အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
Chapter 131
~
အခန်း ၁၃၁ : ကလေးမ... မင်း.. သားရဲကြီးရဲ့ အမြီးကို ဆွဲမိပြီ...
~
ကုတင်ပေါ်တွင် လုံယွဲ့သည် စောင်ပုံထဲသို့ ခေါင်းစိုက်ဝင်နေရင်း နောင်တများဖြင့် စိတ်ညစ်နေလေ၏။
ယနေ့ည နတ်ဆိုးအရှင်ကို တည့်တည့်ရင်ဆိုင်ရန် အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် နောင်တစ်ချိန်တွင် သူမ မည်သို့ ရင်ဆိုင်ရပါတော့မည်နည်း။
သူမကိုယ်တိုင်က အိပ်တော့မည်ဟု ပြောခဲ့ပြီးမှ အခုပြန်ထလျှင်လည်း ထူးဆန်းနေပေလိမ့်မည်။
သူမ ပြန်ထသင့်၊ မထသင့် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် သန်မာပြီး နွေးထွေးသည့် ခန္ဓာကိုယ်ကြီးတစ်ခုက သူမ၏ ကျောပြင်ထက်သို့ ရုတ်တရက် လာရောက် ထိကပ်လိုက်သည်။
လုံယွဲ့၏ ခန္ဓာကိုယ်လေးမှာ ဓာတ်လိုက်သကဲ့သို့ တုန်ရီသွားပြီး နှလုံးခုန်နှုန်းများလည်း မြန်ဆန်လာလေ၏။ သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ နောက်ကွယ်မှ သိုင်းဖက်ထားသော လင်းဖန်ကို တွေ့လိုက်ရသည်။
" နတ်... နတ်ဆိုးအရှင် .. နင် ဘာလုပ်နေတာလဲ.. "
" အဲ့ဒါ.. ဒီအရှင်က မင်းကို ပြန်မေးရမယ့် စကားပဲ ဧကရီ.. ဒီနေ့ မင်း ဘာတွေ လုပ်နေတာလဲ.. "
လင်းဖန်က သူမ၏ နူးညံ့သော ခါးလေးကို ဖက်တွယ်ထားရင်း မကျေမနပ် ဖြစ်နေသော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
" ဒီမနက်ကတည်းက မင်း ငါ့ကို တစ်နေကုန် ရှောင်နေတယ် .. ပြီးတော့ အပြင်သွားဖို့ အကြောင်းပြချက် ရှာတယ် .. ပြန်ရောက်လာတော့လည်း ငါ့ကို တမင် မြူဆွယ်ဖို့ ကြိုးစားနေပြန်တယ်.. မင်း တကယ်ပဲ ဘာကို လိုချင်နေတာလဲ.. "
" တ... တမင် မြူဆွယ်တယ် ဟုတ်လား နတ်ဆိုးအရှင်.. မဟုတ်ဘူး ..ငါ.. ငါ အဲ့လို မလုပ်ဘူး.. အဲ့ဒါက... "
လုံယွဲ့က မျက်နှာလေး ရှက်သွေးဖျာကာ အပြင်းအထန် ငြင်းခုံလိုက်သည်။
သို့သော် သူမ၏ ပျာပျာသလဲ ဖြစ်နေသော အမူအရာနှင့် ရှက်ရွံ့နေသော ပုံစံမှာ အရာအားလုံးကို သက်သေပြနေသကဲ့သို့ ရှိသည်။
လင်းဖန်က အရာအားလုံးကို ထိုးဖောက်မြင်နေသည့်အလား သူ၏ နှုတ်ခမ်းတွင် ပြီတီတီ အပြုံးတစ်ခု ပေါ်လာပြီး...
