အခန်း (၃၄၅-၃၄၆)
Vol. 30 Ch. 345-346
အပိုင်း (၃၄၅)
မျက်စိရှေ့ရှိ ဤအခြေအနေက မည်သို့ သဘောမျိုးနည်း။
သူ အောက်ယွီသည် တောင်ပိုင်းဘုရင် အသစ် ဖြစ်လာခဲ့ပြီး ယွမ်ထျန်းရှဲ့ကို ဆရာအဖြစ် ခံယူလိုက်ရကာ ဤအရာအားလုံးမှာ အလွန် ထူးဆန်းလွန်းလှသည်။
အရေးအကြီးဆုံးမှာ မည်သူမဆို လုပ်ရပ်တစ်ခု လုပ်တိုင်း ရည်ရွယ်ချက် တစ်ခုခု ရှိစမြဲ ဖြစ်ရာ ထိုယွမ်ထျန်းရှဲ့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာနည်း။
အမှန်တကယ်တော့ သူသည်သာလျှင် ပုန်ကန်သူများ၏ အစစ်အမှန် ခေါင်းဆောင် ဖြစ်ပြီး သန်းချီသော ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်လည်း ဖြစ်ကာ နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူသည် အမြင့်ဆုံးသော ဘာသာရေး အာဏာကို တည်ဆောက်လိုခြင်းလား။ အလယ်ခေတ် ဥရောပရှိ ပုပ်ရဟန်းမင်းကြီးများကဲ့သို့ ဘုရင်အားလုံးသည် ပုပ်ရဟန်းမင်းကြီး၏ ဘိသိတ်ပေးမှုကို ခံယူရသကဲ့သို့ ဖြစ်လိုခြင်းလား။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် အောက်ယွီကို တောင်ပိုင်းဘုရင် အဖြစ် ခန့်အပ်ရသနည်း။ ဖူကျကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည် မဟုတ်ပါလား။ ထို့အပြင် သူသည် ယခင်က မိမိကိုယ်မိမိ တောင်ပိုင်းဘုရင်အဖြစ် ကြေညာထားခဲ့ပြီး ဖြစ်သည်။
သို့သော်ငြား ယွင်ကျုံးဟဲ့ ရဲရဲဝံ့ဝံ့ အာမခံနိုင်သည်မှာ ဤယွမ်ထျန်းရှဲ့သည် အလွန် ကြီးမားသော ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်သည်။
ဤနတ်ဆရာမှာ အလွန် တော်လွန်းပြီး မျက်လှည့်များကလည်း အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်း သောကြောင့် တောင်ပိုင်းလူရိုင်းနယ်မြေ ကဲ့သို့သော နေရာမျိုးတွင် အသိဉာဏ်နည်းပါးသူများစွာကို လျင်မြန်စွာ လွှမ်းမိုးနိုင်မည်မှာ သေချာ၏။
နောက်ထပ် ခြောက်လခန့် အချိန်ရပါက ဒေသခံ သန်းနှစ်ဆယ်ကျော်သည် သူ့ကို နတ်ဘုရား တစ်ပါးအဖြစ် သတ်မှတ်ကာ အပြည့်အဝ ယုံကြည်ကိုးကွယ်လာကြမှာ ဖြစ်သည်။
တာ့ကျိုးအင်ပါယာမှ ရွှေ့ပြောင်းလာသူ အများအပြားပင်လျှင် သူ့ကို ယုံကြည်လာကြမှာဖြစ်သည်။ သစ္စာရှိမြို့စား လီဝမ်ဖာ ပင်လျှင် သူ့ကို လုံးဝ ယုံကြည်ကာ တိုက်ရိုက် ပုန်ကန်သွားခဲ့သည် မဟုတ်ပါလား။
အကယ်၍ ထိုအချိန်သို့သာ ရောက်ရှိသွားပါက တောင်ပိုင်း တစ်ခုလုံးသည် အမှန်တကယ်ပင် တောမီးလောင်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး ပုန်ကန်မှုကို လုံးဝ နှိမ်နင်းနိုင်တော့မည် မဟုတ်ဘဲ မြောက်ပိုင်းသို့ပင် ပျံ့နှံ့သွားနိုင်သည်။
ထို့အပြင် ဤကဲ့သို့သော မီးတောက်မျိုးမှာ မကောင်းဆိုးဝါးဆန်ပြီး လူမှုအဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်း အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။
ရှေးခေတ်မှ ယနေ့ခေတ်အထိ ဟွမ်ကျင်း တပ်ဖွဲ့ဖြစ်စေ၊ ပိုင်လျန်ဂိုဏ်း၊ ဟုန်လျန်ဂိုဏ်း တို့ဖြစ်စေ အားလုံးသည် ဤကဲ့သို့ပင် ဖြစ်ကြပြီး ရူးသွပ်မတတ် ပြုမူကြကာ ဖျက်ဆီးခြင်းကိုသာ သိကြပြီး တည်ဆောက်ခြင်းကို မသိကြချေ။
ထိုက်ဖျင် ကောင်းကင်နိုင်ငံတော်က အနည်းငယ် ပိုကောင်းသော်လည်း ဖျက်ဆီးနိုင်စွမ်းမှာ အလွန် ကြီးမားလှသည်။
ထို့အပြင် ယခုအချိန်တွင် ဤကမ္ဘာပေါ်ရှိ အင်ပါယာကြီး သုံးခုလုံးမှာ ယဉ်ကျေးမှု ထွန်းကားသော နိုင်ငံများ ဖြစ်ကြပြီး ချင်းမင်းဆက် ကဲ့သို့ လူမျိုးခြားများ အုပ်ချုပ်သော နိုင်ငံမျိုး မဟုတ်ချေ။
နောက်ရက်များတွင် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းဘုရင် နန်းတော်ဟု ခေါ်ဆိုသော နေရာ၏ နောက်ဘက် ခြံဝင်းအတွင်း၌ အမြဲတမ်း အကျယ်ချုပ် ချခံထားရသည်။
သူ၏ သွားလာလှုပ်ရှားခွင့်မှာ စတုရန်းမီတာ နှစ်ရာထက် မပိုချေ။ သူ နောက်ဘက်ခြံဝင်း တံခါးမှ အပြင်သို့ ထွက်ရန် ကြိုးစားတိုင်း တားဆီးခံရလေ့ ရှိသည်။ အကြောင်းပြချက်များကလည်း အလွန် ခိုင်လုံနေ၏။
