အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
Ch 71
( မင်းအရမ်းကောင်းတဲ့အရာတွေကို ရရှိနိုင်လိမ့်မယ်)
ယန်ရှန်းကျန့်ယန်ကို လုယန်တင်ပြလိုက်သည်နှင့်၊ လျှို့ဝှက်နယ်မြေအတွင်းက ယွင်ဘိုးဘေးတစ်ယောက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကပ်ဘေးကြီးတစ်ခု ရုတ်တရက် ကျရောက်လာသလို ခံစားလိုက်ရသည်။
“.. နောက်ဆုံးတော့ ဖြစ်လာပြီလား”
ယွင်ဘိုးဘေး လက်ချိုးရေတွက်ပြီးသည်နှင့် အခြေအနေကို နားလည်လိုက်ပြီး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။
“ အဆုံးမှာငါ့ရဲ့ အတိဒုက္ခကို မရှောင်လွှဲနိုင်ခဲ့ပါ့လား”
သူ၏ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို ဘယ်သူမှ မသိရခြင်းမှာ ဂိုဏ်းခေါင်းဆောင်ကြောင့်သာ ဖြစ်လေသည်။ သို့ပေမဲ့ သူ့ကိုရှာတွေ့လို့သွားလို့ကတော့ ဂိုဏ်းခေါင်းဆောင်တောင်မှ သူ့ကို ကယ်တင်နိုင်တော့မှာ မဟုတ်ပေ။
တစ်နည်းပြောရလျှင် သူ့အသက်အပေါ် မူတည်နေသော လောင်းကစားမှာ သူ ရှုံးနိမ့်သွားခဲ့လေပြီ။ ဂိုဏ်းခေါင်းဆောင် ပေးထားသော တာဝန်ကို ကျရှုံးခဲ့သည့်အတွက် သူ့အနေဖြင့် အခြေခံတည်ထောင်ခြင်းအဆင့်ကို ပြန်ရောက်နိုင်တော့မှာ မဟုတ်ဘူး.. ထို့အတူ အခြေခံတည်ထောင်ခြင်းအိမ်တော် တစ်ခုမဟုတ်တော့ဘဲ တဖြည်းဖြည်း အာဏာကျဆင်းသွားတော့မည့် ယွင်အိမ်တော်ကို သူ တဆတ်ထဲ မြင်ယောင်မိလိုက်သည်။ ယွင်အိမ်တော် ကျရှုံးသွားပြီး.. မတော်လျှင် ဖျက်ဆီးခံရပေလိမ့်မည်။
“.. မဟုတ်ဘူး၊ မျှော်လင့်ချက်ရှိသေးတယ်”
လုယန်ကိုကြည့်နေသော ယွင်ဘိုးဘေး၏ မျက်လုံးထဲမှာ လူသတ်အရိပ်အငွေ့တွေ ပြင်းထန်လာခဲ့သည်။ သူ၏လုယန်အပေါ် ထားသော အမုန်းတရားများက ပြင်းထန်လွန်း၍ မြစ်ကြီးသုံးပါးဖြင့် ဆေးကြောလျှင်တောင်မှ ပြောင်နိုင်တော့မည် မထင်ချေ။
နောက်တစ်စက္ကန့်မှာ ယွင်ဘိုးဘေး၏ မျက်နှာထားက ပြန်လည်တည်ငြိမ်သွားသည်။
သူ၏အတွေးတစ်ချက်မှာ နေရာစုံ၌ ပျံ့ကျဲနေသော ထိုက်ယီရွှေကြာပွင့်သိုင်း၏ အလင်းသုံးသွယ်က သူရှိရာကို ပြန်ပြေးလာကာ၊ လက်ချောင်းထိပ်မှာ စုဝေးနေရင်းမှ အဆုံးမှာ ဓားချီတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဓားချီ၏အစွမ်းမှာ ပြင်းထန်လွန်း၍ ဓားတစ်ချက်နဲ့ ကမ္ဘာရဲ့မူလအစကို ပြန်ရောက်စေလိမ့်မည်ဟုတောင် တင်စားရသည်။
ဓားချီ၏ပုံစံက သာမာန်လိုမျိုးသာ ထင်ရပေမဲ့၊ တကယ်တော့ ထိုဓားချီက ရန်သူ၏ ကံတရားကို ပိတ်လှောင်ပစ်လိုက်တာမျိုး ဖြစ်သည်။ ရန်သူ၏ကံကြမ္မာအမှတ် ရှိနေသရွေ့ ဓားချီကလည်း ပျောက်ပျယ်သွားမှာ မဟုတ်ပေ။
အတိတ်မှာတုန်းက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်း၏ ရွှေအမြုတေဂိုဏ်းခေါင်းဆောင်သည် ရှေးဟောင်းကဝေဂိုဏ်းကို တိုက်ခိုက်စဥ်က အသုံးပြုခဲ့သော ဓားချီသည်လည်း ထိုက်ယီရွှေကြာပွင့်သိုင်း၏ ကြီးမြတ်သော နတ်စွမ်းရည်ကို အခြေခံခဲ့တာပင်။ ထိုဓားချက်၏ တိုက်ခိုက်မှုခံခဲ့ရစဥ်က ရှေးဟောင်းကဝေဂိုဏ်းသားတွေ တစ်ယောက်မှ အသက်မရှင်ခဲ့ပေ။ ထို့အပြင် ရှေးဟောင်းကဝေဂိုဏ်းက လျှို့ဝှက်နယ်မြေအတွင်းမှာ အမွေအနှစ် ချန်ခဲ့နိုင်သည့်အတွက် ရှေးဟောင်းကဝေဂိုဏ်း၏ ကံတရားက အပြီးတိုင် မပျောက်သေးလေရာ၊ ထိုဓားချီကလည်း နှစ်တစ်သောင်းကြာသည်အထိ လျှို့ဝှက်နယ်မြေနှင့်အတူ ရှိနေခဲ့သည်။
သို့ပေမဲ့ ဤဓားချက်ကို လူတိုင်းအသုံးပြုနိုင်သည်တော့ မဟုတ်ပေ။
