← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

🍋 Chapter 89

ကျိုးထျန်းသည် သူတို့၏ အိတ်များကို သက်ဆိုင်ရာ အခန်းများထဲသို့ သယ်ဆောင်ပေးလိုက်သည်။

သူက တံခါးနှင့် ပိုနီးသော အခန်းတွင် နေထိုင်ကာ လျိုမုယန်ကိုမူ နှစ်ဖက်လုံးတွင် မှန်ပြတင်းပေါက်ကြီးများပါရှိပြီး ပိုကျယ်ဝန်းသော အခန်းကို ပေးလိုက်၏။

အမှန်စင်စစ် သူက မည်သည့်အခန်းတွင် နေရသည်ကို ဂရုမစိုက်ပေ၊ မုယန် ပျော်ရွှင်ဖို့ကသာ အဓိက ဖြစ်သည်။

ဤကဲ့သို့ လှပသော မြင်ကွင်းမျိုးကို မည်သူကမှ ငြင်းပယ်နိုင်မည် မဟုတ်ပေ။

"မုယန် အရင်ပြင်ဆင်ထားလိုက်ဦး၊ ပြီးရင် အောက်ထပ်က စားသောက်ဆိုင်မှာ တစ်ခုခုသွားစားကြရအောင်"

"အင်း ခဏစောင့်ဦးနော်"

လျိုမုယန်သည် အဝတ်အစားများကို ဗီရိုထဲတွင် ချိတ်ရန်အတွက် သူမ၏ အိတ်ကို တိတ်တဆိတ် ဖွင့်လိုက်သည်။

သို့သော် ဗီရိုကို ဖွင့်လိုက်သောအခါ အထဲတွင် ရေကူးဝတ်စုံ အများအပြား ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာမှာ ရဲတက်သွားတော့သည်။ သူမသည် ထိုကဲ့သို့သော အဝတ်အစားမျိုး တစ်ခါမှ မဝတ်ဖူးပေ။

"ဒါ ကျိုးထျန်း စီစဉ်ထားတာ ဖြစ်ရမယ်"

သူမ ခဏ စဉ်းစားလိုက်ပြီးမှ သူ ဘာကို ရည်ရွယ်သလဲဆိုသည်ကို နားလည်သွားသည်။

"သူက ဒီအခန်းကို မှာထားတာဆိုတော့ အထဲမှာ ရေကူးကန်ရှိတာ သိမှာပဲ။ ဒါကြောင့် ငါ့ကို ကိုယ်ပိုင်ဝတ်စုံ ယူလာဖို့ ကြိုမပြောဘဲ သူပြင်ထားတာကိုပဲ ဝတ်ရအောင် တမင်လုပ်ထားတာပေါ့"

လျိုမုယန် နှုတ်ခမ်းကို ကိုက်ကာ အလုံခြုံဆုံးဖြစ်မည့် ဝတ်စုံကို ရွေးထုတ်လိုက်သော်လည်း အားလုံးမှာ ဘီကီနီများသာ ဖြစ်နေသဖြင့် သိပ်တော့ မထူးခြားလှပေ။

"ထားပါတော့ သူ ဒီလောက်တောင် ကြိုးစားထားတာပဲ ဝတ်ပေးလိုက်ပါ့မယ်"

သူမသည် ညစာစားပြီးမှ သုံးရန်အတွက် ဝတ်စုံကို ကုတင်ပေါ်သို့ တင်ထားလိုက်သည်။

ချန်တူးရှိ Bulgari စားသောက်ဆိုင်၏ ပုံစံမှာ ရှန်ဟိုင်းနှင့် သိသိသာသာ ကွဲပြားသည်။ နံရံများတွင် စီချွမ်းစတိုင် အလှဆင်မှုများဖြင့် ပြည့်နှက်နေပြီး ဝင်ပေါက်တွင်လည်း စီချွမ်းအော်ပရာ အနုပညာလက်ရာများကို တွေ့ရသည်။

ကျိုးထျန်း မီနူးကို ဖွင့်ကြည့်လိုက်သောအခါ ဒေသထွက် အစားအစာများ၏ အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။

"ပေါ်ပေါ် ကြက်သား၊ အမဲသားနဲ့ ကလီစာ အစပ်သုပ်၊ ဝက်သားအချိုချက်၊ ငါးအစပ်ချက်၊ ကြက်သွန်ဖြူဆော့စ်နဲ့ ဝက်သားမျှင်၊ မာပိုတိုဖူး"

သူမှာလိုက်သော ဟင်းသီးဟင်းရွက်ကြော် အနည်းငယ်မှလွဲ၍ ကျန်ရှိသမျှ အရာအားလုံးမှာ စပ်သော ဟင်းလျာများသာ ဖြစ်သည်။

Bulgari သည် အမြဲတမ်း ကြယ်ငါးပွင့်အဆင့်ကို ထိန်းသိမ်းထားသူဖြစ်ရာ အစားအသောက် ဝန်ဆောင်မှုမှာလည်း ထိပ်တန်းပင်။

