အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃) အဘိုးကြီးယွင် ဒဏ်ရာရသွားပြီး ယွင်ဟွား ထိန်းချုပ်မှု ကင်းမဲ့သွားခြင်း
တော်ဝင်ညီလာခံခန်းမထဲတွင် ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နန်းတွင်းအမတ်များ၊ စစ်သေနာပတိများနှင့် တိုင်းရေးပြည်ရာများကို ဆွေးနွေးနေဆဲ ဖြစ်လေ၏။
ထိုစဉ် အလွန်တရာ ထိတ်လန့်နေဟန်ရှိသော မိန်းမစိုးငယ်တစ်ဦး အပြေးအလွှား ဝင်ရောက်လာလေသည်။
"ဘယ်လောက်တောင် ရဲတင်းနေရတာလဲ... တော်ဝင်ညီလာခံခန်းမထဲကို ခုလိုမျိုး ဝင်ချလာရဲတယ်ပေါ့လေ..."
အထိန်းတော်ချောင်၏ မျက်နှာမှာ မနှစ်မြို့ဟန် ပေါ်လွင်နေ၏။ အထိန်းတော်ချုပ်တစ်ဦးအနေဖြင့် သူ၏ လက်အောက်ခံများ ဤမျှ ရိုင်းစိုင်းနေသည်ကို ခွင့်မပြုနိုင်ပေ။
ထိုမိန်းမစိုးငယ်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်ရီနေပြီး အလွန် ကြောက်ရွံ့နေသဖြင့် စကားကိုပင် ပီပီသသ မပြောနိုင်တော့ပေ။
"အရှင်မင်းကြီး... ရန်ပွဲကြီး ဖြစ်နေပါပြီ... ဝမ်ရှူစာသင်ဆောင်ထဲမှာ ရန်ပွဲကြီး ဖြစ်နေပါပြီ..."
"ဘာ..."
ဧကရာဇ်ဝမ်ရွှမ်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်လေသည်။
ယွင်ရှောင်ထျန်းက လျင်မြန်စွာ တုံ့ပြန်လိုက်၏။ ဝမ်ရှူစာသင်ဆောင်ထဲတွင် ရန်ဖြစ်ရဲသူဆိုလျှင် သူ၏ သမီးငယ်လေးမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
သူသည် သတင်းလာပို့သော မိန်းမစိုးငယ်ကို ဆွဲမတင်လိုက်ပြီး သူ၏ မျက်နှာမှာ အလွန် တင်းမာနေလေသည်။
"ဘယ်သူလဲ... ငါ့ရဲ့ သမီးငယ်လေးကို ဘယ်သူက ရိုက်ရဲတာလဲ..."
"မင်းသားဟွိုင်ရဲ့ ဆက်ခံသူမင်းသားပါ... မင်းသားဟွိုင်ရဲ့ ဆက်ခံသူ နန်ကုန်းကျောက်ပါ..."
"ကျွန်တော်မျိုး... ကျွန်တော်မျိုး သတင်းလာပို့တဲ့အချိန်မှာ သူတို့... သူတို့က ဓားတွေရော အုတ်ခဲတွေပါသုံးပြီး နှစ်ဖက်စလုံး စတင်တိုက်ခိုက်နေကြပါပြီ... တော်ဝင်ဆရာကြီးနင်းကိုလည်း အပြင်ကို ပစ်ပေါက်လိုက်ပုံရပြီး ကြက်ဖကြီးတစ်ကောင်ကလည်း တွေ့တဲ့သူတိုင်းကို လိုက်ဆိတ်နေပါတယ်..."
မိန်းမစိုးငယ်လေးမှာ ထိုမြင်ကွင်းကို တွေးမိပြီး ယခုတိုင် အဆက်မပြတ် တုန်ရီနေဆဲ ဖြစ်လေသည်။
"ကောင်းပြီလေ... သူက ငါ့ရဲ့ သမီးငယ်လေးကို အနိုင်ကျင့်ရဲတယ်ပေါ့... အခုချက်ချင်း သွားပြီး သူ့ကို သတ်ပစ်မယ်..."
ယွင်ရှောင်ထျန်းက ဟိန်းဟောက်လိုက်ပြီး မိန်းမစိုးကို လွှတ်ပေးလိုက်လေသည်။ သူသည် သူ၏ သမီးငယ်လေးအတွက် အကာအကွယ်ပေးရန် သွားတော့မည် ဖြစ်၏။
သူ၏ သမီးငယ်လေးမှာ အနည်းငယ် ဆိုးသွမ်းပြီး အားကိုးရခက်သော်လည်း သူကတော့ မိမိဘာသာ တိတ်တဆိတ်နေကာ တစ်ခါတရံ ညည်းတွားရုံသာ ပြုလုပ်လေ့ရှိသည်။
တစ်စုံတစ်ယောက်က လာရောက်မရန်စပါက သူမသည် မည်သည့်အခါမျှ ရန်စတင်ဖြစ်မည် မဟုတ်ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည် အပြေးအလွှား ထွက်သွားပြီဖြစ်သော ယွင်ရှောင်ထျန်းကို ကြည့်လိုက်ရာ သူ၏ မျက်စိရှေ့တွင် အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
"မြန်မြန်... တစ်ယောက်ယောက်သွားပြီး သူ့ကို တားကြစမ်း..."
ထိုကောင်စုတ်လေးသာ ပါသွားလျှင် ပြဿနာကို ပိုကြီးသွားစေမည်မှာ သေချာလှသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးကိုသာ တာဝန်ပေးပါ... အမတ်ယွင်ကို သေချာပေါက် တားဆီးပေးပါ့မယ်..."
ဤသို့ပြောပြီးသည်နှင့် မင်းသားစုသည် ဧကရာဇ်ဝမ်ရွှမ်း၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အနောက်မှ အနီးကပ် လိုက်ပါသွားလေတော့သည်။
ဧကရာဇ်ဝမ်ရွှမ်းမှာ စကားပင် မဆိုနိုင်တော့ပေ။
"ညီလာခံ ရပ်သိမ်းတယ်... ညီလာခံ ရပ်သိမ်းတယ်..."
