← Chapters

နန်းလုပွဲ (၂)

Vol. 5 Ch. 262

နန်းလုပွဲ (၂)

Vol. 5 Ch. 262

အိမ်ကိုပြန်ရောက်တော့လည်း ချက်ချင်းမနားရပြန်ဘူး။

တံခါးဖွင့်ဖွင့်ချင်းမှာပဲ စိုးရိမ်တကြီးမျက်လုံးတွေနဲ့ သူတို့ဆီကို ပြေးလာနေတဲ့ ဒေါ်ရသီကိုတွေ့လိုက်ရလို့ပါ။

“သခင်၊ မမလေးဆယ်ဗီ။ လုပ်ကြပါဦး၊ မမလေးမိုနီကာ အဖျားတွေတအားတက်နေပြန်ပြီ။”

သတင်းကြားကြားချင်းမှာပဲ ဆယ်ဗီက မိုနီကာရဲ့အခန်းထဲကို ပြေးဝင်သွားပါတယ်။ နက်ဆန်နောက်ကနေလိုက်သွားတော့ ခြေတွေလက်တွေကွေးကောက်တဲ့အထိ အဖျားတက်နေတဲ့ မိန်းကလေးကိုမြင်ရတော့တာပဲ။ ခန္ဓာကိုယ်အပူချိန်က ကြောက်စရာကောင်းလော​က်တဲ့အထိမြင့်တက်နေပြီး ချွေးတွေစီးကျနေတယ်။

“မြန်မြန်၊ သူ့အဝတ်အစားတွေကိုချွတ်ပြီး ရေပတ်တိုက်မှဖြစ်မယ်။ နက်ဆန်၊ မော်လီကို ဓာတ်ဆားဖျော်ခိုင်းပေးပါဦး။”

အသက်လုရတဲ့တိုက်ပွဲက နာရီနဲ့ချီကြာခဲ့တယ်။ မိုနီကာပြန်ပြီး တည်ငြိမ်သွားချိန်မှာတော့ ညသန်းခေါင်ယံရောက်နေပါပြီ။ ဆယ်ဗီ ကိုယ်တိုင်မအိပ်သေးဘဲ မိုနီကာကိုရေဓာတ်ပြန်ဖြည့်ပေးဖို့ နှုတ်ခမ်းကိုဟပြီး ရေစိုအဝတ်စနဲ့ ဓာတ်ဆားရေနည်းနည်းစီ ညှစ်ထည့်ပေးနေရတယ်။ များများတိုက်မိရင် သီးသွားမှာ ကြောက်ရတဲ့အတွက်ပါ။

...

“ရှင်အခန်းထဲ ဝင်လာလို့ရပြီ။” မိုနီကာက အခန်းတံခါးကိုဖွင့်ပြီး ကြည့်လိုက်တော့ အပြင်ဖက်နံရံကိုမှီထိုင်နေတဲ့ နက်ဆန့်ကို မြင်တာနဲ့ ပြောလိုက်တယ်။ အစောပိုင်းက ယောက်ျားလေးတစ်ယောက် ရှိမနေသင့်တဲ့အချိန်မလို့ သူအပြင်မှာစောင့်နေခဲ့တာ။ သူချက်ချင်းခေါင်းညိတ်ပြပြီး အထဲဝင်လိုက်တော့ သတိမရသေးတဲ့ အရိုးပေါ်အရေတင် မိုနီကာကိုမြင်ရပြန်တယ်။

သူအိပ်ရာဘေးကခုံမှာထိုင်လိုက်ပြီး မိုနီကာရဲ့လက်ကိုဆုပ်ကိုင် ထားမိတယ်။ ဒါပေမဲ့သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေက ဆယ်ဗီကို လှည့်ကြည့်လိုက်ပြီးပြောခဲ့လေရဲ့။

“မင်းမအိပ်သေးဘူးလား။”

ဖက်...

