← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

Chapter 137

~

အခန်း ၁၃၇ : ကျုပ်တို့ ဇာတ်လမ်းတို ရိုက်နေကြတာ...

~

​" ဟမ်.. "

​ရင်းနှီးလှသော ထိုအသံကို ကြားလိုက်ရသဖြင့် မေ့ကျီက ဝမ်းသာအားရဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ လူအုပ်ကြားမှ ပြေးထွက်လာသော လင်းဖန်ကို တွေ့လိုက်ရသည်။

​" နတ်ဆိုးအရှင်.. တကယ်ပဲ အရှင် ဖြစ်နေတာပဲ.. "

​မေ့ကျီက ရှေ့သို့ အမြန်ပြေးသွားပြီးနောက် လင်းဖန်၏ ရှေ့သို့တွင် လျှောတိုက်၍ ဒူးထောက်လိုက်၏။ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ခေါင်းငုံ့၍ ပြောလိုက်သည်။

​" အရှင့်ကို လက်အောက်ခံ မေ့ကျီက ဂါရဝပြုပါတယ်.. "

​" အရှင့်ကို ကူညီဖို့ နောက်ကျသွားတဲ့အတွက် ဒီငယ်သားမှာ သေဒဏ်ထိုက်တဲ့ အပြစ်ရှိပါတယ်.. အရှင့် စိတ်တိုင်းကျ အပြစ်ပေးတော်မူပါ.. "

​လူတိုင်း ... " ... "

​ရုတ်တရက်ကြီး ဒူးထောက်ချလိုက်ပြီး ထူးဆန်းသော စကားများကို ရေရွတ်နေသည့် မေ့ကျီကို ကြည့်ကာ ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာထက်တွင် မေးခွန်းအမှတ်အသားများ ပေါ်လာကြသည်။

​' သူ ဘာတွေ လုပ်နေတာလဲ.. နတ်ဆိုးအရှင် ဆိုပါလား... အထပ်ထပ် အခါခါ ခေါ်နေလိုက်တာ.. '

​' ကြည့်ရတာ တကယ်ပဲ စိတ်မနှံ့တဲ့သူ ဖြစ်ရမယ်.. '

​' ဒါမှမဟုတ် ဒီနှစ်ယောက်က လူကြားထဲမှာ ဇာတ်လမ်းရိုက်နေကြတာလား ..'

​' ဖြစ်နိုင်တယ်.. နာမည်ကြီးချင်လို့ ဗီဒီယို အတိုလေးတွေ ရိုက်နေတာလည်း ဖြစ်မှာပေါ့ ..'

​ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အံ့သြတုန်လှုပ်နေသော အကြည့်များကို ခံစားလိုက်ရသဖြင့် လင်းဖန်၏ မျက်နှာကြီးမှာ နီရဲသွားသည်။ သူ၏ ခြေချောင်းလေးများမှာ ရှက်လွန်းလှသဖြင့် ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် အခန်းသုံးခန်းပါ တိုက်ခန်းတစ်ခန်းစာလောက်အထိ ကျင်းတူးမိတော့မတတ် ခံစားနေမိ၏။

​အကယ်၍ ဤနေရာသည် အင်မော်တယ်နတ်ဆိုး တိုက်ကြီးသာ ဖြစ်ပါက သူ ဘာမှ ခံစားရမည်မဟုတ်ဘဲ ထုံးစံအတိုင်းပင် လက်ခံလိုက်မည် ဖြစ်သော်လည်း ယခုက ကမ္ဘာမြေပေါ်တွင် မဟုတ်ပါလော။

​လူပေါင်းများစွာ၏ ရှေ့မှောက်တွင် ယခုကဲ့သို့ စကားမျိုး ပြောဆိုခံရပြီး မျောက်တစ်ကောင်လို ဝိုင်းကြည့်ခံနေရခြင်းမှာ အလွန်ပင် ရှက်ဖွယ် ကောင်းလှသည်။

​' နတ်ဆိုးအရှင်မှာလည်း သိက္ခာဆိုတာ ရှိသေးတယ်လေ.. '

လင်းဖန် တွေးလိုက်မိသည်။

​" အဟမ်း... အဟမ်း... ကောင်းပြီ ..ကောင်းပြီ.. ပြောစရာရှိတာ နောက်မှ ပြောကြတာပေါ့ ..အရင် ထလိုက်ဦး .."

​လင်းဖန်သည် သူ၏ အရှက်ရမှုကို ဖုံးကွယ်ရန် ချောင်းနှစ်ချက် ဟမ့်လိုက်ပြီး မေ့ကျီကို အမြန်ထရန် ညွှန်ကြားလိုက်သည်။

​" အဲ့လို ဘယ်ဖြစ်ပါ့မလဲ.. ဒီငယ်သားရဲ့ တာဝန်ပျက်ကွက်မှုကြောင့် အရှင် ဒီမှာ သောင်တင်နေခဲ့ရတာပါ.. အရှင်က ဒီငယ်သားကို အပြစ်မပေးဘူးဆိုရင် ဒီငယ်သားက အရှင့်ရဲ့ မျက်နှာကို ဘယ်လိုကြည့်ဝံ့တော့မှာလဲ .."

