← Chapters

အခန်း (၇၅၃-၇၅၄)

Vol. 38 Ch. 753-754

အခန်း (၇၅၃-၇၅၄)

Vol. 38 Ch. 753-754

အပိုင်း (၇၅၃) လူသူကင်းမဲ့နေသော အဆောက်အအုံ

စက်ရုပ်ရေဘဝဲအသွင်ဖြင့် ယွီဝမ်ထောင်၏ တစ်ယောက်တည်းဖြင့် လူအများကို ရင်ဆိုင်နိုင်သော စွမ်းရည်က အဆမတန် မြင့်တက်လာ၏။

သူ၏ ရေဘဝဲလက်တံ နှစ်ချောင်းက ရှီဟိုင်ကျူးကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး၊ အခြားလက်တံ တစ်ချောင်းက တင်းယန်ကို အောက်သို့ ဆွဲချကာ ချန်ကျန့်ဖုန်းထံသို့ ရိုက်ချလိုက်သည်။

သူတို့သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှု အဟုန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုကွဲသွားတော့သည်။

ယွီဝမ်ထောင်က ရက်စက်စွာ ရယ်မောလိုက်၏။ "အသုံးမကျတဲ့ကောင်တွေ... မင်းတို့လောက် အဆင့်လေးနဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား"

"သန္ဓေပြောင်း အစွမ်းပိုင်ရှင်တွေကြားက ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာကို မင်းတို့ လုံးဝ နားမလည်ကြသေးပါလား"

ထိုသို့ပြောပြီးသည်နှင့် ရှီဟိုင်ကျူး၏ ကျောက်သားဦးခေါင်းကို အားကုန် ဆွဲဖြုတ်ရန် ပြင်လိုက်သည်။

ရှီဟိုင်ကျူးက ထိုအခြေအနေကို မြင်သောအခါ သန္ဓေပြောင်းစွမ်းအင်ကို ရူးသွပ်စွာ လှုံ့ဆော်လိုက်ပြီး တိုက်တန်ခွန်အားများ ပေါက်ကွဲထွက်လာတော့သည်။

စက်ရုပ်လက်တံ တစ်ခုလုံးတွင် "ဂျွတ်" ဟူသော အသံများ မြည်ဟည်းသွား၏။

ယွီဝမ်ထောင်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး သန္ဓေပြောင်းစွမ်းအင်ကို ချက်ချင်း အသက်သွင်းလိုက်ရာ စက်ရုပ်လက်တံများပေါ်ရှိ စုပ်ခွက်များမှ မီးတောက်များ အရှိန်အဟုန်ဖြင့် ပန်းထွက်လာကာ ရှီဟိုင်ကျူး၏ လက်မောင်းများကို ရူးသွပ်စွာ အတင်း ဆွဲဆန့်လေတော့သည်။

သူတို့နှစ်ဦးကြားရှိ သန္ဓေပြောင်းလဲမှု ကွာဟချက်က ကြီးမားလွန်းလှသဖြင့် ရှီဟိုင်ကျူးတွင် တိုက်တန်ခွန်အား အစွမ်း ရှိနေလျှင်တောင်မှ ခဏတာမျှ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။

သူ၏ လက်မောင်းနှစ်ဖက်ကို စက်ရုပ်လက်တံများက ဘေးတစ်ဖက်တစ်ချက်ဆီသို့ တဖြည်းဖြည်း ဆွဲဆန့်ကာ ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်ရန် ကြိုးစားနေသည်ကို သူက မျက်တောင်မခတ်တမ်း ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ကံကောင်းသည်မှာ ယခုအချိန်တွင် သူက ကျောက်လူသားအသွင် ပြောင်းလဲထားသဖြင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန် ကာဗွန်အခြေခံ သက်ရှိများနှင့် နှိုင်းယှဉ်၍မရအောင် မာကျောနေခြင်းပင် ဖြစ်သည်။

သို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်မှာ စောစောစီးစီးကပင် ဆွဲဖြဲခံလိုက်ရပေလိမ့်မည်။

ခွန်အားချင်း ယှဉ်ရာတွင် မိမိဘက်က အရေးနိမ့်နေသည်ကို မြင်လိုက်ရသဖြင့် ရှီဟိုင်ကျူး၏ ကျောက်သားမျက်နှာပေါ်တွင် ဒေါသရိပ်များ ထင်ဟပ်လာပြီး ဆဲရေးလိုက်၏။ "ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ကောင်လို့ ထင်နေတာလား"

"ငါ့ရဲ့ အစွမ်းကို သေချာမြည်းစမ်းကြည့်လိုက်စမ်း"

သူ၏ ကျောက်သားမျက်နှာပေါ်ရှိ မျက်လုံးတစ်စုံက ရုတ်တရက် မီးခိုးရောင် ပြောင်းသွားပြီးနောက် မီးခိုးရောင် အလင်းတန်း နှစ်သွယ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာသည်။

ထို့နောက် သူ့ကို ရစ်ပတ်ထားသော စက်ရုပ်လက်တံများအပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

မီးခိုးရောင် အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ စက်ရုပ်လက်တံများမှာ ချက်ချင်းပင် ကျောက်သားအဖြစ်သို့ အံ့ဖွယ် ပြောင်းလဲသွားကြ၏။

ဤသည်မှာ ရှီဟိုင်ကျူး၏ တိုက်တန်ကျောက်လူသား မျိုးရိုးဗီဇမြေပုံမှ ရရှိသော ပင်ကိုယ်အစွမ်း ကျောက်သားအဖြစ်ပြောင်းလဲခြင်း ပင် ဖြစ်သည်။

ဤအစွမ်းသည် ပစ်မှတ်၏ ဒြပ်စင်ဖွဲ့စည်းပုံကို တိုက်ရိုက် ပြောင်းလဲပစ်နိုင်ပြီး ရန်သူကို ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

ဤမျှ ထူးဆန်းဆန်းကြယ်လှသော တိုက်ခိုက်မှုကို ယွီဝမ်ထောင်က လုံးဝ မျှော်လင့်မထားခဲ့ပေ။

သူ၏ လက်တံနှစ်ချောင်းမှာ ချက်ချင်းပင် ကျောက်သားအဖြစ် ပြောင်းလဲသွားပြီး လှုပ်ရှား၍ မရတော့ချေ။

စက်ရုပ်ရေဘဝဲ၏ ခန္ဓာကိုယ်ကြီး တစ်ခုလုံးကလည်း အောက်သို့ ရုတ်တရက် နိမ့်ကျသွားသည်။

သူ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သန္ဓေပြောင်းစွမ်းအင်ကို ချက်ချင်း အသက်သွင်းလိုက်၏။

"ဘုန်း"

တရစပ် ကျောက်သားအဖြစ် ပြောင်းလဲနေသော လက်တံနှစ်ချောင်းက စက်ရုပ်ရေဘဝဲ၏ ခန္ဓာကိုယ်မှ ချက်ချင်း ပြုတ်ထွက်သွားပြီးနောက် ဗုန်းဟူသော အသံနှင့်အတူ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထိုစက်ရုပ်လက်တံများက အလိုအလျောက် ပေါက်ကွဲသွားခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် ယွီဝမ်ထောင်၏ ကျန်ရှိနေသော စက်ရုပ်လက်တံများက ရဟတ်ယာဉ်တစ်စင်းအလား အရှိန်ပြင်းစွာဖြင့် ရူးသွပ်စွာ လည်ပတ်နေပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်ယံသို့ တရှိန်ထိုး ပျံတက်သွားသည်။

ဤမျှနှင့် မပြီးသေးဘဲ ထိုစက်ရုပ်လက်တံများရှိ စုပ်ခွက်များမှ ဧရာမ စွမ်းအင်တန်းများ ပန်းထွက်လာကာ ရူးမတတ် အရှိန်မြှင့်တင်လိုက်၏။

ထိုအရာက စက်ရုပ်ရေဘဝဲကြီးကို ဒုံးပျံတစ်စင်းအလား မည်းမှောင်နေသော တိမ်တိုက်များထဲသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် တိုးဝင်သွားစေသည်။

