အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃)
ဒါရိုက်တာရှာဖွေခြင်း
ယဲ့ယီ ထွက်ခွာသွားပြီးနောက် ကျီချန်ဖန်သည် ယဲ့ယီချန်ထားခဲ့သော စာချုပ်ကို ဂရုမစိုက်ဘဲ လက်ဖက်ရည်ကိုသာ ဆက်လက်သောက်သုံးနေခဲ့သည်။
သို့သော် ညနေခင်းသို့ ရောက်သောအခါတွင် သူသည် သိချင်စိတ်ဖြင့် ဇာတ်ညွှန်းကို ကောက်ယူကာ ပေါ့ပေါ့ပါးပါး လှန်ကြည့်မိလိုက်သည်။ မြင်လိုက်ရသည့်အရာကြောင့် သူသည် အလွန်အံ့အားသင့်သွားပြီး ဇာတ်ညွှန်းကို အသေအချာ စတင်ဖတ်ရှုလေသည်။
ဖတ်ရှုလေလေ အံ့ဩမှုတိုးလေလေဖြစ်ပြီး သူ စိတ်လှုပ်ရှားလာသည်။ နှစ်ပေါင်းများစွာ လှုပ်ရှားမှုမရှိသော သူ၏ သရုပ်ဆောင်ချင်စိတ်များ တဖန်ပြန်လည် လှုပ်ရှားလာခဲ့သည်။
ဇာတ်ညွှန်းတစ်ဝက်မျှသာ ဖတ်ရသေးသော်လည်း ကျီချန်ဖန်သည် ဤရုပ်ရှင်ကို မဖြစ်မနေ ရိုက်ကူးရမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။ ဤမျှကောင်းမွန်သော ဇာတ်ညွှန်းကို မရိုက်ကူးလျှင် သရုပ်ဆောင်တစ်ဦး၏ပုံရိပ်ကို အမှန်ပင် အလျှော့ပေးမိရာ ရောက်မည်ဟု သူ ခံစားမိသည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျီချန်ဖန်သည် ယဲ့ယီထံ ချက်ချင်းဆက်သွယ်ရန် ဆုံးဖြတ်လိုက်သော်လည်း သူ့တွင် သူမကို ဆက်သွယ်ရမည့် လိပ်စာမရှိပေ။ အေးဂျင့်ထံမှ ယဲ့ယီ၏ ဖုန်းနံပါတ်ကို တောင်းယူရန် စဉ်းစားနေစဉ် ဇာတ်ညွှန်း၏ နောက်ဆုံးစာမျက်နှာတွင် ဖုန်းနံပါတ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
ညသန်းခေါင်အချိန် ဖြစ်နေသည်ကိုပင် လုံးဝဂရုမစိုက်ဘဲ ကျီချန်ဖန်သည် သူ့ဖုန်းကို ထုတ်ယူကာ ခေါ်ဆိုလိုက်သည်။
ယဲ့ယီသည် ကျီချန်ဖန်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် သူမသည် အိပ်မပျော်သေးဘဲ ဂျက်နီစစ် မီဒီယာနှင့် ပတ်သက်သည့် မပြီးပြတ်သေးသော လုပ်ထုံးလုပ်နည်းအချို့ကို ကုရှီချန်းနှင့် ဆွေးနွေးနေခဲ့သည်။
ဖုန်းမြည်လာသောအခါ ယဲ့ယီသည် ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။ တစ်ဖက်မှ ရင်းနှီးပြီးသား အေးမြတည်ငြိမ်သော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။
“သူဌေးယဲ့၊ ကျွန်တော် ကျီချန်ဖန်ပါ”
ယဲ့ယီသည် ကျီချန်ဖန်၏ ဖုန်းခေါ်ဆိုမှုအတွက် လုံးဝ အံ့ဩခြင်းမရှိပေ။
“သရုပ်ဆောင်ကျီ က နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီးပြီလား”
“သရုပ်ဆောင်ကျီ ...”