" ပြောစမ်းပါဦး ..ဘာလို့ ငါ့ကို ရှောင်နေတာလဲ.. "
" ငါ... ငါ မရှောင်ပါဘူး .. ငါက... ငါက.. ရုံတင်... "
လုံယွဲ့က ထစ်ထစ်ငေါ့ငေါ့ ပြောနေသဖြင့် လင်းဖန် ပို၍ပင် နားမလည် ဖြစ်သွားသည်။
" ရုံတင် ဘာဖြစ်လို့လဲ.. "
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုံယွဲ့က ဖြည်းဖြည်းချင်း လှည့်လာကာ မျက်နှာလေး နီလျက် သူ့ကို တည့်တည့်ကြည့်လိုက်သည်။ ထို့နောက် ရှက်ရွံ့စွာဖြင့် အကြည့်ကို လွှဲလိုက်ပြီး သူမ၏ ရင်ထဲမှ အခက်အခဲကို တိုးတိုးလေး ပြောပြလိုက်၏။
" ဒီအတိုင်း... နင့်ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ.. မသိလို့ပါ ... "
" ငါ့ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိလို့ ..ဟုတ်လား.. ဘာလို့လဲ.. "
" ဘာ... ဘာလို့လဲဆိုတော့ ငါ မနေ့ညက နင့်ရဲ့ ကောင်မလေးဖြစ်ဖို့ သဘောတူလိုက်မိတယ် မလား ..နတ်ဆိုးအရှင်... "
စကားအဆုံးတွင် လုံယွဲ့၏ အသံမှာ ခြင်အော်သံလောက်သာ ကြားရတော့သည်။
" အဲ့ဒါကြောင့်ပဲ မင်း ငါ့ကို တစ်နေကုန် ရှောင်နေတာလား.. "
လင်းဖန် ထိုစကားကို ကြားသောအခါ ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။
တစ်ညတည်းနှင့် သူမ၏ အမူအရာများ ဘာကြောင့် ဤမျှအထိ ပြောင်းလဲသွားကာ သူ့ကို တမင် ရှောင်နေရသနည်းဟု သူ တွေးနေခဲ့ခြင်း ဖြစ်သည်။ သူမ သူ့ကို မပြောချင်သော ကိစ္စတစ်ခုခု ဖြစ်နေသည်ဟုပင် သူ ထင်မှတ်ခဲ့မိ၏။
တကယ်တော့ ဧကရီက ရှက်နေခြင်းသာ ဖြစ်ချေသည်။
" အင်း... "
လုံယွဲ့က ရှက်ရှက်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။
နတ်ဆိုးအရှင်ကို တစ်နေကုန် ရှောင်နေခဲ့သည်မှာ အနည်းငယ် လွန်သွားသည်ဟု သူမ ခံစားရသော်လည်း သူမကိုလည်း အပြစ်ဆို၍ မရပါချေ။ ရုတ်တရက်ကြီး နတ်ဆိုးအရှင်နှင့် ချစ်သူ ဖြစ်သွားသည်ဆိုသော အသိက သူ့ကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို တကယ်ပင် ဝေခွဲမရ ဖြစ်စေခဲ့၏။
သူ့မျက်နှာကို မြင်လိုက်တိုင်း သို့မဟုတ် သူ့အသံကို ကြားလိုက်တိုင်း သူမ၏ နှလုံးသားမှာ သမင်ပေါက်လေးလို ခုန်ပေါက်နေလေသည်။
" ဒါဆို ဒီညကရော ဘာဖြစ်တာလဲ .."
လင်းဖန်က မေးလိုက်သည်။
" ဒီညကတော့ တစ်ယောက်က ငါ့ကို အဲ့လိုလုပ်ဖို့ သင်ပေးလိုက်တာ... "
လုံယွဲ့သည် ချန်ယီကျင့်နှင့် တွေ့ခဲ့ပုံနှင့် သူမ သင်ပေးခဲ့သမျှကို လင်းဖန်အား အကုန်ပြောပြလိုက်သည်။
လင်းဖန် နားထောင်ရင်း ထပ်မံ၍ ရယ်ရအခက် ငိုရအခက် ဖြစ်သွားရပြန်သည်။
" ဧကရီမင်းမြတ်... ဒီလိုကိစ္စမျိုးတွေက သဘာဝအတိုင်းပဲ ဖြစ်ပျက်သွားတာက အကောင်းဆုံးပါ.."
" ငါ မင်းကို သဘောကျတယ်..နှစ်သက်တယ်.. အရမ်းချစ်တယ် ..အဲ့ဒါကြောင့် မင်း ဖြည်းဖြည်းချင်း အသားကျလာအောင် အချိန်ပေးမှာပါ..မင်း အရင်ကအတိုင်းပဲ ပုံမှန်အတိုင်း နေရုံပဲလေ.. "
လင်းဖန်က လုံယွဲ့၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ တည်ငြိမ်သော်လည်း ကြင်နာမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးများကို ကြည့်ရင်း ပျာယာခတ်နေသော လုံယွဲ့မှာ တဖြည်းဖြည်း ငြိမ်သက်သွားကာ သူ့ကို ငေးကြည့်နေမိသည်။
" ပုံမှန်အတိုင်းပဲ နေရမယ်... "
လုံယွဲ့က လင်းဖန်၏ စကားကို တိုးတိုးလေး ပြန်ရေရွတ်လိုက်ပြီးနောက် စူးစမ်းလိုသော စိတ်ဖြင့် မေးလိုက်၏။
" ဒါဆို နောင်ကျရင် ငါ နင့်ကို နတ်ဆိုးအရှင်လို့ပဲ ခေါ်ရမှာလား.. "
" အင်း... မင်းကြိုက်တယ်ဆိုရင်တော့ ကြိုက်သလိုသာခေါ်.. မင်းသဘောပါပဲ.. "
လင်းဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်နှာနားသို့ အနည်းငယ် တိုးကပ်ကာ ဖြည့်စွက်ပြောလိုက်သည်။
" မင်း ကြိုက်မယ်ဆိုရင် ဒီအရှင်ရဲ့ နာမည်ကိုပဲ ခေါ်လို့ရပါတယ်.. "
" တကယ်လို့ မင်း ငါ့ကို ခင်ပွန်းလို့ ခေါ်ပေးမယ်ဆိုရင်တော့ ဒီအရှင် ပိုပြီးတော့ ပျော်မိမှာပဲ.. "
" ခင်... ခင်ပွန်း... "
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အံ့အားသင့်သွားပြီး ရှက်လွန်းသဖြင့် ရဲရဲနီသွားတော့သည်။
သူမ ထိုအခေါ်အဝေါ်ကို သိသည်။ ဤကမ္ဘာတွင် အမျိုးသမီးတစ်ဦးက သူမ၏ ယောင်္ကျားကို ခေါ်သော အခေါ်အဝေါ် ဖြစ်ပြီး အင်မော်တယ်နတ်ဆိုးတိုက်ကြီးရှိ ဖူကျွင့်သို့မဟုတ် ရှန့်ကုန်း နှင့် အဓိပ္ပာယ် တူညီသည်။
လုံယွဲ့၏ နှုတ်ခမ်းနီလေးများမှာ တုန်ယင်နေပြီး တစ်ခုခု ပြောချင်သော်လည်း တွေဝေနေကာ နောက်ဆုံးတွင် ပြောရန် ခက်ခဲလှသဖြင့် စကားကို ပြောင်းလိုက်သည်။
" ဒါဆိုရင်... ဒါဆိုရင် နောင်ကျရင် ငါ နင့်ကို လင်းဖန် လို့ပဲ ခေါ်တော့မယ်... "
နတ်ဆိုးအရှင် ဆိုသည့် အခေါ်အဝေါ်မှ ခင်ပွန်းဆိုသော ချိုသာသည့် အခေါ်အဝေါ်သို့ ချက်ချင်း ပြောင်းလဲရန်မှာ သူမအတွက် တကယ်ကို ခက်ခဲလွန်းလှသည်။
" ဒါဆိုရင်တော့ ဒီအရှင်ကလည်း နောင်ကျရင် မင်းကို ယွဲ့အာ လို့ပဲ ခေါ်တော့မယ် ..."
