← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

Ch 77

( ကမ္ဘာကြီးရဲ့ကျင့်ကြံမှုကို ပထမဆုံးကြည့်ခြင်း)

“ အမှန်တိုင်းပြောရရင် ကျုပ်က ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တပည့် ချန်ရှီနန်ပဲ”

ချန်ရှီနန်က အလွန်ရိုးသားသော မျက်နှာပေးဖြင့် တည်ငြိမ်စွာ ပြောလိုက်လေရဲ့။

“ မကောင်းတဲ့ကောင် လျိုရှင်းဆီမှာ လှည့်စားခံလိုက်ရပြီး ဒီဘဝကို ရောက်လာခဲ့ရတာပဲ။ မိတ်ဆွေကို ရယ်စရာဖြစ်စေရပြီ”

“ အိုး ဟုတ်လား” လုယန်၏ မျက်လုံးတွေ အနည်းငယ် ကျဥ်းမြှောင်းသွားခဲ့သည်။

ဒီလူက မရိုးသားဘူးပဲ။

တစ်ခြားသောစာလိပ်ဝိညာဥ်များနှင့် ယှဥ်လျှင် ချန်ရှီနန်က အနည်းငယ် ပြဿနာကောင်ဆန်သည်။ သူ၏တွေးခေါ်ပုံကို စာလိပ်က မသက်ရောက်နိုင်ဟန် ရှိလေ၏။

ထိုသူက မျက်နှာသေနှင့်ပင် လိမ်နေခဲ့သေးသည်။

လုယန် ချန်ရှီနန်ကို ပြုံးပြလိုက်တော့သည်။

“ ညီနောင် စိတ်မပူနဲ့.. ကျုပ် ဒီမကောင်းတဲ့ ရတနာကိုဖျက်ဆီးပြီး အထဲကလူတွေအားလုံးကို ပြန်လည်မွေးဖွားနိုင်အောင် လုပ်ပေးမယ်”

“ နေအုံး နေအုံး”

လုယန်၏ စကားမဆုံးခင်မှာပဲ ချန်ရှီနန်က အသည်းအသန် တားနေသောကြောင့် လုယန် မေးခွန်းထုတ်စွာ လှည့်ကြည့်လိုက်တော့၏။

ချန်ရှီနန်က သက်ပြင်းတစ်ချက်ချပြီးနောက် စကားစလာသည်။

“ ညီနောင် မသိလောက်ဘူး.. ဒီရတနာက ကျုပ်တို့ရဲ့စစ်မှန်ဝိညာဥ်တွေကို အထဲမှာ သန့်စင်ထားတာ၊ ဒါကိုဖျက်ဆီးလိုက်ရင် ကျုပ်တို့အကုန်လုံးပါ ပျက်ဆီးသွားမှာ”

..လာလိမ်နေတယ်..

လုယန်သည် နှစ်တစ်ရာသက်တမ်းမှာ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် အသုံးပြုခဲ့ရသည့်အတွက် အတွင်းပိုင်း အလုပ် လုပ်ပုံကို သူ၏နားလည်နိုင်စွမ်းက လျိုရှင်းထက်ပင် သာလွန်သည်။

ထို့ကြောင့် ချန်ရှီနန်၏ လိမ်ညာမှုကို တစ်ချက်ထဲနှင့် အဖြေထုတ်နိုင်ခဲ့သည်။

..ဒါပေမဲ့ ဘာလို့လိမ်ရတာလဲ..

လုယန် အတွေးများသွားသည်။

ဤ ချီဝိညာဥ်တစ်သောင်းစာလိပ်အတွင်းမှာ ခြေချုပ်မိနေရတာက၊ သေရတာထက်ပင် ဆိုးဝါးပါသည်.. ပြန်လည်မွေးဖွားခွင့် ရတာက အကြီးဆုံး ကောင်းချီးတစ်ခု မဟုတ်ပေဘူးလား။

ချန်ရှီနန်မှာ တစ်ခြားနည်းလမ်းတစ်ခု ရှိနေတာများလား။

.. စိတ်ဝင်စားဖို့ကောင်းတယ်..

လုယန် အပြုံးတစ်ခုနှင့် ပြောလိုက်တော့သည်။

“ ညီနောင် မင်းကကျုပ်ကို လှည့်စားနေတာပဲ။ မင်းမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လား။ ကျုပ်ကို ပြောပြဖို့ စိတ်ဝင်စားလား”

ချန်ရှီနန် ခဏမျှ ပြောစရာပျောက်ဆုံးသွားတော့သည်။

သူ ချက်ချင်း အဖြေကိုပြောဖို့ ပြင်လိုက်သော်လည်း.. ရုတ်တရက် သူ့အမြင်အာရုံက အမှောင်ထုများ ပြည့်နှက်လာကာ မူးနောက်နောက် ဖြစ်လာခဲ့သည်။

“ မင်းကငါ့ဝိညာဥ်ကို ရှာဖွေချင်နေတာလား”

ချန်ရှီနန်က တည်ငြိမ်သော မျက်နှာဖြင့် နတ်စွမ်းအင်တစ်ခုကို အသက်သွင်းကာ သူ၏မှတ်ဉာဏ်ကို ကာကွယ်လိုက်သည်။ တစ်ချိန်ထဲမှာ မှတ်ဉာဏ်တုတစ်ခုကို ဖန်တီးလိုက်ပြီး လုယန်ကို အရူးလုပ်ဖို့ပင် အသင့်ပြင်ထားသေး၏။

သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူ၏မျက်နှာထားတစ်ခုလုံး အေးခဲသွားတော့သည်။