ကုရှီချန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ယဲ့ယီကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
‘ဒီမိန်းမက ကုမ္ပဏီကို လွှဲယူပြီး အနုပညာရှင်တွေကို နှောင့်ယှက်ဖို့ ကြံစည်နေတာလား’
ကုရှီချန်း ထိုသို့တွေးမိရခြင်းမှာ အဓိကအားဖြင့် အချိန်အခါက အနည်းငယ် မသင့်လျော်သောကြောင့် ဖြစ်သည်။ ဤအချိန်သည် အလုပ်အကြောင်း ဆွေးနွေးရန် အချိန်ကောင်း မဟုတ်သည်မှာ ထင်ရှားသည်။
ကုရှီချန်းသည် အပြင်ပန်းတွင် အေးဆေးတည်ငြိမ်နေသော်လည်း ယဲ့ယီ မည်သို့ပြောဆိုမည်ကို အာရုံစူးစိုက်စွာ နားထောင်နေခဲ့သည်။
ဖုန်းတစ်ဖက်မှ ကျီချန်ဖန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“သူဌေးယဲ့ရဲ့ ဇာတ်ညွှန်းက ကျွန်တော့်ကို တကယ်ပဲ စိတ်လှုပ်ရှားစေတယ်၊ ကျွန်တော် ပါဝင်ဖို့ သဘောတူပါတယ်”
ကျီချန်ဖန်၏ အဖြေကို ကြားသောအခါ ယဲ့ယီသည် အနည်းငယ် ပြုံးမိလိုက်သည်။ အမျိုးသားဇာတ်ဆောင် နေရာအတွက် အာမခံချက်ရသွားပြီ ဖြစ်သည်။
ဘေးတွင်ရှိနေသော ကုရှီချန်းမှာ “သရုပ်ဆောင်ကျီ” ဟုခေါ်သော တဖက်လူက တစ်ခုခုပြောလိုက်၍ ယဲ့ယီသည် တခစ်ခစ်ရယ်နေသည်ဟု ထင်မြင်ကာ မျက်မှောင်ကြုတ်သွားသည်။
ယဲ့ယီသည် ကျီချန်ဖန်နှင့် ရုပ်ရှင်အကြောင်း ဆက်လက် စကားပြောဆိုခဲ့သည်။ နှစ်ဦးသား အလွန်အဆင်ပြေစွာ ဆွေးနွေးနိုင်ခဲ့ပြီး ဖုန်းချပြီးသည့်တိုင် WeChat တွင် သူငယ်ချင်းအဖြစ် ထည့်သွင်းခဲ့ကြသေးသည်။
ဖုန်းချပြီးနောက် ယဲ့ယီသည် ကုရှီချန်းက သူမကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ ယဲ့ယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“တစ်ခုခုဖြစ်လို့လား”
ယဲ့ယီအပေါ် နောက်တစ်ကြိမ် နားလည်မှုလွဲခြင်းကို ရှောင်ရှားရန်အတွက် ကုရှီချန်းသည် ဦးစွာမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
“သရုပ်ဆောင်ကျီဆိုတဲ့လူက ဒီလောက်ညည့်နက်ကြီး မင်းဆီကို ဘာလို့ဖုန်းဆက်တာလဲ”
ယဲ့ယီက ရိုးရိုးသားသားပင် ဖြေကြားလိုက်သည်။
“ဒီရုပ်ရှင်မှာ သူ့ကို သရုပ်ဆောင်ခိုင်းဖို့ ကျွန်မ စီစဉ်ထားတယ်၊ သူက ကျွန်မကို အဖြေပြန်ပေးဖို့ ဖုန်းဆက်တာပါ”
အလုပ်ကိစ္စဆွေးနွေးခြင်း ဖြစ်ကြောင်း ကြားသိရသောအခါ ကုရှီချန်း၏ စိတ်ခံစားချက်မှာ အနည်းငယ် ကောင်းမွန်လာသော်လည်း သူသည် မကျေမနပ်ဖြင့် ပြောလိုက်သေးသည်။
“နေ့ခင်းဘက်မှာ ပြောလို့မရဘူးလား။ ဘာလို့ ညသန်းခေါင်ကြီး ဖုန်းဆက်ပြီး တခြားလူတွေရဲ့ အနားယူချိန်ကို အနှောင့်အယှက် ပေးရတာလဲ”
ယဲ့ယီသည် လုံးဝဂရုမစိုက်ပေ။
“သူက သရုပ်မဆောင်တော့ဘူးပဲ ပြောနေတာ။သူဘက်က ပါဝင်ဖို့ သဘောတူတာကိုက အတော်လေး ကြင်နာနေပြီ။ ပြီးတော့ ကျွန်မလည်း အနားမယူသေးဘူးလေ”
ကုရှီချန်းက မသေချာသောလေသံဖြင့် မေးလိုက်သည်။
“သရုပ်ဆောင်တာ နားပြီဆိုတော့ သူက အသက်ကြီးနေပြီလား”
ယဲ့ယီသည် အတန်ငယ် မခံချင်စိတ် ဖြစ်သွားသည်။
“အနားယူဖို့ အသက်ကြီးရမယ်လို့ ဘယ်သူက ပြောလဲ”
