်ရာ စားပွဲထိုးမှ ချက်ချင်း ရောက်လာသည်။
"ဒီမှာ အဈေးအကြီးဆုံး ဝိုင်က ဘယ်ဟာလဲ"
"ဟုတ်ကဲ့ ကျွန်တော်တို့ဆီမှာ ၂၀၁၆ ခုနှစ်ထုတ် Château Haut-Brion နဲ့ ၂၀၁၂ ခုနှစ်ထုတ် Château Margaux ရှိပါတယ်ခင်ဗျာ ဘယ်ဟာကို အကြိုက်တွေ့ပါသလဲ"
"နှစ်ပုလင်းလုံး ယူခဲ့လိုက် ဒါပေမဲ့ မဖွင့်နဲ့ဦး၊ ကျွန်တော် ခေါ်မှ ဖွင့်ပါ"
ကျိုးထျန်း လက်ဝှေ့ယမ်းပြလိုက်ရာ ယွမ် တစ်သောင်းကျော်တန် ဝိုင်နှစ်ပုလင်း ရောက်ရှိလာသည်။
ဝိုင်အပါအဝင် ဤဝိုင်း၏ ကုန်ကျစရိတ်မှာ ယွမ် ၃၀,၀၀၀ ကျော်သွားပြီ ဖြစ်သည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။