ကောင်းကင်နှင့်မြေကြီးကြားမှာ အလွန်မြင့်မားသော ရွှေ​ရောင်ခန္ဓာကိုယ်တစ်ခုက သူ၏ နတ်စွမ်းအင်တွေအားလုံးကို ကျော်ဖြတ်ရင်း အသိစိတ်ပင်လယ်ရှိရာကို မောက်မောက်မာမာ ကျုးကျော်နေတာအား မြင်လိုက်ရ၍ပင်။

“ အဆင့်အတန်းလား”

“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရှေးဦးသူတော်စင်ဂိုဏ်း၏ စစ်မှန်တပည့် တစ်ယောက်ဖြစ်ခဲ့သည့်အလျောက် ချန်ရှီနန် သဘောပေါက်လိုက်သည်။ လုယန်က သူတော်စင်သူခိုးသိုင်းကိုပါ သုံးပြီး မြင့်မားသော အဆင့်အတန်းဖြင့် ဖိနှိပ်ဖို့ ကြိုးစားနေပုံအရ၊ သူ့ကို အခွင့်အရေးတစ်ချက်တောင် မပေးတော့မဲ့ပုံပင်။

“ မင်းဘာတွေ ကြံစည်နေတာလဲ ပြောစမ်း”

လုယန်သည် ချန်ရှီနန်၏ အသိစိတ်ပင်လယ်ကို စုတ်ကိုင်ပြီးသည်နှင့် ခပ်သွမ်းသွမ်း ရယ်မောလိုက်ပြီး သူလိုချင်သော အချက်အလက်များကို အတင်းအကျပ် ရှာဖွေလိုက်သည်။

နောက်တစ်စက္ကန့်မှာ ချန်ရှီနန် တစ်ယောက် အထိန်းအကွတ်မဲ့စွာ ထုတ်ပြောလာရတော့၏။

“ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို ကျုပ်ကျင့်ကြံခဲ့တာ။ အဲ့ဒီသိုင်းက ကြီးမြတ်တဲ့နတ်စွမ်းရည်ရှိတယ်။ ကျင့်ကြံသူက ချီစွမ်းအင်တစ်ချို့အသုံးပြုပြီး တစ်ခြားသူရဲ့ခန္ဓာကိုယ်ကို ဝင်စီးလို့ရတယ်။ ကျုပ်မင်းရဲ့ ခန္ဓာကိုယ်ကို ဝင်စီးပြီးမှ ပြန်မွေးဖွားဖို့ ပြင်ဆင်ခဲ့တာပါ”

“ စိတ်ဝင်စားစရာပဲ”

ချွေးပြန်နေပြီဖြစ်သော ချန်ရှီနန်ကို ကြည့်နေရင်း လုယန် ခပ်ပြုံးပြုံးလေး ဆက်မေးလိုက်၏။

“ စာလိပ်ဝိညာဥ်က သူ့ပိုင်ရှင်ကို ဝင်စီးဖို့ဆိုတာ ကောင်းကင်ဘုံကို တက်ရတာထက် ခဲယဥ်းတယ်။ မင်းငါ့ကိုဘယ်လို လှည့်စားဖို့ ကြံစည်ထားတာလဲ”

“ လွယ်ပါတယ်.. မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို သုံးလိုက်ရင်ရ​ပြီ”

“ ကြီးမြတ်တဲ့နတ်စွမ်းရည် ပါဝင်တဲ့အတွက် ပစ်မှတ်က ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး”

“ ကျုပ်အစက မင်းကို ဒီသိုင်းသင်ပေးဖို့ လုပ်ထားတာ”

“ ဒီထူးခြားတဲ့သိုင်းက ကျင့်ကြံချင်ရင် ကိုယ်ပိုင်အသိစိတ်ကို ကိုးခုခွဲပြီး နောက်ဆုံးမှာ လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ ပေါင်းစည်းရတယ်”

“ ကျုပ်ကမင်းကို သိုင်းတော့သင်ပေးလိုက်မှာ၊ ဒါပေမဲ့ နောက်ဆုံးပေါင်းစပ်တဲ့ လျှို့ဝှက်နည်းလမ်းကို ပြောပြမှာမဟုတ်ဘူး။ ဒါဆို မင်းသာကျင့်ကြံလိုက်ပြီး အသိစိတ်ကိုးခု ကွဲပြီးတာနဲ့ အဲ့ဒီကိုးခုလုံးက ဦးဆောင်သူဖြစ်ဖို့ အချင်းချင်း တိုက်ခိုက်ကြလိမ့်မယ်။ ဒါဆို ဘေးကရပ်ကြည့်တဲ့ကျုပ်က လွယ်လွယ်လေး အကျိုးအမြတ်ယူလိုက်လို့ ရသွားပြီမလား”

ချန်ရှီနန်၏ စကားကို နားထောင်ပြီးနောက် လုယန် အာရုံတွေပင် ရှုတ်ထွေးသွားပြီး မနေနိုင်စွာ မေးခွန်းထုတ်လိုက်မိသည်။

“ မင်းကတကယ်ပဲ ချန်ရှီနန်လား”

ထိုမေးခွန်းထွက်လာသည်နှင့် ချန်ရှီနန် တိတ်ဆိတ်သွားပြီး.. သူ့မျက်လုံးထဲမှာ လွန်ဆွဲမှုတစ်ချို့ ဝင်ရောက်လာသည်။ သို့ပေမဲ့ အဆုံးမှာတော့ လုယန်၏ မြင့်မားသော အဆင့်အတန်းကို မလွန်ဆန်နိုင်ကာ၊ တောင့်တင်းသော လေသံဖြင့် ငြင်းလိုက်ရ၏။

“ ချန်ရှီနန် အစစ်က သေတာကြာပြီ၊ ကျုပ်ကသူ့ရဲ့ စိတ်အသွင်ခွဲတစ်ခုပဲ.. ဒါပေမဲ့ သူသေပြီဆိုမှတော့ ကျုပ်က ချန်ရှီနန်ပဲ”