ဆယ်ဗီက နက်ဆန်ရဲ့လက်မောင်းကို လက်သီးနဲ့ဖွဖွလေး ထိုးလိုက်တယ်။ သူ့မျက်နှာက ဆံပင်တွေအောက်မှာမြုပ်နေလို့ မျက်နှာအမူအရာအစစ်ကိုမမြင်ရပေမဲ့ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းတွေကို တွေ့မြင်နေရတုန်းပါပဲ။

“ကျွန်မအလုပ်မှာ ဒါမျိုးက ပုံမှန်ပဲလေ၊ အရူးကောင်ရဲ့။” အဲဒီနောက် သူကိုယ်တိုင်လည်း နက်ဆန့်ဘေးကခုံမှာ ဝင်ထိုင်ပါတယ်။

“ရှင်လည်း နားသင့်တယ်။ တစ်မနက်လုံးပင်ပန်းထားပြီးပြီ မဟုတ်ဘူးလား။ မစိုးရိမ်ပါနဲ့၊ ကျွန်မလည်း မိုနီကာကို ဒီအတိုင်း ပျောက်ကွယ်သွားတာမျိုး မဖြစ်စေချင်ဘူး။”

နက်ဆန်ကတော့ ခေါင်းကိုငိုက်စိုက်ချထားတုန်းပဲ။ သူ့ခန္ဓာကိုယ်က တုန်ယင်လို့နေပါတယ်။ နောက်တော့ သူ့ဆီကနေ လေသံဖျော့ဖျော့ နဲ့ ပြောလိုက်တဲ့စကားကို ဆယ်ဗီကြားရတယ်။

“ဆယ်ဗီ၊ မိုနီကာမရှိတဲ့ကမ္ဘာကြီးအတွက် ကိုယ် အသင့်မဖြစ်သေးဘူး။ တကယ်လို့ ရေကျောင်းတော်က ဒီထက်ပိုပြီးခေါင်းမာနေမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ တကယ်လို့ တအားနောက်ကျသွားခဲ့ရင်ရော။ အဲဒီစမ်းရေက မိုနီကာကို မကယ်နိုင်ခဲ့ရင်ရော....”

စိုးရိမ်မှုတွေကြောင့် လက်တွေ့ဘဝကြီးကနေ ဝေးကွာလုဆဲဆဲ ဖြစ်နေတဲ့နက်ဆန်ကို ဆယ်ဗီက ပွေ့ဖက်ထားလိုက်တယ်။ သူ့ရဲ့ အနွေးဓာတ်ကြောင့် နက်ဆန်တည်ငြိမ်သွားပြီးတဲ့အခါမှာတော့ ဆယ်ဗီက နူးညံ့စွာပြောလိုက်လေရဲ့။

“အဲဒီလောက်ထိ စိုးရိမ်နေလို့မဖြစ်ဘူးလေ။ အဆုံးသတ်မှာ အရာရာတိုင်းက မှောင်မိုက်နေမယ်ဆိုရင်တောင် ရှင်က လက်လျှော့မယ့်လူစားမျိုးမဟုတ်မှန်း ကျွန်မသိတယ်။ ရှင်က ကျွန်မတို့နှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။ အခုတော့ အိပ်လိုက်ပါတော့။”

ဆယ်ဗီက နက်ဆန်ရဲ့ကျောကိုညင်သာစွာပွတ်သပ်ပေးခဲ့တယ်။ ငါးမိနစ်မပြည့်ခင်အချိန်လေးအတွင်းမှာပဲ နက်ဆန်ရဲ့မျက်ခွံတွေ လေးလံသွားခဲ့ပြီး အိပ်မောကျသွားလေရဲ့။

“သခင်... ညဖက်အစာပြေစားဖို့ နွားနို့နဲ့ဘီစကစ်တချို့ ယူလာခဲ့တယ်။” တံခါးပွင့်သွားပြီး လင်ပန်းတစ်ချပ်နဲ့အတူ မော်လီဝင်လာတော့ ဆယ်ဗီက နှုတ်ခမ်းပေါ်ကို လက်ညိုး ကန့်လန့်ဖြတ်ထောင်ပြလိုက်ပြီး အိပ်ပျော်နေတဲ့နက်ဆန်ကို ပြသလိုက်တယ်။

“ကျွန်မ သခင့်ကို အခန်းဆီ ခေါ်သွားပေးပါ့မယ်။” မော်လီက အလိုက်တသိနဲ့ ပန်းကန်တွေကို စားပွဲပေါ်မှာနေရာချပေးလိုက်ပြီး ဆယ်ဗီရဲ့ရင်ခွင်ထဲကနေ နက်ဆန်ကိုလွှဲပြောင်းပွေ့ချီလိုက်တယ်။ အဲဒီနောက် ဆယ်ဗီကို အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းညိတ်ပြပြီး အခန်းထဲကနေ ထွက်ခွာသွားခဲ့ပါတော့တယ်။

...

