အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
Chapter 135
~
အခန်း ၁၃၅ : King of Fighters စိန်ခေါ်ပွဲ
~
" ရော့..ကောင်းလား..သေလိုက်စမ်း.. "
" ဟာဒိုးကင်း.. "
ကျိုးယန့်နှင့် လုကျိုက်တို့သည် တီဗွီတွင် PS5 ချိတ်ဆက်ကာ The King of Fighters ဂိမ်းကို အာရုံစိုက် ဆော့ကစားနေကြသည်။
ဧည့်ခန်းထဲတွင် သူတို့၏ ခလုတ်နှိပ်သံ ကလောက် ကလောက် နှင့်အတူ အကွက်ဆန်းများ ထုတ်ရန် ကြိုးစားနေသည့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသံများဖြင့် ပြည့်နှက်နေတော့၏။
လုကျိုက်ကမူ တည်ငြိမ်အေးဆေးစွာဖြင့် ကျိုးယန့်၏ တိုက်ကွက်တိုင်းကို ခုခံကာကွယ်နေပြီး အခွင့်အရေးရသည်နှင့် တစ်ဆက်တည်းသော တိုက်ကွက် များ၊ အထူးတိုက်ကွက် များဖြင့် အဆုံးသတ်ပစ်လိုက်သည်။
" K.O... "
ဟိန်းထွက်လာသော K.O အသံနှင့်အတူ ပွဲမှာ ပြီးဆုံးသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးယန့်မှာ တစ်ဦးချင်း ယှဉ်ပြိုင်ပွဲတွင် ထပ်မံ ရှုံးနိမ့်သွားပြန်သည်။
" ကိုးပွဲဆက်တိုက် နိုင်ပြီနော်.. "
လုကျိုက်က သူ၏ မျက်မှန်ကို အသာပင့်တင်လိုက်ကာ နောက်ဆုံးရလဒ်ကို ဂုဏ်ယူစွာ ကြေညာလိုက်သည်။
" နောက်တစ်ပွဲ... "
ကျိုးယန့်က အရှုံးမပေးလိုဘဲ နောက်တစ်ပွဲ ထပ်ကစားရန် ချက်ချင်း တောင်းဆိုလိုက်သည်။
" မင်းတို့ နှစ်ယောက်က ဘာလို့ ငါ့အိမ်အထိ လာပြီး ဂိမ်းဆော့နေကြတာလဲ .."
လင်းဖန်က သူတို့၏ နောက်တွင် ထိုင်နေရင်း ကျိုးယန့်နှင့် လုကျိုက်တို့ကို ဘာပြောရမှန်းမသိသော မျက်နှာပေးဖြင့် ကြည့်နေ၏။
ဤနှစ်ယောက်သည် အကြောင်းမရှိ အကြောင်းရှာပြီး သူ့အိမ်ကို လာလည်ရသည်ကို ဝါသနာပါနေကြ၏။ ယခုတစ်ခေါက်ဆိုလျှင် PS5 ကိုပါ သယ်လာပြီး သူ့အိမ်မှာပင် ဂိမ်းလာဆော့နေကြခြင်း ဖြစ်သည်။
" တခြားနည်းလမ်းမှ မရှိတာ.. ငါတို့ကို အဖော်လုပ်ပေးမယ့် ရည်းစားမှ မရှိတာကို.. "
" တချို့လူတွေကျတော့လည်း ကောင်မလေး ရသွားတော့ ညီအစ်ကိုတွေကိုတောင် အဖော်မလုပ်ချင်တော့ဘူး.. ဟူးးး... ငါတို့ သံယောဇဉ်တွေတော့ လျော့ပါးကုန်ပြီထင်ပါရဲ့.. "
ကျိုးယန့်က လင်းဖန်ကို ကျောပေးလျက် ဂိမ်းဆော့ရင်း တိုးတိုးလေး ရေရွတ်နေသည်။ သူ၏ စကားလုံးတိုင်းမှာ လှောင်ပြောင်သံများ ပါဝင်နေပြီး မကျေနပ်ချက်များဖြင့် ပြည့်နှက်နေပုံရ၏။
" ငါ့ကို အဲ့ထဲ ထည့်မပြောနဲ့.. ငါ့မှာ အဖော်လုပ်ပေးမယ့် မိန်းမ ရှိတယ်.. "
" မင်းပဲ ငါ့ကို အတင်းဆွဲခေါ်လာပြီး ဂိမ်းအတူတူ ဆော့ပေးပါဆိုလို့ လိုက်လာရတာလေ.. "
လုကျိုက်က လက်ကိုင်ခလုတ်ကို ပွတ်ရင်း ပြန်လည် ချေပလိုက်သည်။
သူတို့ စကားများနေကြစဉ်မှာပင် လုကျိုက်က ကျိုးယန့်အပေါ် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့သည်။
" ပျင်းစရာကြီး.. ငါ မဆော့တော့ဘူး... "
ကျိုးယန့်မှာ မနိုင်သဖြင့် စိတ်တိုသွားကာ နောက်ကွယ်ရှိ လင်းဖန်နှင့် လုံယွဲ့တို့ဘက်သို့ လှည့်လိုက်ပြီး လက်ကိုင်ခလုတ်ကို မြှောက်ပြကာ မေးလိုက်သည်။
" လင်းဖန်... မရီး... မင်းတို့ ဆော့ဦးမလား.. "
လင်းဖန်က လုံယွဲ့ဘက်သို့ လှည့်ကြည့်ကာ...
" စမ်းကြည့်မလား .."
" အဲ့ဒါဆိုရင်လည်း စမ်းကြည့်တာပေါ့ .."