အကယ်၍သာ သူမကို ဤညံ့ဖျင်းသည့် ကုမ္ပဏီကို အတင်းအဓမ္မ လွှဲယူခိုင်းခြင်းမရှိခဲ့လျှင် သူမ ရုပ်သံလွှင့်အစီအစဉ် ရိုက်ကူးပြီးသည်နှင့် အနားယူခဲ့မိမည် ဖြစ်သည်။
ယဲ့ယီသည် ခဏတာ တွေးတောပြီးနောက် ပြောလိုက်သည်။
“ဒါပေမဲ့ သရုပ်ဆောင်ကျီက တော်တော်အသက်ကြီးပုံပဲ၊ (၅၀) ကျော်လောက်ရှိမယ်”
ကုရှီချန်း၏ မျက်နှာအမူအရာသည် ကျီချန်ဖန်၏ အသက်အရွယ်ကို ကြားသိပြီးနောက် ပျော့ပြောင်းသွားခဲ့သည်။
ကုရှီချန်းသည် လည်ချောင်းကို အနည်းငယ်ရှင်းထုတ်ကာ ကသိကအောက်ဖြစ်စွာဖြင့် မေးလိုက်သည်။
“ငွေ လုံလောက်ရဲ့လား”
ထောက်ပံ့ငွေအကြောင်း ပြောလာသည်နှင့် ယဲ့ယီ၏ မျက်လုံးများမှာ တောက်ပသွား၏။
“ပိုက်ဆံဆိုတာ အမြဲတမ်း ကောင်းတဲ့အရာပဲ၊ များလေကောင်းလေပဲ။ ထောက်ပံ့ကြေး ပိုများလေ ထုတ်လုပ်ရေး ပိုကောင်းလေပဲလေ”
ကုရှီချန်းသည် ခေါင်းညိတ်ကာ ဖုန်းကိုထုတ်ပြီး ယဲ့ယီထံသို့ ယွမ် သန်း ၅၀ ကို တိုက်ရိုက် လွှဲပေးလိုက်သည်။
နံပါတ်များနောက်မှ သုညတန်းကြီးကို ကြည့်ရင်း ယဲ့ယီသည် ပါးစပ်နှင့် နားရွတ်ချိတ်မတတ် ပြုံးလုနီးပါး ဖြစ်သွားပြီး ချိုသာသောလေသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ ရုပ်ရှင်ကို အခိုင်အမာ ထောက်ခံပေးတဲ့ သူဌေးကု ကျေးဇူးအများကြီးတင်ပါတယ်”
ကုရှီချန်းသည် သူမ၏ အပြုအမူကြောင့် ရယ်မိသွားသည်။
“မင်းက တစ်မျိုးလေးပဲ”
ပိုက်ဆံကလွဲလျှင် တခြားအရာများ အားလုံးသည် ဒုတိယသာဖြစ်သည်။
နောက်တစ်နေ့တွင် ယဲ့ယီသည် ကျီချန်ဖန်ထံ သွားရောက်ကာ တရားဝင်စာချုပ် ချုပ်ဆိုခဲ့သည်။
အမျိုးသားဇာတ်ဆောင်ကို ရွေးချယ်ပြီးဖြစ်သော်လည်း အလွန်အရေးကြီးသော ကိစ္စတစ်ခု ကျန်ရှိနေသေးသည်။ ဤသည်မှာ ဒါရိုက်တာ ရှာဖွေရန် ဖြစ်သည်။
ကုမ္ပဏီတွင်ရှိသော ဒါရိုက်တာသည် လက်ရှိတွင် အရည်အချင်းမပြည့်မီပေ။ အများဆုံး လက်ထောက်အဖြစ်သာ လုပ်ဆောင်နိုင်သည်။ သူမ၏ ရိုက်ကူးသည့် ရုပ်ရှင်တိုင်းကို ကျရှုံးအောင်လုပ်နိုင်သော အရည်အချင်းမှာ ဟာသမဟုတ်ပေ။
ထို့အပြင် မူလပိုင်ရှင်သည် ဖျော်ဖြေရေးလောကတွင် အဆက်အသွယ်များကို ပြုလုပ်မထားချေ။ ထို့ကြောင့် ဤကိစ္စကို နန်ချင်ဝမ်ထံ ဆက်လက် လွှဲအပ်ရဦးမည် ဖြစ်သည်။ အေးဂျင့်တစ်ဦးအနေဖြင့် နန်ချင်ဝမ်သည် ဒါရိုက်တာအချို့ကို သိထားနိုင်သည်။
ဂျက်နီစစ် မီဒီယာ ရုံးခန်းအတွင်း၌။
ယဲ့ယီသည် ဤကိစ္စကို နန်ချင်ဝမ်အား ပြောပြပြီးနောက် နန်ချင်ဝမ်သည် သူမ၏ ရှိဆဲ အဆက်အသွယ်ကွန်ရက်ကို ချက်ချင်း စတင်ဆက်သွယ်ခဲ့သည်။
သို့သော် သူမသည် ဤလုပ်ငန်းနယ်ပယ်မှ နှစ်ပေါင်းများစွာ အနားယူထားခဲ့ပြီးဖြစ်သည့်အပြင် ဟိုင်ထျန်ဖျော်ဖြေရေးမှ အထူးညွှန်ကြားချက်များကြောင့် မည်သည့် ဒါရိုက်တာကမျှ သူတို့၏ ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်ရန် ဆန္ဒမရှိခဲ့ကြပေ။
နန်ချင်ဝမ်နှင့် ယဲ့ယီတို့သည် ရုံးခန်းထဲတွင် သင့်လျော်သော ဒါရိုက်တာများကို ဆက်လက်ဆက်သွယ်ခဲ့ကြသော်လည်း သူတို့ တစ်ဦးချင်းစီတိုင်းသည် ရုပ်ရှင်ရိုက်ကူးနေဆဲ သို့မဟုတ် အခြားကတိကဝတ်များ ရှိနေသူများသာ ဖြစ်နေခဲ့သည်။