ဓားချက်အတွင်းမှာ ကောင်းကင်ဘုံ၏ ကံကြမ္မာကြိုးမျှင်တွေကို ယူအသုံးပြုရသည့်အတွက် အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူသာလျှင် အသုံးပြုနိုင်သည်။ အခုယွင်ဘိုးဘေးသည် အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ မဟုတ်သည့်အတွက် ဓားချက်ကို အသုံးပြုလိုပါက၊ သူ၏တစ်ဘဝလုံးကို စတေးဖို့လိုအပ်သည်။
တစ်နည်းပြောရလျှင် သူသည်လည်း လုယန်နှင့်အတူ ပျောက်ကွယ်သွားရမှာပင်။
“ ကြွေ့ထျန်းရတနာလဲ အတူရှိနေတဲ့အတွက် ငါသာဒီကောင့်ကို သတ်နိုင်ရင် ငါပြန်မွေးဖွားပြီး လွတ်မြောက်နိုင်ချေ ရှိတယ်”
အခုအကြိမ်သည် သူ၏ဒုတိယမြောက် ပြန်မွေးဖွားခြင်းဖြစ်သည့်အပြင်၊ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို မရောက်သေးဘဲ နောက်ထပ် တတိယအကြိမ်မွေးဖွားခြင်းကို အတင်းအကျပ် ရယူလိုက်သည့်အတွက် သူ၏နောက်ဘဝသည် သာမာန်သူတစ်ဦး ဖြစ်သွားကာ၊ ဘယ်တော့မှ အောင်မြင်နိုင်တော့မှာ မဟုတ်ပေ။
“ အနည်းဆုံးငါမင်းကို သတ်လို့ရတယ်”
ယွင်ဘိုးဘေးက လုယန်ကို စူးရှစွာကြည့်နေရင်းမှ နတ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။ သူ၏အဆီအနှစ်၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဥ်.. အရာအားလုံးက လက်ချောင်းထိပ်ရှိ ဓားချီမှာ ဝင်ရောက်ပေါင်းစည်းသွားသည်။
“ ဝုန်း”
ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ဓားချီက လုယန်ရှိရာကို ပေါက်ကွဲထွက်လာ၏။ လုယန် ချက်ချင်း အကြပ်ရိုက်သွားတော့သည်။
“ ခင်ဗျားက အသေခံပြီးကို တိုက်ချင်နေတာလား”
လုယန်ချက်ချင်းပဲ ရွှေစင်ခန္ဓာနှင့် မူရင်းခန္ဓာကို ပေါင်းစည်းပစ်လိုက်သည်။ ထို့နောက် ပြေးလာနေသော ဓားချီကို ဧရာမလက်ကြီးနှစ်ဖက်ဖြင့် ဖမ်းဆုတ်လိုက်၏။
နှစ်ဖက်တွေ့ကြသည်နှင့် လက်ဖဝါးကြီး၏ အစိတ်အပိုင်းတစ်ချို့က ဖောက်ထွက်ခံရသလို.. ဓားချီသည်လည်း နည်းပါးသွားသည်။ သို့သော် လုယန်၏ ကံတရားရှိနေသရွေ့ မပျောက်ပျယ်နိုင်သော ဓားချီက ကောင်းကင်နှင့်မြေကြီးကြားက အစွမ်းကိုအငှားယူရင်း ကိုယ့်ကိုယ်ကို ပြန်အားဖြည့်လိုက်ရာ၊ နဂိုအခြေအနေ ပြန်ရောက်ရှိသွားသည်။
တစ်ဖက်က ရွှေစင်ခန္ဓာကိုယ်၏လက်ဝါးကတော့ လုယန်၏ ချီစွမ်းအင်ဖြင့် ထောက်ပံ့ပေးထားရခြင်းသာ ဖြစ်ပြီး ဓားချီလိုမျိုး အဆုံးမရှိသော စွမ်းအင်အထောက်အပံ့ကို မရထားသောကြောင့် တဖြည်းဖြည်း ပုံပျက်လာသည်။ ပြင်းထန်သော တန်ပြန်အစွမ်းကြောင့် လုယန်၏ခန္ဓာကိုယ် အတွင်းပိုင်းလည်း ထိခိုက်သွားရသည်။
ထိုသို့ဖြင့် နှစ်ဖက်လုံး နောက်မဆုတ်သာ၊ ရှေ့မတိုးသာ အခြေအနေကို ရောက်လာကြ၏။
ယွင်ဘိုးဘေး ထိုမြင်ကွင်းကြောင့် သက်ပြင်းအသာချလိုက်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အခုချိန်မှာ မရှိတော့ဘဲ.. ချီစွမ်းအင်အလုံးတစ်ခုကိုသာ မြင်တွေ့ရပေမည်။
သူ့အနေနှင့် ရှေးဦးသူတော်စင်ဂိုဏ်းဘက်က စစ်ကူတွေ ရောက်မလာခင် အမြန်ပြန်မွေးဖွားဖို့ သွားသင့်ပေပြီ။
ထိုအချိန်မှာပဲ ယွင်ဘိုးဘေး ရုတ်တရက် ကျောချမ်းသွား၍ အနောက်လှည့်ကြည့်လိုက်ရာ၊ သူ့ကို ခပ်မဲ့မဲ့ ပြုံးပြနေသော လုယန်ကို မြင်လိုက်ရ၏။
“ အကိုကြီးက သွားတော့မလို့လား”
နောက်တစ်စက္ကန့်မှာပဲ လုယန်က သူ၏ချီစွမ်းအင်တစ်ပိုင်းကို ဆွဲယူလိုက်ပြီး အလင်းဝိုင်းတစ်ခုကို ထွက်ပေါ်စေကာ၊ သူ၏ပုံရိပ်ကို ထိုအလင်းဝိုင်းထဲ အရိပ်ထင်စေတာကို မြင်နေရသည်။
“.. မကောင်းတော့ဘူး”
ယွင်ဘိုးဘေး မျက်စံတွေကျဥ်းမြှောင်းသွားကာ၊ ထိတ်လန့်မှုနှင့် ဒေါသတရားကြား၌ သူ၏ခံစားချက်တွေ ပိတ်မိသွားတော့သည်။
“ အရိပ်ဖမ်းသိုင်း.. သူငါ့ရဲ့ချီကို ဘယ်လိုရသွားတာလဲ”
.
