အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
🍋 Chapter 99
နားလည်မှုလွဲတာလေး တစ်ခုကြောင့်နှင့်တော့ ကျိုးထျန်းက ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ။
စနစ်ရဲ့ အလယ်အလတ်အဆင့် ချမ်းသာကြွယ်ဝမှု သတင်းအချက်အလက်ကတ်က ပေးထားတဲ့ သဲလွန်စလေ။
သူ ဘယ်လိုလုပ် အလွယ်တကူ လက်လွှတ်ခံပါ့မည်နည်း။
သို့သော်လည်း သူက အသေးစိတ်အချက်အလက်တွေကို စိတ်ဝင်စားနေဆဲ ဖြစ်သည်။ အဓိကမှာ ကျောက်ရှင်းက ကြည့်ရသည်မှာ အလွန်တက်ကြွလန်းဆန်းသူ တစ်ယောက်ဖြစ်ပြီး ဘာကြောင့် အခုမှ ရုတ်တရက် ဒီလောက်အထိ စိတ်ဓာတ်ကျပြီး မှိုင်တွေနေရသနည်း ဆိုသည်ကို သူ သိချင်နေသည်။
ကျောက်ရှင်းသည် ကျိုးထျန်း၏ မျက်လုံးများကို ကြည့်ကာ သူ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အထပ်ထပ် အတည်ပြုနေမိသည်။
ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သောလူ တကယ် ရှိသလော?
ဘာအခြေအနေမှ မပါဘဲ သေလုမျောပါး ဖြစ်နေသည့် သိပ္ပံရုပ်ရှင်ကား တစ်ကားမှာ တကယ်ပဲ ရင်းနှီးမြှုပ်နှံချင်တာလား?
သို့သော် သူ့မျက်လုံးများကမူ ထိုအရာအားလုံးမှာ အမှန်တရားဖြစ်ကြောင်း သူမကို ပြောပြနေသည်။
ဤမရေရာသော ခံစားချက်က သူမကို လွှမ်းမိုးထားသဖြင့် သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။
လူသောင်းချီရှိသော ပွဲလမ်းသဘင်များတွင်ပင် မတုန်လှုပ်တတ်သော သူမသည် ယခုအခါတွင်မူ စိုးရိမ်တကြီး ဖြစ်နေရရှာသည်။
အသစ်တစ်ဖန် တောက်ပလာသော ဤမျှော်လင့်ချက်ကို ယခင်ကလို ပျောက်ကွယ်မသွားစေချင်တော့ပေ။
"ရှင်... ရှင်က တကယ်ပဲ ရင်းနှီးမြှုပ်နှံမှာလား? တခြား ဘာအခြေအနေမှ မပါဘဲ ရိုးရိုးရှင်းရှင်းပဲ ရင်းနှီးမြှုပ်နှံမှာလား?"
သူမ မယုံကြည်နိုင်ဘဲ ထပ်ခါတလဲလဲ အတည်ပြုနေမိသည်။
"ဒါပေါ့၊ နင် မယုံရင် နင့်လက်ထောက်ကို ခေါ်ပြီး ဒီမှာ အတူထားလို့ရတယ်၊ ပြီးမှ ငါတို့ ဆွေးနွေးကြတာပေါ့"
"အင်း... မလိုပါဘူး၊ ငါ နင့်ကို ယုံပါတယ်"
သူမ သူ့ကို ၇၀ ရာခိုင်နှုန်းခန့် ယုံကြည်သွားသည်။ ယုံကြည်ဖို့လည်း တခြားရွေးချယ်စရာ မရှိပေ။
"ငါ မေးခွန်းအချို့ မေးလို့ ရမလား?"
"မေးပါ၊ ငါ အကုန်ပြောပြပါ့မယ်"
ကျောက်ရှင်း အနည်းငယ် စိတ်လျှော့လိုက်သည်။
"Huanxi Films မှာ အတိအကျ ဘာတွေ မှားယွင်းသွားတာလဲ၊ ရုပ်ရှင်ရဲ့ရန်ပုံငွေ ဘာလို့ ပြတ်တောက်သွားတာလဲ ဆိုတာ ငါ သိချင်တယ်"
ရင်းနှီးမြှုပ်နှံခြင်းမပြုမီ ဤအချက်ကို သူ သိထားရန် လိုအပ်သည်။
"ကုမ္ပဏီရဲ့ ပြဿနာတွေက ငါ့အဖေကြောင့်ပါ"
ဤအကြောင်းကို ပြောလိုက်သောအခါ သူမ မျက်ဝန်းများမှာ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်သွားသည်။
"ငါ့အဖေက ရုပ်ရှင်နဲ့ ရုပ်သံလောကမှာ ဝါရင့်တစ်ယောက်လို့ ပြောလို့ရတယ်။ အဆက်အသွယ်နဲ့ အရင်းအမြစ်တွေ၊ အထူးသဖြင့် အစိုးရပိုင်းက အဆက်အသွယ်တွေလည်း အသင့်အတင့် ရှိပါတယ်။ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတချို့လည်း ရှိတော့ အရာရာက အဆင်ပြေပြေ လည်ပတ်နေခဲ့တာပါ"
"ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ တရုတ်ရုပ်ရှင်ဈေးကွက်က အရှိန်အဟုန်နဲ့ တိုးတက်လာတော့ ကုမ္ပဏီရဲ့အမြတ်အစွန်းတွေက တကယ်ပဲ တဖြည်းဖြည်းတိုးလာခဲ့တယ်"
"အကယ်၍ ငါတို့ နောက်ထပ် နှစ်အနည်းငယ်လောက် ကြိုးစားပြီး အောင်မြင်တဲ့ ရုပ်ရှင်ကားကြီး တချို့လောက် ထပ်ထုတ်နိုင်ရင် ငါတို့မိသားစုက တရုတ်နိုင်ငံရဲ့ ထိပ်တန်း ရုပ်ရှင်ကုမ္ပဏီတွေစာရင်းထဲ ဝင်နိုင်မှာပါ"
"ဒါပေမဲ့ အဲဒီလို ဖြစ်လာတော့ ငါ့အဖေက အလျင်စလို ဖြစ်လာပြီး ကုမ္ပဏီကို ပိုပြီးမြန်မြန် ချဲ့ထွင်ချင်လာတယ်"
"ချဲ့ထွင်ဖို့ဆိုရင် ပိုက်ဆံလိုတယ်၊ ပိုက်ဆံ အများကြီးလိုတယ်"
"ဒါပေမဲ့ ပြဿနာက ပိုက်ဆံနဲ့ စတာပဲ၊ ငါ့အဖေက လူမှားပြီး ယုံမိသွားတယ်"
"သူက အိမ်ခြံမြေတွေ၊ ရှေးဟောင်းပစ္စည်း စုဆောင်းမှုတွေနဲ့ ကုမ္ပဏီ ရှယ်ယာတွေကိုပါပေါင်နှံပြီး အင်တာနက် ဘဏ္ဍာ ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်"
"အစပိုင်းမှာတော့ အမြတ်တွေက တကယ်ပဲ အများကြီးရခဲ့တော့ ငါ့အဖေက ပိုက်ဆံတွေ ပိုပြီးမြန်မြန်ရချင်တာနဲ့ ပိုပြီးတော့တောင် ရင်းနှီးမြှုပ်နှံခဲ့သေးတယ်"
"ဒါပေမဲ့ အဲဒီလူ ထွက်ပြေးသွားတဲ့အခါကျမှ ဒါက ခေတ်မီပြီး ဆွဲဆောင်မှုရှိအောင် ထုပ်ပိုးထားတဲ့ 'ပွန်ဇီလိမ်လည်မှုတစ်ခုမှန်း အားလုံး သိလိုက်ရတယ်"
"အဲဒီကုမ္ပဏီ ပြိုလဲသွားပြီးနောက်မှာ ငါ့အဖေက ဒုတိယအကြီးဆုံးရှယ်ယာရှင် ဖြစ်နေတော့ ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရတယ်"
"သူ အခုထိ ဟန်ကျိုးက အကျဉ်းထောင်မှာ ရှိနေတုန်းပဲ"
၎င်းကိုကြားလိုက်ရသည့်အခါ ကျိုးထျန်း သက်ပြင်းချမိသည်။
အင်တာနက် ဘဏ္ဍာရေးလုပ်ငန်းတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခေတ်စားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုရဲ့ စံနှုန်းအသစ် တစ်ခုလိုပင်ဖြစ်ခဲ့သည်။
သို့သော် အဆုံးမှာ ဒီရေကျသွားတဲ့အခါ ဘယ်သူက အဝတ်မပါဘဲ ရေကူးနေလဲဆိုတာ သိလိုက်ရခြင်းပင်။
ထို့အပြင် ကုမ္ပဏီများမှာ အဝတ်မပါဘဲ ရေကူးနေရုံတင်မက ရင်းနှီးမြှုပ်နှံသူများ၏အတွင်းခံကိုပါ ခိုးသွားခြင်းပင်။
မိမိကိုယ့်ကိုယ် ဘဏ္ဍာရေး ပါရမီရှင်များဟု ကြွေးကြော်ထားသော လူများမှာ ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားကြပြီး ဘီလီယံနဲ့ချီသော အရှုပ်အထုပ်တွေကို ချန်ထားခဲ့ကာ နိုင်ငံခြားမှာ ဇိမ်နဲ့ သွားနေကြသည်။
ကျောက်ရှင်း အဖေမှာလည်း ထိုသားကောင်များထဲမှ တစ်ယောက် ဖြစ်လာခဲ့ပြီး အကံအဆိုးဆုံး တစ်ယောက်ပင်။
အခြားလူများမှာ အလွန်ဆုံး ပိုက်ဆံပဲ ဆုံးရှုံးကြခြင်း ဖြစ်ပြီး သူမ၏အဖေမှာ ပိုက်ဆံတင်မကဘဲ လွတ်လပ်ခွင့်ပါ ဆုံးရှုံးသွားခဲ့ရသည်။
လုံးဝ အပြစ်ကင်းသည်ဟု ပြောဖို့ ခက်သော်လည်း လိမ် လည်ခံရခြင်းမှာ အသေအချာပင်။
"ဒါဆို နင့်အဖေရဲ့ အခု အခြေအနေက ဘယ်လိုလဲ? အာဏာ ပိုင်တွေဘက်က သဘောထားကကော?"
