← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 30 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 30 Ch. 351-352

အပိုင်း (၃၅၁)

ယွင်ကျုံးဟဲ့၏ ခေါင်းကွဲအက်လုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် ယွင်ကျုံးဟဲ့သည် ထူးဆန်းသော အော်ဟစ်သံတစ်ခုကို ရုတ်တရက် ထုတ်လွှင့်လိုက်သည်။ အသံမထွက်သော အော်ဟစ်သံ ဖြစ်ပြီး အသံလွန်လှိုင်း ဖြစ်သောကြောင့် လုံးဝ မကြားရချေ။

သို့ပေမည့် ဤအသံလှိုင်းသည် စပါးအုံးမြွေကြီး၏ ဦးနှောက်ကို ချက်ချင်း ရိုက်ခတ်သွားတော့၏။ ဤစပါးအုံးမြွေကြီးမှာ မူလတည်းက ခွန်အား သိပ်မကျန်တော့ရာ အသံလှိုင်း ရိုက်ခတ်ခံလိုက်ရပြီးနောက် ၎င်း၏ တစ်ကိုယ်လုံး ရုတ်တရက် တုန်ခါသွားပြီး လေထဲတွင် ခေတ္တမျှ ရပ်တန့်သွား၏။ ထို့နောက် ဖြည်းညင်းစွာ ပြုတ်ကျလာတော့သည်။

‘ဒါ... ဒါက ဘယ် စိတ်ကျန်းမာရေးလူနာရဲ့ အစွမ်းလဲ။ ဘီသိုဗင် လား၊ သရဲမ လား၊ ဒါမှမဟုတ် အမှတ်(၂၄) အသံမိစ္ဆာမ လား။ ခင်ဗျားတို့တွေ စောစောတည်းက အစွမ်းပြပါလား။ ဒီအချိန်ရောက်မှ အစွမ်းပြ နေရတယ်လို့။ ကျုပ်ရဲ့ အဆိပ်လုံးလေးတွေ အလကား ကုန်သွားပြီ။’

ပြင်းထန်သော အဆိပ်များသည် စပါးအုံးမြွေကြီး၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။ မြွေကြီးသည် လျင်မြန်စွာ သေဆုံးသွားပြီး တစ်ကိုယ်လုံး ခွန်အားမဲ့သွားကာ ယွင်ကျုံးဟဲ့ကို လုံးဝ လွှတ်ပေးလိုက်တော့၏။

ယွင်ကျုံးဟဲ့သည် ဤအေးစက်နေသော မြွေသေကောင်ကြီးပေါ်တွင် လှဲလျောင်းလျက် အသက်ကို ပြင်းပြင်းရှူနေမိသည်။

အချိန်အတော်ကြာ အသက်ရှူပြီးနောက် သူ၏ ခန္ဓာကိုယ်ကို စတင် လှုပ်ရှားလိုက်၏။ အဘယ်ကြောင့် ဆိုသော် သူ၏ တစ်ကိုယ်လုံးမှာ ရွှမ်ဝူ နတ်သံချပ်ကာဖြင့် တုပ်နှောင်ခံထားရဆဲ ဖြစ်သောကြောင့်ပင်။

ဤနွားရေများ၊ အူများနှင့် တိရစ္ဆာန်အကြောများမှာ အမှန်တကယ်ပင် ခိုင်ခံ့လွန်းလှသည်။ စပါးအုံးမြွေကြီး၏ ရစ်ပတ်မှုကို ခံရသော်လည်း လုံးဝ ပျက်စီးသွားခြင်း မရှိချေ။

သူသည် စပါးအုံးမြွေကြီး၏ ပါးစပ်အနီးသို့ တွားသွားသွားပြီး ၎င်း၏ ထက်မြက်သော သွားများဖြင့် အတင်းအကျပ် ပွတ်တိုက်လိုက်သည်။

ဆယ်မိနစ်ကျော်ခန့် ပွတ်တိုက်ပြီးနောက်မှသာ ကိုယ်ပေါ်ရှိ ရွှမ်ဝူ နတ်သံချပ်ကာ ကြိုးများကို ဖြတ်တောက် နိုင်ခဲ့သည်။ ဤစပါးအုံးမြွေကြီး၏ သွားများတွင် အဆိပ်မရှိ၍သာ တော်တော့၏။

ကြိုးများ ပြတ်တောက်သွားပြီး လှုပ်ရှားနိုင်စွမ်း ပြန်လည် ရရှိလာပြီးနောက် ယွင်ကျုံးဟဲ့သည် အခေါင်းပေါက် အတွင်း စတင် ရှာဖွေတော့၏။ ဤနေရာတွင် အထုပ်တစ်ထုပ် ရှိနေသင့်သည်။ ထိုအထုပ်အတွင်းတွင် ယွင်ကျုံးဟဲ့၏ အဖိုးတန်ပစ္စည်းများစွာ ပါဝင်နေသည်။

ထိုနေ့ညက သူသည် အောက်ချီအား လျှို့ဝှက်စာ ပေးပို့ကာ နန်ကျိုး မြို့ပြင်ရှိ သတ်မှတ်ထားသော နေရာတစ်ခုတွင် အထုပ်ကို တူးဖော်ရန်နှင့် ၎င်းကို ဟွမ်ထျန်း ဘုရားကျောင်းတော် အတွင်းသို့ လျှို့ဝှက်စွာ သယ်ဆောင်လာရန် အကူအညီ တောင်းခံခဲ့၏။

ဤအထုပ်မှာ ယွင်ကျုံးဟဲ့ နန်ကျိုးသို့ မဝင်ရောက်မီ ကြိုတင် မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။

လျှို့ဝှက်စာကို ဖတ်ပြီးနောက် နောက်တစ်နေ့တွင် အောက်ချီသည် နန်ကျိုးမြို့မှ ထွက်ခွာကာ တာ့ရစ်တောင်သို့ သွားရောက်ခဲ့၏။

မဟာဆရာသခင်ကြီး ယွမ်ထျန်းရှဲ့ အား အမိန့်တော်ကို ရုပ်သိမ်းပေးရန် တောင်းဆိုမည်ဟု အကြောင်းပြ ခဲ့သော်လည်း အမှန်တကယ်တွင်မူ ယွင်ကျုံးဟဲ့အတွက် အထုပ်ကို သယ်ဆောင်လာပေးခြင်း ဖြစ်သည်။

