အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း (၁၁၇) အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ
ဧကရာဇ်ဝမ်ရွှမ်းက အမိန့်တော်ထုတ်ပြန်လိုက်သောအခါ တော်ဝင်မိသားစုဝင်အားလုံး သက်ပြင်းချနိုင်သွားကြလေသည်။
ကောင်တီမင်းသမီးဘွဲ့က မည်သည့် အဒေါ် သို့မဟုတ် ဘွားတော်ဆိုသည့် အမည်နာမထက်မဆို ပိုကောင်းပေသည်။
မယ်တော်ကြီးက ဧကရာဇ်ဝမ်ရွှမ်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
သူ၏ ရည်ရွယ်ချက်ကို သူမ ကောင်းစွာ နားလည်ထားသည်။ သူက သူမနှင့် ရှောင်ဟွားအာတို့ သွေးသောက်ညီအစ်မဖွဲ့မည်ကို မလိုလားခြင်းဖြစ်ပြီး ထိုသို့ဖြစ်သွားပါက သူ၏ အဆင့်အတန်းမှာ နိမ့်ကျသွားမည် ဖြစ်၏။
*ဟွန့်…*
မည်သို့ပင်ဖြစ်စေ သူမက ရှောင်ဟွားအာကို ကွယ်ရာတွင် ညီမတစ်ယောက်လို ဆက်ဆံမည်သာ ဖြစ်သည်။
ယွင်ဟွားမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ ဧကရာဇ်ဝမ်ရွှမ်းသည် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ တော်ဝင်ဆရာကြီးနင်းမှာ သတိလစ်နေဆဲဖြစ်ပြီး တစ်ခါတရံ တဆတ်ဆတ် တုန်ရီသွားတတ်သည်။ ခန်းမထဲရှိ အခြားသူများမှာလည်း သတိလစ်နေကြဆဲ ဖြစ်သည်။
"တစ်ယောက်ယောက် တော်ဝင်သမားတော်ကို သွားခေါ်ကြစမ်း..."
ဧကရာဇ်ဝမ်ရွှမ်းမှာ ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ အုပ်စုဖွဲ့ ရန်ဖြစ်ရုံမျှဖြင့် အဘယ်ကြောင့် အားလုံး သတိလစ်သွားကြရသနည်းဟု တွေးလိုက်မိ၏။
ဤကဲ့သို့သော စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးက မကောင်းလှပေ။
"မနက်ဖြန်ကစပြီး တော်ဝင်ဆရာကြီးနင်း ပြန်လည်သက်သာလာပြီး စာသင်ချိန် ပြန်စတဲ့အထိ စာသင်ကျောင်းကို ငါးရက် ပိတ်ပေးမယ်..."
ဤစကားကို ကြားသောအခါ ယွင်ဟွား၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် မယ်တော်ကြီးက ဤမိန်းကလေးနှင့် တိတ်တဆိတ် သွေးသောက် ညီအစ်မဖွဲ့မည်ကို အမှန်တကယ် စိုးရိမ်နေသဖြင့် ဆက်ပြောလိုက်၏။
"ချန်နင်း ကောင်တီမင်းသမီးအနေနဲ့ အခုကစပြီး နေ့စဉ် စာသင်တက်စရာ မလိုတော့ဘူး... ငါးရက်မှာ တစ်ကြိမ်ပဲ စာသင်တက်ဖို့ လိုတော့တယ်..."
မယ်တော်ကြီးက ဧကရာဇ်ဝမ်ရွှမ်းကို သေတဲ့အထိ ကုတ်ဆွဲပစ်ချင်စိတ်များဖြင့် စူးရဲစွာ စိုက်ကြည့်နေလေသည်။
ယွင်ဟွားမှာ ရင်ထဲမှ အားရပါးရ အော်ဟစ်လိုက်ပြီး ပြောလိုက်၏။
"ယွင်ဟွားက အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."
“အရမ်းကောင်းတာပဲ... အရမ်းကောင်းတာပဲ... အလွန်ဆုံးနေမှ တစ်လကို ငါးရက်ပဲ ကျောင်းသွားရတော့မှာ... အကယ်၍ ညီလာခံကိုလည်း တစ်လမှ ငါးရက်ပဲ တက်ရမယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်…”
“ပန်းကလေး... ဧကရာဇ်က ဒီနေ့ အတော်လေး သဘောကောင်းတာပဲ... သူ သက်တမ်းစေ့ နေရအောင် ငါတို့တွေ အခုကစပြီး သူ့ကို သေချာ စောင့်ကြည့်ပေးသင့်တယ်..”