အရိပ်ဖမ်းသိုင်းသည် လူတစ်ယောက်၏.ချီစွမ်းအင်ကို ရရှိသည်နှင့် အကွာအဝေး ဘယ်လောက်ရှိနေပါစေ၊ ထိုသူကို သတ်နိုင်စွမ်း ချီးမြှင့်ပေးထားသည်။ အရိပ်ဖမ်းသိုင်းကို လုယန် တတ်ထားမှန်း သူသိသောကြောင့် တိုက်ခိုက်စဥ်မှာ သူအလွန်ဂရုစိုက်ခဲ့သည်။ သူ၏ချီစွမ်းအင် အနည်းငယ်ကိုတောင်မှ မကျန်ရစ်ခဲ့ပေ။
လုယန် ဘယ်လိုရသွားလဲ သူလုံးဝ နားမလည်တော့ချေ။
သူ၏အခုအခြေအနေမှာသာ အရိပ်ဖမ်းသိုင်းဖြင့် ထပ်အသတ်ခံလိုက်ရလို့ကတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အကာအကွယ် မရှိတော့သောကြောင့် ဝိညာဥ်ပြိုကွဲသွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူပြန်လည် မွေးဖွားနိုင်တော့မှာ မဟုတ်ပေ။
“ ကြွေ့ထျန်း သခင်ကြီး၊ ကျုပ်ကို ကယ်ပါအုံး”.
ယွင်ဘိုးဘေး ရွေးချယ်စရာမရှိဘဲ ပြန်လည်မွေးဖွားဖို့ လုပ်နေတာကို ယာယီရပ်လိုက်ရသည်။ ထို့နောက်သူ့ဝိညာဥ်က ကြွေ့ထျန်းရတနာကို အသက်သွင်းပြီး အရိပ်ဖမ်းသိုင်းကို ခုခံနိုင်ဖို့ ကြိုးစားလိုက်သည်။
“ နောက်ကျသွားပြီ”
လုယန်ကလည်း ချက်ချင်းပဲ လက်တစ်ဖက်နှင့် ယွင်ဘိုးဘေးအရိပ်ထင်နေသော အလင်းဝိုင်းကို မြင်သာစွာ ယမ်းပြလိုက်ပါသည်။
ယွင်ဘိုးဘေး ဂရုမစိုက်ဘဲ အာရုံကိုစုဝေးပြီး ခုခံဖို့ရန် အသင့်ပြင်ထားလိုက်သည်။
သို့ရာ အချိန်တစ်ခုကြာသည်အထိ ဘာမှမထူးသေးသည့် အတွက်၊ သူမှင်သက်သွားတော့သည်။ အရိပ်ဖမ်းသိုင်း၏ပုံရိပ်က အခုထိ အပြင်ကို ထွက်မလာသေးပေ.. မသိလျှင် အတုကြီးအတိုင်းပဲ။
“ မဟုတ်ဘူး”
ဒါအတုအယောင်တွေပဲ.. သူအချိန်ဆွဲနေတာ..
ယွင်ဘိုးဘေး ရုတ်ချည်း သတိဝင်သွားပြီး ထပ်အချိန်မဖြုန်းရဲတော့ပေ။ သူ လက်တစ်ဖက်ယမ်းကာ လေဟာနယ်ဝင်ပေါက် တစ်ခုကို ဖန်တီးပြီး ထိုဝင်ပေါက်အတွင်း ခုန်ချဖို့ လုပ်လိုက်သည်။
ထိုအချိန်မှာ လျှို့ဝှက်နယ်မြေအတွင်းကို များပြားသော ချီစွမ်းအင်တွေ ဝင်ရောက်လာခဲ့သည်။
“ ကောင်းကင်နဲ့မြေကြီး ချိတ်ပိတ်စေ”
လျှို့ဝှက်နယ်မြေ အတွင်းအပြင်တစ်ခုလုံးမှာ တည်ငြိမ်သောအသံတစ်ခု ပဲ့တင်ထပ်သွားသည်။ ထိုမန္တာန်စကားကြောင့် ယွင်ဘိုးဘေး၏ လေဟာနယ်ဝင်ပေါက်လည်း ချက်ချင်း ပိတ်သွားသည်။
“ မဟုတ်ဘူး”
ထိုဝင်ပေါက်သည် ပြန်မွေးဖွားရာ လမ်းကြောင်းဖြစ်သည်။ နောက်ဆုံးမျှော်လင့်ချက် ပျောက်ကွယ်ရသောကြောင့် ယွင်ဘိုးဘေး လုယန်ကို အလွန်ရုပ်ဆိုးစွာ လှည့်ကြည့်လာပါတော့၏။
“ မင်းငါ့ကို လှည့်စားရဲတယ်”
“ မကျေနပ်ဘူးလား၊ ခင်ဗျားဘာလုပ်ချင်လဲ”
လုယန် ခပ်ဖွဖွ ပြုံးပြနေချိန်မှာပဲ လျှို့ဝှက်နယ်မြေအပြင်ဘက်ကနေ လက်ဝါးကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာပြီး သူ့ကိုဖမ်းဆုတ်ထားသော ဓားချီစွမ်းအင်ကို လုံးချေပစ်လိုက်သည်။
ဓားချီကဘယ်လောက်အင်အားကြီးနေပါစေ၊ တစ်ဆင့်မြင့်သော အင်အားကိုတော့ မခံနိုင်ပါချေ။
“ ဒါအခြေခံတည်ထောင်ခြင်းနယ်ပယ်ပဲ”