ပထမဦးစွာ အောက်ယွီသည် မကြာမီ တောင်ပိုင်းဘုရင် အဖြစ် ဘိသိတ်ခံရတော့မှာ ဖြစ်သောကြောင့် ဤကာလအတွင်း နေ့စဉ် ရေချိုးသန့်စင်၊ နံ့သာရည်များ လိမ်းကျံပြီး စိတ်ကို ဖြူစင်စွာထားကာ တရားထိုင် နေသင့်သည်ဟု ပြောလိုက်သည်။
ဒုတိယအနေဖြင့် သင်သည် တောင်ပိုင်းဘုရင်အသစ် ဖြစ်လာမှာဖြစ်ရာ အကယ်၍ အပြင်ထွက်ပြီး လုပ်ကြံခံရပါက မည်သို့ လုပ်မည်နည်းဟု ပြောပြန်၏။
ယွင်ကျုံးဟဲ့ လည်း အလောတကြီး မဖြစ်ဘဲ ရောက်ရာအရပ်မှာ ပျော်မွေ့စွာ နေထိုင်သည့် ဟန်ပန်ကို ပြသနေလိုက်၏။ သို့သော် နေ့စဉ်နေ့တိုင်း သူ စဉ်းစားနေခဲ့သည်။
ထို့အပြင် တစ်ဖက်လူများက သူ၏ ခရီးဆောင်အိတ်ကိုလည်း ပြန်ပေးခဲ့ကြသည်။ အမှန်တကယ်တော့ ပစ္စည်းများစွာ မပါဝင်ဘဲ ဓားတစ်လက်၊ ခါးပတ်တစ်ကွင်းနှင့် စာအုပ်အချို့သာ ပါဝင်၏။
ဤပစ္စည်းများမှာလည်း အလွန် ကံဆိုးလှသည်။ ယွင်ကျုံးဟဲ့ ကျန်းကျိုးမြို့မှ မြို့တော်သို့ သယ်ဆောင် လာစဉ်က တောင်ပိုင်းကျိုးအင်ပါယာ၏ ဟေးပင်းထိုင်က သိမ်းဆည်းထားခဲ့၏။ သူ တောင်ပိုင်းသို့ ပုန်ကန်မှု နှိမ်နင်းရန် ထွက်ခွာမည့် အချိန်ရောက်မှသာ ဟေးပင်းထိုင်က ဤပစ္စည်းများကို ယွင်ကျုံးဟဲ့ ထံ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ဤပစ္စည်းများသည် ယွင်ကျုံးဟဲ့၏ အသက်သွေးကြောများဟုပင် ဆိုနိုင်ပြီး ပိုင်ရှင်မဲ့ နယ်မြေမှစ၍ နည်းလမ်းပေါင်းစုံဖြင့် အနားတွင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား အပြင်ပန်းကိုသာ ကြည့်ပြီး စစ်ဆေးပါက ဤပစ္စည်းသုံးခုတွင် မည်သည့် ထူးခြားချက်မှ တွေ့ရှိနိုင်မည် မဟုတ်ချေ။ အကြိမ်ဆယ်ချီ၊ ရာချီ စစ်ဆေးလျှင်ပင် အချည်းနှီးသာ ဖြစ်ပေမည်။
...........
ဆယ့်နှစ်လပိုင်း ငါးရက်နေ့ည...
မနက်ဖြန် ဆိုလျှင် ဆယ့်နှစ်လပိုင်း ခြောက်ရက်နေ့သို့ ရောက်ရှိမည်ဖြစ်ပြီး စိတ်ကျန်းမာရေးလူနာ အသစ်ကို မဲနှိုက်ရွေးချယ်နိုင်တော့မှာ ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ယွင်ကျုံးဟဲ့သည် အလွန် တည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် မည်သည့် စိတ်ကျန်းမာရေးလူနာကို ရရှိမည်ကို သူ အကြမ်းဖျင်း သိရှိနေသောကြောင့် ဖြစ်၏။
ဤရက်ပိုင်း အကျယ်ချုပ် ချခံထားရစဉ်အတွင်း သူသည် စာဖတ်လိုက်၊ စာရေးလိုက်၊ ပန်းချီဆွဲလိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေပြီး အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။
အပြင်ဘက်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို မသိသလို တောင်ပိုင်းပြည်နယ် ဝန်ကြီးချုပ် မြို့စားကြီး ကျိုးလုံ နှင့် တာ့ကျိုးအင်ပါယာ၏ အခြားသော အမတ်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိချေ။
ပုန်ကန်မှု မည်မျှအထိ ပျံ့နှံ့နေပြီကို မသိသလို မည်သည့် မြို့ရွာများ ကျဆုံးသွားပြီကိုလည်း မသိချေ။ တစ်လကျော် အချိန် ကုန်ဆုံးသွားပြီ ဖြစ်ရာ ဖူယန်ထူ၏ တပ်တော်ကြီး မည်သည့်နေရာသို့ ရောက်ရှိနေပြီ ကိုလည်း မသိချေ။ အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်နေခြင်း ဖြစ်သည်။
ည ဆယ်နာရီခန့်တွင် ယွင်ကျုံးဟဲ့သည် မျက်လုံးများကိုမှိတ်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ ဤရက်ပိုင်းအတွင်း သူသည် လူတစ်ယောက် ပေါ်လာမည့် အချိန်ကို အမြဲတမ်း စောင့်မျှော်နေခဲ့၏။
ရုတ်တရက် အရိပ်မည်း တစ်ခု ဝင်ရောက်လာသည်။
ယွင်ကျုံးဟဲ့ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများကို အုပ်ခံလိုက်ရ၏။
“အသံ မထွက်နဲ့။”
ယွင်ကျုံးဟဲ့သည် ဤလူ၏ အသံကိုမှတ်မိလိုက်၏။ ဖခင် အောက်ရှင်း၏ နောက်ထပ် မွေးစားသား တစ်ဦး ဖြစ်သော အောက်ချီ ဖြစ်ပြီး ယွင်ကျုံးဟဲ့ သူ့ကို စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
