အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
🍋 Chapter 91
ဟယ်ဝေရွှမ်းသည် ကျောက်ရှင်း၏ စကားများကို ပြန်မပြောဘဲ စာရွက်စာတမ်းများကိုသာ အာရုံစိုက် ကြည့်နေသည်။
ငါးမိနစ်ခန့်အကြာတွင် သူမသည် စာရွက်များကို ချထားလိုက်ပြီး သိသိသာသာ တုန်လှုပ်နေသော်လည်း အပြုံးဖြင့် အားတင်းထားသော ကျောက်ရှင်းကို ကြည့်လိုက်သည်။
"ငါ သိသလောက်တော့ နင်တို့ရဲ့ Huanxi Films က ဒီရုပ်ရှင်အတွက် ရန်ပုံငွေ ယွမ် သန်း ၃၀ လိုအပ်နေတယ်"
"ဒီ သန်း ၃၀ သာ မရရင် ရုပ်ရှင်ရဲ့ နောက်ပိုင်းတည်းဖြတ်မှုတွေနဲ့ အခြေခံ ကြော်ငြာလုပ်ငန်းတွေကိုတောင် လုပ်နိုင်မှာ မဟုတ်ဘူး"
"ပြီးတော့ ဒီရုပ်ရှင်သာ ကျရှုံးသွားရင် နင်တို့ရဲ့ Huanxi Films က ဒေဝါလီခံရမယ့် အခြေအနေကို ရင်ဆိုင်ရလိမ့်မယ်"
ကျောက်ရှင်းသည် ထိုစကားများကို မငြင်းဆိုဘဲ ငြိမ်သက်စွာ လက်ခံလိုက်သည်။ တစ်ဖက်လူသည် အရာအားလုံးကို စုံစမ်းပြီးသား ဖြစ်နေသည်မှာ သိသာလှသည်။
သူမ မိသားစု၏ အခြေအနေမှာ တကယ်ပင် ဆိုးရွားနေပြီး သေလုမျောပါး အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
သူမ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ဟယ်ဝေရွှမ်းက ဆက်ပြောလိုက်သည်။
"နင်တို့ မိသားစု ဒေဝါလီခံရမယ့်အချိန်အထိ စောင့်မနေဘဲ ငါက ဘာကြောင့် အခုကတည်းက ကြားဝင် ကူညီပေးရမလဲဆိုတဲ့ အကြောင်းပြချက် တစ်ခုလောက်ပေးပါဦး"
သူမသည် အမြဲတမ်းလိုပင် တိုက်ရိုက်ကျလှသည်။
‘နင်တို့က သေတော့မယ့်သူတွေပဲ၊ ငါက ဘာလို့ ကယ်တင်ရမှာလဲ? နင်တို့ လဲပြိုသွားပြီးမှ ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူလိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလား?’
သူမ၏ ဦးဆောင်မှုအောက်တွင် Bulgari သည် ရုပ်ရှင်နှင့် ဖျော်ဖြေရေးလောကထဲသို့ ခြေစုံပစ်ဝင်နေသည်မှာ မှန်သော် လည်း သူမတွင် ပိုက်ဆံနှင့် အရင်းအမြစ်များ မပြတ်လပ်ပေ။
သူမ လိုအပ်နေသည်မှာ ကျွမ်းကျင်သော ပညာရှင်များသာ ဖြစ်သည်။
Huanxi Films လဲပြိုသွားပြီးနောက် ထိုပညာရှင်များအားလုံးသည် သူမ၏ လက်ထဲသို့ ရောက်လာမည်မှာ သေချာလှသည်။
Bulgari နှင့် ယှဉ်ပြိုင်ရဲမည့် ကုမ္ပဏီ မည်မျှရှိမည်နည်း။
ကျောက်ရှင်း မျက်နှာမှာ ပိုပျက်ယွင်းလာပြီး သူမ၏ အင်္ကျီစကိုသာ တင်းတင်းဆုပ်ထားမိသည်။
ဟယ်ဝေရွှမ်း၏ စကားများမှာ ပြင်းထန်သော်လည်း အမှန်တရားများပင်။ Huanxi Films သေဆုံးသွားခြင်းကသာ ဝါးမြိုချင်သူများအတွက် အကျိုးအရှိဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် ကျောက်ရှင်းသည် ဟယ်ဝေရွှမ်းကို မုန်းတီးခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အနည်းဆုံးတော့ ဟန်ဆောင်မှုမရှိသော လူကောင်းတစ်ယောက်ဟု ထင်မြင်မိသည်။
သူမ ယခင်က တွေ့ခဲ့ဖူးသော ဗိုက်ရွှဲရွှဲနှင့် အသက်ကြီးကြီး လူဝကြီးများကဲ့သို့ မဟုတ်ပေ။
ထိုသူများသည် မည်သို့ပင် ပြောဆိုပါစေ အဓိက အချက်ကို ရှောင်လွှဲပြီး လိင်ပိုင်းဆိုင်ရာ ရမ္မက်များဖြင့်သာ ကြည့်တတ်ကြသည်။