လုယန် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူ အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည့်တိုင်အောင်၊ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူများ၏ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများအပေါ် လွှမ်းမိုးနိုင်စွမ်းက အမြဲတမ်း အံ့သြအောင်လုပ်နိုင်ဆဲပင်။
နောက်တစ်စက္ကန့်မှာ လုယန်၏ဘေး၌ ယန်ရှန်းကျန့်ယန် ပေါ်လာခဲ့သည်။
“ တော်တယ်”
ယန်ရှန်းကျန့်ယန်က လုယန်ကို ချီးကျူး ပြီးသည်နှင့် ယွင်ဘိုးဘေးကို လှည့်ကြည့်ကာ စိတ်လိုလက်ရ ရယ်မောပါတော့၏။
“ ဒီတော့ မင်းပေါ့လေ အဘိုးကြီးယွင်ချင်းချွမ်”
“ယန်ရှန်းကျန့်ယန်”
ယွင်ဘိုးဘေး၏.နှုတ်ခမ်းက ပွင့်ဟနေပြီး တစ်စုံတစ်ခု ပြောမလို့ဟန်ရှိသည်။ သို့သော် ယန်ရှန်းကျန့်ယန်က တစ်ချက်တောင် ခွင့်မပေးဘဲ လက်မြှောက်ကာ ထိုသူ၏ ဝိညာဥ်ကို ရိုက်ချလိုက်တော့သည်။
ဝုန်း
မကြာခင်မှာ ယွင်ဘိုးဘေး၏ မှတ်ဉာဏ်တွေ အားလုံး ဖျက်ဆီးခံလိုက်ရပြီး.. ဝိညာဥ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ယွင်ဘိုးဘေးသည် အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူ ဖြစ်ခဲ့သူတစ်ဦးသာ.. အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ၏ ဝိညာဥ်လက္ခဏာရပ်တစ်ချို့ကို ရရှိထားလျှင်တောင်မှ စစ်မှန်သော အခြေခံတည်ထောင်ခြင်း ကျင့်ကြံသူအရှေ့မှာ မနှိုင်းယှဥ်နိုင်ပါချေ။ ထို့အပြင် အရိုးတောင် အမှုပြီးကတည်းက ယန်ရှန်းကျန့်ယန်၏ ကျင့်ကြံမှုက အဆင့်တက်ခဲ့ပြီး.. အခုဆိုလျှင် အခြေခံတည်ထောင်ခြင်း အလယ်နယ်ပယ်ကိုပါ ရောက်လာခဲ့ပြီဖြစ်သည်။
ဘိဘိ
ယွင်ဘိုးဘေး သေဆုံးသည်နှင့် ပိုင်ရှင်မဲ့သွားသော ကြွေ့ထျန်းရတနာက စတင်တုန်ခါလာသည်။ ယန်ရှန်းကျန့်ယန် အများကြီးစဥ်းစားမနေဘဲ ဆွဲယူကာ၊ အသေးစိတ် စစ်ဆေးလိုက်၏။
“ တကယ်ကို ကောင်းမွန်တဲ့ရတနာပဲ”
ကြွေ့ထျန်းရတနာကြောင့်မလို့ ကံတရားကို လုံးဝပိတ်သိမ်းနိုင်ခဲ့ပြီး လျှို့ဝှက်နယ်မြေအတွင်းမှာ စိတ်ကြိုက်ခြယ်လှယ်နိုင်ခြင်းကြောင့် ကြွေ့ထျန်းရတနာ၏အစွမ်းကို ယန်ရှန်းကျန့်ယန်တောင်မှ မလွန်ဆန်နိုင်တော့ပေ။
သို့ပေမဲ့ ဤကိစ္စက ကျောက်စိမ်းဓားအိမ်တော်၏ အခြေခံတည်ထောင်ခြင်းကျင့်ကြံသူနှင့် သက်ဆိုင်နေသည်။ သူ့အနေဖြင့် မဖြစ်မနေ တင်ပြဖို့လိုအပ်ပြီး ဂိုဏ်းခေါင်းဆောင်၏ အဆုံးအဖြတ်ကို လိုအပ်သေးသည်။ သို့သော် တင်ပြလိုက်တာနှင့် ဤရတနာအကြောင်းကို လူတိုင်းသိသွားပြီး.. သူ့အတွက် ကပ်ဘေးတစ်ခု ဖြစ်လာပါလိမ့်မည်။ သူ့မှာ ကြွေ့ထျန်းရတနာကို ထိန်းသိမ်းဖို့ရန် လုံလောက်သော အင်အားမရှိသေးချေ။
ထိုအချိန်မှာပဲ လုယန်က ရုတ်တရက် အရှေ့တိုးလိုက်ပြီး အရိုအသေပေးလာ၏။
“ ပထမအကိုကြီး ကျွန်တော် အရဲစွန့်ပြီး တောင်းဆိုချင်တာရှိပါတယ်။ ယွင်ဘိုးဘေးရဲ့ဝိညာဥ်ကို ကျွန်တော့်ကို ခဏလောက် ငှားပေးလို့ ရမလား။ ဆယ်နှစ်နေရင် ကျွန်တော် သေချာပေါက် ပြန်ပေးပါ့မယ်”
