အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
🍋 Chapter 93
ကျောက်ရှင်းသည် ဤလူနှစ်ယောက်နှင့် ဆုံတွေ့ပြီး ဟိုတယ်သို့ ပြန်ခေါ်လာပေးခြင်းခံရသည်မှာ တကယ်ပင် ကံကောင်းလှသည်။ အကယ်၍သာ မကောင်းသော ရည်ရွယ်ချက်ရှိသူနှင့် တွေ့ခဲ့လျှင် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိပေ။
သူမ၏ မှတ်ဉာဏ်ထဲတွင် ဤလူနှစ်ယောက်အပေါ် အထင် ကြီးလေးစားမှု ရှိနေခဲ့သည်။ အထူးသဖြင့် ကျိုးထျန်းကို ဖြစ်သည်။
သူမ၏ ငတုံးလက်ထောက်လေးက သူ့ကို အော်ဟစ်ဆဲဆိုခဲ့စဉ်ကတောင် သူ စိတ်မဆိုးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။
"ဒုက္ခပေးမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"
"ရပါတယ်၊ တို့တွေက တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားတာပါ။ အပြင်မှာ နင်တစ်ယောက်တည်း ဒီလိုဖြစ်နေတာတွေ့တော့ အန္တရာယ်တစ်ခုခု ကြုံရမှာစိုးလို့ ခေါ်လာပေးတာပါ"
လျိုမုယန်က သူမ၏ လက်ကို ဆွဲကာ ထမင်းစားပွဲဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ကျိုးထျန်းကမူ ခေါ်လာပေးခဲ့သည်ဟူသော စကားကို ကြားသောအခါ မညည်းတွားဘဲ မနေနိုင်တော့ပေ။
"နင့်ရဲ့ အွန်လိုင်းက သတင်းတွေမှာတော့ အလေးချိန် ၉၈ ပေါင်ပဲ ရှိတယ်လို့ ရေးထားတာပဲ။ ဒါပေမဲ့ ဒီကိုလာတဲ့ လမ်းမှာ တို့တွေ ကြုံခဲ့ရတာအရဆိုရင်တော့ အဲဒီ အချက်အလက်တွေက အတုတွေလို့ ငါ အကြီးအကျယ် သံသယဝင်နေပြီ။ နင် တကယ်လေးတာပဲ"
မုယန်က ကျောက်ရှင်း အမြင်မကတ်စေရန် ကျိုးထျန်းကို ပုတ်လိုက်သည်။
စားပွဲပေါ်ရှိ အစားအသောက်များကိုကြည့်ကာ ကျောက်ရှင်း တကယ်ပင် ဗိုက်ဆာနေပြီ ဖြစ်သည်။
မူးပြီးနောက် ခံစားရသော ဆာလောင်မှုက ပြင်းထန်လှသော် လည်း သူမမှာ အားနာနေဆဲဖြစ်သဖြင့် တူကို မကိုင်ရဲသေးပေ။ ကျိုးထျန်းက သူမ၏အတွေးကို ရိပ်မိလိုက်သည်။
"ငါတို့ အစားအသောက်တွေကို စားရင် ပုံရိပ်ကျသွားမှာ စိုးလို့လား? ကိစ္စမရှိပါဘူး"
"နင့်ရဲ့ ပုံရိပ်က ငါတို့ရှေ့မှာ အကုန်ပျက်စီးသွားပြီးသားလေ"
ဤစကားက ကျောက်ရှင်းကို ဒေါသထွက်စေသည်။
'ဒီယောကျ်ားက ဘာလို့ ငါ့ကိုဆို အမြဲ ဒီလိုပဲ ပြန်ပြောနေရတာလဲ' ဟု သူမ တွေးမိသည်။
အမှန်စင်စစ်ကျိုးထျန်းအနေဖြင့် သူတို့နှစ်ယောက်၏အချိန်တွေကို လာနှောင့်ယှက်သော သူမကို မစရလျှင် ထူးဆန်းနေပေလိမ့်မည်။
သူသည် ဖုန်းကို ထုတ်ကာ Selfie မုဒ်သို့ ပြောင်းပြီး ကျောက်ရှင်း၏ ရှေ့တွင် ထောင်ပြလိုက်သည်။
"ရော့... နင့်ဘာသာနင် ကြည့်ကြည့်ဦး"
ကျောက်ရှင်းက နားမလည်သော အမူအရာဖြင့် ဖုန်းကို ယူကြည့်လိုက်ရာ သူမ၏ လက်ရှိပုံစံကို မြင်သွားတော့သည်။ ဆံပင်များက ရှုပ်ပွနေပြီး မိတ်ကပ်များမှာလည်း ပျက်ယွင်းနေသည်။
သူမသည် အိပ်မက်ယောင်ရင်း ငိုခဲ့သဖြင့် မျက်တောင်ကော့ဆေးများ အရည်ပျော်ကာ ပါးပြင်ပေါ်တွင် အနက်ရောင် မျဉ်းကြောင်းရှည်ကြီး နှစ်ကြောင်းဖြစ်နေသည်။
မျက်ကပ်မှန် တစ်ဖက်ကလည်း ကျွတ်သွားခဲ့သဖြင့် သူမ၏ မျက်လုံးနှစ်ဖက်မှာ ပါရှန်းကြောင်ကဲ့သို့ အရောင်မတူ ဖြစ်နေသည်။
သူမ၏ လှပသော ရုပ်ရည်သာမရှိလျှင် ထိတ်လန့်စရာ ရုပ်ရှင်ထဲမှ သရဲမနှင့် တူနေပေလိမ့်မည်။
သူမသည် မျက်နှာပျက်ပျက်ဖြင့် ဖုန်းကို ပြန်ချလိုက်သည်။ ယခင်ကထက်ပင် ပိုအနေခက်သွားရသည်။
မုယန်မှ ဤအခြေအနေကို မြင်သဖြင့် ချက်ချင်းပင် ပြုံးကာ သူမကို အိပ်ခန်းထဲရှိ ဘေစင်ဆီသို့ခေါ်သွားလိုက်သည်။
"အမ ကျောက်ရှင်း... ကျွန်မ မိတ်ကပ်တွေနဲ့ မိတ်ကပ်ဖျက်ဆေးတွေ ယူလာတာ ရှိတယ်။ အခုလောလောဆယ် ဒါတွေနဲ့ပဲ အဆင်ပြေအောင် လုပ်လိုက်ပါဦးလား"
