← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

🍋 Chapter 85

ဖန်ယုံကျင်းသည် သူမ၏ ဖုန်းကို ကောက်ကိုင်ကာ လက် ကောက်ဝတ်အား ပုံပေါင်းရာနှင့်ချီ၍ ရိုက်တော့သည်။

သူမသည် ဝိုင်ဘီဒိုထဲရှိ ခင်ပွန်းဖြစ်သူ စုဆောင်းထားသော ဝိုင်နီများထဲမှ တစ်ပုလင်းကိုလည်း ထုတ်ယူလိုက်၏။

သို့သော် ၎င်းကို ဖောက်ရန် နှမြောသဖြင့် ဈေးသက်သာသော အခြားတစ်ပုလင်းကိုသာ အစားထိုးထုတ်ယူလိုက်သည်။

သူမသည် ဝိုင်တစ်ခွက် ငှဲ့လိုက်ပြီးဈေးကြီးသော ဝိုင်ပုလင်းကို ဖန်ခွက်ဘေးတွင် ကပ်ထားလိုက်သည်။

ထို့နောက် ဝိုင်ခွက်ကို အသာအယာ ကိုင်ထားသည့် သူမ၏ ဘယ်ဘက်လက်ကို ဓာတ်ပုံ ဆယ်ပုံ ဆက်တိုက် ရိုက်လိုက်၏။

သူမသည် ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်အားရနေသည်။ သူမ မျက်နှာတွင် ကျေနပ်သည့် အပြုံးအပြင် အထင်အမြင်သေးသည့် အရိပ်အယောင်အချို့လည်း ပါဝင်နေသည်။

ထို့နောက် ဓာတ်ပုံအချို့ကို သေချာစွာ ပြင်ဆင်ပြီးနောက် ဇနီးသည်များ Group ထံသို့ ပို့လိုက်တော့သည်။

အိမ်သို့ ရောက်ခါစ ကျိုးထျန်းသည် အလွန်ပြင်းထန်သော 'အချဉ်ဓာတ်' ပို့စ်များစွာ သူ့ရှေ့တွင် အကြောင်းရင်းမရှိဘဲ ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ထို့ပြင် ထိုအချဉ်ဓာတ်များမှာ အလွန်ပင် ဇွဲကောင်းလှပြီး တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ် တက်လာနေခြင်း ဖြစ်သည်။

"ငါ ဘာမှမလုပ်ရသေးဘဲနဲ့ ဒါက မမျှော်လင့်ဘဲ ရလာတဲ့ လာဘ်လာဘပဲ မဟုတ်လား"

ထိုနာမည်များမှာ ရင်းနှီးနေသကဲ့သို့ သူ ခံစားလိုက်ရသဖြင့် အချဉ်ဓာတ် မှတ်တမ်းများကို လှန်လှောကြည့်လိုက်သည်။

"ဟင်း ငါ မှတ်မိသလောက်ဆိုရင် မုယန်ကို အဲဒီတုန်းက ကြွေနာရီ ပေးတုန်းကလည်း ဒီလူတွေပဲ မနာလို ဖြစ်ခဲ့ကြတာ။ ဒီနေ့ ငါ နောက်တစ်လုံး ထပ်ပေးလိုက်တော့ သူတို့တွေ ပြန်စလာကြပြန်ပြီ။ ဒါက ဒီနာရီနဲ့ပဲ ဆိုင်ရမယ်။ ဒီလူတွေက မုယန်ရဲ့ သူငယ်ချင်းတွေလား၊ ဆွေမျိုးတွေလား"

သူသည် WeChat Moments ကို ချက်ချင်း စစ်ကြည့်သော် လည်း လျိုမုယန်က ဘာမှ တင်ထားခြင်း မရှိပေ။

သို့ဆိုလျှင် ဤလူများက နာရီအကြောင်းကို မည်သို့ သိသွားကြသနည်း။

"ဟုတ်သားပဲ မုယန်ကို Moments မှာ တင်ဖို့ ပြောဖို့ မေ့သွားတာပဲ။ နာရီဖိုးပြန်ကျေဖို့ အဲဒါ လိုတာလေ"

သို့သော် ကျိုးထျန်းက ဤအကြောင်းကို ပြောလိုက်သော အခါ လျိုမုယန်၏လေသံမှာ စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ သိသာလှသည်။

"ကျိုးထျန်း နင့်အနေနဲ့ ငါ့ကို ဒီလို ဈေးကြီးတဲ့ လက်ဆောင်တွေ မပေးသင့်တော့ဘူး"

"ဘာလို့လဲ၊ နင် သဘောမကျလို့လား"

"အင်း ဘာပဲဖြစ်ဖြစ် ငါ အဲဒါတွေကို မလိုချင်တော့ဘူး"

မိခင်ဖြစ်သူက သူတို့၏ Chat မှတ်တမ်းကို ခိုးကြည့်ပြီး နာရီကို လုယူသွားသည့် အကြောင်းကိုမူ သူမ မပြောပြပေ။

မိခင်ဖြစ်သူ၏အပြုအမူအတွက် သူမ အလွန် ရှက်ရွံ့နေပြီး မည်သူ့ကိုမျှ မပြောချင်သလို အထူးသဖြင့် ကျိုးထျန်းကို ပိုလို့မပြောပြရဲပေ။