ပင်လယ်စာ၊ ငါးမန်းတောင်နှင့် တန်ဖိုးကြီး ဟင်းလျာများစွာ ရှိသော်လည်း ကျိုးထျန်းမှာ အလကားရသည့် အစားအစာမို့ဟု အားနာနေခြင်းမျိုး မဟုတ်ဘဲ ဒေသထွက် အရသာစစ်စစ်ကိုသာ မြည်းစမ်းကြည့်ချင်သဖြင့် ရိုးရိုးရှင်းရှင်းသာ မှာယူလိုက်သည်။

ထို့ပြင် မုယန်က အစပ်ကြိုက်သူဖြစ်သဖြင့် သူမ၏ အကြိုက်နှင့်လည်း တိကျလှပေသည်။

ဟင်းလျာများမှာ မြန်မြန်ဆန်ဆန်ပင် ထွက်လာခဲ့သည်။ Bulgari သည် ကမ္ဘာလှည့်ခရီးသွားများကို အဓိက ဝန်ဆောင် မှုပေးခြင်းဖြစ်ရာ အစပ်အရသာကို အလွန်အကျွံ မဖြစ်အောင် ထိန်းညှိထားသဖြင့် ရှန်ဟိုင်းမှ လာသော သူတို့နှစ်ယောက်အတွက် အနေတော်ပင် ဖြစ်၏။

"ရော့ မုယန်၊ ဒီယုန်ခေါင်းလေး မြည်းကြည့်ဦး"

လျိုမုယန်က ချက်ချင်းပင် ယူစားလိုက်ပြီး အလွန် အရသာရှိပုံရသည်။

သူမသည် ဟန်ဆောင်မှုများရှိသော မိန်းကလေးမျိုး မဟုတ်ပေ။ ယုန်လေးတွေက ချစ်စရာကောင်းသော်လည်း မစားရလျှင် နှမြောစရာ ဖြစ်လိမ့်မည် မဟုတ်ပါလား။

သူမ စားနေစဉ်တွင် ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ လျိုပေါင်ချင်းဆီမှ ဖြစ်နေသည်။

ကျိုးထျန်း ဖုန်းကို လှမ်းကိုင်လိုက်၏။

"ဟေး ဘာထူးလဲ"

"ဟေး အစ်ကိုကြီး အခြေအနေ ဘယ်လိုလဲ"

"စကားတွေ အများကြီး မပြောနဲ့၊ အဓိက အချက်ကိုပဲ ပြောတော့၊ ငါ အလုပ်ရှုပ်နေတယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျွန်တော်က လူမှုရေးအရ နှုတ်ဆက်တာပါ"

"မြန်မြန်ပြော၊ မဟုတ်ရင် ဖုန်းချလိုက်တော့မယ်"

"ပြောပါပြီ အစ်ကိုကြီး ရှာခိုင်းထားတဲ့သူကို ကျွန်တော် သတင်းစကား ပါးလိုက်ပြီ။ သူက စိတ်ဝင်စားပေမဲ့ အခြေ အနေက နည်းနည်းခက်ခဲတယ်၊ ကိုင်တွယ်ရတာ မလွယ်ဘူး"

"ဘာဖြစ်လို့လဲ"

ကျိုးထျန်းသည် ထိုသူ့ထံမှ ဖုန်းလာသဖြင့် လူရှာသည့်ကိစ္စ တိုးတက်မှုရှိပြီဟု ခန့်မှန်းလိုက်သည်။

သူ့ ဗီလာအဟောင်းကြီးမှာ လူမရှိဘဲ အားနေသေးသဖြင့် ကျွမ်းကျင်သော စားဖိုမှူးတစ်ဦးကို အမြန်ဆုံး ရှာဖွေရန် လိုအပ်နေခြင်း ဖြစ်သည်။

"ဒီစားဖိုမှူးကြီး ဟွမ်လုံက တကယ်ကို ထူးချွန်တဲ့သူပဲ။ ကျွန်တော် စုံစမ်းကြည့်သလောက် သူ့ရဲ့ တစ်နှစ်ဝင်ငွေက ယွမ် ၃ သန်းကျော်တယ်၊ နယ်ပယ်မှာ ထိပ်ဆုံးကပဲ။ ဒါပေမဲ့ ပြဿနာက အဲဒီဈေးကို ပေးနိုင်တဲ့သူက သာမန်လူ မဟုတ်ဘူးလေ"

"လွန်ခဲ့တဲ့ နှစ်နှစ်က သူ အရင်ဆိုင်က ထွက်ပြီးတော့ ရှန်ဟိုင်း Bulgari စားသောက်ဆိုင်ရဲ့ အဓိကစားဖိုမှူးကြီး ဖြစ်လာတာ"

ထိုစကားကို ကြားသောအခါ ကျိုးထျန်း မျက်လုံးများ အရောင်တောက်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူ ရှန်ဟိုင်း Bulgari တွင် စားခဲ့ခြင်း မဟုတ်ပါလား။

