← Chapters

အခန်း (၇၅၇-၇၅၈)

Vol. 38 Ch. 757-758

အခန်း (၇၅၇-၇၅၈)

Vol. 38 Ch. 757-758

အပိုင်း(၇၅၇) လက်နက်ချ အညံ့ခံခြင်း

"ဝှစ်"

လင်းယွမ်က တွင်းနက်အရိပ်နဂါးအဖြစ် အသွင်ပြောင်းလိုက်ပြီး ဧရာမသစ်သားဘီလူးကြီးဆီသို့ မျက်စိတစ်မှိတ်အတွင်း ခုန်အုပ်သွားလေပြီ။

အရိပ်နဂါးအသွင်တွင် လင်းယွမ်က အရိပ်တစ်ခုမျှသာ ဖြစ်သည်။ တစ်ဖက်လူက မည်သို့ပင် တိုက်ခိုက်စေကာမူ အလင်းဓာတ် သို့မဟုတ် စိတ်စွမ်းအင်ကဲ့သို့သော အထူးအစွမ်းများ မဟုတ်လျှင် သူ့ကို ထိခိုက်စေရန် လုံးဝမဖြစ်နိုင်ပေ။

ထိုမြင်ကွင်းကို အာရုံခံမိသွားသော ကျန်းယွီကျန်း၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားသည်။ ချက်ချင်းပင် သူ့အစွမ်းကို အပြင်းအထန် ထုတ်သုံးလိုက်ရာ သူ၏ သစ်သားကိုယ်ထည်ပေါ်တွင် တောက်ပသော ပန်းပွင့်များ အမြောက်အမြား ပွင့်လန်းလာတော့သည်။

ထိုပန်းပွင့်လေးများက သစ်ကိုင်းများနှင့် နွယ်ပင်များထက်တွင် ပြည့်နှက်စွာ ပွင့်အာလာကြသည်။

ပန်းပွင့်များမှ လင်းလက်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ဤနက်ရှိုင်းသော ရေအောက်ကြမ်းပြင်တွင် ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်အလား လင်းထိန်သွားစေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးကို အလင်းရောင်များက လွှမ်းခြုံသွား၏။

ကျန်းယွီကျန်းက လှောင်ပြုံးပြုံးလိုက်သည်။ "လင်းယွမ်... မင်းက ဒီလို ခိုးကြောင်ခိုးဝှက် နည်းလမ်းတွေကိုပဲ အားကိုးတတ်တာလား"

"မင်းနဲ့ ဖုန်းကျန့်ကုန်းတို့ တိုက်ခိုက်ခဲ့တာတွေကို ငါ စောင့်ကြည့်နေခဲ့တာ ကြာပြီ... မင်းရဲ့ ဒီအမှောင်ဓာတ်အစွမ်းကို ငါ ကြိုပြီး တွက်ထားပြီးသား"

"အလင်းရောင် ရှိနေသရွေ့ ငါ့ကို မင်းရဲ့ အဲဒီထူးဆန်းတဲ့ အရိပ်ကမ္ဘာထဲ ဆွဲသွင်းလို့ မရနိုင်တော့ဘူး"

လင်းယွမ်၏ အရိပ်ကြီး လွှမ်းခြုံလာသောအခါ ကျန်းယွီကျန်း ပြောသည့်အတိုင်းပင် ဖြစ်လာသည်။ အမှောင်ထုက ထိုးဖောက်ဝင်ရောက်လာသော်လည်း ဧရာမသစ်ပင်ကြီးမှ ထွက်ပေါ်နေသော အလင်းရောင်များက ပတ်ဝန်းကျင်ရှိ အမှောင်ထုကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်ရာ လင်းယွမ်အနေဖြင့် သူ့ကို အရိပ်ကမ္ဘာထဲသို့ ဆွဲသွင်းရန် မဖြစ်နိုင်တော့ပေ။

သို့သော် လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ကျုပ်မှာ ဒီတစ်ကွက်တည်း ရှိတယ်လို့ ခင်ဗျား ထင်နေတာလား"

သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တွန့်လိမ်သွားပြီး မျိုးရိုးဗီဇအစီအစဉ်များ ပြန်လည်ဖွဲ့စည်းသွားလေသည်။

နောက်တစ်စက္ကန့်တွင် သူက ရေစီးကြောင်းများဖြင့် ဖွဲ့စည်းထားသော နတ်ရေစင်ဖီးနစ်ငှက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤဖီးနစ်ငှက်၏ ခန္ဓာကိုယ် အရွယ်အစားကလည်း ပေ ၁၀၀ ကျော်ခန့် ရှိပြီး ကြောက်မက်ဖွယ်ကောင်းသော တောင်ပံဖြန့်အကျယ်မှာ ပေ ၂၀၀ အထိပင် ရှိနေသည်။

လင်းယွမ်က တောင်ပံများကို အားကုန်ခတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း နတ်ရေစင်ဖီးနစ်ငှက်၏ ပတ်ပတ်လည်တွင် ကြမ်းတမ်းလှသော ရေစီးကြောင်းများ အဟုန်ပြင်းစွာ လှုပ်ခတ်သွားလေ၏။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဖီးနစ်ငှက်၏ တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အပြာနုရောင် မီးတောက်များ ရုတ်တရက် တောက်လောင်လာသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းက ဘေးမှ စောင့်ကြည့်နေသော လင်ယွီရုံကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

"ရေနဲ့ မီး ပေါင်းစပ်ထားတာလား"

သူမက မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

လင်းယွမ်၏ ဤအသွင်က ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့၏ သက်ရှိပုံစံ ဖြစ်နေသည်မှာ သေချာသော်လည်း မီးတောက်များကိုပါ ဖန်တီးနိုင်နေသည် မဟုတ်ပါလော။

ဒါက သာမန် ရေဓာတ် မျိုးရိုးဗီဇမျိုးစေ့ လုံးဝ မဟုတ်တော့ပေ။

အတွေ့အကြုံများပြားလှသော လင်ယွီရုံပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားရသည်။

ချက်ချင်းပင် သူမက မျက်မှောင်ကြုတ်သွားသည်။ "မဖြစ်နိုင်ဘူး... တစ်ဖက်လူရဲ့ သစ်သားဓာတ်ကို မီးနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ဘာလို့ မီးဓာတ် မျိုးရိုးဗီဇအသွင်ကို တိုက်ရိုက် မပြောင်းလိုက်တာလဲ"

လင်းယွမ်အနေဖြင့် ရဲရဲတောက် မီးလင်းယုန် မျိုးရိုးဗီဇအသွင်ကို အသုံးပြုခဲ့သည်ကို သူမ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးသည်။

ထိုမီးဓာတ် မျိုးရိုးဗီဇအသွင်ဖြင့်ဆိုလျှင် သူမ၏ ရေခဲစွမ်းအင်များကိုပင် အရည်ပျော်စေနိုင်ပြီး အမြန်နှုန်းကလည်း အလွန် မြန်ဆန်လှသည်။

အခု ကျန်းယွီကျန်း၏ သစ်သားဓာတ် မျိုးရိုးဗီဇအသွင်ကို ရင်ဆိုင်ရာတွင် ဘာကြောင့် ရဲရဲတောက် မီးလင်းယုန်ကို မသုံးရသနည်း။

နောက်တစ်ခဏတွင်တော့ သူမ နားလည်သွားတော့သည်။

လင်းယွမ်၏ ခန္ဓာကိုယ်က ရေပြင်နှင့် ပေါင်းစပ်ကာ အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းယွီကျန်း၏ အရှေ့သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော ရေစီးကြောင်းများက ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများနှင့် နွယ်ပင်များကို အပိုင်းပိုင်းအစစ ဆွဲဖြဲမွှေနှောက်နေသည်။

ကျန်းယွီကျန်းက ဒေါသတကြီးဖြင့် သစ်ကိုင်းများနှင့် နွယ်ပင်အမြောက်အမြားကို ဆန့်ထုတ်ကာ ဧရာမ လက်ဝါးကြီးတစ်ဖက်အသွင် ဖန်တီးပြီး ရေစီးကြောင်းများဆီသို့ အားကုန် ရိုက်ချလိုက်သည်။

