← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 30 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 30 Ch. 347-348

အပိုင်း (၃၄၇)

ဤသည်မှာ အမှန်တကယ်ပင် လူသားတို့၏ အံ့ဖွယ်လုပ်ရပ် တစ်ခုဖြစ်၏။

ပင်လယ်ရေမျက်နှာပြင် အထက် မီတာ သုံးထောင်ကျော် မြင့်မားသော တောင်ပေါ်တွင် ဤကဲ့သို့သော ကျောက်တိုင်ကြီး တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်းမှာ အလွန် အံ့ဩစရာ ကောင်းလှ၏။ အမြင့် သုံးဆယ့်သုံးမီတာ ရှိပြီး အထပ် ဆယ်ထပ်ရှိသော အဆောက်အအုံနှင့် ညီမျှသည်။

ဤအရာကို မည်သို့ တည်ဆောက်ခဲ့သနည်း။ ၎င်းသည် တောင်ပိုင်းနိုင်ငံ၏ သန့်စင်သော နေရာအဖြစ် သတ်မှတ်ခံရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။

အနီးကပ် ကြည့်လိုက်ပါက အမှန်တကယ်ပင် ခမ်းနားကြီးကျယ်ပြီး အံ့မခန်းဖွယ်ရာ ကောင်းလှသည်။ နောက်လှည့်ကြည့်လိုက်ချိန်မှာတော့ ပို၍ပင် ခမ်းနားကြီးကျယ်နေ၏။

ဘုရားကျောင်းတော် အရှေ့ရှိ ကွင်းပြင်တွင် လူနှစ်ထောင်ကျော် ရပ်နေကြ၏။ ကွင်းပြင်အောက်ရှိ တောင်ခါးပန်းတွင် လူများ အပြည့်အနှက် ရပ်နေကြပြီး လူတစ်သိန်းနီးပါး ရှိမည်ဟု ခန့်မှန်းရသည်။

လှေကားထစ်တိုင်း၊ တောင်တက်လမ်းတိုင်းတွင် အထူးရွေးချယ်ထားသော ဒေသခံ ပုန်ကန်သူ စစ်သည်များနှင့် ယွမ်ထျန်းရှဲ့၏ အစွန်းရောက် ဘာသာဝင်များ အပြည့်အနှက် ရပ်နေကြ၏။

လူတစ်သိန်းကျော်သည် တောင်ပိုင်းဘုရင်၏ ဘိသိတ်ခံယူပွဲနှင့် ဟွမ်ထျန်း ဘုရားကျောင်းတော်၏ အမိုးအုပ်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေကြခြင်း ဖြစ်သည်။

ဤလူတစ်သိန်းကျော်ကို သတ်ဖြတ်လိုက်နိုင်ပါက တောင်ပိုင်းပုန်ကန်မှုသည် ငြိမ်းအေးသွားမည် မဟုတ်ပါလား။ ထိုအခါ ယွင်ကျုံးဟဲ့၏ တာဝန်လည်း အောင်မြင်သွားမည် မဟုတ်ပါလား။

အရေးကြီးဆုံးမှာ မည်သို့ သတ်ဖြတ်ရမည်နည်း။ အစစ်အမှန် နတ်ဘုရားတို့၏ လုပ်ရပ်မျိုး လိုအပ်မှာ ဖြစ်သည်။

ထိုအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာ၏။

“တောင်ပိုင်းဘုရင် ဘိသိတ်ခံယူပွဲ အခမ်းအနားကို တရားဝင် စတင်ပါပြီ။ အောက်ယွီ ဝင်ရောက်ပါရန် ဖိတ်ကြားအပ်ပါတယ်။”

အခမ်းအနားမှူးမှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် တစ်ကွင်းလုံးတွင် တေးဂီတသံများ စတင်ထွက်ပေါ်လာတော့သည်။

မူလက ယွင်ကျုံးဟဲ့သည် ဤနေရာရှိ တေးဂီတမှာ နှဲသံတစ်ချက် ထွက်ပေါ်လာသည်နှင့် တစ်ကွင်းလုံးကို လွှမ်းမိုးသွားမည်ဟု ထင်မှတ်ခဲ့မိသည်။ မည်သို့ပင်ဆိုစေ နှဲ ဆိုသည်မှာ တူရိယာများ၏ ဘုရင် မဟုတ်ပါလား။

ထို့အပြင် တောင်ပိုင်းဒေသခံများတွင် မည်ကဲ့သို့သော အဆင့်အတန်းမီ တီးဝိုင်းမျိုး ရှိနိုင်မည်နည်း။

သို့သော်ငြား နောက်တစ်စက္ကန့်တွင် သူ လုံးဝမှင်သက်သွားရသည်။

တေးဂီတသံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အလွန် ဝမ်းနည်းကြေကွဲဖွယ်ကောင်းပြီး စိတ်အား ထက်သန်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်လာတော့၏။

ဗုံတီးသံ၊ ခေါင်းလောင်းသံ၊ တရုတ်စောင်းသံ၊ ဝါးပုလွေသံ၊ ခရာကြီးသံ စသည့် တူရိယာ အမျိုးအစားပေါင်း ဒါဇင်ချီ ပါဝင်နေသည်။ ထို့အပြင် တီးဝိုင်းမှာ အလွန် ကျွမ်းကျင်မှုရှိပြီး အဆင့်အတန်း အလွန် မြင့်မားလှသည်။

နောက်လှည့်ကြည့်လိုက်ချိန်မှာတော့ ဤတီးဝိုင်းသမားများ အားလုံးမှာ တာ့ကျိုးအင်ပါယာမှ လူများ ဖြစ်နေပြီး အားလုံးက တီးဝိုင်းသမားများ၏ ဝတ်စုံများကို ဝတ်ဆင်ထားကြရာ တာ့ကျိုးအင်ပါယာ၏ ပညာရေးဝန်ကြီးဌာန၊ အခမ်းအနားရေးရာ ဌာနမှ ဂီတအရာရှိများ၏ ဝတ်စုံများနှင့်ပင် ဆင်တူ နေသောကြောင့် အလွန် ကျွမ်းကျင်မှု ရှိကြောင်း ထင်ရှားလှ၏။

တီးဝိုင်း၏ ကျွမ်းကျင်မှုသာမက တီးခတ်မှု အဆင့်အတန်းမှာလည်း အလွန် မြင့်မားလှသည်။ ဤသည်မှာ တောင်ပိုင်းနိုင်ငံ၏ နိုင်ငံတော် သီချင်း ဖြစ်မည်လား။

