အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉) ဆုပေးဒဏ်ပေး
သရဲဟန်ဆောင်နေသည်တဲ့လား...။
ယွင်ဟွားသည် သူမ၏ဝတ်စုံကို တစ်ချက် ကြည့်လိုက်၏။
ကောင်းပြီလေ... သူမက အရင်က လူဆိုးနှစ်ယောက်ကို ခြောက်လှန့်ဖို့ သရဲဟန်ဆောင်ခဲ့ဖူးတာတော့ အမှန်ပါပဲ...။
"ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်မ မြှင့်တင်ပေးမယ်... ရှင် လိုချင်လား..."
စစ်သားများ၏ အကူအညီဖြင့် ချန်ကျဲဟန်သည် တုန်ရီနေသော ခြေထောက်များဖြင့် မတ်တတ်ရပ်လိုက်လေသည်။ သူသည် ယွင်ဟွား၏ မိတ်ကပ်ကို ဆက်လက်ကြည့်ရှုရန် မရဲသေးပေ။
"စွမ်းဆောင်ရည်တဲ့လား..."
သူသည် သူမ၏နောက်ရှိ အခြေအနေဆိုးရွားနေသော လူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ခွံများမှာ အလိုအလျောက် တဆတ်ဆတ် တုန်ရီသွားလေသည်။
အမတ်ငယ်ယွင်ပီပီ ရန်သူများအပေါ် ဘယ်သောအခါမှ သနားညှာတာမှု မပြသပေ။
သို့သော်လည်း သူလုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စရှိသေးသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စစ်သားနှစ်ဦး ရှေ့သို့ ထွက်လာလေ၏။
"အမတ်ငယ်ယွင်... ငါက သူခိုးတွေကို ဖမ်းဖို့ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို သွားရမယ်... ဒီနှစ်ယောက်ကိုတော့ ငါ့လူတွေဆီ အပ်ထားခဲ့လိုက်ပါ..."
ထိုသို့ပြောပြီးနောက် သူသည် မြင်းပေါ်တက်ရန် ပြင်ဆင်လိုက်လေသည်။
အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ...။
ဤမျှလောက် တိုက်ဆိုင်နေဖို့ မဖြစ်နိုင်ဘူး...။
ယွင်ဟွားသည် ရှေ့သို့ တိုးလာပြီး ချန်ကျဲဟန်အား လျင်မြန်စွာ လှမ်းခေါ်လိုက်၏။
"အမတ်ချန်... ဒီနှစ်ယောက်က အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကနေ ဖမ်းလာတာ... ပြီးတော့ သူတို့ဆီမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီး ပါလာသေးတယ်..."
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ ပခုံးပေါ်ရှိ တန်ဖိုးရှိ ပစ္စည်းများကို ဘေးရှိ စစ်သားများထံသို့ ကမ်းပေးလိုက်လေသည်။
ချန်ကျဲဟန်သည် ရပ်တန့်သွားပြီး ယွင်ဟွားအား အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။
အရာရှိများသည် တန်ဖိုးရှိ ပစ္စည်းများကို စစ်ဆေးကာ ထိုလူနှစ်ဦးကို မီးအိမ်များဖြင့် အနီးကပ် စစ်ဆေးကြည့်ရှုပြီးနောက် ချန်ကျဲဟန်အား အရိုအသေပေးလျက် ပြန်လည်ဖြေကြားလိုက်လေသည်။
"သခင်... သူတို့ တကယ်ပဲ ဟုတ်ပါတယ်... ပြီးတော့ တန်ဖိုးရှိ ပစ္စည်းတွေကလည်း ပျောက်ဆုံးသွားတဲ့သူ ဖော်ပြထားတဲ့အတိုင်း ကွက်တိပါပဲ..."
ချန်ကျဲဟန်သည် လေထဲတွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေသော ယွင်ဟွားကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေလေသည်။ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။
"မင်းက... သန်းခေါင်ယံကြီးမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို ဘာဖြစ်လို့ သွားရတာလဲ..."
"ကျွန်မက အိပ်ဖို့ သွားတယ်လို့ ပြောရင် ရှင် ယုံမလား..."
ယွင်ဟွားသည် နီးကပ်စွာ တိုးလာပြီး အလွန်အလေးအနက် ပြောလိုက်လေသည်။
ချန်ကျဲဟန်၏ မျက်နှာမှာ ထူးဆန်းနေလေသည်။
*အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲမှာ အိပ်တယ်တဲ့လား…*
*နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား…*
“ပန်းကလေး... သူ့မျက်နှာပေါ်က အမူအရာကို ကြည့်စမ်း... သူက နင့်ကို ယုံပုံမပေါ်ဘူး... နင်က ကျင့်ကြံဖို့နဲ့ အိပ်ဖို့ သွားခဲ့တာ ရှင်းနေတာပဲ... အကယ်၍ အဲ့ခွေးကောင်နှစ်ကောင်ကသာ နင့်ကို လာမနှိုးခဲ့ရင် နင်က အခုချိန်ထိ အိပ်မက်လှလှ မက်နေတုန်းပဲ ဖြစ်မှာ..”