ထိုစဉ်က ဟင်းလျာများမှာ အလွန်ထူးကဲလှသဖြင့် ဤစားဖိုမှူး၏ လက်ရာမှာ ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။

သူသည် မစ်ရှလင် ကြယ်သုံးပွင့် စားဖိုမှူးဟွမ်လုံ၏ လက်ရာကို မြည်းစမ်းဖူးပြီးသားဖြစ်နေသည်ကို မထင်မှတ်ထားခဲ့ပေ။

လျိုပေါင်ချင်း ဆက်ပြောလိုက်သည်။

"ဒီစားဖိုမှူးက Bulgari မှာ အလုပ်ဝင်တုန်းက စာချုပ်ချုပ်ထားတာ ရှိတယ်။ အလုပ်က ထွက်ပြီးရင် သုံးနှစ်အတွင်း ဒီမြို့မှာပဲဖြစ်ဖြစ်၊ ဒီလုပ်ငန်းမှာပဲဖြစ်ဖြစ် အလုပ်မလုပ်ရဘူးလို့ ပါတယ်လေ။ မဟုတ်ရင် သူရတဲ့ တစ်နှစ်စာ ဝင်ငွေရဲ့ သုံးဆကိုလျော်ကြေးပေးရမယ်"

"သုံးဆ"

ကျိုးထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သုံးဆဆိုလျှင် ယွမ် ၁၀ သန်းနီးပါး ရှိပေမည်။

ဆိုလိုသည်မှာ သူက ဟွမ်လုံကို ခေါ်ယူချင်ပါက ထိုယွမ် ၁၀ သန်း လျော်ကြေးကို သူက စိုက်ထုတ်ပေးရမည် ဖြစ်သည်။

မည်သို့ပင် ကြည့်ကြည့် ၎င်းမှာ အရှုံးပေါ်မည့် ကိစ္စဖြစ်သည်။ ဟွမ်လုံ၏လက်ရာက မည်မျှပင် ကောင်းမွန်ပါစေ၊ ယွမ် ၁၀ သန်းနှင့် ထိုက်တန်သလားဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

တစ်နှစ်ကို ၃ သန်းဆိုသည်မှာ လစဉ်ပေးရခြင်းဖြစ်ပြီး ဘောနပ်စ်များလည်း ပါဝင်သဖြင့် ယွမ် ၁၀ သန်းကို တစ်ခါတည်း ပုံအောပေးရခြင်းနှင့် ယှဉ်လျှင် ဖိအားချင်း အဆမတန် ကွာခြားလှသည်။

"ကောင်းပြီ ငါ သိပြီ။ သေသေချာချာ စဉ်းစားလိုက်ဦးမယ်။ ရက်အနည်းငယ်လောက် အချိန်ပေးဦး၊ ဆုံးဖြတ်ပြီးရင် ပြန်ဆက်လိုက်မယ်"

သူ ဖုန်းချလိုက်ပြီးနောက် အကြိမ်ကြိမ် စဉ်းစားနေမိသည်။

‘တကယ်လို့ ယွမ် ၁၀ သန်းအထိ သုံးရမယ်ဆိုရင်တော့ လက်လျှော့ဖို့ စဉ်းစားရတော့မယ်’

သူ စားရင်း တွေးနေမိသည်။

ထိုစဉ် ကျိုးထျန်းသည် တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် ကျောထဲတွင် စိမ့်သွားခဲ့သည်။ အလွန်ပင် မသက်မသာ ဖြစ်ရသော ခံစားချက်မျိုး ဖြစ်သည်။

‘တစ်ယောက်ယောက်က ငါ့ကို ချောင်းမြောင်းနေတာလား!’

သူ လှည့်ကြည့်လိုက်သောအခါ ကြောင်အသွားရသည်။ သူ့ အမြင်အာရုံသည် ခါးအထက်ပိုင်းလောက်တွင်သာ ရောက်နေသည့် တစ်စုံတစ်ယောက်ဆီတွင် ရပ်တန့်သွား၏။

‘ဒီ ရင်းနှီးနေတဲ့ ခံစားချက်က’

သူ မော့ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် ဟယ်ဝေရွှမ်းဖြစ်နေသည်။ သူမလောက် အရပ်ရှည်သောသူ နောက်ထပ် မရှိနိုင်ပေ။

"နင် နင် ဘာလုပ်ချင်လို့လဲ"

ဟယ်ဝေရွှမ်းသည် ယနေ့တွင် အဖြူရောင် ဝတ်စုံကိုသာ ဆင်မြန်းထားပြီး နေကာမျက်မှန်နှင့် ဒေါက်ဖိနပ်ပင်လျှင် အဖြူရောင်ဖြစ်နေသည်။

