အခန်း (၅၇-၅၈)
Vol. 4 Ch. 57-58
အခန်း (၅၇) မင်္ဂလာပါ စစ်သူကြီးချုပ်ကျော်၊ တာ့တာ စစ်သူကြီးချုပ်ကျော်
ကျင်းမော့က ကျော်ယို့ ဖုန်းထျန်းကို ရောက်နေတယ်ဆိုတာ ဒီမနက်မှ သိရတာလေ။ သူက ပိုင်ဟူတိုင်းပြည် ဧကရာဇ်ရဲ့ ဦးလေးတော်စပ်သူ စစ်သူကြီးချုပ် ကျော်ယို့နဲ့လည်း သိကျွမ်းဖူးတယ်။ ကျော်ယို့ ဝင်တွေ့ခွင့်တောင်းတယ်လို့ ကြားတော့ အိမ်ရှေ့မင်းသားကျင်းမော့တစ်ယောက် အခန်းထဲမှာ စိတ်ဝင်တစားနဲ့ ရပ်စောင့်နေတာပေါ့။ ကျော်ယို့တစ်ယောက် ဖုန်းထျန်းကို ဘာကိစ္စနဲ့များ ရုတ်တရက်ကြီး ရောက်ချလာတာလဲဆိုတာ သူလည်း သိချင်နေတာကိုး။
နန်းတော်တံခါးဝကနေ စာကြည့်ဆောင်အထိက သိပ်နီးတဲ့အကွာအဝေးတော့ မဟုတ်ဘူး။ ယွီးရှောင်ရှောင်က ခဏလောက်စောင့်ပြီးတာနဲ့ ထပ်စောင့်ဖို့ စိတ်မရှည်တော့ဘူး။ ဒါနဲ့ပဲ ဘေးက လက်ဖက်ရည်စားပွဲပေါ်မှာ တင်ထားတဲ့ ဖန်ခွက်လေးကို ယူပြီး တစ်ငုံ သောက်လိုက်တယ်။ အထဲကဟာက သစ်သီးလက်ဖက်ရည်မို့လို့ ခါးမနေဘဲ နည်းနည်းလေး ချိုနေတယ်လေ။ ယွီးရှောင်ရှောင်လည်း ပါးစပ်လေး သပ်လိုက်ပြီး အရသာရှိတယ်လို့ ခံစားရတာနဲ့ ဖန်ခွက်ကို လက်ကမချတော့ဘဲ ကိုင်ထားလိုက်တော့တာပေါ့။
အချိန်ခဏလောက် ကြာပြီးတဲ့နောက်မှာတော့ အပြင်ဘက်က မိန်းမစိုးတစ်ယောက်က "အရှင်မင်းကြီး... ပိုင်ဟူတိုင်းပြည်က ကျော်ယို့ ရောက်ရှိလာပါပြီ" လို့ လျှောက်တင်လေရဲ့။
ယွီးရှောင်ရှောင်က ထပ်ပြီး ခေါင်းခါလိုက်ပြန်တယ်။ ဒီ 'ဘယ်ညာ' ဆိုတဲ့ကောင်ရဲ့ မိဘတွေက သားဖြစ်သူကို ဒုက္ခပေးချင်လို့ ဒီလိုနာမည်မျိုးမှည့်ပေးတာ ဖြစ်ရမယ်လို့ တွေးနေတာလေ။
တံခါးကို အပြင်ကနေ တွန်းဖွင့်လိုက်ပြီး စစ်သူကြီးချုပ်ကျော်တစ်ယောက် အခန်းထဲကို ဝင်လာခဲ့လေရဲ့။
"အာ" ရှောင်ကျွမ်းတစ်ယောက် ဒီလူကိုလည်း မြင်ရော စိတ်မထိန်းနိုင်ဘဲ တိုးတိုးလေး အာမေဍိတ်သံ ထွက်သွားတာပေါ့။
စစ်သူကြီးချုပ်ကျော်ကလည်း ရှန်ကျုံးရဲ့ ဘယ်ဘက်မှာ ရှိနေတဲ့ လူလေးယောက်ကို မြင်လိုက်ရတော့ လူက တောင့်တင်းသွားပြီး မယုံနိုင်တဲ့ မျက်နှာကြီး ဖြစ်သွားလေရဲ့။
ယွီးရှောင်ရှောင်က သစ်သီးလက်ဖက်ရည်ကို ပါးစပ်ထဲ တစ်ငုံ ငုံထားတုန်းမှာတင် ရှောင်ကျွမ်းရဲ့ အသံကို ကြားလိုက်ရတော့ မော့ကြည့်လိုက်တာပေါ့။ ဖွီး……. ယွီးရှောင်ရှောင်တစ်ယောက် ပါးစပ်ထဲက လက်ဖက်ရည်တွေ အကုန် ပန်းထုတ်လိုက်မိတော့တာပဲ။ ဒီလူကြီးက မနေ့ညကမှ သူမ မြစ်ထဲ ပစ်ချခဲ့တဲ့ မုတ်ဆိတ်မွေး ဖားဖားနဲ့ လူကြီး မဟုတ်လား။
ကျော်ယို့က သူ့မျက်နှာပေါ်တင်နေတဲ့ ရေတွေကို လက်နဲ့ တစ်ချက်သပ်ချလိုက်တယ်။ ဒီရေက ချိုစိမ့်စိမ့်လေးနဲ့ လိမ္မော်နံ့လေးလည်း သင်းနေတော့ အရသာ မဆိုးဘူးလေ။ မနေ့ညကလည်း ဒီတစ်ယောက်က သူ့ခေါင်းပေါ်ကို ဖက်ထုပ်ဟင်းရည် တစ်ပန်းကန်လုံး လောင်းချခဲ့သေးတယ်။ အခု ပြန်တွေ့တွေ့ချင်းမှာလည်း သူ့မျက်နှာကို ရေနဲ့ ပန်းခံလိုက်ရပြန်ပြီ။ ကုရှင်းလန်ရဲ့ ဇနီးသည် မင်းသမီးလေးနဲ့ ဒီလိုမျိုး ရေစက် ပါလာလိမ့်မယ်လို့ ကျော်ယို့တစ်ယောက် တကယ်ကို ထင်မထားခဲ့မိတာ။
ကုရှင်းလန်၊ ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့ သုံးယောက်ကလွဲပြီး အခန်းထဲက လူတွေအကုန်လုံးလည်း ကျန်တဲ့သူတွေ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပြီလေ။ တိုင်းပြည်ခြားက သံတမန် ဝင်ရောက်ခစားတာကို တိုင်းပြည်ရဲ့ မင်းသမီးက မျက်နှာကို ရေနဲ့ လှမ်းပန်းတယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးဘူးကိုး။
"လင်းလုံ" ရှန်ကျုံးခမျာ တစ်ခါမှ မမာဖူးတဲ့ လေသံမာမာနဲ့ သမီးဖြစ်သူကို အော်ဟစ်လိုက်မိတော့တယ်။ ပြီးတာနဲ့ ကုရှင်းလန်ကို မျက်စောင်းထိုးကြည့်တော့တာပဲ။ သမီးတွေကို စစ်သူကြီးတွေရဲ့ အိမ်ဆီ မပေးစားသင့်ဘူးလို့ သူ ပြောသားပဲ။ အိမ်ဂုဏ်သိက္ခာက သိပ်ကို ဆိုးရွားလွန်းတယ်လေ။ ဒီလောက် လိမ္မာရေးခြားရှိတဲ့ သူ့သမီးလေးက ကုမိသားစု အိမ်ထဲ ဝင်သွားတာ ဘယ်နှစ်ရက်ရှိသေးလို့ တခြားယောက်ျားတစ်ယောက်ရဲ့ မျက်နှာကိုတောင် ရေနဲ့ ပန်းရဲတဲ့အထိ ဖြစ်သွားရတာတုံး။