စောစောက ဘုရားကျောင်းတော်အတွင်း အတက်အဆင်း ပြုလုပ်စဉ်က သူ ဤအထုပ်ကို မတွေ့ရှိ ခဲ့သောကြောင့် အောက်ချီသည် အထုပ်ကို ဘုရားကျောင်းတော် အောက်ခြေရှိ ဤအခေါင်းပေါက်ထဲသို့ ပစ်ချထားခဲ့ခြင်း ဖြစ်မည်ဟု တွေးလိုက်မိ၏။

ဤနေရာတွင် ဧရာမ စပါးအုံးမြွေကြီး တစ်ကောင် ရှိနေသောကြောင့် မည်သူမှ ဆင်း၍ စစ်ဆေးရဲမည် မဟုတ်ရာ ဤနေရာတွင် အထုပ်ကို ထားရှိခြင်းမှာ အသင့်တော်ဆုံး ဖြစ်သည်။

သို့သော်ငြား ယွင်ကျုံးဟဲ့ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း အထုပ်ကို လုံးဝ မတွေ့ရှိခဲ့ချေ။ ကျိုးနေသော ဓားတစ်လက်တည်းသာ ရှိနေသည်။ ထိုဓားမှာ အောက်ချီက ယွင်ကျုံးဟဲ့၏ လက်ထဲမှ လုယူသွားခဲ့သော ဓားကျိုး ပင်ဖြစ်သည်။

ဤဓားရိုးအတွင်း၌ ပစ္စည်းတစ်ခု ဖုံးကွယ်ထားသော်လည်း ပို၍ အရေးကြီးသော အဖိုးတန်ပစ္စည်းများမှာ ထိုအထုပ်အတွင်း၌ ရှိနေသည်။ ဤအထုပ် မရှိလျှင်တောင်မှ အပြင်ဘက်ရှိ လူတစ်သိန်းကို သတ်ဖြတ် နိုင်သော်လည်း သူကိုယ်တိုင်လည်း လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။

ဤအထုပ် မရှိပါက နောက်ဆက်တွဲ အစီအစဉ်များတွင် သူ ဟန်ရေးပြ၍ မရနိုင်တော့သလို နတ်ဘုရား အဖြစ်လည်း ဟန်ဆောင်၍ မရနိုင်တော့ပေ။

‘မဖြစ်နိုင်ဘူး။ ဓားကျိုးတောင် ဒီနေရာမှာ ရှိနေသေးတာ အထုပ်လည်း ရှိနေသင့်တာပေါ့။ ဖြစ်နိုင်တာက...’

ယွင်ကျုံးဟဲ့သည် စပါးအုံးမြွေကြီးကို လှမ်းကြည့်လိုက်၏။ ‘စပါးအုံးမြွေကြီး မျိုချသွားတာများလား။’

အလွန် ဖြစ်နိုင်ခြေ ရှိသည်။ ဤစပါးအုံးမြွေကြီးမှာ အစာငတ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် တွေ့သမျှ အရာအားလုံးကို မျိုချနေခြင်း ဖြစ်ပေမည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဓားကျိုးဖြင့် စပါးအုံးမြွေကြီး၏ ဗိုက်ကို သတိထား၍ ခွဲလိုက်သည်။

ထင်တဲ့အတိုင်းပင် အတွင်း၌ အထုပ်တစ်ထုပ် ရှိနေပြီး အမှန်တကယ်ပင် စပါးအုံးမြွေကြီး မျိုချသွားခြင်း ဖြစ်၏။

ကံကောင်းစွာဖြင့် အပြင်ဘက်တွင် ရေစိုခံ၊ မီးခံ အလွှာများ အထပ်ထပ် ဖုံးအုပ်ထားသော်လည်း ယွင်ကျုံးဟဲ့သည် အက်ဆစ်ဒဏ် ခံနိုင်ရန်တော့ မစဉ်းစားထားခဲ့ချေ။ သို့ပေမည့် ရေစိုခံနိုင်ရန်အတွက် နွားအစာအိမ်အိတ်ကို အသုံးပြု၍ ဒုတိယ အကာအကွယ် အလွှာအဖြစ် အသုံးပြုထားခဲ့၍သာ တော်တော့သည်။

ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာမှ သယ်ဆောင်လာသော အဖိုးတန်ပစ္စည်းများမှာ ရေစိုသွားခြင်း မရှိသလို ပျက်စီးသွားခြင်းလည်း မရှိချေ။

ဘာပစ္စည်းတွေ ပါဝင်နေသနည်း။ အများကြီးဖြစ်သည်။ အသွင်ပြောင်းထားသည့် ပင်နီဆီလင်များ၊ အဆိပ်မျိုးစုံနှင့် အာနိသင် ပြင်းထန်သည့် မေ့ဆေးများ ပါဝင်၏။

အဆိုပါ ပစ္စည်းများကို ရွှေ၊ ငွေ၊ ပုလဲ ရတနာများကြားတွင် ရောနှော၍ လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အနက် အရေးအကြီးဆုံး ပစ္စည်းသုံးမျိုး ပါဝင်ရာ ပထမတစ်ခုမှာ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ချုပ်လုပ်ထားသည့် လေဟုန်စီးဝတ်စုံ ဖြစ်၏။

၎င်းဝတ်စုံမှာ လင်းနို့တောင်ပံသဏ္ဌာန် ရှိပြီး ဝတ်ဆင်ထားသူအနေဖြင့် မြင့်မားသော တောင်ထိပ်များမှ ခုန်ချကာ လေထဲ၌ ပျံသန်းနိုင်စေသည်။

သို့ပေမည့် ဤအားကစားနည်းမှာ အလွန် အန္တရာယ်များလှသောကြောင့် အသက်ဘေးကို မမှုသူတို့သာ ကစားလေ့ရှိသည့် အစွန်းရောက်အားကစား တစ်မျိုး ဖြစ်သည်။ နိုင်ငံခြားသားများကြားတွင် ခေတ်စား သော်လည်း ပြည်တွင်း၌မူ ကစားသူ အလွန်ပင် ရှားပါးလှ၏။

ယခင်ဘဝ၌ ယွင်ကျုံးဟဲ့သည် နှင်းလျှောစီးခြင်း၊ လေထီးခုန်ခြင်းနှင့် လေဟုန်စီးခြင်း စသည့် အစွန်းရောက် အားကစားဟူသမျှကို အရူးအမူး ဝါသနာပါခဲ့သူ ဖြစ်သည်။

သူသည် စွန့်စားရမှုကို နှစ်သက်ပြီး သေဘေးကိုပင် မကြောက်ရွံ့တတ်သူ ဖြစ်သောကြောင့် ဤကဲ့သို့သော အရာများကို အထူးပင် မက်မောခဲ့ခြင်း ဖြစ်၏။

