အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
🍋 Chapter 87
ထိုအမျိုးသမီးအမူအရာကို ကြည့်ပြီးနောက် သူမသည် အမျိုးသမီးအနုပညာရှင်၏ မန်နေဂျာ သို့မဟုတ် လက် ထောက်ဖြစ်မည်ဟု ကျိုးထျန်း ခန့်မှန်းလိုက်မိသည်။
သို့သော် စကားပင် မပြောရသေးခင် ငြင်းပယ်ခံလိုက်ရသဖြင့် သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
"အနုပညာရှင် အသေးအဖွဲလေးပါပဲ၊ တုံ့ပြန်ပုံကလည်း လွန်လိုက်တာ"
သူက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သော်လည်း မလှမ်းမ ကမ်းရှိ ဝဝကောင်မလေးက ကြားသွားခဲ့သည်။
"ဘာပြောလိုက်တာလဲ။ ငါတို့အမက အမျိုးသားအဆင့်နတ်ဘုရားမ၊ ပရိသတ်အားပေးမှု အများဆုံးရထားတဲ့သူ၊ ကြည့်ရှုသူသန်းချီရှိတဲ့သူ သိရဲ့လား။ နားမလည်ရင် အိမ်ပြန်ပြီး စာသေချာသင်ဦး။ ဘာမှမသိဘဲ အပြင်ထွက်ဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ"
ရုတ်တရက် အပြင်းအထန် ဝေဖန်ခံလိုက်ရသဖြင့် ကျိုးထျန်း မကျေမနပ် ဖြစ်သွားသည်။
သို့သော် ပတ်ဝန်းကျင်ကို ထောက်ထားပြီး အခြားခရီးသည်များကို မနှောင့်ယှက်လိုသဖြင့် သူ အောင့်အည်းသည်းခံလိုက်သည်။ သူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် မိမိထိုင်ခုံသို့ ပြန်လာခဲ့၏။
"လက်မှတ်ကော ပါလား"
လျိုမုယန် သူ အငြင်းခံလိုက်ရသည်ကို ကြားလိုက်ရသဖြင့် ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။
"မုယန် မပြောသင့်တာကို ဘာလို့ လာပြောနေတာလဲ။ နင်ကတော့ တော်တော်ဆိုးလာပြီ"
"ဟဲဟဲ"
သူမသည် ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ခိုးရယ်နေမိသည်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည့် ကျိုးထျန်း ရှက်သွားသည်ကို မြင်ရသဖြင့် သူမ အလွန်ပျော်နေ၏။
ခဏအကြာတွင် လျိုမုယန်က သူ့ လက်မောင်းကို ဖက်လိုက်သည်။
"ကဲပါ စိတ်မဆိုးပါနဲ့တော့။ ငါ အခုကစပြီး ကျောက်ရှင်း ကို ဆန့်ကျင်တော့မယ်။ ခဏနေရင် သူ့ကို Unfollow လုပ်လိုက်မယ်"
"ငါ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ ဒီလို အနုပညာရှင် အသေးအဖွဲလေးတွေက သိပ်မကျော်ကြားဘဲ အရှိန်အဝါကတော့ အတော်ကြီးတာပဲ။ အပြင်ထွက်ရင်တောင် အစေခံတွေ အများကြီး ပါသေးတယ်။ အားလုံးက ဘာလို့ အနုပညာရှင် ဖြစ်ချင်ကြလဲဆိုတာ မဆန်းတော့ဘူး၊ ကြည့်ရတာ တော်တော် မိုက်တာပဲ"
သူက လျိုမုယန်၏ ဆံပင်များကို ကိုင်ကာ စနောက်လိုက်သည်။
"နင်ရော အနုပညာရှင် ဖြစ်ချင်လား။ နင်က Host တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောဖူးတာ မှတ်မိသား"
"Host ဆိုတာ အနုပညာရှင် မဟုတ်ဘူး၊ သူတို့က ကွဲပြားတယ်"
