အခန်း (၃၄၃-၃၄၄)
Vol. 30 Ch. 343-344
အပိုင်း (၃၄၃)
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ရှိနေသူအားလုံး တုန်လှုပ်သွားကြသည်။ မဟာဆရာသခင်ကြီး၏ အစွမ်းမှာ အလွန် အံ့မခန်းဖွယ်ရာ ကောင်းလှသည်။ လူကို ပုံစံမရှိဘဲ သတ်ဖြတ်နိုင်သည်လား။
ဆက်လက်၍ မဟာဆရာသခင်ကြီးက လက်ကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်၏။
လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး အမူးပင် ပြေသွားသကဲ့သို့ ဖြစ်သွားကြ၏။ အဘယ်ကြောင့် ဆိုသော် အပြင်ဘက်မှ နဂါးတစ်ကောင် ဝင်ရောက်လာသောကြောင့် ဖြစ်သည်။
မီးလိုနီရဲနေသော နဂါးဖြစ်ပြီး အရှည် မီတာသုံးဆယ်ကျော် ရှိကာ ရေစည်ပိုင်းကဲ့သို့ တုတ်ခိုင်၏။ တစ်ကိုယ်လုံး နီရဲနေပြီး ခေါင်းပေါ်တွင် ချိုများ ပါရှိသည်။ မည်သူမဆို ဤနဂါးကြီး၏ အရှေ့တွင် သေးငယ်သွားသကဲ့သို့ ခံစားရမှာဖြစ်၏။
ထိုနေရာတွင် ရှိနေသော ဒေသခံ ပုန်ကန်သူ စစ်သူကြီးများအားလုံး တုန်လှုပ်သွားကြပြီး ကြက်သီး မွေးညင်းများ ထကာ ခေါင်းပေါ်မှ အအေးဓာတ်များပင် ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယခင်က ဒဏ္ဍာရီတစ်ခု အမြဲ ရှိခဲ့ဖူး၏။ ယွမ်ထျန်းရှဲ့သည် တာ့ရစ်တောင်ပေါ်တွင် တရားကျင့်ကြံနေစဉ် တစ်ခဏအတွင်း သဘာဝနှင့် တစ်သားတည်း ဖြစ်သွားခဲ့ကြောင်း ပြောကြသည်။ ထို့နောက် အရှေ့ရှိ ကျောက်ကမ်းပါးကြီး ကွဲထွက်သွားပြီး နဂါးတစ်ကောင် ထွက်လာခဲ့၏။
ဤနဂါး၏ အမည်မှာ ဟွမ်ထျန်း မီးနဂါးဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး၏ နတ်သားရဲ တစ်ကောင် ဖြစ်ကာ လွန်ခဲ့သော နှစ်ရာချီက လူ့လောကကို ဒုက္ခပေးခဲ့သောကြောင့် နတ်ဘုရားများက ကျောက်ကမ်းပါး အတွင်း၌ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယွမ်ထျန်းရှဲ့သည် နေ့စဉ် ဤနေရာသို့ လာရောက်ထိုင်ကာ တရားကျင့်ကြံပြီး ကျမ်းစာများကို ရွတ်ဖတ်လေ့ ရှိ၏။
အချိန်ကြာလာချိန်မှာတော့ သဘာဝနှင့် တစ်သားတည်း ဖြစ်သွားရုံသာမက ကျောက်ကမ်းပါး အတွင်းရှိ ဟွမ်ထျန်း မီးနဂါးကိုပါ တရားရစေခဲ့သည်။
နတ်မင်းသည် ဤ ဟွမ်ထျန်း မီးနဂါး၏ အပြောင်းအလဲကို သိရှိသွားသောကြောင့် သူ၏ အကျဉ်းချထားမှုကို ရုပ်သိမ်းပေးလိုက်ပြီး ယွမ်ထျန်းရှဲ့၏ နောက်သို့ လိုက်ပါကာ လောကရှိ မကောင်းမှုများကို အပြစ်ပေးရန်၊ လောကရှိ ပြည်သူများကို ကယ်တင်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။
ဒဏ္ဍာရီထဲတွင် ဤမီးနဂါးသည် ပေတစ်ရာ ရှည်လျားပြီး ကမ္ဘာမြေကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း ပါရှိသည်။
မူလက ဤသည်မှာ ဒဏ္ဍာရီမျှသာ ဖြစ်သော်လည်း ဤဟွမ်ထျန်းမီးနဂါးသည် အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
လူတိုင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး အကြောက်လွန်ကာ သေးထွက်၊ ချေးထွက် ဖြစ်လုမတတ် ဖြစ်သွားကြသည်။
ဆက်လက်၍ လူအများက လွန်ခဲ့သော နှစ်အနည်းငယ်က ထျန်းလော်မြို့ကို တည်ဆောက်စဉ်က တူးဖော် တွေ့ရှိခဲ့သော ရှေးဟောင်း ကျောက်စာတိုင်တစ်ခုကို သတိရသွားကြ၏။
ထိုကျောက်စာတိုင်ပေါ်တွင် စာလုံးကြီးအချို့ ရေးသားထားသည်။ “မီးနဂါး ပေါ်ထွက်လာလျှင် တောင်ပိုင်းနိုင်ငံ တည်ထောင်မည်။”
ထိုစဉ်က လူသောင်းချီက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ဤကျောက်စာတိုင် တူးဖော်တွေ့ရှိပြီး မကြာမီမှာပဲ သူ့အလိုလို မီးလောင်သွားပြီး အချိန်တိုအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကျောက်တုံးက မီးလောင်နိုင်သည်လား။ တောင်ပိုင်း စစ်သေနာပတိရုံးက အပြင်းအထန် ဖိနှိပ် ထားခဲ့သော်လည်း ဤဒဏ္ဍာရီမှာ ပျံ့နှံ့သွားခဲ့သည်။
မီးနဂါး ပေါ်ထွက်လာသည်နှင့် တောင်ပိုင်းနိုင်ငံ တည်ထောင်တော့မည်ကို မရေမတွက်နိုင်သော လူများက သိရှိထားကြသည်။ ယခုအခါ ဤဒဏ္ဍာရီမှာ အမှန်တကယ်ပင် အသက်ဝင်လာတော့မှာဖြစ်၏။
