← Chapters

ဘုရားကျောင်း ( ၁ )

Vol. 3 Ch. 41

ဘုရားကျောင်း ( ၁ )

Vol. 3 Ch. 41

ရွှီချင်းသည် တားမြစ်နယ်မြေ၏ ညအမှောင်ထုကို နေသားမကျသည်တော့ မဟုတ်။

ယခင်မြို့ပျက်ကြီး၌ဖြစ်စေ၊ ဤတောအုပ်၌ဖြစ်စေ … ယခင်မြို့ပျက်ကြီးတွင် ဆယ်ရက်ကျော်နေခဲ့ပြီး ဤတောအုပ်ထဲတွင်လည်း ညများစွာ ကုန်လွန်ထားခဲ့ဖူးသည်။

ထိုအချိန်၌ သစ်ပင်ကြီးတစ်ပင်၏ သစ်ခေါင်းထဲတွင် ပုန်းအောင်းနေသော ရွှီချင်းသည် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေ၏။ သူက အိပ်စက်အနားယူနေရင်း ဓာတ်နှောများဖြင့် ရောနှောနေသော ဝိညာဉ်စွမ်းအားများကို တိတ်ဆိတ်စွာ စုပ်ယူနေသည်။

ဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသောအခါ တောင်တန်းပင်လယ်ပညာရပ်က ထိုစွမ်းအားများကို ခွဲထုတ်ပစ်လိုက်သည်။ သန့်စင်ပြီးသွားသော စွမ်းအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့ သွားပြီး ဓာတ်နှောများက သူ့အရိပ်ထဲ စီးဝင်သွားသည်။

ထိုအပြောင်းအလဲများကို ရွှီချင်း အသားကျနေပြီဖြစ်သည်။

သူ့အတွက် ဤတားမြစ်နယ်မြေထဲ၌ ကျင့်ကြံရသည်မှာ အရိပ်ကြောင့်လော၊ သို့မဟုတ် ဤနေရာက အန္တရာယ်များလွန်းပြီး အမြဲမပြတ် အာရုံစူးစိုက်နေရသည့်အတွက်ကြောင့်ပေလော မူးဝေဝေခံစားချက်မျိုးကို သူ ရနေသည်။

သူ အမြဲမပြတ် သတိထားနေစဉ် သူ၏ကျင့်ကြံခြင်းအမြန်နှုန်းသည်လည်း သိသိသာသာ တိုးတက်လာသည်။

တောင်တန်းပင်လယ်ပညာရပ် အဆင့်လေးကို ရောက်ရန် မလိုတော့ပေ။

“ ဓားသွေးနေရတဲ့အတိုင်းပဲ ”

ရွှီချင်း တီုးတိုးရေရွတ်လိုက်သည်။

သူသည် ကြီးကျယ်သော ဒဿနာများစွာကို နားမလည်ပါသော်လည်း ဆင်းရဲသားရပ်ကွက်၌ ဓားမော့ကောင်းတစ်လက်လိုချင်လျှင် ဓားသွေးကျောက်ကလည်း ကောင်းနေမှဖြစ်မည်ဟု လူအများပြောကြသည်ကို သူ မှတ်မိသည်။

ယခုအခါ အန္တရာယ်များသော တားမြစ်နယ်မြေသည် ရွှီချင်း၏ ဓားသွေးကျောက် ဖြစ်လာဟန်တူသည်။

ရွှီချင်းသည် အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။

ထို့နောက် သူက ခေါင်းမော့ကာ သစ်ခေါင်းပေါက်မှတစ်ဆင့် အပြင်ဘက်ညအမှောင်ထုကြီးကို ငေးကြည့်လိုက်သည်။ တားမြစ်နယ်မြေ၏ ညသန်းခေါင်ယံ၌ သန္ဓေပြောင်းသားရဲများ၏ ဟိန်းဟောက်သံများက အဝေးတစ်နေရာမှ လွင့်ပျံလာပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အော်ညည်းသံများအလား တောအုပ်ထဲ ပဲ့တင်ထပ်နေလေသည်။

