အခန်း (၅၉-၆၀)
Vol. 4 Ch. 59-60
အခန်း (၅၉) မင်းသမီးကြီး၊ အမြော်အမြင်ရှိပြီး ဆုံးဖြတ်ချက် ပြတ်သားသူ
ယွီးရှောင်ရှောင်နဲ့ ကုရှင်းလန်တို့ ကျင်းမော့ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတဲ့နောက်မှာတော့ ကျော်ယို့က စာကြည့်ဆောင်ထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်လာခဲ့တော့တယ်။ ခြံဝင်းအပြင်ဘက်မှာ ကျင်းမော့ရယ်၊ ဖုန်းထျန်းနန်းတော်က မိန်းမစိုး အနည်းငယ်ရယ်ပဲ ရပ်နေတာကို မြင်လိုက်ရတော့ သူ့မျက်နှာကြီးက ချက်ချင်းကို ရှုံ့မဲ့သွားတော့တာပဲ။
ကျင်းမော့က စစ်သူကြီးချုပ်ကျော်ရဲ့ မျက်နှာပေါ်က မုတ်ဆိတ်မွေးဖားဖားကြီးတွေကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို ထိန်းလိုက်ရတယ်။
"မင်းသမီးကို မတွေ့ရလို့ ငါ့ကို ဒီလိုမျက်နှာပေးကြီးနဲ့ လာကြည့်နေတာပေါ့လေ"
ကျော်ယို့က ချက်ချင်းပဲ လှောင်ရယ်လိုက်ပြီး ပြန်ပက်လေရဲ့။
"ငါက မင်းကို ဘယ်လို မျက်နှာပေးနဲ့ ကြည့်နေလို့တုံး။ မင်းသမီးကို မတွေ့ရလို့ ဟုတ်လား။ ကျင်းမော့... ကျေးဇူးပြုပြီး စကားပြောရင် ဦးနှောက်လေး ဘာလေး သုံးပါဦးကွာ။ မင်းက xာခေါင်းကြီး မဟုတ်သလို ငါကလည်း လာပျော်ပါးတဲ့ ဧည့်သည် မဟုတ်ဘူး။ ငါက နာမည်အကြီးဆုံး မိန်းမလှလေးကို မတွေ့ရလို့ အသည်းအသန် ဖြစ်နေတယ်များ မှတ်နေလား"
ကျင်းမော့က အပြစ်တင်တာပေါ့။
"မင်းတို့ ပိုင်ဟူတိုင်းပြည်က လူတွေဆိုတာကလေ အထက်တန်းစားဖြစ်ဖြစ် အောက်ခြေလူတန်းစားဖြစ်ဖြစ် ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာ ဘာမှန်းကို မသိကြဘူးပဲ"
" တစ်နေကုန် စာအုပ်ကြီးအတိုင်း လေဖမ်းဒန်းစီးနေတဲ့ ပညာတတ်ယောင်ဆောင် ငမွဲတွေထက်တော့ ပိုကောင်းပါသေးတယ်ကွာ" ကျော်ယို့က သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ လမ်းလေးရဲ့ အဝေးဆီကို လှမ်းကြည့်ရင်း တစ်ခုခုများ မြင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြောလိုက်တာပေါ့။
"ဝေးသွားပြီကွ" ကျင်းမော့က ကျော်ယို့ရဲ့ စကားကို ဒေါသမထွက်တဲ့အပြင် "မင်းက ဘယ်လိုလုပ် ဖုန်းထျန်းကို ရောက်လာတာတုံး" လို့ မေးလိုက်လေတယ်။
ကျော်ယို့က ရှေ့ကို ဆက်လျှောက်သွားရင်း ပြန်ပြောလေရဲ့။ "မင်းနဲ့ငါ ဖုန်းထျန်းနန်းတော်ထဲမှာ မတ်တတ်ရပ်ပြီး လေကန်နေရတာ သိပ်ကောင်းတယ်များ ထင်နေလား"
အဲဒီအချိန်မှာပဲ စာကြည့်ဆောင်ထဲကနေ မိန်းမတစ်ယောက်ရဲ့ အထိန်းအကွပ်မဲ့ အော်ဟစ်ငိုယိုသံကြီး ထွက်ပေါ်လာတော့တယ်။
ကျော်ယို့လည်း ခြေလှမ်းတွေ ရပ်တန့်သွားပြီး စာကြည့်ဆောင်ဘက်ကို လှည့်ကြည့်လိုက်တာပေါ့။
ကျင်းမော့ကတော့ ကျော်ယို့ရဲ့ ဘေးကနေ ဖြတ်လျှောက်သွားရင်း နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးလေး တစ်ခု ချိတ်ဆွဲထားတယ်။ မနေ့က ယွီးရှောင်ရှောင် သူ့ကို ပြောခဲ့တယ်လေ၊ ဓားစာခံဖမ်းရင် ပိုက်ဆံရှိတဲ့သူ အာဏာရှိတဲ့သူကို ဖမ်းရတယ်တဲ့။ ဒီစကားက နည်းနည်းလေးတောင် မမှားဘူး။ ယွီးကျစ်မင်ရဲ့ အသက်ကို လက်ထဲ ဆုပ်ကိုင်ထားလိုက်နိုင်တော့ ကျောင်းမိသားစုက သူ့စကားကို နားမထောင်ဘဲ နေနိုင်ပါ့မလား။ လူကိုက်တတ်တဲ့ ခွေးရူးကြီး ကျောင်းမိသားစုကိုသာ အသုံးချခွင့်ရလိုက်ရင် ကျင်းချန်ရဲ့ နေ့ရက်ကောင်းတွေ စတင်တော့မှာပဲ။
ကျော်ယို့က ကျင်းမော့ရဲ့ ဘေးနားကနေ ယှဉ်လျှောက်လာပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်လေတယ်။
"မင်း မနေ့က လင်းလုံမင်းသမီးကို ထမင်းကျွေးလိုက်တယ်ဆို"
ကျင်းမော့က ပြန်ပြောလေရဲ့။ "လင်းလုံမင်းသမီးက အကြံအစည် နက်နဲလွန်းတယ်ကွ၊ ခပ်ဝေးဝေး နေတာ အကောင်းဆုံးပဲ"