လျိုမုယန်က ထိုစကားကို ကြားသောအခါ တည်တည်တံ့တံ့ ဖြစ်သွားသည်။
"ငါ ဖြစ်ချင်တာက တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးစင်မြင့်ပေါ်မှာ ရပ်တည်နိုင်မယ့် Host တစ်ယောက်ပဲ။ ဖျော်ဖြေရေး အစီ အစဉ်တွေက Host တွေ ဒါမှမဟုတ် အနုပညာရှင် အသေးအဖွဲလေးတွေ မဟုတ်ဘူး"
ကျိုးထျန်း ခေါင်းညိတ်ကာ သူမ ဆိုလိုသည်ကို နားလည်လိုက်သည်။
"အဲဒါဆို နင်က CCTV မှာ အလုပ်လုပ်ချင်တာပေါ့"
"အဲဒါက အရမ်းခက်ခဲတယ်လေ။ ဒါပေမဲ့ အနည်းဆုံးတော့ ရှန်ဟိုင်း ရုပ်သံဌာနလောက်တော့ ဖြစ်သင့်တာပေါ့ မဟုတ်ဘူးလား"
လျိုမုယန် မျက်လုံးထဲမှ ပြတ်သားမှုကို မြင်သောအခါ ကျိုးထျန်းက အခြေအနေကို စဉ်းစားသုံးသပ်လိုက်သည်။
'CCTV က တကယ်ကို ခက်ခဲတယ်။ ဘွဲ့ဒီဂရီမြင့်တာ တစ်ခုတည်းနဲ့ မရဘူး၊ တခြား ရှုပ်ထွေးတဲ့ အချက်တွေ အများကြီး ရှိသေးတယ်။
နိုင်ငံရဲ့အဆင့်မြင့်ဆုံး နေရာဖြစ်တော့ လူတစ်သောင်း၊ လူတစ်သန်းမှာ တစ်ယောက်လောက်ပဲ အရည်အချင်း ပြည့်မီနိုင်တာ။ ဒါပေမဲ့ မုယန်ရဲ့ ပုံစံက အဲဒီလို ဖျော်ဖြေရေး မဟုတ်တဲ့ ပင်မရေစီးကြောင်း ပုံစံမျိုးနဲ့ ပိုပြီးလိုက်ဖက်တယ်'
အခြားမိန်းကလေးများနှင့် နှိုင်းယှဉ်လျှင် လျိုမုယန်သည် ပိုရိုးသားပြီး သဘောထားကြီးသော အမူအရာ ရှိသည်။ ၎င်းမှာ သူမ မိသားစု နောက်ခံကြောင့်ပင်။
"ဟုတ်တယ် အနုပညာရှင် အသေးအဖွဲလေးတွေ ဖြစ်နေတာက ဘာထူးမှာလဲ။ ပြီးတော့ နင်က အဲဒီ အနုပညာရှင်တွေထက် အများကြီး ပိုလှပါတယ်"
"နင်ကတော့ မြှောက်ပင့်ပေးနေတာပဲ"
လေယာဉ်စီးချိန် သုံးနာရီကျော်အတွင်း သူတို့နှစ်ယောက်မှာ အအေးသောက်ရင်း စကားပြောခဲ့ကြသည်။
ထိုင်ခုံများမှာ သက်သောင့်သက်သာရှိပြီး နေရာကျယ်သဖြင့် သူတို့ လုံးဝ မပင်ပန်းကြပေ။
ရိုးရိုးတန်းထက် လေးဆပိုပေးရသော်လည်း ထိုက်တန်သည်ဟု ကျိုးထျန်း ခံစားရသည်။
လေယာဉ်ဆင်းရန် မိနစ် ၃၀ ခန့်သာ လိုတော့သည့် အချိန်တွင် တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သူ သိလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ နေကာမျက်မှန်နှင့် Mask တပ်ထားသော အမျိုးသမီးကို တွေ့လိုက်ရသည်။
သူမသည် သူတို့အနီးသို့ လာကာ Mask နှင့် မျက်မှန်ကို ချွတ်လိုက်ပြီး အားနာသည့် အမူအရာဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် ကျွန်မရဲ့ လက်ထောက်က ရှင့်အပေါ် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့တာကို အခုမှ သိရလို့ပါ။ သူမကိုယ်စား ကျွန်မ တောင်းပန်ပါတယ်"
ထိုအခါမှသာ ကျိုးထျန်းသည် ထိုအမျိုးသမီး၏မျက်နှာကို သေချာမြင်လိုက်ရသည်။ လျိုမုယန်၏ဖော်ရွေသော အလှမျိုးနှင့် မတူဘဲ ဤအမျိုးသမီးမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။