လင်းဖန်က ခဏတာ စဥ်းစားပြီး ပြောလိုက်သည်။
" ယွဲ့... ယွဲ့အာ... "
ဤကဲ့သို့ ရင်းနှီးလှသော အခေါ်အဝေါ်ကို ကြားရသောအခါ လုံယွဲ့၏ နီမြန်းနေသော ပါးပြင်မှာ ပို၍ပင် ရဲတက်လာ၏။
" နင် ဘာလို့ ဒီလောက်တောင် ချွဲတဲ့ အသံကြီးနဲ့ ခေါ်နေရတာလဲ... ရွံစရာကြီး... "
" ဒီအရှင် အဲ့လိုခေါ်တာကို မင်း မကြိုက်ဘူးလား .."
" ဒါဆိုရင်တော့ ဒီအရှင် အခေါ်အဝေါ် ပြောင်းပေးမယ်လေ.. "
လင်းဖန်က နောက်ပြောင်လိုသော အပြုံးဖြင့် စကားကို ထပ်မံ ပြောင်းလဲလိုက်သည်။
" မိန်းမ... "
" အီးးးး... "
လုံယွဲ့၏ တစ်ကိုယ်လုံးတွင် ကြက်သီးများ ထသွားကာ လင်းဖန်ကို ရှက်ကိုးရှက်ကန်းနှင့် မျက်စောင်းထိုးလိုက်သည်။
" အဲ့ဒါက ပိုပြီးတော့ ရွံစရာ မကောင်းဘူးလား... "
" မင်းက ယွဲ့အာ လို့ အခေါ်မခံဘူးဆိုတော့ ဒီအရှင်က မိန်းမ လို့ပဲ ခေါ်ရတော့မှာပေါ့ .."
" ဘာ... ဘာလဲ.. တခြား နာမည်တွေ အများကြီး ရှိတာကို.. "
" ဥပမာ ဘာတွေလဲ.. "
" ဥပမာ... ငါ့နာမည် လုံယွဲ့ လို့ ခေါ်ရင်လည်း ရတာပဲ .."
" လုံယွဲ့ ဆိုတာက သိပ်ပြီးတော့ မရင်းနှီးသလိုပဲ.. ဒီအရှင်ကတော့ မိန်းမ လို့ ခေါ်တာကို ပိုသဘောကျတယ်..ရင်းလည်း ရင်းနှီးတယ် .. နားထောင်လို့လည်း ကောင်းတယ်.. "
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် လုံယွဲ့၏ နားနားသို့ တိုးကပ်ကာ လေပူလေးတစ်ချက် မှုတ်လိုက်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
" မင်းရော အဲ့လို မထင်ဘူးလား မိန်းမ... "
" အား... အဲ့လိုကြီး မခေါ်နဲ့တော့... "
လင်းဖန်၏ နူးညံ့သော စကားသံများကို နားထဲတွင် ကြားလိုက်ရသောအခါ လုံယွဲ့မှာ ရှက်လည်းရှက် ၊ စိတ်လည်း တိုနေသော်လည်း သူ့ကို ဘာမှ မတတ်နိုင်ချေ။ သူမ အလျှော့ပေးလိုက်ရကာ လေသံတိုးတိုးဖြင့် ညှိနှိုင်းလိုက်ရတော့သည်။
" ဒီဧကရီ အရှုံးပေးပြီ.. နင် ငါ့ကို ယွဲ့အာ လို့ပဲ ခေါ်ပါတော့... "
" ယွဲ့အာ... "
လင်းဖန်၏ နှုတ်ခမ်းများမှာ အောင်နိုင်သူတစ်ဦးကဲ့သို့ ကွေးညွှတ်သွားကာ ခပ်တိုးတိုး ခေါ်လိုက်သည်။
လုံယွဲ့၏ မျက်နှာလေး နီမြန်းသွားကာ ခေါင်းမမော့ရဲတော့ချေ။
မည်သည့်ကြောင့်မှန်းမသိ နတ်ဆိုးအရှင်က သူမကို ဤသို့ ရင်းရင်းနှီးနှီး ခေါ်လိုက်တိုင်း သူမ၏ နှလုံးသားထဲမှ ကြိုးတစ်မျှင်ကို လာရောက် ထိတွေ့လိုက်သကဲ့သို့ ရင်ခုန်သံများ ဖြစ်ပေါ်လာသည်။
ဤသည်မှာ ဧကရီတစ်ပါးအနေဖြင့် တစ်စုံတစ်ယောက်က သူမကို ဤမျှ ရင်းနှီးစွာ ခေါ်ဆိုခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အကယ်၍ သူမကလည်း နတ်ဆိုးအရှင်ကို ရင်းရင်းနှီးနှီး ခေါ်လိုက်မည်ဆိုလျှင် သူ ပျော်သွားမည်လော။
ခဏတာ တွေဝေနေပြီးနောက် လုံယွဲ့က သတ္တိမွေးကာ သူမကိုယ်တိုင်သာ ကြားနိုင်လောက်သည့် လေသံလေးဖြင့် တိုးတိုးလေး ခေါ်လိုက်သည်။
" ခင်ပွန်း... "
