နန်းလုပွဲ (၃)
Vol. 5 Ch. 263
နက်ဆန်နဲ့ လေကျောင်းတော်အယ်ဒါ ရှားလော့ခ်က ရေကျောင်း ဌာနခွဲရှေ့မှာ ရပ်လိုက်ကြပါတယ်။ နေမြင့်ချိန်ဖြစ်ပေမဲ့လို့ အိမ်တော် အနီးတစ်ဝိုက်မှာ မြူတွေတဆိုင်းနေပြီး ခြံဝင်းထဲကို သေချာမမြင်ရဘူး။
“မနေ့က ဖြစ်ခဲ့တဲ့ကိစ္စတွေအရ ဆယ်ဗီရဲ့အမူအကျင့်နဲ့ဆိုရင် အဲဒီအမှိုက်ကောင်ကို လိုက်ရှာမှာပဲ။ ဒါပေမဲ့ဒီနေရာဆိုတာ သေချာရဲ့လား။”
နက်ဆန်ဟာ မနေ့က ဒီရေဂိုဆိုတဲ့ကောင် နုပျိုခြင်းရေပန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆယ်ဗီကို ဆိုးဆိုးဝါးဝါးတစ်ခု ကမ်းလှမ်းခဲ့မှန်း သတိရနေသေးတယ်။ သူတို့ပြန်ရောက်တော့ မိုနီကာ အဖျားတက်ပြီး သေမလိုဖြစ်တာတွေ့ရတော့ အိမ်ကနေ ထွက်သွားခဲ့တာလေ။ အိမ်ကနေအကြိမ်ကြိမ်ထွက်ပြေးခဲ့ပြီးပြီ ဖြစ်တဲ့အတွက်ကြောင့် အတွေ့အကြုံရှိနေပြီဆိုပေမဲ့လို့...
“နင်ပြောတဲ့အတိုင်းဆိုရင် တတိယသခင်လေးဘေးမှာ ဘန်နီဆိုတဲ့ ကြေးစားမပါလာတယ်မဟုတ်လား။ ဒီရေဂိုရဲ့အမှုအကျင့်အတိုင်း ဆိုရင်တော့ ဆဲလ်ဆာကောင်စီညီလာခံကိုစောင့်မနေဘဲ လှုပ်ရှားမှာ။ ခရစ်စတိုဖာက အင်အားကြီးတယ်ဆိုပေမဲ့ အယ်ဒါအစစ်မဟုတ်သေးဘူး။ ဘန်နီကို သေချာပေါက် တားနိုင်မှာမဟုတ်ဘူး။”
“တစ်နည်းအားဖြင့် အဲဒီကိစ္စက ဖြစ်သွားပြီးလောက်ပြီပေါ့။” နက်ဆန်က ရှားလော့ခ်ဆိုလိုချင်တဲ့သဘောကို နားလည်တယ်။ မြူတွေဆိုင်းနေတဲ့စံအိမ်ကိုကြည့်ရင်း စိတ်မသက်မသာဖြစ်မှုကို သူတို့ခံစားလာရတယ်။
“သခင်မရှားလော့ခ် ပြောတဲ့အတိုင်းဆိုရင် ကျွန်တော်က ရန်သူ့နယ်မြေထဲ ဝင်ရတော့မှာ။ ရန်သူက ကျွန်တော့်ထက် မသာရင်တောင် တန်းတူလောက်ရှိမှာပဲ။ အခုထိ ကူညီပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။”
နက်ဆန်က ရှားလော့ခ်ကို အခုကနေစပြီး သူတစ်ယောက်တည်း ဆက်သွားမယ့်အကြောင်း အရိပ်အခြေပြလိုက်ပေမဲ့ ရှားလော့ခ်က လက်ကိုပိုက်ထားလိုက်ပြီး ရယ်မောလိုက်တယ်။ ဒါကြောင့် သူ့ရင်အစုံလည်း တုန်ခါသွားတော့တာပေါ့။
“ဟားဟား... မင်းက ဒီအမျိုးသမီးကို မိတ်ဆွေတစ်ယောက် ဒုက္ခရောက်တဲ့အချိန် လက်ပိုက်ကြည့်နေမယ့်လူစားမျိုးလို့ ထင်နေတာလား။”