ရင်ဘတ်တွင်မူ ခိုဥအရွယ်အစားရှိသော ပတ္တမြားလော့ကက် သီးကြီး တစ်ခုကိုဆွဲထား၏။

သူမသည် နေကာမျက်မှန်ကိုပင် မချွတ်ဘဲ လက်ပိုက်ကာ သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေသည်။

"တို့တွေက ဆုံစည်းဖို့ ကံပါလာတာပဲ" ဟု ကျိုးထျန်းက အနေခက်စွာ ပြန်ပြောလိုက်သည်။

"တကယ့်ကို ကံပါတာပဲ၊ ငါ ချန်တူးကိုရောက်တာနဲ့ နင်နဲ့ တန်းတိုးတာပဲ"

ဟယ်ဝေရွှမ်းမှ သူ့ကို ပြန်မဖြေဘဲ လက်ဝှေ့ယမ်းလိုက်ရာ ဝန်ထမ်းတစ်ဦး ကုလားထိုင်တစ်လုံး ချက်ချင်းယူလာပေးသည်။

သူမသည် ကျိုးထျန်းတို့ ထိုင်နေသည့် နှစ်ယောက်စာ စားပွဲတွင် တိုက်ရိုက်ဝင်ထိုင်လိုက်ပြီး ပန်းကန်နှင့် တူ တစ်စုံ ထပ်တောင်းလိုက်သည်။

သူမတို့ ပိုင်ဆိုင်တဲ့ နေရာဖြစ်သဖြင့် သူမ ကြိုက်တာလုပ်နိုင်သလို ကျိုးထျန်းကလည်း မတားနိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။

လျိုမုယန်ကမူ အေးအေးဆေးဆေးပင် ရှိနေပြီး ဟယ်ဝေရွှမ်းအတွက် လက်ဖက်ရည်ပင် ငှဲ့ပေးလိုက်သေးသည်။ ဟယ်ဝေရွှမ်းက ကျေးဇူးတင်ကြောင်းခေါင်းညိတ်ပြလိုက်၏။

"ငါက ဆုံစည်းဖို့ ကံပါတာလို့ ပြောပေမဲ့ ဒါ တိုက်ဆိုင်မှုတော့ မဟုတ်ဘူး"

သူမသည် ယနေ့မနက်တွင်မှ ချန်တူးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဤနေရာတွင် ချိန်းဆိုထားမှုတစ်ခုရှိနေခြင်း ဖြစ်သည်။

ကျိုးထျန်းက သူမကို ဆက်လက် စိုက်ကြည့်နေမိသည်။ တိုက်ဆိုင်မှု မဟုတ်လျှင် ဘာဖြစ်နိုင်သနည်း။

သူနှင့် သူမမှာ ဆက်ဆံရေး အများကြီး မရှိခဲ့ပေ။ ဟွမ်လုံ ကိစ္စကြောင့် ဖြစ်နိုင်သလား။

"နင် ငါ့ဆီကနေ လူလာခေါ်ချင်တာဆိုရင် ဘာလို့ ငါ့ကိုတိုက် ရိုက် မဆက်သွယ်တာလဲ။ ငါ့ရဲ့ လိပ်စာကတ်ကို နင့်ကို ပေးထားသားပဲ"

တကယ်ပင် ထိုကိစ္စဖြစ်နေသည်။ ကျိုးထျန်း မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။

ဟွမ်လုံသည် Bulgari တွင် အလုပ်လုပ်နေသည်ကို သူ ယခုမှ သိလိုက်ရခြင်းဖြစ်ပြီး သူမကမူ သူ့ထက် သတင်းပိုစုံနေ သည်မှာ သိသာလှသည်။

"ငါ အခုမှ သိတာပါ၊ စားဖိုမှူးဟွမ်က နင့်ကုမ္ပဏီမှာ အလုပ်လုပ်နေတာကိုး၊ နင့်လို ကြီးကျယ်ခမ်းနားတဲ့ နေရာမျိုးမှသာ ဒီလို လူတော်တစ်ယောက်က နေနိုင်မှာပေါ့"

"အဲဒီစကားတွေ ငါ့ကို ပြောနေဖို့ မလိုဘူး၊ အဓိက အချက်ကိုပဲ ပြော၊ ငါ့အချိန်တွေက တန်ဖိုးရှိတယ်"

ဟယ်ဝေရွှမ်း၏အမူအရာကို ကြည့်ရင်း ကျိုးထျန်း ခဏမျှ တိတ်ဆိတ်သွားရတော့သည်။

🍋 Chapter 90

ဟယ်ဝေရွှမ်းသည် ပြင်းထန်သောအရှိန်အဝါရှိပြီး စကားကိုလည်း အားပါပါပြောတတ်သူဖြစ်သည်။

၎င်းမှာ ကျိုးထျန်းကို မသက်မသာဖြစ်စေသည်။

ညှိနှိုင်းမှု၏အခြေခံမူကို သူကောင်းကောင်းနားလည်ပေသည်။ ကိုယ်က အားနည်းလေ၊ တစ်ဖက်လူက ပိုသန်မာလေပင်။