သူက အော်ဟစ်လိုက်ပြီး ဝမ်ရှူစာသင်ဆောင်ဆီသို့ အလောတကြီး ပြေးသွားလေသည်။
လူအုပ်ကြီးထဲတွင် ရှိနေသော ချန်ကျဲဟန်က နောက်သို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားပြီး နန်းတွင်းအမတ်များနှင့် စစ်သေနာပတိများ တုံ့ဆိုင်းနေကြစဉ် ဧကရာဇ်ဝမ်ရွှမ်း၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားလေ၏။
အိမ်ရှေ့စံမင်းသားနှင့် ဒုတိယမင်းသားတို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် ရယ်မောပျော်ရွှင်နေမှုများကို မြင်တွေ့နေရလေသည်။
အခြားတစ်ဖက်တွင်မူ…
တော်ဝင်ဆရာကြီးနင်းမှာ တစ်စုံတစ်ယောက်၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်တွင် လဲကျကာ နာကျင်စွာ ညည်းတွားနေလေသည်။
ရှောင်ထောင်ဟွာသည် နန်ကုန်းကျောက်ကို ဝန်းရံထားသော အစောင့်များစွာကို တစ်ယောက်တည်း ရင်ဆိုင်နေလေသည်။ ခန်းမထဲရှိ မြင်ကွင်းမှာ ဓားသံများဖြင့် ဆူညံနေပြီး အခြားသူများမှာမူ ကြောက်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြလေသည်။
ထောင်ကျီသည် အစေခံတစ်ဦး၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆွဲထားပြီး အခြားတစ်ဦးကိုလည်း ခြေထောက်ဖြင့် နင်းထားလေသည်။
"ငါ့ရဲ့ သခင်မလေးကို အနိုင်ကျင့်ရဲတဲ့ နင်တို့တွေက တော်တော်လေး သတ္တိကောင်းနေပါလား..."
ညီလာခံတက်ရောက်နေခြင်း မရှိသရွေ့ ရှောင်ထောင်ဟွာနှင့် ထောင်ကျီတို့သည် သူမ၏ နောက်သို့ အမြဲလိုက်ပါနိုင်လေသည်။
ကြက်ဖကြီး ပန်းနီလေးသည်လည်း သူ၏ ဝိုင်းစက်နေသော မျက်လုံးငယ်လေးများဖြင့် စူးရဲစွာ ကြည့်လိုက်ပြီး အတောင်ပံများကို ဖြန့်ကာ ယွင်ဟွားနှင့် အခြားသူများအနီးသို့ ချဉ်းကပ်လာသူတိုင်းကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်လေတော့သည်။
တစ်ယောက် ရှေ့တိုးလာသည်နှင့် တစ်ယောက်ကို ဆိတ်လေသည်။
သူတို့သည် ဤနေရာ၏ အစောင့်အရှောက်များကဲ့သို့ပင် ဖြစ်နေကြ၏။
ယွင်ဟွားနှင့် နန်ကုန်းကျောက်တို့ စတင်တိုက်ခိုက်ကြရာ တစ်ဦးက အင်အားကို အားထားပြီး အခြားတစ်ဦးက ကျွမ်းကျင်မှုကို အားထားကာ အရာအားလုံး ဖရိုဖရဲဖြစ်သွားသည်အထိ တိုက်ပွဲက ဆက်လက် ပြင်းထန်နေလေသည်။
"ကလေးဆိုးမ... ဒီနေ့မှာ မင်းသေရင်သေ မသေရင် ငါသေပဲ..."
နန်ကုန်းကျောက်က သွေးလွှမ်းနေသော မျက်လုံးများဖြင့် ယွင်ဟွားကို စူးစိုက်ကြည့်နေ၏။ သူမက သူ၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရှောင်တိမ်းနိုင်ခဲ့သဖြင့် သူမ ဤမျှ အင်အားကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ငါက နင့်ကို ကြောက်မယ်များ ထင်နေတာလား..."
ယွင်ဟွား၏ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲသည် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ ခေါင်းဆီသို့ ထုချလိုက်လေသည်။ ရှောင်ပေပေ့အား သူ့ကို ပြန်လည်ခေါ်ဆောင်လာစေခြင်း မပြုမီ သူ့ကို တစ်ကြိမ်ခန့် သတ်ပစ်ရန် ရည်ရွယ်ထား၏။
နန်ကုန်းကျောက်သည် ယွင်ဟွား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခေါင်းကို လှည့်လိုက်ပြီးနောက် ယွင်ဟွား၏ မျက်လုံးများဆီသို့ သူ၏ လက်ကို ချိန်ရွယ်လိုက်လေသည်။
“ပန်းကလေး... သတိထား... သူက နင့်ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိမ့်မယ်…”
သေခြင်းရှင်ခြင်းစာအုပ်က ဒေါသတကြီးဖြင့် ပေါက်ကွဲသွားလေသည်။
“စုတ်တံလေး... အခုချက်ချင်းပဲ သူ့ရဲ့ သက်တမ်းကို ခြစ်ပစ်လိုက်စမ်း..”
ထိုသို့ပြောပြီးနောက် ၎င်းသည် ယွင်ဟွား၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ သူ၏ မူလပုံစံကို ဆင့်ခေါ်လိုက်ပြီး နန်ကုန်းကျောက်၏ ကံကြမ္မာစာမျက်နှာဆီသို့ လှန်လိုက်လေသည်။
“ကြည့်နေလိုက်စမ်းပါ…”
တရားသူကြီး၏စုတ်တံက တချွင်ချွင်မြည်သံကို ကျယ်လောင်စွာ ထုတ်လွှတ်လိုက်ပြီး သူ၏ စုတ်တံကို ကောက်ကိုင်ရန် ပြင်ဆင်လိုက်စဉ် ယွင်ရှောင်ထျန်း အချိန်ကိုက် ရောက်ရှိလာလေသည်။
"မင်း လုပ်ရဲတယ်ပေါ့လေ..."