“ အိုး.. မင်းက ဒီဘိုးတော်ရဲ့ ဝိညာဥ်ကို လိုချင်လို့လား”
ယန်ရှန်းကျန့်ယန် မျက်ခုံးတစ်ဖက်ပင့်သွားကာ လုယန်ကို လှည့်ကြည့်လိုက်သည်။
“ မင်းကရဲတင်းလှချည်လား။ ဒါပေမဲ့ ဒီကိစ္စက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းနဲ့ သက်ဆိုင်နေတယ်။ ငါတင်ပြလိုက်ရင် ဂိုဏ်းခေါင်းဆောင်ဆီမှာ အကုန်အပ်ရမှာ”
“ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
ယန်ရှန်းကျန့်ယန်က ခပ်ပြုံးပြုံး ကြည့်လိုက်ပြီးမှ စကားဆက်၏။
“ မင်းသာငါ့ကို ဒီကိစ္စကို ကူညီပြီးဖုံးပေးရင် ဘယ်သူမှ မတင်ပြသလို၊ ဘယ်သူမှလည်း မစုံစမ်းတော့ဘူး။ ဒါဆိုရင် ဒီရတနာကော၊ ဝိညာဥ်ကိုကောကို ထိန်းထားလို့ရတယ်”
လုယန် အံ့သြသွားပြီး ထို့နောက် ချက်ချင်း ရှုတ်ထွေးစွာ လှည့်ကြည့်လိုက်တော့၏။
“ ဘာကိုဖုံးကွယ်ရမှာလဲ”
“.. ကောင်းတယ်၊ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်အနေနဲ့ မင်းက ကြီးမြတ်တဲ့အောင်မြင်မှုကို ယူနိုင်စွမ်းရှိတာပဲ”
သူတို့နှစ်ဦးသည် အချင်းချင်း.နားလည်စွာ ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
နောက်တစ်စက္ကန့်မှာပဲ ယန်ရှန်းကျန့်ယန်က ယွင်ဘိုးဘေး၏ ဝိညာဥ်ကို ပစ်ပေးခဲ့ပြီး ကြွေ့ထျန်းရတနာနှင့်အတူ လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်သွားခဲ့သည်။
………
Ch 72
( အခြေခံတည်ထောင်ခြင်း)
နောက်တစ်နေ့မနက်မှ လုယန် လျှို့ဝှက်နယ်မြေအတွင်းကနေ ပြန်ထွက်လာခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်းက အဖြစ်အပျက်ကတော့ ဖုံးကွယ်ရမည်ဖြစ်၍ လျိုဝူယန်းတောင်မှတိတ်ဆိတ်နေကာ၊ လုယန်တစ်ယောက် လျှိို့ဝှက်နယ်မြေအတွင်း တစ်ခါမှ မသွားခဲ့ဖူးသလို ပြုမူနေလေသည်။
လုယန်ကလည်း ယန်ရှန်းကျန့်ယန် တစ်ခါထဲ သန့်စင်ပေးခဲ့သော ယွင်ဘိုးဘေး၏ ဝိညာဥ်ကို အသင့်ရလိုက်သည့်အတွက်၊ ပျော်ရွှင်စွာ လက်ခံထားပြီး ဘယ်သူ့ကိုမှ ကြွားဝါမည် မဟုတ်ချေ။ ယန်ရှန်းကျန့်ယန် စိတ်ချစေရန်အတွက် သူသည် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာခဲ့သည့်တိုင်အောင် ပြန်မသွားတော့ဘဲ
ယန်ရှန်းကျန့်ယန် အပိုင်ရထားသော အရိုးတောင်အတွင်းမှာပဲ ဂူတစ်ခုယူပြီး ကျင့်ကြံနေလိုက်သည်။
တောတောင်အတွင်းမှာ ကျင့်ကြံရခြင်းသည် အချိန်ကို ဘယ်လိုကုန်လို့ကုန်မှန်းတောင် မသိစေခဲ့ဘဲ.. မြန်ဆန်စွာဖြင့် နွေဦးဆယ်ခုကို သူကျော်ဖြတ်ပြီးသွားခဲ့သည်။
ထိုနေ့မှာ လုယန် တရားထိုင်နေရာမှ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ သူ့လက်ထဲ ရောက်လာတာ ဆယ်နှစ်ရှိခဲ့ပြီဖြစ်သော တာအိုစာလိပ်ရတနာအပေါ်မှာ အက်ကွဲကြောင်းအများကြီးကို မြင်လိုက်ရ၏။
“ ကြည့်ရတာ ဒီရတနာက ကန့်သတ်ချက် ရှိတဲ့ပုံပဲ”
ဆယ်နှစ်တာ တစ်ချိန်လုံးမှာသူသည် တာအိုစာအုပ်ရတနာကို အမြဲတမ်းလိုလို ဖွင့်လှစ်ခဲ့ရပြီး.. ထိုအကြောင်းကြောင့်ပဲ သူ၏ကျင့်ကြံမှုက မထင်ထားသော တိုးတက်မှုတွေကို ရရှိခဲ့သည်။.
