← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

🍋 Chapter 77

ချောင်ပေါင်ကန်းမှာ ရှန်ဟိုင်းသို့ ရောက်သည်မှာ မကြာသေးပေ။ သူ့ မိတ်ဆက်စကားထဲမှ အချို့မှာ အမှန်ဖြစ်ပြီး သူသည် ရှန်ဟိုင်းသို့ အမှန်တကယ်ပင် အသစ်ရောက်လာခြင်း ဖြစ်သည်။

သို့သော် ထိုမတိုင်မီက သူရှိနေခဲ့သည့်နေရာမှာ Wall Street မဟုတ်ဘဲ ထောင်ထဲတွင် ဖြစ်သည်။

သူသည် တယ်လီဖုန်းဖြင့် လိမ်လည်မှုကြောင့် ထောင်ကျခဲ့ခြင်းဖြစ်ပြီး ပြန်လည်လွတ်မြောက်လာချိန်တွင် သူ့ အတတ် ပညာကို ပိုအကြီးအကျယ် ပြန်လည်အသုံးချရန် ကြိုးစားနေခြင်းဖြစ်သည်။

ကျိုးထျန်းမှာ သူ့ ပထမဆုံး ပစ်မှတ်ဖြစ်ခဲ့သည်။ ဤသည်မှာ သူ့ကံကြမ္မာ အလွန်ဆိုးရွားလှကြောင်း ပြသနေခြင်းပင်။

ကျိုးထျန်းကတော့ သူ့ကို အရေးမလုပ်တော့ပေ။ 'ဖိနပ်ကောင်းက ခွေးချေးကို မနင်းဘူး' ဟူသော စကားအတိုင်း ထိုကဲ့သို့သော လူမျိုးနှင့် စကားများနေရန် အကြောင်းမရှိပေ။

ထို့နောက် မိဘများဘက်သို့ လှည့်လိုက်ကာ

"အဖေနဲ့ အမေ ဘာရပ်လုပ်နေတာလဲ၊ သွားကြစို့လေ"

"ဟင် သွားကြမယ်?"

မိဘများမှာ ရှေးဟောင်းအိမ်ကြီး၏ အရှိန်အဝါထဲတွင် နစ်မျောနေဆဲဖြစ်ရာ ချက်ချင်း တုံ့ပြန်မှု မပေးနိုင်သေးပေ။

"သွားရမှာပေါ့ မသွားရင် အဖေတို့ ပိုက်ဆံရှင်းရမှာလေ"

ကျိုးထျန်း မိုက်မဲသူ မဟုတ်ပေ။ ထိုကဲ့သို့ ဈေးကြီးသော အစားအစာများကို အဒေါ်ဖြစ်သူတို့ သားအမိအား ကျွေးရန် ရည်ရွယ်ချက် မရှိပေ။

သူတို့ကို အသုံးချချင်သူများမှာ သူတို့ ဦးနှောက်ကို အရင်ပြန်စစ်သင့်သည်။

သူသည် မဖွင့်ရသေးသော ဝိုင်နီနှစ်ပုလင်းကို ယူကာ မိဘများကိုခေါ်၍ အပြင်သို့ ထွက်လာခဲ့သည်။

အဒေါ်ဖြစ်သူကမူ ကျိုးထျန်းက ဝိုင်မဖွင့်သည်မှာ သူမအတွက် အိမ်ပြန်လက်ဆောင်ပေးရန်ဟု ထင်နေခဲ့ခြင်းဖြစ် သည်။

တကယ်ကြီး စိတ်ကူးယဉ်နေခြင်းပင်။

ကျိုးထျန်း၏စရိုက်အရ သူက တစ်စုံတစ်ယောက်အတွက် ပိုက်ဆံသုံးချင်လျှင် ဝန်မလေးတတ်ပေ။ အဖေ၊ အမေနှင့် လျိုမုယန်တို့ကဲ့သို့ လူမျိုးများအတွက်ဖြစ်သည်။ သို့သော် သူ မနှစ်သက်သော လူမျိုးအတွက်ဆိုလျှင် ဆံပင်တစ်ပင်တောင် အရှုံးခံမည် မဟုတ်ပေ။

ဤထမင်းဝိုင်းမှာ ယွမ် ၄၀,၀၀၀ နီးပါး ကျသင့်သဖြင့် အဒေါ်ဖြစ်သူတို့ မိသားစုကို ဒုက္ခပေးရန် လုံလောက်လှသည်။