သေခြင်းရှင်ခြင်းစာအုပ်က ယွင်ဟွားအတွက် ဝမ်းသာနေလေသည်။ ကျောင်းသွားရခြင်းက သူမအတွက် အမှန်တကယ်ပင် သေလုမတတ် ဆင်းရဲဒုက္ခတစ်ခု ဖြစ်၏။
ဧကရာဇ်ဝမ်ရွှမ်းမှာ စကားမဆိုနိုင်ဖြစ်သွားလေသည်။
သူသည် မယ်တော်ကြီး၏ စူးရဲသော အကြည့်များကို ဆက်လက်၍ ခံနိုင်ရည်မရှိတော့သဖြင့် တိတ်တဆိတ် ထွက်ပြေးသွားလေတော့သည်။
ယွင်ရှောင်ထျန်းက ယွင်ဟွားကို ဆွဲခေါ်လျက် နန်းတော်မှ ထွက်ခွာရန် ပြင်ဆင်လိုက်၏။ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ယွင်ဟွားသည် ရုန်းထွက်ကာ ဝမ်ရှူစာသင်ဆောင်ဆီသို့ ပြေးသွားပြီး သူမအဘိုး၏ လက်ရေးစာမူကို ယူဆောင်လာခဲ့လေသည်။
ဤအရာက ရွှေနဲ့ လဲလှယ်လို့ရတယ်။ ဘယ်သူ့ကိုမှ အလကား ပေးလိုက်လို့ မဖြစ်ဘူးလေ။
ယွင်ဟွား ယွင်အိမ်တော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူမအား ကောင်တီမင်းသမီးဘွဲ့ ချီးမြှင့်ကြောင်း ဧကရာဇ်အမိန့်တော်နှင့် သူမ၏ အခမ်းအနားဝတ်စုံတို့ ရောက်ရှိလာလေသည်။
ချွေ့ဝမ်ရှင်းသည် ပြုံးရွှင်စွာဖြင့် အထိန်းတော်ချောင်အား ငွေကြေးများစွာပါသော အနီရောင်စာအိတ်ကြီးတစ်ခုကို ပေးကမ်းလိုက်ပြီး အစေခံအားလုံးကို လစာနှစ်လစာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ယွင်အိမ်တော်၌ နောက်ထပ် ပျော်ရွှင်ရယ်မောဖွယ်ရာ နေ့တစ်နေ့ ဖြစ်လာခဲ့ပြန်သည်။
ညဉ့်နက်ချိန်သို့ ရောက်ရှိလာခဲ့သည်။
ယွင်ဟွားက တံခါးကိုဖွင့်ကာ ခေါင်းပြူကြည့်လိုက်၏။
"ရှောင်ထောင်ဟွာ..."
"ကျွန်မ ဒီမှာ ရှိပါတယ်..."
ရှောင်ထောင်ဟွာ၏ မျက်လုံးများမှာ သူမ၏ သခင်မလေးက အခြားသူများ မသိစေရန် သံသယဖြစ်ဖွယ် ပြုမူနေသည်ကို မြင်လိုက်ရသောအခါ အရောင်လက်သွားသည်။
သူမ၏ သခင်မလေးသည် တစ်ခုခုကို ကြံစည်နေပြန်ပြီ ဖြစ်သည်။
"သခင်မလေး... ကျွန်မတို့ ဘယ်သွားကြမလို့လဲ..."
ယွင်ဟွားမှာ စကားမဆိုနိုင်ဖြစ်သွား၏။
သူမ၏ ရှောင်ထောင်ဟွာလေးက အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသနည်း။
သူမသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်၏။
"အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ ဒါမှမဟုတ် လူသေကုန်းတွေ အများကြီးရှိတဲ့ နေရာကို သွားမလို့..."
"သခင်မလေး... သခင်မလေး... ဘယ်... ဘယ်ကိုသွားမလို့လဲ..."
ရှောင်ထောင်ဟွာက သူမ၏ နားများ တစ်စုံတစ်ရာ မှားယွင်းနေပြီဟု သံသယဝင်သွားလေသည်။
ယွင်ဟွားက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
"လူသေအများဆုံး ရှိတဲ့နေရာကိုလေ... မြန်မြန်... ငါ့ကို အဲ့နေရာကို မြန်မြန် ခေါ်သွားပေး... ဒီထက် ပိုစောင့်နေရင် နောက်ကျသွားလိမ့်မယ်..."
ရှောင်ထောင်ဟွာသည် သူမ၏ သခင်မလေး၏ ငရဲပြည်မှ နတ်ဘုရားဆိုသော မူလအစစ်အမှန်ကို သတိရသွားပြီး မည်သည့်စကားမျှ မဆိုတော့ပေ။ သူမသည် ယွင်ဟွားကို ပွေ့ချီကာ မြေပြင်ကို ခြေဖျားဖြင့် ဖွဖွလေးနင်းပြီး ယွင်အိမ်တော်မှ ပျံထွက်သွားကာ မြို့ပြင်ရှိ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီသို့ ဦးတည်သွားလေတော့သည်။
"သခင်မလေး... ကျွန်မတို့ ရောက်ပါပြီ..."
ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး ထိုမြေနေရာကို အလွန်ကျေနပ်အားရစွာဖြင့် ကြည့်လိုက်သည်။
"ရှောင်ထောင်ဟွာ... နင် အရင်ပြန်သွားနှင့်လိုက်... မနက်ဖြန် မနက်ခင်း ညီလာခံ မစခင် ငါ့ကို လာကြိုလှည့်ပါ... ပြီးတော့ စားစရာတချို့လည်း ယူလာခဲ့ဦး..."
"ဟုတ်ကဲ့ပါ..."