သူ ထွက်ပြေးတော့မည်။

လက်ရှိ မြင်ကွင်းအရ အခြေအနေက သူ့အတွက် သိသိသာသာ အရေးနိမ့်နေသည်။

ဆက်လက် တိုက်ခိုက်နေပါက အနှေးနဲ့အမြန် ဤနေရာတွင် သူ ကျဆုံးရပေလိမ့်မည်။

အဓိက အချက်မှာ လူသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များ အလွန်အမင်း ကုန်ခမ်းသွားခြင်းပင် ဖြစ်သည်။

ဘေးတွင်လည်း လင်ယွီရုံက မျက်စိဒေါက်ထောက် စောင့်ကြည့်နေသေးရာ ယွီဝမ်ထောင်က ဤနေရာတွင် မည်သို့များ ဆက်နေရဲပါတော့မည်နည်း။

"ဆရာလင်း... သူ ထွက်ပြေးတော့မယ်" ရှီဟိုင်ကျူးက အလျင်အမြန် အော်ဟစ်လိုက်သည်။

လင်းယွမ်က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ "သူ ပြေးလို့ မလွတ်ပါဘူး"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းရှိ လင်ယွီရုံက စတင် လှုပ်ရှားလာသည်။

သူမက လေဟာပြင်သို့ လက်လှမ်းကာ "ရေခဲချောက်နက်" ဟု ခပ်ပြတ်ပြတ် အော်ဟစ်လိုက်သည်ကို မြင်လိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ စိတ်စွမ်းအင်များက ပြန့်နှံ့သွားပြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မိုးရေနှင့် နှင်းရေများ အားလုံး ချက်ချင်း အေးခဲသွားကြသည်။

ကောင်းကင်ပြင် တစ်ခုလုံးက အဆုံးမဲ့သော ရေခဲနက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် အရပ်လေးမျက်နှာသို့ ရူးသွပ်စွာ ပြန့်နှံ့သွားတော့သည်။

စက်ရုပ်ရေဘဝဲ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ရေခဲမှုန်များ တစ်လွှာပြီးတစ်လွှာ ချက်ချင်း ဖုံးလွှမ်းသွားသည်။

မူလက မရပ်မနား မြည်ဟည်းနေသော အင်ဂျင်စက်များထံမှ "ဝီ" ဟူသော ညည်းတွားသံများ ထွက်ပေါ်လာ၏။

စက်ရုပ်ရေဘဝဲ၏ အလျင်က တဖြည်းဖြည်း နှေးကွေးသွားပြီး နောက်ဆုံးတွင် ရေခဲတုံးကြီး တစ်တုံးအတွင်း၌ လုံးဝ အေးခဲသွားတော့သည်။

နောက်တစ်ခဏတွင် လေထဲမှ အလိုအလျောက် ပြုတ်ကျလာကာ လေတိုးသံများနှင့်အတူ ရေလွှမ်းမိုးနေသော ပြင်ဆီသို့ ပြင်းထန်စွာ ပြုတ်ကျသွားလေသည်။

လင်းယွမ်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်ယွီရုံကို အံ့ဩစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသည်။

လင်ယွီရုံတွင် ဤမျှစွမ်းပကားရှိသော တိုက်ကွက်မျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ဤကဲ့သို့ ကျယ်ပြန့်လှသော ရေခဲအစွမ်းမျိုးက အမှန်တကယ်ပင် ကာကွယ်ရန် ခက်ခဲလှသည်။

ယခင်က သူသာ အရိပ်အစွမ်းနှင့် ဟင်းလင်းပြင် အစွမ်းကို အားမကိုးခဲ့ပါက မြူခိုးမြို့တော်ထဲမှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။

"သူစိတ်အာရုံလွင့်နေတာကို အခွင့်ကောင်းယူပြီး ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ထည့်သွင်းထားနိုင်ခဲ့လို့ တော်သေးတာပေါ့... မဟုတ်ရင် သူက တကယ့်ကို ကြောက်စရာကောင်းတဲ့ ရန်သူကြီး ဖြစ်လာမှာပဲ"

လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာနေမိပြီး တစ်ချိန်တည်းမှာပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ယွီဝမ်ထောင် ပြုတ်ကျသွားသော ရေပြင်အထက်တွင် ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ပေါ်ထွက်လာ၏။

ထိုတံခါးပေါက်က ယွီဝမ်ထောင်ကို မျက်စိတစ်မှိတ်အတွင်း ဝါးမျိုသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

"ဒီ ယွီဝမ်ထောင်ရဲ့ စက်ယန္တရား ကိုယ်ထည် အစွမ်းက မဆိုးဘူးပဲ... နောက်ကျရင် သူ့ကို ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတ ထည့်သွင်းပြီး ငါ့အတွက် အလုပ်လုပ်ခိုင်းရမယ်... နောက်ပိုင်း ထိုက်ယန်တောင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက လေယာဉ်ပျံတွေ ဘာတွေ ဒီဇိုင်းဆွဲတဲ့အခါ သူ့ကို အများကြီး အသုံးချလို့ ရနိုင်တယ်"

ယွီဝမ်ထောင်က မူလကတည်းက မုန်ယာကုမ္ပဏီ သုတေသနဌာနမှ ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းကို ကျိုးဟောင်ရန်က လင်းယွမ်အား ပြောပြခဲ့ပြီး ဖြစ်သည်။

လင်းယွမ်က ဤကဲ့သို့သော ပါရမီရှင်မျိုးကို သဘာဝကျကျပင် လက်လွှတ်ခံမည် မဟုတ်ပေ။

ထိုက်ယန်တောင်က ယခုအခါ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပိုမိုများပြားသော နည်းပညာများကို အမြန်ဆုံး တတ်ကျွမ်းထားမှသာ တိုက်ခိုက်ရေးစွမ်းရည်ကို လျင်မြန်စွာ မြှင့်တင်နိုင်မည် ဖြစ်သည်။

ထိပ်တန်း အစွမ်းထက်သူများ အပိုင်းတွင်လည်း အဆက်မပြတ် တိုးတက်လာရန် လိုအပ်နေပြီး လောလောဆယ်တွင် လင်ယွီရုံ တစ်ယောက်တည်းကိုသာ အားကိုးနေရခြင်းက လုံလောက်မှု မရှိသေးပေ။

"ဒီတစ်ခေါက် စစ်တပ်ကိစ္စကို ဖြေရှင်းပြီး လေပေါ်ကျွန်းရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပြီးတာနဲ့... သန္ဓေပြောင်းလဲနှုန်း ၄၀% အဆင့်ကို ရောက်အောင် ကြိုးစားရမယ်"

လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်သည်။

"လင်းယွမ်... အခု ကျွန်မတို့ ဘယ်လို ဆက်လုပ်ကြမလဲ"

ထိုအချိန်တွင် တင်းယန်က ပျံသန်းလာပြီး လူသားအသွင်သို့ ပြန်လည်ပြောင်းလဲကာ တိမ်မြူကျွန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

လင်းယွမ်က ထိုစကားကို ကြားသောအခါ "ဖုန်းကျန့်ကုန်းက အဲဒီကို သွားပြီး ဖြေရှင်းနေပြီ မဟုတ်ဘူးလား" ဟု ပြန်ပြောလိုက်သည်။

အမှန်တော့ စောစောက တိုက်ပွဲအတွင်း ဖုန်းကျန့်ကုန်း တစ်ချိန်လုံး ပေါ်မလာခဲ့ခြင်းမှာ စစ်တပ်မှ လူများကို စည်းရုံးရန် လင်းယွမ်က သူ့ကို တိမ်မြူကျွန်းဘက်သို့ စောစီးစွာ စေလွှတ်ထားခဲ့သောကြောင့် ဖြစ်သည်။

လောလောဆယ်တွင် ကျန်းယွီကျန်းက တိမ်မြူကျွန်းပေါ်၌ လုံးဝ မရှိတော့ကြောင်း လင်းယွမ် အကြမ်းဖျင်း အာမခံရဲသည်။

ထိုသူက တိမ်မြူကျွန်းကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီဟု ခန့်မှန်းရသည်။

ထိုသို့တွေးမိပြီး လင်းယွမ်က ချက်ချင်း ဆိုလိုက်၏။ "လာ... ငါနဲ့ နေရာတစ်ခုကို လိုက်ခဲ့ကြ"