"အင်း... အင်း... ကောင်းသားပဲ"
ဆယ့်ငါးမိနစ်ခန့်အကြာတွင် သူမတို့ နှစ်ယောက် ထမင်းစားပွဲဆီသို့ ပြန်ရောက်လာကြသည်။
ကျိုးထျန်းက ဟိုတယ်ဝန်ထမ်းကို ခေါ်ကာ အစားအသောက်များကို ပြန်နွှေးခိုင်းထားသဖြင့် သူတို့နှစ်ယောက် နွေးနွေး ထွေးထွေး စားနိုင်သွားပြီ ဖြစ်သည်။
မိတ်ကပ်များ ဖျက်လိုက်ပြီးနောက် ကျောက်ရှင်းသည် သူမ၏ ပုံမှန် ယုံကြည်ချက်ရှိသော အမူအရာကို ပြန်လည်ရရှိလာသည်။
"အနုပညာရှင်ဆိုတာ မထူးဆန်းပါဘူး၊ မိတ်ကပ်မရှိရင် တောင် အလှကြီးပဲ" ဟု ကျိုးထျန်းက မှတ်ချက်ပေးလိုက်သည်။
ကျောက်ရှင်းသည် မိတ်ကပ်မပါလျှင်တောင် မိန်းကလေး ၉၉ ရာခိုင်နှုန်းထက် ပိုလှနေမည်ဟု သူ တွေးလိုက်မိသည်။
အွန်လိုင်းက သတင်းတွေလည်း မှန်တာပဲ။ သူမသည် တကယ့်ကို ဆွဲဆောင်မှုရှိခြင်းနှင့် ဖြူစင်ခြင်းတို့ကို ပေါင်းစပ်ထားသူ ဖြစ်သည်။
မိတ်ကပ်ရှိလျှင် ဆွဲဆောင်မှုရှိပြီး မိတ်ကပ်မပါလျှင် ဖြူစင်နေသည်။ အဓိက ကွာခြားချက်မှာ သူမ မျက်လုံးများ ဖြစ်သည်။ သူမ၏ ဝိုင်းစက်သော ဗာဒံစေ့ပုံစံ မျက်လုံးများသည် မျက်လုံးခြယ်ပစ္စည်းများဖြင့်ဆိုလျှင် ပိုဆွဲဆောင်မှုရှိသွားသည်။
သူမ၏ မျက်နှာကျမှာ မိတ်ကပ်ရှိရှိ၊ မရှိရှိ ဆွဲဆောင်မှု ရှိနေဆဲပင်။
သူတို့နှစ်ယောက် စားပွဲတွင် ထိုင်လိုက်ကြသည်။ ကျောက်ရှင်းက သူတို့ကို ထပ်မံ ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဟိုတယ်ကို ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စောစောက ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"
"အမှန်တော့ ကျွန်မက အောက်ထပ် ၂၈ ထပ်မှာ တည်းနေတာပါ။ ကျွန်မနဲ့ ကျွန်မရဲ့ လက်ထောက်က အဲဒီမှာ အခန်းယူထားကြပါတယ်"
မိတ်ကပ်ဖျက်နေစဉ်မှာပင် သူမ ဖုန်းပျောက်နေသည်ကို သိလိုက်ရသဖြင့် ဟိုတယ်ဧည့်ကြိုမှတစ်ဆင့် သူမ ဘေးကင်းကြောင်းကို လက်ထောက်အား အကြောင်းကြားခိုင်းလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် မသင့်တော်သော ဓာတ်ပုံများ မရိုက်ထားခဲ့မိပေ၊ မဟုတ်လျှင် အကြီးအကျယ် ပြဿနာတက်နိုင်ပေသည်။
"အော်... ဒါဆိုရင် တစ်ခုခု အရင်စားလိုက်ဦး၊ စားပြီးမှ အခန်းကို ပြန်တော့"
"ကျေးဇူးတင်ပါတယ်"
သူမသည် အားနာမနေတော့ဘဲ ဝက်အသည်းဆန်ပြုတ်ကို ယူကာ သောက်လိုက်သည်။
လေယာဉ်ပေါ်က ဆုံတွေ့မှုကြောင့် သူတို့နှစ်ယောက်မှာ အဆင်ပြေသော လူများဖြစ်သည်ဟု သူမ ခံစားရသည်။ သို့မဟုတ် လျိုမုယန်၏အလှတရားကြောင့် သူမတို့အချင်း ချင်း ရင်းနှီးသွားခြင်းလည်း ဖြစ်နိုင်သည်။
သူမ အဆိုးရွားဆုံး ပုံစံကို သူတို့ မြင်တွေ့ပြီးသွား၍လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အခုတော့ သူမသည် သူတို့ရှေ့တွင် စိတ်လက်ပေါ့ပါးစွာဖြင့် သူမ၏ သဘာဝအကျဆုံး ပုံစံကို ပြသနေတော့သည်။
သူမသည် ဆန်ပြုတ်ကို မြိန်ရည်ယှက်ရည် သောက်ရင်း ဝက်နံရိုးပေါင်းနှင့် အမဲအူပေါင်းများကိုလည်း အားရပါးရ စားနေသည်။
"အနုပညာရှင်တွေက အစားအသောက် လျှော့စားကြတယ်ဆို? နင်က အသားတွေတောင် စားနေတုန်းပဲလား"
"ကျွန်မက အသားစားရတာ ဝါသနာပါတာလေ၊ ပြီးတော့ စားလည်း မဝဘူး"
ကျောက်ရှင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ၊ အများကြီးစားပါ။ ဗိုက်ဆာသေးရင် ဟိုတယ်ကို ထပ်မှာခိုင်းလိုက်မယ်"
ဘာပဲဖြစ်ဖြစ် Bulgari မှာ စားတာက သူ ပိုက်ဆံပေးစရာ မလိုသဖြင့် စားချင်သလောက် စားနိုင်ပေသည်။
"ဒါနဲ့... ဘာဖြစ်လို့လဲ? ဘာလို့ ဒီလောက်တောင် မူးအောင် သောက်ရတာလဲ?"