ယွင်ဟွားက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမဘာသာ တွေးလိုက်လေသည်။
“ငါလည်း ဘာမှမတတ်နိုင်ဘူးလေ... အမှန်တရားကို ပြောရင် သူတို့က မယုံကြဘူး... ဒါပေမယ့် ငါက လိမ်လည်လှည့်ဖြားတတ်သူတစ်ယောက်လို ဟန်ဆောင်ပြီး အဓိပ္ပါယ်မရှိတာတွေ ပြောလိုက်ရင်ကျတော့ ယုံကြတယ်... တကယ်ကို အခက်တွေ့စေတာပဲ…”
ချန်ကျဲဟန်၏ နှုတ်ခမ်းများမှာ တွန့်ချိတ်သွားလေသည်။
*အမတ်ငယ်ယွင်... ဘယ်လို ပုံမှန်လူမျိုးကများ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲမှာ သွားအိပ်မှာလဲ…*
“သူက ဟွားဟွားကို မယုံဘူး... ပြီးတော့ ပေပေ့ကလည်း သူ့ကို သဘောမကျဘူး…”
တရားသူကြီး၏စုတ်တံက ချန်ကျဲဟန်ကို မကျေနပ်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
တရားသူကြီး၏စုတ်တံ အသံထွက်လာသည်နှင့် တစ်ပြိုင်နက် ချန်ကျဲဟန်မှာ ချက်ချင်း သတိဝင်သွားလေသည်။ သူသည် ၎င်းကို အားကိုး၍ သူ၏ သက်တမ်းကို တိုးမြှင့်နိုင်ရန် မျှော်လင့်နေခဲ့သည် မဟုတ်ပါလား။
ထို့နောက် သူ၏ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ပေါ်လာလေသည်။
"ငါ ယုံပါတယ်... အမတ်ငယ်ယွင် ပြောသမျှကို ငါ ယုံပါတယ်..."
"ဘယ်လိုပင်ဖြစ်စေ မင်းကို ဧကရာဇ်ကိုယ်တိုင်က နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားတာပဲလေ... အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲမှာ အိပ်တယ်ဆိုတာက မင်းရဲ့ စွမ်းအားတွေ တိုးလာပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုနိုင်ဖို့ နေနဲ့ လရဲ့ အနှစ်သာရတွေကို စုပ်ယူနေတာ ဖြစ်ရမယ်..."
“ဟေး... သူ ခန့်မှန်းတာ တစ်ဝက်တော့ မှန်တယ်... ဒါပေမယ့် ငါက နေနဲ့ လရဲ့ အနှစ်သာရတွေကို စုပ်ယူတာ မဟုတ်ဘဲ ယင်စွမ်းအင်တွေကို စုပ်ယူတာကလွဲလို့ပေါ့..”
ချန်ကျဲဟန်မှာ စကားမဆိုနိုင်ဖြစ်သွားလေသည်။
*ဟုတ်တာပဲ…*
*အမတ်ငယ်ယွင်က ငရဲပြည်က နတ်ဘုရားတစ်ပါးပဲလေ... ဒါဆိုရင် သူမ ယင်စွမ်းအင်တွေကို စုပ်ယူတယ်ဆိုတာ မမှားပါဘူး…*
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အချိန်လင့်နေပြီ ဖြစ်၏။
"အမတ်ငယ်ယွင်... သူခိုးကို မိသွားပြီဆိုတော့ စစ်ဆေးမေးမြန်းဖို့ တရားရေးရုံးတော်ဆီ လွှဲပြောင်းပေးရမယ်... မင်းလည်း အိမ်တော်ကို မြန်မြန်ပြန်ပြီး အိပ်ရေးဝဝ အိပ်လိုက်ပါဦး... မဟုတ်ရင် မနက်ဖြန်ကျရင် မင်းဖခင်က မင်းကို တော်ဝင်ညီလာခံခန်းမထဲ ပွေ့ချီသွားရလိမ့်မယ်..."
ယွင်ဟွားက နှုတ်ခမ်းဆူလိုက်လေသည်။
သူမသည် လက်ချောင်းနှစ်ချောင်းကို အချင်းချင်း ပွတ်သပ်လိုက်ပြီး မေးလိုက်၏။
"ဆုကြေးငွေက ဘယ်မှာလဲ..."
"မင်းကတော့လေ..."
ချန်ကျဲဟန်သည် အသံထွက်အောင်ပင် ရယ်မောလိုက်မိလေသည်။ သူမ လက်ချောင်းနှစ်ချောင်းကို ပွတ်သပ်ပြီး ငွေတောင်းသည့်ပုံစံမှာ အဘိုးကြီး ယွင်ရှောင်ထျန်းနှင့် တစ်ပုံစံတည်းပင် ဖြစ်နေလေသည်။
“စိတ်မပူပါနဲ့... မင်းရဲ့ ဝေစုကို သေချာပေါက် ရစေရမယ်... အမှုပိတ်သွားတာနဲ့ ငါ ကိုယ်တိုင် အိမ်တိုင်ရာရောက် လာပို့ပေးပါ့မယ်..."
ယွင်ဟွားသည် နောက်ဆုံးတွင် ကျေနပ်သွားပြီး ခွေးဝင်ပေါက်မှတစ်ဆင့် အိမ်သို့ ပြန်ဝင်ကာ အိပ်ရာပေါ်တွင် လှဲလျက် အိပ်မောကျသွားလေတော့သည်။
ရှောင်ထောင်ဟွာ အိမ်တော်သို့ ပြန်ရောက်လာသောအခါ ယွင်မိသားစုတစ်ခုလုံး မီးရောင်များ ထိန်လင်းနေပြန်လေသည်။
အကယ်၍ ထောင်ကျီသာ အခန်းထဲသို့ ပြန်သွားပြီး စစ်ဆေးကြည့်ရန် ရုတ်တရက် မတွေးမိခဲ့လျှင် သူတို့ ရှာဖွေနေသူမှာ အိပ်မောကျနေကြောင်းကို မည်သူမျှ သိရှိမည် မဟုတ်ပေ။
ယွင်ရှောင်ထျန်းမှာ ဤမိန်းကလေးငယ်ကြောင့် စိတ်ပျက်အားငယ်လုနီးပါး ဖြစ်ခဲ့ရလေသည်။
သူမ၏ ဖရိုဖရဲဖြစ်နေသော ပုံစံနှင့် မျက်နှာတစ်ပြင်လုံးရှိ 'သွေးကွက်များ' ကို ကြည့်လိုက်စမ်းပါ။
သူ၏ ပြဿနာရှာတတ်သော သမီးငယ်လေး တစ်ခုခု ဖြစ်သွားပြန်ပြီဟုပင် သူ ထင်လိုက်မိလေသည်။
"အဖေ... ရောက်နေတာလား..."