အခန်းထဲမှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့အချိန်ရောက်တော့ ဆယ်ဗီက ပြတင်းပေါက်အပြင်ကို ငေးကြည့်နေမိပါတယ်။ နွေဦးကာလထဲကို နက်ရှိုင်းစွာဝင်ရောက်နေပြီဖြစ်တဲ့အတွက် ညပိုင်းဖြစ်နေတောင် ပြတင်းပေါက်ကနေ နွေးထွေးတဲ့လေတွေ တိုက်ခိုက်နေတုန်းပဲ။

“နက်ဆန်... ဒီထက်ပိုပြီး ရှင်တစ်ယောက်တည်း အရာအားလုံးကို ထမ်းပိုးထားတာမျိုး ကျွန်မမမြင်ချင်တော့ဘူး။”

ဒီစ​ကားနဲ့အတူ ဆယ်ဗီက ပြတင်းပေါက်ဘောင်ပေါ်ကိုတက်တယ်။ အဲဒီနောက်အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ မိုနီကာကို ပြုံးပြလိုက်လေရဲ့။

“စကူးဘတ်မ၊ ဒီတစ်ခါတော့ နင်ငါ့အပေါ်မှာ အကြွေးအကြီးကြီး တင်သွားပြီမှတ်လိုက်တော့။”

အဲဒီနောက်တော့ သန့်ရှင်းတဲ့သူနာပြုဝတ်စုံဝတ်ဆင်ထားတဲ့ ဆယ်ဗီဟာ စပိန်စတိုင်စံအိမ်ကြီးရဲ့အပေါ်ထပ်ကနေ ခုန်ချပြီး ညအမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။

....

ဇာရာဇိုရာမြို့ရဲ့ရေကျောင်းတော်ဌာနခွဲ။

ညနက်နေပြီဖြစ်ပေမဲ့ ခရစ်စတိုဖာနဲ့ ဖီအိုနာတို့က ဧည့်ခန်းထဲမှ ရှိနေဆဲဖြစ်ပြီးတော့ အရေးကြီးကိစ္စတွေအတွက် ဆွေးနွေးနေဆဲပါ။

ဖီအိုနာက ခရစ်စတိုဖာကို နည်းနည်းစိတ်ပျက်နေတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီးတော့ ခရစ်စတိုဖာကိုပြောလိုက်ပါလေရော။

“အစ်ကိုကလဲ၊ ဘာလို့ညအရှင်တို့ကို ရေပန်းအကြောင်း အမှန်အတိုင်းမပြောလိုက်ရတာလဲ။ အမှန်တရားကို သူသိခဲ့ရင် လက်လျှော့ချင်လက်လျှော့သွားမှာပါ။”

ဖီအိုနာရဲ့မတူညီစွာဘဲ ခရစ်စတိုဖာက သက်ပြင်းချလိုက်တယ်။ အဲဒီနောက် သူ့ခေါင်းကိုဖြည်းဖြည်းချင်းခါယမ်းလိုက်ပြီးတော့

“သူက ဒါကိုယုံမယ်ထင်နေလား၊ ညီမလေး။ ကျုပ်တို့တွေ သူ့ကိုအသုံးပြုခွင့်မပေးချင်လို့ လိမ်ညာလှည့်စားနေတယ်လို့ ထင်ပြီးတော့ပြဿနာရှာနေဦးမှာပဲ။ ယတိပျက်ငြင်းလွတ်တာက ပိုကောင်းပါတယ်။”

