← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

Chapter 139

~

အခန်း ၁၃၉ : သူက ငါတို့လူပဲ...

~

​" ကလစ် "

​တံခါးပွင့်သွားသည်နှင့် လင်းဖန်က တွန်းဖွင့်ကာ အထဲသို့ အရင်ဝင်လိုက်သည်။

​မေ့ကျီသည်လည်း နောက်မှကပ်၍ လိုက်ပါလာပြီး အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်းပင် အကြီးအကျယ် ထိတ်လန့်သွားတော့သည်။

​ဆိုဖာ၊ လက်ဖက်ရည်သောက်စားပွဲ၊ ထမင်းစားပွဲနှင့် ရိုးရှင်းသော ပရိဘောဂအချို့မှလွဲလျှင် ဧည့်ခန်းထဲ၌ တစ်ခါမှမမြင်ဖူးသော ထူးဆန်းသည့် အသုံးအဆောင်ပစ္စည်းအချို့သာ ရှိသည်။

​ထိုပစ္စည်းများသည် ကျဉ်းမြောင်းလှသော ဧည့်ခန်းနေရာကို အပြည့်နီးပါး ယူထားသဖြင့် မူလကပင် သေးငယ်လှသော အခန်းမှာ ပို၍ပင် ကျပ်ညပ်နေသလို ဖြစ်နေသည်။

​'ကျဥ်းတယ်.. တကယ်ကို ကျဥ်းလွန်းတယ်..'

​ဤမျှ ကြမ်းတမ်းပြီး ကျဉ်းမြောင်းလှသော အိမ်စုတ်လေးမှာ နတ်ဆိုးနန်းတော်ရှိ နတ်ဆိုးအရှင်မင်းမြတ်၏ ရေချိုးခန်းလောက်ပင် မရှိချေ။

​" အရှင်... အရှင်က... ဒီမှာ နေနေတာလား .."

​မေ့ကျီက မယုံကြည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်ရာ သူ၏ နှုတ်ခမ်းများမှာပင် တုန်ရီနေလေသည်။

​" အင်း... ဒါက ဒီကမ္ဘာမှာရှိတဲ့ ငါ့ရဲ့အိမ်ပဲ.. "

​လင်းဖန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

​အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်မှာမူ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းသာပါသော ဤအိမ်လေးကို တော်တော်လေး ကျေနပ်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤအိမ်မှာ သူ ဘွဲ့ရပြီးကတည်းက နေ့မနား ညမနား ကြိုးစားအလုပ်လုပ်ပြီးမှ ဝယ်ယူနိုင်ခဲ့သည့် အိမ်ဖြစ်သောကြောင့်ပင်။

​သို့သော် မေ့ကျီ၏ အတွေးထဲတွင်မူ သူသည် နတ်ဆိုးအရှင်၏ ဘေးနားတွင် မရှိနေသည့် အတောအတွင်း အရှင်မှာ ဤမျှ ကျပ်ညပ်ပြီး ရိုးရှင်းလှသော အခန်းထဲတွင် နေထိုင်ရသည်အထိ နိမ့်ကျသွားခဲ့ရသည်ဟု မြင်နေသည်။

​" အရှင်..ဒီငယ်သားရဲ့ တာဝန်ပျက်ကွက်မှုကြောင့် မြင့်မြတ်လှတဲ့ အရှင်မင်းမြတ်ဟာ အခုလို မကြည့်ချင်စရာကောင်းတဲ့ နေရာမှာ နေထိုင်နေရတာပါ..ဒီငယ်သားမှာ တကယ့်ကို သေဒဏ်ပေါင်း သောင်းခြောက်ထောင် ထိုက်တဲ့ အပြစ်ရှိပါတယ်..အီး..ဟီးဟီး.... "

​မေ့ကျီသည် သူ၏မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ သူ၏ မျက်ဝန်းများမှ မျက်ရည်များသည် ရေလျှံသလို စီးကျလာပြီး မျက်နှာတစ်ခုလုံးတွင်လည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေလေ၏။

​" ...တကယ်တော့ ဒီနေရာက အဲ့ဒီလောက်အထိလည်း မကြည့်ချင်စရာ မကောင်းပါဘူးကွာ... "

​လင်းဖန်က သူ့အခန်းသူ ပြန်ကြည့်ကာ ပြောလိုက်သည်။

​အနည်းငယ် ရိုးရှင်းပြီး သေးငယ်သည်မှလွဲလျှင် လိုအပ်တာအကုန်ရှိသလို အပြင်အဆင်လည်း မဆိုးလှချေ။ မကြည့်ချင်စရာ ဟု အပြောခံရလောက်သည်အထိတော့ ဆိုးမနေ။