"ဘာလို့လဲဆိုတာ ကိုယ့်ကို ပြောပြလေ၊ ကိုယ် အဖြေတစ်ခု ထုတ်ပေးမယ်"

ကျိုးထျန်းက သူမ တစ်ခုခု ဖုံးကွယ်ထားကြောင်း ရိပ်မိသွားသည်။

"ဘာမှမဟုတ်ပါဘူး၊ ငါ့လို ကျောင်းသူတစ်ယောက်အတွက် ဒီလောက် ဈေးကြီးတာတွေ သုံးဖို့ မသင့်တော်ဘူးလို့ ခံစားရလို့ပါ"

"ကိုယ့်စိတ်ထဲမှာတော့ မင်းက ဒီနာရီတွေထက် အများကြီး ပိုတန်ဖိုးရှိပါတယ်။ ဒါတွေက မင်း ဝတ်ထားမှ အကောင်းဆုံး ဖြစ်မှာပါ။

ပြီးတော့ ဒါတွေ ဝတ်ထားရင် အသုံးဝင်တာ တစ်ခု ရှိသေးတယ်။ တက္ကသိုလ်ရောက်လို့ ဒီလို ဈေးကြီးတဲ့ နာရီ ဝတ်ထားတာ မြင်ရင် ကျောင်းသားတွေက မင်းကို လာနှောင့်ယှက်ရဲမှာ မဟုတ်ဘူး။ အဲဒါကို 'အဝေးမှာနေ' လို့ ခေါ်တယ်"

"နင်ပဲ အဝေးမှာနေလိုက်"

လျိုမုယန်က စိတ်ဆိုးနေသော အီမိုဂျီများစွာ ပို့လိုက်သော် လည်း သူမ၏ စိတ်မကောင်း ဖြစ်နေမှုများမှာ အတော်အတန် ပြေလျော့သွားခဲ့သည်။

"မုယန်မင်း ဒီလို ဘဝမျိုးကို ကျင့်သားရအောင်လုပ်ရမယ်။ ကိုယ်နဲ့အတူ ရှိနေသရွေ့ မင်းက တစ်သက်လုံး ဒီလို ချမ်းချမ်းသာသာ နေသွားရမှာ။ အဲဒါကို လက်ခံလိုက်"

""

သူသည် သူမနှင့်အတူ ချွမ်းချန်သို့ သွားမည့် ခရီးစဉ်ရက်များကို ထပ်မံ အတည်ပြုလိုက်သည်။

လျိုမုယန် စိတ်မကြည်သည်ကို မြင်သဖြင့် ကျိုးထျန်းက Moments တင်ရန် ထပ်မပြောတော့ပေ။

သူမသည် ကြွားလုံးထုတ်ရခြင်းကို အနည်းငယ် တွန့်ဆုတ်နေသည် မဟုတ်ပါလား။

"ထားလိုက်ပါတော့၊ ငါက ပိုက်ဆံရှားနေတာမှ မဟုတ်တာ။ မတင်ချင်လည်း နေပေါ့"

သူသည် ဂရုမစိုက်တော့ပေ။ သူသည် ရှန်ဟိုင်းမှ ချွမ်းချန်သို့ သွားမည့် လေယာဉ်လက်မှတ်များကို အွန်လိုင်းတွင် ရှာကြည့်လိုက်သည်။

ကျိုးထျန်းသည် မူလက First Class မှာယူရန် စိတ်ကူးထားခြင်းဖြစ်သည်။

သူသည် တစ်သက်လုံး First Class မဆိုထားနှင့် Business Class ပင် မစီးဖူးသဖြင့် ထိုသို့သော ဇိမ်ခံမှုကို စမ်းသပ်လို၏။

သို့သော် ရှန်ဟိုင်းမှ ချွမ်းချန်သို့ သွားသော လေယာဉ်များတွင် First Class လုံးဝ မရှိကြောင်း သိလိုက်ရသည်။

အမြင့်ဆုံး ဝန်ဆောင်မှုမှာ Business Class သာ ဖြစ်သဖြင့် သူ၏ First Class အိပ်မက် ပျက်ပြားသွားရသည်။

"လက်မှတ်ခကတော့ တော်တော် သက်သာသားပဲ၊ ချွမ်းချန်ကို Business Class က ယွမ်တစ်ထောင်ကျော်ပဲ ရှိတယ်"

တကယ်တမ်းတွင် တရုတ်ပြည်တွင်း လေကြောင်းလိုင်းများ၌ ယခင်က First Class ရှိခဲ့သည်။

သို့သော် ယခုအခါ အစိုးရ၏သတ်မှတ်ချက်များမှာ ပိုမိုတင်းကျပ်လာသလို လေကြောင်းလိုင်းများကလည်း အမြတ်ပိုလိုချင်သဖြင့် လေယာဉ်အမျိုးအစား အများအပြားတွင် First Class ကို ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်သည်။

သို့သော် Business Class ၏ အပြင်အဆင်ကို အဆင့်မြှင့်တင်လိုက်သဖြင့် မူလ First Class နှင့် နီးစပ်လာခဲ့သည်။