သို့ပေမည့် ယခုလက်ရှိ သူ၏ ဝဖြိုးလွန်းသော ခန္ဓာကိုယ်အချိုးအစားနှင့် ဤဝတ်စုံကို ဝတ်ဆင်၍ အမှန်တကယ် ပျံသန်းနိုင်ပါမည်လား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေသည်။

မူလက တြိဂံပုံစံ လေဟုန်စီးကိရိယာကို အသုံးပြုရန် စိတ်ကူးခဲ့သော်လည်း ၎င်းမှာ အလွန်ကြီးမားလွန်း သောကြောင့် အထုပ်အတွင်း ထည့်သွင်းသယ်ဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။

သို့ရာတွင် လေထုသိပ်သည်းဆ မြင့်မားလာမည့် အပြောင်းအလဲ အခြေအနေတစ်ခု၌မူ ဤဝတ်စုံဖြင့် ပျံသန်းနိုင်လိမ့်မည်ဟု သူက တွက်ဆထားသည်။

ဒုတိယပစ္စည်းမှာ ရိုးရှင်းသော လေထီးတစ်ခု ဖြစ်သည်။ လေထီးကို ဖန်တီးရခြင်းမှာ ခက်ခဲလှသည့် ကိစ္စမဟုတ်သောကြောင့် သူက လွယ်ကူစွာပင် ပြင်ဆင်ထားခြင်း ဖြစ်၏။

တတိယမြောက် ပစ္စည်းမှာမူ ခေတ်မီနည်းပညာဖြင့် ဖော်စပ်ထားသော သာမိုက် (ခေါ်) အလူမီနီယမ်နှင့် သံအောက်ဆိုဒ် အရောအနှောပင် ဖြစ်သည်။

၎င်းကို လောင်ကျွမ်းစေပါက အပူချိန်သည် ၂၅၀၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်နိုင်စွမ်း ရှိသည်။ သာမိုက် ဖော်စပ်ပုံမှာလည်း မခက်ခဲလှဘဲ အလူမီနီယမ်မှုန့်နှင့် သံအောက်ဆိုဒ်ကို ၁ : ၂.၉၅ အချိုးဖြင့် ရောစပ်လိုက်ရုံမျှသာ ဖြစ်၏။

သို့ရာတွင် ဤကမ္ဘာ၌ အလူမီနီယမ်ကို ရှာဖွေရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။ အလူမီနီယမ်သည် သံရိုင်းများနှင့်အတူ တွဲလျက် ပါလာတတ်သောကြောင့် ယွင်ကျုံးဟဲ့သည် ပိုင်ရှင်မဲ့နယ်မြေတွင် ရှိနေစဉ်ကပင် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင်မူ ဤပစ္စည်းကို အသုံးပြုရန် အခွင့်မသာသေးသောကြောင့် နောင်အခါ အသုံးတည့်စေရန် သိမ်းဆည်းထားရုံသာ ရှိတော့သည်။ ၎င်းပစ္စည်းများအပြင် အခြားသော အသုံးအဆောင် အသေးအဖွဲလေး များလည်း ကျန်ရှိနေသေး၏။

ဤပစ္စည်းအချို့ကို ကျန်းကျိုးမြို့ရှိ အိမ်ဟောင်း၌ သိမ်းဆည်းထားခဲ့ရာမှ မြို့တော်မှတစ်ဆင့် တောင်ပိုင်း လူရိုင်းနယ်မြေသို့ လာရာလမ်းတွင် ဝင်ရောက်ယူဆောင်ခဲ့ခြင်း ဖြစ်သည်။

အခြားသော ပစ္စည်းအချို့ကိုမူ ခရီးနှင်လာသည့် ရက်ပေါင်း နှစ်ဆယ်အတွင်း လိုအပ်သည်များကို စုဆောင်း၍ ကိုယ်တိုင် ချုပ်လုပ်ခဲ့ခြင်း ဖြစ်၏။

အမှန်စင်စစ် အကြောင်းကိစ္စ မရှိဘဲ လေထီးကဲ့သို့သော အရာမျိုးကို ကြိုတင်ပြင်ဆင်ထားသူမှာ ရှားပါး လှသည်။

ဟေးပင်းထိုင် စစ်သည်တို့သည် ဤအထုပ်အပိုးများကို အကြိမ်ကြိမ် အဖန်ဖန် စစ်ဆေးခဲ့ကြသော်လည်း အပြင်ပန်းကြည့်ရုံမျှဖြင့် သာမန် ရွှေ၊ ငွေ၊ ရတနာများဟုသာ ထင်မှတ်ခဲ့ကြသောကြောင့် ထူးခြားမှု တစ်စုံတစ်ရာကို ရှာမတွေ့ခဲ့ကြပေ။

ယခုအခါ ယွင်ကျုံးဟဲ့သည် ဘုရားကျောင်းတော် အောက်ခြေရှိ အခေါင်းပေါက်အတွင်း ပိတ်မိနေပြီဖြစ်၏။ အပေါက်ကို သံပြားကြီးဖြင့် ပိတ်ဆို့ထားကာ သော့ခလောက် အများအပြားဖြင့် ခတ်ထားသည်။

ကြက်တစ်ကောင်ကိုပင် သတ်နိုင်စွမ်း မရှိသော ယွင်ကျုံးဟဲ့ အနေဖြင့် ထိုသံပြားကြီးကို တွန်းဖွင့်ရန်မှာ လုံးဝ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်၏။

ယွင်ကျုံးဟဲ့ အနေဖြင့် နောက်ဆက်တွဲ အစီအစဉ်များကို လုပ်ဆောင်လိုပါက ဤနေရာမှ ထွက်ခွာနိုင်ရန် လိုအပ်သည်။

သေချာပေါက် ဤအချိန်တွင် သာမိုက်ကို အသုံးပြုလိုက်ပါက ဤသံပြားကို အလွယ်တကူ လောင်ကျွမ်း ဖျက်ဆီးပစ်နိုင်၏။

သို့ပေမည့် ဤအချိန်တွင် သာမိုက်ကို အသုံးပြုရန် မသင့်တော်ချေ။ အဘယ်ကြောင့်ဆိုသော် ဤဘုရားကျောင်းတော်၏ ပြတင်းပေါက်များကိုမှန်ဖြင့် ပြုလုပ်ထားပြီး အလင်းပေါက်နိုင်စွမ်း အနည်းငယ် ရှိနေသည်။