​မေ့ကျီက ထိုသို့ပြောလိုက်သဖြင့် လင်းဖန်၏ စိတ်ထဲတွင် အနည်းငယ် ထိခိုက်သွားသည်။

​သူ ဘွဲ့ရကာစက ငွေစုရန်အတွက် ၁၀ စတုရန်းမီတာလောက်သာရှိသော အခန်းကျဉ်းလေးမှာပင် နေခဲ့ဖူးသေး၏။ အကယ်၍ ဤအိမ်က မကြည့်ချင်စရာ ဖြစ်နေလျှင် ထိုအခန်းကျဉ်းလေးမှာ အဘယ်သို့ဖြစ်သွားမည်နည်း။

​" အရှင်.. ဒီငယ်သားက အခုပဲ သွားပြီး ဒီကမ္ဘာမှာ အကောင်းဆုံးအိမ်ကို ရှာဖွေပြီး အရှင့်အတွက် ရှင်းလင်းပေးပါ့မယ်.. "

​မေ့ကျီ၏ မျက်နှာမှာ ပြတ်သားသွားပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

​ထိုအခါ လင်းဖန်က သူ၏ပုခုံးကို လှမ်းဖမ်းလိုက်ပြီး စိတ်မရှည်စွာဖြင့်...

" ဒီမှာပဲ နေစမ်း.. ဘယ်ကိုမှ သွားဖို့ ခွင့်မပြုဘူး .."

​လင်းဖန်သည် မေ့ကျီ၏ စိတ်ဓာတ်ကို သိရှိပြီးသား ဖြစ်သည်။ သူပြောသည့် ရှင်းလင်းပေးမယ် ဆိုသည်မှာ မည်သို့သော နည်းလမ်းမျိုး ဖြစ်မည်ကို လင်းဖန် ရိပ်မိပေသည်။

​" ဒါပေမဲ့... "

​မေ့ကျီက ဆက်ပြောရန် ကြိုးစားသော်လည်း လင်းဖန်က ကြားဖြတ်ဟန့်တားလိုက်သည်။

" ဒါပေမဲ့ တွေ ဘာတွေ မလုပ်နဲ့.. ငါ မင်းကို မှာထားတာ မေ့သွားပြီလား.. မင်းရဲ့ အထောက်အထားကို ဒီမှာ အလွယ်တကူ ထုတ်မပြရဘူးလေ.. "

​" ဒီအိမ်က စခန်းချဖို့အတွက် လုံလောက်ပါတယ်.. တခြားနေရာကို အထူးတလည် ရှာနေဖို့ မလိုဘူး .."

​" မှန်လှပါ... ဒီငယ်သား နားလည်ပါပြီ... "

​လင်းဖန်က ထိုသို့ပြောလိုက်သဖြင့် မေ့ကျီမှာ မလိုလားသော်လည်း လက်လျှော့လိုက်ရတော့သည်။

​သူ ရေခဲသေတ္တာနားမှ ဖြတ်သွားစဉ် တစ်စုံတစ်ခုကို သတိပြုမိသွားကာ မျက်လုံးများ စူးရှသွားပြီး ရေခဲသေတ္တာ အပေါ်ဘက်ကို လက်ဖြင့် တို့ကြည့်လိုက်သည်။

​သူ၏ လက်ချောင်းထိပ်တွင် မီးခိုးရောင် ဖုန်မှုန့်အလွှာပါးလေးတစ်ခု ကပ်ပါလာသည်။

​နတ်ဆိုးအရှင် နေထိုင်သည့်နေရာမှာ အနည်းငယ် ကျဉ်းမြောင်းသည်ကို သူ သည်းခံနိုင်သော်လည်း မြင့်မြတ်လှသော အရှင်မင်းမြတ်၏ နေရာတွင် မည်သည့် ညစ်ညမ်းမှုမျိုးကိုမျှ သူ ခွင့်မပြုနိုင်။

​' မြင့်မြတ်လှတဲ့ အရှင့်ရဲ့ ခန္ဓာကိုယ်ကို ဒီလို ညစ်ပတ်တဲ့ အရာတွေနဲ့ ဘယ်လိုလုပ်ပြီး အထိတွေ့ ခံနိုင်မှာလဲ.. '

​" အရှင်.. အနည်းဆုံးတော့ ဒီငယ်သား ဒီနေရာကို သန့်ရှင်းရေး လုပ်ခွင့်ပေးပါ.. "

​စကားဆုံးသည်နှင့် လင်းဖန်၏ အဖြေကိုပင် မစောင့်တော့ဘဲ မေ့ကျီသည် သူ၏ သိုလှောင်လက်စွပ် ထဲမှ ရေနှင့် အဝတ်စကို ထုတ်ယူကာ အခန်းကို ကျွမ်းကျင်စွာ သန့်ရှင်းရေး စတင်တော့သည်။

