အခန်း (၇၄၉-၇၅၀)
Vol. 38 Ch. 749-750
အပိုင်း(၇၄၉) စစ်တပ်မှ အကူအညီတောင်းခံခြင်း
"ဆရာလင်း... ကျွန်တော်တို့ လင်ကျောင်းကို စလှုပ်ရှားတော့မှာလား" ရှီဟိုင်ကျူးက မေးလိုက်သည်။
လင်းယွမ်က ခေါင်းအသာခါယမ်းလိုက်ပြီး "ကျွန်တော်တို့ လှုပ်ရှားမှာ မဟုတ်ဘူး"
လူအားလုံး ချက်ချင်း ကြောင်အမ်းသွားကြပြီး အနည်းငယ် အံ့အားသင့်သွားကာ လင်းယွမ် ဘာကိုဆိုလိုမှန်း နားမလည်နိုင် ဖြစ်သွားကြသည်။
ကိုယ်တွေက မလှုပ်ရှားဘူးဆိုရင် တစ်ဖက်လူက သူ့ဘာသာ လာရောက်ခိုလှုံမှာမို့လို့လား။
ကျွမ်းရှုယွမ်က တုံ့ပြန်မှု မြန်ဆန်လှပြီး လင်းယွမ်၏ ဆိုလိုရင်းကို မျက်စိတစ်မှိတ်အတွင်း သဘောပေါက်သွားသည်။
သူမ၏ လှပသော မျက်ဝန်းများ အရောင်လက်သွားပြီး "ဆရာလင်းရဲ့ သဘောက... သူများဓားငှားပြီး လူသတ်ချင်တာလား"
ထိုစကားကို ကြားသောအခါ လူအားလုံး တွေးတောစဉ်းစားခန်း ဝင်သွားကြလေသည်။
သူများဓားငှားပြီး လူသတ်မယ်...
ဘယ်သူ့ဓားကို ငှားမှာလဲ...
အားလုံး စဉ်းစားမရခင်မှာပင် လင်းယွမ်က ပြုံးလျက် "ဒီလိုပြောလို့လည်း မရသေးဘူး... စစ်တပ်က မုန်ယာကုမ္ပဏီကို အရင်ကတည်းက ရန်စထားပြီးသားလေ... ကျွန်တော်တို့က တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်ပွဲကို ထိုင်ကြည့်နေရုံ သက်သက်ပါပဲ... သူများဓားငှားပြီး လူသတ်တယ်ဆိုတာနဲ့ အလှမ်းဝေးပါတယ်"
ထိုအခါမှသာ ထိုဓားက ဘယ်သူလဲဆိုတာကို အားလုံး နားလည်သဘောပေါက်သွားကြသည်။
တကယ်တော့ မုန်ယာကုမ္ပဏီကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
တင်းယန်က "ဒီနည်းလမ်း မဆိုးဘူး... စစ်တပ်နဲ့ မုန်ယာကုမ္ပဏီ ခွေးအချင်းချင်း ကိုက်ကြပါလေ့စေ... နှစ်ဖက်လုံး အထိနာသွားတဲ့ အချိန်ကျမှ ကျွန်တော်တို့ ဝင်ပါမယ်... အဲဒီအချိန်ကျရင် လင်ကျောင်းမြို့ကို အမှန်တကယ် စုစည်းနိုင်သွားပြီပေါ့"
"အဲဒီအချိန်ရောက်ရင် ကျွန်မတို့ ထိုက်ယန်တောင်က လင်ကျောင်းမြို့မှာ အကြီးဆုံး ခိုလှုံရေးစခန်း ဖြစ်လာတော့မှာပဲ"
လီဟန်ကျုံးက အနည်းငယ် တွန့်ဆုတ်သွားပြီး "ဆရာလင်း... ကျွန်တော်တို့က စစ်တပ်ရဲ့ နယ်မြေကို ဘာလို့ တိုက်ရိုက် မသိမ်းပိုက်ရတာလဲ... တကယ်လို့ မုန်ယာကုမ္ပဏီနဲ့ စစ်တပ်ကို ချခိုင်းလိုက်မယ်ဆိုရင်... အဲဒီအချိန်ကျရင် လူတွေအများကြီး သေကုန်မှာပေါ့ဗျာ"
ထိုနေရာအထိ ပြောပြီးနောက် သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရှာသည်။
ယခုအချိန်တွင် လူသားအရင်းအမြစ် ရှားပါးနေပြီး ထိုက်ယန်တောင်၏ နယ်မြေကလည်း ပိုမို ကြီးမားလာရာ အနာဂတ် တိုးတက်ဖွံ့ဖြိုးရေးအတွက် လူအင်အား ပိုမိုလိုအပ်လာမည်မှာ အသေအချာပင်။
ထို့ကြောင့် စစ်တပ်ဘက်ရှိ လူများသည်လည်း တန်ဖိုးရှိသော အရင်းအမြစ်များ ဖြစ်သည်ဟု လီဟန်ကျုံးက ယူဆထားခြင်း ဖြစ်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ပါမောက္ခလီ... ခင်ဗျားပြောတာကိုလည်း ကျွန်တော် စဉ်းစားပြီးပါပြီ"
"ဒါပေမဲ့ လူစိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်... အခု ကျွန်တော်က စစ်တပ်ရဲ့ နယ်မြေကို သွားတိုက်လိုက်မယ်ဆိုရင်... စစ်တပ်ကလူတွေက ကျွန်တော်တို့ကို ဘယ်လိုမြင်မယ် ထင်လဲ"
"သူတို့မျက်လုံးထဲမှာ ကျွန်တော်တို့က သူတို့ရဲ့ အရင်းအမြစ်တွေကို လုယူပြီး သူတို့ရဲ့ အိမ်ကို သိမ်းပိုက်တဲ့ ကျူးကျော်သူတွေ ဖြစ်နေမှာပဲ"
"သူတို့ရင်ထဲမှာ ကျွန်တော်တို့အပေါ် အမုန်းတရားနဲ့ မကျေနပ်ချက်တွေပဲ ရှိနေမှာ"
"ဒါပေမဲ့ မုန်ယာကုမ္ပဏီကသာ သူတို့ရဲ့ အိမ်ကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင်... အဲဒီအချိန်ကျမှ ကျွန်တော်တို့ ထွက်လာရင် ရလဒ်က လုံးဝ ကွဲပြားသွားလိမ့်မယ်"
"အဲဒီအချိန်ကျရင် ကျွန်တော်တို့က ကယ်တင်ရှင်တွေ ဖြစ်သွားပြီ... သူတို့က ကျွန်တော်တို့ကို ကျေးဇူးတင်နေကြမှာပဲ... အဲဒီလူတွေကို သိမ်းသွင်းဖို့ဆိုတာ အဲဒီအချိန်က အကောင်းဆုံး အခိုက်အတန့်ပဲ"
"ဒါက တစ်ပိုင်းပေါ့ဗျာ... ပိုအရေးကြီးတာက စစ်တပ်ခေါင်းဆောင် ကျန်းယွီကျန်း ဆိုတဲ့လူပဲ... သူက ကျွန်တော်တို့နဲ့ စကားပြောပြီး စစ်တပ်ကလူတွေနဲ့ နယ်မြေကို သိမ်းသွင်းပေးတာမျိုး အရမ်းလိုလားနေတာ"
"အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူက စစ်တပ်ရဲ့ ပစ္စည်းတွေအကုန်လုံးကို စုစည်းပြီး ကျွန်တော်တို့ဆီ ဈေးကောင်းကောင်းနဲ့ ရောင်းထုတ်လို့ရသွားမှာ... သူလည်း အကျိုးအမြတ် အကြီးကြီး ရသွားမှာပေါ့"
"ပြီးတော့ အဲဒီလိုလုပ်လိုက်ရင် မုန်ယာကုမ္ပဏီရဲ့ ထိုးစစ်ကို ကျွန်တော်တို့ဆီ လွှဲချလိုက်လို့ ရသွားပြီလေ"
အားလုံးက ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာထားများ လေးနက်သွားကြလေသည်။
စစ်တပ်၏ နယ်မြေကို တိုက်ခိုက်မည် ဆိုလျှင်လည်း ဖြစ်သလို တိုက်၍ မရပေ။
အချိန်အခါကို ကြည့်ရမည်ဖြစ်ပြီး ဗျူဟာလည်း လိုအပ်ပေသည်။
လူအုပ်ထဲတွင် ဤအကြောင်းပြချက်ကို နားလည်နိုင်သူ များများစားစား မရှိလှပေ။
လင်ယွီရုံ၊ တင်းယန်၊ တိချွမ်ခူး နှင့် ကျွမ်းရှုယွမ် တို့သည် ယခုမှပင် သဘောပေါက်သွားကြတော့သည်။
လင်းယွမ်၏ ဉာဏ်ပညာ ကြီးမားမှုကို အားလုံးက လေးစားသွားရလေသည်။