ယွီးရှောင်ရှောင်ကတော့ ကိုယ့်အဖေကို လှည့်တောင် မကြည့်ဘူး။ ကျော်ယို့ကို ကြည့်ပြီး "ရှင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ" လို့ မေးလိုက်တာပေါ့။
ကျော်ယို့ကလည်း ပြန်ပြီး "အေးလေ... မင်းကရော ဘယ်လိုလုပ် ဒီရောက်နေရတာတုံး" လို့ ပြန်မေးလေရဲ့။
စစ်သူကြီးချုပ်ကျော်က ဒီနှစ်မှ အသက် ၂၃ နှစ်ပဲ ရှိသေးတယ်။ ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့လာလိုက်စားခဲ့တော့ ပိုင်ဟူတစ်တိုင်းပြည်လုံးမှာ သူ့ကို ယှဉ်နိုင်မဲ့သူဆိုလို့ တစ်ယောက်မှ မရှိဘူးလေ။ တစ်သက်လုံး နူးနူးညံ့ညံ့ မိန်းမလှလေးတွေကို သဘောမကျဘဲ၊ တက်တက်ကြွကြွနဲ့ ရဲရင့်တဲ့ မိန်းမသားတွေကိုမှ သဘောကျတတ်တာကိုး။ မနေ့ညကမှ စစ်သူကြီးချုပ်ကျော်တစ်ယောက် သူ့ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှု စံနှုန်းတွေ အားလုံးနဲ့ ကိုက်ညီတဲ့ မိန်းကလေးတစ်ယောက်ကို စပြီး တွေ့ဖူးသွားတာ။ အဲဒီမိန်းကလေး ဘယ်သူလဲဆိုတာကိုပါ သူ့လူတွေကို စုံစမ်းခိုင်းထားပြီးပြီ။ ဒါပေမဲ့ ဒီမိန်းကလေးက သူ့အတွက် အံ့အားသင့် ဝမ်းသာစရာလေး ဖြစ်မလာဘဲ မျှော်လင့်ချက်တွေ အကုန် ရိုက်ချိုးခံရစေမဲ့လူလို့တော့ သူ ဘယ်ထင်ထားမိပါ့မလဲ။
"ဒီအစကို ရှင် မသိဘူးလား" ယွီးရှောင်ရှောင်က ခေါင်းငုံ့ပြီး ကုရှင်းလန်ကို မေးလိုက်တယ်။ ဒါကြီးက သိပ်မဟန်ဘူးနော်၊ ရှင်တို့နှစ်ယောက်က အသေအလဲ ချဖူးတဲ့သူတွေလေ၊ ဒါတောင် မနေ့ညက ရှင် သူ့ကို လူစိမ်းတစ်ယောက်လို သဘောထားနိုင်သေးတယ်ပေါ့။
ကုရှင်းလန်ကတော့ ကျော်ယို့ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်နေတာပေါ့။ ဒီရန်သူကို သူ မမှတ်မိတာလည်း အပြစ်ဆိုလို့ မရဘူးလေ။ စစ်တလင်းပြင်က ကျော်ယို့ဆိုတာ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်ကောင်းတဲ့သူ တစ်ယောက်ကိုး။ အခု ပါးရိုးတွေအထိ မုတ်ဆိတ်မွေးတွေ ဖားဖားကြီး ပေါက်နေတဲ့သူက တကယ်ပဲ ကျော်ယို့လား။
"မင်းက လင်းလုံမင်းသမီးကြီးလား" ယွီးရှောင်ရှောင်က ဘာလို့ သူ့ကို 'အစ' လို့ ခေါ်လဲဆိုတာကိုတော့ ကျော်ယို့ တွေးမနေတော့ဘူး။ စိတ်ထဲမှာ မျှော်လင့်ချက်တွေ ပြိုလဲသွားပေမဲ့ ယွီးရှောင်ရှောင်ကို နောက်တစ်ခွန်း ထပ်မေးလိုက်သေးတယ်။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး "ဟုတ်တယ်လေ" လို့ ဖြေလိုက်တယ်။
ကျော်ယို့ရဲ့ ရင်ထဲမှာတော့ ဝုန်းခနဲ မြည်သွားပြီး အသည်းတွေ တစ်စစီ ကွဲကြေသွားတော့တာပဲ။
ဒီအချိန်မှာပဲ ကျင်းမော့က ဝင်ပြီး "အစ်ကိုကျော်က ဘယ်လိုဖြစ်ပြီး ဒီရုပ်ပေါက်သွားရတာတုံး" လို့ မေးလိုက်တာပေါ့။
ကျော်ယို့က ကုရှင်းလန်ကို ရန်သူတစ်ယောက်လို စူးစူးရဲရဲ စိုက်ကြည့်ပြီး အံကြိတ်ရင်း ပြောချလိုက်လေရဲ့။ "ဒီတစ်သက် ကုရှင်းလန်ကို မသတ်ရမချင်း မုတ်ဆိတ်မရိတ်ဘူးလို့ ငါ သစ္စာဆိုထားတယ်"
ကုရှင်းလန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေတောင် တွန့်ကွေးသွားရတယ်။ ဒီလူက စစ်တိုက်ရာမှာတော့ တော်ပါရဲ့၊ အရူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူးလေ။
ယွီးရှောင်ရှောင်က ဝင်ပြောတာပေါ့။ "ရှင်က ရှောင်ကုကို ဘယ်လောက်တောင်ချစ်နေလို့ ဒီလိုသစ္စာမျိုးတောင် ဆိုရတာတုံး"
ကျော်ယို့တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားပြီး သူ့နားပေါက်သူ ကလော်ရင်း ယွီးရှောင်ရှောင်ကို "မင်း ဘာပြောလိုက်တာ" လို့ ပြန်မေးလိုက်တာပေါ့။
ယွီးရှောင်ရှောင်ကလည်း ဆက်ရွှီးပါလေရော။
"အော် ချစ်လွန်းရင် မုန်းသွားတတ်တယ်တဲ့။ ဒါကြောင့် ရှင်က ရှောင်ကုကို သတ်ချင်နေတာမလား။ အခုလည်း ဒီဘဝမှာ ရှောင်ကုကို မသတ်နိုင်ဘူးလို့ ပြောပြန်ပြီ။ ဆိုတော့ ဒီဘဝမှာ သူ့ကို မရရင် နောက်ဘဝထိ ချစ်လိုက်မုန်းလိုက်နဲ့ဖြစ်ချင်လို့ သစ္စာဆိုတာပေါ့နော်။ ရှင်..."