"အာဏာပိုင်တွေဘက်ကတော့ ပိုက်ဆံ ဘယ်လောက်ပြန်လျော်နိုင်မလဲဆိုတာပေါ် မူတည်ပြီး ပြစ်ဒဏ် သတ်မှတ်မယ်လို့ ပြောတယ်။ သူတို့က ငါ့အဖေက အဓိက လက်သည် မဟုတ်တာကို နားလည်ကြပေမဲ့ တာဝန်ယူမှုကနေတော့ လွတ်မှာ မဟုတ်ဘူး"
"ငါ့အဖေရဲ့ ရှယ်ယာပိုင်ဆိုင်မှုနဲ့ ရရှိခဲ့တဲ့ အမြတ်တွေအရ ပြစ်ဒဏ် အနည်းဆုံးဖြစ်အောင်ဆိုရင် အကြွေး ယွမ် ၁.၂ ဘီလီယံကျော်ကို ပြန်ဆပ်ရမယ်"
"ဒါပေမဲ့ ငါတို့မိသားစုက ယွမ် ၁.၂ ဘီလီယံကို ဘယ်က ရမှာလဲ? ကုမ္ပဏီ ရှယ်ယာတွေရော၊ ငါ့အဖေရဲ့ ပိုင်ဆိုင်မှု အားလုံးကော ပေါင်နှံထားရတာ။ အခုဆို ဘဏ်တွေဆီကနေ နေ့တိုင်း အကြွေးတောင်းတာ ခံနေရတယ်၊ အတိုးနှုန်းတင် ငါတို့မိသားစုကို ဖိသိပ်ဖို့ လုံလောက်နေပြီ"
ထိုနေရာသို့ ရောက်သောအခါ ကျောက်ရှင်းသည် ကျိုးထျန်း၏ဖန်ခွက်ကို ဆွဲယူကာ တစ်ကျိုက်တည်း သောက်လိုက်သည်။
ကျိုးထျန်းကတော့ တိတ်တဆိတ်ပင် အယ်လ်ကိုဟော ပါဝင်မှုနည်းသော ဘီယာနှစ်ဗူးကိုထပ်ထုတ်ကာ သူမနှင့် သူ့အ တွက် ငှဲ့ပေးလိုက်သည်။
"ဒါဆို နင်က မိသားစု အကြွေးတွေ ဆပ်ဖို့ အနုပညာလောကထဲကို ဝင်လာတာပေါ့ ?"
သူ ခန့်မှန်းပြီးသားပင်။
"ဟုတ်တယ်၊ အနုပညာလောကထဲဝင်ပြီး ပိုက်ဆံရှာနိုင်မှပဲ ငါ့မိသားစု အသက်ရှူချောင်မှာလေ"
"ဒါကြောင့် ငါက ရတဲ့အလုပ်မှန်သမျှ အကုန်လက်ခံခဲ့တယ်။ ရုပ်ရှင်၊ ဗီဒီယို၊ ဒါမှမဟုတ် ဝက်ဘ်စီးရီး... ကုမ္ပဏီအသေးစားလေးတွေရဲ့ ဖွင့်ပွဲတွေနဲ့ ဈေးဝယ်စင်တာက ပွဲတွေအထိ ငါ အကုန်လုပ်ခဲ့တယ်”
"ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး၊ လိုအပ်နေတာနဲ့စာရင် အဝေးကြီး လိုသေးတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ ငါ တစ်နေ့ကို သုံးနာရီပဲ အိပ်ခဲ့ရတယ်။ အလုပ်တွေ မြန်မြန်ပြီးအောင် လုပ်ရမယ်ဆိုတဲ့ အိပ်မက်တွေတောင် မက်တယ်၊ ဒါပေမဲ့ အကြွေးကိုတော့ ပြန်မဆပ်နိုင်သေးဘူး”
"ငါ့ဘဝက အခုတော့ ဘယ်လိုမှ နိုးထလို့မရတဲ့ အိပ်မက်ဆိုးကြီး တစ်ခုလိုပါပဲ။ ငါ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘူး"
သူမသည် ဆက်တိုက် သောက်နေမိသည်။ ဤသည်မှာ သူမ ရင်ဖွင့်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေနိုင် သည်။
ကျိုးထျန်းသည် သူမ အဖျော်ယမကာထဲသို့ ဆိုဒါရေတိတ်တ ဆိတ် ထည့်ပေးလိုက်သည်။ အကယ်၍ သူမ ဤအတိုင်း ဆက်သောက်နေလျှင် မကြာခင် ထပ်မူးသွားတော့မည်။
ယခုအခြေအနေတွင် သူမသည် အရက်အရသာ ရှိနေသရွေ့ အကောင်းအဆိုးကို ခွဲခြားနိုင်မည် မဟုတ်ပေ။
သူမ ပြောပြချက်များကို နားထောင်ပြီးနောက် ကျိုးထျန်းသည် ကျောက်ရှင်းအပေါ် ပိုအမြင်ကောင်းရှိလာသည်။
လူအတော်များများဆိုလျှင် ဤအခြေအနေမျိုးတွင် ထွက် ပြေးဖို့သာ ရွေးချယ်ကြမည်မှာ အသေအချာပင်။ သူတို့အဖေနဲ့ ကုမ္ပဏီရဲ့ အကြွေးတွေကို ပြန်ဆပ်နေကြမည် မဟုတ်ပေ။
မိသားစုမှာ ကျန်ရှိတဲ့ ပိုက်ဆံတွေကို ယူပြီး နိုင်ငံခြားမှာ ဇိမ်နဲ့ သွားနေဖို့သာ လူအများစုက ရွေးချယ်ကြလိမ့်မည်။
သူမသည် ဤတာဝန်ကို ယူရဲပြီး အကောင်အထည်ဖော်နေခြင်းက ကျောက်ရှင်းသည် အလွန်စိတ်ထားကောင်းသူ ဖြစ်ကြောင်း သက်သေပြနေသည်။
"ဒါဆို ဒီရုပ်ရှင်က ဘယ်လိုလဲ?"