ထို့ကြောင့် သာမိုက် အသုံးပြုချိန်တွင် ထွက်ပေါ်လာမည့် မျက်စိကျိန်းမတတ် အလင်းရောင်ကြောင့် အလွယ်တကူ သိသာသွားနိုင်သောကြောင့် ဖြစ်၏။

ထိုသို့ဆိုလျှင် အသံမထွက်ဘဲ မည်သို့ အပြင်ထွက်မည်နည်း။ အခေါင်းပေါက်ကို ပိတ်ဆို့ထားသော သံပြားကို မည်သို့ ဖွင့်မည်နည်း။

အလွန် လွယ်ကူသည်။ ပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို အသုံးပြု၍ သံပြား၏ ချိတ်ဆက်မှုများကို စားသွားစေရန် ပြုလုပ်လိုက်ရုံသာ ဖြစ်သည်။

ပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။ အဖြေမှာ ပေါင်တစ်ထောင်၊ နှစ်ထောင်ခန့် အလေးချိန်ရှိသော ဤဧရာမစပါးအုံးမြွေကြီး၏ အစာအိမ်အတွင်း၌ပင် ရှိနေခြင်း ဖြစ်သည်။ ၎င်း၏ ဝမ်းဗိုက်အတွင်း၌ အစာခြေအက်ဆစ်ရည် ပေါင်ဆယ်ချီ၍ တည်ရှိနေ၏။

စပါးအုံးမြွေ၏ အစာအိမ်အက်ဆစ်သည် သဘာဝအလျောက်ပင် ပြင်းထန်မှု ရှိသော်လည်း ၎င်းကို ပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ်ဟု တိုက်ရိုက် ခေါ်ဆိုရန်ကား မဖြစ်နိုင်သေးပေ။ ထို့ကြောင့် စနစ်တကျ ပြုပြင်ဖန်တီးရန် လိုအပ်သေးသည်။

အခြေခံအကျဆုံး နည်းလမ်းမှာ အပူပေးခြင်းဖြင့် ရေဓာတ်ကို အငွေ့ပျံစေကာ အက်ဆစ်ပြင်းအားကို မြှင့်တင်ရန်ဖြစ်၏။

သို့ရာတွင် ဤနည်းလမ်းဖြင့် ပြုလုပ်ပါက အက်ဆစ်ပြင်းအား ၂၀ ရာခိုင်နှုန်း ခန့်သာ ရရှိနိုင်မှာဖြစ်၏။ အကြောင်းမူကား အပူချိန် လွန်ကဲလာပါက ဟိုက်ဒရိုဂျင်ကလိုရိုက်ဓာတ်ငွေ့သည် ရေခိုးရေငွေ့များထက် ပိုမိုမြန်ဆန်စွာ အငွေ့ပျံထွက် သွားတတ်သောကြောင့် ဖြစ်သည်။

အကယ်၍ သင့်လျော်သော ကွန်တိန်နာနှင့် ကိရိယာတန်ဆာပလာများသာ ရှိပါက ယွင်ကျုံးဟဲ့အနေဖြင့် ပြင်းအား အလွန်မြင့်မားသော အက်ဆစ်ကို ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း ယခုကဲ့သို့ အကျပ်အတည်း ကာလတွင်မူ ထိုသို့သော အခွင့်အရေးမှာ မရှိသလောက်ပင် ဖြစ်၏။

သို့သော်လည်း လက်ရှိအခြေအနေအရ ၂၀ ရာခိုင်နှုန်းကျော်မျှ ပြင်းအားရှိသော ဟိုက်ဒရိုကလိုရစ် အက်ဆစ်သည်ပင်လျှင် သူ၏ ရည်ရွယ်ချက်အတွက် လုံလောက်သော အင်အားတစ်ရပ် ဖြစ်သည်။

ဆက်လက်၍ ယွင်ကျုံးဟဲ့သည် အထုပ်ထဲမှ ဓာတ်ငွေ့ကာ မျက်နှာဖုံးကို တပ်ဆင်ကာ စပါးအုံးမြွေကြီး၏ အစာအိမ်အက်ဆစ်ကို ခက်ခဲပင်ပန်းစွာ ပြုတ်ရတော့၏။

ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် ပြင်းအားမြင့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဂရမ် ရာချီကို နောက်ဆုံးတွင် ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် လက်အိတ်ကို စွပ်ကာ အသေးစိတ် အလုပ်များကို စတင် လုပ်ဆောင်တော့၏။

ဤအခေါင်းပေါက်မှာ လေးငါးမီတာခန့် မြင့်မားပြီး မူလက ယွင်ကျုံးဟဲ့သည် အခေါင်းပေါက်ကို ပိတ်ဆို့ထားသော သံပြားကို လှမ်းမမီနိုင်ချေ။

သို့သော်ငြား စပါးအုံးမြွေကြီး၏ အလောင်း ရှိနေသည် မဟုတ်ပါလား။ ၎င်းကို အတင်းအကျပ် ခွေလိုက်ပါက အမြင့်ဆုံး ခြေနင်းခုံတစ်ခု ဖြစ်သွားပေလိမ့်မည်။

သို့ပေမည့် သံပြား၏ ချိတ်ဆက်မှုများကို အက်ဆစ်ဖြင့် စားသွားစေရန် ပြုလုပ်သည့် လုပ်ငန်းစဉ်မှာ ယွင်ကျုံးဟဲ့၏ ဘဝကိုပင် သံသယ ဝင်သွားစေလောက်အောင် ပင်ပန်းစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အလွန့် အလွန် သတိထားရမှာဖြစ်ပြီး တစ်စက်လေး မျက်လုံးထဲ ကျသွားပါက သူ မျက်ကန်းဖြစ်သွားမည်မှာ သေချာသည်။ ထို့အပြင် သူ၏ အထုပ်ထဲတွင် မျက်မှန် မပါဝင်ချေ။

နာရီပေါင်းများစွာ ကြာမြင့်ခဲ့၏။ အမှန်တကယ်ပင် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် အခေါင်းပေါက်ကို ပိတ်ဆို့ထားသော သံပြား၏ ချိတ်ဆက်မှုများကို သူ ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်သည်။

‘ချီးတဲ့မှ... တကယ်ပဲ ပင်ပန်းသေစေတော့မှာပဲ။ လက်နှစ်ဖက်လုံး ပြတ်ထွက်တော့မလို ခံစားနေရတယ်။ ကျုပ်က အသေးစိတ် အလုပ်တွေ လုပ်ရာမှာ အကျွမ်းကျင်ဆုံး ဖြစ်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်နေလို့သာ တော်သေးတယ်။’

............................