​မေ့ကျီက ခေါင်းကို ဆက်လက် ငုံ့ထားဆဲ ဖြစ်သည်။ သူ၏ စကားလုံးများမှာ ခိုင်မာပြတ်သားနေပြီး အပြစ်ပေးခြင်းကို ခံယူပြီးမှသာ ခေါင်းမော့ကာ ထရပ်မည့် ပုံစံမျိုး ဖြစ်နေသည်။

​လင်းဖန်သည် မေ့ကျီ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိသည်။ ဤလူမှာ အလွန် ခေါင်းမာသူ တစ်ဦး ပင်။

​တစ်ခါက အင်မော်တယ်နတ်ဆိုး တိုက်ကြီးတွင် သူ အမှားအယွင်းလေး တစ်ခု ပြုလုပ်ခဲ့ပြီးနောက် လင်းဖန်ထံ လာရောက်ကာ အပြစ်ဝန်ခံခဲ့ဖူးသည်။ လင်းဖန်က ပထမဆုံးအကြိမ် ဖြစ်သလို သေးငယ်သော အမှားလေးသာ ဖြစ်သဖြင့် အရေးမယူရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိုလူမှာ နန်းတော်မဟာရင်ပြင် ပြင်ပတွင် လပေါင်းများစွာတိုင်အောင် မလှုပ်မယှက် ဒူးထောက်နေခဲ့ပြီး တရားမျှတမှု ရှိစေရန်အတွက် အပြစ်ပေးမှုကို မရရအောင် တောင်းဆိုခဲ့ဖူးသည်။

​ယခုလည်း သူသာ တစ်စုံတစ်ရာ အပြစ်မပေးလျှင် ထိုနေရာတွင်ပင် ဆက်လက် ဒူးထောက်နေပေဦးမည်။

​တခြားနည်းလမ်း မရှိတော့သဖြင့် လူအုပ်ကြီး၏ အကြည့်များကြားမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် လင်းဖန်က လေသံကို တိုးကာ ...

​" မင်းရဲ့ လက်ကို ရှေ့ထုတ်လိုက်.. "

​" ဟုတ်ကဲ့.. "

​မေ့ကျီသည် မည်သည့် ဝိညာဉ်စွမ်းအင် အကာအကွယ်မှ မသုံးဘဲ နတ်ဆိုးအရှင်၏ အပြစ်ပေးမှုကို ခံယူရန် အသင့်ပြင်ကာ သူ၏ လက်ဖဝါးကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။

​" ဖြတ်.. "

​လင်းဖန်က မေ့ကျီ၏ လက်ဖဝါးကို ခပ်ဖွဖွလေး တစ်ချက် ရိုက်လိုက်သည်။

​" အ... ဟင်း.. "

​မည်သည့် ဝိညာဉ်စွမ်းအင်မှ မပါဘဲ ပထမဆုံးအကြိမ် အပြစ်ပေးခံရခြင်း ဖြစ်သဖြင့် လက်ဖဝါးမှ ခံစားချက်ကြောင့် မေ့ကျီမှာ မအောင့်နိုင်ဘဲ ခပ်တိုးတိုး ညည်းတွားသံလေး ထွက်သွား၏။

​" ဟေ့ကောင်..ဟေ့ကောင်..အဲ့လို ထူးဆန်းတဲ့ အသံတွေ မလုပ်နဲ့လေ.. "

​လင်းဖန်၏ နဖူးပေါ်တွင် အမည်းရောင် အကြောင်းသုံးကြောင်း ပေါ်လာပြီး အ​မြန်ပြောလိုက်သည်။ သူသည် အားဖြင့်ပင် မရိုက်ခဲ့ချေ။ ထိုလူ၏ ထူးဆန်းသော ညည်းတွားသံကြောင့် ဘေးလူများ အထင်လွဲသွားနိုင်လေသည် ။

​" ဒီငယ်သားရဲ့ အမှားပါ အရှင်.. အရှင့်ရဲ့ အားက အရမ်း နူးညံ့လွန်းနေတော့ ဒီငယ်သားက မတော်တဆ မထိန်းနိုင်ဖြစ်သွားလို့ပါ.. "

​" တော်တော့.. တော်တော့.."

လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

​သူသည် ထူးဆန်းသော ယောင်္ကျားချင်း စိတ်ဝင်စားသူ ဟူသည့် နာမည်ဆိုး အကပ်ခံရမည်ကို လုံးဝ အဖြစ်မခံနိုင်ချေ။

​မေ့ကျီသည် ခုနက အရိုက်ခံလိုက်ရသော လက်ဖဝါးကို ကျန်လက်တစ်ဖက်ဖြင့် အုပ်၍ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ ခန့်ညားသော မျက်နှာလေးမှာ အနည်းငယ် နီရဲနေလေသည်။

​ပတ်ဝန်းကျင်ရှိ လူများမှာ သူတို့နှစ်ဦးကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြပြီး လူငယ်အမျိုးသမီး အားလုံးနီးပါး၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုနှင့် မယုံကြည်နိုင်မှုများ အထိုင်းသား ပေါ်လွင်နေတော့သည်။

​' မဖြစ်နိုင်တာ.. ဒီလောက်ချောတဲ့သူက ဂေးတစ်ယောက် မဖြစ်နိုင်ပါဘူး ..'

​' ဒါမျိုးတော့ မဖြစ်ပါစေနဲ့..ဘုရားအားလုံးကို တောင်းပန်ပါတယ်.. '

​" သူတို့နှစ်ယောက် နမ်းနေတဲ့ ပုံရိပ်တွေ ငါ့ခေါင်းထဲ ရောက်လာပြီ... (နှာခေါင်းသွေးများ ယိုစီးကျလာခြင်း) "

​" ကျေးဇူးပြုပြီး အဲ့လိုမျိုးတွေ မတွေးကြပါနဲ့ဦး .."

