← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း(၃၅၇) ကျုပ် စီနီယာအစ်ကိုချောင်ကို စိန်ခေါ်ချင်တယ်

“ကျွန်တော် စီနီယာကို ဂါဝရပြုပါတယ်”

“တပည့် ဆရာ့ကို ဂါဝရပြုပါတယ်”

ခြံဝင်းငယ်လေးတွင်

ရှီမန်ယဲ့နှင့် ချင်ယွမ်တို့ ရင်းနှီးနေသည့် သူနှစ်ဦးကို မြင်လိုက်ရသည်။ ထိုအခါ သူတို့ ကျောက်တုံးခုံပေါ်မှ စိတ်လှုပ်ရှားစွာ ထလာသည်။ ၎င်းမှာ သူတို့ ဝမ်တောက်ကျောင်းတော်မှ တပည့်များ ပြဿနာ ရှာထား၍ မဟုတ်ပေ။ သူတို့ဆရာကို နောက်ဆုံး၌ မြင်လိုက်ရ၍ပေ။

“ထတော့”

ရှောင်ချန်းနှင့် ယဲ့ပေရွှမ်တို့ ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့တပည့်များကို တစ်ချက်ကြည့်လိုက်ပြီး ပြင်ပရေးရာဌာနမှ သောင်းပြောင်းပညာရပ်ဌာနသို့ ဦးဆောင် ခေါ်သွားသည်။

ရှီမန်ယဲ့နှင့် ယှဉ်လျှင် ချင်ယွမ်၏ မျက်နှာသည် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ ယဲ့ပေရွှမ် ထိုကောင်လေးကို ကြည့်ပြီး ရယ်မောလိုက်သည်။ “ကောင်လေး မင်းအချိန်မှန် ရောက်လာတာပဲ”

ချင်ယွမ် တောက်ပစွာ ပြုံးလိုက်သည်။

“ဆရာ ပြောတာမှန်တယ်။ ဒီတပည့်က ဆရာဦးလေးတွေကို မျက်မြင်တွေ့ချင်နေတာပါ။ ကျွန်တော် သူတို့ကို နောက်ဆုံးတွေ့ခဲ့ရတာ ဓားထိန်းမြို့တော်မှာလေ။ ဆယ်နှစ်တောင် ကျော်ခဲ့ပြီ”

“မဟုတ်ဘူး”

ယဲ့ပေရွှမ် စကားစ ဖြတ်လိုက်သည်။ “မဟုတ်ဘူး။ မင်းက ထမင်းစားချိန်ကြီး ရောက်လာတာ။ သောက်ရင် နည်းနည်းပဲသောက်။ ငါ့ကို အရှက်မခွဲနဲ့”

“တပည့် နာခံပါမယ်”

ချင်ယွမ် ပြန်ဖြေလိုက်သည်။ သူ ခုခံပြောလိုက်ချင်သည်။ ဓားထိန်းမြို့တော်တွင် သူသည် ခွက်တစ်ထောင် သောက်ရင်တောင် မလဲကျသူပင်။ သို့ဖြစ်၍ အရှက်ကွဲစရာ မဖြစ်နိုင်ချေ။

သို့သော် ယဲ့ပေရွှမ် သူကို နားလည်ပါ၏။ အတိတ်ဘဝတွင် ယဲ့ပေရွှမ်သည် အရက်အိုးထဲ နှစ်နေသူပေ။ မဟုတ်လျှင် အပျက်အစီးရှေးဟောင်းမြို့တော်မှ သော့ကို ယဲ့ပေရွှမ် ရလာမည် မဟုတ်ချေ။

“အပြင်က သာမန်ဝိုင်တွေကို မင်းဆရာဘိုးဘိုး ဝိုင်တွေနဲ့ မယှဉ်နဲ့လေ”

ချင်ယွမ် “...”

‘ဆရာက ဘာလို့ ငါထက် ငါ့အကြောင်းပိုသလိုမျိုး ခံစားနေရတာလဲ’

သူတို့ စကားပြောရင်း မြောင်တောင်ပေါ်သို့ ရောက်လာသည်။

ထိုအခိုက် ရှောင်ချန်း ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ငါကိုယ်တိုင် မင်းကို စစ်ဆေးမယ်။ တကယ်လို့‌ အောင်မြင်ရင် ငါ့တပည့်ဖြစ်မယ်။ မအောင်ရင်တော့ ဓားပညာဌာနကို သွားလိုက်”

“ဟုတ်ကဲ့”

ရှီမန်ယဲ့ မသင့်တော်သလို မခံစားရပေ။ သူ ရှောင်ချန်းနောက်သို့ တိတ်တဆိတ်သာ လိုက်သွားသည်။