ကျောက်ရှင်းသည် ထိုင်လိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီးနောက် မိနစ်အနည်းငယ်အကြာတွင် စကားပြောလိုက်သည်။
"အမဟယ်ပဲ ကျွန်မကို ကူညီလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့က အခြေအနေချင်း တူနေလို့ပါ။ ကွာခြားတာက အမဟယ်ရဲ့ကုမ္ပဏီက ပြဿနာမတက်သေးတာပဲ ရှိတယ်"
ထိုစကားကို ကြားသောအခါ ဟယ်ဝေရွှမ်း၏ မျက်လုံးများ အနည်းငယ် မှိန်သွားခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဒါက တကယ်ကို ဆွဲဆောင်မှုရှိတဲ့ အကြောင်းပြချက် တစ်ခုပဲ။ အခြေအနေချင်းတူပေမဲ့ ဘဝချင်း ကွာခြားနေတာက သနားစိတ်ကို ဖြစ်ပေါ်စေဖို့ လွယ်ကူတာပေါ့"
ကျောက်ရှင်း စိတ်ထဲတွင် မျှော်လင့်ချက် အလင်းရောင်လေး ပေါ်လာခဲ့သည်။
"ဒါပေမဲ့!" ဟယ်ဝေရွှမ်းက ပြတ်သားစွာ ပြောလိုက်သည်။
"ငါက ကုမ္ပဏီရဲ့ဥက္ကဋ္ဌပဲ၊ ကိုယ်ပိုင် ခံစားချက်တွေကို ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးခွင့် ငါ ဘယ်တော့မှ မပေးဘူး။ ဒါက ငါ့ရဲ့ မူဝါဒပဲ"
"နောက်တစ်လနေမှ ပြန်တွေ့ကြတာပေါ့"
သူမသည် ရုတ်တရက် ထရပ်ကာ နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားတော့သည်။
သီးသန့်အခန်းထဲတွင် ကျန်ရစ်ခဲ့သော ကျောက်ရှင်းသည် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
နောက်တစ်လနေမှ ပြန်တွေ့ကြမည်ဆိုသည်မှာ "နင်တို့ ဒေဝါလီခံပြီးမှ ပြန်ပြောကြမယ်" ဟု ဆိုလိုခြင်း ဖြစ်သည်။ Bulgari သည် သူမ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော် လည်း ယခုအခါ ထိုမျှော်လင့်ချက်လေးပါ မီးငြိမ်းသွားခဲ့ပြီ။
ဟယ်ဝေရွှမ်းသည် ဆုံးဖြတ်ချက်တစ်ခု ချပြီးလျှင် မည်သည့်အခါမျှ ပြန်မပြင်တတ်သော အမျိုးသမီးဖြစ်ကြောင်း သူမ သိသည်။
အခုတော့ သူမ၏ ရှေ့တွင် လမ်းနှစ်လမ်းသာ ကျန်တော့ သည်။
ကုမ္ပဏီဒေဝါလီခံရမည့် အချိန်ကို စောင့်ရန် သို့မဟုတ် တစ်စုံတစ်ယောက်၏ ကစားစရာ ဖြစ်ရန်သာ ရှိတော့သည်။ ကောင်းကင်ဘုံက သူမကို လှပသော ရုပ်ရည် ပေးသနားခဲ့သော်လည်း အခုတော့ ထိုအတွက် တန်ဖိုး ပြန်ပေးဆပ်ရတော့မည်။
"ရှင်းရှင်း... ဝမ်းမနည်းပါနဲ့၊ တို့တွေ တခြားနေရာမှာ ထပ်ရှာကြရအောင်လေ"
လက်ထောက် ရှောင်မုန့်က ကျောက်ရှင်းကို ကူတွဲပေးလိုက်သည်။
"ရှောင်မုန့်... ကိစ္စမရှိပါဘူး၊ ငါ ခံနိုင်ရည် ရှိပါတယ်။ ငါ ငယ်သေးတာပဲ၊ အသစ်ကနေ ပြန်စလို့ ရပါတယ်"
သူမသည် စားပွဲကို အားပြုကာ ထရပ်လိုက်သော်လည်း ဝိညာဉ်ကို ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခြေလှမ်းများမှာ ယိုင်နဲ့နေသည်။
"နင် အရင် အခန်းပြန်ပြီး နားနှင့်တော့။ ငါ တစ်ယောက် တည်း ခဏလောက် အေးအေးဆေးဆေး နေချင်လို့ပါ"
"ရှင်းရှင်း... နင် တစ်ယောက်တည်းဆိုတော့ ငါ စိတ်ပူတယ်"
"ရပါတယ်၊ ငါ ဘာလုပ်ရမလဲ သိပါတယ်။ အောက်ထပ်က ဘားမှာ သောက်စရာလေး နည်းနည်းသောက်ပြီးရင် ပြန်တက်လာခဲ့ပါ့မယ်"
"ဒါဆိုရင်... သတိထားနော်"
"အင်း... ပါ"
...