​လူအုပ်ကြီး၏ ပြောဆိုသံများကြားမှ ရဲအရာရှိ နှစ်ဦးသည် လင်းဖန်နှင့် မေ့ကျီတို့၏ အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

​" မင်္ဂလာပါ .. မင်း သူ့ကို သိလား .."

​စကားဆုံးသည်နှင့် ရဲအရာရှိတစ်ဦးမှာ လင်းဖန်ကို သေသေချာချာ ကြည့်လိုက်ပြီး ချက်ချင်း မှတ်မိသွားသည်။

​" အော်... မင်းက ဟိုတစ်ခေါက် လမ်းမပေါ်မှာ မင်းရဲ့ ရည်းစားကို ချီလို့ အတိုင်ခံရတဲ့ လူငယ် မလား.. "

​" ဟားဟား..ဟုတ်ပါတယ် ရဲအရာရှိကြီး.. ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော် .."

​" တကယ်ပဲ အားနာပါတယ်ဗျာ.. ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဟာသဗီဒီယို အတိုလေး တစ်ခု ရိုက်နေကြတာပါ.. ဆရာတို့ကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီ.. "

​လင်းဖန်က ခေါင်းကို ကုတ်လျက် ရိုးသားသော အပြုံးမျိုးဖြင့် ပြောလိုက်ရာ ကြည့်ရသည်မှာ အလွန်ပင် အပြစ်ကင်းစင်ပုံရသည်။

​" ဗီဒီယို ရိုက်လို့တော့ ရပါတယ်..ဒါပေမဲ့ ဒီလောက်အထိ ရုတ်ရုတ်သဲသဲတော့ မလုပ်သင့်ဘူးလေ.. လူထု လမ်းပန်းဆက်သွယ်ရေးကို ထိခိုက်နေတယ်.. "

​ရဲအရာရှိက ပိုမိုများပြားလာသော လူအုပ်ကြီးကို လက်ညှိုးထိုးပြကာ စိတ်ပျက်လက်ပျက် ဆုံးမလိုက်သည်။

​" ဟုတ်ကဲ့ .. ဟုတ်ကဲ့.. နောက်တစ်ခါကျရင် သေချာ ဂရုစိုက်ပါ့မယ်ဗျ.. "

​လင်းဖန်က ပြုံး၍ တောင်းပန်လိုက်၏ ။

​ကျန်ရှိသော ရဲအရာရှိတစ်ဦးကမူ မျက်မှောင်ကြုတ်လျက် မေ့ကျီကို အထပ်ထပ်အခါခါ စူးစမ်းကြည့်နေမိသည်။

​" မင်းရဲ့ သူငယ်ချင်းက ဒီဒေသက လူနဲ့တော့ မတူဘူးနော်.. "

​" သူ့ကို မှတ်ပုံတင်လေး ပြခိုင်းလို့ ရမလား .."

​ပြောပြောဆိုဆိုဖြင့် ရဲအရာရှိက မေ့ကျီထံသို့ လက်ကမ်းကာ မှတ်ပုံတင် တောင်းလိုက်သည်။

​" မှတ်ပုံတင်လား... ဟုတ်တာပေါ့.. သေချာပေါက် ရှိတာပေါ့.. "

​လင်းဖန်က ပြုံးပြီး ပြန်ဖြေလိုက်သော်လည်း ဘေးနားရှိ မေ့ကျီမှာမူ ဇဝေဇဝါ ဖြစ်သွားသည်။

​" နတ်ဆိုးအရှင်.. ဒီငယ်သားမှာ အဲ့လိုမျိုး အရာ... အု.. "

​မေ့ကျီ၏ စကားမဆုံးခင်မှာပင် လင်းဖန်က သူ၏ တံတောင်ဖြင့် မေ့ကျီ၏ ခါးကို အားရပါးရ တွတ်လိုက်သဖြင့် မေ့ကျီမှာ ချက်ချင်းပင် စကားစရပ်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

​' အော်... ဒါကမှ နတ်ဆိုးအရှင်ရဲ့ တကယ့် အပြစ်ပေးမှုပဲ... '

မေ့ကျီ တွေးလိုက်မိသည်။

​ရဲအရာရှိ နှစ်ဦးမှာမူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။

​လင်းဖန်က ရဲအရာရှိ နှစ်ဦးကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် နီရဲသော ဝိညာဉ်အလင်းတန်းလေး တစ်ခု လက်ခနဲ ပေါ်လာခဲ့သည်။ ထိုအခါ ရဲအရာရှိ နှစ်ဦး၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် ငေးငိုင်သွားကြတော့သည်။

​" ဆရာတို့ စစ်ဆေးတာ အဆင်ပြေသွားပါပြီ .. ပြန်ပြီး အလုပ်ဆင်းဖို့ ပြင်လို့ရပါပြီ.. "

​သူ၏ စကားအဆုံးတွင် ရဲအရာရှိ နှစ်ဦးမှာ ငေးငိုင်နေရာမှ ပြန်လည် နိုးထလာကြပြီး မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပေါ်လာကြသည်။