ထိုသစ်ပင်ကြီးပေါ်တွင် နားခိုနေကြသော ပိုးမွှားသတ္တဝါပေါင်းများစွာထံမှ အအေးဓာတ်သည်လည်း ရွှီချင်း ပုန်းခိုနေသည့် သစ်ခေါင်းပေါက်မှတစ်ဆင့် တိုးဝှေ့ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာသည်။

ခိုက်ခိုက်တုန်အောင် အေးစိမ့်နေသော အအေးဓာတ်ပင်။

ထိုအခြေအနေက မြို့ပျက်ကြီးထဲ ပြန်ရောက်သွားသည့်အလား ရွှီချင်းကို ခံစားသွားရစေသည်။ အဖော်မဲ့နေသော ခံစားချက်များက သူ့ကိုယ်ထဲ တဖြည်းဖြည်း စိမ့်ဝင်လာ၏။

သို့သော်လည်း ရွှီချင်းသည် အဖော်မဲ့သောဘဝနှင့် နေသားကျနေပြီဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးများကို ပြန်မှိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။

ထိုသို့ဖြင့် အချိန်များက တရွေ့ရွေ့ကုန်လွန်သွားခဲ့သည်။

သူ ရွေးချယ်ခဲ့သည့် အနားယူရန် နေရာသည် လွန်စွာ သင့်တော်ပြီး ဘေးကင်းလုံခြုံသည်ဟု ယူဆနိုင်သည်။ ညသန်းခေါင်ယံရောက်သောအခါမှသာ ကျင့်ကြံနေသော ရွှီချင်းသည် အပြင်ဘက်လောကမှ ခြေသံများကို ကြားလိုက်ရသည်။

ထိုခြေသံများသည် လွန်စွာ ရှုပ်ထွေးလှပြီး လူပေါင်းများစွာ စီတန်း၍ ချီတက်လာကြသည့်အလားပင်။

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လေးနက်သောအမူအရာဖြင့် အပြင်ဘက်လောကို လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သစ်ခေါင်းပေါက်၏အပြင်ဘက်လောကကြီးသည် မှောင်မည်းနေပြီး မည်သည့်အရာကိုမျှ မမြင်ရချေ။

သို့စေကာမူ ရွှီချင်း၏နှလုံးသား ရုတ်ခြည်း လေးလံသွားသည်။ အနီးအနားတောအုပ်ထဲရှိ သားရဲများ၏ ဟိန်းဟောက်သံများ တိတ်ဆိတ်သွားပြီး ခြေသံများက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ရွှီချင်းသည် ချက်ချင်း သတိထားသွား၏။

ယခင်တစ်ခေါက်က သူ ကြုံတွေ့ခဲ့ရသော သီချင်းညည်းသည့်ခြေသံများအကြောင်းကို ပြန်တွေးမိလိုက်သည်။ သို့ပေမည့် ယခုတစ်ခေါက်ခြေသံများက မတူကွဲပြားသော ခံစားချက်မျိုးကို ပေးနေသည်။

“ အဲဒီနေ့တုန်းက သီချင်းညည်းခဲ့တဲ့ ခြေသံတွေလို မဟုတ်ဘူး။ ပြီးတော့ သီချင်းညည်းတဲ့အသံလည်း မရှိဘူး ”

ရွှီချင်းသည် ချက်ချင်း ကောက်ချချကာ မြန်မြန်ဆန်ဆန် မလှုပ်ရှားပေ။ သူက စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်၍ အသက်အောင့်ကာ အပြင်ဘက်ညအမှောင်ထုကြီးကို မမှိတ်မသုန် ကြည့်လိုက်သည်။

တဖြည်းဖြည်း ခြေသံများက ကြည်လင်ပြတ်သားလာပြီး လူတစ်စု စီတန်း၍ လျှောက်လာနေကြသည့်အလားပင်။

