← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉) - ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း(၁)

“ငါ့ကို ကယ်ကြပါ”

ကောင်းကင် မြေအောက်ကမ္ဘာဘုရင်က သေမင်းအရိပ်ကို သယ်ဆောင်လာသော ကောင်းကင်ပြာနဂါးလက်သည်းကို စိုက်ကြည့်ကာ စူးရှစွာ အော်ဟစ်လိုက်သည်။ ထိုအော်သံအတွင်း မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုက လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်သွားလေသည်။

ကောင်းကင် မြေအောက်ကမ္ဘာဘုရင်၏ အော်သံ တိတ်သွားသည်နှင့်တစ်ပြိုင်နက် သူ့နောက်ကျောရှိ လေဟာနယ်က လွှမ်းမိုးနိုင်လောက်အောင် ရုတ်တရက် ကြေမွပျက်စီးသွားလေသည်။ ပေတစ်သောင်းခန့် ကျယ်ဝန်းသော အမည်းရောင် လေဝဲကတော့ကြီးတစ်ခု လေဟာနယ်မှ ရုတ်တရက် ပေါ်လာသည်။

ထိုလေဝဲကတော့အတွင်းမှ ဧရာမမိစ္ဆာလက်ကြီး နှစ်ဖက် ရုတ်တရက် ဆန့်ထွက်လာပြီးနောက် ကောင်းကင်ပြာနဂါး လက်သည်းနှင့် ပြင်းပြင်းထန်ထန် ဝင်တိုက်မိလေသည်။

“ဝုန်း၊ ဝုန်း”

လေဟာနယ် ပြိုကျသွားပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှု လှိုင်းများ ပြန့်ကျဲထွက်ပေါ်လာကာ ကောင်းကင်ယံကို မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ကြေမွပျက်စီးသွားစေခဲ့သည်။

“နောက်ထပ် ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး တစ်ကောင် ရှိနေသေးတာပဲ”

ချင်းကျီ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထပ်မံတိုက်ခိုက်လိုက်သည်။ ကျန်းတစ်ထောင်ခန့် နဂါးလက်သည်းကြီးနှင့် ဆန့်ထွက်လာသော ဧရာမ မိစ္ဆာ လက်ကြီး နှစ်ဖက်တို့က အတိုင်းအတာ ဖြတ်ကျော် တိုက်ပွဲတစ်ခုကို ဆင်နွှဲကြလေတော့သည်။

“မီးနတ်ဘုရားလှံတံ”

မိုလော့က အကူအညီပေးရန် ပြေးဝင်လာနှင့်ပြီဖြစ်သည်။ မီးတောက်လှံတံရှည်တစ်ခု သူ၏ လက်ထဲတွင် ပေါ်လာသည်။ လှံတံ၏ ထိပ်ဖျားတွင် မီးတောက်များ ဆူပွက်လာပြီး မီးတောက် လေဝဲကတော့တစ်ခုကို ဖန်တီးလိုက်ကာ လှံတံဖြင့် ရက်စက်စွာ ထိုးနှက်လိုက်လေသည်။

မီးတောက်လှံတံရှည်က ဧရာမမိစ္ဆာလက်ကြီးကို ထိုးဖောက်သွားရာ ခရမ်းရွှေရောင် သွေးများ အဆက်မပြတ် စီးကျလာပြီး လေဟာနယ်မှ အော်သံများနှင့်အတူ ပူးတွဲထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ချင်းကျီ၏ နဂါးလက်သည်းကလည်း ကောင်းကင် မြေအောက်ကမ္ဘာဘုရင်၏ နှလုံးသားကို ထိုးဖောက်သွားလေသည်။

“အား...”

ကောင်းကင် မြေအောက်ကမ္ဘာဘုရင်၏ အလွန်တရာ စူးရှသော အော်သံက ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပဲ့တင်ထပ်သွားလေသည်။

ဧရာမ မိစ္ဆာ လက်ကြီးက လျင်မြန်စွာ ပြန်ဆုတ်သွားပြီး အက်ကွဲနေပြီဖြစ်သော ခရမ်းရွှေရောင် နှလုံးသားကို ဖမ်းဆုပ်ကာ အမည်းရောင် လေဝဲကတော့အတွင်းသို့ လျင်မြန်စွာ နောက်ဆုတ်သွားလေသည်။

“ချင်းကျီ၊ မိုလော့၊ ငါ့မျိုးနွယ်စုရဲ့ ဘုရင်အဆင့် အဖွဲ့ဝင်တစ်ယောက်ကို မင်းတို့ သတ်ရဲတယ်ပေါ့လေ၊ မိစ္ဆာအကျဉ်းထောင်က မင်းတို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး၊ စောင့်နေလိုက်...”