သိပ်မကြာခင် သူတို့လေးဦး အဓိကခန်းမသို့ ရောက်လာသည်။

ရှောင်ချန်းနှင့် ယဲ့ပေရွှမ် အထဲသို့ ဝင်ပြီး ချူဖုန်းကို ဦးညွှတ်လိုက်သည်။

“ဆရာ ကျွန်တော်တို့ တပည့်တွေကို ပြန်ခေါ်လာပါတယ်”

ချူဖုန်း ဝိုင်ခွက်ကို ကိုင်ရင်း ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့တွင် ကံကြမ္မာအချို့ ပိုင်ဆိုင်ထားသော်လည်း ဝမ်တောက်ကျောင်းတော်တွင် သာမန်အဆင့်သာ ဖြစ်နိုင်သည်။

သူ့အကြည့်ကို ခံစားမိရှိ၍ ရှီမန်ယဲ့နှင့် ချင်ယွမ်တို့ ဒူးထောက်လိုက်သည်။

“တပည့် ရှီမန်ယဲ့”

“တပည့်ချင်ယွမ်”

“ဆရာဘိုးဘိုးကို ဂါဝရပြုပါတယ်”

“ထ”

ချူဖုန်း ခပ်ဖွဖွ ပြုံးလိုက်သည်။ “ထိုင်လို့ရပြီ”

“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”

နှစ်ယောက်သား အဆုံးနား၌ သွားထိုင်လိုက်၏။

ပွဲက ဆက်ကျင်းပသည်။

ချူဖုန်းသည် သောက်နေပြီး ကြီးကြပ်သူပိုင်နှင့် ထွေရာလေးပါး ပြောနေ၏။ ပတ်ဝန်းကျင်လေထုသည် နွေးထွေးလိုက်ဖက်ညီနေ၏။

ထောင့်စွန်းတွင် ချင်ယွမ်သည် ဝိုင်အချို့သောက်ပြီးနောက် စားပွဲအောက် တွားသွားဝင်ကာ အိပ်ပျော်သွားသည်။ ထိုသည်ကို မြင်သော် ယဲ့ပေရွှမ် မျက်လုံးများ တုန်ယင်သွား၏။

‘အဲဒီကောင်လေးကတော့ တကယ့်ကို အမြင်ကပ်စရာပဲ’

စားသောက်ပွဲ ပြီးဆုံးပြီးနောက် ယဲ့ပေရွှမ် သူ့တပည့်ကို အကူအညီမဲ့စွာ သူ့ကိုယ်ပိုင်ခြံဝင်းလေးသို့ ဆွဲခေါ်သွားသည်။

ညက ထူးခြားသည့် အဖြစ်အပျက် မရှိဘဲ ကုန်ဆုံးသွား၏။

နောက်တစ်နေ့မနက်တွင်

အမြဲလိုလို မနက်အစောထပြီး လေ့ကျင့်တတ်သည့် ရှီမန်ယဲ့သည် ယနေ့တွင် သူလေ့ကျင့်ရမည့်နေရာကို မသိဖြစ်နေ၏။

သူ စဉ်းစားနေတုန်း အနောက်မှ ရင်းနှီးနေသည့် အသံတစ်သံ ထွက်လာသည်။

“ငါ့နောက်လိုက်ခဲ့”

ရှီမန်ယဲ့ လှည့်ကြည့်လိုက်သော် ရှောင်ချန်းကို မြင်လိုက်ရ၏။ သူ လေးစားစွာ ပြန်ဖြေသည်။

“ဟုတ်ကဲ့ပါ စီနီယာ”

ရှောင်ချန်း သူ ပုံမှန်ကျင့်ကြံသည့်နေရာသို့ ဦးဆောင်ခေါ်သွားသည်။ လမ်းတစ်လျှောက်တွင် ရှီမန်ယဲ့သည် သိုင်းလေ့ကျင့်နေကြသော သူ့ ဆရာတူ ဦးလေးနှင့် အဒေါ်များကို မြင်ခဲ့ရသည်။

မြင်မြင်သမျှ အရာအားလုံးသည် ထိတ်လန့်စရာပင်။

ဆရာဦးလေး ဒေါ်လေးတိုင်းသည် ထိတ်လန့်စရာ အရည်အချင်းများကို ပိုင်ဆိုင်ထားပြီး အကြည့်တစ်ချက်ဖြင့်ပင် သူ့တာအိုနှလုံးသားကို တုန်ယင်သွားစေ၏။

ရှောင်ချန်း သူ့တပည့်၏ မသက်မသာဖြစ်မှုကို သတိထားမိ၍ မေးသည်။

“ဘာဖြစ်လို့လဲ”

ရှီမန်ယဲ့ လေးစားစွာ ဖြေသည်။

“စီနီယာ သူတို့က အရမ်းကို သန်မာကြပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့အကြောင်း မကြားဖူးလို့ပါ”