ယခုအချိန်တွင် ဖူကျ၊ လီဝမ်ဖာ တို့သည် မီးနဂါး၏ အရှေ့တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွတ်နေကြပြီး အဆုံးမရှိသော ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။ အောက်ချီပင်လျှင် အဆုံးမရှိသော ကြောက်ရွံ့ ရိုသေမှုများ ပြည့်နှက်နေသည်။
ထိုနေရာတွင် ရှိနေသော လူများထဲတွင် ဤသုံးဦးသာလျှင် ယွမ်ထျန်းရှဲ့၏ တပည့်အရင်းများ ဖြစ်ကြပြီး ကျန်သူများမှာ မြေးတပည့်များသာ ဖြစ်ကြ၏။
လီဝမ်ဖာ ပုန်ကန်ခြင်းမှာလည်း ဤယွမ်ထျန်းရှဲ့၏ ဦးနှောက်ဆေးခြင်းကို ခံရသောကြောင့် ဖြစ်သည်။
လီဝမ်ဖာ အကြောင်း မပြောနှင့်ဦး၊ ယွင်ကျုံးဟဲ့ ပင်လျှင် လုံးဝမှင်သက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤမီးနဂါးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းပြီး လက်တွေ့ကမ္ဘာမှ အရာနှင့် လုံးဝ မတူဘဲ နတ်သားရဲ တစ်ကောင်နှင့် အမှန်တကယ် တူညီနေသောကြောင့် ဖြစ်၏။
ဟန်မင်းဆက် တည်ထောင်သူ လျိုပန်းသည် မြွေဖြူကို သတ်၍ ပုန်ကန်ခဲ့သော်လည်း မျက်စိရှေ့ရှိ ဤမီးနဂါးမှာ မြွေဖြူထက် အဆပေါင်း သောင်းချီ၍ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်က တူးဖော်တွေ့ရှိခဲ့သော ကျောက်စာတိုင်လည်း ရှိသေး၏။ မီးနဂါး ပေါ်ထွက်လာလျှင် တောင်ပိုင်းနိုင်ငံ တည်ထောင်မည်။
ဤပုန်ကန်ရသည့် အကြောင်းပြချက်မှာ လုံလောက်စွာ ခိုင်လုံနေပြီ မဟုတ်ပါလား။ ဖူကျက မိမိကိုယ်မိမိ နိုင်ငံတည်ထောင်သူ ဘုရင် ဖြစ်လာမည်ဟု ယုံကြည်နေခြင်း၊ လီဝမ်ဖာ ဦးနှောက်ဆေးခံရခြင်း၊ တာ့ကျိုး အင်ပါယာ၏ ဂုဏ်သိက္ခာရှိသော မြို့စားကြီး တစ်ဦးက တောင်ပိုင်းဒေသခံများနှင့် ပူးပေါင်း၍ ပုန်ကန်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။
ဤ ယွမ်ထျန်းရှဲ့မှာ အလွန် တော်ပြီး အလွန် ထူးဆန်းလွန်းလှသည်။
ဤမီးနဂါးသည် အမှန်တကယ်ပင် နဂါးတစ်ကောင်နှင့် တစ်ဝက်ခန့် တူညီနေပြီး မီတာသုံးဆယ်ကျော် ရှည်လျားကာ ကြီးမားလှပြီး ခေါင်းပေါ်တွင် ချိုများ ပါရှိသလို နဂါးနှုတ်ခမ်းမွေး၊ နဂါးခြေသည်းနှင့် နဂါးအမြီးတို့လည်း ပါရှိ၏။
ဤကဲ့သို့သော အံ့ဖွယ် ဧရာမ သတ္တဝါကြီးကို မြင်တွေ့ရသူတိုင်းသည် နတ်သားရဲ အဖြစ် သတ်မှတ်ကြမည်မှာ သေချာသည်။
ယွင်ကျုံးဟဲ့ ပင်လျှင် မိမိကိုယ်မိမိ စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်ရှိသွားသလားဟု တစ်ခဏမျှ သံသယ ဝင်သွားမိ၏။
ဤကမ္ဘာပေါ်တွင် အမှန်တကယ်ပင် နတ်သားရဲများ ရှိနေသလား။ တကယ်ပဲ နဂါးများ ရှိနေသလား။ သေချာပေါက် မဟုတ်ပေ။ ဤကမ္ဘာပေါ်တွင် မည်သည့် စိတ်ကူးယဉ် နတ်သားရဲမှ မရှိချေ။
အစစ်အမှန်တရားမှာတော့ ဤသည်မှာ ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်သာ ဖြစ်ပြီး ယဉ်ပါးအောင် လေ့ကျင့်ထားသော စပါးအုံးမြွေကြီး ဖြစ်သည်။
ဤအမျိုးအစားမှာ ကမ္ဘာမြေပေါ်ရှိ တိုက်တန်နိုဘိုအာ ဧရာမ မြွေကြီးများနှင့် အနည်းငယ် တူညီပြီး အလွန် ကြီးမားသော အရွယ်အစားအထိ ကြီးထွားနိုင်၏။
၎င်း၏ ခေါင်းပေါ်ရှိ ချိုများ၊ မီးလိုနီရဲနေသော အကြေးခွံများ၊ နဂါးအမြီး၊ နဂါးချိုများအားလုံးမှာ ပြုပြင်ဖန်တီးထားခြင်းသာ ဖြစ်၏။ ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်ကို မီးနဂါး နတ်သားရဲ အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။
ဤ ယွမ်ထျန်းရှဲ့မှာ အလွန် ကောင်းပြီး အလွန် သဘာဝကျစွာ ပြုပြင်ဖန်တီးထားသောကြောင့် မည်သည့် အားနည်းချက်မှ မတွေ့ရသလောက်ပင် ဖြစ်၏။
တစ်ချက် မြင်လိုက်ရုံဖြင့် အသက်ထွက်မတတ် ဖြစ်သွားစေပြီး ချက်ချင်း ဒူးထောက်ချင်စိတ် ပေါက်သွားစေသည်။
ယနေ့ ပုန်ကန်မှုအတွက် သူ အမှန်တကယ်ပင် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