"မင်းသမီး" ကုရှင်းလန်လည်း အော်ဟစ်လိုက်မိတော့တယ်။ တကယ့်ကို ရင်ထဲမှာ မွန်းကျပ်လွန်းလို့ပါလေ။ ကိုယ့်ဇနီးသည်ကသာ ဒီလိုတွေ ဆက်ပြောနေဦးမယ်ဆိုရင် သူ့မှာ ယောက်ျားကောင်းဆိုတဲ့ သိက္ခာလေးတောင် ကျန်ပါတော့မလား။
ကျော်ယို့ကလည်း ကုရှင်းလန်ကို လက်ညှိုးထိုးရင်း တဆတ်ဆတ် တုန်နေလေရဲ့။ ကိုယ်သဘောကျရတဲ့ မိန်းကလေးက ကိုယ့်ကို အခြောက်ကြီးလို့ ထင်သွားတာထက် ပိုပြီး အဖြစ်ဆိုးတဲ့ကိစ္စ ဒီလောကကြီးမှာ ရှိနိုင်ဦးမလား။
အဲဒီအချိန်မှာ ရှန်ကျုံးက ဝင်မေးလိုက်လေတယ်။ "လင်းလုံ... သမီးက စစ်သူကြီးချုပ်ကျော်ကို သိနေတာလား"
ယွီးရှောင်ရှောင်လည်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားတယ်။ သူမ မနေ့ညကမှ ဒီစစ်သူကြီးကို မြစ်ထဲ ပစ်ချခဲ့တာပါလို့ ဘယ်လိုလုပ် ပြောထွက်ပါ့မလဲ။
ကျင်းမော့ရဲ့ မျက်နှာကြွက်သားတွေတောင် နည်းနည်း တောင့်တင်းသွားရတယ်။ ဒီလူတစ်သိုက်က လင်းလုံမင်းသမီးဆိုတဲ့ ကောင်မလေး ခုနက ဘာတွေ လျှောက်ပြောသွားလဲဆိုတာ သတိမထားမိကြဘူးလား။ ကျော်ယို့နဲ့ ကုရှင်းလန်က ချစ်ကြမုန်းကြမယ်တဲ့လား။ တွေးတောင် မတွေးရဲစရာကြီးလေ။
ရှောင်ဝေခမျာမှာတော့ စိတ်ပူလွန်းလို့ သေတော့မလို ဖြစ်နေပြီလေ။ ယွီးရှောင်ရှောင်ကို မျက်စိမျက်နှာ ပျက်မတတ် မျက်ရိပ်ပြနေတာတောင် သူ့မင်းသမီးက နည်းနည်းလေးမှ သိပုံမရဘူး။ နောက်ဆုံးတော့ ရှောင်ဝေလည်း သေချင်သေပါစေတော့ဆိုပြီး စိတ်ကို ဒုန်းဒုန်းချရင်း ဝင်ပြောလိုက်တော့တယ်။
"စစ်သူကြီးချုပ်ကျော်... ကျွန်တော်မျိုးတို့ရဲ့ သမက်တော်က အရင်က စစ်မြေပြင်မှာ ရန်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ပြစ်မှုနဲ့ အပြစ်ပေးခံခဲ့ရပါတယ်။ ကျွန်တော်မျိုး စစ်သူကြီးချုပ်ကို ရဲရဲဝံ့ဝံ့ပဲ မေးပါရစေ၊ ဒီကိစ္စက တကယ်ပဲလား"
ဟင်...။ ယွီးရှောင်ရှောင်တစ်ယောက် ရုတ်တရက် အသိဝင်သွားလေတယ်။ ဟုတ်သားပဲ၊ ကုရှင်းလန်က ပိုင်ဟူစစ်တပ်နဲ့ ပူးပေါင်းတယ်ဆိုမှတော့ ကိုယ့်လူတွေ ဖြစ်နေပြီလေ။ ဒါဆို ဘယ်ညာဆိုတဲ့ ပိုင်ဟူစစ်သူကြီးချုပ်က ဘာကိစ္စ ကုရှင်းလန်ကို သတ်ချင်နေရသေးတာတုံး။ သခင်လေးသုံးက နင့်ထက် ပိုချောလို့ မနာလို ဖြစ်နေတာများလား။
ကျောင်းမိသားစုကတော့ နဂိုကတည်းက ဒေါသထွက်တာရော၊ ဝမ်းနည်းတာရော ပေါင်းပြီး ပေါက်ကွဲလုမတတ် ဖြစ်နေကြတာပေါ့။ ဆဋ္ဌမမင်းသားလေး မွေးလာကတည်းကစလို့ သူတို့ အဆင့်ဆင့် အကွက်ချ စီစဉ်ထားခဲ့သမျှတွေက မျက်စိရှေ့တင်မှာတင် လေထဲက အိပ်မက်တစ်ခုလို ပျက်စီးသွားခဲ့ပြီလေ။ ဒါကို လင်းလုံမင်းသမီးတို့ တစ်သိုက်ကတော့ နည်းနည်းလေးတောင် ဂရုမစိုက်ကြဘူး။ လျစ်လျူရှုခံရတာထက် ပိုပြီး နာကျင်ရတဲ့ အရာဆိုတာမှ မရှိတာကိုး။ ဒါပေမဲ့လည်း ရှောင်ဝေရဲ့ မေးခွန်းကို ကြားလိုက်ရတော့ ကျောင်းမိသားစုဝင်တွေ အကုန်လုံး ရင်တမမနဲ့ အသက်ရှူတောင် ရပ်မတတ် ဖြစ်သွားကြပြန်တယ်။
ကျော်ယို့က ကုလားထိုင်ပေါ်မှာ မှီထိုင်နေတဲ့ ကုရှင်းလန်ကို ခေါင်းငုံ့ပြီး တစ်ချက် ကြည့်လိုက်လေရဲ့။
ယွီးရှောင်ရှောင်က လှမ်းပြောလိုက်တာပေါ့။ "ယောက်ျားစစ်ရင် အမှန်တိုင်း ပြောရမယ်နော်"