တင်းယန်က ချက်ချင်း ဆိုလိုက်သည်။ "လင်းယွမ် ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မထင်တယ်... ကျွန်မတို့ စစ်တပ်ကို တိုက်ရမှာ မှန်ပေမဲ့ ကျေးဇူးကန်းတတ်တဲ့ စစ်ခွေးတစ်အုပ်ကိုတော့ လက်ခံလို့ မဖြစ်ဘူး"
"လင်းယွမ်ရဲ့ စကားကို ကျွန်မ ထောက်ခံတယ်"
ကျန်လူများကလည်း လက်ထောင်ကာ လင်းယွမ် ပြောသည်ကို သဘောတူ ထောက်ခံကြလေသည်။
လီဟန်ကျုံးလည်း ခေါင်းညိတ်ကာ ခါးသက်သက် ပြုံးရင်း "ကျွန်တော်လည်း သဘောတူတယ်... ဆရာလင်း... ကျွန်တော်က သုတေသန လုပ်တဲ့သူဆိုတော့ လူသားအရင်းအမြစ်တွေကို နှမြောမိလို့ပါ... ပြီးတော့ စစ်တပ်က သုတေသီ တချို့နဲ့လည်း ကျွန်တော် အဆက်အသွယ် ရှိခဲ့ဖူးတယ်... အဲဒီလူတွေထဲမှာ တကယ် အရည်အချင်းရှိတဲ့သူတွေ မနည်းဘူးဗျ"
"ဒါကြောင့်လည်း ဒီလို အကြံပေးလိုက်မိတာပါ... ဆရာ့မှာ အစီအစဉ် ရှိနေပြီးသားဆိုရင်တော့ ကျွန်တော် ပြောတာတွေကို မေ့ထားလိုက်ပါတော့"
လင်းယွမ်က ပြုံးလိုက်ပြီး "အစည်းအဝေး လုပ်တယ်ဆိုမှတော့ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာပေါ့... အတူတူ တိုင်ပင်မှသာ ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု ထွက်လာမှာလေ... ကျွန်တော့် တစ်ယောက်တည်းရဲ့ အတွေးက သေချာပေါက် လိုအပ်ချက်တွေ ရှိမှာပဲ... အားလုံးက ဝိုင်းပြီး ဖြည့်စွက်ပေးဖို့ လိုသေးတယ်"
"ဆရာလင်း... ဆရာ မရှိတဲ့ အချိန်တုန်းက ကျန်းယွီကျန်း က ဆရာနဲ့ ဆွေးနွေးချင်လို့ဆိုပြီး လူ အခေါက်ခေါက်အခါခါ လွှတ်ခဲ့သေးတယ်... ကျွန်မတို့ အကုန် ငြင်းလွှတ်လိုက်တယ်"
"ကြည့်ရတာ သူက ကျွန်မတို့ဆီကို တကယ် လာခိုလှုံချင်နေတဲ့ပုံပဲ"
ကျွမ်းရှုယွမ်က ပြောလိုက်သည်။
ဤကိစ္စကို တင်းယန်က လင်းယွမ်အား သတင်းပို့ပြီး ဖြစ်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်းအသာခါယမ်းလိုက်ပြီး မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာကာ "ကျန်းယွီကျန်း ဆိုတဲ့လူက ယုံရတာမဟုတ်ဘူး... လောလောဆယ် ဂရုစိုက်စရာ မလိုသေးဘူး" ဟု ပြောလိုက်သည်။
"ဒါဆို ဆရာလင်း... မုန်ယာကုမ္ပဏီကသာ အချိန်ဆွဲပြီး မလှုပ်ရှားရင် ဘယ်လိုလုပ်မလဲ" ချန်ကျန့်ဖုန်းက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယွမ် ခေါင်းအသာခါယမ်းလိုက်သည်။ "မဖြစ်နိုင်ဘူး... ကျွန်တော် သိရသလောက်ဆို မုန်ယာကုမ္ပဏီကလူတွေ လှုပ်ရှားနေပြီ"
"ဘာအလွဲအချော်မှ မရှိဘူးဆိုရင် အခုလောက်ဆို တိုက်ပွဲဖြစ်နေလောက်ပြီ"
"ဌာနမှူးကျွမ်း... ခင်ဗျားလူတွေဆီက ဘာသတင်း ရသေးလဲ"
လင်းယွမ်က ကျွမ်းရှုယွမ်ကို ကြည့်ကာ မေးလိုက်သည်။
ကျွမ်းရှုယွမ်က ထိုစကားကို ကြားသည်နှင့် "ဟိုဘက်က သူလျှိုတွေဆီကနေ သတင်း မရသေးပါဘူး" ဟု အလျင်အမြန် ဖြေလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "သေချာ စောင့်ကြည့်ထား... မကြာခင် သတင်းရောက်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်" ဟု ပြောလိုက်သည်။
"နောက်ပြီး မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေဝါနတ်ဘုရားကျွန်းကိုပါ အကြောင်းကြားလိုက်... ကျောက်ခိုင်နဲ့ ချင်းဟွာကို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခိုင်းလိုက်"
"နားလည်ပါပြီ" ကျွမ်းရှုယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ယခုတစ်ခေါက် အစည်းအဝေးမှာလည်း အချိန်အတော်ကြာမြင့်ပြီး မနက်ခင်း တစ်ပိုင်းလုံး အစည်းအဝေး ထိုင်နေခဲ့ကြရသည်။
စစ်တပ်ကို ရင်ဆိုင်မည့် အစီအစဉ်အပြင် လေဟုန်စီး ငါးလိပ်စွန်ကျွန်းကို ဖော်ဆောင်မည့် အစီအစဉ်များကိုပါ အစည်းအဝေးတွင် လျင်မြန်စွာ ဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့ကြသည်။
ထို့အပြင် နောက်ပိုင်းတွင် ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များကိုလည်း အကြမ်းဖျင်း သတ်မှတ်နိုင်ခဲ့သည်။
၎င်းမှာ လေတပ်ကို အစွမ်းကုန် တည်ဆောက်ပြီး လေပေါ်ကျွန်း အများအပြားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်။
သေချာသည်မှာ ရေတပ်ကိုလည်း လျစ်လျူရှုထား၍ မရပေ... အပူချိန် ပြန်လည်မြင့်တက်လာသည်နှင့်အမျှ ရေခဲတောင်များ အရည်ပျော်ကာ ရေမျက်နှာပြင်ကလည်း သေချာပေါက် ဆက်လက် မြင့်တက်လာပေလိမ့်မည်။
ထိုအခါ ခရီးသွားလာရန်အတွက် ယာဉ်ပျံများအပြင် လှေများ၊ ရေငုပ်သင်္ဘောများ စသည်တို့လည်း မရှိမဖြစ် လိုအပ်လာမည် ဖြစ်သည်။
သို့သော် လတ်တလော အရေးအကြီးဆုံးမှာ လေတပ်ကို ဦးစားပေး တည်ဆောက်ရန်သာ ဖြစ်သည်။
ထိုက်ယန်တောင်အနေဖြင့် လေပေါ်ကျွန်းများကို တတ်နိုင်သမျှ များများ သိမ်းပိုက်ပြီး လင်ကျောင်းမြို့၏ ဝေဟင်ပိုင်နက်ကို အပြည့်အဝ ထိန်းချုပ်ထားရမည် ဖြစ်သည်။
အစည်းအဝေး ပြီးဆုံးခါနီးအချိန်တွင် အပြင်ဘက်မှ လောတကြီး ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
ကျိဖုန်း တစ်ယောက် အလောတကြီး ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။
"ဆရာလင်း... ပြဿနာ တက်ပြီ"
လင်းယွမ် စကားပြောနေရာမှ ရပ်လိုက်ပြီး ကျိဖုန်းကို ကြည့်လိုက်သည်။
ကျိဖုန်းမှာ ခြေမြန်တော်တပ်ရင်း ၏ ခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် ကျွန်းကြီးများအကြား သတင်းအချက်အလက် ပေးပို့ခြင်းကို တာဝန်ယူထားသူ ဖြစ်သည်။