ကျော်ယို့ကတော့ ကျင်းမော့စကားကို မယုံပါဘူး။ သိုင်းသမားတွေဆိုတာ ပြဿနာကြုံလာရင် လက်သီးနဲ့ ဖြေရှင်းရုံပဲလေ၊ ဘာအကြံအစည်တွေ သုံးနေစရာ လိုလို့တုန်းပေါ့။ တကယ်ပါပဲ၊ လမ်းစဉ်မတူတဲ့သူတွေနဲ့ စကားကို မပြောသင့်တာ။ စစ်သူကြီးချုပ်ကျော်က သူလည်းပဲ လင်းလုံမင်းသမီးကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးလို့ရအောင် ဘယ်လို အကြောင်းပြချက်ကောင်းကောင်းလေး ရှာရမလဲဆိုတာကို ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်လိုက်လေရဲ့။
ကျင်းမော့ကတော့ အဲဒီအချိန်မှာ အတွေးနယ်ချဲ့နေတာပေါ့။ ဒီလောက် ဉာဏ်ပြေးတဲ့ ယွီးလင်းလုံလို မိန်းကလေးတစ်ယောက်သာ ယောက်ျားလေး ဖြစ်ခဲ့မယ်ဆိုရင် ဖုန်းထျန်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံနေရာက အခုချိန်ထိ လစ်လပ်နေမှာ မဟုတ်တော့ဘူးလို့ နှမြောတသ တွေးနေမိတော့တာပါပဲ။
စာကြည့်ဆောင်ထဲမှာတော့ မိဖုရားကျောင်းခမျာ အသည်းအသန် ငိုကြွေးနေလေရဲ့။ သူမသာ ခန္ဓာကိုယ်ကို လှုပ်ရှားလို့ရမယ်ဆိုရင် ရှန်ကျုံးဧကရာဇ်ရဲ့ ရင်ခွင်ထဲကို ပြိုဆင်းပြီး ငိုချလိုက်မှာ သေချာတာပေါ့။
ကျောင်းချိုးမင်က ရှန်ကျုံးကို တိုးတိုးလေး လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး၊ သယ်ယိစားသောက်ဆိုင်ဆိုတာက ကျူးယိတိုင်းပြည်က ကျွန်တော်မျိုးတို့ ဖုန်းထျန်းမှာ လာထားတဲ့ မျက်စိနဲ့နားတွေပါ။ ကျွန်တော်မျိုး လျှို့ဝှက်လမ်း ဖောက်ထားရတာကလည်း ကျူးယိကလူတွေကို စောင့်ကြည့်ဖို့အတွက်ပါ။ အခု ကျင်းမော့ သိသွားပြီဆိုတော့ အရှင်မင်းကြီးရှေ့ မျက်နှာမပြရဲအောင် ရှက်မိပါတယ်ဘုရား"
"အမတ်ကြီးကျောင်းက တိုင်းပြည်အတွက် စေတနာထားတာပါလေ၊ ဒီကိစ္စအတွက် အမတ်ကြီးကို အပြစ်မဆိုပါဘူး" လို့ ရှန်ကျုံးကလည်း ပြန်ပြောရှာတယ်။
ကျောင်းချိုးမင်ကလည်း ယောက်ျားတန်မဲ့ မျက်ရည်လေး စမ်းတမ်းစမ်းတမ်း လုပ်ပြတာပေါ့။ "ဆဋ္ဌမမင်းသားလေး ဒုက္ခရောက်ရတော့မှာကိုပဲ ရင်နာတာပါ"
အဲဒီအချိန် မိဖုရားကျောင်းရဲ့ ရင်ထဲမှာ သွေးတွေစိမ့်ထွက်မတတ် နာကျင်နေပေမဲ့ မျက်နှာအမူအရာကတော့ တည်ကြည်ပြတ်သားတဲ့ပုံ ဖမ်းထားလိုက်တယ်။ သူမက ရှန်ကျုံးကို ကြည့်ပြီး လျှောက်တင်လိုက်တာပေါ့။
"အရှင်မင်းကြီးရဲ့ သောကတွေကို မျှဝေခံစားပေးနိုင်တာကလည်း ဆဋ္ဌမမင်းသားလေးရဲ့ ကုသိုလ်ကံတစ်ခုပါပဲ။ ကျွန်တော်မျိုးမက မိန်းမသားတစ်ယောက် ဖြစ်ပေမဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စဆိုတဲ့ အဓိပ္ပာယ်ကိုတော့ နားလည်ပါတယ်"
"မယ်မယ်" ကျောင်းပေချန်တို့ ညီအစ်ကို လေးယောက်သား မိဖုရားကျောင်းကို အလောတကြီး လှမ်းခေါ်လိုက်ကြတယ်။ သူတို့မျက်နှာပေါ်မှာတော့ မကျေနပ်နိုင်တဲ့ အရိပ်အယောင်တွေ အထင်းသားကြီးလေ။
မိဖုရားကျောင်းက မျက်ရည်တွေကြားကနေပဲ နှုတ်ခမ်းလေးကွေးပြီး ပြုံးပြလိုက်လေရဲ့။
"ကျွန်တော်မျိုးမ တစ်ယောက်တည်း ဝမ်းနည်းရတာက တခြားသူတွေ ဝမ်းနည်းရတာထက်တော့ ပိုကောင်းပါတယ်လေ"
ဒီတစ်ခေါက်တော့ ရှန်ကျုံးဧကရာဇ်တောင် မျက်ရည်ကျမတတ် ဖြစ်သွားရပြီ။ အမြဲတမ်း ဣန္ဒြေကြီးပါတယ်ဆိုတဲ့ မိဖုရားခေါင်ကြီးတောင်မှ မိဖုရားကျောင်းလောက် သဘောထားကြီးနိုင်ပါ့မလားပေါ့လေ။ ရှန်ကျုံးလည်း မျက်လုံးမှိတ်ပြီး သက်ပြင်းရှည်ကြီးချရင်း ကတိပေးလိုက်လေတယ်။ "ချစ်လှစွာသော မိဖုရားရယ်၊ စိတ်သာချပါလေ။ ကိုယ်တော် မင်းတို့ သားအမိကို မျက်နှာမငယ်စေရပါဘူး"
မိဖုရားကျောင်းက မျက်ရည်တွေဝဲနေတဲ့ကြားကနေ "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်" ဆိုပြီး လျှောက်တင်လိုက်တာပေါ့။