လုံယွဲ့က တွေဝေသွားပြီးနောက် ရှေ့သို့ လှမ်းလာကာ ကျိုးယန့်ထံမှ ခလုတ်ကို ယူလိုက်ပြီး သူ၏ နေရာတွင် ဝင်ထိုင်လိုက်သည်။
" ငါလည်း နည်းနည်း ပင်ပန်းလာပြီ.. "
လုကျိုက်က ကိုယ်လက်ဆန့်ထုတ်ကာ ထရပ်လိုက်ပြီး သူ၏ လက်ထဲမှ ခလုတ်ကို လင်းဖန်ထံ ပစ်ပေးလိုက်သည်။
" ဆော့လိုက်တော့ ..ငါလည်း ခဏနားလိုက်ဦးမယ်.. "
" အေး... ရတယ်လေ .."
လင်းဖန်က လုကျိုက်၏ နေရာတွင် အစားထိုး ဝင်ထိုင်လိုက်ရာ ကျိုးယန့်နှင့် လုကျိုက်တို့၏ ပွဲမှ လင်းဖန်နှင့် လုံယွဲ့တို့၏ ပွဲသို့ ကူးပြောင်းသွားတော့သည်။
" ဟမ်း... ဒီဧကရီကတော့ နင့်ကို အလျှော့ပေးမှာ မဟုတ်ဘူးနော်.. "
လုံယွဲ့က ဘေးနားရှိ လင်းဖန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကော့ညွှတ်နေပြီး လှပသော မျက်နှာလေးမှာ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
" ဒါဆိုရင်လည်း ဒီအရှင်က စောင့်ကြည့်ရတာပေါ့..ဟင်းဟင်း... "
လင်းဖန်က ပြုံးလိုက်ပြီး သူ အကြိုက်ဆုံး ဇာတ်ကောင်ဖြစ်သော ကျိုကုဆာနာဂီ ကို ပြတ်ပြတ်သားသားပင် ရွေးချယ်လိုက်သည်။
လုံယွဲ့ကမူ ဇာတ်ကောင်များကို တစ်ခုချင်းစီ သေသေချာချာ ရွေးနေ၏။ သူမသည် ဟော့ရှော့ကိုယ်လုံးကိုယ်ပေါက်နှင့် အဝတ်အစား ဗလာနတ္ထိဖြစ်နေသော Mai Shiranui ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာလေးမှာ ရုတ်ချည်း နီရဲသွားသည်။ သူမ မျက်မှောင်ကြုတ်ကာ ပို၍ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။
ဂိမ်းဇာတ်ကောင်မှန်း သိသော်လည်း ဤအမျိုးသမီးက အဘယ်ကြောင့် ဤမျှ ရဲတင်းလှသော အဝတ်အစားမျိုး ဝတ်ဆင်ထားရသနည်း။ လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်လျှင်ပင် အကုန်ပေါ်ကုန်တော့မည် မဟုတ်ပါလော။
' မဟုတ်သေးဘူး .. ဒီဇာတ်ကောင်က ယောင်္ကျားတွေကို ဖြားယောင်းတတ်တဲ့ မိစ္ဆာမကျင့်ကြံသူနဲ့ တူတယ် .. ငါနဲ့ မလိုက်ဖက်ဘူး ..'
တခြားဇာတ်ကောင်တွေလည်း အများကြီး ရှိနေသဖြင့် သူမ မည်သူ့ကို ရွေးရမှန်း မသိဖြစ်နေသည်။
မျက်စိလည်စရာ ဇာတ်ကောင်များကို ကြည့်ရင်း လုံယွဲ့၏ မျက်ခုံးတန်းလေးများမှာ အနည်းငယ် တွန့်ကွေးသွားကာ ဆုံးဖြတ်ရခက်သည့် ဝေဒနာကို ထပ်မံ ခံစားလိုက်ရပြန်သည်။
The King of Fighters ကို ပထမဆုံးအကြိမ် ဆော့ဖူးခြင်း ဖြစ်သဖြင့် သူမ မည်သည့်ဇာတ်ကောင်ကို ရွေးရမည်ကို မသိပါချေ။ Glory of Kingsကို ပထမဆုံး ဆော့စဉ်ကကဲ့သို့ပင် စိတ်အာရုံ ခံစားချက်အရသာ ရွေးချယ်နိုင်ပေသည်။
မကြာမီမှာပင် ဇာတ်ကောင်အားလုံးထဲမှ ငွေရောင်ဆံပင်တိုနှင့် ရင်ဘတ်ဗလာ၊ ထူးဆန်းသော တက်တူးများရှိသည့် အမျိုးသားတစ်ဦးကို သူမ မြင်လိုက်ရသည်။
ဤဇာတ်ကောင်မှာ နတ်ဆိုးမျိုးနွယ်မှ တစ်စုံတစ်ယောက်နှင့် တူနေသည်။ နတ်ဆိုးအရှင်ကဲ့သို့ ဆံပင်အနက်ရောင် မဟုတ်သော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံမှာမူ နတ်ဆိုးအရှင်နှင့် အလွန် ဆင်တူလှသည်။
" အော်... မင်းက Orochi ကို ရွေးတာလား .. အမြင်ရှိသားပဲ.. "
" ဘာလို့ သူ့ကို ရွေးချင်ရတာလဲ.. "
လုံယွဲ့ ရွေးချယ်လိုက်သော ဇာတ်ကောင်ကို မြင်သောအခါ လင်းဖန် အံ့သြသွားသည်။
သူမက ယခုကဲ့သို့ မိစ္ဆာဆန်သော အမျိုးသားဇာတ်ကောင်မျိုးကို ကြိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
" ကြည့်ရတာ မျက်စိထဲ အဆင်ပြေလို့ ရွေးလိုက်တာပါ..ဟွမ့် .. အထင်လွဲမနေနဲ့ .."