ကျင့်ကြံမှုသာမက၊ အစီအမံပညာ.. မန္တာန်ပညာရပ်တွေအတွက်ပါ အသုံးပြုခဲ့ရသည်။
ထို့အပြင် အရေးကြီးဆုံးမှာ သူသည် သက်တမ်းတစ်ရာစာအုပ်ကို အသက်မဝင်စေဘဲ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို ပြည့်ဝစေမည့် လျှို့ဝှက်နည်းလမ်းကိုပါ ရရှိခဲ့သည်။
လုယန်ကတော့ ထိုနည်းလမ်းကို “ယင်တစ္ဆေအမတ” လို့ ခေါ်ခဲ့သည်။
ရိုးရိုးလေးရှင်းပြရလျှင်တော့ ထိုနည်းလမ်းက ဝိညာဥ်ကိုပြင်းထန်သော ဆန္ဒများဖြင့် ကျန်ရစ်စေရင်း.သေဆုံးရခြင်းပဲ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သေပြီးနောက် ထွက်ပေါ်လာသော ယင်တစ္ဆေသည် ပြန်လည်မမွေးဖွားဘဲ လောကတခွင်မှာ သွားလာနေမည်။
လုယန်သည်လည်း အခြေခံတည်ထောင်ခြင်း ဝိညာဥ်များ၏ အခြေအနေနှင့် အလားတူဖြစ်အောင်ဖန်တီးလိုက်ရင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် သေဆုံးသည့်တိုင်အောင်၊ ဝိညာဥ်ကို ထိန်းသိမ်းနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ထိုသို့ဖြင့် သက်တမ်းတစ်ရာစာအုပ်ကို အသက်မဝင်စေဘဲ အလောင်းအသွင်ပြောင်းခြင်းအမတသိုင်း၏ နောက်ဆုံးအဆင့် သေပြီးမှအသွင်ပြောင်းခြင်းကို ရယူနိုင်လိမ့်မည်။
“ ဒါငါ့ရဲ့နောက်ဘဝ ပန်းတိုင်ပဲ”
သူ၏အခုဘဝသည် သူတော်စင်သူခိုးသိုင်းနှင့်တင် အချိန်အများကြီး ပေးဆပ်ခဲ့ရသည်။
အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းက သူတော်စင်သူခိုးသိုင်းနှင့် နှိုင်းယှဥ်ရလျှင် ပိုလို့တောင် သန်မာသည့်သိုင်းတစ်ခုပဲ.. သေချာပေါက် ပေးဆပ်ရမည့်အချိန်ကလည်း မေးခွန်းထုတ်နေစရာ မလိုအပ်ပါချေ။
လုယန် တွေးနေတာ ရပ်လိုက်ပြီး နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
ထိုအရာကတော့ ကျောက်ရှဟယ်၏ ကန့်သတ်ချက်ခံထားရသော ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက် ခိုးယူခြင်းသိုင်းပဲ ဖြစ်လေသည်။
ထိုသိုင်းကိုသာ ကျင့်ကြံနိုင်လျှင် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ ဆယ်ရာခိုင်နှုန်း သေချာသွားမည်။
လုယန် လက်ဖြင့် ကျောက်စိမ်းပြားကို တစ်ချက်ရိုက်လိုက်သည်။ ထင်သည့်အတိုင်းပင် အနှစ်ရှစ်ဆယ်ကြာပြီးနောက်မှာ ကန့်သတ်ချက်က အလိုအလျောက် ပျောက်ကွယ်သွားပြီး အထဲက အကြောင်းအရာများ.ထွက်ပေါ်လာ၏။
“ အကိုကျောက်က ရိုးသားတဲ့သူတစ်ယောက်ပဲ။.ဘာမှ မချန်ထားတဲ့အပြင် မှတ်ချက်တောင် ရေးပေးထားသေးတယ်”
အထဲပါ အကြောင်းအရာများကို လုယန် အလွတ်မှတ်သားလိုက်တော့သည်။
“ အိုး ဟုတ်သားပဲ၊ အကိုကျောက် ငါ့ကို အကြွေးတင်နေသေးတယ်.. ငါ့နောက်ဘဝမှာ ဒါကိုလုံးဝ မေ့လို့မဖြစ်ဘူး”
နောက်တစ်လကြာပြီးနောက်မှာ လုယန် လှိုဏ်ဂူမှအပြင် ထွက်လာခဲ့သည်။
သို့ပေမဲ့ သူအပြင်ရောက်ချိန်မှာ သတင်းကြီးတစ်ခု ကြားလိုက်ရ၍ အံ့သြသွားတော့သည်.. မြစ်သုံးသွယ်အဖွဲ့၏ ဒုတိယအကိုကြီး လျိုဝူယန်းသည် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ဖို့ရန် ကျရှုံးပြီး သေဆုံးသွားခဲ့သည့် အကြောင်းပင်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယန်ရှန်းကျန့်ယန်၏ ဂူအတွင်းမှ လုယန် သက်ပြင်းဖွဖွ ချပြီး စကားဆက်လိုက်သည်။
“ ကျွန်တော်နဲ့ ဒုတိယအကိုလျိုနဲ့ ဆက်ဆံရေးကောင်းခဲ့တယ်.. ဒီတစ်ခေါက် အပြင်ထွက်ရင် တစ်ခါလောက် သွားသောက်အုံးမယ် တွေးထားခဲ့တာကို”
ယန်ရှန်းကျန့်ယန်ကလည်း ခေါင်းယမ်းလိုက်လေကာ
“ ဟုတ်တယ်၊ စိတ်မကောင်းစရာပဲ။ ဒုတိယညီလေးလျိုက ကောင်းကင်ဘုံရဲ့တာဝန် ဆိုတဲ့သိုင်းကို အဓိကကျင့်ထားတာ၊ အဲ့ဒီသိုင်းက အဆင့်သုံးချီစွမ်းအင်ကို ရရှိစေတယ်။ ပြီးတော့ သူ့မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ် အတွက် အကူအညီဖြစ်စေနိုင်တဲ့ ကြီးမြတ်တဲ့နတ်စွမ်းအားရတဲ့ သိုင်းကိုလဲ ကျင့်ထားသေးတယ်။ သူ့မှာ အဆင့်တက်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းလောက် ရှိထားတာ”