ကျော်ယို့က တစ်ချက် ပြုံးလိုက်တော့ မျက်နှာပေါ်က မုတ်ဆိတ်မွေးဖားဖားကြီးတွေပါ လိုက်ပြီး တုန်ခါသွားလေတယ်။ ပြီးတော့ "ကျုပ်က ပေ့လန်စစ်မြေပြင်မှာ ကုရှင်းလန်ကြောင့် ဒဏ်ရာရသွားလို့ မြို့တော်ကို ကြိုပြန်ပြီး ဆေးကုနေခဲ့တာလေ။ ဒီစစ်ပွဲက နောက်ဆုံး ဘယ်လို အဆုံးသတ်သွားလဲ၊ မင်းတို့ ဖုန်းထျန်းဘက်က ဘယ်သူ တပ်ကိုဦးဆောင်ပြီး ငါတို့ ပိုင်ဟူစစ်တပ်ကို ဆုတ်ခွာသွားအောင် လုပ်လိုက်တာလဲဆိုတာ ငါ တကယ်ကို မသိတာပါ"
အဲဒီတော့မှပဲ ကျောင်းမိသားစုလည်း ထိတ်လန့်နေတဲ့စိတ်တွေ ပြန်ပြီး ငြိမ်ကျသွားတော့တာပေါ့။
ကျင်းမော့ကတော့ လက်ချောင်းလေးတွေကို ခပ်ဖွဖွ ပွတ်သပ်လိုက်တယ်။ ကျော်ယို့ ဒီလို ဖြေလိုက်တာဟာ လဲနေတဲ့သူကို အပေါ်ကနေ ထပ်မနင်းတာမျိုး မလုပ်သလို ကုရှင်းလန် ရန်သူနဲ့ပူးပေါင်းတယ်ဆိုတဲ့ ပြစ်မှုကိုလည်း မရေမရာဖြစ်သွားစေတာမို့ တကယ်ကို ချီးကျူးစရာ ကောင်းနေပြီလေ။
ယွီးရှောင်ရှောင်ကတော့ အတော်လေး စိတ်ပျက်သွားပြီး "ဒါဆို ရှင်က ဒီကို ဘာလာလုပ်တာတုံး" လို့ မေးလိုက်လေတယ်။
ကျော်ယို့က ခေါင်းကိုမော့၊ နှာခေါင်းပေါက်ကို ကုရှင်းလန်ဘက် လှည့်ထားပြီး ပြောလိုက်ပါလေရော။ "ငါက ကုရှင်းလန် သေပြီလား၊ မသေဘူးလားဆိုတာ လာကြည့်တာ"
"ငါတို့က ကိုယ့်သခင်နဲ့ကိုယ်လေ" ကုရှင်းလန်က အေးစက်စက် လေသံနဲ့ ပြန်မေးလေရဲ့။
"မင်းက ငါ့ကို ဘာလို့ နာကြည်းနေရတာလဲ"
ကျော်ယို့က ပြန်ဖြေတယ်။ "ငါ့လို စစ်သူကြီးချုပ် တစ်ယောက်အနေနဲ့ ပြိုင်ဘက်ကောင်း တစ်ယောက်ရဖို့ဆိုတာ မလွယ်ဘူးလေ။ မင်းသာ သေသွားရင် ငါ့နေ့ရက်တွေက အရမ်းကို ပျင်းစရာကောင်းသွားတော့မှာပေါ့"
ကြည့်ရတာ ဒါက ချစ်ကြမုန်းကြမဲ့ ဇာတ်လမ်းမျိုး ဖြစ်နေတုန်းပဲကိုး။ ယွီးရှောင်ရှောင်က ရှေ့ကို ခြေလှမ်းအနည်းငယ် တိုးသွားပြီး ကုရှင်းလန်ရှေ့ကနေ ကွယ်ရပ်လိုက်လေတယ်။
"ရှင် မနေ့ညကတည်းက သူ အသက်ရှင်နေသေးတာကို မြင်ပြီးပြီပဲဟာ"
ကျော်ယို့က ယွီးရှောင်ရှောင်ကို ကြည့်ပြီး "အဲဒီတော့ ဘာဖြစ်လဲ" လို့ မေးလိုက်တယ်။
ယွီးရှောင်ရှောင်ကပဲ "စစ်သူကြီးချုပ်ကျော် မင်္ဂလာပါ၊ စစ်သူကြီးချုပ်ကျော် သွားတော့လေ" လို့ ခပ်တည်တည်နဲ့ ပြန်နှုတ်ဆက်လိုက်လေရဲ့။
ကျော်ယို့ခမျာ ရင်ထဲ ပိုပြီးတောင် နာကျင်သွားရပြီ။ ဒီမိန်းကလေးက သူ့ကို တစ်စက်ကလေးမှ အဖက်မလုပ်ဘူးပဲ။
"ကိုယ့်ကို တစ်ချက်လေးတောင် မကြည့်ချင်ဘူးပေါ့လေ" အသည်းကွဲနေတဲ့ စိတ်နဲ့ပဲ ကျော်ယို့က ယွီးရှောင်ရှောင်ကို မေးခွန်းတစ်ခု ထုတ်လိုက်တာပေါ့။
ယွီးရှောင်ရှောင်က ပြန်ဖြေလိုက်တယ်။ "ကျွန်မ ရှင့်ကို အကြိမ်ကြိမ် ကြည့်ပြီးပါပြီ။ မုတ်ဆိတ်မွေးတွေက အရမ်းရှည်နေတော့ ရှင့်ရုပ်ကို သေချာမှ မမြင်ရတာ"
"ဒါဆို ငါ မုတ်ဆိတ်တွေ ရိတ်ပစ်လိုက်မယ်လေ"
"သစ္စာဆိုတာမျိုးက ဒီလိုပဲ ဖြစ်သလို လုပ်လို့ရတာလား" ယွီးရှောင်ရှောင်က စစ်သူကြီးချုပ်ကျော်ကို အတည်ပေါက်နဲ့ စိုက်ကြည့်လိုက်လေတယ်။ အရင်တုန်းက သူမ စစ်တပ်အလံတော်အောက်မှာ လူသားတွေကို ကာကွယ်ဖို့အတွက် တိုက်ပွဲဝင်ပါ့မယ်လို့ သစ္စာဆိုခဲ့ဖူးတယ်။ အဲဒီသစ္စာကို သေတဲ့အထိ သူမ ဖောက်ဖျက်ခဲ့တာ မဟုတ်ဘူး။ ဘယ်လိုဖြစ်လို့ ဒီကမ္ဘာရဲ့ လူတွေကတော့ သစ္စာဆိုတာကို အီးပေါက်သလို သဘောထားနေကြတာတုံး။
...