နောက်ထပ် မသိသာသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများ အပါအဝင် ကုမ္ပဏီအများအပြားသည် First Class လက်မှတ်များကို စရိတ်ပြန်မပေးကြပေ။

ထို့ကြောင့် လေကြောင်းလိုင်းများက First Class ကို Business Class ဟု အမည်ပြောင်းကာ အပြင်အဆင်ကို အနည်းငယ် လျှော့ချလိုက်သည်။

ဤသို့ဖြင့် ကုမ္ပဏီလူကြီးများက ကုမ္ပဏီပိုက်ဆံဖြင့် ထိုဝန်ဆောင်မှုကို ခံစားနိုင်သလို လေကြောင်းလိုင်းများလည်း အမြတ်ရသဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြသည်။

အသွားအပြန် လက်မှတ်များကို မှာယူပြီးနောက် သူသည် ဟိုတယ်များကို ရှာဖွေတော့သည်။

ဤနေရာတွင် သူ အခက်တွေ့တော့သည်။ အကြောင်းမှာ ချွမ်းချန်တွင် အကောင်းဆုံးဟိုတယ်မှာ Bulgari စတိုးဖြစ်နေသောကြောင့်ပင်။

တည်ဆောက်မှု၊ တည်နေရာ၊ အဆောက်အဦး သို့မဟုတ် ဝန်ဆောင်မှု မည်သည့်အချက်ဖြင့်ကြည့်ကြည့် Bulgari မှာ အခြား Brand များကို သာလွန်နေသည်။

သို့သော် ယနေ့ Bulgari စားသောက်ဆိုင်တွင် ထိုအမျိုးသမီးနှင့် တွေ့ခဲ့ရသဖြင့် ကျိုးထျန်းသည် ထို Brand ကို အမြင်မကြည် ဖြစ်နေသည်။

"ပိုင်ရှင်က ဒီလောက် စိတ်မချရတာ၊ သူ့ဟိုတယ်ကလည်း လိမ်တာမျိုး ဖြစ်နေမလား"

လိမ်ရန်မှာ အလွန်မဖြစ်နိုင်သော်လည်း မဟုတ်ပါက Bulgari သည် နိုင်ငံ၏အကြီးဆုံး အဆင့်မြင့် ဟိုတယ် Brand ဖြစ်လာမည် မဟုတ်ပေ။

"ဟေး ဒီနေ့ မန်နေဂျာ ပြောတာက နောက်ဆို Bulgari မှာ စားသမျှကို ဟိုတယ်က တာဝန်ယူမယ် ဆိုတာပဲ။ ချွမ်းချန်က Bulgari မှာလည်း အဲဒီလိုပဲလား"

သူသည် ချွမ်းချန်စတိုးသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။ မည်သူမည်ဝါ ဖြစ်ကြောင်း ပြောပြလိုက်သောအခါ အဖြေတစ်ခု ရရှိခဲ့သည်။

"မင်္ဂလာပါ မစ္စတာကျိုး၊ လူကြီးမင်းက ကျွန်မတို့ ဟိုတယ်ရဲ့ Platinum အဖွဲ့ဝင် ဖြစ်နေပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Bulgari ရဲ့ ဘယ်ဆိုင်မှာမဆို လူကြီးမင်းရဲ့ စားသောက်စရိတ်အားလုံးကို ရုံးချုပ်က တိုက်ရိုက် တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ Bulgari ရဲ့ အထူးဝန်ဆောင်မှုတွေကို စိတ်ကြိုက် ခံစားနိုင်ပါတယ်"

ဖုန်းချလိုက်ပြီးနောက် ကျိုးထျန်းသည် ထပ်ခါတလဲလဲ စဉ်းစားနေမိပြီး ထိုအမျိုးသမီးမှာ ထူးခြားသူဖြစ်ကြောင်း ပိုခံစားလိုက်ရသည်။

Bulgari ၏ Platinum အဖွဲ့ဝင်အဆင့်မှာရရန် ခက်ခဲပြီး Diamond အဆင့်ပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်နိုင်သည်။ အခမဲ့ ကြိုပို့ဝန်ဆောင်မှုအပြင် ၁၀ ရာခိုင်နှုန်း လျှော့ဈေးလည်း ရရှိသေးသည်။

"ပြီးတော့ သူမက Bulgari မှာ စိတ်ကြိုက် စားနိုင်တယ်လို့ ပြောခဲ့တာပဲ။ ငါတို့က တစ်ခါပဲ ဆုံဖူးတာ၊ စုစုပေါင်း ၅ မိနစ်တောင် မပြည့်ဘူး။ ဒါကို သူမက ငါ့ကို တစ်ကမ္ဘာလုံးမှာ အလကား စားသောက်ခွင့် ပေးရဲတယ်ပေါ့"

"အထင်ကြီးစရာပဲ၊ သူမက တကယ် သတ္တိရှိတာပဲ။ ငါ သူမကို အကုန်အပြောင် စားပစ်မှာကို မကြောက်ဘူးလား မသိဘူး"