ယဲ့ယီသည် ရေတစ်ငုံ သောက်လိုက်ပြီး စိန်ခေါ်သော လေသံဖြင့် ပြောလိုက်သည်။
“ဒီလောက်ကြီးမားတဲ့ ဖျော်ဖြေရေးလောကမှာ သင့်တော်တဲ့ ဒါရိုက်တာတစ်ယောက်မှ မရှာနိုင်ဘူးဆိုတာ ကျွန်မ မယုံဘူး”
နန်ချင်ဝမ်သည် သက်ပြင်းချကာ ယဲ့ယီကို နှစ်သိမ့်ရန် ကြိုးစားနေစဉ် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး လူတစ်ယောက်ကို သတိရသွားခဲ့သည်။
“ရှောင်ယီ၊ အရမ်းကိုက်ညီတဲ့ ဒါရိုက်တာတစ်ယောက်ကို အစ်မသိတယ်”
နန်ချင်ဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်သည်။
“ဘယ်သူလဲ”
ယဲ့ယီသည် နန်ချင်ဝမ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ရင်း မေးလိုက်သည်။
နန်ချင်ဝမ်က စကားလုံးတစ်လုံးချင်းစီ ခွဲခြားကာ “ကျောက်ရှန်” ဟု ပြောလိုက်သည်။
“ကျောက်ရှန်လား”
ယဲ့ယီသည် နန်ချင်ဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ မူလကိုယ်ထည်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ဖျော်ဖြေရေးလောက၌ ကျောက်ရှန်ဟု အမည်ရှိသော ဒါရိုက်တာ မရှိချေ။
နန်ချင်ဝမ်က သက်ပြင်းချကာ ပြောလိုက်သည်။
“သူက အကောင်ကြီးကြီးတွေကို စော်ကားမိလို့ နှစ်အတော်ကြာအောင် ဘေးဖယ်ခံထားရတာ”
ယဲ့ယီသည် ပို၍ပင် စိတ်ရှုပ်သွားသည်။
“အစ်မချင်ဝမ် သူ အခုလုပ်နိုင်သေးလို့လား “
ယဲ့ယီ ဤသို့မေးရခြင်းမှာ အဓိကအားဖြင့် ထိုဒါရိုက်တာသည် နှစ်ပေါင်းများစွာ ဘေးဖယ်ခံထားရသည်။ ထို့ကြောင့် သူ၏ လက်ရှိစွမ်းရည်များအပေါ် သူမ သံသယဖြစ်မိ၏။
နန်ချင်ဝမ်က ပြုံးကာ ပြောလိုက်သည်။
“ညီမ စိုးရိမ်တာ အစ်မသိပါတယ်၊ ဒါပေမယ့် သူဘာတွေရိုက်ခဲ့လဲဆိုတာ သိရင် ညီမ စိတ်ချသွားလိမ့်မယ်”
“ဒါဆို အစ်မချင်ဝမ် သူဘယ်လို ရုပ်ရှင်မျိုးတွေ ရိုက်ဖူးလဲ ပြောပြပါဦး”
နန်ချင်ဝမ်က ဤဒါရိုက်တာကို ဤမျှအလေးထားသည့်အတွက် ယဲ့ယီ အနည်းငယ် အံ့ဩသွားသည်။
နန်ချင်ဝမ်သည် ယဲ့ယီကို ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နတ်ဘုရားများကို သတ်ဖြတ်ခြင်း”
“နတ်ဘုရားများကို သတ်ဖြတ်ခြင်း” ဟူသော စကားလုံးများကို ကြားသောအခါ ယဲ့ယီသည် အံ့အားသင့်စွာဖြင့် အော်ဟစ်မိလိုက်သည်။
“ဘာ”
ထို့နောက် စိတ်အေးသွားပြီး ဆက်ပြောလိုက်သည်။
“နတ်ဘုရားများကို သတ်ဖြတ်ခြင်းရဲ့ ဒါရိုက်တာက လီဝေ မဟုတ်လား”
“နတ်ဘုရားများကို သတ်ဖြတ်ခြင်း” သည် ပြည်တွင်း စိတ်ကူးယဉ်ဇာတ်လမ်းတွဲများ၏ အထွတ်အထိပ် ဖြစ်သောကြောင့် ယဲ့ယီ အံ့အားသင့်သွားခြင်းဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဇာတ်လမ်းတွဲတစ်ခု ဖြစ်သော်လည်း အခြားမည်သည့် စိတ်ကူးယဉ်ဇာတ်လမ်းတွဲကမျှ ၎င်း၏ အဆင့်အတန်းကို ယှဉ်နိုင်ခြင်းမရှိပေ။ ၎င်းသည် စိတ်ကူးယဉ်ဇာတ်လမ်းတွဲများ၏ ဘုရင်အဖြစ် အသိအမှတ်ပြုခံထားရသည်။