ရှောင်ထောင်ဟွာမှာ သူမ ဆက်နေခွင့်မရသည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။ သူမ၏ သခင်မလေး ဘာလုပ်မည်ကို မသိသော်လည်း သူမ ဘယ်သောအခါမှ ကန့်ကွက်မည် မဟုတ်ပေ။ ထို့အပြင် သူမ၏ သခင်မလေး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်တရာ အစွမ်းထက်လှသဖြင့် သူမ စိုးရိမ်မည်ဆိုလျှင်တောင် အခြားသူများအတွက်သာ စိုးရိမ်ရမည် ဖြစ်၏။
ရှောင်ထောင်ဟွာ ထွက်သွားသည်နှင့် ယွင်ဟွားသည် သူမကိုယ်သူမ လွတ်လပ်ခွင့် ပေးလိုက်လေတော့သည်။
အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေများဆိုသည်မှာ ယင်စွမ်းအင်များနှင့် မကောင်းဆိုးဝါး စွမ်းအင်များ စုဆုံရာ နေရာများပင် ဖြစ်သည်။
နေ့ခင်းက ဖြစ်ပျက်ခဲ့သော ကိစ္စများက ကြီးမားသော ခွန်အားမရှိဘဲ သူမ၏ မိသားစုကို မကာကွယ်နိုင်ကြောင်း သူမကို သဘောပေါက်သွားစေခဲ့သည်။
သူမ ကျင့်ကြံချင်နေပြီ ဖြစ်သည်။
ယွင်ဟွားသည် အနည်းငယ် တိတ်ဆိတ်ကွယ်ဝှက်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ မျက်လုံးများမှာ နီရဲသွားပြီး သူမ၏ ခန္ဓာကိုယ်သည် သင်္ချိုင်းမြေအထက်ရှိ ယင်စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူလေတော့သည်။
ရွှတ်... ရွှတ်…
ယွင်ဟွားသည် ခေါင်းကို ဘေးသို့စောင်းလိုက်ပြီး သင်္ချိုင်းပုံတစ်ခုပေါ်တွင် အိပ်ပျော်သွားလေတော့သည်။
သေခြင်းရှင်ခြင်းစာအုပ်က သူ့၏ နှုတ်ခမ်းကို တိတ်ဆိတ်စွာ တွန့်ချိတ်လိုက်လေသည်။
ခြင်ဆီဆေးကြောခြင်းကို ခံယူပြီးသည့်တိုင်အောင် ရှောင်ဟွားဟွား၏ လူသားခန္ဓာကိုယ်မှာ ဤအရွယ်တွင် သူမ၏ အိပ်စက်ခြင်းကို နှစ်သက်မှုကို မတွန်းလှန်နိုင်သေးပေ။
တရားသူကြီး၏စုတ်တံသည် ယွင်ဟွား၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။
ညအမှောင်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။
များမကြာမီတွင် တရှဲရှဲ မြည်သံများကို ကြားလိုက်ရသည်။
ယွင်ဟွားမှာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူမ၏ နားများကို လက်များဖြင့် ပိတ်ထားလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ဆက်လက် အိပ်မောကျနေလေသည်။
"ကျွတ်... ကျွတ်... ဒီနေ့တော့ မဆိုးပါဘူး..."
မျက်လုံးကလည်ကလည်နှင့် လူက ခိုးယူလာသော ပစ္စည်းများအားလုံးကို မြေပြင်ပေါ်သို့ ပုံချလိုက်ပြီး တစ်ခုချင်းစီကို သဘောကျစွာ ကြည့်ရှုနေလေသည်။
"တကယ့်ကို ကောင်းတာပဲ..."
အခြားလူတစ်ယောက်ကလည်း သူ သယ်ဆောင်လာသော တန်ဖိုးရှိ ပစ္စည်းများကို ပစ်ချလိုက်ပြီးနောက် ကျေနပ်အားရနေသော မျက်နှာဖြင့် သူ၏ ဘောင်းဘီကို ဆွဲတင်လိုက်လေသည်။
*ဒီညက မိန်းကလေးက တကယ့်ကို မိုက်တာပဲ... သူမ ရုန်းကန်နေတာက အရမ်းကို သာယာဖို့ ကောင်းတယ်…*
ကျန်းတသည် ကျောက်လောင်အာ၏ တန်ဖိုးရှိ ပစ္စည်းများကို လက်ထဲတွင် ချိန်ဆကြည့်လိုက်ပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
"ဘာဖြစ်လို့ ဒီလောက်ပဲ ရှိရတာလဲ..."
ထို့နောက် သူက ခေါင်းမော့ကြည့်လိုက်ရာ သူ၏ ရွံရှာဖွယ်ကောင်းသော ပုံစံကို မြင်လိုက်ရသောအခါ သူ ဘာလုပ်ခဲ့သည်ကို နောက်တစ်ကြိမ် ခန့်မှန်းမိသွားလေတော့သည်။
"ကျောက်လောင်အာ... ငါက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပဲ ခိုးမယ်လို့ မင်းကို ပြောထားတယ် မဟုတ်လား... မင်းရဲ့ နှစ်အောင်စပဲရှိတဲ့ အသားတစ်တုံးကိုတောင် မထိန်းချုပ်နိုင်ပြန်ဘူးလား..."
သူတို့သည် မြို့တော်တွင် ရောက်ရှိနေသည်မှာ လဝက်ခန့် ရှိပြီဖြစ်ပြီး အိမ်ရှစ်အိမ် ကိုးအိမ်ခန့်ကို ဓားပြတိုက်ခဲ့ကြသည်။ မိသားစုနှစ်ခုမှ သမီးများ သို့မဟုတ် ချွေးမများမှာ သူတို့၏ မူးယစ်ဆေးခတ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ကြရသည်။
ကျောက်လောင်အာသည် အကြိမ်တိုင်း သူ၏ ဆူပူကြိမ်းမောင်းမှုများကို နားထောင်ရသည်ကို ငြီးငွေ့နေပြီ ဖြစ်သည်။
"ကျန်းတ... ဘာပဲဖြစ်ဖြစ် ငါတို့က မနက်ဖြန် မြို့တော်ကနေ ထွက်ခွာကြတော့မှာပဲလေ... ဒီတော့ ငါတို့ မထွက်သွားခင် ငါ့ကို ပျော်ရွှင်ခွင့်လေး မပေးချင်ဘူးလား..."