“သူတို့က ဆရာ့ဘိုးဘိုးဆီ နောက်ကျမှ ရောက်တာလေ”

ရှောင်ချန်း တည်ငြိမ်စွာ ဖြေသည်။

“ဒါပေမဲ့ အကုန်လုံးက ပြိုင်ဘက်ကင်းပါရမီရှင်တွေပဲ။ သူတို့က မိုးမြေကို တုန်လှုပ်စေမဲ့ အရာတွေကို မလုပ်ရသေးလို့လေ။ မင်းရဲ့ စီနီယာဆရာဦးလေးနျဲ့ကတော့ သိပ်မကြာခင် သူ့နာမည်က ရွှမ်ထျန်းတိုက်ကြီးမှာ ပျံ့နှံ့တော့မှာ”

“စီနီယာဆရာဦးလေး”

ရှီမန်ယဲ့ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွား၏။

“စီနီယာက ဆရာဘိုးဘိုးရဲ့ အကြီးဆုံးတပည့် မဟုတ်ဘူးလား”

ရှောင်ချန်း ပြန်ဖြေသည်။ “ငါက အကြီးဆုံးတပည့်ဆိုပေမဲ့ စီနီယာအစ်ကိုနျဲ့ကတော့ ငါ့ထက်အရင် ဝမ်တောက်ကျောင်းတော်ကို ရောက်တာလေ။ အဲ့တော့ ငါ့တို့ကြားမှ ဝါစဉ်က အစဉ်လိုက်နဲ့ ခွဲကြည့်ရတယ်”

ရှီမန်ယဲ့ စိတ်က ရှုပ်ထွေးနေဆဲပင်။

“ဒါဆို ကျွန်တော် သူ့ကို ဘယ်လိုခေါ်ရမလဲ”

“သူ့ကို ဆရာဦးလေးလို့ ခေါ်”

ရှောင်ချန်း သွားနေသည်ကို ရပ်လိုက်၏။ သူတို့နားတွင် မည်သူမှ မရှိတော့သည်ကို မြင်သော်အခါ ပေါ့ပါးစွာ ပြောသည်။

“ဒီမှာပဲ လုပ်လိုက်တာပေါ့”

“ဟုတ်ကဲ့ပါ”

ရှီမန်ယဲ့ သူ ဤနေရာသို့ လာရသည့်အကြောင်းအရင်းကို ပြန်မှတ်မိသွား၏။

“မင်း ဓားထုတ်ပြီး ငါ့ကို တိုက်”

ရှောင်ချန်း၏ လေသံသည် ပုံမှန်အတိုင်း တည်ငြိမ်နေသည်။

“ဟုတ်ကဲ့ပါ”

ရှောင်ချန်း၏ ထက်ရှသည့် အကြည့်ကို မြင်သော် ရှီမန်ယဲ့ မျက်လုံးများကို အလိုလိ ပိတ်လိုက်သည်။ သူ ထိုဓားချက်ကို နားလည်ထားသော်လည်း သူ့ရင်တွင် အကြောက်တရားက နက်ရှိုင်းစွာ နစ်ဝင်နေဆဲပင်။

သူသာ မျက်လုံးဖွင့်၍ တိုက်ခိုက်လျှင် ဓားပင် မြှောက်ရဲမည် မဟုတ်ပင်။

ချွင်

သူ့လက်ထဲက ရတနာဓားသည် ရှောင်ချန်းထံ ဦးတည်သွားတော့၏။

ထိုရိုက်ချက် ပြီးနောက် ရှောင်ချန်း၏အသံ ထွက်လာသည်။

“မင်းအောင်တယ်။ အခု ငါ့‌နောက်လိုက်ပြီး ဝင်ခွင့်ကိစ္စကို လိုက်လုပ်တော့”

ထိုသို့ဖြင့် ရှောင်ချန်း လှည့်ထွက်သွားတော့၏။

ဝမ်တောက်ကျောင်းတော်တွင် မြင့်မြတ်သားတော် ခန့်အပ်သည့် အခမ်းအနားကို ပုံမှန်အတိုင်း ကျင်းပခဲ့သည်။

တပည့်များသည် တပည့်နှစ်ဦး ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်လာပြီး တစ်ယောက်က မြင့်မြတ်သားတော်ရှောင်လက်အောက်သို့ ဝင်ရောက်ပြီး တစ်ယောက်က အကြီးအကဲယဲ့ပေရွှမ်လက်‌အောက်သို့ ဝင်သွားကြောင်း သိသော်လည်း အထွေအထူး မဖြစ်ကြပေ။

ထိုအစား တပည့်များက သူတို့လည်း မြင့်မြတ်သားတော်များလက်အောက်သို့ ဝင်ရောက်ရန် တွေးတောလာကြသည်။