လုယန် မနေနိုင်စွာ ကျွတ်သပ်လိုက်ပြီး ထို

မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်း၏ အစွမ်းကို တော်တော်လေး စိတ်ဝင်စားသွားခဲ့သည်။ ချန်ရှီနန် ပြောသွားပုံအရဆိုလျှင် ဤကြီးမြတ်သောနတ်အစွမ်းပါဝင်သည့် သိုင်းကို အဆုံးထိအောင်မြင်စွာ ကျင့်ကြံနိုင်သည်နှင့် ထိုသူ၏အဆင့်အတန်းက မြင့်မားသွားပြီး အခြေခံတည်ထောင်ခြင်းကျင့်ကြံသူတွေသာ ရနိုင်သော နတ်အာရုံကို ကြိုတင်ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။

ထိုအချက်နဲ့တင် တော်တော်လေး ထူးခြားနေပြီပင်။

အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်ခြင်းက လူတစ်ယောက်၏ စိတ်ဝိညာဥ်အာရုံကို နတ်အာရုံအဖြစ် ပြောင်းလဲရခြင်းဖြစ်သောကြောင့် နတ်အာရုံကို ကြိုတင်ပြီး ရနိုင်စွမ်းရှိထားလျှင် အမတအခြေခံတည်ဆောက်ချိန်၌ အများကြီး အထောက်အကူပြုနိုင်ပါသည်။

“ အကိုချန်သေသွားတာ တကယ်ကောင်းတယ်”

“ ကျုပ်ရဲ့ဒီဘဝမှာ လူမှန်နဲ့တွေ့တာပဲ”

အဆင့်အတန်းဆိုတာ အားနည်းသူတွေကို အနိုင်ကျင့်ဖို့ရန် အကောင်းဆုံးလက်နက်တစ်ခု ဖြစ်သည်။ အကယ်လို့ ချန်ရှီနန်အစစ်သာ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို အဆုံးထိပြီးမြှောက်ခဲ့ပြီး အဆင့်အတန်းကို ရရှိခဲ့ပါက၊ လုယန်အနေနဲ့ သူ့ကိုထိန်းချုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

အခုတော့ သူတော်စင်သူခိုးကြောင့် မြင့်မားလာသော အဆင့်အတန်းကို အသုံးပြုပြီး လုယန်သည် ချန်ရှီနန်ကို အသေးစိတ်မေးမြန်းနိုင်သွားသည်။ စိတ်ကိုယ်ခွဲ ကိုးခု ခွဲထုတ်ရသည့် နည်းလမ်းကိုပါ အသေးစိတ်မေးပြီးနောက် လုယန် သူ၏ထိန်းချုပ်မှုကို ပြန်ရုတ်သိမ်းလိုက်သည်။ နောက်တစ်စက္ကန့်မှာ ချန်ရှီနန်တစ်ယောက် သူ့ကို အလွန်စိတ်ပျက်စွာ ကြည့်လာပါတော့၏။

“ မင်းက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တပည့်မလား”

အကြာကြီးတိတ်ဆိတ်နေပြီးမှ ချန်ရှီနန် တည်ငြိမ်သောလေသံဖြင့် ထပ်ပြောလာသည်။

“ ကျုပ်ဂိုဏ်းရဲ့တပည့်တွေပဲ ဒါမျိုးလုပ်နိုင်စွမ်းရှိမှာ”

ချန်ရှီနန် လုယန်ကို ကြည့်လာပြန်ပြီး ရှုတ်ထွေးစွာ ပြောလိုက်ပြန်သည်။

“ မင်းကလျိုရှင်းကို သတ်လိုက်ပေမဲ့ တိမ်ပင်လယ်ထဲမှာ မရှိနေဘူး.. ဒီနေရာကို ထွက်ပြေးလာတာဆိုတော့ မင်းကလဲ ဂိုဏ်းကိုသစ္စာဖောက်မလို့လား”

လုယန်ချက်ချင်း မျက်ခုံးတစ်ဖက် ပင့်သွားလေကာ

“ မင်းကလဲ..ဟုတ်လား”

ချန်ရှီနန်က ခေါင်းစောင်းလိုက်ပြီး လုယန်ကို ရှုတ်ထွေးစွာကြည့်လိုက်ပြီးမှ စကားဆက်သည်။

“ ဘာတွေအံ့သြပြနေတာလဲ။ ဂိုဏ်းက ဂုဏ်သတင်း ဒီလောက်ဆိုးတာ တပည့်တွေသစ္စာဖောက်တာ ပုံမှန်ပဲ”

“ ဒါပေမဲ့ အဲ့ဒီထဲမှာ မင်းကအသန်မာဆုံးပဲ”

“ မယုံနိုင်စရာကောင်းလိုက်တာ”

ချန်ရှီနန် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပြီး.. ခဏအကြာမှာ ဆက်ပြောပြန်သည်။

“ ကြီးမြတ်တဲ့နတ်အစွမ်းပါတဲ့ သိုင်းကို သင်ပေးပြီးတာနဲ့ ဂိုဏ်းက သစ္စာဖောက်လို့မရအောင် ကန့်သတ်ချက် ထားထားပြီးသားပါ”

“ ကျုပ်အဖေက ကောင်းကင်ပြုပြင်တောင်ထွတ် သခင်မလို့သာ ကျုပ်မှာ ကန့်သတ်ချက်မရှိတာ။ မင်းက ဘာလို့လဲ”