သူတို့ အပြင်ရောက်သည်နှင့် တက္ကစီတစ်စီးကို ငှားကာ အိမ်သို့ အမြန်ပြန်ခဲ့ကြသည်။

ကျိုးထျန်းမှာ ဝမ်းကွဲဖြစ်သူ နောက်က လိုက်လာမည်ကိုပင် စိုးရိမ်နေမိသည်။ 'စားပြီး ပြေးရတာ' တကယ်ကို ရင်ခုန်စရာ ကောင်းလှသည်။

တစ်ဖက်တွင်မူ ဝမ်းကွဲဖြစ်သူမှာ အဒေါ်ဖြစ်သူကို ပြုစုနေရသဖြင့် ထိုသုံးယောက် ထွက်သွားသည်ကိုပင် သတိမထားမိပေ။

သူမသည် မိခင်ဖြစ်သူ၏ နှာခေါင်းနှင့် နှုတ်ခမ်းကြားကို အတင်းနှိပ်ပေးနေပြီး သွေးတောင် ထွက်လုမတတ် ဖြစ်နေသည်။

"ဟူး"

အဒေါ်ဖြစ်သူမှာ တစ်မိနစ်ကျော်ကြာ မေ့လဲနေရာမှ ပြန်လည် နိုးလာခဲ့သည်။

စားသောက်ဆိုင် ဝန်ထမ်းများမှာ ၁၂၀ (အရေးပေါ် ဖုန်းနံပါတ်) ကိုပင် ဆက်တော့မည့် အတိုင်းပင်။

"မေမေ နိုးလာပြီလား"

"ရှောင်ရင်း ငါ ဘယ်ရောက်နေတာလဲ"

အဒေါ်ဖြစ်သူ မျက်လုံးဖွင့်လာချိန်တွင် ဤမြင်ကွင်းမှာ ရင်းနှီးနေသလို ခံစားရသည်။

မကြာသေးမီကလည်း စားသောက်ဆိုင် တစ်ခုမှာပင် သူမ မေ့လဲခဲ့ဖူးသည် မဟုတ်ပါလား။

"မေမေတို့ စားသောက်ဆိုင်မှာ အဒေါ်တို့ မိသားစုနဲ့ ထမင်း စားနေတာလေ မေမေက ရုတ်တရက်ကြီး မေ့လဲသွားတာ၊ ဟယ်?"

"အဒေါ်တို့ မိသားစုရော ဘယ်ရောက်ကုန်ပြီလဲ"

ဝမ်းကွဲဖြစ်သူမှာ စားပွဲတွင် သူတို့ နှစ်ယောက်တည်းသာ ကျန်တော့ကြောင်း ထိုအခါမှ သတိပြုမိတော့သည်။

ထိုအချိန်တွင် စားသောက်ဆိုင် မန်နေဂျာမှာ ဝန်ထမ်းတစ်ဦး၏ ခေါ်ဆောင်မှုကြောင့် ရောက်ရှိလာသည်။

မန်နေဂျာက ကျသင့်ငွေ စာရင်းကို ကြည့်ကာ သူတို့ထံသို့ လျှောက်လာသည်။

"လူကြီးမင်းတို့ အဆင်ပြေရဲ့လားခင်ဗျာ"

"ပြေပါတယ် ခဏလေး မူးသွားလို့ပါ၊ ဘာဖြစ်တာလဲ မသိဘူး"

အဒေါ်ဖြစ်သူက အဝတ်အစားများကို ပုတ်ခတ်ရင်းပြောလိုက်သော်လည်း ခေါင်းအနည်းငယ်တော့ မူးနေသေးသည်။

"ဒါဆိုရင်တော့ ကျသင့်ငွေကို ရှင်းပေးပါဦးခင်ဗျာ"

"နေဦး တစ်ခုခုတော့ မှားနေပြီ၊ ငါတို့က ဘာဖြစ်လို့ ရှင်းရမှာလဲ ကျိုးထျန်းက ကျွေးတာ မဟုတ်လား"

အဒေါ်ဖြစ်သူက အခြေအနေကို နားမလည်သေးသော်လည်း ဝမ်းကွဲဖြစ်သူကတော့ ချက်ချင်း သဘောပေါက်သွားသည်။

"မေမေ ကျိုးထျန်း အဲဒီကောင်လေးထွက်ပြေးသွားပြီ၊ ပိုက်ဆံမရှင်းဘဲ ထွက်ပြေးသွားတာ!"

"ဟမ် အဲဒီ ကောင်စုတ်လေး! သူ့နောက်ကို လိုက်ကြစို့!"