ပင်လယ်ဒေသမှ တစ်ကိုယ်တော်ကျင့်ကြံပင် လုပ်နိုင်သည့်အတွက် သူတို့လည်း လုပ်နိုင်ရပေမည်။

ယနေ့တွင်တော့ ရင်ပြင်တွင် တပည့်များဖြင့် ပြည့်နှက်နေသည်။

ထို့အပြင် အင်အားစုကြီးငယ်တို့မှ ကိုယ်စားပြုသူများ၊ တံခါးပိတ်ကျင့်ကြံနေသော တပည့်များသည် ယနေ့အခမ်းအနားကို မျက်မြင်ကိုယ်တွေ့ တက်ရောက်လာ၏။

“ဌာနမှူးဆယ်ဦး ရောက်လာပါပြီ”

အသံကျယ်ကြီး ထွက်လာပြီး ကောင်းကင်ယံမှ လူဆယ်ယောက် ဆင်းသက်လာသည်။

ဌာနမှူးချူသည် ယနေ့အခမ်းအနား၏ အဓိကလူဖြစ်သလို ဌာနမှူးဆယ်ဦးတွင် အသန်မာဆုံးလူ ဖြစ်သည်။ ကျန်သည့် ဌာနမှူးကိုးဦးသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ပြီဖြစ်သော်လည်း ဌာနမှူးချူ၏စွမ်းအားသည် အသန်မာဆုံးဖြစ်သည်မှာ မေးခွန်းထုတ်စရာမလိုချေ။

“ကျွန်တော်တို့ ဌာနမှူးချူကို ဂါဝရပြုပါတယ်”

“ထတော့”

ချူဖုန်း ပြောပြီးသည်နှင့် ဌာနမှူးများကို ထိုင်ရမည့်နေရာသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ သူ ရွှေ‌ရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါထွက်ပေါ်နေသည့်အတွက် မည်သူမှ သူ့ကို တိုက်ရိုက် မကြည့်ရဲချေ။

သူ့နောက်တွင် မဟာပဏ္ဍိတရွှေတောင်ပံနှင့် ပင်းယန်တို့ ကပ်လိုက်လာ၏။

သူတို့ ထိုင်လိုက်သည်နှင့် ကျောင်းအုပ်ကြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

“ကျွန်တော်တို့ ကျောင်းအုပ်ကြီးကို လေးစားစွာ ကြိုဆိုပါတယ်”

“ထကြတော့”

ကျောင်းအုပ်ကြီး သူ့မုတ်ဆိပ်မွေးကို ပွတ်သပ်ပြီး ညင်သာစွာ ပြုံးလိုက်သည်။ သူ့ကိုယ်ပေါ်မှ အရှိန်အဝါများ ဖြာထွက်မနေသော်လည်း သူတော်စင်တစ်ဦး ရှိနေခြင်းက ကျန်သည့်သူများကို ဖျော့တော့စေ၏။

မြင့်မြတ်နယ်မြေမှသူများသည် ထိုသူ့ကို ကြည့်နေကြသည်။

‘ဒီလူအိုကြီး ပိုပြီးကြောက်ဖို့ကောင်းလာတယ်။ သူ နောက်ဆုံးအဆင့်ကို ဘယ်ချိန်ရောက်မလဲဆိုတာ ဘယ်သူမှ မသိဘူး’

ကျောင်းအုပ်ကြီး ရောက်လာပြီးနောက် ပြင်ပရေးရာဌာနမှ မင်ကျုံးလုံသည် အခမ်းအနားမှူးအဖြစ် စတင်ဆောင်ရွက်သည်။

ကောင်းကင်ကို ပူဇော်ခြင်းနှင့် ဘိုးဘေးများကို ဂါဝရပြုခြင်း ဆိုသည့် ထုံးတမ်းများပြီးနောက် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့သည် ကျောင်းအုပ်ကြီးထံမှ မြင့်မြတ်သားတော် ဝတ်စုံများ လက်ခံရပြီး ဝမ်တောက်ကျောင်းတော်၏ တရားဝင် မြင့်မြတ်သားတော် ဖြစ်လာတော့သည်။

မင်ကျုံးလုံ ရှေ့တစ်လှမ်းတိုးလိုက်သည်။ “ဓလေ့အရ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်တွေက ကောင်းကင်အောက်က စိန်ခေါ်မှုတွေကို လက်ခံရပါတယ်။ ဘယ်မိတ်ဆွေကများ ကျုပ်တို့ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်နှစ်ပါးကို စိန်ခေါ်ချင်ပါလဲ”

တိတ်ဆိတ်သွားသည်။

ဤအစီအစဉ်မှာ ကျောင်းတော်မှ ဂုဏ်သိက္ခာပြရန် စီစဉ်ထားခြင်းဖြစ်သည်။ ပြင်းထန်သည့် ရန်ငြိုးများ မရှိလျှင်တော့ မည်သူမှ စိန်မခေါ်ပေ။