အရေးကြီးသော သတင်းအချက်အလက် မဟုတ်ပါက သူသည် အစည်းအဝေးခန်းထဲသို့ အတင်းဝင်လာပြီး လင်းယွမ်တို့၏ အစည်းအဝေးကို အနှောင့်အယှက်ပေးမည် မဟုတ်ပေ။
လင်းယွမ်က ကျိဖုန်းထံမှ အရေးကြီးသော သတင်း ပါလာကြောင်း ချက်ချင်း သိလိုက်ပြီး "ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။
"စစ်တပ်ဘက်က အကူအညီတောင်းဖို့ လူလွှတ်လိုက်တယ်... မုန်ယာကုမ္ပဏီရဲ့ ယာဉ်ပျံတွေက စစ်တပ်ရဲ့ တိမ်မြူကျွန်းကို ဗုံးကြဲနေပြီ"
"နောက်ပြီး မြေဝါနတ်ဘုရားကျွန်း နဲ့ မီယွမ်မိုးသစ်တောကျွန်း ကလည်း သတင်းတွေ ရောက်လာတယ်... အဲဒီသတင်းကို အတည်ပြုပြီးပြီ"
"အခု ချန်ချုံးတောင် တောင် ဗုံးကြဲခံရလို့ နေရာတစ်ကွက် ပြိုကျသွားပြီ... စစ်တပ်က တောင့်မခံနိုင်တော့ဘူး"
လင်းယွမ် ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး မတ်တတ်ရပ်ကာ ပြုံးလျက် "အားလုံးပဲ... အခွင့်အရေး ရောက်လာပြီ" ဟု ပြောလိုက်သည်။
အစည်းအဝေး တက်ရောက်နေသူ အားလုံး၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပေါ်လာကြသည်။
"ဆရာလင်း... ကျွန်တော်တို့ ဘယ်အချိန် ထွက်ကြမလဲ"
"အခု ချက်ချင်း လှုပ်ရှားမှာလား"
"ဆရာလင်း... ကျွန်တော့်ကို သွားခွင့်ပြုပါ... မလှုပ်ရှားရတာ ကြာပြီ... ကျွန်တော် အခုမှ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ခါစဆိုတော့ ကျွန်တော့်ရဲ့ လက်ရှိ စွမ်းရည်ကို စမ်းသပ်ပါရစေ"
"မဆိုးပါလား ရှီဟိုင်ကျူး... မင်းက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်သွားပြီလား"
"ချန်ကျန့်ဖုန်း... မင်းလည်း ရောက်သွားပြီ မဟုတ်လား"
လူအားလုံးမှာ စိတ်အားထက်သန်နေကြပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အဆင့်တက်ခါစဖြစ်သော ထိုက်ယန်တောင်မှ အစွမ်းထက်သူ အချို့မှာ စိတ်လှုပ်ရှားနေကြကာ တိုက်ပွဲဝင်ရန် ကိုယ်တိုင် တောင်းဆိုနေကြလေသည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး "အားလုံး အခွင့်အရေး ရမှာပါ" ဟု ပြောလိုက်သည်။
"ပါမောက္ခလီ... ထိုက်ယန်တောင်မှာ ယာဉ်ပျံ ဘယ်နှစ်စင်း ရှိလဲ"
လီဟန်ကျုံးက ခါးသက်သက် ပြုံးလိုက်သည်။ "အချိန်က အရမ်းနည်းလွန်းတော့... ကျွန်တော်တို့ဆီမှာ ယာဉ်ပျံ ဆယ်စင်းပဲ ရှိတယ်"
လင်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ယာဉ်ပျံ ဆယ်စင်းဆိုသည်မှာ တကယ်ကို နည်းလွန်းလှသည်။
သို့သော် ယခင်က ထူလုံတို့ကို ခေါ်ဆောင်ပြီး လေပေါ်ကျွန်းထဲသို့ ဝင်ရောက်စဉ်က သူက ဆယ်စင်းကို တစ်ခါတည်း ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ယခု ထိုယာဉ်ပျံများသည် လေဟုန်စီး ငါးလိပ်စွန်ကျွန်းပေါ်တွင် ကျန်ရှိနေပြီး ထူလုံ၊ ဦးလေးမာ တို့နှင့် ပူးပေါင်းကာ စခန်းကို စောင့်ကြပ်နေကြလေသည်။
ယခုအချိန်တွင် ထိုက်ယန်တောင်ဘက်၌ အသုံးပြုရန် ယာဉ်ပျံ မရှိတော့သည်မှာ သဘာဝပင်။
တင်းယန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "ကျွန်မတို့ အခုလေးတင် တိုက်ပွဲတစ်ခု နိုင်ထားပြီး ခိုက်ရီနည်းပညာ ကုမ္ပဏီဆီက ယာဉ်ပျံတွေ သိမ်းဆည်းရမိထားတယ် မဟုတ်လား"
လင်းယွမ် ထိုစကားကို ကြားသည်နှင့် ထိုကိစ္စကို ချက်ချင်း သတိရသွားပြီး ရှီဟိုင်ကျူးထံသို့ လျင်မြန်စွာ ကြည့်လိုက်သည်။
ရှီဟိုင်ကျူးက ချက်ချင်း ပြောလိုက်သည်။ "ရန်သူ့ဆီကနေ ယာဉ်ပျံ အစင်း (၂၀) သိမ်းဆည်းရမိထားပါတယ်... အဲဒီအထဲက သုံးစင်းက ပျက်စီးနေလို့ ပြင်ဆင်ပြီးမှ သုံးလို့ရမှာပါ"
"ကျန်တဲ့ (၁၇) စင်းထဲမှာ (၁၂) စင်းက အကောင်းပကတိ ရှိနေပြီး ကျန်တဲ့ ငါးစင်းကတော့ နည်းနည်းပါးပါး ထိခိုက်ထားပေမဲ့... တိုက်ပွဲဝင်ဖို့အတွက်တော့ အနှောင့်အယှက် မဖြစ်ပါဘူး"
လင်းယွမ်က ချက်ချင်း ဆိုလိုက်သည်။ "ဌာနမှူးကျွမ်း... ခိုက်ရီနည်းပညာ ကုမ္ပဏီက လေယာဉ်မှူးတွေကို ကျွန်တော် ထိန်းချုပ်ထားပြီးပြီ... ခင်ဗျား ချက်ချင်း လူခေါ်သွားပြီး အရေးပေါ် စစ်ဆေးမေးမြန်းလိုက်... သူတို့ကို ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ ယာဉ်ပျံ အသုံးပြုနည်း လမ်းညွှန်တစ်ခု ရေးခိုင်းလိုက်"
လီဟန်ကျုံးက အလျင်အမြန် ဝင်ပြောသည်။ "ဆရာလင်း... ခိုက်ရီနည်းပညာ ကုမ္ပဏီရဲ့ ယာဉ်ပျံတွေက ပန်းကန်ပြားပျံ ပုံစံတွေချည်းပါပဲ... မော်ဒယ်တွေကလည်း အရင်ဟာတွေနဲ့ သိပ်ပြီး မပြောင်းလဲဘူး"
"ကျွန်တော်တို့ အရင်က လေ့ကျင့်ပေးထားတဲ့ လေယာဉ်မှူးတွေက... ဒီယာဉ်ပျံတွေကို ကောင်းကောင်း မောင်းနှင်နိုင်ပါတယ်"
လင်းယွမ် မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ပြောလိုက်သည်။ "ဒါဆို ပိုတောင် ကောင်းသေးတာပေါ့... ကျွန်တော်တို့လူတွေကို ယာဉ်ပျံတွေ မောင်းပြီး ချက်ချင်း အဲဒီကို သွားခိုင်းလိုက်"
"ရှီဟိုင်ကျူး၊ ချန်ကျန့်ဖုန်း၊ တင်းယန် နဲ့ တိချွမ်ခူး တို့က ငါနဲ့ လိုက်ခဲ့... ကျန်တဲ့လူတွေ ထိုက်ယန်တောင်မှာ နေခဲ့ကြ"
"နားလည်ပါပြီ"
အားလုံးက ချက်ချင်း ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်ကြသည်။
လင်းယွမ် ခြေလှမ်းကျဲကြီးများဖြင့် လူအုပ်ကြီးကို ခေါ်ဆောင်ကာ အစည်းအဝေးခန်းထဲမှ ချက်ချင်း ထွက်လာခဲ့သည်။