လုံယွဲ့၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး အကြည့်ကို လွှဲလိုက်သည်။
လင်းဖန်မှာမူ ဇဝေဇဝါ ဖြစ်သွားသည်။
'ငါက ဘာလို့ Orochiကို ရွေးတာလဲဆိုတာကို သိချင်ရုံသက်သက်ပါ ..အထင်လွဲစရာ ဘာရှိလို့လဲ..'
" Ready.. Go.."
ဂိမ်းစတင်သည့် အသံနှင့်အတူ ပွဲမှာ တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
လုံယွဲ့သည် ယခင်က ဂိမ်းများကို ကီးဘုတ်နှင့် မောက်စ်ကိုသာ သုံး၍ ဆော့ခဲ့ဖူးသဖြင့် လက်ကိုင်ခလုတ်ကို ပထမဆုံး သုံးရသည်မှာ သူမအတွက် အလွန် စိမ်းသက်နေသည်။
ထို့အပြင် သူမသည် King of Fighters ကို တစ်ခါမှ မဆော့ဖူးသဖြင့် လုံးဝ အတွေ့အကြုံမရှိသေးသူ တစ်ဦးသာ ဖြစ်သည်။ အခြေခံ အကျဆုံး တိုက်ကွက်များကိုပင် သူမ မလုပ်တတ်သေးချေ။
သံသယဖြစ်ဖွယ်မရှိဘဲ လင်းဖန်၏ ချောမွေ့လှသော တိုက်ကွက်များအောက်တွင် သူမ ချက်ချင်းပင် မျက်စိလည်သွားတော့သည်။
သူမ ပြန်ထလိုက်သည်နှင့် လင်းဖန်က ခုန်ကျော်ကာ နောက်ထပ် တိုက်ကွက်တစ်ခုဖြင့် အဆုံးသတ်ပစ်လိုက်သည်။ လုံယွဲ့သည် တစ်ပွဲလုံး လင်းဖန်ကို လက်ဖျားနှင့်ပင် မထိလိုက်ရပါချေ။ အတိအကျ ပြောရလျှင် တိုက်ခိုက်ရေး ခလုတ်ကိုပင် မနှိပ်နိုင်သေးခင်မှာပင် သူမ ရှုံးသွားခဲ့ခြင်း ဖြစ်သည်။
" ရှုံးတာကို ဝန်ခံလိုက်စမ်းပါ ဧကရီရာ.. "
ပွဲနိုင်သွားသဖြင့် လင်းဖန်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားပြီး ဘေးနားရှိ လုံယွဲ့ကို အောင်နိုင်သူတစ်ဦးကဲ့သို့ ကြည့်လိုက်သည်။
လုံယွဲ့က ပါးလေးနှစ်ဖက်ကို ဖောင်းလိုက်ကာ သူမ၏ လှပသော မျက်နှာလေးတွင် အလွန်အမင်း စိတ်ပျက်အားမလိုအားမရဖြစ်မှုနှင့် ဒေါသအရိပ်အယောင်များ ပေါ်ပေါက်လာသည်။
အစောပိုင်းက သူမ အလျှော့မပေးဘူးဟု ပြောခဲ့သော်လည်း ၎င်းမှာ စနောက်လိုက်ခြင်းသာ ဖြစ်၏။ သူမသည် ဤဂိမ်းကို တစ်ခါမှ မဆော့ဖူးသဖြင့် နတ်ဆိုးအရှင်က သူမကို အလျှော့ပေးလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုမုန်းစရာကောင်းသော နတ်ဆိုးအရှင်က သူမအပေါ် နည်းနည်းလေးမှ ငဲ့ညှာခြင်း မရှိပါချေ။
' မုန်းလိုက်တာ.. '
ဤသည်က ဂိမ်းပွဲတစ်ခုသာ ဖြစ်သော်လည်း သွယ်ဝိုက်သောနည်းဖြင့် နတ်ဆိုးအရှင်နှင့် ဧကရီတို့၏ နောက်ထပ် တိုက်ပွဲတစ်ခုပင် ဖြစ်သည်။
ဧကရီတစ်ပါး အနေဖြင့် နတ်ဆိုးအရှင်ကို မည်ကဲ့သို့ ရှုံးနိမ့်ခံနိုင်ပါမည်နည်း။
" နင် ..စောင့်နေလိုက်.. "
လုံယွဲ့သည် နောက်တစ်ပွဲကို ချက်ချင်း မစသေးဘဲ သူမ၏ ဖုန်းကို ထုတ်ကာ King of Fighters ၏ တိုက်ကွက်ဇယားများနှင့် ဗီဒီယို သင်ခန်းစာများကို ရှာဖွေကြည့်ရှုလိုက်သည်။
ခဏတာ ကြည့်ပြီးနောက် သူမသည် ခလုတ်ကို ပြန်ကိုင်ကာ လင်းဖန်နှင့် နောက်တစ်ပွဲ ယှဉ်ပြိုင်ပြန်သည်။
ယခင်က ဂိမ်းများကဲ့သို့ပင် တိုက်ကွက်သင်ခန်းစာကို တစ်ကြိမ်မျှ ကြည့်ပြီးရုံဖြင့် သူမသည် တိုက်ကွက်များကို လုံးဝ ပြီးပြည့်စုံစွာ ပြန်လည် အသုံးချနိုင်စွမ်း ရှိလာခဲ့သည်။ သူမသည် အမှားအယွင်းမရှိဘဲ တစ်ပွဲ ပြန်လည် အနိုင်ရရှိသွားခဲ့သည်။
" အရှုံးကို ဝန်ခံလိုက်စမ်းပါ နတ်ဆိုးအရှင်..ဟင်းဟင်းဟင်း.. "
လုံယွဲ့၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားပြီး သူမ၏ မျက်ခုံးတန်းလေးများကို ဂုဏ်ယူစွာ ပင့်တင်လိုက်သည်။
' တော်တော်လေးကို ကြွားနေတာပဲ ..'