ရှောင်ချန်း လူအုပ်ကြီးကို ကြည့်လိုက်၏။ သို့သော် အသံထွက်မလာချေ။

သူ့ဘေးတွင် ချောင်ရို့ချန် ပွဲကြည့်နေပြီး သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေ၏။

လူတိုင်း စိန်ခေါ်သူမရှိလောက်ဘူးဟု တွေးနေချိန် ဝမ်တောက်ကျောင်းတော် တပည့်များကြားမှ အသံထွက်လာသည်။

“ကျွန်တော် စီနီယာအစ်ကိုချောင်ကို မြင့်မြတ်သားတော်ရာထူးနဲ့ ထိုက်တန်လား မတန်ဘူးလားဆိုတာ သိချင်လို့ စိန်ခေါ်ပါတယ်”

အခန်း (၃၅၈) သတ်ဖြတ်ခြင်းဓားခုနစ်လက်၊ လင်းပင်အန်း

ဆူညံနေသော လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားလေ၏။

လူအများအပြားမှာ အလိုအလျောက် အသက်ရှူမှားသွားကြပြီးနောက် ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဤကဲ့သို့ မင်္ဂလာရှိသောနေ့မျိုးတွင် စီနီယာအစ်ကိုချောင်ကို မည်သူက ရဲရဲတင်းတင်း လာရောက်စိန်ခေါ်ရဲသနည်းဟု သူတို့ သိချင်နေကြသည်။

စီနီယာအစ်ကိုချောင်မှာ ရက်စက်လွန်းသည်ဟု နာမည်ကြီးကြောင်း လူတိုင်းသိကြ၏။ သူက မျိုးဆက်တူ ညီအစ်ကိုများအပေါ် နူးညံ့သိမ်မွေ့သော်လည်း ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရသူတိုင်းမှာမူ ကြောက်မက်ဖွယ်ကောင်းသော နိဂုံးများနှင့်သာ ရင်ဆိုင်ရသည်။

လူအုပ်ထဲမှ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦး အခမ်းအနားစင်မြင့်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေ၏။

သူက ဝမ်တောက်ကျောင်းတော်၏ ကြီးကြပ်သူဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ့ခြေလှမ်းများမှာ မမြန်လှသော်လည်း ခြေလှမ်းတိုင်းတွင် ပတ်ဝန်းကျင်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ ပိုမိုသိပ်သည်းလာလေ၏။

သူလျှောက်လှမ်းရာ နေရာတိုင်းတွင် လေထုကိုယ်တိုင်က သတ်ဖြတ်ခြင်းရနံ့များဖြင့် ဖုံးလွှမ်းသွားပုံရသည်။

လူအများ၏မျက်လုံးထဲတွင် ထိုလူသည် အလောင်းတောင်ပုံသွေးပင်လယ်ထဲမှ တက်လာသူတစ်ဦးနှင့်ပင် တူနေလေ၏။

“လင်းပင်အန်း”

“ဒါ စီနီယာအစ်ကို လင်းပင်အန်းပဲ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပျောက်ကွယ်သွားပြီးမှ ဒီလောက်ကြောက်စရာကောင်းတဲ့ ခွန်အားတွေနဲ့ ပြန်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူ တကယ်ပဲ ဘယ်တွေရောက်နေခဲ့တာလဲ”

ဘေးပတ်ဝန်းကျင်မှ ထိတ်လန့်အံ့ဩသံများနှင့် ပြောဆိုသံများသည် လင်းပင်အန်းကို အနည်းငယ်မျှ ရိုက်ခတ်ခြင်းမရှိပေ။ အတိတ်နှစ်များအတွင်း သူသည် ရွှမ်ထျန်း တိုက်ကြီး၏ သတ်ဖြတ်ခြင်းကုန်းမြေတွင် လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

သူက သတ်ဖြတ်ခြင်းဓားခုနစ်လက်ကို အထွတ်အထိပ်အထိ ကျင့်ကြံအောင်မြင်ထားပြီးဖြစ်ကာ ထိုသတ်ဖြတ်ခြင်းကုန်းမြေအတွင်းရှိ ဝမ်တောက်ကျောင်းတော်၏ အဓိကကြီးကြပ်သူ ဖြစ်လာခဲ့၏။

ထိုနေရာရှိ ဝမ်တောက်ကျောင်းတော်ကို ကြီးကြပ်ရသော အကြီးအကဲကပင် လင်းပင်အန်းကို သူ့ဆက်ခံသူအဖြစ် ပျိုးထောင်ရန် ရည်ရွယ်ထားခဲ့သည်။