“ခင်ဗျားကို ကျုပ် ခေါ်သွားမယ်။ အစကနေ အဆုံးအထိ အသံ လုံးဝ မထွက်နဲ့။ ကြားလား။”
ထို့နောက် အောက်ချီသည် ယွင်ကျုံးဟဲ့ကို ချိုင်းကြားတွင် ညှပ်ကာ တိုက်ရိုက် ခေါ်ဆောင်သွားရန် ပြင်လိုက်၏။
ယွင်ကျုံးဟဲ့က တိုးတိုးလေး ပြောလိုက်သည်။ “နေပါအုံး။ ကျုပ် မလိုက်ဘူး။”
အောက်ချီက ပြောလိုက်၏။ “ခင်ဗျားက တောင်ပိုင်းဘုရင် ဖြစ်လာမယ့် အိပ်မက်ကို မက်နေတုန်းပဲလား။ ဆယ့်နှစ်လပိုင်း ကိုးရက်နေ့မှာ ခင်ဗျား ဘုရင်အဖြစ် ဘိသိတ်ခံရမယ့် အချိန်ကို စောင့်နေတုန်းပဲလား။ စိတ်ကူးမယဉ်ပါနဲ့တော့။ အဲဒီအချိန်ရောက်ရင် ခင်ဗျား သေချာပေါက် အသတ်ခံရမှာပဲ။
ခင်ဗျားက အသုံးမကျပေမယ့် မွေးစားဖခင်ရဲ့ တစ်ဦးတည်းသောသား ဖြစ်နေတဲ့အတွက် ခင်ဗျား သေမှာကို ကျုပ် မကြည့်ရက်နိုင်ဘူး။”
ဤအရာမှာ အမှန်တကယ်ပင် အလွန် ထူးဆန်းလွန်းလှသည်။ ယွမ်ထျန်းရှဲ့သည် အောက်ယွီကို ဘုရင်သစ်အဖြစ် တင်မြှောက်ပြီး လူတစ်သိန်းရှေ့တွင် ဘုရင်အဖြစ် ဘိသိတ်ခံပေးမည်ဟု ဆိုထားသည် မဟုတ်ပါလား။
အဘယ်ကြောင့်နည်း။ အရာရာတိုင်းတွင် ထူးဆန်းမှုများ ပြည့်နှက်နေသည်။
သို့သော်ငြား ယွင်ကျုံးဟဲ့ ခန့်မှန်းထားသည့်အတိုင်းပင် ဤ အောက်ချီသည် အမှန်တကယ်ပင် ဖြူစင်သော စိတ်ထားရှိပြီး အောက်ရှင်းကို ဖခင်အရင်းတစ်ယောက်ကဲ့သို့ အမှန်တကယ် သတ်မှတ်ထားကြောင်း ထင်ရှားလှ၏။
ယခုအချိန်တွင် သူ လာရောက်၍ ယွင်ကျုံးဟဲ့ကို ကယ်တင်ခြင်းမှာ ဒေသခံ ပုန်ကန်သူများအတွက်၊ သူ၏ အစ်ကို ဖူကျ အတွက် လုံးဝ သစ္စာဖောက်ခြင်းဖြစ်ပြီး အသက်ကို စွန့်စားရမှာဖြစ်သော်လည်း သူ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ကျုပ် မလိုက်ဘူး။ ကျုပ် မလိုက်ဘူး။”
ယွင်ကျုံးဟဲ့က တိုးတိုးလေး ပြောလိုက်၏။ “အစ်ကို အောက်ချီ… ကျုပ် အစ်ကို့ကို အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ။”
“စိတ်ကူး မယဉ်ပါနဲ့။ ကျုပ် ခင်ဗျားအသက်ကိုကယ်တင်ဖို့ ဆန္ဒရှိပေမယ့် ကျုပ်အစ်ကိုကို သတ်ဖို့ ကူညီခိုင်းတာမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး။ ကျုပ်က ဒေသခံ ဖြစ်တယ်။ ကျုပ်အစ်ကို ကို ကျုပ် ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူး။ ကျုပ်ရဲ့ လူမျိုးကိုလည်း ကျုပ် ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူး။”
အောက်ချီက ပြောလိုက်သည်။ “ပြီးတော့ ကျုပ် ထင်တာက တာ့ကျိုး ဆိုတာ တာ့ကျိုးပဲ၊ တောင်ပိုင်း ဆိုတာ တောင်ပိုင်းပဲ။ တာ့ကျိုးက ကျုပ်တို့ကို ဒီလောက် ဖိနှိပ်နေတာ ကျုပ်တို့ကို ဘယ်တော့မှ ကိုယ့်လူလို့ သဘောထားမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ကိုယ်ပိုင် နိုင်ငံတည်ထောင်တာကမှ တစ်ခုတည်းသော ရွေးချယ်မှုပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “မဟုတ်ဘူး။ အစ်ကို ထင်နေတာမှားနေပြီ။ ဖူကျကို သတ်ခိုင်းဖို့ ကျုပ် ရည်ရွယ်ထားတာ မဟုတ်ဘူး။ တခြား ကိစ္စတစ်ခု ရှိလို့ပါ။”
ဤသို့ ပြောနေစဉ်မှာပင် ယွင်ကျုံးဟဲ့၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။ “လူလာကြပါအုံး။ လုပ်ကြံသူ ရှိတယ်။ လုပ်ကြံသူက ကျုပ်ကို သတ်တော့မယ်။
အောက်ချီ… ခင်ဗျားက ကျုပ်အဖေရဲ့ မွေးစားသားလေ။ အဖေက ခင်ဗျားအပေါ် ကျေးဇူး ကြီးမားခဲ့တာကို အခု ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာလား။ ကျုပ်ကို သတ်ချင်နေတာလား။ လူလာကြပါအုံး။ ကယ်ကြပါအုံး။ ကယ်ကြပါအုံး။ အောက်ချီက ကျုပ်ကို သတ်တော့မယ်…”
နောက်တစ်စက္ကန့်တွင် လူဆယ်ယောက်ကျော်သည် ရုတ်တရက် အပြေးအလွှား ဝင်ရောက်လာကြပြီး ဦးဆောင်လာသူမှာ ဖူကျ ဖြစ်၏။
သူ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ အောက်ချီ၏ လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားပြီး ထိုဓားမှာ အောက်ယွီ၏ လည်ပင်းပေါ်တွင် ရောက်ရှိနေကာ သွေးများပင် စိမ့်ထွက်နေပြီ ဖြစ်သည်။