“.....” နက်ဆန်က ရှားလော့ခ်ကို မယုံနိုင်စွာနဲ့ကြည့်လိုက်တယ်။ အခုကိစ္စက သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဖြစ်ပြီးတော့ လေကျောင်းတော်နဲ့မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ရှားလော့ခ်က ထွက်သွားဖို့ငြင်းဆန်နေပါတယ်။
“ငါအစကတည်းက ပြောထားပြီးသား။ နုပျိုခြင်းရေပန်းနဲ့ ပတ်သက်ပြီး မင်းတောင်းဆိုထားတဲ့အတိုင်း ငါ့မှာကူညီပေးဖို့ တာဝန်ရှိတယ်။ ရေကျောင်းတော် အခက်ကြုံနေတဲ့အချိန်မှာ ငါတို့ကူညီပေးလိုက်ရင် ဆွေးနွေးဖို့ အဆင်ပြေသွားနိုင်တယ် မဟုတ်လား။” ရှားလော့ခ်ပြောတာ ယုတ္တိရှိပေမဲ့နက်ဆန်က သဘောမတူနိုင်သေးဘူး။ ရန်သူက ရှေးအယ်ဒါတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုပဲဝါရင့်တဲ့အယ်ဒါတစ်ယောက်ဖြစ်ပါစေ အန္တရာယ်ရှိနိုင်တယ်လေ။
“ဒါပေါ့၊ ငါ့အတွက်လည်း အကျိုးမရှိတဲ့အရာတစ်ခုကို မလုပ်ပါဘူး။ ရိုမြူလက်ဘုရားကျောင်းက ငါတို့တွေအတွက် ခြိမ်းခြောက်မှုဖြစ်နေတုန်းပဲ။ ဒီကိစ္စအတွက် အချိန်ကျလာရင် မင်းငါ့ကိုပြန်ကူညီပေါ့။”
ရှားလော့ခ်ပြောတာကို အဆုံးထိနားထောင်ပြီးတဲ့နောက်မှာတော့ နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။ နက်ဆန်နားမလည်တာက ရှားလော့ခ်က အလုပ်သဘောအရလို့ပြောနေပေမဲ့ နောက်ကွယ်မှာ ဒီထက်ပိုလေးနက်တဲ့ အကြောင်းအရာတစ်ခု ရှိနေတယ်လို့ ခံစားရတာပဲ။
တစ်ဖက်မှာလည်း ရှားလော့ခ်က မြူထဲကို တိုက်ရိုက်မဝင်သေးဘဲ ငွေရောင်ခေါက်ဖုန်းကို ထုတ်ပြီး တစ်ဖက်ကိုလှမ်းပြောလိုက်တယ်။
“အယ်မာ... နင့်တပ်ဖွဲ့တွေကို ရေကျောင်းတော်ဌာနခွဲပတ်လည်မှာ ချထားပြီး ဒေသခံတွေကို နေရာပြောင်းပေးလိုက်တော့။ မကြာခင် တိုက်ပွဲဖြစ်လာနိုင်တယ်။”
“နင်တို့ ကျောင်းတော်ခြောက်ခုက ငါ့ကိုတစ်ချက်လေးတောင် အနားမနေခိုင်းဘူးပဲ။ ကောင်းပြီလေ။ နင်တို့လုပ်စရာရှိတာ လုပ်ကြပါ။”
ရှားလော့ခ်က ဖုန်းချလိုက်ပြီးနောက် နက်ဆန်ကိုပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က ခြံဝင်းထဲကို ပခုံးချင်းယှဥ်ပြီး သတိရှိရှိဝင်လာခဲ့တယ်။
ရေကျောင်းတော်ခြံဝင်းဟာ အရင်တစ်ခါလာတုန်းကနဲ့ယှဥ်ရင် သိပ်ကိုခြားနားလွန်းနေတယ်။ တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး ရာနဲ့ချီတဲ့အစောင့်တွေကို မတွေ့ရတော့ဘူး။ အဲဒီအစား မနှစ်မျို့စရာကောင်းတဲ့ အေးစက်စက်အငွေ့အသက်တစ်ခုကသာ လွှမ်းခြုံထားတယ်။