​အမှန်တကယ်တော့ သူသည် သန့်စင်ခြင်း မှော်ပညာကိုသုံး၍ ဖုန်မှုန့်အားလုံးကို ရှင်းလင်းပစ်ချင်သော်လည်း အရှင် မှာကြားထားသည့်အတိုင်း ဝိညာဉ်စွမ်းအင်ကို မဖြုန်းတီးချင်သဖြင့် ကိုယ်တိုင်သာ လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​အရှင်မင်းမြတ်အတွက် ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေး လုပ်ပေးရခြင်းမှာလည်း မြင့်မြတ်လှသော ဂုဏ်ယူမှုတစ်ခု မဟုတ်ပါလော။

​ထောင့်ပေါင်းစုံကို အလွန်အမင်း ဂရုတစိုက်နှင့် ကြိုးကြိုးစားစား သန့်ရှင်းရေး လုပ်နေသည့် မေ့ကျီကို ကြည့်ကာ လင်းဖန်မှာ အားနာသလိုလို ခံစားမိသော်လည်း မတားမြစ်တော့ပေ။

အမှန်တော့ ဤအိမ်မှာ လုံယွဲ့၏ လက်ချက်ဖြင့် သန့်ရှင်းနေပြီးသား ဖြစ်သည်။ သို့သော် ဤလူမှာ သူမထက်ပင် သန့်ရှင်းရေး ပိုကြိုက်ပုံရပေ၏။

​' ဒါနဲ့ ယွဲ့အာက ဘယ်ရောက်နေတာလဲ.. '

​လင်းဖန်က အခန်းထဲတွင် ရှာဖွေသော်လည်း လုံယွဲ့၏ အရိပ်အယောင်ကို မတွေ့ရ။

​မေ့ကျီကို ရှာတွေ့ပြီးနောက် မှတ်ပုံတင်လုပ်ပေးခြင်း၊ အဝတ်အစား ဝယ်ပေးခြင်းတို့ကြောင့် အချိန်အနည်းငယ် ကြာသွားခဲ့သည်။ ကျိုးယန့်နှင့် လုကျိုက်တို့မှာလည်း ပြန်သွားကြပြီ ဖြစ်ရာ လုံယွဲ့က မည်သည့်နေရာသို့ ရောက်နေသနည်း။

​မေ့ကျီမှာ အလွန်ပင် လျင်မြန်ပြီး အလုပ်တွင်ကျယ်လှသည်။ အချိန်ခဏအတွင်းမှာပင် ဧည့်ခန်းနှင့် အိပ်ခန်းရှိ ထောင့်တိုင်းကို စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်ပြီးသွားလေပြီ။

​သူ ကျေနပ်စွာ စစ်ဆေးပြီးနောက် ဝရန်တာဘက်သို့ ရေပုံးကို သယ်သွားကာ ကျန်ရှိနေသော ဝရန်တာကိုပါ ဆက်လက် သန့်ရှင်းရေး လုပ်ရန် ပြင်လိုက်သည်။

​သူ ဝရန်တာတံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် ချက်ချင်းပင် မှင်သက်သွားသည်။

​ဝရန်တာရှိ ငှက်လှောင်အိမ်နားတွင် လူတစ်ယောက် ရပ်နေချေသည်။

​သူမ ဖုံးကွယ်ထားသည်မှာ ပေါ်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုံယွဲ့က အနေခက်စွာ ပြုံးပြလိုက်ပြီး မေ့ကျီကို လက်ပြနှုတ်ဆက်လိုက်သည်။

" ဟိုင်း... မတွေ့တာ ကြာပြီနော်... "

​မေ့ကျီ .. " ... "

​" ဧကရီ... ဧကရီအရှင်မ.... "

​မေ့ကျီမှာ ကြောင်အစွာ စိုက်ကြည့်နေပြီးနောက် လုံယွဲ့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို မှတ်မိသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

​" အရှင်... ဧကရီအရှင်မ ခိုးဝင်လာပါပြီ.. အရှင် အမြန်ဆုံး ထွက်သွားတော်မူပါ..ဒီငယ်သားက သူ့ကို တားဆီးထားပါ့မယ်.. "

​ မေ့ကျီက ပြောရင်းနှင့် ရေပုံးကို ချလိုက်ပြီး တိုက်ခိုက်မည့် အနေအထား ပြင်လိုက်တော့သည်။

​နောက်တစ်စက္ကန့်တွင် လင်းဖန်က ချက်ချင်းရောက်လာပြီး သူ့ကို နံရံတွင် ကပ်ကာ တားဆီးလိုက်ရ၏။

​" အ...အရှင်... "

​မေ့ကျီက နံရံကို မှီလျက် ပဟေဋိဖြစ်နေသော အမူအရာဖြင့် ကြည့်နေမိသည်။

​" ဘာမှ မလုပ်နဲ့ ..သူက ငါတို့လူပဲ.. "

​လင်းဖန်က မေ့ကျီကို လွှတ်ပေးလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

​" ကျ... ကျွန်တော်တို့လူ ဟုတ်လား .."