ကောင်းကင် မြေအောက်ကမ္ဘာဘုရင်ကို ကယ်တင်ခဲ့သော ကမ္ဘာခြားနတ်ဆိုးက ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ချန်ထားခဲ့ပြီး သူ၏ အသံက မီးတောက်မြို့တော်အထက်တွင် ပဲ့တင်ထပ်သွားလေသည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ မြေကမ္ဘာ မြေအောက်ကမ္ဘာဘုရင်ကို ဖိနှိပ်ပြီးနောက် ဝူယွမ်နှင့် လင်းတုန်တို့ ထွက်လာချိန်တွင် ကောင်းကင် မြေအောက်ကမ္ဘာဘုရင်၏ နှလုံးသားမှာ လွတ်မြောက်သွားနှင့်ပြီဖြစ်သည်။

“ကောင်းကင် မြေအောက်ကမ္ဘာဘုရင်ရဲ့ နှလုံးသားက အက်ကွဲနေပြီလေ၊ သူ့ကို ကယ်လို့ ရသေးလို့လား၊” လင်းတုန်က မေးလိုက်သည်။

“ကမ္ဘာခြားနတ်ဆိုးတွေမှာ အရမ်းကို ကြံ့ခိုင်တဲ့ အသက်ရှင်နိုင်စွမ်း ရှိတယ်၊ ဒါပေမယ့် ကောင်းကင် မြေအောက်ကမ္ဘာဘုရင်ရဲ့ နှလုံးသား ကြေမွသွားတော့ အဲဒီ ကမ္ဘာခြားနတ်ဆိုးဘုရင်က ပြန်ရှင်လာဖို့ အရမ်းခက်လိမ့်မယ်၊ ပြီးတော့ သူ သီသီလေး ပြန်လည်အသက်ရှင်လာနိုင်ရင်တောင် သူ့ရဲ့ စွမ်းအားက ထိုးကျသွားမှာဖြစ်လို့ သူ့ကို ကြောက်နေစရာ မလိုတော့ဘူး” မိုလော့က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“သူတို့ မသေသေးဘူးပဲ၊ ဒီကမ္ဘာခြားနတ်ဆိုးတွေက တကယ်ကို ပြဿနာများတာပဲ”

လူတိုင်းက သက်ပြင်းချလိုက်ကြသည်။

လေထုထဲရှိ မိစ္ဆာစွမ်းအင်များ ပြန့်ကျဲသွားသည်နှင့်အမျှ မီးတောက်မြို့တော်မှာ နောက်ဆုံးတွင် ငြိမ်းချမ်းရေးသို့ ပြန်လည်ရောက်ရှိသွားလေသည်။

……

မီးတောက်မြို့တော်။

နေရောင်ခြည်က ကောင်းကင်ယံမှ ကျဆင်းလာပြီး အပျက်အစီးများ ဖြစ်သွားခဲ့သော မြို့တော်ကို လင်းထိန်သွားစေသည်။

တိတ်ဆိတ်နေသော မြို့တော်တွင် ဤအပျက်အစီးများကသာ ယခင်က ဤနေရာတွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲကြီးကို သက်သေပြနိုင်ပေသည်။

လူတိုင်းမှာ တည်ငြိမ်အောင် မနေနိုင်ကြသေးပေ။

မီးတောက်မြို့တော်ရှိ လူများသည် မှောင်မိုက်ပြီး ရက်စက်သော သတ္တဝါများဖြစ်သည့် ကမ္ဘာခြားနတ်ဆိုးများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားခဲ့ကြသည်။