“နင်သတိထားမိလား....” ရှားလော့ခ်က သတိပေးလိုက်တော့
“အင်း....” နက်ဆန်က တစ်နေရာကိုကြည့်လိုက်တယ်။
ခြံဝင်းရဲ့ဗဟိုလျှောက်လမ်းတစ်ဖက်တစ်ချက်စီမှာ စိုက်ထူထားတဲ့ သစ်သားတိုင်တွေရှိနေပြီး ခေါင်းပြတ်ကြီးတွေကို တိုင်ပေါ်မှာ ချိတ်ထားတယ်။ အော်ဂလီဆန်စရာမြင်ကွင်းမျိုးဖြစ်နေပြီးတော့ အဲဒီလူတွေရဲ့မျက်နှာအမူအရာအရ မသေခင်ဆိုးဆိုးဝါးဝါး နာကျင်မှုကိုခံစားခဲ့ရပုံပဲ။
အနိဋ္ဌာအာရုံမြင်ကွင်းတွေကို ဖြတ်ကျော်လာပြီးနောက်မှာတော့ သူတို့တွေဟာ စံအိမ်ကြီးရဲ့တံခါးဝရှေ့ကို ရောက်လာခဲ့တယ်။ တံခါးက အလိုလိုပွင့်လာပြီးနောက်မှာတော့ သူတို့စံအိမ်ထဲကို အကြောက်အရွံမရှိဝင်လိုက်ကြတယ်။
“ကြိုဆိုပါတယ်... ငါ့ရဲ့ဧည့်သည်တော်တွေ... ဒီတေတာတစ်ယောက်ရဲ့နန်းတက်ပွဲကို အယ်ဒါနှစ်ယောက်တောင်မှ လာပြီး ဂါရဝပြုကြတာပဲ။”
ကျစ်...
ရှားလော့ခ်က ကြားလိုက်ရတဲ့စကားကြောင့် နှုတ်ခမ်းကိုမဲ့လိုက်ပြီး အသံတစ်ချက်ပြု တိတ်တဆိတ်ကျိန်ဆဲလိုက်တယ်။ ဒီတေတာတွေ ဆိုတာက အယ်ဒါတွေတာဝန်မထမ်းဆောင်နိုင်တဲ့အချိန်မျိုး၊ အယ်ဒါရာထူးဆက်ခံနိုင်မယ့်သူမရှိတဲ့အချိန်မျိုး၊ ကျောင်းတော် ဘေးဆိုးကြုံရတဲ့အခါမျိုးမှာ ဆဲလ်ဆာနဲ့ဆီးနိတ်ထောက်ခံချက်နဲ့ ယာယီဦးဆောင်မှုပေးရတဲ့ အာဏာပိုင်မျိုးပါ။ အခုတော့ဒီလူက အဲဒီရာထူးကို အင်အားသုံးရယူခဲ့ပြီးပြီ။
ခန်းမကြီးရဲ့ အလယ်တည့်တည့်မှာတော့ ပလ္လင်တစ်လုံးရှိနေပြီး အဲဒီပလ္လင်မှာ အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ် ဒီရေဂိုရှိနေတယ်။
ဒီရေဂိုရဲ့ပေါင်ပေါ်မှာတော့ ဘန်နီက ပျင်းရိပျင်းတွဲထိုင်နေပြီး လူငယ်လေးကို စပျစ်သီးခွံကျွေးလို့။ ပလ္လင်ရဲ့ရှေ့ဘက် တစ်ဖက်တစ်ချက်မှာတော့ မျက်လုံးတွေကိုပုဝါစည်းပြီး ဒူးထောက်လျက်အနေအထားနဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရှိလို့နေပါတယ်။
သူတို့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေအပြည့်နဲ့ဖြစ်ပြီး သံကြိုးတွေနဲ့ ချည်နှောင်ခံထားရပေမဲ့ ခန္ဓာကိုယ်အချိုးအစားအရတော့ ခရစ်စတိုဖာနဲ့ဖီအိုနာမှန်း သိနိုင်ပါတယ်။
“ဆယ်ဗီ ဘယ်မှာလဲ။” နက်ဆန်ကတော့ ဝေ့ဝိုက်မနေဘဲ ရှေ့ကို တက်လာပြီးတော့ ဒီရေဂိုကိုမေးလိုက်တယ်။ ဒီရေဂိုကလည်း သူ့ကို ပြန်ကြည့်လိုက်ပြီးတော့...