ဤသည်မှာ လင်းဖန်ကို ခေါ်ခြင်းထက် သူမဘာသာ တိုးတိုးလေး လေ့ကျင့်နေခြင်းနှင့် ပိုတူသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအသံမှာ လင်းဖန်၏ နားထဲသို့ ရောက်ရှိသွားခဲ့သည်။
လင်းဖန်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားကာ သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုနှင့် အံ့သြမှုများ ရောယှက်ကာ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်သွားတော့သည်။
ဧကရီက ထိုစကားကို တကယ်ပြောလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့။
" ငါ ခုနက ဘာမှ မပြောဘူးနော် .. နင်လည်း ဘာမှ မကြားဘူး မလား.."
သူမ၏ ရေရွတ်သံကို သူ ကြားသွားကြောင်း သိလိုက်ရသောအခါ လုံယွဲ့မှာ ပျာပျာသလဲ ဖြစ်သွားကာ ခပ်မြန်မြန်ပင် ရှင်းပြရန် ကြိုးစားလိုက်သည်။
" အဲ့ဒါတော့ မရဘူးလေ..ဒီအရှင်က ဘာမှ မကြားသလို ဟန်ဆောင်လို့ မရဘူး.. "
လင်းဖန်သည် သူမ၏ မျက်နှာနားသို့ တိုးကပ်လိုက်ပြီး နောက်ပြောင်လိုသော်လည်း ကြင်နာမှုများ ပြည့်နှက်နေသော အပြုံးဖြင့် ကြည့်လိုက်သည်။
" မင်းကပဲ ဒီအရှင်ကို အရင် မြူဆွယ်ခဲ့တာနော် ..."
" ကလေးမ.. မင်းတော့ သားရဲကြီးရဲ့ အမြီးကို ဆွဲလိုက်မိပြီ.. "
" ဟင်... "
လုံယွဲ့သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မှင်တက်သွား၏။ သူမ၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူမ ဘာမှ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းထက်သို့ ထပ်တူကျကျ ပိတ်ဆို့သွားတော့သည်။ မနေ့ညကကဲ့သို့ပင် သူမ ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်တော့။
လုံယွဲ့၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ လင်းဖန်၏ ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက်ဖြင့် အလိုလို တွန်းထားမိသော်လည်း သူမ အားသုံး၍ ငြင်းဆန်ခြင်း မပြုခဲ့ချေ။ ရှက်ကိုးရှက်ကန်းဖြင့်သာ သူ၏ ရင်ဘတ်ပေါ်တွင် တင်ထားမိခြင်း ဖြစ်သည်။
လင်းဖန်က သူမကို နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်ပြီး သူ၏ လက်များမှာ သူမ၏ အဝတ်အစားများအောက်သို့ တိုးဝင်ကာ နူးညံ့သော ခန္ဓာကိုယ်ပေါ်တွင် လွတ်လပ်စွာ လှုပ်ရှားနေတော့သည်။
လုံယွဲ့၏ တောင့်တင်းနေသော ခန္ဓာကိုယ်မှာ အနမ်းများနှင့် ပွတ်သပ်မှုများကြောင့် တဖြည်းဖြည်း ပျော့ပျောင်းသွားကာ သူမ၏ မျက်ဝန်းများမှာလည်း ရီဝေလာသည်။ သူမ၏ လက်များမှာ သူ၏ ရင်ဘတ်ပေါ်မှနေ၍ ကျောပြင်ဆီသို့ ပြောင်းလဲ ဖက်တွယ်လိုက်မိသည်။
အမှောင်ထုအတွင်းဝယ် အဝတ်အစားများမှာ ကုတင်ပေါ်မှ အောက်သို့ တစ်ခုပြီးတစ်ခု လွင့်စင်ကျလာလေတော့သည်။
တိတ်ဆိတ်လှသော ညဉ့်နက်ပိုင်းဝယ် လှေငယ်တစ်စင်းသည် ရှည်လျားလှပသော တောင်ကြားစမ်းချောင်းကလေးထဲသို့ ဝင်ရောက်သွားခဲ့ပြီး တောတောင်တခွင်တွင် ငှက်ကလေးများ၏ တေးသံသာများသာ အဆုံးမရှိ ပျံ့လွင့်နေချေတော့သည်။
Chapter 132
~
အခန်း ၁၃၂ : တခြားတစ်ခု ကိုပဲ စားချင်တာ...