ကျိုးထျန်းနှင့် လျိုမုယန်တို့သည် စားပွဲအပြည့်ရှိသော အစား အသောက်များကို စားသောက်ပြီးခဲ့ကြသည်။ ကျိုးထျန်းက အများစုကို စားပြီး လျိုမုယန်ကမူ မြည်းစမ်းရုံသာ စားခဲ့သည်။
"မုယန်... အခန်းပြန်ပြီး ရေကူးသင်မလား၊ ဒါမှမဟုတ် အပြင် ခဏ လမ်းထွက်လျှောက်မလား"
ကျိုးထျန်းက သူမ၏ ခါးလေးကို ဖက်ကာ မေးလိုက်သည်။
"အပြင် အရင်သွားရအောင်။ ချန်တူးရဲ့ ညမြင်ကွင်းကို ကြည့်ချင်လို့"
ညနေ ၆ နာရီခန့် ရှိပြီဖြစ်ရာ မကြာခင် မှောင်တော့မည်ဖြစ်သဖြင့် ညမြင်ကွင်း ကြည့်ရန်အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
ထို့ပြင် ချန်တူးသည် "အင်တာနက်ဆယ်လီများ မြို့" ဟု အမည်ကျော်သဖြင့် လမ်းမများပေါ်တွင် ဗီဒီယိုရိုက်ကူးနေသူများကို တွေ့ရသည်မှာ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ညဘက်တွင် စားသောက်ရုံသာမက ဈေးဝယ်ထွက်ခြင်းကလည်း အဓိက အလုပ်တစ်ခု ဖြစ်သည်။
လျိုမုယန်သည် ဒေသထွက် အမှတ်တရ ပစ္စည်းလေးများကို အတော်လေး စိတ်ဝင်စားနေသည်။
သူမသည် ပစ္စည်းလေးများ ဝယ်ရုံသာမက ကျိုးထျန်းကိုပါ နားသန့်ရှင်းရေး လုပ်သည့် နေရာသို့ ဆွဲခေါ်သွားခဲ့သည်။
ထို ဖော်ပြမရသော ထူးဆန်းသည့် ခံစားချက်က ကျိုးထျန်းကို အလွန်ပင် မသက်မသာ ဖြစ်စေသည်။
"ဟေး... ဟေး... ဖြည်းဖြည်းလုပ်ပါ၊ ကျွန်တော်... အား!"
သူသည် နားသန့်ရှင်းရေး လုပ်သည်ကို အနည်းငယ် ကြောက်တတ်သဖြင့် တစ်ချိန်လုံး တင်းမာနေခဲ့သည်။
အားလုံး ပြီးသွားသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ။ ဒီဝန်ဆောင်မှုက ငါနဲ့တော့ မကိုက်ဘူးထင်တယ်"
လျိုမုယန်ကို တွဲကူကာ လမ်းတစ်ဖက်ရှိ ကုန်တိုက်ဆီသို့ လျှောက်သွားရန် ပြင်စဉ် ကျိုးထျန်း၏ ပုခုံးကို တစ်စုံတစ် ယောက်က ပြင်းထန်စွာ တိုက်မိသွားသည်။
"ဟေး... ဘယ်သူလဲ? လမ်းကို ကြည့်မလျှောက်ဘူးလား... ဟင်?"
လှည့်ကြည့်လိုက်သောအခါ အရက်ပုလင်းကို ကိုင်ကာ ယိုင်နဲ့နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ပုခုံးချင်း တိုက်မိခြင်းဖြစ်ရာ ကျိုးထျန်းမှာ အနည်းငယ်သာ နာကျင်သော်လည်း ထိုအမျိုးသမီးမှာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားခဲ့သည်။
"ငါ့ကို လာပြီး အကွက်ဆင်နေတာလား? ငါ ဘာမှ မလုပ်ရသေးဘူးနော်"
သူသည် လျိုမုယန်ကိုပါ ဆွဲကာ ချက်ချင်းနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သည်။
လမ်းပေါ်တွင် လူများ ပြည့်နှက်နေပြီး ဤနေရာတွင် ဘားနှင့် နိုက်ကလပ်များစွာ ရှိသဖြင့် လူတစ်ယောက် မူးလဲနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ လူများကလည်း ဂရုမစိုက်ကြပေ။
"ဟေး... နင် တကယ် မူးနေတာလား၊ ဒါမှမဟုတ် ငါ့ကို အကွက်ဆင်နေတာလား?"