မိတ်ကပ်မပါဘဲ မြေခွေးမလေးအဖြစ် သရုပ်ဆောင်နိုင်မည့် အလှမျိုး ဖြစ်၏။
ကျိုးထျန်းမှာ အနည်းငယ် ကြောင်အသွားရသည်။ သူ ဤမျှ လှပသော မျက်လုံးမျိုး တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူ၏ စိတ်ကိုပြန်ထိန်းကာ လျိုမုယန်ကို လှည့်ကြည့်လိုက်သည်။
"နင် လက်မှတ် ယူချင်သေးလား"
ထိုအမျိုးသမီး ကိုယ်တိုင်လာရောက် တောင်းပန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ သူမသည် စိတ်ထားကောင်းသူ ဖြစ်ဟန်တူပြီး သူမ လက်အောက်ငယ်သားများကသာ ဘဝင်မြင့်နေခြင်းဖြစ်သည်။
ကျောက်ရှင်း သူတို့နှစ်ယောက်ရှေ့တွင် ဆောင့်ကြောင့်လေး ထိုင်လိုက်သည်။ သူမတွင် အနုပညာရှင် အရှိန်အဝါ မာန်မာနများ လုံးဝ မရှိပေ။
လျိုမုယန်မှ သူနှင့်အတူ ပါလာသော လက်တိုအင်္ကျီကို ထုတ်ပေးလိုက်သည်။
"ဒါလေးပေါ်မှာ လက်မှတ် ထိုးပေးလို့ ရမလား"
"ရတာပေါ့"
သူမသည် အသင့်ပါလာသော ကလောင်ဖြင့် သူမ၏ အမည်နှင့် ဆုတောင်းစကားကို လှလှပပလေး ရေးပေးလိုက်ပြီး အပြုံးပုံနှင့် နှလုံးသားပုံလေးပါ ထည့်ပေးလိုက်သည်။
ထို့နောက် သူမက သူတို့နှင့် နီးနီးကပ်ကပ် တိုးလိုက်သည်။
"ဓာတ်ပုံ အတူတူ ရိုက်ကြရအောင်"
လျိုမုယန် မြန်မြန်ဆန်ဆန်ပင် ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် ကျောက်ရှင်းမှာလည်း ထရပ်ကာ ပြုံးပြပြီးနောက် Mask နှင့် မျက်မှန်ကို ပြန်တပ်၍ သူမ၏ ထိုင်ခုံသို့ ပြန်သွားခဲ့သည်။
"နင့်လိုပဲ လှပတဲ့ ကျောက်ရှင်းဆီကနေ ထာဝရ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
ကျောက်ရှင်း ရေးပေးလိုက်သော စာသားကို မြင်သောအခါ ကျိုးထျန်းက မေးစေ့ကိုပွတ်ကာ စဉ်းစားလိုက်သည်။
"ဒီမိန်းကလေးက တော်တော်လေး အရည်အချင်းရှိတာပဲ၊ စကားပြောလည်း တတ်တယ်"
သူမသည် "နင် လှပါစေ" သို့မဟုတ် "ငါ့လို လှပါစေ" ဟု မရေးဘဲ "နင့်လိုပဲ လှတဲ့ ကျောက်ရှင်း" ဟု ရေးခဲ့သည်။
၎င်းမှာ သူမ၏ရုပ်ရည်အပေါ် ယုံကြည်မှုရှိကြောင်း ပြသနေသလို တစ်ဖက်လူကိုလည်း ချီးကျူးရာ ရောက်ပေသည်။
"မုယန် နင် သူ့ကို Unfollow မလုပ်နဲ့ဦး၊ သူက တော်တော် ယဉ်ကျေးတာပဲ"
"ဟုတ်တယ် အရင်က ပြိုင်ပွဲကြည့်တုန်းကလည်း သူက လှတယ်၊ စမတ်ကျတယ်လို့ ထင်ခဲ့တာ။ အခုတော့ ဒါက ဟန် ဆောင်တာ မဟုတ်ဘဲ တကယ့်စရိုက်မှန်း သိလိုက်ရပြီ"
လျိုမုယန် လက်မှတ်ထိုးထားသော အင်္ကျီကို သေချာစွာ ပြန်ခေါက်နေသည်ကို မြင်သောအခါ ကျိုးထျန်း စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။
"ဒါဆို လှတဲ့ မိန်းကလေးတွေကလည်း တခြားလှတဲ့ မိန်းကလေးတွေကို ကြိုက်တတ်တာပဲပေါ့"