'ကြည့်ရတာ ငါ့ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးရတော့မယ်..'
လင်းဖန်က အသာ ပြုံးလိုက်သည်။ ပွဲအသစ် စတင်ပြီးနောက် သူသည် လုံယွဲ့ ထိန်းချုပ်ထားသော Orochiကို ထောင့်ကပ်သွားအောင် အခွင့်အရေး ယူလိုက်သည်။
" အောက်ခြေကန်ချက်... အောက်ခြေကန်ချက်... "
ဘာအကွက်ဆန်းမှ မပါချေ။ သူသည် သူ၏ ဇာတ်ကောင်ကို အောက်ခြေကန်ချက် တစ်မျိုးတည်းကိုသာ အဆက်မပြတ် သုံးခိုင်းနေခြင်း ဖြစ်သည်။
လုံယွဲ့သည် ခုခံရန် ကြိုးစားနေသော်လည်း သတိလက်လွတ်ဖြစ်သွားသည်နှင့် အကြိမ်ပေါင်းများစွာ ဆက်တိုက် ကန်ခံရတော့သည်။
သူ မူလတန်းကျောင်းသားဘဝက ဤအောက်ခြေကန်ချက်နှင့် အကန့်အသတ်မရှိ ပစ်ခတ်သည့် တိုက်ကွက်နှစ်ခုတည်းဖြင့် ဂိမ်းဆိုင်ရှိ မူလတန်းကျောင်းသား အားလုံးကို အနိုင်ယူခဲ့ဖူးသည်။ သူသည် ထိုစဉ်က ဘုရင်တစ်ဆူဟုပင် တင်စားခံခဲ့ရသူ ဖြစ်၏။
မကြာမီမှာပင် လုံယွဲ့၏ သွေးတန်းမှာ တစ်ဖြည်းဖြည်း လျော့နည်းသွားပြီး သူမသည် အလွန် စိတ်ပျက်စရာကောင်းသော နည်းလမ်းဖြင့် ရှုံးနိမ့်သွားရပြန်သည်။
" ဟမ့်... နောက်တစ်ပွဲ... "
လုံယွဲ့က အံကြိတ်လျက် မကျေမနပ် အော်လိုက်သည်။
လင်းဖန်ကမူ လက်ကို ခါယမ်းကာ ထရပ်လိုက်ပြီး လစ်ထွက်ရန် ပြင်လိုက်သည်။
" ငါ ပင်ပန်းနေပြီ ..မဆော့တော့ဘူး .."
" အမ်... နင်.... "
နိုင်ပြီးသည်နှင့် ထွက်ပြေးရန် ကြိုးစားနေသော လင်းဖန်ကို ကြည့်ကာ လုံယွဲ့က လက်မခံပါချေ။ ပြီးခဲ့သည့် အခေါက် ဂို ကစားတုန်းကကဲ့သို့ပင် သူမသည် သူ့ကို ဆွဲထားကာ ထွက်သွားခွင့် မပြုတော့။
" ဒါက ဂိမ်းတစ်ခုတည်း ဖြစ်ပေမဲ့ ဘာလို့ ယောင်္ကျားနှစ်ယောက် ဆော့တာနဲ့ ယောင်္ကျားတစ်ယောက် မိန်းကလေးတစ်ယောက် ဆော့တာက ဒီလောက်တောင် ကွာခြားနေရတာလဲ.. "
လင်းဖန်နှင့် လုံယွဲ့တို့၏ စနောက် ချွဲနွဲ့နေကြသည်ကို ကြည့်ကာ ကျိုးယန့်က သက်ပြင်းချလိုက်မိသည်။
သူနှင့် လုကျိုက်တို့ ဆော့တုန်းကမူ စိတ်တိုရသည်မှလွဲ၍ ဘာအရသာမှ မရှိခဲ့ပေ။
" ဘယ်သူက ပြောလဲ ..ငါကတော့ မင်းနဲ့ ဆော့ရတာ တော်တော် ပျော်ဖို့ကောင်းပါတယ်.. "
လုကျိုက်က သူ၏ မျက်မှန်ကို အသာပင့်ကာ အေးအေးဆေးဆေးပင် ပြန်လည် ချေပလိုက်သည်။
ကျိုးယန့်က ခေါင်းလှည့်ကာ သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။
' မင်းက အမြဲတမ်း နိုင်နေတာပဲ ..ပြောအားရှိတာပေါ့.. '
" ဟင်း... ပျင်းစရာကြီး.. "
ကျိုးယန့်က သက်ပြင်းတစ်ချက် ချလိုက်ကာ ဆိုဖာပေါ်တွင် မှီလျက် ပျင်းပျင်းရှိသည်နှင့် ဖုန်းကို ဖွင့်ကြည့်လိုက်သည်။
သူ၏ ဖုန်းကို ဖွင့်လိုက်သည်နှင့် တပြိုက်နက် နာမည်ကြီးနေသော သတင်းတစ်ခုက သူ၏ အာရုံကို ဖမ်းစားသွားတော့သည်။
" အံ့သြဖွယ်... ရှန်ဟိုင်းမြို့တော်တွင် ပြိုင်ဘက်ကင်း အမျိုးသား အချောလေးတစ်ဦး ပေါ်ထွက်လာ ..."