သူသည် သူ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး သူ၏ နောက်ကျိနေသော မျက်လုံးများထဲတွင် နှမြောတသဖြစ်မှု အနည်းငယ် ပေါ်လွင်နေလေသည်။
"မြို့တော်က ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေဆီမှာ ဥစ္စာဓနတွေ အများဆုံးရှိပြီး သူတို့အိမ်က မိန်းကလေးတွေကလည်း အသားဖြူဖြူနဲ့ လှပနေကြမှာ သေချာတယ်... နှမြောစရာပဲ..."
သူ ပြောသည်ကို ကြားသောအခါ ကျန်းတက သူ့အား အချက်အနည်းငယ်ခန့် ကန်ပစ်ချင်စိတ်များ ပေါ်လာလေသည်။
"မင်းက အဲ့လို တွေးရဲသေးတယ်ပေါ့လေ... အဲ့မိသားစုတွေအားလုံးကို ငါတို့က လွယ်လွယ်လေး ဝင်ရှုပ်လို့ ရမယ် ထင်နေလား... ငါတို့က ခြံစည်းရိုးမကျော်ခင်မှာတင် အစောင့်တွေရဲ့ ဖမ်းဆီးတာကို ခံရနိုင်တယ်..."
သူတို့သည် ငွေအနည်းငယ်ရှိသော သာမန်မိသားစုများထံမှသာ ခိုးယူခဲ့ကြခြင်းဖြစ်ပြီး သူတို့၏ အိမ်များမှာ အခြားနေရာများထက် များစွာ ပိုမို ချမ်းသာကြလေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း မြို့ထဲ၌ ကင်းလှည့်စစ်သားများ ရုတ်တရက် တိုးလာခြင်းသာ မရှိခဲ့လျှင် မြို့တော်ဆိုသည့် ဤအကျိုးအမြတ်များသော နေရာကြီးကို သူတို့ စွန့်လွှတ်ချင်ခဲ့ကြမည် မဟုတ်ပေ။
ကျောက်လောင်အာက ကောက်ကျစ်စွာ ပြုံးဖြီးဖြီးလုပ်လိုက်ပြီး
"ငါက ဒီအတိုင်း ပြောကြည့်တာပါ..."
သူသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ သူ ဘာကို ထိခွင့်ရှိပြီး ဘာကို ထိခွင့်မရှိဘူးဆိုသည်ကို သူ သိလေသည်။
သူတို့နှစ်ဦးသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး လရောင်ကို အခွင့်ကောင်းယူကာ ပေါက်ပြားများကို ကိုင်လျက် ထိုနေရာတွင် သူတို့ မြှုပ်နှံထားသော တန်ဖိုးရှိ ပစ္စည်းများကို စတင်တူးဖော်ကြလေတော့သည်။
မိုးလင်းပြီးနောက် သူတို့သည် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ကြမည် ဖြစ်သည်။
“ရှူးရှူး... သူတို့ဆီမှာ ရတနာတွေ အများကြီး ရှိတယ်... ဟွားဟွားက သေချာပေါက် သဘောကျမှာပဲ..”
တရားသူကြီး၏စုတ်တံသည် သူတို့ ခိုးယူလာသော ရွှေနှင့် ငွေများကို ကြည့်ကာ သွားရည်ကျသွားပြီး ၎င်း၏ လက်သေးသေးလေးများကို ဗိုက်ထဲသို့ ထိုးထည့်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
“သူတို့ကိုကို ဟွားဟွားကို ပေးလိုက်... အားလုံးကို ဟွားဟွားကို ပေးလိုက်…”
သေခြင်းရှင်ခြင်းစာအုပ်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရှောင်ကျင်းဇီကို နှစ်သက်သော ပန်းကလေးသည် အဘယ်ကြောင့် ဤမျှ သာမန်ဆန်သော အရာများကိုလည်း သဘောကျလာရပြီး တရားသူကြီး၏စုတ်တံကိုပင် လွှမ်းမိုးသွားရသနည်းဟု တွေးတောနေမိလေသည်။
ယွင်ဟွားက အရာအားလုံးကို သည်းခံနေခဲ့၏။
ခေါက်သံများနှင့် ထုရိုက်သံများက သူမကို အမှန်တကယ်ပင် နိုးသွားစေခဲ့သည်။
သူမသည် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင် အပူချိန်မှာ ချက်ချင်း ကျဆင်းသွားလေတော့သည်။
ရတနာများကို တူးဖော်နေဆဲဖြစ်သော လူနှစ်ဦးစလုံးမှာ တုန်လှုပ်သွားကြသည်။
ကျောက်လောင်အာသည် သူ၏ လက်မောင်းများကို ပွတ်သပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
"ကျန်း... ကျန်းတ... ဒီနေ့ ပိုအေးလာတယ်လို့ မင်း... မင်း မခံစားရဘူးလား..."
ကျန်းတကလည်း ဤနေ့တွင် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသည် ပုံမှန်ထက် ပိုမို ခြောက်ခြားဖွယ်ကောင်းနေသည်ဟု ခံစားရသော်လည်း သူ၏ ကြောက်ရွံ့မှုကို မျိုသိပ်ကာ တိုက်တွန်းလိုက်လေသည်။
"မြန်မြန် အလုပ်လုပ်ကြစို့... ပစ္စည်းတွေ တူးဖော်ပြီးတာနဲ့ ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားကြရအောင်..."