ထိုစဉ် ကျိုးထျန်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
[ဒင်~ ]
[စနစ်တာဝန် - အချိန်ကန့်သတ်ချက်ရှိသော အချဉ်ဓာတ် တာဝန်]]
[တာဝန် အရိပ်အမြွက် - ၄၈ နာရီအတွင်း 'အချဉ်ဓာတ်' အမှတ် (၁၀) သန်းကျော် ရယူရန်]
[တာဝန်ဆုလာဘ် - အလယ်အလတ်အဆင့် ဇာတ်ကောင် သတင်းအချက်အလက်ကတ်]
ကျိုးထျန်းသည် ထိုသို့သော မမျှော်လင့်ဘဲ ပေါ်လာတတ်သည့် တာဝန်များကို ကျင့်သားရနေပြီ ဖြစ်သည်။
သို့သော် ယခု တာဝန်၏ ဆုလာဘ်က သူ့ကို ရင်ခုန်သွားစေသည်။
'ဟား ဒါက ရိုးရိုး သတင်းအချက်အလက်ကတ် မဟုတ်ဘူး၊ အလယ်အလတ်အဆင့်ပဲ! ဒါက အဆင့်မြှင့်တင်မှု အကြီးကြီးပဲ'
'အရင်က ရခဲ့တဲ့ ရိုးရိုးကတ်တွေက တစ်ခါသုံးရင် အမြတ်ငွေ ယွမ် သန်း ၁၀၀ အောက်ပဲ ရတာ။ အလယ်အလတ်အဆင့်ဆိုရင်တော့ အဲဒီထက် အများကြီး ပိုမှာ သေချာတယ်'
သူသည် အမှတ် (၁၀) သန်းကို မည်သို့ ရယူရမည်ကို စတင် တွက်ချက်နေတော့သည်။
ဤကဲ့သို့သော ဆုလာဘ်မျိုးကို သူ အဆုံးရှုံးမခံနိုင်ပေ။
🍋 Chapter 88
သူမ၏ ထိုင်ခုံသို့ ပြန်ရောက်သောအခါ ကျောက်ရှင်းသည် သူမ၏ လက်ထောက်ကို ဆုံးမစကားအချို့ ပြောလိုက်သည်။
"ရှောင်မုန့် ငါ နားလို့ရအောင် နင်က သူတို့ကို လွှတ်လိုက်တာ မှန်ပေမဲ့ အမူအရာကိုတော့ ဆင်ခြင်သင့်တယ်။ သူတို့က ငါ့ကို ကြိုက်လို့ လက်မှတ်လာတောင်းကြတာလေ။
ငါက အများပြည်သူနဲ့ ဆိုင်တဲ့သူဖြစ်တော့ ပရိသတ်တွေကို လက်မှတ်ထိုးပေးတာ၊ ဓာတ်ပုံရိုက်တာတွေက ငါ့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ"
လက်ထောက်မလေးမှာ ဘာမှမတတ်နိုင်ဘဲ ခေါင်းညိတ်ကာ နားလည်ကြောင်း ပြလိုက်ရသည်။
"ပြီးတော့ နင်က အခြေအနေကို ကြည့်တတ်ဖို့နဲ့ အသေးစိတ်ကို သတိထားဖို့ လိုတယ်။ ပြန်စဉ်းစားကြည့်ဦး၊ ဒါက ဘယ်နေရာလဲ၊ ပြီးတော့ သူတို့က ဘယ်နှနှစ်အရွယ်တွေလဲ"
ရှောင်မုန့်ဟု ခေါ်သော ဝဝကောင်မလေးမှာ ခေါင်းငုံ့ကာ စဉ်းစားနေသော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။
"တကယ်ပါပဲ နင်ကတော့ အမြဲတမ်း ထုံအလိုက်တာ"
ဆူပူနေသကဲ့သို့ ဖြစ်သော်လည်း ကျောက်ရှင်း၏ လေသံမှာ ချစ်ခင်မှုများ ပြည့်နှက်နေသည်။
"ဒါက Business Class လေ။ ပြီးတော့ အဲဒီနှစ်ယောက်က တော်တော်ငယ်သေးတယ်၊ ဆယ်ကျော်သက်အရွယ်လေးတွေပဲ ရှိဦးမယ်။ အဲဒါက သူတို့မိသားစုတွေက အတော်လေး ချမ်းသာတယ်ဆိုတဲ့ သဘောပဲ"
"ပြီးတော့ အဲဒီကောင်လေး ဝတ်ထားတဲ့ နာရီက သောင်းနဲ့ချီ တန်တာ နင် မြင်လိုက်လား"
"သူတို့က ဩဇာရှိတဲ့ ဒုတိယမျိုးဆက်သူဌေးလေးတွေ ဖြစ်နိုင်တယ်။ သူတို့ကို ရန်ငြိုးဖွဲ့တာထက် မိတ်ဆွေဖွဲ့ထားတာက ပိုကောင်းတယ်၊ နားလည်လား"