သို့သော် ထိုသို့လုပ်ဆောင်မှုက ရေထဲမှ လမင်းကို ဆယ်ယူရန် ကြိုးစားသကဲ့သို့သာ ဖြစ်နေသည်။ နတ်ရေစင်ဖီးနစ်ငှက်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီးနောက် ဖီးနစ်ငှက်ကို ဖမ်းဆုပ်နိုင်ခြင်း မရှိသည့်အပြင် ချက်ချင်းဆိုသလိုပင် ဖီးနစ်ငှက်၏ ကိုယ်ပေါ်ရှိ အပြာရောင်မီးတောက်များ ကူးစက်လောင်ကျွမ်းခြင်းကို ခံလိုက်ရတော့သည်။

သစ်သားက မီးကို အားပေးသည့်အတွက် ဤအပြာရောင်မီးတောက်များက သူ၏ သစ်ကိုင်းများနှင့် နွယ်ပင်များကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဧရာမသစ်ပင်ကြီး တစ်ပင်လုံး မီးဟုန်းဟုန်း တောက်လောင်သွားလေပြီ။

ရေစီးကြောင်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များချည်းသာ ပြည့်နှက်နေတော့၏။

"ဘာ... မဖြစ်နိုင်ဘူး... ရေအောက်ထဲမှာ မီးက ဘယ်လိုလုပ် လောင်နိုင်မှာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး"

ကျန်းယွီကျန်းက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သစ်ကိုင်းများကို အတင်းလှုပ်ခါကာ မီးတောက်များကို ခါချရန် ကြိုးစားသလို ရေစီးကြောင်းများကို အသုံးပြု၍လည်း မီးငြိမ်းသတ်ရန် ကြိုးပမ်းလေသည်။

သို့သော် လုံးဝ အရာမထင်ပေ။

ဤမီးတောက်များက သာမန်မီးတောက်များ မဟုတ်တော့ချေ။

လင်းယွမ်က လှောင်ပြုံးပြုံးလိုက်သည်။ "ခင်ဗျားက ရေနတ်ဘုရားဂိုဏ်းက လူတွေနဲ့ အဲဒီလောက်တောင် ရင်းနှီးနေတာကို... ရေနတ်ဘုရားဂိုဏ်းရဲ့ မီယွမ်မိုးသစ်တောကျွန်းဆိုတာ တကယ်တော့ နတ်ရေစင်ဖီးနစ်ငှက် ရဲ့ ပင်မကိုယ်ထည်ဆိုတာ မသိဘူးလား"

"ဟက်ဟက်... ဒီအကွက်က နတ်ရေစင်ဖီးနစ်ငှက်ရဲ့ ပင်ကိုယ်အစွမ်း မီးကြွင်းရေလှိုင်း ပဲ"

"နိဗာနမီးတောက်ကို သုံးပြီး ရေတွေကို သန့်စင်ပစ်တယ်... မီးတောက်ကို ဝိညာဉ်အဖြစ်နဲ့ ရေဓာတ်ကို အသုံးချပြီး ရေနဲ့ မီး ပေါင်းစပ် အသက်သွင်းလိုက်တာပဲ"

"ကျန်းယွီကျန်း... တိမ်မြူကျွန်းရဲ့ အမြူတေကို ထုတ်ပေးစမ်း... ခင်ဗျားကို ကျုပ် အသက်ချမ်းသာ ပေးမယ်"

ကျန်းယွီကျန်းမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားသည်။ မီးတောက်များက သူ၏ ခန္ဓာကိုယ် ထက်ဝက်ကျော်ကို လောင်ကျွမ်းနေပြီ ဖြစ်သည်။

အခုချက်ချင်း လက်နက်ချ အညံ့မခံလျှင် သူ တကယ်ပဲ အရှင်လတ်လတ် မီးလောင်သေဆုံးရတော့မည်။

ထိုအခြေအနေကို မြင်သောအခါ ကျန်းယွီကျန်းက အလျင်အမြန် အော်ဟစ်လိုက်သည်။ "နေဦး... ရပ်လိုက်ပါတော့... ငါ အရှုံးပေးပြီ... ငါ အရှုံးပေးပါပြီ"

"လင်းယွမ်... မင်းကို တိမ်မြူကျွန်းရဲ့ အမြူတေ ပေးပါ့မယ်... ငါနဲ့ ငါတို့ရဲ့ သင်္ဘောကို ထွက်သွားခွင့်ပြုပါ... ဒီအခြေအနေကို သဘောတူမယ်ဆိုရင် ငါ အခုချက်ချင်း လက်နှစ်ဖက်နဲ့ ကမ်းပေးပါ့မယ်"

လင်းယွမ်က လှောင်ပြုံးပြုံးလိုက်သည်။ "အခြေအနေက ဒီလိုဖြစ်နေပြီကို ခင်ဗျားက ကျုပ်ကို အပေးအယူ လာလုပ်နေသေးတာလား"

"ကျန်းယွီကျန်း... ကျုပ်နဲ့ စည်းကမ်းချက်တွေ လာပြောဖို့ ခင်ဗျားမှာ ဘာအရည်အချင်းရှိသေးလို့လဲ"

ကျန်းယွီကျန်းက စိတ်ပူပန်စွာ ပြောလိုက်သည်။ "မင်း တိမ်မြူကျွန်းရဲ့ အမြူတေကို မလိုချင်တော့ဘူးလား... အမြူတေ မရှိရင် တိမ်မြူကျွန်း တစ်ကျွန်းလုံးကို မင်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"

"ဒီအမြူတေက တိမ်မြူကျွန်းရဲ့ မြေပြင် အနေအထားကို စိတ်ကြိုက် ပြောင်းလဲပေးနိုင်တယ်... ပြီးတော့ တိမ်မြူကျွန်း မျောပါသွားမယ့် ဦးတည်ချက်ကိုတောင် ထိန်းချုပ်လို့ရတယ်"

"အနာဂတ်မှာ ရေခဲတွေ အရည်ပျော်ပြီး ရေဘေးကြီး ထပ်ဖြစ်လာရင် ဒီအမြူတေကို အသုံးချပြီး တိမ်မြူကျွန်းကို ကုန်းတွင်းပိုင်းက မြင့်တဲ့ နေရာတွေဆီ မောင်းနှင်သွားလို့ရတယ်လေ... မင်းက လင်ကျောင်းမှာပဲ တစ်သက်လုံး နေသွားတော့မလို့လား"

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်သည်။ "ကျန်းယွီကျန်း... ဒါတွေကို ခင်ဗျားပြောဖို့ လိုသေးလို့လား... ရေပေါ်ကျွန်းရဲ့ အမြူတေ အသုံးဝင်ပုံကို ကျုပ် မသိဘဲ နေပါ့မလား"

"ဒါပေမဲ့ အမြူတေ မရှိရင်ရော ရေပေါ်ကျွန်းကို ကျုပ် မရွှေ့နိုင်တော့ဘူးလို့ ခင်ဗျား ထင်နေတာလား"

"The Wandering Earth ဇာတ်ကားကို ခင်ဗျား ကြည့်ဖူးလား... ကမ္ဘာကြီးကိုတောင် အရှိန်မြှင့်စက်တွေ တပ်ဆင်လို့ရနေတာ... သာမန် ရေပေါ်ကျွန်းလေး တစ်ကျွန်းကို အရှိန်မြှင့်စက် တပ်ပြီး ဦးတည်ချက် ပြောင်းအောင်လုပ်ဖို့ ကျုပ်မှာ နည်းလမ်းမရှိဘူး ထင်နေလား"

ကျန်းယွီကျန်း၏ မျက်နှာမှာ ချက်ချင်းပင် အလွန် ဆိုးရွားသွားသည်။ The Wandering Earth ဇာတ်ကားပါ အချက်များကို သူ တကယ် ယုံမည်တော့ မဟုတ်ပေ။

သို့သော် လင်းယွမ်က သူ့ကို အလွတ်ပေးရန် လုံးဝ အစီအစဉ် မရှိကြောင်းတော့ သူ သဘောပေါက်လိုက်သည်။

သူက တစ်ဆင့်လျှော့ကာ ပြောလိုက်ရသည်။ "ကောင်းပြီလေ... လင်းယွမ်... မင်း ငါ့ကို အလွတ်မပေးချင်ဘူးဆိုရင် ငါ့အသက်ကို ချမ်းသာပေးမယ် ဆိုတာကရော အလကားပဲလား"

လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "တကယ်ပေါ့... ခင်ဗျား အမြူတေကို ထုတ်ပေးပြီး ကျုပ်နဲ့ အရိုးစာချုပ် ချုပ်ဆိုမယ်... ဒီနေ့ကစပြီး ကျုပ်အပေါ် သစ္စာခံမယ်... အဲဒီလိုဆိုရင် ကျုပ် ခင်ဗျားကိုဒုက္ခမပေးဘူး"

ကျန်းယွီကျန်းသည် ထိုစကားကို ကြားသောအခါ အနည်းငယ် သက်ပြင်းချနိုင်သွားသည်။

သူက စက္ကန့်အနည်းငယ် တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီ... ထိုက်ယန်တောင်ကို ငါ ဝင်ပါ့မယ်... ဒီမီးတောက်တွေကို မြန်မြန် ရုပ်သိမ်းပေးပါတော့"

လင်းယွမ်က ပြုံးရယ်လိုက်ပြီး နတ်ရေစင်ဖီးနစ်ငှက်၏ တောင်ပံများကို အသာအယာ လှုပ်ခတ်လိုက်သည်။

ခဏချင်းမှာပင် ရေအောက်ရှိ အပြာရောင်မီးတောက်များ ငြိမ်းသတ်သွားပြီး ရေစီးကြောင်းများအဖြစ် ပြောင်းလဲကာ နတ်ရေစင်ဖီးနစ်ငှက်၏ ပတ်ပတ်လည်သို့ လျင်မြန်စွာ စီးဆင်းစုရုံးသွားကြသည်။

ကျန်းယွီကျန်း၏ သစ်သားကိုယ်ထည်ပေါ်တွင် မီးလောင်ကျွမ်းထားသဖြင့် မည်းတူးနေပြီ ဖြစ်သည်။

သို့သော် အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် မီးလောင်ထားသော သစ်ခေါက်များက ကွာကျသွားပြီး အသစ်များ လျင်မြန်စွာ ပြန်လည် ထွက်ပေါ်လာသည်။

မကြာမီမှာပင် သူက မူလအတိုင်း ပြန်လည်ကောင်းမွန်သွားပြီး ဒဏ်ရာရထားသည့် အရိပ်အယောင်ပင် လုံးဝ မတွေ့ရတော့ချေ။

လင်းယွမ်၏ စိတ်ထဲ လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ခင်ဗျားက ကုသရေးအမျိုးအစား မျိုးရိုးဗီဇမျိုးစေ့လား"

ကျန်းယွီကျန်းက သက်ပြင်းချလိုက်ပြီး ခေါင်းအသာညိတ်ပြသည်။ "ဟုတ်တယ်... ငါ့ရဲ့ မျိုးရိုးဗီဇမျိုးစေ့က အာမွတ် နတ်သစ်ပင်လူသားလို့ ခေါ်တယ်... မျိုးရိုးဗီဇအစွမ်းထဲမှာ ကုသပေးနိုင်တဲ့ အစွမ်း ပါဝင်တယ်လေ"

စကားပြောနေရင်း သူက အမြူတေကို ရိုးရိုးသားသားပင် ထုတ်ပေးလိုက်ပြီး လင်းယွမ်ထံ ကမ်းပေးလိုက်သည်။

လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေစီးကြောင်းများက အမြူတေကို လျင်မြန်စွာ ရစ်ပတ်သွားပြီး သူ့ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်သည်။

လင်းယွမ်က ထပ်မေးလိုက်သည်။ "ခင်ဗျားရဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်က ဘယ်လောက် ရောက်နေပြီလဲ"

"၂၄ ရာခိုင်နှုန်းပါ"

"ဟမ်... ဒါဆို ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ပေ ၁၀၀ လောက်ထိ ကြီးထွားလာရတာလဲ"

"အဲဒါ ငါ့ရဲ့ မျိုးရိုးဗီဇအစွမ်းပါ... အာမွတ် ဒုတိယအသွင်လို့ ခေါ်တယ်... အချိန်တိုအတွင်းမှာ အရည်အသွေး အားလုံးကို ၄၀ ရာခိုင်နှုန်းလောက်အထိ ယာယီ မြှင့်တင်ပေးနိုင်တယ်"

ကျန်းယွီကျန်းက ရိုးသားစွာ ဖြေကြားလိုက်သည်။

လင်းယွမ်တစ်ယောက် စိတ်ထဲတွင် အံ့အားသင့်သွားသည်။ အရည်အသွေး အားလုံးကို ၄၀ ရာခိုင်နှုန်း မြှင့်တင်ပေးတယ် ဟုတ်လား။

ဒီ ကျန်းယွီကျန်းက ကုသရေးအမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်နေလို့ တော်သေးသည်။ အကယ်၍ တိုက်ခိုက်ရေးအမျိုးအစား အစွမ်းပိုင်ရှင်သာ ဖြစ်ခဲ့လျှင် ဤကဲ့သို့ တိုးတက်မှုမျိုးက တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

လင်းယွမ်၏ စိတ်ထဲ လှုပ်ရှားသွားပြီး တစ်ဖက်လူကို အရိုးစာချုပ်ဖြင့် ချုပ်နှောင်မည့် အကြံကို ပြောင်းလဲပစ်လိုက်သည်။

သူက ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတတစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်ပြီး ပြောလိုက်သည်။ "ပြန်မခုခံနဲ့... မဟုတ်ရင် ဘာပြဿနာ တက်မလဲ ကျုပ် အာမမခံဘူးနော်"

ကျန်းယွီကျန်းသည် လင်းယွမ် ဖန်တီးလိုက်သော ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတကို မြင်လိုက်ရသောအခါ ရင်ထဲမှ အလိုအလျောက် ဆန့်ကျင်လိုစိတ်များ ဖြစ်ပေါ်လာသည်။

သူက မနေနိုင်ဘဲ မေးလိုက်သည်။ "နေဦး... ဒါ... ဒါက ဘာကြီးလဲ"

လင်းယွမ်က တည်ငြိမ်စွာ ဖြေလိုက်သည်။ "ဒါက ခင်ဗျားကို ထိန်းချုပ်မယ့် နည်းလမ်းတစ်ခုပဲ... နောက်ပိုင်း ခင်ဗျား ကျုပ်အပေါ် အငြိုးထားပြီး လက်စားချေချင်စိတ် ပေါ်လာမှာကို ကာကွယ်ဖို့လေ"

"ဒါပေမဲ့ ခင်ဗျား အခု စကားပြန်ရုပ်သိမ်းချင်လည်း ရသေးတယ်နော်"

ကျန်းယွီကျန်းမှာ စကားပင် မပြောနိုင်တော့ချေ။ စကားပြန်ရုပ်သိမ်းရမယ်။

အခုအချိန်ရောက်မှ သူ ဘယ်လိုလုပ် စကားပြန်ရုပ်သိမ်းလို့ ရတော့မည်နည်း။

မိမိမှာ အပေးအယူလုပ်စရာ ရှိသမျှကို တစ်ဖက်လူဆီ ပေးပြီးသွားပြီဖြစ်ရာ ဘယ်လိုလုပ် စကားပြန်ရုပ်သိမ်းနိုင်တော့မည်နည်း။

စကားပြန်ရုပ်သိမ်းလိုက်သည်နှင့် လင်းယွမ်က သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်ရသည်။ "ဆရာလင်းယွမ်က နောက်နေပြန်ပြီ... ငါ ကျန်းယွီကျန်းက အလုပ်လုပ်ရင် ကတိတည်တဲ့သူပါဗျာ"

လင်းယွမ်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

လက်ဆန့်ကာ တစ်ချက် ထောက်လိုက်သည်။

ချက်ချင်းပင် ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတက တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားလေသည်။

နောက်တစ်ခဏတွင် ဝိညာဉ် ချုပ်နှောင်ခြင်း သင်္ကေတက ကျန်းယွီကျန်းကို အပြည့်အဝ ထိန်းချုပ်လိုက်တော့သည်။