တချိန်တည်းမှာပင် လူတစ်ယောက်ကို အေးခဲသွားစေနိုင်သည့်အလား ဖော်ပြ၍မရနိုင်သော အေးစိမ့်လှိုင်းများသည်လည်း အကြမ်းပတမ်း တိုးဝှေ့ဝင်ရောက်လာသည်။

ထိုအအေးဓာတ်ကို ရွှီချင်း မကြုံဖူးသည်တော့ မဟုတ်။ ယခင်တစ်ခေါက်က သီချင်းညည်းသံ ပေါ်လာသောအခါက ဖြစ်စေ၊ မြို့ပျက်ကြီးထဲတွင် ထူးဆန်းသော သတ္တဝါများ ပေါ်လာသောအခါကဖြစ်စေ အလားတူ အအေးဓာတ်မျိုး ထုတ်လွှတ်သည်။

သို့ပေမည့် အအေးဓာတ်အဆင့်က မတူညီပေ။ ယခင်တစ်ခေါက် သီချင်းညည်းသံသည် သူ့ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်သည်အထိ ဖြစ်သွားစေခဲ့ပါသော်လည်း ယခု အအေးဓာတ်က သူ့ကို စိတ်မသက်မသာဖြစ်ရုံသာ ဖြစ်သွားစေခဲ့ပြီး သူ့ကိုယ်သူ ထိန်းချုပ်မှု မလွတ်ကင်းသွားခဲ့ပေ။

“ မြို့ပျက်ကြီးထဲက ထူးဆန်းတဲ့သတ္တဝါတစ်ကောင်လိုမျိုးပဲ ”

ရွှီချင်းသည် စဉ်းစားချင့်ချိန်ပြီးနောက် သံတုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ရင်ထဲမှ ခံစားချက်လှိုင်းများကို ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူသည် မျက်လုံး မဖွင့်ချင်သည့်အလား တင်းတင်းကြပ်ကြပ် မှိတ်လိုက်သည်။

မထိရ၊ မကြည့်ရ၊ မမြင်ရ …

ရွှီချင်း မျက်လုံးများ မှိတ်ထားပြီးနောက် ခြေသံများက ရုတ်တရက် မြန်ဆန်သွက်လက်လာပြီး တဖြည်းဖြည်း နီးကပ်လာသည်။ မရေမတွက်နိုင်သော လူများက သူရှိနေသည့် သစ်ပင်ပတ်လည်ကို ဝိုင်းထားကြသည့်အလားပင်။

ရွှီချင်း၏နှလုံးသားတစ်ခုလုံး တုန်ရီနေတော့သည်။ သူသည် မျက်လုံးများဖွင့်ကာ မည်သည့်အရာဖြစ်ကြောင်း ကြည့်ချင်နေသည့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်။

အချိန်အတော်အတန်ကြာသောအခါ ကောင်းကင်ယံ၌ နေမင်းကြီး မြင့်တက်လာပြီး နောက်ဆုံး၌ ခြေသံတရှပ်ရှပ်သည်လည်း ရပ်သွားကာ တဖြည်းဖြည်း အဝေးသို့ လျှောက်သွားလေသည်။

ကောင်းကင်ကြီး လင်းထိန်လာလေပြီ။

ရွှီချင်းသည် မျက်လုံးများကို ချက်ချင်း မဖွင့်ဘဲ ခဏကြာသည်အထိ စောင့်ပြီးသောအခါမှသာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် သူ နေသည့် သစ်ခေါင်းထဲ၌ လူတစ်ယောက်လုံးကို ပိတ်လှောင်ထားသည့် ရေခဲအလွှာတစ်ထပ် ရှိနေသည်ကို မြင်လိုက်ရသည်။

နေရောင်ခြည်တန်းများက ရေခဲအလွှာကို ဖောက်ထွင်း၍ ရွှီချင်း၏ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဘယ်လက်ဖြင့် ရေခဲအလွှာပေါ် ဖိလိုက်သည်။ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရေခဲအလွှာထုကြီး ပြိုကျကာ မြေပြင်ပေါ် ကျသွားသည်။