"ငါတို့မိသားစုမှာ ပိုက်ဆံရှိကောင်းရှိနိုင်ပေမဲ့ လူမှားပြီး သွားစိန်ခေါ်မိရင် ဘယ်အချိန်မဆို အနင်းခံလိုက်ရနိုင်တယ်။ အခု ငါတို့ အခြေအနေနဲ့ဆိုရင် ပိုတောင်"
ကျောက်ရှင်းသည် ဤသို့ပြောရင်း သူမ မျက်နှာမှာ အနည်း ငယ် ဝမ်းနည်းရိပ်သန်းသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ကျိုးထျန်းနှင့် လျိုမုယန်တို့မှာ ညစာအတွက် ဘာစားရမလဲဆိုသည်ကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။
သူသည် အစောပိုင်းက ဝယ်ထားသော ကြွေနာရီကိုသာ ဝတ်လာခဲ့သည်။
၎င်းမှာ သူ၏ ပုံမှန်မူဝါဒဖြစ်သော ပျက်သွားလျှင်ပင် နှမြောစရာမရှိသည့် ဈေးသက်သာသော နာရီများကိုသာ ဝယ်ယူခြင်းနှင့် ကိုက်ညီလှသည်။
ခရီးသွားသည့်အခါ တိုက်မိခိုက်မိသည်မှာ ရှောင်လွှဲ၍မရသဖြင့် မပျက်စီးနိုင်မည့် အရာမျိုးကိုသာ သူ ယူလာခဲ့ခြင်း ဖြစ်သည်။
"ဒါနဲ့ မုယန် နင် ရေကူးဝတ်စုံ ပါလား"
"ရေကူးဝတ်စုံ? တို့တွေ ရေသွားကူးမှာလား"
လျိုမုယန် အနည်းငယ် ကြောင်သွားသော အမူအရာဖြင့် ကြည့်လိုက်သည်။
ကျိုးထျန်းမှ ရေကူးသွားမည့်အကြောင်းကို အရင်က မပြောခဲ့ဖူးပေ။ ထို့ပြင် လွန်ခဲ့သည့် ရက်အနည်းငယ်က ခရီးစဉ်ဇယားတွင်လည်း ရေကူးကန် သို့မဟုတ် ရေပန်းဥယျာဉ် သွားမည့်အစီအစဉ် မပါဝင်သလို ချန်တူးမှာ ပင်လယ်ကမ်းခြေတွင် ရှိသည်လည်း မဟုတ်ပေ။
"အော် ကိုယ် မင်းကို ပြောဖို့ မေ့သွားတာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မကြာခင် သိလာမှာပါ"
ကျိုးထျန်းမှ လျိုမုယန်အား ပြောရန် မေ့သွားသည်လော?
မဟုတ်ပေ၊ သူ တမင်တကာ မပြောခဲ့ခြင်း ဖြစ်သည်။
လျိုမုယန်၏ စရိုက်အရဆိုလျှင် သူမဘာသာ ပြင်ဆင်လာပါက လုံခြုံစိတ်ချရသော တစ်ဆက်တည်း ရေကူးဝတ်စုံမျိုးကိုသာ ယူလာမည်မှာ သေချာလှသည်။
ထိုအခါကျလျှင် သူက ဘာကို ကြည့်ပြီး သဘောကျရတော့မည်နည်း။
သူက ဟိုတယ်သို့ တိုက်ရိုက်အကြောင်းကြားကာ လျိုမုယန် စိတ်ကြိုက် ရွေးချယ်နိုင်ရန် မတူညီသော စတိုင်နှင့် ဆိုဒ်အမျိုးမျိုးပါဝင်သည့် ရေကူးဝတ်စုံများကို ပြင်ဆင်ခိုင်းထားပြီးဖြစ်သည်။
အားလုံးမှာ ခြွင်းချက်မရှိ နှစ်ထည်တွဲ ဝတ်စုံများသာ။
ကျိုးထျန်းသည် ကိုယ့်ကိုယ်ကိုယ် တော်လိုက်တာဟု ချီးကျူးမိနေသည်။
သူ တကယ်ကို ပါးနပ်လွန်းသည်။
လျိုမုယန်က နှုတ်ခမ်းကို ကိုက်ကာ အနည်းငယ် ရှက်ကိုး ရှက်ကန်းဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ငါ ရေမကူးတတ်ဘူး။ ငယ်ငယ်တုန်းက သင်ခဲ့ဖူးပေမဲ့ နွေရာသီ တစ်ခုလုံး သင်တာတောင် မတတ်လာလို့ လက်လျှော့လိုက်တာ"
ထိုစကားကို ကြားသောအခါ ကျိုးထျန်း၏ မျက်လုံးများမှာ အရောင်တောက်သွားတော့သည်။
ရေမကူးတတ်ဘူးလား? တကယ့် အခွင့်အရေးကောင်းပဲ!