အခြေခံတည်ထောင်ခြင်းကို တက်လှမ်းရခြင်းက ကောင်းကင်ဘုံကို တက်ရသည်ထက် ခဲယဥ်းသည်။
လုယန်တောင်မှ အခုဆိုလျှင် အသက်တစ်ရာ ရောက်နေပြီဖြစ်သည်.. လျိုဝူယန်းက သေချာပေါက် သူ့ထက် အသက်ကြီးပေလိမ့်မည်။ ထိုအသက်အရွယ်မှာ အဆင့်တက်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းက အသက်စွန့်ကြိုးစားဖို့ရန် လုံလောက်ပါ၏။
သို့ပေမဲ့ သူရှုံးနိမ့်သွားခဲ့တာတော့ စိတ်မကောင်းစရာပင်။
ယန်ရှန်းကျန့်ယန်က ခဏလောက် သက်ပြင်းချလိုက်ပြီးမှ လုယန်ကို လှမ်းကြည့်လိုက်သည်။
“ မင်းလဲအခု အပြင်ထွက်လာတာ အခြေခံတည်ထောင်ခြင်းကို အဆင့်တက်မလို့ မလား”
“ ပထမအကိုကြီး တွေးတာမှန်ပါတယ်”
လုယန် ချက်ချင်းပဲ ယွင်ဘိုးဘေး၏.ဝိညာဥ်ကို ထုတ်ပေးလိုက်ကာ၊ နက်ရှိုင်းသောလေသံဖြင့် ဆက်ပြောလိုက်၏။
“ ကျွန်တော်က ပထမအကိုကြီးကို လာတွေ့ပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံဖို့ စီစဥ်ထားတာပါ”
“ မင်းကတကယ်ကို ပါရမီရှင်ပဲ။ ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ ထိုက်တန်တယ်”
ယန်ရှန်းကျန့်ယန်က မုတ်ဆိတ်မွှေးကို သပ်တင်လိုက်ရင်းမှ လုယန်ကို ပြုံးပြလာကာ
“ အခုငါပြန်တွေးကြည့်လိုက်တော့ အရိုးတောင်မှာ မင်းရဲ့ကံတရားကို နှောက်ယှက်ခဲ့ပြီး မင်းရဲ့အနှစ်သုံးဆယ်ကို ဖြုန်းတီးလိုက်မိတာ အနည်းငယ် နောင်တရမိတယ်။ မဟုတ်ဘဲနဲ့ မင်းသာအခုထက် အနှစ်သုံးဆယ် ထပ်ငယ်အုံးမယ်ဆိုရင် မင်းရဲ့အဆင့်တက်နိုင်စွမ်းက ပိုမြင့်သွားမှာ”
လုယန် ခေါင်းယမ်းလိုက်တော့သည်။
“ ပထမအကိုကြီး ချီးကျူးလွန်းနေပါပြီ”
“ ငါဘယ်တော့မှ မလိုအပ်ပဲမပြောဘူး”
ယန်ရှန်းကျန့်ယန် လက်တစ်ဖက် ယမ်းလိုက်သည်နှင့် လုယန်၏.လက်ထဲကို ကျောက်စိမ်းပြားတစ်ခု ရုတ်တရက် ကျလာခဲ့သည်။ ကျောက်စိမ်းပြားပေါ်မှာ ထင်ရှားစွာ ရှိနေသော စာလုံးနှစ်လုံးက.. အဆင့်တက်ခြင်း။
“ ဒီအဆင့်တက်ခြင်းတံဆိပ်ပြားက ငါမင်းကို အရိုးတောင်မှာ မပေးလိုက်ရတဲ့ပစ္စည်းပဲ။ ဒုတိယညီလေးက မလိုအပ်ခဲ့ဘူး.. တတိယညီလေးကလည်း အမှောင်အလင်းတိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီ”
“ မင်းယူလိုက်တော့”
လုယန် အံ့သြသွားပြီး ချက်ချင်း လက်နှစ်ဖက် ယမ်းပြလိုက်လေကာ
“ ပထမအကိုကြီး ကျွန်တော် မယူသင့်ပါဘူး”
“ တော်စမ်း” ယန်ရှန်းကျန့်ယန်က စိတ်မရှည်စွာ ဆက်ပြောလေသည်။
“ ငါကယူခိုင်းနေရင် ယူလိုက်ပေါ့။ မင်းသာ အခြေခံတည်ထောင်ခြင်းကို တကယ်တက်နိုင်ခဲ့ရင် ကိစ္စကောင်းတစ်ခု ဖြစ်လာမှာပဲ”
လုယန် ရွေးစရာမရှိတော့ဘဲ အဆင့်တက်ခြင်းတံဆိပ်ပြားကို လက်ခံလိုက်ရတော့သည်။ သူ၏နှလုံးသားထဲက မျှော်လင့်ချက်ရောင်ခြည်လေး စတင်ထွက်ပေါ်လာတော့၏။ သူ၏နဂိုရည်ရွယ်ချက်သည် အဆင့်တက်ကြည့်ရင်းဖြင့် နောက်ဘဝအတွက် အတွေ့အကြုံယူရုံသာ ဖြစ်ခဲ့သည်။ အခုတော့ သူ့မှာ အဆင့်တက်ခြင်းတံဆိပ်ပြားလည်း ရှိလာခဲ့ပြီး သူတော်စင်သူခိုးသိုင်းနှင့် အဆင့်သုံးချီကိုပါ ပိုင်ဆိုင်ထားသည်။ ထိုသို့ဆိုလျှင် သူ့မှာအခွင့်အရေး သုံးဆယ်ရာခိုင်နှုန်း ရှိနေပြီပဲမလား။
ဤမျှချောမွေ့နေတာ.. နောက်ကွယ်က ကြံစည်မှုတစ်ခုခုများ ရှိနေ၍လား။
သို့သော် နောက်တစ်စက္ကန့်မှာပဲ လုယန် ခပ်ချေချေ တွေးလိုက်သည်။ ရှေးဦးသူတော်စင်ဂိုဏ်းအတွင်းမှာ ပါရမီရှင်တွေပဲ ရှိနေသည်မလို့ ဖြူစင်သော အကူအညီရဖို့ဆိုတာ မဖြစ်နိုင်ပါချေ။
အခုလည်း နောက်ကွယ်မှာ မကောင်းသော အကြံအစည်ရှိနေလျှင်တောင်မှ သူ လက်ခံပစ်မည် ဖြစ်သည်။