အပိုင်း (၃၅၂)

ယခုအချိန်တွင် အပြင်ဘက်၌ မှောင်မိုက်နေပြီ ဖြစ်သော်လည်း အလွန် ဆူညံနေဆဲဖြစ်သည်။ အပြင်ဘက် ကွင်းပြင်တွင် အောင်ပွဲခံ စားသောက်ပွဲကြီး ကျင်းပနေခြင်း ဖြစ်ပြီး အရက်သောက်ကာ ပျော်ရွှင်စွာ အော်ဟစ်နေကြ၏။

ထို့အပြင် ဤ ဟွမ်ထျန်း ဘုရားကျောင်းတော်ကြီးထဲသို့ မည်သူမှ ဝင်ရောက်လာနိုင်မည် မဟုတ်ကြောင်း သေချာသည်။

ယွမ်ထျန်းရှဲ့ ကိုယ်တိုင်က ဤဘုရားကျောင်းတော်သည် မကောင်းဆိုးဝါးများကို ဖိနှိပ်ထားသော နေရာဖြစ်ပြီး တံခါးကို လုံးဝ မဖွင့်ရကြောင်း၊ ထိုသို့မဟုတ်ပါက မကောင်းဆိုးဝါးများ ထွက်ပြေးသွားပြီး တောင်ပိုင်းကို ဘေးအန္တရာယ် ပေးမည်ဖြစ်ကြောင်း ပြောထားသည်။

ယွင်ကျုံးဟဲ့ကို စောင့်ကြည့်နေသော ဒေသခံ စစ်သည် နှစ်ဦးပင်လျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ကြသည် မဟုတ်ပါလား။

ထို့အပြင် နောက်ထပ် အချက်တစ်ချက် ရှိသေး၏။ ဟွမ်ထျန်း ဘုရားကျောင်းတော်၏ အမိုးအုပ်ပွဲ အခမ်းအနား ပြီးဆုံးသွားပြီ မဟုတ်ပါလား။ အဘယ်ကြောင့် ဤလူများ ထွက်ခွာမသွားကြသေးသနည်း။

အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲ အနေဖြင့် ပို၍ အရေးကြီးသော အခမ်းအနား ရှိနေသေးသောကြောင့် ဖြစ်သည်။

အောက်ယွီ ဟူသော တောင်ပိုင်းဘုရင်သည် အနစ်နာခံရန်အတွက်သာ ဖြစ်ပြီး အစစ်အမှန် တောင်ပိုင်း ဘုရင်မှာ ဖူကျ ပင်ဖြစ်ကာ အမြဲတမ်း ဖူကျ သာ ဖြစ်နေခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူသာလျှင် ယွမ်ထျန်းရှဲ့၏ အစွန်းရောက် ဘာသာဝင် ဖြစ်သောကြောင့်ပင်။ ဘုရင်ကြီး အောက်ယွီသည် မကောင်းဆိုးဝါးများကို ဖိနှိပ်ရန်အတွက် အနစ်နာခံသွားခဲ့ပြီ ဖြစ်သည်။

စောစောက အပြင်ဘက်ရှိ လူအားလုံး ရှင်းလင်းစွာ ကြားခဲ့ရသည်။ ဘုရင်ကြီး အောက်ယွီသည် သနားဖွယ်ကောင်းအောင် အော်ဟစ်ခဲ့ပြီးနောက် တဖြည်းဖြည်း အသံတိတ်သွားခဲ့ရာ သေချာပေါက် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ကြ၏။

ထို့ကြောင့် နောက်ဆက်တွဲအနေဖြင့် တောင်ပိုင်းနိုင်ငံသည် ဘုရင်သစ် တစ်ပါးကို တင်မြှောက်ရတော့မှာ ဖြစ်သည်။

သို့သော်ငြား ဘုရင်ကြီး အောက်ယွီကို လွမ်းဆွတ်သောအားဖြင့် အနည်းဆုံး သုံးရက်ခန့် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် ပြုလုပ်ရမှာဖြစ်၏။ မည်သို့ပင်ဆိုစေ သူသည် တောင်ပိုင်းနိုင်ငံ အတွက် အနစ်နာခံသွားခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။

သုံးရက်အကြာ ဆယ့်နှစ်လပိုင်း ဆယ့်နှစ်ရက်နေ့တွင် ဘုရင်သစ် ဖူကျ၏ အစစ်အမှန် နန်းတက်ပွဲ အခမ်းအနားကို ကျင်းပမှာဖြစ်သည်။ ထို့နောက် တောင်ပိုင်းဘုရင် နိုင်ငံ တရားဝင် တည်ထောင်ကြောင်းကို ကြေညာမှာဖြစ်၏။

နောက်ဆက်တွဲ အနေဖြင့် မှူးမတ်အပေါင်းကို ရာထူးတံဆိပ်များ ချီးမြှင့်မည်ဖြစ်ပြီး ထိုနေရာတွင် ရှိနေသော လူထောင်ချီသည် ရာထူးတံဆိပ်များ ရရှိကြမှာဖြစ်သည်။

ရက်အတော်ကြာအောင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဤလူများ ရာထူးတံဆိပ်များ ရရှိပြီး နောက်တွင် ပုန်ကန်မှု၏ မီးပွားများ ဖြစ်လာကာ တောင်ပိုင်း ပြည်နယ်အသီးသီးသို့ ပြန်လည်ရောက်ရှိသွားပြီး တောင်ပိုင်း တစ်ခုလုံးတွင် လူသန်းချီ ပါဝင်သော ပုန်ကန်မှုကြီးကို စတင်ကြမှာဖြစ်၏။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်း ဤပုန်ကန်မှုကို မည်သို့ နှိမ်နင်းမည်နည်း။ သေချာပေါက် ဤလူတစ်သိန်းနီးပါးကို အကုန်လုံး သတ်ဖြတ်ပစ်ရမှာဖြစ်သည်။

ဤနေရာတွင် ဟွမ်ထျန်းဂိုဏ်း၏ အစွန်းရောက် ဘာသာဝင်များ၊ အကောင်းဆုံး ဒေသခံ ပုန်ကန်သူများ၊ ပြည်နယ်အသီးသီးမှ ဒေသခံ ခေါင်းဆောင်များ ရှိနေကြ၏။

