အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
Chapter 133
~
အခန်း ၁၃၃ : ကြင်စဦး ဇနီးမောင်နှံ
~
ရက်အနည်းငယ် ကြာပြီးနောက်...
" ဒင်း..ဒေါင်.. "
လင်းဖန်သည် အိမ်ရှေ့မှ ဘဲလ်တီးသံ ကြားလိုက်ရသဖြင့် လမ်းလျှောက်သွားကာ တံခါးဖွင့်ပေးလိုက်သည်။
" လင်းဖန်... မရီးရေ .."
ကျိုးယန့်နှင့် လုကျိုက်တို့သည် အိမ်ထဲသို့ အတူတူ ဝင်လာကြ၏။ သူတို့၏ လက်ထဲတွင် အိတ်ကိုယ်စီ ပါလာပြီး တစ်အိတ်မှာ လက်ဆောင်အိတ်ဖြစ်ကာ ကျန်တစ်အိတ်မှာ ရိုးရိုးပလတ်စတစ်အိတ် ဖြစ်သည်။
" လာတာနဲ့တင် အားနာစရာကောင်းနေပြီကို ဘာလို့ ပစ္စည်းတွေ သယ်လာရတာလဲ.. "
" မရီး လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက နေမကောင်းဖြစ်သေးတယ် မလား.. အဲ့ဒါကြောင့် အားရှိအောင် အာဟာရဖြည့်စွက်စာတွေ တမင်ဝယ်လာတာ .."
ကျိုးယန့်က ပြုံး၍ လက်ဆောင်အိတ်ကို လင်းဖန်ထံ ကမ်းပေးလိုက်သည်။ လင်းဖန်က လက်ဆောင်အိတ်ကို ယူလိုက်ပြီးနောက် လုကျိုက်လက်ထဲမှ ပလတ်စတစ်အိတ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး...
" အားကျိုက်... မင်း ဘာတွေ သယ်လာပြန်တာလဲ.. "
လုကျိုက်က သူ၏ မျက်မှန်ကို အသာပင့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ...
" PS5 လေ.. "
" ... "
လင်းဖန် ဘာမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားသည်။
' ချီးတဲ့မ... ဒီကောင်က ငါ့အိမ်လာပြီး ဂိမ်းဆော့ဖို့အထိ ကြံစည်ထားတာပဲ.. '
" ရောက်ပြီဆိုရင်လည်း ထိုင်ကြဦး .."
ကျိုးယန့်နှင့် လုကျိုက်တို့ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်လာသောအခါ လုံယွဲ့က သူတို့ကို ပြုံးပြလိုက်သည်။
ထိုကဲ့သို့ ကြင်နာပြီး ဆွဲဆောင်မှုရှိသော အပြုံးကြောင့် သူတို့နှစ်ဦးစလုံး နေရာမှာတင် တောင့်တင်းသွားကြ၏။
' မရီးရဲ့ အပြုံးက ကြည့်လို့ကောင်းပေမဲ့ တစ်ခုခုတော့ ထူးဆန်းနေတယ်.. '
မရီး အရင်က သူတို့ကို တစ်ခါမှ ဤကဲ့သို့ ပြုံးမပြဖူးချေ။ ယနေ့ သူမ စိတ်အခြေအနေက အထူးတလည် ကောင်းမွန်နေပုံရပေ၏။
" ဒါ့..ဒါ..ဒါ့..ဒါ..ဒါး..."
လုံယွဲ့က သီချင်းလေး တညည်းညည်းနှင့် ရေခဲသေတ္တာထဲမှ ကိတ်မုန့်များကို ထုတ်ကာ ကျိုးယန့်နှင့် လုကျိုက်တို့ကို ဝေပေးလိုက်သည်။
" ဒီကိတ်မုန့်က မနေ့ကမှ ဝယ်ထားတာ.. မြည်းကြည့်ကြပါဦး ..အရမ်းစားလို့ ကောင်းတယ်.. "
" အော်... ကျေးဇူးတင်ပါတယ် မရီး.. "
ကျိုးယန့်နှင့် လုကျိုက်တို့က ကိတ်မုန့်ကို လှမ်းယူကာ ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
" ရပါတယ်.. "
လုံယွဲ့က တောက်ပစွာ ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားကာ သစ်သီးအချို့ကို ယူပြီး ဆေးကြောရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
ကျိုးယန့်နှင့် လုကျိုက်တို့က ထွက်ခွာသွားသော သူမကို ငေးကြည့်နေမိပြီး ဦးနှောက်ထဲတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်နေတော့သည်။
' တစ်ခုခုတော့ မှားနေပြီ.. '
' အရမ်းကို မှားနေပြီ.. '
သူတို့နှစ်ဦးစလုံး သူမကို မရီးဟု အစဉ်တစိုက် ခေါ်ခဲ့ကြသော်လည်း သူမ ယခုကဲ့သို့ တစ်ခါမှ မပျော်ရွှင်ဖူးခဲ့ချေ။ ဧည့်သည်ကိုလည်း ယခုကဲ့သို့ စိတ်အားထက်သန်စွာ ဧည့်မခံဖူးပေ။
ကျိုးယန့် မှတ်မိနေသေးသည်မှာ သူ သူမကို မရီးဟု ပထမဆုံးအကြိမ် ခေါ်ခဲ့စဉ်က သူမ၏ မျက်လုံးများထဲ၌ လူသတ်ချင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
အခုနှင့် နှိုင်းယှဉ်လိုက်လျှင် သူမက တခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
" လင်းဖန်... မင်း မရီးဆီမှာ တစ်ခုခု ထူးဆန်းနေတာ သတိမထားမိဘူးလား .."