တံခါးဝသို့ ရောက်သည်နှင့် သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဘေးနားရှိ ချန်ကျန့်ဖုန်းကို ပြောလိုက်သည်။ "မင်းသွားပြီး ဖုန်းကျန့်ကုန်းကို အကြောင်းကြားလိုက်... သူ့ကိုပါ အမြန် လာခဲ့လို့ ပြောလိုက်"
ချန်ကျန့်ဖုန်းက ခေါင်းကို ပုတ်လိုက်ပြီး "သူ့ကို မေ့နေတာ... ကျွန်တော် အခုပဲ သွားလိုက်မယ်"
"ငါပဲ သွားလိုက်ပါ့မယ်... နင်က အရမ်း နှေးတယ်"
အတူတူ ထွက်လာသော တင်းယန်က ဝင်ပြောလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် တစ်ချက် ခုန်ပျံလိုက်ကာ မျက်စိတစ်မှိတ်အတွင်း ထိုက်ယန်တောင် တောင်ထိပ်ဆီသို့ ပြေးထွက်သွားလေသည်။
လင်းယွမ်တို့ လူစုကမူ လေယာဉ်ကွင်းဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး လေယာဉ်ရပ်နားရာ ကွင်းပြင်တွင် ယာဉ်ပျံ အစင်း (၂၀) ရပ်နားထားသည်ကို တွေ့လိုက်ရသည်။
ထိုအထဲမှ အစင်းအချို့မှာ ပျက်စီးနေပြီဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဝန်ထမ်းများက အနီးအနားတွင် လေ့လာပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
အကောင်းပကတိ ကျန်ရှိနေသော ယာဉ်များပေါ်တွင်လည်း ဆောက်လုပ်ရေးဌာနမှ လူအများအပြားက ဆေးသုတ်ခြင်းများကို အသစ်ပြန်လည် ပြုလုပ်နေကြသည်။
ခိုက်ရီနည်းပညာ ကုမ္ပဏီကို ကိုယ်စားပြုသော သင်္ကေတများကို ဖုံးအုပ်လိုက်ပြီး ထိုက်ယန်တောင်ကို ကိုယ်စားပြုသော တောင်နှင့်ရေ အလံပုံစံကို ရေးဆွဲထားကြသည်။
အသစ်စက်စက် ဖြစ်နေသော ယာဉ်ပျံများ၏ အပြင်ပန်းကို ကြည့်ရင်း လင်းယွမ် အလွန် ကျေနပ်သွားမိသည်။
"သွားကြစို့... ယာဉ်ပေါ် တက်"
လူအုပ်ကြီးသည် ယာဉ်ပျံများဆီသို့ အသီးသီး လျှောက်သွားကြသည်။
ထိုအချိန်တွင် တင်းယန်က ဖုန်းကျန့်ကုန်းကို ခေါ်ဆောင်ကာ ရောက်ရှိလာပြီး လင်းယွမ်တို့နှင့်အတူ ယာဉ်တစ်စင်းတည်းသို့ တက်လာခဲ့ကြသည်။
လင်ယွီရုံ နှင့် တိချွမ်ခူး တို့ကမူ အခြား ယာဉ်တစ်စင်းသို့ သွားကြသည်။
ချန်ကျန့်ဖုန်း နှင့် ရှီဟိုင်ကျူး တို့နှစ်ယောက်သည်လည်း ယာဉ်တစ်စင်းတည်းပေါ်သို့ တက်သွားကြသည်။
ယာဉ်ပျံထဲတွင် လင်းယွမ်က ဖုန်းကျန့်ကုန်းကို ကြည့်လိုက်ရာ မနေနိုင်ဘဲ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
သူ၏ မူလက သားရဲအသွင် ပြောင်းနေသော မျက်နှာနှင့် လက်ဝါးများသည် အများစုနီးပါး ပကတိအတိုင်း ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သူက မနေနိုင်ဘဲ "မင်း အဆင့်တက်သွားပြီလား" ဟု မေးလိုက်သည်။
ဖုန်းကျန့်ကုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး "အင်း... သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာ ရှိနေလို့သာ တော်တော့တယ်... ဒါမှ ကျွန်တော်လည်း အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့တာ... အခုဆိုရင် ကျွန်တော့်ရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က (၂၃%) ထိ ရောက်နေပြီ" ဟု ဖြေလိုက်သည်။
"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က တက်လာလို့ အရင်က သားရဲအသွင် ပြောင်းနေတဲ့ ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာတာ"
"အဆင့်က (၂၅%) ကို မရောက်ခင်... အားလုံး ပကတိအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းရတယ်"
ထိုနေရာအထိ ပြောပြီးနောက် သူက လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာလင်း... ဆရာသာ သန္ဓေပြောင်းစွမ်းအင် မျိုးရိုးဗီဇ သတိပေးကိရိယာကို ကျွန်တော့်ဆီ မပေးခဲ့ဘူးဆိုရင်... ကျွန်တော် သေချာပေါက် (၂၀%) ဆိုတဲ့ အတားအဆီးမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ"
လင်းယွမ် မနေနိုင်ဘဲ ပြုံးလိုက်မိကာ "ငါက မင်းရဲ့ အရင်တုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုးကိုပဲ ပိုသဘောကျတယ်" ဟု ပြောလိုက်သည်။
ယခုအချိန်တွင် ဖုန်းကျန့်ကုန်းမှာ ယခင်က စစ်တပ်၏ နံပါတ်တစ် ဆိုသည့် မာနတရားနှင့် အရှိန်အဝါမျိုး မရှိတော့သည်မှာ သိသာထင်ရှားလှသည်။
မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ပိုမိုမြင့်မားသော အဆင့်ရောက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ကျရှုံးခဲ့ရသဖြင့် သူ၏ မာနတရားများ ပျောက်ကွယ်သွားကာ တစ်ကိုယ်လုံးရှိ စိတ်ဓာတ်ခွန်အားများလည်း ကျဆင်းသွားခဲ့ရသည်။
ထို့အပြင် ယခု စစ်တပ်မှ ထွက်ခွာလာရသည့်အတွက် သူ၏ စိတ်နေသဘောထားမှာ အရင်ကနှင့် လုံးဝ ကွဲပြားသွားသည်မှာ သဘာဝပင် ဖြစ်သည်။
အနည်းဆုံးတော့ လင်းယွမ်ရှေ့တွင် ယခင်ကကဲ့သို့ မာန်မာနထောင်လွှားကာ အရှိန်အဝါ ကြီးမားစွာဖြင့် မနေနိုင်တော့ပေ။
ဤသည်မှာ ကောင်းသော ကိစ္စလား၊ ဆိုးသော ကိစ္စလား ဆိုသည်ကိုတော့ မသိနိုင်ပေ။
ဖုန်းကျန့်ကုန်းက သက်ပြင်းတစ်ချက်ချကာ "အရင်တုန်းက ကျွန်တော်က လင်ကျောင်းမှာ နံပါတ်တစ် ဖြစ်ခဲ့တာ... အားလုံးက လေ့ကျင့်တဲ့ နေရာမှာ ကျွန်တော့်လိုပဲ ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့မိတာ"
"ဒါကြောင့်နည်းနည်းတော့ ဘဝင်မြင့်မိတာ အမှန်ပဲ... ဒါပေမဲ့ ဆရာ့ရဲ့ ကျင့်စဉ် တိုးတက်နှုန်းကို မြင်လိုက်ရမှပဲ ကျွန်တော်က နွားခြေရာခွက်ထဲက ဖားသူငယ် ဖြစ်နေမှန်း သိလိုက်ရတော့တယ်"
ဆက်ရန်...