ကျန်းယွီကျန်း တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး လင်းယွမ်ကို ရင်ထဲမှ အလိုအလျောက် ကြောက်ရွံ့လာသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။

လင်းယွမ်က သူ၏ အသက်သခင် ဖြစ်နေသည့်အလား လင်းယွမ်၏ ဆန္ဒများကို သူ လုံးဝ မလွန်ဆန်နိုင်တော့ချေ။

ကျန်းယွီကျန်း၏ ရင်ထဲ တုန်လှုပ်သွားပြီး မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာသည်။

ဒီတစ်ခါတော့ သူ တကယ်ကို ရုန်းထွက်လို့ မရနိုင်တော့ကြောင်း သူ သဘောပေါက်လိုက်သည်။

လင်းယွမ်က ပြောလိုက်သည်။ "ကျန်းယွီကျန်း... ခင်ဗျားလူတွေကို ခေါ်ပြီး ကျုပ်နဲ့ အခုချက်ချင်း လိုက်ခဲ့တော့"

ကျန်းယွီကျန်းသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ် သဘောတူရုံသာ တတ်နိုင်တော့သည်။

သူက လူသားအသွင် ပြန်ပြောင်းလိုက်ပြီး အနည်းငယ် တွန့်ဆုတ်ကာ မေးလိုက်သည်။ "ဆရာလင်းယွမ်... တိမ်မြူကျွန်းကို မပြန်ဘဲ နေလို့ရမလား"

လင်းယွမ် မျက်ခုံးပင့်သွားသည်။ "ဘာဖြစ်လို့လဲ"

ကျန်းယွီကျန်းက အနေခက်စွာ ဖြေလိုက်သည်။ "ကျုပ်က ကျွန်းကို စွန့်ခွာပြီး ထွက်ပြေးခဲ့တာဆိုတော့... အခု ပြန်သွားရင် ပြဿနာ နည်းနည်း ရှိနိုင်တယ်လေ"

လင်းယွမ်က လှောင်ရယ် ရယ်မောလိုက်သည်။ "ဟက်ဟက်... ကြည့်ရတာ ခင်ဗျားက အရှက်တရား နည်းနည်း ရှိသေးတဲ့ပုံပဲ"

သူက ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ... တိမ်မြူကျွန်းဘက်ကို ကျုပ် ပြောင်းရွှေ့ရေး လုပ်ပေးမယ်... အဲဒီက လူတွေအားလုံးကို မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေဝါနတ်ဘုရားကျွန်းကို ပြန်လည် နေရာချပေးမှာပါ"

ကျန်းယွီကျန်းသည် ထိုစကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားတော့သည်။

သူ စွန့်ပစ်ခဲ့သော လူများကို ပြန်ရင်ဆိုင်ရမည်ကို သူ တကယ်ပဲ မျက်နှာပူနေမိသည်။

သင်္ဘောအရှေ့သို့ ပြန်ရောက်လာသောအခါ လင်ယွီရုံက ရေခဲပိတ်လှောင်ထားသော သင်္ဘောကို ပြန်ဖွင့်ပေးလိုက်သည်။

ချက်ချင်းပင် သင်္ဘောပေါ်မှ လူရိပ်ပေါင်းများစွာ ပျံသန်းထွက်ပေါ်လာသည်။

"အဖေ"

"တပ်မှူးကြီး... ဘာမှ မဖြစ်ဘူးမလား"

"လင်းယွမ်... တပ်မှူးကြီးကို လွှတ်ပေးစမ်း"

ထိုလူများက အသီးသီး ဒေါသတကြီး အော်ဟစ်နေကြသည်။

လင်းယွမ်က ကျန်းယွီကျန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ကျန်းယွီကျန်းက အလျင်အမြန် ပျံသန်းသွားပြီး မျက်နှာထား တင်းမာစွာဖြင့် အော်ဟစ်လိုက်သည်။ "အားလုံး ပါးစပ်ပိတ်ထားကြစမ်း"

သူက ကျန်းဝမ်ကျင်း၊ ယွိပေါ်နှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ထိုက်ယန်တောင်ကို ငါ့ သဘောဆန္ဒအလျောက် ဝင်ပြီး ဆရာလင်းယွမ်ဆီမှာ ခိုလှုံတော့မယ်... အခုကစပြီး ဆရာလင်းယွမ်ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမယ်... မင်းတို့က ငါ့နောက်ကို ဆက်လိုက်ချင်သေးတယ်ဆိုရင် အားလုံး ဆရာလင်းယွမ်ကို ဂါရဝပြုကြ"

"သဘောမတူဘူးဆိုရင်လည်း အခုချက်ချင်း ထွက်သွားလို့ရတယ်"

အားလုံး အံ့အားသင့်သွားကြသည်။

ကျန်းဝမ်ကျင်းက အလျင်အမြန် စိုးရိမ်တကြီး မေးလိုက်သည်။ "အဖေ... အဖေ... ဘာဖြစ်သွားတာလဲ... သမီးတို့က ဘယ်လိုလုပ် ထိုက်ယန်တောင်ကို ဝင်ရမှာလဲ... လင်းယွမ်ကို ဘယ်လိုလုပ် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရမှာလဲ"

ယွိပေါ်က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယွီကျန်းကိုပါ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာက တည်ငြိမ်နေပြီး တစ်ခုခုကို ခန့်မှန်းမိနေပုံရသည်။

သူက ရှေ့သို့ တစ်လှမ်းတိုးကာ လင်းယွမ်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။ "အမှတ်(၉) တပ်မ တပ်မမှူး ယွိပေါ်... ဆရာလင်းယွမ်ကို ဂါရဝပြုပါတယ်"

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းအသာညိတ်ကာ ပြောလိုက်သည်။ "အင်း... ဖုန်းကျန့်ကုန်းက မင်းအကြောင်း ငါ့ကို ပြောပြဖူးတယ်... မင်းက အရည်အချင်းရှိတဲ့သူတဲ့... ပြန်ရောက်ရင် မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို ဆက်ပြီး အသုံးချနိုင်ဖို့ ငါ မျှော်လင့်တယ်"

ယွိပေါ်က အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာလင်းယွမ်... ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် ကျုပ် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

"ယွိပေါ်... ရှင်က သစ္စာဖောက်ပဲ"

ကျန်းဝမ်ကျင်းမှာ အံ့ဩဒေါသထွက်လွန်းသဖြင့် မနေနိုင်ဘဲ အော်ဟစ်ဆဲဆိုလိုက်သည်။

"လင်းယွမ်... သတ္တိရှိရင် ငါတို့ကို သတ်ပစ်လိုက်... ငါ သေရရင်တောင် နင့်ကို ခေါင်းဆောင်အဖြစ် လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး"

"နင်က ကမ္ဘာမပျက်ခင်က သာမန် အောက်ခြေလူတန်းစားပဲဟာ... ငါတို့ကို ဦးဆောင်ဖို့ နင့်မှာ ဘာအရည်အချင်းရှိလို့လဲ... နင်နဲ့ တန်လို့လား"

"ရေဘေးကြီး မဖြစ်ခင်တုန်းကဆိုရင် နင်က ငါတို့အိမ်ရာဝင်းထဲတောင် ဝင်ခွင့်ရတာ မဟုတ်ဘူး... နင့်လို လူစားမျိုးက ဘာဖြစ်လို့..."

"ဖြောင်း"

ထိုအချိန်မှာပင် ကျန်းယွီကျန်းက သမီးဖြစ်သူ ကျန်းဝမ်ကျင်း၏ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။

ချက်ချင်းပင် ကျန်းဝမ်ကျင်းက ဒေါသတကြီးဖြင့် ပါးပြင်ကို အုပ်ကာ သူမအဖေကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ကျန်းယွီကျန်း၏ မျက်နှာမှာ ဖြူရော်နေပြီး သမီးဖြစ်သူကို ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ကျန်းဝမ်ကျင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး ကျန်းယွီကျန်းကို စူးရဲစွာ စိုက်ကြည့်နေသည်။

ကျန်းယွီကျန်း၏ မျက်နှာကလည်း မှုန်ကုပ်နေပြီး ဆက်ပြောလိုက်သည်။ "ဆရာလင်းယွမ်က အခု ငါ့ရဲ့ အသက်သခင်ပဲ... သူ့ကို နင် စော်ကားရဲရင် ငါ့ကို စော်ကားတာနဲ့ အတူတူပဲ"

"နောက်တစ်ခွန်း နင် ထပ်ပြီး ပေါက်ကရ ပြောရဲရင်... နင့်လို သမီးမိုက်ကို ငါ အသေသတ်ပစ်မယ်"

ဆက်ရန်...