Chapter 136
~
အခန်း ၁၃၆ : ပြင်းထန်သောအဆင့် စိတ်ကူးယဥ်ရောဂါသည်
~
" ပြိုင်ဘက်ကင်းအောင် ချောတဲ့သူတဲ့လား..ဟမ့်.. ဒီလောကမှာ ငါ့ထက်ချောတဲ့သူ ရှိနိုင်လို့လား.. "
ကျိုးယန့်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ထိုသတင်း အသိပေးချက်ကို ပိတ်ပစ်ရန် သူ ကြံရွယ်လိုက်သော်လည်း ခဏတာ တွေဝေသွားပြီးနောက် သိလိုစိတ်ကို မအောင့်နိုင်တော့ဘဲ သတင်းကို နှိပ်ကြည့်လိုက်မိ၏။
သတင်းစာမျက်နှာ ပွင့်လာသည်နှင့်တပြိုင်နက် သူ ပထမဆုံး မြင်လိုက်ရသည်က ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလွန်တရာ ခန့်ညားလှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦး၏ ဓာတ်ပုံပင် ဖြစ်သည်။
ကျိုးယန့်သည် လူအများအာရုံစိုက်အောင် ရေးထားသည့် သတင်း ဟုသာ ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ်ပင် အံ့သြစရာကောင်းလောက်အောင် ချောမောသော အမျိုးသားတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
" သောက်ခွေး.. ချောလိုက်တာဟ.. "
" ဘာဖြစ်လို့လဲ.. "
ကျိုးယန့်၏ အာမေဍိတ်သံကြောင့် အခန်းထဲရှိ လူများက လှည့်ကြည့်လိုက်ကြသည်။ လုကျိုက်က ပထမဆုံး အနားသို့ တိုးကပ်ကြည့်လိုက်ပြီးနောက် သူလည် အံ့သြသွား၏။
" ဒါကတော့ Photoshop နဲ့ ပြင်ထားတာပဲ ဖြစ်ရမယ်.. မဟုတ်ရင် ဒီလောက်အထိ ချောဖို့ မဖြစ်နိုင်ဘူး.. "
" မင်းတို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ.. "
လင်းဖန်နှင့် လုံယွဲ့တို့လည်း သူတို့၏ စနောက်နေမှုများကို ရပ်တန့်ကာ ခေါင်းလှည့်၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြသည်။
" အချောလေး တစ်ယောက်ကို တွေ့လို့.. တကယ်ကို သောက်ရမ်း ချောတာ.. ချီးပဲ သူ့မိဘတွေ ဘယ်လိုများ မွေးထားလဲ မသိဘူး.. "
" မရီးကတော့ မကြည့်တာ ပိုကောင်းမယ်ထင်တယ်.. "
" ဘာလို့လဲ.. "
လုံယွဲ့က ဇဝေဇဝါဖြင့် မေးလိုက်သည်။
" သူ့ရဲ့ ရုပ်ရည်ကို စွဲလန်းသွားမှာ စိုးလို့ပါ.."
ကျိုးယန့်က စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ယောင်္ကျားတစ်ယောက် ဖြစ်သည့်တိုင် ထိုဓာတ်ပုံထဲမှ အမျိုးသားကို ပထမဆုံး မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ ရင်ထဲ၌ပင် တစ်မျိုးလေး ခံစားလိုက်ရ၏။ အကယ်၍ မိန်းကလေးဖြစ်သော မရီးသာ မြင်လျှင် ထိုလူ့နောက်ကို ရူးရူးမူးမူး ဖြစ်သွားလေမလားဟု သူ တွေးပူမိခြင်း ဖြစ်သည်။
လုံယွဲ့မှာမူ ဘာမှပြန်မပြောဘဲ ဆွံ့အသွားသည်။ သူမသည် တစ်ချိန်က အင်မော်တယ်နယ်မြေ၏ ဧကရီ ဖြစ်ခဲ့သူ ဖြစ်ရာ ချောပေ့ လှပေ့ဆိုသူများစွာကို မြင်ခဲ့ဖူးပေ၏။ အမျိုးသားတစ်ဦး၏ ရုပ်ရည်ကြောင့် သူမသည် မည်သည့်အခါမျှ စိတ်လှုပ်ရှားသွားလိမ့်မည် မဟုတ်ချေ။
' ငါက တချို့လူတွေလို ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်တတ်သူမျိုး မဟုတ်ဘူး.. '
သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။
အချောအလှ ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် လင်းဖန်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာသည်။ ထိုသူမှာ နတ်ဆိုးနယ်မြေရှိ ဆပ်ကျူးဘတ်စ်မျိုးနွယ်စုမှ အမျိုးသားတစ်ဦး ဖြစ်ပြီး မိန်းကလေးတစ်ယောက်ထက်ပင် ပိုမို နုနယ်ကာ အမျိုးသားတစ်ယောက်ထက် ပိုမို ခန့်ညားလှပသူ ဖြစ်သည်။ သူသည် နတ်ဆိုးနယ်မြေ၏ အချောဆုံး အမျိုးသားအဖြစ် အသိအမှတ်ပြုခံထားရပြီး မရေမတွက်နိုင်သော အမျိုးသမီးများ၏ ဝိုင်းဝိုင်းလည် အချစ်ခံရသူ ဖြစ်သလို လင်းဖန်၏ အားကိုးရဆုံးသော နတ်ဆိုးစစ်သူကြီး လေးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။
ဤကမ္ဘာတွင် မည်မျှပင် ချောမောသူရှိစေကာမူ ထိုသူ့ကို ကျော်လွန်နိုင်လိမ့်မည်ဟု လင်းဖန် မယုံကြည်ပေ။
လင်းဖန်နှင့် လုံယွဲ့တို့သည် စူးစမ်းလိုစိတ်ဖြင့် ကျိုးယန့်၏ အနားသို့ တိုးကပ်ကာ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး ကြောင်အသွားကြတော့သည်။
" လင်း... လင်းဖန်... သူက... သူက နင့်ရဲ့... "
လုံယွဲ့၏ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး စကားများပင် ထစ်ကုန်ကာ လင်းဖန်ကို လှည့်ကြည့်လိုက်သည်။ သူမသည် နတ်ဆိုးအရှင်၏ စစ်သူကြီး လေးဦးထဲမှ တစ်ဦးဖြစ်သလို အင်မော်တယ်နတ်ဆိုး တိုက်ကြီး၏ အချောဆုံး အမျိုးသားအဖြစ် ကျော်ကြားသော မေ့ကျီ ကို မြင်ဖူးလေသည်။
' ဒါပေမဲ့ နတ်ဆိုးနယ်မြေရဲ့ စစ်သူကြီး တစ်ဦးဖြစ်တဲ့ မေ့ကျီက ဘာကြောင့် ဒီနေရာကို ရောက်နေရတာလဲ ..'