၎င်းမှာ သူ၏ စိတ်ကူးသက်သက် ဟုတ်မဟုတ် သူ မသေချာသော်လည်း သူ့အားနှင့် ကျောက်လောင်အာအား မျက်လုံးနှစ်စုံက စောင့်ကြည့်နေသကဲ့သို့ အမြဲ ခံစားနေရလေသည်။
အခန်း (၁၁၈) သန်းခေါင်ယံ ထိတ်လန့်ဖွယ်ရာ
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီး၏စုတ်တံတို့သည် ယွင်ဟွား နိုးလာသည်ကို မြင်သောအခါ အတောင်ပံများကို ခတ်ကာ ပျံသန်းလာကြလေသည်။
“ဟွားဟွား... ငွေတွေရှိတယ်... ငွေတွေ အများကြီးပဲ... သွားယူကြရအောင်..”
တရားသူကြီး၏စုတ်တံက ယွင်ဟွား၏ ပခုံးပေါ်သို့ ဆင်းသက်လာပြီး အလွန်တရာ ဝမ်းသာအားရ ဖြစ်နေလေသည်။
ယွင်ဟွားသည် တရားသူကြီး၏စုတ်တံက ရှောင်ချန်ချန်အကြောင်း ပြောသည်ကို ကြားသောအခါ သူမ ချက်ချင်းပင် လန်းဆန်းသွားသည်။
သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သင်္ချိုင်းပုံနောက်မှ ခေါင်းပြူထွက်လာသည်။ သူမ၏ မျက်လုံးများထဲမှ အနီရောင်အလင်းတန်းများမှာ မပျောက်ကွယ်သေးဘဲ အမှောင်ထဲတွင် သူမကို အထူးသဖြင့် ခြောက်ခြားဖွယ် ကောင်းနေစေ၏။
ဤသူများကား သူမကို နှိုးလိုက်သော ခွေးကောင်နှစ်ကောင်ပင် ဖြစ်သည်။
ဤအချိန်တွင် သေခြင်းရှင်ခြင်းစာအုပ်က သူတို့ ကျူးလွန်ခဲ့သော မကောင်းမှုများအားလုံးကို ယွင်ဟွားအား ပြောပြပြီးဖြစ်လေသည်။
နေရာပေါင်းစုံတွင် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး သူတို့သည် မရေမတွက်နိုင်သော မိသားစုများကို ဖျက်ဆီးခဲ့ကာ အချို့မှာ အသက်ကယ်ရန် ရည်ရွယ်ထားသော ငွေများ ဆုံးရှုံးသွားခြင်းကြောင့် အသက်များပင် ဆုံးရှုံးခဲ့ရလေသည်။
ယွင်ဟွားသည် သူမ၏ လက်သီးများ ပိုမို တင်းမာလာသည်ကို ခံစားလိုက်ရပြီး အခြားသူများကို ဖော်ရွေသော လေသံဖြင့် နှုတ်ဆက်လိုက်လေသည်။
"ဟေး အားလုံးပဲ… နင်တို့က ငါ့သူငယ်ချင်းကို ခိုးယူဖို့ ကြိုးစားနေတာလား..."
အေးစက်နေသော အမျိုးသမီးအသံတစ်ခုက အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ကျန်းတနှင့် ကျောက်လောင်အာတို့၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေခဲ့သည်။
ယွင်ဟွားသည် မျက်တောင်လေးခတ်လိုက်ပြီး သူမ တစ်ချိန်က ဖော်စပ်ထားခဲ့သော သွေးကဲ့သို့ နီရဲနေသည့် အချိုရည်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
"ဟေး... ဘာလို့ တူးတာကို ရပ်လိုက်ကြတာလဲ... မြန်မြန် တူးကြလေ... အဲ့အောက်မှာ ရတနာတွေအပြင် ငါ့ညီမရဲ့ ဦးခေါင်းခွံလည်း ရှိသေးတယ်... သူမက လေညင်းခံထွက်ချင်တယ်လို့ ပြောနေတယ်..."
ထိုစဉ် အေးစက်သော လေပြင်းတစ်ချက်က သူတို့၏ နားရွက်များကို ဖြတ်သန်းတိုက်ခတ်သွားလေသည်။
အရိုးထဲထိ စိမ့်ဝင်သွားစေသော အအေးဒဏ်ကြောင့် သူတို့၏ ခြေထောက်များမှာ ထိန်းမရအောင် တုန်ရီလာပြီး ပေါက်ပြားကိုပင် မကိုင်နိုင်လုနီးပါး ဖြစ်သွားကြ၏။
သူတို့သည် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ပြီး ခန္ဓာကိုယ်များ တောင့်တင်းသွားကာ ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကြလေသည်။
လရောင်အောက်တွင်…
သင်္ချိုင်းပုံတစ်ခုပေါ်တွင် ခေါင်းတစ်လုံး ရှိနေပြီး ၎င်း၏ ဖြူလျော့နေသော မျက်နှာပေါ်တွင် တောက်ပနေသော အနီရောင် မျက်လုံးနှစ်လုံး ရှိနေလေသည်။ ၎င်း၏ ပါးစပ်ငယ်လေးမှာ ပွင့်ဟနေပြီး နှုတ်ခမ်းထောင့်မှ သွေးများ ဖြည်းညင်းစွာ စီးကျနေ၏။
ချက်ချင်းပင် သူတို့နှစ်ဦးမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သစ်ရွက်များကဲ့သို့ တုန်ရီသွားကြလေတော့သည်။
"ကြောက်သွားကြပြီလား... ဒါပေမဲ့ ငါက လူမစားပါဘူး... လူသားက အရသာ မကောင်းဘူးလေ..."