အစပိုင်းတွင် “နတ်ဘုရားများကို သတ်ဖြတ်ခြင်း” ဇာတ်လမ်းတွဲသည် ဇာတ်လမ်းတွဲတွင် အသုံးပြုခဲ့သော သရုပ်ဆောင်များအားလုံး မျက်နှာသစ်များဖြစ်သောကြောင့် လူကြိုက်များခြင်း မရှိခဲ့ပေ။
သို့သော် ဤဇာတ်လမ်းတွဲသည် ထိုနှစ်၏ ကြည့်ရှုနှုန်း အမြင့်ဆုံး ဖြစ်လာခဲ့ပြီး ပြည်တွင်းပြည်ပတွင် အောင်မြင်ကျော်ကြားခဲ့သည်။
ဤထုတ်လုပ်ရေးအဖွဲ့သည် ဆုတံဆိပ်များစွာကို ဆွတ်ခူးရရှိခဲ့ပြီး ပါဝင်ခဲ့သော မျက်နှာသစ်များသည် ချက်ချင်းဆိုသလို အဆင့် A သို့မဟုတ် B စာရင်းဝင် ကြယ်ပွင့်များ ဖြစ်လာခဲ့သည်။
ဤဇာတ်လမ်းတွဲသည် အနုပညာနယ်ပယ်တွင် ဒဏ္ဍာရီတစ်ပုဒ်အဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး အဆက်မပြတ် အတုခိုးခံရသော်လည်း ဘယ်သောအခါမှ ကျော်လွန်ခံရခြင်း မရှိခဲ့ပေ။
အခန်း (၄၄)
ဒါရိုက်တာ အတည်တကျရှိပြီ
နတ်ဘုရားများ သတ်ဖြတ်ခြင်းဇာတ်လမ်းတွဲ၏ ဒါရိုက်တာမှာ လီဝေဖြစ်သည်ကို လူတိုင်းသိထားကြသော်လည်း နန်ချင်ဝမ်မှာ ကျောက်ရှန် သာလျှင် အစစ်အမှန်ဒါရိုက်တာဖြစ်ကြောင်း ပြောဆိုနေခဲ့၏။
ယဲ့ယီ သည် နန်ချင်ဝမ်၏ စရိုက်ကို သိထားသဖြင့် ဤသည်မှာ နောက်ပြောင် ပြောဆိုနေခြင်းမဟုတ်မှန်း နားလည်လိုက်သည်။ ဤကိစ္စတွင် ပြင်ပလူများ မသိနိုင်သော နောက်ကွယ်မှ အကြောင်းရင်းတစ်ခုခု ရှိနေပေလိမ့်မည်။
နန်ချင်ဝမ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“နာမည်စာရင်းမှာ ဒါရိုက်တာအဖြစ် လီဝေလို့ တပ်ထားပေမဲ့၊ လီဝေဟာ နောက်မှဝင်လာတဲ့သူဆိုတာကို အနုပညာလောကထဲက လူနည်းစုပဲ သိကြတာ။ အဲဒီတုန်းက ရိုက်ကူးရေး ပြီးခါနီးမှ ကျောက်ရှန်က ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ကို သွားစိန်ခေါ်မိလို့ ရာထူးကနေ ဖယ်ရှားခံလိုက်ရတယ်။ အဲဒီမှာ လက်ထောက် ဒါရိုက်တာဖြစ်တဲ့ လီဝေက နေရာဝင်ယူပြီး နာမည်ကောင်းရသွားတာပေါ့။ အဲဒီနောက်ပိုင်း ကျောက်ရှန်ဟာ ကောင်းမွန်တဲ့ လက်ရာအချို့ကို ဖန်တီးခဲ့သေးတယ်။ ဒါပေမဲ့ သူက အရမ်းခေါင်းမာပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို လုံးဝ လက်မခံတဲ့သူဆိုတော့ အနုပညာလောကရဲ့ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရပြီး နောက်ပိုင်းမှာ အနားယူသွားခဲ့တာပဲ”
နန်ချင်ဝမ်၏ စကားကို ကြားရသောအခါ ယဲ့ယီ သက်ပြင်းချမိသွားသည်။ အနုပညာလောကတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သူပီပီ အရင်းရှင်ဝါဒ၏ ဩဇာကြီးမားပုံကို သူမ ကောင်းကောင်း သိသဖြင့် ဒါရိုက်တာ ကျောက်ရှန်အတွက် စိတ်မကောင်းဖြစ်မိသည်။
“အစ်မချင်ဝမ်၊ သူ့ကို ဆက်သွယ်ကြည့်ရအောင်လေ”
နန်ချင်ဝမ်က ခေါင်းညိတ်ကာ ကျောက်ရှန်၏ ဆက်သွယ်ရန် လိပ်စာကို စတင်ရှာဖွေတော့သည်။
မကြာမီမှာပင် ဖုန်းနံပါတ်ကို ရရှိသွားပြီး နန်ချင်ဝမ်က ချက်ချင်းပင် ခေါ်ဆိုလိုက်သည်။
ဖုန်းသံ အတော်ကြာမြည်ပြီးနောက် တစ်ဖက်မှ အသံထွက်ပေါ်လာသည်။
“ဟဲလို၊ ဘယ်သူပါလဲ”
နန်ချင်ဝမ်က ယဉ်ကျေးပျူငှာစွာ မိတ်ဆက်လိုက်သည်။
“ကျွန်မက ဂျက်နီစစ် မီဒီယာ ကပါ။ ဒါရိုက်တာ ကျောက်ရှန်နဲ့ ပြောနေတာ ဟုတ်ပါသလားရှင့်။”