​မေ့ကျီ နားမလည်နိုင် ဖြစ်သွားပြီး လင်းဖန်ကို တစ်လှည့် လုံယွဲ့ကို တစ်လှည့် ၊ လုံယွဲ့ကို တစ်လှည့် လင်းဖန်ကိုတစ်လှည့် ကြည့်နေမိသည်။

​နတ်ဆိုးမျိုးနွယ်စု၏ ရန်သူတော်ကြီး ဖြစ်သော အင်မော်တယ်နယ်မြေ၏ ဧကရီက မည်သို့မည်ပုံ အကြောင်းကြောင်းကြောင့် ရုတ်တရက်ကြီး သူတို့လူ ဖြစ်သွားရသနည်း။

​သူ မည်သို့မှ နားမလည်နိုင်ပေ။

​သူ နတ်ဆိုးအရှင်၏ ဘေးနားတွင် မရှိသည့် အတောအတွင်း မည်သို့ ဖြစ်ပျက်ခဲသည်ကို မည်သူများ ပြောပြနိုင်မည်နည်း။

​လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲနေပြီး အကြည့်ကို လွှဲလျက် ထိုအချက်ကို တိတ်တဆိတ် ဝန်ခံလိုက်သည်။

' ကံဆိုးလိုက်တာ.. ဒီလိုအချိန်မှ နတ်ဆိုးအရှင်ရဲ့ လက်အောက်ငယ်သားက ရောက်လာရသလား.. '

​ဧကရီအရှင်မဟူသော ဂုဏ်ပုဒ်ဖြင့် နတ်ဆိုးအရှင်၏ လက်အောက်ငယ်သားနှင့် ပြန်လည် ဆုံတွေ့ရခြင်းမှာ တကယ်ပင် အနေခက်လှသည်။ ထို့ကြောင့်လည်း သူမသည် ဝရန်တာတွင် တမင် သွားပုန်းနေခဲ့ခြင်း ဖြစ်သည်။

​ရှက်သွေးဖြာနေသော လုံယွဲ့ကို ကြည့်ကာ မေ့ကျီမှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားသည်။

​သူသိထားသော ဧကရီမှာ အေးစက်ကာ မာနကြီးပြီး တစ်ကမ္ဘာလုံးကို ငုံ့ကြည့်နိုင်သည့် အစွမ်းထက်သူ ဖြစ်သော်လည်း ယခု သူ၏ရှေ့မှ လုံယွဲ့မှာမူ ရှက်တတ်သော မိန်းကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

​ဤသို့ဆိုလျှင်.....

​ သူ သန့်ရှင်းရေး လုပ်နေစဉ် အိပ်ခန်းထဲတွင် ခေါင်းအုံးနှစ်လုံး တွေ့ခဲ့ရသည်ကို ပြန်လည် သတိရသွားသည့်အခါ မေ့ကျီမှာ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး မျက်နှာတွင် အထာသိသွားသော အမူအရာ ပေါ်လာသည်။

​" ဪ... ဒါကြောင့်ကိုး.. အရှင့်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ .."

​" ကြည့်ရတာ ဧကရီက အရှင် ဆုံးမသွန်သင်တာကို ခံလိုက်ရပြီးနောက် လိမ်လိမ်မာမာနဲ့ အညံ့ခံသွားပုံရတယ်.. "

​ မေ့ကျီက ပြောပြီးနောက် ဖြည်းဖြည်းချင်း ထရပ်ကာ လက်ဖဝါးကို ရင်ဘတ်ပေါ်တင်ပြီး လင်းဖန်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

​လုံယွဲ့မှာ အင်မော်တယ်နယ်မြေ၏ အစွမ်းအထက်ဆုံးသော ဧကရီအဖြစ် ကျော်ကြားသူ ဖြစ်သည်။

​သို့သော်လည်း သူတို့၏ မြင့်မြတ်လှသော နတ်ဆိုးအရှင်က သူမကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ရုံတင်မကဘဲ မိန်းကလေးတစ်ယောက်ကဲ့သို့ လိမ်မာသွားအောင်ပင် ဆုံးမနိုင်ခဲ့သည်။

​ဤကမ္ဘာတွင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို အရှင် တစ်ဦးတည်းသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

​" ဟေး.. ဒီဧကရီက ဘယ်သူ့ရဲ့ ဆုံးမမှုကိုမှ မခံယူထားဘူးနော်.. "

​" ပြီးတော့... အထောက်အထား မရှိဘဲနဲ့ လျှောက်ပြီး မခန့်မှန်းစမ်းနဲ့.. "

​လုံယွဲ့က သူမ၏ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပါးပြင်လေးများ နီရဲကာ ဒေါသတကြီး ပြန်လည် ငြင်းခုံလိုက်သည်။

​သူမနှင့် နတ်ဆိုးအရှင်က ချစ်သူ ဖြစ်သွားကြရုံသာ ဖြစ်သော်လည်း မေ့ကျီ၏ ပါးစပ်ထဲတွင်မူ သူမသည် နတ်ဆိုးအရှင်၏ ဆုံးမမှုကို ခံထားရသကဲ့သို့ ဖြစ်နေသည်။

နတ်ဆိုးအရှင်က သူမကို အရင် ချစ်ခွင့်ပန်ခဲ့တာ ဖြစ်သဖြင့် သူမကသာ နတ်ဆိုးအရှင်ကို အောင်နိုင်ခဲ့သည်ဟု ပြောသင့်သည် မဟုတ်ပါလော။

Chapter 140

~

အခန်း ၁၄၀ : စီနီယာရဲ့ အမည်ကို သိပါရစေ..