“ဆယ်ဗီ... ဪ... မင်းအနားမှာအမြဲကပ်နေတဲ့ ကောင်မလေး မဟုတ်လား။ မနေ့ညက ငါ့ဆီကိုလာပြီး နုပျိုခြင်းရေပန်းအတွက် ဘာမဆိုလုပ်ပါမယ်ဆိုပြီး လာငိုပြနေသေးတာလေ။”
ဒီရေဂိုက ကောက်ကျစ်စွာရယ်မောလိုက်တယ်။ နက်ဆန်ဟာ သူ့ပုံစံကိုမြင်ရရုံနဲ့တင် အော့အန်ချင်လာပြီး အမှောင်စွမ်းအားတွေ ခန်းမကြီးတစ်ခုလုံးကို ပြန့်နှံလာကာ လက်ထဲကို တံစဥ်ရှည်ကြီး ရောက်လာခဲ့တော့တယ်။
“ငါမေးနေတာကိုဖြေ... ဆယ်ဗီဘယ်မှာလဲ....”
ဒီရေဂိုကတော့ သူ့ကိုလစ်လျူရှုထားဆဲပဲ။ သူက ရယ်မောနေရင်းကနေ...
“သူက လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတာနဲ့ ငါလည်း လုပ်ချင်သလို လုပ်လိုက်တယ်ဆိုပါတော့။”
“မင်း....” နက်ဆန်က ရှေ့ကိုပြေးတက်သွားလိုက်တယ်။ ဘန်နီက ဒီရေဂို့ပေါင်ပေါ်မှာထိုင်နေရင်းကနေ လက်ညိုးတစ်ချောင်းကို လှုပ်လိုက်တယ်။ ခန်းမမျက်နှာကျက်ပေါ်ကနေ လူရိပ်တစ်ရိပ် ပြုတ်ကျလာပြီး နက်ဆန်ရဲ့ရှေ့တည့်တည့်မှာ နေရာယူတဲ့အတွက် သူတုန့်ခနဲရပ်လိုက်တယ်။ အဲဒီနောက်တော့ တံစဥ်ကိုကိုင်ထားတဲ့ သူ့လက်တွေ တုန်ယင်လာတော့တာပဲ။
“ဆယ်... ဗီ....”