ကျိုးယန့်က လင်းဖန်၏ နားသို့ တိတ်တိတ်လေး တိုးကပ်ကာ မေးလိုက်သည်။
" ဘာက ထူးဆန်းနေလို့..လဲ "
လင်းဖန်က ဇဝေဇဝါ ပြန်မေးလိုက်သည်။
" အင်း... ဘာလဲဆိုတာကိုတော့ ငါ အတိအကျ မပြောတတ်ဘူး .. ဒါပေမဲ့ သူ ထူးဆန်းနေတာတော့ အမှန်ပဲ..အရင်ကထက် ပိုပျော်နေပုံရသလို လူတွေအပေါ်မှာလည်း ပိုပြီး နွေးထွေးပြနေတယ်.. "
ကျိုးယန့်က သူ၏ ရင်ထဲမှ ခံစားချက်ကို ဖော်ပြလိုက်သည်။
အရင်နှင့် နှိုင်းယှဉ်ပါက လုံယွဲ့မှာ ပိုမို ပျော်ရွှင်နေပုံရုံသာမက သူမ၏ မျက်နှာမှာလည်း တောက်ပနေပြီး အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများထဲတွင် နစ်မြောနေသည့် အမျိုးသမီးတစ်ဦးကဲ့သို့ပင်။
မရီးဆီက ဤကဲ့သို့ အငွေ့အသက်မျိုး သူ တစ်ခါမှ မခံစားခဲ့ဖူးချေ။
" ငါလည်း အဲ့လိုပဲ ခံစားရတယ်.. "
လုကျိုက်ကလည်း ထောက်ခံသောအားဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
လင်းဖန်က အသာ ပြုံးလိုက်ပြီး...
" မင်းတို့ အများကြီး တွေးနေတာပါ.. ယွဲ့အာက ဒီရက်ပိုင်းမှာ နည်းနည်းလေး ပျော်နေရုံတင်ပါ.. "
" ယွဲ့အာ... "
လင်းဖန်က လုံယွဲ့ကို ခေါ်ဝေါ်လိုက်သည့် အခေါ်အဝေါ်ကို ကြားရသောအခါ ကျိုးယန့်နှင့် လုကျိုက်တို့မှာ ဆွံ့အသွားသည်။
ဤမျှ ရင်းနှီးလှသော အခေါ်အဝေါ်မျိုး လင်းဖန်၏ နှုတ်မှ ထွက်လာသည်ကို သူတို့ တစ်ခါမှ မကြားဖူးပေ။ အရင်ကဆိုလျှင် သူသည် လုံယွဲ့ကို မရီးဟုသာ ရည်ညွှန်းလေ့ရှိသော်လည်း ယခုကဲ့သို့ ချွဲနွဲ့လှသော အခေါ်အဝေါ်မျိုးကိုမူ မသုံးဖူးခဲ့။
လင်းဖန်၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးညွှတ်နေသည်ကို ကြည့်ကာ ကျိုးယန့်နှင့် လုကျိုက်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ရင်ထဲတွင် သံသယတစ်ခု တူညီစွာ ပေါ်ပေါက်လာသည်။
' ဒီနှစ်ယောက်... တစ်ခုခုတော့ ဖြစ်နေပြီ.. '
" အသီးနည်းနည်း ဆေးထားတယ် .. အားမနာနဲ့.. စားကြပါဦး.. "
လုံယွဲ့က ဆေးကြောပြီးသော သစ်သီးများကို စားပွဲပေါ်တွင် တင်လိုက်ကာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
" ယွဲ့အာ... ကိုယ် မင်းအတွက် ကိတ်မုန့် ချန်ထားပေးတယ်.. "
လင်းဖန်သည် သူ တစ်လုတ်သာ စားရသေးသော ကိတ်မုန့်ကို ယူကာ ဇွန်းဖြင့် ခပ်ပြီး လုံယွဲ့ကို ခွံ့ပေးလိုက်၏။
လုံယွဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ သူမ ဆံနွယ်များကို သပ်လိုက်ကာ ကိတ်မုန့်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
" ငါ ချယ်ရီသီး ဆေးလာတယ် .. နင်လည်း စားကြည့်ဦးလေ.. "
ပါးစပ်ထဲမှ ခရင်မ်ကိတ်မုန့်၏ အရသာကို ခံစားရင်း လုံယွဲ့က ပန်းကန်ထဲမှ ရဲရဲနီနေသော ချယ်ရီသီးတစ်လုံးကို ယူကာ လင်းဖန်ကို ပြန်ခွံ့ပေးလိုက်၏။
လင်းဖန်ကလည်း အလိုက်သင့်ပင် ချယ်ရီသီးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး မျက်ဝန်းထဲတွင် သံယောဇဉ်များအပြည့်ဖြင့် ကြည့်နေကြတော့သည်။
ကျိုးယန့်...."...."