သို့သော် ကျိုးထျန်း ပြန်စဉ်းစားကြည့်သောအခါ အဓိပ္ပာယ်ရှိလှသည်။ Bulgari ၏ ဈေးကွက်တန်ဖိုးမှာ ယွမ် ဘီလီယံ ၅၀ ကျော်ရှိရာ သူ မည်မျှပင် စားနိုင်ပါစေ သူမကို ဒုက္ခပေးနိုင်မည် မဟုတ်ပေ။

"ဒါပေမဲ့ သူမ ဘာလို့ အဲဒီလို လုပ်တာလဲ။ အဲဒီနာရီကို လိုချင်ရုံသက်သက်ပဲလား"

ကျိုးထျန်းမှာ မယုံနိုင်အောင် ဖြစ်နေသည်။ ဟယ်ဝေရွှမ်း အတွက်မူ ထိုနာရီက သူမ သဘောကျသဖြင့် အရေးကြီးခြင်း ဖြစ်သည်။

သို့သော် တန်ဖိုးအရကြည့်လျှင် ထိုနာရီမှာ လုံးဝအရေးမပါပေ။

သူမ ကိုယ်တိုင်ပင်လျှင် ယွမ် ၃ သန်းကျော် တန်သော Patek Philippe ကို အဝတ်အစားနှင့် လိုက်ဖက်ရန်အတွက်သာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသူဖြစ်သည်။

သူမတွင် ယွမ် ၂ သန်းကျော်တန် နာရီပေါင်း ၂၀ ထက်မနည်း ရှိပြီး အားလုံးမှာ သူမ၏စတိုင်နှင့် လိုက်ဖက်ရန်အတွက်သာ ဖြစ်သည်။

သူမ ဤသို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျိုးထျန်းထံတွင် ထူးခြားသော အရှိန်အဝါ ရှိသည်ဟု သူမ ယူဆသော ကြောင့်ပင်။

သူမ၏ အရှိန်အဝါအပြည့်အဝ ထွက်ပေါ်နေချိန်မှာပင် တည်တည်ငြိမ်ငြိမ် နေနိုင်ခြင်းမှာ သူ့ အသက်အရွယ်နှင့် မည်သူမျှ မလုပ်နိုင်သည့် အရာဖြစ်သည်။

ထို့ကြောင့် ကျိုးထျန်းတွင် ထူးခြားသော အရည်အချင်းများ ရှိရမည်ဟု သူမ ကောက်ချက်ချလိုက်ပြီး ကုမ္ပဏီ၏အရင်း အမြစ်များကို သုံး၍ သူ့ကို မျက်နှာသာပေးလိုက်ခြင်း ဖြစ်သည်။

ကျိုးထျန်းသည် နောင်တွင် အာဏာနှင့် စည်းစိမ်ရရှိလာပါက သူမ၏ ဤသေးငယ်သော လုပ်ရပ်မှာ အလွန်တန်ဖိုးရှိလာမည်ဖြစ်သည်။

အကယ်၍ ကျိုးထျန်းက ဘာမှဖြစ်မလာလျှင်လည်း ကိစ္စမရှိပေ၊ ဤပိုက်ဆံပမာဏမှာ သူမအတွက် ဘာမှမဟုတ်သဖြင့် အလှူဒါနဟုသာ မှတ်ယူနိုင်၏။

၎င်းတို့၏ ၅ မိနစ်တာ တိုတောင်းသော တွေ့ဆုံမှုအတွင်း ဟယ်ဝေရွှမ်းသည် သူမ၏ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျိုးထျန်းမှ သူမ အတွေးကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အရေးမကြီးပေ။ သူမသည် အခြားသူ၏ နားလည်မှုကို မလိုအပ်ဘဲ သူမ လုပ်ချင်သည်ကို လုပ်ခြင်းမှာ သူမ၏ မူဝါဒပင်။

"ဥက္ကဋ္ဌက ဒီလောက်တောင် ယဉ်ကျေးနေမှတော့ ကိုယ်ကလည်း အားပေးရမှာပေါ့"

သူသည် ဟိုတယ်၏ ဈေးအကြီးဆုံး Penthouse အခန်းကို တိုက်ရိုက် ကြိုတင်မှာယူလိုက်သည်။

ဟိုတယ်၏ ၄၈ ထပ်တွင် တည်ရှိပြီး ချန်တူးမြို့၏မြင်ကွင်း ကျယ်ကို မြင်ရသည်။

ကြယ်ငါးပွင့် ဟိုတယ် Presidential Suite အများစုမှာ ဟိတ်ဟန်ကြီးပြီး ခေတ်နောက်ကျနေတတ်သော်လည်း Bulgari ရှိ ဤ Penthouse အခန်းမှာမူ ခေတ်မီ ဇိမ်ခံမှုများဖြင့် ပြည့်နှက်နေသည်။

စိတ်ကူးနိုင်သမျှ ထိပ်တန်း အသုံးအဆောင်များအပြင် ၁၅ မီတာ x ၃ မီတာ ရှိသော ရှုခင်းကြည့် ရေကူးကန်လည်း ပါဝင်သေးသည်။

သီးသန့် ရေကူးကန်မှာ ဧည့်ခန်းဧရိယာရှိ ကြမ်းပြင်မှ မျက်နှာ ကြက်အထိ မှန်ပြတင်းပေါက်ကြီးများ၏ ရှေ့တည့်တည့်တွင် ရှိနေခြင်း ဖြစ်သည်။