“ဒီ ဟွမ်ထျန်း မီးနဂါးဟာ ကျုပ်တို့ တောင်ပိုင်းနိုင်ငံရဲ့ နိုင်ငံတော်စောင့် နတ်သားရဲ ဖြစ်တယ်။ တာ့ကျိုးအင်ပါယာမှာ ဒီလို နိုင်ငံတော်စောင့် နတ်သားရဲမျိုး ရှိလား။ တာယင်အင်ပါယာမှာ ဒီလို နိုင်ငံတော်စောင့် နတ်သားရဲမျိုး ရှိလား။ တာရှအင်ပါယာမှာ ဒီလို နိုင်ငံတော်စောင့် နတ်သားရဲမျိုး ရှိလား။”
ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ မေးလိုက်သည်။
“တစ်ခုမှ မရှိဘူး။”
ယွမ်ထျန်းရှဲ့သည် လက်ကို ဆန့်ထုတ်လိုက်ရာ ထို မီတာသုံးဆယ်ကျော် ရှည်လျားသော ဧရာမ မီးနဂါးသည် ခေါင်းကို ငုံ့ချပေးပြီး ယွမ်ထျန်းရှဲ့ အား ၎င်း၏ လည်ပင်းကို ပွတ်သပ်ခွင့် ပေးလိုက်၏။
ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသူအားလုံးသည် ယွမ်ထျန်းရှဲ့အပေါ် ပို၍ပင် ကြည်ညိုလေးစားသွားကြသည်။
“ဖူး…”
လေထဲတွင် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အနံ့ဆိုး တစ်ခု ပျံ့နှံ့လာ၏။
အဘယ်ကြောင့်ဆိုသော် ဤပုန်ကန်သူ စစ်သူကြီးသည် စိတ်ထဲရှိ ကြောက်ရွံ့မှုကို လုံးဝ မထိန်းချုပ်နိုင် တော့ဘဲ တိုက်ရိုက် သေးထွက်၊ ချေးထွက် ဖြစ်သွားသောကြောင့်ပင်။
ထို မီးနဂါးကြီးသည် ခေါင်းကို ရုတ်တရက် လှည့်ကာ ထိုလူ့ဘက်သို့ သွေးဆာနေသော ပါးစပ်ကြီးကို ဟပြီး ရူးသွပ်မတတ် ဟိန်းဟောက်လိုက်တော့၏။
“ဝေါင်း....”
နဂါးဟိန်းသံကြောင့် ခန်းမကြီး တစ်ခုလုံး တုန်ခါသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းသံ ပင် ဖြစ်၏။ မီးအိမ်များအားလုံး တုန်ခါသွားပြီး ငြိမ်းလုမတတ် ဖြစ်သွားကြသည်။
မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လူတိုင်းမှာ နားကန်းသွားမတတ် ဖြစ်သွားကာ ခေါင်းပေါ်ရှိ ဆံပင်များပင် ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်း ပို၍ပင် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။
ဤမီးနဂါး၏ ဟိန်းဟောက်သံမှာ အလွန် အံ့မခန်းဖွယ်ရာ ဖြစ်ပြီး လုံးဝ နဂါးဟိန်းသံ အစစ်အမှန် ဖြစ်နေသည်။
သို့သော် ယွင်ကျုံးဟဲ့သည် ရှင်းလင်းစွာ သိရှိနေ၏။ ဤသည်မှာ ကျိန်းသေပေါက် နဂါးဟိန်းသံ မဟုတ်ချေ။ ဤဧရာမ မီးနဂါးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဟရုံသာ ဟထားခြင်းဖြစ်ပြီး နဂါးဟိန်းသံ ဟူသည်မှာ အခြားသူတစ်ဦးက အသံထည့်ပေးထားခြင်းသာ ဖြစ်၏။
ယွမ်ထျန်းရှဲ့က ဘေးမှနေ၍ သူ၏ အလွန် ကောင်းသော အတွင်းအားဖြင့် နဂါးဟိန်းသံကို ဖန်တီးပေးထားခြင်း ဖြစ်သည်။
ဤလူ၏ သိုင်းပညာမှာ အမှန်တကယ်ပင် အလွန် အံ့မခန်းဖွယ်ရာ ကောင်းလှသည်။ သူသည် ပါးစပ်ပိတ်ထားသော်လည်း ဝမ်းဗိုက်ထဲမှနေ၍ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံ မျိုးကို ဖန်တီးနိုင်ခြင်းမှာ အမှတ်(၂၄) စိတ်ကျန်းမာရေးလူနာ အသံမိစ္ဆာမနှင့်ပင် တူညီနေပြီ ဖြစ်၏။
သူ၏ အတွင်းအားမှာ အလွန် နက်ရှိုင်းလွန်းလှသည်။ ထို့အပြင် မျက်စိရှေ့တွင် ဖန်တီးပြသလိုက်သော ဤမြင်ကွင်းမှာလည်း အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှ၏။ လူတိုင်းက ဤသည်မှာ မီးနဂါး၏ နဂါးဟိန်းသံ ဟုသာ ထင်မှတ်နေကြသည်။
သေးထွက်၊ ချေးထွက် ဖြစ်သွားသော ပုန်ကန်သူ စစ်သူကြီးမှာမူ အသည်းနှလုံး ပေါက်ကွဲကာ မျက်လုံးပေါက်၊ နှာခေါင်းပေါက် ခုနစ်ပေါက်မှ သွေးများ ထွက်လာပြီး ချက်ချင်း သေဆုံးသွားတော့၏။
မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့၏ အကြည့်များက ယွင်ကျုံးဟဲ့ ထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး ထို မီးနဂါး၏ မျက်လုံးများကလည်း ယွင်ကျုံးဟဲ့ကို စိုက်ကြည့်နေသည်။
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ဒီမီးနဂါးဟာ နိုင်ငံတော်စောင့် နတ်သားရဲ ဖြစ်တယ်။ ဒါကြောင့် ဒီ တောင်ပိုင်းဘုရင်ကို ဘယ်သူလုပ်ရမလဲ ဆိုတာ ဖူကျ ပြောလို့ မရဘူး၊ ကျုပ် ပြောလို့လည်း မရဘူး။ ဒီ မီးနဂါး ဟာ နတ်ဘုရားရဲ့ မျက်လုံး တစ်ဝက်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူ ရွေးချယ်တဲ့သူကမှ အစစ်အမှန် တောင်ပိုင်းဘုရင် ဖြစ်လာမှာပဲ။”