လုကျိုက်...."...."
ကျိုးယန့်နှင့် လုကျိုက်တို့သည် လုံယွဲ့ကို ခဏမျှ ကြည့်လိုက်ပြီးနောက် လင်းဖန်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ လက်ထဲမှ ကိတ်မုန့်နှင့် သစ်သီးများမှာ ရုတ်ချည်းဆိုသလို အရသာ ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ မျက်နှာများမှာ ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
'ဒီနှစ်ယောက်ကတော့...'
' ကြင်နာပြနေကျတာ.. '
'ထွီး..ရွံစရာကြီး..'
သူတို့က ပြီးခဲ့သည့် အခေါက် တောင်တက်တုန်းက မရီး စိတ်ညစ်နေပုံရပြီး အအေးမိဖျားနေသောကြောင့် လာကြည့်ကြခြင်း ဖြစ်သည်။ အခုကြည့်ရသည်က သူတို့ အများကြီး အတွေးလွန်မိခဲ့ခြင်း ဖြစ်ချေတော့မည်။
အခြေအနေကို ကြည့်ရသည်က သူတို့ စိုးရိမ်စရာ လုံးဝ မလိုပါချေ။ သူတို့ ဤနေရာတွင် ရှိနေရသည်က လူပိုကြီး နှစ်ယောက်လိုပင်။
" ဘာလို့ ဖန်အစ်ကိုနဲ့ မရီးက ဒီလောက်တောင် ချစ်ပြနေကြတာလဲ.. အရင်က ဒီလို မဟုတ်ပါဘူး .."
လုကျိုက်က ဘေးနားရှိ ကျိုးယန့်ကို တိုးတိုးလေး မေးလိုက်သည်။
" မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ သွားမေးရမှာလဲ.. "
ကျိုးယန့်၏ မျက်နှာမှာ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်နေသည်။ အရင်ကဆိုလျှင် လင်းဖန်နှင့် မရီးတို့သည် သူတို့ရှေ့တွင် အလွန်ဆုံး ငြင်းခုန်တာ သို့မဟုတ် စနောက်တာလောက်ပဲ လုပ်လေ့ရှိသည်။
အခုကျတော့ ဟန်ဆောင်မနေတော့ဘဲ သူတို့ရဲ့ အချစ်တွေကို အတိအလင်း ကြွားလုံးထုတ်နေကြလေပြီ။
ဤနှစ်ယောက်မှာ တခြားသူများ၏ အကြည့်တွေကို လုံးဝ ဂရုမစိုက်တော့ဘဲ ကြင်စဦးဇနီးမောင်နှံတွေလို ဖြစ်နေသည်။
တကယ်ကို လွန်လွန်းလှသည်။
လူပျိုကြီးများ၏ ခံစားချက်ကို လုံးဝ ထည့်မတွက်ကြချေ။
" အဟွတ်... အဟွတ်.. "
တစ်ဦးကိုတစ်ဦး သံယောဇဉ်တကြီး ကြည့်နေကြဆဲဖြစ်သော နှစ်ဦးကို ကြည့်ကာ ကျိုးယန့် မအောင့်နိုင်တော့ဘဲ ကြားဖြတ်နှောင့်ယှက်ရန် ချောင်းနှစ်ချက် ဟန့်လိုက်ရသည်။
အကယ်၍ သူသာ အသံမပြုလိုက်လျှင် ထိုနှစ်ယောက်က သူတို့ရှေ့မှာတင် နမ်းတော့မည့်ပုံပင်။
အသံကြားလိုက်ရသဖြင့် လုံယွဲ့ အသိပြန်ဝင်လာကာ ရှက်ရှက်နှင့် ခေါင်းကို ခပ်မြန်မြန် လွှဲလိုက်ပြီး အောက်သို့ ငုံ့ကြည့်နေလိုက်သည်။
" မရီးက တကယ် ပြောင်းလဲသွားတာပဲ..အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို ဖြစ်သွားပြီ.. "
လုကျိုက်က ကျိုးယန့်ကို တိတ်တိတ်လေး ညည်းတွားလိုက်သည်။ အရင်က လုံယွဲ့သည် လင်းဖန်၏ ဘေးတွင် ရှိနေစဉ် သူမ၏ အမူအရာမှာ အမြဲတမ်း တည်ငြိမ်ပြီး သဘောထားကြီးကာ အမျိုးသားများထက် မနိမ့်ကျသော သူရဲကောင်းမလေးတစ်ဦးကဲ့သို့ ရှိခဲ့သည်။
သို့ရာတွင် ယခုအခါတွင်မူ လင်းဖန်၏ ရှေ့မှောက်တွင် ရှိနေသော လုံယွဲ့မှာရှက်ရွံ့နေသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
" ငါလည်း အဲ့လိုပဲ ခံစားရတယ်.. သူတို့က ညားကာစ လင်မယားတွေလို ချစ်ပြနေကြတာ.."