အစပိုင်းတွင် အလွန် ရှုပ်ထွေးပြီးမှိုင်းညို့နေကာ ထို့နောက်တွင် ဖိနှိပ်ခံထားရသကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ကောင်းနေသည်။

ပထမတစ်ဝက်၏ အငွေ့အသက်မှာ ဤကဲ့သို့ပင် တည်ကြည်လေးနက်ကာ ဝမ်းနည်းကြေကွဲဖွယ် ကောင်းသောကြောင့် တောင်ပိုင်းနိုင်ငံ ဒေသခံများ၏ အဖြစ်ဆိုးလှသော သမိုင်းကြောင်းကို ကိုယ်စားပြု နေသည်။

တေးဂီတသံများမှာ တစ်စထက်တစ်စ ပို၍ တိုးညင်းလာပြီး နောက်ဆုံးတွင် အသက်ရှူသံလေးမျှသာ ကျန်ရှိတော့သကဲ့သို့ ဖြစ်သွားရာ တောင်ပိုင်းနယ်မြေသည် တာ့ကျိုးအင်ပါယာ၏ အပြည့်အဝ လွှမ်းမိုး အုပ်ချုပ်မှုအောက်တွင် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်းကို ကိုယ်စားပြုနေ၏။

ရုတ်တရက် ရှည်လျားသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။

“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…”

မရေမတွက်နိုင်သော စစ်ဗုံတီးသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ ဖြစ်သွားကာ ဤသည်မှာ ကျောက်ကမ်းပါးကြီး ကွဲအက်သွားပြီး ဟွမ်ထျန်း မီးနဂါး လောကသို့ ဆင်းသက်လာခြင်းကို ကိုယ်စားပြုနေ၏။

ထိုအသံများနှင့်အတူ နတ်ဘုံမှ အသံကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော ပုလွေသံများလည်း ထွက်ပေါ် လာပြီး ဤသည်မှာ နတ်ဘုရားတစ်ပါးကဲ့သို့သော မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ကို ကိုယ်စားပြု နေသည်။

ဤနှစ်ခု ပေါ်ထွက်လာပြီးနောက် တေးဂီတသံများမှာ စိတ်အားထက်သန်ဖွယ် ကောင်းလာတော့၏။

ဒီရေလှိုင်းများ ရိုက်ခတ်နေသကဲ့သို့၊ တောမီးလောင်နေသကဲ့သို့၊ တောင်တန်းနှင့် မြစ်များ အရောင်ပြောင်း သွားသကဲ့သို့ ဖြစ်နေသည်။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့၏ ဦးဆောင်မှုအောက်တွင် ဖိနှိပ်ခံထားရသော ဒေသခံများက ပုန်ကန် ထကြွကြပြီး တာ့ကျိုးအင်ပါယာ၏ ဖိနှိပ်မှုကို တွန်းလှန်ကြခြင်း ဖြစ်၏။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားပြီး စိတ်အားထက်သန်ဖွယ်ကောင်းသော အငွေ့အသက်များကြားတွင် တောင်ပိုင်း နိုင်ငံသည် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ဤကြီးကျယ်ခမ်းနားသော တေးဂီတသံများကြားတွင် နိုင်ငံတော်စောင့် နတ်သားရဲ ဟွမ်ထျန်း မီးနဂါးသည် ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး ဟွမ်ထျန်း ဘုရားကျောင်းတော်ကို ပတ်၍ အပေါ်သို့ တက်သွားတော့၏။

နောက်ဆုံးတွင် မီးနဂါးသည် ဘုရားကျောင်းတော်ထိပ်တွင် ရစ်ခွေနေပြီး ကောင်းကင်သို့ မော့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

နဂါးဟိန်းသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။ သေချာပေါက် ယွမ်ထျန်းရှဲ့ကပင် အသံထည့်ပေးထားခြင်း ဖြစ်၏။

သို့ပေမည့် ဤနဂါးဟိန်းသံမှာ အလွန် အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို တုန်ခါသွားစေကာ လူတိုင်း၏ နားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဤယွမ်ထျန်းရှဲ့၏ သိုင်းပညာမှာ အမှန်တကယ်ပင် မြင့်မားလွန်းလှပြီး အထပ်ဆယ့်ရှစ်ထပ် အဆောက်အအုံ တစ်ခုလုံးပင် တုန်ခါသွားစေလောက်၏။

ဤနောက်ဆုံး နဂါးဟိန်းသံဖြင့် တောင်ပိုင်းနိုင်ငံ သီချင်းကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

ထိုနေရာတွင် ရှိနေသူအားလုံး မှင်သက်သွားကြရုံသာမက ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း မှင်သက်သွားရ၏။

ဤတေးဂီတကို မည်သူက ရေးဖွဲ့ခဲ့သနည်း။ လုံးဝကို ဆရာကြီး တစ်ဦး၏ ဟန်ပန်မျိုး ရှိနေပြီး ဤနိုင်ငံတော် သီချင်း တစ်ပုဒ်တည်းကို ကြည့်လျှင်ပင် အဆင့်အတန်းနိမ့်သော နိုင်ငံငယ်လေးတစ်ခု၏ ဆင်းရဲနွမ်းပါးမှုမျိုး လုံးဝ မရှိဘဲ နိုင်ငံကြီးတစ်ခု၏ တရားဝင် ခန့်ညားထည်ဝါမှုမျိုး အပြည့်အဝ ရှိနေသည်။

ယွမ်ထျန်းရှဲ့ ရေးဖွဲ့ထားခြင်းပင် ဖြစ်မည်ဟု ထင်ရသည်။ ဤလူမှာ အမှန်တကယ်ပင် ပါရမီရှင် တစ်ဦး ဖြစ်၏။

တေးဂီတသံများ ပြီးဆုံးသွားပြီးနောက် အလွန် အံ့မခန်းဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်၏။ လူတစ်ယောက်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော ယွမ်ထျန်းရှဲ့သည် ကောင်းကင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ဘုရားကျောင်းတော်၏ ထိပ်မှနေ၍ အောက်သို့ ဆင်းသက်လာခြင်း ဖြစ်၏။

စွန်ရဲ တစ်ကောင်ကဲ့သို့ အလောတကြီး မဟုတ်ဘဲ အမှန်တကယ်ပင် နတ်ဘုရား တစ်ပါး လောကသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် ထိုနေရာတွင် ရှိနေသူအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြတော့၏။