ကျောက်ရှင်း စားနေရာမှ ရပ်သွားပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။
"ဒါက ပြောလို့မရဘူး၊ ကိုယ်ပိုင်ကိစ္စမို့လို့ပါ။ ဒါပေမဲ့ ကျွန်မ အစကတော့ ဟိုတယ်ဘားမှာပဲ သောက်မလို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အသက်ကြီးကြီး လူတစ်ယောက်က ကျွန်မကို မှတ်မိသွားပြီး လာလာစကားပြောနေလို့ အပြင်ထွက်ပြီး သောက်မယ့်နေရာ သွားရှာလိုက်တာ"
"အဲဒီလိုလား? ဒါပေမဲ့ ဒါက အန္တရာယ်များလွန်းတယ်။ ဘားတွေအပြင်မှာ မူးနေတဲ့လူတွေကို လိုက်ကောက်တဲ့သူတွေရှိတယ်ဆိုတာ နင် မကြားဖူးဘူးလား"
ကျောက်ရှင်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားသည်။
"ကျွန်မ ဒီလောက်အထိ မူးသွားမယ်လို့ မထင်ထားဘူးလေ"
"နင်က ကိုယ့်အရှိန်ကိုယ် မသိဘူးလား? အရင်က မသောက်ဖူးဘူးလား"
"ဒီလောက်အထိတော့ တစ်ခါမှ မသောက်ဖူးဘူး။ အရင်က ဝိုင်နဲ့ ဘီယာကို အများဆုံး တစ်ခွက်ပဲ သောက်ဖူးတာ"
ကျိုးထျန်း သူမကို လက်မထောင်ပြလိုက်သည်။
"တော်လိုက်တာ၊ မသောက်ဖူးဘဲနဲ့ အဲဒီလို သောက်ရဲတယ်ပေါ့။ အရက်တော့ မနိုင်ဘူး၊ သတ္တိတော့ ရှိသားပဲ"
"နင့်အတွက် အဝတ်အစားအသစ်တစ်စုံ နောက်မှ ပြန်ဝယ်ပေးပါ့မယ်"
ကျောက်ရှင်းက အပြစ်မကင်းသလို ပြောလိုက်သည်။
"ထားလိုက်ပါ၊ ဒါက တံဆိပ်ကြီးတွေ မဟုတ်တော့ သိပ်မတန်ပါဘူး" သူက ပြောရင်း တစ်ခုခုကို စဉ်းစားလိုက်သည်။
"ဒါပေမဲ့ နင်က ကျေးဇူးတင်ချင်တယ်ဆိုရင် လက်တွေ့ကျတဲ့ တစ်ခုခုတော့ လုပ်ပေးသင့်တယ် မဟုတ်လား"
"ဘာကို ဆိုလိုတာလဲ?"
ကျောက်ရှင်းသည် သူ မသင့်တော်သော တောင်းဆိုမှုမျိုး လုပ်မည်ကို မကြောက်ပေ။ လျိုမုယန် ရှိနေသလို၊ ကျိုးထျန်းသည် သူမကို စနေသော်လည်း လေလွင့်နေသော လူစားမျိုး မဟုတ်ကြောင်း သူမ ခံစားရသည်။
"နောင်ကျရင် ငါ WeChat Moments မှာ တင်ဖို့အတွက် ဗီဒီယိုလေး တစ်ခုလောက် ရိုက်ပေးမလား"
ကျိုးထျန်းက မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။
"ရတာပေါ့၊ ဘယ်လို ဗီဒီယိုမျိုးလဲ?"