ဤလူတစ်သိန်းကျော်ကိုသာ သတ်ဖြတ်ပစ်လိုက်နိုင်ပါက ယခုမှ တည်ထောင်ခါစ တောင်ပိုင်းနိုင်ငံသည် လုံးဝ ပျက်စီးသွားမည်မှာ သေချာသည်။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်းဖြင့် ဤလူတစ်သိန်းကျော်ကို အကုန်လုံး သတ်ဖြတ်ပစ်နိုင်ပါမည်လား။ ဖြစ်နိုင်ပါမည်လား။ လုံးဝ စိတ်ကူးယဉ်နေခြင်း ဖြစ်ပါမည်လား။

သေချာပေါက် မဟုတ်ပေ။ အမှန်တကယ်တော့ ယွင်ကျုံးဟဲ့ ဘာမှမလုပ်လျှင်တောင်မှ ဤလူတစ်သိန်းကျော်သည် သေဆုံးသွားကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဆယ့်နှစ်လပိုင်း ဆယ့်သုံးရက်နေ့ဝန်းကျင်တွင် တာ့ရစ်တောင်၌ မီးတောင် ပေါက်ကွဲမှာဖြစ်သည်။ ယခင်က မရှိခဲ့ဖူးသော မီးတောင် ပေါက်ကွဲမှုကြီး ဖြစ်၏။

ဤတာ့ရစ်တောင်သည် လွန်ခဲ့သော နှစ်သောင်းချီက ဧရာမ မီးတောင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ဂျပန်နိုင်ငံမှ ဖူဂျီတောင် ကဲ့သို့ပင် သက်ရှင်မီးတောင် တစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်သုံးရာကျော်က တစ်ကြိမ် ပေါက်ကွဲခဲ့ ဖူးသော်လည်း အတိုင်းအတာ သိပ်မကြီးမားခဲ့ချေ။

လွန်ခဲ့သော နှစ်တစ်သောင်း တစ်ထောင်ကျော်ကမူ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သော ကြီးမားသည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ဤ တာ့ရစ်တောင်သည် မည်သည့်အချိန်က ပေါက်ကွဲခဲ့သနည်း။ လုံးဝ မသိရှိရတော့ချေ။ သို့သောငြား် ဤကမ္ဘာပေါ်ရှိ သမိုင်းမှတ်တမ်း အားလုံးတွင် ၎င်း ပေါက်ကွဲခဲ့သည့် မှတ်တမ်း လုံးဝ မရှိခဲ့ချေ။

ထို့အပြင် အပြင်ပန်းတွင် မီးတောင်၏ လက္ခဏာများကို လုံးဝ မတွေ့ရတော့ဘဲ မီးတောင်ဝလည်း မရှိတော့ပေ။ သစ်ပင်သစ်တောများ ထူထပ်စွာ ပေါက်ရောက်နေပြီး သက်ဝင်လှုပ်ရှားနေသည်။

သို့သော်ငြား ခေတ်သစ် သိပ္ပံပညာကို သင်ယူခဲ့ဖူးသော ယွင်ကျုံးဟဲ့ အနေဖြင့် တာ့ရစ်တောင်၏ အပြင်ပန်း ပုံစံကို ကြည့်ရုံဖြင့် ၎င်းသည် မီးတောင်တစ်ခု ဖြစ်နိုင်ကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်၏။

ယခုနှစ်အတွင်း တောင်ပိုင်းတွင် ငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့ပြီး ငလျင်များသည် သက်ရှင် မီးတောင်များကို အလွယ်တကူ နိုးထစေနိုင်သည်။

မကြာမီက ယွင်ကျုံးဟဲ့သည် ဟေးပင်းထိုင်၏ သတင်းအချက်အလက်များမှတစ်ဆင့် မြေပြင်မှ အလင်းရောင်များ ထွက်ပေါ်လာခြင်း စသည့် မှတ်တမ်းများကို တွေ့ရှိခဲ့ရ၏။

ထို့အပြင် သတင်းအချက်အလက်များထဲတွင် အသေးစိတ် အချက်တစ်ခုလည်း ပါဝင်နေသေး၏။ ရေအပူချိန် မြင့်တက်လာခြင်း ဖြစ်ပုံရသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် တောင်ပိုင်းသို့ လာရောက်စဉ် တာ့ရစ်တောင်၏ မြောက်ဘက် မိုင်တစ်ရာကျော် အကွာရှိ ရေကန်တစ်ခုသို့ အထူး သွားရောက် စစ်ဆေးခဲ့သည်။ ရေအပူချိန် အမှန်တကယ်ပင် မြင့်တက်နေ၏။

သေချာပေါက် ရေပူစမ်း အဆင့်အထိ မရောက်ရှိသေးသော်လည်း ရေအပူချိန် သုံးဒီဂရီ၊ လေးဒီဂရီ ဆဲလ်စီးယပ်စ်ခန့် မြင့်တက်နေ၏။ ဤလက္ခဏာမှာ ပို၍ပင် ထင်ရှားလာပြီး မီးတောင် ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသည်။

ဤ တာ့ရစ်တောင်သည် နှစ်သောင်းချီကြာ ငြိမ်သက်နေခဲ့သော သက်ရှင်မီးတောင် တစ်ခု ဖြစ်သော်လည်း ယခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်များကြောင့် နိုးထလာခဲ့ခြင်း ဖြစ်၏။

ယခင်က ယွင်ကျုံးဟဲ့သည် သိပ္ပံနည်းကျ လက္ခဏာများကို အခြေခံ၍ ခန့်မှန်းချက်များ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန် ပူးကပ်လာပြီးနောက် တာ့ရစ်တောင်သည် သေချာပေါက် မီးတောင် ပေါက်ကွဲမည်ဟု အတည်ပြုချက် ပေးခဲ့သည်။

ယွင်ကျုံးဟဲ့က တာ့ရစ်တောင် မီးတောင် ပေါက်ကွဲမည့် တိကျသော အချိန်ကို ကွမ်တန်အား မေးမြန်းခဲ့၏။

အမှတ်(၉) ကွမ်တန်က အချက်အလက်များ မပြည့်စုံသေးသောကြောင့် တိကျစွာ မခန့်မှန်းနိုင်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယွင်ကျုံးဟဲ့က စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ “ဒုက္ခပေးလိုက်တာ...”