"Planetary House က အစက ငါ့အဖေက နာမည်ကောင်းရဖို့အတွက် အကြီးအကျယ် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာပါ။ အရာအားလုံးသာ အစီအစဉ်အတိုင်း ဖြစ်ခဲ့ရင် မေလအား လပ်ရက်မှာ ရုံတင်ရမှာ”
"ဒါပေမဲ့ အခုတော့ ရုပ်ရှင်ပြီးမြောက်ဖို့ ပြင်ဆင်မှုတွေနဲ့ ဈေးကွက်မြှင့်တင်ရေးအတွက် ပိုက်ဆံမရှိတော့ဘူး၊ ဝါရင့်သရုပ်ဆောင်တချို့ရဲ့ လုပ်ခလစာတောင် ပေးဖို့ ကျန်နေသေးတယ်”
"ဒီရုပ်ရှင်သာ ရုံတင်နိုင်ရင် ကုမ္ပဏီရဲ့ဆုံးရှုံးမှုတချို့ကို ကာမိပြီး ကုမ္ပဏီကို ခဏလောက်ထပ်ထိန်းထားနိုင်မလားလို့ ငါ တွေးခဲ့တာ”
"ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူ အယောက်ပေါင်းများစွာဆီ ငါ ချဉ်း ကပ်ခဲ့ဖူးတယ်၊ သူတို့ အားလုံးက ငါ့ကိုပဲ စိတ်ဝင်စားနေကြတာ”
"သူတို့က ငါ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူချင်နေကြတာ!"
"အခုဆို ဘဏ်တွေက နောက်ဆုံးအဆင့်အနေနဲ့ အကြွေးတောင်းနေကြပြီ၊ အကယ်၍ ရုပ်ရှင်က မကြာခင် ရုံမတင်နိုင်ရင် ကုမ္ပဏီက အပိုင်းပိုင်းခွဲပြီး အရောင်းခံရတော့မယ်၊ အဲဒီလိုဆိုရင် ငါ့အဖေ ထောင်ကထွက်လာဖို့ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး"
ကျောက်ရှင်း စကားပြောရင်း ပိုစိတ်လှုပ်ရှားလာကာ သူမ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်လာသည်။
"ဒါကြောင့် နင်က ရင်းနှီးမြှုပ်နှံမယ့်လူ ရှိရင် နင့်ခန္ဓာကိုယ်ကို စတေးပြီးတော့တောင် အလျှော့ပေးဖို့ဆုံးဖြတ်လိုက်တာပေါ့"
"ငါ့မှာ တခြားရွေးချယ်စရာ ရှိလို့လား?"
ကျိုးထျန်း မျက်နှာမှာလည်း တည်ကြည်သွားသည်။ အကယ်၍ ကျောက်ရှင်းစရိုက်အရဆိုလျှင် သူမတွင် တကယ်ပင် တခြားရွေးချယ်စရာ မရှိခဲ့ပေ။
"ဒါဆို နင်က ချန်တူးကို ရင်းနှီးမြှုပ်နှံသူ ရှာဖို့ လာတာပေါ့?"
"ဟုတ်တယ် Baoge ရဲ့ ဥက္ကဋ္ဌနဲ့ ငါ ဆက်သွယ်ခဲ့တယ်၊ ဒါပေမဲ့ အဆုံးမှာတော့ သဘောတူညီမှု မရခဲ့ဘူး၊ သူမက ငါ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။
အကယ်၍ သူမက သဘောမတူရင် ငါက ဟိုတဏှာရူးအဖိုး ကြီးတွေဆီ ပြန်သွားပြီး တောင်းပန်ရတော့မယ်”
"ဒါပေမဲ့ နင်က ရုတ်တရက် ရင်းနှီးမြှုပ်နှံမှု အကြောင်းပြောလာတော့ ငါက... အဲဒီလို လုပ်မိသွားတာ၊ နင်လည်း သူတို့လိုပဲလို့ ငါ ထင်သွားလို့ပါ"
ကျောက်ရှင်း ဤသို့ ပြောလိုက်သောအခါ ခေါင်းကို ထပ်မံ ငုံ့လိုက်ပြန်သည်။
"နင် ပြောပုံအရဆိုရင် အခု ငါက အခြေအနေတချို့ထပ်တိုးဖို့ စဉ်းစားရတော့မှာပဲ"
သူသည် လေးနက်နေသော အငွေ့အသက်ကို လျှော့ချရန် တမင် နောက်ပြောင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ အသေးစိတ်အချက်တစ်ခုကို သတိပြုမိလိုက်သည်။
‘Baoge ရဲ့ ဥက္ကဋ္ဌဆိုတာ... ဟယ်ဝေရွှမ်း မဟုတ်လား?’