“မဟာဆရာသခင်ကြီးကို အရိုအသေပေးပါတယ်။”

“မဟာဆရာသခင်ကြီးကို အရိုအသေပေးပါတယ်။”

လူထောင်ချီ၊ သောင်းချီ၊ သိန်းချီတို့ အားလုံး ဒူးထောက်လိုက်ကြသည်။

တောင်ပြိုမိုးပျိုမတတ် အသံကြီး ထွက်ပေါ်လာ၏။

‘မျက်လှည့်ပြတဲ့ နေရာမှာ ခင်ဗျားက တကယ်ကို တော်တာပဲ။ ပိုင်ရှင်မဲ့နယ်မြေမှာ ကျုပ် ယွင်ကျုံးဟဲ့ ပြခဲ့တဲ့ မျက်လှည့်တွေထက် အများကြီး ပိုပြီး ကျွမ်းကျင်ပိုင်နိုင်တာပဲ။

အချိန်တိုလေးအတွင်းမှာ လူပေါင်းများစွာကို ဦးနှောက်ဆေးပြီး ခင်ဗျားနောက်ကို လိုက်ပုန်ကန်အောင် လုပ်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ခင်ဗျားရဲ့ ဒီလို နတ်ဘုရားပုံစံကို မြင်လိုက်ရရင် ဘယ်လောက်ပဲ ဉာဏ်ကောင်းတဲ့သူဖြစ်ဖြစ် သေချာပေါက် ကျရှုံးသွားမှာပဲ။

အသိဉာဏ်နည်းပါးတဲ့ ဒေသခံတွေအကြောင်းတော့ ပြောစရာတောင် မလိုတော့ဘူး။ သူတို့က ယွမ်ထျန်းရှဲ့ကို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ကယ်တင်ရှင်ကြီးအဖြစ် သေချာပေါက် သတ်မှတ်ထားကြမှာပဲ။’

ယွမ်ထျန်းရှဲ့ကိုယ်တိုင် ဘုရင် မလုပ်ရတဲ့ အကြောင်းရင်းကိုလည်း နားလည်သွားပြီဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘုရင်လုပ်ခြင်း ဆိုသည်မှာ အရမ်း ရိုးလွန်း၏။ သူက နတ်ဘုရား တစ်ပါးအနေနှင့် နေထိုင်သည်ကမှ ထာဝရ တည်တံ့နိုင်မှာ ဖြစ်သည်။

ထို့အပြင် ရှေ့ဆက်ပြီး ဟွမ်ထျန်းဂိုဏ်းကို လောကတစ်ခုလုံးအထိ ပျံ့နှံ့သွားအောင် လုပ်မည်ဆိုပါက သူ ယွမ်ထျန်းရှဲ့က ဘာသာရေး အာဏာ၏ ကိုယ်စားလှယ် ဖြစ်လာပြီး နိုင်ငံပေါင်းများစွာ၏ နတ်ဘုရင် ဖြစ်လာမှာ ဖြစ်သောကြောင့် ပိုတောင် ကောင်းသေးသည် မဟုတ်ပါလား။

ဘိသိတ်ခံယူပွဲ အခမ်းအနား၏ ပထမအဆင့်ဖြစ်သော တေးဂီတ တီးခတ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်၏။ နောက်တစ်ဆင့်မှာ နတ်ပူဇော်စာ ဖတ်ကြားခြင်း ဖြစ်သည်။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ကိုယ်တိုင် တောင်ပိုင်းနိုင်ငံ၏ နတ်ပူဇော်စာကို ဖတ်ကြားသည်။ ဤစာကို ဖတ်လိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ ဦးရေပြားများ ထုံကျင်သွားပြီး ကြက်သီးမွေးညင်းများ ထသွားကြ၏။

အဘယ်ကြောင့်ဆိုသော် အလွန် နားထောင်၍ ကောင်းလွန်းသောကြောင့် ဖြစ်၏။ ဤအသံသည် နတ်ဘုံမှ အသံများ လွင့်ပျံနေသကဲ့သို့ ဖြစ်နေသည်။

ဤအသံသည် အမှန်တကယ်ပင် ကောင်းကင်ဘုံ ကိုးထပ်မှနေ၍ အောက်သို့ လွင့်ပျံလာပြီးနောက် အဆုံးတွင် အသံလှိုင်းများအဖြစ် ပြောင်းလဲသွားကာ တောင်ထိပ်တစ်ခုလုံးတွင် ရစ်ဝဲနေသကဲ့သို့ ဖြစ်နေ၏။

ထို့အပြင် ဤနတ်ပူဇော်စာကို ရေးသားထားပုံမှာလည်း အလွန် အံ့အားသင့်စရာ ကောင်းလှပြီး တရုတ်ပြည်၏ နှစ်ထောင်ချီ သမိုင်းတစ်လျှောက်တွင်ပင် ဤနတ်ပူဇော်စာမှာ ထိပ်တန်းအဆင့်တွင် ရှိနေသည်။

ဤစာထဲတွင် ကောင်းကင်နှင့် မြေကြီးကို ချီးကျူးဂုဏ်ပြုထားပြီး သဘာဝတရားကို ချီးကျူးဂုဏ်ပြုထားကာ တောင်ပိုင်းနိုင်ငံ၏ ပြည်သူများကို ချီးကျူးဂုဏ်ပြုထားသည်။ သုံးလတိုင်တိုင် အသားအရသာကိုပင် မသိနိုင်လောက်အောင် ဖြစ်သွားစေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယွမ်ထျန်းရှဲ့၏ ဤနတ်ပူဇော်စာသည် ယွင်ကျုံးဟဲ့ ကူးယူရေးသားခဲ့သော နေမင်း၏ အရောင်ငါးမျိုး လင်္ကာနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။

ယွမ်ထျန်းရှဲ့သည် လုံးဝကို ပါရမီရှင် တစ်ဦး ဖြစ်သည်။ ဤကဲ့သို့သော ပါရမီရှင်သည် ယခင်က အဘယ်ကြောင့် နိုင်ငံ့စာမေးပွဲ မဖြေဆိုခဲ့သနည်း။ အဘယ်ကြောင့် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သိက္ခာကို မရှာဖွေခဲ့သနည်း။

သူ နတ်ပူဇော်စာကို ဖတ်ကြားနေစဉ် လူတစ်ယောက်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကြိုးကြာငှက် တစ်ကောင် ပျံသန်းသွားသည်ကိုတွေ့လိုက်ရ၏။