ကျိန်စာသင့်မည့် ထိုကောင်က သမီးငယ်လေး၏ မျက်လုံးများကို တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲသွားပြီး နန်ကုန်းကျောက်ကို ကန်ထုတ်လိုက်ရာ မြေပြင်ပေါ်သို့ လွင့်စင်သွားလေတော့သည်။
တုန်ရီနေသော လက်များဖြင့် ယွင်ရှောင်ထျန်းသည် ယွင်ဟွားကို သူ၏ ရှေ့သို့ ဆွဲယူလိုက်ပြီး အနီးကပ် စစ်ဆေးကြည့်ရှုလေသည်။
သူသည် အလွန်နီးကပ်စွာ ရှိနေခဲ့သော်လည်း သူ၏ သမီးငယ်လေး၏ အသက်အန္တရာယ်မှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ဆံပင်များ အနည်းငယ် ရှုပ်ပွနေခြင်း၊ မျက်နှာပေါ်တွင် ချွေးစေးလေးများ ရှိနေခြင်းနှင့် အရာရှိဝတ်စုံ အနည်းငယ် လျော့ရဲနေခြင်းမှလွဲ၍ အခြား ထိခိုက်မှု မရှိခဲ့ပေ။
ရှုပ်ပွနေသော်လည်း သူမက အကောင်းပကတိ ရှိနေသေး၏။
ဤအချိန်တွင် ယွင်ရှောင်ထျန်းမှာ စိုးရိမ်ပူပန်မှုများ လွှမ်းမိုးနေသဖြင့် ယွင်ဟွားအား နတ်ဘုရားလက်နက်တစ်ခုက ကာကွယ်ပေးထားသည်ဆိုခြင်းကို လုံးဝ မေ့လျော့နေခဲ့လေသည်။
"သမီးလေး... မကြောက်နဲ့... အဖေ ဒီမှာ ရှိနေမှတော့ ဘယ်သူမှ သမီးကို အနိုင်မကျင့်ရဲပါဘူး..."
ယွင်ရှောင်ထျန်းက ယွင်ဟွား၏ ကျောကို နှစ်သိမ့်စွာ ပုတ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် တင်းကျပ်နေသော သူ၏ ရင်ထဲမှ အလုံးကြီးမှာ ချက်ချင်း ပြုတ်ကျသွားလေသည်။
"အဖေ... သမီး အဆင်ပြေပါတယ်..."
ယွင်ဟွား စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သေခြင်းရှင်ခြင်းစာအုပ်က အကြောက်လွန်ကာ အော်ဟစ်လိုက်လေသည်။
“ပန်းကလေး... နင့်အဖေ အန္တရာယ်ရှိတယ်..”
မျက်တောင်တစ်ခတ်အတွင်း ယွင်ဟွား ခေါင်းလှည့်ကြည့်လိုက်ရာ နန်ကုန်းကျောက်သည် တစ်နေရာရာမှ တုတ်တစ်ချောင်းကို ရှာတွေ့လာပြီး အမုန်းတရားများ အပြည့်ပါသော မျက်နှာဖြင့် ယွင်ရှောင်ထျန်း၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။
"အဖေ့..."
ယွင်ဟွားက စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ခေါင်းကို ရှောင်ရှားနိုင်ရန် ဖခင်ဖြစ်သူအား လျင်မြန်စွာ တွန်းဖယ်လိုက်သော်လည်း နန်ကုန်းကျောက်၏ လက်ထဲရှိ တုတ်မှာ ယွင်ရှောင်ထျန်း၏ လက်မောင်းကို ပြင်းထန်စွာ ထိမှန်သွားလေသည်။
"ဂျွတ်" ဟူသော အသံနှင့်အတူ တုတ်မှာ နှစ်ပိုင်းကျိုးသွားပြီး တစ်ချိန်တည်းမှာပင် အရိုးများ ကျိုးကြေသွားသည့် အသံကို ကြားလိုက်ရလေသည်။
ယွင်ရှောင်ထျန်းမှာ အလွန်နာကျင်နေသဖြင့် တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေလေသည်။ သူ၏ ဘယ်ဘက်လက်မှာ ဘေးသို့ တွဲကျသွားပြီး နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားသဖြင့် အသံတစ်ချက်မျှ ထွက်မလာခဲ့ပေ။
ခန့်မှန်းနေစရာပင် မလိုတော့ပေ။ ယွင်ရှောင်ထျန်း၏ လက်မှာ အသုံးမဝင်တော့ပေ။
သူမဖခင် ဒဏ်ရာရသွားသည်ကို မြင်တွေ့လိုက်ရခြင်းက ယွင်ဟွားအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေခဲ့သည်။
"နင်က ငါ့အဖေကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ..."
ယွင်ဟွား၏ ရှင်းလင်းနေသော မျက်လုံးအစုံမှာ ရုတ်တရက် ထူးဆန်းသော အနီရောင်အလင်းတန်းများ တောက်ပလာပြီး သူမ၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ခပ်ရေးရေး ထွက်ပေါ်လာကာ အလွန်အေးစက်သော အငွေ့အသက်များကို သယ်ဆောင်လျက် နန်ကုန်းကျောက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။
လူတိုင်းမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားကြလေသည်။
အေးစက်နေ၏။
အရိုးထဲအထိ စိမ့်ဝင်သွားစေသော ထိုအေးစက်မှုပင် ဖြစ်၏။
ဝမ်ရှူစာသင်ဆောင်တစ်ခုလုံးမှာ ယင်စွမ်းအင်များ ဖုံးလွှမ်းသွားပြီး အလွန်တရာ ခြောက်ခြားဖွယ် ကောင်းနေကာ ၎င်းကို ခံနိုင်ရည်မရှိသူတိုင်းလောက်နီးပါး သတိလစ်သွားကြလေသည်။
နန်ကုန်းကျောက်မှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီး သူ၏ လက်များ တုန်ရီလာကာ ကျန်ရှိနေသော တုတ်တစ်ဝက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"မင်း... မင်းက... လူလား သရဲလား..."
ယွင်ဟွား၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေ၏။ သူမ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ယင်စွမ်းအင်များသည် နန်ကုန်းကျောက်၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားပြီး သူမ၏ ရှေ့သို့ ဆွဲယူလိုက်လေသည်။ သူမသည် သူ၏ လည်ပင်းကို လက်သေးသေးလေးဖြင့် ဆုပ်ကိုင်ထားပြီး အေးစက်နေသော အနီရောင် မျက်လုံးများဖြင့် သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
သူမ၏ နီရဲနေသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး မည်သည့် နွေးထွေးမှုမျှ မရှိဘဲ ပြောလိုက်၏။
"ငါက ငရဲပြည်ရဲ့ နတ်ဘုရားပဲ… နင့်ရဲ့ အသက်ကို ငါ နှုတ်ယူမယ်..."