အခန်း (၅၈) ကြမ်းတမ်းသော မင်းသမီးကြီး
ယွီးရှောင်ရှောင်က အဲဒီလို အတည်ပေါက်ကြီး စိုက်ကြည့်နေတော့ ကျော်ယို့တစ်ယောက် ရင်ခုန်သံတွေတောင် နည်းနည်း မြန်လာသလို ခံစားလိုက်ရတယ်။ ဒီမင်းသမီးက လက်တစ်ဖက်ပင့်ရုံနဲ့ သူ့ကို မြစ်ထဲ လွှင့်ပစ်နိုင်တာ၊ ဒီလောကကြီးမှာ ဒီလိုလုပ်နိုင်တဲ့ ဒုတိယမြောက် မိန်းကလေးများ ရှိပါဦးမလား။ ပြိုင်ဘက်ကင်းတဲ့ မိန်းကလေးကိုမှ ဘယ်လိုလုပ် ကုရှင်းလန်လို ဒုက္ခိတကောင်ကများ ရသွားရတာတုံး။ ကုရှင်းလန်ကို ရက်ရက်စက်စက် မျက်ထောင့်နီနဲ့ တစ်ချက် ကြည့်လိုက်ပြီး ကျော်ယို့က ယွီးရှောင်ရှောင်ကို မေးလိုက်လေတယ်။ "ဒါဆို မင်းသမီးဆိုလိုတာက ငါက ကုရှင်းလန်ကို သတ်ပစ်လိုက်ရမယ်ပေါ့"
ယွီးရှောင်ရှောင်က ပြန်ပက်လေတယ်။ "ရှင်ကတော့ တစ်သက်လုံး ဒီတိုင်းပဲ နေရတော့မှာပါ" သူမရှိနေသရွေ့ ကုရှင်းလန်က ဘယ်လိုလုပ် အသတ်ခံရနိုင်ပါ့မလဲ။ သူမကိုယ်တိုင် သတ်မှပဲ သေတော့မှာ။
ကျော်ယို့ အတော်လေး ထိရှသွားပြီ။ သူက ကုရှင်းလန်ကို စကားနာထိုးတော့တာပဲ။
"ငါတို့ စစ်မြေပြင်မှာ ပြန်တွေ့ကြတာပေါ့၊ ဒါပေမဲ့ မင်းက လမ်းတောင် မလျှောက်နိုင်တာ ဘယ်လိုလုပ် စစ်မြေပြင် ထွက်တိုက်မလဲဆိုတာကိုတော့ မပြောတတ်ဘူး။"
ကုရှင်းလန်ကတော့ ဒီအရူးကို လုံးဝ အဖက်မလုပ်ပါဘူး။
ယွီးရှောင်ရှောင်ကတော့ "သူ့ခြေထောက်က မကြာခင် ကောင်းသွားတော့မှာပါ" လို့ ဝင်ပြောလိုက်လေရဲ့။
ကျော်ယို့က အံ့သြသွားပြီး မေးလိုက်တာပေါ့။ "သူ့ခြေထောက် အကြောပြတ်သွားပြီ မဟုတ်ဘူးလား"
ကျင်းမော့က ဝင်ပြောလေတယ်။
"မင်း ဒီကိုလာတာက သမက်တော်ကုရဲ့ ရှေ့မှာ လမ်းနည်းနည်း လျှောက်ပြချင်လို့ မဟုတ်လား။ သမက်တော်ကုက သူ့ခြေထောက်မကောင်းတာကိုတွေးရင်း မင်းရဲ့ အကောင်းပကတိ ဖြစ်နေတဲ့ ခြေထောက်ကို ကြည့်ရအောင်လို့လေ" ကျင်းမော့က ကျော်ယို့နဲ့ ဆက်ဆံလာတာ တစ်နှစ်နှစ်နှစ် မဟုတ်တော့ဘူး။ ဒီလူက သာမန်လူ မဟုတ်ဘဲ အရူးဖြစ်ဖို့ လက်တစ်ကမ်းသာသာပဲ ကွာတော့တယ်ဆိုတာ သူသိတာပေါ့။
ယွီးရှောင်ရှောင်က ကျော်ယို့ စကားပြန်ပြောတာကိုတောင် မစောင့်တော့ဘဲ ဝင်ပြောလေတယ်။
"သူက စောက်ရူးမှ မဟုတ်တာ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်မှာတုံး"
ဒီ 'စောက်ရူး' ဆိုတဲ့ စကားလုံးက ဘာအဓိပ္ပာယ်လဲဆိုတာကို သေချာနားမလည်ပေမဲ့လည်း ကျော်ယို့ကတော့ အဲဒီလို အရူးဆိုတဲ့ စကားလုံးပါနေတာက ကောင်းတဲ့စကား မဖြစ်နိုင်ဘူးလို့ ခန့်မှန်းမိတာကြောင့် ကမန်းကတမ်း ခေါင်းခါပြလိုက်ပြီး "သေချာပေါက် မဟုတ်ရပါဘူး" လို့ ဖြေလိုက်တာပေါ့။
"သမက်တော်ကုရဲ့ ခြေထောက်နှစ်ဖက်ကို မင်းသမီးလေးက ကုသပေးလိုက်တာလေ" လို့ ကျင်းမော့က ကျော်ယို့ကို ပြောလိုက်တယ်။
ဒီမိန်းကလေးက သိုင်းပညာ မြင့်မားရုံတင် မကဘူး၊ ဆေးပညာကပါ ပြိုင်ဘက်ကင်းနေတာလား။ ကျော်ယို့က ကုရှင်းလန်ကို ပိုပြီးတောင် ကြမ်းကြမ်းတမ်းတမ်း စိုက်ကြည့်လိုက်သေးတယ်။ ဒီဒုက္ခိတကောင်က ဘာလို့များ ဒီလောက်တောင် ကံကောင်းနေရတာတုံး။
အဲဒီအချိန်မှာ ရှန်ကျုံးဧကရာဇ်က ထိုင်ခုံပေါ်ကနေ ပါးစပ်ကိုအုပ်ပြီး ချောင်းနှစ်ချက်လောက် ဟန့်လိုက်တယ်။ ဒီလူတွေ သူ့ကိုများ မေ့နေကြပြီလား။ တိုင်းပြည်တစ်ပြည်ရဲ့ ဧကရာဇ် တစ်ပါးကို လေးစားမှုလေး နည်းနည်းလောက် ပိုပေးလို့ မရဘူးလားပေါ့။
ယွီးရှောင်ရှောင်က ခမည်းတော်ဖြစ်သူကို ခေါင်းလေးစောင်းကြည့်ပြီး "ခမည်းတော် ဘာဖြစ်လို့လဲ" လို့ မေးလိုက်တာပေါ့။