မိန်းကလေးတစ်ဦး မြေပြင်ပေါ် လဲနေသည်ကို ကြည့်မရသဖြင့် သူက သတိထားကာ နှစ်ချက်၊ သုံးချက်လောက် ပုတ်နှိုးကြည့်လိုက်သည်။
"ဘယ်လိုတွေတောင် မူးနေတာလဲ? တစ်ယောက်ယောက်က အတင်းတိုက်လိုက်တာလား?"
ဆံပင်များက မျက်နှာကို အုပ်ထားသော်လည်း ကျိုးထျန်းက ပုတ်နှိုးနေစဉ်အတွင်း သူမ၏ လက်မောင်းက ပေါ်လာခဲ့သည်။
"ဟေး... ဒီတက်တူးက ရင်းနှီးနေသလိုပဲ၊ ဒီနေ့ပဲ တွေ့လိုက်သလိုပဲ"
"မုယန်... လာကြည့်ဦး၊ တို့တွေ သိတဲ့လူနဲ့ တိုးနေတာလား မသိဘူး"
လျိုမုယန် ရောက်လာပြီး တက်တူးကို မြင်သည်နှင့် ဆံပင်များကို အသာဖယ်ကြည့်လိုက်သည်။
"တကယ်ပဲ ကျောက်ရှင်း ပါလား၊ သူ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မူးနေရတာလဲ?"
ကျိုးထျန်းက သူမကို အမြန်ပင် တွဲထူလိုက်သည်။ သို့သော် မူးနေသော လူတစ်ယောက်မှာ အလွန်လေးလံလှသဖြင့် သူ တစ်ယောက်တည်း မနည်း မတင်လိုက်ရသည်။
"နင်က အနုပညာရှင် မဟုတ်ဘူးလား? ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ?"
ထိုစဉ် ကျောက်ရှင်းက ရုတ်တရက် မျက်လုံးပွင့်လာသည်။
"နင်ကမှ လေးတာ... ငါ သောက်နိုင်သေးတယ်... လွှတ်စမ်း... အော့..."
ကျိုးထျန်း သူမကို မြစ်ထဲသို့ ပစ်ချချင်စိတ် ပေါက်သွားသည်။
"ဒီလို အနုပညာရှင်မျိုးကတော့ မရှိတာပဲ ကောင်းပါတယ်"
လျိုမုယန်၏ အတင်းအကျပ် တောင်းဆိုမှုကြောင့်သာ ကျိုးထျန်းသည် သူမကို အမှိုက်ပုံးထဲ ပစ်ထည့်ချင်စိတ်ကို ထိန်းလိုက်ရသည်။ နောက်ဆုံးတွင် သူမကို တက္ကစီပေါ်သို့ မတင်နိုင်ခဲ့သည်။
သူမ ဘယ်မှာ နေမှန်း မသိသဖြင့် သူ့အခန်းသို့သာ အရင် ခေါ်လာခဲ့ရသည်။ ကားပေါ်က ဆင်းပြီးနောက် သူမက ကားဆရာကို ကားဆေးခအတွက် ယွမ် ၂၀၀ ပေးလိုက်ရသည်အထိ အန်ချခဲ့လေသည်။
ဟိုတယ်ရောက်သောအခါ အိတ်သယ်သည့် လှည်းကို ငှားကာ ကျောက်ရှင်းကို တင်ပြီး ဓာတ်လှေကားဆီသို့ တွန်းသွားလိုက်သည်။
"ဝါး... နိုက်ကလပ်တွေ အပြင်မှာ မူးလဲနေတဲ့သူတွေကို ကောက်ရတတ်တယ်လို့ အားလုံးက ပြောကြပေမဲ့ ငါ့ရဲ့ ပထမဆုံးအကြိမ်က အနုပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး! ဒါပေမဲ့ ဒါက တော်တော် ပင်ပန်းတဲ့ အလုပ်ပဲ”
🍋 Chapter 92
မူးနေသည့် ကျောက်ရှင်းကို ကျိုးထျန်းက လျိုမုယန်၏ အခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် သူသည် ရေချိုးခန်းထဲသို့ အပြေးအလွှားဝင်ကာ အဝတ်အစားများကို လွှင့်ပစ်လိုက်သည်။ တစ်ကိုယ်လုံးမှာ အန်ဖတ်နံ့များဖြင့် ချဉ်စော်နံနေသောကြောင့် ဖြစ်သည်။
"အနုပညာရှင်ဆိုတာ ဒါမျိုးလား။ ဒီလောက်ထိ မူးနေအောင် သောက်ရတယ်ဆိုတော့ အလုပ်ဖိအားတွေကြောင့်များလား"
သူသည် ခေါင်းကို တဘက်ဖြင့် သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာသည်။