အောက်က ဖြတ်သွားဖြတ်လာများကို ကြည့်ရင်း ရေကူးကန်ထဲတွင် ကော့တေးသောက်ကာ အပန်းဖြေနေသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ဘယ်လောက်တောင် သာယာလိမ့်မလဲ။

ကျိုးထျန်းအနေဖြင့် လက်ရှိအခန်းအား ရှုခင်းကြည့်ဖို့သက်သက် မှာယူခဲ့ခြင်း မဟုတ်ပေ။

ဒါတွေ ရှိနေတာကတော့ ကောင်းတာပေါ့၊ ဘယ်သူကမှ အပန်းမဖြေချင်ဘဲ နေပါ့မလဲ။

သို့သော် သူ ဤအခန်းကို မှာယူရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ အခန်းတွင်း ရေကူးကန်ကြောင့် ဖြစ်သည်။

လျိုမုယန် ရေကူးဝတ်စုံ ဝတ်ထားသည်ကို သူ တစ်ယောက် တည်း ကြည့်ရတော့မည် မဟုတ်ပါလား။

တွေးကြည့်ရုံနဲ့တင် တကယ်ကောင်းမွန်လှသည်။

🍋 Chapter 86

လျိုမုယန်၏ တောင်းဆိုချက်အရ သူတို့နှစ်ယောက်မှာ သီးခြားစီ အခန်းခွဲအိပ်ကြရမည် ဖြစ်သည်။ ဤ Penthouse အခန်းတွင် အိပ်ခန်းနှစ်ခန်း ပါရှိရာ အလွန်ပင် အဆင်ပြေလှ၏။

၎င်းမှာ မူလကတည်းက မိသားစုများအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။

ချန်တူးသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာ မြို့ဖြစ်သည်နှင့်အညီ ဟိုတယ်၏ မိသားစုများအတွက် စီစဉ်ပေးမှုမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။

အခန်းခနှင့် ပတ်သက်၍မူ ကျိုးထျန်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု မခံစားရပေ။

"ဒီအခန်းကို မှာထားရင် ကိုယ်ပိုင်ကားပါကင်နေရာနဲ့ ကြိုပို့ဝန်ဆောင်မှုတွေပါ ပါပြီးသား။ ပြီးတော့ လည်ပတ်ဖို့အတွက် ကားသီးသန့်လည်း ငှားလို့ရသေးတယ်၊ တို့နှစ်ယောက်အတွက်တော့ အပြည့်စုံဆုံးပဲ"

သူသည် ကားကိုယ်တိုင် မောင်းနှင်ရသည်ကို ကျင့်သားရနေသူဖြစ်ရာ ချန်တူးသို့ ရောက်လျှင် ကားတစ်စီးငှားကာ လျိုမုယန်ကို လိုက်ပို့ရန် မူလက စိတ်ကူးထားခဲ့သည်။

သူ၏ ကိုယ်ပိုင်ကားကို ထိုနေရာသို့ သယ်ယူရန် စဉ်းစားခဲ့သော်လည်း စရိတ်စကမှာ မသက်သာပေ။

ထို့ကြောင့် ကားငှားရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဟိုတယ်တွင် ကားသီးသန့်ငှားသည့် ဝန်ဆောင်မှုရှိနေသဖြင့် ကိုယ်တိုင်မောင်းရသည့် ဒုက္ခမှ ကင်းဝေးသွားကာ ပိုအဆင်ပြေသွားတော့သည်။

သူသည် ချန်တူး၏လမ်းများကို မကျွမ်းကျင်သဖြင့် ဒေသခံယာဉ်မောင်းရှိနေခြင်းမှာ အကောင်းဆုံးပင်။

သို့သော် ဟိုတယ်၏ ကြိုပို့ကားမှာ BMW 5 Series ဖြစ်နေသဖြင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

Bentley စီးရသည်ကို ကျင့်သားရနေသဖြင့် ထိုကားကို သူ မနှစ်သက်ပေ။ ဟိုတယ်မှာ အလွန်သတိရှိလှသည်။ ကားအမျိုးအစားကို အဆင့်မြှင့်တင်၍ ရသေးသည်။

Rolls-Royce Phantom ပင်လျှင် ရနိုင်သော်လည်း အပိုပိုက်ဆံပေးရမည်ဟူသော အချက်တစ်ခုရှိသည်။ Mercedes S-Class ဆိုလျှင် တစ်ရက်ကို ယွမ် ၃,၀၀၀ ကျသင့်ပြီး ယာဉ်မောင်းအတွက် လက်ဖက်ရည်ဖိုးလည်း ပေးရဦးမည်။

Bentley Flying Spur ဆိုလျှင် ယွမ် ၅,၀၀၀ ဖြစ်ပြီး Rolls-Royce ဆိုလျှင်မူ ယွမ် ၁၀,၀၀၀ ပင် ကျသင့်မည် ဖြစ်သည်။