ရှန်ကျုံးက ပြန်ဖြေတယ်။ "လင်းလုံ... ဒီနေ့ ငါတို့တွေ ဆွေးနွေးနေတာက သမီးရဲ့ မောင်တော်ခြောက်ကိစ္စလေ"
အဲဒီတော့မှ ကျင်းမော့က ကျောင်းမိသားစုဘက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်တယ်။ မိဖုရားကျောင်းရဲ့ မျက်နှာပေါ်က မျက်ရည်တွေတောင် ခြောက်သွေ့နေပြီ။ ဒဏ်ရာရထားတဲ့အပြင် ရောဂါဘယတွေကြောင့် နာမည်ကျော်လှတဲ့ အလှဘုရင်မကြီးက အခုတော့ အလှတွေ တော်တော်လေး ကျသွားသလိုပဲ။ ကျင်းမော့က မျက်နှာကို ခပ်တည်တည် လုပ်လိုက်ပြီး ရှန်ကျုံးကို လျှောက်တင်လိုက်တယ်။
"အရှင်မင်းကြီး၊ ကျုပ် ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီမို့ ခွင့်ပြုပါဦး"
မိဖုရားကျောင်းရဲ့ ငိုသံက ချက်ချင်းဆိုသလို ပြန်ထွက်လာပြန်တာပေါ့။
ကျင်းမော့က ရှန်ကျုံးကို အရိုအသေပေးလိုက်လေတယ်။ ရှန်ကျုံးတစ်ယောက် ဘာစကားတွေပြောပြီး အခြေအနေကို ပြန်ဆွဲတင်ရမလဲဆိုတာကို စဉ်းစားလို့တောင် မဆုံးသေးဘူး။ အိမ်ရှေ့မင်းသားကျင်းမော့ကတော့ အထာကျကျနဲ့ လှည့်ထွက်သွားပြီ။
ယွီးရှောင်ရှောင်က ကျင်းမော့ ထွက်သွားတာကို မြင်တော့ သူနဲ့ ကုရှင်းလန်တို့ ဆက်နေလည်း ဘာမှ ထူးခြားလာမှာ မဟုတ်တော့ဘူးလို့ တွေးမိလိုက်တာပေါ့။ ဒါကြောင့် ရှန်ကျုံးကို လှမ်းပြောလိုက်တော့တယ်။ "ခမည်းတော်... ဒါဆို သမီးတို့လည်း ပြန်တော့မယ်"
ကျော်ယို့ကတော့ ရှန်ကျုံးဟာ သူ့သမီး လင်းလုံမင်းသမီးကို တော်တော်လေး အလိုလိုက် ချစ်ခင်တာပဲလို့ တွေးနေမိတယ်။ မင်းသမီးက ရှန်ကျုံးနဲ့ စကားပြောတာတောင် နန်းသုံးစကားတွေ သုံးစရာမလိုဘဲ တိုက်ရိုက်ကြီး 'သမီး' လို့ပဲ သုံးပြီး ပြောနေတာကိုး။
ရှန်ကျုံးက သွေးကြောတွေ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး သက်ပြင်းချလေရဲ့။
ယွီးရှောင်ရှောင်က ပြောသွားသေးတယ်။ "သမီးက ရှောင်ချီကို သွားခိုင်းလိုက်ရင်တောင် ကျင်းမော့က သဘောမတူရင် သမီးလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလေ"
ဒီတော့ မိဖုရားကျောင်းက ဝင်ခနဲ့လိုက်တာပေါ့။ "မင်းသမီးလေးရဲ့ စိတ်ထဲမှာတော့ အတော်လေး ဝမ်းသာနေလောက်ပြီပေါ့လေ"
"သမီး အရမ်းဝမ်းနည်းတာပဲ အဟင့်" ယွီးရှောင်ရှောင်က ရှန်ကျုံးကို ကြည့်ပြီး ပြောလေတယ်။ "တကယ်ပြောတာပါ။ သမီးတို့ တိုင်းပြည်သာ အင်အားကြီးခဲ့ရင် သမီးရဲ့ မောင်တော်ခုနစ်ပါးထဲက ဘယ်သူမှ ဓားစာခံအဖြစ် သွားနေစရာ လိုမှာမဟုတ်ဘူးလေ"
ရှန်ကျုံးရဲ့ မျက်နှာက ချက်ချင်း ပူထူသွားတယ်။ ဟုတ်တာပေါ့၊ ဧကရာဇ်တစ်ပါး၊ ဖခင်တစ်ယောက် ဖြစ်ပါလျက်နဲ့ ကိုယ့်သားကိုတောင် ကိုယ်မကာကွယ်နိုင်ဘူးဆိုတော့ အတော်လေး မျက်နှာပျက်စရာ ကောင်းတာပေါ့။ ဒါပေမဲ့ ဒါက သူ့အပြစ်မှ မဟုတ်တာ။ သူ လက်ခံရရှိခဲ့တဲ့ တိုင်းပြည်က ဒီလိုတိုင်းပြည်မျိုး ဖြစ်နေခဲ့တာလေ။ ယွီးမျိုးနွယ်ရဲ့ တိုင်းပြည်က မျိုးရိုးအဆက်ဆက် အားနည်းလာခဲ့တာ၊ သူကကော ဘာလုပ်နိုင်မှာတဲ့လဲ။
ကုရှင်းလန်လည်း အတော်လေး ရှက်ရွံ့သွားမိတယ်။ စစ်သေနာပတိ တစ်ယောက်ဖြစ်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်အိမ်တော်ကို မကာကွယ်နိုင်မှတော့ သူက ဘာစစ်သူကြီးလဲပေါ့လေ။
"သွားကြတော့လေ" ရှန်ကျုံးက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ယွီးရှောင်ရှောင်တို့ကို ပြန်ဖို့ လက်ကာပြလိုက်တော့တယ်။
ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ကုရှင်းလန်ကို မချီပြီး အသက်လုပြေးရသလိုမျိုး အခန်းပြင်ကို သုတ်ခြေတင်ကြတော့တာပဲ။ သူတို့ခမျာ ဟန်တောင်မဆောင်နိုင်တော့ဘူး။ မုတ်ဆိတ်မွေး ဖားဖားနဲ့ လူကြီးက စစ်သူကြီးချုပ်ကျော် ဖြစ်နေမှန်း သိလိုက်ရတော့ သူတို့ သေးတောင် ထွက်ကျမတတ် လန့်သွားတာကိုး။