"မုယန်က သူ့ကို ကြိုက်ပုံရတယ်၊ သူပဲ ကြည့်ရှုစောင့်ရှောက်ပါစေတော့"
"တောက်... ဒီမိန်းကလေးကြောင့် တို့နှစ်ယောက်ရဲ့ အချိန်တွေ ပျက်ကုန်ပြီ။ ဟိုတယ်ပြန်ရောက်ရင် မုယန်နဲ့ ရေကူးမလို့ စိတ်ကူးထားတာကို"
သူသည် အခန်းထဲရှိ ဘားဆီသို့သွားကာ အရက်ဗီရိုထဲမှ Gin တစ်ပုလင်းနှင့် ရေခဲသေတ္တာထဲမှ Sparkling water တစ်ဗူးကို ထုတ်လိုက်သည်။
လိမ္မော်သီးတစ်ခြမ်းကို လှီးထည့်ကာ သူ့ဘာသာ Gin and Tonic ဖျော်သောက်ရင်း စိတ်အညစ်အကြေးများကို ဖြေဖျောက်နေလိုက်သည်။
သူ သောက်ရင်းနှင့် တွေးနေမိသည်။
‘ဒီမိန်းကလေးကို တို့တွေ ခေါ်လာမှတော့ သူကလည်း တစ်ခုခု ပြန်ပေးသင့်တယ် မဟုတ်လား’
‘ငါ့မှာ အချိန်ကန့်သတ်ချက်ရှိတဲ့ 'အချဉ်ဓာတ်' တာဝန် မလုပ်ရသေးဘူး။ သူ့ရဲ့ အနုပညာရှင် ဂုဏ်ပုဒ်ကို သုံးပြီး သတင်းအကြီးကြီးတစ်ခု ဖန်တီးရင်ကော ဘယ်လိုလဲ’
၎င်းမှာ ကောင်းသော အကြံဟု သူ ထင်လိုက်သည်။
‘အရင်ဆုံး သူ့အကြောင်းကို စုံစမ်းကြည့်ရအောင်’
ကျိုးထျန်းသည် ဤအမျိုးသမီး မည်သို့ကျော်ကြားသည်ကို နားမလည်သေးပေ။ လျိုမုယန်သာ မသိလျှင် သူမသည် အနုပညာရှင်တစ်ဦးဖြစ်ကြောင်း သူ သိမည်မဟုတ်ပေ။
သူသည် ဖုန်းကို ထုတ်ကာ "ကျောက်ရှင်း" ဟူသော စကား လုံးဖြင့် ရှာဖွေလိုက်ရာ သတင်းများစွာ ကျလာတော့သည်။
"အလှဆုံး နတ်ဘုရားမ၊ နှစ်တစ်ထောင်မှ တစ်ယောက်ပေါ်သော အလှလေး!"
"ဆွဲဆောင်မှုရှိခြင်းနှင့် ရိုးသားဖြူစင်ခြင်းတို့၏ ပေါင်းစပ်မှု ကျောက်ရှင်း၏ ဘဝအယူအဆ"
"အလှတရားဆိုသည်မှာ ရုပ်ရည်တင်မကဘဲ စိတ်နှလုံးမှလည်း လာသည်"
ဤသတင်းဆောင်းပါးများမှာ သူမကို ချီးကျူးထားသည့် အချက်များသာ ဖြစ်ပြီး ဆိုးဝါးသော သတင်းဟူ၍ လုံးဝ မရှိသလောက်ပင်။
"သူ့မိသားစုမှာ အဆက်အသွယ်တွေ ရှိရမယ်၊ မဟုတ်ရင် PR (ပြည်သူ့ဆက်ဆံရေး) က ဒီလောက် မကောင်းနိုင်ဘူး"
တစ်စုံတစ်ယောက်က နောက်ကွယ်မှ တမင်ထိန်းချုပ်မပေးထားဘဲ အမျိုးသမီး အနုပညာရှင်တစ်ဦးတွင် အတင်းအ ဖျင်း သတင်းမရှိနိုင်ဟု ကျိုးထျန်း မယုံကြည်ပေ။
အတင်းအဖျင်း သတင်းများသည် နာမည်မရှိသူတစ်ဦးကို ကျော်ကြားလာစေရန် အမြန်ဆုံး လမ်းစပင် ဖြစ်သည်။
ဤလမ်းကို စွန့်လွှတ်သူများသည် စည်းစိမ်ဥစ္စာကို မမက် မောသူများ ဖြစ်နိုင်သလို၊ သတင်းများကို ဖုံးဖိထားနိုင်သည့် အင်အားကြီး နောက်ခံရှိသူများလည်း ဖြစ်နိုင်သည်။
"သတင်းအချက်အလက်တွေအရ သူက ပြီးခဲ့တဲ့နှစ်က အိုင်ဒေါပြိုင်ပွဲတစ်ခုကနေ နာမည်ကြီးလာတာပဲ"
"အဲဒီပြိုင်ပွဲတစ်ခုလုံးမှာ သူတစ်ယောက်တည်း နာမည်ကြီးကျန်ခဲ့တာ၊ အခုထက်ထိ ထိပ်တန်းစတားပဲ"