အဒေါ်ဖြစ်သူက ထရန် ကြိုးစားသော်လည်း မန်နေဂျာက တားလိုက်သည်။

"လူကြီးမင်းခင်ဗျာ ကျသင့်ငွေက ၄၀၀၀၀ ယွမ် ဖြစ်ပြီး ဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းပေါင်းရင် စုစုပေါင်း ယွမ် ၄၀၀၀၀ ကျသင့်ပါတယ်ခင်ဗျာ အရင်ဆုံး ငွေရှင်းပေးပါဦး"

"ဘာ?! ဒီထမင်းတစ်နပ်က ယွမ် ၄၀,၀၀၀ ကျော်တယ် ဟုတ် လား!"

အဒေါ်ဖြစ်သူမှာ အမြီးနင်းခံလိုက်ရသကဲ့သို့ ခုန်တက်မတတ် ဖြစ်သွားသည်။

"ဘေလ်ကို စစ်ကြည့်လို့ ရပါတယ်ခင်ဗျာ ကျွန်တော်တို့ မှားမှာ မဟုတ်ပါဘူး"

တုန်ရီနေသော လက်များဖြင့် ဘေလ်စာရင်း ရှည်ကြီးကို ကိုင်ကာ သူမ၏ မျက်နှာမှာ ပိုပိုပျက်လာခဲ့သည်။ သွေးတိုးနှုန်းမှာလည်း ထပ်မံမြင့်တက်လာပြန်သည်။

ယွမ် ၄၀,၀၀၀ ကျော်ဆိုသည်မှာ သူမအတွက် ခြောက်လစာ လစာငွေ ဖြစ်သည်။

ကျိုးထျန်း ဘာဖြစ်လို့ ပိုက်ဆံကို ရေလိုသုံးကာ ဟင်းတွေ အများကြီး မှာနေရသလဲဆိုတာကို သူမ မစဉ်းစားမိခဲ့ပေ။ ကျိုးထျန်းအတွက်က ပိုက်ဆံမှာ ပြဿနာ မဟုတ်သော် လည်း သူမအတွက်တော့ ဖြစ်သွားပြီဖြစ်သည်။

"အား!"

နောက်ထပ် အော်သံတစ်သံနှင့်အတူ အဒေါ်ဖြစ်သူမှာ ထိုင်ခုံပေါ်သို့ ပြန်ကျသွားပြန်သည်။

သူမ၏ ဆေးပုလင်းမှာလည်း ကုန်သွားခဲ့ပြီ ဖြစ်သည်။

တက္ကစီပေါ်တွင် အမေဖြစ်သူက ကျိုးထျန်း လည်ပင်းကို ကိုင်ကာ လှုပ်ယမ်းနေတော့သည်။

"နင် ပြောစမ်း အဲဒီ အိမ်ဟောင်းကြီးဝယ်ဖို့ ပိုက်ဆံတွေ ဘယ်က ရတာလဲ လျော်ကြေးရတဲ့ ပိုက်ဆံတွေ အကုန် ဘယ်ရောက်ကုန်ပြီလဲ"

"ပြီးတော့ ဟိုနာရီနဲ့ Bentley ကားကရော ဘယ်လိုဖြစ်တာလဲ?!"

ကျိုးထျန်းမှာ အသက်ရှူပင် ကျပ်လာခဲ့သည်။

"အမေ ဖြည်းဖြည်းလုပ်ပါ! သားက အမေ့ရဲ့ သားအရင်းပါနော် အမေ သားကို အသက်ရှူကျပ်အောင် လုပ်ရင် နောက်ထပ် အစားထိုးစရာ သား မရှိဘူးနော်"

"မိန်းမ သားကို ပြောခွင့်ပေးလိုက်ပါဦး"

ကျိုးကျန့်ခန်းက အရေးကြီးချိန်တွင် ဝင်ကယ်လိုက်သည်။

ကျိုးထျန်းက အသက်ကို ခဏဝါးကာ ကြိုတင်ပြင်ဆင်ထားသော ဆင်ခြေကို ထုတ်သုံးလိုက်သည်။

"သား အမေရိကန် စတော့ဈေးကွက်မှာ ပိုက်ဆံတွေ အများကြီးရခဲ့တာလေ၊ လျော်ကြေးထက်တောင် ပိုများသေးတယ် အဲဒီအိမ်ကြီးကလည်း ရောင်းတော့မယ့် အချိန်နဲ့ သွားတိုးတာ၊ မူလဈေးက သန်း ၈၀ ကျော်ပေမယ့် သားက သန်း ၆၀ နဲ့ပဲ ဝယ်လိုက်တာ"