‘သူမက ဒီရုပ်ရှင်ကို သဘောမကျဘဲ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘူးပေါ့’
‘အဲဒီမိန်းမက တော်တော်မာနကြီးတာပဲ၊ ဒါပေမဲ့ သူမလည်း မှားနိုင်တာပဲပေါ့’
‘ဒါက စိတ်ဝင်စားစရာ ကောင်းလာပြီ’
ကျိုးထျန်း အထပ်ထပ်စဉ်းစားပြီးနောက် အစီအစဉ်တစ်ခု ရလာသည်။ ဟယ်ဝေရွှမ်းအား ပစ်မှတ်ထားသည့် အစီအစဉ်တစ်ခုပင်။
🍋 Chapter 100
‘ဒါကြောင့် ဒီနေ့နေ့လယ်က ဟယ်ဝေရွှမ်းနဲ့ ဆုံခဲ့တာ မထူး ဆန်းဘူးပဲ။ သူမက ကျောက်ရှင်းနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ ဆွေးနွေးဖို့ ရောက်နေတာကိုး၊ နောက်ပြီး သူမမှာ တခြားချိန်းဆိုမှု ရှိသေးတယ်လို့ ပြောခဲ့တာကလည်း ကျောက်ရှင်းနဲ့ တွေ့ဖို့ပဲ ဖြစ်လိမ့်မယ်’
သို့သော် ထိုမိန်းမက အလွန်အမင်း ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။
ရုပ်ရှင်မှာလည်း လက်ရှိ ရုန်းကန်နေရပြီး ရွေးချယ်ထားတဲ့ အကြောင်းအရာကလည်း ခေတ်စားနေတဲ့ အမျိုးအစား မဟုတ်ပေ။ အေစာရင်းဝင် နာမည်ကြီးသရုပ်ဆောင်တွေလည်း မပါသောကြောင့် သူမဘက်မှ အကောင်းမမြင်သည်အား နားလည်ပေးလို့ ရပေသည်။
ကျိုးထျန်း သူမရဲ့ အကြောင်းကို လေ့လာထားဖူးသည်။ ဒီမိန်းမက အလွန်အမင်းမာနကြီးပြီး ကုမ္ပဏီထဲမှာ အကြွင်းမဲ့ အာဏာရှိသူ ဖြစ်သည်။
သူမ တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ဘယ်လောက်ပဲ ဖျောင်းဖြဖျောင်းဖြ ပြောင်းလဲမှာ မဟုတ်ပေ။
တစ်နည်းအားဖြင့် ဒါက ယုံကြည်မှုဖြစ်သလို တစ်ဖက်မှာလည်း ခေါင်းမာမှုပဲဖြစ်သည်။
သူမကို ဆန့်ကျင်ရဲတဲ့သူမှန်သမျှကိုလည်း သူမက ကုမ္ပဏီကနေ ထုတ်ပစ်လေ့ရှိသည်။ ဆိုလိုသည်မှာ သူမကို သဘောမတူတဲ့သူမှန်သမျှ အနှိမ်ခံရခြင်းပင်။
ပြောင်းပြန်ပြောရရင် သူမကို ဆန့်ကျင်တဲ့သူကမှ သူမရဲ့ အာရုံစိုက်မှုကိုရမှာ ဖြစ်သည်။
ဟယ်ဝေရွှမ်းမှာ အင်မတန် သန်မာတဲ့ မိန်းမတစ်ယောက်ပဲ။
သူမ၏ အရှိန်အဝါ၊ စဉ်းစားတွေးခေါ်ပုံနှင့် ဆုံးဖြတ်ချက်များမှာ ထိပ်တန်းအဆင့်မှာ ရှိပေသည်။
သို့သော် အရည်အချင်းများ ရှိနေရင်တောင် 'Planetary House' က ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ သူမ ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ပေ။
ကျိုးထျန်းတွင် သတင်းအချက်အလက် အသာစီးရမှု ရှိနေတယ်၊ ၎င်းမှာ သူ့ အနိုင်ဖဲပင်။
‘ကြည့်ရတာ နောက်မှ သူမနဲ့ တွေ့ရဦးမယ် ထင်တယ်’
သူ့ရှေ့မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ကျောက်ရှင်းကို ကြည့်ပြီး သူ ဖန်ခွက်ကို မြှောက်လိုက်သည်။
"စောစောက ငါ နောက်တာပါ၊ ငါသာ နင့်ကို စိတ်ရှိရင် အစောကြီးကတည်းက တစ်ခုခု လုပ်ပြီးသား ဖြစ်မှာပေါ့၊ အခုထိ စောင့်နေပါ့မလား?"
ကျောက်ရှင်းကလည်း အနည်းငယ် မူးနေသဖြင့် သူမရဲ့ စိတ်တွေက ဝေဝေဝါးဝါး ဖြစ်နေသည်။
ခဏလောက် စဉ်းစားပြီးနောက် ယုတ္တိရှိတယ်လို့ သူမ ထင်လိုက်မိသည်။
"ဒါဆို... အမြတ်ဝေစု ဘယ်လောက် လိုချင်တာလဲ?"
"နင် ဒီရုပ်ရှင်မှာ အခုထိဘယ်လောက် ရင်းနှီးထားပြီးပြီလဲ?"
"ထုတ်လုပ်ရေး ကုန်ကျစရိတ် ယွမ် သန်း ၁၃၀ ရယ်၊ သရုပ် ဆောင်တွေရဲ့ လစာမပေးရသေးတာ ယွမ် ၅ သန်း ရှိတယ်"
ကျိုးထျန်း ၎င်းကိုကြားပြီး အံ့ဩသွားမိသည်။ ဒီသိပ္ပံရုပ်ရှင်က တကယ်ကို ကုန်ကျစရိတ်များလွန်းသည်။
ဒါကတောင် နာမည်ကြီး မင်းသား၊ မင်းသမီးတွေ မပါသေးဘူး။
အကယ်၍ နာမည်ကြီးအနုပညာရှင်တွေ သုံးမယ်ဆိုရင် သန်း ၂၀၀ ကျော်လောက် ကုန်မှာ သေချာသည်။
"ဒါဆို အခု အပြီးသတ်ဖို့နဲ့ ရုံတင်ဖို့အတွက် သန်း ၃၀ ပဲ လိုတော့တာပေါ့?"