ပြောပြောဆိုဆိုဖြင့် သူ၏ ခန္ဓာကိုယ်က လျှပ်ခနဲ လှုပ်ရှားသွားပြီး လင်ယွီရုံ၊ တင်းယန်တို့နှင့်အတူ ချောက်နက်ကျွန်း ရှိရာဘက်သို့ ပျံသန်းသွားတော့သည်။

ချောက်နက်ကျွန်းက တိမ်မြူကျွန်းနှင့် သိပ်မဝေးလှဘဲ မိုင်နှစ်ဆယ်ခန့်သာ ကွာဝေးသည်။

ရေလွှမ်းမိုးမှုအောက်တွင် နက်ရှိုင်းစွာ ဖုံးကွယ်နေသဖြင့် သိရှိသူ မများလှပေ။

တင်းယန်က "ကျွန်မတို့ အခု ဘယ်ကို သွားကြမလို့လဲ" ဟု မေးလိုက်သည်။

"ကျန်းယွီကျန်းက ချောက်နက်ကျွန်း အနီးမှာ စခန်းတစ်ခုကို အစောကတည်းက တည်ဆောက်ထားခဲ့တာ... အဲဒီလူက ချောက်နက်ကျွန်းပေါ်က သွေးသလင်းကျောက်တွေကို ခိုးတူးနေခဲ့တာဆိုတော့ အခုလောက်ဆို တိမ်မြူကျွန်းက သွေးသလင်းကျောက်တွေကိုပါ အကုန် တူးထုတ်သွားလောက်ပြီ"

"မုန်ယာကုမ္ပဏီ ရောက်လာတော့ သူက တိမ်မြူကျွန်းကို စွန့်လွှတ်ပြီး သူ့ရဲ့ ရေအောက်စခန်းထဲမှာ ဝင်ပုန်းနေလောက်ပြီ"

"ငါတို့ သူ့ရဲ့ ခံတပ်ကို သွားဖျက်ဆီးကြမယ်"

ရှီဟိုင်ကျူးတို့ အုပ်စုမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ချန်ကျန့်ဖုန်းက မနေနိုင်ဘဲ ဆဲရေးလိုက်၏။ "ခွေးကောင်... သူက စစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင် ဖြစ်နေရက်နဲ့ ကျွန်းပေါ်က လူတွေကို ဒီတိုင်း ပစ်ထားပြီး ထွက်ပြေးသွားတယ်ပေါ့လေ"

ရှီဟိုင်ကျူးက လှောင်ပြုံး ပြုံးလိုက်သည်။ "ဒီလို စစ်ဗိုလ်ချုပ်တွေရဲ့ မျက်နှာဖုံးကို ကပ်ဘေးမတိုင်ခင်ကတည်းက ငါ မြင်ဖူးပါတယ်ကွာ... တကယ် အရေးကြုံလာရင် သူတို့က အရင်ဆုံး ပြေးကြတာပဲ... ဘာပြဿနာ မရှိတော့တဲ့အချိန်ကျမှ အာဏာလာပြတတ်တာ"

လင်းယွမ်က ပြုံးလိုက်ပြီး "ကျန်းယွီကျန်းဆိုတဲ့ လူက တကယ် ဟန်ဆောင်ကောင်းတာ... အစပိုင်းတုန်းက စစ်တပ်က အဖွဲ့နှစ်ဖွဲ့ ကွဲသွားတော့ လူတွေရဲ့ ထောက်ခံမှုကို ပိုရဖို့အတွက် သူက ငြိမ်းချမ်းရေးချိုးငှက်အဖွဲ့ဆိုပြီး နာမည်ခံလိုက်တာ... ကယ်တင်ရှင်ဆိုတဲ့ နာမည်နဲ့ ပါရမီရှင် အတော်များများကို စုဆောင်းသိမ်းသွင်းခဲ့တယ်" ဟု ပြောလိုက်သည်။

"တကယ်တမ်းတော့ သူ့ရဲ့ အာဏာကို ချဲ့ထွင်ဖို့အတွက် သက်သက်ပဲ... ဖုန်းကျန့်ကုန်းတောင် သူ့အလှည့်စား ခံလိုက်ရတာ မင်းတို့ မြင်တဲ့အတိုင်းပဲ"

"ဖုန်းကျန့်ကုန်းသာ ပိုမြင့်တဲ့ အဆင့်ကို တက်ရောက်ဖို့ စိတ်စောမနေဘူးဆိုရင် အခုချိန်လောက်ဆို သူ့ဆီ ပါသွားလောက်ပြီ"

တင်းယန်ကလည်း "စစ်ခေါင်းဆောင်တွေထဲမှာ လူကောင်းဆိုတာ တစ်ယောက်မှ မရှိဘူး" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။

လင်ယွီရုံက ဘေးမှနေ၍ နားထောင်ရင်း အံ့ဩစွာဖြင့် ဝင်ပြောသည်။ "ပြည်သူက စစ်တပ်ကို မဆန့်ကျင်ရဘူးဆိုတာ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ သဘောတရားပဲလေ... အခုခေတ် လူတွေက အဲဒါကို နားမလည်ကြဘူးလား"

"ပြည်သူနဲ့ စစ်တပ်ဆိုတာ အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူတန်းစား နှစ်ခုပဲလေ"

လင်းယွမ်တို့ အုပ်စုမှာ ချက်ချင်းပင် ပြောစရာ စကားမဲ့သွားကြသည်။

လင်ယွီရုံဟူသော ဤရှေးဟောင်း အစွမ်းပိုင်ရှင်က နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော လူသားတို့၏ အစိုးရစနစ်ဆိုင်ရာ အတွေးအခေါ် အနှစ်သာရကို စကားတစ်ခွန်းတည်းဖြင့် ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်ခြင်းပင်။

"ရောက်ပြီ"

လင်းယွမ်က အားလုံး၏ စကားဝိုင်းကို ဖြတ်ပြောလိုက်ပြီး ပင်လယ်ပြင် တစ်နေရာ၏ အထက်ကောင်းကင်ယံတွင် ပေါ်လာသည်။

သူက ရေအောက်သို့ ဦးဆောင် ငုပ်ဆင်းသွားရာ လင်ယွီရုံတို့လည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

အောက်ဘက်တွင် ရေစီးကြောင်းများ ပြင်းထန်စွာ စီးဆင်းနေပြီး ရေလွှမ်းမိုးခံထားရသော မြို့ပျက်ကြီးက မျက်စိရှေ့တွင် ပေါ်လာ၏။

ပတ်ဝန်းကျင်တွင် အစွမ်းထက်သော ရေအောက် သန္ဓေပြောင်း သတ္တဝါအမျိုးမျိုး ကူးခတ်သွားလာနေကြသည်။

သို့သော် လင်းယွမ်တို့ အုပ်စု၏ အရှိန်အဝါဖိအားများကို အပြည့်အဝ ဖွင့်ထုတ်ထားသဖြင့် ထိုသန္ဓေပြောင်းသတ္တဝါများသည် သန္ဓေပြောင်းလဲနှုန်း အဆင့်သို့ ရောက်ရှိနေလျှင်တောင်မှ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

လင်းယွမ်က မလှမ်းမကမ်းရှိ ဧရာမ ချောက်နက်ကျွန်းကြီးကို ကြည့်ကာ ပြောလိုက်သည်။ "အဲဒါ ချောက်နက်ကျွန်းပဲ... ကျန်းယွီကျန်းတို့ တွေ့ခဲ့တဲ့ ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ အလောင်းက အဲဒီနေရာမှာ ရှိတာ"

လင်ယွီရုံက ထိုစကားကို ကြားသောအခါ မျက်နှာထား ပြောင်းလဲသွားပြီး "အဲဒီ ရှေးဟောင်း အစွမ်းပိုင်ရှင်ရဲ့ နာမည်က ဘယ်သူလဲဆိုတာ သိလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါပြလိုက်သည်။ "သေချာတော့ မသိဘူး... ပြန်ရောက်ရင် ဖုန်းကျန့်ကုန်းကို မေးကြည့်ရမယ်... သူ တစ်ခုခုများ သိနေမလားလို့"

ထိုနေရာအထိ ပြောပြီးနောက် သူက ရုတ်တရက် ဆက်ပြောလိုက်၏။ "မင်းရဲ့ ရှေးခေတ်က အသိဟောင်းတစ်ယောက်တောင် ဖြစ်နေနိုင်သေးတယ်"