‘ချီးတဲ့မှ… ဒီ နတ်ဆရာ ယွမ်ထျန်းရှဲ့က ဘာဇာတ်လမ်း လာခင်းနေတာလဲ။’
ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်သည်။ “တောင်ပိုင်းဘုရင် ဖြစ်ချင်ရင် နိုင်ငံတော်စောင့် နတ်သားရဲ၊ ဟွမ်ထျန်း မီးနဂါးရဲ့ စမ်းသပ်မှုကို ခံယူရမယ်။ ဒီတောင်ပိုင်းဘုရင်ဟာ ဟွမ်ထျန်း မီးနတ်မင်းရဲ့ သားတော်လည်း ဖြစ်ရမယ်။ ဒါကြောင့် အစစ်အမှန် မီးတောက်ကို မကြောက်ရွံ့ဘဲ ရွှေရောင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရမယ်။”
ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီ မီးနဂါးက ဟွမ်ထျန်း အစစ်အမှန် မီးတောက်ကို မှုတ်ထုတ်နိုင်စွမ်းရှိပြီး အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်နိုင်တယ်။ ကျောက်တုံးကြီးတွေပဲဖြစ်ဖြစ်၊ ရွှေ၊ သံမဏိတွေပဲဖြစ်ဖြစ် သူ့ရဲ့ ဟွမ်ထျန်း အစစ်အမှန် မီးတောက် အရှေ့မှာ အမှုန့်ဖြစ်သွားပြီး ဘာမှ မကျန်အောင် လောင်ကျွမ်းသွားမှာပဲ။”
ဤတစ်ကြိမ်တွင် လူတိုင်း ပို၍ပင် အံ့ဩတုန်လှုပ်သွားကြပြီး ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင်မူ ပို၍ပင် အထင်အမြင်သေးသွားမိသည်။
‘ခင်ဗျားရဲ့ ဒီမီးနဂါးက ဧရာမ စပါးအုံးမြွေကြီးကို မိတ်ကပ်ပြင်ပေးထားတာလေ။ မီးမှုတ်နိုင်တယ် ဟုတ်လား။ တစ္ဆေတွေကိုပဲ သွားလိမ်လိုက်။’
သို့သော်ငြား နောက်တစ်စက္ကန့်တွင် ယွင်ကျုံးဟဲ့ လုံးဝမှင်သက်သွားရသည်။ လောကတွင် နံပါတ်တစ် နတ်ဆရာ ဆိုသည်မှာ မည်သူဖြစ်ကြောင်း ယွမ်ထျန်းရှဲ့က သူ့ကို ပြသလိုက်ခြင်း ဖြစ်၏။
ယွမ်ထျန်းရှဲ့သည် ခန်းမကြီးအတွင်းရှိ ဧရာမ ကျောက်တိုင်ကြီး တစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြ လိုက်၏။
“မှုတ်...”
ထိုမီးနဂါးသည် သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ရုတ်တရက်မှုတ်ထုတ်လိုက်သည်။
“ဝုန်း… ဝုန်း… ဝုန်း…”
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ခန်းမအတွင်းရှိ ဧရာမ ကျောက်တိုင်ကြီးမှာ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ ချက်ချင်း အမှုန့်ဖြစ်သွားတော့၏။
ဆက်လက်၍ ယွမ်ထျန်းရှဲ့သည် ခန်းမအတွင်းရှိ ကြေးခရားကြီး တစ်ခုကို လက်ညှိုးထိုးပြလိုက်ပြန်သည်။
“မှုတ်....”
ထို မီးနဂါးသည် နောက်တစ်ကြိမ် မှုတ်ထုတ်လိုက်ပြန်၏။
ကောင်းကင်ကို တုန်လှုပ်စေသော မီးတောက်ကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး မီးတောက်များက ထိုကြေးခရားကြီးကို ဝါးမျိုသွားသည်။
အချိန်တိုအတွင်းမှာပင် ဤကြေးခရားကြီးမှာ အလုံးစုံ အရည်ပျော်သွားပြီး ကြေးရည်များ အဖြစ်သို့ ပြောင်းလဲသွားတော့၏။
“သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”
“တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ… တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ။”
“မီးနဂါး သက်တော်ရာကျော် ရှည်ပါစေ… နိုင်ငံတော်စောင့် နတ်သားရဲ သက်တော်ရာကျော် ရှည်ပါစေ။”
လူတိုင်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးညွတ်လျက် အသံကျယ်ကျယ်ဖြင့် ကြွေးကြော် လိုက်ကြသည်။
ဤအချိန်တွင် ဒေသခံ ပုန်ကန်သူ စစ်သူကြီးများ သာမက ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း နောက်တစ်ကြိမ် မှင်သက်သွားတော့၏။
ဤစပါးအုံးမြွေကြီးက သေချာပေါက် မီးမမှုတ်နိုင်ချေ။ ဤသည်မှာလည်း ယွမ်ထျန်းရှဲ့၏ မျက်လှည့်ပညာ တစ်ခုသာ ဖြစ်သည်။
သို့သော်ငြား အလွန်… အလွန် တကယ့်အစစ်အတိုင်း ဖြစ်နေသည်။ အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှ၏။
............................