၎င်းမှာ မနက် ၉ နာရီမှ ည ၉ နာရီအထိသာ ဖြစ်၏။ ထိုအချိန်ကျော်လွန်သွားပါက အပိုပိုက်ဆံ ထပ်ပေးရမည် ဖြစ်သည်။

"ထားလိုက်ပါတော့ BMW ပဲ ကောင်းပါတယ်"

ပိုက်ဆံတွေ အများကြီး သုံးရသည်မှာ အဖြုန်းကြီးရာ ကျနေလိမ့်မည်။

ခရီးစဉ်အတွက် လိုအပ်သည်များကို မှာယူပြီးနောက် ကျိုးထျန်းသည်ထျန်းချိုင် နည်းပညာ၏ သတင်းအသစ်များကို သိရှိရန် WeChat Group ကို ဖွင့်ကြည့်လိုက်သည်။

သူသည် ယင်းချိုင် နည်းပညာကို ထျန်းချိုင်နည်းပညာက အပြီးသတ်ဝယ်ယူလိုက်သည့် သတင်းကို လူအများသိအောင် မကြေညာရသေးပေ။

ယင်းချိုင်၏ ယခင်က ဂုဏ်သတင်းမှာ မကောင်းခဲ့သဖြင့် နာမည်အသစ် ပြောင်းလိုက်ရုံဖြင့် ကုမ္ပဏီအပေါ် ကောင်း ကျိုးသက်ရောက်မှုမှာ အနည်းငယ်သာ ရှိလိမ့်မည်။

သူ လုပ်မည်ဆိုလျှင် အကောင်းဆုံးရလဒ်ကို ရရှိချင်သည်။ ထို့ကြောင့် အချိန်ကောင်းကို စောင့်ရန် သူ ဆုံးဖြတ်လိုက်သည်။

သူသည် Group တစ်ခု ဖွဲ့လိုက်ပြီး ယင်းချိုင်မှ ကျန်ရှိနေသော အဆင့်မြင့် စီမံခန့်ခွဲသူများအားလုံးကို ထည့်လိုက်၏။

သူသည် ရှုပ်ထွေးသော အစီရင်ခံစာများ၊ ဂိမ်းဒီဇိုင်း သို့မဟုတ် ကုမ္ပဏီ စီမံခန့်ခွဲမှုများကို နားမလည်ပေ။ ယခုမှသာ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ရခြင်း၏ ဖိအားကို သူ ခံစားလိုက်ရသည်။

ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲခြင်းမှာ ပိုက်ဆံပစ်ပေးရုံဖြင့် လုပ်၍ရသော အရာမဟုတ်ပေ။ သို့သော် အနည်းဆုံးတော့ ပိုက်ဆံသုံး၍ ဝန်ထမ်းများ၏စိတ်ဓာတ်ကို ခေတ္တ တည်ငြိမ်အောင် သူ လုပ်ဆောင်နိုင်ခဲ့သည်။

ယခုအခါ ယင်းချိုင် သည် ပြင်ပမှ ဝန်ထမ်းအသစ်ခေါ်ယူရာတွင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရသည်။

ဝန်ထမ်းအငယ်စားများမှာ ရှာရလွယ်သော်လည်း စီမံခန့်ခွဲသူများနှင့် နယ်ပယ်အတွင်းမှ ဝါရင့်ပညာရှင်များကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။

၎င်းမှာ သူ့အတွက် ခေါင်းခဲစရာ ကိစ္စဖြစ်နေသည်။

ဤလကုန်တွင် "Despair World" ဂိမ်းသည် Public Beta အဆင့် ပြီးဆုံးကာ တရားဝင် စတင်တော့မည် ဖြစ်သည်။

စတင်ပြီးနောက် လူအင်အား အမြောက်အမြား ပိုထွက်လာမည်ဖြစ်ရာ ထိုသူများကို နောက်ထပ် ပရောဂျက်များအတွက် အသုံးချရမည် ဖြစ်သည်။

သို့သော် ယခု ထျန်းချိုင်တွင် ဦးဆောင်သူ ဝူချန်ချိုင် မရှိတော့သဖြင့် အားလုံးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

ကျိုးထျန်း၏ ရှေ့တွင် ပရောဂျက် အမျိုးအစားများစွာ ရောက်နေသော်လည်း အရင်းအမြစ်များကို မည်သို့ ခွဲဝေရမည်ကို သူ မသိပေ။

မူလ ထိုကိစ္စများကို မိုဘိုင်းဂိမ်းလောကတွင် ဝါရင့်သူ ဝူချန်ချိုင်က ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။

သူ့တွင် ထိုအရည်အချင်း မရှိပေ။ ထို့ကြောင့် သူ ရင်ဆိုင်နေရသော အဓိက ပြဿနာမှာထျန်းချိုင် နည်းပညာကို တာဝန်ယူပေးမည့်သူ တစ်ဦးကို ရှာဖွေရန် ဖြစ်သည်။

သူသည် စီမံခန့်ခွဲမှု ကုမ္ပဏီအချို့နှင့် ဆက်သွယ်ခဲ့သော် လည်း စိတ်ကျေနပ်လောက်သော အဖြေ မရသေးပေ။