လင်ယွီရုံက ထိုစကားကို ကြားသောအခါ "ဖြစ်နိုင်တယ်... ရှေးခေတ်တုန်းက အသက်ရှည်ရှည် နေနိုင်မယ့် ကျင့်စဉ်တွေကို ကျင့်ကြံတဲ့သူ သိပ်မများဘူး... ဒါပေမဲ့ အများစုကတော့ နာမည်ကြီးတဲ့ သူတွေချည်းပဲ" ဟု ပြန်ပြောသည်။

"ကျွန်မ သိဖို့ ရာခိုင်နှုန်း တော်တော်များတယ်"

လင်းယွမ်က "တကယ်လို့ သူ့ကို ရှာတွေ့ရင် ထိုက်ယန်တောင်ကို ဝင်လာဖို့ မင်း သူ့ကို စည်းရုံးနိုင်မလား" ဟု မေးလိုက်သည်။

လင်ယွီရုံက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ပြုံးလိုက်ပြီး "ဘာလို့ စည်းရုံးရမှာလဲ... စကားနားမထောင်ရင် ရိုက်နှက်ပြီး နားထောင်အောင် လုပ်လိုက်ရင် ရပြီ မဟုတ်ဘူးလား" ဟု ဆိုလေသည်။

လင်းယွမ် ကြောင်အမ်းသွားပြီးနောက် ချက်ချင်း ရယ်မောလိုက်လေသည်။ "မင်းပြောတာလည်း ဟုတ်တာပဲ"

"ဆရာလင်း... ဟိုဘက်က စခန်းလား"

ထိုအချိန်တွင် ရှီဟိုင်ကျူးက ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားပြီး အဝေးရှိ ရေအောက်မှ အရိပ်တစ်ခုကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

လင်းယွမ်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်ပြီး "အဲဒီဘက်မှာ ရှိတယ်ဆိုတာ မင်း ဘယ်လိုသိလဲ" ဟု အံ့ဩစွာ မေးလိုက်သည်။

ကျန်းယွီကျန်း၏ ဤရေအောက်စခန်းတွင် ကိုယ်ပျောက် အကာအကွယ်တပ်ဆင်ထားသဖြင့် အတော်အတန် ဖုံးကွယ်ထားနိုင်စွမ်း ရှိသည်။

လင်းယွမ် ကိုယ်တိုင်လည်း ယခင်က စစ်တပ်၏ ရေငုပ်သင်္ဘောနောက်သို့ လိုက်လာမှသာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ရှီဟိုင်ကျူးက တစ်ချက်ကြည့်ရုံဖြင့် သိသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ရှီဟိုင်ကျူးက တဟီးဟီးရယ်မောလျက် ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ မျိုးရိုးဗီဇမြေပုံက တိုက်တန်ကျောက်လူသားလေ... ခြေထောက်က မြေကြီးနဲ့ ထိနေသရွေ့ ပတ်ဝန်းကျင်က မြေဒြပ်စင်တွေကို အရမ်းကို ထိထိမိမိ အာရုံခံနိုင်တယ်"

ထိုအခါမှ လင်းယွမ် သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်၏။ "မဆိုးဘူးပဲ... မင်းရဲ့ ဒီအစွမ်းက ရေအောက်စခန်းမှာ ကင်းစောင့်ဖို့ အတော်ပဲ"

ရေအောက်တွင် ရေဓာတ် အစွမ်းပိုင်ရှင်များသာ တိုက်ခိုက်ရန် သင့်တော်သည် မဟုတ်ဘဲ ရှီဟိုင်ကျူးကဲ့သို့ မြေကြီးကို ခြေချကာ မြေဒြပ်စင်ကို အသုံးပြုနိုင်သော အစွမ်းပိုင်ရှင်များမှာလည်း ရေအောက်ကြမ်းပြင်တွင် တိုက်ခိုက်ရန် အလားတူ သင့်တော်ပေသည်။

သို့သော် ရှီဟိုင်ကျူးက ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။ "တော်ပါပြီဗျာ... ကျွန်တော်က ထိုက်ယန်တောင်မှာ နေရတာကိုပဲ ပိုသဘောကျတယ်"

သူတို့အုပ်စု စကားပြောနေစဉ်မှာပင် ဤစခန်းအနီးသို့ ရောက်ရှိလာကြသည်။

လင်းယွမ်က စိတ်စွမ်းအင် လှိုင်းကို တိုက်ရိုက် အသုံးပြုကာ ဤစခန်း၏ အကာအကွယ်တွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာအောင် အတင်းအဓမ္မ ဖွင့်လှစ်လိုက်သည်။

သူတို့အုပ်စု ချက်ချင်းပင် အတွင်းသို့ ကူးဝင်သွားကြ၏။

"ဟမ်... တစ်ခုခုတော့ မှားနေပြီ... ဘာလို့ လူတစ်ယောက်မှ မရှိရတာလဲ"

အတွင်းသို့ ရောက်ရောက်ချင်းပင် ချန်ကျန့်ဖုန်းက ထူးဆန်းစွာ အော်ဟစ်လိုက်သည်။

စခန်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီး လူတစ်ယောက်မျှပင် ရှိမနေသည်ကို တွေ့လိုက်ရ၏။

လူမရှိရုံသာမက ဤနေရာတွင် အဆောက်အအုံများမှလွဲ၍ အခြား ပစ္စည်းများ၊ ရေငုပ်သင်္ဘောများနှင့် မည်သည့်အရာမျှ မရှိတော့ချေ။

လင်းယွမ်က ဤနေရာရှိ အခြေအနေကို မြင်လိုက်ရသောအခါ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒုက္ခပဲ... ကျန်းယွီကျန်း ခွေးအိုကြီး ထွက်ပြေးသွားပြီ"

"မြန်မြန်... လူခွဲပြီး ရှာကြည့်ကြ"

သူက ချက်ချင်း အမိန့်ပေးလိုက်ရာ သူတို့အုပ်စုက ဤရေအောက်စခန်းကို အလျင်အမြန် စတင် ရှာဖွေကြလေတော့သည်။

တစ်ပတ်လည်အောင် ရှာဖွေပြီးနောက်တွင်တော့ တကယ်ကိုပင် လူတစ်ယောက်မျှ မကျန်တော့ချေ။

ရေငုပ်သင်္ဘော တစ်စီးမျှပင် ချန်မထားခဲ့ပေ။

သူတို့အုပ်စု ပြန်လည် ဆုံတွေ့ကြသောအခါ လင်းယွမ်က မှုန်ကုပ်နေသော မျက်နှာဖြင့် မေးလိုက်သည်။ "တစ်ခုခု တွေ့ခဲ့သေးလား"

တင်းယန်က "အကာအကွယ် အစီအရင်ဘက်မှာ အစီအရင်ကို ထိန်းသိမ်းဖို့ တပ်ဆင်ထားတဲ့ စွမ်းအင်ကျောက်တုံးတွေကလွဲရင် စခန်းတစ်ခုလုံးမှာ ဘယ်သူမှ မရှိတော့ဘူး" ဟု ဖြေသည်။

"ကုန်လှောင်ရုံကလည်း အလွတ်ကြီးပဲ... ရိက္ခာတွေ ထည့်ထားတဲ့ သေတ္တာခွံတချို့ပဲ ကျန်တော့တယ်... ကြည့်ရတာ အကုန် သယ်ထုတ်သွားတဲ့ပုံပဲ" ဟု ရှီဟိုင်ကျူးက ပြောသည်။

"ဒီအဘိုးကြီး တကယ် ထွက်ပြေးသွားတဲ့ပုံပဲ" ဟု ချန်ကျန့်ဖုန်းက ဆိုသည်။

တင်းယန်က "သူ ဘယ်ကို သွားနိုင်မလဲ... လင်ကျန်း ကနေများ ထွက်သွားပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီအဘိုးကြီးဆီမှာ တိမ်မြူကျွန်းရဲ့ အမြူတေ ရှိနေသေးတယ်... သူ့ကို ရှာတွေ့ရင်တော့ အကောင်းဆုံးပဲ"

"ဒါဆို ကျွန်မတို့ အခု ဘယ်လို ဆက်လုပ်ကြမလဲ"