ထိုစကားများ ထွက်ပေါ်လာခဲ့လေသည်။
နန်ကုန်းကျောက်ခမျာ ကြောက်လန့်တကြား မျက်လုံးပြူးကြည့်နေပြီး လေထဲတွင် သူ၏ ခြေထောက်များကို ရမ်းကားစွာ ကန်ကျောက်နေလေသည်။
*ငရဲပြည်က နတ်ဘုရား ဟုတ်လား…*
*သူမက ငါ့အသက်ကို နှုတ်ယူတော့မှာပဲ…*
ထိုအခိုက်အတန့်တွင် သူသည် သေမင်းနှင့် အလွန်နီးကပ်နေသည်ဟု ခံစားလိုက်ရပြီး သူ၏ ခွန်အားများအားလုံးကို သူမက ဖမ်းဆီးချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေ၏။
သူ ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။
နန်ကုန်းကျောက်၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေပြီး နှပ်ရည်များနှင့် မျက်ရည်များမှာ နေရာအနှံ့ လွင့်စဉ်နေလေသည်။
"ငါ မှားသွားပါတယ်... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ... သဘောထားကြီးကြီးထားပြီး ငါ့ကို လွှတ်ပေးပါ..."
ယွင်ဟွား၏ အေးစက်နေသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားသည်။
"နောက်ကျသွားပြီ..."
ထို့နောက် သူမ၏ လက်ထဲရှိ ဖိအားကို တဖြည်းဖြည်း တိုးမြှင့်လိုက်ပြီး အနက်ရောင် စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရူးသွပ်စွာ လှည့်ပတ်နေကာ သူမ၏ နီရဲနေသော မျက်လုံးတစ်စုံကိုသာ မြင်တွေ့နိုင်တော့ပြီး သူမ၏ အသံမှာ နှစ်တစ်ထောင် ရေခဲတမျှ အေးစက်နေလေသည်။
"နင်က သေသင့်တဲ့ကောင်ပဲ..."
အသက်ရှူကြပ်စေသော ဖိအားကြောင့် နန်ကုန်းကျောက်မှာ အဆက်မပြတ် ရုန်းကန်နေရပြီး ယွင်ဟွားထံမှ ထွက်ပေါ်လာသော ယင်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာကာ သူ၏ ဝိညာဉ်ကို ဆွဲဖြဲနေသည်။
နီးကပ်လာသော သေမင်းကို ကြောက်ရွံ့မှုကြောင့် သူက အကူအညီတောင်းခံရန် အော်ဟစ်လိုက်လေသည်။
"ကယ်... ကယ်ကြပါဦး..."
သတင်းကြားသဖြင့် ရောက်ရှိလာကြသော ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏ အခြွေအရံများမှာ သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
ဤသည်မှာ ယွင်ဟွား ထိန်းချုပ်မှု ကင်းမဲ့နေသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပြီး သူမသည် ငရဲပြည်မှ တရားသူကြီးတစ်ဦးကဲ့သို့ ဖြစ်နေကာ သူမ၏ အစွမ်းထက်လှသော အရှိန်အဝါက သူတို့ကို အသက်ရှူရ ခက်ခဲစေသည်။
သူတို့သည် ခြေတစ်လှမ်းမျှပင် မရွှေ့နိုင်ကြတော့ပေ။
“ပန်းကလေး... ပန်းကလေး... ကျေးဇူးပြုပြီး ယင်စွမ်းအင်ကို အတင်းအကျပ် အသုံးမပြုပါနဲ့... အဲ့တာက နင့်ရဲ့ မူလပုံစံကို ထိခိုက်စေလိမ့်မယ်..”
သေခြင်းရှင်ခြင်းစာအုပ်မှာ စိုးရိမ်ပူပန်မှုကြောင့် ချွေးများ ပြန်နေလေသည်။ ပန်းကလေးသည် ကျင့်ကြံခြင်းကိုပင် မစတင်ရသေးဘဲ အကယ်၍ ယခု သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများကို ရူးသွပ်စွာ စုစည်းလိုက်မည်ဆိုလျှင် သူမ၏ အခြေခံအုတ်မြစ်ကို တိုက်ရိုက် ထိခိုက်စေမည်ဖြစ်ပြီး သူမကို ဆက်လက်၍ ကျင့်ကြံရန် မဖြစ်နိုင်တော့အောင် လုပ်ဆောင်သကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်၏။
“ပန်းကလေး... စုတ်တံလေးကို အခုချက်ချင်း သူ့ရဲ့ ကံကြမ္မာကို ခြစ်ထုတ်ခိုင်းလိုက်မယ်... အခုချက်ချင်းပဲ... သတိထားစမ်းပါ..”
“ပန်းကလေး... ပန်းကလေး... ရှောင်ပေပေ့ ကြောက်နေပြီ..”
တရားသူကြီး၏စုတ်တံက မျက်ရည်များကို သုတ်ဖယ်လိုက်ပြီး ယွင်ဟွား၏ ပါးပြင်ကို ဖက်ကာ အဆက်မပြတ် ငိုကြွေးနေလေသည်။
ထောင့်တစ်နေရာတွင် ပုစဉ်းကုပ်နေပြီး သတိလစ်မသွားစေရန် တောင့်ခံထားခဲ့သော တော်ဝင်ဆရာကြီးနင်းမှာ ဧကရာဇ်ဝမ်ရွှမ်းကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် မြေပြင်ပေါ်သို့ အပြီးတိုင် လဲကျသွားလေတော့သည်။
သတိမလစ်သွားမီ အချိန်လေးတွင် သူက ငရဲပြည်ကို လူ့ပြည်တွင် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားလိုက်ရခြင်းပင် ဖြစ်တော့သည်။
အခန်း (၁၁၄) တရားသူကြီး၏စုတ်တံက မှတ်ဉာဏ်များကို ဖယ်ရှားလိုက်ခြင်း
ဤအချိန်တွင် သေခြင်းရှင်ခြင်းစာအုပ်သည်လည်း ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏အခြွေအရံများ ပင်မတံခါးပေါက်တွင် ရပ်နေကြသည်ကို သတိပြုမိသွားလေ၏။ သူတို့၏ မျက်နှာများမှာ ဖြူလျော့နေခြင်း၊ ကြောက်လန့်နေခြင်း သို့မဟုတ် သတိလစ်နေခြင်းများပင် ဖြစ်နေကြသည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ပန်းကလေး၏ မူလအစစ်အမှန်မှာ လုံးဝ ပေါ်လွင်သွားခဲ့ပြီ ဖြစ်၏။
သူတို့က ပန်းကလေးကို နတ်ဆိုး သို့မဟုတ် မိစ္ဆာတစ်ကောင်ဟု ထင်မြင်ပြီး မီးရှို့ပစ်ကြမည်လား။
“အား…”
သေခြင်းရှင်ခြင်းစာအုပ်မှာ အလွန်စိုးရိမ်ပူပန်နေသဖြင့် ခေါင်းများကိုကုတ်ကာ ပါးများကိုဆွဲဆိတ်နေပြီး ၎င်း၏မျက်လုံးများမှာ သွေးများဖြင့် နီရဲနေကာ လုံးဝ အသုံးမကျသော မိမိကိုယ်ကိုယ် အလွန်မုန်းတီးနေလေသည်။
“ပန်းကလေး... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့... ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေနဲ့..”