တာ့ရစ်တောင်သို့ ရောက်ရှိလာပြီးနောက် အမှတ်(၉) ကွမ်တန် ရရှိလာသော အချက်အလက်များ ပိုမို များပြားလာခဲ့သည်။

ယခုအခါ အတော်လေး တိကျသော ခန့်မှန်းချက် တစ်ခု ရရှိလာခဲ့ပြီ ဖြစ်သည်။ ဆယ့်နှစ်လပိုင်း ဆယ့်သုံးရက်နေ့ ဝန်းကျင်တွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပေါ်လာမှာ ဖြစ်၏။

“တိကျတဲ့ အချိန်က ဘယ်အချိန်လဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပိုင်ရှင်မဲ့နယ်မြေမှာတုန်းက ခင်ဗျား တွက်ချက်မှုတွေ လုပ်ပြီး မိုးကြိုးပစ်မယ့် အချိန်ကို စက္ကန့်အထိ တိကျအောင် တွက်ချက်ပေးနိုင်ခဲ့တယ်။ လျှပ်စီးထိမယ့် နေရာကိုလည်း ပေအထိ တိကျအောင် တွက်ချက်ပေးနိုင်ခဲ့တယ်။ အခု ဘာလို့ မီးတောင် ပေါက်ကွဲမယ့် တိကျတဲ့ အချိန်ကို တွက်ချက် မပေးနိုင်ရတာလဲ။”

အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် ဤမီးတောင် ပေါက်ကွဲမှုကို အသုံးပြု၍ ဟန်ရေးပြလိုသောကြောင့် ဖြစ်၏။

“ဟမ့်... ယွမ်ထျန်းရှဲ့ ခင်ဗျားက နတ်ဘုရားတစ်ပါးလို ဟန်ဆောင်ပြီး အံ့ဖွယ်တန်ခိုးတွေကို အကြိမ်ကြိမ် ပြသခဲ့တယ်။ လူအပေါင်းကို ခင်ဗျားရဲ့ခြေဖဝါးအောက်မှာ ဝပ်တွားခစားစေခဲ့တယ် မဟုတ်လား။ မီးနဂါးက မီးမှုတ်ထုတ်တာမျိုး၊ ဖီးနစ်ငှက်က ရတနာလာရောက် ဆက်သတာမျိုးနဲ့ ပြတ်တောက်သွားတဲ့ လက်မောင်းက ပြန်လည် ပေါက်ဖွားလာတာမျိုးတွေပေါ့။ ခင်ဗျားက အကွက်ကျကျ ဟန်ရေးပြပြီး လူတိုင်းက ခင်ဗျားကို နတ်ဘုရားတစ်ပါးလို ကြည်ညိုသွားအောင် လှည့်စားခဲ့တာပဲ။”

ယွင်ကျုံးဟဲ့သည် ခနဲ့တဲ့တဲ့ အပြုံးတစ်ခုနှင့်အတူ ကြုံးဝါးလိုက်သည်။ “အခုတော့ ကျုပ်အလှည့် ရောက်ပြီ။ ဒီကမ္ဘာမြေနဲ့ ကောင်းကင်ယံတစ်ခုလုံး ကျုပ်ရဲ့ အံ့ဖွယ်စွမ်းပကားတွေအောက်မှာ တုန်လှုပ် သွားစေရမယ်။

ဒီမီးတောင်ကြီး ပေါက်ကွဲသွားတာဟာ ကျုပ်ရဲ့ နတ်ဘုရားစွမ်းအားကြောင့်ပဲလို့ လူတွေ ထင်မှတ်သွား စေရမယ်။ ကျုပ်ရဲ့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ လူပေါင်းသိန်းချီကို သုတ်သင်ပစ်မယ်။

ဒီတာ့ရစ်တောင်ပေါ်မှာ လူပေါင်းတစ်သိန်းကျော် ရှိနေပေမဲ့ မီးတောင်ပေါက်ကွဲရုံနဲ့တော့ အားလုံး သေကြေ ပျက်စီးသွားမှာ မဟုတ်ဘူး။ အဲဒီကျန်ရှိနေတဲ့ သူတွေအားလုံးဟာ ကျုပ်ရဲ့ အံ့ဖွယ်လုပ်ရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီး သက်သေခံရမယ့်သူတွေ ဖြစ်လာလိမ့်မယ်။”

မကြာမီ အချိန်အတောအတွင်းမှာပဲ ယွင်ကျုံးဟဲ့၏ အံ့ဖွယ် စွမ်းပကားများသည် ယွမ်ထျန်းရှဲ့၏ လှည့်စားမှုများကို အပြတ်အသတ် အနိုင်ယူသွားတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ ယခင်က လူအများ အထင်ကြီး လေးစားခဲ့ရသော ယွမ်ထျန်းရှဲ့၏ နတ်ဘုရားသဏ္ဌာန် ပုံရိပ်သည်လည်း ခဏချင်းအတွင်း၌ပင် အဖတ်ဆယ်မရအောင် ပြိုလဲပျက်စီးသွားပေတော့မည်။

ထိုပျက်စီးသွားသော ပုံရိပ်ဟောင်း၏ နေရာတွင် ယွင်ကျုံးဟဲ့၏ စစ်မှန်သော နတ်ဘုရားအလား ခန့်ညားထည်ဝါသည့် ပုံရိပ်သည် တဖြည်းဖြည်းချင်း အစားထိုး ထွက်ပေါ်လာလိမ့်မည်။ ဤကဲ့သို့သော နည်းလမ်းဖြင့် လူထု၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မှသာလျှင် တောင်ပိုင်းဒေသ၏ ပုန်ကန်ထကြွမှု အဝဝကို အမြစ်ပြတ် ချေမှုန်းနှိမ်နင်းနိုင်မှာ ဖြစ်သည်။

“သောက်ကျိုးနည်း.... အခု အမှတ်(၉) ကွမ်တန်က မီးတောင် ပေါက်ကွဲမယ့် တိကျတဲ့ အချိန်ကို မတွက်ချက်နိုင်ဘူး ဖြစ်နေတယ်။ အနည်းဆုံးတော့ မိနစ်အထိ တိကျအောင် တွက်ချက်ပေးပါလား။ ခင်ဗျားက အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆို…” ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။

အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကြီး... ဒီနေရာက မီးတောင်ဝ ဖြစ်ပေမယ့် မီးတောင် ပေါက်ကွဲမယ့် လက္ခဏာတွေကို လေ့လာဖို့ အကောင်းဆုံး နေရာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အရမ်း မြင့်ပြီး အရမ်း ဝေးလို့ပဲ။ ကျောက်ရည်ပူတွေက ဒီအထိ မရောက်လာသေးဘူး။