"ဟုတ်တယ်၊ ဒါက အနည်းဆုံးပဲ။ ငါတို့ အထူးရိုက်ချက်တွေရဲ့ သုံးပုံတစ်ပုံကိုဖြတ်ပစ်ထားရတယ်၊ မဟုတ်ရင် ဒီထက်တောင် ပိုကုန်ဦးမှာ"
"ဪ..."
ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။ စနစ်က ဘာလို့ ရုံတင်ဝင်ငွေကို အတိအကျမပြောဘဲ အကွာအဝေးတစ်ခုအနေနဲ့ ပေးထားလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။
သန်း ၃၀ ဆိုသည်မှာ ရုပ်ရှင်ကိုပြီးရုံပဲ ပြီးစေမှာ ဖြစ်ပြီး အကောင်းဆုံး ရလဒ်ကိုတော့ ရမှာ မဟုတ်ချေ။
"ဒါဆို အကောင်းဆုံး ရလဒ်ရဖို့နဲ့ အထူးပြုလုပ်ချက်ရိုက် ချက်တွေ အားလုံးအပြီးသတ်ဖို့ဆိုရင် ဘယ်လောက် ကုန်မလဲ?"
"ငါတို့က ပြည်တွင်းက အထူးပြုလုပ်ချက် အဖွဲ့ကိုပဲ သုံးထားတာ။ သူတို့က ငါ့အဖေနဲ့ အသိဟောင်းတွေ၊ အဲဒီအဖွဲ့ရဲ့ သူဌေးက စတင်တည်ထောင်ခါစတုန်းက ငါ့အဖေက ကူညီပေးခဲ့ဖူးတော့ အခု သူတို့က ရင်းနှီးတဲ့ ဈေးနှုန်းနဲ့ လုပ်ပေးထားတာ။
အထူးပြုလုပ်ချက် အများစုက ရိုက်ကူးရေးမှာတင် ပြီးထားတာပါ၊ အခုက နောက်ဆုံးအဆင့် ပြင်ဆင်ဖို့ပဲ လိုတာ။ တကယ်တော့ အဲဒီကုမ္ပဏီက ငါတို့ဆီက ပိုက်ဆံရတာထက် ပိုပြီးတော့တောင် လုပ်ပေးထားတာ
ဒါက သူတို့ရဲ့ ကျေးဇူးဆပ်တဲ့ နည်းလမ်းပဲလေ၊ ငါ အရင်က တွက်ချက်ထားတာအရဆိုရင် အားလုံး ပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက် ယွမ် ၉၇ သန်းလောက်လိုတာ"
ကျောက်ရှင်း အတိအကျ ကိန်းဂဏန်းကို ချက်ချင်းပြောပြသည်။
"ယွမ် သန်း ၁၀၀ နီးပါးပေါ့၊ တော်တော်များသားပဲ"
သူ ခဏ စဉ်းစားပြီး ထပ်မေးလိုက်သည်။
"ဒါဆို နင်တို့ ရုပ်ရှင်လောကမှာ အမြတ်ခွဲဝေပုံက ဘယ်လိုလဲ?"
"၅၀ ရာခိုင်နှုန်းက ရုပ်ရှင်ရုံတွေ ရတယ်၊ ၁၀ ရာခိုင်နှုန်းက ဖြန့်ချိရေး ကုမ္ပဏီကရပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက ထုတ်လုပ်ရေးကုမ္ပဏီက ရတယ်"
ကျိုးထျန်း တွက်ချက်ကြည့်လိုက်သည်။
အကယ်၍ ရုံတင်ဝင်ငွေက အမြင့်ဆုံး ယွမ် ၃.၅၈၃ ဘီလီယံ ရခဲ့ရင် အခွန် ၆ ရာခိုင်နှုန်း နုတ်ပြီးတဲ့နောက် ထုတ်လုပ်ရေး ကုမ္ပဏီမှာ ယွမ် ၁.၄၃၃ ဘီလီယံ ရမှာ ဖြစ်သည်။
တစ်နည်းအားဖြင့် အကောင်းဆုံး အခြေအနေမှာ ယွမ် ၁.၃၄၇ ဘီလီယံ ကျန်လိမ့်မည်။
"ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံသူ ဘယ်နှယောက် ရှိလဲ?"
"လောလောဆယ်တော့ ငါတို့ ကုမ္ပဏီတစ်ခုတည်းပဲ၊ ငါ့အဖေက အကျိုးအမြတ်အားလုံးကို တစ်ယောက်တည်း ရချင်လို့ စွန့်စားမှုအားလုံးကို သူပဲ တာဝန်ယူခဲ့တာ၊ အဲဒါကြောင့်လည်း အခုလို အခြေအနေဆိုးသွားတာပေါ့"
"ဒါဆို ငါသာ ရင်းနှီးမြှုပ်နှံရင် ရင်းနှီးမြှုပ်နှံသူ နှစ်ယောက်ပဲ ရှိမှာပေါ့ ? အမြတ်ငွေကလည်း ငါတို့ နှစ်ယောက်ပဲ ခွဲရမှာပေါ့၊ ဟုတ်လား?"