ကုမ္ပဏီကြီးများမှ စီမံခန့်ခွဲသူများမှာ အောင်မြင်မှု ရရှိပြီးသားဖြစ်ရာ ၎င်းတို့ကို အလုပ်ပြောင်းရန် ဆွဲဆောင်ခြင်းမှာ ပိုက်ဆံတစ်ခုတည်းဖြင့် မလုံလောက်ပေ။

ဂျက်ဆီအား ပြည်ပမှ လူခေါ်ခိုင်းရန်လည်း သူ မဝံ့ရဲပေ။ နိုင်ငံခြား ပညာရှင်များမှာ အသိုင်းအဝိုင်းတွင် လူသိများသော်လည်း တရုတ်စျေးကွက်နှင့် တရုတ်လူမျိုးများအကြောင်းကို နားမလည်ကြပေ။

ကျိုးထျန်းမှာ ထိုနိုင်ငံခြားသားများကို မျက်စိမှိတ် မယုံကြည်နိုင်သလို ၎င်းတို့ တောင်းဆိုသော ဈေးနှုန်းမှာလည်း မတန်တဆ ဖြစ်နေသဖြင့် လက်မခံနိုင်ပေ။

‘ဒုက္ခပဲ တကယ့်ကို ဒုက္ခပဲ။ ငါက အပြစ်ကင်းလွန်းခဲ့တာပဲ။ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရတာ ဒီလောက် ရှုပ်ထွေးမယ်လို့ မထင်ခဲ့ဘူး’

၎င်းမှာ ကျိုးထျန်းက သူ့ အသက် ၁၈ နှစ်ဖြစ်ကြောင်းမဖော် ပြရသေးခင် အခြေအနေဖြစ်သည်။

အကယ်၍ အသက် ၄၀ သို့မဟုတ် ၅၀ အရွယ် စီမံခန့်ခွဲသူများသာ သိသွားပါက ပိုပြောစရာ ဖြစ်လာလိမ့်မည်။

‘သူတို့ကို ထိန်းထားနိုင်မယ့်သူ၊ အရေးကြီးတဲ့ အချိန်မှာ စံပြဖြစ်စေမယ့်သူမျိုးကို ငါ ရှာဖို့ လိုတယ်’

လူငယ်လေး ကျိုးထျန်းမှာ သူ၏ အသက်အရွယ်နှင့် မလိုက်အောင် ဖိအားများကို ခံစားနေရသည်။

ဒါက သူဌေးတွေ ခံစားရတဲ့ ဆင်းရဲဒုက္ခလား။

နှစ်ရက်အကြာတွင် ကျိုးထျန်းနှင့် လျိုမုယန်တို့မှာ ရှန်ဟိုင်းလေဆိပ်တွင် ဆုံတွေ့ခဲ့ကြသည်။

ကျိုးထျန်းသည် မွန်းတည့်ချိန်တွင် ထွက်ခွာပြီး ညနေပိုင်းတွင် ရောက်ရှိမည့် လေယာဉ်ကို သေချာစွာ ရွေးချယ်ခဲ့သည်။ မနက်စောစော လေယာဉ်များမှာ အလွန် ပင်ပန်းလှသည်။

မနက်ပိုင်းတွင် ပင်ပန်းသွားပါက တစ်နေ့လုံး နားနေရမည်ဖြစ်ရာ အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။

သူသည် ယနေ့ လျိုမုယန်ကို ကားဖြင့် သွားမကြိုပေ၊ လေဆိပ်ကားပါကင်ခမှာ အလွန် ကြီးလှသည်။

သူတို့ တစ်ပတ်ကြာ သွားမည်ဖြစ်ရာ တစ်ပတ်စာ ကားပါကင်ခမှာ ကောင်းမွန်သော ညစာတစ်နပ် စား၍ ရနိုင်ပေသည်။

လျိုမုယန်တွင် ခရီးဆောင်သေတ္တာ တစ်လုံးသာ ပါသည်ကို မြင်သောအခါ ကျိုးထျန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

"မိန်းကလေးတွေ ခရီးသွားရင် ခရီးဆောင်သေတ္တာ အများကြီး ပါတတ်တာ မဟုတ်လား။ နင် ဘာလို့ တစ်လုံးတည်း ယူလာတာလဲ"

"ငါ့မှာမှာ အဲဒီလောက် အသုံးအဆောင်တွေ ဘယ်မှာ ရှိမှာလဲ။ ဒီတစ်လုံးကတည်းက အများကြီး ဖြစ်နေပြီ"

Business Class ၏ အကြီးမားဆုံး အားသာချက်တစ်ခုမှာ တန်းစီရန် မလိုခြင်း ဖြစ်သည်။ သီးသန့် Check-in လမ်းကြောင်း ရှိသဖြင့် Economy Class လူအုပ်ကြီးကဲ့သို့ စောင့်ဆိုင်းရန် မလိုပေ။

Economy Class တွင် တန်းစီနေသူများကို မြင်သောအခါ သူက လျိုမုယန်ကို လှမ်းဆွဲလိုက်သည်။

"တို့တွေ သွားရမှာက ဒီဘက်လမ်း"

"ဟာ နင်ကတော့ ပိုက်ဆံတွေကို ဖြုန်းပြန်ပြီ"