အပိုင်း (၃၄၄)
‘လီဝမ်ဖာ… ခင်ဗျားကို ကျုပ် အပြစ်မတင်တော့ပါဘူး။ ဒီလို နတ်ဘုရားတို့ရဲ့ အံ့ဖွယ်လုပ်ရပ်တွေ အောက်မှာ ခင်ဗျားလည်း သေချာပေါက် ဦးနှောက်ဆေးခံရမှာပဲ။ လီဝမ်ဖာ တစ်ယောက်တည်း ဦးနှောက်ဆေးခံရတာ မဟုတ်ဘဲ လီဝမ်ဖာရဲ့ လက်အောက်က တာ့ကျိုး စစ်တပ် အများအပြားလည်း ဦးနှောက်ဆေးခံရမှာပဲ။ အရမ်း… အရမ်း တော်လွန်းတယ်။ ယွမ်ထျန်းရှဲ့က ဘယ်သူလဲ။ ဒီနတ်ဆရာက အရမ်း အံ့ဩစရာ ကောင်းတာပဲ။’
ထို့နောက် ယွမ်ထျန်းရှဲ့သည် အောက်ယွီ ထံသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အောက်ယွီ ဟာ တောင်ပိုင်းဘုရင် ဖြစ်လာနိုင်မလား၊ မဖြစ်လာနိုင်ဘူးလား ဆိုတာ သိချင်ရင် အရမ်း လွယ်ပါတယ်။ မီးနဂါးကို သူ့ဆီ မီးမှုတ်ခိုင်းလိုက်ရုံပဲ။
အကယ်၍ သူ ဘာမှမဖြစ်ဘူးဆိုရင် သူဟာ ဟွမ်ထျန်း မီးနတ်မင်းရဲ့ သားတော် ဖြစ်တယ်ဆိုတာကို ကိုယ်စားပြုပြီး တောင်ပိုင်းဘုရင် ဖြစ်လာနိုင်တယ်။ အဲဒီလို မဟုတ်ရင်တော့ ပြာအဖြစ် လောင်ကျွမ်း သွားမှာပဲ။”
‘ချီးတဲ့မှ... စောစောက မီးတောက်တွေက အစစ်တွေလေ။ ပြီးတော့ အပူချိန် ဒီဂရီ ထောင်ချီရှိတဲ့ မီးတောက်တွေ။ ကြေးနီတွေတောင် အရည်ပျော်သွားသေးတာ။ ယွင်ကျုံးဟဲ့က သွေးနဲ့သားနဲ့ ဖွဲ့စည်းထားတဲ့ လူသားတစ်ယောက် ဖြစ်တဲ့အတွက် ချက်ချင်း မီးသွေးတုံးအဖြစ် လောင်ကျွမ်းသွားပြီး သေတာတောင် အရိုးပြာပဲ ကျန်တော့မှာ သေချာတယ်။’
“စစ်သူကြီးတို့… အောက်ယွီ ဟာ တောင်ပိုင်းဘုရင် ဟုတ်မဟုတ် သက်သေပြရမယ့် အချိန် ရောက်လာပါပြီ။ မီးနဂါး… မီးမှုတ်။”
ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံနှင့်အတူ ချက်ချင်းပဲ မီးနဂါးသည် ယွင်ကျုံးဟဲ့ ထံသို့ သွေးဆာနေသော ပါးစပ်ကြီးကို ဟကာ ရူးသွပ်မတတ် အော်ဟစ်လိုက်တော့၏။
ထို့နောက် ကောင်းကင်ကို တုန်လှုပ်စေသော မီးတောက်ကြီးများ ရုတ်တရက် ထွက်ပေါ်လာပြီး ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးကို ရုတ်တရက် လွှမ်းခြုံသွားကာ ပြင်းထန်စွာ လောင်ကျွမ်းတော့သည်။
ယွင်ကျုံးဟဲ့ တစ်ယောက် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရချိန်မှာတော့ ထိုနေရာတွင် ရှိနေသော ပုန်ကန်သူ စစ်သူကြီးများ၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားကြပြီး သနားစိတ်များပင် ဝင်လာမိကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စစ်သေနာပတိချုပ် အောက်ရှင်း၏ သားအရင်း ဖြစ်သောကြောင့်ပင်။
သို့သော်ငြား မည်သူတစ်ဦးတစ်ယောက်ကမှ ယွမ်ထျန်းရှဲ့ကို မဖီဆန်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်ဘုရား တစ်ပါးဖြစ်ပြီး ဘေးတွင်လည်း မီးနဂါး ဟူသော နိုင်ငံတော်စောင့် နတ်သားရဲ တစ်ကောင် ရှိနေသောကြောင့် ဖြစ်သည်။
ယွမ်ထျန်းရှဲ့၏ အမိန့်ကို ဖီဆန်သူတိုင်းသည် သေဆုံးခဲ့ရပြီး အလွန် ရက်စက်ကြောက်မက်ဖွယ်ကောင်းသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးခဲ့ရသည်။
သို့သော်ငြား နောက်ဆက်တွဲ မြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့၏။
ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း ကြိုတင် မျှော်လင့်ထားသော်လည်း အနည်းငယ် အံ့ဩသွားရသည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်များက သူ၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားသော်လည်း သူသည် လုံးဝ အန္တရာယ်ကင်းနေပြီး သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ အသက်အောင့်ထားရန်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤမီးတောက်များမှာ အလွန် နံစော်နေပြီး အဆိပ်ငွေ့များလည်း ပါဝင်နေသောကြောင့်ပင်။