လုယန် အဖြေမပေးခဲ့ပေ။

ချန်ရှီနန် ပြောတာ မှန်ပါသည်။ သူ၏အရင်ဘဝမှာတုန်းက မြစ်သုံးသွယ်အဖွဲ့တွင် သွေးစက်ချပြီး တရားဝင် ကန့်သတ်ချက် ခံယူခဲ့ရဖူးလေသည်.. သို့ပေမဲ့ ထိုကိစ္စက အတိတ်ဘဝတွင်သာဖြစ်သည်။

သူ၏လက်ရှိဘဝမှာ ဘယ်လိုလုပ် သက်ရောက်နိုင်တော့မှာလဲ။

သို့ပေမဲ့ သူ၏မြုပ်ကွက်တွေကို လူတိုင်းကို သိခွင့်ပေးလို့မရပါချေ။ လုယန်ရိုးရှင်းစွာ စကားလမ်းကြောင်းလွှဲလိုက်သည်။

“ မင်းက ဒီကမ္ဘာကြီးကို နားလည်တာလား”

ချန်ရှီနန် အနည်းငယ် အံ့သြသွားကာ

“ ဒီကမ္ဘာကိုဟုတ်လား”

လုယန် ခေါင်းညိတ်လိုက်သည်။

“ အမှန်တိုင်းပြောရရင် ဒါကျုပ်ပထမဆုံး အပြင်ထွက်တာပဲ။ ဘယ်သွားရမလဲ မသိတော့လို့ မင်းကိုမေးဖို့ အပြင်ထုတ်လိုက်တာ”

“.. တောင်ပိုင်းကိုမသွားနဲ့”

အကြာကြီး တိတ်ဆိတ်နေပြီးနောက် ချန်ရှီနန် ရိုးသားစွာ ဖြေပေးလာခဲ့သည်။

“ မဟာနဂါးမြစ်ရဲ့ မြောက်ပိုင်းနယ်မြေက ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ ပိုင်နက်ဖြစ်ပြီး ဒီပိုင်နယ်ထဲက ဂိုဏ်းကြီး၊ ဂိုဏ်းငယ် အားလုံးက ကျုပ်တို့ဂိုဏ်းရဲ့အမိန့်ကို နာခံကြတယ်။ ဒါပေမဲ့ တောင်ပိုင်းကိုကျတော့ စစ်မှန်ဂိုဏ်းတွေရဲ့ ထိပ်သီးဂိုဏ်း ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းက အပိုင်ယူထားတယ်။ ဒီနှစ်ခုအပြင် တောင်ပိုင်းလူရိုင်းနယ်မြေနဲ့ မြောက်ပိုင်းခံတပ်နယ်မြေက ကျတော့ အရမ်းဝေးလွန်းလို့ အင်အားကြီးဂိုဏ်းတွေ မရှိဘဲ ​ခြောက်ကပ်တယ်ပေါ့”

“ ရွေးရမယ်ဆိုရင်တော့ ကျန်းဒုံနယ်မြေ၊ ကျန်းရှီနယ်မြေနဲ့ တစ်ခြားရေမြေခြားနယ်မြေတွေကို ကျုပ်ရွေးပစ်မှာ”

“ ဟုတ်လား” လုယန် သိချင်စွာ မေးလိုက်၏။.

“ ဘာလို့လဲ”

“ ကျုပ်တို့ရဲ့တာအိုလမ်းစဥ်က ကွဲပြားလို့လေ”

ချန်ရှီနန်က ရှင်းပြသည်။

“ ရှေးဦးသူတော်စင်ဂိုဏ်းကော၊ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းကော.. ပြောရရင် မဟာနဂါးမြစ်ရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းနယ်မြေမှာ ကျင့်ကြံကြတဲ့ ပုံစံက ချိန်းသွားပုံတက်လှမ်းခြင်းတာအို ဖြစ်တယ်”

“ ဒါပေမဲ့ ကျန်းဒုံ၊ ကျန်းရှီနဲ့ တစ်ခြားပင်လယ်ခြား နယ်မြေတွေက မတူဘူး”

“ ဥပမာပြောရရင် ကျန်းဒုံနယ်မြေက ကောင်းကင်သဘောတရားတာအိုလမ်းစဥ်ကို ကျင့်ကြံကြပြီး ကျန်းရှီနယ်မြေကကျတော့ နိဗ္ဗာန်ပျော်မွေ့ခြင်းတာအိုလမ်းစဥ်ကို ကျင့်ကြံကြတယ်။ ဒီထဲမှာ ကျုပ်တို့ရဲ့ ချိန်းသွားပုံတက်လှမ်းခြင်းတာအိုက အကောင်းဆုံးဆိုပေမဲ့ သူတို့ကိုလဲ သွားအထင်သေးလို့မရဘူး”

ဂိုဏ်း၏ စစ်မှန်တပည့်တစ်ယောက် ဖြစ်သည့်အပြင်၊ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ ဆက်ခံသူဖြစ်သည့်အလျောက် ချန်ရှီနန်၏ ဗဟုသုတက လုယန်ထက် အများကြီးကျော်လွန်သည်။ သူတစ်ခါမှ မကြားဖူးခဲ့သော တစ်ခြားနေရာများ၏ အကြောင်းကို ကြားလိုက်ရသောကြောင့် လုယန် မနေနိုင်စွာ သွားကြည့်ချင်သွားသည်။

သို့ပေမဲ့ နောက်တစ်စက္ကန့်မှာ သူ အတွေးတွေကို စုစည်းပြီး တည်ငြိမ်အောင် လုပ်လိုက်တော့၏။

..ဘယ်သွားရမလဲ သိပြီ..