ထို့နောက် ကြိုးကြာငှက် အုပ်စုတစ်စု ပျံသန်းသွားသည်ကို တွေ့လိုက်ရပြန်သည်။ ဤသည်ကား ကြီးမားသော နိမိတ်ကောင်း တစ်ခုပင်ဖြစ်သည်။

မဟာဆရာသခင်ကြီး၏ နတ်ပူဇော်စာမှာ အလွန် နားထောင်၍ ကောင်းလွန်းသောကြောင့် ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်ခဲ့ပြီး ကြိုးကြာငှက်များကိုပင် လာရောက် နားထောင်စေခဲ့ခြင်း ဖြစ်၏။

ယွမ်ထျန်းရှဲ့၏ နတ်ပူဇော်စာ ဖတ်ကြားမှု အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ပို၍ပင် အံ့မခန်းဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။

ကောင်းကင်ယံမှ ဖီးနစ်ငှက် တစ်ကောင် ပျံသန်းလာပြီး အလွန် လှပတောက်ပနေသော ဖီးနစ်ငှက် ဖြစ်၏။

ဖီးနစ်ငှက် ဆိုသည်မှာ နတ်ငှက် တစ်ကောင် ဖြစ်ပြီး ဒဏ္ဍာရီထဲတွင်သာ ပါရှိသော ငှက်မျိုး ဖြစ်သည်။

ယခုအခါ ဤနတ်ငှက်ကြီးကို မဟာဆရာသခင်ကြီး၏ နတ်ပူဇော်စာက ဆွဲဆောင်နိုင်ခဲ့ပြီး လူ့လောကသို့ ဆင်းသက်လာစေခဲ့ခြင်းမှာ မည်မျှလောက် အံ့မခန်းဖွယ်ရာ ကောင်းသနည်း။

ယွင်ကျုံးဟဲ့ကိုယ်တိုင်လည်း အလွန် အံ့ဩတုန်လှုပ်သွားရသည်။ သေချာပေါက် ဤကမ္ဘာပေါ်တွင် မည်သည့် ဖီးနစ်ငှက်မှ မရှိကြောင်းကို သူ သိရှိထား၏။

ဤငှက်မှာ မွေးမြူထားသော ငှက်မျိုးဖြစ်ပြီး အမြီးရှည် ကြက် သို့မဟုတ် ငှက်မြတ် ကဲ့သို့သော ငှက်မျိုး ဖြစ်ပေမည်။

သို့သော်ငြား အနည်းငယ် ပြင်ဆင်ထားပြီးနောက် အမှန်တကယ်ပင် ဖီးနစ်ငှက်နှင့် အလွန် တူညီနေပြီး ပန်းချီကားထဲမှ ဖီးနစ်ငှက်နှင့် တစ်ပုံစံတည်း ဖြစ်နေကာ အရွယ်အစားမှာလည်း အလွန် ကြီးမားပြီး ဆယ်မီတာကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ဤဖီးနစ်ငှက်သည် ဘုရားကျောင်းတော်ပေါ်တွင် အကြိမ်အနည်းငယ် ပျံသန်းလှည့်ပတ်ပြီးနောက် ယွမ်ထျန်းရှဲ့၏ အရှေ့သို့ ဖြည်းညင်းစွာ ဆင်းသက်လာတော့၏။

ပြီးနောက် ၎င်း၏ ခြေထောက်နှစ်ဖက်ကို ကွေးကာ ဒူးထောက်၍ အရိုအသေပေးလိုက်သည်။

ထို့နောက် ပါးစပ်ကို ဟကာ ယွမ်ထျန်းရှဲ့၏ လက်ဖဝါးထဲသို့ အနီရောင် ကျောက်မျက်ရတနာ တစ်လုံးကို ထွေးထုတ်ပေးလိုက်၏။ ထို့နောက် နောက်တစ်ကြိမ် ပျံသန်းထွက်ခွာသွားတော့၏။

ယွင်ကျုံးဟဲ့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။ ဤသည်မှာ အမြီးရှည် ကြက်ကို အဆက်မပြတ် မျိုးစပ် မွေးမြူထားခြင်း ဖြစ်ပြီး မီတာ ဆယ့်ငါးမီတာ အထိ ရှည်လျားသည်။

ထို့အပြင် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များကိုလည်း အထူး ပြုပြင်ဖန်တီးထားသောကြောင့် ဖီးနစ်ငှက်နှင့် တစ်ပုံစံတည်း ဖြစ်နေပြီး အလွန် ခမ်းနားတောက်ပနေ၏။

တစ်ကွင်းလုံး လုံးဝ တိတ်ဆိတ်သွားပြီး ယွမ်ထျန်းရှဲ့ကို ကြည့်သော အကြည့်များမှာ ပို၍ပင် ကြည်ညို လေးစားမှုများ ပြည့်နှက်နေကြသည်။

ထိုနေရာတွင် ရှိနေသော လူတစ်သိန်းကျော်၏ စိတ်နှလုံးထဲတွင် စကားတစ်ခွန်းတည်းသာ ရှိနေမည်မှာ သေချာ၏။

မဟာဆရာသခင်ကြီးသည် လုံးဝ လူသားတစ်ဦး မဟုတ်ဘဲ နတ်ဘုရား တစ်ပါး ဖြစ်ပြီး ဒေသခံ သန်းချီကို ကယ်တင်ရန် သို့မဟုတ် သတ္တဝါအားလုံးကို ကယ်တင်ရန် ကောင်းကင်ဘုံက စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ယုံကြည်သွားကြမှာ ဖြစ်သည်။

ယခုအချိန်တွင် ဤယွမ်ထျန်းရှဲ့က တစ်ခွန်းသာ အမိန့်ပေးလိုက်ပါက ဤလူတစ်သိန်းကျော်သည် သူ့အတွက် အသက်ကိုပင် စွန့်လွှတ်ရဲကြမည်မှာ သေချာ၏။

ထို့အပြင် သူတို့သည် ယွမ်ထျန်းရှဲ့ မန္တန်ရွတ်ထားသော မန္တန်ရေကို သောက်သုံးပြီးနောက် ဓားမတိုး လှံမတိုး ဖြစ်သွားမည်ဟုလည်း ယုံကြည်သွားကြမှာဖြစ်သည်။

‘ဘာဖြစ်လို့လဲ။ ဓားနဲ့ ထိုးခံရပြီး သေသွားရင်ရော ဘယ်လိုလုပ်မလဲ။ အဲဒါက ခင်ဗျား စိတ်မဖြူစင်လို့ပဲ။’