အပိုင်း(၇၅၀) ဝေဟင်တိုက်ပွဲ
ကမ္ဘာပျက်ကပ်ကြီး မတိုင်ခင်က အင်တာနက်ပေါ်မှာ အရမ်းနာမည်ကြီးတဲ့ စကားတစ်ခွန်း ရှိခဲ့ဖူး၏။
"ငါ့အကြောင်းမသိသေးခင် မင်းစိတ်ထဲမှာငါက တောင်တစ်လုံးကိုဖြစ်နေလိမ့်မယ်... ငါ့အကြောင်းနားလည်သွားတဲ့အခါမှာတော့ မင်းစိတ်ထဲမှာငါက ကောင်းကင်ကြီးလိုဖြစ်သွားလိမ့်မယ်"
ဤစကားက ဖုန်းကျန့်ကုန်းနှင့် ယှဉ်လျှင်တော့ သိပ်ပြီး ကိုက်ညီလှသည် မဟုတ်ပေ။
သို့သော်လည်း အတိုင်းအတာတစ်ခုအထိတော့ ဆင်တူနေသည်ဟု ဆိုရမည်။
လင်းယွမ်နှင့် မတွေ့ဆုံမီက သူက စစ်တပ်၏ နံပါတ်တစ်ပုဂ္ဂိုလ်၊ စစ်တပ်၏ အစွမ်းအထက်ဆုံးသူဖြစ်ပြီး ရာထူးကြီးကြီးနှင့် လူအများ၏ လေးစားကြည်ညိုမှုကို ခံခဲ့ရသူ ဖြစ်သည်။
ထို့အပြင် လင်ကျောင်းမြို့ တစ်မြို့လုံးတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ပထမဆုံး လေ့ကျင့်ရောက်ရှိခဲ့သော အစွမ်းပိုင်ရှင်လည်း ဖြစ်၏။
ထိုကဲ့သို့သော ဂုဏ်ပုဒ်နှင့် အစွမ်းအစများကြောင့် သူ၏စိတ်ထဲတွင် တောင်ထိပ်ဖျားတွင် ရပ်လျက် တစ်လောကလုံးကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ မောက်မာဝင့်ကြွားသည့် ခံစားချက်မျိုး ရှိနေခဲ့သည်မှာ မဆန်းပေ။
သို့သော် လင်းယွမ်နှင့် တွေ့ဆုံပြီးနောက်တွင်မူ အောက်ခြေလူတန်းစား ဒုက္ခသည်တစ်ယောက်က သူ၏ခြေလှမ်းများကို တစ်လှမ်းချင်း အမီလိုက်နိုင်စွမ်းရှိကြောင်းကို သူ တကယ်ကို သိမြင်သွားခဲ့ရသည်။
ပြီးတော့ လအနည်းငယ်ဆိုသည့် အချိန်တိုလေးအတွင်းမှာပင် သူ့ကို ကျော်တက်သွားပြီး သူ လုံးဝ ယှဉ်ပြိုင်၍မရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
အစပိုင်းတွင် သူလည်း မကျေနပ်ခဲ့ဘဲ လင်ကျောင်းမြို့၏ နံပါတ်တစ်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးစားပမ်းစား အမီလိုက်ခဲ့သေး၏။
သို့သော် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အကြိမ်ကြိမ် ကြိုးစားအားထုတ်မှုများကြားတွင် သူက မျိုးရိုးဗီဇကို အောင်မြင်စွာ ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့သည့်အပြင် ပိုမိုမြင့်မားသော အဆင့်သို့လည်း မရောက်ရှိခဲ့ပေ။
ထိုအစား မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ကျရှုံးမှုကြောင့် လူမကျ သရဲမကျ ပုံစံမျိုးသာ ဖြစ်သွားခဲ့ရသည်။
လူတိုင်းက သူ့ကို ဘီလူးသရဲတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။
ထိုခံစားချက်ကို သူ ယနေ့တိုင် အမှတ်ရနေဆဲပင်။
ထို့ကြောင့် ယခုအခါတွင် သူ၏ စိတ်နေသဘောထားက ယခင်နှင့် လုံးဝ မတူညီတော့ပေ။
"ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး... ကျွန်တော်တို့ စထွက်ရအောင်"
ဖုန်းကျန့်ကုန်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။ "စစ်တပ်ဘက်က အထိအခိုက် အရမ်း မများဖို့ပဲ မျှော်လင့်ရမယ်"
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဖုန်းကျန့်ကုန်းက စစ်တပ်မှ လူဟောင်းတစ်ဦးဖြစ်ပြီး သူနှင့် ရင်းနှီးသော လက်အောက်ငယ်သားဟောင်း အများအပြား ရှိနေပေသည်။
သံယောဇဉ်အရ ပြောရလျှင် သူ၏ မိတ်ဆွေဟောင်းများကို ဒုက္ခမရောက်စေချင်သည်မှာ သဘာဝပင်။
သို့သော် ထိုလက်အောက်ငယ်သားဟောင်းများထဲမှ မည်မျှက သူ့အပေါ် သစ္စာရှိနေသေးသည်ကိုတော့ မသိနိုင်ပေ။
ကျန်းယွီကျန်းထံ ခိုလှုံသွားကြသည်မှာ ကြာလောက်ပြီဟုပင် ထင်ရသည်။
"ထွက်ကြမယ်"
လင်းယွမ်၏ အမိန့်ပေးသံနှင့်အတူ ယာဉ်ပျံအားလုံးက ချက်ချင်းဆိုသလို လေထဲသို့ ပျံတက်သွားပြီး ကျယ်လောင်သော လေခွင်းသံများနှင့်အတူ ကောင်းကင်ယံသို့ တရှိန်ထိုး ထွက်ခွာသွားကြသည်။
ယာဉ်ပျံများက အငွေ့တန်းများကို ချန်ရစ်ခဲ့ကာ တိမ်လွှာများကို ဖြတ်သန်းပြီး အရိပ်အယောင် ပျောက်ကွယ်သွားကြ၏။
ရန်မေတို့အဖွဲ့က ထိုက်ယန်တောင်ပေါ်မှနေ၍ ထိုမြင်ကွင်းကို ငေးကြည့်နေကြပြီး သူတို့၏ မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဘေးနားရှိ ထန်ယင်းက နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့... အစ်ကိုလင်းတို့က အရမ်းအစွမ်းထက်တာပဲ... သေချာပေါက် အောင်ပွဲခံပြီး ပြန်လာနိုင်မှာပါ"
ရန်မေက ခေါင်းအသာညိတ်ပြပြီး သက်ပြင်းချလိုက်၏။ "ဒါတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲဟယ်... အားလုံး လက်တွဲပြီး ဒီရေဘေးကြီးကို အတူတူ ကျော်ဖြတ်ကြလို့ မရဘူးလား"
"လူတွေလည်း အများကြီး သေကုန်ပြီကို... ဘာဖြစ်လို့ အခုထိ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြရတာလဲ"
ထန်ယင်းကလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ "လူတွေရဲ့ မူလဗီဇက ဒီလိုပါပဲ... ကိုယ်ကျင့်တရားနဲ့ ဥပဒေတွေက ထိန်းချုပ်ထားနိုင်တဲ့ ပတ်ဝန်းကျင်မှာပဲ လူ့အဖွဲ့အစည်းက လည်ပတ်နိုင်တာလေ"
"အဲဒီအကာအကွယ်တွေသာ ဆုံးရှုံးသွားပြီဆိုရင်... လူသားတွေကလည်း တောရိုင်းတိရစ္ဆာန်တွေနဲ့ ဘာမှမကွာတော့ပါဘူး"
"တစ်ခါတလေ လူတွေက တောရိုင်းတိရစ္ဆာန်တွေထက်တောင် ပိုပြီး ရက်စက်ကြသေးတယ်"
ရန်မေသည် ထိုစကားကို ကြားသောအခါ အရင်တုန်းက တိုက်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည်အမှတ်ရသွားပြီး သက်ပြင်းချကာ စကားဆက်မပြောနိုင် ဖြစ်သွားရှာသည်။
ဘေးနားမှ ဆုန့်ဝမ်က ဝင်ပြောလိုက်၏။ "ဒါကြောင့်မို့လို့ ကျွန်မတို့က အစ်ကိုလင်းကို ပိုပြီး အားပေးထောက်ခံရမှာပေါ့"
"တကယ့်ကို အစွမ်းထက်တဲ့ ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာပြီး ဒီကပ်ဘေးကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်မှ... စည်းကမ်းတွေကို အသစ်ပြန်လည် ချမှတ်နိုင်မှ... လူသားတွေက စည်းလုံးညီညွတ်သွားပြီး ဒီရေလွှမ်းမိုးတဲ့ ကမ္ဘာပျက်ကပ်ဘေးကြီးအောက်မှာ ခြေကုပ်ပြန်ယူနိုင်မှာလေ"
ဘေးနားရှိ လီဟန်ကျုံးတို့ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်။
"ဟုတ်တယ်... ခေတ်ပျက်ကြီးထဲမှာ ဥပဒေ တင်းတင်းကျပ်ကျပ် သုံးရမယ်... ကျွန်တော်တို့ ကိုယ်တိုင် အစွမ်းထက်လာမှပဲ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်နိုင်မှာပါ"
...