သူ၏လက်ရှိဦးစားပေး အစီအစဥ်သည် အခြေခံတည်ထောင်ခြင်းအဆင့်ကို အဆင့်တက်နိုင်မည့် အခွင့်အရေးများကို ရှာဖွေရန်ဖြစ်သည်။ မွေးဖွားရာလျှို့ဝှက်ချက်ကြည့်ခြင်းသိုင်းကို ရှာတွေ့ခဲ့သည့်တိုင်အောင်၊ ထိုသိုင်းက သူ၏မဟာအစီအစဥ်ကို အနှောက်အယှက် ပြုနိုင်သည့်အတွက် ကျင့်ကြံလို့ မရသေးပါချေ။ ထို့ကြောင့် တစ်ခြားသော နယ်မြေအသစ်တွေကို ခြေဦးစမ်းကြည့်ဖို့ရန်လဲ သူ အလျင်မလိုသေးဘူး။

ထိုအစား သူ သွားဖို့ ဆုံးဖြတ်လိုက်တာက.. အရိုးတောင်။

ရှေးဦးကဝေဂိုဏ်း၏ လျှို့ဝှက်နယ်မြေ.. အထဲက အမွေအနှစ်တွေက ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်အတွက် လုံလောက်သင့်သည်မလား။

အတိတ်မှာတုန်းက လုယန်သည် လျှို့ဝှက်နယ်မြေအတွင်း ဝင်ပြီးပြီးချင်းမှာပဲ လျှို့ဝှက်နယ်မြေကို လုယူခံလိုက်ရသည့်အတွက် အထဲက အမွေအနှစ်ကို ကြည့်ရှုဖို့ အခွင့်အရေးမရခဲ့ချေ။ ထိုအထဲမှာ အခြေခံတည်ထောင်ခြင်းအဆင့် အခွင့်အရေး တစ်ခုခု ရှိနေနိုင်ပါသည်။ ထို့အပြင် ယုစုကျန်း မွှေလိုက်လို့ ဖေကံကောင်း ဒေါသတကြီး ရှာဖွေလာမည့်အချိန်ကျလျှင်လည်း လျှို့ဝှက်နယ်မြေအတွင်း ပုန်းနေလိုက်တာ အလုံခြုံဆုံး ဖြစ်မည်မလား။

…….

Ch 78

( ရှေးဟောင်းကဝေဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွင်း တစ်ဖန်ပြန်ခြေချခြင်း)

တစ်လကြာပြီးနော​က် အရိုးတောင်တွင်..

လုယန်သည် လွတ်မြောက်အစွမ်းဖြင့် အရိုးတောင်ကို ရောက်လာခဲ့သည်။ သူ၏ လက်ရှိကျင့်ကြံမှုနှင့် သာမာန်ချီသန့်စင်ခြင်း ပြီးပြည့်စုံနယ်ပယ် ကျင့်ကြံသူများကို ဂရုစိုက်ဖို့ မလိုအပ်တော့ပါချေ။

လုယန်သည် ဝိညာဥ်တစ်ကောင်သာ ဖြစ်နေလျှင်တောင်မှ မြင့်မားသော အဆင့်အတန်းကြောင့် ချီသန့်စင်ခြင်းနယ်ပယ်အတွင်းက ကျင့်ကြံသူတွေကို အလွယ်လေးအနိုင်ယူလို့ ရသည်။ အတိတ်ကယွင်မြောင်ကျန်းလိုမျိုး ကြီးမြတ်သောနတ်စွမ်းရည် ပိုင်ထားတဲ့သူ.. သို့မဟုတ် စိတ်ဝိညာဥ်ရတနာတစ်ခုခုကို ရထားသူသာလျှင် သူ့ကို ယှဥ်ပြိုင်တိုက်ခိုက် နိုင်လိမ့်မည်။

သို့ပေမဲ့ ဤသည်မှာ အားနည်းသူကို အနိုင်ကျင့်ခြင်းသာဖြစ်သည်။ လုယန်မှာ အခု ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အကာအကွယ် မရှိတော့ပေ။ တူညီသော ကျင့်ကြံမှုအဆင့်တူ ရန်သူတစ်ဦးနှင့် တွေ့လျှင်တော့ သူသေချာပေါက် ထွက်ပြေးရမှာပင်။

မကြာခင်မှာ ယင်ချီစွမ်းအင်တွေ ပြင်းထန်နေသော တောင်တန်းကြီးကို မြင်လိုက်ရ၍ လုယန် လွတ်မြောက်အလင်းကို ရပ်တန့်လိုက်သည်။

“ ကောင်းတယ်၊ ကြည့်ရတာ ယန်ရှန်းကျန့်ယန် မရောက်သေးတဲ့ပုံပဲ”

လုယန်သည် ကံတရားမှတစ်ဆင့် အရိုးတောင်၏ အခြေအနေကို အရင်ဆုံး အတည်ပြုလိုက်သည်။ လျှို့ဝှက်နယ်မြေက အခုထိ မထွက်ပေါ်သေးသလို၊ ရှန်းဝူဂိုဏ်းသားတွေလည်း မရောက်သေးသည့်အတွက် သူ စိတ်သက်သာစွာ တောင်ထဲ ဝင်သွားလိုက်သည်။

သူ၏အရင်ဘဝတုန်းက လျှို့ဝှက်နယ်မြေ ထွက်ပေါ်ခဲ့သည့်နေရာကို မှတ်မိခဲ့သောကြောင့် အချိန်အများကြီး မယူလိုက်ရပေ။ လုယန် မကြာခင်မှာ လှိုဏ်ဂူတစ်ခုအရှေ့ကို ရောက်လာခဲ့သည်။ အထဲကိုဝင်လိုက်ချိန်မှာ စစချင်းလမ်းကြောင်းက တော်တော်လေး ကျဥ်းမြှောင်းသည်။ သို့သော် ​​ခြေဆယ်လှမ်းလောက် အပြီးတွင် လူတစ်ကိုယ်စာ လမ်းကျဥ်းလေးက ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်ကျယ်ပြန့်သော ရေပြင်တစ်ခု ထွက်ပေါ်လာ၏။