သူ့ရှေ့မှာတော့ အနီရောင်လွှမ်းနေတဲ့ ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အပြာရင့်ရောင်ဆံပင်နဲ့မိန်းကလေးရှိတယ်။ စင်စစ်ပြောရရင် သူဝတ်ထားတဲ့အဝတ်အစားတွေက အဖြူရောင်ဖြစ်ခဲ့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် အနီရောင်ပြောင်းသွားခဲ့တာပါ။ ဆယ်ဗီရဲ့ခြေတွေလက်တွေပေါ်မှာ ဓားနဲ့မွမ်းထားတဲ့အရာတွေ ရှိနေပြီး မျက်လုံးတွေကတော့ မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် ဗလာဟင်းလင်းဖြစ်နေတယ်။ သတိကောင်းကောင်းမရှိသလို လက်ကောက်ဝက်၊ ခြေကျင်းစတဲ့နေရာတွေမှာတုပ်နှောင်ထားတဲ့ ငွေရောင်ရုပ်သေးကြိုးဆိုင်းတွေကြောင့် လေထုထဲမှာ တွဲလောင်းကျလို့။
“မင်း... လူမဆန်တဲ့မိစ္ဆာကောင်....” နက်ဆန်ရဲ့မျက်လုံးတွေက အနီရောင်အဖြစ် ပြောင်းလာနေပြီ။ နက်ဆန်ရဲ့အသံကိုကြားတော့ ဆယ်ဗီက ခေါင်းထောင်ကြည့်တယ်။ အဲဒီနောက်မျက်လုံးထဲကနေ မျက်ရည်ပူတွေစီးကျလာပြီး...
“နက်ဆန်... ကျွန်မ နုပျိုခြင်းရေပန်းအကြောင်း သိခဲ့ရပြီ... သိလိုက်ရပြီ...”
ဆယ်ဗီက အဲဒီစကားတစ်ခွန်းတည်းကိုပဲ ဆက်တိုက်ပြောနေခဲ့ပြီး ရှေ့မဆက်တော့ဘူး။ ဒီရေဂိုကတော့ ရယ်မောနေရင်းနဲ့ပဲ
“ဒါပေါ့၊ ငါလည်း သူ့ကို ကတိပေးထားတဲ့အတိုင်းပဲ နုပျိုခြင်း ရေပန်းအကြောင်းပြောပြခဲ့တယ်။ အဲဒါက....”
“အဖျက်ဆီးခံလိုက်ရပြီတဲ့....” ဒီရေဂိုရဲ့စကားမဆုံးသေးခင်မှာပဲ ဆယ်ဗီက ထူးဆန်းတဲ့အပြုံးနဲ့ပြောလိုက်တယ်။ နောက်တော့ သူ့အပြုံးက တဖြည်းဖြည်းကြီးမားလာပြီး ရူးသွပ်နေသူလိုမျိုး ရယ်မောရင်းစကားတစ်ခွန်းတည်းကိုပဲ ရေရွတ်နေတော့တယ်။
“မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။ မဖြစ်နိုင်ဘူး၊ အဲဒီလိုဖြစ်သွားလို့မရဘူး။”
“ဆယ်ဗီ၊ တော်ပါတော့... အဲဒါမင်းရဲ့အမှားမဟုတ်ဘူး။” နက်ဆန်က တံစဥ်နဲ့အဲဒီရုပ်သေးကြိုးတွေကိုဖြတ်ဖို့ ကြိုးစားပေမဲ့ ကြိုးတွေကိုဖြတ်ဖို့လုပ်တိုင်း ဆယ်ဗီက နာကျင်စွာအော်ဟစ်နေတဲ့ အတွက်ကြောင့် ဆက်လုပ်ရမှာကို သူထိတ်လန့်လာတယ်။
“နင်သူ့ကို သေစေချင်ရင် ဆက်လုပ်လေ။ အဲဒီကြိုးတွေက သူ့နှလုံးသားနဲ့ချိတ်ဆက်ထားတာ။ ကြိုးတွေပြတ်တာနဲ့ သူအသေပဲ။”