မူလက လင်းပင်အန်းမှာ ပြန်လာရန် အစီအစဉ်မရှိခဲ့ပေ။ သူက မြင့်မြတ်သားတော် ရာထူးအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့်အချိန်မှသာ ဝမ်တောက်ကျောင်းတော်သို့ တစ်ကျော့ပြန်ခြေချရန် ဆုံးဖြတ်ထားခဲ့သည်။

ပြီးခဲ့သည့်အကြိမ် ချောင်ရို့ချန်ကို ရှုံးနိမ့်ခဲ့စဉ်က ထိုလူကို သတ်ရန်အတွက် သူတစ်ယောက်တည်းကို အနိုင်ယူရုံနှင့် မလုံလောက်ဘဲ ဝမ်တောက်‌ကျောင်းတော်၏ ပါရမီရှင်အားလုံးကိုပါ ဖိနှိပ်နိုင်စွမ်းရှိရမည်ဟု သူ သဘောပေါက်ခဲ့သည်။

ထိုအထဲတွင် ရှောင်ချန်းလည်း ပါဝင်နေ၏။ လင်းပင်အန်း၏ မျက်လုံးထဲတွင် ရှောင်ချန်းတစ်ဦးတည်းသာ သူနှင့်ယှဉ်ပြိုင်ရန် ထိုက်တန်သူဖြစ်သည်။

သတ်ဖြတ်ခြင်းကုန်းမြေ၌ ရှိနေစဉ်အတွင်း ပြိုင်ဘက်ကင်းဓားဟု နာမည်ကျော်သော ရှောင်ချန်း၏သတင်းများကို သူ ကြားခဲ့ရသည်။ ထိုဘွဲ့အမည်ကပင် လင်းပင်အန်းကို စိန်ခေါ်လိုစိတ် တဖွားဖွားပေါ်ပေါက်စေ၏။

သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ ချောင်ရို့ချန်ကလည်း မြင့်မြတ်သားတော် ဖြစ်လာခဲ့ခြင်းပင်။

သည်းခံနိုင်စရာမရှိပေ။ ထိုကဲ့သို့သော အသုံးမကျသည်ြသူက မြင့်မြတ်သားတော် ဖြစ်ရန် အရည်အချင်း မပြည့်မီပေ။

ဤတိုက်ပွဲတွင် သူက ချောင်ရို့ချန်ကို စင်ပေါ်မှ ဆွဲချပြီး လောကကြီးက သူ့အမည်ကို မှတ်မိသွားအောင် လုပ်ပြမည်ဖြစ်သည်။

အခမ်းအနားသို့ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူများသည် လင်းပင်အန်းဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ထူးဆန်းသွားကြ၏။

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

“ဒါ ဝမ်တောက်ကျောင်းတော်ရဲ့ သတ်ဖြတ်ခြင်းဓားခုနစ်လက်ထဲက နံပါတ်တစ် သတ်ဖြတ်ခြင်းဓားပဲ။ သူ့ရဲ့ ခုနစ်ကြိမ်မြောက် ဓားချက်ကို မြင်ဖူးတဲ့သူတိုင်း သေရတယ်လို့ ပြောကြတယ်”

“ရှောင်ချန်းနဲ့ ချောင်ရို့ချန်အပြင် ဝမ်တောက်ကျောင်းတော်မှာ ဒီလိုပါရမီရှင်မျိုး ရှိနေသေးတာပဲ”

“ဟုတ်တယ်။ သူ့နာမည်က ကြောက်စရာကောင်းပေမဲ့ သူ့ရဲ့ခွန်အားကတော့ ငြင်းချက်ထုတ်စရာမလိုအောင် ပထမတန်းစားပဲ”

မြင့်မားသော စင်မြင့်ထက်တွင်

ချူဖုန်းသည် ထိုလူငယ်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။

“ဒီကောင်လေးက တကယ့်ကို အာဃာတကြီးတာပဲ”

“ဆရာ၊ အဲဒီ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေထွက်နေတဲ့လူကို သိလို့လား”

ချန်ကျင်းကျင်း စပ်စုသည့်အသံဖြင့် မေးလိုက်သည်။

“သိတာပေါ့။ အဲဒီတုန်းက မင်းရဲ့စီနီယာအစ်ကိုချောင်ဟာ သူ့လက်ထဲမှာ တစ်ကြိမ်ရှုံးဖူးတယ်။ ဒီလူသာမရှိရင် အခု တာ့ချန်းကို မင်းတို့ မြင်ရမှာမဟုတ်ဘူး”

ချူဖုန်း စကားပြောနေစဉ် သူ့အတွေးများမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

သူ့နောက်တွင် ရပ်နေသော ယဲ့ပေ့ရွှမ်သည် လင်းပင်အန်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

‘သူ အသက်ရှင်နေသေးတာပဲ။ ဒီဘဝမှာ သူ့ကို မေ့တောင်မေ့တော့မလို့။ အရင်ဘဝတုန်းက ဒုတိယစီနီယာအစ်ကိုကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့တာ သူပဲ’

ထိုသူက သူနှင့် မြင့်မြတ်သားတော်နေရာအတွက် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် လွန်ကဲလှသော သွေးဆာမှုကြောင့် ရှုံးနိမ့်ခဲ့ရသည်။

ဤဘဝတွင်မူ ထိုသို့သောအခွင့်အရေးမျိုး ရှိတော့မည်မဟုတ်ပေ။

တောက်... တောက်... တောက်...