ဤကဲ့သို့သော ဘာသာရေး ယုံကြည်မှု၏ လွှမ်းမိုးနိုင်စွမ်းမှာ အလွန် ကြီးမားလှသည်။ ယနေ့ ကျင်းပသော ဤအခမ်းအနား ပြီးဆုံးသွားပြီးနောက် အချိန်တိုအတွင်းမှာပင် တောင်ပိုင်း တစ်ခုလုံး သို့မဟုတ် လောက တစ်ခုလုံးသို့ ပျံ့နှံ့သွားမှာဖြစ်၏။

ထို့နောက် ယွမ်ထျန်းရှဲ့က လက်မောင်းကို ဝှေ့ယမ်းကာ ဟစ်ကြွေးလိုက်ပါက ဒေသခံ သန်းချီသည် သူ့နောက်သို့ လိုက်ပါကာ ပုန်ကန်ကြမည်မှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ ရောက်ရှိလာသော ဒေသခံ တစ်သိန်းကျော်တွင် တစ်စိတ်တစ်ပိုင်းသာ ပုန်ကန်သူများ ဖြစ်ကြပြီး အများစုမှာ တောင်ပိုင်း ပြည်နယ်ငါးခု၊ ပြည်နယ်အသီးသီး၊ ခရိုင်အသီးသီးမှ ဒေသခံ ခေါင်းဆောင်များ ဖြစ်ကြသောကြောင့်ပင်။

ဤ ယွမ်ထျန်းရှဲ့၏ ရည်မှန်းချက်မှာ နန်ကျိုး တစ်ခုတည်း မဟုတ်ဘဲ တောင်ပိုင်း တစ်ခုလုံးကို လိုချင်နေခြင်း ဖြစ်သည်။

ထို့အပြင် ဤအခြေအနေအရဆိုလျှင် တောင်ပိုင်းနိုင်ငံကို တည်ထောင်လိုက်သည်နှင့် သူ၏ ဘာသာရေး အလံကို လွှင့်ထူလိုက်သည်နှင့် တပြိုင်နက် တစ်လ သို့မဟုတ် နှစ်လအတွင်းမှာပင် တောင်ပိုင်း ပြည်နယ် ငါးခုလုံး ကျဆုံးသွားမှာဖြစ်ပြီး သူ၏ ဘာသာရေး နိုင်ငံတော် အဖြစ်သို့ ရောက်ရှိသွားမှာဖြစ်၏။

......................

အပိုင်း (၃၄၈)

ဤလူသည် ဟွမ်ကျင်း တပ်ဖွဲ့မှ ကျန်းကျောက်ထက် အများကြီး ပို၍ တော်နေသည်။ ထို့အပြင် ဤလူသည် ဟန်ရေးပြခြင်း သဘောတရားကို အလွန် နားလည်ပြီး အကြိမ်တိုင်းတွင် အကောင်းဆုံး ဟန်ရေးပြနိုင်သူ ဖြစ်သည်။

သူ ယွမ်ထျန်းရှဲ့ ရှိနေသည့် အချိန်တိုင်းတွင် သူ၏ တောက်ပမှုများကြောင့် အခြားသူများအားလုံး မှေးမှိန်သွားကြရ၏။

ထိုနေရာတွင် တာ့ကျိုးအင်ပါယာမှ လူထောင်ချီ ရှိနေပြီး အမတ်များနှင့် စစ်သူကြီးများလည်း ပါဝင် နေကြသော်လည်း သူတို့သည် ယွမ်ထျန်းရှဲ့ကို သစ္စာခံခဲ့ကြပြီး တာ့ကျိုးအင်ပါယာကို သစ္စာဖောက်ခဲ့ ကြခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။

ဤကဲ့သို့သော နတ်ဘုရားတို့၏ အံ့ဖွယ်လုပ်ရပ်များ အရှေ့တွင် သာမန်လူတစ်ယောက် အနေဖြင့် မည်မျှပင် စိတ်ဓာတ်ခိုင်မာပါစေ သေချာပေါက် ကျရှုံးသွားရမည်သာ ဖြစ်သည်။

ယနေ့ အခမ်းအနား၏ ဒုတိယအဆင့် ပြီးဆုံးသွားပြီ ဖြစ်၏။

နောက်တစ်ဆင့်မှာ တတိယအဆင့် ဖြစ်သည်။

“ခေါင်းဖြတ်ခြင်း...”

အမိန့်ပေးသံနှင့်အတူ သုံ့ပန်း ထောင်ချီကို ဖမ်းဆွဲလာခဲ့ကြပြီး အားလုံးမှာ တာ့ကျိုးအင်ပါယာ၏ စစ်သည်များ ဖြစ်ကြကာ တစ်ယောက်ချင်းစီက အပေါ်ပိုင်း ဗလာကျင်းနေကြ၏။

“သတ်...”

ဖူကျ၏ အမိန့်ပေးသံနှင့်အတူ ခေါင်းဖြတ်သမားများက ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်ကြရာ ခေါင်းများ ပြတ်ကျသွားပြီး သွေးများ ပန်းထွက်လာတော့သည်။

“ကောင်းတယ်။”

“ကောင်းတယ်။”

“ကောင်းတယ်။”

တစ်ကွင်းလုံးရှိ မရေမတွက်နိုင်သော လူများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြပြီး တောင်ပိုင်း ဒေသခံများသာမက တာ့ကျိုးလူမျိုး အများအပြားလည်း ပါဝင်နေကြ၏။

ဤခေါင်းဖြတ်ခြင်း အစီအစဉ်သည် ယနေ့မှစ၍ တောင်ပိုင်းနှင့် တာ့ကျိုးတို့ လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ ဖြစ်ပြီး မည်သည့် ပတ်သက်မှုမှ မရှိတော့ကြောင်း ကိုယ်စားပြုနေသည်။

ခေါင်းဖြတ်နေစဉ်အတွင်း ဤတာ့ကျိုးအင်ပါယာ စစ်သည်များ၏ သွေးများသည် အရှေ့ရှိ စည်ပိုင်းကြီးထဲသို့ စီးဝင်သွားသည်။

ခေါင်းဖြတ်ခြင်း ပြီးဆုံးသွားချိန်မှာတော့ ဒေသခံ စစ်သည်အချို့ ရှေ့သို့တက်လာပြီး ဤသွေးများကို စုဆောင်းကာ ပန်းကန်လုံးများထဲသို့ ထည့်လိုက်ကြ၏။