ထို မေးခွန်းက သူမ၏ ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပေါ်နေသည်။
" သူပဲဟ... "
လင်းဖန်သည် မျက်မှောင်ကြုတ်ကာ ဖုန်းမျက်နှာပြင်ပေါ်မှ အမျိုးသားကို အထပ်ထပ်အခါခါ သေချာ စိစစ်ကြည့်နေမိသည်။ အကယ်၍ သူ၏ စိတ်ထဲတွင် သံသယအနည်းငယ် ရှိနေဦးမည် ဆိုလျှင်ပင် ထိုသူ၏ မျက်လုံးထောင့်ရှိ ဆွဲဆောင်မှုရှိသော မှည့်စက်လေးကို မြင်လိုက်ရသည့်အခါတွင်မူ ဤသူမှာ မေ့ကျီဖြစ်ကြောင်း သူ လုံးဝ အတည်ပြုနိုင်လိုက်လေပြီ ။
' သူ တကယ်ပဲ ကမ္ဘာမြေ ပေါ်ကို ရောက်လာတာပဲ.. ဒီလောက်အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာလည်း မထူးဆန်းတော့ပါဘူး.. သူသာ ဆိုရင်တော့ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ ..'
လင်းဖန် တွေးလိုက်သည်။
" ဘာဖြစ်လို့လဲ လင်းဖန်... မရီး..... မင်းတို့ နှစ်ယောက်လုံးက သူ့ကို သိနေတာလား.. "
လင်းဖန်နှင့် လုံယွဲ့တို့၏ အံ့သြနေသော အမူအရာများကို ကြည့်ကာ ကျိုးယန့်က ဓာတ်ပုံထဲမှ လူကို တစ်လှည့်၊ သူတို့ကို တစ်လှည့် ကြည့်ရင်း မေးလိုက်သည်။
" သိသလိုလိုပါပဲ... "
" မင်းတို့ ဆက်ဆော့နေကြဦး .. ငါ အပြင်ခဏ သွားစရာရှိလို့.. "
လင်းဖန်သည် သူ၏ သော့ကို ကောက်ယူကာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အခန်းထဲမှ အမြန်ဆုံး ထွက်ခွာသွားတော့သည်။ အခြေအနေတွေ ပိုပြီး ရှုပ်ထွေးမသွားခင်မှာ မေ့ကျီကို သူ အမြန်ဆုံး ရှာတွေ့ဖို့ လိုအပ်ပေသည်။
" ဟင်... ဘာတွေ ဒီလောက် အသည်းအသန် ဖြစ်နေတာလဲ.. "
ပိတ်သွားသော တံခါးကို ကြည့်ကာ ကျိုးယန့် နားမလည်နိုင်ဖြစ်သွားပြီး ဘေးနားရှိ လုံယွဲ့ကို လှည့်မေးလိုက်သည်။
" မရီး... လင်းဖန် ဘာသွားလုပ်တာလဲ သိလား.. "
လုံယွဲ့က ဘာမှ ပြန်မဖြေ။ အတိအကျ ပြောရလျှင် ကျိုးယန့် ပြောလိုက်သည်ကို သူမ လုံးဝ မကြားလိုက်ခြင်း ဖြစ်သည်။ သူမ၏ မျက်နှာမှာ စိတ်မသက်မသာ ဖြစ်နေပြီး ရင်ထဲတွင်လည်း သံသယများနှင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
' ဘာလို့လဲ... ဘာလို့ တခြားသူတွေပါ ဒီကမ္ဘာကို ရောက်လာကြတာလဲ.. အရင်ကလည်း မလာဘူး ..နောက်မှလည်း မလာဘဲ ဘာလို့ အခုလို အချိန်မျိုးမှ ကွက်တိ ရောက်လာရတာလဲ.. '
သူမ စိုးရိမ်တကြီး တွေးနေမိ၏။
... ...
မြို့လယ် ရင်ပြင်တစ်ခုတွင်...
မေ့ကျီက မျက်မှောင်ကြုတ်ပြီး ရင်ပြင်အလယ်တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ မိုးမျှော်အဆောက်အဦးများကို လိုက်ကြည့်နေလေသည်။
' သာမန်လူသားတွေ ဖြစ်ပါလျက်နဲ့ ဒီလောက် ခန့်ညားထည်ဝါတဲ့ အဆောက်အဦး အမြင့်ကြီးတွေကို တည်ဆောက်နိုင်တာ ငါ့ရဲ့ တွေးနိုင်စွမ်းထက် ကျော်လွန်နေပါလား...'