အားနည်းသောအနေအထားသို့ ရောက်သွားသည်နှင့် မိမိတွင်ရှိသော အသာစီးရနိုင်သည့်အကွက်များ အားလုံး ဆုံးရှုံးသွားပေလိမည်။

သူ ခဏမျှစဉ်းစားပြီးနောက် ဤအမျိုးသမီး၏ရှေ့တွင် အမှန်တရားကို ဖုံးကွယ်ထားပြီး သူမ၏ တိုက်ရိုက်ဖွင့်ချခြင်းကို ခံရမည့်အစား ပွင့်ပွင့်လင်းလင်းပြောပြလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

"အစ်မဟယ် တို့တွေ စားဖိုမှူးဟွမ်အကြောင်း ပြောလို့ရပါတယ်"

ဟယ်ဝေရွှမ်းက လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး ပြန်မဖြေဘဲ သူဆက်ပြောမည်ကိုသာ စောင့်နေ သည်။

"ကျွန်တော် ရှန်ဟိုင်းမှာ စီးပွားရေးလုပ်လို့ရတဲ့ ဗီလာအ ဟောင်းကြီးတစ်ခု ဝယ်ထားတယ်၊ အဲဒါကို မစ်ရှလင် ကြယ်သုံးပွင့်စားသောက်ဆိုင်အဖြစ် ပြောင်းလဲချင်တာ။

ကျွန်တော် သိထားသလောက်တော့ ခင်ဗျားတို့အုပ်စုက စားဖိုမှူးဟွမ်က နာမည်ကြီး ကြယ်သုံးပွင့်စားဖိုမှူးတစ်ယောက်ပဲ၊ သူ့လက်ရာကိုလည်း ကျွန်တော် မြည်းစမ်းဖူးတယ်၊ သူ့ရဲ့အရည်အချင်းက တရုတ်ပြည်မှာ ထိပ်ဆုံးပဲလို့ ပြောလို့ရတယ်"

"ဒါကြောင့် စားဖိုမှူးဟွမ်လုံကို ကျွန်တော့်အဖွဲ့ထဲဝင်ဖို့ ဖြစ်နိုင်ခြေရှိမရှိ စုံစမ်းခိုင်းထားတာပါ"

ကျိုးထျန်း၏ပွင့်လင်းမှုကို မြင်သောအခါ ဟယ်ဝေရွှမ်းက အနည်းငယ် ခေါင်းညိတ်ပြသည်။ သူမသည် ကျိုးထျန်း ထိုကဲ့သို့သော ရိုးသားသည့်အမူအရာကို သဘောကျပုံရသည်။

"Bulgari နဲ့ ဟွမ်လုံကြားက စာချုပ်အကြောင်းကိုတော့ နင်သိပြီးသားဖြစ်မှာပေါ့?"

"ဟုတ်ကဲ့၊ တစ်နှစ်ဝင်ငွေရဲ့ သုံးဆလျော်ကြေးပေးရမယ်ဆိုတာ သိပါတယ်"

"အင်း ငါ့အဖေက ဟွမ်လုံကို Bulgari ထဲဝင်လာအောင် ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ နင်သိလား?"

ကျိုးထျန်း ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်က Bulgari သည် ဟယ်တာဝေ၏လက်ထဲတွင် ရှိနေသေးသည်။

သူသည် တရုတ်အစားအစာလောကတွင် သူ့အမှတ်တံဆိပ်ကို နံပါတ်တစ်ဖြစ်အောင် တည်ဆောက်ရန် ရည်မှန်းထားသဖြင့် ဟွမ်လုံကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ငန်းစဉ်အသေးစိတ်ကို မည်သူမျှမသိသော်လည်း ဟွမ်လုံသည် တစ်လကျော်အကြာတွင် Bulgari သို့ ဝင်ရောက် လာခဲ့ပြီး ယခုထက်ထိ အလုပ်လုပ်နေခြင်းဖြစ်သည်။

ဟယ်ဝေရွှမ်းသည် သူမ၏နေကာမျက်မှန်ကို ချွတ်ကာ စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။

"အဲဒီတုန်းက ဟွမ်လုံကို ခေါ်ဖို့အတွက် တို့တွေ ယွမ် ၈ သန်း အကုန်အကျခံခဲ့တာ။ ငါ့အဖေရဲ့ ဆုံးဖြတ်ချက်က လုံးဝမှန်ကန်ခဲ့တယ်ဆိုတာ အခု သက်သေပြနေပြီလေ"

"ဟွမ်လုံမရှိရင် Tangge စားသောက်ဆိုင်က အမြန်ဆုံး ကျဆင်းသွားမှာပဲ၊ အခု ရှန်ဟိုင်းမှာရှိတဲ့ တို့ရဲ့ Bulgari က အာရှမှာ ထိပ်ဆုံး ၅ ခုစာရင်းထဲ ပါနေပြီ။ ဒီလောက် အရေးပါတဲ့သူ၊ အရည်အချင်းရှိတဲ့သူကို Bulgari က အလွယ်တကူ လက်လွှတ်လိမ့်မယ်လို့ နင်ထင်လား?"