အမေဖြစ်သူက ထိုစကားကို ကြားသောအခါ စဉ်းစားလိုက်သည်။

"မူလဈေးက သန်း ၈၀ ကို သန်း ၆၀ နဲ့ ဝယ်ရတယ်ဆိုတော့ ဈေးက တန်တာပေါ့၊ နေရာကလည်း ကောင်းတယ် ဒီလို အဆင့်မြင့် အိမ်ဟောင်းတွေက အခုနောက်ပိုင်း ရှားတယ်လေ ကြည့်ရတာ သားကတော့ အရှုံးမရှိပါဘူး"

အမေဖြစ်သူမှာ အိမ်ခြံမြေနှင့်ပတ်သက်၍ အခြေခံ ဗဟုသုတ ရှိသူ ဖြစ်သည်။

"နင် စတော့ရှယ်ယာကနေ တကယ်ကြီး အဲဒီလောက် ရတာလား"

"အမေ ထင်တာထက်တောင် ပိုပါတယ် စိတ်မပူပါနဲ့၊ သား သုံးသမျှက သားရဲ့ တတ်နိုင်စွမ်းထဲမှာပဲ ရှိတာပါ"

"ဒါပေမဲ့ ဖြုန်းချင်သလို မဖြုန်းနဲ့လေ ဒါနဲ့ စကားလမ်း ကြောင်း မလွှဲနဲ့ဦး၊ ဟိုနာရီနဲ့ ကားက ဘယ်လိုဖြစ်တာလဲ"

အမေဖြစ်သူကတော့ လွှတ်ပေးမည့်ပုံ မရှိပေ။

"နာရီက အတုပါအမေ၊ အဆင့်မြင့် အတုလေ၊ ၂,၀၀၀ ပဲ ပေးရတာ ကားသော့ကလည်း အွန်လိုင်းကနေ ၆၀ နဲ့ ဝယ်ထားတာပါ"

"နင် ပြောတာကို ငါ ယုံမယ် ထင်နေလား"

အမေဖြစ်သူက သူ့ကို ရိုက်တော့မည့်ပုံစံ ဖြစ်နေသဖြင့် ကျိုးထျန်းက အဖေဖြစ်သူကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးကျန့်ခန်းကလည်း 'ငါလည်း အမေ့ကို မထိရဲဘူး' ဟူသော သဘောဖြင့် ခေါင်းရမ်းပြနေသည်။

ကျိုးထျန်းက မျက်မှောင်ကြုတ်ကာ အဖေဖြစ်သူ၏ လက် ကောက်ဝတ်ရှိ Vacheron Constantin ကို လက်ညှိုးထိုးပြလိုက်သည်။

သူ့သားက သူ့ကိုပါ ဆွဲထည့်တော့မည်ကို သိသဖြင့် ဖခင်ဖြစ်သူက ချက်ချင်းပင် ဝင်ဖျန်ဖြေပေးလိုက်သည်။

"မိန်းမ ကိုယ့်သား ပြောတာကို ယုံလိုက်ပါ မိဘတွေအနေနဲ့ သားကို ယုံကြည်ပေးရမှာပေါ့"

"ဟုတ်လို့လား ရှင်တို့ သားအဖ နှစ်ယောက် ပေါင်းပြီး တစ်ခုခု လုပ်နေကြတာလား"

ကျိုးကျန့်ခန်းလည်း ချက်ချင်းပင် ငြိမ်သွားရသည်။

"ဒါနဲ့ မင်းရဲ့ အစ်မက ဒုတိယအကြိမ်မြောက် မေ့လဲတာနော် သူ တစ်ခုခု ဖြစ်နေတာလား၊ ဆေးစစ်ကြည့်သင့်တယ်" အဖေဖြစ်သူက စကားလမ်းကြောင်း လွှဲလိုက်သည်။

"သား အဒေါ့်ကိုတော့ နောင်ကျရင် နည်းနည်းပဲ တွေ့တော့ နင်က သူ့အတွက် ကံဆိုးစေသလား မသိဘူး"

ကျိုးထျန်းကတော့ စိတ်ထဲမှ ရယ်နေမိသည်။ သူက ကံဆိုးစေသည် မဟုတ်ဘဲ သူမကသာ သူ့အတွက် ကံကောင်းစေသူ ဖြစ်သည်။ သူမ မေ့လဲတိုင်း သူ့တာဝန်များ အောင်မြင်သည် မဟုတ်ပါလား။

[ဒေါင်!]

စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။ တာဝန်ပြီး မြောက်ခဲ့ပြီ ဖြစ်သည်။

【တာဝန် အကဲဖြတ်မှု- ပြီးပြည့်စုံသည် 】

【ဆုလာဘ် - အိမ်ရှင်၏ ရုပ်ရည်ရမှတ် +၅】

【မှတ်ချက် - ရုပ်ရည် တိုးတက်မှုသည် Host အိပ်ပျော်သွားပြီးနောက်တွင် ဖြစ်ပေါ်လာမည် ဖြစ်သည်】

‘ဟဲဟဲ ကျေးဇူးပါပဲ အဒေါ်ရာ’

ကျိုးထျန်းမှာ နိုးလာလျှင် ပိုကြည့်ကောင်းလာတော့မည်ကို တွေးကာ အလွန်ဝမ်းသာနေမိသည်။

"ဒါနဲ့ သား အဲဒီ အိမ်ကြီးကို အဖေတို့ကို ခေါ်မပြရသေးဘူးနော်"

"အမေ စိတ်မပူပါနဲ့ နောက်မှ အေးအေးဆေးဆေး သွားကြည့်ကြတာပေါ့ သားတို့သာ စောစော မထွက်လာရင် အမေပဲ ပိုက်ဆံရှင်းရမှာလေ"

ကျိုးထျန်း ဝိုင်နှစ်ပုလင်းကို ပိုက်ကာ ပြောလိုက်သည်။

"အဲဒီ ဝိုင်းက သောင်းဂဏန်းလောက် ကုန်မှာလေ နင့်အဒေါ်တို့က ဘယ်က ပိုက်ဆံနဲ့ ပေးမှာလဲ"

"အကြွေးဝယ်ကတ်တွေ၊ Alipay တွေ ရှိတာပဲလေ အမေရာ သူတို့ မှာတုန်းက ဈေးမကြီးဘူးလို့ ထင်နေတာဆိုတော့ ရှင်းတဲ့အခါလည်း ဈေးမကြီးဘူးလို့ပဲ သတ်မှတ်ရမှာပေါ့"

ထိုစကားကို ကြားသောအခါ အဖေဖြစ်သူက ကျိုးထျန်းကို လျှို့ဝှက်စွာ လက်မထောင်ပြလိုက်သည်။

နှစ်ပေါင်းများစွာအတွင်း အဒေါ်ဖြစ်သူတို့ မိသားစုမှာ မိသားစု စုံညီပွဲများတွင် တစ်ခါမှ ပိုက်ဆံမရှင်းဖူးပေ။

သူတို့က ပိုက်ဆံမရှင်းရုံတင်မကဘဲ ဟင်းပွဲတွေကိုပါ အမြဲတမ်း ဝေဖန်တတ်ကြသေးသည်။

ယခုတစ်ခါတော့ ကျိုးထျန်းက သူတို့ကို တစ်ခါတည်းနှင့် အဝကျွေးလိုက်ပြီဖြစ်သည်။

🍋 Chapter 78

အဓိကလမ်းမကြီးမှာ အိမ်နှင့် သိပ်မဝေးလှသဖြင့် နာရီဝက်မပြည့်မီမှာပင် သူတို့ သုံးယောက် အိမ်သို့ ပြန်ရောက်လာကြသည်။

အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ကျိုးထျန်းမှာ ဖခင်ဖြစ်သူ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

"သား.. မင်းရဲ့ Bentley ကားကို အဖေ့ကို ဘယ်တော့ ငှားမှာလဲ"

"အဖေကလည်း ဘာတွေ ပြောနေတာလဲ.. သား ပြောပြီးပြီလေ၊ ကားသော့က ၆၀ ပဲ ပေးရတာပါဆို၊ သားမှာ ဘယ်က ကားရှိမှာလဲ"

ကျိုးထျန်းကမူ အလွယ်တကူ ဝန်ခံမည်မဟုတ်ပေ။

"ငါ့ကို လာလိမ်မနေနဲ့.. မင်း ဘယ်လိုလူလဲဆိုတာ ငါမသိဘူး ထင်နေလား၊ မင်းအမေ သိမှာစိုးလို့ ပတ်ဝန်းကျင်က ကားပါကင်တစ်ခုခုမှာ သွားရပ်ထားတာ မဟုတ်လား"

ကျိုးကျန့်ခန်း၏ ခန့်မှန်းချက်မှာ မှန်ကန်နေပါသည်။

"အဖေ့မှာလည်း G-Class ရှိနေတာပဲကို၊ ဘာလို့ တခြားကားကို မျက်စိကျနေတာလဲ"

"စကားများမနေနဲ့.. မင်း သော့မပေးရင် မင်းရဲ့ ယွမ် ၂ သန်းတန် နာရီအကြောင်း မင်းအမေ့ကို သွားပြောလိုက်မှာနော်"

"အော်.. အဖေ့နာရီကလည်း ၃ သိန်းကျော်တန်တာပဲလေ၊ သားကိုတောင် ပြန်နှိပ်စက်နေသေးတယ်"