~
နောက်တစ်နေ့ မနက်ခင်းတွင် နွေးထွေးသော နေရောင်ခြည်၏ ရွှေရောင်အလင်းက ပြတင်းပေါက်လိုက်ကာစများကြားမှတစ်ဆင့် အခန်းထဲသို့ ဖြာကျလာသည်။
ကုတင်ပေါ်တွင် လင်းဖန်သည် ကိုယ်ပေါ်၌ စောင်ကို သပ်ရပ်စွာ ချုံထားပြီး အခန်းကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသင့်သော အဝတ်အစားများမှာလည်း မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားသည်မသိဘဲ ရှင်းလင်းနေလေ၏။ မနေ့ညက ဖြစ်ပျက်ခဲ့သမျှမှာ နွေဦးအိပ်မက်တစ်ခုကဲ့သို့ ထင်မှတ်ရသော်လည်း လေထုထဲတွင် ကြွင်းကျန်နေဆဲဖြစ်သော ရနံ့သင်းသင်းလေးက ထိုအိပ်မက်မှာ တကယ်တမ်း ဖြစ်ပျက်ခဲ့ကြောင်း သက်သေခံနေပေသည်။
လင်းဖန်က မျက်လုံး ဖွင့်လိုက်ပြီး ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်မြင်ယောင်လာသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အလိုလို ပြုံးယောင်သန်းလာပြီး ကျေနပ်ပီတိ ဂွမ်းဆီထိနေသော အမူအရာ ပေါ်ပေါက်လာ၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကြွင်းမဲ့ ပွင့်လင်းစွာ ဆက်ဆံခဲ့ကြပြီးဖြစ်ရာ ယနေ့မှစ၍ သူနှင့် ဧကရီတို့မှာ စစ်မှန်သော ဇနီးမောင်နှံများ ဖြစ်သွားကြလေပြီ။
ဘေးနားရှိ လွတ်နေသော နေရာနှင့် သိသိသာသာ သပ်ရပ်သွားသော အခန်းကို ကြည့်ရင်း လင်းဖန် ကြောင်အမ်းအမ်း ဖြစ်နေသည်။
'ဒီလောက် စောစောစီးစီး သူဘယ်သွားနေတာပါလိမ့်..'
'ရှက်လွန်းလို့ ရေချိုးခန်းထဲမှာ သွားပုန်းနေပြန်တာတော့ မဟုတ်ပါဘူးနော်..'
လင်းဖန် စဥ်းစားနေစဉ်မှာပင် အပြင်ဘက် ဝရန်တာဆီမှ အဝတ်လျှော်စက် လည်ပတ်နေသံကို ကြားလိုက်ရသည်။
သူ အဝတ်အစားများ ဝတ်ဆင်ပြီး အိပ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ မီးဖိုချောင်ထဲမှ ဆီပူထိုးသံကို ကြားလိုက်ရပြန်၏။
ခြေကိုဖော့နင်းရင်း မီးဖိုချောင်တံခါးဝသို့ သွားကာ ချောင်းကြည့်လိုက်သည်။
ညအိပ်ဝတ်စုံပေါ်တွင် အေပရွန် ထပ်ဝတ်ထားသော လုံယွဲ့ကို တွေ့လိုက်ရသည်။ သူမ မီးဖိုရှေ့တွင် ရပ်ကာ ယောင်းမကို ကိုင်ထားပြီး ဘေးတွင် ဖုန်းတင်စင်လေးဖြင့် ဖုန်းကို ထောင်ထား၏။
ဖုန်းမျက်နှာပြင်ပေါ်တွင် ဟင်းချက်နည်းသင်ပေးနေသည့် ဗီဒီယိုတစ်ခု ပြသနေသည်။
သူမက ဗီဒီယိုကို စက္ကန့်အနည်းငယ်ကြည့်ပြီးနောက် မှားသွားမည်စိုးသဖြင့် တစ်ဆင့်ချင်းစီကို ရပ်တန့်ကာ ဗီဒီယိုထဲကအတိုင်း လိုက်လုပ်နေခြင်း ဖြစ်သည်။
အဆင့်တစ်ခု ပြီးမြောက်မှသာ ဗီဒီယိုကို ဆက်ဖွင့်ပြီး နောက်တစ်ဆင့်ကို ကြည့်သည်။
" ကြက်သွန်ဖြူ အရင်ထည့်မယ်... "
" နောက်ပြီး ဆေးထားတဲ့ ဟင်းရွက်တွေကို အိုးထဲ ထည့်မယ်... "
" ရှဲးးး... "
လုံယွဲ့သည် ဟင်းရွက်များကို ဇလုံထဲမှ ယူကာ အိုးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။
ချက်ချင်းပင် ပူပြင်းနေသော အိုးထဲမှ ဆီပူများမှာ နေရာအနှံ့ စင်ထွက်သွားပြီး သူမ၏ လက်ပေါ်သို့ ကျသွားတော့သည်။
" အ... "
လက်ချောင်းလေး ဆီပူလောင်သွားသဖြင့် လုံယွဲ့မှာ တိုးတိုးလေး ညည်းတွားလိုက်ပြီး မျက်ခုံးလေးများ တွန့်ကွေးကာ ဇဝေဇဝါ ဖြစ်သွားသည်။
သူမ ဗီဒီယိုထဲမှ အဆင့်အတိုင်း သေသေချာချာ လိုက်လုပ်ခဲ့ခြင်း ဖြစ်သည်။
'လင်းဖန် လုပ်တုန်းကလည်း ဒီအတိုင်းပဲ မလား..ငါ့ အလှည့်ကျမှ ဘာလို့ ဒီလို ဖြစ်နေရတာလဲ..'