“ဒါပေမဲ့....” ဖီအိုနာက သဘောမတူသေးပေမဲ့ ခရစ်စတိုဖာက လက်ကာပြလိုက်တယ်။

“ဒီအကြောင်း ဆက်မဆွေးနွေးတော့ဘူး။ မနက်ဖြန်ဘာလုပ်မလဲပဲ ဆက်ဆွေးနွေးကြတာပေါ့။ ရေကျောင်းတော်ရဲ့ဆဲလ်ဆာအဖွဲ့ဝင် တော်တော်များများက မြို့ထဲရောက်နေကြပြီ။မနက်ဖြန်စည်းရုံးပြီး ညီလာခံစဖို့အသင့်ပဲ။ အစ်ကိုကြီးကတော့ ညီမလေးကို ကျောင်းတော်ရဲ့ ဒီတေတာအဖြစ်ခဏအာဏာယူစေချင်တယ်။ ဒါဆိုရင် ဒီရေဂိုဘက်က ဆီနိတ်တာတွေလည်း မနာခံလို့မဖြစ်တာမလို့ သူ့ကိုနယ်နှင်ဒဏ်ပေးရလိမ့်မယ်။”

ဖီအိုနာကတော့ အခြေအနေတွေကို အကောင်းမမြင်ဘဲ သက်ပြင်းချလိုက်လေရဲ့။ “အစ်ကိုကြီး၊ ကိစ္စတွေက အဲဒီလောက်အထိ ရိုးရှင်းမှာမဟုတ်ဘူး။ ဆဲလ်ဆာဘုတ်က ကျွန်မတို့ဘက်ပါပြီး သူ့ကိုအပြစ်ပေးခဲ့ရင်တောင် သူ့မှာ ကြေးစားတွေရှိနေသမျှ ပြီးမှာမဟုတ်ဘူး။ ရေကျောင်းတော်က ပြည်တွင်းစစ်ထဲကျရောက်သွားလိမ့်မယ်။”

ဟင်း...

ခရစ်စတိုဖာလည်း သက်ပြင်းချလိုက်တယ်။ သူဒီအချက်ကို မသိတာမဟုတ်ဘူး။ သိသိကြီးနဲ့စခဲ့တာ။ မလုပ်လို့မဖြစ်တော့လို့ မဟုတ်ပါလား။

“အချိန်ပိုယူလေလေ၊ ဆဲလ်ဆာဘုတ်အဖွဲ့ကလူတွေက ပိုက်ဆံပိုပေးတဲ့ဘက်ကို ပါလေလေပဲညီမလေး။ ငါတို့မှာ လွှမ်းမိုးနိုင်စွမ်းရှိနေတုန်း ဒီကိစ္စကိုလုပ်မှဖြစ်မယ်။” ဒါကြောင့်ပဲ လေ့လာရေးခရီးဆိုပြီး သူဖီအိုနာကို ဒီမြို့ဆီခေါ်လာခဲ့တာပေါ့။

ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ဖီအိုနာရဲ့အကြည့်တွေ ပြောင်းလဲသွားပြီးတီးတိုးပြောလိုက်တယ်။

“အစ်ကိုကြီး၊ ကျွန်မတို့စံအိမ်က လိုအပ်တာထက်ပိုပြီးတော့ တိတ်ဆိတ်နေသလိုပဲ။”

ခရစ်စတိုဖာလည်း သတိရှိရှိဖြစ်သွားပြီး သုံးခွမှိန်းကြီးကို လက်မှာကိုင်လို့ အကဲခတ်လိုက်တယ်။ အပ်ကျသံတောင်မှ မကြားရဘူး။

ဒေါက်... ဒေါက်... ဒေါက်....

ရုတ်တရက် စံအိမ်ညာဖက် စင်္ကြံတံခါးကနေ တံခါးခေါက်သံ ကြားရတဲ့အတွက် ခရစ်စတိုဖာက တံခါးသွားဖွင့်ပေးလိုက်တယ်။ အိမ်စေဝတ်စုံဝတ်ဆင်ထားတဲ့ အနက်ရောင်ဆံပင်နဲ့အစေခံမလေး အပြင်ဖက်မှာရပ်စောင့်နေတာမြင်ရတယ်။