ကျော်ယို့က အပြင်ကို ထွက်သွားတဲ့ ယွီးရှောင်ရှောင်ကို ကြည့်ပြီး ရင်ထဲမှာ တကယ်ကို နှမြောတသ ဖြစ်နေတာပေါ့။ ဒီလောက် ကောင်းတဲ့ မိန်းကလေးက ဘယ်လိုလုပ်ပြီး အိမ်ထောင်ကျသွားရတာတုံး။ ဒီမိန်းကလေးက သူ့အကြိုက်နဲ့ ဒီလောက် ထပ်တူကျနေမှန်းသာ သိခဲ့ရင် မိန်းကလေး အိမ်ထောင်မကျခင် အချိန်မီလေး လာပြီး တောင်းရမ်းခဲ့မှာပေါ့လို့ တွေးနေမိလေတယ်။ ကျော်ယို့က နောင်တရရနဲ့ သူ့နဖူးကိုသူ 'ဖန်း ဖန်း' ဆိုပြီး ရိုက်ချလိုက်လေရဲ့။
ရှန်ကျုံးကတော့ စစ်သူကြီးချုပ်ကျော်ရဲ့ အပြုအမူကြီးကို မြင်ပြီး လန့်တောင် လန့်သွားတယ်။ ပုံမှန်လူတစ်ယောက်က ရုတ်တရက်ကြီး ကိုယ့်နဖူးကိုယ် ဗုံတစ်လုံးလို သဘောထားပြီး ထုပါ့မလား။ သူ့ဆီမှာကိုပဲ ပြဿနာတွေ တစ်ပုံကြီး ရှုပ်ထွေးနေပါပြီဆိုမှ။ ကျေးဇူးပြုပြီး နောက်ထပ် ပြဿနာ လာမရှာကြပါနဲ့တော့လားလို့ ဆုတောင်းနေမိတော့တာပေါ့။
"သတ္တမမင်းသားလေး ဘာမှမဖြစ်တော့တာ ကောင်းသွားတာပေါ့" စာကြည့်ဆောင်ရဲ့ ခြံဝင်းထဲရောက်တော့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို တိုးတိုးလေး လှမ်းပြောလိုက်တယ်။
"ကျင်းမော့က ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားလဲတော့ မသိဘူး၊ ဒါပေမဲ့ ကိုယ်တို့အတွက်တော့ ကောင်းတဲ့ကိစ္စပဲလေ"
ယွီးရှောင်ရှောင်က "အင်း" လို့ တစ်ချက်ထောက်ခံလိုက်တယ်။ "မနေ့က ကျွန်မ သူ့ကို ဖျောင်းဖျလိုက်တဲ့ စကားတွေကို သူ နားဝင်သွားပုံရတယ်"
အဲဒီတော့မှ ဘေးမှာရှိနေတဲ့ ယောက်ျားသုံးယောက်လုံး တစ်ပြိုင်နက်တည်း ဆွံ့အသွားကြတော့တာပေါ့။ မနေ့ညက မင်းသမီးက ကျင်းမော့ကို ဘာတွေများ သွားပြောခဲ့လို့ပါလိမ့်။
"အိမ်ပြန်ကြစို့" အခုတော့ ယွီးရှောင်ရှောင်တစ်ယောက် အကြွေးကင်းပြီး ပေါ့ပါးလွတ်လပ်သွားတဲ့လူလို ဖြစ်နေပြီလေ။ "အိမ်ပြန်ပြီး နေ့လယ်စာ သွားစားကြမယ်" လို့ ကုရှင်းလန်ကို လှမ်းပြောလိုက်လေတယ်။
ကုရှင်းလန်လည်း "ကောင်းပါပြီ" လို့ပဲ ပြောနိုင်တော့တာပေါ့။ ကိုယ့်မိန်းမကို အငတ်ထားလို့မှ မဖြစ်တာကိုး။
အဲဒီအချိန်မှာပဲ ရှောင်ကျွမ်းက တီးတိုး ရေရွတ်လိုက်လေရဲ့။ "မင်းသမီးက သူ့ရဲ့ အဆောက်အဦကြီး တစ်လုံးကို ဖြိုချပစ်ခဲ့လို့ သူ လန့်သွားတာများလား"
ကုရှင်းလန်က ရှောင်ကျွမ်း ပြောလိုက်တာကို သေချာမကြားလိုက်တော့ "မင်း ဘာပြောလိုက်တာလဲ" လို့ ပြန်မေးလိုက်လေတယ်။
"ဘာ... ဘာမှမဟုတ်ပါဘူး" ရှောင်ကျွမ်းက မျက်နှာပျက်ပျက်နဲ့ အတင်းရယ်ပြလိုက်ရတာပေါ့။ အဆောက်အဦကြီး ဖြိုချပစ်ခဲ့တဲ့ ကိစ္စကိုတော့ အသေအလဲ အရိုက်ခံရရင်တောင် နှုတ်ကနေ အထွက်ခံလို့ မဖြစ်ဘူးလေ။
ယွီးရှောင်ရှောင်ကတော့ ရှေ့ဆုံးကနေ လျှောက်သွားရင်း နေ့လယ်စာ ဘာစားရမလဲ ဆိုတာကိုပဲ စိတ်ထဲ တွေးနေတာမို့ အနောက်က သုံးယောက်သား ပြောနေတဲ့ စကားတွေကို တစ်ခွန်းမှ နားထဲ မဝင်တော့ဘူးပေါ့။
"မင်းသမီး..." ကျင်းမော့က ခြံဝင်းတံခါးအပြင်ဘက်မှာ ယွီးရှောင်ရှောင်ကို အစကတည်းက ရပ်စောင့်နေခဲ့တာလေ။ ယွီးရှောင်ရှောင် ခြံဝင်းထဲကနေ ထွက်လာတာကို မြင်တာနဲ့ ရှေ့ကို တစ်လှမ်းတိုးပြီး လမ်းပိတ်ရပ်လိုက်တယ်။