ဖုန်းတစ်ဖက်မှ ကျောက်ရှန်သည် ဂျက်နီစစ် မီဒီယာ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာထားမှာ ရှုပ်ထွေးသွားပြီး ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်သွားသည်။
ကျောက်ရှန်က စိတ်ကိုထိန်းကာ ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော် ကျောက်ရှန်ပါ။ ဘာကိစ္စရှိလို့လဲ”
နန်ချင်ဝမ်ကလည်း အချိန်ဆွဲမနေဘဲ လိုရင်းကိုသာ ပြောလိုက်၏။
“ဒီလိုပါ၊ ကျွန်မတို့ ကုမ္ပဏီက မကြာခင်မှာ ရုပ်ရှင်အသစ်တစ်ကား ရိုက်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဒါရိုက်တာ မတွေ့သေးလို့ပါ။ အဲဒါကြောင့် ဒါရိုက်တာကြီးကို ကျွန်မတို့ရဲ့ ရုပ်ရှင်သစ်မှာ အထွေထွေဒါရိုက်တာအဖြစ် တာဝန်ယူပေးဖို့ ဖိတ်ခေါ်ချင်လို့ပါ”
အထွေထွေဒါရိုက်တာအဖြစ် ဖိတ်ခေါ်ခံရကြောင်း ကြားလိုက်ရသောအခါ ကျောက်ရှန်သည် လက်ထဲမှဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ သို့သော် လွန်ခဲ့သောနှစ်များက သူ၏ကြိုးစားမှုများကို အခြားသူတစ်ယောက်က သက်သက်မဲ့ရယူသွားပုံကို ပြန်လည်တွေးတောမိကာ လက်ပြန်လျှော့လိုက်ပြီး ငြင်းဆိုလိုက်သည်။
“ကျွန်တော် အခု ရုပ်ရှင်မရိုက်တော့ဖို့ ဆုံးဖြတ်ထားတယ်။ တခြားလူကိုပဲ ရှာကြည့်လိုက်ပါ။”
သို့သော် နန်ချင်ဝမ် အရှုံးမပေးဘဲ ထပ်မံမေးမြန်းလိုက်၏။
“ဒါရိုက်တာတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့ လက်ရာတစ်ခုကို ဖန်တီးချင်တဲ့ဆန္ဒ တကယ်ပဲ မရှိတော့ဘူးလား”
ဖုန်းတစ်ဖက်မှ တိတ်ဆိတ်သွားသည်။ နန်ချင်ဝမ်က ဆက်၍ တိုက်တွန်းပြန်သည်။
“အရင်ဆုံး ကုမ္ပဏီကို လာခဲ့ပြီး ဇာတ်ညွှန်းကို တစ်ချက်လောက် ကြည့်စေချင်ပါတယ်။ ကျန်တဲ့ လိုအပ်ချက်တွေကိုတော့ လူချင်းတွေ့မှ ဆွေးနွေးကြတာပေါ့”
ခဏအကြာတွင်မှ တစ်ဖက်မှ စကားတစ်ခွန်း ထွက်ပေါ်လာသည်။
“ကောင်းပါပြီ”
နန်ချင်ဝမ် ပြုံးလိုက်မိသည်။
“ဒါဆိုရင် ကျွန်မ လူကြီးမင်းကို အကောင့်အပ်လိုက်မယ်။ အဲဒီကနေ ကုမ္ပဏီလိပ်စာ ပို့ပေးမယ်လေ။ လာမယ့်အချိန်ကိုလည်း ကြိုပြောပေးပါဦး”
ဖုန်းချလိုက်သည်နှင့် ယဲ့ယီ စိုးရိမ်တကြီး မေးလိုက်၏။
“ဘယ်လိုလဲ၊ သူ သဘောတူလား”
နန်ချင်ဝမ်က ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။
“သူ ကုမ္ပဏီကိုလာပြီး လူချင်းတွေ့ဖို့ သဘောတူလိုက်ပြီ”
ယဲ့ယီ သက်ပြင်းချနိုင်သွားသည်။ သူသာ လာမည်ဆိုပါက သူ့ကို ဤနေရာတွင် ဆွဲထားနိုင်ရန် ၉၀ ရာခိုင်နှုန်းခန့် ယုံကြည်ချက်ရှိနေပြီဖြစ်သည်။
ဒါရိုက်တာကိစ္စ ခဏတာ အဆင်ပြေသွားပြီဖြစ်၍ ယဲ့ယီသည် သရုပ်ဆောင်သစ်များကို ထပ်မံရှာဖွေပြန်သည်။ နာမည်ကြီးသရုပ်ဆောင်များမှာ သူတို့ကုမ္ပဏီသို့ လာမည်မဟုတ်သဖြင့် အနုပညာလောကထဲမှ တက်သစ်စ အနုပညာရှင်များကိုသာ သူမ ရှာဖွေရတော့သည်။
နန်ချင်ဝမ်သည် ဒါရိုက်တာကြီး၏ အကောင့်ကို လက်ခံပြီးနောက် ချက်ချင်းပင် လိပ်စာ ပေးပို့လိုက်၏။