​" စစ်ဆေးတာ အဆင်ပြေပါတယ်.. ငါတို့လည်း ပြန်ပြီး အလုပ်ဆင်းဖို့ ပြင်ရတော့မယ်.. "

​ပြောပြောဆိုဆိုဖြင့် ရဲအရာရှိ နှစ်ဦးမှာ ဖော်ဖော်ရွေရွေ လက်ပြနှုတ်ဆက်ကာ လှည့်ထွက်သွားကြတော့သည်။

​" နတ်ဆိုးအရှင်.. ဒီသာမန်လူသား နှစ်ယောက်ကို ဘာလို့ ဒီလောက်အထိ ယဉ်ကျေးနေရတာလဲ.. သူတို့ကို ရှင်းပစ်လိုက်တာက ပိုမကောင်းဘူးလား.. "

​ရဲအရာရှိ နှစ်ဦး ထွက်သွားပြီးနောက် မေ့ကျီက သူ၏ ခါးကို ကိုင်ပြီး မြေပြင်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ၏ မျက်နှာမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။

​လင်းဖန်က သူ့ကို စိတ်ပျက်လက်ပျက်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

​" မေ့ကျီ.. ဒီမှာ လူတွေအများကြီး ဝိုင်းကြည့်နေတာ.. မင်း တစ်ခုခု လုပ်လိုက်တာနဲ့ အားလုံးက သတိထားမိကုန်လိမ့်မယ်.. မင်းက ဒီမှာရှိတဲ့ လူအားလုံးကို ရှင်းပစ်ချင်လို့လား .."

​" ရှင်းလိုက်ရုံပေါ့.. အရှင်သာ အမိန့်ပေးမယ်ဆိုရင် ဒီငယ်သားက အားလုံးကို မြူတစ်မှုန်မကျန် ရှင်းလင်းပေးပါ့မယ်.. ဘယ်သူ့ကိုမှ အသက်ရှင်လျက် ချန်ထားမှာ မဟုတ်ဘူး .."

​မေ့ကျီက လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ဂုဏ်ယူစွာဖြင့် အမိန့်တော်ကို ခံယူရန် အသင့်ပြင်လိုက်သည်။

​ဤအခိုက်အတန့်တွင် သူသည် ဤနေရာသို့ မလာခင်က စီရင်စုအရှင် ရှန့် မှာကြားလိုက်သည့် အချက်များကို အကုန်လုံး မေ့လျော့သွားပုံရသည်။

​လင်းဖန် ... " ... "

​လင်းဖန်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားသည်။ သူ အချိန်မီ ရောက်လာခဲ့ခြင်းမှာ တကယ်ပင် ကံကောင်းလှသည်။ မဟုတ်လျှင် မနက်ဖြန် သတင်းစာများတွင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် အကြမ်းဖက် တိုက်ခိုက်မှုကြီးတစ်ခု ပါလာပေလိမ့်မည်။

​" မေ့ကျီ.. မင်းလည်း သတိထားမိမှာပါ.. ဒီကမ္ဘာမှာ ဝိညာဉ်ချီစွမ်းအင်လုံးဝ မရှိဘူး..ငါတို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဝိညာဉ်ချီစွမ်းအင်တွေက အရမ်း တန်ဖိုးရှိတယ်.. မဖြစ်မနေ လိုအပ်တဲ့ အခြေအနေမျိုးကလွဲရင် အလဟဿ မဖြုန်းတီးသင့်ဘူး .."

​" ဪ... ဒါကြောင့်ကိုး.. "

​မေ့ကျီမှာ ရုတ်တရက် သဘောပေါက်သွားပြီး သူ၏ မျက်နှာတွင် လေးစားကြည်ညိုမှုများ အထိုင်းသား ပေါ်လာသည်။

​" အရှင်က တကယ်ကို အမြော်အမြင် ကြီးမားပြီး ပါးနပ်လွန်းလှပါတယ်.. ဒီငယ်သားရဲ့ ပေါ့ဆမှုကြောင့် အရှင့်ရဲ့ အစီအစဉ်တွေကို ပျက်စီးစေတော့မလို့ပါ..အရှင် စိတ်တိုင်းကျ အပြစ်ပေးတော်မူပါ.. "

​လင်းဖန်မှာ တခြားနည်းလမ်း မရှိတော့သဖြင့် သူ့ကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်ကာ လမ်းပြခေါ်ဆောင်သွားတော့သည်။ မေ့ကျီကလည်း အမြန်ပင် နောက်မှ လိုက်ပါလာသည်။

​" အရှင်... ဘယ်သွားမလို့လဲ.. "

​" မင်းအတွက် မှတ်ပုံတင်တစ်ခု လုပ်ပေးပြီး အဝတ်အစားတွေလဲ ဝယ်ပေးရမယ်.. မင်းရဲ့ အခုဝတ်စုံက လူတွေ အာရုံစိုက်လွန်းတယ်.. "

​လင်းဖန်က နောက်သို့ပင် လှည့်မကြည့်ဘဲ ပြောလိုက်သည်။

​ရှေ့လျှောက် ရက်များသည်တော့ တော်တော်လေးကို ပြဿနာ တက်တော့မည်ဟု သူ ခံစားနေမိ၏။

Chapter 138

~

အခန်း ၁၃၈ : မရဘူး ..ဒီငယ်သားကတော့ စိတ်ထဲထားတယ်...