" မင်း ဆီတွေ အများကြီး ထည့်ထားတာကိုး.. ပြီးတော့ ဟင်းရွက်တွေမှာလည်း ရေတွေ စိုနေသေးတယ်..အဲ့ဒါတွေကို ဒီအတိုင်း ပစ်ထည့်လိုက်ရင် ဆီတွေ စင်မှာပေါ့.. "
လင်းဖန်က သူမ၏ မျက်နှာပေါ်မှ အူတူတူ အမူအရာလေးကို မြင်သောအခါ တံခါးဝတွင် ရပ်ရင်း ခပ်တိုးတိုး ရယ်မောကာ ပြဿနာကို ထောက်ပြလိုက်သည်။
လုံယွဲ့သည် အသံကြားရာသို့ လှည့်ကြည့်လိုက်သောအခါ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လင်းဖန်ကို တွေ့လိုက်ရ၏။ မနေ့ညက ကိစ္စကို ပြန်သတိရသွားသဖြင့် သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားတော့သည်။
" နင်... နင် ဘယ်တုန်းက နိုးတာလဲ.. "
" ခုနကပဲ နိုးတာ.. "
လင်းဖန်သည် လုံယွဲ့၏ ဘေးသို့ လျှောက်သွားကာ ဆီပူလောင်သွားသော လက်ချောင်းလေးကို ကိုင်ပြီးလိမ်းဆေးဆီကို ညင်သာစွာ လိမ်းပေးလိုက်သည်။
" တကယ်လို့ မတော်တဆ ဆီပူလောင်သွားပြီး အနားမှာ ဆေးမရှိဘူးဆိုရင် ရေအေးအေးနဲ့ အရင်ဆေးချလိုက်လေ.. အဲ့ဒါဆိုရင် သိပ်မနာတော့ဘူး.. "
" ဒီလောက် ဒဏ်ရာလေးကတော့ ဒီဧကရီအတွက် ဘာမှ မဟုတ်ပါဘူး... "
လုံယွဲ့က မာန်တင်းပြီး ပြောလိုက်သော်လည်း သူမ၏ မျက်နှာလေးမှာ ရှက်ရှက်နှင့် နီမြန်းနေဆဲပင်။
" ဒီနတ်ဆိုးအရှင် သိပါတယ် ယွဲ့အာ.. မင်းအတွက် ဒီဒဏ်ရာက ဘာမှမဟုတ်ပေမဲ့ ဒီအရှင်ရဲ့ ရင်ထဲမှာတော့ ဓားနဲ့မွှန်းသလို နာကျင်ရတယ်.. "
လင်းဖန်က ဆေးလိမ်းပေးရင်း ညင်သာစွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် လုံယွဲ့၏ မျက်နှာမှာ ပို၍ပင် နီရဲသွားကာ ရင်ထဲတွင်လည်း လှိုက်ခနဲ ဖြစ်သွားသည်။ သူမ ဘာမှ ပြန်မငြင်းနိုင်တော့ဘဲ လင်းဖန် ဆေးလိမ်းပေးသည်ကို ငြိမ်သက်စွာ ခံနေမိသည်။
ဤမုန်းဖို့ကောင်းသည့် နတ်ဆိုးအရှင်က သူမ၏ တာအိုနှလုံးသားကို တုန်လှုပ်စေမည့် စကားလုံးများကို အမြဲ ပြောတတ်လွန်းသည်။
" ဒါနဲ့... ငါတို့ရဲ့ ဧကရီက ဘာလို့ ရုတ်တရက်ကြီး ကိုယ်တိုင် ထချက်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ .."
