အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
🍋 Chapter 95
အတန်း Group နှင့် ကျောင်း Group တစ်ခုလုံးမှာ ညည်းတွားသံများဖြင့် ပြည့်နှက်သွားသည်။
လက်မှတ်ထိုးပေးတာက တစ်ပိုင်း၊ အတူတူ ညစာစားတာက တစ်ပိုင်းဖြစ်သည်။ ဤသည်မှာ နိုင်ငံကျော် နတ်ဘုရားမနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့နေရခြင်း မဟုတ်ပါလား။
ထို့ပြင် ဗီဒီယိုထဲတွင် နတ်ဘုရားမက သူတို့နှစ်ယောက်စလုံး၏နာမည်ကို အတိအကျ ခေါ်သွားခဲ့သည်။
၎င်းက ကျိုးထျန်းသည် မုယန်နှင့်အတူ ခရီးထွက်နေသည်ဟူသော ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သလို ဖြစ်သွားသည်။
ကျောက်ရှင်းနှင့် ကျိုးထျန်း၏ ဆက်ဆံရေးမှာလည်း Idol နှင့် Fan ပုံစံမျိုးမဟုတ်ဘဲ သူငယ်ချင်းများကဲ့သို့ ရင်းနှီးနေသည်ကို အားလုံးသိလိုက်ကြရသည်။
မဟုတ်လျှင် အတူတူ ညစာစားပြီး ဗီဒီယိုရိုက်ကာ ကျေးဇူး တင်စကား ပြောနေစရာ အကြောင်းမရှိပေ။
နတ်ဘုရားမနှင့် သူငယ်ချင်းဖြစ်နေတာလား... အားလုံးက ဒါကို မနာလိုလွန်း၍ မခံစားနိုင်ကြတော့ပေ။
ထိုအချိန်မှာပင် "တမင်ပိုင်" က ပြန်ပေါ်လာပြန်သည်။
"အားလုံး သေချာကြည့်ကြဦး၊ နတ်ဘုရားမ ကျောက်ရှင်း ဗီဒီယိုရိုက်တဲ့နေရာက ကျိုးထျန်းရဲ့ ဟိုတယ်အခန်းဖြစ်ထင်တယ်!"
"ဟင်! ဟုတ်တဲ့ပုံပဲ"
"ငါ အွန်လိုင်းက အခန်းပုံတွေနဲ့ တိုက်ကြည့်ပြီးပြီ၊ အဲဒီအခန်း အစစ်ပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုကောင်ပြနေတဲ့ ဇိမ်ခံမိုးလုံ လေလုံ ရေကူးကန်ကို ကြည့်လိုက်ဦး၊ တစ်ပုံစံတည်း မဟုတ်ဘူးလား"
"မထင်ထားဘူး၊ တကယ်ကို မထင်ထားဘူး။ ကျိုးထျန်းက သူ့ရဲ့ အစွမ်းကုန်ကို ရောက်နေပြီလို့ ငါထင်တိုင်း သူက ငါ့ရဲ့ ကန့်သတ်ချက်တွေကို အမြဲ ထပ်ပြီး ချိုးဖျက်ပြနေတာပဲ"
...
တောင်ပုံရာပုံ စီးဝင်လာသော မနာလိုမှုများကြောင့် ကျိုးထျန်း ရယ်မောလိုက်မိသည်။
"ကြည့်ရတာ ငါက တာဝန်ကို ပြီးမြောက်ရုံတင်မကဘဲ ကျော်လွန်သွားပုံရတယ်"
သူ WeChat Moments တင်ခဲ့သမျှမှာ ကြိုတင်စီစဉ်ထားသည့် ဗျူဟာများပင်။
ကျောက်ရှင်းကို အခန်းထဲက မြင်ကွင်းတွေပါအောင် ဘာကြောင့် ရိုက်ခိုင်းသလဲဆိုသည်မှာလည်း သူ့အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ပထမပို့စ်က သူ ဘယ်မှာတည်းလဲဆိုတာ သိစေသည်။
ဒုတိယပို့စ်က ကျောက်ရှင်းနဲ့ တွေ့တာကို သိစေသည်။
တတိယပို့စ်မှာတော့ ဗုံးတစ်လုံးပင်။ ကျောက်ရှင်းက သူ့အခန်းထဲမှာ ရှိနေတယ်ဆိုတာကို သိစေလိုက်ခြင်း ဖြစ်သည်။
၎င်းမှာ အမျိုးသမီး အနုပညာရှင်တစ်ယောက်ပင်!