"အုန်း"
တိမ်မြူကျွန်း၊ ချန်ချုံးတောင်။
ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေပြီး ကောင်းကင်ယံတွင် ယာဉ်ပျံအများအပြားက လေခွင်းသံများနှင့်အတူ အရှိန်ပြင်းပြင်း ပျံသန်းနေကြသည်။
ယာဉ်ပျံများထံမှ စူးရှတောက်ပသော စွမ်းအင်အမြောက်ဆံများ အဆက်မပြတ် ပစ်လွှတ်နေပြီး အောက်ဘက်ရှိ တိမ်မြူကျွန်းကို အရူးအမူး ဗုံးကြဲတိုက်ခိုက်နေကြ၏။
တိမ်မြူကျွန်း၏ အကာအကွယ်အစီအရင်မှာ မည်သည့်အချိန်ကတည်းက ကွဲကြေသွားမှန်း မသိရပေ။ စွမ်းအင်အမြောက်ဆံ အများအပြား ဗုံးကြဲခံရမှုကြောင့် ကျွန်းပေါ်ရှိ အကာအကွယ်အစီအရင်မှာ အကြမ်းပတမ်း ဆွဲဖြဲခံလိုက်ရသည်။
အတွင်းဘက်ရှိ တောင်တန်းများနှင့် သစ်ပင်များမှာ စွမ်းအင်အမြောက်များ ထိမှန်သွားသည်နှင့် ချက်ချင်း ပေါက်ကွဲကြေမွသွားကြသည်။
စစ်တပ်မှ အစွမ်းပိုင်ရှင် တပ်ဖွဲ့ဝင်များကမူ အချို့က တင့်ကားများကို မောင်းနှင်နေပြီး အချို့က ဒုံးပျံလောင်ချာများကို ထမ်းထားကြသည်။
သူတို့က အမြောက်ဆံများကို ပစ်လွှတ်ကာ အပြိုင်အဆိုင် ပြန်လည်တိုက်ခိုက်နေကြ၏။
သူတို့ ပစ်လွှတ်လိုက်သော အမြောက်ဆံများသည် သန္ဓေပြောင်းစွမ်းအင် သင်္ကေတများဖြင့် အားဖြည့်ထားသော အမြောက်ဆံများ ဖြစ်ကြသော်လည်း...
ထိမှန်နိုင်စွမ်းက အလွန်နည်းပါးလွန်းလှသည်။
ကောင်းကင်ယံတွင် ယာဉ်ပျံ အစင်းပေါင်း ဆယ်ဂဏန်းနီးပါးက လေခွင်းသံများဖြင့် ဟိုမှဒီမှ ပျံသန်းနေကြရာ အောက်ဘက်မှ လူများက လုံးဝ ပစ်မှတ်မချိန်နိုင်ကြပေ။
ထိုအစား ယာဉ်ပျံများပေါ်မှ ဗုံးကဲ့သို့သော စွမ်းအင်အမြောက်ဆံ တစ်လုံးကို ဖြစ်သလို ပစ်ချလိုက်ပါက ကျွန်းပေါ်ရှိ ဧရိယာအကျယ်ကြီးကို မျက်စိတစ်မှိတ်အတွင်း မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားစေနိုင်သည်။
ခဏချင်းမှာပင် နာကျင်စွာ အော်ဟစ်ညည်းတွားသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
စစ်တပ်ဘက်မှ လူများက အဆက်မပြတ် ငိုယိုကာ အကူအညီတောင်းခံနေကြ၏။
ဤနေရာရှိ လူများမှာ စစ်သားစစ်စစ်များ မဟုတ်ကြပေ။ အများစုမှာ ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီးနောက် စစ်တပ်က ပြန်လည် စုဆောင်းခေါ်ယူထားသူများ ဖြစ်ကြသည်။
သူတို့၏ စစ်ရေးစွမ်းရည်က တကယ့် စစ်သားစစ်စစ်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်သည်မှာ သဘာဝပင်။
အချို့က စတင် ထွက်ပြေးနေကြပြီဖြစ်ပြီး ပင်လယ်ထဲသို့ အဆက်မပြတ် ခုန်ချနေကြသည်။
အချို့ကမူ လှေများကို အလုအယက် လုယူကာ ထွက်ပြေးရန် ကြိုးစားနေကြ၏။
အချို့ကတော့ ရေကွင်း သင်္ကေတကျောက်တုံးများကို ဖက်ကာ ခုန်ချသွားကြသည်။
ထိုလူများ၏ ထွက်ပြေးမှုက နှင်းပွင့်တစ်ပွင့်ကြောင့် ဖြစ်ပေါ်လာသော တောင်ပြိုမှုကြီးပမာ ဖြစ်သွားပြီး စစ်တပ်ဘက်မှ လူများ၏ ယုံကြည်မှုကို ချက်ချင်း ပျောက်ကွယ်သွားစေကာ လူတိုင်းက အရူးအမူး ထွက်ပြေးကြတော့သည်။
အံ့ဩစရာကောင်းသည်မှာ ဤအောက်ခြေစစ်သားများ ထွက်ပြေးနေသည်ကို အထက်အရာရှိကြီးများက ထွက်လာပြီး တားဆီးခြင်း မရှိခြင်းပင်။
စစ်တပ်စခန်း တစ်ခုလုံးတွင် တပ်ကြပ်၊ တပ်ရင်းမှူး အဆင့်လောက်ရှိသော စစ်ဘက်ဆိုင်ရာ အရာရှိအချို့ကသာ အမိန့်ပေး ကွပ်ကဲနေသည်ကို တွေ့ရသည်။
တပ်ခွဲမှူး အဆင့်လောက်ကိုပင် မတွေ့ရသလောက် ရှားပါးနေပြီး တပ်စုမှူးနှင့်အထက် အဆင့်ရှိသော အရာရှိကြီးများ ဆိုလျှင် ပို၍ပင် ဝေးသေးသည်။
"ဟားဟားဟား... ပစ်စမ်း... အားကုန်သာ ပစ်"
"ဒီအောက်တန်းစား အကောင်တွေကများ ငါတို့ရဲ့ လေပိုင်နက်ထဲကို ဝင်လာပြီး လေပေါ်ကျွန်းကို လာချောင်းရဲသေးတယ်"
"သူတို့ကို သတ်ပစ်... အကုန်လုံးကို သတ်ပစ်... ငါတို့ ညီအစ်ကိုတွေအတွက် ကလဲ့စားချေပေးကြ"
မုန်ယာကုမ္ပဏီ အမှတ်တံဆိပ် ဆေးခြယ်ထားသော ယာဉ်ပျံတစ်စင်းအတွင်း၌ ယွီဝမ်ထောင်က စကားပြောစက်ကို ကိုင်ကာ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဟားတိုက် ရယ်မောနေ၏။
သူ၏ နာမည်က သိမ်မွေ့ယဉ်ကျေးသော်လည်း အပြင်ပန်းရုပ်သွင်ကမူ အလွန် ကြမ်းကြုတ်ခက်ထန်လှသည်။
အရပ် ၆ ပေခွဲကျော်မျှ ရှိပြီး အရပ်ရှည်ကာ ထွားကျိုင်းရုံသာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စက်ရုပ်အစိတ်အပိုင်းများဖြင့် တပ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။
လက်မောင်းကာ၊ ရင်အုပ်ကာ၊ ပခုံးကာ၊ ဒူးကာ စသည့် အစိတ်အပိုင်းအားလုံးတွင် စက်ရုပ်ပုံစံ လက္ခဏာများ ပေါ်လွင်နေ၏။
သူ၏ လက်ချောင်းငါးချောင်းကပင် သေနတ်ပြောင်းဝ ငါးခုကဲ့သို့ အခေါင်းပေါက်ကြီးများ ဖြစ်နေသည်။
ယခုအချိန်တွင် သူ၏ ညာဘက် လက်မပေါ်၌ အနီရောင်အလင်းတန်းလေး တစ်ခုက ဝိုင်ယာလက်စ် အချက်ပြလှိုင်းကဲ့သို့ လင်းလက်နေသည်။
သူ စကားပြောရာတွင် စကားပြောစက်ကို မကိုင်ထားဘဲ သူ၏ လက်မကိုသာ ကိုင်၍ အော်ဟစ်နေခြင်း ဖြစ်သည်။