နတ်ဘုရားအာရုံကို သုံး၍ ရှာဖွေ၍ မရသဖြင့် မြေပြင်ပေါ်တွင်သာ လိုက်လံ ရှာဖွေနေရသော်လည်း ဤမိုးမျှော်အဆောက်အဦးများမှာ နေရာအနှံ့ ရှိနေသဖြင့် သူ၏ အမြင်အာရုံကို ကာကွယ်ထားသလို ဖြစ်နေကာ သူ၏ ဆုံးဖြတ်ချက်ကို ထိခိုက်စေသည်။
ထို့အပြင် ဤလူသားကျေးရွာကြီးမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ကျယ်ဝန်းလှသည်။
' ဝန်မခံချင်ပေမဲ့ ငါ အခု လမ်းပျောက်နေပြီ ထင်တယ် ..'
မေ့ကျီက စိတ်ပျက်လက်ပျက် တွေးလိုက်မိ၏။
သို့သော် ယခုအချိန်တွင် ပို၍ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသောအရာမှာ သူ၏ နောက်မှ တကောက်ကောက် လိုက်နေကြသည့် လူအုပ်ကြီးပင် ။
လွန်ခဲ့သော အချိန်မှစ၍ သူ၏ နောက်သို့ လိုက်ပါလာသော လူဦးရေမှာ ပိုမို များပြားလာသည်။ အစပိုင်းတွင် အမျိုးသမီး အချို့သာ ဖြစ်သော်လည်း ယခုအခါတွင်မူ ကျား၊ မ၊ အရွယ်မရွေး လူပေါင်းများစွာသည် သူ၏ နောက်မှ လိုက်နေကြ၏။ သူတို့၏ လက်ထဲတွင်လည်း အမည်မသိ အရာဝတ္ထုများကို ကိုင်ထားကြပြီး သူ့ဘက်သို့ ချိန်ကာ ကလစ် ကလစ် အသံများနှင့်အတူ အလင်းတန်းလေးများကိုပါ ထုတ်လွှတ်နေကြပေသည်။
ထိုသည်က တစ်စုံတစ်မျိုးသော မှော်လက်နက်နှင့် တူသော်လည်း မည်သည့် ဝိညာဉ်ချီစွမ်းအင် လှုပ်ခတ်မှုမှ မရှိသလို သူ့ကိုလည်း ထိခိုက်မှု တစ်စုံတစ်ရာ မပေးပေ။
' ဒါဘယ်လို မှော်လက်နက်မျိုးလဲ.. ဘာဝိညာဉ်ချီစွမ်းအင်မှလည်း မရှိသလို ငါ့ကိုလည်း ဘာမှ မထိခိုက်ပါလား... '
သူ နားမလည်နိုင်စွာ တွေးနေမိသည်။
သူသည် သူ၏ တည်နေရာကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ဤလူသားများက သူ၏နောက်သို့ ထပ်ချပ်မကွာ လိုက်နေကြပါသနည်း။
" ဒီလူက တကယ် ချောတာပဲနော်.. "
" သူက ယောင်္ကျားလား မိန်းမလား... ငါတောင် ခွဲမရတော့ဘူး.. "
" ဝတ်ထားတာကလည်း ထူးဆန်းလိုက်တာ .. သမိုင်းနောက်ခံ ကားရိုက်နေတာလား မသိဘူး.. "
" Cosplay တာပဲ နေမှာပါ.. "
" ဒီရက်ပိုင်း Cosplay တဲ့ လူငယ်တွေ တော်တော် များလာတယ်နော်.. "
လူတိုင်းက ဖုန်းကိုယ်စီဖြင့် မေ့ကျီကို ဝိုင်းအုံ ကြည့်ရှုနေကြရင်း တအံ့တသြ ပြောဆိုနေကြသည်။
" မင်းတို့ကို ငါ မေးမယ်... နတ်ဆိုးအရှင်ကို မြင်ဖူးတဲ့သူ ရှိလား.. "
" တကယ်လို့ နတ်ဆိုးအရှင် ဘယ်မှာရှိလဲဆိုတာ ငါ့ကို ပြောပြနိုင်ရင် မင်းတို့ကို ငါ ထိုက်ထိုက်တန်တန် ဆုချမယ်.. "
မေ့ကျီက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထို့နောက် လူတိုင်းက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် မအောင့်နိုင်ဘဲ ဝိုင်းရယ်ကြလေတော့သည်။
"ဟားဟားဟား ..သူ ဘာတွေ ပြောနေတာလဲ.. "
" နတ်ဆိုးအရှင်တဲ့လား.. သူ ဇာတ်ကောင်ထဲမှာ အရမ်း နစ်မျောလွန်းနေပြီ.. "
" သူ စိတ်မမှန်တာများလား.. "
" နှမြောစရာကြီးဟယ် ..ဒီလောက်ချောတဲ့သူကို... "
" ပြီးခဲ့တဲ့ အခေါက်ကလည်း ကိုယ့်ကိုကိုယ် ဧကရီလို့ ပြောနေတဲ့ မိန်းကလေးတစ်ယောက်ကို ငါ တွေ့သေးတယ်.. "
" ... "
' ကြည့်ရတာ ဒီလူသားတွေက အားကိုးလို့ မရဘူးပဲ... '
မေ့ကျိက စိတ်ပျက်စွာ ကောက်ချက်ချလိုက်သည်။
မည်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ မေ့ကျီသည် မျက်မှောင်ကြုတ်လျက် ထိုနေရာမှ ဆက်လက် ထွက်ခွာရန် ပြင်လိုက်၏။
ထိုအခိုက်အတန့်တွင် ယူနီဖောင်းဝတ် ရဲအရာရှိ နှစ်ဦးသည် လူအုပ်ကြားမှ ထွက်ပေါ်လာပြီး သူ၏ ရှေ့တည့်တည့်သို့ လမ်းလျှောက်လာကြသည်။
" နေဦး သူငယ်ချင်းလေး..ဒီနေရာက Cosplay ပွဲလုပ်တဲ့နေရာ မဟုတ်ဘူး.. မင်း ဒီမှာ ရှိနေတာက လူထုရဲ့ လမ်းပန်းဆက်သွယ်ရေးကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်နေတယ်.. မင်းရဲ့ မှတ်ပုံတင်ကို ပြပြီး ငါတို့ရဲ့ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပေးလို့ ရမလား.. "
" မှတ်ပုံတင်.. ငါ့မှာ အဲ့လိုအရာမျိုး မရှိဘူး .."