~

​" အရှင်... ဒီငယ်သားအတွက် အခုလို အဝတ်အစားတွေ အများကြီး ဝယ်ပေးတာ တကယ်ပဲ အဆင်ပြေရဲ့လား .."

​အပြန်လမ်းတွင် မေ့ကျိသည် သူအသစ်လဲလှယ်ဝတ်ဆင်ထားသော အဝတ်အစားများကို ငုံ့ကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့်အတူ အားနာစိတ်များဖြင့် ပြောလိုက်သည်။

​နတ်ဆိုးအရှင်၏ အားကိုးရသော လက်အောက်ငယ်သားတစ်ဦးအနေဖြင့် သူသည် အရှင်၏ သောကများကို ကူညီဖြေရှင်းပေးရမည့်အစား ယခုမူ အရှင်ကသာ သူ့အတွက် ခြေလှမ်းတိုင်း စိုးရိမ်ပူပန်ပေးနေရပြီး အဝတ်အစားသစ်များ ဝယ်ပေးရန်အတွက် ငွေကြေးပါ အကုန်အကျခံနေရသည်။

​' အရှင်မင်းမြတ်က တကယ်ကို နူးညံ့သိမ်မွေ့လွန်းတာပဲ.. '

မေ့ကျီ တွေးလိုက်မိသည်။

​" ရပါတယ် ..ဒါတွေက သာမန်အဝတ်အစားတွေပဲဟာ.. အများကြီးလည်း မပေးရပါဘူး .."

​လင်းဖန်က အရေးမစိုက်သလို ပြောလိုက်သည်။ သို့သော် ထိုစကားကို ကြားလိုက်ရသည့်အခါ မေ့ကျီမှာ ထူးထူးခြားခြားပင် တုံ့ပြန်မှု ပြင်းထန်လာခဲ့သည်။

​" အရှင်.. ဒါက ငွေကြေးကိစ္စတင် မဟုတ်ပါဘူး.. မူဝါဒပိုင်းဆိုင်ရာ ကိစ္စပါ.. "

​" ဒီငယ်သားက အရှင့်ကို ဒုက္ခပေးရုံတင်မကဘဲ အခုလို ငွေပါ ကုန်ကျအောင် လုပ်မိတာကို ဘယ်လိုများ ခွင့်လွှတ်နိုင်ပါ့မလဲ.. "

​" ဒီလို အပြစ်မျိုးက သေဒဏ်နဲ့ အစားထိုးရင်တောင် မလုံလောက်ပါဘူး.. ကျေးဇူးပြုပြီး ဒီငယ်သားကို ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူပါ .. "

​လင်းဖန် ... " ... "

​" သေဒဏ်နဲ့ အစားထိုးတာမျိုးကို အလွယ် ထုတ်မပြောစမ်းနဲ့ဟ.. "

​လင်းဖန်က အနည်းငယ် မျက်မှောက်ကြုတ်လိုက်​၏။ နောက်ဆုံးတွင် သူ မထိန်းနိုင်တော့ဘဲ နောက်သို့ လှည့်ကာ လက်သီးဆုပ်၍ မေ့ကျီ၏ ဝမ်းဗိုက်ဆီသို့ အားဖြင့် တစ်ချက် ထိုးလိုက်တော့သည်။

​" အု... "

​မေ့ကျီသည် ဗိုက်ကိုကိုင်လျက် ရှေ့သို့ မှောက်ခုံ လဲကျသွားသော်လည်း ကျေးဇူးတင်စကား ပြောရန်မူ မမေ့ချေ။

​" အပြစ်ပေးတဲ့အတွက်... ကျေးဇူးတင်ပါတယ်... အရှင်.. "

​ထိုလက်သီးတစ်ချက်ကြောင့် သူ၏ ရင်ထဲမှ အားနာစိတ်များမှာ ချက်ချင်းပင် သက်သာသွားသလို ခံစားလိုက်ရသည်။

​" အရှင် .. အရှင် ဒီငယ်သားအတွက် ဝယ်ပေးထားတဲ့ ဒီအဝတ်အစားတွေကို အမြဲ တန်ဖိုးထားနေမှာပါ..နောက်ကျရင် အိမ်မှာ အမှတ်တရ ချိတ်ထားပြီး ဒိငယ်သားအပေါ် အရှင် ဒီနေ့ပြသခဲ့တဲ့ နူးညံ့သိမ်မွေ့မှုကို အမြဲ ဂုဏ်ပြုနေပါ့မယ်.. "

​ပြန်လည် ထရပ်နိုင်သည်နှင့် မေ့ကျီသည် သူ၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ယုယစွာ ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

​ဤအရာများမှာ နတ်ဆိုးအရှင် ကိုယ်တိုင် ဝယ်ပေးထားခြင်း ဖြစ်သည်။ ဤလောကတွင် မည်သူက ဤမျှ တန်ဖိုးကြီးလှသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်နိုင်ပါဦးမည်နည်း။

​' ဒါက ငါ့အပေါ် အရှင်မင်းမြတ်ရဲ့ ယုံကြည်မှုနဲ့ မျက်နှာသာပေးမှုကို ပြတာပဲ မလား.. '

သူ တွေးလိုက်မိသည်။

​" အဲ့ဒီလောက်အထိတော့ မလိုပါဘူး... "

​" ဒီအဝတ်အစားတွေက မင်း ယာယီဝတ်ဖို့ပဲ.. နောက်ကျရင် မင်းကြိုက်တဲ့ အဝတ်အစားမျိုးနဲ့ အချိန်မရွေး လဲလို့ရတယ်.. "