ကျိုးယန့်က ခေါင်းငြိမ့်ပြကာ ချယ်ရီသီးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ တွေးလေလေ မနာလိုစိတ်နှင့် ဝန်တိုစိတ်များ ဖြစ်ပေါ်လာလေလေ ဖြစ်ကာ လက်သီးကို မကျေမနပ် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
" ချီးပဲ... ငါ့ကိုလည်း တစ်ယောက်ယောက်က ခွံ့ပေးစေချင်လိုက်တာ .."
သူ့စကားအဆုံးမှာပင် ရဲရဲနီနေသော ချယ်ရီသီးတစ်လုံးမှာ သူ၏ ပါးစပ်နားသို့ ရောက်ရှိလာသည်။
" ဟမ်.. "
ကျိုးယန့် ဇဝေဇဝါ ဖြစ်သွားပြီး ခေါင်းမော့ကြည့်လိုက်သောအခါ အနည်းငယ် ပြုံးနေသော လုကျိုက်ကို တွေ့လိုက်ရ၏။
" ရော့... ငါ ခွံ့ပေးမယ်လေ .. အာ... လုပ်လိုက်.. "
ကျိုးယန့် ... " ... "
ဤသည်က သူ လိုချင်သည့် အရာမဟုတ်။
ယောင်္ကျားတစ်ယောက်ဆီက အခွံ့ခံရသည်က မည်သို့မှ ပျော်စရာ ကောင်းမည်မဟုတ်ချေ။
သူ လိုချင်သည်က အမျိုးသမီးတစ်ယောက် ။ လှပသော ကောင်မလေး တစ်ယောက်ဖြစ်သည်။ သူ့အပေါ်မှာ စိတ်နှလုံး အကြွင်းမဲ့ ပုံအပ်ထားမည့် အမျိုးသမီးမျိုးပင်။
ဤကဲ့သို့ အထီးမျိုး မဟုတ်ပါချေ။
ကျိုးယန့်မှာ ငိုချင်စိတ်ပင် ပေါက်သွားကာ စိတ်ထဲမှ ရူးသွပ်မတတ် အော်ဟစ်နေမိသည်။ နောက်ဆုံးတွင်တော့ မျက်ရည်ဝဲလျက် လုကျိုက်လက်ထဲမှ ချယ်ရီသီးကို ပါးစပ်ထဲသို့ ထည့်လိုက်ရတော့သည်။
' ထားလိုက်ပါတော့... ဘယ်သူမှ မခွံ့ပေးတာထက်စာရင်တော့ တော်ပါသေးတယ်.. '
လင်းဖန်သည် ကျိုးယန့်နှင့် လုကျိုက်တို့ကို ကြည့်ကာ ရယ်ချင်လာ၏။
နောက်တစ်စက္ကန့်တွင် သူ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် တည်ကြည်သွားပြီး ဝရန်တာ ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းကို ရုတ်ခြည်း လှည့်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုတစ်ခုကို ခံစားမိလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော်လည်း ထိုဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမှာ အလွန်ပင် တိုတောင်းလှပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
' ထူးဆန်းလိုက်တာ ..'
" တစ်ခုခု ဖြစ်လို့လား.. "
လုံယွဲ့သည် သူ၏ ထူးဆန်းသော အပြုအမူကို သတိထားမိသဖြင့် ဇဝေဇဝါ မေးလိုက်သည်။
လင်းဖန် မျက်လုံးမှိတ်ကာ သေသေချာချာ ထပ်မံ အာရုံခံကြည့်သော်လည်း ဘာမှ မရှိတော့ချေ။ သူ ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး သူမကို ပြုံးပြလိုက်သည်။
" ဘာမှ မဟုတ်ပါဘူး ..ငါစိတ်ထင်လို့ ဖြစ်မှာပါ .."
ခုနက ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုမှာ ခေတ္တခဏမျှသာ ဖြစ်ပြီး သူ အတည်မပြုနိုင်ခင်မှာပင် ပျောက်ကွယ်သွားခဲ့သည်။
သူ ထိုဘက်အရပ်သို့ ထပ်မံ အာရုံခံကြည့်သော်လည်း ဝိညာဉ်စွမ်းအင်၏ အစအနပင် မရှိတော့ချေ။ ထို့ကြောင့် ၎င်းမှာ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှု ဟုတ် မဟုတ်ကို သူ အပြည့်အဝ အတည်မပြုနိုင်ပေ။
ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင်၏ လက္ခဏာရပ်များ လုံးဝ မရှိသည်ကို ထောက်ဆလျှင် ခုနကကိစ္စမှာ သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်နိုင်ပေလိမ့်မည်။
Chapter 134
~
အခန်း ၁၃၄ : ပြိုင်ဘက်ကင်း အချောလေး ပေါ်ထွက်လာခြင်း...