ယွီးရှောင်ရှောင်လည်း ခြေလှမ်းတွေ ရပ်တန့်သွားပြီး "ဒီတစ်ခေါက်တော့ ရှင့်ကို ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်လေတယ်။ ရက်စက်တဲ့ ဘုရင်မကြီးရဲ့ ဒီတိတ်တိတ်ပုန်းရည်းစားက မဆိုးပါဘူးလေ။ ယွီးကျစ်ရီကို ချမ်းသာပေးလိုက်တော့ အထိန်းတော်ကြီးဝမ်ခမျာ မျက်ရည်ကျရတာ သက်သာပြီး ထမင်း နည်းနည်းပါးပါး ပိုစားဝင်သွားတာပေါ့။ ဒီအတွက်နဲ့ပဲ သူမက ကျင်းမော့ကို ကျေးဇူးတင်ရမှာလေ။
ကျင်းမော့က ပြုံးပြီး ပြန်ပြောလိုက်တယ်။ "မင်းသမီးက အားနာနေပါပြီ၊ တကယ်တော့ ကျုပ်ကသာ မင်းသမီးကို ကျေးဇူးတင်ရမှာပါ။ မနေ့က မင်းသမီးရဲ့ စကားတွေကြောင့် ကျုပ် အသိဉာဏ်တွေ ချက်ချင်း ပွင့်သွားခဲ့တယ်"
'အသိဉာဏ်တွေ ပွင့်သွားတယ်' ဆိုတာ ဘာကြီးမှန်း ယွီးရှောင်ရှောင် နားမလည်ပေမဲ့လည်း ကျေနပ်သွားတဲ့ပုံနဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေရဲ့။
"ကျွန်မပြောတဲ့ စကားတွေက ဘယ်တော့မှ မမှားဘူးလေ၊ ရှင် နားထောင်သင့်တာပေါ့"
ကျင်းမော့က ယွီးရှောင်ရှောင်ကို လက်နှစ်ဖက်ဆုပ်ပြီး ဂါရဝပြုရင်း "ကျေးဇူးတင်ပါတယ် မင်းသမီး" လို့ ဆိုပြန်တယ်။
"ရပါတယ်" လို့ ယွီးရှောင်ရှောင်က ကျင်းမော့ကို ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တာပေါ့။
ယွီးရှောင်ရှောင်ရဲ့ နောက်ကနေ လိုက်လာတဲ့ ယောက်ျားသုံးယောက်လုံး ထပ်ပြီး ဆွံ့အသွားကြပြန်တယ်။ မနေ့ညက မင်းသမီး ကျင်းမော့ကို ဘာတွေများ သွားပြောခဲ့လို့ပါလိမ့်။
ကျင်းမော့က လမ်းဖယ်ပေးလိုက်ပြီး "လင်းလုံမင်းသမီး... ကြွပါတော့" လို့ ပြောလိုက်လေတယ်။
"နောက်မှတွေ့မယ်" လို့ ယွီးရှောင်ရှောင်က ကျင်းမော့ကို နှုတ်ဆက်လိုက်လေရဲ့။ အိမ်ပြန်ရောက်ရင် ခေါက်ဆွဲစားမယ်ဆိုပြီး ခုနလေးတင်မှ သူမ ဆုံးဖြတ်ချက်ချလိုက်တာကိုး။
မနေ့က ကျင်းချန်ရဲ့ တမန်တော် သစ်သားပြားနဲ့ အရိုက်ခံရတဲ့ကိစ္စက ကောင်းကင်ကနေ သစ်သားတွေ ပြုတ်ကျလာစရာ အကြောင်းမရှိဘူး၊ ဒါဟာ သေချာပေါက် လူလုပ်တာပဲ ဖြစ်ရမယ်လေ။ ဘယ်သူကများ အလုပ်မရှိ အကိုင်မရှိ ကျောက်အိမ်တော်ရဲ့ ဘေးပေါက်ငယ်လေးကို သွားစောင့်ကြည့်နေပါ့မလဲ။ သယ်ယိ စားသောက်ဆိုင်က လူတွေကို တစ်ယောက်ချင်းစီ စစ်ဆေးကြည့်တော့လည်း ပြဿနာဖြစ်တဲ့အချိန်မှာ အရှေ့တောင်ထောင့်က ခြံစည်းရိုးနားကို ဘယ်သူမှ မသွားခဲ့ကြဘူးတဲ့။ အဲဒီအချိန်မှာ သယ်ယိ စားသောက်ဆိုင်ထဲ လှုပ်ရှားသွားလာနေတာဆိုလို့ လင်းလုံမင်းသမီးရယ်၊ သူမရဲ့ ကိုယ်ရံတော်နှစ်ယောက်ရယ်ပဲ ကျန်တော့တာလေ။
ကျင်းမော့က တဖြည်းဖြည်း ဝေးသွားတဲ့ ယွီးရှောင်ရှောင်ရဲ့ ကျောပြင်ကို ကြည့်နေရင်း သူ့ရဲ့ အကြည့်တွေက ပိုပြီး နက်ရှိုင်းလာလေရဲ့။ မင်းသမီးကြီးက ကျောင်းမိသားစုနဲ့ ရန်သူတွေ ဖြစ်နေတာမို့၊ ကျောင်းမိသားစုကို စောင့်ကြည့်ပြီး ကျောင်းမိသားစုနဲ့ ကျင်းချန်တို့ တိတ်တဆိတ် ပူးပေါင်းနေတဲ့ ကိစ္စကို သူ သိအောင် လုပ်ပေးလိုက်တယ်ဆိုတာက တကယ်ကို အကြောင်းပြချက် ခိုင်လုံနေတာပဲ။ လင်းလုံမင်းသမီးက ကျောင်းမိသားစုကို စောင့်ကြည့်နေခဲ့တာ အတော်လေး ကြာလောက်ပြီ။ ဒီနေ့ ကျောင်းမိသားစုရဲ့ အပြုအမူတွေကို ကြည့်ရတာ ဒါတွေအကုန်လုံး မင်းသမီး နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားသွားမှန်း သူတို့ နည်းနည်းလေးတောင် ရိပ်မိပုံမရဘူး။ ကျောင်းချိုးမင်နဲ့ မိဖုရားကျောင်းတို့ သားအဖနှစ်ယောက်လုံးကိုတောင် လှည့်စားသွားနိုင်တယ်ဆိုတော့ ဒီအသက်ဆယ့်သုံးနှစ်အရွယ် အိမ်ထောင်ကျကာစ မိန်းကလေးရဲ့ လုပ်ရည်ကိုင်ရည်က အတော်လေးကို ရက်စက်ကြမ်းကြုတ်တယ်လို့ ဆိုရမှာပဲ။ (ဟိုက ပျင်းလို့ ပိုးဟပ်လိုက်ဖမ်းတာပါအေ)
…