ရွှီချင်းက တဖြည်းဖြည်း သစ်ခေါင်းထဲမှ တိုးထွက်လာ၏။ ပထမဦးစွာ ဘေးပတ်ဝန်းကျင်ကို သူ လှမ်းအကဲခတ်လိုက်သောအခါ ယမန်နေ့က ရှိနေခဲ့သော ဝံပုလွေအသေကောင်များအားလုံး ပျောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့ပြင် မြေပြင်၌ ခြေရာများစွာ ရှိနေသည်။

၎င်းတို့က လူ့ခြေရာများ ဖြစ်ပေသည်။

ခြေရာများစွာ ရှိနေသည်ကို ထောက်ချင့်၍ လူရာဂဏန်းခန့် ဖြတ်သန်းသွားဟန်တူသည်။

တားမြစ်နယ်မြေတောအုပ်ထဲသို့ လူရာဂဏန်းခန့် အုပ်လိုက်ကြီး ရောက်လာကြသည်ကို ရွှီချင်း တစ်ခါမှ မကြားဖူးခဲ့ချေ။

အထူးသဖြင့် ထိုခြေရာများက အမှန်စင်စစ် လူ့ခြေရာများသာဖြစ်ပြီး ဖိနပ်ရာများ မဟုတ်ကြပေ။

ရွှီချင်းသည် ငြိမ်သက်သွားပြီး ခဏအကြာ အကြည့်လွှဲလိုက်သည်။ ယခု တားမြစ်နယ်မြေက ပို၍ပင် ထူးဆန်းအံ့သြစရာကောင်းလာကြောင်း သူ အာရုံခံမိလိုက်သည်။ ထို့နောက် ညသန်းခေါင်ယံအချိန်နှင့်ယှဉ်လျှင် မိုးသောက်ယံအချိန်၌ တားမြစ်နယ်မြေရှိ အန္တရာယ်များ လျော့ပါးလာတတ်သည့် အချက်ကို သူ အခွင့်ကောင်းယူ၍ လှစ်ခနဲ ထွက်ခွာသွားသည်။

နာရီအနည်းငယ်ကြာပြီးနောက် မိုးကြိုးအဖွဲ့ ခုနစ်ရွက်မြက်ပင်များကို သွားရောက်တူးဖော်ခဲ့သည့် လျှိုမြောင်လေးကို သူ ရောက်သွားသည်။

လျှိုမြောင်လေး၏အတွင်းပိုင်းက သူတို့ ထွက်ခွာသွားခဲ့သည့်အချိန်နှင့် ဆင်တူသည်။ နွယ်ပင်ကြီး၏ထိပ်ဖျားမှ နေရောင်ခြည်တန်းများ ဖောက်ထွင်းလာပြီး မြေပြင်ပေါ် ကျဆင်းနေသည်။။ ပန်းရနံ့များက လေအဝှေ့တွင် သင်းပျံ့နေပြီး ပြင်ပလောက၏အန္တရာယ်အငွေ့အသက်များနှင့် ကွဲပြားနေသည်။ ၎င်းက သုခရိပ်မြုံတစ်ခုအလားပင်။

ထိုနေရာရောက်သောအခါ ရွှီချင်းသည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ယင်းနောက် သူက ခေါင်းမော့ကာ ဘုရားကျောင်းအစုအဝေးများ တည်ရှိရာ လျှိုမြောင်လေး၏ တခြားအစွန်းတစ်ဖက်ကို လှမ်းကြည့်လိုက်သည်။

အတန်ငယ် ငေးမောကြည့်ပြီးနောက် သူသည် အကြည့်လွှဲလိုက်ပြီး အနည်းငယ် အနားယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး ဘုရားကျောင်းအစုအဝေးကြီးထံ တဟုန်ထိုး ပြေးသွားလေသည်။

လျှိုမြောင်အပြင်ဘက်ရှိ တောအုပ်ကြီးထဲ၌ သစ်ပင်ကြီးများစွာ ပို၍ပင် ပေါက်ရောက်နေကြပြီး နေရောင်ခြည်တန်းများလည်း နည်းပါးလှပေသည်။

All Chapters