​မေ့ကျီက ထိုအဝတ်အစားများကို သိမ်းဆည်းကာ ချိတ်ထားမည်ဟု ပြောလိုက်သဖြင့် လင်းဖန် ကြက်သီးထလာပြီး အမြန် တားမြစ်လိုက်ရသည်။

​ဤသည်မှာ ယွမ်အနည်းငယ်သာ ပေးရသည့် သာမန်အဝတ်အစားများ ဖြစ်ကြပြီး တန်ဖိုးကြီးလှသည့် ဝတ်စုံများ မဟုတ်ကြချေ။ အကယ်၍ သူ၏ လက်အောက်ငယ်သားက ထိုအဝတ်အစားများကို ပြခန်းသဖွယ် ချိတ်ဆွဲထားမည်ဆိုလျှင် နတ်ဆိုးအရှင်ဖြစ်သော သူ့အတွက် လူပုံအလယ်တွင် အရှက်ခွဲခံရသလို ခံစားရပေလိမ့်မည်။

​" အဲ့လို ဘယ်ဖြစ်ပါ့မလဲ.. "

​မေ့ကျီက ပြတ်ပြတ်သားသား ပြန်လည် ငြင်းခုံလိုက်သည်။ သူ၏ လက်ဖဝါးကို ရင်ဘတ်ပေါ်တွင် ဖိကပ်ထားပြီး မျက်နှာပေါ်တွင်လည်း ဂုဏ်ယူမှုနှင့် ကျေးဇူးတင်မှုများ အထင်းသား ပေါ်လွင်နေသည်။

​" ဒါတွေက အရှင်ကိုယ်တိုင် ဒီငယ်သားကို ပေးထားတဲ့ အရာတွေပါ.. ဒါတွေက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ.. မရှိရှိ... ဒီငယ်သားရဲ့ ရင်ထဲမှာတော့ ဒီကမ္ဘာပေါ်က ဘယ်အဝတ်အစားနဲ့မှ လဲလို့မရပါဘူး ..."

​" ... "

​" ကောင်းပြီ ..မင်းကြိုက်သလိုသာ လုပ်တော့.. "

​လင်းဖန်က ဆက်လက် ငြင်းခုံရန် ပျင်းရိသွားသဖြင့် လက်လျှော့ကာ သူအလိုရှိသလိုသာ ပြော ခွင့်ပြုလိုက်တော့သည်။

​" မှတ်ထား... ဒီကမ္ဘာမှာ အင်မော်တယ်တွေ.. နတ်ဆိုးတွေ..မိစ္ဆာတွေ မရှိဘူး..သာမန်လူသားတွေပဲ ရှိတယ်.. ဒီကမ္ဘာက လူသားတွေအတွက် ငါတို့က ပြင်ပက လာတဲ့သူတွေပဲ.. "

​" ဒီမှာဆိုရင် ငါတို့ရဲ့ အထောက်အထားတွေကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရမယ် ..အင်မော်တယ်နတ်ဆိုးတိုက်ကြီးအကြောင်းကိုလည်း အလွယ်တကူ မပြောရဘူး.. ငါတို့ရဲ့ အစစ်အမှန် တည်ရှိမှုကိုလည်း လူတွေ သိအောင် မလုပ်ရဘူး ..နားလည်လား.. "

​" အရှင်...ဒီငယ်သားနားမလည်တာက ဘာလို့ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ဖုံးကွယ်ထားရမှာလဲ.. "

​" သူတို့က သာမန်လူသားတွေပဲ ဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး .."

​" ငါတို့ရဲ့ တည်ရှိမှု ပေါ်သွားရင် မလိုအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်.. ဒီကမ္ဘာမှာ လူသားတွေတင် ရှိနေတာ မဟုတ်ဘဲ တခြားအရာတွေလည်း ရှိနေနိုင်တယ်... "

​လင်းဖန်သည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အနည်းငယ် စူးရှသွားသည်။ မေ့ကျီမှာလည်း တစ်စုံတစ်ရာကို ရိပ်မိသွားပုံရပြီး သူ၏ မျက်နှာအမူအရာမှာလည်း ပိုမို လေးနက်လာခဲ့သည်။

​" အရှင်မင်းမြတ်... အရှင် ဆိုလိုတာက... ကောင်းကင်တာအို လား ..."

​" ဒီကမ္ဘာမှာ ဝိညာဉ်ချီစွမ်းအင် မရှိတာတောင် ကောင်းကင်တာအိုက တကယ်ပဲ ရှိနေတာလား.. "

​" ဘယ်သူသိမှာလဲ... ဘာပဲဖြစ်ဖြစ် ငါပြောသလိုသာ လုပ်ပါ.. "

​လင်းဖန်၏ နှုတ်ခမ်းထောင့်များတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။ သူ ထပ်မံ ရှင်းမပြတော့ဘဲ အလေးအနက်သာ ထပ်မံ မှာကြားလိုက်သည်။

​" မှန်လှပါ အရှင်.. "

​မေ့ကျီက ခါးကို အနည်းငယ် ညွှတ်ကာ လေးနက်စွာ ပြန်ဖြေလိုက်သည်။ အရှင် ဘာကို စိုးရိမ်နေသည်ကို သူ မသိသော်လည်း အရှင့်တွင် ကိုယ်ပိုင် အကြံညဏ်နှင့် အစီအစဉ်များ ရှိမည်ဟု သူ ယူဆလိုက်သည်။