ဆေးလိမ်းပေးပြီးနောက် လင်းဖန်သည် မီးဖိုဘေးရှိ ကြက်ဥကြော်ကို ကြည့်လိုက်သည်။ သို့သော် ထိုကြက်ဥမှာ အတော်လေး တူးနေသဖြင့် အစပိုင်းတွင် ကြက်ဥကြော်မှန်းပင် မသိပေ။
သူ သေသေချာချာ စိုက်ကြည့်ပြီးမှသာ ကြက်ဥကြော်ဖြစ်ကြောင်း သိလိုက်ရသည်။
" ဒီကြက်ဥကြော်က နည်းနည်း မည်းနေသလိုပဲနော်... "
" ဘာ... ဘာဖြစ်လဲ.. မရဘူးလား.. "
" ဒီဧကရီက ခဏလေး သတိလက်လွတ် ဖြစ်သွားလို့ နည်းနည်းလေး ပိုကြော်မိသွားတာပါ... "
လုံယွဲ့က ရှက်နေသော်လည်း ခေါင်းကို မော့ကာ လက်မခံဟန်ဖြင့် ပြောလိုက်သည်။
" အမှန်တော့ ကြက်ဥကြော်က နည်းနည်း တူးနေမှ ပိုစားလို့ ကောင်းတာ.. "
လင်းဖန် ဘာမှမတတ်နိုင်တော့ဘဲ ပန်းကန်ထဲမှ မီးသွေးဖြစ်လုနီးပါး တူးနေသော ကြက်ဥကြော်ကို အထပ်ထပ်အခါခါ အကဲခတ်နေမိသည်။
မည်သို့ပင် ကြည့်စေကာမူ မီးသွေးတုံးကိုသာ မြင်နေရ၏။ စား၍ ရမည့်ပုံ မပေါ်ချေ။
" မင်း ကြက်ဥကြော်နဲ့ ဟင်းရွက်ကြော် စားချင်တယ်ဆိုရင် ဒီအရှင်ကို ပြောရုံပဲလေ.. ဒီအရှင် မင်းအတွက် လုပ်ပေးမှာပေါ့.. "
" ဘာလို့ အစောကြီး ထပြီး ကိုယ်တိုင် လုပ်နေရတာလဲ.. "
" အဲ့ဒါ ဘယ်တူမလဲ.. "
လုံယွဲ့က အပြင်းအထန် ငြင်းဆိုလိုက်သဖြင့် လင်းဖန် တန့်သွားသည်။
အရင်ကတော့ သူကသာ ဟင်းချက်ပေးပြီး သူမက စားရုံသာ ဖြစ်သည်။ သူမ အလွန်ဆုံးလုပ်လျှင် မီးဖိုချောင်ထဲဝင်ပြီး ဟင်းရွက်ဆေးပေးတာမျိုးသာ ရှိ၏။
ယခုကျတော့ မည်သို့ မတူသနည်း။
လင်းဖန်၏ ဇဝေဇဝါ အကြည့်အောက်တွင် လုံယွဲ့၏ မျက်နှာမှာ အနည်းငယ် နီမြန်းလာပြီး ခက်ခက်ခဲခဲပင် ရှင်းပြလိုက်သည်။
" အခုက အရင်နဲ့ မတူတော့ဘူးလေ... "
" ဒီ... ဒီဧကရီက နင့်ရဲ့ အမျိုးသမီး ဖြစ်ဖို့ သဘောတူလိုက်ပြီဆိုမှတော့ ဇနီးတစ်ယောက်အနေနဲ့ နောင်ကျရင် အိမ်မှုကိစ္စတွေနဲ့ ဟင်းချက်တာတွေကို ဒီဧကရီပဲ တာဝန်ယူရမှာပေါ့... "
ထိုစကားကို ကြားလိုက်ရသောအခါ လင်းဖန်မှာ ဆွံ့အသွားပြီးနောက် ရင်ထဲ၌ အလွန်ပင် ကြည်နူးသွားကာ မအောင့်နိုင်ဘဲ ရယ်မောမိတော့သည်။
ဧကရီ အိပ်ရာကနေ ထပြီး ဟင်းချက်နေသည်မှာ ဗိုက်ဆာလွန်း၍ဟု သူထင်ခဲ့မိခြင်းပင် ။
တကယ်တော့ သူမက သူမအတွက် လုပ်နေသည် မဟုတ်ဘဲ သူ့အတွက် တမင် ထချက်ပေးနေခြင်း ဖြစ်ပေ၏။
' ဘယ်လိုလုပ်ရမလဲ.. ဧကရီက ပိုပိုပြီး ချစ်ဖို့ကောင်းလာတယ် ..'
" နင် ဘာကို ရယ်နေတာလဲ... "
လင်းဖန်က သူမကို လှောင်နေသည်ဟု ထင်မှတ်ကာ လုံယွဲ့က ပါးလေးကို အနည်းငယ် ဖောင်းလိုက်ပြီး မကျေမနပ် မျက်စောင်းထိုးလိုက်၏။
'ငါက သူ့အတွက် ဟင်းချက်ဖို့ တမင် စောစောထပြီး သင်နေရတာကို..လက်ချောင်းလေးတွေလည်း အကြိမ်ကြိမ် အပူလောင်ခံထားရတာကို သူက ရယ်ရက်တယ်ပေါ့လေ..'
" ယွဲ့အာ... ဒီနေရာက အင်မော်တယ်နတ်ဆိုးတိုက်ကြီးနဲ့ မတူဘူး.. မိန်းမဖြစ်သူကပဲ ယောင်္ကျားအတွက် ဟင်းချက်ပေးရမယ် ..အိမ်မှုကိစ္စ အားလုံး လုပ်ရမယ်ဆိုတဲ့ ဥပဒေ မရှိဘူး .."