"ဘာမှ စိတ်မပူနဲ့၊ ကိုယ် သင်ပေးမယ်။ ဖားကူး၊ လိပ်ပြာကူး၊ အလွတ်ကူး၊ ခွေးကူးတောင် သင်ပေးလို့ရတယ်။ မင်း ဟက်စကီးလေးတစ်ကောင်လို ရေကူးတတ်သွားဖို့ ကိုယ် အာမခံတယ်"
"ငါ ခွေးကူး မသင်ဘူး၊ ကြည့်ရဆိုးလိုက်တာ! ဒါပေမဲ့ နင်က တကယ် သင်ပေးနိုင်လို့လား"
လျိုမုယန်သည် ငယ်စဉ်ကတည်းက အရာရာကို မြန်မြန်ဆန်ဆန် တတ်မြောက်ခဲ့သော်လည်း ရေကူးခြင်းမှာ သူမ၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်ခဲ့သည်။
၎င်းက သူမကို အချိန်အတော်ကြာ မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေခဲ့ပြီး သူမ၏ ဉာဏ်ရည်ကိုပင် သံသယဝင်လာစေခဲ့သည်။
"မင်း တတ်သွားစေရမယ်လို့ ကိုယ် အာမခံပါတယ်။ မတတ်ရင် သင်တန်းကြေး ပြန်အမ်းမယ်"
"ယောကျ်ားလေးတွေက အမြဲတမ်း ဒီလောက်တောင် ယုံကြည်မှု ရှိကြတာလား"
သူ၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာကို ကြည့်ရင်း လျိုမုယန်က သူမ စိတ်ထဲတွင် ကြာမြင့်စွာရှိနေခဲ့သော မေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
"ဒါက ယုံကြည်မှု မဟုတ်ဘူး၊ ဒါက အရည်အချင်းပဲ။ ဒါက သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ အမူအရာပဲလေ"
သူတို့နှစ်ယောက် လေယာဉ်ပေါ်မှ ဆင်းကာ ခရီးဆောင်အိတ်များ သွားယူကြသည်။ Business Class အတွက် သီးသန့်နေရာ ရှိသော်လည်း ၎င်းတို့မှာ ကိုယ်တိုင် သွားယူချင်နေကြဆဲပင်။
အိတ်ယူနေစဉ်တွင် ကျောက်ရှင်းနှင့် ထပ်မံဆုံတွေ့ခဲ့ကြပြီး သူမက သူတို့ကို နွေးထွေးစွာလက်ပြ နှုတ်ဆက်ခဲ့သည်။
အပြင်သို့ ထွက်လိုက်သည်နှင့် Bulgari ဟိုတယ်မှ ဝန်ထမ်းများက ဆိုင်းဘုတ်ကိုင်ကာ သူတို့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
"ကျိုးထျန်း နင် Bulgari ဟိုတယ်ကို မှာထားတာလား"
"အင်း ပြီးခဲ့တဲ့အပတ်က ဥက္ကဋ္ဌက တို့ကို တစ်ကမ္ဘာလုံးမှာ အလကား စားသောက်ခွင့်နဲ့ Platinum VIP ပေးထားတယ်လေ။ ဟိုတယ် တည်နေရာကလည်း တော်တော်ကောင်းတယ်၊ ဘယ်သွားသွား အဆင်ပြေတယ်။ ချန်တူး မြို့လယ်ခေါင်မှာပဲ ရှိတာဆိုတော့ ကိုယ် ဒါကိုပဲ ရွေးလိုက်တာ"
"Bulgari ဟိုတယ်က ဈေးကြီးတယ်လေ၊ နင်ကတော့ ပိုက်ဆံတွေကို ဖြုန်းပြန်ပြီ"
"မတတ်နိုင်ဘူးလေ။ အမြန်မသုံးရင် ရတာထက် သုံးတာက နည်းနေလိမ့်မယ်၊ အဲဒါဆို မကောင်းဘူးလေ"
လျိုမုယန် :
သူတို့နှစ်ယောက်မှာ လာကြိုသော BMW 5 Series ပေါ်သို့ တက်ကာ မြို့ထဲသို့ မောင်းနှင်သွားကြသည်။