"ငါ လက်မလွှတ်သရွေ့ ဘယ်လောက်ပဲပေးပေး သူ့ကို ဝယ်လို့ရမှာမဟုတ်ဘူး"

သူမ စကားဆုံးသည်နှင့် တူကိုကောက်ကိုင်ကာ ဟင်းရွက်ကြော်တစ်ဖတ်ကို ပါးစပ်ထဲထည့်လိုက်သည်။

သူမသည် ဘေးကလူနှစ်ယောက်၏ ခံစားချက်ကို လုံးဝဂရုမစိုက်ဘဲ သူမဘာသာ အေးအေးဆေးဆေး စားနေ၏။

ကျိုးထျန်းက မေးစေ့ကိုပွတ်ရင်း သူမပြောသွားသည်များကို သေချာစဉ်းစားနေမိသည်။

"ဒီအမျိုးသမီးက ထူးထူးခြားခြား ပြုမူနေတာပဲ"

စားဖိုမှူးတစ်ယောက်က အရေးကြီးသည်ဆိုဦးတော့၊ သူမက ဒီလောက်အထိ အာရုံစိုက်ပြီး ငါနဲ့ စားပွဲတစ်လုံးတည်းမှာ ထိုင်စားဖို့ လိုလို့လား?

အဓိကက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူမက စကားတော် တော်နည်းတာ၊ အခုကျမှ ဘာလို့ ဒီလောက်အများကြီးပြောနေတာလဲ။

‘တစ်ခုခုတော့ မှားနေပြီ၊ တော်တော်မှားနေတာ။ တစ်ယောက် ယောက်က ငါ့ကို အကွက်ဆင်နေသလို ခံစားနေရတယ်!’

သူ ဟယ်ဝေရွှမ်းကို သေချာစိုက်ကြည့်ပြီး သူမ၏မျက်နှာ ရိပ်မျက်နှာကဲကို ဖတ်ရန် ကြိုးစားသည်။

သို့သော် ထိုအမျိုးသမီးမှာ အေးစက်စက်နှင့် ဘာအရိပ်အ ယောင်မျှ ပြသခြင်းမရှိပေ။

"တကယ်လို့ ပြီးခဲ့တဲ့တစ်ခေါက်က နီလာနာရီကို ခင်ဗျားကို ရောင်းမယ်ဆိုရင်ကော ဟွမ်လုံကို လွှတ်ပေးဖို့ စဉ်းစားမလား?"

ထိုစကားကို ကြားသောအခါ လျိုမုယန်က ကျိုးထျန်းကို လှမ်းကြည့်သည်။ ကျိုးထျန်းထံမှ စိတ်မပူရန် အချက်ပြမှုကို ရရှိပြီးနောက် သူမသည် ဘာမှမပြောဘဲ ဆက်စားနေလိုက်သည်။

"စဉ်းစားပေးလို့ရတယ်၊ ဒါပေမဲ့ စာချုပ်ဖောက်ဖျက်ကြေး တစ်ပြားတစ်ချပ်မှ လျှော့ပေးမှာမဟုတ်ဘူး"

"ခင်ဗျားက သူဌေးကြီးတစ်ယောက်ပဲ၊ ကျွန်တော့်ကို ဒီလောက်အထိ ညှစ်ဖို့ လိုလို့လား?"

"စီးပွားရေးက စီးပွားရေးပဲ၊ ကိုယ်ပိုင်အကြိုက်က ကိုယ်ပိုင်အကြိုက်ပဲလေ။ အဲဒီနာရီအတွက် ငါ ယွမ် ၅ သန်း သုံးနိုင်ပေမဲ့ စာချုပ်ထဲမှာ ရေးထားတဲ့အချက်တွေကိုတော့ ပြောင်းလဲလို့မရဘူး"

"ဒါဆိုရင် ကျွန်တော် စဉ်းစားလိုက်ဦးမယ်"

ကျိုးထျန်းအနေဖြင့် ယခုချက်ချင်း ဆုံးဖြတ်ချက်မချနိုင် သည်မှာ သေချာလှသည်။

ဟယ်ဝေရွှမ်းလည်း ပြန်မဖြေဘဲ နောက်ထပ် အနည်းငယ်စားပြီးနောက် နှုတ်ဆက်ခြင်းပင်မရှိဘဲ ထွက်ခွာသွားတော့ သည်။

သူမ ထွက်သွားပြီးနောက် လျိုမုယန် စဉ်းစားနေသော ကျိုးထျန်းကို ပုတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ နင့်ကို ယုံကြည်တယ်"