သူသည် ယခုအခါ နန်ကုန်းကျောက်ကို သေလောက်အောင် မုန်းတီးနေ၏။ အကယ်၍ သူကသာ ရှောင်ဟွားဟွား၏ ဖခင်ကို မထိခိုက်စေခဲ့လျှင် သူမသည် ဤသို့ စိတ်လွတ်သွားမည် မဟုတ်ပေ။
နာကျင်စွာ ခံစားနေရသော နန်ကုန်းကျောက်ကို ကြည့်ရင်း သေခြင်းရှင်ခြင်းစာအုပ်သည် ငိုကြွေးကာ သူ့အား ကျိန်ဆဲလိုက်သည်။
“အကယ်၍ ပန်းကလေးရဲ့ မူလပုံစံသာ ထိခိုက်သွားခဲ့ရင် နင့်ရဲ့ ဘိုးဘေးဆယ့်ရှစ်ဆက်ရဲ့ အရိုးတွေကို တူးဖော်ပြီး ဆီပူထဲ ကြော်ပစ်မယ်..”
ဧကရာဇ်ဝမ်ရွှမ်း၊ မင်းသားစုနှင့် အိမ်ရှေ့စံတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
*ကောင်းကင်ကြီးရေ…*
အရာအားလုံးက ဘယ်လိုလုပ်ပြီး ဤအခြေအနေအထိ ရောက်လာရသနည်း။
ထောင်ကျီက သူမ၏ မျက်ရည်များကို အောင့်အည်းထားလျက် ဧကရာဇ်ဝမ်ရွှမ်းထံသို့ ရိုသေစွာ ချဉ်းကပ်သွားပြီး ဖြစ်စဉ်တစ်ခုလုံးကို စကားတစ်ခွန်းမကျန် ပြန်လည်ပြောပြသည်။
လူတိုင်းသည် မျက်နှာမှာ သေသူတစ်ဦးကဲ့သို့ ဖြူလျော့နေသော ယွင်ရှောင်ထျန်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။
အကယ်၍ သူတို့သာဆိုလျှင် ဤထက်ပင် ပို၍ ရူးသွပ်သွားနိုင်သည်။
ဧကရာဇ်ဝမ်ရွှမ်းက နန်ကုန်းကျောက်ကို ကြည့်ကာ သူ့အား ကိုက်သတ်ပစ်ချင်စိတ်များ ပေါ်လာလေသည်။
သေခြင်းရှင်ခြင်းစာအုပ်၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို ယွင်ရှောင်ထျန်းက သဘာဝကျစွာပင် နားလည်ထားသည်။ အကယ်၍ သမီးငယ်လေးက ယင်စွမ်းအင်ကို ဆက်လက်အသုံးပြုနေမည်ဆိုလျှင် သူမက ထိခိုက်ဒဏ်ရာရသွားမည်ဖြစ်ပြီး သူမ၏ မူလခန္ဓာကိုယ်ဟု ဆိုသော အရာမှာလည်း ပျက်စီးသွားလိမ့်မည် ဖြစ်၏။
သူသည် သူ၏ လက်မောင်းမှ နာကျင်မှုကို အံကြိတ်ခံကာ ယွင်ဟွား၏ အနီးသို့ ယိုင်နဲ့နဲ့ လျှောက်သွားလိုက်သည်။
သူ့သမီးငယ်လေး ဤသို့ ဖြစ်သွားရခြင်းမှာ သူ့ကြောင့်သာ ဖြစ်သည်။
သားသမီးများကို ကာကွယ်လိုသော ဤသဘာဝမှာ သူနှင့် တစ်ပုံစံတည်းပင် ဖြစ်၏။
သို့သော်လည်း သူ၏ သမီးငယ်လေးကို သူ့ကြောင့် ထိခိုက်ဒဏ်ရာရသွားမည်ကို သူ မလိုလားခဲ့ပေ။
"ဟွားအာ..."