ဖူကျက ဒေါသတကြီး အော်ဟစ်လိုက်၏။ “အောက်ချီ… ခင်ဗျား ဘာလုပ်နေတာလဲ။ ခင်ဗျား ပုန်ကန်ချင်နေတာလား။ သူက ကျုပ်တို့ရဲ့ ညီလေး ဖြစ်ရုံတင် မကဘူး။ ကျုပ်တို့ရဲ့ တောင်ပိုင်းဘုရင် အသစ်လည်း ဖြစ်နေပြီလေ။”
အောက်ချီ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အေးစက်စက်ဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ် အရင်က ပြောခဲ့တဲ့ စကားအတိုင်းပဲ။ တောင်ပိုင်း ဆိုတာ တောင်ပိုင်းပဲ၊ တာ့ကျိုး ဆိုတာ တာ့ကျိုးပဲ။ အောက်ယွီက တာ့ကျိုးလူမျိုး ဖြစ်တယ်။ ဘယ်လိုလုပ်ပြီး တောင်ပိုင်းဘုရင် ဖြစ်လာနိုင်မှာလဲ။ အစ်ကိုကမှ တောင်ပိုင်းဘုရင် ဖြစ်သင့်တာ။”
ထို့နောက် သူသည် လက်ထဲရှိ ဓားကို ရုတ်တရက် ချိုးဖဲ့လိုက်ပြီး အပြင်ဘက်သို့ လျှောက်သွားကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျုပ် မဟာဆရာသခင်ကြီးဆီ သွားပြောမယ်။ တာ့ကျိုးလူမျိုး တစ်ယောက်ကို ဘုရင်သစ်အဖြစ် လုံးဝ အသိအမှတ်ပြုလို့ မရဘူး။”
အောက်ချီသည် ဤသို့ဖြင့် ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ဖူကျက ရှေ့သို့တက်လာပြီး ညင်သာစွာ ပြောလိုက်၏။ “ညီလေး အောက်ယွီ… လန့်သွားပြီလား။ လန့်သွားပြီလား။ လာကြစမ်း... တောင်ပိုင်းဘုရင်ကို ကာကွယ်ဖို့ လူတွေ ထပ်တိုးချလိုက်။ ဒီနေ့ကစပြီး ကျုပ်ရဲ့အမိန့် မပါဘဲ ဘယ်သူမှ ဒီနောက်ဘက်ခြံဝင်းထဲကို မဝင်ရဘူး။”
“အမိန့်တော်အတိုင်းပါ။”
ဖူကျ၏ အမိန့်ပေးသံနှင့်အတူ အောက်ယွီ နေထိုင်ရာ နောက်ဘက်ခြံဝင်းအတွင်းသို့ ဒေသခံ စစ်သည် ရာချီ ထပ်မံ ရောက်ရှိလာခဲ့ရာ ယခုအခါ မည်သူမှ အောက်ယွီထံ ချဉ်းကပ်၍ မရနိုင်တော့ချေ။ အောက်ချီ ပင်လျှင် ချဉ်းကပ်၍ မရတော့ပေ။
ဖူကျက ရင်းနှီးစွာ ပြုံးလျက် ပြောလိုက်၏။ “ညီလေး… ဆယ့်နှစ်လပိုင်း ကိုးရက်နေ့ ရောက်လာမယ့် အချိန်ကို အေးအေးဆေးဆေး စောင့်နေလိုက်ပါတော့။ အဲဒီအချိန်ကျရင် တပ်တော်ကြီး တစ်သိန်းရှေ့မှာ မဟာဆရာသခင်ကြီးက ခင်ဗျားကို ဘုရင်အဖြစ် ဘိသိတ်ခံပေးလိမ့်မယ်။”
ထို့နောက် ဖူကျ လည်း ထွက်ခွာသွားတော့သည်။
ယွင်ကျုံးဟဲ့၏ ခြံဝင်းငယ်လေးမှာ အလွန် တင်းကျပ်စွာ ဝိုင်းရံပိတ်ဆို့ခံထားရပြီး အနည်းငယ် ပုံကြီးချဲ့ ပြောရလျှင် ကြွက်တစ်ကောင်ပင် ဝင်ရောက်၍ မရနိုင်တော့လောက်အောင် ဖြစ်နေ၏။
အောက်ချီသည် မိမိ၏ နေအိမ်သို့ ပြန်ရောက်ပြီးနောက် ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည်ကို သေချာအောင် စစ်ဆေးပြီးမှ ဆံပင်ထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။
ဤသည်မှာ စောစောက အမှောင်ထဲတွင် ယွင်ကျုံးဟဲ့က သူ၏ ဆံပင်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်ခြင်း ဖြစ်၏။
သူသည် လက်ထဲရှိ ကျိုးနေသော ဓားကို စားပွဲပေါ်သို့ ချလိုက်ပြီးနောက် ဆံပင်ထဲမှ ထုတ်ယူလိုက်သော ပစ္စည်းမှာ စက္ကူလိပ်လေး တစ်ခု ဖြစ်ကြောင်းတွေ့ရှိလိုက်ရ၏။
ဖြန့်ကြည့်လိုက်ချိန်မှာတော့ ဤစက္ကူလိပ်လေးမှာ ယွင်ကျုံးဟဲ့က သူ့ထံ ပေးပို့လိုက်သော လျှို့ဝှက်စာ ဖြစ်နေသည်။ “အစ်ကို အောက်ချီ… ကျုပ်အဖေကို ထောက်ထားပြီး ကျုပ်ကို ကိစ္စတစ်ခုလောက် ကူညီပေးပါ။”
နာရီဝက်ခန့် အကြာတွင် အောက်ချီသည် ဒေါသတကြီးဖြင့် မြင်းစီးကာ နန်ကျိုးမြို့မှ ထွက်ခွာသွားပြီး မိုင်နှစ်ရာ အကွာအဝေးရှိ တာ့ရစ်တောင်သို့ ဦးတည်သွားတော့၏။
ဖူကျက မည်သည့်နေရာသို့ သွားမည်နည်းဟုမေးရာ အောက်ချီက မဟာဆရာသခင်ကြီးကို သွားတွေ့ပြီး တာ့ကျိုးလူမျိုး တစ်ယောက်အား တောင်ပိုင်းဘုရင်အဖြစ် ခန့်အပ်ခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဖူကျသည် အောက်ချီကို မတားဆီးနိုင်သောကြောင့် တာ့ရစ်တောင်သို့ သွားခွင့်ပြုလိုက်ရတော့၏။ “ဟူး… ကျုပ်ရဲ့ မိုက်မဲတဲ့ ညီလေးရယ်… ခင်ဗျား ဘာမှကို နားမလည်တာပဲ။”
...................
အပိုင်း (၃၄၆)
ဆယ့်နှစ်လပိုင်း ခြောက်ရက်နေ့ ည...