"အရင် ပြန်ကြမယ်... ပြီးရင် လူလွှတ်ပြီး အရပ်လေးမျက်နှာကို လိုက်ရှာခိုင်းမယ်... မုန်ယာကုမ္ပဏီက လူတွေက ဒီနေ့မှ တိမ်မြူကျွန်းကို ဝင်တိုက်တာဆိုတော့ သူလည်း အခုမှ ပြေးရုံပဲ ရှိဦးမှာ... သိပ်အဝေးကြီး ပြေးနိုင်မှာ မဟုတ်ဘူး"

"ကောင်းပြီ... တိမ်မြူကျွန်းကို သွားပြီး ဖုန်းကျန့်ကုန်းကို လူလွှတ်ရှာခိုင်းလိုက်မယ်" တင်းယန်က ချက်ချင်း ဆိုလေသည်။

ရှီဟိုင်ကျူးက "ကျွန်တော်တို့ဆီက လေယာဉ်ပျံလည်း ရှိသေးတယ်လေ... အဲဒါကိုပါ သုံးပြီး လိုက်ရှာလို့ ရတယ်" ဟု ပြောသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ယံမှ ရှုခင်းက ရေပြင်ထက် ပိုမို ကျယ်ပြန့်သဖြင့် ကျန်းယွီကျန်းကို ပိုမို လျင်မြန်စွာ ရှာတွေ့နိုင်ပေလိမ့်မည်။

သို့သော် ကျန်းယွီကျန်းက ရေငုပ်သင်္ဘောကဲ့သို့သော အရာဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ပါက ရှာဖွေရန် ခက်ခဲပေလိမ့်မည်။

ဆက်ရန်...

အပိုင်း(၇၅၄) တိမ်မြူကျွန်း၏အဆုံးသတ်

သူတို့အဖွဲ့သည် တိမ်မြူကျွန်းပေါ်သို့ အလျင်အမြန် ပြန်ရောက်လာကြပြီး ထိုအချိန်တွင် ဖုန်းကျန့်ကုန်းက တိမ်မြူကျွန်းပေါ်ရှိ ရှုပ်ထွေးပရမ်းပတာဖြစ်မှုများကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ စစ်မြေပြင်ကို ရှင်းလင်းရန် လူများကို စေလွှတ်ထားလိုက်ပြီ ဖြစ်သည်။

လင်းယွမ်ကို မြင်လိုက်သည်နှင့် ဖုန်းကျန့်ကုန်းက အလျင်အမြန် လျှောက်လာခဲ့သည်။

သူ၏ မျက်နှာထားမှာ အလွန် ဆိုးရွားနေပြီး "ဆရာလင်း... ကျန်းယွီကျန်း ထွက်ပြေးသွားပြီ"

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ကျွန်တော် သိတယ်"

ဖုန်းကျန့်ကုန်းက "သူတစ်ယောက်တည်း ထွက်သွားတာ မဟုတ်ဘူး... သုတေသနပညာရှင် အများစု... သုတေသန အချက်အလက်တွေနဲ့ ရိက္ခာပစ္စည်းတွေ အကုန်လုံးကိုပါ သယ်သွားတာ"

"ဒီက အောက်ခြေစစ်သားတွေနဲ့ သာမန်အရပ်သားတွေကိုပဲ ထားခဲ့တာ... သောက်ခွေးကောင်ပဲ"

ထိုသို့ပြောရင်း ဖုန်းကျန့်ကုန်းမှာ ဒေါသမထိန်းနိုင်ဘဲ ဆဲဆိုမိလေတော့သည်။ "အရင်တုန်းက သူ့ကို ယုံကြည်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အပြစ်တင်မိတယ်... သူက တကယ်ပဲ စစ်ပွဲကို ဆန့်ကျင်ပြီး ဒီကပ်ဘေးကြီးကနေ ကယ်တင်ချင်တယ်လို့ ထင်ခဲ့မိတာ"

"သူက ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး"

လင်းယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး "အခုချိန်မှာ ဒါတွေပြောနေလည်း ဘာမှ မထူးတော့ဘူး... ခင်ဗျား အခုချက်ချင်း လူလွှတ်ပြီး ပတ်ဝန်းကျင်မှာ လိုက်ရှာခိုင်းလိုက်ပါ"

"ကျွန်တော်လည်း ယာဉ်ပျံကို အနီးအနားမှာ အမြန်သွားရှာခိုင်းလိုက်မယ်"

"သူ ထွက်သွားတာ သိပ်မကြာလောက်သေးဘူး... ရှာတွေ့နိုင်လောက်သေးတယ်"

"တခြားဟာတွေက အရေးမကြီးဘူး... တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေက သူ့ဆီမှာ ရှိနေသေးတယ်... အဲဒါကို မဖြစ်မနေ ပြန်ယူရမယ်"

ဖုန်းကျန့်ကုန်းက ခေါင်းညိတ်လိုက်သည်။ "လူလွှတ်ပြီး ရှာခိုင်းထားပါတယ်... ဒါပေမဲ့ ရှာတွေ့နိုင်မလား ဆိုတာတော့ မသိဘူး"

"ခုနက တပ်ခွဲမှူးအဆင့်ရှိတဲ့ လူတချို့ကို ကျွန်တော် မေးကြည့်လိုက်တော့... အရင်တုန်းက သုတေသနအဖွဲ့တွေ ရေငုတ်သင်္ဘောကို သုတေသနလုပ်နေတယ်ဆိုတာ ကြားဖူးတယ်တဲ့... ကျန်းယွီကျန်းက ရေအောက်ကနေ ထွက်ပြေးသွားတာများလားလို့ စိုးရိမ်နေမိတယ်"

လင်းယွမ်သည် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ "ရေငုတ်သင်္ဘော..."

တကယ်ပဲ ရေအောက်ကနေ ထွက်ပြေးသွားတာလား။

ဒီလိုဆိုရင်တော့ အဲ့ဒီအဘိုးကြီးကို ရှာတွေ့ဖို့က တကယ်ကို ခက်ခဲသွားလိမ့်မည်။

"အဲဒီလူတွေက ကျန်းယွီကျန်း ဘယ်သွားနိုင်မလဲဆိုတာ သိကြလား"

ဖုန်းကျန့်ကုန်းက ခေါင်းခါလိုက်သည်။ "ကျွန်တော် မေးကြည့်ပြီးပြီ... သူတို့ ဘာမှမသိကြဘူး... ကျန်းယွီကျန်းက သူတို့ကို စွန့်ပစ်ခဲ့တာဆိုတော့ ဒီလိုကိစ္စတွေကို သိခွင့်ရမှာ မဟုတ်ဘူးလေ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အရင် ရှာကြည့်ကြတာပေါ့... မတွေ့မှပဲ ဆက်ပြောကြတာပေါ့"

ဖုန်းကျန့်ကုန်းက ခေါင်းညိတ် သဘောတူလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှီဟိုင်ကျူးကလည်း ထိုက်ယန်တောင် ယာဉ်ပျံကို မောင်းနှင်ကာ တိမ်မြူကျွန်းအနီးတစ်ဝိုက် တစ်လျှောက် စတင် ရှာဖွေလေတော့သည်။

တိမ်မြူကျွန်းဘက်တွင်မူ ဖုန်းကျန့်ကုန်း ပေးခဲ့သော တိမ်မြူကျွန်း ဦးနှောက်အမြူတေကို လင်းယွမ်က သန့်စင်ပြီးဖြစ်လေသည်။

ယခုအချိန်တွင် တိမ်မြူကျွန်းတစ်ကျွန်းလုံးရှိ သက်ရှိအားလုံးမှာ လင်းယွမ်၏ အာရုံခံစားမှုအောက်တွင် ရှိနေသည်။

သူက အနည်းငယ် အာရုံခံကြည့်လိုက်ပြီး တိမ်မြူကျွန်းပေါ်တွင် ကျန်ရှိနေသော လူဦးရေကို အကြမ်းဖျင်း အတည်ပြုလိုက်သည်။

"လူ နှစ်ထောင်ကျော်လောက် ရှိနိုင်တယ်"

လင်းယွမ် ရင်ထဲမှ အလုံးကြီးကျသွားသလို သက်ပြင်းချလိုက်နိုင်၏။ လူနှစ်ထောင်ကျော်ဆိုသည်မှာလည်း မဆိုးလှသော လူသားအရင်းအမြစ်ပင် ဖြစ်သည်။