"ဒါကို ဖြုန်းတယ်လို့ ဘယ်လိုခေါ်မလဲ။ ကိုယ်က ဝန်ဆောင်မှုနဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံအတွက် ပိုက်ဆံပေးတာပဲလေ"

မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့သည် ခရီးဆောင်အိတ်များကို အပ်နှံပြီးသွားခဲ့သည်။

ပိုက်ဆံသုံးခြင်း၏ အကျိုးကျေးဇူးမှာ သိသာလှသည်၊ လုံခြုံရေး စစ်ဆေးသည့် နေရာပင်လျှင် VIP Lounge သို့ တိုက်ရိုက် ဆက်သွယ်ထားသော သီးသန့်နေရာ ရှိနေသည်။

လေဆိပ်တွင် နေရာတိုင်း တန်းစီရခြင်းနှင့် လေယာဉ်ထွက်မည့် ဂိတ်ကို လိုက်ရှာရသည့် ဒုက္ခများ မရှိတော့ဘဲ အားလုံးကို သီးသန့်လမ်းကြောင်းနှင့် ကြိုပို့ယာဉ်ငယ်ဖြင့်သာ ဆောင်ရွက်ပေးသည်။

လေယာဉ်ပေါ်တွင် ကျိုးထျန်းက လျိုမုယန်အတွက် ကော်ဖီတစ်ခွက် မှာပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ ဆိုဒါကိုသာ သောက်ရန် ဆုံးဖြတ်လိုက်သည်။

"ကျိုးထျန်း ဟိုမှာ ကြည့်ပါဦး! အဲဒါ အဲဒီကောင်မလေး မဟုတ်လား"

လျိုမုယန်က ကျိုးထျန်းကို ပုတ်ကာ သူတို့နှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

လူအချို့ ထိုင်နေကြပြီး အများစုမှာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း တစ်ဦးမှာမူ နေကာမျက်မှန်အကြီးကြီး၊ Mask နှင့် ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားသည်။

ထိုသို့ မသိအောင် ဖုံးကွယ်ထားခြင်းမှာ ဖျော်ဖြေရေးလောကမှ လူတစ်ဦး ဖြစ်နေသည်မှာ သိသာလှသည်။

"အဲဒါ ဘယ်သူလဲ။ ကိုယ်တော့ မသိဘူး"

"အဲဒါ သူလေ စွမ်းရည်ပြိုင်ပွဲက ကောင်မလေး"

"ကိုယ်က ဘယ်လိုသိမှာလဲ။ ကိုယ်က အဲဒီလို ပြိုင်ပွဲတွေမှ မကြည့်တာ"

ကျိုးထျန်းမှာ WeChat Moments တွင် ပို့စ်တင်ရန် အလုပ် ရှုပ်နေသဖြင့် ထိုသူကို ဂရုမစိုက်ပေ။

"ပြီးတော့ မုယန် နင့်မျက်စိက တော်တော်စူးတာပဲ။ သူက အကုန်ဖုံးထားတာကို ဘယ်သူမှန်း ဘယ်လိုသိတာလဲ"

"သိတာပေါ့! ကျောက်ရှင်းရဲ့ ညာဘက်လက်မောင်းမှာ တက်တူး ရှိတယ်လေ။ သူက လက်တိုဝတ်ထားတော့ အဲဒါကို မြင်လိုက်တာ"

"အော် တက်တူးလား။ နင်က သူ့ကို အဲဒီလောက် ကြိုက်တာလား။ လက်မှတ် ထိုးခိုင်းပေးရမလား"

"တကယ်လား၊ လိုချင်တယ်"

လျိုမုယန်က တောင်းဆိုလာသဖြင့် သူ သွားလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

လေယာဉ်မှာ ကောင်းကင်ယံတွင် တည်ငြိမ်စွာ ပျံသန်းနေချိန်၌ သူ ထရပ်ကာ ဘေးဘက်သို့ လျှောက်သွားလိုက်သည်။

"နေကောင်းလား ကျွန်တော်က"

သူ အရှေ့သို့ ရောက်ရုံသာ ရှိသေးသည်၊ စကားပင် မဆုံးသေးခင် ဘေးရှိ ဝဝဆူဆူ ကောင်မလေးတစ်ဦးက ဥအခိုးခံရသည့် ကြက်မကဲ့သို့ ရုတ်တရက် ထရပ်ကာ သူ့လမ်းကို လက်ဖြင့် ပိတ်လိုက်သည်။

"လာမနှောင့်ယှက်ပါနဲ့! ဓာတ်ပုံရိုက်တာ၊ လက်မှတ်ထိုးတာတွေ မလုပ်ပေးပါဘူး။ ဒီထက် ပိုနီးလာရင် အကူအညီ တောင်းလိုက်မှာနော်!"

ကျိုးထျန်းမှာ လန့်သွားရသည်။

‘ငါ ဘာမှတောင် မလုပ်ရသေးဘူးလေ!’

ထိုင်ခုံရှိ ကောင်မလေးမှာမူ နားကြပ်တပ်ကာ အိပ်ပျော်နေသဖြင့် သူမ လက်ထောက် ပြောနေသည်များကို ကြားပုံမရပေ။

All Chapters