ဘန်နီက လှောင်ပြောင်တဲ့လေသံနဲ့ ပြောလိုက်တယ်။ ဒီရေဂိုက ပလ္လင်ပေါ်ကနေထလိုက်ပြီး နက်ဆန်ကိုအထင်သေးစွာနဲ့ စိုက်ကြည့်လိုက်တယ်။
“ဟုတ်တယ်၊ မင်းနားကြားမမှားဘူး။ အဲဒီစကူးဘတ်မလေးဖို့ မင်းရှာနေတဲ့ နုပျိုခြင်းရေပန်းက လွန်ခဲ့တဲ့နှစ်လေးရာတည်းက ဖျက်ဆီးခံလိုက်ရပြီးပြီ။ မဟုတ်ရင် ရေကျောင်းတော်က အဖိုးကြီးတွေအခုထိရှိနေဦးမှာပေါ့။”
ဒီရေဂိုက သိုးရေစာလိပ်တစ်လိပ်ကို လူတိုင်းရှေ့မှာ ဖြန့်ပြလိုက်တယ်။ စပိန်ဘုရင်တစ်ပါးလက်မှတ်ထိုးထားတဲ့ အမိန့်စာတစ်ခုဖြစ်ပြီး ဒီရေဂိုကဖတ်ပြတယ်။
“ထာဝရရှင်သန်ခြင်းဟာ ဘုရားသခင်ကိုဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီအတွက် ရေကျောင်းတော်ဟာ ရိုမက်ကက်သလစ်ကျောင်းတော်ရဲ့စောင့်ကြည့်မှုနဲ့အတူ နုပျုခြင်းရေပန်းကို ဖျက်ဆီးပစ်ရမယ်တဲ့... ဟားဟားဟား၊ အဲဒီရေပန်းနဲ့အတူ မုတ်ဆိတ်နက်နဲ့တခြားပင်လယ်ဓားပြတွေကိုပါ စပိန်တွေရဲ့မရှုံးနိမ့်နိုင်တဲ့ရေတပ်ကြီးက ပင်လယ်ကြမ်းပြင်အောက် နှစ်မြုပ်ပစ်ခဲ့တာ။”
“ဟားဟားဟား... မင်းတို့က အစကတည်းက မရှိတော့တဲ့ အရာတစ်ခုကို လိုက်ရှာနေတာပဲ။” ဒီရေဂိုရဲ့ဗီလိန်ဆန်ဆန် ရယ်သံနဲ့အတူ ဒူးထောက်နေရတဲ့ ခရစ်စတိုဖာနဲ့ဖီအိုနာတို့ မောင်နှမနှစ်ယောက်လည်း အပြစ်ရှိစိတ်နဲ့အတူခေါင်းကို ငုံထားလိုက်ကြတယ်။
နက်ဆန်ကတော့ တည်ငြိမ်နေဆဲဖြစ်ပြီးမေးလိုက်တယ်။ “ဆယ်ဗီကို လွှတ်ပေးပါ။ မင်းအတွက် ဘာမဆိုလုပ်ပေးမယ်။”
ဒီရေဂိုက နက်ဆန်ကို တည်ငြိမ်စွာကြည့်လိုက်တယ်။ သူ့ပုံစံက ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနေပုံပဲ။ အတန်ကြာတော့မှ
“မင်းငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ဖိနပ်ကိုလျက်စမ်း၊ ဒီနေ့ကစပြီး မင်းငါ့ဆီမှာ ကျွန်ခံရမယ်။”
“.....” နက်ဆန့်တစ်ကိုယ်လုံး တုန်ခါသွားပေမဲ့ သူတကယ်ပဲ ဒူးထောက်လိုက်တယ်။ နာခံတဲ့ပုံစံကိုတွေ့တော့ ဒီရေဂိုက ထပ်မံရယ်မောရင်း...
“မင်းတို့နှစ်ယောက်က လိုက်လည်းလိုက်ပါ့။ စကားနည်းနည်းနဲ့ ငါ့ဆီမှာကျွန်ခံဖို့အသင့်ဖြစ်နေတာပဲ။ ဘန်နီ၊ သူ့ကိုနားဖားကြိုး ထိုးလိုက်တော့....”