မိဖုရားကျောင်း လိုချင်နေတာကလည်း ရှန်ကျုံးရဲ့ ဒီစကားတစ်ခွန်းကိုပါပဲ။ မနေ့ညက ကျောင်းပေချန် နန်းတော်ထဲ လာပို့သွားတဲ့ သတင်းစကားကို ကြားပြီးကတည်းက ဒေါသထွက်နေတဲ့ ကျင်းမော့က ယွီးကျစ်မင်ကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ မိဖုရားကျောင်း သိလိုက်ပြီးသား။ ယွီးကျစ်မင်ကို တစ်ညလုံး အအေးခံပြီး ဖျားနာအောင် လုပ်တာက ရှန်ကျုံး သူ့သားကို ကာကွယ်ပေးဖို့နဲ့ ကျင်းမော့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ခဲ့တာ။ ဒါမှမဟုတ် ကျင်းမော့ကလည်း နေမကောင်းဖြစ်နေတဲ့ ကလေးကို အတင်းအကျပ် ခေါ်သွားတယ်ဆိုတဲ့ နာမည်ဆိုး မခံချင်လို့ ယွီးကျစ်မင်ကို အလွတ်ပေးလိုက်လေမလား ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဒီဖြစ်နိုင်ခြေ နှစ်ခုလုံးအတွက် မိဖုရားကျောင်းက သိပ်ပြီး မျှော်လင့်ချက် မထားပါဘူး၊ လူဘက်က လုပ်နိုင်တာအကုန်လုပ်ပြီး ကံတရားကို ပုံအပ်ထားလိုက်ရုံပဲလေ။
ကျောင်းချိုးမင်တို့ သားအဖငါးယောက်သား ရှန်ကျုံးရဲ့ရှေ့မှာ ပြိုင်တူ ဒူးထောက်ချလိုက်ကြတယ်။ ကျောင်းပေချန်က နဖူးနဲ့ ကြမ်းပြင်ကို ထိတဲ့အထိ ဦးညွှတ်ပြီး လျှောက်တင်တာပေါ့။
"အရှင်မင်းကြီး... တစ်နေ့ကျရင် ကျွန်တော်မျိုး ဖုန်းထျန်းစစ်တပ်ကြီးကို ဦးဆောင်ပြီး အဲဒီကျူးယိတိုင်းပြည်ကို ပြာကျအောင်လုပ်၊ ဒီနေ့ ခံစားရတဲ့ နာကြည်းချက်တွေကို ပေါက်ကွဲပစ်လိုက်ပါ့မယ်"
"ထကြပါတော့" ရှန်ကျုံးက ဒီသားအဖငါးယောက်ကို လက်ကာပြလိုက်တယ်။ ဧကရာဇ်ရဲ့ စိတ်ထဲမှာတော့ အပြစ်ရှိသလို ခံစားနေရပေမဲ့ မျက်နှာပေါ်မှာတော့ စိတ်မရှည်တဲ့ဟန် ပေါ်နေတာပေါ့။ ပြီးတော့ ကျောင်းပေချန်တို့ ညီအစ်ကိုလေးယောက်ကို ပြောလိုက်တော့တယ်။
"မင်းတို့ ညီအစ်ကိုတွေ အစ်မကြီးနဲ့ မတွေ့ရတာ ကြာပြီမဟုတ်လား။ ဒီမှာပဲ စကားပြောကြပေါ့လေ" အဲဒီစကားလည်း ဆုံးရော ကျောင်းမိသားစု ညီအစ်ကိုလေးယောက် အမိန့်ခံယူတာကိုတောင် မစောင့်တော့ဘဲ ရှန်ကျုံးလည်း နေရာကနေ ထပြီး ထွက်သွားတော့တာပါပဲ။
ရှန်ကျုံးဧကရာဇ်နဲ့ ကိုယ်ရံတော် မိန်းမစိုးတွေ ခန်းမဆောင်ထဲက ထွက်သွားကြမှပဲ ကျောင်းပေချန်က မိဖုရားကျောင်းကို တိုးတိုးလေး ပြောတော့တယ်။
"ဆဋ္ဌမမင်းသားလေးကို ကျူးယိတိုင်းပြည် တကယ်လွှတ်လိုက်ရတော့မှာလား"
မိဖုရားကျောင်းက အရိုးတွေ အတော်များများ ကျိုးထားတာမို့ အခုချိန်မှာ လှုပ်လို့ရတာဆိုလို့ လည်ပင်းပဲရှိတာလေ။ သူမက သူမရဲ့ မောင်အကြီးဆုံးကို ခေါင်းခါပြလိုက်ပြီး "နံရံမှာ နားတွေရှိတယ်" လို့ တိုးတိုးလေး သတိပေးလိုက်တာပေါ့။
အစ်မကြီးရဲ့ ဒီစကားတစ်ခွန်းတည်းနဲ့တင် ကျောင်းပေချန်ခမျာ ဘယ်လောက်ပဲ မကျေမနပ် ပြောချင်နေပါစေ ဆက်မပြောရဲတော့ဘူးလေ။
"မကာကွယ်နိုင်တော့မှတော့ မကာကွယ်နိုင်တဲ့နောက်ပိုင်း ငါတို့ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားရတော့မှာပေါ့" မိဖုရားကျောင်းရဲ့ အသံက မကြားရသလောက်ကို တိုးတိတ်လွန်းပေမဲ့ သူမပြောလိုက်တဲ့ စကားက ကျောက်ညီအစ်ကိုတွေကို လန့်ဖျပ်သွားစေတယ်။ "ငါ့မှာ ဆဋ္ဌမမင်းသားဆိုတဲ့ သားတစ်ယောက်တည်း ရှိလာမှာ မဟုတ်ဘူး... သေချာပေါက် နောက်ထပ် ရှိလာမှာ"
ဒါဆို ဆဋ္ဌမမင်းသားလေးကို စတေးပြီး ဧကရာဇ်ရဲ့ အချစ်တွေကို ပိုရအောင် ယူမယ်ပေါ့လေ။ ကျောက်ညီအစ်ကိုတွေက သူတို့ရဲ့ အစ်မကြီးကို ကြည့်ပြီး ဘာစကားမှ ဆက်မပြောနိုင်အောင် ဆွံ့အသွားကြတော့တယ်။
"မနေ့က ယွီးလင်းလုံက သယ်ယိစားသောက်ဆိုင်မှာ ရှိနေခဲ့တာလေ" မိဖုရားကျောင်းက မောင်တွေ အံ့သြမှင်တက်နေတာကိုတောင် ဂရုမစိုက်ဘဲ ကျောင်းချိုးမင်ကို ဆက်ပြောလိုက်လေတယ်။ "ဒီကိစ္စက သူနဲ့ သေချာပေါက် ပတ်သက်နေမှာပဲ"
"မယ်မယ် ဆိုလိုတာက..."