ခရစ်စတိုဖာရဲ့မျက်နှာက ဒါကိုမြင်တော့ အများကြီး ပျော့ပြောင်းသွားပြီ။ သူက လေသံအေးအေးနဲ့ပဲပြောလိုက်တယ်။ “ဘာဖြစ်လို့လဲ၊ ပေါ်လီ။ ငါတို့ကို တစ်ခုခုပြောစရာရှိလို့လား။”

ဒါပေမဲ့ အိမ်စေမိန်းကလေးကစကားပြန်မပြောခဲ့ဘူး။ အဲဒီအစား အစကနေအဆုံးအထိ ကြောက်ရွံနေတဲ့ပုံစံနဲ့ ပါးစပ်ကိုဟထားပြီး သူ့ကိုကြည့်နေခဲ့တာ။ ခဏနေတော့ အိမ်စေမိန်းကလေးရဲ့ ခန္ဓာကိုယ်က ရှေ့ကိုယိုင်ကျလာတဲ့အတွက် ခရစ်စတိုဖာက စီးဖမ်းထားလိုက်ရတယ်။

“မဖြစ်နိုင်တာ....” ခရစ်စတိုဖာက သူ့လက်ကြားကနေစီးထွက်နေဲ့ ပူနွေးနေတဲ့သွေးတွေကို မယုံနိုင်စွာကြည့်လိုက်မိတယ်။ အိမ်စေ ပေါ်လီရဲ့ဝတ်စုံနောက်ဘက်က သွေးတွေနဲ့ရွဲနစ်နေခဲ့ပြီး ကျောမှာ တစ်ဝက်တိတိ စိုက်ဝင်နေတဲ့ ဂျိုကာဖဲချပ်တစ်ချပ်ကိုမြင်နိုင်တယ်။

“အာ.... နှမျောစရာပဲ။ သူက ငါ့ဆီကထွက်ပြေးပြီး နင်တို့ကို တိုက်ရိုက်သတင်းပေးနိုင်ဦးမယ် ထင်ထားတာ။”

ညုတုတုစကားသံကြားလိုက်ရတဲ့အတွက် ခရစ်စတိုဖာ​က လျှောက်လမ်းပေါ်ကိုကြည့်လိုက်တော့ ပိုက်ကွန်စတော့ကင်ရှည် ဝတ်ထားပြီးတော့ ကြောင်လျှောက်လျှောက်လာနေတဲ့ မိန်းကလေးကိုမြင်ရတယ်။

အဲဒီမိန်းကလေးမှာ တောက်ပတဲ့ခရမ်းရောင်ဆံပင်တိုရှိပြီး အဖြူရောင် ချိုင်းပြတ်မျက်လှည့်ဝတ်စုံကို ဝတ်ဆင်ထားလို့။ လက်ထဲမှာတော့ဦးထုပ်ကိုလှည့်ကာ ကစားနေပြီး သူနင်းထားတဲ့ စင်္ကြံလမ်းကတော့ အစောင့်တွေရဲ့သွေးတွေနဲ့ရွဲနစ်လို့။

“မင်းက....” ခရစ်စတိုဖာက အသက်ကင်းမဲ့နေတဲ့ အိမ်စေရဲ့ခန္ဓာကို နံရံမှာမှီပေးလိုက်ရင်း ဘန်နီကိုကြည့်တယ်။

“ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ။ ကျွန်မက ဘန်နီပါ။ ခရီးသွား မျက်လှည့်ပညာရှင်တစ်ယောက်ပေါ့။ ဒီညအတွက် ရှင်တို့ကို ရှိုးပွဲလေးတစ်ခုနဲ့ဖျော်ဖြေပေးဖို့ တတိယသခင်လေးက ကျွန်မကိုငှားထားတာလေ။”

ဘန်နီ လှောင်ပြောင်တဲ့ပုံစံနဲ့ရယ်မောလိုက်ရင်း ခရစ်စတိုဖာကို အဖြစ်ဦးညွတ်ပြတယ်။ ခရစ်စတိုဖာရဲ့မျက်နှာကတော့တင်းမာ ခက်ထန်သွားခဲ့ပြီး လက်ထဲက သုံးခွမှိန်းကို ပစ်လွှတ်လိုက်ပါပြီ။

“မင်း.... ကျဆုံးသွားတဲ့ ငါ့ရေကျောင်းတော်အဖွဲ့ဝင်တွေအတွက် ပြန်ပေးဆပ်ရမယ်။”

ဝှစ်....