ဘယ်လိုပင်ဆိုဆို သူ၏ဤဘဝကို အခြေခံတည်ထောင်ခြင်းလမ်းကြောင်းအပေါ်မှာ သေဆုံးဖို့ ဆုံးဖြတ်ထားပြီးသည့်အတွက်၊ အောင်မြင်သည်ဖြစ်စေ.. ကျရှုံးသည်ဖြစ်စေ၊ အများကြီးမကွာခြားသွားပါချေ။
အကယ်၍ အကြံအစည်တစ်ခုခု ရှိခဲ့လျှင်လည်း သူ၏ နောက်ဘဝမှာ သတိထားလိုက်လို့ ရသည်။
လုယန် အများကြီး အတွေးမလွန်တော့ဘဲ.. ယန်ရှန်းကျန့်ယန်ကို လေးစားစွာ အရိုအသေပေးပြီးသည်နှင့် လှည့်ထွက်သွားလိုက်သည်။
သို့သော် သူ မသိလိုက်သည်က.. သူ ထွက်သွားသည်နှင့် ယန်ရှန်းကျန့်ယန်ဘေးမှာ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာတာကိုပင်။
အသစ်ရောက်လာသူက ခံ့ညားသော ရုပ်ရည်နှင့် သတ်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်ပြီး ထိုသူ၏ မျက်ခုံးစပ်ကြားမှာ ကမ္ဘာကြီးတစ်ခုလုံးကပင် အနှောက်အယှက်မပေးနိုင်သော အရောင်အဝါတစ်ခု ရှိနေသည်။
ယန်ရှန်းကျန့်ယန်က အရင်စကားစလိုက်၏။
“ ဘယ်လိုလဲ”
“…မရဘူး” ထိုသူက ခေါင်းယမ်းလိုက်သည်။
“ အခြေခံတည်ထောင်ခြင်းအဆင့်အတွက် အကောင်းဆုံးအရွယ်က ၇၀..၈၀ပဲ။ ဒီလူက အသက် ၁၀၀ ကျော်နေပြီ.. အဆင့်တက်ဖို့လုပ်တာက မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ပဲ”
“ သူက အလောင်းအသွင်ပြောင်းခြင်းအမတသိုင်းကို ကျင့်ကြံခဲ့ပေမဲ့ အခုထိ နောက်ဆုံးအဆင့်ကို မရသေးတာတော့ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် အဆင့်တက်နိုင်ဖို့ နောက်ထပ် ဆယ်ရာခိုင်နှုန်းရပြီ”
“ သူအောင်မြင်ဖို့ပဲ မျှော်လင့်ရမှာပဲ”
“ မဟုတ်ရင် ကျုပ်တို့တွေ အပြင်လူဆီ အကူအညီတောင်းနေရတော့မှာ”
ယန်ရှန်းကျန့်ယန် ကူကယ်ရာမဲ့စွာ ပြောလိုက်တော့၏။
“ အကိုလူသန်ကြီးက အခု အခြေခံတည်ထောင်ခြင်းနှောင်းပိုင်းမှာပဲ။ ပြီးကျုပ်တို့မှာ မီိးအိမ်ရှင်အမတသခင်ကြီးရဲ့ ပြန်လည်မွေးဖွားတဲ့ ခန္ဓာကိုယ်လဲ ရှိထားပြီးပြီ.. ဒီတစ်ခေါက် အခွင့်အရေးကို မလွတ်သင့်တော့ပါဘူး”
“ တကယ်ကို ဒီတစ်ခေါက်ကိစ္စက အလောင်းအစားကြီး လုပ်ရတော့မှာပဲ”
လူသန်ကြီးက တည်ငြိမ်သော မျက်နှာဖြင့် စကားဆက်သည်။
“ အောင်မြင်သွားရင် ကျုပ်ကံကောင်းတာပေါ့၊ မအောင်မြင်ခဲ့ရင်လဲ ကံတရားလို့ပဲ သတ်မှတ်လိုက်မယ်။ ကျုပ်ရဲ့အတိဒုက္ခက နီးကပ်လာနေပြီ.. အချိန်မှီ အမတအရှင်မဖြစ်ဘူး ဆိုလို့ကတော့ ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး”
“ လူဆိုတာ တစ်ရက်သေရမှာပဲ၊ စောတာ နောက်ကျတာ ဘာတွေ တွေးပူနေရမှာလဲ”
“ အတိဒုက္ခကြုံလိုက်ရပြီး ကျင့်ကြံမှု ဆက်မတိုးတက်နိုင်တော့ရင် အမြဲတမ်း သူများရဲ့ထိန်းချုပ်ခံ ဖြစ်နေရပြီး အဆုံးမှာ သေဆုံးရမယ်.. အဲ့ဒါထက်စာရင် အဆင့်တက်တာ ကျရှုံးပြီး အသေခံလိုက်တာ ပိုကောင်းတယ်”
“ မင်းရောကျုပ်ရောက တစ်ခါကျော်ဖြတ်ဖူးပြီးသား လူတွေပဲ၊ မင်းလဲ သေချာနားလည်မှာပါ”
“ အကိုလူသန်ကြီးပြောတာ မှန်ပါတယ်လေ”
ယန်ရှန်းကျန့်ယန် အတိတ်ကို ပြန်အမှတ်ရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ စကားဆက်လိုက်သည်။
“ ချီသန့်စင်ခြင်းကနေ အဆင့်တက်ဖို့ သေလောက်အောင်.ကြိုးစားခဲ့ပြီး၊ အခု အခြေခံတည်ထောင်ခြင်းကိုရောက်တော့ လွတ်လပ်မှုရဖို့ သေလောက်အောင် ထပ်ကြိုးစားရပြန်တယ်”
“ ဒါကလောကကြီးပဲ”
လူသန်ကြီးက အေးစက်စွာ ပြောလာ၏။
“ ဒါက အမတသခင်ကြီးနဲ့ အမတအရှင်ကြားက ကွာခြားချက်ပဲ”
“ ချီသန့်စင်ခြင်းကျင့်ကြံသူတွေက ဘယ်လောက်ထူးချွန်နေပါစေ၊ အဆုံးမှာ အသုံးချခံရမဲ့ ဝတ္ထုပစ္စည်းတွေထက် မပိုဘူး”
“ အခြေခံတည်ထောင်ခြင်းကို ရောက်မှပဲ လူတစ်ယောက်အဖြစ် စဥ်းစားခံရမှာဖြစ်ပြီး၊ ရွှေအမြုတေနယ်ပယ်ကို ရောက်မှ လူအများကြားမှာ အင်အားကြီးလူသားတစ်ယောက် ဖြစ်လာလိမ့်မယ်”
…….