"ကျေးဇူးတင်စကား ပြောတဲ့ ဗီဒီယိုလေးပါပဲ၊ ငါ့နာမည်ကို ထည့်ပြောပေး၊ ဒါပေမဲ့ ငါကတော့ လူကိုယ်တိုင်ပါမှာ မဟုတ်ဘူး"
ကျိုးထျန်း၏စကားက သူမ စိုးရိမ်မှုများကို ပြေပျောက်စေသည်။ သူသာ ဗီဒီယိုထဲတွင် ပါလာလျှင် မလိုအပ်သော နားလည်မှုလွဲမှုများ ဖြစ်လာနိုင်ပြီး သူမအနေဖြင့် မည်သည့် အတင်းအဖျင်း သတင်းကိုမျှ မလိုချင်ပေ။
သူမသည် အမြဲတမ်းပြည့်စုံသော ပုံရိပ်ကို ထိန်းသိမ်းထားသူဖြစ်ရာ ရည်းစားရှိသည်ဟု ကောလာဟလ ထွက်လာလျှင် သူမ ပရိသတ်များ ရူးသွားကြပေလိမ့်မည်။
ထိုသို့ဖြစ်လျှင် သူမ အလုပ်အကိုင်နှင့် ရုပ်ရှင်ကမ်းလှမ်းမှုများအားလုံး ထိခိုက်ကုန်မည် ဖြစ်သည်။
သူမ မိသားစု၏ကုမ္ပဏီမှာ အကျပ်အတည်း ဆိုက်နေပြီဖြစ်ရာ သူမသည် အခုအခါ ရေခဲပြင်ပေါ် လမ်းလျှောက်နေရသကဲ့သို့ ခြေလှမ်းတိုင်းကို သတိထားနေရသည်။
"ဒါနဲ့ အဲဒီဗီဒီယို ရိုက်တဲ့အခါ ဒီအခန်းရဲ့ မြင်ကွင်းအကျယ်ကိုပါ ထည့်ရိုက်ပေးပါဦး၊ အထူးသဖြင့် ရေကူးကန်ဘက်ကိုပေါ့"
"အာ... ရပါတယ်၊ ဒါပေမဲ့ ဘာအတွက်လဲဟင်?"
ကျောက်ရှင်းအနေဖြင့် သူ၏ တောင်းဆိုမှုကို နားလည်ရန် ခက်ခဲနေသဖြင့် အနည်းငယ် အနေခက်သလို ဖြစ်သွားသည်။
"ထားလိုက်ပါတော့၊ ငါက Weibo မှာ တင်မှာမှ မဟုတ်တာ၊ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ"
"ကောင်းပါပြီ၊ အခုပဲ ရိုက်ကြမလား?"
"အင်း... အခုပဲ"
ကျိုးထျန်း ဖုန်းကို ယူကာ စတင် ရိုက်ကူးလိုက်သည်။ ကျောက်ရှင်းသည် ကင်မရာရှေ့တွင် လျှောက်ရင်း စကား ပြောလိုက်သည်။
"ဒီနေ့တော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ စုံတွဲတစ်တွဲနဲ့ ဆုံခဲ့ပါတယ်။ ကျွန်မကို ညစာ ကျွေးတဲ့အတွက်ရော၊ ချန်တူးရဲ့အလှဆုံးနေရာကို ခေါ်လာပေးတဲ့အတွက်ရော ကျေးဇူးအများကြီး တင်ပါတယ်"
သူမသည် စကားပြောရင်း ရေကူးကန်ဘက်သို့ လျှောက်သွားရာ ကင်မရာထဲတွင် ချန်တူး မြို့လယ်ခေါင်၏မြင်ကွင်းအကျယ်ကြီး ပေါ်လာတော့သည်။
"ကိုကျိုးထျန်းနဲ့ မလျိုမုယန်တို့ ခရီးစဉ်တစ်လျှောက်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ဆယ်စက္ကန့်ခန့်သာရှိသော ထိုဗီဒီယိုတိုလေးမှာ တကယ်တော့ အတော်လေး ရိုးရှင်းလှသည်။
သို့သော် ကိစ္စမရှိပေ၊ သူ့ ရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်သည်။
"ဒီလောက်ဆို အဆင်ပြေရဲ့လား?"
ကျောက်ရှင်းက ဗီဒီယိုကို ပြန်စစ်ရန် အနားသို့ ရောက်လာသည်။
"အဆင်ပြေပါတယ်၊ ပြဿနာမရှိဘူး"
"အော်... ဒါနဲ့ ငါ့ဖုန်းကာဗာပေါ်မှာ လက်မှတ်လေး တစ်ခုလောက် ထိုးပေးဦးမလား"
ကျောက်ရှင်းသည် ဤကဲ့သို့သော ကိစ္စလေးကို မငြင်းဆန်ဘဲ ချက်ချင်းပင် လက်မှတ်ထိုးပေးလိုက်သည်။
လျိုမုယန်သည် ကျိုးထျန်း၏ ဤပုံစံကို မြင်သည်နှင့် သူသည် အတန်းဖော်များကို ထပ်မံ သွားရောက် စနောက်တော့မည်ကို သိလိုက်သည်။
ကျိုးထျန်းမှာ အဘယ်ကြောင့် ဤကဲ့သို့ ဝါသနာပါနေသည်ကို သူမ နားမလည်သော်လည်း ကြီးမားသော ကိစ္စမဟုတ်သဖြင့် သူမ လွှတ်ထားလိုက်သည်။
ထို့နောက် သူမသည် ကျောက်ရှင်းကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းကာ သရုပ်ဆောင်ခြင်းနှင့် လူအများရှေ့တွင် ပုံရိပ်ကောင်းအောင် ထိန်းသိမ်းနည်းများကို မေးမြန်း ဆွေးနွေးနေတော့ သည်။