လင်းပင်အန်းသည် စင်မြင့်ထက်သို့ တစ်လှမ်းချင်း တက်လာခဲ့၏။ ဝမ်တောက်ကျောင်းတော်၏ အကြီးအကဲများက သူ့ကို တားဆီးရန် အစီအစဉ်မရှိကြပေ။

သူ့မျက်လုံးများသည် ချောင်ရို့ချန်ထံမှ တစ်ဖဝါးမှမခွာခဲ့ပေ။ အကယ်၍ အကြည့်များဖြင့် သတ်နိုင်မည်ဆိုပါက ချောင်ရို့ချန်မှာ သူ့ဓားအောက်တွင် အလောင်းဖြစ်နေသည်မှာ ကြာမြင့်လှလေပြီ။

ချောင်ရို့ချန် သူ့ရှေ့ကလူကို ဇဝေဇဝါအမူအရာဖြင့် ကြည့်နေသည်။

ဘေးနားရှိ ရှောင်ချန်းက ပြောလိုက်၏။

“ညီလေး၊ ဒါကို မင်းပဲ ကိုင်တွယ်လိုက်တော့”

သူကိုယ်တိုင် ဤကြောက်စရာကောင်းသောလူကို မမှတ်မိတော့သော်လည်း ချောင်ရို့ချန် ရှုံးနိမ့်သွားလိမ့်မည်ဟု ရှောင်ချန်း အနည်းငယ်မျှပင် စိုးရိမ်ခြင်းမရှိပေ။

စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ဂျူနီယာတစ်ယောက်သည် မည်မျှပင် ထူးချွန်ပါစေ တာ့ချန်ကို ယှဉ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

“ကောင်းပါပြီ”

ချောင်ရို့ချန် အတော်ကြာအောင် စဉ်းစားသော်လည်း ဤလူ ဘယ်ကလာသည်ကို မသိနိုင်သဖြင့် နောက်ဆုံးတွင် စဉ်းစားခြင်းကို ရပ်လိုက်၏။

လင်းပင်အန်းသည် စင်မြင့်ထက်သို့ ရောက်သည်နှင့် ရပ်တန့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“မင်း ငါ့ကို မှတ်မိသေးရဲ့လား”

ချောင်ရို့ချန်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သော်လည်း လင်းပင်အန်းက အကြောက်အလန့်မရှိပေ။

သတ်ဖြတ်ခြင်းကုန်းမြေတွင် သူသည် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ ယခုအခါ သူကိုယ်တိုင်လည်း ထိုအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ထို့အပြင် သူ့သတ်ဖြတ်ခြင်းဓားဆန္ဒမှာလည်း ပြီးပြည့်စုံရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။ ယနေ့တွင် သူသည် ချောင်ရို့ချန်၏ဦးခေါင်းကို အသုံးချပြီး သတ်ဖြတ်ခြင်းဓားခုနစ်လက်၏ အထွတ်အထိပ်သို့ တက်လှမ်းမည်ဖြစ်သည်။

ချောင်ရို့ချန် ခေါင်းစောင်းပြီး မေးလိုက်သည်။

“ငါက ဘာလို့ မင်းကို မှတ်မိနေရမှာလဲ”

ထိုစကားလုံးများမှာ ထောင်လွှားလွန်းလှသော်လည်း သူပြောလိုက်သည့်အခါတွင် မည်သူကမျှ မသင့်လျော်ဟု မခံစားရပေ။

ပြိုင်ဘက်ကင်းလက်သီးအရှင် ဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည်။

ပြိုင်ဘက်ကင်းဓားသမားမှလွဲ၍ ကျန်သည့်ရွယ်တူများကို သူ ဂရုမစိုက်ပေ။

“မင်း”

လင်းပင်အန်း၏အသံမှာ ကျယ်လောင်လာပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။

“ဒီလောက်နှစ်တွေကြာသွားတာတောင် မင်းက နောင်တမရသေးဘူးပဲ။ မင်း နှစ်ကြိမ်တိုင်တိုင် အရှက်ခွဲခဲ့ပြီး စေ့စပ်ထားတဲ့သူကို လုယူခဲ့တဲ့ အပြင်စည်းတပည့်လေးကို မှတ်မိရဲ့လား”