တိမ်မြူကျွန်းပေါ်တွင် မူလက လူဘယ်လောက်ရှိခဲ့သလဲ ဆိုတာတော့ မသိနိုင်ပေ။

ထိုအချက်ကို တွေးမိပြီး လင်းယွမ်က မေးလိုက်သည်။ "ဖုန်းကျန့်ကုန်း... ဒီမှာ ကျန်ခဲ့တဲ့ လူတွေရဲ့ အချက်အလက်တွေကို စာရင်းပြုစုဖို့ နည်းလမ်းရှာကြည့်ပါဦး"

"လူဦးရေရယ်... တစ်ယောက်ချင်းစီ နိုးထလာတဲ့ သန္ဓေပြောင်းအစွမ်းရယ်... ရေဘေးကြီးမတိုင်ခင်က ဘာအလုပ်လုပ်ခဲ့လဲ... ရေကြီးပြီးနောက်ပိုင်း စစ်တပ်မှာ ဘာရာထူးယူထားလဲ ဆိုတာတွေ သိချင်တယ်... ဒါ့အပြင် သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေ... သားသမီး ရှိမရှိ ဆိုတာတွေကိုပါ သိချင်တယ်"

ဖုန်းကျန့်ကုန်း အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... အခုပဲ လူတွေကို စာရင်းကောက်ဖို့ စီစဉ်လိုက်ပါ့မယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "ကျွန်းပေါ်က တခြား ဂိုဒေါင်တွေကိုရော ခင်ဗျား သွားကြည့်ပြီးပြီလား... ရိက္ခာပစ္စည်း ဘယ်လောက် ကျန်သေးလဲ"

ဖုန်းကျန့်ကုန်းက ခေါင်းခါယမ်းလိုက်သည်။ "မစစ်ဆေးရသေးပါဘူး"

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ကြည့်ရတာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"

ဖုန်းကျန့်ကုန်းမှာ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားသည်။ "ဆရာလင်း ဆိုလိုတာက ကျန်းယွီကျန်းက ရိက္ခာတွေ အကုန်သယ်သွားတာလား... မဖြစ်နိုင်တာ... သူ စစ်စခန်းထဲက ရိက္ခာတွေ သယ်သွားတာက ထားပါတော့... တခြားရိက္ခာတွေကိုပါ သယ်သွားတာလား... သူ ဘယ်လိုပဲဖြစ်ဖြစ် ကျန်ခဲ့တဲ့လူတွေ အသက်ရှင်ဖို့ လမ်းစလေးတော့ ချန်ထားခဲ့ရမှာပေါ့"

"ဒီလူတွေထဲမှာ တချို့က သာမန်အရပ်သားတွေကနေ ဝင်လာတာ မှန်ပေမဲ့... တချို့ကျတော့လည်း အရင်ထဲက စစ်တပ်ထဲက ရဲဘော်ဟောင်းတွေပဲလေ"

လင်းယွမ်က သူ့ကို ဘာမှဆက်မငြင်းတော့ဘဲ "ခင်ဗျား သွားစစ်ကြည့်လိုက်ပါဦး... စစ်ပြီးရင် ကျွန်တော့်ကို လာပြော" ဟုသာ ပြောလိုက်သည်။

ဖုန်းကျန့်ကုန်းက ချက်ချင်း ဆိုလိုက်သည်။ "ချန်ချုံးတောင် ဘက်မှာတော့ အရင် သိမ်းငှက်အဖွဲ့ စခန်းက ဂိုဒေါင်တစ်ခု ကျန်သေးတယ်... အဲဒီဘက်မှာ ချန်ချုံးတောင်က ဒုက္ခသည်တွေအတွက် ဖယ်ထားတဲ့ အရန်ရိက္ခာတွေ ရှိတယ်... အခုပဲ လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်မယ်"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "အင်း... သွားကြည့်တာလည်း ကောင်းပါတယ်"

ဖုန်းကျန့်ကုန်းက ဘေးနားရှိလူများကို အမြန်ခေါ်ကာ ချန်ချုံးတောင်သို့ အခြေအနေသွားကြည့်ရန် ချက်ချင်း စေလွှတ်လိုက်သည်။

ထို့နောက် တိမ်မြူကျွန်းကို ပြန်လည်ဖွဲ့စည်းရာတွင် လင်းယွမ် ဝင်မပါတော့ပေ။ အားလုံးကို ရှီဟိုင်ကျူး၊ တင်းယန်၊ ချန်ကျန့်ဖုန်း နှင့် အခြားသူများကသာ တာဝန်ယူ လုပ်ဆောင်ကြလေသည်။

သူတို့သုံးယောက်က အတွေ့အကြုံ ရင့်ကျက်သူများဖြစ်ရာ ထိုက်ယန်တောင်သို့ အသစ်ဝင်ရောက်လာမည့် ဤလူများကို မည်သို့ လေ့ကျင့်ပေးရမည်ဆိုသည်ကို ကောင်းကောင်းကြီး သိထားကြသည်။

နည်းလမ်းဟောင်းအတိုင်း ဤလူများကို သူတို့နှင့် မရင်းနှီးသော နေရာများသို့ ရွှေ့ပြောင်းကာ တစ်လခန့် အလုပ်ကြမ်းလုပ်ခိုင်းပြီး အကျင့်စရိုက်များကို ပြုပြင်ပေးပြီးမှသာ ထိုက်ယန်တောင်သို့ တဖြည်းဖြည်း ဝင်ဆံ့လာစေရန် လုပ်ဆောင်မည် ဖြစ်သည်။

သို့သော် ဤနေရာက ထိုက်ယန်တောင်နှင့် အနည်းငယ် ဝေးကွာနေသဖြင့် ထိုလူများ သွားလာရန် အဆင်မပြေလှပေ။

သို့သော် တင်းယန်က အလွန် ဉာဏ်ကောင်းလှသည်။ သူမက အားလုံးကို အကြံပြုလိုက်သည်။ "ဒီလိုလုပ်ရင် မကောင်းဘူးလား... ဒီလူတွေကို မြေဝါနတ်ဘုရားကျွန်းနဲ့ မီယွမ်မိုးသစ်တောကျွန်း ဘက်ကို ပို့လိုက်မယ်... ပြီးတော့ ချန်ချုံးတောင်က လူတချို့ကို ဒီဘက် ပြောင်းခေါ်လိုက်မယ်လေ"

"အရင်တုန်းက မိန်တောင်ကလူတွေကို ထိုက်ယန်တောင်ကို ပြောင်းခိုင်းပြီး ထိုက်ယန်တောင်ကလူတွေကို မိန်တောင်ကို ပြောင်းခိုင်းသလိုမျိုးပေါ့"

လင်းယွမ် ရုတ်တရက် ပြုံးရယ်လိုက်ပြီး သူမကို လက်မထောင်ပြကာ "မင်းတို့တွေ တဖြည်းဖြည်း အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေနဲ့ ပိုပိုတူလာပြီပဲ" ဟု ချီးကျူးလိုက်သည်။

တင်းယန်က နှုတ်ခမ်းထောင့်လေး ကွေးတက်သွားအောင် ပြုံးလိုက်ပြီး "ရှင့်ဆီက သင်ထားတာလေ" ဟု ပြန်ပြောသည်။

"ဟားဟားဟား"

လင်းယွမ် အားရပါးရ ရယ်မောလိုက်လေသည်။

ထို့နောက် ဤနေရာရှိ ကိစ္စအဝဝကို သူတို့အားလုံးထံ လွှဲအပ်လိုက်သည်။

မကြာမီမှာပင် ကျောက်ခိုင်နှင့် လီချင်းဟွာတို့ သတင်းကြားပြီး ရောက်ရှိလာကြကာ ပြန်လည်ဖွဲ့စည်းရေး အဖွဲ့ထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။

"ဆရာလင်း... ရာသီဥတုက တဖြည်းဖြည်း ပိုနွေးလာပြီ... မကြာခင် ရေပြင်ပေါ်က ရေခဲတွေ အရည်ပျော်တော့မယ် ထင်တယ်"