"မုယန် နောက်ရက်တွေမှာ တို့တွေ ဒီကားကိုပဲ သုံးကြမယ်။ နင် မသက်သာဘူး ထင်ရင် တခြားတစ်စီး ပြောင်းလိုက်မယ်လေ"
"ဒီကားက အဆင်ပြေပါတယ်၊ နင့်ရဲ့ ပြိုင်ကားထက် အများကြီး ပိုကောင်းတယ်"
Shanghai ရှိ ကားပါကင်ထဲမှ 720S လေးမှာတော့ ငိုနေလောက်ပြီ ဖြစ်သည်။
နာရီဝက်အကြာတွင် ၎င်းတို့ ဟိုတယ်သို့ ရောက်ရှိသွားကြသည်။ Platinum အဖွဲ့ဝင်များ ဖြစ်သလို ဈေးအကြီးဆုံး အခန်းကို မှာယူထားသဖြင့် ဟိုတယ်မန်နေဂျာ ကိုယ်တိုင် ထွက်၍ ကြိုဆိုခဲ့သည်။
သူသည် ဝန်ထမ်းနှစ်ဦးကိုလည်း ခေါ်လာကာ အိတ်များကို ကူသယ်ပေးစေသည်။
Check-in လုပ်ရာတွင်လည်း ၎င်းတို့အား လော်ဘီရှိ အကောင်းဆုံးနေရာသို့ အရင်ခေါ်ဆောင်သွားပြီး တစ်ဦးချင်း ဝန်ဆောင်မှုပေးခဲ့သည်။
"မင်္ဂလာပါ လူကြီးမင်း၊ ဒါက အခန်းသော့ပါ။ အခု အခန်းဆီကို လိုက်ပို့ပေးပါ့မယ်"
"ကောင်းပြီ"
ကျိုးထျန်း ဝန်ထမ်းနှင့်အတူ လိုက်သွားရန် ထလိုက်စဉ် လျိုမုယန် သူ့ကို တားလိုက်သည်။
"ကျိုးထျန်း တို့တွေ သီးခြားစီ အိပ်မယ်လို့ သဘောတူထားတယ် မဟုတ်လား။ ဘာလို့ အခန်းက တစ်ခန်းတည်း ဖြစ်နေတာလဲ"
"အခန်းက တစ်ခန်းတည်းဆိုပေမဲ့ အထဲမှာ သီးခြား အိပ်ခန်းနှစ်ခန်းပါတယ်လေ၊ စိတ်မပူပါနဲ့"
"အော်"
သူမ စိတ်အေးသွားသည်ကို ကျိုးထျန်း ရိပ်မိလိုက်သည်။
"ကိုယ်က အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား။ မင်းကို စားမပစ်ပါဘူး"
သူက ခနဲ့လိုက်သည်။ ဝန်ထမ်း၏နောက်သို့ လိုက်ရင်း သူတို့နှစ်ယောက်မှာ ဓာတ်လှေကားဖြင့် ထိပ်ဆုံးထပ်သို့ တိုက်ရိုက် တက်သွားကြသည်။
တံခါးကို ဖွင့်လိုက်သည်နှင့် လျိုမုယန်မှာ မှင်တက်သွားရသည်။ အွန်လိုင်းတွင် ပုံများကြည့်ဖူးသော ကျိုးထျန်းပင်လျှင် အံ့အားသင့်သွားခဲ့သည်။
အပြင်အဆင်နှင့် ခံစားချက်မှာ Bulgari ဖြစ်သည်နှင့်အညီ အကောင်းဆုံး ဖြစ်နေသည်။
လိုအပ်သော အသုံးအဆောင်များအပြင် အခန်းတွင်းရှိ ဆီဆေးပန်းချီများနှင့် ပန်းပုများတင်ပင်လျှင် ယွမ် ၈ သန်းကျော် တန်ကြေးရှိသည်။
ဝန်ထမ်း၏မိတ်ဆက်မှုကို နားထောင်ရင်း ကျိုးထျန်းမှာ ဤနေရာကို ရေရှည်ငှားနေရန်ပင် စဉ်းစားမိသွားသည်။
ဒါက ချမ်းသာတဲ့သူတွေ နေထိုင်သင့်တဲ့ ဘဝမျိုးပဲ။
အမေရိကန် ရုပ်သံဇာတ်လမ်းတွဲတွေထဲကလို ချမ်းသာတဲ့သူတွေက မြို့လယ်ခေါင်က တိုက်ခန်းတွေမှာပဲ နေသင့်တာ။
သို့သော် သူ ပြန်စဉ်းစားကြည့်သောအခါ Shanghai မြို့လယ်တွင် သူ ပိုင်ဆိုင်ထားသော ဗီလာအဟောင်းကြီးမှာလည်း ဤနေရာထက် မနိမ့်ကျကြောင်း သတိရသွားသည်။