ယွင်ရှောင်ထျန်းသည် အေးစက်နေသော အငွေ့အသက်များကို အံကြိတ်ခံကာ သူ၏ အခြားလက်တစ်ဖက်ကို အသုံးပြု၍ နန်ကုန်းကျောက်ကို ဆုပ်ကိုင်ထားသော သမီးငယ်လေး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
၎င်းမှာ ရေခဲတမျှ အေးစက်နေပြီး အရိုးထဲအထိ စိမ့်ဝင်သွားစေကာ မည်သည့် နွေးထွေးမှုမျှ လုံးဝမရှိပေ။
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့ နှစ်ခုစလုံး တိတ်ဆိတ်သွားကြ၏။ သူတို့သည် ပန်းကလေးကို နိုးထလာအောင် မလုပ်နိုင်သဖြင့် အဘိုးကြီးယွင်အပေါ်၌သာ သူတို့၏ မျှော်လင့်ချက်များကို ပုံထားနိုင်တော့သည်။
ယွင်ဟွားသည် သူမ၏ ဘေးနားမှ ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ ဖယ်ရှားပစ်ရန် ပြင်ဆင်နေသော သူမ၏ လက်မှာ လေထဲတွင် ရပ်တန့်သွား၏။ သူမသည် ဝိညာဉ်ကင်းမဲ့နေသူတစ်ဦးကဲ့သို့ ယွင်ရှောင်ထျန်းကို သွေးရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
ထိတွေ့မှုမှ ရရှိသော ပြင်းထန်သည့် အပူရှိန်ကြောင့် သူမ အနည်းငယ် တုံ့ဆိုင်းသွားစေပြီး သူမ၏ ဆုပ်ကိုင်ထားမှုကို တဖြည်းဖြည်း လျှော့ချလိုက်သည်။
နန်ကုန်းကျောက်မှာ အလွန်ကြောက်လန့်နေသဖြင့် ဘောင်းဘီထဲတွင် သေးပန်းချမိသွားပြီး သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ အသံတစ်ချက်မျှပင် မထွက်ရဲတော့ပေ။
သူ၏ သမီးငယ်လေးမှာ အနည်းငယ် တုံ့ပြန်မှုရှိလာသည်ကို မြင်သောအခါ ယွင်ရှောင်ထျန်းသည် ဆို့နင့်သွားပြီး ညင်သာစွာ ခေါ်လိုက်မိသည်။
"ဟွားဟွားလေး... အဖေက သမီး အချစ်ဆုံး အဖေလေ... သမီးနဲ့အတူ ဆော့ကစားပေးပြီး ရန်ဖြစ်ပေးတဲ့ အဘိုးကြီးယွင်လေ..."
"သမီးက သိုင်းလောကထဲ လှည့်လည်ချင်တယ်ဆို… ဒါဆို အဖေက မနက်ဖြန်ကျရင် အရာရှိရာထူးကနေ နှုတ်ထွက်ပြီး အဖေတို့ မိသားစု အတူတူ ခရီးထွက်ကြမယ်လေ... တောင်တန်းတွေ မြစ်တွေကို စူးစမ်းလေ့လာကြမယ်... လောကကြီးပေါ်က လှပတဲ့ မြင်ကွင်းတွေအားလုံးကို ကြည့်ရှုကြမယ်... ပြီးတော့ လောကကြီးပေါ်က အရသာရှိတဲ့ အစားအစာတွေအားလုံးကို မြည်းစမ်းကြမယ်လေ... ကောင်းလား..."
"ဒါ့အပြင် သမီးက ရွှေလေးကို သဘောကျတယ်ဆိုတော့ အဖေက သမီးအတွက် ဧကရာဇ်ရဲ့ ဘဏ္ဍာတိုက်နဲ့ သူ့ကိုယ်ပိုင်ဘဏ္ဍာတိုက်ကိုပါ လုယက်ပေးမယ်လေ... အဖေတို့ သားအဖနှစ်ယောက်က သူတို့ဆီက အရာအားလုံးကို ယူပစ်လိုက်ကြမယ်... ရွှေရောင်နဂါးပလ္လင် အပါအဝင်ပေါ့..."
"သမီး ဘာပဲလုပ်ချင်လုပ်ချင် အဖေက သမီးနဲ့အတူတူ လုပ်ပေးမယ်လေ... သမီးက လောကကြီးကို စိုးမိုးချင်တယ်ဆိုရင် အဖေက သမီးအတွက် နယ်မြေတွေကို သိမ်းပိုက်ပေးမယ်..."
"သမီးက ဒီထီးနန်းကို သိမ်းပိုက်ချင်တယ်ဆိုရင်တောင်မှ အဖေက မနက်ဖြန်ကျရင် ပုန်ကန်ပေးမယ်..."
ဧကရာဇ်ဝမ်ရွှမ်းမှာ စကားပင် မဆိုနိုင်တော့ပေ။
ယွင်ရှောင်ထျန်းသည် သူ၏ ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်ပြီးနောက် သမီးငယ်လေး၏ ခေါင်းကို သူ၏ ရင်ခွင်ထဲသို့ နီးကပ်လာစေရန် လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူမ ငယ်စဉ်ကကဲ့သို့ပင် သူမ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
"သမီးက ပုံပြင်တွေ နားထောင်ရတာကို သဘောကျတယ်ဆိုတာ အဖေ မှတ်မိသေးတယ်လေ... အထူးသဖြင့် အိမ်နီးချင်း ဇနီးငယ်လေးက သူမရဲ့ ခင်ပွန်းကို ဖောက်ပြန်တဲ့အကြောင်းတွေ... ယောက္ခမနဲ့ ချွေးမ ရန်ဖြစ်တဲ့အကြောင်းတွေနဲ့..."
ယွင်ရှောင်ထျန်းမှာ အဆက်မပြတ် စကားတွေ ဆက်ပြောနေပြီး ယွင်ဟွားက သူမဖခင်၏ ရင်ခွင်ထဲမှ ထွက်ပေါ်လာသော ပြင်းထန်သည့် နှလုံးခုန်သံကို ခံစားနေရသည်။ သူမ၏ နဖူးပေါ်ရှိ အမှတ်အသားများမှာ အနည်းငယ် တဖျပ်ဖျပ် လင်းလက်သွားပြီး နီရဲနေသော သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။
သူမ၏ ပတ်ဝန်းကျင်ရှိ အေးစက်နေသော အနက်ရောင် အငွေ့အသက်များမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညင်းစွာ ပြန်လည်ဝင်ရောက်သွားပြီး ရေခဲတမျှ အေးစက်နေသော သူမ၏ ခန္ဓာကိုယ်မှာလည်း နွေးထွေးမှုကို ပြန်လည်ရရှိလာသည်။
"အဖေ..."
ယွင်ဟွားက နန်ကုန်းကျောက်ကို ဆုပ်ကိုင်ထားသော လက်ကို လွှတ်ပေးလိုက်ပြီးနောက် ယွင်ရှောင်ထျန်း၏ ခါးကို တင်းကျပ်စွာ ဖက်ထားကာ သူမ၏ ခေါင်းကို သူ၏ ရင်ခွင်ထဲတွင် ဖွက်ထားလိုက်၏။
သူမသည် ထိန်းချုပ်မှု ကင်းမဲ့နေစဉ်အတွင်း သူမ ဘာတွေလုပ်ခဲ့သည်ကို ပြန်လည်အမှတ်ရသွားသည်။
"အဖေ... အဖေက သမီးကို ကြောက်နေတာလား..."