ထိုသို့ပြောပြီးနောက် ယွင်ဟွားက သူမ၏ နှုတ်ခမ်းထောင့်မှ အချိုရည်များကို စုပ်ယူလိုက်လေသည်။
မမျှော်လင့်ဘဲ ဤလုပ်ရပ်က ကျန်းတနှင့် ကျောက်လောင်အာတို့ကို အလွန်တရာ ထိတ်လန့်သွားစေခဲ့သည်။
"သရဲ... သရဲမင်းကြီး... မင်းက တကယ်ပဲ လူ... လူမစားဘူးလား..."
ကျန်းတက သူ၏ ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ထားလျက် တုန်ရီသော အသံဖြင့် မေးလိုက်လေသည်။
ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး သူမ၏ အပြုံးမှာ ကြက်သီးထဖွယ် ကောင်းနေ၏။
"မှန်တာပေါ့... ငါက လူမစားဘူး... ဝိညာဉ်တွေကိုပဲ စုပ်ယူတာ... ဝိညာဉ်တွေက အရသာရှိတယ်... ချိုမြိန်ပြီး ဝါးစားလိုက်ရင် ကြွပ်ရွနေတာပဲ..."
ယွင်ဟွားက သူမ၏ နှုတ်ခမ်းများကို မသပ်ဘဲ မနေနိုင်တော့ပေ။
အကယ်၍ သူမသာ အလေးအနက်ထားသော ကျင့်ကြံသူတစ်ဦး မဟုတ်ခဲ့လျှင် သူမသည် သရဲတစ္ဆေငယ်များကို ဝါးမျိုခြင်းဖြင့် သူမ၏ ကျင့်ကြံခြင်းကို တိုးတက်လာစေရန် အမှန်တကယ်ပင် ကြိုးစားချင်မိလိမ့်မည် ဖြစ်၏။
အကယ်၍ သူမသာ ထိုသို့အမှန်တကယ် လုပ်ခဲ့မည်ဆိုလျှင် ယမမင်းက သူမကို ပထမဆုံး လာသတ်မည်ကို စိုးရိမ်ရလေသည်။
ဤစကားကို ကြားသောအခါ သူတို့နှစ်ဦးမှာ အသိစိတ်လွတ်လုနီးပါး ကြောက်လန့်သွားကြလေတော့သည်။
"စိတ်မပူပါနဲ့... ငါက ဝိညာဉ်တွေကို အရမ်းမြန်မြန် စုပ်ယူနိုင်တယ်... နင်တို့ ဘာနာကျင်မှုကိုမှ ခံစားရမှာ မဟုတ်ဘူး..."
ယွင်ဟွားသည် ခေါင်းကို စောင်းလိုက်ပြီး အနည်းငယ် နစ်နာနေဟန်ဖြင့် ပြောလိုက်၏။
"နင်တို့က သင်္ချိုင်းပုံထဲမှာ အိပ်ပြီး ယင်စွမ်းအင်တွေကို စုပ်ယူနေတာ အသိသာကြီးကို... ဒီမှာရှိတဲ့သူတွေက ခုနက ဆူညံပွက်လောရိုက်အောင် လုပ်ပြီး ငါ့ကို လာနှိုးကြတယ်လေ..."
"ဒါ့ကြောင့် ငါ အရမ်းဒေါသထွက်နေတယ်..."
ထိုသို့ပြောပြီးနောက် ယွင်ဟွားက အပြင်သို့ ထွက်လာရန် ကြိုးစားလိုက်သော်လည်း သူမ အိပ်နေခဲ့သော မြေပြင်မှာ မာကျောပြီး သက်တောင့်သက်သာ မရှိပေ။ ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ်မှာ အလွန် တောင့်တင်းသွားပြီး သင်္ချိုင်းပုံထဲမှ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြည်းညင်းစွာ တွားသွားထွက်လာလေတော့သည်။
ထိုလှုပ်ရှားမှုများမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှ၏။
"အား..."
"ဟုတ်တယ်... သရဲရှိတယ်..."
သူတို့နှစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြရာ ထိုဒေသရှိ ငှက်များကို လန့်ဖျပ်သွားစေပြီး အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို ပိုမို ကြောက်မက်ဖွယ်ကောင်းကာ ခြောက်ခြားဖွယ် ဖြစ်သွားစေလေသည်။
သူတို့သည် ငွေများကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးလွတ်မြောက်ရန် လုယက်ပြေးလွှားကြလေတော့သည်။
"သွားစမ်း..."
ယွင်ဟွားက သူမ၏ လက်ကို လှန်လိုက်ရာ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက သူမ၏ လက်ထဲမှ ပျံထွက်သွားပြီး သူတို့နှစ်ဦးစလုံးကို တစ်ချက်တည်းဖြင့် သတိလစ်သွားစေလေသည်။
"ဘုရားရေ..."
ယွင်ဟွားသည် နာကျင်နေသော သူမ၏ ကျောကို ထောက်ထားလျက် နောက်ဆုံးတွင် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်လေသည်။
“နောက်တစ်ခါ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို လာရင် စောင်တစ်ထည် ယူလာခဲ့ရမယ်..."
၎င်းက သင့်ကို နွေးထွေးစေနိုင်ပြီး အိပ်ရာအနေနဲ့လည်း အသုံးပြုလို့ရတယ်လေ။
“ဟွားဟွား... ဟွားဟွား... ဒီငွေလေးတွေ အားလုံးကို သိမ်းထားလိုက်ရအောင်..”
တရားသူကြီး၏စုတ်တံမှာ အလွန် စိတ်လှုပ်ရှားနေ၏။ ဤအရာများအားလုံးက အရောင်အသွေး စုံလင်လှသည်။
“မရဘူး...အဲ့လိုလုပ်လို့ မရဘူး ရှောင်ပေပေ့..”