~
" ဝုန်း... "
တိတ်ဆိတ်ခြောက်သွေ့နေသော လမ်းကြားလေးတစ်ခုအတွင်း ဟင်းလင်းပြင်မှာ ရုတ်တရက် ဝဲကရက်တစ်ခု ဖြစ်တည်လာသည်။ ထို့နောက် အနက်ရောင်နှင့် အစိမ်းရောင်ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်သို့ ဆံနွယ်ရှည်များ ဖားလျားချထားသည့် အမျိုးသားတစ်ဦးသည် ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ သူ၏ မျက်နှာမှာ အမျိုးသမီးတစ်ဦးကဲ့သို့ပင် အလွန်တရာ လှပလွန်းလှသည်။
ထိုအမျိုးသား၏ ညာဘက်မျက်လုံးထောင့်တွင် မှည့်လေးတစ်ခု ရှိနေပြီး ၎င်းက သူ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်ကို ပိုမို၍ ထူးခြားနက်ရှိုင်းသော အလှတရားတစ်ခုအဖြစ် ဖြည့်စွက်ပေးထားသည်။
" ဒီနေရာမှာ နတ်ဆိုးအရှင်ရှိနေတာလား... "
မေ့ကျိက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ တုန်လှုပ်နေသော မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
" နတ်ဆိုးအရှင်... အရှင့်ရဲ့ လက်အောက်ငယ်သားက အရှင့်ကို အခုချက်ချင်း ရှာတွေ့အောင် ကြိုးစားပါ့မယ်.. "
ထို့နောက် မေ့ကျိသည် မျက်လုံးများကို မှိတ်ကာ သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအာရုံမှာ သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင်သို့ ဒီရေအလား လျင်မြန်စွာ ပြန့်နှံ့သွားသည်။
သို့သော် တစ်ခဏအကြာတွင် သူ မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့်လိုက်ပြီး နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ရသည်။
' ဒါ ...မဖြစ်နိုင်ဘူး ...'
သူ၏ နတ်ဘုရားအာရုံကို အပြင်သို့ ထုတ်လွှတ်၍ မရချေ။
ဤကမ္ဘာတွင် သူ၏ နတ်ဘုရားအာရုံကို ဖိနှိပ်ထားသည့် ထူးဆန်းသော ကောင်းကင်ဘုံစည်းမျဉ်း စွမ်းအားတစ်ခု ရှိနေပုံရပေ၏။
ပို၍ ထူးဆန်းသည်မှာ ဟင်းလင်းပြင်အတွင်း၌ ဝိညာဉ်စွမ်းအင်၏ အစအနပင် မရှိဘဲ သေဆုံးနေသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေခြင်းပင်။
နတ်ဆိုးနယ်မြေရှိ ဝိညာဉ်စွမ်းအင် လုံးဝမရှိသော လူသူကင်းမဲ့သည့် နေရာများကို သေဆုံးနေသော ကမ္ဘာဟု ခေါ်လေ့ရှိသည်။ ထိုနေရာများသည် အထဲသို့ ဝင်ရောက်လာသူများ၏ ဝိညာဉ်စွမ်းအင်ကို ဝါးမြိုပစ်တတ်ပြီး သက်ရှိဟူ၍ လုံးဝ မရှိသောကြောင့် ထိုသို့ အမည်တွင်ခြင်း ဖြစ်သည်။
ဤကမ္ဘာသည် ဝိညာဉ်စွမ်းအင် မရှိပုံမှာ သေဆုံးနေသော ကမ္ဘာနှင့် တူသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကို တစတစ ဝါးမြိုနေခြင်းနှင့် သက်ရှိများဖြင့် ပြည့်နှက်နေခြင်းမှာ အလွန်ပင် ထူးဆန်းလှသည်။
ဤကမ္ဘာသို့ ဖြတ်ကျော်လာရန်အတွက် သူ၏ ဝိညာဉ်စွမ်းအင် အများစုကို အသုံးပြုခဲ့ရသည်။ ကျန်ရှိနေသော စွမ်းအင်များမှာလည်း ဤကမ္ဘာတွင် ကြာကြာခံလိမ့်မည် မဟုတ်ချေ။
' ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းဖို့ ဝိညာဉ်ရည်တွေကို သုံးသင့်သလား.. '
စီရင်စုအရှင် ရှန့်က ပြောဖူးသည်မှာ... သူတို့သည် လုံးဝ စိမ်းသက်သော ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားနိုင်ပြီး သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နတ်ဆိုးအရှင်ကို ရှာဖွေရန်သာ ဖြစ်သည်။ အလွန်အမင်း လိုအပ်ခြင်း မရှိလျှင် မိမိကိုယ်ကို ဖော်ပြခြင်း သို့မဟုတ် ဤကမ္ဘာ၏ အာရုံစိုက်မှုကို ခံယူခြင်းမျိုး မပြုလုပ်သင့်ပေ။ သူတို့ကဲ့သို့ ပြင်ပမှ ရောက်လာသူများကို ကောင်းကင်ဘုံစည်းမျဉ်းက အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သောကြောင့် ဖြစ်သည်။