အပိုင်း (၇၅၈) ကျန်းဝမ်ကျင်း၏အဖြစ်ဆိုး

ကျန်းဝမ်ကျင်း၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး ငယ်စဉ်ကတည်းက သူမအပေါ် အလွန်အမင်း ချစ်ခင်ယုယခဲ့သော ဖခင်၏နှုတ်မှ ဤမျှ အေးစက်လှသော စကားလုံးများ ထွက်ကျလာမည်ကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။

သူမက ငယ်စဉ်ကတည်းက တစ်ဦးတည်းသော သမီးဖြစ်ကာ မိခင်ဖြစ်သူမှာလည်း စောစီးစွာ ကွယ်လွန်သွားခဲ့သဖြင့် ဖခင်ဖြစ်သူက သူမကို စစ်တပ်စခန်းထဲသို့ စောစောစီးစီး ခေါ်ဆောင်လာခဲ့ပြီး ကြီးပြင်းစေခဲ့သည်။

စစ်တပ်စခန်းထဲတွင် တစ်ယောက်မကျန် ယောကျ်ားကြီးတွေချည်းသာ ရှိကြသည်။

သူမလို မိန်းကလေးငယ်လေး ရောက်လာသည့်အချိန်မှစ၍ ထိုယောကျ်ားကြီးများ၏ ချစ်ခင်ယုယမှုကို ချက်ချင်းပင် ရရှိခဲ့လေသည်။

လူတိုင်းက သူမကို လက်ဖဝါးပေါ် တင်ထားသကဲ့သို့ အလွန်အမင်း ဂရုတစိုက်နှင့် အလိုလိုက်ထားခဲ့ကြသည်။

ထိုအရာကပင် သူမကို ငယ်စဉ်ကတည်းက ဆိုးသွမ်းပြီး အလိုလိုက်ခံရသည့် အကျင့်စရိုက်မျိုး ဖြစ်ပေါ်လာစေခဲ့သည်။

သူမ၏ဖခင် ကျန်းယွိကျန်းကလည်း သူမ မိခင်မဲ့သွားရသည့်အတွက် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရသဖြင့် ကိစ္စရပ်တိုင်းတွင် သူမကို အလွန်အမင်း အလိုလိုက်ထားခဲ့၏။

သူမကို ရိုက်နှက်ဖို့ နေနေသာသာ စကားတစ်ခွန်းပင် အကျယ်ကြီး မပြောဆိုခဲ့ဖူးပေ။

သို့သော်လည်း လွန်ခဲ့သည့် ခဏလေးကပင် သူမကို အချစ်ဆုံးနှင့် အလိုအလိုက်ဆုံး ဖခင်ဖြစ်သူက သူမကို ရိုက်နှက်ခဲ့လေပြီ။

ဒါက သူမ ကျန်းယွိကျန်း၏ ရိုက်နှက်ခြင်းကို ပထမဆုံးအကြိမ် ခံရခြင်းဖြစ်ပြီး ပါးရိုက်ခံရခြင်းကဲ့သို့သော အလွန်ပြင်းထန်သည့် ပုံစံမျိုးဖြင့် ဖြစ်နေသည်။

ထိုခဏလေးအတွင်းမှာပင် သူမ၏ အသိစိတ်များ လုံးဝ ပြိုလဲသွားတော့သည်။

သူမ၏ မျက်လုံးများ ချက်ချင်း နီရဲသွားကာ လင်းယွမ်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ အကြည့်များတွင် အမုန်းတရားနှင့် ဒေါသမီးများ တောက်လောင်နေ၏။

"လင်းမျိုးရိုး... နင် ဘာလုပ်လိုက်တာလဲ... ငါ့အဖေကို နင် ဘာတွေ လုပ်လိုက်တာလဲ"

"နင့်ကို ငါ သတ်မယ်... နင့်ကို ငါ သတ်ပစ်မယ်"

သူမက ပါးစပ်မှ အော်ဟစ်ဆဲဆိုလိုက်ရင်း တစ်ကိုယ်လုံးတွင် မီးတောက်များ ချက်ချင်း လောင်ကျွမ်းသွားကာ "ဝုန်း" ဟူသောအသံနှင့်အတူ လူတစ်ကိုယ်လုံး မီးတောက်လူသားအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ထံသို့ ရုတ်ခြည်း ခုန်အုပ်လိုက်သည်။

"ဟက်"

လင်းယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း သူ လှုပ်ရှားရန်ပင် မလိုလိုက်ဘဲ ကျန်းယွိကျန်းက ရှေ့တစ်လှမ်းတိုး၍ အရင် ဝင်ရောက်တားဆီးလိုက်သည်။

"မိုက်ရိုင်းတဲ့ခွေးမ"

"ရွှစ်"

ကျန်းယွိကျန်း၏ လက်မောင်းက ကြီးမားထူထဲသော သစ်နွယ်ပင်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လင်းယွမ်ထံသို့ ပြေးဝင်လာသော ကျန်းဝမ်ကျင်းကို မျက်စိတစ်မှိတ်အတွင်းမှာပင် ရစ်ပတ်ချုပ်နှောင်လိုက်လေသည်။

ကျန်းဝမ်ကျင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ့ကို လွှတ်... ငါ့ကို လွှတ်စမ်း... သူ့ကို ငါသတ်မယ်... သူ့ကို သတ်ပစ်မယ်"

သူမ ကိုယ်ပေါ်ရှိ မီးတောက်များက ပြင်းထန်စွာ တောက်လောင်နေပြီး ကျန်းယွိကျန်း၏ သစ်နွယ်ပင်လက်မောင်းကိုပင် မီးကူးစွဲလောင်စေသည်။

သို့သော်လည်း ကျန်းယွိကျန်း၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်မြန်ဆန်လှရာ မီးတောက်များက သစ်နွယ်ပင်လက်မောင်း၏ အခွံကို မလောင်ကျွမ်းမီမှာပင် အသားသစ်များက အလျင်အမြန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ကျန်းယွိကျန်းမှာ ဒေါသအမျက် ချောင်းချောင်းထနေပြီး မျက်နှာတစ်ခုလုံး မည်းမှောင်နေကာ စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ အခြားလက်တစ်ဖက်ကိုလည်း သစ်နွယ်ပင်အဖြစ် ပြောင်းလဲလိုက်ပြီး ကျန်းဝမ်ကျင်း၏ ကျောပြင်ကို အားကုန် လွှဲရိုက်ချလိုက်တော့သည်။

"ဖြောင်း... ဖြောင်း... ဖြောင်း"

ထိုရိုက်ချက် အနည်းငယ်ကြောင့်ပင် ကျန်းဝမ်ကျင်း၏ ကျောပြင်မှ မီးပွားများ လွင့်စင်သွားပြီး အသားစများ ပွင့်ထွက်ကုန်တော့သည်။

ကျန်းဝမ်ကျင်း၏ နှုတ်မှ သနားစဖွယ် အော်ဟစ်ညည်းတွားသံ ချက်ချင်း ထွက်ပေါ်လာ၏။

"အား"

ကျန်းဝမ်ကျင်းက မယုံကြည်နိုင်စွာဖြင့် ခေါင်းလှည့်ကာ သနားစဖွယ် အော်ဟစ်လိုက်သည်။ "အဖေ"

"ပါးစပ်ပိတ်ထားစမ်း... ဆရာလင်းကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ပေါ့... နင့်လိုသမီးမျိုး ငါ့မှာ မရှိဘူး"

ကျန်းယွိကျန်းက မျက်နှာကြီး မည်းမှောင်ကာ ဒေါသတကြီး ဆဲရေးလိုက်သည်။

ဘေးနားရှိ လူများအားလုံးက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြပြီး ယွိပေါ်ပင်လျှင် အကြီးအကျယ် ထိတ်လန့်သွားရသည်။