ယွင်ဟွားသည် မျက်မှောင်ကြုတ်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်နေဟန် ပေါ်လေသည်။
"ငါက ငွေနည်းနည်းပါးပါးကို သဘောကျပေမဲ့ ဘယ်လိုငွေမျိုးကိုမဆို လောဘမကြီးတတ်ပါဘူး... ဒီဟာက သူများမိသားစုတွေ တစ်ဘဝလုံး ကြိုးစားပမ်းစား စုဆောင်းထားတဲ့ စုဆောင်းငွေတွေလေ..."
“ငါ ယွင်ဟွားက ခိုင်မာတဲ့ မူဝါဒတွေရှိတဲ့ သူတစ်ယောက်ပဲ..”
သေခြင်းရှင်ခြင်းစာအုပ်က ပန်းကလေး၏ မျက်လုံးများထဲမှ နှလုံးနာကျင်မှုကို မြင်တွေ့လိုက်ရပြီး သူမ၏ ခေါင်းကို ကိုင်ကာ နှစ်သိမ့်ပေးလိုက်လေသည်။
“ရပါတယ် ပန်းကလေးရယ်... မနက်ဖြန်ကျရင် ငါတို့ တော်ဝင်ညီလာခံကို းသွားပြီး အကျင့်ပျက်ခြစားနေတဲ့ အရာရှိတွေကို ဖော်ထုတ်ကြမယ်... ဧကရာဇ်ကိုယ်တိုင်တောင် ပါသေးတယ်..”
“ဧကရာဇ်ရဲ့ ဖင်အောက်ကနေ နဂါးပလ္လင်ကို လုယူဖို့ ငါ့ကို ကူညီပေးနိုင်မလား..”
ယွင်ဟွားသည် သူမ၏ တောက်ပနေသော မျက်လုံးများဖြင့် စူးရဲစွာ ကြည့်လိုက်ရာ သေခြင်းရှင်ခြင်းစာအုပ်ကို ဆို့နင့်သွားစေလေသည်။
“ဟွားဟွား... အဲ့ဟာက ဖြစ်နိုင်မယ်လို့ နင် ထင်နေတာလား..”
ယွင်ဟွားသည် သက်ပြင်းချလိုက်၏။
“အကယ်၍ ငါ့အဖေသာ မှတ်မိနေသေးရင် ရွှေရောင် နဂါးပလ္လင်ကို လုယူဖို့ ငါ့ကို တကယ်ပဲ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်..”
သူမ တော်ဝင်ညီလာခံသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံးနေ့မှစ၍ ရွှေရောင်နဂါးပလ္လင်ကို အလွန်တရာ သဘောကျခဲ့ခြင်း ဖြစ်သည်။
နှမြောစရာပါပဲ... သူမ ၎င်းကို မခိုးယူနိုင်ခဲ့ပေ။
တရားသူကြီး၏စုတ်တံက ၎င်း၏ ခေါင်းပေါ်ရှိ အမွေးစုလေးကို ကုတ်လိုက်လေသည်။ ၎င်းက ဧကရာဇ်၏ အိပ်မက်ထဲသို့ ဝင်ရောက်ပြီး ဟွားဟွားကို နဂါးပလ္လင်ပေးရန်အတွက် သူ၏ သက်တမ်းကို မည်မျှအထိ ထပ်တိုးပေးနိုင်ကြောင်း ဆွေးနွေးသင့်သလားဟု တွေးတောနေမိ၏။
ယွင်ဟွားသည် ငွေများကို သိမ်းဆည်းလိုက်ပြီး သူမ၏ ပခုံးပေါ်သို့ လွယ်တင်လိုက်လေသည်။
သူမသည် ငွေများကို မထိရဲသော်လည်း ဤကောင်နှစ်ကောင်ကိုတော့ ဆုကြေးငွေ အများကြီးနှင့် လဲလှယ်လို့ ရနိုင်လေသည်။
ယွင်ဟွားသည် တစ်ယောက်၏ ခြေထောက်တစ်ဖက်စီကို လက်တစ်ဖက်စီဖြင့် ကိုင်ဆွဲလိုက်ပြီး သူတို့နှစ်ဦးကို တရားရေးရုံးတော်ဆီသို့ ဆွဲခေါ်သွားလေတော့သည်။ သူမသည် မျက်နှာသာပေးမှုများကို တောင်းဆိုရန် အမတ်ချန်ကို သွားရှာမည်ဖြစ်ပြီး အချိန်ကျလျှင် သူမ၏ ရှောင်ထောင်ဟွာလေးက သူမကို လာကြိုမည်ဆိုသည်ကို လုံးဝ မေ့လျော့နေခဲ့လေသည်။
ရလဒ်အနေဖြင့် ရှောင်ထောင်ဟွာသည် ယွင်အိမ်တော်တွင် နောက်တစ်ကြိမ် ဖရိုဖရဲဖြစ်လုနီးပါး ပြဿနာရှာမိခဲ့လေသည်။
တရားရေးရုံးတော်။
ချန်ကျဲဟန်က သူခိုးထံမှ သတင်းကို ရရှိသည်နှင့် တစ်ပြိုင်နက် သူ၏ စစ်သားများကို ဦးဆောင်ကာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီသို့ ချက်ချင်း ထွက်ခွာသွားလေသည်။
သူသည် သွားများကို တင်းတင်းကြိတ်ထားမိလေသည်။
သူတို့က ဘယ်လို ပုန်းအောင်းရမလဲဆိုတာကို တကယ် သိကြတာပဲ။ ခြောက်လှန့်ခံရမှာကို သူတို့ မကြောက်ကြဘူးလား...။
ယွင်ဟွားသည် ထိုလူနှစ်ဦးကို ဆွဲခေါ်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် ညစောင့်တစ်ဦး၊ ခရီးသွားနှစ်ဦးနှင့် အရက်သမား သုံးဦးတို့ကို လန့်ဖျပ်သွားစေခဲ့၏။
“ငါက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား…”
ယွင်ဟွားသည် နှုတ်ခမ်းကို သပ်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေလေသည်။
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ နှုတ်ခမ်းကို တွန့်ချိတ်လိုက်၏။
“ပန်းကလေး... နင်က အဖြူရောင် ဝတ်စုံကို ဝတ်ထားတယ်... နင့်ရဲ့ မျက်နှာက လူသေတစ်ယောက်လို ဖြူလျော့နေတယ်... ပါးစပ်မှာလည်း သွေးတွေ အပြည့်နဲ့... ပြီးတော့ အရွယ်ရောက်ပြီးသား ယောက်ျားနှစ်ယောက်ကိုပါ ဆွဲခေါ်လာသေးတယ်... သူတို့ ကြောက်လန့်သွားကြတာ အံ့ဩစရာ မဟုတ်ဘူးလေ…”
ယွင်ဟွားက အနေခက်စွာ ပြုံးလိုက်ပြီးနောက် ပြုံးဖြီးဖြီးဖြင့် တခစ်ခစ် ရယ်မောလိုက်လေသည်။
ဤအချိန်တွင်...