~

​" ကဲ... တော်ကြတော့ .. ငြင်း​မနေကြနဲ့တော့.. "

​လင်းဖန်က ရှေ့သို့တိုးကာ ကြားဝင်စေ့စပ်ပေးလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် အင်မော်တယ်နယ်မြေရဲ့ ဧကရီက အခု ငါ့ မိန်းမဖြစ်နေပြီ.. နောက်ဆိုရင် သူ့အပေါ် မရိုမသေလုပ်တာမျိုး လုံးဝ ခွင့်မပြုဘူး... "

​" မှန်လှပါ... အရှင်.. "

​မေ့ကျီက လက်ဖဝါးကို ရင်ဘတ်ပေါ်တင်ကာ လေးစားစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် လုံယွဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်မှ ရန်လိုမှုများမှာ ကြည်ညိုလေးစားမှုများအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးမျိုးနွယ်စု၏ အဆင့်မြင့်ဆုံးသော ဂါရဝပြုမှုဖြင့် နှုတ်ဆက်လိုက်သည်။

​" အရှင်ကတော်.. "

​လုံယွဲ့၏ ယခင်အဆင့်အတန်းက မည်သို့ပင်ရှိစေကာမူ ယခုအခါ နတ်ဆိုးအရှင်၏ မိန်းမဖြစ်လာပြီဖြစ်ရာ သူမသည် နတ်ဆိုးနယ်မြေ၏ အမြင့်မြတ်ဆုံးသော အရှင်ကတော် သေချာပေါက် ဖြစ်ပေတော့မည်။

​" က... ကတော်... "

​မေ့ကျီ၏ ခေါ်ဝေါ်မှုကို ကြားလိုက်ရသည့်အခါ လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီရဲသွားပြီး ခပ်တိုးတိုး ပြန်ထူးလိုက်သည် ။

" အင်း... "

​အင်မော်တယ်နယ်မြေ၏ ဧကရီဖြစ်ပါလျက်နှင့် နတ်ဆိုးတစ်ဦးက သူမကို အရှင်ကတော် ဟု ခေါ်ဆိုခြင်းမှာ တစ်မျိုးကြီး ဖြစ်နေသော်လည်း သူမ ထိုသို့ အခေါ်ခံရသည်ကို မကျေမနပ် မဖြစ်မိပေ။

​" အရှင်နဲ့ အရှင်မ... ခဏလောက် အနားယူတော်မူပါ.. ဒီက သန့်ရှင်းရေးတွေကို ဒီငယ်သား ဆက်လုပ်လိုက်ပါ့မယ်.. "

​မေ့ကျီသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ရေပုံးနှင့် အဝတ်စများကို ကောက်ယူကာ သန့်ရှင်းရေးကို ကျွမ်းကျင်စွာ ပြန်လည် စတင်တော့သည်။

​သူ ငှက်လှောင်အိမ်နားမှ ဖြတ်သွားစဉ် ငတုံး ဟူသော ဆဲသံတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။

​" ဟမ်.. "

​မေ့ကျီ လန့်သွားပြီး အသံလာရာဘက်ကို စိုက်ကြည့်လိုက်ရာ ငှက်လှောင်အိမ်ထဲရှိ ငှက်ကလေးတစ်ကောင်ကိုသာ တွေ့လိုက်ရသည်။

​' ဒီငှက်က ငါ့ကို ဆဲလိုက်တာလား... '

​သို့သော်လည်း ဤငှက်ထံမှ မည်သည့် ဝိညာဉ်ချီစွမ်းအင်ကိုမျှ သူ မခံစားရ။ ဉာဏ်အလင်းပွင့်နေသည့် ပုံစံမျိုးလည်း မရှိ။ မေ့ကျီက သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

​လင်းဖန်နှင့် လုံယွဲ့မှလွဲလျှင် ဝရန်တာတွင် တခြားမည်သူ့ကိုမျှ သူ မခံစားရချေ။

​သူ၏ မျက်စိအောက်တွင်ပင် ဆဲရေးပြီး အရိပ်အယောင်မပြဘဲ ပုန်းကွယ်နေနိုင်သူမှာ အဘယ်သို့သောသူဖြစ်နိုင်မည်နည်း။