အခုချိန်မှာ မီးတောင် ပေါက်ကွဲမယ့် လက္ခဏာတွေကို လေ့လာဖို့ အကောင်းဆုံး နေရာက တောင်ဘက် မိုင်နှစ်ရာကျော် အကွာမှာ ရှိတယ်။ အဲဒီမှာ အရင်က ငလျင်ကြီး လှုပ်ခဲ့ဖူးပြီး မြေကွဲကြောင်းကြီးတွေလည်း ရှိတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် မေးတာက တိကျအောင် တွက်ချက်နိုင်မလား၊ မတွက်ချက်နိုင် ဘူးလား။”

အမှတ်(၉) စိတ်ကျန်းမာရေးလူနာက ပြန်ဖြေလိုက်သည်။ “ရပါတယ်။ ဘာလို့လဲဆိုတော့ ပေါက်ကွဲမှု မဖြစ်ခင်မှာ ဒီနေရာရဲ့ ဘူမိဗေဒ လှုပ်ရှားမှုတွေက တော်တော်လေး သိသာလာလို့ပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တစ်နာရီလောက် ကြိုပြီး ခန့်မှန်းပေးနိုင်မလား။ ခင်ဗျား ကျုပ်ကို ဟန်ရေးပြဖို့ အချိန်အလုံအလောက် ပေးမှ ရမယ်။ ပြီးမှ အေးအေးဆေးဆေး ပျံသန်းထွက်ပြေးလို့ ရအောင်။”

အမှတ်(၉) စိတ်ကျန်းမာရေးလူနာ ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ရပါတယ်။ နောက်ပိုင်းမှာ ကျုပ် မြေကြီး တုန်ခါမှု အကြိမ်အရေအတွက်နဲ့ ပြင်းအားကို အသုံးပြုပြီး မီးတောင် ပေါက်ကွဲမယ့် တိကျတဲ့ အချိန်ကို တွက်ချက်ပါမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ်တို့ ရှိနေတဲ့ နေရာက မီးတောင်ဝလေ။ ဒါပေမဲ့ ဘာလက္ခဏာမှ မတွေ့ရပါလား။ အပူချိန် တက်လာတာလည်း မရှိဘူး၊ သိသာတဲ့ တုန်ခါမှုလည်း မရှိဘူး။ ကန့်အနံ့လည်း မရပါလား။”

အမှတ်(၉) ကွမ်တန်က ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကြီး... ကျုပ် ပြောခဲ့ပြီးပြီလေ။ ဒီနေရာက မီးတောင်ဝ ဖြစ်ပေမယ့် ပေါက်ကွဲမှု မဖြစ်ခင်မှာ ဒီနေရာရဲ့ လက္ခဏာတွေက သိပ်သိသာမှာ မဟုတ်ဘူးလို့။ နောက်တစ်ခုက ဆရာဝန်ကြီး မြေကြီးပေါ်မှာ လှဲနေပေးလို့ ရမလား။ ကျုပ် မြေကြီးရဲ့ တုန်ခါမှုကို ခံစားဖို့ လိုအပ်တယ်။ အချက်အလက် အများကြီး လိုအပ်တယ်။”

ယွင်ကျုံးဟဲ့သည် အမှတ်(၉) ကွမ်တန်၏ စကားကို နားထောင်ကာ မြေကြီးပေါ်တွင် လုံးဝ လှဲလျောင်းလိုက်ပြီး နားကိုပင် မြေကြီးနှင့်ကပ်ထားလိုက်၏။

ရှုပ်ထွေးသော တုန်ခါမှုများကို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက အောင်ပွဲခံနေကြသောကြောင့်ပင်။

သို့ပေမည့် အမှတ်(၉) ကွမ်တန်သည် ဤတုန်ခါမှုများထဲမှ အပြင်ဘက်ရှိ လူများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများနှင့် မြေအောက် နက်ရှိုင်းသော နေရာရှိ ကျောက်ရည်ပူများ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများကို ရှင်းလင်းစွာ ခွဲခြားနိုင်စွမ်း ရှိသည်။

အချက်အလက်များ တစ်စထက်တစ်စ ပိုမိုများပြားလာပြီး အမှတ်(၉) ကွမ်တန်သည် အကြိမ်ကြိမ် တွက်ချက်မှုများ၊ အကြိမ်ကြိမ် ပုံစံတူ ဖန်တီးမှုများကို ပြုလုပ်နေ၏။

ထို့နောက် ကွမ်တမ်က ပြောလိုက်သည်။ “ဆရာဝန်ကြီး... တွက်ချက်လို့ ရပါပြီ။ တာ့ရစ်တောင် မီးတောင်ကြီး ပေါက်ကွဲမယ့် အချိန်ဟာ ဆယ့်နှစ်လပိုင်း ဆယ့်သုံးရက်နေ့၊ မနက် ဆယ့်တစ်နာရီ မိနစ်နှစ်ဆယ် ဝန်းကျင် ဖြစ်နိုင်ပါတယ်။”

ယွင်ကျုံးဟဲ့သည် အချိန်နာရီတို့ကို အလျင်အမြန်ပင် တွက်ချက်ကြည့်လိုက်ရာ မိမိ၏ အစီအစဉ်အတွက် လုံလောက်သော အချိန်ရနိုင်ကြောင်း သိရှိသွားတော့၏။

ထိုအချိန်တွင် တောင်ပြင်ပ၌ လူပေါင်းတစ်သိန်းကျော်မှာ ရှိနေကြဆဲပင် ဖြစ်လိမ့်မည်။ ရာထူးတံဆိပ်များ ချီးမြှင့်အပ်နှင်းနေသည့် အခမ်းအနားဖြစ်စေ၊ တောင်ပိုင်းနိုင်ငံသစ် တည်ထောင်သည့် ဂုဏ်ပြုပွဲဖြစ်စေ ထိုအခိုက်အတန့်သည် လူအပေါင်းတို့ အစည်ကားဆုံးနှင့် အမြူးကြွဆုံး ဖြစ်နေမည့် အချိန်ပင်။

အမှန်စင်စစ် ထိုအခြေအနေမှာ ယွင်ကျုံးဟဲ့အတွက် သူ၏ အစွမ်းသတ္တိတို့ကို ဟန်ရေးပြရန်နှင့် အံ့ဖွယ် လုပ်ရပ်များကို ပြသရန် အကောင်းဆုံးသော အခွင့်အရေးကြီး ဖြစ်သည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဒီတစ်ကြိမ် မီးတောင် ပေါက်ကွဲမှုရဲ့ ပြင်းအားက ဘယ်လိုနေမလဲ။ ဒီလူတစ်သိန်းကျော်ကို သတ်နိုင်ပါ့မလား။”

................

All Chapters