ချန်ကျဲဟန်သည် သူ၏ မြင်းကို စီးကာ အကွေ့လေးမှ ထွက်ပေါ်လာလေသည်။
ခေါင်းမော့ကြည့်လိုက်ရာ လမ်းအလယ်တွင် ရပ်နေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရပြီး သူမ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်နေကာ သူမ၏ အပြုံးမှာ အထူးသဖြင့် ကောက်ကျစ်ပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။
သူက တုန်လှုပ်သွားပြီး မြင်းဇက်ကြိုးကို လျင်မြန်စွာ တင်းတင်းဆွဲထားလိုက်ရာ မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
သူ၏ နောက်မှ စစ်သားများအားလုံးမှာ ကြောက်လန့်တကြားဖြစ်ကာ မျက်နှာများ ဖြူလျော့သွားကြလေသည်။
ဆူညံသံကို ကြားသောအခါ ယွင်ဟွား ခေါင်းမော့ကြည့်လိုက်၏။
“ဟေး... မိတ်ဟောင်းဆွေဟောင်းပဲ…”
မှိန်ပျပျ အလင်းရောင်ကြောင့် ချန်ကျဲဟန်သည် ယွင်ဟွားကို မမှတ်မိနိုင်ခဲ့ပေ။ သူ မြင်လိုက်ရသည်မှာ အခြားသူက သူမ၏ လက်နှစ်ဖက်စလုံးဖြင့် ခြေထောက်များကို ဆုပ်ကိုင်ထားပြီး သူ၏ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာနေသည်ကိုသာဖြစ်၏။
သူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြင်းပေါ်မှ ခေါင်းစိုက်ကျသွားလေတော့သည်။ မစဉ်းစားမဆင်ခြင်ဘဲ သူက အော်ဟစ်လိုက်လေသည်။
“အမတ်ငယ်ယွင်... သရဲ... သရဲ..."
“မြန်မြန်လာကယ်ပါဦး... သရဲတစ်ကောင်က ငါ့ရဲ့ ဝိညာဉ်ကို လာယူတော့မယ်…”
ယွင်ဟွားသည် ပြေးလာရာမှ ရပ်တန့်သွားပြီး သူမ၏ ခေါင်းလေးမှာ ချက်ချင်းပင် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ကာ အနည်းငယ် ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလိုက်လေသည်။
"အမတ်ချန်... ရှင် ပြောနေတဲ့ သရဲက ဘယ်မှာလဲ..."
သေခြင်းရှင်ခြင်းစာအုပ်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့လေသည်။
တရားသူကြီး၏စုတ်တံက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်လေသည်။
“ပန်းကလေး... အမတ်ချန် ပြောနေတဲ့ သရဲက နင် ဖြစ်နေနိုင်မလား..”
“ဟွားဟွားက သရဲမှ မဟုတ်တာ..”
ဤစကားကို ကြားသောအခါ ယွင်ဟွား၏ မျက်နှာမှာ ပျက်ယွင်းသွားလေသည်။
“နင်က ဘယ်လို မျက်လုံးမျိုး ရှိတာလဲ... အချိန်အတော်ကြာ အတူတူ ဖြတ်သန်းခဲ့ပြီးတာတောင်မှ ငါ့ကို မမှတ်မိဘူးပေါ့လေ…”
ရင်းနှီးနေသော အသံသုံးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချန်ကျဲဟန်သည် ချက်ချင်းပင် အသိစိတ်ပြန်လည်လာခဲ့ပြီး သူ၏ အသံမှာ အနည်းငယ်ပင် တုန်ရီနေလေသည်။
"အမတ်... အမတ်ငယ်ယွင်... သန်းခေါင်ယံကြီးမှာ ဘာဖြစ်လို့ အိမ်မှာ မအိပ်ဘဲ သရဲတစ်ကောင်လို လာဟန်ဆောင်နေရတာလဲ..."
သူသည် သေမင်းနှင့် အလွန်နီးကပ်သွားခဲ့ပြီး သူ၏ ဘိုးဘေးများနှင့် အမှန်တကယ် သွားတွေ့ရတော့မည် ဖြစ်၏။