ယခုလေးတင် အကယ်၍ မီးနတ်ဘုရားနန်းတော်သာ ထိုအမည်းရောင် သတ္တဝါများကို အနိုင်မယူနိုင်ခဲ့ပါက သူတို့အားလုံးသည် တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားသော အပျက်အစီးများကဲ့သို့ပင် မြို့တော်အတွင်း၌ မြှုပ်နှံခံရနိုင်ချေ ရှိသည်။

ထိုကမ္ဘာခြားနတ်ဆိုးများသည် ပြင်းထန်သော မလိုမုန်းတီးမှုများဖြင့် ရောက်ရှိလာပြီး မြို့တော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်ခဲ့ကြသည်။

‘တကယ်ကို ကြောက်ဖို့ကောင်းတာပဲ'

ဤတိုက်ပွဲကြီးသည် ကမ္ဘာခြားနတ်ဆိုးများ တည်ရှိနေကြောင်းကို ကစဉ်ကလျားမိစ္ဆာပင်လယ်ရှိ လူများအား အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဤလောကကို ဖျက်ဆီးရန် ကြံစည်နေသော ကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါများ အမှောင်ထဲတွင် ပုန်းအောင်းနေကြောင်းကို သူတို့ကို နားလည်သဘောပေါက်သွားစေခဲ့သည်။

“သေဆုံးဒဏ်ရာရတာတွေကို စစ်ဆေး၊ ဒဏ်ရာရတဲ့သူတွေကို ကုသပေးလိုက်”

“မီးနတ်ဘုရား အစောင့်အရှောက်တွေ မြို့ကို ကင်းလှည့်၊ ရုတ်ရုတ်သဲသဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး လုယက်တာ ဒါမှမဟုတ် ဖျက်ဆီးတာလုပ်တဲ့သူ ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိဘဲ သတ်ပစ်မယ်”

မိုလော့က မီးတောက်မြို့တော်ကို အကဲခတ်ကြည့်ရှုကာ အမိန့်ပေးလိုက်သည်။

မီးတောက်မြို့တော်မှာ လက်ရှိတွင် ကစဉ်ကလျား ဖြစ်နေသည်။ ကမ္ဘာခြားနတ်ဆိုးများ၏ ကျူးကျော်မှုနှင့် ဝင်စားခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများ၏ တိုက်ပွဲများကြောင့် စစ်မြေပြင်ဖြစ်သော မီးတောက်မြို့တော်သည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု အများအပြားကို ခံခဲ့ရပြီး သေဆုံးသူနှင့် ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

ယခုအခါ ကစဉ်ကလျားမိစ္ဆာပင်လယ်မှ အင်အားစု အသီးသီးက ဤနေရာတွင် စုဝေးနေကြပြီး လျှို့ဝှက်စွာ ရောနှောနေသော ကမ္ဘာခြားနတ်ဆိုးများပင် ရှိနေနိုင်သည်။

လုံခြုံရေးသည်လည်း ကြီးမားသော ပြဿနာတစ်ခုဖြစ်ပြီး ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်သော ခြိမ်းခြောက်မှုတစ်ခု လိုအပ်ပေသည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့ အနိုင်ရခဲ့ရာ မီးတောက်မြို့တော်အတွင်းရှိ မည်သည့် မတည်ငြိမ်မှုများကိုမျှ မကြောက်ရွံ့တော့ပေ။

ထန်ရှင်းလျန်သည် မီးနတ်ဘုရားအစောင့်အရှောက်များကို ဦးဆောင်ကာ မီးတောက်မြို့တော် တစ်ခုလုံးကို ကင်းလှည့်ခဲ့သည်။

သူမသည် ယခုလေးတင် အလွန် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။ သူမ၏ ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် စွမ်းအားဖြင့် မီးနတ်ဘုရား အစောင့်အရှောက် တစ်ခုလုံး၏ စွမ်းအားကို စုစည်းကာ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် အံ့ဩဖွယ်ကောင်းလောက်အောင် ခြိမ်းခြောက်နိုင်ခဲ့သည်။

၎င်းက မီးတောက် နတ်သမီးလေးသည် မီးနတ်ဘုရား အစောင့်အရှောက်များ သူမ၏ ဘေးတွင် ရှိနေပါက စစ်နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း လူများအား နားလည်သဘောပေါက်သွားစေခဲ့သည်။