ကျန်းယွိကျန်း ဤမျှလောက် ဒေါသပေါက်ကွဲနေသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သူ ကျန်းဝမ်ကျင်းကို စတင်သိကျွမ်းခဲ့သည့် အချိန်မှစ၍ ကျန်းယွိကျန်းက သူမကို လက်ပါ၍ ရိုက်နှက်ဖူးသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

သို့သော် ယခုအချိန်တွင် ကျန်းဝမ်ကျင်းက လင်းယွမ်ကို စကားတစ်ခွန်းမျှ ပြန်လည်အာခံလိုက်ရုံဖြင့် ကျန်းယွိကျန်း၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်။

ယခုဆိုလျှင် လူအများရှေ့တွင်ပင် မိမိ၏သမီးအရင်းကို သေမတတ် ရိုက်နှက်နေလေပြီ။

ဤမြင်ကွင်းကို သူ ကိုယ်တိုင်ပင် မယုံကြည်ရဲအောင် ဖြစ်နေပြီး အိပ်မက်မက်နေသလားဟုပင် ထင်မှတ်နေမိသည်။

ဒါက သူသိထားသည့် သမီးကို အလွန်အမင်း အလိုလိုက်တတ်သော ကျန်းယွိကျန်း ဟုတ်ပါသေးရဲ့လား။

ယွိပေါ် နေနေသာသာ ကျန်းယွိကျန်းနောက်သို့ ဆယ်နှစ်ကျော်ကြာ လိုက်ပါခဲ့သော လက်အောက်ငယ်သားဟောင်းများပင်လျှင် မေးရိုးပြုတ်ကျမတတ် အံ့အားသင့်နေကြသည်။

သို့သော် ယခုအချိန်၌ ကျန်းယွိကျန်းသည် ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ၏ ထိန်းချုပ်မှုကို ခံထားရပြီဖြစ်ကြောင်း ထိုလူများက မည်သို့ သိနိုင်မည်နည်း။

ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ၏ အာနိသင်အောက်တွင် ကျန်းယွိကျန်း၏ စိတ်နှလုံးထဲ၌ ပထမဦးစားပေးမှာ သမီးဖြစ်သူ ကျန်းဝမ်ကျင်း မဟုတ်တော့ဘဲ သခင်ဖြစ်သူ လင်းယွမ်သာ ဖြစ်နေလေပြီ။

မည်သူမဆို လင်းယွမ်ကို စော်ကားရဲပါက သူ့အနေဖြင့် ထိုသူကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

မိမိ၏ သမီးအရင်း ဖြစ်နေလျှင်တောင်မှ ခွင့်မလွှတ်နိုင်ချေ။

ဤသည်ကား ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်သည်။

လင်ယွီရုံကဲ့သို့ အစွမ်းထက်သော သူပင်လျှင် ဤသင်္ကေတ၏ ချုပ်ကိုင်မှုအောက်တွင် ရုန်းထွက်နိုင်စွမ်း မရှိခဲ့ပေ။

သို့ဖြစ်ရာ ကျန်းယွိကျန်းကဲ့သို့ သာမန်လူတစ်ယောက်အတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။

ယခုအချိန်တွင် သမီးဖြစ်သူ ကျန်းဝမ်ကျင်းက အကျယ်ကြီး အော်ဟစ်နေသေးသည်ကို မြင်သောအခါ ကျန်းယွိကျန်း၏ ဒေါသမီးက ပိုမို တောက်လောင်လာသည်။

သူက ကျန်းဝမ်ကျင်းကို အရူးအမူး ရိုက်နှက်လိုက်ပြီး တစ်ဖက်မှလည်း ဒေါသတကြီး ဆဲဆိုနေ၏။ "တိရစ္ဆာန်မ... နင်က ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲသေးတယ်ပေါ့... ဆရာလင်းကို အခုချက်ချင်း တောင်းပန်စမ်း"

"တောင်းပန်လိုက်စမ်း... ကြားလား"

"ရွှမ်း... ရွှမ်း... ရွှမ်း"

နောက်ထပ် ရိုက်ချက်ဆယ်ချက်ကျော်ခန့် ထပ်မံကျရောက်သွားပြီးနောက် ကျန်းဝမ်ကျင်းမှာ သနားစဖွယ် အော်ဟစ်ရင်း နောက်ဆုံးတွင် ဆက်လက် တောင့်မခံနိုင်တော့ပေ။

သူမ ကိုယ်ပေါ်ရှိ မီးတောက်များ ငြိမ်းအေးသွားပြီး တစ်ကိုယ်လုံး သတိလစ် မေ့မြောသွားတော့သည်။

ထိုအခါမှသာ ကျန်းယွိကျန်းက ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်ပြီး လင်းယွမ်ကို စိုးရိမ်တကြီး ကြည့်ကာ ဦးညွှတ်လိုက်သည်။ "ဆရာလင်း... တောင်းပန်ပါတယ်... တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော် သွန်သင်ဆုံးမမှု ညံ့ဖျင်းလို့ အခုလို အသုံးမကျတဲ့ခွေးမကို မွေးထုတ်မိတာပါ"

"ဆရာ့သဘောအတိုင်း ရိုက်ချင်လည်း ရိုက်... သတ်ချင်လည်း သတ်နိုင်ပါတယ်"

လင်းယွမ်က သတိလစ်နေသော ကျန်းဝမ်ကျင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့... ကောင်မလေးတစ်ယောက်နဲ့ ပြဿနာတက်ဖို့ထိ ကျွန်တော် စိတ်မဝင်စားပါဘူး"

"သူ့ကို ခေါ်သွားလိုက်တော့"

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဆရာလင်း" ကျန်းယွိကျန်းက ဝမ်းသာအားရဖြင့် ရှေ့သို့ အလျင်အမြန် တိုးသွားကာ မိမိ၏သမီးကို ကိုယ်တိုင် ပွေ့ချီလိုက်ပြီးနောက် "မင်းတို့ ဘာကြည့်နေကြတာလဲ... ဆရာလင်းကို အရိုအသေ ပေးကြလေ" ဟု အမြန် အော်ပြောလိုက်သည်။

ယွိပေါ်နှင့် အခြားလူများမှာ ဤတစ်ကြိမ်တွင် မည်သည့်စကားမျှ ထပ်မဆိုရဲကြတော့ဘဲ ချက်ချင်းပင် ဦးညွှတ်ကာ နှုတ်ဆက်ကြလေသည်။

မူလက ကျန်းယွိကျန်းနှင့် အဆင့်အတန်း တူညီသော အသက်ကြီးကြီး လူအချို့မှာလည်း စိတ်ထဲတွင် သံသယဝင်နေကြသော်လည်း မနာခံဘဲ မနေရဲသဖြင့် ခေါင်းငုံ့ကာ ဦးညွှတ်လိုက်ကြရသည်။

လင်းယွမ်က ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီး စိတ်ထဲမှ အေးစက်စွာ ကျိတ်ရယ်လိုက်မိသည်။ ဤအဘိုးကြီးများသည် ယခင်က ကျန်းယွိကျန်းနှင့် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ခဲ့ပုံရသည်။

ဖုန်းကျန့်ကုန်း ပြောပြချက်အရဆိုလျှင် ဤလူများသည် တိမ်မြူကျွန်းသို့ နောက်မှ ဝင်ရောက်လာသူများဖြစ်ပြီး သိန်းငှက်အုပ်စု၏ ဖိအားပေးမှုကြောင့် ရွေးချယ်စရာမရှိဘဲ ကျန်းယွိကျန်းတို့ဘက်သို့ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက်ပိုင်းတွင် ပူးပေါင်းကာ ချိုးငှက်အုပ်စုအဖြစ် ဖွဲ့စည်းခဲ့သော်လည်း အတွင်း၌ အုပ်စုကွဲများစွာ ရှိနေပြီး အဘိုးကြီး အတော်များများမှာ အမိန့်ကို နာခံဟန်ပြသော်လည်း တကယ်တမ်းတွင် လက်တွေ့မလုပ်ဆောင်တတ်သော ကောက်ကျစ်သူများ ဖြစ်ကြသည်။

ကျန်းယွိကျန်း၏ ဤတစ်ကြိမ် သင်္ဘောစီမံကိန်းတွင်လည်း ထိုအဘိုးကြီးများက သဘာဝကျကျပင် ဝင်ရောက်ပတ်သက်ခဲ့ကြပြီး သင်္ဘောပေါ်သို့ အတူတကွ လိုက်ပါလာခဲ့ကြသည်။