"ဟုတ်တယ်၊ မှန်တယ်"
ကျိုးထျန်း သူ့ အချက်အလက်များကို စစ်ဆေးလိုက်သည်။
[Host: ကျိုးထျန်း
အသက်: ၁၈
ရုပ်ရည်: ၉၃
ခန္ဓာကိုယ်: ၇၉
ကျန်းမာရေး: ၉၂
အချဉ်ဓာတ် လက်ကျန်: (ထုတ်ယူနိုင်သည်)]
အခုလေးတင် ရရှိထားတဲ့ အချဉ်ဓာတ် ၂၀ သန်းကျော်ကို ပေါင်းလိုက်ရင် လက်ရှိ သူ့မှာ ယွမ် သန်း ၁၃၀ ကျော် ရှိနေသည်။
'သတ္တိရှိတဲ့သူက ချမ်းသာပြီး ကြောက်တတ်တဲ့သူက ငတ်တာပဲ'
သူ ဆုံးဖြတ်ချက် ချလိုက်သည်။
"ကျောက်ရှင်း၊ ငါ ဒီရုပ်ရှင်ကို အများကြီးမျှော်လင့်ထားတယ်၊ ဒါက အကျိုးအမြတ် ရှိမယ်လို့ ငါ ထင်တယ်၊ ငါတို့ လုပ်မှတော့ သေသေချာချာ လုပ်ကြတာပေါ့၊ အထူးပြုလုပ်ချက် ရိုက်ချက်တွေ အားလုံးကိုထည့်လိုက်ပါ၊ လိုအပ်တဲ့ ယွမ် ၉၇ သန်းကို ငါ စိုက်ထုတ်ပေးမယ်!"
ကျိုးထျန်း၏စကားက သူမကို မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားစေသည်။
"ရှင်... ဘာပြောလိုက်တာလဲ?"
"ငယ်ငယ်ရွယ်ရွယ်နဲ့ နားက ဘာလို့ ဒီလောက် လေးနေရတာလဲ? ကျန်တဲ့ ပိုက်ဆံတွေကို ငါ ရင်းနှီးမြှုပ်နှံပေးမယ်လို့ ပြောတာလေ"
ကျောက်ရှင်းသည် ထိုင်ခုံပေါ်ကနေ ရုတ်တရက် ခုန်ထလိုက်သည်။ ပြီးတော့ ကြောင်အမ်းအမ်းနဲ့ ပတ်ဝန်းကျင်ကိုကြည့်နေမိသည်။
"ငါ ထပ်ပြီး မူးနေတာလား?"
"ငါ အိပ်မက် မက်နေတာ ဖြစ်ရမယ်"
ကျိုးထျန်း မျက်နှာကို လက်နဲ့ အုပ်လိုက်မိသည်။ ဒီမိန်းက လေးက ရုပ်ရှင်ထဲမှာတော့ အရမ်းတော်ပြီး ထက်မြက်ပုံရပေမဲ့ အပြင်မှာကျ ဘာလို့ ဒီလို ဖြစ်နေရတာလဲ?
ကိုယ့်ရဲ့ အရက်ခံနိုင်ရည်ကို ကိုယ်မသိဘဲ အခုထိ ကြောင် တောင်တောင် လုပ်နေတုန်းပဲ။
"ကဲ... ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေတာ ရပ်ပြီး တစ်ခုခု စားလိုက်ဦး၊ အမူးပြေသွားအောင်"
ငါးမိနစ်အကြာမှာတော့ ကျောက်ရှင်းသည် အစေ့အဆန် တစ်ပွဲစားပြီးနောက် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူမက ကျိုးထျန်းရဲ့လက်မောင်းကို လှမ်းဆွဲပြီး လွှတ်မပေးတော့ပေ။
"ဘာလုပ်တာလဲ၊ လွှတ်ဦး!"
"ရှင် တကယ်ပြောတာလား? တကယ်ပဲ သန်း ၁၀၀ ရင်းနှီးမှာလား?"
"ဟုတ်တယ်လေ၊ ငါ ဘယ်တုန်းက ပိုက်ဆံကိစ္စနဲ့ နောက်ဖူးလို့လဲ?"
"ရှင်က တကယ်ပဲ အဲဒီလောက်အထိ ချမ်းသာတာလား?"
သန်း ၃၀ နဲ့ သန်း ၁၀၀ ကြားမှာ အခြေခံကျတဲ့ ကွာခြားချက် ရှိသည်။ သန်း ၁၀၀ ကို အလွယ်တကူ ထုတ်ပေးနိုင်တယ်ဆိုသည်မှာ သာမန် ချမ်းသာသော ဒုတိယမျိုးဆက်တွေတောင် မလုပ်နိုင်တဲ့အရာ ဖြစ်သည်။
သူမ အရင်က ကျိုးထျန်းကို ရိုးရိုးရှင်းရှင်း ဝတ်တတ်တဲ့ သူဌေးသားတစ်ယောက်လို့ ထင်ခဲ့ပေမဲ့ အခုအခါ သူမ မှားသွားမှန်း သိလိုက်ရသည်။
သူ့ရဲ့ စရိုက်က အခွင့်ထူးခံ သူဌေးသားတစ်ယောက်နဲ့ လုံးဝ မတူဘူးလေ။
"နင် ငါ့ကို သံသယဝင်နေတာလား? ငါက ချမ်းသာတဲ့သူနဲ့ မတူလို့လား?"