"သူက variety show တွေ၊ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေမှာ အဆက်မပြတ် ပါနေတာပဲ။ သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခု ရှိနေမှာ သေချာတယ်"
"စိတ်ဝင်စားစရာပဲ၊ သူက သူဌေးသမီးတစ်ယောက် ဖြစ်မှာပါ"
ကျိုးထျန်း၏ တွေးတောချက်မှာ သူမ၏ အရင်းအမြစ်များကြောင့်တင် မဟုတ်ပေ။ အခြားအချက်မှာ သူမ၏ မိသားစု ဆက်ဆံရေးနှင့် မိသားစုဝင်များအကြောင်းကို အွန်လိုင်းတွင် ရှာမရခြင်း ဖြစ်သည်။
variety show များတွင်လည်း တစ်ခါမှ မပြောခဲ့ဖူးပေ။
ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ တစ်ခုမှာ သူမ၏ မိသားစု ဆက်ဆံရေးမှာ ရှုပ်ထွေးပြီး လူသိရှင်ကြား ထုတ်ပြရန်မသင့်တော်ခြင်း ဖြစ်သည်။
အခြားတစ်ခုမှာ မိသားစု အခြေအနေက သူမ၏ ပုံရိပ်ကို ထိခိုက်နိုင်သဖြင့် ကုမ္ပဏီက ထုတ်မပြောစေချင်ခြင်း ဖြစ်သည်။ ကျိုးထျန်း၏အမြင်အရ ဒုတိယအချက်က ပို၍ ဖြစ်နိုင်သည်ဟု သူ ခံစားရသည်။
လျိုမုယန် အိပ်ခန်းတံခါး ပွင့်လာပြီး မုယန် ထွက်လာသည်။
"မုယန်... လာလေ၊ တစ်ခုခု သောက်ဦးမလား"
"မသောက်တော့ဘူး"
သူမ၏ ပင်ပန်းနေသော ပုံစံကို မြင်သဖြင့် ကျိုးထျန်းက အနားသို့သွားကာ ဖက်လိုက်သည်။
"ဘာဖြစ်လို့လဲ။ ကျောက်ရှင်း ကိစ္စက အဆင်မပြေလို့လား"
"အဆင်မပြေတာ မဟုတ်ပါဘူး၊ သူက ဖုန်းလည်း မပါလာဘူး။ ပျောက်သွားတာ ဖြစ်မယ်၊ သူ့ဝန်ထမ်းတွေကိုလည်း ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်"
"သူက လူသိများတဲ့သူဆိုတော့ ရဲစခန်းကိုလည်း ပို့လို့ မဖြစ်ဘူးလေ။ သူ့ပုံရိပ်အတွက် မကောင်းဘူး"
ကျိုးထျန်း သူမ၏ ခေါင်းကို ပွတ်လိုက်သည်။
"နင်က တကယ့်ကို သူ့ပရိသတ်ပဲ၊ သူ့ပုံရိပ်ကိုတောင် စိတ်ပူပေးနေသေးတယ်။ သူ ဒီလောက် မူးနေတာ၊ ဘယ်ပုံရိပ်ကို ဂရုစိုက်နေမှာလဲ"
"လူတိုင်းမှာ မပျော်ရွှင်တဲ့ အချိန်တွေ ရှိတာပဲ။ သူက ကုတင်ပေါ်မှာ အိပ်မက်ယောင်ပြီး ငိုနေတာ။ သူ တစ်ခုခု စိတ်ညစ်စရာ ရှိလို့ ဒီလောက်သောက်တာ ဖြစ်ရမယ်"
လျိုမုယန်က ခေါင်းလေးကို စောင်းကာ သနားကရုဏာ သက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျောက်ရှင်းမှာ သူတို့နှင့် အသက်အရွယ် အတူတူပင်။
ဘာတွေက သူ့ကို ဒီလောက်အထိ စိတ်ဆင်းရဲစေတာလဲ။
သူတို့နှစ်ယောက်စလုံး ကျောက်ရှင်းကြောင့် စိတ်မကောင်း ဖြစ်သွားကြသည်။
လူသားဆိုသည်မှာ ခံစားချက်ရှိသော သတ္တဝါများ ဖြစ်ကြသည်။
ရင်းနှီးသူများ မဟုတ်သော်လည်း အလွန်အမင်း စိတ်ဆင်းရဲနေသော မိန်းကလေးတစ်ဦးကို မြင်လျှင် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာရန် လွယ်ကူလှပေသည်။
ည ၉ နာရီ ကျော်နေပြီ ဖြစ်သဖြင့် ကျိုးထျန်းက ဗိုက်အနည်းငယ် ဆာလာသဖြင့် စားသောက်ဆိုင်သို့ အစားအ သောက် မှာလိုက်သည်။ ညဉ့်နက်နေပြီ ဖြစ်သဖြင့် အစာကြေလွယ်မည့် ဟောင်ကောင်စတိုင် မုန့်များကိုသာ မှာလိုက်၏။