ပန်းကန်လုံး ထောင်ချီ ရှိသည်။ ထိုနေရာတွင် ရှိနေသော လူထောင်ချီ၊ အနာဂတ် တောင်ပိုင်းနိုင်ငံ၏ အထက်တန်း ခေါင်းဆောင်များ၊ ဟွမ်ထျန်းဂိုဏ်း၏ အစွန်းရောက် ဘာသာဝင်များနှင့် တောင်ပိုင်း ပြည်နယ်ငါးခု၊ ပြည်နယ်အသီးသီး၊ ခရိုင်အသီးသီးမှ ဒေသခံ ခေါင်းဆောင်များ အားလုံး သွေးတစ်ပန်းကန်စီ ရရှိကြသည်။

ဤသွေးကို သောက်လိုက်ခြင်းသည် တာ့ကျိုးအင်ပါယာနှင့် အသေအကြေ တိုက်ခိုက်မည်ဟု ကိုယ်စားပြု နေ၏။

“သောက်...”

ဖူကျက အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ ထိုနေရာတွင် ရှိနေသော လူထောင်ချီသည် လက်ထဲရှိ သွေးပန်းကန်များကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြတော့သည်။

“ခွမ်း… ခွမ်း… ခွမ်း… ခွမ်း…”

ထို့နောက် ပန်းကန်လုံး ထောင်ချီကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြရာ အပိုင်းပိုင်း အစစ ကွဲအက် သွားကြတော့၏။

“သတ်...”

“သတ်...”

“သတ်...”

လူထောင်ချီက အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်ကြပြီးနောက် လူတစ်သိန်းကျော်ကလည်း လိုက်ပါ ဟစ်ကြွေးလိုက်ကြသည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် ရှင်းလင်းစွာ သိရှိလိုက်ပြီ ဖြစ်၏။

ယနေ့ ဆယ့်နှစ်လပိုင်း ကိုးရက်နေ့သည် တောင်ပိုင်းဘုရင်၏ ဘိသိတ်ခံယူပွဲ အခမ်းအနား၊ ဟွမ်ထျန်း ဘုရားကျောင်းတော်၏ အမိုးအုပ်ပွဲ အခမ်းအနား ဖြစ်ရုံသာမက တောင်ပိုင်းနိုင်ငံ တည်ထောင်ခြင်း အခမ်းအနားလည်းဖြစ်ပြီး တောင်ပိုင်း တစ်ခုလုံး၏ ပုန်ကန်မှု အခမ်းအနားလည်း ဖြစ်သည်။

ယနေ့မှသာလျှင် အစစ်အမှန် ကြီးမားသော ပုန်ကန်မှုကြီး စတင်ခြင်း ဖြစ်သည်။ ယခင်က နန်ကျိုးကို သိမ်းပိုက်ခဲ့ခြင်းမှာ အစသာ ဖြစ်၏။

ယွမ်ထျန်းရှဲ့၏ ဤပုန်ကန်မှု အခမ်းအနားသည် အလွန် ကြီးကျယ်ခမ်းနားလှပြီး တောင်ပိုင်း ပြည်နယ် ငါးခုလုံးတွင် ပုန်ကန်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

တာ့ကျိုးအင်ပါယာ၏ ဟေးပင်းထိုင်၏ သတင်းအချက်အလက်များမှာ အတော်လေး အသေးစိတ်ကျသည်ဟု ဆိုနိုင်သော်လည်း လုံးဝ မလုံလောက်သေးချေ။

ထို့ကြောင့် ယခုအခါ တာ့ကျိုးအင်ပါယာသည် တောင်ပိုင်း၏ အန္တရာယ်ကို များစွာ လျှော့တွက်ထားပြီး ပုန်ကန်မှု၏ အတိုင်းအတာကိုလည်း များစွာ လျှော့တွက်ထားသည်။

တာ့ကျိုးအင်ပါယာ၏ သတင်းအချက်အလက်များအရ ပုန်ကန်သူ သိန်းချီသာ ရှိသည်ဟု ထင်မှတ်ထားကြ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်အထိ ပုန်ကန်သူ သိန်းချီသာ ရှိသေးပြီး အဓိက အင်အားစုများမှာ ယခင်က ဒေသခံ ကာကွယ်ရေးတပ်များ ဖြစ်ကြသောကြောင့်ပင်။

ထို့အပြင် သာမန် ဒေသခံများသည် အချိန်တိုအတွင်း ပုန်ကန်မှုတွင် ပါဝင်လာမည် မဟုတ်ကြောင်း သက်သေ ပြနိုင်သည့် သတင်းအချက်အလက်များလည်း အလုံအလောက် ရှိနေသေး၏။

အဘယ်ကြောင့်ဆိုသော် သူတို့နှင့် ဒေသခံ ကာကွယ်ရေးတပ်များကြားတွင် ကြီးမားသော ပဋိပက္ခများ ရှိနေပြီး အချင်းချင်း မုန်းတီးနေကြသောကြောင့် ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ယနေ့ အခမ်းအနားသည် မီးပွားများကို မွေးမြူနေခြင်း ဖြစ်၏။

ယနေ့ အခမ်းအနား ပြီးဆုံးသွားပြီးနောက် တောင်ပိုင်း တစ်ခုလုံးတွင် မီးတောက်များ အနှံ့အပြား ပေါ်ထွက်လာမှာဖြစ်ပြီး တစ်ခဏအတွင်းမှာပင် ပုန်ကန်သူ သန်းချီ ထွက်ပေါ်လာမှာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ရှိနေသော လူထောင်ချီသည် ပုန်ကန်မှု၏ မီးပွားများ ဖြစ်ကြသောကြောင့်ပင်။

ယနေ့ အခမ်းအနားကို ဖြတ်သန်းပြီးနောက် ဤလူများသည် တစ်သက်လုံး မေ့ဖျောက်နိုင်တော့မည် မဟုတ်ဘဲ ယွမ်ထျန်းရှဲ့အပေါ် သစ္စာရှိမှုနှင့် ကြောက်ရွံ့ ရိုသေမှုများမှာ အရိုးထဲထိ စွဲဝင်သွားမှာဖြစ်သည်။

ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလများ ပျံ့နှံ့လာသည်နှင့်အမျှ ဤယုံကြည်ကိုးကွယ်မှုနှင့် ကြောက်ရွံ့ရိုသေမှုများမှာ ပို၍ပို၍ နက်ရှိုင်းလာမှာဖြစ်၏။