ကျိုးထျန်းသည် အတွေးထဲမှ ရုန်းထွက်လာကာ သူမကို ပြုံးပြလိုက်သည်။

"နင်က ဘာဖြစ်နေတာလဲတောင် မသိဘဲနဲ့ ငါ့ကို ဒီလောက်တောင် ယုံနေတာလား"

"ငါကတော့ ယုံတာပဲ။ အဲဒီ အမဟယ်က ဒီလောက်အရည် အချင်းရှိတာတောင် နင်က သူမကို မကြောက်ဘူးဆိုတော့ နင်လည်း သူ့လိုပဲ အရည်အချင်းရှိလို့ပေါ့"

လျိုမုယန်၏ကလေးတစ်ယောက်ကို အားပေးသကဲ့သို့ စကားများကြောင့် သူ အလွန်ကျေနပ်သွားရသည်။

"စိတ်မပူပါနဲ့၊ ဒါက ကိစ္စသေးသေးလေးပါ။ စိန်ခေါ်မှုလေးတစ်ခုလို့ပဲ သဘောထားလိုက်ပါမယ်"

ထိုသို့ပြောပြီးနောက် သူသည် မုယန် ပန်းကန်ထဲသို့ ငါးဟင်းအချို့ ထည့်ပေးကာ သူကိုယ်တိုင်လည်း ဆက်စားနေလိုက်သည်။

စားသောက်ဆိုင်၏ အထဲဘက်ကျသော သီးသန့်အခန်းတစ်ခုတွင်မူ လေယာဉ်ပေါ်တွင် ဆုံခဲ့သည့် အနုပညာရှင်ကျောက်ရှင်းနှင့် သူမ၏လက်ထောက်တို့မှာ စိုးရိမ်တကြီး ထိုင်နေကြသည်။

စားပွဲပေါ်တွင် လက်ဖက်ရည်အိုးတစ်လုံးသာ ရှိပြီး သူမမှာ ဘာမှစားချင်စိတ် မရှိပေ။ သူမသည် မြို့ပြင်ရှိ ရုပ်ရှင်ရိုက် ကွင်းမှနေ၍ တစ်စုံတစ်ယောက်ကိုတွေ့ရန် ယနေ့ အပြေးအ လွှား လာခဲ့ခြင်းဖြစ်သည်။

တံခါးပွင့်လာပြီး ကျိုးထျန်းတို့နှင့် စကားပြောပြီးခဲ့သော ဟယ်ဝေရွှမ်း ဝင်လာသည်။

"အမဟယ် နောက်ဆုံးတော့ ရောက်လာပြီပဲ"

သူမသည် ဟယ်ဝေရွှမ်းကို နှုတ်ဆက်ရန် အမြန်ထလိုက်သည်။

"ကဲ ဘာကိစ္စလဲ? ပြောသာ ပြော၊ ငါ အလုပ်ရှုပ်နေတယ်"

အမြဲတမ်း တိုက်ရိုက်ကျပြီး အေးစက်လှသော၊ ဘာခံစားချက်မျှ မရှိသကဲ့သို့သော အမူအရာပင်။

ကျောက်ရှင်းသည် သူမနှင့် အကြိမ်အနည်းငယ် ဆုံဖူးသော် လည်း ရိုးရိုးတန်းတန်း သိကျွမ်းရုံသာ ရှိသည်။

"ဒီနေ့ အမဟယ်ကို ဒုက္ခပေးပြီး ခေါ်လိုက်ရတာက ကျွန်မတို့ ကုမ္ပဏီရဲ့ စီမံကိန်းတစ်ခုအကြောင်း ဆွေးနွေးချင်လို့ပါ"

ကျောက်ရှင်း ပြုံးကာ ပြောလိုက်ပြီး လက်ထောက်ထံမှ စာရွက်စာတမ်းများကို ယူကာ ဟယ်ဝေရွှမ်းထံသို့ ကိုယ်တိုင် ပေးလိုက်သည်။

"အခု Bulgari Group က ရုပ်ရှင်နဲ့ ဖျော်ဖြေရေးလုပ်ငန်းထဲကို ခြေစုံပစ်ဝင်နေပြီလေ။ ကျွန်မတို့ မိသားစုပိုင် Huanxi Film & Television ကတော့ ဒီလုပ်ငန်းမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး အောင်မြင်မှုတွေ အများကြီးရထားတဲ့ ကုမ္ပဏီပါ။ ကျွန်မတို့ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင် ချေတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်"

Huanxi Film & Television သည် အနှစ် ၂၀ သမိုင်းကြောင်းရှိသော ရုပ်ရှင်ကုမ္ပဏီတစ်ခု ဖြစ်သည်။

သူမ အဖေမှာ ကုမ္ပဏီ၏အကြီးအကဲ ဖြစ်သည်။ တရုတ်ရုပ်ရှင်လောကတွင် Huanxi သည် အလွန်ကြီးမားပြီး လူသိများသော အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။

နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲပေါင်း ၂၀ ကျော်နှင့် ဆုရရုပ်ရှင်ပေါင်း ၁၀ ကျော်ကို ထုတ်လုပ်ခဲ့ဖူးသည်။