သူမ၏ ရည်မှန်းချက်မှာ အစီအစဉ်တင်ဆက်သူ ဖြစ်ရန် မဟုတ်ပါလား။ ကျောက်ရှင်းသည် အစီအစဉ်တင်ဆက်သူ ပေါင်းများစွာနှင့် တွေ့ကြုံဖူးသူဖြစ်ရာ သူမအတွက် သင်ခန်းစာများစွာ ပေးနိုင်ပေလိမ့်မည်။
🍋 Chapter 94
မိန်းကလေးနှစ်ယောက် အချင်းချင်း စကားလက်ဆုံကျနေသည်ကို လွှတ်ထားပေးပြီးနောက် ကျိုးထျန်းသည် ထောင့်တစ်နေရာတွင် ထိုင်ကာ သူ့ WeChat Moments တွင် တိတ်တဆိတ် စာတင်ရန် ပြင်လိုက်သည်။
တကယ်တော့ WeChat Moments တင်ရခြင်းမှာ စွဲလမ်းစရာ ကောင်းလှသည်။ အထူးသဖြင့် ပြန်ရလာမည့် ဆုလာဘ်များက အလွန်ရက်ရောနေသည့်အခါမျိုးတွင် ဖြစ်သည်။
ကျိုးထျန်းသည် ဗီဒီယိုများတွင် မည်သည့် ပြုပြင်မှု ကိုမျှ မထည့်ခဲ့ပေ။ သဘာဝကျလေ ပိုကောင်းလေဖြစ်ပြီး အလွန်အ ကျွံ ပြုပြင်ထားလျှင် ရိုးသားမှု မရှိသကဲ့သို့ ခံစားရစေနိုင်သည်။
ထို့နောက် ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်သော မှန်ပြ တင်းပေါက်များမှတစ်ဆင့် မြင်ရသည့် ချန်တူးမြို့ရှုခင်းအားဓာတ်ပုံ အနည်းငယ်ကိုလည်း ရိုက်လိုက်သည်။ ဤမျှဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
ထို့နောက် WeChat ကိုဖွင့်ကာ ဓာတ်ပုံများကို တင်လိုက်သည်။
"ချန်တူးကို ပထမဆုံးအကြိမ် ရောက်ဖူးတာ၊ အမှတ်တရ ဓာတ်ပုံရိုက်ထားလိုက်တယ်"
ဓာတ်ပုံများထဲတွင် အခန်းအတွင်းပိုင်းကို မပြထားဘဲ သဘာဝရှုခင်းသက်သက်သာ ဖြစ်သည်။
တည်နေရာအား "Chengdu Bulgari Hotel" ဟု ပြထားလိုက်သည်။ အသေးစိတ်အချက်အလက်များက အရေးကြီးသည် မဟုတ်ပါလား။
အခန်းအတွင်းပိုင်း ဓာတ်ပုံများတင်နေရခြင်းမှာ ပျင်းစရာကောင်းလှသည်။
ဤပို့စ်သည် တင်တင်ချင်းတွင် လူအများ၏ မနာလိုမှုကို ချက်ချင်းဆွဲဆောင်နိုင်ခြင်း မရှိသေးပေ။
လူသားတို့သည် အိမ်၊ ကား နှင့် နာရီ ဓာတ်ပုံများကို မြင်မှသာ ချမ်းသာကြွယ်ဝမှုအဖြစ် အလွယ်တကူ အဓိပ္ပာယ်ဖွင့်တတ်ကြသည်။ သဘာဝရှုခင်း ဓာတ်ပုံများမှာမူ ခရီးသွားလျှင် လူတိုင်းရိုက်လေ့ရှိသည့်အရာ ဖြစ်သဖြင့် ထူးခြားမှု မရှိသလိုပင်။
သို့သော် ကျိုးထျန်းက သူ့ အတန်းဖော်များသည် အသေး စိတ်အချက်အလက်များကို သေချာပေါက် သတိထားမိကြမည်ဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့အတွက် ဤနေရာအကြောင်းကို အခမဲ့ကြော်ငြာပေးလိမ့်မည်ဟု ယုံကြည်နေသည်။
ယခင် သူ WeChat Moments တင်တိုင်း တစ်မိနစ်အတွင်း မနာလိုမှုများစွာ ရရှိခဲ့ဖူးရာ လူတစ်စုမှာ သူ၏ လှုပ်ရှားမှုများကို နေ့စဉ် စောင့်ကြည့်နေကြကြောင်း သိသာလှသည်။
သူ ထင်ထားသည့်အတိုင်းပင် ဤပို့စ်သည် စတင်တင်ချင်းတွင် မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ခဲ့ပေ။
၎င်းက မနာလိုဝန်တိုတတ်သူများကို ဇဝေဇဝါ ဖြစ်စေသည်။
ဤသည်မှာ ကျိုးထျန်း၏ စတိုင်မဟုတ်ပေ။ ယနေ့တွင် အဘယ်ကြောင့် ဤမျှ ရိုးရှင်းနေရသနည်း။
ဧကရာဇ်တစ်ပါးကဲ့သို့ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများကို စားသုံးပြီးနောက် အရသာပြောင်းချင်နေ၍လား။
ငါ မယုံဘူး။
ထို့ကြောင့် အချို့လူများက အသေးစိတ်အချက်အလက်များကို စတင်စစ်ဆေးတော့သည်။ ကျောင်း၏ အွန်လိုင်း ဖိုရမ်နှင့် မက်ဆေ့ခ်ျဘုတ်များပေါ်တွင် တစ်စုံတစ်ယောက်က screenshot ကို ပြန်တင်ကာ မေးခွန်းထုတ်လိုက်သည်။
"အားလုံး ကြည့်ကြဦး! ကျိုးထျန်းရဲ့ WeChat Moments က ဒီနေ့ အရမ်း ရိုးရှင်းနေတယ်။ သူ့အကောင့် အဟက် ခံလိုက်ရတာလား?"