" ဝိညာဉ်ပိတ်ဆို့ခြင်း... "
စဉ်းစားပြီးနောက် မေ့ကျိသည် ဂါထာတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ ချက်ချင်းပင် သူ၏ ကိုယ်ပေါ်တွင် ပွင့်လင်းမြင်သာသော အလင်းတန်းတစ်ခု ဖုံးလွှမ်းသွားပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ပြန်လည် ပျောက်ကွယ်သွားသည်။
အမှန်တကယ်တွင် သူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို ကိုယ်တွင်း၌ ပိတ်ဆို့လိုက်ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပသို့ စွမ်းအင်များ ယိုစိမ့်ထွက်ခွာမှုကို နှေးကွေးသွားအောင် လုပ်ဆောင်လိုက်ခြင်းပင်။
ဝိညာဉ်ပိတ်ဆို့ခြင်းကျင့်စဥ်သည် စွမ်းအင်ယိုစိမ့်မှုကို လုံးဝ ရပ်တန့်ပေးသင့်သော်လည်း ဤနေရာတွင်မူ စွမ်းအင်များမှာ တစ်စစနှင့် အနည်းငယ်စီ ဆက်လက် စိမ့်ထွက်နေဆဲ ဖြစ်သည်။
ဤကမ္ဘာတွင် ဝိညာဉ်ပိတ်ဆို့ခြင်း ကျင့်စဥ်ပင်လျှင် လုံးဝနီးပါး အသုံးမဝင်ပေ။
' တကယ့်ကို ကြောက်စရာကောင်းတဲ့ ကမ္ဘာပဲ.. '
' နတ်ဆိုးအရှင်က တကယ်ပဲ ဒီကမ္ဘာထဲကို ရောက်နေတာလား.. '
သူ၏ ဝိညာဉ်စွမ်းအင်များ တစ်စစ ယိုစိမ့်နေသည်ကို ခံစားရသဖြင့် မေ့ကျိ စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။ ထို့နောက် သူ၏ အကြည့်မှာ ပြတ်သားသွားပြီး လမ်းကြားထဲမှ အပြင်သို့ လှမ်းထွက်လိုက်သည်။
ရှေးဟောင်း ကောင်းကင်ကြည့်မှန်ချပ်က တိုင်းတာပြခဲ့သည့် နတ်ဆိုးအရှင်၏ တည်နေရာမှာ ဤနေရာပင် ဖြစ်ရာ မှားနိုင်စရာ အကြောင်းမရှိချေ။
မည်သို့ပင် ဆိုစေကာမူ အရေးကြီးဆုံးက နတ်ဆိုးအရှင်ကို အရင်ဆုံး ရှာတွေ့ဖို့ရန်ပင်။
" ဟယ်... ဒါ ဘယ်သူလဲ .."
" သူ... သူ အရမ်းချောတာပဲ.. "
" ငါ မိန်းကလေးဖြစ်ပြီးတော့တောင် သူ့လောက် မလှဘူးလို့ ခံစားရတယ်.. "
" ဒါ ..ဒီအဆင်လေးက ဆယ်လီလား.. "
" ကမ္ဘာပေါ်မှာ ဒီလောက်ချောတဲ့ ယောကျ်ားရှိနိုင်လို့လား.. "
လမ်းပေါ်တွင် လျှောက်လှမ်းနေစဉ် မေ့ကျိ၏ ထူးဆန်းသော ဝတ်စားဆင်ယင်မှုနှင့် အလွန်အမင်း ချောမောလှပသည့် ရုပ်ရည်မှာ ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။
ကျား၊ မ ၊ အရွယ်မရွေး မည်သူမဆို သူ၏ ရုပ်ရည်ကို မြင်လိုက်သည်နှင့် အကြည့်မခွာနိုင်ဘဲ ရပ်တန့်၍ ငေးမောကြည့်ရှုနေကြသည်။
သူ၏ ရုပ်ရည်မှာ အလွန့်အလွန် လှပလွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ သရဲတစ္ဆေများကိုပင် ငိုကြွေးစေလောက်သည်ဟု ဆိုလျှင် ပိုမည်မထင်ချေ။
မေ့ကျိမှာမူ ဤသို့ ဝိုင်းကြည့်ခံရခြင်းကို အသားကျနေပြီ ဖြစ်သဖြင့် ဂရုမစိုက်ချေ။ သူ တိတ်ဆိတ်စွာပင် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေရင်း ပတ်ဝန်းကျင်ရှိ လူများနှင့် အဆောက်အဦးများကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေမိသည်။
ဝိညာဉ်စွမ်းအင် မရှိသော သေဆုံးနေသော ကမ္ဘာတစ်ခု ဖြစ်သော်လည်း သာမန်လူသား အရေအတွက်မှာ အံ့သြစရာကောင်းလောက်အောင် များပြားလှသည်။