သာမန်မိန်းကလေးများပင် သူစိမ်းယောကျ်ားတစ်ယောက်ရဲ့ ဟိုတယ်အခန်းထဲကို အမှတ်မထင် မသွားကြဘူး။
အများပြည်သူရဲ့ ဝေဖန်မှုဒဏ်ကို ခံရနိုင်သော အန္တရာယ်ရှိသောကြောင့်ပင်။
တခြားလူများ၏အမြင်တွင် ကျောက်ရှင်းရဲ့ လုပ်ရပ်မှာ သူမနှင့် ကျိုးထျန်းအကြား ရင်းနှီးသော ဆက်ဆံရေးတစ်ခုရှိနေ သည်ဟု အဓိပ္ပာယ်သက်ရောက်သွားစေသည်။ ဘယ်လောက်အထိ ရင်းနှီးသလဲဆိုသည်မှာ သူတို့၏ စိတ်ကူးထဲမှာပင်။
သုံးမိနစ်အကြာတွင် မနာလိုမှုအမှတ် ၁၃ သန်းကျော် ထပ်တိုးလာခဲ့သည်။ ကြည့်ရှုနေသူများမှာမူ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံးဝ အားအင်ကုန်ခမ်းသွားကြပြီ ဖြစ်သည်။
[ဒင်~]
[စနစ်၏ အကြောင်းကြားစာ- တာဝန်ပြီးမြောက်ပါပြီ။ စနစ်က အကဲဖြတ်နေပါသည်။]
[တာဝန်အကဲဖြတ်ချက် - ပြည့်စုံကောင်းမွန်သည်]
[ဆုလာဘ် - အလယ်အလတ်အဆင့် လူချမ်းသာသတင်းအချက်အလက်ကတ်]
[မှတ်ချက် - ဤကတ်ကို အသုံးပြုပြီးနောက် အိမ်ရှင်အား တန်ဖိုး ယွမ် ၁ ဘီလီယံအထိ ရှိသော ချမ်းသာသတင်းအချက်အလက်တစ်ခု ပေးအပ်မည်ဖြစ်သည်။]
ကျိုးထျန်းသည် ဆုလာဘ်ကို မြင်သည်နှင့် ပေါင်ကို အားရ ပါးရ ရိုက်လိုက်ရာ အနားတွင်စကားပြောနေသော မိန်းက လေးနှစ်ယောက်မှာ လန့်သွားကြသည်။
‘အလယ်အလတ်အဆင့်ကတ်က တကယ်လန်းတာပဲ! ချမ်းသာမှု ကန့်သတ်ချက်က ၁၀ ဆတောင် တိုးသွားပြီ!’
အရင် ရိုးရိုးကတ်နှစ်ကတ်ကတင် သူ့အား အမြတ် ယွမ် သန်း ၁၀၀ ကျော် ပေးခဲ့ခြင်းပင်။
ယခုကတ်အနေဖြင့် သူ့အား ပိုရရှိစေမှာ သေချာစေသည်။
[စနစ်အကြောင်းကြားချက် - ကတ်ကို သုံးမလား?]
"သုံးမယ်!"
[ကတ်ကို အသုံးပြုလိုက်ပါပြီ]
ကျိုးထျန်းမှာ အရင်လို ဘယ်နေရာမှာ အိမ်ဝယ်ရမလဲဆိုတဲ့ အချက်အလက်မျိုးကို စောင့်နေခဲ့သည်။
သို့သော် ပေါ်လာသော အချက်အလက်မှာ အိမ်ခြံမြေနှင့် လုံးဝ မသက်ဆိုင်ပေ။
အချက်အလက်တွင် ဖော်ပြထားသည်မှာ "စက်တင်ဘာ ၉ ရက်နေ့တွင် ရုံတင်ပြသမည့် 'Planetary Home' ရုပ်ရှင်သည် တစ်လအတွင်း ရုပ်ရှင်ရုံဝင်ငွေ ယွမ် ၁.၅၃၈ ဘီလီယံမှ ၃.၅၈၃ ဘီလီယံအထိ ရရှိမည်ဖြစ်သည်”
"ဒါက..."
ကျိုးထျန်း နားမလည်နိုင် ဖြစ်သွားသည်။
"ဒီရုပ်ရှင်နာမည်ကို ကြားဖူးသလိုလိုတော့ ရှိတယ်၊ ဒါပေမဲ့ ရုံတင်ဝင်ငွေကို သိရတာက ဘာထူးမှာလဲ"
ဒီအချက်အလက်က အရင် အိမ်ခြံမြေ သတင်းတွေနဲ့ မတူဘဲ သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။
အရင်တုန်းကတော့ ဝယ်လိုက်ရင် မြတ်မယ်ဆိုတာ သူ နားလည်ပြီး ယုံကြည်ချက်ရှိရှိ လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ယခုအခါ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
သူသည် ဖုန်းကို ထုတ်ကာ 'Planetary Home' အကြောင်းကို ရှာကြည့်လိုက်သည်။
"မထူးဆန်းပါဘူး၊ ဒီရုပ်ရှင်က လွန်ခဲ့တဲ့ တစ်နှစ်ခွဲက Trailer ထွက်ထားတာပဲ။ အဲဒီတုန်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း သတင်းမကြားတော့တာ”
"အင်တာနက်မှာတော့ ဒီရုပ်ရှင်က ဖျက်သိမ်းလိုက်ပြီလို့ ပြောနေကြတယ်၊ အစစ်လား အတုလားတော့ မသိဘူး”
"ဒါက Hard Science Fiction အမျိုးအစားပဲ၊ ဒီလိုမျိုးတွေက တရုတ်မှာ ရှင်သန်ဖို့ ခဲယဉ်းတယ်လေ။ လူအများစုကတော့ အပေါစား Idol ကားတွေနဲ့ ဟာသကားတွေကိုပဲ ကြိုက်ကြတာ”
သူသည် စက်တင်ဘာလ ရုပ်ရှင်ပြသမှု အစီအစဉ်ကို စစ်ဆေးကြည့်သော်လည်း 'Planetary Home' ကို လုံးဝ မတွေ့ရပေ။
"မဖြစ်နိုင်တာ၊ ပြသမယ့် စာရင်းထဲမှာတောင် မပါဘဲနဲ့ စက်တင်ဘာမှာ ဘယ်လိုလုပ် ရုံတင်မှာလဲ"
သူ ပိုပိုနားမလည်နိုင် ဖြစ်လာသည်။ စနစ်က လိမ်မည်မဟုတ်ပေ၊ ရှိသည်ဆိုလျှင် ရှိမှာပဲ။ ဒါပေမဲ့ ဘာတွေ ဖြစ်နေတာလဲ?