"ကျင်းချန်ရဲ့ လူတွေ မြို့တော်ထဲ ရောက်လာကတည်းက ယွီးလင်းလုံရဲ့ လူတွေ စောင့်ကြည့်တာကို ခံလိုက်ရတာ ဖြစ်နိုင်တယ်"
" မဖြစ်နိုင်တာ" ကျောင်းပေချန်က ဝင်ပြောလေတယ်။ "သူ အသက်လေး ဘယ်လောက်ရှိသေးလို့လဲ။ မိဖုရားခေါင်ကြီးက သင်းအတွက် လူတွေ ထားခဲ့ပေးတယ်ဆိုရင်တောင် ကျင်းချန်ရဲ့ လူတွေ မြို့တော်ထဲ ဝင်လာတဲ့အချိန်မှာ မင်းသမီးက နန်းတော်ထဲမှာပဲ ရှိနေသေးတာလေ။ သူက ဒီသတင်းကို ဘယ်လိုလုပ် ရနိုင်မှာလဲ"
"ကုမိသားစုလေ" မိဖုရားကျောင်းက ပြန်ဖြေတယ်။ "ပြီးတော့ ကုမိသားစုနဲ့ ရင်းနှီးတဲ့လူတွေပေါ့။ ယွီးလင်းလုံက ကုမိသားစုအိမ်ထဲ ဝင်သွားမှတော့ ကုမိသားစုအနေနဲ့ ယွီးကျစ်ရီကို အစွမ်းကုန် ကာကွယ်မပေးမဲ့ အကြောင်းပြချက် ဘာရှိလို့လဲ"
ကျောင်းချိုးမင်က သက်ပြင်းချပြီး ပြောလေတယ်။ "အခု ကုရှင်းယန်က ယွီးကျစ်ရီကို ခေါ်ပြီး မြို့တော်ကနေ ထွက်ပြေးသွားမှန်း ငါတို့ သိနေရင်တောင်မှ ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး"
မိဖုရားကျောင်းကလည်း ထောက်ခံတယ်။ "ဟုတ်တာပေါ့၊ ကုရှင်းယန်က ယွီးကျစ်ရီကို မြို့ပြင်ခေါ်ပြီး ဆော့တာပါလို့ အလွယ်လေး ပြောချလိုက်ရုံနဲ့ ငါတို့က ဘာသွားပြောလို့ရဦးမှာလဲ"
ကျောင်းပေချန်ကလည်း "ဒါ... ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ" လို့ မေးလိုက်လေတယ်။
"ဆဋ္ဌမမင်းသားလေးကို လွှတ်လိုက်မယ်" မိဖုရားကျောင်းက ပြတ်ပြတ်သားသား ပြောလိုက်လေရဲ့။ "ပြီးတာနဲ့ ငါက ယွီးလင်းလုံနဲ့ ယွီးကျစ်ရီကိုပါ ဒီမြို့တော်ကနေ ကန်ထုတ်ပစ်မယ်" သူမရဲ့ သားလေးက ရှန်ကျုံးဧကရာဇ်ရဲ့ ဘေးနားမှာ မနေရမှတော့ ဒီမောင်နှမ နှစ်ယောက်ကလည်း စည်ကားချမ်းသာတဲ့ ဒီမြို့တော်ကြီးမှာ ဇိမ်ခံနေဖို့ မစဉ်းစားနဲ့ပေါ့လေ။
"အစ်မကြီး..." ကျောင်းပေချန်က မိဖုရားကျောင်းကို စိုးရိမ်တကြီး လှမ်းခေါ်လိုက်လေရဲ့။
"မင်းတို့ ပြန်ကြတော့လေ" မိဖုရားကျောင်းက အေးစက်စက် လေသံနဲ့ ဆက်ပြောလိုက်တယ်။
"အခုချိန်မှာ ဘာတွေပဲပြောနေပြောနေ အပိုတွေချည်းပဲ။ ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ ငါသိတယ်၊ ငါ့အတွက် ဘာမှစိတ်မပူကြနဲ့"
ကျောင်းချိုးမင်က သူ့သမီးကို ရှုပ်ထွေးလှတဲ့ အကြည့်တွေနဲ့ တစ်ချက်ကြည့်လိုက်ပြီး သားလေးယောက်ကို ပြောလိုက်တော့တယ်။ "ငါတို့ သွားကြစို့လေ"
စာကြည့်ဆောင် အပြင်ဘက်မှာတော့ မိန်းမစိုးလေး တစ်ယောက်က လက်နှစ်ဖက်ကို လက်ပွကြီးတွေထဲ ထိုးထည့်ထားပြီး ခြံဝင်းတံခါးဝမှာ ရပ်စောင့်နေလေရဲ့။ ကျောင်းချိုးမင် ထွက်လာတာကို မြင်မြင်ချင်းပဲ ကမန်းကတမ်း ပြေးလာပြီး ကြိုတော့တာပေါ့။
ကျောင်းချိုးမင်က ဒီမိန်းမစိုးလေးဟာ သူ့သမီးရဲ့ အနားမှာ ခစားတဲ့သူမှန်း မှတ်မိလိုက်တာနဲ့ "အရှင်မင်းကြီးရော ဘယ်မှာလဲ" လို့ တိုးတိုးလေး လှမ်းမေးလိုက်လေတယ်။
မိန်းမစိုးလေးကလည်း အရိုအသေပေးပြီး လျှောက်တင်လေရဲ့။ "အရှင်မင်းကြီးက ဟွားမိဖုရားဆီကို သွားပါတယ်"
ကျောင်းချိုးမင်က ခါးသက်သက် တစ်ချက်ပြုံးလိုက်မိတယ်။ ဟုတ်တာပေါ့လေ၊ အခုချိန်မှာ မိန်းမလှလေးတွေကလွဲပြီး ဧကရာဇ်ရဲ့ ရင်ထဲက မွန်းကျပ်နေတဲ့ သောကတွေကို ဘယ်အရာကများ ဖြေဖျောက်ပေးနိုင်ဦးမှာတဲ့လဲ။
…
အခန်း (၆၀) စစ်သူကြီးရဲ့ ရန်သူတော်
ရှန်ကျုံးဧကရာဇ်က အလှလေးတွေဆီသွားပြီး သောကဖြေတာပဲဖြစ်ဖြစ်၊ မိဖုရားကျောင်းက နောက်ကွယ်ကနေ ဘာအကြံအစည်တွေပဲ ထပ်ထုတ်ထုတ်၊ နန်းတော်ထဲကနေ ထွက်လာတဲ့ ယွီးရှောင်ရှောင်ကတော့ အပြင်ရောက်လာတာနဲ့ တစ်ပြိုင်တည်း အဲဒီနှစ်ယောက်လုံးကို ခေါင်းထဲကနေ ချက်ချင်း ထုတ်ပစ်လိုက်တော့တာပေါ့။