ဤစကားကြောင့် အခမ်းအနားသို့ တက်ရောက်လာသူများအားလုံး၏ မျက်နှာတွင် အတင်းအဖျင်းသတင်းကို ငတ်မွတ်နေသော အမူအရာများ ပေါ်လာကြ၏။

မြင့်မြတ်သားတော် တင်မြှောက်ခြင်းအခမ်းအနားကို လာတက်ရင်း ဤကဲ့သို့ ပေါက်ကွဲထွက်သွားမည့် သတင်းမျိုး ကြားရလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

“မင်း လျှောက်မပြောနဲ့။ ငါ စေ့စပ်ထားသူက ယွင်လန်ဂိုဏ်းရဲ့ တပည့်ပဲ၊ ဝမ်တောက်ကျောင်းတော်ရဲ့ အပြင်စည်းတပည့် မဟုတ်ဘူး”

ချောင်ရို့ချန်၏ အမူအရာမှာ တည်ကြည်သွားသည်။

“ဟမ့်”

လင်းပင်အန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“ထင်တဲ့အတိုင်းပဲ၊ မင်းလိုလူမျိုးက ဘယ်တော့မှ သင်ခန်းစာရမှာမဟုတ်ဘူး။ ဒါဆိုရင် ဒီနေ့ ငါ မင်းရဲ့မှတ်ဉာဏ်တွေကို ပြန်ပြီးတူးဆွပေးရတာပေါ့”

စကားအဆုံးတွင် သူ့အရှိန်အဝါများက ပေါက်ကွဲထွက်လာသည်။

ကောင်းကင်ယံအထိ ထိုးတက်သွားသော သတ်ဖြတ်ခြင်းအငွေ့အသက်များက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ချောင်ရို့ချန် မလှုပ်မယှက် စိတ်ဝင်တစား ကြည့်နေခဲ့သည်။

“ခွန်အားတော့ အတော်လေးကောင်းသားပဲ... ဒါပေမဲ့ ဒီလောက်ပဲရှိတာဆိုရင်တော့ မင်း ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်းမရှိသေးဘူး”

သူ့စကားများက မီးလောင်ရာလေပင့်လိုက်သလိုပင်။

ဒေါသထွက်သွားသော လင်းပင်အန်းသည် ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ချောင်ရို့ချန်ထံသို့ ခုတ်ပိုင်းလိုက်သည်။

“အချစ်မဲ့ခြင်း”

ထိုဓားချက်နှင့်အတူ ကောင်းကင်တစ်ခုလုံး သတ်ဖြတ်ခြင်းတိမ်တိုက်များဖြင့် ပြည့်နှက်သွာ‌း၏။

နေရောင်အောက်တွင် နီမြန်းနေသော တိမ်တိုက်များသည် ကောင်းကင်နှင့် မြေကြီးကို သွေးရောင်ဆိုးလိုက်သကဲ့သို့ပင်။

သွေးရောင်လွှမ်းနေသော ဓားအလင်းတန်းနောက်ကွယ်တွင် ဓားဆန္ဒ၏ပုံရိပ်ဖြစ်သော သတ်ဖြတ်ခြင်းဓား၏ အရိပ်ကို ဝေဝေဝါးဝါး မြင်တွေ့နိုင်သည်။

“သတ်ဖြတ်ခြင်းဓားခုနစ်လက် ကျင့်စဉ်”

ဝမ်တောက်ကျောင်းတော်မှ အကြီးအကဲတစ်ဦး ဤဓားချက်ကို မြင်သောအခါ ထိတ်လန့်တကြား အော်လိုက်မိ၏။

လူအုပ်ကြီးမှာလည်း တီးတိုးပြောဆိုသံများဖြင့် ဆူညံသွား၏။

“သူ့ရဲ့ဓားဆန္ဒက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။ လင်းပင်အန်း သတ်ဖြတ်ခြင်းကုန်းမြေမှာ အဓိကကြီးကြပ်သူ ဖြစ်လာတာ မဆန်းပါဘူး”

“နှမြောစရာပဲ... သူက ချောင်ရို့ချန်ကိုမှ ရွေးပြီး စိန်ခေါ်လိုက်တာ”

ချောင်ရို့ချန်ကမူ သူ၏လက်နှစ်ဖက်ကို ပိုက်ထားကာ ပြန်လည်တိုက်ခိုက်ရန်ပင် မကြိုးစားဘဲ ထိုဓားချက်ကို သူ့အပေါ်သို့ ကျရောက်စေရန် ခွင့်ပြုထားလိုက်၏။

ဝုန်း

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ စင်မြင့်ထက်တွင် ဖုန်မှုန့်နှင့် မီးခိုးလုံးများ ပေါက်ကွဲထွက်သွားတော့သည်။

All Chapters