"ထုတ်လုပ်ရေးက Huanxi Films တဲ့၊ အဲဒီနာမည်က ရင်းနှီးနေသလိုပဲ"
သူသည် ရုပ်ရှင်လောကသား မဟုတ်သဖြင့် သေချာ မသိပေ။
"လျိုပေါင်ချင်ကိုပဲ ပြန်မေးရမလား? သူကတော့ ဒီလောကထဲက လူတွေကို သိနိုင်တယ်"
ထိုစဉ် ကျောက်ရှင်းနှင့် မုယန်တို့ ပျော်ပျော်ရွှင်ရွှင် စကား ပြောနေသည်ကို သူ မြင်လိုက်သည်။
"ဟေး... သူ့ကို မေးလို့ ရတာပဲ၊ သူကိုယ်တိုင်က ဒီလောကထဲက လူပဲ မဟုတ်လား"
"ငါက တစ်ဆင့်ကျော် တွေးမိသွားတယ်၊ လျိုပေါင်ချင်းကို သွားမေးနေတာက လမ်းဝေးသွားလိမ့်မယ်"
သူသည် ထိုနှစ်ယောက်ဆီသို့လျှောက်သွားကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
"နင်တို့ ဘာတွေ ပြောနေကြတာလဲ? တော်တော် ပျော်နေကြတဲ့ပုံပဲ"
"အစီအစဉ်တင်ဆက်သူ အလုပ်အကြောင်း ပြောနေတာလေ၊ အမ ကျောက်ရှင်းက တကယ်တော်တာပဲ၊ သူ အကုန်သိတယ်"
မုယန်က ဝမ်းသာအားရ ပြောပြသည်။
"အော်... ဟုတ်တာပေါ့၊ သူက တော်လို့ပဲ နိုင်ငံကျော်နတ်ဘုရားမလို့ အခေါ်ခံရတာပေါ့"
"အဲဒါတွေက အွန်လိုင်းမှာ လျှောက်ပြောနေကြတာပါ။ မုယန်က ကျွန်မထက် အများကြီး ပိုလှပါတယ်"
ကျောက်ရှင်းက အလိုက်သင့် ပြန်ချီးကျူးလိုက်သည်။
"မဟုတ်တာ၊ ကျွန်မက သာမန်ပါပဲ၊ အမနဲ့ ယှဉ်လို့တောင် မရပါဘူး"
လျိုမုယန်က ချက်ချင်းပြန်လည် ချီးကျူးလိုက်သည်။
"ကဲပါ၊ နင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေတာ တော်ကြပါတော့။ နင်တို့က သာမန်ဆိုရင် တခြား မိန်းကလေးတွေ ဘယ်လို ရှင်သန်ရမလဲ"
ဟန်ဆောင်လိုက်ကြတာ၊ လှတဲ့ မိန်းကလေးတွေက ဟန်ဆောင်တတ်ကြတာပဲ။
ကိုယ့်ကိုယ်ကိုယ် သာမန်ပါလို့ ပြောနေတာက အရှက်မရှိ လိမ်ညာနေတာ မဟုတ်ဘူးလား။
ပြီးတော့ ဘာလို့ ငါ့ကိုကျ ဘယ်သူမှ မချီးကျူးကြတာလဲ?