ထို့အပြင် ပို၍ ထူးဆန်းသည်မှာ ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များမှာ မှိန်ပျပျ အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဤမြင်ကွင်း၏ သက်ရောက်မှုမှာ အလွန် ကြီးမားလှပြီး ကြက်သီးမွေးညင်း ထလုမတတ် ဖြစ်သွားစေ၏။ စောစောက သူတို့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ဧရာမ ကျောက်တိုင်ကြီး တစ်ခုသည် မီးတောက်များ ထိမှန်ပြီးနောက် ချက်ချင်း အမှုန့်ဖြစ်သွားခဲ့၏။
ကြေးခရားကြီးမှာလည်း မီးတောက်များ၏ ဝါးမျိုခြင်းကို ခံရပြီးနောက် ကြေးရည်များအဖြစ် အရည်ပျော်သွားခဲ့ရာ ဤမီးတောက်များမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးအစ မရှိသော စွမ်းအားများ ရှိနေကြောင်း ထင်ရှားလှသည်။
သို့သော်ငြား ယွင်ကျုံးဟဲ့၏ကိုယ်ပေါ်တွင် လောင်ကျွမ်းချိန်၌ လုံးဝ အန္တရာယ်ကင်းနေခဲ့ရာ ဤသည်က မည်သည့်အရာကို သက်သေပြနေသနည်း။
အမှန်တရားက ယွင်ကျုံးဟဲ့ အလွန် တော်နေခြင်းလား။ လုံးဝ မဟုတ်ချေ။
ယခုအခါ သူသည် အမှန်တကယ်ပင် အံ့ဩမှင်သက် သွားရသည်။ ဤ ယွမ်ထျန်းရှဲ့မှာ အမှန်တကယ်ပင် နတ်ဘုရား တစ်ပါးနီးပါး ဖြစ်နေပြီ ဖြစ်၏။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့၏ ကိုယ်ပေါ်၌ လောင်ကျွမ်းနေသော မီးတောက်များမှာ အစစ်အမှန် ဖြစ်သော်လည်း အေးမြသော မီးတောက်များ ဖြစ်ပြီး ဖော့စဖရပ် မီးတောက်များ ဟုလည်း ခေါ်ဆိုကြသည်။
ဤ ဖော့စဖရပ် မီးတောက်များ ဆိုသည်မှာ မီးစုန်း မဟုတ်သလို ကြက်သွေးရောင် ဖော့စဖရပ် မီးတောက်များ လည်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုမီးတောက် နှစ်မျိုးမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အရိုးများကိုပင် ပြာကျသွားအောင် လောင်ကျွမ်းစေနိုင်သောကြောင့်ပင်။
ဖော့စဖရပ် မီးတောက်များ ဆိုသည်မှာ ဖော့စဖရပ်ဟိုက်ဒရိုက် လောင်ကျွမ်းရာမှ ဖြစ်ပေါ်လာသော မီးတောက်များ ဖြစ်ပြီး အပူချိန် အလွန် နိမ့်ကျသော မီးတောက်များ ဖြစ်သည်။
ထို့ကြောင့် နွေရာသီတွင် သင်္ချိုင်းများပေါ်၌ တစ္ဆေမီးများကို မြင်တွေ့ရသော်လည်း မီးလောင်မှု မဖြစ်ပွားခြင်း ဖြစ်၏။ ရာသီဥတု ပူပြင်းခြောက်သွေ့နေသော်လည်း တစ္ဆေမီးများက ခြောက်သွေ့နေသော မြက်ပင်များကို မလောင်ကျွမ်းစေနိုင်ခြင်းမှာ ဤသဘောတရားကြောင့်ပင် ဖြစ်၏။
သုတေသနအချို့အရ တစ္ဆေမီးများ ဆိုသည်မှာ အစစ်အမှန် မီးတောက်များ လုံးဝ မဟုတ်ဘဲ သို့မဟုတ် မီးတောက် အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ အလင်းရောင် ထွက်ပေါ်ခြင်း သဘောတရား တစ်ခုသာ ဖြစ်ကြောင်း သိရသည်။
ဤသည်မှာ ယွင်ကျုံးဟဲ့ တစ်ယောက် မီးလောင်နေသကဲ့သို့ ထင်ရသော်လည်း အလုံးစုံ အန္တရာယ် ကင်းနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။
ထို့အပြင် စောစောက ဖူကျသည် သူ့ကို ဘုရင်ဝတ်ရုံ ဝတ်ဆင်ပေးခဲ့ရာ ဤဝတ်ရုံတွင်လည်း မီးလောင်ကျွမ်းမှုကို ကာကွယ်ပေးနိုင်သည့် စွမ်းရည်အချို့ ပါဝင်နေမည်မှာ သေချာသည်။
ဤသဘောတရားများအားလုံးကို ယွင်ကျုံးဟဲ့ သိရှိထားသော်လည်း လုံးဝ အံ့ဩမှင်သက်သွားမိဆဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် တစ္ဆေမီးများ ဆိုသည်မှာ အနာဂတ် ကမ္ဘာမြေပေါ်ရှိ သိပ္ပံပညာ ထွန်းကားသော ခေတ်တွင်ပင် အပြည့်အဝ နားလည်အောင် ရှင်းပြနိုင်ခြင်း မရှိသေးသောကြောင့်ပင်။
သို့သော် ဤ ယွမ်ထျန်းရှဲ့သည် သုတေသန ပြုလုပ်နိုင်ခဲ့ရုံသာမက တစ္ဆေမီး မျက်လှည့်များကိုပါ ဖန်တီးနိုင်ခဲ့သည်။