ယွင်ဟွားသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်၏။
"အဖေ... သမီးကို နည်းနည်းလောက် ထပ်အိပ်ခွင့်ပြုပါဦး... မဟုတ်ရင်လည်း တော်ဝင်ညီလာခံကို သမီးကို ပွေ့ချီသွားပေး..."
“တစ်ညလုံး အလုပ်လုပ်ထားရလို့ သမီး အရမ်း ပင်ပန်းနေပြီ…”
ယွင်ရှောင်ထျန်းသည် ရယ်မောလိုက်ပြီး သူမကို သန့်ရှင်းရေးလုပ်ပေးရန် တစ်စုံတစ်ယောက်အား လက်ဝှေ့ယမ်းခေါ်ရန် ပြင်လိုက်စဉ် ပွဲကြည့်နေခဲ့သော ယွင်ဝေက ချက်ချင်းပင် ခုန်ထွက်လာလေသည်။
"အဖေ... သမီး ကူညီပေးပါ့မယ်... ညီမလေးကို အဝတ်အစား လဲပေးမယ်လေ... ပြီးတော့ ခုလို အေးတဲ့နေ့မျိုးမှာ ရေခဲရေသုံးပြီး သူမကို နှိုးပေးမယ်... ချက်ချင်းကို လန်းဆန်းသွားစေရမယ်..."
ယွင်ဝေ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်နှင့် ယွင်ဟွားခမျာ အိပ်ရာပေါ်မှ ချက်ချင်း လိမ့်ကျသွားလေတော့သည်။
သူမ၏ တတိယအစ်မက တကယ့်ကို ရက်စက်လွန်းလှသည်။
အရေးအကြီးဆုံးမှာ သူမ၏ တတိယအစ်မသည် ပါးစပ်ကပြောရုံသာမကဘဲ လက်တွေ့လုပ်ဆောင်နိုင်စွမ်းမှာလည်း အလွန် ထူးချွန်လှပေသည်။
ယွင်ရှောင်ထျန်း၏ မျက်လုံးများက အရောင်လက်သွားလေသည်။
အံ့ဩစရာကောင်းစွာပင် ဤသမီးသုံးယောက်က ဤမိန်းကလေးကို ချက်ချင်း ထစေနိုင်ခဲ့သည်။
*ငါလည်း နည်းလမ်းတစ်ခု ရသွားပြီပဲ…*
တော်ဝင်ညီလာခံခန်းမထဲတွင်။
ယွင်ဟွားသည် နန်းတွင်းအမတ်များနှင့် စစ်သေနာပတိများကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
သူမသည် ခဏမျှ တုံ့ဆိုင်းသွား၏။
ထို့နောက် သူတို့ကို နောက်တစ်ကြိမ် ကြည့်လိုက်လေသည်။
“ရှောင်ရှူးရှူး... ငါ့ဆီက အနံ့ဆိုးတွေ ထွက်နေလို့လား... ဘာဖြစ်လို့ အရာရှိအများစုက ငါနဲ့ ခပ်ခွာခွာ နေနေကြတာလဲ..”
လူတိုင်း : မဟုတ်ပါဘူး... ငါတို့က နင့်ရဲ့ သက်တမ်းကို လွယ်လွယ်ကူကူ ဖျက်ပစ်နိုင်တဲ့ တရားသူကြီးစုတ်တံကို ကြောက်နေကြတာပါ…
ယွင်ဟွားသည် ခေါင်းငုံ့ကာ အနံ့ခံကြည့်လိုက်လေသည်။
“မနေ့ညက အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲမှာ အိပ်ခဲ့လို့ အလောင်းနံ့တွေ ကူးစက်လာတာများလား... အဲ့လို မဖြစ်သင့်ပါဘူး... ခုမနက်တင် ငါ ရေအကြိမ်ကြိမ် ချိုးခဲ့တာလေ…”
လူတိုင်းမှာ ကြက်သီးထသွားကြလေသည်။
*ဘုရားရေ…*
*အမတ်ငယ်ယွင်က တကယ့်ကို သူရဲကောင်းပါပဲလား…*
ချက်ချင်းပင် သူတို့၏ အကြည့်များမှာ ယွင်ရှောင်ထျန်းထံသို့ ရောက်ရှိသွားကြလေသည်။
ယွင်ရှောင်ထျန်းသည် ထိုက်ရှန်းတောင်ကြီး ပြိုကျလာလျှင်တောင်မှ တည်ငြိမ်အေးဆေးစွာ နေနိုင်သည့် စွမ်းရည်ကို တတ်မြောက်ထားသည်မှာ ကြာပြီဖြစ်သည်။
*ကြည့်ကြ... ကြည့်ချင်သလောက်သာ ကြည့်ကြပါ…*
*ငါက ဒီမိန်းကလေးကြောင့် အမြဲတမ်း စိုးရိမ်ပူပန်နေရတာက ပုံမှန်လိုတောင် ဖြစ်နေပြီ…*
“ဟွားဟွား... အဆင်ပြေပါတယ်... သူတို့က နင့်ကို အထင်သေးကြပေမယ့် ပေပေ့က နင့်အတွက် လက်စားချေပေးမယ်..”
တရားသူကြီး၏စုတ်တံ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အရာရှိအားလုံးသည် သူတို့၏ မူလနေရာများသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားကြလေသည်။
ယွင်ဟွားက မျက်လုံးများကို ကျဉ်းမြောင်းကာ သူတို့ကို ကြည့်ရှုလိုက်လေသည်။
“ရှောင်ရှူးရှူး... ရှောင်ပေပေ့... သူတို့ တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ နင်တို့ မထင်ဘူးလား... ထင်ရတာ..”
လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ပြဿနာရှာနေသော နန်းတွင်းအမတ်များနှင့် စစ်သေနာပတိများကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး လောလောဆယ် ဝင်ရောက်ဖြတ်ပြောလိုက်လေသည်။
"မနေ့ညက တရားရေးရုံးတော်က သူခိုးတွေကို ဖမ်းမိခဲ့တယ်လို့ ငါကိုယ်တော် ကြားလိုက်တယ်... မဆိုးပါဘူး... စွမ်းဆောင်ရည် အတော်လေး တိုးတက်လာတဲ့ပုံပဲ..."
*မနေ့ညက သူခိုးတဲ့လား..*
ယွင်ဟွား၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး သူမ၏ မျက်လုံးများမှာ ဘေးရှိ ချန်ကျဲဟန်ကို စောင်းငဲ့ကြည့်လိုက်လေသည်။
“ဟား... ဒီလူက ငါ့ရဲ့ နေရာကို လုယူဖို့ ကြိုးစားနေပြန်တာလား…”
“သူ လုပ်ရဲတယ်ပေါ့လေ…”
သေခြင်းရှင်ခြင်းစာအုပ်မှာ ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ ပျံထွက်လာလေသည်။
“အခု ငါတို့ဆီမှာ အစွမ်းထက်ဆုံး လက်နက်ဖြစ်တဲ့ တရားသူကြီးရဲ့စုတ်တံ ရှိနေပြီဆိုတော့ နင့်ကို ဘယ်သူပဲ ကြားဖြတ်လုယူရဲရဲ ရှူးရှူးက ပထမဆုံး ရင်ဆိုင်ပေးမယ်…”
“ပေပေ့ကို ဒုတိယမြောက် သွားခွင့်ပြုပါ..”
ချန်ကျဲဟန်က သူ၏ နဖူးမှ ချွေးအေးများကို သုတ်ဖယ်လိုက်လေသည်။
သူ မတရားခံရခြင်းပါတကား...။
"အရှင်မင်းကြီး... မနေ့ညက သူခိုးကို ဖမ်းမိခဲ့တာ အမတ်ငယ်ယွင်ပါ... တရားရေးရုံးတော်က ဒီကိစ္စအတွက် ဂုဏ်ယူဝင့်ကြွားဖို့ မဝံ့ရဲပါဘူး..."
သူက သက်တမ်းစေ့ နေချင်သေးပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူးလေ။
ယွင်ဟွားက နှာခေါင်းရှုံ့လိုက်လေသည်။
“သူ ဘာလုပ်ရမလဲဆိုတာ သိတတ်သားပဲ..”
ထို့နောက် တောက်ပနေသော မျက်လုံးတစ်စုံသည် ဧကရာဇ်ဝမ်ရွှမ်းကို စူးစိုက်ကြည့်နေလေတော့သည်။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။
“ရွှေလေး... ရွှေလေး... လှပတဲ့ ပန်းလေးကို ရွှေလေးတွေ မြန်မြန် ဆုချလိုက်စမ်းပါ..”
ဧကရာဇ်ဝမ်ရွှမ်းမှာ စကားမဆိုနိုင်ဖြစ်သွားလေသည်။
သူသည် လည်ချောင်းတစ်ချက် ရှင်းလိုက်၏။
"အမတ်ငယ်ယွင်က ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်တယ်... တရားရေးရုံးတော်အတွက် သူခိုးကို ဖမ်းပေးခဲ့ပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ကာကွယ်ပေးနိုင်ခဲ့တယ်... သူမကို ရွှေစင် ငါးရာ ဆုချီးမြှင့်တယ်... တရားရေးရုံးတော်က အမှုပေါင်းများစွာကို ဆက်တိုက်ဆိုသလို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်... တရားရေးဝန်ကြီးကို ရွှေစင်ငါးရာ ဒဏ်ရိုက်တယ်..."
*မင်းတို့အားလုံးက အသုံးမကျဘူး... မိန်းကလေးငယ်တစ်ယောက်ကတောင် သူခိုးဖမ်းနိုင်သေးတယ်…*
*သူမက ငါ့အိတ်ကပ်ထဲက ရွှေတွေကို အမြဲ မျက်စိကျနေတာ... မကြာခင်မှာ အကုန်လုံး ပြောင်သွားတော့မှာပဲ…*
ထို့အပြင် သူ မှတ်မိတာ မှန်တယ်ဆိုရင် ချန်ကျဲဟန်ရဲ့ ဇနီးဘက်က ဆွေမျိုးတွေက ကျန်းနန်ဒေသမှာ အချမ်းသာဆုံး ဖြစ်မှာ သေချာတယ်။
*သူတို့အိမ်တော်မှာ ငွေတွေ အလျှံပယ် ရှိတယ်လေ…*
ချန်ကျဲဟန်မှာ မျက်လုံးပြူးသွားလေသည်။
ဘာဖြစ်လို့ သူက နောက်ဆုံးမှာ နစ်နာရတဲ့သူ ဖြစ်သွားရတာလဲ...။
အခန်း (၁၂၀) လေဖမ်းဒန်းစီးစကားများ ပြောဆိုခြင်းနှင့် အမတ်ကျန်းအား ကျေးဇူးတင်ခြင်း
ယွင်ဟွားသည် ပြင်းထန်စွာ ထိခိုက်ခံစားနေရသော ချန်ကျဲဟန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ဖခင်အနီးသို့ တိတ်ဆိတ်စွာ တိုးကပ်သွားလေသည်။
ဤသည်မှာ သူမ၏ အပြစ်မဟုတ်ပေ။
ထိုသူခိုးနှစ်ယောက်က သူမနှင့် တိုက်ဆိုင်စွာ ဆုံတွေ့သွားခဲ့ခြင်းသာ ဖြစ်၏။
ဤသည်ကို အရင်ရိုက်သူ နိုင်ပြီး နောက်မှရိုက်သူ နစ်နာသည် ဟု ခေါ်ဆိုလေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေးကို ကြည့်ကာ အနည်းငယ် အားမလိုအားမရ ဖြစ်သွားပြီး သူမအပေါ် စိတ်ပျက်သွားလေသည်။
“ပန်းကလေး... နင့်ရဲ့ သတ္တိတွေ ဘယ်ရောက်သွားတာလဲ..”