ယွင်ကျုံးဟဲ့သည် အကျယ်ချုပ် ချခံထားရဆဲဖြစ်ပြီး ယခုအခါ မည်သူမှ ဝင်ရောက်တွေ့ဆုံခွင့် မရတော့သည့် အပြင် သူကိုယ်တိုင်လည်း နောက်ဘက်ခြံဝင်းမှ အပြင်သို့ ထွက်ခွင့် မရတော့သလို ဤအခန်းထဲမှပင် အပြင်သို့ ထွက်ခွင့် မရတော့ချေ။
ယနေ့ညသည် စိတ်ကျန်းမာရေးလူနာ အသစ်ကို လဲလှယ်ရမည့် နေ့ဖြစ်သည်။ ဤနေ့ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဆယ့်တစ်လပိုင်း ဆယ့်တစ်ရက်နေ့မှ စတင်၍ သူ၏ကိုယ်ပေါ်တွင် စိတ်ကျန်းမာရေးလူနာ အကူအညီ မရှိခဲ့သောကြောင့် အမှန်တကယ်ပင် ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။
အိပ်ပျော်သွားပြီး မကြာမီမှာပင် အကျွမ်းတဝင်ရှိသော အိပ်မက်ကမ္ဘာ၊ X စိတ်ကျန်းမာရေးဆေးရုံ၏ အစည်းအဝေးခန်းငယ်လေး အတွင်းသို့ ရောက်ရှိသွားတော့၏။
ဤနေရာတွင် စိတ်ကျန်းမာရေးလူနာ နှစ်ဆယ့်ငါးဦးသာ ရှိနေဆဲဖြစ်ပြီး အမှတ်(၁)၊ (၂)၊ (၃) စိတ်ကျန်းမာရေး လူနာများမှာ လျှို့ဝှက်ဆန်းကြယ်စွာ ရှိနေဆဲ ဖြစ်သည်။
အမှတ်(၈) ဘီသိုဗင်မှာမူ မြေအောက်အကျဉ်းခန်းထဲတွင် ပိတ်လှောင်ခံထားရဆဲ ဖြစ်၏။
အလင်းတန်း စတင်ထိုးဆင်းလာပြီးနောက် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
မဲနှိုက်ရွေးချယ်မှု စတင်ပြီ ဖြစ်၏။
အလင်းတန်းသည် အဆက်မပြတ် ရွေ့လျားနေပြီး စိတ်ကျန်းမာရေးလူနာ တစ်ဦးချင်းစီ၏ မျက်နှာပေါ်သို့ ထိုးကျနေသည်။
လေး၊ သုံး၊ နှစ်၊ တစ်… ကျပန်း မဲနှိုက်ရွေးချယ်မှု ပြီးဆုံးသွားပြီ ဖြစ်၏။
နောက်တစ်လအတွက် ယွင်ကျုံးဟဲ့ကို အကူအညီပေးမည့် စိတ်ကျန်းမာရေးလူနာ အသစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
အမှတ်(၉) ကွမ်တန် - အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိသည်ဟု ကြွေးကြော်ထားသော စိတ်ကျန်းမာရေးလူနာ ပင်ဖြစ်၏။
ယွင်ကျုံးဟဲ့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သော်လည်း ဤအရာက သူ့ကို ယခင်က မရှိခဲ့ဖူးသော စိတ်အားထက်သန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်က ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်းကို သက်သေပြနေပြီး ပုန်ကန်မှုကို နှိမ်နင်းရန်နှင့် ရန်သူများကို ချေမှုန်းရန် သူ၏ အစီအစဉ်များမှာလည်း မှန်ကန်ကြောင်းကို သက်သေပြနေသောကြောင့် ဖြစ်၏။
ယွင်ကျုံးဟဲ့၏ စိတ်ကူးထဲတွင်မူ ထိုမြင်ကွင်းမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်အောင် အလွန် အံ့မခန်းဖွယ်ရာ ကောင်းလှသည်။
အမှန်တကယ်ပင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပုန်ကန်သူ တစ်သိန်းကို ဤကမ္ဘာမြေပေါ်မှ အပြီးအပိုင် ဖျောက်ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ အစစ်အမှန် နတ်ဘုရားတို့၏ လုပ်ရပ်ပင် ဖြစ်၏။
......................
ဆယ့်နှစ်လပိုင်း ခုနစ်ရက်နေ့...
အစေခံမလေး ဆယ်ကျော်ခန့် ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့ကို ရေချိုးသန့်စင်ပေးကာ အဝတ်အစားများ လဲလှယ်ပေးကြသည်။
တစ်ကိုယ်လုံးကို အညစ်အကြေးကင်းစင်သွားအောင် သန့်စင်ပေးလိုက်ပြီးနောက် ဘုရင်ဝတ်ရုံ အသစ်ကို ဝတ်ဆင်ပေးလိုက်ကြ၏။
ဤဘုရင်ဝတ်ရုံပေါ်ရှိ ပုံဖော်ထားသော ပန်းချီကားမှာ ယွမ်ထျန်းရှဲ့၏ အနားတွင် ရှိနေသော နိုင်ငံတော်စောင့် နတ်သားရဲ ဟွမ်ထျန်း မီးနဂါး ပင် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သရဖူကို ဆောင်းပေးခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆယ့်နှစ်လပိုင်း ကိုးရက်နေ့တွင် ယွမ်ထျန်းရှဲ့က သူ့ကို ဘိသိတ်ခံပေးမည့် အချိန်ရောက်မှသာ သရဖူကို ဆောင်းပေးမှာ ဖြစ်သောကြောင့်ပင်။
ဖူကျ ဝင်ရောက်လာပြီး ပြုံးလျက် ပြောလိုက်၏။ “ညီလေး… ကျုပ်တို့ ထွက်ကြစို့။ မိုင်နှစ်ရာ ခရီးနှင်ရမှာ ဖြစ်လို့ မနက်ဖြန် မင်္ဂလာအချိန်မှာ တာ့ရစ်တောင်က ဟွမ်ထျန်း ဘုရားကျောင်းတော်ကို အတိအကျ ရောက်ရှိနိုင်မှာပါ။ အဲဒီကျရင် မဟာဆရာသခင်ကြီးက ခင်ဗျားကို ဘိသိတ်ခံပေးလိမ့်မယ်။ ခင်ဗျားဟာ ကျုပ်တို့ တောင်ပိုင်းနိုင်ငံရဲ့ ဘုရင် ဖြစ်လာတော့မှာပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အစ်ကို… ကျုပ် ကိုယ့်ခါးပတ်လေးကို ပတ်လို့ ရမလား။ ဒါ ဖေဖေ ပေးထားတာပါ။”