​' ငါလို လူက အရှင့်ရဲ့ ဉာဏ်ပညာကို ဘယ်လိုလုပ်ပြီး အမီလိုက်နိုင်မှာလဲ.. '

သူ တွေးလိုက်မိသည်။

​" အရှင်... "

​မေ့ကျီက စကားစလိုက်သည်နှင့် လင်းဖန်သည် ချက်ချင်း ရပ်လိုက်ပြီး စိတ်တိုတိုဖြင့် နောက်သို့ လှည့်ကာ သူ့ကို လက်ညှိုးထောင်ပြလိုက်သည်။

​" ပထမဆုံး အချက်..ဒီမှာ ငါ့ကို အရှင်လို့ ခေါ်တာကို ခွင့်မပြုဘူး.. အနည်းဆုံးတော့ သူစိမ်းတွေ ရှေ့မှာ လုံးဝ မခေါ်ရဘူး.. "

​သူသည် တိတ်တဆိတ် နေရာမျိုးတွင် အရှင် ဟု အခေါ်ခံရသည်ကို အသားကျနေပြီ ဖြစ်သဖြင့် အရေးမကြီးသော်လည်း သူစိမ်းများ သို့မဟုတ် သူငယ်ချင်းများ ရှေ့တွင် ထိုသို့ အခေါ်ခံရခြင်းမှာ အလွန်ပင် အရှက်ရဖွယ် ကောင်းလှသည်။

​ဘေးလူများ၏ အကြည့်တွင် သူတို့သည် စိတ်ကူးယဉ် ကမ္ဘာထဲမှာ နစ်မွန်းနေသည့် လူငယ်များ ကဲ့သို့ မြင်ကြပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးအရှင် ဟူသော ဘွဲ့အမည်မှာ လူသားများ၏ အာရုံကို ဖမ်းစားလွန်းလှသည်။

​" ဒါပေမဲ့ အရှင်က အရှင်ပဲလေ.. "

​" တကယ်လို့ဒီငယ်သားက အရှင်လို့ မခေါ်ရင် တခြား ဘယ်လို ခေါ်ရမှာလဲ.. "

​မေ့ကျီမှာ ဤစကားကို ကြားလိုက်ရသဖြင့် အခက်တွေ့သွားဟန် ရှိသည်။

​ နတ်ဆိုးအရှင် ဟူသော အမည်မှာ နတ်ဆိုးနယ်မြေ၏ အမြင့်မြတ်ဆုံးသော ဂုဏ်ဒြပ် ဖြစ်ပြီး နတ်ဆိုးနယ်မြေ၏ အထွဋ်အထိပ် အုပ်ချုပ်သူအတွက်သာ ခေါ်ဝေါ်သော ဘွဲ့အမည် ဖြစ်သည်။ အရှင် ဟူသော အခေါ်အဝေါ်မှလွဲ၍ အရှင်ကို ခေါ်ဝေါ်ရန် တခြားအမည်ကို သူ မစဥ်းစားနိုင်ပေ။

​" ဒီကမ္ဘာမှာ ငါ့နာမည်က လင်းဖန်.. မင်းလည်း တခြားသူတွေလိုပဲ ငါ့ကို လင်းဖန်လို့ ခေါ်နိုင်တယ်.. "

​လင်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

​" အဲ့လို ဘယ်ဖြစ်ပါ့မလဲ.. "

​" ဒီငယ်သားက အရှင်ရဲ့ နာမည်ရင်းကို ဘယ်လိုလုပ်ပြီး တိုက်ရိုက် ခေါ်ဝံ့မှာလဲ.. "

​မေ့ကျီက ကန့်ကွက်သည့်အနေဖြင့် အော်ဟစ်လိုက်သည်။ သူ၏ အမြင်တွင် အရှင်၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုခြင်းမှာ မရိုမသေ ပြုလုပ်ခြင်း ဖြစ်သည်။ သူသာမက နတ်ဆိုးနယ်မြေရှိ မည်သူကမျှ ထိုကဲ့သို့သော လုပ်ရပ်မျိုးကို ခွင့်ပြုကြမည် မဟုတ်ချေ။

​" ဒါက အထူးအခြေအနေမို့လို့ ရပါတယ်.. ငါလည်း စိတ်ထဲ မထားပါဘူး... "

​" မရဘူး..ဒီငယ်သားကတော့ စိတ်ထဲ ထားတယ်.. "

​" ဒီငယ်သားကတော့ အရှင့်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ စိတ်မတင်းနိုင်ပါဘူး .."

​လင်းဖန် ..." ... "

​' သွားပြီ... ဒီခေါင်းမာတဲ့ ကောင်ကတော့ စပြန်ပြီ... '

လင်းဖန် တွေးလိုက်မိသည်။

​ပြတ်သားလှသော မေ့ကျီကို ကြည့်ကာ လင်းဖန်မှာ စိတ်ပျက်မိသလို တခြားနည်းလမ်းလည်း မရှိတော့ချေ။ သူ၏ သစ္စာရှိမှုနှင့် နတ်ဆိုးနယ်မြေ၏ စည်းမျဉ်းများကို လိုက်နာမှုမှာ ကောင်းမွန်သော်လည်း အခြေအနေအရ အနည်းငယ်တော့ ပြောင်းလွယ်ပြင်လွယ် ရှိသင့်သည် မဟုတ်ပါလော။

​" ကောင်းပြီလေ.. အရှင်လို့ ခေါ်တာက လွဲလို့ မင်း ကြိုက်သလို ခေါ်နိုင်တယ်.. "

​လင်းဖန်က သက်ပြင်းချလျက် အလျှော့ပေးလိုက်သည်။ မေ့ကျီက မျက်မှောင်ကြုတ်ကာ မေးစေ့ကို လက်ဖြင့် ပွတ်ရင်း အလေးအနက် စဉ်းစားနေတော့သည်။

​" နတ်ဆိုးအရှင်ဘုရင်ကြီး လား.. "

​" မဟုတ်ဘူး .."