ဝင်စားခြင်းအဆင့်ကို တိုက်ခိုက်နိုင်စွမ်းရှိသော အထူးအစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးပင်။

ဝူယွမ်နှင့် အခြားသူများက ဤတိုက်ပွဲ၏ ရလဒ်များကို ဆွေးနွေးရန် မီးနတ်ဘုရားနန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။

“စီနီယာ ချင်းကျီ၊ မတွေ့ရတာ ကြာပြီနော်”

ဝူယွမ်က ချင်းကျီကို ပြုံးကာ ပြောလိုက်သည်။

“မင်း တကယ်ကို ငါ့ကို အံ့အားသင့်စေတာပဲ၊ ရိုးရိုးသားသား ပြောရရင် လူငယ်လေး၊ အခုအချိန်အထိ မင်းရဲ့ အစွမ်းအစတွေကို ငါ သေချာ မသိသေးဘူး” ချင်းကျီက ဝူယွမ်ကို လေးနက်စွာ အကဲခတ်ကြည့်လိုက်ရာ သူ၏ စိတ်နှလုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ရှိနေပြီး သူ၏ မျက်နှာအမူအရာမှာ အတော်လေး ရယ်စရာကောင်းနေသည်။

သူ ဝူယွမ်ကို ပထမဆုံး တွေ့ဆုံခဲ့ခြင်းမှာ ဧကရာဇ် ရာပေါင်းများစွာ၏ စစ်ပွဲအတွင်း ကျန်ရစ်နေသော အရိပ်အယောင်တစ်ခုမှတစ်ဆင့် ဖြစ်သည်။ ထိုအချိန်က ဝူယွမ်သည် အဆင့်နိမ့် အင်ပါယာတစ်ခုမှ လူငယ်လေးတစ်ဦးမျှသာ ဖြစ်ပြီး သူ၏ အမွေအနှစ်အတွက် အခြားသူများနှင့် ယှဉ်ပြိုင်နေဆဲဖြစ်သည်။

ထိုအချိန်က ဝူယွမ်သည် ချင်းကျီကို အနည်းငယ် အံ့အားသင့်စေခဲ့ပြီး သူ့ကို အမြင်သစ်ဖြင့် ကြည့်စေခဲ့သော်လည်း အလွန်အမင်း အလေးထားရလောက်သည့် အတိုင်းအတာအထိတော့ မဟုတ်ခဲ့ပေ။

သို့သော်လည်း ယခု နှစ်အနည်းငယ် ကြာပြီးနောက် ထိုလူငယ်လေးသည် အမှန်တကယ်ပင် သူနှင့် နှိုင်းယှဉ်နိုင်သော အဆင့်တစ်ခုအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

ဝူယွမ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသနည်းဆိုသည်ကို သူ အလွန် သိချင်နေမိသည်။

ဝူယွမ်က ရှေးဟောင်းခေတ်က သံသရာဝင်စားသူ တစ်ယောက်များ ဖြစ်နေမလားဟုပင် သူ တွေးမိလေသည်။

ထိုသို့မဟုတ်လျှင် သူက ဘယ်လိုလုပ်ပြီး ဤမျှ အစွမ်းထက်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားနိုင်မည်နည်း။

သို့သော်လည်း ဝူယွမ်၏ ပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင် အနည်းငယ်သည်လည်း ဝင်စားခြင်းအဆင့်ထက် မနိမ့်ကျသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်ငြား သူတို့ကို ဝင်စားသူများဟု မသတ်မှတ်နိုင်ပေ။

ဤလူများသည် ဝူယွမ်ကြောင့် သူတို့၏ အဆင့်ထက် ကျော်လွန်တိုက်ခိုက်နိုင်စွမ်းကို ရရှိခဲ့ခြင်း ဖြစ်ရမည်။

‘ဘာကများ သူတို့ကို ဒီလို စုပေါင်းပြီး ကောင်းကင်ကို အန်တုနိုင်စေတာလဲ'

“ဒီကောင်လေးက ထူးဆန်းတယ်လို့ ငါ မင်းကို အရင်ကတည်းက ပြောခဲ့သားပဲ၊ မင်းကမှ ငါ့ကို မယုံတာ” မိုလော့က ဘေးမှနေ၍ နောက်ပြောင်လိုက်သည်။