ထိုအချိန်သို့ ရောက်ရှိသွားပါက ဤပုန်ကန်မှုကို နှိမ်နင်းရန် အလွန် ခက်ခဲသွားမှာဖြစ်သည်။ တပ်တော် မည်မျှပင် စေလွှတ်စေကာမူ စစ်ပွဲ၏ ရွှံ့နွံထဲတွင် နစ်မွန်းသွားမည်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က တောင်ပိုင်းဒေသခံများသည် သဲပွင့်များကဲ့သို့ စည်းလုံးမှု မရှိဘဲ ဘုံယုံကြည်မှု တစ်ခု မရှိခဲ့ကြသောကြောင့်ပင်။

ယခုအခါ ယွမ်ထျန်းရှဲ့သည် နတ်ဘုရားတို့၏ အံ့ဖွယ်လုပ်ရပ်များကို အကြိမ်ကြိမ် ပြသကာ သူတို့ကို လုံးဝ စည်းလုံးသွားစေခဲ့ပြီ ဖြစ်သည်။ မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် မရေမတွက်နိုင်သော လူများ၏ ဘုံယုံကြည်မှု ဖြစ်လာခဲ့ပြီ ဖြစ်၏။

ထို့အပြင် ဤကမ္ဘာလောကတွင် ဆင်းရဲသားများက အများစု ဖြစ်နေသေးရာ ဟွမ်ထျန်းဂိုဏ်းသည် ကြီးမားသော မီးတောက်ကြီးတစ်ခု ဖြစ်လာပါက တောင်ပိုင်းတွင်သာမက တာ့ကျိုးအင်ပါယာ အတွင်းသို့ပါ ပျံ့နှံ့သွားမည်ဖြစ်ပြီး လောက တစ်ခုလုံးသို့ပင် ပျံ့နှံ့သွားနိုင်သည်။

ယွမ်ထျန်းရှဲ့သည် အမှန်တကယ်ပင် နတ်ဘုရား တစ်ပါး ဖြစ်သည်။ ယွင်ကျုံးဟဲ့ ဤကမ္ဘာသို့ ရောက်ရှိ လာပြီးနောက် ယွမ်ထျန်းရှဲ့သည် သူ မြင်တွေ့ခဲ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံး လူတစ်ယောက် ဖြစ်သည်။

သူသည် ယန်ဖြန်ရှန် ထက် အများကြီး တော်ပြီး ပို၍လည်း ကြောက်မက်ဖွယ် ကောင်း၏။

တတိယအဆင့်ဖြစ်သော ခေါင်းဖြတ်ပြီး သွေးသောက်သည့် အစီအစဉ် ပြီးဆုံးသွားပြီးနောက် အခမ်းအနား တစ်ခုလုံးသည် စတုတ္ထအဆင့်သို့ ရောက်သွားတော့သည်။

ခွန်အားကြီးမားသူ အချို့က ရွှေရောင် ဘုရင်ထိုင်ခုံကြီး တစ်ခုကို ဖြည်းညင်းစွာ ထမ်းလာပြီး ဟွမ်ထျန်း ဘုရားကျောင်းတော်၏ အရှေ့၊ လှေကားထစ် ဆယ့်ကိုးထစ် အထက်သို့ ယူဆောင်သွားကြ၏။

“ဘုရင်သစ် အောက်ယွီ လှေကားထစ်ပေါ်ကို တက်လှမ်းပါ။”

ထို့နောက် တည်ကြည်လေးနက်သော တေးဂီတသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ယွင်ကျုံးဟဲ့သည် တောင်ပိုင်းဘုရင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လှေကားထစ်များပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားကာ ဘုရင်ထိုင်ခုံ အရှေ့သို့ ရောက်ရှိချိန်မှာတော့ ရပ်တန့်လိုက်၏။

“ဒူးထောက်....”

အခမ်းအနားမှူး၏ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သံနှင့်အတူ ယွင်ကျုံးဟဲ့ ဒူးထောက်လိုက်ရသည်။

“အောက်ယွီ… ခင်ဗျား ကျုပ်တို့ ဟွမ်ထျန်း သာသနာကို ဝင်ရောက်ဖို့ ဆန္ဒရှိလား။” ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ မေးလိုက်၏။

“ကျုပ် ဆန္ဒရှိပါတယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။

ယွမ်ထျန်းရှဲ့သည် လက်ညှိုးကို ဆန့်ထုတ်ကာ လေထဲတွင် မန္တန် ရေးဆွဲလိုက်၏။

ထူးဆန်းသော မြင်ကွင်း နောက်တစ်ကြိမ် ပေါ်ထွက်လာပြန်၏။ သူ၏ လက်ချောင်း ရွေ့လျားမှုနှင့်အတူ လေထဲတွင် ရွှေရောင် မန္တန် တစ်ခု အမှန်တကယ်ပင် ပေါ်ထွက်လာသည်။

မန္တန်က လေထဲတွင် အမှန်တကယ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အလွန့် အလွန်ကို အံ့ဩဖွယ်ရာ ကောင်းလွန်းလှ၏။

ယွင်ကျုံးဟဲ့က ၎င်း၏ သဘောတရားကို သိရှိထားသည်။ ဤသည်မှာ ရွှေရောင် မီးခိုးငွေ့ တစ်မျိုး ဖြစ်ပြီး လေထဲတွင် လွင့်မျောနေနိုင်သည်။

ထို့ကြောင့် ယွမ်ထျန်းရှဲ့က လေထဲတွင် မန္တန် ရေးဆွဲနေသကဲ့သို့ မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ သဘောတရားကို သိရှိထားသော်လည်း အံ့မခန်းဖွယ်ရာ ကောင်းသည်မှာ အံ့မခန်းဖွယ်ရာ ကောင်းနေဆဲ ဖြစ်၏။

ယွင်ကျုံးဟဲ့ လုံးဝ မလုပ်နိုင်သော အရာဖြစ်သည်။ ဤ ယွမ်ထျန်းရှဲ့သာ ကမ္ဘာမြေသို့ ရောက်ရှိသွားပါက ကမ္ဘာပေါ်ရှိ မျက်လှည့်ဆရာများအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်မည်မှာ သေချာ၏။ သူ၏ မျက်လှည့်များမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်း အံ့မခန်းဖွယ်ရာ ကောင်းလွန်းလှသည်။