​" နတ်ဆိုးအရှင်နတ်ဘုရားကြီး လား.. "

​" ပယ်ချတယ်.. "

​" နတ်ဆိုး... ဖြန်း ..."

​" မင်းခေါင်းက နတ်ဆိုးတွေနဲ့ပဲ ပြည့်နေတာလား.."

​ယခုတစ်ကြိမ်တွင် မေ့ကျီ၏ စကားမဆုံးခင်မှာပင် လင်းဖန်က စိတ်မထိန်းနိုင်တော့ဘဲ မေ့ကျီ၏ ခန့်ညားသော မျက်နှာကို လက်သီးဖြင့် လှမ်းထိုးလိုက်ပြန်သည်။ မေ့ကျီသည် လေထဲတွင် ၃၆၀ ဒီဂရီ လည်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ မျက်နှာဖြင့် ကပ်လျက် ကျသွားတော့သည်။

​လင်းဖန်က စိတ်တိုတိုဖြင့် သူ၏ လက်သီးကို ပြန်ရုပ်လိုက်သည်။ နတ်ဆိုးအရှင်ဟု မခေါ်ရန် ပြောထားသော်လည်း နတ်ဆိုးတောထဲက မထွက်ချေ။ ထိုအမည်များသည် နတ်ဆိုးအရှင်နှင့် ဘာများ ကွာခြားနေပါသနည်း။ ဒေါသထွက်စရာ ကောင်းလွန်းလှ၏။

​မေ့ကျီသည် မျက်နှာကို ကိုင်ကာ မြေပြင်ပေါ်တွင် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် လဲလျောင်းနေလေသည်။

​' ဒါပေမဲ့ အရှင်ပဲ... နတ်ဆိုးအရှင် ကလွဲလို့ တခြား ကြိုက်တာ ခေါ်လို့ရတယ်လို့ ပြောခဲ့တာလေ... '

သူ့ စိတ်ထဲတွင် တွေးနေမိသည်။

​" အဲ့ဒါဆိုရင်... သခင်လေး လား.. "

​မေ့ကျီက ပြန် ထရပ်လိုက်ပြီး သေချာ စဉ်းစားကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

​" အင်း... အဲ့ဒါဆိုရင်တော့ ရပါတယ်.. "

​လင်းဖန်က စဉ်းစားကြည့်ပြီးနောက် အနည်းငယ် ကျေနပ်သွားကာ ခေါင်းညိတ် လိုက်လျောလိုက်သည်။

​ သခင်လေး ဟူသော အခေါ်အဝေါ်မှာ ဤခေတ်ကာလနှင့် အနည်းငယ် ကွဲလွဲနေဦးမည် ဖြစ်သော်လည်း နတ်ဆိုးအရှင်၊ နတ်ဆိုးဘုရင် သို့မဟုတ် နတ်ဆိုးနတ်ဘုရား ဟူသော အခေါ်အဝေါ်များထက်စာလျှင် တော်ပေသေးသည်။

​" ဪ... ဒါနဲ့ .. ခုနက မင်း ငါ့ကို ခေါ်လိုက်တာ ဘာပြောမလို့လဲ.. "

​တိုက်ခန်းအတွင်းသို့ ဝင်လာပြီးနောက် လင်းဖန်က လှေကားပေါ်သို့ တက်လှမ်းရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​" အရှင်... မဟုတ်ဘူး... သခင်လေး..ဒီငယ်သား သိချင်တာက ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ.. "

​မေ့ကျီက ကျဉ်းမြောင်းလှသော လှေကားကို ဇဝေဇဝါဖြင့် ကြည့်ရင်း မေးလိုက်သည်။

​" ငါ့အိမ်ကို ပြန်ခေါ်သွားမလို့... "

လင်းဖန်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။

​စကားပြောနေကြစဉ်မှာပင် သူသည် တိုက်ခန်းတံခါးဝသို့ ရောက်ရှိသွားပြီး သော့ကို ထုတ်ကာ တံခါးပေါက်ထဲသို့ ထည့်လိုက်သည်။

​' အရှင်ရဲ့ အိမ် ဟုတ်လား ..'

​မေ့ကျီသည် လင်းဖန်၏ နောက်တွင် ရပ်နေရင်း ပွင့်တော့မည့် တံခါးကို စူးစမ်းစွာ ကြည့်နေမိ၏။

​တစ်နည်းအားဖြင့် ပြောရလျှင် ဤတံခါး၏ နောက်ကွယ် ဤကမ္ဘာတွင် အသစ်တည်ဆောက်ထားသော နတ်ဆိုးအရှင်၏ နန်းတော် ပင် ဖြစ်ချေလိမ့်မည်။

All Chapters