သို့သော် မကြာသေးမီက Huanxi သည် ကြီးမားသော ပြဿ နာတစ်ခုနှင့် ကြုံတွေ့နေရသည် ၎င်းမှာ ငွေကြေးစီးဆင်းမှု ပြတ်တောက်သွားခြင်းပင်။

လူတိုင်း၏ အချစ်တော်ဖြစ်ခဲ့သော ကျောက်ရှင်းပင်လျှင် အိုင်ဒေါတစ်ယောက်၊ မင်းသမီးတစ်ယောက်အဖြစ် အလုပ်ထွက်လုပ်နေရသည်။

မိမိသမီးလေး နားရက်မရှိအောင် နေ့တိုင်းပင်ပန်းနေရသည်ကို မည်သည့်အဖေက ကြည့်ရက်ပါမည်နည်း။

သို့သော် ကျောက်ရှင်းသည် အစွမ်းကုန် ကြိုးစားနေသော် လည်း ကုမ္ပဏီ၏ငွေကြေးဝင်ပေါက်ကိုမူ အချိန်တိုအတွင်း မဖာထေးနိုင်သေးပေ။

ဟယ်ဝေရွှမ်းဆီသို့ မလာခင် သူမသည် အခြားကုမ္ပဏီများစွာသို့ သွားရောက်ခဲ့သော်လည်း တစ်ခုမှ အဆင်မပြေခဲ့ပေ။

ဟယ်ဝေရွှမ်းသည် သူမ၏နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်သည်။ အကယ်၍ ထပ်မံ ကျရှုံးခဲ့မည်ဆိုလျှင် ကုမ္ပဏီ ဆက်လက်ရှင်သန်နိုင်ရေးအတွက် ကျောက်ရှင်းသည် သူမ အနာဂတ်နှင့် ဝိညာဉ်ကိုပါရောင်းချရပေလိမ့်မည်။

သူမ ထိုသို့မဖြစ်ချင်သောကြောင့် ငြင်းဆန်ချင်သည်၊ လုံးဝ မလုပ်ချင်ပေ။

ထိုသူဌေးကြီးများနှင့် သူဌေးသားလေးများ ဘာကို လိုချင်ကြသည်ကို သူမ ကောင်းကောင်းသိသည်။

သူမသာ သူမ၏ စည်းမျဉ်းများကို လျှော့ချလိုက်ပါက ရင်းနှီးမြှုပ်နှံမှုများကို အလွယ်တကူရရှိနိုင်မည် ဖြစ်သည်။

သို့သော် သူမ၏ စည်းမျဉ်းများကို စွန့်လွှတ်လိုက်သည်နှင့် သူမသည် ရေစုန်မျောသူများကဲ့သို့ ဖြစ်သွားပြီး သူမ မူလရည်မှန်းချက်များ ထာဝရပျောက်ဆုံးသွားပေလိမ့်မည်။

ပိုက်ဆံကအရေးကြီးသော်လည်း အချို့သောအရာများက ပိုအရေးကြီးသဖြင့် သူမ မစွန့်လွှတ်နိုင်ပေ။

"ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့နောက်ဆုံးစီမံကိန်းဖြစ်တဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တစ်ခုပါ။ အခုနောက်ပိုင်း တရုတ်မှာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ အားကောင်းလာနေပြီလေ။

ကျွန်မတို့ ရုပ်ရှင်က ခေတ်စားနေတဲ့ အိုင်ဒေါတွေ ဒါမှမဟုတ် အင်တာနက်ဆယ်လီတွေကို မသုံးဘဲ အရည်အချင်းရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေကိုပဲ သုံးထားတာပါ။ ဇာတ်ညွှန်းအဖွဲ့ကလည်း နိုင်ငံမှာ ထိပ်တန်းစာရင်းဝင်တွေပါ"

"ဒီရုပ်ရှင်ထွက်လာရင် ယွမ် သန်း ၆၀၀ ကနေ ၈၀၀ ကြား ဝင်ငွေရမယ်လို့ ခန့်မှန်းထားပါတယ်။ အရင်းကျေဖို့ကတော့ လွယ်ပါတယ်။ အခြေအနေကောင်းရင် အမြတ်တောင် အများကြီး ရနိုင်ပါတယ်။

အခွန်တွေနဲ့ ရုပ်ရှင်ရုံဝေစုတွေ နှုတ်ပြီးရင်တောင် အမြတ် ယွမ် သန်း ၁၀၀ ကျော် ကျန်မယ်လို့ မျှော်မှန်းထားပါတယ်"

ကျောက်ရှင်းသည် သူမ ကုမ္ပဏီ၏စီမံကိန်းနှင့် အမြတ် အစွန်းမျှော်မှန်းချက်များကို ဟယ်ဝေရွှမ်းအား အသနားခံသည့်အလား သေသေချာချာရှင်းပြနေခဲ့သည်။

All Chapters