ကျိုးထျန်းသည် စိတ်ထဲမှ ညည်းတွားမှုကို ဘေးဖယ်ထားကာ စကားဝိုင်းကို လိုရင်းသို့ ပြန်ဆွဲယူလိုက်သည်။
"ကျောက်ရှင်း... ငါ နင်ကို မေးစရာလေး ရှိတယ်၊ ဖျော်ဖြေရေးလောက အကြောင်းပါ"
"မေးလို့ ရပါတယ်၊ ဒါပေမဲ့ ကိုယ်ပိုင်ကိစ္စတွေကိုတော့ မဖြေဘူးနော်။ တခြား အနုပညာရှင်တွေရဲ့ အတင်းအဖျင်းတွေလည်း ကျွန်မနဲ့ မရင်းနှီးရင် မဖြေပေးနိုင်ဘူး"
ကျောက်ရှင်းက သူမ၏ ကန့်သတ်ချက်ကို ကြိုပြောထားလိုက်သည်။ နောက်မှ ငြင်းရလျှင် အနေခက်မှာ စိုး၍ဖြစ် သည်။
"ပြဿနာမရှိပါဘူး၊ အတင်းအဖျင်းတွေနဲ့ ကိုယ်ပိုင်ကိစ္စတွေကို မမေးပါဘူး"
"ကောင်းပြီလေ၊ မေးပါ၊ ကျွန်မ သိတာမှန်သမျှ ပြောပြပါ့မယ်"
သူမသည် အစကတော့ သူတို့နှစ်ယောက်ကို သူမကို ကူညီခဲ့သည့် ချမ်းသာသော စုံတွဲတစ်တွဲအဖြစ်သာ သတ်မှတ်ခဲ့သည်။
သို့သော် လျိုမုယန်နှင့် စကားပြောကြည့်သောအခါ ဤမိန်းကလေးမှာ အလွန်ပါရမီရှိပြီး စရိုက်ချင်းလည်း တိုက်ဆိုင်သဖြင့် ရင်းနှီးသွားခဲ့သည်။
ဖျော်ဖြေရေးလောကထဲတွင် ရုန်းကန်နေရသဖြင့် သူမတွင် သူငယ်ချင်း မရှိသလောက်ဖြစ်ပြီး သူငယ်ချင်းဖွဲ့ရန်လည်း ကြောက်နေခဲ့သည်။
ထို့ကြောင့် ရင်ဖွင့်တိုင်ပင်ရမည့်သူ ရှိခြင်းက မည်မျှ တန်ဖိုးရှိသည်ကို သူမ နားလည်သည်။
ထို့ပြင် လျိုမုယန်က ဤလောကထဲက လူမဟုတ်သဖြင့် သူမ တစ်ခုခု မှားပြောမိလျှင်ပင် ကိစ္စမရှိသောကြောင့် သူမ စိတ်လက်ပေါ့ပါးနေခြင်း ဖြစ်သည်။
အနည်းဆုံး တစ်နှစ်လောက်အတွင်းမှာ သူမ ဒီလောက် စိတ်မပေါ့ပါးခဲ့ဖူးပေ။ အမြဲတမ်း အလုပ်၊ အလုပ် တွေနဲ့ပဲ လုံးပန်းနေရပြီး ဘေးနားမှာလည်း စကားပြောဖို့ လုံးဝ မတတ်သော ငတုံးမလေး ရှောင်မုန့်သာရှိသည်။
ကျိုးထျန်းသည် သူမ အမူအရာကို သတိပြုမိလိုက်ရာ သူမ အရင်ကထက် ပိုပျော်နေပုံရသည်။
'မုယန်က တကယ်ပဲ ဆွဲဆောင်မှု ရှိတာပဲ။ ဘေးနားက လူတွေကို နွေးထွေးပြီး စိတ်ပေါ့ပါးသွားအောင် လုပ်ပေးနိုင်တဲ့ အစွမ်းက မွေးရာပါပဲ' ဟု သူ တွေးလိုက်မိသည်။
သူ ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
"ကျောက်ရှင်း... နင်က ဖျော်ဖြေရေးလောကထဲကဆိုတော့ 'Huanxi Film and Television' ဆိုတဲ့ ကုမ္ပဏီကို သိလား?"
ဤမေးခွန်းကို ကြားလိုက်ရသည့်အခါ ကျောက်ရှင်း၏ မျက်မှောင်များမှာ ချက်ချင်းတွန့်ချိုးသွားတော့သည်။
'သူက ငါ့ကို စမ်းသပ်နေတာလား၊ ဒါမှမဟုတ် ငါ့နောက် ကြောင်းကို စုံစမ်းနေတာလား? သူ ဘာလို့ ဒါကို လုပ်တာလဲ?'
သူမ၏ တုံ့ပြန်မှုမှာ ပြင်းထန်လှသည်။
Huanxi Films ဆိုသည်မှာ သူမ မိသားစု၏ကုမ္ပဏီဖြစ်သော် လည်း ဖျော်ဖြေရေးလောကအတွင်းမှ လူအနည်းငယ်သာ ဤအချက်ကိုသိကြပြီး ပြင်ပလူများကမူ လုံးဝသိနိုင်စရာ အကြောင်းမရှိသောကြောင့်ပင်။
🍋 Chapter 96
ကျောက်ရှင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ကျိုးထျန်း သတိပြုမိလိုက်သည်။
'ဒီကုမ္ပဏီအကြောင်း မေးလိုက်တာနဲ့ သူ ဘာလို့ မျက်နှာပျက်သွားရတာလဲ? ကုမ္ပဏီမှာ တစ်ခုခု ပြဿနာရှိလို့လား?'