ကုရှင်းလန်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ရထားလုံးပြတင်းပေါက် အပြင်ဘက် လမ်းမထက်က ရှုပ်ထွေးနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး နောက်တစ်ကြိမ် ငေးမောသွားပြန်လေရဲ့။ တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် သူမ အခုလက်ရှိ မြင်တွေ့နေရတဲ့ အရာအားလုံးကို အရင်တုန်းက ရဲဘော်ရဲဘက်တွေကိုပါ ကိုယ်တိုင်ကိုယ်ကျ လာကြည့်စေချင်မိတယ်။ ဖုတ်ကောင်တွေ မရှိတဲ့ ကမ္ဘာကြီးမှာ လူတွေက လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်သွားလာနိုင်ကြတယ်၊ ရယ်မောပျော်ရွှင်စွာ စကားတွေ ပြောနိုင်ကြတယ်။ လေထုထဲမှာလည်း စားစရာတွေရဲ့ မွှေးပျံ့တဲ့ အနံ့လေးတွေ ရှိနေပြီး ဆောင်းဦးရာသီရဲ့ နေရောင်ခြည်ကလည်း နွေးနွေးထွေးထွေးလေးပဲလေ။ သစ်ကိုင်းဖျားတွေထက်မှာလည်း မကြွေကျသေးတဲ့ သစ်ရွက်စိမ်းလေးတွေ ရှိနေသေးတာကိုး။ ယွီးရှောင်ရှောင် လေကိုဝဝလင်လင် ရှူသွင်းလိုက်မိတယ်။ ဒီကမ္ဘာကြီးက သိပ်ကို လှပလွန်းတာမို့ သူမ ဒီကမ္ဘာမှာ နောက်ထပ် နှစ်နည်းနည်းလောက် ပိုပြီး အသက်ရှင်နေထိုင်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ်လို့ တွေးလိုက်တာပေါ့။
ပြတင်းပေါက် အပြင်ဘက်က ကမ္ဘာကြီးကတော့ ကုရှင်းလန်နဲ့ အတော်လေး ရင်းနှီးပြီးသား ကမ္ဘာကြီးလေ။ ဒါကြောင့် ယွီးရှောင်ရှောင် အပြင်ဘက်ကို ငေးကြည့်နေတဲ့ အချိန်မှာ သခင်လေးသုံးကတော့ ကိုယ့်ဇနီးလေးကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့တာပါပဲ။ ယွီးရှောင်ရှောင် မျက်နှာကြီးက ဘာခံစားချက်မှ မရှိသလို ဖြစ်နေပေမဲ့လည်း ကုရှင်းလန်ကတော့ သူမ အခုချိန်မှာ အရမ်းကို ပျော်ရွှင်ကြည်နူးနေတယ်ဆိုတာကို ခံစားသိရှိနေတယ်လေ။
လမ်းသုံးလမ်းစာလောက်က မြင်ကွင်းတွေကို အရသာခံ ငေးကြည့်ပြီးတဲ့နောက်မှာတော့ ပြတင်းပေါက်အပြင်ဘက်က စားသောက်ဆိုင်ကြီးကို ကြည့်ပြီး ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှမ်းပြောလိုက်တယ်။
"ငါတို့ တစ်နပ်လောက် သွားစားကြရအောင်"
"ရှောင်ချီလည်း ဘာမှမဖြစ်တော့ဘူးဆိုတော့ ငါတို့ သွားပြီး အောင်ပွဲခံကြတာပေါ့" တဲ့။ ဆိုင်မှာသွားစားဖို့ဆိုတာ အကြောင်းပြချက်လေး တစ်ခုတော့ ရှိရမယ်ဆိုတဲ့ လူ့လောကရဲ့ သဘောသဘာဝလေးကို ယွီးရှောင်ရှောင် နားလည်ထားတာကိုး။
ကိုယ့်ဇနီးလေးက ထမင်းစားချင်တယ်ဆိုမှတော့ ကုရှင်းလန်ကလည်း ဒီထမင်းတစ်နပ်စာအတွက် ပိုက်ဆံမနှမြောပါဘူးလေ။ သခင်လေးသုံးက ဘာမှထပ်မတွေးတော့ဘဲ ခေါင်းညိတ်လိုက်ပြီး "ကိုယ်တို့ ဘယ်မှာ စားကြမလဲ" လို့ ယွီးရှောင်ရှောင်ကို မေးလိုက်တာပေါ့။
ယွီးရှောင်ရှောင်က ပြတင်းပေါက် အပြင်ဘက်ကို လက်ညှိုးထိုးပြပြီး "ဟောဟိုက 'ပန်းကန်လုံးကြီး' စားသောက်ဆိုင်မှာ သွားစားမယ်" လို့ ဖြေလေရဲ့။ ဒီနာမည်ကို ကြားလိုက်တာနဲ့တင် အရှိန်အဝါတွေ အပြည့်ဖြစ်မနေဘူးလား။ ဟင်းဆိုတာ ဒီလို ပန်းကန်လုံးကြီးတွေနဲ့ အပြည့်ထည့်ပေးမှ ဟင်းလို့ ခေါ်လို့ရမှာပေါ့လေ။
ကုရှင်းလန်တစ်ယောက် ဆွံ့အသွားရတယ်။ အဲဒီ 'ပန်းကန်လုံးကြီး' စားသောက်ဆိုင်ရဲ့ ဘေးကပ်လျက်မှာတင် အထပ်နှစ်ထပ်၊ ပန်းပုလက်ရာ ပြတင်းပေါက်တွေနဲ့ မြို့တော်မှာ နာမည်အကြီးဆုံး 'နွေဦးခြောက်ခု' ဆိုတဲ့ စားသောက်ဆိုင်ကြီး ရှိနေရက်သားနဲ့ မင်းသမီးလေးက မျက်စိထဲတောင် ထည့်မကြည့်ဘူးလေ။