တန်ဖိုးအရဆိုလျှင် Shanghai မြို့လယ်က ချန်တူးထက် ပိုဈေးကြီးသေးသည်။
"အင်း မဆိုးပါဘူး၊ တို့ရဲ့ ဥက္ကဋ္ဌက တော်တော်အရသာခံတတ်တာပဲ"
သူတို့ကို ဝန်ဆောင်မှုပေးနေသော လူငယ်လေးကပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်တို့ ဟိုတယ်က ဖွင့်တာ တစ်နှစ်ပဲရှိပါသေးတယ်။ နောက်ဆုံးပေါ် အဖွဲ့နဲ့ ဒီဇိုင်းဆွဲ စီမံထားတာဖြစ်ပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကိုယ်တိုင် ကြီးကြပ်ခဲ့တာပါ။ ဒါကြောင့် ချန်တူး မြို့လယ်မှာ အကောင်းဆုံး ဟိုတယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်"
"အော် အဲဒီ အမျိုးသမီး လုပ်ခဲ့တာကိုး၊ ပြောရရင် သူမက တော်တော်လေး အထင်ကြီးဖို့ကောင်းတယ်"
သူသည် ထိုအရှိန်အဝါ ပြင်းထန်သော အမျိုးသမီးကိုပြန် လည် အမှတ်ရလိုက်မိသည်။ သူမ၏ ထူးခြားသော အရပ် အမောင်းကြောင့် မှတ်မိရ လွယ်ကူလှသည်။
"လူကြီးမင်းခင်ဗျာ အခန်းထဲမှာ သီးသန့်ဘားတစ်ခု ရှိပြီး အချိုရည် အားလုံးကို အလကား သုံးဆောင်နိုင်ပါတယ်။ တစ်ရက်ကို နှစ်ကြိမ်ပြန်ဖြည့်ပေးမှာပါ။ တစ်ခုခု လိုအပ်ရင် အခန်းတိုင်းမှာ ရှိတဲ့ ဝန်ဆောင်မှုခလုတ်ကို နှိပ်လိုက်ပါ၊ လူကြီးမင်းကို ဦးစားပေး ဝန်ဆောင်မှုပေးသွားမှာပါ"
"ကောင်းပါပြီ၊ ကျေးဇူးပဲ"
ကျိုးထျန်း ဝန်ထမ်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရာ ထိုသူက ချက်ချင်းနားလည်သွားသည်။
"မမလေးခင်ဗျာ ကျွန်တော်တို့ မမလေးအတွက် ရေကူးဝတ်စုံ အသစ်စက်စက်တွေကိုလည်း အခန်းထဲမှာ ပြင်ဆင်ပေးထားပါတယ်။ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"
"ဟင် ရေကူးဝတ်စုံတွေပါ ပြင်ထားပေးတာလား"
ကျိုးထျန်း နှာခေါင်းကို ပွတ်လိုက်သည်။ ကိုယ် ပြင်ဆင်ခိုင်းထားတာလေ။
"မုယန် လာကြည့်ဦး"
သူက သူမကို မှန်ပြတင်းပေါက်ကြီးတွေ ရှေ့က ရေကူးကန်ဆီသို့ ဆွဲခေါ်သွားသည်။
"အခန်းထဲမှာ ရေကူးကန် ရှိနေတာလား!"
၎င်းက သူမကို လုံးဝ အံ့အားသင့်သွားစေသည်။
"ဒါကြောင့် ကိုယ်က မင်းကို မကြာခင် သိလာလိမ့်မယ်လို့ ပြောတာပေါ့။ တော်တော် မိုက်တယ် မဟုတ်လား"
"အင်း တကယ် ကောင်းတယ်"
သူမ စိတ်ပေါ့ပါးသွားခဲ့သည်။ မူလက ကျိုးထျန်းက သူမကို အများပြည်သူသုံးနေရာတွင် ရေကစားရန် ခေါ်သွားမည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သူမက ရေမကူးတတ်သဖြင့် အပြင်မှာဆိုလျှင် ရှက်စရာ ဖြစ်နေလိမ့်မည်။
ယခုအခါ ပိုကောင်းသွားပြီ ဖြစ်သည်။ ပြင်ပလူ မရှိသဖြင့် စိတ်အေးလက်အေး သင်ယူနိုင်တော့မည် မဟုတ်ပါလား။