ကျိုးထျန်းကတော့ မကျေမနပ် ဖြစ်နေသည်။ သူ့ ဖခင်မှာ သူ့ကားကို အစောကြီးကတည်းက မျက်စိကျနေပုံရသည်။

"ကြည့်စမ်း.. သားအဖချင်းကို ကပ်စီးကပ်နေလိုက်တာ၊ ခဏလေး မောင်းကြည့်ရုံတင်ပါ"

သူတို့ သားအဖနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ခြိမ်းခြောက်ရင်း ခဏတာ ငြိမ်းချမ်းရေး ရယူလိုက်ကြသည်။

ဤသည်မှာ တကယ့် သားအဖအရင်းများဖြစ်ကြောင်း သက်သေပင်။

မိဘများကို ထားခဲ့ပြီးနောက် ကျိုးထျန်းသည် ပေါင်ချင်း အပေါင်ဆိုင်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။

ထိုနေရာတွင် သူ့အတွက် နာရီတစ်လုံး စောင့်ကြိုနေသည်။ လျိုမုယန်မှာ ယနေ့ ပြန်လာတော့မည်ဖြစ်ရာ သူ ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

ဤတစ်ကြိမ်တွင်မူ လျိုပေါင်ချင်းကို ကြိုတင် အကြောင်းမကြားထားပေ။ သူ ဆိုင်ထဲသို့ ဝင်သွားချိန်တွင် ကောင်တာအနီး၌ မည်သူ့ကိုမှမတွေ့ရပေ။

အပေါင်ဆိုင်များသည် ပုံမှန်အားဖြင့် လူသူကင်းမဲ့လေ့ ရှိသည်။

"ဟေး.. လူရှိလား! ပစ္စည်းလာပေါင်တာ! ၁၀ ကာရက်ရှိတဲ့ စိန်လက်စွပ်နဲ့ ဧကရာဇ်စိမ်း ကျောက်လက်ကောက်ပါ!"

ကျိုးထျန်း၏အော်သံကြောင့် နောက်ခန်းတွင် ထမင်းစားနေသော လျိုပေါင်ချင်းမှာ လန့်ဖျန့်သွားသည်။

"ဘယ်မှာလဲ.. စိန်လက်စွပ်က ဘယ်မှာလဲ"

သူသည် ပါးစပ်တွင် ခေါက်ဆွဲဖတ် တစ်ဖတ်ကပ်လျက်နှင့် ပြေးထွက်လာသည်။

"ကျောက်မျက်ရတနာဆိုရင် ခင်ဗျား မနေနိုင်ဘူးဆိုတာ သားသိတယ်"

ကျိုးထျန်းက ပြုံးရင်း ပြောလိုက်သည်။

"အော်.. မင်းကိုး၊ ငါ့ကို လာနောက်နေတာပဲ.. ရင်တုန်သွားတာပဲ"

လျိုပေါင်ချင်းက ရယ်မောရင်း ညည်းညူလိုက်သည်။

"ဒါနဲ့ မင်းမှာချင်တဲ့ ပစ္စည်းရနေပြီ၊ မြန်မြန်လာကြည့်"

ခဏအကြာတွင် သူသည် အသစ်စက်စက် သေတ္တာလေးတစ်လုံးကို ယူဆောင်လာသည်။

"ကြည့်လိုက်.. အသစ်စက်စက်ပဲ၊ တစ်ခါမှ မဖွင့်ရသေးဘူး"

ကျိုးထျန်းက သေတ္တာကို ဖွင့်လိုက်သောအခါ Cartier HPI01084 နာရီကို တွေ့လိုက်ရသည်။

၎င်းမှာ နာရီဟု ဆိုခြင်းထက် နာရီမျက်နှာပြင် ပါရှိသော ကျောက်မျက်လက်ကောက်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။

ထိုနာရီတွင် ၇.၇၉ ကာရက်ရှိသော စိန်ပွင့်ပေါင်း ၆၀ နှင့် ၇.၀၄ ကာရက်ရှိသော နီလာ ပွင့်ပေါင်း ၄၈ ပွင့်တို့ဖြင့် စီခြယ်ထားသည်။

အပြာရောင်နှင့် အဖြူရောင် ကျောက်မျက် ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်း၏ တံဆိပ် သို့မဟုတ် အလေးချိန်ကို သိစရာမလိုဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အလွန်တန်ဖိုးကြီးကြောင်း မည်သူမဆို သိနိုင်သည်။