လီချင်းဟွာက လင်းယွမ်၏ ဘေးသို့ လျှောက်လာပြီး အပြင်ဘက်ရှိ ကျယ်ပြောလှသော ရေပြင်ကြီးကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ဒီရက်ပိုင်း အပူချိန်က သိသိသာသာကို တက်လာတာ"

"ရေခဲပြင်တွေ မကြာခင် အရည်ပျော်တော့မယ်လို့ ထင်တယ်... အဲဒီအချိန်ကျရင် ရေမျက်နှာပြင်ကလည်း အမြန်ကြီး တက်လာနိုင်တယ်"

လီချင်းဟွာက စိုးရိမ်တကြီးဖြင့် "ရေမျက်နှာပြင်သာ အမြန်တက်လာရင် ထိုက်ယန်တောင် ရေမြုပ်သွားမလား မသိဘူး"

လင်းယွမ်က သက်ပြင်းချလိုက်သည်။ "ပြောရခက်တယ်ဗျ... ဒီလောက်ကြာကြာ ရွာထားတဲ့ နှင်းတွေ အကုန်လုံး ရေဖြစ်သွားရင် ရေမျက်နှာပြင်က သေချာပေါက် အလွန်အမင်း မြင့်တက်လာမှာပဲ... ဘာပဲဖြစ်ဖြစ် အားလုံးကို ရွှေ့ပြောင်းဖို့ အသင့်ပြင်ထားခိုင်းရမယ်"

လီချင်းဟွာက "ကျွန်တော်တို့ အခုဆိုရင် ရေပေါ်ကျွန်း ခြောက်ကျွန်းကို ပိုင်ဆိုင်ထားပြီဆိုတော့ လူတွေ ပြောင်းရွှေ့ဖို့က ပြဿနာမရှိပါဘူး... ဒါပေမဲ့ ထိုက်ယန်တောင်... ချန်ချုံးတောင်နဲ့ ချန်ဖူတောင် ဘက်က သတ္တုတွင်းထွက်တွေကို အကုန် မတူးဖော်ရသေးဘူး ဖြစ်နေတယ်"

လင်းယွမ်က ခေါင်းခါလိုက်သည်။ "တူးလို့ ကုန်မှာ မဟုတ်တော့ဘူး... အဓိကက ဒီရေပေါ်ကျွန်းတွေရဲ့ ရေပေါ်ပေါ်နိုင်စွမ်းကလည်း အကန့်အသတ် ရှိတယ်လေ"

"တောင်ထဲက သတ္တုတွင်းတွေ အကုန်လုံးကို တူးပြီး ရေပေါ်ကျွန်းတွေပေါ် သယ်တင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... မဟုတ်ရင် ရေပေါ်ကျွန်းတွေတောင် ခံနိုင်မှာ မဟုတ်ဘူး"

တောင်အချို့ရှိ စွမ်းအင်ကျောက်တုံး သယံဇာတများမှာ အလွန်ပေါများလှရာ အကုန်လုံးကို တူးဖော်မည်ဆိုပါက တောင်တစ်လုံးလုံးနီးပါးကို အခေါင်းပေါက် ဖြစ်အောင် တူးရပေလိမ့်မည်။

ထိုသို့လုပ်ခြင်းသည် တောင်တစ်လုံးကို ရေပေါ်ကျွန်းပေါ် တင်ထားလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ရေပေါ်ကျွန်း၏ ပေါ်နိုင်စွမ်းက ခံနိုင်ရည်ရှိပါ့မလား ဆိုသည်မှာ တကယ့်ပြဿနာကြီး ဖြစ်သည်။

လင်းယွမ်က ဆက်ပြောလိုက်သည်။ "နောက်ပိုင်း ရေပေါ်ကျွန်းပေါ်မှာပဲ နေရမယ်ဆိုရင် ငါတို့က ရေပေါ်ပေါ်နိုင်စွမ်း အပြောင်းအလဲနဲ့ ရေပေါ်ကျွန်းရဲ့ ရေစူးအနက်ကို အမြဲ သတိထားနေရမယ်"

"ရေပေါ်ကျွန်း နစ်မြုပ်နိုင်မယ့် အန္တရာယ် ရှိလာပြီဆိုတာနဲ့ ချက်ချင်း အလေးချိန် လျှော့ချရမယ်"

လီချင်းဟွာ ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ပေါ့ဆ၍ မရသော အရေးကြီးသည့် ကိစ္စကြီး ဖြစ်သည်။

သူတို့နှစ်ဦး ခေတ္တမျှ ဆက်လက်စကားပြောဖြစ်ကြပြီး အဓိကအားဖြင့် လီချင်းဟွာက လေပေါ်ကျွန်း၏ အခြေအနေများကို မေးမြန်းနေခြင်း ဖြစ်သည်။

လင်းယွမ်က ကောင်းကင်ယံရှိ အခြေအနေများကို အကြမ်းဖျင်း ပြောပြလိုက်သည်။

လီချင်းဟွာ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားပြီး "ယွီကျိုးပြည်နယ်က အင်အားစုတွေက ကျွန်တော်တို့ လင်ကျောင်းမြို့ အထိတောင် နယ်ချဲ့လာကြပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အင်း... ပြီးတော့ သူတို့စခန်းက ကိရိယာတွေကို ကြည့်ရတာ ဒီအင်အားစုနှစ်ခုရဲ့ သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်မှုအဆင့်က မနိမ့်ဘူး"

လီချင်းဟွာက "ဒါဆို ကျိအန်မြို့ရော... မြောက်ဘက်က တခြားမြို့တွေရဲ့ ကောင်းကင်ယံမှာ လေပေါ်ကျွန်း ရှိတဲ့ နေရာတိုင်းကို ဒီလူတွေက သိမ်းပိုက်ထားနိုင်ခြေ များတယ်ဆိုတဲ့ သဘောလား"

လင်းယွမ်က ခေါင်းညိတ်သည်။ "ဖြစ်နိုင်ခြေ အရမ်းများတယ်"

"သူတို့ မသိမ်းထားဘူးဆိုရင်တောင် တခြားအင်အားစုတွေ သိမ်းထားလောက်ပြီ"

"မြောက်ပိုင်းက သန္ဓေပြောင်းစွမ်းအင် နည်းပညာ တိုးတက်နှုန်းက ကျွန်တော်တို့ဘက်ထက် ပိုမြန်တယ်... သူတို့ကို အထင်သေးလို့ မရဘူး"

"နောက်ပြီး သတိထားရမှာက သန္ဓေပြောင်း သတ္တဝါတွေပဲ... လေပေါ်ကျွန်း အထက်က သန္ဓေပြောင်း သတ္တဝါတွေက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးကြတယ်"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်"

"ကမ္ဘာ့ပြင်ပကိုတောင် ပျံသန်းနိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေတောင် ပေါ်လာနေပြီ"

"ဘာ... ကမ္ဘာ့ပြင်ပ ဟုတ်လား... အဲဒီမှာ လေမှ မရှိတာ ဘယ်လို ရှင်သန်နိုင်မှာလဲ" လီချင်းဟွာက အံ့အားသင့်စွာ မေးလိုက်သည်။

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ဒီသန္ဓေပြောင်း သတ္တဝါတွေက လေမလိုဘဲ ရှင်သန်နိုင်တဲ့အဆင့်အထိ ဆင့်ကဲပြောင်းလဲသွားပြီ ထင်တယ်"

"ဒီအချက်အလက်တွေက မုန်ယာကုမ္ပဏီက လူတွေဆီကနေ ငါ စစ်မေးပြီး သိခဲ့ရတာပဲ"

"လောလောဆယ်တော့ ငါ ရုပ်သံအထောက်အထား မတွေ့ရသေးဘူး"

လီချင်းဟွာက လေတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် "ကမ္ဘာ့ပြင်ပကို ပျံသန်းနိုင်တယ်ဆိုတာက ဒီသန္ဓေပြောင်း သတ္တဝါတွေက အာကာသထဲမှာတောင် ရှင်သန်နိုင်တယ်ဆိုတဲ့ သဘောပေါ့"

"ဒါ... ဒါက ဘယ်လောက်တောင် အစွမ်းထက်မှရမှာလဲ... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့် အပြည့်အဝ အောင်မြင်သွားတာလား"