သုံးခွမှိန်းက လေဟာနယ်ကိုဖြတ်သန်းပြီးအသံထက်မြန်တဲ့နှုန်းနဲ့ ဘန်နီရဲ့သေကွင်းသေကွက်ဆီတိုးဝင်လာတယ်။ ဘန်နီကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေသေးပြီး နှုတ်ခမ်းကိုကွေးညွှတ်ကာ ပြုံးလိုက်လေရဲ့။

“ အပျော်တမ်းအဆင့်လောက်ပါပဲ....” သူ့လက်ထဲက မှော်နှင်တံကို ဝေ့ယမ်းလိုက်တော့ ခရစ်စတိုဖာရဲ့သုံးခွမှိန်းဟာ မျက်လှည့်ပြရင် အသုံးပြုတဲ့ ဓားအတုအဖြစ်ပြောင်းသွားပြီး ဘန်နီ့လက်ထဲကို ရောက်လာတယ်။ အဲဒီနောက်တော့ အိုလံပစ်လှံတိုပစ်မယ် တစ်ယောက်လိုကိုယ်ဟန်နဲ့ ဓားတိုကို ခရစ်စတိုဖာဆီကို ပြန်ပစ်ပေးလိုက်တယ်။

ခရစ်စတိုဖာ​က ရှောင်ရှားဖို့လုပ်ပေမဲ့ သူ့တစ်ကိုယ်လုံး လေးလံ သွားသလိုခံစားလိုက်ရပြီး သူ့ပခုံးပေါ်ကိုလှည့်ကြည့်လိုက်တော​့ အစောပိုင်းက​ သေဆုံးသွားတဲ့အိမ်စေပေါ်လီဟာ သူ့ကုတ်ကို တက်ခွစီးထားပြီး သူ့ကိုမျက်လုံးသေတွေနဲ့စိုက်ကြည့်နေတာ တွေ့ရတယ်။ အဲဒီမိန်းကလေးရဲ့ခြေလက်တွေမှာတော့ ငွေရောင် ရုပ်သေးကြိုးတွေနဲ့။

“တိုက်ပွဲထဲမှာ အာရုံလွင့်တာမကောင်းဘူးနော်။” ဘန်နီက ရယ်တစ်ဝက်နဲ့ သတိပေးလိုက်တယ်။ဒါပေမဲ့နောက်ကျသွားပြီ။ ဓားတိုက ခရစ်စတိုဖာနားရောက်ရောက်ချင်းမှာပဲ သုံးခွမှိန်းအဖြစ် ပြန်ပြောင်းလဲသွားပြီး ခရစ်စတိုဖာရဲ့ရင်ဝကိုဖောက်ဝင်သွားတယ်။

“အား.....” ခရစ်စတိုဖာဟာ သုံးခွမှိန်းရဲ့အားကြောင့် တစ်ကိုယ်လုံး တရွတ်တိုက်ပါသွားပြီး နံရံတစ်ခုနဲ့ဝင်ရိုက်မိတော့တာပဲ။ မှိန်းက သူ့ကျောကိုထုတ်ချင်းဖောက်နေတဲ့အပြင် နံရံထဲကိုပါစိုက်ဝင်နေလို့ သူလှုပ်ရှားလို့မရတော့ဘူး။

သတိလစ်မသွားခင်သူမြင်လိုက်ရတဲ့မြင်ကွင်းကတော့ မျက်လှည့်ဆရာမဘန်နီက သူ့ရဲ့ချစ်ညီမလေးဆီကို တက်ကြွတဲ့ခြေလှမ်းတွေနဲ့ သွားနေတာကိုပါပဲ။

....

နောက်တစ်နေ့နံနက်....