ဘန်နီက ပျင်းရိစွာနဲ့ သူ့လက်ကိုလှုပ်ရှားဖို့ ကြိုးစားလိုက်ပေမဲ့ ရုတ်တရက်လေလှိုင်းဓားသွားတချို့က သူတို့ဆီကိုပြေးဝင်လာတဲ့ အတွက်ကြောင့် နှစ်ယောက်လုံး ပလ္လင်ပေါ်က ခုန်ဆင်းပြီးတော့ ရှောင်လိုက်ရတယ်။ အဲဒီနောက်တော့ ခန်းမတစ်ခုလုံးမှာ နတ်တေးသံပြန့်နှံလာပြီး ဆယ်ဗီကိုချုပ်နှောင်ထားတဲ့ ရုပ်သေးကြိုးတွေပြတ်တောက်သွားတယ်။ နက်ဆန်လည်း ဆယ်ဗီကို စီးဖမ်းထားလိုက်ရတာပေါ့။
“ သူတို့အာရုံပြောင်းသွားတဲ့အထိ စောင့်နေခဲ့ရလို့ စိတ်မရှိပါနဲ့။” ရှားလော့ခ်က နက်ဆန်ကိုတောင်းပန်တယ်။ ရှားလော့ခ်အနေနဲ့ အစောပိုင်းကတည်းက လေနတ်ဘုရားခန္ဓာကိုယ်ကို ထုတ်သုံးဖို့ ဖြစ်နိုင်ပေမဲ့ ဘန်နီက ဆယ်ဗီရဲ့အသက်ကိုချုပ်ကိုင်ထားတာ ဖြစ်ပြီးတော့ သူ့စွမ်းအားကိုမသုံးခင် ဆယ်ဗီကို ရုပ်သေးကြိုးတွေသုံး သတ်ဖြတ်ပစ်နိုင်တယ်။
ဒါကြောင့် ဘန်နီ နက်ဆန်ဘက်ကို အာရုံရောက်နေတဲ့အချိန်ကျမှ မန္တန်ကိုပယ်ဖျက်လိုက်တာ။
“ဒီကမ္ဘာပေါ်မှာ ငမိုက်သားတွေအတွက် နေရာမရှိဘူး။” ရှားလော့ခ်က ဆက်အချိန်ဆွဲမနေဘဲ ဒီရေဂိုဆီကို တည့်တည့်ပြေးသွားလိုက်တယ်။ ဘန်နီက နတ်တေးသံကြောင့် နားစည်ထိခိုက်သွားပြီး ဆိုးဆိုးဝါးဝါးခံစားနေရတဲ့အတွက် ဒီရေဂိုကိုကာကွယ်မပေးနိုင်သေးဘူး။ မှော်ဂါထာကင်းမဲ့နယ်ထဲမှာ အစစ်အမှန်ပြိုင်ဖက်ကင်းတဲ့သူက ရှားလော့ခ်ပါပဲ။
“သေစမ်း....” ရှားလော့ခ်က လေဓားတွေအများကြီးကို ထုတ်ဖော်လိုက်တယ်။ ဒီရေဂိုက ကြမ်းပြင်ပေါ်လဲကျသွားပြီး အသံကျယ်ကြီးနဲ့အော်ဟစ်လိုက်တယ်။
“ဟာ့ပါ....”
ဘုန်း....
အိမ်တော်ရဲ့ဒုတိယထပ်ကနေ ဘဏ္ဍာစိုးဝတ်စုံဝတ်အမျိုးသမီး ဆင်းချလာပြီး ကြမ်းပြင်ကိုလက်သီးနဲ့ထိုးနှက်လိုက်ပါတယ်။ အဲဒီအမျိုးသမီးရဲ့လက်မှာတော့ ဖီအိုနာအရင်ကဝတ်ထားတဲ့ လက်စွပ်ရှိနေပြီး ကြမ်းပြင်ကိုထိတာနဲ့ ဧရာမဆူနာမီရေလှိုင်းတွေ ထွက်ပေါ်လာလို့ ရေသက်သက်နဲ့ဖွဲ့စည်းထားတဲ့ ရေသူမပုံရိပ် ပေါ်ထွက်လာတယ်။
ရေသူမဟာလည်း သူ့ကိုယ်ပိုင်တေးသီချင်းကိုစတင်သီဆိုပြီး လေနတ်သမီးတွေရဲ့တေးသံဟာ တန်ပြန်ခြင်းခံရပါတယ်။ ရှားလော့ခ်က အခြေအနေကို ပြန်မပြုပြင်နိုင်ခင်မှာပဲ ဟာ့ပါက ညာလက်သီးနဲ့ သူ့ကိုထိုးလိုက်တယ်။
ဘုန်း....