ဤလူသားများ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ထူးဆန်းပြီး အဆောက်အဦး ပုံစံများမှာလည်း အင်မော်တယ်နတ်ဆိုးတိုက်ကြီးနှင့် အလွန် ကွာခြားလှသည်။
သူ အထူးဆန်းဆုံးဟု ထင်မြင်မိသည်မှာ လမ်းတစ်ဖက်တွင် တစ်စီးပြီးတစ်စီး အရှိန်ဖြင့် မောင်းနှင်သွားကြသော အမည်မသိ မှော်လက်နက်များ ဖြစ်သည်။
၎င်းတို့မှာ သံသေတ္တာကြီးများနှင့် တူသော်လည်း အတွင်း၌ လူသားများ ထိုင်နေကြ၏။
' ဒါက ဝိညာဉ်စွမ်းအင် မရှိတဲ့ ကမ္ဘာမဟုတ်ဘူးလား.. ဒီလူသားတွေက ဒီမှော်လက်နက်တွေကို ဘယ်လို မောင်းနေကြတာလဲ.. '
မေ့ကျိ၏ စိတ်ထဲတွင် နားမလည်နိုင်သော သံသယများဖြင့် ပြည့်နှက်နေသည်။ သူ အဖြေရှာမရခင်မှာပင် အမျိုးသမီး အများအပြားသည် သူ၏ အနီးသို့ တိုးဝှေ့ ရောက်ရှိလာကြ၏။
" အချောလေး... WeChat မှာ အပ်လို့ရမလား ... "
" ဟယ်လို... ရှင့်မှာ ရည်းစားရှိလား.. "
" ငါ့မှာ ပိုက်ဆံရှိတယ် .. ငါ မင်းကို ထောက်ပံ့ပေးရမလား.. "
" ... "
အမျိုးသမီးတစ်စုသည် ဆူညံစွာ ပြောဆိုရင်း မေ့ကျိကို ဝိုင်းထားကြပြီး ဖုန်းကိုယ်စီကို ရှေ့သို့ ကမ်းပေးနေကြသည်။
" လမ်းဖယ်ကြစမ်း သာမန်လူသားတွေ.. ငါ မင်းတို့နဲ့ စကားပြောနေဖို့ အချိန်မရှိဘူး .."
မေ့ကျိ မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောဆိုလိုက်ပြီး အမျိုးသမီးများ၏ ဝိုင်းရံမှုကြားမှ တည့်တည့် လျှောက်ထွက်သွားသည်။
သူက အေးစက်စွာ ပြုမူလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ အမျိုးသမီးများအတွက်မူ နှလုံးသားထဲတွင် ဗုံးခွဲခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ စိတ်မဆိုးသည့်အပြင် သူ၏ ကျောပြင်ကို ကြည့်ရင်း ပို၍ပင် ရူးသွပ်စွဲလမ်းသွားကြ၏။
" အားးးးးးးး... သူ တကယ်ကို ချောတာပဲ..မိုက်လိုက်တာ... "
" အာဏာရှင် စီအီးအိုတစ်ယောက်လို အေးစက်နေတာပဲ.. "
" ငါတော့ မရတော့ဘူး ..မရတော့ဘူး.. ကယ်ကြပါဦးးးး...သူ ငါ့ရဲ့ ဝိညာဉ်ကို ခိုးသွားပြီ.. "
" ငါ ဒီလိုပုံစံလေးမျိုးကိုမှ ကြိုက်တာ.. "
" ... "
ထိုအမျိုးသမီးများသည် မေ့ကျိ၏ နောက်သို့ တကောက်ကောက် လိုက်လာကြတော့သည်။
မေ့ကျိမှာမူ သူတို့ကို ဂရုမစိုက်ဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် နတ်ဆိုးဝိညာဉ်စွမ်းအင်များ ကြွင်းကျန်ရစ်ခြင်း ရှိမရှိကိုသာ အာရုံခံရန် ကြိုးစားနေသည်။ သို့မှသာ နတ်ဆိုးအရှင်၏ တည်နေရာကို သိနိုင်မည် ဖြစ်သည်။
သို့သော် သူ အလွန် စိတ်ပျက်သွားရသည်မှာ ကမ္ဘာပေါ်တွင် နတ်ဆိုးဝိညာဉ်ချီစွမ်းအင်၏ အစအနပင် သူ မခံစားရခြင်းပင်။
' တခြားနည်းလမ်း မရှိတော့ဘူး.. ဒီလူသားတွေကိုပဲ မေးကြည့်ရမယ်.. နတ်ဆိုးအရှင်ရဲ့ ခန့်ညားထည်ဝါတဲ့ ပုံရိပ်ကို တစ်ယောက်ယောက် မြင်ဖူးကောင်း မြင်ဖူးလိမ့်မယ်.. '
" မင်းတို့ကို ငါ မေးမယ် ..နတ်ဆိုးအရှင်ကို မြင်ဖူးတဲ့သူ ရှိလား.. "
" နတ်ဆိုးအရှင် .. "
အမျိုးသမီးများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" ဒီကမ္ဘာမှာ နတ်ဆိုးအရှင်လို့ ခေါ်တဲ့သူ ရှိလို့လား.. "
" မသိဘူးလေ ..ဇာတ်ကားထဲက နာမည်လိုပဲ.. "
" အဲ့ဒီ နတ်ဆိုးအရှင်က ဘယ်လိုပုံစံလဲ.. ရှင့်လိုပဲ ချောလား .."