သူ့ရင်ထဲ တဒိတ်ဒိတ် ခုန်သွားသည်။ သို့သော် အနည်းဆုံးတော့ ကျောက်ရှင်းသည် ဤကုမ္ပဏီအကြောင်း သိထား သည်ဆိုသည်မှာ သေချာသွားပြီဖြစ်သည်။
ကျောက်ရှင်းသည် စိတ်ကို ပြန်ထိန်းကာ တစ်ဖက်လူ ဘာကို ဆိုလိုသနည်းဆိုသည်ကို အခြေအနေကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"အဲဒီကုမ္ပဏီကို သိပါတယ်၊ ဘာမေးချင်လို့လဲ?"
"အော်... သိတယ်ပေါ့၊ အဲဒီကုမ္ပဏီမှာ ရုံမတင်ရသေးတဲ့ 'Planetary Home' ဆိုတဲ့ သိပ္ပံရုပ်ရှင်ကား ရှိ၊ မရှိ သိချင်လို့ပါ"
'Planetary Home' ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကျောက်ရှင်းမှာ ပို၍ပင် ထိတ်လန့်သွားပြီး မျက်မှောင်ကို ပိုကြုတ်လိုက်မိသည်။
သူမသည် ချန်တူးသို့ ဟယ်ဝေရွှမ်းနှင့် တွေ့ဆုံရန် ပွဲအချို့ကို ဖျက်သိမ်းပြီး လာခဲ့ခြင်းမှာ ဤရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံ မှု ရရန်ကြိုးစားခြင်းကြောင့်ပင်။
ကံမကောင်းစွာဖြင့် သူမ ရှုံးနိမ့်ခဲ့ရသည်။ ၎င်းမှာ သူမ အရက်မူးအောင် သောက်ခဲ့ရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။
ယခုမူ ကျိုးထျန်းက သူမ၏ မိသားစုကုမ္ပဏီနာမည်ကို အရင်ပြောပြီးမှ ဤရုပ်ရှင်အကြောင်းကို ပြောလာသည်။ ဤသည်က သူ့ရည်ရွယ်ချက်အပေါ် သူမကို ပိုသံသယဝင်စေသည်။
သူမ ဘာမှမပြောဘဲ မတ်တတ်ရပ်နေပြီး အမူအရာမှာလည်း ပို၍ တည်ကြည်လာသည်ကို မြင်သောအခါ ကျိုးထျန်း မိမိကိုယ်ကို ပြန်ဆန်းစစ်လိုက်မိသည်။
'ငါ တစ်ခုခု မှားပြောမိလို့လား? မဟုတ်ပါဘူး၊ ငါ ဘာမှမမှားဘူး’
'Planetary Home အကြောင်း ပြောလိုက်တာနဲ့ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ? ဒီရုပ်ရှင်မှာ ပြဿနာအကြီးကြီး ရှိနေလို့လား?'
ကျိုးထျန်းလည်း စိုးရိမ်လာကာ ဆက်မေးလိုက်သည်။
"ဒီရုပ်ရှင်ကို သိလို့လား?"
"သိတယ်"
ကျောက်ရှင်းက နောက်ဆုံးတော့ အမှန်အတိုင်း ဖြေလိုက်သည်။
သူမသည် ကျိုးထျန်းကို သူမအနား ချဉ်းကပ်ရန် ကြိုးစားနေသည့် ချမ်းသာသော ဒုတိယမျိုးဆက် တစ်ယောက်ဟု သံသယဝင်လာတော့သည်။ မဟုတ်လျှင် ထိုအရာအား အဘယ်ကြောင့် လာပြောနေမည်နည်း။
သူမသည် ဤကဲ့သို့သော လူမျိုးများကို အများကြီး တွေ့ဖူးသည်။ ရင်းနှီးမြှုပ်နှံသူများမှာ မည်သည့်လုပ်ငန်းကပင် ဖြစ်ပါစေ၊ သူမအနားသို့ ချက်ချင်းချဉ်းကပ်ပြီးနောက် ရုပ်ရှင်အကြောင်းကို စကားလမ်းကြောင်း လွှဲတတ်ကြသည်။
သူမက သူတို့နှင့် စကားပြောပြီး သူတို့ စိတ်ဝင်စားပုံရလာလျှင် သူတို့ လက်မခံနိုင်သော အခြေအနေများကို တင်ပြလာကြလိမ့်မည်။
သူတို့မျက်စိထဲတွင် သူမမှာ အလှပြပန်းအိုးသက်သက်သာဖြစ်ပြီး အပျော်အပါးသက်သက်ဆိုလျှင် လုံလောက်နေပြီဖြစ်သည်။
သူမသာ အလျှော့ပေးမည်ဆိုလျှင် ရင်းနှီးမြှုပ်နှံမှု၊ ပိုက်ဆံ ဆိုသည်မှာ သူတို့အတွက် ပြဿနာ မဟုတ်ပေ။
ထိုလူများထဲတွင် ကုမ္ပဏီကြီးတစ်ခုမှ သားဖြစ်သူမှာ အဆိုးဆုံးပင်။ သူမက အကြိမ်ကြိမ်ငြင်းပယ်ပြီးနောက် သူသည် သူမနေထိုင်ရာသို့ လူအင်အားဖြင့် ရောက်လာပြီး တံခါးကို လာခေါက်ခဲ့သည်။