အထက်တန်းလွှာ ဆန်မှုမှာ ထောင့်ပေါင်းစုံမှ ထွက်ပေါ်နေ သည်။ Cartier သည် နာရီထုတ်လုပ်ရုံတင်မကဘဲ ကမ္ဘာကျော် ကျောက်မျက်ရတနာ ကုမ္ပဏီဖြစ်သောကြောင့် ကျောက်မျက်များကို ကိုင်တွယ်ရာတွင် ၎င်းတို့ကို ယှဉ်နိုင်သူ ရှားပါးသည်။

ဤသည်မှာ နာရီဈေးနှုန်း မြင့်မားသော်လည်း ကျိုးထျန်းက တန်သည်ဟု ခံစားရခြင်း ဖြစ်သည်။

ကျောက်မျက်ရတနာ တန်ဖိုးနှင့်တင် ဝယ်ယူသည့်ဈေးနှင့် ကိုက်ညီနေပြီ ဖြစ်သည်။

"ကောင်းပြီ.. တကယ် သဘောကျတယ်၊ ခင်ဗျားအတွက် ကော်မရှင်ကို အခုပဲ လွှဲပေးလိုက်မယ်"

"ဟဲဟဲ.. ကျေးဇူးပါပဲ၊ နောက်နောင် လိုအပ်တာရှိရင် အချိန်မရွေး လာခဲ့ပါ.. တရုတ်ပြည်တွင်းမှာတော့ ငါ့ရဲ့ သတင်းကွန်ရက်က တော်တော်ကျယ်ပြန့်ပါတယ်"

ကျိုးထျန်းက နာရီကို သိမ်းကာ ပြန်တော့မည့်အချိန်တွင် တစ်ခုခုကို သတိရသွားသည်။

"သူဌေးလျို.. ခင်ဗျားက ရတနာရှာတာ တော်တယ်ဆိုတော့ လူရှာတာရော တော်လား"

"လူရှာတာ? ဘယ်လိုလူလဲ.. ဘာလုပ်ဖို့လဲ" လျိုပေါင်ချင်းက သူ၏ မေးစေ့ကို ပွတ်ရင်း မေးလိုက်သည်။

"ကျွန်တော့်ဆီမှာ အလုပ်လုပ်ဖို့ လူတစ်ယောက်ကိုကမ်း လှမ်းချင်လို့ "

"အော်.. လူတော်ရှာတာကိုး၊ ငါက တစ်ခုခု ပြဿနာရှာမလို့လားလို့.. ဒါဆိုရင်တော့ ငါ ကူညီပေးနိုင်ပါတယ်၊ ဘယ်သူ့ကို ရှာချင်တာလဲ"

"စားဖိုမှူး တစ်ယောက်ပါ၊ ထိပ်တန်း အမှုဆောင် စားဖိုမှူး တစ်ယောက်"

"မင်း စားသောက်ဆိုင် ဖွင့်မလို့လား"

"ဟုတ်တယ်.. ခင်ဗျားမှာ အဆက်အသွယ် ရှိလား"

"ရှိတာပေါ့.. ဘယ်သူ့ကို ရှာနေတာလဲ"

"Tang Court ကို သိလား"

"ဘယ်သူမသိဘဲ နေမလဲ.. ပြည်တွင်းမှာ တစ်ခုတည်းသော Michelin ကြယ်သုံးပွင့်ရ စားသောက်ဆိုင်လေ၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တော်တော်လေးနာမည်ကြီးတာ"

"အဲဒီဆိုင်က အရင် စားဖိုမှူးချုပ်ကို သိလား"

"ကြားဖူးတယ်.. သူက တော်တော်တော်တာ၊ တခြားကုမ္ပဏီတစ်ခုက သူ့ကို တစ်နှစ်လစာ သန်းချီပေးပြီး ခေါ်သွားတာလေ"

"ဟုတ်တယ်.. သူ့နာမည်က ဟွမ်လုံ၊ ကန်တုံဟင်းလျာ မာစတာပဲ၊ ကျွန်တော် သူ့ကို ရှာနေတာ"

ကျိုးထျန်း ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။

"မင်း သူ့ကို ရှာမလို့လား.. မင်းက ဘယ်လိုဆိုင်မျိုး ဖွင့်မှာမို့လို့လဲ၊ တကယ့် ထိပ်တန်းဆိုင်မျိုး မဟုတ်ရင် သူက မင်းကို အဖက်လုပ်မှာ မဟုတ်ဘူးနော်" လျိုပေါင်ချင်းက သံသယဖြင့် မေးလိုက်သည်။

ကျိုးထျန်းက ပြုံးလိုက်သည်။

"သား Juma လမ်းမှာ ရှေးဟောင်း ဗီလာအိမ်ကြီးတစ်လုံး ဝယ်ထားတယ်၊ အဲဒါကို ရှန်ဟိုင်းမှာ အကောင်းဆုံးစား သောက်ဆိုင်အဖြစ် ပြောင်းလဲပစ်မှာ"

"Juma လမ်းက ဗီလာ?!"