အခန်း (၄၂၀) - ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်း(၂)

“စီနီယာ နှစ်ယောက်လုံးက မြှောက်ပင့်လွန်းနေပါပြီ၊ အမွေအနှစ်တွေနဲ့ ရတနာတချို့ကို ရခဲ့လို့ ကံကောင်းသွားရုံပါ” ဝူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်းကျီက မေးလိုက်သည်။ “ဟဲဟဲ၊ ဘယ်လို ကံကောင်းမှုမျိုးလဲ၊ ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်မှာ ရှိတဲ့သူ တစ်ယောက်က သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို ဖိနှိပ်နိုင်စေတဲ့ ဘယ်လို ကံကောင်းမှုမျိုးလဲ”

“ဒီရှာဖွေတွေ့ရှိချက်အကြောင်းကို အရင် ဆွေးနွေးကြတာပေါ့၊ နောက်ဆုံးမှာ ပေါ်လာတဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်က မိစ္ဆာအကျဉ်းထောင်က ငါတို့ကို ပြန်တိုက်ခိုက်လိမ့်မယ်လို့ ပြောခဲ့တယ်၊ ဒီမိစ္ဆာအကျဉ်းထောင်ဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုးလဲ” မိုလော့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဝူယွမ်၏ လျှို့ဝှက်ချက်များကို သိချင်နေသည်ထက် ကမ္ဘာခြားနတ်ဆိုးများအကြောင်းကို သူ ပိုသိချင်နေသည်။

ချင်းကျီက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “အဲဒါက ပုန်းအောင်းနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေ ဖွဲ့စည်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရမယ်၊ မြေကမ္ဘာ မြေအောက်ကမ္ဘာဘုရင်နဲ့ ကောင်းကင် မြေအောက်ကမ္ဘာဘုရင်၊ ပြီးတော့ အစောပိုင်းက သူတို့ကို ကယ်တင်ဖို့ လာခဲ့တဲ့ ကမ္ဘာခြားနတ်ဆိုးဘုရင်တွေ အားလုံးက ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်ရမယ်"

“ပြီးတော့ ဒီအဖွဲ့အစည်းက လူသားတွေနဲ့ မိစ္ဆာ အင်အားစု တချို့ထဲကိုတောင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ငါ သံသယရှိတယ်၊ အဲဒီလိုမှမဟုတ်ရင် နှစ်တွေ အများကြီးတိုင်အောင် ဒီလောက်ကောင်းကောင်း ပုန်းအောင်းနေနိုင်မှာ မဟုတ်ဘူး”

“တချို့အရာတွေကို ကျွန်တော် ခန့်မှန်းလို့ရလောက်မယ်ထင်တယ်” ဝူယွမ်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် အရင်က ပြောခဲ့တဲ့ ယွမ်ဂိုဏ်းက ဒီကမ္ဘာခြားနတ်ဆိုးတွေနဲ့ ဆက်စပ်နေတယ်”

“အဆုံးအစမဲ့တောင်တန်းမှာ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို စီနီယာတို့ အားလုံး မြင်ခဲ့တယ် မဟုတ်လား၊ ရွှီရှို့၊ ဟွာချန်နဲ့ အမည်းရောင်ဝတ် အမျိုးသား အားလုံးမှာ မိစ္ဆာ မျိုးစေ့တွေ ရှိကြပြီး ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ထိန်းချုပ်မှုကို ခံထားရတယ၊”

“ပြီးတော့ ဟွာချန်နဲ့ အဲဒီ အမည်းရောင်ဝတ် အမျိုးသား နှစ်ယောက်လုံးက ယွမ်ဂိုဏ်းက လာတာပဲ”

“ကျွန်တော့် အာရုံခံစားမှုတွေ မှန်တယ်ဆိုရင် အမည်းရောင်ဝတ် အမျိုးသားရဲ့ မည်သူမည်ဝါဖြစ်ကြောင်းက ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တိယွမ်ဇီပဲ”