"ဖြစ်နိုင်တယ်၊ ဒါက သူ့စတိုင် မဟုတ်ဘူး"
ထိုစဉ် ဗဟုသုတ ကြွယ်ဝသူ တစ်ဦးက ရှေ့ထွက်လာသည်။
"နင်တို့ ဒီပို့စ်က တည်နေရာကို tag ထားတာ မမြင်ကြဘူးလား?"
"ဘာကို ဆိုလိုတာလဲ?"
ထိုအခါမှသာ အားလုံး ပုံကို သေချာ ပြန်စစ်ကြသည်။
"Bulgari Hotel တဲ့၊ ငါ သိတာပေါ့။ အဲဒါ ဖိုက်စတားဟိုတယ်လေ၊ ဈေးလည်း အရမ်းကြီးတယ်"
"ဟုတ်တယ်၊ ငါ တခြားမြို့ကို ခရီးသွားတုန်းက စုံစမ်းကြည့်ဖူးတယ်။ ရိုးရိုးခန်းတောင် တစ်ညကို ယွမ် သုံးထောင်ကျော်ပေးရတာ။ ငါတော့ မတတ်နိုင်ဘူး"
"ယွမ် သုံးထောင်ဆိုတာကတော့ အဆင်ပြေပါသေးတယ်။ ရှန်ဟိုင်းမှာလည်း အဲဒီဈေးနဲ့ ဟိုတယ်တွေ အများကြီး ရှိတာပဲ"
ဗဟုသုတ ကြွယ်ဝသူက ထပ်ပြောပြန်သည်။
"ကျိုးထျန်းရဲ့ စရိုက်နဲ့ဆိုရင် သူက ရိုးရိုးခန်းမှာ တည်းမယ်လို့ နင်တို့ ထင်သလား?"
ဆွေးနွေးနေသော လူအုပ်စုကြီး တိတ်ဆိတ်သွားသည်။ အမှန်ပင် ယွမ် သုံးထောင်ကျော်ဆိုသည်မှာ ဈေးကြီးသော်လည်း လူအများအပြား တတ်နိုင်သည့် အနေအထားဖြစ်သည်။
"ဒါဆို နင်ဆိုလိုတာက...?"
"ဒီဓာတ်ပုံတွေကို ကြည့်၊ ရိုက်ထားတဲ့ ထောင့်တွေနဲ့ အနေအထားတွေကို အွန်လိုင်းက ချန်တူး Bulgari ရဲ့အထူးခန်း ဓာတ်ပုံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် နင်တို့ သိလိမ့်မယ်"
အားလုံးသည် စာကျက်ချိန်ထက်ပင် ပိုကြိုးစားအားထုတ်ကာ သွားရောက် ရှာဖွေကြတော့သည်။
အတင်းအဖျင်း ပြောခြင်းမှာ သာမန်လူတို့၏စိတ်အားထက်သန်မှု အမြင့်ဆုံး အမှတ်အသား ဖြစ်ပုံရသည်။
"ဟယ်... ငါ မျက်စိမှားနေတာလား? သူ တည်းနေတာက ဟိုအပေါ်ဆုံးထပ်က အခန်းကြီးလား?"
"ငါ ထင်တာတော့ ဟုတ်တယ်၊ ဓာတ်ပုံထဲက မြင်ကွင်းတွေက တစ်ထပ်တည်းပဲ"
"ဝါး... မနာလိုလိုက်တာ! လူချင်းတူပေမဲ့ ဘဝချင်း မတူဘူးဆိုတာ ဒါမျိုးပေါ့။ တို့တွေ Bulgari မှာ တည်းရင်တောင် ရိုးရိုးခန်းပဲ ရမှာ၊ သူကတော့ အပေါ်ဆုံးထပ်က ဇိမ်ခံအခန်းကြီးမှာ"
"တမင်ပိုင်" ဆိုသူမှ ထိုအခန်း၏ လက်ရှိပေါက်ဈေး screenshot ကို WeChat group များနှင့် ဖိုရမ်များတွင် ချက်ချင်း တင်လိုက်သည်။
"ငါ ကြည့်တာ မှန်ရဲ့လား? သုညတစ်လုံး ကျန်ခဲ့တာလား?"
"နေဦး ငါ ရေတွက်ကြည့်မယ်... ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း... မမှားပါဘူး၊ တစ်ညကို ၈၈,၀၀၀ ယွမ် တဲ့!"
"ငါ့အိမ်တောင် တစ်စတုရန်းမီတာကို ၈၈,၀၀၀ မတန်ဘူး၊ ဒီဟိုတယ်က တစ်ညကို ၈၈,၀၀၀ လား? မနာလိုလို့ သေတော့မယ်!"
"ဒါက တကယ့်ကို အလွန်အကျွံ ဖြုန်းတီးတာပဲ! တစ်ညစာ ပိုက်ဆံက ဥရောပကိုတစ်လကြာ ခရီးထွက်လို့ရတဲ့ ပမာဏပဲ"
အားလုံး အံ့ဩမှင်သက်နေကြစဉ်မှာပင် ကျိုးထျန်းဆီသို့ မနာလိုဝန်တိုသော ကွန်မန့်များ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။ သို့သော် ဤမျှနှင့် မပြီးသေးပေ။
ပညာရှိတစ်ဦးက ထိုအပေါ်ယံ မြင်ကွင်းများနောက်ကွယ်မှ အဓိက အချက်ကို ထိုးထွင်းမြင်လိုက်သည်။
"အခန်းဈေးကြီးတာကိုပဲ မကြည့်ကြနဲ့ဦး၊ နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်၊ ကျိုးထျန်းက ဘာလို့ ချန်တူးကို သွားတာလဲ?"