ဤကမ္ဘာပေါ်တွင် ဤမျှလောက် ကောင်းသော နတ်ဆရာ တစ်ဦး ရှိနေမည်ဟု လုံးဝ မထင်မှတ်ခဲ့မိချေ။ ထို့ကြောင့် သူသည် အင်ပါယာကြီးများစွာမှ တော်ဝင်မိသားစုများ၏ ဂုဏ်ထူးဆောင် ဧည့်သည်တော် ဖြစ်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။
ထို့အပြင် နိုင်ငံများစွာမှ မှူးမတ်များသည်လည်း သူ၏ တပည့်များ ဖြစ်နေကြသည်။
မျက်လှည့်ပညာ တစ်ခုတည်းကို ကြည့်လျှင်ပင် ဤလူသည် ဟွမ်ကျင်းတပ်ဖွဲ့မှ ကျန်းကျောက် (ဘာသာရေးဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သူ) ထက် အဆပေါင်းများစွာ ပို၍ တော်နေ၏။
ယွင်ကျုံးဟဲ့တွင် အနာဂတ်၏ ပညာဗဟုသုတများ ရှိနေသောကြောင့် ဤအရာမှာ မျက်လှည့်တစ်ခုသာ ဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်ပြီး ၎င်း၏ သဘောတရားများကို နားလည်နိုင်သော်လည်း ဤကမ္ဘာမှ လူများကမူ လုံးဝ နားလည်နိုင်မည် မဟုတ်ဘဲ သူ့ကို နတ်ဘုရား တစ်ပါးအဖြစ်သာ သတ်မှတ်ကြမည်မှာ သေချာသည်။
မီးတောက်များ ရပ်တန့်သွား၏။ ဧရာမ ဟွမ်ထျန်း မီးနဂါးကြီးလည်း သွေးဆာနေသော ပါးစပ်ကြီးကို ပိတ်လိုက်သည်။ ထို့နောက် ၎င်းသည် ယွင်ကျုံးဟဲ့၏ အရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားလာပြီး အနီရောင် လျှာကို ထုတ်ကာ ယွင်ကျုံးဟဲ့၏ နဖူးကို တစ်ချက် လျှက်လိုက်၏။
ထိုနေရာတွင် ရှိနေသူအားလုံး လုံးဝမှင်သက်သွားကြတော့၏။ တောင်ပိုင်းနိုင်ငံ၏ နိုင်ငံတော်စောင့် နတ်သားရဲသည် အောက်ယွီအပေါ် ဤမျှလောက် ရင်းနှီးမှုကို ပြသနေခြင်းက သူ့ကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားလှသည်။
မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “နိုင်ငံတော်စောင့် နတ်သားရဲက ဆုံးဖြတ်ချက် ချလိုက်ပြီ။ သူကမှ တောင်ပိုင်းနိုင်ငံရဲ့ အစစ်အမှန် ဘုရင်ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ တောင်ပိုင်းဘုရင်ကို အရိုအသေ မပေးကြသေးဘူးလား။”
ထိုနေရာတွင် ရှိနေသော ပုန်ကန်သူ စစ်သူကြီးများအားလုံး၏ အကြည့်များမှာ ထူးဆန်းပြီး အံ့ဩမှင်သက် နေကြ၏။
ထိုအချင်းအရာကို မြင်ချိန်မှာတော့ ယွမ်ထျန်းရှဲ့၏ အကြည့်များ အေးစက်သွားရာ ထိုနေရာတွင် ရှိနေသူ အားလုံး ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်ချကာ ပြောလိုက်ကြသည်။ “တောင်ပိုင်းဘုရင်ကို အရိုအသေ ပေးပါတယ်။”
ယခင်က မိမိကိုယ်မိမိ တောင်ပိုင်းဘုရင်အဖြစ် ကြေညာထားသော ဖူကျ ပင်လျှင် မြေပြင်ပေါ်တွင် ဝပ်တွား၍ အရိုအသေပေးလိုက်သည်။
ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် မည်သို့မည်ပုံမှန်း မသိဘဲ ဘုရင်ထိုင်ခုံပေါ်တွင် ထိုင်လျက် တောင်ပိုင်းဘုရင် ဖြစ်လာခဲ့ကာ ပုန်ကန်သူများ၏ ခေါင်းဆောင် ဖြစ်လာခဲ့တော့၏။
အောက်ချီသည် အလွန် ခေါင်းမာဆဲဖြစ်ပြီး မတ်တတ်ရပ်လျက် ငြိမ်သက်နေသော်လည်း ယွမ်ထျန်းရှဲ့က အေးစက်စက်ဖြင့် တစ်ချက် ကြည့်လိုက်ချိန်မှာတော့ အောက်ချီလည်း ချက်ချင်း ဒူးထောက်လိုက်ရသည်။
“တောင်ပိုင်းဘုရင်ကို အရိုအသေပေးပါတယ်။”
“တောင်ပိုင်းဘုရင်ကို အရိုအသေပေးပါတယ်။”
မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ပုန်ကန်သူ စစ်သူကြီးများ အများအပြားကို ကြည့်ကာ ယွင်ကျုံးဟဲ့ သည် အံ့ဩမှင်သက်မှု၏ နောက်ဆက်တွဲ ဂယက်တွင် လွင့်မျောနေဆဲ ဖြစ်၏။
ဤကမ္ဘာကြီးမှာ အလွန် ထူးဆန်းလွန်းလှသည်။ သူသည် ပုန်ကန်မှုကို နှိမ်နင်းရန် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း ပုန်ကန်သူများ၏ အဓိက စခန်းကြီးဖြစ်သော နန်ကျိုးသို့ ရောက်ရှိပြီး တစ်ရက်ပင် မပြည့်သေးမီ အချိန်အတွင်းမှာပင် တောင်ပိုင်းဘုရင် ဖြစ်လာခဲ့ကာ ပုန်ကန်သူများ၏ ခေါင်းဆောင် ဖြစ်လာခဲ့တော့၏။