မေ့ကျီက အေးစက်စွာ ပြန်ဖြေလိုက်သည်။
" မှတ်ပုံတင် မရှိဘူး ဟုတ်လား.. "
ရဲအရာရှိ နှစ်ဦးမှာ ဆွံ့အသွားကြပြီး တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သလို ကြည့်လိုက်ကြသည်။ သူတို့သည် နှစ်ပေါင်းများစွာအတွင်း လူများစွာကို စစ်ဆေးခဲ့ဖူးသော်လည်း အများစုမှာ မှတ်ပုံတင် ပျောက်ဆုံးနေခြင်း သို့မဟုတ် ထုတ်မပြလိုခြင်းသာ ရှိတတ်ကြသည်။ မှတ်ပုံတင် မရှိပါဟု ဗြောင်ကျကျနှင့် ရဲရဲဝံ့ဝံ့ ပြောဆိုသူမျိုးကိုမူ သူတို့ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင် ။
ယခုက ၂၁ ရာစု ရောက်နေပြီ ဖြစ်သော်လည်း နိုင်ငံထဲတွင် မှတ်ပုံတင် မရှိသေးသည့် လူ ရှိနေသေးသည်လော။ ရဲအရာရှိ နှစ်ဦးသည် တိတ်တဆိတ် အချက်ပြလိုက်ကြပြီး သူတို့၏ အကြည့်များမှာ စူးရှလာတော့သည်။
" ခွင့်လွှတ်ပါ .. တကယ်လို့ မင်းမှာ မှတ်ပုံတင် မရှိဘူးဆိုရင်တော့ မင်း မဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုဖို့အတွက် ငါတို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပေးဖို့ တောင်းဆိုရပါလိမ့်မယ် .."
ရဲအရာရှိ နှစ်ဦးသည် ပြောပြီးနောက် မေ့ကျီ၏ လက်ကို ဖမ်းဆွဲရန် ရှေ့သို့ တိုးလာကြသည်။ မေ့ကျီ၏ မျက်ဝန်းများမှာ စူးရှသွားပြီး နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်ကာ အကွာအဝေးတစ်ခု ခြားလိုက်သည်။
" သာမန်လူသားတွေ... မင်းတို့က ငါ့ကို လက်နဲ့ ထိရဲတယ်ပေါ့.. သေချင်နေတာပဲ .."
လူတိုင်း .." ... "
ရဲများ .. " ... "
ဤစကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူအားလုံးနှင့် ရဲများမှာ ဆွံ့အသွားကြသည်။ ဤလူသည် မှတ်ပုံတင် မထုတ်ပေးနိုင်ရုံသာမက ဖမ်းဆီးမှုကို ခုခံပြီး ရဲကိုပါ ခြိမ်းခြောက်နေသေးသည်။
" အသိဉာဏ်မဲ့တဲ့ လူသားတွေ... မင်းတို့ရဲ့ ရှေ့မှာ ဘယ်သူ ရပ်နေလဲဆိုတာ မင်းတို့ မသိကြဘူး.. "
" ငါက ဆပ်ကျူးဘတ်စ် မျိုးနွယ်စုရဲ့ အရှင် .. နတ်ဆိုးနယ်မြေရဲ့ စစ်သူကြီး လေးဦးထဲက တစ်ဦးဖြစ်သလို နတ်ဆိုးအရှင်ရဲ့ အားကိုးရဆုံးသော လက်အောက်ငယ်သားလည်း ဖြစ်တယ်.. "
မေ့ကျီသည် သူ၏ ဝတ်ရုံစကို ခါယမ်းလိုက်ရာ သူ၏ ဝတ်ရုံရှည်မှာ နောက်ဘက်သို့ လွင့်ပျံသွားသည်။ သူသည် လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်ပြီး လက်ချောင်းကြားမှတစ်ဆင့် ရဲများကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
လူတိုင်း .. " ... "
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအုပ်ကြီးက တွေးလိုက်မိကြ၏။
' သေချာပြီ... အတည်ပြုလိုက်ပြီ..ဒါက တကယ့် ပြင်းထန်တဲ့အဆင့် စိတ်ကူးယဉ်ရောဂါ စိတ်ဝေဒနာရှင်ပဲ.. '
ရဲများသည် သူတို့၏ ခါးမှ လက်ထိပ်များကို တိတ်တဆိတ် ထုတ်ယူလိုက်ကြသည်။ မေ့ကျီ၏ မျက်ဝန်းများမှာလည်း စူးရှသွားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
' စီရင်စုအရှင် ရှန့်က နတ်ဆိုးအရှင်ကို မတွေ့ခင်အထိ မလိုအပ်ဘဲ ပြဿနာ မရှာဖို့ မှာထားပေမဲ့... ဒီလူသားတွေက အရင် လာရန်စရင်တော့ ငါ ဖုံးကွယ်မနေတော့ဘူး.. '
သူ ဆုံးဖြတ်လိုက်သည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် ရင်းနှီးလှသော အသံတစ်ခုမှာ မေ့ကျီ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
" မေ့ကျီ .."