သိသာထင်ရှားစွာပင် သူ၏ လက်မက စကားပြောစက်၏ လုပ်ဆောင်ချက် ပါဝင်နေပုံရသည်။
"တီ တီ တီ... သတိပေးချက်... ရန်သူယာဉ်ပျံ ချဉ်းကပ်လာနေပြီ"
"သတိပေးချက်... ရန်သူယာဉ်ပျံ ချဉ်းကပ်လာနေပြီ"
သတိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ယွီဝမ်ထောင်၏ မျက်နှာထား ပြောင်းလဲသွားပြီး သူ၏ နားထင်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မျက်လုံးနှစ်လုံးက အထူးစက်ရုပ်မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး "ယာဉ်ပျံ မြင်ကွင်းကို ပြောင်းပေး" ဟု လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
သူ၏ သူငယ်အိမ်အတွင်း၌ မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းပေါင်းများစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သူက စိတ်အာရုံဖြင့် လျင်မြန်စွာ ပွတ်ဆွဲကြည့်ရှုလိုက်ပြီး ယာဉ်ပျံတစ်စင်းမှ ရိုက်ကူးထားသော အရှေ့ဘက် ကောင်းကင်ယံကို ချက်ချင်း သတိပြုမိသွားသည်။
အရှေ့ဘက် ကောင်းကင်ယံမှ ယာဉ်ပျံ အစင်း ဆယ်ဂဏန်းကျော်ခန့် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ထိုယာဉ်ပျံများ အားလုံးမှာ ပန်းကန်ပြားပျံပုံစံမျိုး ဖြစ်ပြီး အရှိန်မှာ အလွန် မြန်ဆန်လှသည်။
ထိုယာဉ်ပျံများကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။ "ခိုက်ရီနည်းပညာ ကုမ္ပဏီလား"
"သူတို့က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"
"မန်နေဂျာ... ကြားဖြတ် တားဆီးရမလား" လေယာဉ်၏ ရေဒီယို ထုတ်လွှင့်ရေးစခန်း အတွင်းမှ လူအများအပြား၏ မေးမြန်းသံများ ထွက်ပေါ်လာသည်။
ယွီဝမ်ထောင်က စကားအပိုတွေ ပြောမနေတော့ဘဲ "ချက်ချင်း သတိပေးချက် ထုတ်လိုက်... သုံးကြိမ် သတိပေးလို့မှ မရရင် ကြားဖြတ် ဗုံးကြဲပစ်လိုက်စမ်း" ဟု အော်ဟစ် အမိန့်ပေးလိုက်သည်။
"သိပြီ"
ထို့နောက် ယာဉ်ပျံအချို့က လားရာကို ချက်ချင်း လှည့်ပြောင်းလိုက်ပြီး ထိုယာဉ်ပျံများဆီသို့ အမြန် ချဉ်းကပ်သွားကြသည်။
"သတိပေးချက်... ဒီနေရာက မုန်ယာကုမ္ပဏီရဲ့ စစ်ဇုန်ဖြစ်တယ်... မင်းတို့ စစ်ဇုန်ထဲကို ဝင်ရောက်လာပြီ... အခုချက်ချင်း ရပ်လိုက်... မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေကို ကိုယ့်ဘာသာ တာဝန်ယူရမယ်"
"သတိပေးချက်... ဒီနေရာက မုန်ယာကုမ္ပဏီရဲ့ စစ်ဇုန်ဖြစ်တယ်... မင်းတို့ စစ်ဇုန်ထဲကို ဝင်ရောက်လာပြီ... အခုချက်ချင်း ရပ်လိုက်... မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေကို ကိုယ့်ဘာသာ တာဝန်ယူရမယ်"
ဒုတိယအကြိမ် သတိပေးသံ ပြီးဆုံးသွားသည်နှင့် သူတို့ တတိယအကြိမ် သတိပေးရန်ပင် အချိန်မရလိုက်ပေ။
မျက်နှာချင်းဆိုင်ရှိ ပန်းကန်ပြားပျံပုံစံ ယာဉ်ပျံများက စွမ်းအင်အမြောက်ဆံများကို ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။
"အုန်း"
ယာဉ်ပျံ ဆယ်စင်းကျော်ခန့်က စွမ်းအင်အမြောက်ဆံများကို အရူးအမူး ပစ်ခတ်လိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အမြောက်ဆံများက ကောင်းကင်ယံကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားပြီး မုန်ယာကုမ္ပဏီ၏ ယာဉ်ပျံသုံးစင်းကို ထိမှန်သွားတော့သည်။
ဤယာဉ်ပျံသုံးစင်းမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ အကာအကွယ်အစီအရင်ကို ဖွင့်ထားသော်လည်း တစ်ဖက်မှ ပစ်ခတ်လိုက်သည်က သာမန် အမြောက်ဆံများ မဟုတ်ဘဲ စွမ်းအင်ချိတ်ပိတ် သင်္ကေတများ ပါဝင်သော အမြောက်ဆံများ ဖြစ်နေသည်။
စွမ်းအင်ချိတ်ပိတ် အမြောက်ဆံများက အကာအကွယ်အစီအရင်ပေါ်သို့ ထိမှန်သွားရာ အချက်တိုင်းတွင် အပေါက်ကြီးများ ဖြစ်သွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယာဉ်ပျံသုံးစင်းလုံး အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲထွက်သွားသည်။
စွမ်းအင်ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ယာဉ်ပျံသုံးစင်းမှာ ဧရာမ စွမ်းအင်ပေါက်ကွဲလှိုင်းကြီးအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပေါက်ကွဲလွင့်စဉ်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွီဝမ်ထောင်၏ မျက်နှာထားမှာ ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ဝမ်ထျန်အန်း... မင်းတို့ ရူးသွားပြီလား"
ယွီဝမ်ထောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အမိန့်ပေးလိုက်သည်။ "ယာဉ်ပျံတွေ အားလုံး ဦးတည်ချက်ပြောင်း... အပြင်းအထန် ပြန်တိုက်ခိုက်ကြစမ်း"
"ဟုတ်ကဲ့ပါ"
"နားလည်ပါပြီ"
ချက်ချင်းပင် မုန်ယာကုမ္ပဏီမှ ယာဉ်ပျံအားလုံးက ချက်ချင်း လူစုခွဲလိုက်ပြီး တိမ်မြူကျွန်းကို တိုက်ခိုက်ခြင်းအား လက်လွှတ်ကာ လင်းယွမ်တို့ဆီသို့ အရှိန်အပြည့်ဖြင့် ပြေးဝင်သွားကြသည်။