လင်းယွမ်က သက်ပြင်းချလိုက်သည်။ "မသိဘူး... အနည်းဆုံးတော့ ငါ အဲဒီအဆင့်ထိ မရောက်သေးဘူး... နောက်မှ လင်ယွီရုံတို့ကို မေးကြည့်ရမယ်"

"ဒီ ရှေးဟောင်း သန္ဓေပြောင်းအစွမ်းပိုင်ရှင်တွေက ကောင်းကင်ယံက နဂါးငွေ့တန်းထဲကို သွားရောက် စူးစမ်းခဲ့ဖူးတယ်ဆိုတော့... ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အာကာသထဲ ဝင်ရောက်နိုင်တာ သေချာတယ်"

"နောက်ကွယ်က အကြောင်းအရာတွေကို သူတို့ သိလောက်တယ်"

လီချင်းဟွာက ခါးသက်သက် ပြုံးလိုက်ပြီး "မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်သွားရင်... ပြီးတော့ အဲဒီအဆင့်ကို ဆက်တိုက် မြှင့်တင်ရင်း တစ်နေ့ကျရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အပြည့်အဝ အောင်မြင်သွားရင် ဆင့်ကဲပြောင်းလဲခြင်းရဲ့ အဆုံးမှတ်ကို ရောက်ပြီလို့ ကျွန်တော် ထင်ခဲ့တာ"

"အခုကြည့်ရတာ ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းက အရှည်ကြီး သွားရဦးမယ့်ပုံပဲ"

လင်းယွမ်လည်း ပြုံးလိုက်သည်။ "ရှေ့မှာ လမ်းရှိနေတာက ပိုမကောင်းဘူးလား"

"လမ်းမရှိတော့ဘူးဆိုရင် တကယ် မျှော်လင့်ချက် မဲ့သွားမှာပေါ့... ဒီရေဘေးကြီးရဲ့ ဇာစ်မြစ်... ကောင်းကင်က နဂါးငွေ့တန်း ဘယ်ကလာတယ်ဆိုတာကို ငါတို့ ဘယ်တော့မှ စုံစမ်းသိရှိနိုင်မှာ မဟုတ်ဘူး"

လီချင်းဟွာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဆရာလင်းပြောတာ မှန်တယ်... အသက်ရှင်နေသရွေ့ ဒီရေဘေးကြီးရဲ့ အဆုံးသတ်က ဘာလဲဆိုတာကို ငါ သေချာ သွားကြည့်ရမယ်"

"အားတင်းထားကြတာပေါ့... ငါတို့တွေ ဆက်တိုက် ကြိုးစားလေ့ကျင့်နေသရွေ့ အာကာသထဲ ဖြတ်သန်းနိုင်တဲ့အဆင့်အထိ ဆင့်ကဲပြောင်းလဲလာနိုင်မှာပါ"

"အဲဒီ သန္ဓေပြောင်း သတ္တဝါတွေတောင် လုပ်နိုင်တာပဲ... ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ"

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကောင်းကင်ယံမှ လူရိပ်တစ်ခု အလျင်အမြန် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

ရှီဟိုင်ကျူးက လေထဲမှ ပျံသန်းလာပြီး မြေပြင်ပေါ် မဆင်းသက်ရသေးမီ ချက်ချင်း အော်ပြောလိုက်သည်။ "ဆရာလင်း... အနောက်မြောက်ဘက်မှာ ကျွန်တော်တို့လူတွေ ကျန်းယွီကျန်းရဲ့ သဲလွန်စကို တွေ့ထားတယ်"

လင်းယွမ် ရုတ်တရက် မျက်ခုံးပင့်သွားပြီး ချက်ချင်း မေးလိုက်သည်။ "အနောက်မြောက်ဘက် ဟုတ်လား... အဲဒါ ကျိအန်မြို့ ဘက် မဟုတ်ဘူးလား"

ရှီဟိုင်ကျူးက လျင်မြန်စွာ ပြန်ဖြေသည်။ "ဟုတ်ပါတယ် ဆရာလင်း... သူတို့ရဲ့ လမ်းကြောင်းကို ကြည့်ရတာ အဲဒီဘက်ကို သွားနေတာ သေချာတယ်"

လီချင်းဟွာက မနေနိုင်ဘဲ "သူတို့ ကျိအန်မြို့ကို သွားပြီး ဘာလုပ်ကြမလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က "သူတို့မှာ သင်္ဘော ပါလား" ဟု မေးလိုက်သည်။

ရှီဟိုင်ကျူးက ခေါင်းညိတ်ပြသည်။ "ဧရာမ ရေငုတ်သင်္ဘောကြီး တစ်စီး ပါတယ်... ရေအောက်မှာရော ရေပေါ်မှာပါ သွားလို့ရတယ်"

"ဆရာလင်း... လိုက်သွားမလား"

လင်းယွမ်က တွေဝေမနေဘဲ ချက်ချင်း ပြောလိုက်သည်။ "သွားမယ်... ဒီလူ့ဆီမှာ တိမ်မြူကျွန်းရဲ့ နှလုံးအမြူတေ ပါသွားသေးတယ်... သူ့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး"

"ဒါဆို ကျွန်တော် လူသွားခေါ်လိုက်မယ်"

လင်းယွမ်က ရှီဟိုင်ကျူးကို တားလိုက်ပြီး "မလိုဘူး... ခေါင်းဆောင်ကိုပဲ အရင်ဖမ်းမယ်... ငါတို့ရဲ့ ရည်ရွယ်ချက်က ရေငုတ်သင်္ဘောကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ မဟုတ်ဘူး... ကျန်းယွီကျန်းကို ဖမ်းဖို့ပဲ"

" ငါ လင်ယွီရုံနဲ့ ဖုန်းကျန့်ကုန်းကို ခေါ်သွားမယ်... မင်းတို့ ဒီမှာကျန်ခဲ့ပြီး ဒီဘက်က ကိစ္စတွေကို ဆက်လုပ်ထားကြ"

ရှီဟိုင်ကျူး ထိုစကားကို ကြားသောအခါ "ဒါဆို ကျွန်တော် သူတို့နှစ်ယောက်ကို သွားအကြောင်းကြားလိုက်မယ်" ဟု ပြောသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

မကြာမီမှာပင် လင်ယွီရုံနှင့် ဖုန်းကျန့်ကုန်းတို့ အပြေးအလွှား ရောက်လာကြသည်။

ဖုန်းကျန့်ကုန်းက လင်းယွမ်ကို မြင်မြင်ချင်း ပထမဆုံး မေးလိုက်သည်။ "ဆရာလင်း... အဲဒီ ခွေးကောင်ကို ရှာတွေ့ပြီလား"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်နောက် လိုက်ခဲ့" ဟု ပြောလိုက်သည်။

သူက အချက်ပြခေါ်လိုက်ပြီး ဘေးတွင် အဆင်သင့် ပြင်ဆင်ထားသော ယာဉ်ပျံပေါ်သို့ ချက်ချင်း တက်သွားလေသည်။

ဖုန်းကျန့်ကုန်းနှင့် လင်ယွီရုံတို့လည်း ချက်ချင်း လိုက်ပါသွားကြသည်။

ယာဉ်ပျံသည် လေထဲသို့ ပျံတက်သွားပြီး အနောက်မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

ဆယ်မိနစ်ခန့်ပင် မကြာမီ ယာဉ်ပျံသည် အရှိန် တဖြည်းဖြည်း လျှော့ကျသွားသည်။

လင်းယွမ်သည် အောက်ဘက်ရှိ ဖြူလွလွ ရေခဲပြင်ကြီးကို ကြည့်ကာ "ရောက်ပြီလား" ဟု မေးလိုက်သည်။

"ဆရာလင်း... ဒီအနီးအနားမှာပဲ... ရေဒါကနေ ရေအောက်ထဲမှာ ဧရာမအရာဝတ္ထုကြီးတစ်ခု လှုပ်ရှားနေတာကို ထောက်လှမ်းမိထားတယ်... သူတို့ရဲ့ ရေငုပ်သင်္ဘော ဖြစ်လောက်တယ်"

လင်းယွမ်က တွေဝေမနေဘဲ "ရေခဲပြင်ကို ဖောက်ခွဲလိုက်... သူတို့ကို အပြင်ကို ဆွဲထုတ်ကြမယ်" ဟု အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

ဆက်ရန်...

All Chapters