ဖူကျက ပြောလိုက်၏။ “ညီလေး… ခင်ဗျားက သားကောင်းတစ်ယောက်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒါက ဘိသိတ်ခံယူပွဲ အခမ်းအနားလေ။ သေချာပေါက် ခါးပတ်အသစ်ကိုပဲ သုံးရမှာပေါ့။ ပြီးတော့ ဘုရင်ရဲ့ ခါးပတ် ဖြစ်ရမှာပေါ့။”
ယွင်ကျုံးဟဲ့က ထပ်မံ ပြောလိုက်ပြန်သည်။ “အစ်ကို… အဲဒါဆိုရင် ကျုပ်ရဲ့ စာအုပ်လေးတွေကို ယူသွားလို့ ရမလား။”
ဖူကျက ရယ်မောလျက် ပြောလိုက်၏။ “ကျုပ်ရဲ့ ညီလေးရယ်… ခင်ဗျားက စာဖတ်ဝါသနာပါမှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒါက ဘုရင်အဖြစ် ဘိသိတ်ခံယူမယ့် အချိန်လေ။ ဘာစာအုပ်မှ ဖတ်စရာ မလိုပါဘူး။ ခင်ဗျား ဘိသိတ်ခံယူပြီးသွားရင် အချိန်မရွေး စာဖတ်လို့ ရတာပဲ။ အခုချိန်မှာ လောနေစရာ မလိုပါဘူး။”
ဤသို့ဖြင့် ဖူကျသည် ယွင်ကျုံးဟဲ့အား မည်သည့်ပစ္စည်းမှ ယူဆောင်ခွင့် မပြုဘဲ ငြင်းပယ်လိုက်သည်။
“လာကြစမ်း... ကျုပ်ညီကို ရထားလုံးပေါ် တင်လိုက်။” ဖူကျက အမိန့်ပေးလိုက်၏။
ချက်ချင်းပဲ စစ်သည်အချို့ ရှေ့သို့တက်လာပြီး ယွင်ကျုံးဟဲ့ကို ရထားလုံးပေါ်သို့ တင်ဆောင်ကာ ထမ်း၍ အပြင်သို့ ထွက်လာခဲ့ကြသည်။
နောက်ဆုံးတွင် အပြင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ရက်ပေါင်းရှစ်ရက်တိတိ ကြာပြီးနောက် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းဘုရင် နန်းတော်ဟု ခေါ်ဆိုသော နေရာမှ အပြင်ဘက်ရှိ ကွင်းပြင်ကျယ်ကြီးထဲသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အလွန် ခမ်းနားကြီးကျယ်သော မြင်ကွင်းကြီး ဖြစ်၏။ အပြင်ဘက်တွင် ပုန်ကန်သူ စစ်သူကြီး ရာချီက ပြည့်ကျပ်နေအောင် ရပ်နေကြပြီး အားလုံးက အဝတ်အစားသစ်များကို ဝတ်ဆင်ထားကြ၏။
ဤသည်မှာ တောင်ပိုင်းနိုင်ငံ၏ တရားဝင် ဝတ်စုံများ ဖြစ်မည်လား။ အမတ်များရော၊ စစ်သူကြီးများရော အားလုံး ပါဝင်သည်။
ထို့အပြင် ဒေသခံ ပုန်ကန်သူ စစ်သူကြီးများ သာမက တာ့ကျိုးအင်ပါယာ၏ အမတ်များလည်း ပါဝင်နေ ကြသည်။ သူတို့သည်လည်း ယွမ်ထျန်းရှဲ့၏ ဦးနှောက်ဆေးခြင်းကို ခံရပြီးနောက် ပုန်ကန်မှုတွင် ပါဝင်လာကြခြင်း ဖြစ်၏။
ဤအဖွဲ့သည် မကြာမီ တည်ထောင်တော့မည့် တောင်ပိုင်းနိုင်ငံ၏ အမတ်များနှင့် စစ်သူကြီးများ ဖြစ်လာကြမည်လား။
သူတို့သည် မျောက်ကို သရဖူဆောင်းပေးထားသကဲ့သို့ ဖြစ်နေမည်လား။ ထိုသို့ လုံးဝ မဟုတ်ချေ။
ဤအမတ်များနှင့် စစ်သူကြီးများသည် အလွန် သေသပ်သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး တည်ကြည် လေးနက်မှုများ၊ စိတ်အားထက်သန်မှုများလည်း ရှိနေကြသည်။
အရေးအကြီးဆုံးမှာ သူတို့၏ တရားဝင် ဝတ်စုံများမှာ အလွန် ခန့်ညားထည်ဝါပြီး အနုပညာမြောက်ကာ လုံးဝ အတုအယောင်များ မဟုတ်ချေ။ ထို့အပြင် ဝတ်စုံများပေါ်တွင် ဟွမ်ထျန်း မီးနဂါး၏ ပုံများကိုလည်း ရေးဆွဲထားကြ၏။
ဤ တောင်ပိုင်းနိုင်ငံ၏ အမတ်များနှင့် စစ်သူကြီးများအပြင် နောက်ထပ် အလွန် စွမ်းဆောင်ရည်ကောင်းသော တပ်တော်ကြီး တစ်ရပ်လည်း ရှိနေသေးသည်။
ဤဒေသခံ ပုန်ကန်သူ သောင်းချီသည် သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး လက်နက်ခဲယမ်းများလည်း အပြည့်အစုံ တပ်ဆင်ထားကာ သွားအထိပင် လက်နက်များ တပ်ဆင်ထားသကဲ့သို့ ဖြစ်နေ၏။
ဤတပ်ဖွဲ့သည် ဒေသခံ ပုန်ကန်သူများထဲတွင် အကောင်းဆုံးသော တပ်ဖွဲ့ဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ လက်နက်ခဲယမ်းများကို အပြည့်အဝ တပ်ဆင်ထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဤတပ်ဖွဲ့သည် တောင်ပိုင်းနိုင်ငံ၏ တော်ဝင်သက်တော်စောင့် တပ်ဖွဲ့ဖြစ်ပြီး တောင်ပိုင်းဘုရင်ကို ကာကွယ်ပေးရန် အထူး ဖွဲ့စည်းထားခြင်း ဖြစ်မည်မှာ သေချာ၏။
သူတို့ လွှင့်ထူထားသော အလံများမှာလည်း တောင်ပိုင်းဘုရင်နိုင်ငံ၏ အလံသစ်များ ဖြစ်နေပြီဖြစ်၏။ အဝါရောင် ပိုးထည်ပေါ်တွင် နိုင်ငံတော်စောင့် နတ်သားရဲ မီးနဂါးပုံကို ရေးဆွဲထားသည်။