သူမရှေ့တွင် ငွေသားများ အပြည့်ပါသော သေတ္တာတစ်လုံးကို ချပြခဲ့သည်။ ငြင်းပယ်ခံရပြန်သောအခါ ထိုယောကျ်ားမှာ ဒေါသပေါက်ကွဲပြီး လူသွားလမ်းတစ်လျှောက် သူမကို ဆဲဆိုအော်ဟစ်တော့သည်။
သူမကို ပြည့်တန်ဆာလည်း လုပ်ချင်၊ အရှက်လည်း ထိန်းချင်သည်ဟု စော်ကားခဲ့သည်။ ထိုစဉ်က သူမ ဘဝတွင် ပထမဆုံးအကြိမ် ထိန်းမနိုင်သိမ်းမရငိုကြွေးခဲ့ရသည်။
သူမ အရှက်ရခဲ့သည်။ သို့သော် ယခုအခါ သူမမှာ အစွန်းသို့ ရောက်နေပြီဖြစ်ရာ သူမ ဂုဏ်သိက္ခာကို တကယ်ပင် ရောင်းချရတော့မည်လား မသိတော့ပေ။
သူမ စကားပြောပြီးနောက် ဆိုဖာမှ ထကာ လျိုမုယန်ကို ပြောလိုက်သည်။
"မုယန်... နင့်ရည်းစားနဲ့ ခဏလောက် သီးသန့် စကားပြောလို့ ရမလား?"
"ရတာပေါ့၊ ကျွန်မလည်း တစ်ခုခု သွားသောက်မလို့ပဲ"
မုယန်က ပြုံးကာ ထွက်သွားပေးသည်။
ကျောက်ရှင်းအနေဖြင့် ကျိုးထျန်းကို အရေးကြီးသည့်အရာ ပြောစရာရှိသည်ကို သူမ ရိပ်မိသည်။
သူမသည် ရေတစ်ပုလင်းကို ယူကာ အိပ်ခန်းထဲသို့ ဝင်သွားပြီး သူတို့နှစ်ယောက်ကို ဧည့်ခန်းထဲတွင် ထားခဲ့လိုက်သည်။
ကျိုးထျန်းမှာ ပိုဇဝေဇဝါ ဖြစ်သွားသည်။ ဘာတွေ ဖြစ်နေတာလဲ? သူမက ဘာလို့ မုယန်ကို တမင်ဖယ်ခိုင်းရတာလဲ?
"မစ္စတာ ကျိုး... ရှင် ဘာလို့ 'Planetary Home' ရုပ်ရှင်အကြောင်း မေးတာလဲ?"
သူမ မျက်လုံးထဲတွင် ကျိုးထျန်းမှာ လူအူကြောင်လေးအဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
သို့သော် ကျိုးထျန်းက သူမ ခေါ်ဝေါ်ပုံပြောင်းလဲသွားသည်ကို ကြားသောအခါ အမူအရာမှာ တည်ကြည်သွားသည်။
"ကျွန်တော် အွန်လိုင်းမှာ တွေ့လို့ပါ"
"တကယ်ပဲ အွန်လိုင်းမှာ တွေ့ရုံသက်သက်လား?"
ကျိုးထျန်း စဉ်းစားနေသည်။
'ငါ့မှာ စနစ်ရှိတာကို သူ သိနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ သူ မေးပုံက ငါ မသိတဲ့ တစ်ခုခုကို သူ သိနေသလိုပဲ’
"ကျွန်တော် အရင်က အွန်လိုင်းမှာ Trailer တွေ့ဖူးတယ်၊ အဲဒါကို စိတ်ဝင်စားမိတယ်၊ ဒါပေမဲ့ ဘာလို့ သတင်းတွေ ပျောက်နေလဲ မသိလို့ ခင်များ သိမလားဆိုပြီး မေးကြည့်တာပါ"
ကျိုးထျန်းက အမှန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
သို့သော် ကျောက်ရှင်းက မယုံသေးပေ။
"ဒါကို တိုက်ရိုက်ပဲ ပြောလိုက်စမ်းပါ၊ ရှင် ဘာလိုချင်တာလဲ? စကားတွေကို လှည့်ပတ်မနေပါနဲ့"
"ကျွန်တော်က မေးခွန်းတစ်ခုပဲ မေးတာပါ၊ ခင်များ ဘာတွေ ပြောနေလဲဆိုတာ ကျွန်တော် လုံးဝနားမလည်ဘူး"
ကျောက်ရှင်း မျက်လုံးများတွင် မျက်ရည်များဝဲလာသည်။
"ဟန်ဆောင်မနေပါနဲ့တော့၊ ရှင်က လူကောင်းတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ ရှင်တို့အားလုံးက အတူတူပါပဲ"
ကျိုးထျန်း ပိုဇဝေဇဝါ ဖြစ်သွားသည်။
'ငါက ဘာကို ဟန်ဆောင်နေလို့လဲ? ပြီးတော့ ငါက ဘာလို့ ရုတ်တရက် "လူကောင်းကတ်" အပေးခံလိုက်ရတာလဲ?'