​" အရှင်.. အနားမှာ တစ်ယောက်ယောက် ပုန်းနေတယ် .. အရှင်နဲ့ အရှင်မ နောက်ကို ခဏဆုတ်ပေးပါ.. ဒီငယ်သားက အဲ့ဒီလူကို သေချာပေါက် ရှာဖွေဖော်ထုတ်ပေးပါ့မယ်.. "

​မေ့ကျီသည် လင်းဖန်နှင့် လုံယွဲ့တို့၏ ရှေ့မှ ကာကွယ်ပေးလိုက်ပြီး သူ၏ စူးရှသော အကြည့်များဖြင့် ဝရန်တာ သံတိုင်များကြားမှတစ်ဆင့် အနီးနားရှိ တိုက်ခန်းများကိုပါ စစ်ဆေးနေတော့သည်။

​လင်းဖန်သည် သူ၏ ဘေးမှ တိတ်တဆိတ် လှမ်းထွက်သွားပြီး ငှက်လှောင်အိမ်နားသို့ သွားကာ လှောင်အိမ်ကို ခပ်ဖွဖွလေး ပုတ်လိုက်သည်။

​" ရှာမနေနဲ့တော့ .. ဒီကောင် ပြောလိုက်တာ .."

​သူသည် ဤ ရွှမ်းဖုန်း ကြက်တူရွေး စွပ်ပြုတ်လုပ်သောက်ရန် အစီအစဉ်ကို လက်လျှော့လိုက်ပြီးနောက် လုံယွဲ့နှင့်အတူ ထိုငှက်ကို ဝရန်တာတွင်သာ ထားရှိခဲ့ကြခြင်း ဖြစ်သည်။

​ လှောင်အိမ်တံခါးမှာလည်း အမြဲ ပွင့်နေတတ်ပြီး အချိန်မရွေး ပျံထွက်သွားနိုင်သည်ဟု ထင်ထားသော်လည်း ရက်အတော်ကြာသည်အထိ လှောင်အိမ်အပြင်ဘက်သို့ ခဏထွက်ရုံမှလွဲ၍ ပျံထွက်သွားရန် အစီအစဉ် လုံးဝ မရှိပေ။

​ထို့ကြောင့်ပင် ကြက်တူရွေးသည်လည်း ဤအိမ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

​" သူလား... "

​မေ့ကျီ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး လှောင်အိမ်ထဲမှ ငှက်ကလေးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

​အစပိုင်းတွင် အသံလာရာဘက်မှ ဤငှက်ကို သူ သံသယဝင်ခဲ့သော်လည်း မည်သည့် ဝိညာဉ်ချီစွမ်းအင်မှ မရှိသလို ဉာဏ်အလင်းပွင့်နေသည့် ဝိညာဉ်သားရဲတစ်ကောင်နှင့်လည်း မတူသဖြင့် သူ၏အတွေးကို ချက်ချင်း ပြန်ဖျက်ခဲ့ခြင်း ဖြစ်သည်။

​ယခုမူ ဤငှက်ကလေးက တကယ်ပင် စကားပြောနေသည်လော။

'ဒါ တကယ့်ကို ပုန်းကွယ်နေတဲ့ စီနီယာဖြစ်ရမယ်..'

သူ တွေးလိုက်မိသည်။

​' ဒီငှက်ရဲ့ ကျင့်စဉ်က ငါ့ထက်တောင် ပိုမြင့်နေတာလား မသိဘူး ..'

​" စီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား.. "

​မေ့ကျီက လက်ဟန်ဖြင့် ရွှမ်းဖုန်းကြက်တူရွေးကလေးကို လေးစားစွာ ဦးညွှတ်၍ မေးလိုက်သည်။

​ကြက်တူရွေးလေးက သူ၏ ဝိုင်းစက်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် " ငတုံး " ဟူသော စကားလုံးနှစ်လုံးကို ပြတ်သားစွာ ပြန်လည် ဖြေကြားလိုက်သည်။

​မေ့ကျီ ... " ... "

​မေ့ကျီက ခေါင်းမော့ကာ မျက်မှောင်ကြုတ်ပြီး လင်းဖန်ဘက်သို့ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။ သူ၏ အပြစ်ကင်းသော မျက်လုံးများက အရှင်... ဒီစီနီယာ နတ်ဆိုးသားရဲက ကျွန်တော့်ကို ဘာလို့ ထပ်ဆဲနေတာလဲ ဟု မေးနေသကဲ့သို့ပင်။

​" ဒီငှက်စုတ်က သာမန်ကြက်တူရွေး တစ်ကောင်ပါပဲ.. သူက တခြားသူတွေ ပြောတာကို လိုက်ပြောတတ်ရုံတင်.. နတ်ဆိုးသားရဲ မဟုတ်ဘူး .."

​လင်းဖန်က လှောင်အိမ်ထဲမှ ကြက်တူရွေးလေးကို ဖမ်းယူလိုက်ပြီး မေ့ကျီ၏ ရှေ့မှောက်တွင် မြှောက်ပြလိုက်သည်။

​" သာမန်ငှက်တစ်ကောင် ဟုတ်လား .."