ယွင်ဟွား၏ အသံမှာ အနည်းငယ် တုန်ရီနေ၏။ ကောင်းကင်နှင့် မြေကြီးကိုပင် မကြောက်တတ်သော သူမသည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့မိသည်။
ငရဲပြည်တွင်ရှိနေစဉ်က လူတိုင်းက သူမအား ကိုယ့်ကိုယ်ကိုယ်နှင့် ကိုယ့်အင်အားကိုသာ အားကိုးရမည်ဟု ပြောခဲ့ကြသည်။ သူမ လုပ်ခဲ့သမျှမှာ တိုက်ခိုက်ခြင်း၊ သရဲတစ္ဆေများကို ဖမ်းဆီးခြင်းသာဖြစ်ပြီး အကယ်၍ အရာအားလုံး မအောင်မြင်ပါက သူမသည် ပွဲကြည့်ကာ ဆေးဖော်စပ်နေရုံသာ ဖြစ်၏။
ပြန်လည်မွေးဖွားလာရန်အတွက် ဖြစ်သည်။
သူမသည် သူမ၏ မိသားစု၏ ချစ်ခင်ယုယမှုကို ခံခဲ့ရပြီး ထိုအရာက သူမကိုယ်သူမ အားကိုးခြင်းအပြင် သူမကို ကာကွယ်ပေးရန် သူမ၏ မိဘများနှင့် အစ်ကိုအစ်မများကိုပါ အားကိုးနိုင်ကြောင်း သူမကို သဘောပေါက်သွားစေခဲ့သည်။ သူမသည် ကြီးမားသော ဘေးဒုက္ခတစ်ခုကို ဖန်တီးခဲ့မည်ဆိုလျှင်တောင်မှ သူတို့က သူမအား လေနှင့်မိုးဒဏ်တို့မှ ကာကွယ်ပေးဦးမည်သာ ဖြစ်၏။
သူမသည် ခက်ခက်ခဲခဲ ရရှိထားသော ဤနွေးထွေးမှုကို မဆုံးရှုံးချင်ပေ။
"အရူးလေး..."
ယွင်ရှောင်ထျန်းက သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"သမီးက အဖေ့ရဲ့ ကလေးပဲ... အဖေက ဘာကို ကြောက်စရာရှိလို့လဲ..."
"အဖေ..."
ယွင်ဟွား၏ အသံမှာ တိမ်ဝင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ပူနွေးသော မျက်ရည်နှစ်ပေါက် ဝဲတက်လာကာ ယွင်ရှောင်ထျန်း၏ အဝတ်အစားများကို စိုရွှဲသွားစေတော့သည်။
ဝမ်းနည်းဖွယ်ကောင်းသော အငွေ့အသက်ကို မခံစားနိုင်တော့သဖြင့် ယွင်ရှောင်ထျန်းက ရုတ်တရက် ပြောချလိုက်သည်။
"စိတ်မပူပါနဲ့ သမီးရယ်... သမီးက ဝက်တစ်ကောင် ဖြစ်နေရင်တောင်မှ အဖေက သမီးကို ရွံရှာမှာ မဟုတ်ပါဘူး... သမီးကို ဝဖြိုးနေအောင် မွေးထားပေးမှာပါ..."
ယွင်ဟွား၏ မျက်ရည်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူမ၏ လက်ကို မြှောက်ကာ ဖခင်ဖြစ်သူ၏ လက်မောင်းကို ရိုက်ချလိုက်သည်။
"အား…ရှီး..."
ယွင်ရှောင်ထျန်းမှာ လေကို တရှူးရှူး စုပ်သွင်းလိုက်သည်။
"သမီး... အဖေက ဒဏ်ရာရနေတုန်းပဲလေ..."
ယွင်ဟွားမှာ ကြောက်လန့်ကာ မျက်နှာဖြူလျော့သွားလေသည်။
"အဖေ... အဖေ အဆင်ပြေရဲ့လား..."
ဤအရာအားလုံးမှာ သူမ၏ အပြစ်သာဖြစ်ပြီး သူမ တစ်ခဏမျှ မေ့လျော့သွားခဲ့ခြင်း ဖြစ်၏။
သူမ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို မြင်သောအခါ ယွင်ရှောင်ထျန်းသည် နာကျင်မှုကို အံကြိတ်ခံကာ ရင်ထဲမှလှိုက်၍ ရယ်မောလိုက်သည်။
"ဒီဒဏ်ရာလေးက ဘာများလဲ... အဖေ ငယ်ငယ်တုန်းက ဧကရာဇ်အတွက် ဓားခုတ်ခံခဲ့ဖူးတယ်... အဲ့တုန်းက ဒီထက်တောင် ပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့သေးတယ်..."
အကယ်၍ ထိုတစ်ချက်သာ မရှိခဲ့လျှင် ဧကရာဇ်က သူ့ကို ဤမျှလောက် ယုံကြည်မည် မဟုတ်သလို သူ၏ အရာရှိရာထူးကလည်း ဤမျှ မြန်ဆန်စွာ မြင့်တက်လာမည် မဟုတ်ပေ။
ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းကို စေ့ထားလိုက်၏။ ဖခင်ဖြစ်သူက သူမကို နှစ်သိမ့်ပေးရန် ကြိုးစားနေခြင်းဖြစ်ပြီး သူမကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်မှန်း သူမ သိလေသည်။
သူမက လက်သီးများကို တင်းတင်းဆုပ်ကာ နန်ကုန်းကျောက်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
မြေပြင်ပေါ်တွင် လဲလျက် အမောတကော အသက်ရှူနေဆဲဖြစ်သော နန်ကုန်းကျောက်က ယွင်ဟွား၏ အကြည့်များ သူ၏အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရ၏။
သူ တုန်လှုပ်သွားလေသည်။
သူက ဧကရာဇ်ဝမ်ရွှမ်းထံသို့ ယိုင်နဲ့နဲ့ဖြင့် လူးလှိမ့်ပြေးသွားသည်။
"ဦးရီးတော်... သူမက... သူမက မိစ္ဆာမကြီး... မိစ္ဆာမကြီး... သူမကို မြန်မြန် မီးရှို့သတ်ပစ်လိုက်ပါ... မဟုတ်ရင် သူမက တော်ဝင်မိသားစုတစ်ခုလုံးရဲ့ ကံကြမ္မာကို ဖျက်ဆီးပစ်လိမ့်မယ်..."