" အဲ့ဒါထက် ပိုတာပေါ့ .."
မေ့ကျိက တွေဝေခြင်းမရှိဘဲ အတည်ပြုလိုက်သည်။ ထို့နောက် သူ၏ လက်ကို ရင်ဘတ်ပေါ်တွင် တင်လိုက်ပြီး သူ၏ မျက်နှာတွင် လေးစားကြည်ညိုမှုနှင့် တောင့်တမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
" နတ်ဆိုးအရှင်က တောက်ပပြီး တန်ခိုးကြီးမားတယ် .. လောကမှာ ပြိုင်ဘက်ကင်းတဲ့သူပဲ.. သူ့လို ပုဂ္ဂိုလ်မျိုးကို ငါတို့နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ.. "
" မဟုတ်သေးဘူး .. ငါ့ကို နတ်ဆိုးအရှင်နဲ့ နှိုင်းယှဉ်တာက နတ်ဆိုးအရှင်ရဲ့ ရုပ်ရည်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ... " (မှတ်ချက် ။ ။ ဤသည်မှာ မေ့ကျိ၏ ကိုယ်ပိုင် အယူအဆသာ ဖြစ်၏။)
" ဝါးးးးး... "
ဤစကားကို ကြားသောအခါ အမျိုးသမီးများမှာ အလွန်ပင် အံ့သြသွားကြသည်။
မေ့ကျိသည် ဤကမ္ဘာတွင် သူတို့ မြင်ဖူးသမျှ အချောဆုံး အမျိုးသား ဖြစ်နေပြီဖြစ်ရာ ထိုနတ်ဆိုးအရှင်မှာ သူ့ထက်ပင် ပို၍ ချောမောနိုင်ပါဦးမည်လော။
ဤကမ္ဘာတွင် ထိုကဲ့သို့ ချောမောသော အမျိုးသားရှိသည်ဟု သူတို့ တစ်ခါမှ မကြားဖူးပါချေ။
" ကဲ... မင်းတို့ထဲက တစ်ယောက်ယောက် နတ်ဆိုးအရှင်ရဲ့ ဂုဏ်သရေရှိတဲ့ မျက်နှာတော်ကို မော်ဖူးဘူးကြလား.. "
မေ့ကျိသည် ကြည်ညိုနေသော အမူအရာကို ရုပ်သိမ်းလိုက်ပြီး ရှေ့ရှိ အမျိုးသမီးများကို တည်ကြည်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
အမျိုးသမီးများက တစ်ပြိုင်နက်တည်း ခေါင်းခါပြလိုက်ကြသည်။
အကယ်၍ ကမ္ဘာပေါ်တွင် ထိုမျှ ချောမောသော အမျိုးသား တကယ်ရှိလျှင် သူတို့ မြင်လိုက်သည်နှင့် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါချေ။
" အင်း... အဲ့လိုလား.. "
" ထားလိုက်ပါတော့.. နတ်ဆိုးအရှင်ရဲ့ ဂုဏ်သရေရှိတဲ့ မျက်နှာတော်က မင်းတို့လို သာမန်လူသားတွေ ဖူးတွေ့နိုင်တဲ့ အရာမျိုး မဟုတ်ဘူး.. "
မေ့ကျိသည် စိတ်ပျက်သွားပုံရပြီး လမ်းမများအတိုင်း သူ၏ ခံစားချက်ဖြင့်သာ ဆက်လက် လှည့်လည်နေတော့သည်။ အမျိုးသမီးများမှာလည်း သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
သူ လျှောက်လှမ်းလေလေ ၊ သူ၏ နောက်မှ လိုက်လာသော လူဦးရေမှာ ပိုမို များပြားလာလေလေ ဖြစ်ကာ ဖုန်းကိုယ်စီနှင့် ကင်မရာများမှာလည်း ကလစ် ကလစ် မြည်လျက် သူ၏ ဓာတ်ပုံများကို အဆက်မပြတ် ရိုက်ကူးနေကြတော့သည်။
မကြာမီမှာပင် ရှန်ဟိုင်းမြို့တော်၌ ပြိုင်ဘက်ကင်း ချောမောသော အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်ပေါက်လာသည့် သတင်းမှာ အင်တာနက် လူမှုကွန်ရက် တစ်ခုလုံးတွင် ပျံ့နှံသွားလေတော့သည်။