“ရင်ကော့ပြီး ခေါင်းမော့ထားစမ်းပါ... ဒီဟာက ငါတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ရယူခဲ့တဲ့ ဆုလာဘ်ပဲ... အားနာနေစရာ မလိုပါဘူး... သူက ငါတို့လောက် မမြန်တာကိုပဲ အပြစ်တင်လိုက်…”
“ဒါ့အပြင် သူက အရင်တုန်းက နင့်ရဲ့ ငွေတွေကို နှစ်ကြိမ်တောင် ကြားဖြတ်လုယူခဲ့သေးတယ်... အဲ့နှစ်ကြိမ်မှာ ငါတို့ ရွှေတွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရလဲဆိုတာ စဉ်းစားကြည့်ပါဦး... အထူးသဖြင့် အဲ့သစ္စာဖောက်ဆီကလေ... အိမ်တော်ထဲမှာ ရွှေသေတ္တာရာပေါင်းများစွာ ရှိခဲ့တာ... မဟုတ်ရင် သူတို့အားလုံးက ငါတို့အပိုင် ဖြစ်နေလောက်ပြီ..”
သေခြင်းရှင်ခြင်းစာအုပ်ကသာ ထုတ်မပြောခဲ့လျှင် ယွင်ဟွားက ထိုကိစ္စကို မေ့လျော့နေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။
“နင် ပြောတာ မှန်တယ်... အခုကစပြီး ငါတို့က သူ့ရဲ့ အကျင့်ပျက်အရာရှိတွေကို အထူးပစ်မှတ်ထားကြမယ်... တရားရေးဝန်ကြီးက ဒုတိယအဆင့်အရာရှိလို့ ငါ ထင်တယ်... သူ့ရဲ့ ရာထူးကို အရင်ဆုံး ဖြုတ်ချပြီး ငါတို့ကိုယ်တိုင် ဒုတိယအဆင့်နေရာကို ယူကြရအောင်..”
“ဟုတ်တယ်..”
သေခြင်းရှင်ခြင်းစာအုပ်က ၎သူ၏ လက်သီးလေးကို ဆုပ်ထားလိုက်လေသည်။
“ပထမဆုံး ဒုတိယအဆင့်အရာရှိဖြစ်တဲ့ သူ့ကို ရှင်းပစ်လိုက်မယ်...ဒါဆိုရင် ဧကရာဇ်က သူ့ကို အသုံးမကျဘူးလို့ ထင်ပြီး နင့်ကို သူ့နေရာမှာ အစားထိုးလိမ့်မယ်... အဲ့နောက် ပထမအဆင့် ဝန်ကြီးချုပ်ဖြစ်တဲ့ နင့်အဖေကို ရှင်းပစ်လိုက်မယ်... ဒါမှ သူက ရာထူးကနေ ဆင်းပေးရပြီး နင်က ယွင်မိသားစုကို လွှမ်းမိုးနိုင်မှာ..”
ချန်ကျဲဟန်မှာ ငိုချင်စိတ်ပင် ပေါက်သွားလေသည်။
ယွင်ရှောင်ထျန်းသည် ရင်ထဲမှ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ကူညီပေးနိုင်စွမ်း မရှိသကဲ့သို့ ခံစားရင်း ချန်ကျဲဟန်၏ ပခုံးကို ပုတ်ပေးလိုက်လေသည်။
သူတို့သည် လှေတစ်စင်းတည်း စီးနေကြခြင်း ဖြစ်၏။ သူ၏ သမီးငယ်လေးက သူတို့ နှစ်ဦးစလုံး၏ နေရာများကို မျက်စိကျနေလေသည်။
လူအုပ်ကြီးထဲတွင် ပုန်းကွယ်နေပြီး သူ၏ ချစ်သူဟောင်းအကြောင်းကို တိတ်တဆိတ် တွေးတောနေသော ဒုတိယအဆင့် စစ်ဆေးရေးမှူး ကျန်းဝမ်ချန်မှာ သက်ပြင်းချနိုင်သွားလေသည်။ သူတို့က သူ့အကြောင်းကို မတွေးနေသရွေ့ သူတို့ ဘယ်သူ့အကြောင်းကို တွေးတွေး အရေးမကြီးပေ။
ဧကရာဇ်ဝမ်ရွှမ်းမှာ သူတို့၏ စကားများကြောင့် ရယ်မောလုနီးပါး ဖြစ်သွားခဲ့ပြီး ကံဆိုးလှသော ညီအစ်ကိုနှစ်ဦးကို သနားကြင်နာစွာဖြင့် လှမ်းကြည့်လိုက်လေသည်။
သို့သော် သူ၏ ပျော်ရွှင်မှုမှာ အချိန်တိုလေးသာ ခံလေသည်။ သေခြင်းရှင်ခြင်းစာအုပ်၏ တုန်လှုပ်ဖွယ် စကားများကြောင့် သူသည် နဂါးပလ္လင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။
“ပန်းကလေး... ငါတို့က နင့်အဖေရဲ့ နေရာမှာ ထိုင်ပြီးတာနဲ့ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေ လုပ်ကြမယ်... ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်နဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို လုယက်ဖို့ နည်းလမ်းတွေ ရှာကြမယ်... အဲ့နောက် သိုင်းလောကထဲ လှည့်လည်ပြီး တရားမျှတမှုကို ထိန်းသိမ်းကြမယ်... ဆင်းရဲသားတွေကို ကူညီဖို့ ချမ်းသာတဲ့သူတွေကို ဓားပြတိုက်ကြမယ်... နောက်ဆုံးမှာတော့ နယ်မြေကို စိုးမိုးကြမယ်... ဒီတုံလင်နိုင်ငံ... ဒီကမ္ဘာကြီးတစ်ခုလုံးက ငါတို့ အုပ်ချုပ်ဖို့ ဖြစ်လာလိမ့်မယ်..”