“ကမ္ဘာခြားနတ်ဆိုးမြို့တော်တိုက်ပွဲအတွင်း ကျွန်တော်တို့က တိယွမ်ဇီရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီး သူ့ရဲ့ မူလစိတ်ဝိညာဉ်ကို ထွက်ပြေးခွင့်ပြုခဲ့တယ်၊ အဲဒီ အမည်းရောင်ဝတ် မိစ္ဆာကောင်က အခြား ခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ထားတဲ့ တိယွမ်ဇီရဲ့ မူလစိတ်ဝိညာဉ်ပဲ”

“ဒါကို ကြည့်ခြင်းအားဖြင့် ယွမ်ဂိုဏ်းက မိစ္ဆာအကျဉ်းထောင်ရဲ့ အမာခံစခန်း တစ်ခုဖြစ်တာ သေချာတယ်”

“ရွှီရှို့နဲ့ ပတ်သက်ပြီး ပြောရရင် သူက ကစဉ်ကလျားမိစ္ဆာပင်လယ်ကပဲ၊ သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စီနီယာတို့ ထပ်ပြီး စုံစမ်းလို့ရတယ်၊ သူ့ရဲ့ နောက်ကွယ်က အင်အားစုတွေက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ရှုပ်ထွေးစွာ ဆက်စပ်နေမှာ သေချာတယ်”

ဝူယွမ်၏ စကားများကို ကြားပြီးနောက် လူတိုင်း မျက်မှောင်ကြုတ်သွားကြပြီး စတင် တွေးတောလေတော့သည်။

ယွမ်ဂိုဏ်းသည် အရှေ့ဘက်ရွှမ်ဒေသတွင် အစွမ်းအထက်ဆုံး ဂိုဏ်းဖြစ်သည်။ အကယ်၍ ၎င်းသာ မိစ္ဆာ အကျဉ်းထောင်၏ အမာခံစခန်း တစ်ခုဆိုပါက အရှေ့ဘက်ရွှမ်ဒေသမှာ အန္တရာယ် ရှိနေပြီဖြစ်သည်။

ဤအချိန်တွင် အနီးအနားရှိ တောင်ဂိုဏ်းမှ ယင်းရွှမ်ဇီနှင့် အကြီးအကဲ ဟန်တို့သည် ကြောက်ရွံ့တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ အရှေ့ဘက်ရွှမ်ဒေသတွင် ရှိနေသေးပါက ယွမ်ဂိုဏ်း၏ အဖြစ်မှန် ပေါ်ပေါက်လာမည့် အချိန်တွင် သူတို့သည် အရှေ့ဘက်ရွှမ်ဒေသ တစ်ခုလုံးကို သေချာပေါက် ကြီးစိုးသွားပေလိမ့်မည်။ ယွမ်ဂိုဏ်း၏ စွမ်းအားနှင့် ဤကမ္ဘာခြားနတ်ဆိုးများ ရှိနေသဖြင့် တောင်ဂိုဏ်းမှာ သုတ်သင်ခံရနိုင်ချေ အများဆုံးဖြစ်သည်။

ဝူယွမ်က တောင်ဂိုဏ်းကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ သူ၏ စောစီးစွာ သိရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုကြောင့် ဖြစ်လောက်ပေသည်။

“ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခု ရှိသေးတယ်”

ဝူယွမ်က ဆက်ပြောလိုက်သည်။

“ရွှမ်ဒေသ လေးခုထဲမှာ အနောက်ဘက်ရွှမ်ဒေသက ကမ္ဘာခြားနတ်ဆိုးတွေရဲ့ ထိန်းချုပ်မှုကို ခံထားရလောက်ပြီ၊”

“ပြည်ထောင်တစ်ရာပြိုင်ပွဲအတွင်း အနောက်ဘက်ရွှမ်ဒေသရဲ့ ရတနာဖြစ်တဲ့ ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံကို ကျွန်တော် ရခဲ့တယ်၊ ကျွန်တော့် ကျင့်ကြံမှုကတစ်ဆင့် ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံရဲ့ အစီအရင် ဝိညာဉ်က အခု ဆက်သွယ်လို့ ရနေပြီ၊ သူက အနောက်ဘက်ရွှမ်ဒေသမှာ ရှိနေတုန်းက ကမ္ဘာခြားနတ်ဆိုး စွမ်းအင် သဲလွန်စ အများအပြားကို အာရုံခံမိတယ်လို့ ပြောပြတယ်”