မန္တန် ရေးဆွဲပြီးနောက် ယွမ်ထျန်းရှဲ့သည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဤရွှေရောင် မန္တန်သည် ယွင်ကျုံးဟဲ့၏ ခေါင်းထဲသို့ တိုက်ရိုက် လွင့်မျောဝင်ရောက်သွားတော့၏။

အချိန်တိုအတွင်းမှာပင် ဟွမ်ထျန်း သာသနာ၏ မန္တန်သည် ယွင်ကျုံးဟဲ့၏ နဖူးပေါ်တွင် အမှန်တကယ်ပင် ပေါ်ထွက်လာတော့သည်။

ဤအခမ်းအနား ပြီးဆုံးသွားပြီးနောက် ယွင်ကျုံးဟဲ့သည် ဟွမ်ထျန်း သာသနာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သွားခဲ့ပြီ ဖြစ်ပြီး အလွန် အဆင့်မြင့်သော အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်၏။

ဘာသာဝင် အဖြစ် ခံယူပြီးနောက် ယွမ်ထျန်းရှဲ့က မေးလိုက်သည်။ “အောက်ယွီ… ခင်ဗျားဟာ နိုင်ငံတော်စောင့် နတ်သားရဲ မီးနဂါးကိုယ်တိုင် ရွေးချယ်ထားတဲ့သူ ဖြစ်ပြီး ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူ ဖြစ်တယ်။ ဒါဆို ကျုပ် မေးမယ်။ ခင်ဗျား ဟွမ်ထျန်း သာသနာ အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား။ တောင်ပိုင်းနိုင်ငံ အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် ဆန္ဒရှိပါတယ်။”

ယွမ်ထျန်းရှဲ့က ထပ်မံ မေးလိုက်ပြန်သည်။ “ဒါဆို ခင်ဗျား တောင်ပိုင်းနိုင်ငံရဲ့ ပြည်သူတွေအတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ကျုပ် ဆန္ဒရှိပါတယ်။”

ဤမြင်ကွင်းမှာ အနာဂတ် နိုင်ငံအချို့၏ သမ္မတများ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားများနှင့် အလွန် တူညီနေသည်။ အချုပ်အားဖြင့် နိုင်ငံတော်အတွက် အရာအားလုံးကို စွန့်လွှတ်ရန်၊ ပြည်သူများအတွက် အရာအားလုံးကို ပေးဆပ်ရန် ဆန္ဒရှိကြောင်း ကျိန်ဆိုခြင်း ဖြစ်သည်။

“ကောင်းပြီ… ကောင်းပြီ…”

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့သည် လက်ကို ဆန့်ထုတ်လိုက်၏။

ချက်ချင်းပဲ ဖူကျသည် ရှေ့သို့တက်လာပြီး ဒူးထောက်ကာ သရဖူတစ်ခုကို ဆက်သလိုက်သည်။

ဤသရဖူမှာလည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အရှေ့နှင့် အနောက် သရဖူများ၏ အကောင်းဆုံး အစိတ်အပိုင်းများကို ပေါင်းစပ်ထားပြီး အပေါ်တွင် ကျောက်မျက်ရတနာ အမျိုးမျိုး စီခြယ် ထားကာ ရွှေရောင် တောက်ပနေသော်လည်း သရဖူ၏ အလယ်ဗဟိုတွင်မူ ကြီးမားသော ကျောက်မျက်ရတနာ တစ်လုံး လစ်ဟာနေ၏။

ယွမ်ထျန်းရှဲ့သည် စောစောက ဖီးနစ်ငှက် သူ၏ လက်ဖဝါးထဲသို့ ထွေးထုတ်ပေးခဲ့သော အနီရောင် ကျောက်မျက်ရတနာကို ယူကာ ဤရွှေရောင် သရဖူပေါ်သို့ လက်ဗလာဖြင့်ပင် တိုက်ရိုက် မြှုပ်နှံလိုက်သည်။

ထိုသို့ဖြင့် ဤသရဖူမှာ ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။

“သခင်လေး အောက်ယွီ… ကျုပ်က ဟွမ်ထျန်း နတ်ဘုရား အပေါင်းကို ကိုယ်စားပြုပြီး၊ နိုင်ငံတော်စောင့် နတ်သားရဲကို ကိုယ်စားပြုပြီး ခင်ဗျားကို တောင်ပိုင်းဘုရင် အဖြစ် ဘိသိတ်သွန်း ပေးလိုက်တယ်။ ကောင်းကင်ဘုံရှိ နတ်ဘုရား အပေါင်းရဲ့ မျှော်လင့်ချက်တွေကို ခင်ဗျား မဖျက်ဆီးပါနဲ့။ တောင်ပိုင်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကိုလည်း မဖျက်ဆီးပါနဲ့။”

ယွမ်ထျန်းရှဲ့က ဖြည်းညင်းစွာ ပြောလိုက်ပြီး ဤသရဖူကို ယွင်ကျုံးဟဲ့၏ ခေါင်းပေါ်သို့ ဆောင်းပေးလိုက် တော့သည်။

“တောင်ပိုင်းနိုင်ငံရဲ့ မှူးမတ်အပေါင်းတို့… ခင်ဗျားတို့ရဲ့ ဘုရင်ကြီးကို အရိုအသေ မပေးကြသေးဘူးလား။”

ယွမ်ထျန်းရှဲ့၏ အမိန့်ပေးသံနှင့်အတူ ဖူကျက ဦးဆောင်ကာ ဒူးထောက်လိုက်၏။ “ဘုရင်ကြီးကို အရိုအသေပေးပါတယ်။”

“ဘုရင်ကြီးကို အရိုအသေပေးပါတယ်။”

“ဘုရင်ကြီးကို အရိုအသေပေးပါတယ်။”

“တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

လူထောင်ချီ ဒူးထောက်လိုက်ကြ၏။ လူသောင်းချီ ဒူးထောက်လိုက်ကြ၏။ လူတစ်သိန်းကျော် ဒူးထောက် လိုက်ကြသည်။

“ဘုရင်ကြီးကို အရိုအသေပေးပါတယ်။ တောင်ပိုင်းနိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ… သက်တော် ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ။”

ဤအသံသည် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို လုံးဝ လွှမ်းမိုးသွားတော့၏။

ဤအချိန်မှစ၍ အောက်ယွီသည် တောင်ပိုင်းနိုင်ငံ၏ ပထမဆုံးသော အစစ်အမှန် ဘုရင်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

စတုတ္ထအဆင့် ဘိသိတ်ခံယူပွဲ အခမ်းအနား တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

....................

All Chapters