“ဟားဟားဟား..”
“ပထမဆုံး ယွင်အိမ်တော်ကို စိုးမိုးမယ်... အဲ့နောက် နန်းတော်ကို စိုးမိုးမယ်... ကမ္ဘာကြီးကို ပေါင်းစည်းမယ်…”
တရားသူကြီး၏စုတ်တံကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ခန်းမတစ်ခုလုံးသည် အကောင်ပေါက်လေး နှစ်ကောင်၏ ကူးစက်တတ်သော ရယ်မောသံများဖြင့် ပြည့်နှက်နေလေသည်။
လူတိုင်းမှာ စကားမဆိုနိုင်ဖြစ်သွားကြလေသည်။
ဤအချိန်တွင် ယွင်ရှောင်ထျန်းသည် ယွင်မိသားစုဝင် ရှစ်ဆယ့်ကိုးဦးနှင့် ချွေ့မိသားစုဝင် တစ်ရာ့ငါးဦးစလုံးကို ခေါင်းဖြတ်သတ်ရမည်လား သို့မဟုတ် သူတို့အားလုံးကို အဆိပ်ရည် တိုက်ရမည်လားဆိုသည်ကို စဉ်းစားနေမိလေသည်။
*ဟင်း... ဒါဟာကလည်း မမှန်သေးပါဘူး…*
အကယ်၍ တရားသူကြီး၏စုတ်တံသာ ရှိနေသေးလျှင် ဧကရာဇ်က သူတို့ကို စောင့်ရန် အရင်ဆုံး အောက်သို့ ဆင်းသွားရနိုင်လေသည်။
စိုးရိမ်စရာ မရှိပါဘူး... သူ၏ သမီးငယ်လေး ရှိနေမှတော့ သူက ဘာကို ကြောက်ရမှာလဲ။
ဧကရာဇ်ဝမ်ရွှမ်းသည် ရင်ဘတ်ကို ဖိထားလျက် အမောတကော အသက်ရှူနေလေသည်။
တုံလင်နိုင်ငံသည် နောက်ဆုံးတွင် သူမ၏အပိုင် ဖြစ်လာလိမ့်မည်ဟု သူ အမြဲတမ်း ပြောခဲ့ဖူးလေသည်။
ယွင်ဟွားသည် နားထောင်ရင်း နားထင်ကြောများ တဒိတ်ဒိတ် ခုန်လာလေသည်။ သူမသည် အဆင့်မြင့်အရာရှိတစ်ဦး၊ မင်းသမီးတစ်ပါး သို့မဟုတ် အနည်းဆုံးတော့ မြို့တော်တွင် ဒေသခံအာဏာရှင်တစ်ဦး ဖြစ်လာရန်သာ အိပ်မက်မက်ခဲ့ဖူးလေသည်။ ကမ္ဘာကြီးကို ပေါင်းစည်းရန် ဘယ်သောအခါမှ မရည်မှန်းခဲ့ဖူးပေ။
“ရှောင်ရှူးရှူး... နင် မျှော်လင့်နေတာတွေက ကြီးမားလွန်းပြီး မျိုချဖို့ ခက်ခဲလွန်းတယ်... အကျင့်ပျက်အရာရှိ ဖြစ်လာဖို့ကတော့ မေ့လိုက်ပါတော့... ငါက အချိန်တိုင်းအတွက် အပြစ်သားတစ်ယောက် မဖြစ်ချင်သလို လူတိုင်းရဲ့ ရွံရှာမှုကိုလည်း မခံချင်ဘူး..”
သေခြင်းရှင်ခြင်းစာအုပ်သည် တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ယွင်ဟွား၏ မျက်နှာလေးကို ဖက်ကာ ပြင်းပြင်းထန်ထန် နမ်းရှုံ့လိုက်လေသည်။
“ပန်းကလေး... ငါက ဒီအတိုင်း ပြောကြည့်တာပါ... ငါတို့က ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ ရှိနေတာဆိုတော့ အဲ့နာကြည်းချက်တွေကို စုပုံလာခွင့်ပေးပြီး ငါတို့ရဲ့ တာအိုနှလုံးသားတွေကို ဖျက်ဆီးမခံနိုင်ဘူးလေ…”
ဧကရာဇ်ဝမ်ရွှမ်းမှာ စကားမဆိုနိုင်ဖြစ်သွားလေသည်။
သူသည် သူ၏ နဖူးမှ ချွေးအေးများကို သုတ်ဖယ်လိုက်၏။ ဤနေ့သည် သူ့ကို အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်နေစေသော နေ့တစ်နေ့ ဖြစ်လေသည်။
သူသည် ချောင်းဟန့်သလို ဟန်ဆောင်ကာ တော်ဝင်ညီလာခံကို ဆက်လက်ကျင်းပလိုက်ပြီး လူတိုင်းက တိုင်းရေးပြည်ရာများအပေါ် အာရုံစိုက်လိုက်ကြလေသည်။
ယွင်ဟွားသည် လက်ချောင်းများကို ပျင်းရိစွာ လှည့်ပတ်ဆော့ကစားနေပြီး တရားသူကြီး၏စုတ်တံမှာ သူမ၏ ပခုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကာ သေခြင်းရှင်ခြင်းစာအုပ်ကမူ ခန်းမတစ်ခုလုံး လှည့်လည်ပျံသန်းနေလေသည်။
ရုတ်တရက် ၎င်းသည် ၎င်း၏ စူးရှသော မျက်လုံးများဖြင့် တစ်စုံတစ်ယောက်ကို သတိပြုမိသွားလေသည်။
ထို့နောက် ၎င်းသည် ယွင်ဟွား၏ ခေါင်းပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ဆင်းသက်လာလေသည်။
“ပန်းကလေး... ဟေး... ဖရဲသီးစားချင်လား... ပြီးခဲ့တဲ့အကြိမ်က စစ်ဆေးရေးမှူးကို ဖြုတ်ချဖို့ ငါတို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတဲ့ အတင်းအဖျင်းတချို့ကို သိချင်လား..”