ထို့အပြင် ဘုရင်အလံပေါ်ရှိ ဤမီးနဂါးမှာ အနည်းငယ် ပြောင်းလဲသွားပြီး နဂါးတစ်ကောင်နှင့် ပို၍ တူညီလာခဲ့၏။
ဤသည်မှာ တောင်ပိုင်းနိုင်ငံ၏ နိုင်ငံတော်အလံ ဖြစ်မည်လား။ အလွန် ခန့်ညားထည်ဝါလှသည်။
ယွမ်ထျန်းရှဲ့သည် ခက်ခဲပင်ပန်းစွာဖြင့် နိုင်ငံတော်စောင့် နတ်သားရဲ ဟွမ်ထျန်း မီးနဂါးကို ဖန်တီးခဲ့ရ သောကြောင့် ၎င်းကို တောင်ပိုင်းနိုင်ငံ၏ ပြယုဂ်အဖြစ် သေချာပေါက် အသုံးပြုပေလိမ့်မည်။
ဘုရင်အလံပေါ်တွင်သာမက အထူးရွေးချယ်ထားသော ပုန်ကန်သူ စစ်သည်များ၏ သံချပ်ကာများ ပေါ်တွင်လည်း မီးနဂါးပုံများကို ရေးဆွဲထားကြသည်။
ထိုအချိန်တွင် ပုန်ကန်သူ တပ်ဖွဲ့တစ်ဖွဲ့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး ဦးဆောင်လာသူမှာ မျက်နှာငယ် နေသော အောက်ချီ ပင် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် တာ့ရစ်တောင်ရှိ ဟွမ်ထျန်း ဘုရားကျောင်းတော်သို့ သွားရောက်ကာ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ အား အမိန့်တော်ကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ကြိမ်ဒဏ် အချက် ဆယ်ချီ ရိုက်ခံခဲ့ရ၏။
ထို့အပြင် ဘိသိတ်ခံယူပွဲ အခမ်းအနားနှင့် ဘုရားကျောင်းတော် အမိုးအုပ်ပွဲကို နှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့် ယွမ်ထျန်းရှဲ့သည် အောက်ချီကို အခမ်းအနား မတက်ရောက်စေဘဲ နန်ကျိုးမြို့သို့ ပြန်လည် မောင်းထုတ်ခဲ့သည်။
ဖူကျက ပြောလိုက်၏။ “အောက်ချီ… လီဝမ်ဖာ… ကျုပ်က တော်ဝင်သက်တော်စောင့် တပ်ဖွဲ့နဲ့ အမတ်တွေကို ဦးဆောင်ပြီး တာ့ရစ်တောင်ကို သွားပြီး ဘိသိတ်ခံယူပွဲ အခမ်းအနားကို တက်ရောက်မယ်။ ခင်ဗျားတို့ နှစ်ယောက် နန်ကျိုးမြို့မှာ ကျန်ခဲ့ပြီး မြို့ကို သေချာ ကာကွယ်ထားကြ။”
လီဝမ်ဖာက ဦးညွတ်၍ ပြန်ပြောလိုက်သည်။ “မဟာဆရာသခင်ကြီးနဲ့ တောင်ပိုင်းဘုရင်တို့ရဲ့ မျှော်လင့်ချက် တွေကို လုံးဝ အချည်းနှီး မဖြစ်စေရပါဘူး။”
ဖူကျက ခေါင်းညိတ်ပြလိုက်၏။
ဤတစ်ကြိမ်တွင် သူသည် တော်ဝင်သက်တော်စောင့် တပ်ဖွဲ့မှ စစ်သည် ငါးသောင်းကို ခေါ်ဆောင်သွားမှာ ဖြစ်သော်လည်း နန်ကျိုးမြို့တွင် စစ်သည် တစ်သိန်းကျော်နှင့် ယုံကြည်ရသော စစ်သူကြီး ရာချီ ကျန်ရှိနေသေးသည်။
ထို့အပြင် သူ၏ အမြွှာညီ အောက်ချီလည်း ကျန်ရှိနေသေး၏။ ထို့အပြင် တာ့ကျိုးအင်ပါယာ၏ ဖူယန်ထူ တပ်တော်ကြီးမှာ မိုင်ထောင်ချီ ဝေးကွာနေသေးသောကြောင့် နန်ကျိုးမြို့မှာ လုံးဝ စိတ်ချရသော အခြေအနေတွင် ရှိနေ၏။
“ချီတက်…”
ဖူကျ၏ အမိန့်ပေးသံနှင့်အတူ အမတ်ရာချီ၊ အထူးရွေးချယ်ထားသော ပုန်ကန်သူ စစ်သည် သောင်းချီတို့သည် နန်ကျိုးမြို့မှ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားကြပြီး မိုင်နှစ်ရာ အကွာအဝေးရှိ တာ့ရစ်တောင်သို့ ဦးတည်သွားကြတော့သည်။
ယွင်ကျုံးဟဲ့သည်လည်း ရွှေရောင် ရထားလုံးပေါ်တွင် ထိုင်ကာ တောင်ပိုင်းသို့ လိုက်ပါသွားခဲ့၏။
တာ့ရစ်တောင်...
တောင်ပိုင်းပြည်နယ်၏ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် မီတာ သုံးထောင်နီးပါး မြင့်မားသည်။
မူလတည်းက တောင်ပိုင်းတွင် ဤတောင်မှာ သန့်စင်သော တောင်အဖြစ် သတ်မှတ်ခံထားရ၏။
ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းဂိုဏ်းက တောင်ပိုင်းလူရိုင်းနယ်မြေတွင် ကြီးစိုးလာပြီးနောက် တောင်၏ အဆင့်အတန်းမှာ အတိုင်းအဆမရှိ မြင့်မားလာခဲ့ပြီး အစစ်အမှန် သန့်စင်သော တောင်ကြီး ဖြစ်လာခဲ့သည်။
အမြင့်ဆုံးဖြစ်သောကြောင့် နတ်ဘုရားများနှင့် အနီးကပ်ဆုံး နေရာအဖြစ်လည်း သတ်မှတ်ထားကြသည်။ ထို့ကြောင့် မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် တာ့ရစ်တောင်ထိပ်တွင် ဟွမ်ထျန်း ဘုရားကျောင်းတော်ကို တည်ဆောက်ရန် အမိန့်ပေးခဲ့၏။
ဤ ဟွမ်ထျန်း ဘုရားကျောင်းတော်ကို အဘယ်ကြောင့် တည်ဆောက်ရသနည်း။