နက်ဆန်က သူ့မျက်လုံးတွေကိုဖွင့်လိုက်တော့ ​မော်လီရဲ့မျက်နှာကို အရင်ဆုံးမြင်လိုက်ရတယ်။ သံချောင်းရောင်ဆံပင်နဲ့​ပြာနှမ်းတဲ့ အသားအရေရှိတဲ့ ဖုတ်ကောင်ဘုရင်မက သူ့ကိုငုံကြည့်နေပြီး ပြုံးပြလိုက်တယ်။

“သခင်နိုးလာပြီလား....” ဒီမြင်ကွင်းမျိုးက သာမန်လူတွေအဖို့ ကြောက်စရာကောင်းတဲ့အရာတစ်ခုဆိုပေမဲ့ နက်ဆန်အဖို့တော့ သိပ်မထူးဆန်းတဲ့အရာတစ်ခုပါ။

နက်ဆန်က သူ့လက်ရှိအခြေအနေကိုသူ ပြန်ဆန်းစစ်ကြည့်ပါတယ်။ မနေ့ညက သူဆယ်ဗီကိုပွေ့ဖက်ထားရင်းနဲ့ အိပ်ပျော်သွားခဲ့တာ။ မော်လီက သူ့ကိုအခန်းထဲပြန်ခေါ်လာပေးခဲ့ပုံပဲ။ ပြီးတော့ ထူးဆန်း​နေတာတစ်ခုရှိသေးတယ်။

“မော်လီ၊ မင်းငါ့ကို ဘာလို့မင်းပေါင်ပေါ်တင်ပေးထားတာလဲ။”

နက်ဆန်က သူ့ကိုယ်သူအိပ်ရာပေါ်ရောက်နေမှန်းသိပေမဲ့လို့ သူခေါင်းအုံးထားတဲ့အရာက ငှက်မွှေးခေါင်းအုံးမဟုတ်ဘဲ မော်လီရဲ့ပေါင်ပေါ်မှာဖြစ်နေမှန်း သတိထားမိလိုက်တာ။

“ အခုတလော သခင့်ကိုကြည့်ရတာ ဖိအားများနေပုံပေါ်တာနဲ့ ကူညီပေးဖို့ စမ်းကြည့်တာပါ။ ယောက်ျားလေးတွေက ဒါမျိုး သဘောကျကျတယ်လို့ ဒေါ်ရသီတော့ ပြောတာပဲ။”

နက်ဆန်ရဲ့မျက်နှာက မည်းမှောင်သွားပြီး ထရပ်လိုက်တယ်။ အဲဒီနောက် အင်မတန်လေးနက်တည်ကြည်စွာနဲ့ မော်လီကို ကြည့်ပြီးပြောလိုက်ပါလေရော။

“နောက်ဆိုရင် ဉာဏ်ရည်နိမ့်တဲ့သူတွေရဲ့စကားကို နားမယောင်ပါနဲ့တော့။”

“......” မော်လီကတော့ သူ့ကိုပြန်မဖြေဘဲ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းတွေနဲ့သာ စိုက်ကြည့်နေခဲ့တယ်။ ဒီတော့မှ သူအစခံရမှန်း နက်ဆန်သတိထားမိတော့တာ။

“မော်လီ....”

“ဒီအစေခံက သခင်နားဖို့ လိုနေပြီထင်လို့ပါ။”

နက်ဆန်လည်း သက်ပြင်းရှည်ကြီးချလိုက်ပြီး အခန်းထဲကနေ ထွက်လိုက်တယ်။ မနက်စာမစားခင် မိုနီကာကိုတစ်ချက်လောက် သွားကြည့်ဖို့စဥ်းစားခဲ့ပေမဲ့ အခန်းပြင်ရောက်ရောက်ချင်းပဲ ပျာယာခတ်နေတဲ့ဒေါ်ရသီနဲ့တိုးတော့တာ။

ဒေါ်ရသီက နက်ဆန်နဲ့မော်လီကိုလည်းတွေ့ရော ဝမ်းရအားသာနဲ့ ပြေးလာလေရဲ့။

“သ... သခင်... ပြဿနာအကြီးကြီးတော့တက်ပြီ။ မမလေး ဆယ်ဗီ ပျောက်နေတယ်။” ဒီသတင်းက နက်ဆန့်ရင်ဝကို ပိတ်ကန်လိုက်သလိုပဲ။

All Chapters