“ ဒီနေရာပဲ”

ရေပြင်ကျယ်ကို ကြည့်နေရင်းမှ အလွန်ကြီးမားသော လေဟာနယ် နယ်မြေ၏ တုံ့ပြန်မှုစွမ်းအင်တစ်ချို့ကို လုယန် ခံစားမိလိုက်သည်။ သို့ပေမဲ့ လုယန် တိုက်ရိုက် ဝင်မသွားသေးဘဲ လျှို့ဝှက်နယ်မြေအပေါက်ဝကို စစ်ဆေးလိုက်၏။

ကိစ္စတွေက ကွဲပြားနေလျှင်တောင်မှ သူ့မှာ ခိုင်မာသော တာအိုနှလုံးသားကို ပိုင်ဆိုင်ထားပါသည်။ နှေးကွေးသောလူက ငြိမ်းချမ်းမှုကို ရှာတွေ့သည် ဆိုသည့်အတိုင်းပင် ငြိမ်းချမ်းသည့်သူကပဲ အဆုံးမှာ ကောင်းမွန်သော စဥ်းစားဆုံးဖြတ်နိုင်စွမ်းကို ရရှိပေမည်။

လုယန် အလျင်စလို အထဲဝင်ဖို့ မလုပ်ဘဲ ထိုအစား ချီဝိညာဥ်တစ်သောင်းစာလိပ်ကို လှုတ်ယမ်းပြီး ချန်ရှီနန်ကို အပြင်ထုတ်လိုက်သည်။ ထို့နောက် နယ်မြေအတွင်းကို တွန်းလွှတ်ပစ်လိုက်တော့သည်။

လျှို့ဝှက်နယ်မြေအတွင်းက ဓားချီကို သူ မမေ့ပါချေ။ သူ၏အရင်ဘဝတွင် ဓားချီမှ လွတ်မြောက်ခဲ့ခြင်းက နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်းကြောင့် ဆိုပေမဲ့ ထိုတုန်းကသူသည် ရှေးဦးသူတော်စင်ဂိုဏ်း၏ သိုင်းကို အဓိက မကျင့်ကြံဖူးပေ။ သို့ပေမဲ့ အခုသူသည် သူတော်စင်သူခိုးသိုင်းဖြင့် ရွှေစင်ခန္ဓာကိုယ်ကို တည်ဆောက်ထားသည်။

ဘယ်လိုအပြောင်းအလဲမျိုးတွေ ကြုံတွေ့နိုင်မလဲ ခန့်မှန်း၍မရနိုင်ပါချေ။

ထိုသို့မှတော့ ဂိုဏ်းတူအကိုချန်နှင့် အရပ်စမ်းသပ်သင့်ပါ၏။

ချန်ရှီနန်, “.....”

ဝုန်း

နောက်တစ်စက္ကန့်မှာ ရေမျက်နှာပြင်အောက်က မြင်ကွင်းအပြောင်းအလဲများကို လုယန် မြင်လိုက်ရသည်။

အလွန်တောက်ပသော ဓားချီတစ်ခုက ရေမျက်နှာပြင်တစ်ခုလုံးအပြည့် နေရာယူလိုက်သည်။

သို့ပေမဲ့ ဓားချီက ချက်ချင်း မတိုက်ခိုက်ဘဲ ချန်ရှီနန်ကို အကြိမ်ကြိမ်စစ်ဆေးနေကာ၊ နောက်ဆုံးမှ ခွင့်ပြုလိုက်ဟန်ရှိသည်။

“ ဒါလဲရတယ်လား”

လုယန် အံ့သြသွားသည်။ သူ ချက်ချင်း ချန်ရှီနန်ကို ပြန်ခေါ်ဖို့ လုပ်လိုက်တော့၏။

ထိုအချိန်မှာပဲ..

ချွမ် ချွမ်

နဂိုတိတ်ဆိတ်နေ​သော ဓားချီက ရုတ်တရက်ကြီး လှုပ်ရှားလာပြီး ထွက်သွားဖို့ ပြင်နေ​သော ချန်ရှီနန်ကို ရိုက်ချလိုက်ပါတော့၏။

လုယန် မျက်ခုံးတစ်ဖက် ပင့်သွားသည်။ သူ အကြိမ်အနည်းငယ် စောင့်လိုက်ပြီးမှ ချန်ရှီနန်၏ စစ်မှန်ဝိညာဥ်ကို စာလိပ်အတွင်းမှ ပြန်ဆင့်ခေါ်လိုက်သည်။ စစ်မှန်ဝိညာဥ် မထိခိုက်သေးကြောင်း အတည်ပြုနိုင်ပြီးမှပဲ စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ရ၏။ ထို့နောက်မှာ သူဝိညာဥ်တွေ တစ်ကောင်ပြီးတစ်ကောင် ထုတ်ရင်း စမ်းသပ်လေကာ၊ နောက်ဆုံးတော့ အခြေအနေတစ်ရပ်ကို အတည်ပြုနိုင်သွားသည်။

“ အဝင်ပဲခွင့်ပြုပြီး ထွက်လို့မရဘူးပေါ့လေ”

လုယန် စဥ်းစားတော့သည်။

“ ဟုတ်သားပဲ၊ ဓားချီရဲ့ရည်ရွယ်ချက်က ရှေးဟောင်းကဝေဂိုဏ်းရဲ့ အမွေအနှစ်ကို ဖျက်ဆီးဖို့ဆိုတော့ ပြန်ထွက်ခွင့်မပေးတာ သဘာဝကျပါတယ်”

“ ဒါဆိုဘာလို့ဝင်ခိုင်းနေသေးလဲ.. အာသိပြီ၊ သေစမ်း၊ ဒါက ထောင်ချောက်ပဲ”