ကျိုးထျန်းက စိတ်အနှောင့်အယှက် ဖြစ်သလို မေးလိုက်သည်။
"အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမဲ့... အဲဒီလောက် ပိုက်ဆံအများကြီးကို တစ်ခါတည်း ထုတ်ပေးနိုင်မှာလားလို့ပါ"
"အများကြီးတော့ ငါ မပြောရဲဘူး၊ ဒါပေမဲ့ သန်း ၁၀၀ ကတော့ သေချာပေါက် ဖြစ်နိုင်ပါတယ်"
ကျောက်ရှင်း သူ့မျက်နှာကို သေချာကြည့်ပြီး သူ လိမ်မနေမှန်း အတည်ပြုလိုက်သည်။
"ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခု ရှိတယ်။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားအရဆိုရင် နင်က သန်း ၁၃၀၊ ငါက ၉၇ သန်း ဆိုတော့ နင့်ရဲ့ ဝေစုက ငါ့ထက်ပိုများရမှာ။ ဒါပေမဲ့ နင့်ရဲ့လက် ရှိ အခြေအနေကိုလည်း နင် သိမှာပါ။
ဒါကြောင့် အမြတ်ငွေကို အချိုးကျခွဲဝေလို့ မရဘူး၊ ငါတို့ အမြတ်ခွဲဝေမှု သဘောတူညီချက်တစ်ခု လုပ်ရမယ်"
"ဒါဆို ရှင်က ဘယ်လောက် လိုချင်တာလဲ?"
ကျောက်ရှင်းအနေဖြင့် တောင်းဆိုချက်ကို ကန့်ကွက်စရာ မရှိပေ။ အကျိုးအမြတ် မရှိဘဲ ဘာလို့ လာပြီး ရင်းနှီးမြှုပ်နှံမှာလဲ? ပြီးတော့ ကျိုးထျန်းက သူမ ဒုက္ခရောက်နေချိန်မှာ ကူညီတာဆိုတော့ သူ ပိုရသင့်တာပေါ့။
"၃၀/၇၀ ခွဲမယ်၊ ငါက ၇၀ ရာခိုင်နှုန်း၊ နင်က ၃၀ ရာခိုင်နှုန်း ရမယ်"
"မဖြစ်နိုင်တာ! ရှင်က အများကြီးတောင်းနေတာပဲ!"
ကျောက်ရှင်းမှာ အလွန်ဆုံး ၄၀/၆၀ လောက်ပဲ ထင်ထားခြင်းပင်၊ ၃၀/၇၀ ဆိုတာ သူမအတွက် မခံနိုင်စရာ ဖြစ်နေသည်။
သူမ မျှော်လင့်ထားသည်မှာ ရုပ်ရှင်မှာ သန်း ၆၀၀ လောက် ရမည်ဆိုလျှင် အရင်းပြန်ရနိုင်ပြီး အမြတ် သန်းအနည်းငယ်သာ ကျန်တော့ပေမည်။
၃၀/၇၀ ဆိုရင် သူမ ကုမ္ပဏီ ရှုံးသွားနိုင်သည်။ Huanxi Films မှာ ယခုအချိန်တွင် အရှုံးမခံနိုင်ပေ။
ပိုက်ဆံအနည်းငယ်ကပင် သူတို့အတွက် အသက်ဆက်ဖို့ လိုအပ်သည်။
"မလောပါနဲ့ဦး၊ ငါ ပြောတာ ဆုံးအောင် နားထောင်ပါဦး"
ကျိုးထျန်းက သူ့လက်မောင်းကို ဖက်ထားတဲ့ သူမလက်ကို ဖယ်ဖို့ ကြိုးစားပေမဲ့ ဒီမိန်းကလေးက တော်တော်လေး အင်အားသန်လှသည်။
သူမက ဘာလို့ သူ့ကို အသက်ကယ်ကြိုး တစ်ခုလို ဖက်ထားတာလဲ။
"ငါတို့ ၃၀/၇၀ ခွဲမယ်၊ ဒါပေမဲ့ စာချုပ်ထဲမှာ ငါ တစ်ခု အာမခံ ပေးမယ်၊ အကယ်၍ အမြတ်ဝေစုက နင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကိုမမီခဲ့ရင် လိုအပ်တဲ့ပမာဏကို ငါ့ရဲ့ ဝေစုထဲကနေ နုတ်ယူလိုက်ပါ၊ အဲဒီလိုဆိုရင် အနည်းဆုံးတော့ နင် အရင်း မရှုံးတော့ဘူးပေါ့"
တကယ်တမ်း ဤသဘောတူညီချက်မှာ ပြရုံသက်သက်ပင်၊ ရုပ်ရှင်မှာ ဘယ်လိုမှမရှုံးနိုင်ဘူးဆိုတာ သူ သိပြီးသား ဖြစ်သောကြောင့်ပင်။
ကျောက်ရှင်းအနေဖြင့် လှပပြီး ခန္ဓာကိုယ်အချိုးအစား ပြည့်စုံသော်လည်း ကျိုးထျန်းအနေဖြင့် ပိုက်ဆံနဲ့ ပတ်သက်ရင် အမြဲတမ်း ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။
ကျိုးထျန်းမှာ တခြားလူများကဲ့သို့ သူမအပေါ် ရမ္မက်ဇောနှင့် စီးပွားရေး အကျိုးအမြတ်များကို လျစ်လျူရှုမည့်သူ မဟုတ်ပေ။
ပိုက်ဆံရှာချင်သောကြောင့် ပိုရလေ ပိုကောင်းလေဖြစ် သည်။
ကျောက်ရှင်း ခဏလောက် စဉ်းစားပြီး နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါပေမဲ့ ဒီစာချုပ်ကို လျှို့ဝှက်ထားပေးရမယ်။ ဘယ်သူမှ မသိစေရဘူးနော်"
"နားလည်ပြီ၊ လုံးဝကို လျှို့ဝှက်ထားစေရမယ်"