ကျောက်ရှန်သည် ကုမ္ပဏီနှင့် မနီးမဝေးတွင် နေထိုင်သူဖြစ်သဖြင့် မနက်ဖြန်မှ လာမည်ဟု ထင်ထားသော်လည်း ခဏအကြာမှာပင် ရောက်ရှိလာသည်။ ဤသည်မှာ ယဲ့ယီတို့အတွက် အချိန်ကုန်သက်သာစေသည်။
ကျောက်ရှန် ရောက်လာသောအခါ နန်ချင်ဝမ် အောက်ထပ်သို့ ဆင်းကြိုလိုက်သည်။ ကျောက်ရှန်သည် နန်ချင်ဝမ်ကို မြင်သည်နှင့် အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။
“မင်းက သရုပ်ဆောင် သွမ့်ဟွေကျိုရဲ့ မန်နေဂျာဟောင်း မဟုတ်လား။ ဒါက ဘယ်လိုဖြစ်တာလဲ”
တစ်ဖက်လူထံမှ သွမ့်ဟွေကျို၏ မန်နေဂျာဟောင်းအဖြစ် အခေါ်ခံလိုက်ရသဖြင့် နန်ချင်ဝမ်၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်သွားသော်လည်း အပြုံးဖြင့်ပင် ပြန်ဖြေလိုက်သည်။
“ဒါရိုက်တာ ကျောင် မင်္ဂလာပါ။ ခုနက ဖုန်းဆက်ခဲ့တဲ့သူက ကျွန်မပါ။ ကျွန်မတို့ရဲ့ စီအီးအိုက အပေါ်ထပ်မှာ စောင့်နေပါတယ်ရှင်”
ကျောက်ရှန်သည် သံသယများ ရှိနေသော်လည်း ဘာမှထပ်မမေးတော့ဘဲ ယဲ့ယီ၏ ရုံးခန်းသို့ လိုက်ပါသွားသည်။
ယဲ့ယီ ကျောက်ရှန်ကို မြင်သည်နှင့် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်၏။
“ဒါရိုက်တာကျောက် မင်္ဂလာပါ။ ကျွန်မက ဂျက်နီစစ် မီဒီယာရဲ့ ပိုင်ရှင် ယဲ့ယီပါ”
ကျောက်ရှန် ယဲ့ယီ၏လက်ကို အသာအယာ ဆုပ်ကိုင်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ စီအီးအို ယဲ့”
“ဒါရိုက်တာကျောက် ထိုင်ပါဦး”
သူတို့ သုံးဦး မျက်နှာချင်းဆိုင် ထိုင်မိကြသောအခါ ကျောက်ရှန် အချိန်ဆွဲမနေဘဲ တည့်ပင် မေးလိုက်သည်။
“စီအီးအိုယဲ့က ဘာဖြစ်လို့ အနုပညာလောကကနေ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရတဲ့ ကျွန်တော့်လိုလူမျိုးကို အထွေထွေဒါရိုက်တာအဖြစ် ခန့်ချင်ရတာလဲ”
ယဲ့ယီက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ဖြေလိုက်သည်။
“ဒါရိုက်တာကျောက်ရဲ့ အရည်အချင်းကို ကျွန်မ အသိအမှတ်ပြုလို့ပါ”
ကျောက်ရှန်က မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း ဆိုလိုက်သည်။
“ကျွန်တော့်မှာ ဘာအရည်အချင်း ရှိလို့လဲ။ အခုချိန်မှာ ကျွန်တော့်မှာ ထူးချွန်တဲ့ လက်ရာတစ်ခုတောင် မရှိဘူးလေ”
ယဲ့ယီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“နတ်ဘုရားများ သတ်ဖြတ်ခြင်းကသာ မထူးချွန်ဘူးဆိုရင် ကျန်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေ အားလုံး အမှိုက်တွေ ဖြစ်ကုန်မှာပေါ့”
ကျောက်ရှန် တုန်လှုပ်သွားပြီး မေးလိုက်သည်။
“ဒါကို ခင်ဗျား ဘယ်လိုသိတာလဲ”
သို့သော် နန်ချင်ဝမ်ကို ကြည့်လိုက်မိသောအခါ အဖြေကို ရသွားသည်။
“ဒါပေမဲ့ ကျွန်တော် ရိုက်ခဲ့တာမှန်ပေမဲ့ ဘာထူးမှာလဲ။ တခြားလူအတွက် လုပ်ပေးခဲ့သလိုဖြစ်သွားခဲ့တာပဲ”
ယဲ့ယီ ဇာတ်ညွှန်းကို ကျောက်ရှန်ရှေ့သို့ တိုးပေးလိုက်ရင်း ပြောလိုက်သည်။
“ဒီဇာတ်လမ်းက ဒါရိုက်တာကြီး ဆုံးရှုံးခဲ့ရတဲ့ ဂုဏ်သိက္ခာတွေကို ပြန်ယူပေးနိုင်ပါလိမ့်မယ်”