“ဒါကြောင့် အခု လျှို့ဝှက်ရေစီးကြောင်းတွေ ရှိနေပြီး မိစ္ဆာအကျဉ်းထောင်က ငါတို့ရဲ့ စွမ်းအားတွေကို ဖြည်းဖြည်းချင်း တိုက်စားနေတယ်”

“ငါတို့လည်း ပြင်ဆင်ဖို့လိုတယ်”

ဝူယွမ်၏ မျက်နှာအမူအရာမှာ လေးနက်နေသည်။

ဝင်စားခြင်းဘဝမှ လာသူတစ်ဦးအနေဖြင့် သူသည် ဤကိစ္စရပ်များအားလုံးကို သဘာဝကျကျ သိရှိထားသဖြင့် အသေးစိတ်အချက်အလက်လေးများအပေါ် အခြေခံ၍ ကောက်ချက်ချကာ လူတိုင်းကို ရှင်းပြနိုင်ခဲ့သည်။

၎င်းက ကမ္ဘာခြားနတ်ဆိုးများ ယခု အဓိကအားဖြင့် မည်သည့်နေရာများတွင် ရှိနေကြောင်းကို သူတို့ကို သိရှိစေခဲ့သည်။

“တကယ်ပဲ၊ ငါတို့ စတင်ပြင်ဆင်ရမယ်၊ အဲဒီလိုမှမဟုတ်ရင် ကမ္ဘာခြားနတ်ဆိုးတွေ ပေါက်ကွဲထွက်လာတာနဲ့ ငါတို့မှာ ခုခံနိုင်စွမ်းရှိရင်တောင် ချက်ချင်း အငိုက်မိသွားလိမ့်မယ်” ချင်းကျီက အလွန် သဘောတူကာ ပြောလိုက်သည်။

သူသည် ရှေးဟောင်းကောင်းကင်နှင့် မြေကြီး စစ်ပွဲကြီးကို တွေ့ကြုံခဲ့ဖူးပြီး အံ့ဩဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့သော အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

‘ဟိုတုန်းက ကမ္ဘာခြားနတ်ဆိုးတွေ ပထမဆုံးကျူးကျော်ဝင်ရောက်လာတဲ့အခါ ကမ္ဘာကြီးရဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြလို့ လူအများအပြား သေဆုံးခဲ့ရတာ'

ချင်းကျီက ပြောလိုက်သည်။ “ငါ သွားပြီး အဲဒီ အဘိုးကြီးတွေကို အကြောင်းကြားလိုက်မယ်၊ သူတို့ တံခါးပိတ် ကျင့်ကြံနေတာကနေ ထွက်လာဖို့ အချိန်တန်ပြီ၊ ကမ္ဘာခြားနတ်ဆိုးတွေကို ထပ်ပြီး တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ”

မိုလော့က ပြောလိုက်သည်။ “ငါလည်း ကစဉ်ကလျားမိစ္ဆာပင်လယ်ရဲ့ အင်အားစုတွေကို ပေါင်းစပ်ချင်တယ်၊ အဓိက အင်အားစုတွေကို အကြောင်းကြားပြီး မဟာမိတ်အဖွဲ့ တစ်ခု ဖွဲ့စည်းကာ မိစ္ဆာ အကျဉ်းထောင်ရဲ့ အမာခံစခန်းတွေကို ရှင်းလင်းပစ်ချင်တယ်”

ကမ္ဘာခြားနတ်ဆိုးများ၏ လက်ရှိ အခြေအနေကို ဆွေးနွေးပြီးနောက် အဖွဲ့သည် ဝူယွမ်နောက်သို့ လိုက်ကာ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားကြသည်။

အစောပိုင်းက ကျူးကျော်ဝင်ရောက်လာခဲ့သော ကမ္ဘာခြားနတ်ဆိုးများအနက် နတ်ဆိုးဗိုလ်ချုပ်များ အားလုံးနှင့် မြေကမ္ဘာ မြေအောက်ကမ္ဘာဘုရင်တို့ကို ဝူယွမ်က ဖိနှိပ်ကာ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသော ကောင်းကင် မြေအောက်ကမ္ဘာ ဘုရင်သာ ကျန်ရှိတော့သည်။