“စားမယ်..”
ကျန်းဝမ်ချန်က မျက်လုံးများ လန်သွားသော်လည်း လျင်မြန်စွာ တွေးတောတတ်သော ချွေ့ရှီယန်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။
"ခွေးကောင်... အခုချက်ချင်း လွှတ်ပေးစမ်း... မဟုတ်ရင် ငါ သတိလစ်သွားလိမ့်မယ်... ငါ သတိလစ်တော့မယ်..."
ချွေ့ရှီယန်က ကျယ်လောင်စွာ ပြုံးလိုက်ပြီး တီးတိုးပြောလိုက်လေသည်။
“အမတ်ကျန်း... သတိလစ်ချင်ယောင်ဆောင်လို့ အလုပ်မဖြစ်ဘူးနော်... ဒါက ဖရဲသီးအခွံခွာရုံလေးပါ... ဘာမှမဟုတ်ပါဘူး..."
ကျန်းဝမ်ချန်သည် သူ့အား တံတွေးနှင့် ထွေးပစ်ချင်စိတ်များ ပေါ်လာလေသည်။ ထိုမိန်းကလေးနှင့် ပတ်သက်နေသူတိုင်းမှာ အသည်းမည်းသော သူများသာ ဖြစ်ကြ၏။
"ငါက တော်ဝင်စစ်ဆေးရေးမှူးတစ်ယောက်ပဲ... ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ မင်းကို ပြင်းပြင်းထန်ထန် စွဲချက်တင်ပေးမယ်..."
ချွေ့ရှီယန်မှာ ဂရုမစိုက်ဘဲ ရယ်မောလိုက်လေသည်။
"ဝေဖန်ချင်ရင် ဝေဖန်လေ... ငါ့မှာ ကျောထောက်နောက်ခံပေးမယ့် ငါ့တူမလေး ရှိတယ်..."
ချွေ့ရှီယန်၏ အရှက်မရှိသော အပြုအမူကို မြင်သောအခါ ကျန်းဝမ်ချန်၏ မျက်ခွံများမှာ တဆတ်ဆတ် တုန်ရီသွားပြီးနောက် သူသည် ရိုးရိုးရှင်းရှင်းပင် မျက်လုံးများကို မှိတ်ကာ သူ့အပေါ်သို့ မှီချလိုက်လေတော့သည်။
ဤခွေးကောင်က သူ့ကို အမြဲတမ်း ထောက်ပံ့ပေးထားနိုင်မည်ဆိုသည်ကို သူ မယုံကြည်ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည် ဤဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာကာ ပြောလိုက်၏။
"ဟန်ဆောင်နေပြန်ပြီပေါ့လေ..."
"အစောင့်တွေ... တော်ဝင်စစ်ဆေးရေးမှူးကျန်း နေမကောင်းဖြစ်နေတယ်..."
သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဤကောက်ကျစ်ပြီး မကောင်းဆိုးဝါးဆန်သော အလေ့အကျင့်ကို တိုက်ရိုက်ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်လေသည်။
ကျန်းဝမ်ချန်မှာ သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူ၏ တူတော်မောင်က အကောင်းဆုံးပင်။ သူ့ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိလေသည်။
*မြန်မြန်... မြန်မြန်... တစ်ယောက်ယောက် ဒီအဘိုးကြီးကို အဝေးကို သယ်သွားပေးကြစမ်း…*
"ကုလားထိုင်တစ်လုံး ယူလာခဲ့စမ်း... အခုကစပြီး တစ်ယောက်ယောက် နေမကောင်းဖြစ်နေရင် ဒါမှမဟုတ် အကြာကြီး မတ်တတ်ရပ်နေရရင် တော်ဝင်ညီလာခံမှာ ထိုင်ခွင့်ပြုမယ်..."
"အမတ်ချွေ့... နောက်ကျရင် တော်ဝင်စစ်ဆေးရေးမှူးကျန်းကို ကုလားထိုင်ပေါ် ထိုင်ဖို့ ကူညီပေးလိုက်ပါ..."
ဤစကားကို ကြားသောအခါ ကျန်းဝမ်ချန်မှာ အလွန်ဒေါသထွက်သွားသဖြင့် သွေးများ နင်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
သွားများကို တင်းတင်းကြိတ်ထားလုနီးပါး ဖြစ်နေသော အမတ်ကျန်းကို ကြည့်ကာ ချွေ့ရှီယန်က ပြန်လည်ဖြေကြားလိုက်လေသည်။
"ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်..."
သို့သော် ခဏအကြာတွင်မူ…
ကျန်းဝမ်ချန်က ရှေ့ဆုံးတန်းတွင် ထိုင်လျက် သူ၏ မုတ်ဆိတ်မွေးများ ထောင်နေပြီး မျက်လုံးများ ပြူးကျယ်ကာ ဧကရာဇ်ဝမ်ရွှမ်းကို စူးစိုက်ကြည့်နေလေသည်။
သူ၏ မျက်လုံးများထဲရှိ ထိုနာကြည်းနေသော အကြည့်များမှာ အကောင်အထည် ပေါ်လာလုနီးပါး ဖြစ်နေလေသည်။
ယွင်ဟွားမှာ သွားရည်ကျလာသည်အထိ အလွန်အားကျနေလေသည်။ သူမလည်း ထိုကဲ့သို့သော ဆက်ဆံမှုကို လိုချင်နေခဲ့၏။
သူမ၏ မျက်လုံးများမှာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး မည်သူမျှ သူမကို အာရုံမစိုက်နေသည်ကို အခွင့်ကောင်းယူကာ သူမ၏ ခေါင်းကို ဖခင်ဖြစ်သူထံသို့ လှည့်လိုက်လေသည်။ ထို့နောက် သူမ၏ သိုလှောင်နယ်မြေထဲမှ အသုံးမပြုရသေးသော ဂျုံမှုန့်ဖြူများကို ထုတ်ယူကာ မျက်နှာပေါ်တွင် ရူးသွပ်စွာ သုတ်လိမ်းလိုက်လေတော့သည်။
ယွင်ရှောင်ထျန်းသည် ခေါင်းငုံ့ကာ သူမကို စကားမဆိုနိုင်ဘဲ ကြည့်နေလေသည်။
"အဖေ... နည်းနည်းလောက် လိုချင်လား..."