"ကျောက်ရှင်း... ငါတို့ကြားမှာ တစ်ခုခု နားလည်မှုလွဲနေပြီ ထင်တယ်။ ပြီးတော့ ခုပြောနေတဲ့ စကားတစ်ခွန်းမှ ငါ နားမလည်ဘူး"
"ဒါဆို Huanxi Films နဲ့ Planetary Home ရုပ်ရှင်က နင်နဲ့ တစ်ခုခု ပတ်သက်နေလို့လား?"
ကျောက်ရှင်း မျက်ရည်တွေကို သုတ်လိုက်သည်။
"ဟဲဟဲ... ပတ်သက်တာပေါ့။ Huanxi Films က ကျွန်မ အဖေရဲ့ ကုမ္ပဏီပဲ၊ ပြီးတော့ Planetary Home က ကျွန်မတို့ ကုမ္ပဏီက ထုတ်တဲ့ ရုပ်ရှင်။ ဒါကို ရှင် သိပြီးသား မဟုတ်လား?"
"အော်... အဲဒီလိုလား၊ တိုက်ဆိုင်လိုက်တာ"
ကျိုးထျန်း တုန်လှုပ်သွားသည်။ ဒီရုပ်ရှင်ရဲ့ ပိုင်ရှင်က သူ့ရှေ့မှာ တင် ရှိနေတာပဲ။
ကျောက်ရှင်း၏အမူအရာနှင့် စနစ်မှပေးသော သတင်းအား ကြည့်ရလျှင် ရုပ်ရှင်မှာ တစ်ခုခု ပြဿနာရှိနေတာ သေချာလေသည်။
"ဒီရုပ်ရှင်မှာ တစ်ခုခုပြဿနာ ရှိနေလို့လား?"
ကျောက်ရှင်း နှာခေါင်းရှုံ့လိုက်သည်။ ဤကဲ့သို့သော လှည့် ကွက်မျိုးကို သူမ အကြိမ်ကြိမ်ကြားဖူးသည်။
"ပြဿနာ ရှိတယ်၊ ဒါဆို ရှင်က ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောဦးမှာလား?"
"ရင်းနှီးမြှုပ်နှံမယ် ? ငါက ဘာလို့ ရင်းနှီးမြှုပ်နှံချင်ရမှာလဲ ? ဒီရုပ်ရှင်အတွက် ငွေလိုနေလို့လား ?"
"ဟုတ်တယ်၊ ကျွန်မတို့ ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်မှုက ရပ်တန့်နေပြီ၊ ဒီရုပ်ရှင်ရဲ့ နောက်ဆုံးပိုင်း ပြင်ဆင်မှုတွေအတွက် အနည်းဆုံး ယွမ် သန်း ၃၀ လိုအပ်နေတယ်"
သူမသည် ကျိုးထျန်းကို ရန်လိုသောအကြည့်ဖြင့် ကြည့်ကာ ယောကျ်ားများ သူမထံမှ အမြဲတမ်း တောင်းဆိုလေ့ရှိသည့်အရာကို သူ ဘယ်အချိန်မှာ ပြောလာမလဲဆိုသည်ကို စောင့်နေသည်။
"ယွမ် သန်း ၃၀ လား၊ အများကြီးပဲ၊ ဒါကြောင့် ဒီရုပ်ရှင်က ရုံမတင်နိုင်တာကိုး"
စနစ်ပေးထားတဲ့ သတင်းရဲ့အဓိပ္ပာယ်ကို သူ အခုမှ နားလည်သွားသည်။ ရုပ်ရှင်က မပြီးသေးဘဲ ငွေလိုနေတာကိုး။
အကယ်၍ သူ အခုရင်းနှီးမြှုပ်နှံလိုက်ရင် ရုပ်ရှင်က ရုံတင်ဝင်ငွေ ကောင်းတဲ့အခါ သူ အမြတ်ဝေစု အများကြီးရနိုင်မည်ဖြစ်သည်။
"အော်... ဒါကြောင့်ကိုး"
သူ စဉ်းစားကြည့်တော့ ကျောက်ရှင်း ဘာကြောင့် စောစောက အရက်တွေ အလွန်အကျွံသောက်နေသလဲဆိုသည်ကို ခန့်မှန်းမိသွားသည်။
သူမ မိသားစုကုမ္ပဏီက ဒုက္ခရောက်နေပြီး အခြေအနေက တော်တော်လေး ဆိုးပုံရသည်။ မဟုတ်လျှင် သူမ ဒီလောက်အထိ စိုးရိမ်နေမည် မဟုတ်ပေ။
သူတို့ သိကျွမ်းလာသည့် အချိန်အတောအတွင်း ကျောက်ရှင်းသည် လူကောင်းတစ်ယောက်ဟု သူ ထင်မြင်မိသည်။ သူမသည် အနုပညာရှင်တစ်ယောက်လို မာနမကြီးဘဲ ကျေးဇူးသိတတ်သူ ဖြစ်သည်။
မဟုတ်လျှင် သူ ဗီဒီယိုရိုက်ချင်သည်ကို သူမ ဤမျှ ကြည်ဖြူစွာ လုပ်ပေးမည် မဟုတ်ပေ။ သူ ကျောက်ရှင်း၏တုံ့ပြန်မှုကို အခုထိ နားမလည်နိုင်သေးပေ။
"အကယ်၍ ငါက သန်း ၃၀ ထုတ်ပေးနိုင်ရင် ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံလို့ ရမလား?"