လုယန် မျက်စံတွေ ကျဥ်းမြှောင်းသွားသည်။

“ ဒါက လျှို့ဝှက်နယ်မြေကို ငါးစာအဖြစ် သုံးပြီး ရတနာရချင်လို့ အထဲဝင်လာတဲ့ နတ်ဆိုးဂိုဏ်းသားတွေကိုပါ အတူသတ်ပစ်ဖို့ ကြံထားတာပဲ”

“ စစ်မှန်ဂိုဏ်းတွေရဲ့ နှလုံးသားက ကောက်ကျစ်လိုက်တာ”

သူ၏ခန့်မှန်းချက်က မှန်ရဲ့လား လုယန် သေချာမသိချေ။ သို့ပေမဲ့ ထိုနေရာမှာ သူသာဆိုလျှင်လည်း ထိုအတိုင်း လုပ်ခဲ့လောက်သည်။ ထို့ကြောင့် သူ့ကိုယ်သူနဲ့ပဲ နှိုင်းယှဥ်လိုက်ရင်း ထိုအတိုင်းဖြစ်ရမည်ဟု ယူဆလိုက်တော့သည်။

ထိုအကြောင်းအရင်းကြောင့်ပဲ လုယန် ပိုသတိကြီးသွားတော့သည်။

လျှို့ဝှက်နယ်မြေထဲ မဝင်တော့ဘဲ အပြင်မှာပဲ လတစ်ချို့ကြာသည်အထိ စောင့်ဆိုင်းနေလိုက်သည်။ မူလချီစွမ်းအင်ဖြင့် ပုံရိပ်ခွဲတစ်ခု ဖန်တီးပြီး ကောင်းကင်လူသားအဆင့် ပြန်ရောက်သည်အထိ ကျင့်ကြံစေလိုက်သည်။

ထို့နောက် မူရင်းကိုယ်ကို လုံခြုံစွာထိန်းသိမ်းထားခဲ့ပြီး လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လိုက်သည်။ သူ့မှာ အပြင်ပြန်ထွက်ဖို့ ရည်ရွယ်ချက် မရှိပါချေ။ ထို့ကြောင့်ရဲတင်းစွာပဲ လျှို့ဝှက်နယ်မြေအနက်ပိုင်းအထိ ဝင်သွားလိုက်သည်။

မကြာခင်မှာပဲ သူ၏အမြင်အာရုံထဲကို မြို့ပျက်ကြီးတစ်ခု ဝင်ရောက်လာသည်။ အဆောက်အဦးတွေအားလုံး ပျက်ဆီးနေလေကာ၊ မှော်ပစ္စည်းတစ်ချို့ မြေပြင်မှာ ပျံ့ကျဲနေ၏။ လေထုထဲက ချီစွမ်းအင်တွေက မရှိသလောက် နည်းပါးပြီး အလွန်သိပ်သည်းသော ယင်ချီစွမ်းအင်များကြောင့် သာမာန်သူဆိုလျှင် အသက်တောင်ရှုနိုင်မှာ မဟုတ်ပေ။ ကျင့်ကြံသူဆိုလျှင်တောင်မှ မကျင့်ကြံနိုင်ဘဲ အချိန်ကြာလာတာနှင့်အမျှ ယင်ချီစွမ်းအင်တွေကြားမှာ တိုက်စားခံရလိမ့်မည်။

“ ဒီလိုနေရာမှာ ကျင့်ကြံသူတွေ ရှိနေလောက်လား”

လုယန် စဥ်းစားနေသော်လည်း ခြေလှမ်းကတော့ မရပ်တန့်ခဲ့ပေ။ မြို့ပျက်ကြီးကို စိတ်ဝင်တစား ကြည့်နေချိန်မှာပဲ.. တစ်နေရာက ထွက်လာသော ခပ်စူးစူးအော်သံတစ်ခုကို ကြားလိုက်ရ၏။

“ ဟေ့၊ ခင်ဗျားဘာလုပ်နေတာလဲ”

လုယန် ခေါင်းလှည့်ကြည့်လိုက်သည်။ အပြိုအပျက်တွေကြားကနေ ချောင်းကြည့်နေ​သော လူသားမျက်နှာတစ်ခုကိုသာ တွေ့လိုက်ရ၏။

“ ညရောက်တော့မယ်၊ ခင်ဗျား အသက်မရှင်ချင်တော့ဘူးလား”

ချက်ချင်းပဲ ထိုလူသားမျက်နှာက တွန့်ဆုတ်မှုတစ်ချို့ကို ပြသလာပြီး အဆုံးမှာ အံတင်းတင်းကြိတ်ရင်း အပြိုအပျက်အပုံထဲကနေ တွားသွားပြီး ထွက်လာခဲ့သည်။ ထိုကောင်လေးက အသက်၁၅ နှစ်လောက်သာ ရှိအုံးမည်။ ထိုကောင်လေးက လုယန်ရှိရာကို အပြေးရောက်လာပြီး လက်ဆွဲကာ အဝေးကို ဆွဲခေါ်သွားသည်။

လုယန် မျက်ခုံးတစ်ဖက်ပင့်သွားပြီး မခုခံပါချေ။

သို့ပေမဲ့ ထိုကောင်လေးက ရုတ်တရက် တောင့်တင်းသွားပြီး လုယန်ကို လှည့်ကြည့်လာပြန်သည်.. ထိုချောမောနုနယ်သော မျက်နှာထက်မှာ စိတ်ပျက်မှုတွေ ဝင်ရောက်နေလေ၏။

“ ကျုပ် ခင်ဗျားကို မကယ်ခဲ့သင့်ဘူး.. သွားပြီ၊ အခုအကုန်သေတော့မယ်”