‘ချီးတဲ့မှ... ကျုပ်က ပုန်ကန်မှုကို နှိမ်နင်းဖို့ လာတာပါဆို…’
ထိုအချိန်တွင် ဖူကျက ပြောလိုက်သည်။ “အရှင်မင်းကြီး… မဟာဆရာသခင်ကြီးကို ဆရာအဖြစ် ခံယူသင့်ပါပြီ။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီးနောက် ချက်ချင်း မတ်တတ်ရပ်ကာ ယွမ်ထျန်းရှဲ့၏ အရှေ့တွင် ဒူးထောက်လျက် ပြောလိုက်၏။ “ဆရာသခင်ကို အရိုအသေပေးပါတယ်။”
“ကောင်းပြီ… ကောင်းပြီ… ကောင်းပြီ…”
ယွမ်ထျန်းရှဲ့က ပြောလိုက်သည်။ “အောက်ယွီ… ခင်ဗျားဟာ တောင်ပိုင်းနိုင်ငံရဲ့ ဘုရင် ဖြစ်သွားပြီ။ ဖူကျ… ခင်ဗျားက တောင်ပိုင်းနိုင်ငံရဲ့ ဒု-ဘုရင် ဖြစ်မယ်။ အောက်ချီက တောင်ပိုင်းနိုင်ငံရဲ့ ကျိန့်ကော် မြို့စားကြီး ဖြစ်မယ်။ ခင်ဗျားတို့သုံးယောက်ဟာ တောင်ပိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုတွေပဲ။
ဒီနေ့က အရမ်း အလျင်လိုသွားတယ်။ နောက်ရှစ်ရက်အကြာ ဆယ့်နှစ်လပိုင်း ကိုးရက်နေ့ဟာ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်ပြီး တာ့ရစ်တောင်ထိပ်က ဟွမ်ထျန်း ဘုရားကျောင်းတော်ကို အမိုးအုပ်မယ့် အခမ်းအနား ကျင်းပမယ့်နေ့လည်း ဖြစ်တယ်။ အဲဒီနေ့ကျရင် ကျုပ်က ဟွမ်ထျန်း ဘုရားကျောင်းတော်ရဲ့ အရှေ့၊ လူတစ်သိန်းရဲ့ မျက်မှောက်မှာ ခင်ဗျားကို တရားဝင် ဘုရင်အဖြစ် ဘိသိတ်ခံပေးမယ်။ ဘယ်လိုလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဆရာသခင်ရဲ့ အမိန့်အတိုင်း ပါပဲ။”
ဖူကျက ပြောလိုက်သည်။ “ဆယ့်နှစ်လပိုင်း ကိုးရက်နေ့မှာ ဟွမ်ထျန်း ဘုရားကျောင်းတော် အမိုးအုပ်တာ ပြီးစီးမယ်။ ကျုပ်ညီ အောက်ယွီက ဘုရင်အဖြစ် ဘိသိတ်ခံရမယ်။ ဒါဟာ မင်္ဂလာ နှစ်ထပ်ကွမ်းပဲ။”
ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “အဲဒါဆိုရင် တောင်ပိုင်းဘုရင်က ဆက်လက်ပြီး ရေချိုးသန့်စင်၊ နံ့သာရည်တွေ လိမ်းကျံပြီး နန်းတော်ထဲမှာပဲနေပါ။ ဆယ့်နှစ်လပိုင်း ကိုးရက်နေ့ ဘိသိတ်ခံယူပွဲ အခမ်းအနားကို အေးအေးဆေးဆေး စောင့်ဆိုင်းနေလိုက်ပါ။”
“အမိန့်တော်အတိုင်းပါ။” ယွင်ကျုံးဟဲ့က ဦးညွတ်၍ ပြန်ဖြေလိုက်သည်။
ယွမ်ထျန်းရှဲ့သည် အပြင်ဘက်သို့ လျှောက်သွားရာ ထိုမီတာသုံးဆယ်ကျော် ရှည်လျားသော ဧရာမ မီးနဂါးကြီးလည်း သူနှင့်အတူ ထွက်ခွာသွားတော့၏။
“မဟာဆရာသခင်ကြီးကို ပို့ဆောင်ပါတယ်။”
“မဟာဆရာသခင်ကြီးကို ပို့ဆောင်ပါတယ်။”
ပုန်ကန်သူ စစ်သူကြီးများအားလုံး မြေပြင်ပေါ်တွင် ဝပ်တွားကာ ယွမ်ထျန်းရှဲ့ကို ပို့ဆောင်လိုက်ကြသည်။
သူ ထွက်ခွာသွားပြီးနောက် လူတိုင်း သက်ပြင်းချနိုင်သွားကြပြီး သူ၏အပေါ် ကြောက်ရွံ့ရိုသေမှုမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှ၏။
ဖူကျက ပြောလိုက်သည်။ “ဒီနေ့ စားသောက်ပွဲကို ဒီမှာတင် အဆုံးသတ်ကြတာပေါ့။ ကျုပ်တို့ရဲ့ ဘုရင်သစ်လည်း ခရီးမိုင်သောင်းချီ နှင်လာရလို့ ပင်ပန်းနေလောက်ပြီ။ သွားနားသင့်ပြီ။ လာကြစမ်း... တောင်ပိုင်းဘုရင်ကို နားနေဆောင်ဆီ ပို့ပေးလိုက်။”
ထို့နောက် အမျိုးသမီး စစ်သည်အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို ခန်းမကြီးထဲမှ ခေါ်ဆောင်သွားကာ အခန်းတစ်ခုသို့ ပို့ဆောင်ပေးလိုက်ကြ၏။
ရွှေရောင် တောက်ပနေသော ခုတင်ပေါ်တွင် လှဲလျောင်းရင်း ယွင်ကျုံးဟဲ့သည် နက်ရှိုင်းသော စဉ်းစား တွေးတောမှု အခြေအနေထဲသို့ ရောက်ရှိသွားတော့သည်။
ဤအခန်းသည် ယခင်က အောက်ရှင်း နေထိုင်ခဲ့ဖူးသော အခန်းဖြစ်သော်လည်း ဤခုတင်မှာမူ မြို့စားကြီး ကျိုးလုံ အသစ်ပြုလုပ်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလွန် ဇိမ်ကျလွန်းသောကြောင့်ပင်။
...............................................