"ချန်တူးက ခရီးသွားမြို့လေ၊ သူ ခရီးထွက်တာ နေမှာပေါ့"
"ဟုတ်တယ်၊ အပျော်ခရီး သွားတာနေမှာ။ အခုက နွေရာသီ ကျောင်းပိတ်ရက်ပဲဟာ၊ ခရီးသွားတာ ပုံမှန်ပါပဲ"
ဒါမင်ပိုင် : "ကောင်းပြီ၊ သူ ခရီးသွားတယ်ဆိုရင် ဘယ်သူနဲ့ သွားတာလဲ?"
"စီနီယာ မုယန်နဲ့ ဖြစ်မှာပေါ့"
"ဟုတ်တယ်၊ သူတို့နှစ်ယောက်က တွဲနေတာ လူတိုင်းသိတာပဲ"
ဒါမင်ပိုင် "ဒါဆို စဉ်းစားကြည့်လေ၊ သူတို့နှစ်ယောက် တစ်ခန်းတည်းမှာဆိုရင် ဘာတွေဖြစ်မှာလဲ..."
"ဟယ်!"
"ဟယ်!"
"ဟယ်!"
"စီနီယာ မုယန်ကို အရူးအမူး ကြိုက်နေတဲ့သူ တစ်ယောက်အနေနဲ့ ဒါကို ငါ လက်မခံနိုင်ဘူး"
"ငါလည်း လက်မခံနိုင်ဘူး၊ ငါ ငိုနေပြီ၊ ငါ့ရဲ့ နတ်ဘုရားမလေးက အခုတော့ အမျိုးသမီးတစ်ယောက် ဖြစ်သွားပြီ"
"ငါ ဘာမှ မပြောတော့ဘူး၊ ငါ့ဝိညာဉ်တောင် လွင့်သွားပြီ"
"နင်တို့ပဲ ဆက်ပြောကြတော့၊ ငါတော့ အိပ်ရာထဲမှာ သွားငိုတော့မယ်၊ နှုတ်ဆက်ပါတယ်"
"သူဌေးကြီးနဲ့ နတ်ဘုရားမလေးတို့ရဲ့ ဘဝအကြောင်း တွေးမိတိုင်း ငါ့နှလုံးသားက နာကျင်ရတယ်"
...
လျိုမုယန်နှင့် ပတ်သက်သည့် တုန်လှုပ်မှုမှာ ကောင်းကင်ယံအထိ မြင့်မားသော အခန်းခထက်ပင် ပိုကြီးမားလှသည်။
ဤလူတစ်စုမှာ ရူးသွပ်ကုန်ကြပြီး တစ်ယောက်ချင်းစီမှာ ဖျော်ရည်ညှစ်စက်များကဲ့သို့ မနာလိုမှုများကို ညှစ်ထုတ်ပေးနေကြသည်။
ကျိုးထျန်းအတွက်မူ ထိုမနာလိုမှုများမှာ ခံနိုင်ရည်ရှိရုံထက် ပိုနေတော့သည်။
သူသည် ဒုတိယမြောက် ပို့စ်ကို ချက်ချင်း မတင်သေးဘဲ သုံးမိနစ်ကြာ ဆုကြေးနှစ်ဆရမည့် အချိန်ကို စောင့်နေလိုက်သည်။
သုံးမိနစ် ပြည့်သောအခါ ဤရာနှင့်ချီသော လူများထံမှ မနာလိုမှု အမှတ် ၇၀,၀၀၀ ကျော် ရရှိခဲ့ပြီး ကျိုးထျန်း၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေခဲ့သည်။
သူသည် လူများက ဟိုတယ်ဈေးနှုန်းကို သိသွားမည်ဟုသာ တွက်ဆခဲ့သော်လည်း သူနှင့် လျိုမုယန် အတူတူ တည်းခိုနေသည်ဟူသော အချက်က ဤမျှ ထိရောက်မည်ဟု မထင်ထားခဲ့ပေ။
အဆ ၁၀၀ မြှောက်လိုက်သောအခါ တစ်လှိုင်းတည်းနှင့်ပင် မနာလိုမှု အမှတ် ၇.၂ သန်းကျော် ရရှိလိုက်သည်။
"ဒီလူတွေ ဘာဖြစ်နေကြတာလဲ? ဗီလာတုန်းကတောင် ဒီလောက် မနာလိုမဖြစ်ကြပါဘူး။ ငါ သူတို့ကို အထင်သေးမိသွားတာလား?"