ယခုအခါ ကျန်းယွိကျန်းက လင်းယွမ်ကို ဤမျှလောက်အထိ ကြောက်ရွံ့နေသည်ကို မြင်သောအခါ သူတို့၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်နေကြသော်လည်း ယခုအချိန်၌ ထွက်၍ မစွန့်စားရဲကြပေ။

ကျန်းယွိကျန်းကို သီးသန့် တွေ့ဆုံချိန်မှသာ ဘာတွေဖြစ်နေသလဲဆိုတာကို မေးမြန်းရန် စောင့်ဆိုင်းရတော့မည်။

လင်းယွမ်က ထိုလူများ၏ မသန့်ရှင်းသော အတွေးများကို ဂရုမစိုက်ပေ။ သူ့အနေဖြင့် ယန်ဆန်းတောင်သို့ ရောက်သွားလျှင် ထိုလူများကို အလုပ်ခန့်မည် မဟုတ်ချေ။

ထိုအဘိုးကြီးများက အခြေအနေကို နားလည်ပြီး ပြဿနာမရှာဘဲ အေးအေးချမ်းချမ်း နေထိုင်မည်ဆိုလျှင်တော့ လင်းယွမ်က သူတို့ကို အေးချမ်းစွာ အိုမင်းခွင့် ပေးဦးမည်ဖြစ်သည်။

အကယ်၍ ပြဿနာ ထပ်ရှာရဲသေးလျှင်တော့... ဟားဟား... ယန်ဆန်းတောင်၏ ကင်းလှည့်တပ်ဖွဲ့က အလှပြထားခြင်း မဟုတ်ကြောင်း သိစေရမည်။

"ကဲ... အားလုံး ပြန်သွားကြတော့... ကိုယ့်အလုပ် ကိုယ်လုပ်ကြ... ကျန်းယွိကျန်း... သင်္ဘောကို တိမ်မြူကျွန်းဘက် ပြန်လှည့်လိုက်တော့"

"ဟုတ်ကဲ့ပါ ဆရာလင်း"

ကျန်းယွိကျန်းက အလျင်အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

သူက ယွိပေါ်ဘက်သို့ လှည့်ကာ "သင်္ဘောကို တိမ်မြူကျွန်းဘက် ပြန်မောင်းခိုင်းလိုက်" ဟု အမိန့်ပေးလိုက်သည်။

ယွိပေါ်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အောက်ခြေရှိ လူများက တီးတိုးပြောဆိုနေကြသော်လည်း မည်သူမျှ မေးခွန်းမထုတ်ရဲကြပေ။

သင်္ဘောကြီး တစ်စီးလုံးက ဤကဲ့သို့ ထူးဆန်းသော လေထုအောက်တွင် တိမ်မြူကျွန်းဘက်သို့ ပြန်လည် ဦးတည်မောင်းနှင်သွားလေသည်။

ကျန်းယွိကျန်း၏ အခန်းထဲတွင် သူက မိမိ၏ သစ်သားစွမ်းအင်ကို အသုံးပြု၍ သမီးဖြစ်သူ ကျန်းဝမ်ကျင်းကို အလျင်အမြန် ကုသပေးနေသည်။

သူ၏ စွမ်းအင်ဖြင့် ဤကဲ့သို့သော အပြင်ပန်း ဒဏ်ရာများကို ကုသရန်မှာ မိနစ်ပိုင်းမျှသာ ကြာမည့် ကိစ္စဖြစ်သည်။

မကြာမီမှာပင် ကျန်းဝမ်ကျင်း ကိုယ်ပေါ်ရှိ အနာတရများက မူလအတိုင်း ပြန်လည် ကောင်းမွန်သွားလေသည်။

ကျန်းယွိကျန်းက ခုံပေါ်တွင် ထိုင်နေပြီး မျက်နှာထားကို အေးစက်စွာ ထားရှိ၏။

မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ ကျန်းဝမ်ကျင်းက မျက်လုံးများကို ဖွင့်လာသည်။

သူမက ရုတ်တရက် ထထိုင်လိုက်ပြီး ကျန်းယွိကျန်းကို မော့ကြည့်လိုက်သည်။

"အဖေ"

ချက်ချင်းပင် သူမက စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်အမှတ်ရသွားပြီး မျက်ဝန်းအိမ်များ နီရဲလာကာ ဝမ်းနည်းပူဆွေးမှုများက ရင်ထဲတွင် ပြည့်နှက်လာပြီး မျက်ရည်ပေါက်များ တပါးပါး ကျဆင်းလာတော့သည်။

ယခင်ကသာဆိုလျှင် သူမ ငိုလိုက်သည်နှင့် မည်မျှပင် ကြီးမားသော ကိစ္စဖြစ်ပါစေ ကျန်းယွိကျန်းက သေချာပေါက် ရောက်လာပြီး သူမကို ချော့မော့ပေလိမ့်မည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ ကျန်းယွိကျန်းက ထိုနေရာတွင် မလှုပ်မယှက် ထိုင်နေပြီး သူ၏ အကြည့်များကပင် အေးစက်လွန်းလှသည်။

ထိုအရာက ကျန်းဝမ်ကျင်း၏ ရင်ထဲကို ချက်ချင်း အေးစက်သွားစေပြီး ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်သွားရသည်။

"ငိုလို့ ပြီးပြီလား"

ကျန်းယွိကျန်းက အေးစက်စွာ ဟောက်လိုက်သည်။

ကျန်းဝမ်ကျင်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး ကျန်းယွိကျန်းကို မော့ကြည့်ကာ "မပြီးသေးဘူး... မပြီးသေးဘူး... သမီး ငိုဦးမှာပဲ" ဟု ငိုယိုကာ ပြန်ပြောသည်။

ကျန်းယွိကျန်းက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး "ငို... ငို... ငို... ငိုဖို့လောက်ပဲ သိတယ်... ဒီနေ့ နင်သေလုနီးပါး ဖြစ်ခဲ့တာကို သိရဲ့လား" ဟု ဒေါသတကြီး ဆဲရေးလိုက်သည်။

"ဆရာလင်း ရှေ့မှာတောင် နင်က ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲသေးတယ်ပေါ့လေ"

"နင့်ကို ငါပြောထားမယ်... ဒီနေ့ကစပြီး ဆရာလင်းကို မရိုမသေ ထပ်လုပ်ရဲရင် ငါ့သမီးဆိုရင်တောင် ငါကိုယ်တိုင် နင့်ကို သတ်ပစ်မယ်"

ထိုအေးစက်လှသော စကားလုံးများကြောင့် ကျန်းဝမ်ကျင်းမှာ ချက်ချင်းပင် မယုံကြည်နိုင်စွာ ခေါင်းမော့လာပြီး သူမနှင့် အလွန် ရင်းနှီးကျွမ်းဝင်လှသော သူမရှေ့ရှိ ဖခင်၏ ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်နေမိသည်။

ဒါက သူမကို ချစ်ခင်ယုယပြီး လက်ဖဝါးပေါ်က ရတနာလေးတစ်ပါးလို တန်ဖိုးထားခဲ့တဲ့ သူမရဲ့ အဖေ ဟုတ်ပါသေးရဲ့လား။

"အဖေ... အဖေ တကယ် ဘာဖြစ်သွားတာလဲ"

"လင်းမျိုးရိုး ကောင်က အဖေ့ကို ဘာဆေးတွေများ တိုက်လိုက်လို့လဲ... အဖေက ဘာလို့ သမီးထက်တောင် သူ့ကို ပိုပြီး ဂရုစိုက်နေရတာလဲ"

ကျန်းဝမ်ကျင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူမက ဆက်လက်၍ သနားစရာကောင်းအောင် ဟန်ဆောင်ငိုကြွေးမနေနိုင်တော့ဘဲ ကုတင်ပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ ဖခင်ဖြစ်သူကို ဆွဲကိုင်ပြီး သူ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးရန် ကြိုးစားလိုက်သည်။