"ဟဲဟဲဟဲ... ရတာပေါ့၊ ရှင်သာ ထုတ်ပေးနိုင်ရင် ကျွန်မကတော့ ဝမ်းမြောက်ဝမ်းသာပါပဲ"
ကျောက်ရှင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ ဒီအတောအတွင်း သူမ ခံစားခဲ့ရသမျှ အရှက်ရမှုများက ဤအချိန်တွင် ပေါက်ကွဲထွက်လာတော့သည်။
သူမ နှုတ်ခမ်းကို ကိုက်ထားကာ အသံထွက်မငိုမိအောင် အတင်းထိန်းထားသည်။
သူမ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ကျိုးထျန်း မျက်နှာမှာ တွန့်သွားသည်။
'ငါ ဘာမှ မလုပ်ရသေးဘူးလေ! ကျောက်ရှင်းက ငါ့ကို ငွေညှစ်ဖို့ ကြိုးစားနေတာလား? ငါ သူ့ကို နှိပ်စက်ပါတယ်ဆိုပြီး ပြောပြီးမှ ရင်းနှီးမြှုပ်နှံခိုင်းမလို့လား? အင်း... ဒါ လှည့်ကွက် ဖြစ်ရမယ်။ ဒီမိန်းမ ဒီလောက်အထိ ဆိုးလိမ့်မယ်လို့ ငါ မထင်ထားဘူး’
"ကောင်းပြီ၊ ငါ ရင်းနှီးမြှုပ်နှံမယ်။ အသေးစိတ်အချက်အ လက်တွေကို ဆွေးနွေးကြစို့။ ငါ့ကို အမြတ် ဘယ်လောက် ပြန်ပေးနိုင်မလဲ?"
"ပြန်ပေး" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကျောက်ရှင်း ရယ်မောလိုက်သည်။
သူမ မျက်ရည်တွေကို သုတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ဒီမှာပဲ ဆွေးနွေးကြမလား? ရှင့်ရည်းစားက အခန်းထဲမှာ ရှိနေတယ်လေ"
"ဒါက မုယန်နဲ့ ဘာဆိုင်လို့လဲ?"
'အော်... သူက ငါ့ရဲ့ စီးပွားရေး ကိစ္စတွေကို ငါ့ရည်းစားကို မသိစေချင်ဘူး ထင်တယ်'
'သူ ဒီလောက်အထိ အသေးစိတ် တွေးလိမ့်မယ်လို့ ငါ မထင်ထားဘူး' ဟု ကျိုးထျန်း စဉ်းစားလိုက်သည်။
"ဒါဆို ဘယ်ကို သွားချင်လို့လဲ ?"
"ကျွန်မ အခန်းကို သွားရအောင်၊ အခန်းနံပါတ် ၂၈၀၃၊ မိနစ် ၂၀ နေရင် တွေ့မယ်"
ကျောက်ရှင်းသည် ဘာမှထပ်မပြောဘဲ လှည့်ထွက်သွားသည်။
"ကောင်းပြီလေ၊ အဲဒီမှာပဲ ပြောကြတာပေါ့။ သူမ မိသားစု စီးပွားရေးအကြောင်း သူစိမ်းတွေကြားမှာ စိုးလို့ ဖြစ်မှာပါ"
သူမ ငိုနေတာ ရပ်သွားသည်ကိုမြင်ရသဖြင့် ဤသည်မှာ သူ့ဆီမှ ရင်းနှီးမြှုပ်နှံမှုရရန် လုပ်ဆောင်သည့် ဗျူဟာတစ်ခု ဖြစ်သည်ဟု ကျိုးထျန်း ပိုယုံကြည်သွားကာ တခြားဘာမှ ထပ်မစဉ်းစားတော့ပေ။