လျိုပေါင်ချင်းမှာ အံ့အားသင့်သွားသည်။

'ဒီကောင်က တကယ်ကို မခေဘူးပဲ၊ အဲဒီနေရာမှာ အိမ်ဝယ်နိုင်တဲ့သူဆိုရင် အတော်လေးချမ်းသာရမယ်၊ ငါတော့ သူ့ကို ကပ်ထားမှ ဖြစ်တော့မယ်' ဟု စိတ်ထဲက တွေးနေမိသည်။

"ကောင်းပြီ.. ငါ စုံစမ်းပေးမယ်၊ သူ စိတ်ဝင်စားတယ်ဆိုရင် တွေ့ဆုံပွဲ စီစဉ်ပေးမယ်"

"ဟုတ်ကဲ့.. သူ စိတ်ဝင်စားသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ကို ကျွန်တော် ဖျောင်းဖျနိုင်မယ်လို့ ယုံကြည်တယ်" ကျိုးထျန်းက ခဏစဉ်းစားပြီး ဆက်ပြောသည်။

"သူ့ကို ကျွန်တော်ရဲ့ ကမ်းလှမ်းချက်တွေကို ပြောပြလိုက်ပါ"

"ပထမအချက်.. သူ့ရဲ့အခု လစာက ဘယ်လောက်ပဲရှိရှိ၊နောက်ထပ် ၁၀ ရာခိုင်နှုန်း ပိုပေးမယ်"

"ဒုတိယအချက်.. ဟင်းလျာတွေ ဖန်တီးတဲ့နေရာမှာ လုံးဝ ဝင်မစွက်ဖက်ဘူး၊ သူ ဆုံးဖြတ်သမျှကို ၁၀၀ ရာခိုင်နှုန်း လွတ်လပ်ခွင့်ပေးမယ်"

"တတိယအချက်.. သူနဲ့အတူ အဖွဲ့ဝင်တွေကို သူကိုယ်တိုင် ရွေးချယ်ခေါ်လာနိုင်တယ်၊ သူခေါ်လာသမျှ လူတိုင်းကို လက်ခံမယ်"

"စတုတ္ထအချက်.. ဆိုင်ရဲ့ အပြင်အဆင်နဲ့ ပစ္စည်းကိရိယာ ဝယ်ယူမှုတွေကို သူကိုယ်တိုင် ဆုံးဖြတ်ခွင့် ပေးမယ်"

ကျိုးထျန်း၏ကမ်းလှမ်းချက် လေးချက်စလုံးမှာ အလွန်ပင် ရက်ရောလှသည်။

ပိုက်ဆံထက် လွတ်လပ်ခွင့်ကို ပိုမိုပေးထားခြင်းဖြစ်သည်။

တော်သောစားဖိုမှူးများသည် အနုပညာရှင်များနှင့် တူသဖြင့် လွတ်လပ်စွာ ဖန်တီးခွင့် ရရှိခြင်းမှာ သူတို့အတွက် အကြီးမားဆုံး ဆုလာဘ်ပင်။

ဟွမ်လုံသည် ယခုနှစ်တွင် အသက် ၄၅ နှစ်သာ ရှိသေးရာ စားဖိုမှူးတစ်ယောက်အနေဖြင့် အားအကောင်းဆုံးအရွယ် ဖြစ်သည်။

ကျိုးထျန်းသည် သူ၏ ကိုယ်ပိုင်ခံစားမှုအတွက်သာမက ကြီးမားသော အစီအစဉ်တစ်ခုအတွက် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

ရှန်ဟိုင်းတွင် အကောင်းဆုံး စားသောက်ဆိုင် ဖြစ်လာပါက 'အချဉ်ဓာတ်' ရရှိရန် လမ်းကြောင်းသစ်တစ်ခု ပွင့်လာမည် ဖြစ်သည်။

နာမည်ကြီး စားသောက်ဆိုင်များတွင် တန်းစီရသူ၊ ဘိုကင်မရသူများ၏ မနာလိုမှုမှာ ကျိုးထျန်းအတွက် အချဉ်ဓာတ်များစွာ ရရှိစေမည် ဖြစ်သည်။

ဤသည်မှာ စီးပွားရေးအရရော၊ စနစ်အရပါ အမြတ်ထွက်မည့် အစီအစဉ်ပင်။

All Chapters