ထိုသို့ဖြင့် ပြင်းထန်သော ဝေဟင်ယာဉ်ပျံ တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားလာခဲ့လေတော့သည်။
နှစ်ဖက်စလုံးက ဝေဟင်ထဲတွင် အပြန်အလှန် လိုက်လံတိုက်ခိုက်နေကြပြီး စွမ်းအင်အမြောက်ဆံများကို အဆက်မပြတ် ပစ်လွှတ်နေကြသည်။
ထိုက်ယန်တောင်ဘက်မှ ယာဉ်ပျံများ အားလုံးမှာ ခိုက်ရီနည်းပညာ ကုမ္ပဏီမှ ရရှိထားခြင်းဖြစ်ပြီး အခြေခံအားဖြင့် ယာဉ်ပျံတိုင်းတွင် ဝိညာဉ်တည်ငြိမ် သင်္ကေတအစီအရင်များ တပ်ဆင်ထားသည်။
မည်မျှပင် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်ပါစေ ကာကွယ်နိုင်စွမ်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ မိုးကြိုးတိမ်တိုက်များထဲမှ ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းများကိုပင် ခုခံနိုင်သော အကာအကွယ်မျိုး ဖြစ်ပေသည်။
မုန်ယာကုမ္ပဏီဘက်ကို ပြန်ကြည့်လျှင် မည်သည့် အကာအကွယ် အစီအရင် အမျိုးအစားကို အသုံးပြုထားမှန်း မသိရသော်လည်း သူတို့ယာဉ်ပျံများ၏ အကာအကွယ်အစီအရင်မှာလည်း အလွန် ခိုင်ခံ့လှသည်။
မဟုတ်ပါက မိုးကြိုးမုန်တိုင်း ဧရိယာကို ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် လင်းယွမ်တို့ဘက်မှ ယာဉ်ပျံများပေါ်တွင်မူ အမြောက်ဆံများကို စွမ်းအင်ချိတ်ပိတ် အမြောက်များအဖြစ် အားလုံး အစားထိုးထားပြီး ဖြစ်နေလေပြီ။
စွမ်းအင်ချိတ်ပိတ် သင်္ကေတများ၏ အားဖြည့်မှုအောက်တွင် မည်မျှပင် အစွမ်းထက်သော အကာအကွယ်အစီအရင် ဖြစ်ပါစေကာမူ သန္ဓေပြောင်းစွမ်းအင် လည်ပတ်မှု ယန္တရားသာ ဖြစ်ပါက မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံရမည်သာ ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲမှာ ချက်ချင်းပင် တစ်ဖက်သတ် အခြေအနေသို့ ပြောင်းလဲသွားတော့သည်။
ထိုက်ယန်တောင် ယာဉ်ပျံများမှာ ဗုံးကြဲခံရသော်လည်း အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မရရှိပေ။
မျက်နှာချင်းဆိုင်ရှိ မုန်ယာကုမ္ပဏီ၏ ယာဉ်ပျံများမှာမူ တစ်ချက် အထိခံလိုက်ရသည်နှင့် အကာအကွယ်အစီအရင်မှာ ချက်ချင်း ပြိုကွဲသွားပြီး အားနည်းချက်များ ပေါ်ထွက်လာတော့သည်။
ထို့နောက် စွမ်းအင်အမြောက်များ၏ ဗုံးကြဲတိုက်ခိုက်မှုကို ချက်ချင်း ခံရပြီး ပေါက်ကွဲသွားတော့၏။
စွမ်းအင်ချိတ်ပိတ် သင်္ကေတကဲ့သို့သော ကြောက်မက်ဖွယ် လက်နက်ကြီးမျိုးက လင်ကျောင်းမြို့ တစ်ဝိုက်တွင်သာ ရှိပုံရသည်မှာ ထင်ရှားလှသည်။
အဝေးကြီးဖြစ်သော ယွီကျိုးပြည်နယ်မှ မုန်ယာကုမ္ပဏီနှင့် ခိုက်ရီနည်းပညာ ကုမ္ပဏီတို့တွင် ဤကဲ့သို့သော သင်္ကေတမျိုး မရှိကြပေ။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
စွမ်းအင်ချိတ်ပိတ် သင်္ကေတက လင်ကျောင်းမြို့အတွက် သီးသန့် သင်္ကေတ ဖြစ်နိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်သွား၏။
စွမ်းအင်ငြိမ် သင်္ကေတကဲ့သို့ပင် လင်ကျောင်းမြို့တွင် ဤသင်္ကေတမျိုးကို တစ်ခါမှ မမြင်ဖူးသော်လည်း ယွီကျိုးပြည်နယ်တွင်မူ အကာအကွယ်အတွက် သီးသန့်သုံးသော သင်္ကေတ ဖြစ်နေပုံရသည်။
"သင်္ကေတနည်းပညာတွေ မတူညီတာက... သင်္ကေတ သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အပေါ်ကိုလည်း သက်ရောက်မှု ရှိနိုင်တာပဲ"
"စွမ်းအင်ချိတ်ပိတ် သင်္ကေတက နောင်တစ်ချိန်မှာ လင်ကျောင်းမြို့ရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာဖို့ အလားအလာ အရမ်းများတယ်"
"ဒါက လင်ကျောင်းမြို့ လျင်မြန်စွာ တိုးတက်လာဖို့အတွက်... အဓိကကျတဲ့ သင်္ကေတ နည်းပညာတစ်ခု ဖြစ်လာလိမ့်မယ်"
လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ချက်ချင်း ပေါ်လာသည်။
"စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ နည်းလမ်းရှာရမယ်... ဒါက ထိုက်ယန်တောင်ရဲ့ စစ်ရေးအရ လျှို့ဝှက်လက်နက် ဖြစ်လာလိမ့်မယ်"
ဤအချက်ကို တွေးမိသည်နှင့် လင်းယွမ်က သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။
ဒီနေ့တော့ မျက်စိရှေ့က မုန်ယာအဖွဲ့အစည်းက လူတွေကို မဖြစ်မနေ ရှင်းပစ်ရမည်။
ပြီးတော့ စစ်တပ်စခန်းကိုလည်း ချက်ချင်း ပြန်သိမ်းယူရဦးမည်။ ပြီးလျှင် ကျန်းယွီကျန်းတို့ လူစုကိုပါ ရှင်းလင်းပစ်ရမည်သာ ဖြစ်သည်။
"ဘာလို့လဲဆိုတော့... သူတို့လည်း စွမ်းအင်ချိတ်ပိတ် သင်္ကေတ ပြုလုပ်တဲ့ နည်းလမ်းကို သိထားကြလို့ပဲ"
"စွမ်းအင်ချိတ်ပိတ် သင်္ကေတတွေ အပြင်မရောက်သွားအောင် ကာကွယ်ဖို့ဆိုရင်... ဒီလူတွေ အကုန်လုံးကို ဖမ်းဆီးရလိမ့်မယ်"
"အနည်းဆုံးတော့ စွမ်းအင်ချိတ်ပိတ် သင်္ကေတ လုပ်တတ်တဲ့ လူတွေကို ဖမ်းခေါ်လာရမယ်"
ယခုအချိန်တွင် လင်းယွမ်က တိုက်ပွဲကို ဂရုမစိုက်တော့ပေ။ စွမ်းအင်ချိတ်ပိတ် အမြောက်များ ရှိနေသဖြင့် ဤတိုက်ပွဲ၏ လားရာကို ကြိုတင် ခန့်မှန်းလို့ ရနေပြီ ဖြစ်သည်။
ဆက်ရန်...