အစားအသောက်လှည်းပေါ်မှ မုန့်ပေါင်းအိုးကို ဖွင့်ကာ စားရန် ပြင်နေစဉ်မှာပင် မုယန်၏ အခန်းတံခါးမှာ တိတ်တဆိတ် ပွင့်လာသည်။
ကျောက်ရှင်းသည် ဆံပင်များ ရှုပ်ပွလျက်၊ သူမ၏ ဖိနပ်ကို ကိုင်ကာ တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူမသည် လွန်ခဲ့သော ၅ မိနစ်ခန့်ကမှ သတိပြန်ရလာခြင်း ဖြစ်သည်။
လုံးဝ မရင်းနှီးသော ပတ်ဝန်းကျင်ကို တွေ့သောအခါ သူမ အလွန်ပင် ထိတ်လန့်သွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် မိမိ၏ ခန္ဓာကိုယ်ကို ချက်ချင်းစစ်ဆေးလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများမှာ ကိုယ်ပေါ်တွင် ရှိနေဆဲ ဖြစ်သဖြင့် စိတ်အေးသွားရသည်။
ပြောရလျှင် သူမ၏အန်သည့် နည်းစနစ်မှာ တကယ်ပင် ထူးခြားလှသည်။ မိမိကိုယ်ပေါ်မှလွဲ၍ အနှံ့အပြား အန်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မုယန်က သူမကို အဝတ်အစား မလဲပေးဘဲ စောင်သာ ခြုံပေးထားခဲ့ခြင်း ဖြစ်သည်။
သူမသည် အခန်း၏ အနေအထားကို ကြည့်ကာ ပြတင်း ပေါက်မှ အပြင်သို့ ကြည့်လိုက်သောအခါ ဟိုတယ်တစ်ခုသို့ ရောက်နေသည်ကို သိလိုက်ရသည်။
ကြည့်ရသည်မှာ Bulgari ချန်တူးဟိုတယ် ဖြစ်ပုံရသည်။ သူမနှင့် သူမ၏ လက်ထောက်တို့သည် ဟယ်ဝေရွှမ်းနှင့် တွေ့ရန်အတွက် ယနေ့တွင် ချန်တူးသို့ ရောက်လာကြပြီး Bulgari တွင်ပင် တည်းခိုနေကြခြင်း ဖြစ်သည်။
သို့သော် သူမ တည်းခိုသည်မှာ ရိုးရိုးနှစ်ယောက်ခန်းသာဖြစ်ပြီး ကျိုးထျန်းတို့၏ ဇိမ်ခံအခန်းမျိုး မဟုတ်ပေ။
သူမသည် ယာယီအားဖြင့် ဘေးကင်းနေသော်လည်း တစ်ခုခု ဖြစ်မည်ကို ကြောက်နေမိသည်။ သူမ၏ ရုပ်ရည်ကို သူမ သိသည်။ ယောကျ်ားအများစုသည် သူမကို မတွန်းလှန်နိုင်ကြပေ။
တစ်စုံတစ်ယောက်က မကောင်းသော ရည်ရွယ်ချက် ရှိလျှင် သူမ ဘေးဒုက္ခ ရောက်နိုင်သည်။ ထို့ပြင် ဤအခန်းသည် အလွန်ပင် ဈေးကြီးလှသဖြင့် ဤနေရာတွင် တည်းသူမှာ ချမ်းသာသောသူ ဖြစ်ရမည်။
ထိုသူဌေးများ၏ အတွေးကို သူမ ပို၍ သိသည်။ ထို့ကြောင့် ဤနေရာတွင် မနေဘဲ အမြန် ထွက်သွားရမည်။
ကခုန်ခြင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသဖြင့် သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးလှပြီး မုယန်နှင့် အတူ စားနေသော ကျိုးထျန်းပင် မသိလိုက်ပေ။
သူခိုးတစ်ယောက်ကဲ့သို့ သူမသည် အခန်းအနားမှ တိတ်တ ဆိတ် လျှောက်သွားနေသည်။
အရက်မသောက်ခင် ဘာမှ မစားခဲ့မိ၍လား သို့မဟုတ် အန်ပြီးသဖြင့် ဗိုက်ဆာသွား၍လား မသိ၊ အစားအသောက်နံ့က သူမ၏ ဗိုက်ကို တုံ့ပြန်မှု ဖြစ်စေသည်။
ဂွီ...