ကျောက်ရှန် အနေဖြင့် သူသည် နတ်ဘုရားများ သတ်ဖြတ်ခြင်း ထက် သာလွန်သော ဇာတ်လမ်းမျိုးကို တစ်သက်လုံး ဖန်တီးနိုင်တော့မည် မဟုတ်ဟု ယူဆထားသော်လည်း ဇာတ်ညွှန်းကို ကောက်ယူ၍ စတင်ဖတ်ရှုလိုက်သည်။ အစပိုင်းတွင် အမှတ်မထင် ဖတ်ကြည့်သော်လည်း ဖတ်ရင်းဖတ်ရင်းဖြင့် ဇာတ်လမ်းထဲတွင် စိတ်နှစ်သွားတော့၏။
ယဲ့ယီနှင့် နန်ချင်ဝမ်တို့ သူ့ကို မနှောင့်ယှက်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
အတော်ကြာပြီးနောက် ကျောက်ရှန် ဇာတ်ညွှန်းကို ပြန်ချလိုက်သည်။ သူ့လေသံမှာ စိတ်လှုပ်ရှားနေပုံရသည်။ထို့နောက် ချီးကျူးလိုက်၏။
“ဒီဇာတ်ညွှန်းကို ဘယ်သူရေးတာလဲ။ ကျွန်တော် ဇာတ်ညွှန်းတွေ အများကြီး ဖတ်ဖူးတယ်။ နတ်ဘုရားများ သတ်ဖြတ်ခြင်းက အကောင်းဆုံးလို့ ထင်ထားတာ၊ ဒါပေမဲ့ ဒီဇာတ်လမ်းက အဲဒါထက် အများကြီး ပိုသာတယ်။ တကယ်ကို ကောင်းမွန်တဲ့ လက်ရာပဲ”
သူ၏ မျက်လုံးထဲတွင် ဒါရိုက်တာတစ်ဦး၏ အနုပညာအပေါ် ထားရှိသော ပြင်းပြသည့် စိတ်ဆန္ဒများကို အတိုင်းသား မြင်နေရသည်။
ယဲ့ယီသည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူ ဖြစ်သော်လည်း ယခုကဲ့သို့ ချီးကျူးခံရသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဖြေလိုက်သည်။
“အဲဒါ... ကျွန်မ ရေးထားတာပါ”
“ဘယ်လို”
ကျောက်ရှန် အံ့အားသင့်ကာ ယဲ့ယီကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ယခုကဲ့သို့ ပြောင်မြောက်သော ဇာတ်ညွှန်းကို ရေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“စီအီးအိုယဲ့ ဇာတ်ညွှန်းရေးဆရာမ မလုပ်တာ တကယ်ကို နှမြောစရာပဲ”
သူက လေးစားစွာ ပြန်ပြောလိုက်သည်။
ယဲ့ယီ ပြုံးလျက် မေးလိုက်သည်။
“ဒါရိုက်တာကလည်း မြှောက်ပင့်နေပြန်ပြီ။ အခုတော့ ကျွန်မတို့ရဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ပေးဖို့ သဘောတူပြီ မဟုတ်လား”
ကျောက်ရှန် ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ ကောင်းမွန်သော လက်ရာကို လက်လွတ်ခံမည့် ဒါရိုက်တာ မည်သူမျှ ရှိလိမ့်မည်မဟုတ်ပေ။
“ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းတစ်ခု ရှိတယ်။ ဒီရိုက်ကူးရေးမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို လုံးဝ ခွင့်မပြုနိုင်ဘူး”
ယဲ့ယီက ချက်ချင်းပင် ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။
“ပြဿနာမရှိပါဘူး”
သူမကိုယ်တိုင်လည်း အရင်းရှင်ဝါဒ၏ စွက်ဖက်မှုကို မုန်းတီးသူဖြစ်သည်။ အတိတ်ဘဝတုန်းကလည်း ရင်းနှီးမြှုပ်နှံသူများကြောင့် သူမ၏ လက်ရာအချို့ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရဖူးသည်။
ကျောက်ရှန်က ပြုံး၍ ပြောလိုက်သည်။
“စီအီးအိုယဲ့ ကတိတည်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံတွေ ဝင်စွက်ဖက်လာတာနဲ့ ကျွန်တော် ချက်ချင်း နုတ်ထွက်မှာပါ”
ယဲ့ယီကအသင့်ပြင်ထားသော စာချုပ်ကို ကမ်းပေးလိုက်ရင်း အာမခံလိုက်သည်။
“ကျွန်မ ပြောတဲ့အတိုင်း ဖြစ်စေရပါမယ်”