​မည်သည့် ကျင့်စဉ်မှမရှိသော သာမန်ငှက်တစ်ကောင် ဖြစ်ကြောင်း သိလိုက်ရသည့်အခါ မေ့ကျီမှာ ထပ်မံ ထိတ်လန့်သွားပြီး အထပ်ထပ်အခါခါ ပြန်လည် စစ်ဆေးနေမိသည်။

​ဝိညာဉ်ချီစွမ်းအင် လုံးဝမရှိသော ဤကမ္ဘာတွင် လူစကားပြောတတ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင် ရှိနေသည်မှာ အံ့သြစရာပင်။

​ထို့ထက် ပို၍ မယုံကြည်နိုင်စရာ ကောင်းသည်မှာ နတ်ဆိုးနယ်မြေ၏ ထိပ်တန်းစစ်သူကြီး လေးဦးထဲမှ တစ်ဦးဖြစ်သော သူ့ကို သာမန်ငှက်တစ်ကောင်က ဆဲရေးလိုက်ခြင်းပင် ဖြစ်သည်။

​မေ့ကျီ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ လုံယွဲ့မှာ နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်သွားကာ ရယ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားလိုက်ရသည်။ သူမ ရုတ်တရက်ဆိုသလို ရင်ထဲ၌ အတော်လေး မျှတသွားသလို ခံစားလိုက်ရ၏။

​နောက်ဆုံးတော့ သူမ အရင်က ကြုံတွေ့ခဲ့ရသည့် ခံစားချက်မျိုးကို ခံစားမည့်သူ ပေါ်လာခဲ့လေပြီ။

​သို့သော် သူမကို အံ့သြသွားစေသောအချက်မှာ မေ့ကျီသည် ထိတ်လန့်နေရာမှ နိုးထလာပြီးနောက် ဒေါသထွက်မသွားဘဲ အမှန်တကယ်ပင် ချီးကျူးလိုက်ခြင်း ဖြစ်သည်။

​" တကယ်ကို နတ်ဆိုးအရှင်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ထိုက်ပါတယ်.. "

​" သာမန်ငှက်တစ်ကောင်တောင်မှ အရှင်ရဲ့ ဘေးနားမှာ နေရုံနဲ့ တင်အသိဉာဏ်ရှိလာပြီး လူစကား ပြောတတ်လာတာပဲ.. "

​လင်းဖန် .. " ... "

​' ငါနဲ့ဘာဆိုင် လို့လည်း..'

လင်းဖန် စိတ်ထဲကနေ ပြန်ပြောလိုက်မိသည်။

​" နင် ဒေါသမထွက်ဘူးလား.. ဒီငှက်စုတ်က နင့်ကို ဆဲလိုက်တာလေ .."

​မေ့ကျီက ချက်ချင်းပင် လက်ခံလိုက်သည်ကို မြင်သောအခါ လုံယွဲ့က နားမလည်ဟန်ဖြင့် မေးလိုက်၏။

​" လုံးဝ ဒေါသမထွက်ဘူး.. "

​" ဘာလို့လဲ.. "

​" ဘာလို့လဲဆိုတော့ သူက အရှင်ရဲ့ ငှက်မို့လို့ပါ.. "

​မေ့ကျီ၏ မျက်နှာမှာ ပြတ်သားနေပြီး သူ၏စကားလုံးများမှာလည်း ခိုင်မာလှသည်။

​အကယ်၍ သူ့ကို ယခုကဲ့သို့ စော်ကားသူမှာ သာမန်ငှက်တစ်ကောင်သာ ဖြစ်ပါက သူသည် ထိုငှက်ကို ဖုန်မှုန့်ဖြစ်အောင် ချက်ချင်း လုပ်ပစ်ခဲ့ပေလိမ့်မည်။

​သို့သော် ဤအရာမှာ နတ်ဆိုးအရှင်၏ ငှက်ဖြစ်နေသဖြင့် အခြေအနေမှာ ကွဲပြားသွားပြီ ဖြစ်သည်။

​နတ်ဆိုးအရှင်၏ ငှက်မှာ သာမန်ငှက်တစ်ကောင် ဖြစ်နေလျှင်ပင် အဆင့်အတန်းမှာ သာမန်ငှက်များနှင့် တိုင်းတာ၍ မရနိုင်တော့ချေ။

​ဤသည်မှာ မြင့်မြတ်လှသော နတ်ဆိုးအရှင်၏ ငှက်တော် ပင် ဖြစ်ချေတော့သည်။

​ဤငှက်၏ အဆင့်အတန်းမှာ အရှင်နှင့် အရှင်မတို့ပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်သည်။ အရှင်မွေးထားသော ငှက်တော်၏ ဆဲဆိုခြင်းကို ခံရသည်မှာလည်း ထူးခြားလှသော ဂုဏ်ယူမှုတစ်ခုပင် မဟုတ်ပါလော။

​လုံယွဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ဘာပြောရမှန်းမသိ ဆွံ့အသွားသည်။

​" နတ်ဆိုးအရှင်ရဲ့ ငှက်ဖြစ်နေရုံနဲ့ ဆဲခံရတာက ပြဿနာမရှိဘူးပေါ့.. "

​" သေချာတာပေါ့.. "

​မေ့ကျီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ကြက်တူရွေးကလေးကို ကြည့်သော သူ၏အကြည့်များတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေတော့သည်။

​" သူက သာမန်ငှက်တစ်ကောင် ဖြစ်နေပေမဲ့... သူ့ဆီမှာ အရှင်ရဲ့ အရိပ်အယောင်တွေကို ကျွန်တော် မြင်နေရတယ်.. "

​လင်းဖန် ... " ... "

​လုံယွဲ့ ... " ... "

​လုံယွဲ့က သူမဘေးနားရှိ လင်းဖန်ကို လှည့်ကြည့်လိုက်ရာ လင်းဖန်သည်လည်း မျက်နှာတစ်ခုလုံးတွင် မေးခွန်းသင်္ကေတများဖြင့် နားထောင်နေသည်ကို တွေ့လိုက်ရသည်။

​' မဟုတ်ပါဘူး... ငါ့ရဲ့ အရိပ်အယောင်ကို ဒီငှက်စုတ်ဆီမှာ ဘယ်လိုလုပ်ပြီး မြင်ရတာလဲ... ငါ့ပါးစပ်က အဲ့ဒီလောက်အထိတော့ မဆိုးပါဘူး ..'

လင်းဖန် တွေးလိုက်မိသည်။

​သူတို့၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များအောက်တွင် မေ့ကျီက ကြက်တူရွေးကလေးကို ယုယစွာ ပွတ်သပ်လိုက်သည်။

​" သူက သေးငယ်ပေမဲ့ ဘယ်သူ့ကိုမှ မကြောက်ဘူး .. ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ ရှိတယ်.. ဒီသတ္တိက ကျွန်တော် အရှင်မင်းမြတ်ကို ပထမဆုံး စတွေ့တဲ့အချိန်တုန်းကအတိုင်းပဲ..တကယ့်ကို အစွမ်းထက်ပြီး အုပ်စိုးလိုတဲ့ အငွေ့အသက်တွေ ရှိနေတယ်.. "

​" ဒီလို မာနကြီးပြီး ဘောင်မခတ်တဲ့ စရိုက်မျိုးရှိတဲ့ ငှက်မှသာ အရှင်မင်းမြတ်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်ဖို့ ထိုက်တန်တာပါ.. "

​လင်းဖန် ... " ... "

​လုံယွဲ့ ... " ... "

ကြက်တူရွေး..."....."

​မေ့ကျီ၏ ရင်ထဲမှလာသော ချီးကျူးစကားများကို နားထောင်ပြီးနောက် လင်းဖန်နှင့် လုံယွဲ့တို့မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားကြပြီး စိတ်ထဲကနေသာ ပြန်ပြောနေမိတော့သည်။

​' အဲ့ဒါက အဆဲကြမ်းရုံ သက်သက်ပါကွာ ...မင်းမြှောက်ပြောတာ လွန်မနေဘူးလား..'

​' မင်း တကယ်ပဲ သူ့ကို အဲ့ဒီလောက်အထိ မြှောက်မပေးသင့်ဘူး... '

​" ကောင်းပြီ ..ကောင်းပြီ..တခြားကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ဦး.. ငါ မင်းကို မေးစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်.. "

​လင်းဖန်သည် လှည့်ထွက်ကာ ဧည့်ခန်းထဲသို့ ပြန်ဝင်ပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

​မေ့ကျီသည် ကြက်တူရွေးကလေးကို ကိုင်လျက် သူ၏ဘေးတွင် ရပ်နေပြီး လင်းဖန်၏ ခွင့်ပြုချက်ရမှသာ ဝင်ထိုင်လိုက်သည်။

​လင်းဖန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မျက်လုံးများ စူးရှကာ လေးနက်သော မျက်နှာဖြင့် မေးမြန်းလိုက်၏။

​" ငါ မရှိတဲ့အတောအတွင်း အင်မော်တယ်နတ်ဆိုး တိုက်ကြီးရဲ့ အခြေအနေက ဘယ်လိုရှိလဲ.. "

​ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယွဲ့၏ အကြည့်မှာလည်း မေ့ကျီထံသို့ ရောက်ရှိသွားပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

​သူတို့ အင်မော်တယ်နတ်ဆိုး တိုက်ကြီးမှ ထွက်ခွာလာပြီးနောက် အင်မော်တယ်မျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်လော။ တိုက်ကြီး၏ အခြေအနေက အမှန်တကယ် မည်သို့ရှိနေသလဲဆိုသည်ကို သူတို့ လုံးဝ မသိကြရတော့ပေ။

All Chapters