" ယောကျ်ားကလည်း မိန်းမအတွက် ချက်ပေးလို့ရသလို .. မိန်းမကလည်း ယောကျ်ားအတွက် ချက်ပေးလို့ ရပါတယ်.. အိမ်မှုကိစ္စတွေကိုလည်း အတူတူ လုပ်လို့ ရတာပဲ.. မင်း ဒီအရှင်အတွက် တမင်တကာ စောစောထပြီး ချက်ပေးစရာ မလိုပါဘူး.. "
လင်းဖန်သည် လုံယွဲ့ကို ညင်သာစွာ ဖက်လိုက်ပြီး သူမ၏ နား နားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
" ဒါပေမဲ့ မင်း အခုလို ဒီအရှင်အတွက် စောစောထပြီး ချက်ပေးတာကိုတော့ ငါ တကယ်ပဲ ပျော်ပါတယ်.. "
" ဒါ... ဒါက ဘာမှ မဟုတ်ပါဘူး... "
လုံယွဲ့၏ ပါးပြင်လေးမှာ ပန်သီးလေးလို ရဲရဲနီသွားကာ ရှက်ရှက်နှင့်ပင် ဗလုံးဗထွေး ပြန်ပြောလိုက်သည်။ သို့သော်လည်း သူမ၏ ရင်ထဲ၌မူ ပျော်ရွှင်မှုများ ပြည့်လျှံနေပြီး ခုနက စိတ်ဆိုးမှုများမှာလည်း သူ၏ စကားတစ်ခွန်းတည်းနှင့် လွင့်စင်သွားခဲ့လေပြီ ။
" ရှဲ... ရှဲ... "
ထိုအချိန်တွင် အိုးထဲမှ ရေများမှာ လုံးဝ ခန်းခြောက်သွားပြီး ကြက်သွန်ဖြူများမှာလည်း ကျွမ်းကာ ဟင်းရွက်များအောက်မှ ကြက်သွန်ဖြူ ကျွမ်းနံ့လေး ထွက်ပေါ်လာသည်။
" အို... မဟုတ်တော့ဘူး..ဟင်းရွက်တွေ တူးကုန်ပြီ ထင်တယ် .."
လုံယွဲ့မှာ အလန့်တကြား ဖြစ်သွားကာ လင်းဖန်၏ ရင်ခွင်ထဲမှ ရုန်းထွက်ပြီး မီးဖိုဆီသို့ ခပ်မြန်မြန် ပြန်သွားကာ ယောင်မကို ကိုင်ပြီး ဟင်းရွက်များကို ဟိုဘက်ဒီဘက် လှန်လိုက်သည်။
" ဆန်ပြုတ်က မကြာခင် ရတော့မှာ .. ခဏနေရင် စားလို့ ရပြီ.. "
လုံယွဲ့သည် လင်းဖန်ကို ကျောပေးထားကာ ပန်းကန်များကို ငုံ့ရှာနေသည်။ သူမ၏ လှပပြီး တင်းရင်းလုံးဝိုင်းနေသော တင်ပါးလေးမှာ အထူးပင် ဆွဲဆောင်မှု ရှိလှ၏။
လင်းဖန်က ယနေ့ မနက်စာကို စိတ်မဝင်စားတော့ပေ။ သူမ၏ လှုပ်ရှားနေသော ကိုယ်ဟန်လေးကိုသာ စိုက်ကြည့်နေမိသည်။ မနေ့ညက သာယာလှပသော မြင်ကွင်းများမှာလည်း သူ၏ ဦးနှောက်ထဲတွင် အလိုလို ပြန်လည် မြင်ယောင်လာသည်။
" ယွဲ့အာ... ဒီနေ့ မနက်မှာ ဒီအရှင် ရုတ်တရက် တခြားတစ်ခုခုကို စားချင်စိတ် ပေါ်လာတယ်.. "
" ဟင်... ဘာစားချင်တာလဲ.. "
လုံယွဲ့က ခေါင်းလှည့်ပြီး ဇဝေဇဝါ မေးလိုက်သည်။
လင်းဖန်က ပြန်မဖြေဘဲ အဓိပ္ပာယ်ပါသော နောက်ပြောင်လိုသည့် အပြုံးတစ်ခုကိုသာ ပြလိုက်၏။
နောက်တစ်စက္ကန့်တွင် လုံယွဲ့သည် သူမ၏ ခြေထောက်များ မြေပြင်မှ ကြွတက်သွားသည်ကို ခံစားလိုက်ရသည်။ လင်းဖန်က သူမကို ပွေ့ချီလိုက်ပြီး အိပ်ခန်းထဲသို့ တည့်တည့် လျှောက်သွားတော့သည်။
" အယ်... အယ်... ဟင်... "
လုံယွဲ့ သတိပြန်ဝင်လာသောအခါ သူမ၏ မျက်နှာလေးမှာ ရဲရဲနီသွားပြီး ပျာယာခတ်သွားသည်။
" ခဏ... ခဏလေး နေဦးလေ.. "
" အရင်... အရင် စားကြရအောင်လေ ဟုတ်ပြီလား.. ဟင်းရွက်... ဟင်းရွက်ကြော်တွေ အေးကုန်တော့မယ်... "
" ခဏလေး စောင့်ပါဦးလို့ .. ဟင်း... "