ယွီးရှောင်ရှောင်က မျက်လုံးလေးတွေ အရောင်လက်ရင်း ကုရှင်းလန်ကို ပြောလိုက်တော့တာပဲ။ "ငါတို့ ဒီဆိုင်မှာပဲ စားကြမယ်လေနော်"
"ကောင်း... ကောင်းပြီလေ" ကုရှင်းလန်က ခေါင်းညိတ်လိုက်လေတယ်။ 'ပန်းကန်လုံးကြီး' စားသောက်ဆိုင်က နာမည်ကြီးစားသောက်ဆိုင်ဘေးမှာ ကပ်လျက်ရှိနေပေမဲ့ မြို့တော်ထဲမှာတော့ နာမည်နည်းနည်းလေးတောင် မထွက်ဘူး။ သခင်လေးသုံးက 'နွေဦးရာသီ ခြောက်ခု' ဆိုင်မှာပဲ အကြိမ်ကြိမ် စားဖူးတာ၊ ဒီ 'ပန်းကန်လုံးကြီး' ဆိုင်မှာတော့ တစ်ခါလေးမှတောင် ဝင်မစားဖူးဘူးပေါ့။
ယွီးရှောင်ရှောင်က ကုရှင်းလန် တွန့်ဆုတ်နေတာကို မရိပ်မိဘူးလေ။ ပြတင်းပေါက် အပြင်ဘက်မှာ မြင်းစီးပြီး လိုက်လာတဲ့ ရှောင်ကျွမ်းဘက်ကို ခေါင်းလှည့်ပြီး "ရှောင်ကျွမ်း... ငါတို့ ထမင်းသွားစားကြမယ်၊ ငါ ဒကာခံမယ်" လို့ လှမ်းပြောလိုက်တာပေါ့။
ရှောင်ကျွမ်းလည်း ကမန်းကတမ်းပဲ "မင်းသမီး... ကျွန်တော်တို့ ဘယ်ဆိုင်မှာ စားကြမလဲ" လို့ ပြန်မေးလေရဲ့။
"'ပန်းကန်လုံးကြီး' စားသောက်ဆိုင်မှာလေ။ မြန်မြန်... ငါတို့ လှည့်ပြန်ရအောင်"
အဲဒီလိုနဲ့ သူတို့တစ်သိုက်လည်း'ပန်းကန်လုံးကြီး' စားသောက်ဆိုင် တံခါးပေါက်ဝကို ရောက်သွားကြတော့တာပဲ။
အဲဒီအချိန်မှာ စားသောက်ဆိုင်ပိုင်ရှင်က ဆိုင်ပေါက်ဝမှာ ရပ်နေတာလေ။ အစေခံ တစ်အုပ်ကြီးက သေသပ်လှပတဲ့ ဝတ်စုံတွေဝတ်၊ ခန့်ညားတဲ့ မြင်းတွေကိုယ်စီစီးပြီး မြင်းနက်ကြီးနှစ်ကောင်က ရထားလုံးကြီးကို ခြံရံရင်း သူ့ဆိုင်ရှေ့ လာရပ်တာကို မြင်လိုက်ရတော့ သူ ပထမဆုံး တွေးလိုက်မိတာက ဒီလူတွေ 'နွေဦးရာသီ ခြောက်ခု' ဆိုင်ကို သွားမလို့ လမ်းမှားလာကြတာပဲ ဖြစ်ရမယ်ဆိုတာကိုပေါ့။
ရထားလုံး ရပ်ရပ်ချင်းပဲ ယွီးရှောင်ရှောင်တစ်ယောက် အောက်ကို ခုန်ဆင်းလာလေရဲ့။ တံခါးပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို မော့ကြည့်ပြီး ကျေနပ်သလို ခေါင်းလေး တစ်ဆတ်ဆတ် ညိတ်လိုက်တယ်။ 'ပန်းကန်လုံးကြီး' ဆိုတဲ့ စာလုံးလေးက သူမအကြိုက်နဲ့ ကွက်တိပဲကိုး။
ဆိုင်ရှင်က ယွီးရှောင်ရှောင် အနားကို အပြေးအလွှား သွားပေမဲ့ ရှေ့ကို မရောက်ခင်မှာတင် ကုအိမ်တော်က အစောင့်နှစ်ယောက်ရဲ့ တားဆီးတာကို ခံလိုက်ရတယ်။ ဆိုင်ရှင်က ယွီးရှောင်ရှောင်ကို ခါးလေးကိုင်းပြီး "ဒီက သခင်မ... 'နွေဦးရာသီ ခြောက်ခု' က ဘေးဘက်မှာပါ" လို့ လှမ်းပြောလိုက်တာပေါ့။
ယွီးရှောင်ရှောင်က ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ ချီပြီး အောက်ချပေးလာတဲ့ ကုရှင်းလန်ကို လှမ်းပြီး ပြောလိုက်လေတယ်။ "ရှောင်ကု... ဒီဆိုင်ရှင်က တော်တော် သဘောကောင်းတာပဲနော်၊ ငါတို့ကို တခြားဆိုင်တောင် လမ်းညွှန်ပေးနေသေးတယ်"
ကုရှင်းလန်လည်း "အာ..." လို့ပဲ အသံထွက်နိုင်တော့တယ်။ ဒီစကားကို သူ ဘယ်လို ဆက်ပြောရမှန်းမှ မသိတာလေ။
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ထပ်ပြီး မေးလိုက်သေးတယ်။
"ဆိုင်ရှင်က ကျွန်မကို သခင်မလို့လည်းခေါ်တယ်တော့၊ ကျွန်မပုံစံက အိမ်ထောင်သည် အမျိုးသမီးနဲ့ တူနေပြီလား" ကမ္ဘာပျက်ကပ်ကြီးထဲမှာ သေတဲ့အထိ အပျိုကြီးဘဝနဲ့ နေသွားခဲ့ရတဲ့ နည်းပြယွီးတစ်ယောက် ဒီလောကကို ရောက်တော့ အသက်ဆယ့်သုံးနှစ်နဲ့တင် အိမ်ထောင်သည် အမျိုးသမီး ဖြစ်နေပြီလေ။ ဒီခံစားချက်ကြီးက ယွီးရှောင်ရှောင်အတွက်တော့ အတော်လေးကို ထူးဆန်းနေပြီး အိပ်မက်တစ်ခုလို ဖြစ်နေတာပေါ့။