ရှားလော့ခ်လက်ထဲက မှော်နှင်တံက ခေါက်ယပ်တောင်အဖြစ် ပြောင်းသွားပြီး လက်သီးချက်ကို လမ်းပြောင်းလိုက်နိုင်ပေမဲ့ လေထုတစ်ခုလုံး သိပ်သည်းတုန်ခါသွားစေနိုင်တဲ့တိုက်ကွက်မလို့ ရှားလော့ခ် အခြေပျက်သွားလုမတတ်ပဲ။
“ကောင်လေး၊ သတိထား။” နက်ဆန်က ဆယ်ဗီဆီမှာဆက်ပြီး အာရုံရောက်နေဆဲမလို့ ရှားလော့ခ်က သတိပေးလိုက်တယ်။ တစ်ချိန်တည်းဆိုသလိုပဲ ဘန်နီက နက်ဆန်ကို ပေါက်ကွဲနိုင်တဲ့ စပိတ်ဖဲချပ်သုံးချပ်နဲ့ပစ်ပြီးနေပြီ။
ဝှစ်....
ဒါပေမဲ့နက်ဆန့်အရိပ်ထဲကနေ နာတာရှာထွက်လာပြီး လေလှိုင်း တစ်ခုကိုဖန်တီးကာ ဖဲချပ်တွေကို အဝေးလွင့်သွားစေခဲ့တယ်။ နာတာရှာက နက်ဆန်ကိုကြည့်လိုက်ပြီး
“သခင်... အရေးကြီးတာအရင်လုပ်ကြစို့။”
“ သူ့ကို သေချာဂရုစိုက်”
နက်ဆန်လည်း သက်ပြင်းချလိုက်ကာ ဆယ်ဗီကို သူ့အရိပ်ထဲက ထွက်လာတဲ့ အိုလီရာနာလက်ထဲထည့်ပေးလိုက်တယ်။ အဲဒီနောက် ပြိုင်ဘက်ဖြစ်တဲ့ဘန်နီကို ကြည့်လိုက်ပါပြီ။ ဘန်နီကတော့ အတောက်ပဆုံး လုပ်ပြုံးကိုပြုံးထားပြီး သူတို့ဆီကိုကြောင်လျှောက် လျှောက်လာနေပါတယ်။ လက်ထဲမှာတော့ ဂျက်၊ ကင်း၊ ကွင်းနဲ့ ဂျိုကာ ဖဲတစ်ချပ်စီကိုင်ထားတယ်။
“ညအရှင်... ကျွန်မတို့အစေခံတွေ ဘယ်လောက်စွမ်းလဲ ယှဥ်ကြည့်ကြမလား။ရှင့်ဝှက်ဖဲတွေအားလုံး ထုတ်မသုံးရင်တော့ ကျွန်မကို နိုင်မှာမဟုတ်ဘူးနော်။”
“မင်းဒီအတွက် နောင်တရစေရမယ်။” နက်ဆန်က ပြောလိုက်ပြီး ရွှေလပြည့်ဝန်းမျက်နှာဖုံးကို တပ်ဆင်လိုက်တယ်။ အမှောင်ထုနဲ့ တသားတည်းဖြစ်သွားချိန်မှာတော့ အစစ်အမှန်တိုက်ပွဲကြီး စတင်ခဲ့ပါပြီ။