ယွင်ဟွားသည် သူမ၏ ဖခင်ဖြစ်သူက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသွားပြီး ဂျုံမှုန့်များကို ကမ်းပေးလိုက်လေသည်။
*ငါတို့အားလုံးက မိသားစုဝင်တွေပဲဖြစ်ရာ နေမကောင်းချင်ယောင် ဆောင်ကြရအောင်…*
"သမီးဘာသာသမီးပဲ သုံးလိုက်ပါ..."
သူသည် တော်ဝင်ညီလာခံမှ မထွက်ခွာနိုင်လောက်အောင်အထိ ပြင်းထန်စွာ ဒဏ်ရာရထားခြင်း မရှိပေ။
ယွင်ဟွားသည် လိမ်းကျံပြင်ဆင်ပြီးနောက် သူမ၏ ခေါင်းကို ပွတ်သပ်ကာ ယိုင်နဲ့နဲ့ဖြင့် ထွက်လာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာ ပြုတ်ကျလုနီးပါး ယိမ်းယိုင်နေလေသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်မျိုးမ... မနေ့ညက သူခိုးတွေကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပါတယ်... ကျွန်တော်မျိုးမ လုံးဝ အားအင်ကုန်ခမ်းသွားတဲ့အထိ တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကာ တရားရေးရုံးတော်ကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်...အဲ့လုပ်ငန်းစဉ်မှာ ကျွန်တော်မျိုးမ ဒဏ်ရာတချို့တောင် ရခဲ့ပါသေးတယ်..."
"အမတ်ချန်က အဲ့အတွက် သက်သေခံပေးနိုင်ပါတယ်... သူ ကျွန်တော်မျိုးမကို တွေ့တဲ့အချိန်မှာ ကျွန်တော်မျိုးမရဲ့ မျက်နှာက သေသူတစ်ယောက်လို ဖြူလျော့နေပြီး သွေးတွေတောင် အန်နေခဲ့တာပါ... ကျွန်တော်မျိုးမက အဆိုးရွားဆုံး အခြေအနေမှာ ရှိနေခဲ့တာပါ..."
ချန်ကျဲဟန်သည် တခစ်ခစ် ရယ်မောလိုက်လေသည်။ သူ၏ မျက်နှာမှာ အမှန်တကယ်ပင် သေသူတစ်ယောက်ကဲ့သို့ ဖြူလျော့သွားပြီး သွေးများ အန်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သူ့ကို ငရဲပြည်ကို ပို့လုနီးပါး ဖြစ်သွားခဲ့တာလေ...။
"အဟွတ်... အဟွတ်..."
ယွင်ဟွားသည် ရင်ဘတ်ကို ဖိထားလျက် ပြင်းထန်စွာ ချောင်းဆိုးလိုက်လေသည်။
"ကျွန်တော်မျိုးမက ဒဏ်ရာရထားပေမယ့် တော်ဝင်ညီလာခံကို လာရောက်ဖို့ တင်းခံခဲ့တာပါ... အရှင်မင်းကြီးအပေါ် ကျွန်တော်မျိုးမ ဘယ်လောက်တောင် သစ္စာရှိလဲဆိုတာ စိတ်ကူးကြည့်လို့ ရနိုင်ပါတယ်..."
"အခု ကျွန်တော်မျိုးမက အားနည်းပြီး ဖြူလျော့နေပါပြီ... အရှင်မင်းကြီး... အရှင်မင်းကြီးနဲ့ တုံလင်နိုင်ငံကို ဆက်လက်အလုပ်အကျွေးပြုနိုင်ဖို့အတွက် ကျွန်တော်မျိုးမ လိုအပ်တာက ကုလားထိုင်တစ်လုံးတည်းပါ..."
"အရှင်မင်းကြီး..."
"တစ်ယောက်ယောက် ထိုင်ခုံတစ်လုံး ယူလာခဲ့စမ်း..."
ဧကရာဇ်ဝမ်ရွှမ်းသည် သူမ၏ ပါးစပ်ကို မပိတ်လိုက်ပါက သူမက သူ့အား လက်အောက်ငယ်သားများကို နားမလည်သော မိုက်မဲသည့် အုပ်ချုပ်သူတစ်ဦးအဖြစ် ပြောင်းလဲပစ်မည်ကို စိုးရိမ်သွားလေသည်။
ယွင်ဟွား၏ ဆန္ဒများ ပြည့်ဝသွားပြီး ယခုအခါ သူမသည် ကျေနပ်နေသော မျက်နှာအမူအရာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။
သူမ၏ နေရာမှာ အနည်းငယ် သိသာထင်ရှားနေသော်လည်း သူမ၏ ခြေထောက်များမှာ ယခုအခါ လွတ်လပ်သွားပြီ ဖြစ်၏။
အကယ်၍ သူမအား မယ်တော်ကြီးကဲ့သို့ သရေစာများနှင့် လက်ဖက်ရည်များ ပေးအပ်မည်ဆိုပါက သူမ ပို၍ပင် ကျေနပ်မိလိမ့်မည် ဖြစ်သည်။
ယွင်ဟွားသည် ခေါင်းကို လှည့်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမတ်ကျန်းကို ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်လေသည်။
*သူ့ကို ကျေးဇူးတင်ရမှာပဲ…*
*ငါလည်း ခုလိုမျိုး ဆက်ဆံမှုကို ခံစားခွင့် ရတာ သူ့ကြောင့်ကိုး…*