ကုရှင်းလန်ရယ်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သုံးယောက်သား ဘာပြောရမှန်းမသိဘဲ "တဟီးဟီး..." နဲ့ပဲ သွားဖြီးပြနိုင်တော့တယ်။ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ ဆံထုံးထုံးဟန်က အိမ်တွင်းအောင်း အပျိုဖြန်းလေးတွေနဲ့ မတူဘူးဆိုတာကို မင်းသမီးလေးက နည်းနည်းလေးတောင် မသိဘူးလားပေါ့လေ။
ယွီးရှောင်ရှောင်က သူမရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုပြီးတာနဲ့ ခေါင်းလှည့်ရင်း ဆိုင်ရှင်ကို မေးတော့တာပဲ။ "ကျွန်မတို့က 'ပန်းကန်လုံးကြီး' ဆိုင်ရဲ့ဟင်းတွေ လာစားတာလေ။ ရှင့်ဆိုင်က ဟင်းတွေကို တကယ်ပဲ ပန်းကန်လုံးကြီးတွေနဲ့ ထည့်ပေးတာလား"
ဆိုင်ရှင်ကလည်း ချက်ချင်းပဲ ပြန်ဖြေလေရဲ့။ "သခင်မ စိတ်ချပါ၊ ကျွန်တော့်ဆိုင်က ဟင်းတွေအကုန်လုံး ပန်းကန်လုံးကြီးတွေနဲ့ချည်းပါပဲ"
"ဒါဆိုလည်း ပြီးရော" ယွီးရှောင်ရှောင်က ဟိုးအရင် စစ်မြေပြင်မှာ လက်အောက်ငယ်သားတွေကို အမိန့်ပေး ကွပ်ကဲခဲ့သလိုမျိုး လက်ကို ခပ်ဆတ်ဆတ်လေး ဝှေ့ယမ်းလိုက်ပြီး "ရှင့်ဆိုင်မှာပဲ စားမယ်" လို့ ဆုံးဖြတ်လိုက်တော့တယ်။
အဲဒီအချိန်မှာပဲ ခပ်သုတ်သုတ် ပြေးလာတဲ့ မြင်းခွာသံတွေက အဝေးကနေ နီးကပ်လာတာကို ကြားလိုက်ရတယ်။ မြင်းစီးပြီး အနား ရောက်လာတဲ့သူကို ကုရှင်းလန် မြင်လိုက်တာနဲ့ မျက်မှောင်ကြီး ချက်ချင်း ကုတ်သွားတော့တာပဲ။
ကျော်ယို့က မြင်းပေါ်ကနေ ယွီးရှောင်ရှောင်ကို ကြည့်ပြီး သွားဖြီး ရယ်ပြလိုက်တယ်။ ပြီးတော့မှ မြင်းပေါ်ကနေ ခုန်ဆင်းလိုက်ပြီး လှမ်းမေးလိုက်တာပေါ့။ "မင်းသမီးက ထမင်းစားမလို့လား။ ကျွန်တော် ဒကာခံပါ့မယ်၊ မင်းသမီးများ မျက်နှာသာလေး ပေးနိုင်မလား"
ဆိုင်ရှင်ခမျာ ကြောက်လွန်းလို့ တဆတ်ဆတ်တောင် တုန်သွားရပြီလေ။ ဖုန်းထျန်းရဲ့ ရှန်ကျုံးဧကရာဇ် လက်ထက်မှာ မင်းသမီးဆိုလို့ တစ်ပါးတည်း ရှိတာ။ တကယ်တော့ ဒီလှပတဲ့ မိန်းမငယ်လေးက လင်းလုံမင်းသမီးကြီး ဖြစ်နေတာကိုး။
"မင်းသမီးကို ဂါရဝပြုပါတယ်" ဆိုင်ရှင်က ဒူးထောက်ချလိုက်ပြီး ယွီးရှောင်ရှောင်ကို ဦးတိုက်တော့တာပဲ။
ကျော်ယို့က ယွီးရှောင်ရှောင် စကားပြောတာကိုတောင် မစောင့်တော့ဘဲ လက်လှမ်းပြီး ဆိုင်ရှင်ကို မြေကြီးပေါ်ကနေ ဆွဲထူလိုက်တယ်။ ပြီးတော့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်လေရဲ့။ "မင်းသမီး... ကျွန်တော်တို့ အတူတူ ထမင်းစားကြရအောင်လေ"
ဒီတော့ ကုရှင်းလန်က ဝင်ပြီး မေးတော့တာပေါ့။ "စစ်သူကြီးချုပ်ကျော်က မင်းသမီးကို ပြောစရာစကား ရှိနေလို့လား"
ကျော်ယို့ကတော့ အခုချိန်မှာ ကုရှင်းလန်ကို မြင်တာနဲ့တင် ရင်ထဲမှာ မီးတွေဟုန်းဟုန်း တောက်နေပြီလေ။ စစ်တိုက်တုန်းကလည်း ဒီကောင်ကြောင့် ဒဏ်ရာရခဲ့တယ်၊ မျက်စိကျမိတဲ့ မိန်းကလေးကိုလည်း ဒီကောင်ကပဲ လုသွားပြန်တယ်။ ဒီ 'ကု' ဆိုတဲ့ကောင်က သူ ကျော်ယို့ရဲ့ မွေးရာပါ ရန်သူတော်ကြီးများ ဖြစ်နေမလားပဲ။
သူများ ဒကာခံတဲ့ ထမင်းစားရမယ်ဆိုတာက ပိုက်ဆံမကုန်ဘဲ ဗိုက်ဝမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ ဒီလို ကိစ္စကောင်းကြီးကို ယွီးရှောင်ရှောင်က ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။ ကျော်ယို့တစ်ယောက် ကုရှင်းလန်ကို ပြန်နှိမ်ဖို့ စကားလုံးတွေ စဉ်းစားလို့တောင် မရသေးခင်မှာပဲ ယွီးရှောင်ရှောင်က လှမ်းမေးလိုက်တော့တာပေါ့။
"ကျွန်မဘက်မှာ လူဒီလောက်အများကြီး ရှိတာကို၊ ရှင်က အကုန်လုံးကို ကျွေးမှာလား"