ချပ် ချပ် ချပ်

ခြေသံဖွဖွကို ကြားလိုက်ရသောကြောင့် လုယန် လှည့်ကြည့်လိုက်ချိန်မှာ အဝါရောင်ဝတ်စုံကို ဝတ်ထားသော လူအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်.. သို့ပေမဲ့ ထိုလူအိုကြီး၏ မျ​က်လုံးတွေက မီးခိုပြာရောင်ဖြစ်ပြီး အလယ်မှာ အလွန်သေးငယ်သော အမဲရောင်အစံတစ်ခု ရှိသည်။ ထိုမျက်စံက လုယန်နှင့် ဆန်းကြယ်သော ကောင်လေးရှိရာကို တည့်တည့်ကြီး ကျရောက်လာသည်။ ထိုအကြည့်ကျရောက်လာသည်နှင့် လုယန်တို့၏ ပတ်ပတ်လည်ကို အနံ့ဆိုးတွေပါဝင်နေသော အမဲရောင်လေထုကြီး ချဥ်းကပ်လာတော့သည်။

“ အဝါရောင်ကြီး..ဘာလို့လဲ။ ဘာလို့အဝါရောင်မှလဲ”

လုယန် ကြည့်နေသော ဘက်ကို ထိုကောင်လေးကလည်း ကြည့်လိုက်သည်။ အနှီအဘိုးကြီး၏ အဝတ်အစားအရောင်ကို မြင်သည်နှင့် ထိုကောင်လေး၏ မျက်နှာက ဖြူဖွေးသွားလေရဲ့။

လုယန်ကတော့ စိတ်ဝင်တစား ကြည့်နေခဲ့သည်။

ထိုကောင်လေး၏ ဆိုလိုရင်းကို သူ နားမလည်ပါချေ။ သို့ပေမဲ့ ထိုအဝါရောင်ဝတ် အဘိုးအိုကို တော်တော်လေး စိတ်ဝင်စားနေမိလေ၏။

နောက်တစ်စက္ကန့်မှာ ထိုကောင်လေး၏ ခေါင်းပေါ်ကို လုယန် လက်တစ်ဖက် တင်လိုက်သည်။

သူ့မှာ စကားစမြည်ပြောနေပြီး ကိစ္စတွေကို​ ဖြေးဖြေးချင်းဖော်ထုတ်ဖို့ ရည်ရွယ်ချက် မရှိပါချေ။ လုယန်က တိုက်ရိုက်ပဲ ထိုကောင်လေး၏ ဝိညာဥ်ထဲ ရှာဖွေလိုက်သည်။

“ ခင်ဗျား..”

ကြင်နာမှုကို အခုလိုတုံ့ပြန်ခံရမည်ဟု မမျှော်လင့်ထား​သော ကောင်လေးခင်ဗျာ တစ်ချက်သာ အော်နိုင်ခဲ့သည်။

မကြာခင်မှာပဲ လုယန်၏စိတ်ထဲကို အချက်အလက်တွေ အများကြီးဝင်ရောက်လာသည်။

ဤလျှို့ဝှက််နယ်မြေထဲက ကမ္ဘာကြီးအကြောင်းကို သူနားလည်သွားတော့သည်။

ညဘက်ရောက်လာလျှင် တစ္ဆေပေါင်းတစ်သောင်း လှည့်လည်သောကြောင့် လူသားကမ္ဘာက ငရဲလိုဖြစ်နေရ၏။ ဓားချီ၏ ကန့်သတ်ခြင်းရှိနေသဖြင့် လျှို့ဝှက်နယ်မြေအတွင်းက လူများသည် မကျင့်ကြံနိုင်ကြဘဲ သာမာန်လူသားတွေ အဖြစ်သာ နေထိုင်ရသည်။ တစ္ဆေတွေကိုဖျက်ဆီးနိုင်၍ ရလာသော ယာမဓာတ်ကို စုပ်ယူနိုင်မှပဲ ထိုသူက အနည်းငယ်မျှ ပိုသန်မာလာသည်။

အဖြူရောင်၊ အဝါရောင်၊ အမည်းရောင်၊ အနီရောင်ဖြင့်.. တစ္ဆေတွေက အဆင့်အမျိုးမျိုး ကွဲပြားကြလေသည်။

ဤကမ္ဘာ၏ အ​ကြောင်းအရာတွေ တစ်ခုချင်းကို ဖတ်နေရင်း လုယန် တစ်ချိန်ထဲမှာ သံသယဝင်လာခဲ့သည်။

“ ဒီနေရာမှာ သက်ရှိတွေရှိသေးတာလား”

သူ၏ အရင်ဘဝတုန်းက မြင်တွေ့ခဲ့ရသည့် လျှို့ဝှက်နယ်မြေသည် ဗလာဖြစ်နေပြီး သက်ရှိတစ်ကောင်တစ်မြှီးတောင် မရှိချေ။ သို့ပေမဲ့ အခုတော့ သက်ရှိတွေအများကြီး ရှိနေသေးသည်။

“ ဓားချီကြောင့်များလား”

လျှို့ဝှက်နယ်မြေအတွင်းမှာ နှစ်ပေါင်းများစွာအထိ ရှိနေသေးသည့် ဓားချီကို စဥ်းစားမိပြီး လုယန် ကျောချမ်းသွားတော့သည်။

“ ဓားချီက အကုန်လုံးကို သတ်ပစ်လိုက်တာလား”

သို့ပေမဲ့ ထိုအရာက မဖြစ်နိုင်သလို လုယန် ချက်ချင်း ခံစားလိုက်ရ၏။

လျှို့ဝှက်နယ်မြေနှင့် ဓားချီက ငြိမ်းချမ်းစွာဖြင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ပြီးမှ.. ဘာကြောင့် ရုတ်တရက်ကြီး သတ်ပစ်မှာရမှာလဲ။

……

All Chapters