ကျိုးထျန်း ခေါင်းကုတ်လိုက်မိသည်။
သူ မသိသည်မှာ သူသည် ထိုလူများကို အထင်သေးခဲ့ခြင်း မဟုတ်ဘဲ မိမိ၏ ဆွဲဆောင်နိုင်စွမ်းကို အထင်သေးခဲ့ခြင်း ဖြစ်သည်။
"ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ်။ ဒီတစ်လှိုင်းက ဒီလောက် ပြင်းထန်မှတော့ နောက်တစ်လှိုင်းကတော့ ပေါက်ကွဲသွားတော့မှာပဲ"
သူသည် WeChat Moments ကို ထပ်မံဖွင့်ကာ ဤတစ်ကြိမ်တွင် ဓာတ်ပုံတစ်ပုံတည်းသာ တင်လိုက်သည်။ ၎င်းမှာ လက်မှတ်ထိုးထားသော ဖုန်းကာဗာ ဓာတ်ပုံဖြစ်သည်။
"တစ်ယောက်ယောက်နဲ့ ဆုံခဲ့တယ်၊ သူက အနုပညာရှင်တစ်ယောက်လို့ ပြောတယ်၊ လက်မှတ်လည်း ရခဲ့တယ်။ အားလုံးပဲ ကြည့်ပေးကြဦး၊ သူ ငါ့ကို လိမ်နေတာလားလို့"
အခုမှ အနည်းငယ် စိတ်အေးသွားသော လူအုပ်ကြီးသည် ဤပို့စ်ကို မြင်သည်နှင့် ချက်ချင်းတစ်ယောက်ကိုတစ်ယောက် အကြောင်းကြားကြပြန်သည်။
"အလိုလေး... သူဌေးကြီးက နောက်ထပ်ပုံတစ်ပုံ တင်လိုက်ပြန်ပြီ!"
"အိုး... ဒါ နတ်ဘုရားမရဲ့ လက်မှတ်ပဲ! ဒီကောင် နတ်ဘုရားမ ကျောက်ရှင်းနဲ့ တွေ့ခဲ့တာလား!"
"လက်မှတ်လေး တစ်ခုတည်းနဲ့တင် ငါ တကယ် မနာလိုဖြစ်မိတယ်"
"ဟိုအပေါ်ကလူ ဘာပြောတာလဲ? လက်မှတ်လေး တစ်ခုတည်း ဟုတ်လား? ဒါ နတ်ဘုရားမရဲ့ လက်မှတ်လေ! ငါလည်း လိုချင်တယ်!"
"ဒီကောင် ဘာလို့ ဒီလောက် ကံကောင်းနေရတာလဲ? ငါဆို အနုပညာရှင် တစ်ယောက်နဲ့တောင် မဆုံဖူးဘူး"
...
ဤတစ်လှိုင်းမှာ ယခင်ကလောက် မပြင်းထန်လှပေ။ အလွန် အမင်း မနာလိုဖြစ်သူမှာ အနည်းငယ်သာရှိသည်။ အနုပညာရှင် လက်မှတ်ဆိုသည်မှာ လက်မှတ်မျှသာ မဟုတ်ပါလား။
အွန်လိုင်းတွင်ပင် အတုလား အစစ်လား မသိရသော လက် မှတ်များကို ရောင်းချနေကြသည် မဟုတ်ပါလား။
ကျောက်ရှင်းကဲ့သို့ ထိပ်တန်း အနုပညာရှင်များသည် ပွဲလမ်း သဘင်များစွာ တက်ရောက်ရသဖြင့် လက်မှတ်များစွာ ထိုးပေးလေ့ရှိသည်။
သို့သော် ဤသည်မှာ ကျိုးထျန်း၏အစပျိုးမှုသာ ရှိသေးသည်။ အဓိက ဟင်းလျာကြီးက လာတော့မည်။
တတိယမြောက် ပို့စ်ကို ချက်ချင်းတင်လိုက်သည်။ ဤတစ်ကြိမ်တွင် စာတောင် မပါပေ။ ၎င်းမှာ သူ ပထမဆုံးအကြိမ် တင်သည့် ဗီဒီယို ဖြစ်သည်။
ဓာတ်ပုံများမှာ အတုလုပ်၍ရနိုင်သဖြင့် သူ ပထမဆုံး တင်စဉ်က လူများ သံသယဝင်ခဲ့ကြသည်။ သို့သော် ဗီဒီယိုကို အတုလုပ်ရန်မှာ ပိုခက်ခဲလှသည်။
ထို့ပြင် သူသည် ပိုသဘာဝကျစေရန် မည်သည့် Effect မျှ မထည့်ခဲ့ပေ။
ဗီဒီယိုထဲတွင် ကျောက်ရှင်းက တိုက်ရိုက်ဆုတောင်းပေးနေသည်ကို မြင်လိုက်ရသောအခါ အတန်းဖော်အားလုံး မျက်လုံးပြူးသွားကြတော့သည်။
"ငါတော့ မရှင်နိုင်တော့ဘူး! ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်ရတာလဲ?"
"အားလုံးပဲ... ခေါင်မိုးပေါ်မှာ ဆုံကြမယ်"
(သေကြောင်းကြံစည်မည့် သဘော)
"ငါ့ဝိညာဉ် ထွက်သွားပြီ၊ ငါ့ကို သတိမရကြနဲ့တော့"
"ငါက လူပျိုသိုး တစ်ယောက်ပါ၊ အခုတော့ မနာလိုစိတ်နဲ့ တကယ် သတ်ခံလိုက်ရပြီ။ ဒါ တကယ်ကြီးလား?"
"အပြင်က နတ်ဘုရားမလေးနဲ့ အတူအိပ်ရုံတင်မကဘဲ အိပ်မက်ထဲက နတ်ဘုရားမလေးနဲ့ပါ ညစာ အတူစားနေတယ်ပေါ့။ တစ်ယောက်ယောက်မှာ ကော် ရှိလား?
ငါ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားလေး အပိုင်းပိုင်းကွဲကြေသွားလို့ ပြန်ဆက်ချင်လို့ပါ၊ ပြန်ဆက်လို့ မရအောင်ကို ကြေမွသွားပြီ"