ယွင်ဟွား၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
ယွင်ရှောင်ထျန်းသည် တစ်စုံတစ်ယောက်ကို ထပ်မံ၍ ကန်ပစ်ချင်စိတ်များ ပေါ်လာပြန်၏။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ အလွန်တရာ မှိုင်းညို့နေသည်။ သူက တော်ဝင်မိသားစုကို အမြန်ဆုံး မျိုးတုံးသွားစေချင်နေသလား။
သေခြင်းရှင်ခြင်းစာအုပ်မှာ ဒေါသထွက်လွန်းသဖြင့် အထက်အောက် ခုန်ပေါက်နေလေသည်။ ပန်းကလေးသည် နတ်ဆိုးတစ်ကောင် မဟုတ်ပေ။ ၎င်း၏ မျက်လုံးများ မှောင်မိုက်သွား၏။
“ပန်းကလေး... သူ့ကို သတ်ပစ်... အားလုံးကို သတ်ပစ်လိုက်..”
သေခြင်းရှင်ခြင်းစာအုပ်၏ စကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ နားထဲတွင် ကြည်လင်သော ခေါင်းလောင်းသံတစ်ခု မြည်ဟည်းသွားသည်။
ထိုအခိုက်အတန့်တွင်…
သူတို့၏ ခေါင်းများမှ အဖြူရောင် မီးခိုးငွေ့များ ရူးသွပ်စွာ လွင့်ပျံလာစဉ် လူတိုင်းသည် မျက်လုံးများ လွတ်ဟာနေကာ မလှုပ်မယှက် ရပ်နေကြမိသည်။
ယွင်ဟွားနှင့် သေခြင်းရှင်ခြင်းစာအုပ်တို့က တရားသူကြီး၏စုတ်တံဆီသို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ ၎င်းသည် အပြုံးမျက်နှာဖြင့် လေထဲတွင် ပျံသန်းနေပြီး 'ဝမ်ရှန်း' ဟုခေါ်သော အဖိုးတန်ခေါင်းလောင်းကို လက်ထဲတွင် ကိုင်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။
"ဝှစ်" ဟူသော ကျယ်လောင်သည့် အသံနှင့်အတူ ၎င်းသည် ပြေးသွားကာ တရားသူကြီး၏စုတ်တံကို ဖက်ထားပြီး ပြင်းပြင်းထန်ထန် နမ်းရှုံ့လေတော့သည်။
“ရှောင်ပေပေ့... နင်က တကယ့်ကို အံ့ဩစရာကောင်းတာပဲ... တရားသူကြီးရဲ့ လက်ထဲက 'ဝမ်ရှန်း' ကိုတောင် နင် လုယူနိုင်ခဲ့တယ်..”
အကယ်၍ ပန်းကလေး၏ မူလအစစ်အမှန် ပေါ်လွင်သွားပါက အားလုံးကို သတ်ပစ်ရန် ၎င်းက စဉ်းစားထားခဲ့သော်လည်း တရားသူကြီး၏စုတ်တံက ၎င်းအား ဤမျှ ကြီးမားသော အံ့ဩစရာတစ်ခုကို ပေးလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ယွင်ဟွားက လှည့်ကြည့်လိုက်ပြီး ဖခင်ဖြစ်သူ၏ အားအင်ကုန်ခမ်းနေသော ပုံစံကို ကြည့်ကာ တိတ်ဆိတ်နေလိုက်သည်။
တရားသူကြီး၏စုတ်တံက ဟွားဟွားထံမှ အသိအမှတ်ပြုမှုကို တောင်းခံရန် ပြင်ဆင်နေစဉ် ဟွားဟွား၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူမ၏ လက်ကလေးမှာ အနည်းငယ် တုန်ရီနေသည်ကို မြင်တွေ့လိုက်ရသည်။
“ဟွားဟွား... ဟွားဟွား... နင် မပျော်ဘူးလား…”
“ပေပေ့က သူတို့တွေ နင့်ကို မိစ္ဆာလို့ အထင်လွဲမှာကို မလိုလားလို့ နင် ထိန်းချုပ်မှု ကင်းမဲ့သွားတာကို မြင်တွေ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေကိုပဲ ဖယ်ရှားလိုက်တာပါ... တခြားမှတ်ဉာဏ်တွေကိုတော့ မထိခိုက်စေပါဘူး..”
တရားသူကြီး၏စုတ်တံမှာ ပိုပို၍ ပျော့ပျောင်းလာပြီး ၎င်း၏ ခေါင်းမှာ အောက်သို့ ငိုက်ကျသွားကာ ခေါင်းပေါ်ရှိ အမွေးစုလေးမှာ တစ်စုံတစ်ရာ မှားယွင်းစွာ လုပ်ဆောင်မိခဲ့သကဲ့သို့ တွဲလောင်းကျနေပြီး ၎င်း၏ ခန္ဓာကိုယ်လေးတစ်ခုလုံးမှာ လေထဲတွင် မလုံမခြုံဖြင့် ဝဲပျံနေသည်။
ယွင်ဟွားသည် တရားသူကြီး၏စုတ်တံကို သူမ၏ ရင်ခွင်ထဲတွင် ထွေးပိုက်ထားပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“မဟုတ်ပါဘူး ရှောင်ပေပေ့ရယ်... နင် အရမ်းတော်ပါတယ်..”
သူမ၏ မိသားစုအပြင် သူမကို တိတ်တဆိတ် ကာကွယ်ပေးနေသော ဤအကောင်ပေါက်လေး နှစ်ကောင်လည်း သူမတွင် ရှိနေလေသည်။
တရားသူကြီး၏စုတ်တံက သူမကို ကာကွယ်ပေးနေခြင်း ဖြစ်သည်။
အနည်းဆုံးတော့…
သူမ၏ ဖခင်က သူမကို မကြောက်ရွံ့ဘူးဆိုသည်ကို သူမ သိရှိခဲ့ရပြီ ဖြစ်၏။