ချင်းကျီနှင့် မိုလော့တို့သည် ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးများကို သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မမြင်တွေ့ရဘဲနှင့် သဘာဝကျကျ စိတ်အေးနိုင်မည် မဟုတ်ပေ။

ဝူယွမ်၏ လက်ရှိ စွမ်းအားကလည်း သူ၏ လျှို့ဝှက်ချက်ကို သိရှိပြီးနောက် သူတို့က မကောင်းသော ရည်ရွယ်ချက်များ ရှိလာမည်ကို မစိုးရိမ်တော့ကြောင်း ညွှန်ပြနေသဖြင့် သူတို့ကို အထဲသို့ ခေါ်ဆောင်သွားရန် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိပေ။

ကမ္ဘာသစ်ပင် ကြီးထွားလာသော နေရာတွင် မြေအောက် အဝင်ဝတစ်ခု ရှိသည်။

အဝင်ဝကို ဖြတ်သန်းသွားပြီးနောက် သူတို့သည် ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ထားသော မြေအောက် အကျဉ်းထောင်သို့ ရောက်ရှိသွားကြသည်။

ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံက အကျဉ်းထောင် လေဟာနယ် တစ်ခုလုံးကို ချိတ်ပိတ်ထားသည်။ ကမ္ဘာသစ်ပင်၏ အမြစ်တွင် ဧရာမ ရှေးဟောင်းကျောက်တိုင် တစ်ခု ရှိပြီး ၎င်းမှာ မဟာရှေးဟောင်း ကျောက်တိုင်၏ ပုံရိပ်တစ်ခု ဖြစ်သည်။

မဟာရှေးဟောင်း ကျောက်တိုင်သည် ကမ္ဘာခြားနတ်ဆိုးများအပေါ် အလွန်တရာ အစွမ်းထက်သော ဖိနှိပ်မှု အကျိုးသက်ရောက်မှုရှိသည်။ ၎င်း၏ ရှေးဟောင်းကျောက်တိုင် စွမ်းအားကို ဤမြေအောက်အကျဉ်းထောင်အထက်တွင် ထားရှိခြင်းက ဤကမ္ဘာခြားနတ်ဆိုးများကို ပိုမိုလုံခြုံစွာ ဖိနှိပ်ထားနိုင်သည်။

ထို့အပြင် ဟွမ်ယွမ် ထိန်းချုပ်ထားသော ကမ္ဘာသစ်ပင်၏ အမြစ်များလည်း ရှိနေပြီး ဤကမ္ဘာခြားနတ်ဆိုးများ၏ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်။ ထိုအမြစ်များမှာ သွေးစုပ်သော သွေးကြောများပမာ ဤကမ္ဘာခြားနတ်ဆိုးများ၏ စွမ်းအင်များကို အဆက်မပြတ်ထုတ်ယူနေသည်။

“ဒါက ဘယ်လို သစ်ပင်မျိုးလဲ”

မိုလော့နှင့် ချင်းကျီတို့ နှစ်ဦးလုံး အလွန်တရာ အံ့အားသင့်သွားကြသည်။

သူတို့၏ စိတ်နှလုံးထဲတွင် မေးခွန်းများစွာ ရှိနေသည်။

သူတို့သည် ကမ္ဘာသစ်ပင်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ကမ္ဘာခြားနတ်ဆိုး စွမ်းအင်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဘိုးဘေးအဆောင်များနှင့် နတ်ဘုရားရတနာများမှလွဲ၍ သူတို့၏ တိုက်စားမှုကို ခုခံနိုင်သော အရာဝတ္ထုများနှင့် သတ္တဝါများ အလွန် နည်းပါးလှသည်။

သို့သော်လည်း ဤသစ်ပင် အမြစ်များသည် ကမ္ဘာခြားနတ်ဆိုး စွမ်းအင်၏ တိုက်စားမှုကို မကြောက်ရွံ့ကြဘဲ ဤကမ္ဘာခြားနတ်ဆိုး စွမ်းအင်ကို အာဟာရများအဖြစ်ပင် ပြောင်းလဲနိုင်စွမ်း ရှိနေသည်။

ဤကဲ့သို့သော အံ့သြဖွယ်ကောင်းသည့် သစ်ပင်ကြီးမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

All Chapters