သို့သော် ကျန်းယွိကျန်းက ကျန်းဝမ်ကျင်းကို အားဖြင့် ခါထုတ်လိုက်ပြီး "ဆရာလင်းကို နင် ဘယ်လို ခေါ်လိုက်တာလဲ" ဟု ကြိမ်းမောင်းလိုက်သည်။

"လေးလေးစားစား ခေါ်စမ်း... ကြားလား"

"ဒီနေ့ကစပြီး... မဟုတ်ဘူး... အခုကစပြီး ဆရာလင်းက ငါ့ရဲ့သခင်ပဲ... နင့် မျက်လုံးထဲမှာ ငါ့ကို အဖေလို့ မြင်သေးရင် လိမ္မာအောင် နေစမ်း"

"ဆရာလင်းကို ထပ်ပြီး ဒေါသထွက်အောင် လုပ်ရဲရင် သားအဖ သံယောဇဉ်ကို မငဲ့ကွက်ဘူးလို့ အပြစ်မတင်နဲ့"

သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လက်ကိုခါကာ လှည့်ထွက်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။

ကျန်းဝမ်ကျင်းမှာ တွန်းချခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ် လဲကျသွားပြီး အေးစက်ပြတ်သားစွာ ထွက်ခွာသွားသော ဖခင်၏ ကျောပြင်ကို ကြည့်ရင်း မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ... လင်းမျိုးရိုးကောင်... နင် ငါ့အဖေကို တကယ် ဘာတွေ လုပ်လိုက်တာလဲ"

သူမ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ကာ ဖခင်ဖြစ်သူအပေါ် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို သေချာပေါက် စုံစမ်းရမည်ဟု ဆုံးဖြတ်လိုက်သည်။

လင်းယွမ်နှင့် လင်ယွီရုံတို့သည် သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေကြပြီး ဘေးပတ်လည် ရေအောက်ရှိ ရှုခင်းများကို ကြည့်ရှုနေကြသည်။

အနီးအနား တစ်ဝိုက်တွင် ရေမြုပ်နေသော အဆောက်အအုံကြီးများ အပြည့်ရှိနေပြီး တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော မြို့ကြီးမှာ ယခုအခါ ဤမှောင်မည်းအေးစက်နေသော ရေအောက်တွင် အထီးကျန် သင်္ချိုင်းဂူများသဖွယ် ခြောက်ခြားစရာ ကောင်းနေလေသည်။

လင်ယွီရုံက "ကျန်းယွိကျန်းရဲ့ အမူအရာက နည်းနည်း ထူးဆန်းနေတယ်... ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတက အာနိသင် ပြသွားရင်တောင် ကိုယ်ပိုင်အသိစိတ် လုံးဝ ပျောက်ဆုံးသွားလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူးမလား" ဟု မေးလိုက်သည်။

လင်းယွမ်က ခေါင်းလှည့်ကာ လင်ယွီရုံကို ကြည့်ပြီး "ငါ မင်းကို ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတ ထည့်လိုက်တုန်းက ခံစားချက်ကို ပြောပြပါလား" ဟု ပြောလိုက်သည်။

လင်ယွီရုံက ထိုစကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားပြီးနောက် "အရမ်းကို မကျေမနပ် ဖြစ်ရတယ်... ဒါပေမဲ့ မသိစိတ်ကတော့ ရှင့်ရဲ့ အမိန့်ကို နာခံချင်နေမိတယ်" ဟု ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ခံစားချက်တွေ ရှိနေသေးသလို အရင်က မှတ်ဉာဏ်တွေလည်း ရှိနေသေးတယ်"

"ကျွန်မ ရှင့်ကို ပြန်မခုခံနိုင်ဘူးဆိုတာ သိတယ်... ရှင့်အပေါ် မကောင်းတဲ့ အတွေးမျိုး တွေးလိုက်တာနဲ့ မသိစိတ်ကနေ ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး အဲဒီအတွေးတွေကို အလိုအလျောက် ပိတ်ပင်ပစ်လိုက်တယ်"

"ရှင့်အတွက် အကျိုးမရှိစေမယ့် အတွေးတချို့ ပေါ်လာရင်တောင်မှ အဲဒီလို ခံစားချက်မျိုး ပေါ်လာတာပဲ"

"ဒါပေမဲ့ ကျန်းယွိကျန်းလိုမျိုး အစွန်းရောက်တဲ့အထိတော့ မဖြစ်သင့်ဘူး... ဘာပဲဖြစ်ဖြစ် အဲဒါက သူ့သမီးပဲလေ"

လင်းယွမ်က အတွေးနက်သွားသည်။ သူက ဝိညာဉ်ချုပ်နှောင်ခြင်း သင်္ကေတကို အသုံးပြုသူ ဖြစ်သည့်အတွက် သူ့ထံတွင် အချုပ်နှောင်ခံရသူများ၏ ခံစားချက်ကို သဘာဝကျကျပင် သေချာ မသိနိုင်ပေ။

သို့သော် လင်ယွီရုံ၏ စကားများကို နားထောင်ကြည့်ပြီးနောက် ကျန်းယွိကျန်း၏ တုံ့ပြန်ပုံက တကယ်ကို လွန်ကဲနေသကဲ့သို့ ရှိသည်။

သူက "သူ ဟန်ဆောင်နေတယ်လို့ မင်း ထင်လား" ဟု မေးလိုက်သည်။

"မသိဘူး... သူ ဟန်ဆောင်နေတာပဲဖြစ်ဖြစ် ဟန်မဆောင်တာပဲဖြစ်ဖြစ် သူက ရှင့်ရဲ့ ဆန္ဒကို လုံးဝ ဆန့်ကျင်နိုင်မှာ မဟုတ်သလို ရှင့်အပေါ် အကျိုးမရှိမယ့် ကိစ္စတွေကိုလည်း လုပ်ရဲမှာ မဟုတ်ဘူး"

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ရယ်မောကာ "သူ့ကို ခေါ်လိုက်... သေချာ မေးကြည့်လိုက်ရင် ရပြီပဲ မဟုတ်လား" ဟု ပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ယွိပေါ်ဘက်သို့ လှည့်ကာ "သွား... ကျန်းယွိကျန်းကို သွားခေါ်ခဲ့" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ယွိပေါ်မှာ လင်းယွမ်၏ ခိုင်းစေမှုကို အနည်းငယ် အသားမကျသေးသော်လည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ကျန်းယွိကျန်းကို ရှာဖွေရန် အလျင်အမြန် သွားလေသည်။

လင်းယွမ်နှင့် လင်ယွီရုံတို့က စကား ဆက်ပြောနေကြသည်။

သူက မေးလိုက်သည်။ "ဒါနဲ့... ငါ မင်းကို မေးဖို့ အချိန်မရခဲ့တာတစ်ခု ရှိတယ်... ရှေးခေတ်တုန်းက မင်းတို့လို အစွမ်းပိုင်ရှင်တွေ အာကာသထဲကို ရောက်ဖူးကြလား"

"မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ပြီးသွားရင် ဆင့်ကဲပြောင်းလဲတဲ့ လမ်းကြောင်းမှာ ပိုမြင့်တဲ့ အဆင့်တွေ ရှိသေးလား"

လင်ယွီရုံက ထိုစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်ပြပြီး "ရှိတာပေါ့... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း ဆိုတာက သက်ရှိတွေရဲ့ ပထမဆုံးအကြိမ် အရည်အသွေး ပြောင်းလဲမှုတစ်ခု သက်သက်ပဲ"

"ကမ္ဘာဂြိုဟ်ပေါ်ကနေ ထွက်ခွာပြီး ကြယ်တာရာတွေဆီ သွားနိုင်မှသာ အဓိပ္ပာယ်ပြည့်ဝတဲ့ အောင်မြင်မှုလို့ ခေါ်နိုင်တာ"

"မဟုတ်ရင်တော့ ဒီကမ္ဘာဂြိုဟ် သေးသေးလေးထဲမှာပဲ တစ်သက်လုံး ပိတ်မိနေရလိမ့်မယ်"

လင်းယွမ်က စိတ်ဝင်စားသွားပြီး "ဒါဆိုရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အထက်မှာ ဘာအဆင့်တွေ ရှိသေးလဲ" ဟု ချက်ချင်း မေးလိုက်သည်။

ဆက်ရန်...

All Chapters