တိတ်ဆိတ်နေသော အခန်းထဲတွင် ထိုအသံမှာ အလွန်ပင် ကြားသာလှသည်။ စားနေသော လူနှစ်ယောက်စလုံး သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ကျောက်ရှင်းမှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားပြီး အိုးတိုးအောင့်တိုးဖြစ်ကာ မလှုပ်မယှက် ရပ်နေမိသည်။
"နိုးလာပြီလား! တစ်ခုခု စားဦးမလား။ နင် အရက်တွေ အများကြီး သောက်ထားလို့ ဝက်အသည်းဆန်ပြုတ် သီးသန့် မှာပေးထားတယ်"
ကျိုးထျန်းက အနေခက်သော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ကျွန်မ... ကျွန်မ မဆာပါဘူး"
ကျောက်ရှင်းက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အဲဒီစကားကို နင်ကိုယ်တိုင်ရော ယုံရဲ့လား"
ကျောက်ရှင်း : ...
သူမ တကယ် ဗိုက်ဆာနေသော်လည်း ဤကဲ့သို့သော အနေရခက်သည့် အခြေအနေတွင် ထိုင်စားရန် မဖြစ်နိုင်ပေ။
"အမ ကျောက်ရှင်း... တို့တွေကို မမှတ်မိတော့ဘူးလား။ ဒီနေ့ လေယာဉ်ပေါ်မှာ ဆုံခဲ့ကြတယ်လေ၊ အမက ကျွန်မကို လက်မှတ်တောင် ထိုးပေးခဲ့သေးတယ်" လျိုမုယန် ထရပ်ကာ သူမဆီသို့ လျှောက်သွားလိုက်သည်။
ကျိုးထျန်းက ဝင်ပါရန် မသင့်တော်သဖြင့် မိန်းကလေးချင်းသာ ပြောဆိုခြင်းက ပိုကောင်းပေသည်။
"ဟင်?"
ကျောက်ရှင်းသည် ရှုပ်ပွနေသော ဆံပင်များကို သပ်လိုက်ပြီး မျက်လုံးကို ပွတ်ကာ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
ခေတ်မီစတိုင် အပြင်အဆင်များတွင် အလင်းရောင်ကို မှိန်မှိန်လေးသာ ထားလေ့ရှိသည်။
ထိုအလင်းရောင်အောက်တွင် ကျောက်ရှင်းသည် သူတို့၏ မျက်နှာကို သေချာ မမြင်ခဲ့ရပေ။
ထို့ပြင် အခန်းကလည်း အလွန်ကျယ်သဖြင့် ၁၀ မီတာခန့် ဝေးသောနေရာမှ မြင်ရန် ခက်ခဲလှသည်။
လျိုမုယန် သူမရှေ့သို့ ရောက်လာသောအခါမှသာ နေ့လယ်က အဖြစ်အပျက်ကို သတိရသွားတော့သည်။
"အော်... နင်တို့ပဲ!"
မုယန်သည်လည်း အလွန်လှပသူ ဖြစ်ရာ သူမထက် မနိမ့်ကျပေ၊ ဆွဲဆောင်မှုရှိသော အလှမျိုး မဟုတ်ဘဲ ရိုးသားသော အလှမျိုးသာ ဖြစ်သည်။
မိန်းကလေးများသည်ပင် လှပသော မိန်းကလေးများကို မှတ်မိတတ်ကြသည်။ သူမသည် လျိုမုယန်ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
"နင်တို့... နင်တို့ကို ဒုက္ခပေးမိတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ခဏမျှ စဉ်းစားပြီးနောက် သူမသည် ယခင်က တစ်ခါဆုံဖူးသည့် စိတ်ထားကောင်းသော လူများနှင့် တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
ဤမိန်းကလေးမှာ ပရိသတ်တစ်ဦး ဖြစ်နေသည်ကလည်း သူမကိုများစွာ စိတ်အေးသွားစေခဲ့သည်။