ပထမအချက်မှာ တောင်ပိုင်းလူရိုင်းနယ်မြေတွင် သောင်းကျန်းနေသော မကောင်းဆိုးဝါးများကို ဖိနှိပ်ထားရန် ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း တောင်ပိုင်းလူရိုင်းနယ်မြေတွင် ငလျင်များ မကြာခဏ လှုပ်ခတ်ခဲ့၏။ ကပ်ရောဂါ များကြောင့် မရေမတွက်နိုင်သော လူများ သေဆုံးခဲ့ရသောကြောင့် လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြရာ ဤသည်မှာ လူ့လောကတွင် သောင်းကျန်းနေသော မကောင်းဆိုးဝါးများကြောင့်ဟု ယုံကြည်ထားကြ၏။
ထို့ကြောင့် ဤ ဟွမ်ထျန်း ဘုရားကျောင်းတော်ကို တည်ဆောက်ပြီးပါက မကောင်းဆိုးဝါးများကို ဖိနှိပ်ထား နိုင်မည်ဖြစ်ပြီး တောင်ပိုင်းလူရိုင်းနယ်မြေ တစ်ခုလုံးတွင် ဘေးအန္တရာယ်များကင်းစင်ကာ ရာသီဥတု မျှတပြီး တိုင်းပြည် အေးချမ်းသာယာမှာ ဖြစ်သည်။
ဒုတိယအချက်မှာ ဤ တာ့ရစ်တောင်သည် အမြင့်ပေ ၉၉၀၀ ရှိသည်။ ဤသည်မှာ နတ်ဘုရားများနှင့် အနီးကပ်ဆုံး နေရာဖြစ်သော်လည်း ကောင်းကင်ဘုံရှိ နတ်ဘုရားများကို လှမ်းမမီနိုင်သေးချေ။
ထို့ကြောင့် ဤဟွမ်ထျန်း ဘုရားကျောင်းတော်ကို အမြင့်ပေ ကိုးဆယ့်ကိုးပေ အတိအကျ တည်ဆောက်ခဲ့ပြီး တာ့ရစ်တောင်၏ အမြင့်နှင့် ပေါင်းလိုက်ပါက ၉၉၉၉ ပေ တိတိ ဖြစ်သွားမှာဖြစ်သည်။
ထိုသို့ဆိုလျှင် ဘုရားကျောင်းတော်ထိပ်တွင် ရပ်ကာ လက်ဆန့်ထုတ်လိုက်ရုံဖြင့် ပေတစ်သောင်း အမြင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဆက်သွယ်နိုင်မှာဖြစ်၏။
နေရာဒေသ အများအပြားတွင် အမြင့်ပေ တစ်သောင်းသို့ ရောက်ရှိပါက နတ်ဘုရားများ နေထိုင်ရာ နေရာအဖြစ် သတ်မှတ်ထားကြသည်။
မဟာဆရာသခင်ကြီးသည် ကောင်းကင်ဘုံရှိ နတ်ဘုရားများနှင့် ဆက်သွယ်နိုင်ပါက မကြာမီ တည်ထောင် တော့မည့် တောင်ပိုင်းနိုင်ငံကို စောင့်ရှောက်နိုင်မည်မှာ သေချာ၏။
ဤအမြင့်ပေ ကိုးဆယ့်ကိုးပေ ရှိသော ဟွမ်ထျန်း ဘုရားကျောင်းတော်သည် တောင်ပိုင်းနိုင်ငံ၏ သန့်စင်သော နေရာအဖြစ် အမှန်တကယ် သတ်မှတ်ခံထားရပြီး နိုင်ငံတော်၏ မြို့တော်ထက်ပင် ပို၍ အရေးကြီးနေသည်။
ထို့ကြောင့်ပင် ဘုရင်သစ် ဘိသိတ်ခံယူပွဲ အခမ်းအနားကို ဤဟွမ်ထျန်း ဘုရားကျောင်းတော်တွင် ကျင်းပရခြင်း ဖြစ်၏။
ယွမ်ထျန်းရှဲ့သည် လူအင်အား သိန်းချီကို အသုံးပြုကာ ခြောက်လကျော် အချိန်ယူပြီး ဤကိုးဆယ့်ကိုးပေ အမြင့်ရှိသော ဧရာမ ကျောက်တိုင်ကြီးကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
............................
ဆယ့်နှစ်လပိုင်း ကိုးရက်နေ့....
နှစ်ရက်ကြာ ခရီးနှင်ပြီးနောက် အထူးရွေးချယ်ထားသော ပုန်ကန်သူ စစ်သည် သောင်းချီသည် ယွင်ကျုံးဟဲ့ကို အစောင့်အရှောက်များဖြင့် တာ့ရစ်တောင်သို့ ခေါ်ဆောင်လာခဲ့ကြ၏။
ဤသည်မှာ တောင်ပိုင်းလူရိုင်းနယ်မြေ၏ သန့်စင်သော တောင်ကြီး ဖြစ်၏။ ဤနေရာတွင် လူသောင်းချီ ရှိနေပြီး အားလုံးမှာ ဟွမ်ထျန်းဂိုဏ်း၏ အစွန်းရောက် နောက်လိုက်များ၊ သစ္စာအရှိဆုံးသော ဘာသာဝင်များ ဖြစ်ကြသည်။
အထူးရွေးချယ်ထားသော ပုန်ကန်သူ စစ်သည် သောင်းချီနှင့် အစွန်းရောက် ဟွမ်ထျန်း ဘာသာဝင် သောင်းချီတို့ ပေါင်းလိုက်ပါက လူတစ်သိန်း တိတိ ရှိ၏။
တောင်ထိပ်တွင် ဤလူတစ်သိန်းလုံး နေထိုင်ရန် နေရာ မရှိနိုင်သောကြောင့် အားလုံးကို တာ့ရစ်တောင်၏ တောင်ခါးပန်းတွင် နေရာချထားပြီး လိမ်ယှက်နေသော တောင်တက်လမ်းများပေါ်တွင် အပြည့်အနှက် ရပ်နေကြကာ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားလှသည်။
တောင်ထိပ်ရှိ ဟွမ်ထျန်း ဘုရားကျောင်းတော် အရှေ့တွင် ကွင်းပြင်ငယ်တစ်ခု ရှိပြီး ထိုနေရာတွင် လူထောင်ချီ ရပ်နေကြ၏။
ဤနေရာတွင် ရှိနေသူများအားလုံးမှာ ဟွမ်ထျန်းဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များ၊ ပုန်ကန်သူ စစ်သူကြီးများနှင့် အနာဂတ် တောင်ပိုင်းနိုင်ငံ၏ အမတ်များ ဖြစ်ကြသည်။
“ရောက်ပြီ။”
ရွှေရောင် ရထားလုံး ရပ်တန့်သွားပြီး ဖူကျကိုယ်တိုင် ယွင်ကျုံးဟဲ့ကို တွဲခေါ်ကာ ဆင်းလာခဲ့၏။
ယွင်ကျုံးဟဲ့ ထွက်လာပြီး ကြည့်လိုက်ရာ ရုတ်တရက် လန့်ဖြတ်သွားရသည်။
‘ဒါက ဟွမ်ထျန်း ဘုရားကျောင်းတော်လား။ အရမ်း ကြီးမားတဲ့ ဧရာမ ကျောက်တိုင်ကြီးပဲ။ အရမ်း ခန့်ညားပြီး အရမ်း အံ့မခန်းဖွယ်ရာ ကောင်းတာပဲ။’
....................