ကျော်ယို့က ယွီးရှောင်ရှောင်ဘက်မှာ လူဘယ်နှစ်ယောက်ပါလဲဆိုတာတောင် လှမ်းမကြည့်ဘူးလေ။ ပိုင်ဟူတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ စစ်သူကြီးချုပ်ကြီးက အခုထိ မိန်းမမရသေးပေမဲ့ ပိုက်ဆံတွေကတော့ ပိုလျှံနေတာကိုး။
"ကျွေးမယ်၊ အကုန်လုံးကို ကျွေးမယ်" လို့ ကျော်ယို့က ယွီးရှောင်ရှောင်ကို ပြောရင်း သူ့ရင်ဘတ်ကို သူ တဘုန်းဘုန်း ပုတ်ပြလိုက်တာပေါ့။ သူ့ရင်ဘတ် ကြွက်သားတွေက ကျစ်လစ်တောင့်တင်းနေတော့ အဲဒီလို ပုတ်လိုက်တဲ့အသံက ဗုံတီးလိုက်တဲ့အသံကြီးလို ဟိန်းထွက်သွားတော့တာပဲ။
"ငါတို့ အထဲဝင်ပြီး စားကြစို့" ယွီးရှောင်ရှောင်က သူ့အပေါင်းအပါတွေကို ဆိုင်ထဲဝင်ဖို့ လှမ်းခေါ်လိုက်လေရဲ့။
ဆိုင်ရှင်က ရှေ့ဆုံးကနေ ပြေးပြီး လမ်းပြရင်း ယွီးရှောင်ရှောင်တို့ တစ်သိုက်ကို အပေါ်ထပ်ဆီ ခေါ်သွားတာပေါ့။
ယွီးရှောင်ရှောင်က အပေါ်ထပ်တက်ဖို့လောက်ပဲ အာရုံစိုက်နေတော့ ကုအိမ်တော်က အစေခံတွေ၊ ကိုယ်ရံတော်တွေနဲ့ ကျော်ယို့ရဲ့ နောက်လိုက် အများစုက ဆိုင်ထဲရောက်တာနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် အောက်ထပ်ခန်းမမှာပဲ ကျန်ရစ်ခဲ့ပြီး သူတို့နောက်ကို လိုက်မတက်လာကြဘူးဆိုတာကို သတိမထားမိလိုက်ဘူးလေ။
ဆိုင်ရှင်က ယွီးရှောင်ရှောင်တို့ကို သီးသန့်ခန်း တစ်ခန်းထဲ ခေါ်သွားပြီး ခါးလေးကိုင်း၊ ခေါင်းလေးတညိတ်ညိတ်နဲ့ မင်းသမီး ဘာစားချင်လဲဆိုတာကို ဖော်လံဖားပြီး မေးတော့တာပဲ။
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လှမ်းကြည့်လိုက်တယ်။
ကျော်ယို့ကတော့ ဒီဆိုင်ရှင် လူရည်မလည်ဘူးလို့ တွေးနေမိတာပေါ့။ ပိုက်ဆံရှင်းမှာက သူလေ၊ ဆိုင်ရှင်က ဘာလို့ သူ ဘာစားချင်လဲဆိုတာကို လာမမေးရတာတုံး။
ကုရှင်းလန်ကလည်း မော့ကြည့်ပြီး ယွီးရှောင်ရှောင်ကို "မင်းသမီး ဘာစားချင်လို့လဲ" လို့ မေးလိုက်လေရဲ့။
ယွီးရှောင်ရှောင်ကတော့ "စားလို့ရတာ မှန်သမျှ အကုန်စားမှာပဲ" လို့ ပြန်ဖြေလေရဲ့။
ကုရှင်းလန်ကပဲ ဆိုင်ရှင်ကို မှာလိုက်တယ်။ "ဒီဆိုင်က နာမည်ကြီး ဟင်းလျာတွေ အကုန်ချပေးလိုက်တော့"
ဆိုင်ရှင်လည်း "ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ" နဲ့ ခပ်သွက်သွက် ပြန်ထွက်သွားတော့တာပဲ။
ရှောင်ကျွမ်းရယ်၊ ရှောင်ဝေရယ်၊ ပြီးတော့ ကျော်ယို့ရဲ့ ကိုယ်ရံတော် သုံးယောက်ရယ်က ဘေးက စားပွဲမှာ ဝင်ထိုင်လိုက်ကြတယ်။ ဒီသုံးယောက်က ကျော်ယို့နဲ့အတူ မုတ်ဆိတ်တွေ အရှည်ထားကြသူတွေလေ။ မနေ့ညကမှ ကျော်ယို့နဲ့အတူ တာ့ရှစ်တံတား ညဈေးမှာ လမ်းလျှောက်ထွက်ရင်း၊ ကိုယ့်သခင်နဲ့အတူ ယွီးရှောင်ရှောင်ရဲ့ မြစ်ထဲပစ်ချတာကို ခံလိုက်ရတဲ့သူတွေပေါ့။ အခု ယွီးရှောင်ရှောင်ကို ကြည့်ပြီး ဒီသုံးယောက်လုံး ရင်ထဲ ထိတ်လန့်နေကြတာလေ။ ဖုန်းထျန်းရဲ့ ဒီလင်းလုံမင်းသမီးကြီးက သိုင်းပညာ ဘယ်လောက်တောင် နက်နဲလဲ မသိနိုင်ဘူး၊ ရုပ်လေးလှပေမဲ့ သေချာပေါက် အလွယ်တကူ ဆက်ဆံလို့ရမဲ့သူမျိုးတော့ မဟုတ်ဘူးလို့ တွေးနေကြတာကိုး။
ကျော်ယို့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီးတာနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ရင်း ပြောချလိုက်လေရဲ့။ "မင်းသမီး... ကျွန်တော်က အစားမရွေးတဲ့ မိန်းကလေးမျိုးကို သဘောကျတာဗျ"
ကုရှင်းလန်ခမျာ လက်ဖက်ရည်ပန်းကန်လုံးလေးကို ကောက်ကိုင်လိုက်ရုံပဲ ရှိသေးတယ်၊ ကျော်ယို့ရဲ့ စကားကို ကြားလိုက်ရတော့ လက်ဖက်ရည်ပန်းကန်လုံးကို စားပွဲပေါ် ဆောင့်ချပစ်လိုက်တော့တာပဲ။ ဒီအရူးက သူ့မိန်းမအပေါ် မရိုးသားဘူးဆိုတာ သူသိနေခဲ့တာလေ။
…